မုန်း၍မဟူ၊ အခန်း (၈)

ထိုနေ့ ညနေမှာ နေပွင့်၏။

မြစ်ပြင်တွင် လေအလိုက် လေကြော၌ ရွက်လွှင့်လျက် အရှိန်ဖြင့် စီးမျောနေသော သမ္ဗန်တစ်စင်းသာ တွေ့ရလျက် မြစ်ထဲတွင် ရှင်းနေသည်။

ကိုနေဦးသည် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ကာ မြစ်ဘက်သို့ လည်ဆန့်မျှော်ပြီး “လေးနာရီ ထိုးပြီ၊ လာပါဦးမလား” ဟု အနားက စာကြည့်တိုက် အတွင်းရေးမှူး ရှေ့နေ ကိုခန့်ကို လှည့်ပြောလိုက်သည်။

ကိုခန့်က “လာမှာပါ” ဟု ဆိုကာ ညောင်းညောင်းနှင့် ဆောင့်ကြောင့်ထိုင်ချ လိုက်သည်။

ကမ်းပေါ်၌ လူတွေ ခဲနေသည်။ တရုတ် လက်ဖက်ရည် ဆိုင်ရှေ့ ခွေးခြေပေါ်၌ ထိုင်နေသော ကိုအောင်စိန်မှာ ချွေးပြန်လျက် မျက်နှာတွင် အဆီထွက်ကာ မျက်နှာချေများ ကွက်နေသည်။ ငွေချည် ဖိတ်လက်သော တောင်ရှည်ပုဆိုးစကို နောက်သို့ ဟန်ပါပါ ဆွဲပတ်လျက် ခြေဖျားထောက်ကာ မြစ်ထဲသို့ မျှော်ကြည့်နေသည်။ သူ့အနား၌ ပြုံးနေသော ကလေးများမှာ “ဦးလေး ကပါတော့ဗျို့” ဟု ပွဲတောင်း နေကြသည်။

ကိုအောင်စိန်မှာ မင်းသား အဝတ်အစား ငှါးဝတ်လာခဲ့သည်။ ပဒုမ္မာ ထိုင်မသိမ်း အင်္ကျီမှာ ထိုင်လိုက် ထလိုက်ဖြင့် ကြေတွန့်နေသည်။ ခေါင်း၌ မင်းသားရှုံးအောင် ပေါင်းလာသော ခေါင်းပေါင်းကို လက်နှင့် ပြင်ရပြန်ရင်း “စောင့်ကြဦးဟေ့ ... စောင့်ကြဦး” ဟု လှမ်းအော်လိုက်သည်။

ကိုခန့်သည် ကိုအောင်စိန် အော်သံကြား၍ ပြုံးလိုက်ကာ “အောင်စိန် တစ်ယောက်တော့ မျောက်ပွဲ ဖြစ်နေပြီ” ဟု ပြောပြီး ရယ်နေလေသည်။

“မင်းတို့ စာကြည့်တိုက် အတွက် နဂါးနီက စာအုပ်တွေ ရောက်လာတယ်ဆို”

ကိုခန့်ဘေးတွင် ထိုင်နေသော ဆရာချစ်က ကိုနေဦးကို မော့၍ မေးနေသည်။

“ဟုတ်ကဲ့ ဆရာ၊ သုံးအုပ် ရောက်လာပါတယ်၊ သခင်နု ရေးတဲ့ လူမွဲတို့ရဲ့ ထွက်ရပ်လမ်း၊ ဆိုရှယ်လစ်ဝါဒက သခင်စိုး ရေးတာ၊ နောက် သခင်ဘဟိန်း ရေးတဲ့ ဓနရှင်လောက ...”

“ဆိုရှယ်လစ်ဝါဒ စာအုပ်က ဘုံဝါဒ ရေးတာပဲ၊ မြေရှင်တွေ၊ လယ်ရှင်တွေ မရှိရဘူးတဲ့၊ ပုဂ္ဂလိကပိုင် မရှိရဘူးလို့ ရေးတာ” ဟု ကိုခန့်က ထင်မြင်ချက် ဝင်ပြောနေသည်။

ကိုနေဦးသည် မြစ်ပြင်ကို သဲသဲမဲမဲ ငေးလျက် “ဝါးခယ်မက နေ့လယ် ထွက်မယ် ဆိုရင်တော့ ရောက်လောက်ပါပြီ” ဟု ညည်းတွား နေလေသည်။

ကမ်းပေါ်၌ စုရပ် နေကြသော လူအုပ်ထဲက “ဟော ဟိုမှာဟေ့” ဟု လှမ်းအော်လိုက်ရာ၊ ကိုအောင်စိန်က “ဗေဒါပင်တွေဗျို့” ဟု ဆိုလိုက်၍ ကမ်းနား၌ လာစောင့်ကြည့် နေသော လူအုပ်ကြီးသည် ဝါးခနဲ ပွဲကျ နေကြသည်။

ရန်ကုန် တို့ဗမာ အစည်းအရုံးမှ သခင်တွေ ရောက်မည်ဆိုသော သတင်းမှာ မြို့ထဲတွင် ပျံ့နှံ့နေသည်။ ဇာတ်ရုံထဲတွင် ယနေ့ည တရားပွဲရှိကြောင်း ကြိုတင်မောင်းခတ် ထားကြသည်။

ကိုနေဦးမှာ မြို့ပေါ်တွင် သခင်အသင်း ထောင်ရန် လူငယ်ပိုင်းနှင့် ဆွေးနွေးထား လေသည်။ သခင်အသင်း မထောင်ခင် ရန်ကုန် တို့ဗမာ အစည်းအရုံးမှ သခင်များ တရားဟော လာရန် ဖိတ်မန္တက ပြုလိုသည်။

ရန်ကုန်သို့ သွားစဉ် သခင် ဖြစ်နေသော မိတ်ဆွေ သခင်သိန်းမောင်နှင့် တွေ့ကာ၊ သူက တို့ဗမာ အစည်းအရုံးသို့ ခေါ်သွားလေသည်။ တို့ဗမာ အစည်းအရုံးဝင် သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်ညီတို့နှင့် တွေ့ဆုံရသည်။

“တောက အမဲ တစ်ယောက်တော့ လာပြီဗျို့၊ သူဌေးသားဗျ၊ ကျုပ်တို့တော့ သူမပြန်ခင် မငတ်ပါဘူး၊ အဝကျွေးမှာပါ”

သခင်သိန်းမောင်က အသံပြာပြာနှင့် မိတ်ဖွဲ့ပေးလေသည်။ အားလုံး အကျွမ်းတဝင် ရင်းနှီး လာခဲ့လေသည်။ အမျိုးသားစိတ်ဓာတ် လှုံ့ဆွလျက် နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးကို သူတို့နှင့်အတူ တိုက်ပွဲဝင်အောင် ဖိတ်ခေါ်လှုံ့ဆော် ဟောပြောခြင်းဖြင့် ကိုနေဦးမှာ အမျိုးသားစိတ်ဓာတ် ကြီးထွားကာ သခင်အသင်း ဝင်လာခဲ့လေသည်။

သခင် ထိပ်တင်ကိုယ်တော်ကြီးနှင့် သခင်ဗစိန်၊ သခင်ညီ၊ သခင်ထွန်းအုပ်၊ ပြည်သခင်မ မသိန်းတင်တို့ ရောက်လာ တရားဟောကြလိမ့်မည် သတင်းဖြင့် မြို့ပေါ်မှ လူများမှာ ကမ်းနားဆိပ်သို့ ပြုံဆင်းကြည့် နေကြသည်။ မင်းဆွေ မင်းမျိုး သခင် ထိပ်တင်ကိုယ်တော်ကြီး ပါလာမည့် သတင်းကြားဖြင့် ဖူးလိုမြင်လိုသော တောက လှိမ့်တက်လာသည့် တောသူ တောင်သားအုပ်လည်း ပါလေ၏။

တဖြည်းဖြည်း ကမ်းနားဆိပ်တွင် လူတွေ ပြည့်သိပ် လာလေသည်။ ကိုနေဦးမှာ လူအုပ်ကြီးကို ကြည့်ကာ ပီတိလှိုင်း ကြွလျက်၊ စည်စည်ကားကား မျက်နှာပန်းလှလှ ဆီးကြိုရသည်ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပေသည်။

“လာပြီဟေ့ ...”

မြစ်ကွေ့က ချိုးလာသော မော်တော်ဘုတ်ကလေးကို မြင်ကြရလေသည်။ တူ၊ တံစဉ် သုံးရောင်ခြယ် အလံကို မော်တော်ဦး၌ ထိုးစိုက်လာရာ လေထဲတွင် တဖျတ်ဖျတ်လွင့် နေလေသည်။

မင်္ဂလာ စည်တော်သံမှာ မော်တော် ကမ်းမကပ်ခင်ပင် ကမ်းပေါ်၌ ခြိမ့်ခြိမ်ညံအောင် တီးနေလေသည်။

မော်တော် တံတားနားသို့ ရောက်သောအခါ မော်တော်ဦးမှ အသားဖြူဖြူ၊ မျက်လုံးမျက်ဖန် ကောင်းကောင်း၊ ပင်နီကြမ်းကြီး ဝတ်လျက် ခေါင်းပေါင်းပန်းရောင် ပေါင်းထားသော သခင်ထွန်းအုပ်က လက်မောင်းတန်းလျက် “သခင်မျိုးဟေ့” ဟု စအော်လိုက်ရာ၊ ကိုနေဦးသည် တံတားထိပ်က ရပ်လျက် လက်ရုံးဆန့်ကာ “ဒို့ဗမာ“ ဟု လူအုပ်နှင့်အတူ သံပြိုင် ပြန်အော်ဟစ် လိုက်လေသည်။

“သခင်မျိုးဟေ့ ... တို့ဗမာ ...
အရေးတော်ပုံ အောင်ပါစေ ...”

ဤအသံကား ကမ်းနားတွင် ဟိန်းလျက် ပဲ့တင်ရိုက်ခတ် သွားလေသည်။

သခင် ထိပ်တင်ကိုယ်တော်ကြီး မပါလာ၍ ဖူးတွေ့ရန် မျှော်လင့်စောင့်စား နေသော တောပရိသတ်မှာ အားလျော့ သွားကြလေသည်။

ဇာတ်ရုံထဲသို့ မသွားခင် မြို့ထဲတွင် စည်တော်ရွမ်းလျက် တစ်ပတ် လှည့်ကြသည်။ လူစီတန်းကြီး ရှေ့၌ စည်တော်ရွမ်း လာသည်။ ကိုအောင်စိန်မှာ ကွေးအောင် ကလာလေသည်။

သခင်များနှင့် ပါလာသော ပင်နီဝတ် သခင်မကို မြို့က အထူးအဆန်း ဝိုင်းကြည့်ကြသည်။

စီတန်းလှည့် လာသော လူအုပ်ကြီးမှာ ဝေဝေတို့ အိမ်ရှေ့သို့ ရောက်လာလေသည်။

ဝေဝေနှင့် ထားထားမှာ အိမ်ဝ၌ ရပ်လျက် စောင့်ကြိုကြည့် နေကြသည်။

အလုပ်က ပြန်လာသော ဦးစောဟန်မှာ လူအုပ်ကြီးနှင့် ရင်ဆိုင်ဆုံသဖြင့် လမ်းဘေးသို့ ရှောင်တိမ်းလျက် ကျော်လွန်အောင် အသာ ရပ်စောင့် နေလေသည်။

ထားထားသည် ဝေဝေ့ကို လက်တို့လိုက်ကာ “ဟိုမှာ ကြည့်စမ်း ...” ဟု ပြလိုက်သည်။

ပင်နီအင်္ကျီများ ဝတ်လာကြသော သခင်များနှင့် အင်္ကျီအဖြူ လက်ရှည် ဘောင်းဘီအဖြူ အရှည် ဝတ်ထားသော ဦးစောဟန်ကို ယှဉ်မြင်မိကာ၊ မျက်စိရှေ့၌ မနှိုင်းမယှဉ် နိုင်လောက်အောင် ခြားနားသော အမှတ်တံဆိပ်ကို ကြည့်ရင်း ရင်ထဲ၌ လှုပ်ရှား သွားလေသည်။

ဝါးပပ်ဦးထုပ်ကြီး ဆောင်းကာ ပင်နီအင်္ကျီ ဝတ်လျက် သခင်တွေနှင့် ရောလျှောက်လာသော ကိုနေဦးသည် ဦးစောဟန် အနားသို့ ရောက်လျှင် လက်ရုံးဆန့်လျက် ပြုံးရယ် သွားလေသည်။

ဦးစောဟန် မပြုံးချင် ပြုံးချင် ပြုံးရသော အပြုံးဖြင့် ခပ်လျော့လျော့ ပြုံးကာ လူအုပ်ကို ရှောင်တိမ်းလျက် ဝေဝေတို့ အိမ်ထဲသို့ ကွေ့ဝင် လာခဲ့သည်။

ဝေဝေနှင့် ထားထားမှာ ဆီးပြုံးလိုက်သည်။ အိမ်ဝတွင် ထားထား နေရစ်ခဲ့လျက် ဝေဝေမှာ ဦးစောဟန် နောက်မှ အိမ်ထဲသို့ လိုက်ဝင် သွားလေသည်။

ဦးစောဟန်မှာ အိမ်ထဲ၌ ဟိုဟိုဒီဒီ ကြည့်ကာ မျက်စဖြင့် ဒေါ်သက် ရှိမရှိ မေးလိုက်သည်။

ဝေဝေက ခေါင်းခါလိုက်ကာ အိမ်ပေါ်သို့ လက်ညှိုးထိုး လိုက်သည်။

“ဝေဝေ ... ညကို တွေ့ရအောင်နော်”

ဝေဝေ့ အနားသို့ ကပ်ကာ လေသံဖြင့် ကမူးရှူးထိုး ပြောလိုက်ရာ၊ ဝေဝေမှာ မျက်နှာ ပျက်ပျက်ဖြင့် အိမ်ရှေ့သို့ လှမ်းကြည့်လိုက်သည်။

ထားထားသည် လမ်းက လူအုပ်လွန်သည် အထိ ရပ်ကြည့် နေသေးသည် ဖြစ်၍ အိမ်ထဲသို့ ကျောပေးရပ် နေကြသည်။

“မဖြစ်ဘူး ထင်တယ် ... တစ်နေ့ညက တွေ့တာ မမ အိမ်ပေါ်က မြင်သွားတယ်”

“ဟိုက် ...”

ဦးစောဟန်၏ မျက်နှာ တစ်ပြင်လုံး ညိုမည်း သွားလေ၏။ နှုတ်ခမ်းကို တင်းတင်းစေ့လျက် စိုက်နေပြီးမှ “ဘာပြောသေးသလဲ” ဟု တိုးတိုး ဆက်မေးနေသည်။

ဝေဝေ၏ မသာမယာ ဖြစ်နေသော မျက်နှာကလေးကို စိုက်၍ကြည့်လျက်၊ ဝေဝေ့ထံမှ အဖြေကို မြန်မြန် ကြားလိုနေဟန် စောင့်နေသည်။

ဝေဝေသည် ပင့်သက်ကလေးကို ချလိုက်ကာ ဘာပြန်ပြောရမှန်း မသိ စိတ်အိုက်သည့်ပုံ ခေါင်းစိုက်နေ၏။

ထိုအခိုက် ထားထား အိမ်ထဲသို့ ဝင်လာသဖြင့် ကိုယ်ရှိန် သတ်ကြကာ ကုလားထိုင်တွင် ဝင်ထိုင် လိုက်ကြရသည်။

နှစ်ယောက်စလုံး ဣန္ဒြေပျက်နေပုံကို အကဲခတ်မိသော ထားထားမှာ မနည်း ဣန္ဒြေဆည်လျက် “ဦးစောဟန် ကိုကို တစ်ယောက်တော့ လုံးလုံးသခင် ဖြစ်နေပြီ” ဟု ပြုံးပြောလိုက်သည်။

ဦးစောဟန်သည် ဟန်ဆောင်ပြုံးလျက် “ဦးက ဘာမှ မပြောဘူးလား” ဟု မေးပြီး ဝေဝေ့ဘက်သို့ တစ်ဆက်တည်း လှည့်လျက် “ဝေဝေကော သခင်အသင်းထဲ မပါဘူးလား” ဟု နောက်သလို ပြောင်သလို ပြောနေသည်။

ဝေဝေသည် စိတ်မပါ့တပါပင် ပြုံးလိုက်ကာ ဦးစောဟန်ကို မကြည့်ဘဲ ထားထားကို လှမ်းကြည့်လိုက်သည်။

“ဖေဖေကတော့ သူ့သား ဘာလုပ်လုပ် မပြောပါဘူး၊ ကျောင်းကထွက်ပြီး ဘယ်လို စိတ်ပြောင်းသွားတယ် မသိပါဘူး၊ နိုင်ငံရေးဘက် ဝါသနာ ပါနေတယ်”

“ထားထားကတော့ ဝါသနာ မပါဘူးလား”

ခနဲ့သလိုလို ပြုံးစနဲ့နဲ့ဖြင့် မေးသော အမေးကို ခပ်တည်တည် ဖြေလိုက်မည် ကြံပြီးမှ ခပ်တည်တည် မဖြေဘဲ ပြန်၍ ပြုံးစနဲ့နဲ့ဖြင့်ပင် “ခုတော့ ဝါသနာ မပါသေးဘူး ဆိုပါတော့၊ မောင် ဆရာဝန် အလုပ်က ထွက်မှ ပါဝံ့မှာပါ” ဟု ပြန်ပြောလိုက်သည်။

ဦးစောဟန်သည် အဖြေကို သဘောကျ သကဲ့သို့ သဲ့သဲ့ရယ်မော လိုက်သည်။ ထားထားမှာ ဆရာဝန်ကတော် ဖြစ်၍ အစိုးရလခစား အလုပ်မှ ပြုတ်သွားနိုင်သည့် အဓိပ္ပါယ် ကောက်ယူကာ ရယ်မောနေခြင်း ဖြစ်၏။

“ထားထားခင်ပွန်း ကိုသက်နှံကို ကျွန်တော် သိပါတယ်၊ လူချင်း မရင်းနှီးပေမယ့် ကျောင်းတုန်းက အခန်းချင်း ကပ်နေတာ၊ လူအေးပဲ၊ ကျောင်းက သူ့ကို ဘုန်းကြီးလို့ ခေါ်ကြတယ်”

“ ဟုတ်ကဲ့၊ ဝေဝေ့ဆီက ဦးစောဟန် ပြောင်းလာတယ် စာရတော့ သူလည်း သိတယ်လို့ ပြောပါတယ်”

ထားထားသည် ပြောပြီး ဝေဝေ့ဘက်သို့ လှည့်ကာ “လိမ္မော်ရည် တိုက်ကွယ်” ဟု ပြောလေသည်။

ဝေဝေ ထသွား၍ ဝေဝေ၏ နောက်ပိုင်းကိုယ်ဟန်ကို ငေးကြည့်လိုက်ပြီး တည်ငြိမ်သော မျက်နှာဖြင့် နေသော ထားထားကို ခပ်အမ်းအမ်းဖြင့် “ဒီမှာ တော်တော် ကြာဦးမလား ထားထား” ဟု ပြောလိုက်သည်။

“ကလေးတွေ ထားခဲ့ရမှာ စိတ်မချတာနဲ့ ပထမတော့ ၁၀ ရက်လောက်ပဲ နေမယ်လို့ အောက်မေ့တယ်။ ခုတော့ ဖေဖေရော၊ ဝေဝေကပါ တားတာနဲ့ မောင့်ဆီကို တစ်လလောက် နေမယ်လို့ စာရေး လိုက်ပါတယ်။ ကြာပါလိမ့်ဦးမယ်”

“မပြန်ခင် ကျွန်တော့်အိမ် လာလည်ပါဦး ... ကျွန်တော်တော့ ဒီမှာ ဘယ်မှ သွားစရာ မရှိဘူး၊ တောသွားရင် သွားပဲ၊ အလုပ်နဲ့ အိမ်ပဲ ကူးနေတာပဲ၊ ဒီအိမ်တော့ မကြာမကြာ ရောက်ပါတယ်”

ထားထားသည် ငြိမ်နားထောင် နေကာ ဦးစောဟန် စကားဆုံးလျှင် “ဒီမှာ ဘယ်လောက်ကြာအောင် နေရပါ့မလဲ” ဟု မေးလိုက်သည်။

“ကျွန်တော် မပြောနိုင်ဘူး၊ ကျွန်တော့်ပဲ ထားမလား၊ ဒီ့ပြင် သူတို့ မျက်နှာဖြူထဲက လွှတ်မလား မပြောနိုင်ဘူး”

ထားထားသည် တွေ၍ နေလေသည်။ အနည်းငယ် တိတ်ဆိတ် နေကြသည်။ ဦးစောဟန်သည် စီးကရက်ကို မီးညှိလျက် ထားထား၏ အကဲကို သတိထား နေလေသည်။ ထားထား၏ အမူအရာမှာ စိုးရိမ် ကြောင့်ကြသော အသွင်မျိုး မျက်နှာပေါ်တွင် ဖြတ်သန်းလျက် ရှိနေသည်။ ထားထားမှာ ဝေဝေ့အတွက် စိတ်မချနိုင်အောင် ရှိရသည်။ ငယ်ငယ်ရွယ်ရွယ် ကလေးနှင့် သူများ ဖျက်လိုဖျက်ဆီး ကျောသွားမှာကို စိတ်ပူရသည်။ ဦးစောဟန်မှာ ဒီအသက် ဒီအရွယ်ဖြင့် မိန်းမ မယူဘဲ နေခြင်းမှာ မယူနိုင်မည့် အကြောင်းများ ရှိချင်လည်း ရှိနေမည်။ ဝေဝေနှင့် ခရီးလွန်ပြီးမှ ... မယူနိုင်ဘူး လုပ်ခဲ့သော် ...။

ထားထားမှာ ပင့်သက်ကလေးကို မျှဉ်းချလိုက်သည်။

“ဖေဖေ သက်သာလာရင် ဝေဝေ့ကို အပြန် အလည်ခေါ် သွားမလို့ စိတ်ကူးပါတယ်၊ ဘယ်မှ သူ သွားရတာ မဟုတ်ဘူး။ တစ်နှစ်တစ်ခေါက် မေမေ့ဆီ သွားရတာပဲ ... အနိုင်နိုင် သွားရတယ်၊ အလုပ်က သူ မရှိလည်း အိမ်မှာ မဖြစ်သလောက် ဖြစ်နေတော့ အလည်အပတ် ခေါ်ဖို့တောင် ခပ်ခက်ခက်”

“မအူပင် ခေါ်သွားမလို့လား”

ဦးစောဟန်မှာ အလန့်တကြား မေးလိုက်ပြီးမှ ပြန်၍ ဣန္ဒြေဆည် လိုက်ရသည်။ မိမိတို့ ကိစ္စအတွက် ထားထား သိသည်ဆို၍ စိတ်မအေးရသည့် အထဲ မအူပင် ခေါ်သွားမှာကို စိတ်ပူ သွားလေသည်။ မိမိမှာ ဝေဝေ့ထက် အသက်ကြီး၍ သဘောမတူသဖြင့် ခွဲဖို့ရာလားဟု ပူပန်သွားကာ တောင်တွေး မြောက်တွေးနှင့် ရင်ထဲ လေးလာသည်။

နောက်ဖေးမှ ဝေဝေ ထွက်လာသည်။ ဝေဝေ့နောက်မှ မယ်အေးသည် လိမ္မော်ရည် ဖန်ခွက်နှစ်လုံး တင်ထားသော ဗန်းကလေးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခပ်ကုန်းကုန်း လိုက်ခဲ့သည်။ ဝေဝေသည် ဦးစောဟန်ရှေ့ တစ်ခွက်၊ ထားထားရှေ့တစ်ခွက် ချပေးပြီး “သောက်ပါ” ဟု ပြောလိုက်သည်။

ဦးစောဟန်သည် ဖန်ခွက်ကို ကိုင်ပြီး သောက်တော့မည် လုပ်ပြီးမှ ဖန်ခွက် မကိုင်သေးသော ထားထား ဖန်ခွက်ကို လှမ်းယူပေးပြီး ထားထားအား ...

“သောက်ပါ ထားထား”

ထားထားသည် ဖန်ခွက်ကို လှမ်းယူသောက် လေသည်။ ဝေဝေမှာ မျက်လွှာချပြီး စကားမပြောဘဲ ငြိမ်နေသဖြင့် ဦးစောဟန်သည် တစ်ဝက်ကျန်သော ဖန်ခွက်ကို ချထားပြီး ...

“ဝေဝေ မအူပင် လိုက်သွားမလို့ဆို” ဟု လှည့်မေးလိုက်သည်။

ဝေဝေသည် အံ့ဩစွာ ငေးကြည့်လိုက်သည်။ ထားထားနှင့် မအူပင် လိုက်ရန် စကားမစပ်မိဘဲ ထားထား ဘယ်လို ပြောထားပါလိမ့်ဟု ထားထားဘက်သို့ အံ့ဩသော မျက်လုံးကို ရွှေ့ဖယ်ကြည့် လေသည်။

ဦးစောဟန်သည် အခြေပျက်နေသော ဝေဝေ၏ အကြည့်ကို စိုက်ကာ ထိတ်လန့် ပူပန်မိသည်။ ညီအစ်မ နှစ်ယောက် သွားဖို့ရာ စီစဉ်ပြီးပြီဟု ယူဆလိုက်သည်။ ဝေဝေ့ကို ခေါ်မသွားအောင် တားရမည့် နည်းမှာ ဝေဝေနှင့် တွေ့မှ ဖြစ်မည်ဟု စဉ်းစား စိုက်ကြည့်နေသည်။

ထားထားမှာ ဦးစောဟန်၏ အကဲကို မပြတ် ခတ်နေသူ ဖြစ်သည်။ ဝေဝေ့ကို ခေါ်သွားမည် ဆိုလိုက်မှ အခြေပျက် သွားသော ဦးစောဟန်၏ စိတ်သဘောကို တွေးနေလေသည်။

ဝေဝေသည် မျက်တောင်ကလေး ချကာ ဆိတ်ဆိတ်ထိုင် နေသည်။ လိုက်မည်လည်း မပြော၊ မလိုက်ဘူးလည်း မပြောဘဲ အတွေးရခက်အောင် မှိုင်တိုင်တိုင် ရှိနေသဖြင့် ဦးစောဟန်မှာ မတင်မကျနှင့် စိတ်အိုက် သွားလေသည်။

“မအူပင်က ခြင် အားကြီး ကိုက်တယ်လို့ နာမည်ကျော်ပဲ၊ မရောက်ဖူးသေးဘူး”

ဖန်ခွက်ကို လှမ်းယူရင်း ပြောကာ လှုပ်သောက် လိုက်သည်။

ဝေဝေမှာ ဦးစောဟန် ဣန္ဒြေဆည်လျက် ဖာဖာထေးထေး ပြောနေမှန်း တွေးကာ ငုံ့နေရင်း လက်ညှိုးထိပ် လက်သည်းခွံကို လက်မနှင့် အမှတ်မထင် ပွတ်နေလေသည်။

“ခြင်ကိုက်တာတော့ မပြောနဲ့၊ ညနေစောင်းတာနဲ့ အိမ်ကို ခြင်ထောင် ချရတာပဲ၊ ခြင်မဝင်အောင် တံခါးတိုင်း ခြင်ထောင်ဇာ ချထားရတယ်”

မောင်မြသည် ခေါင်းပေါင်းကို ချွတ်ခဲ့ကာ အပေါ်အင်္ကျီနှင့်ပင် အိမ်ဘက်သို့ ကူးလာသည်။ လက်ထဲ၌ သံကြိုးစာ ကိုင်လာကာ သခင့်အား ရိုရိုသေသေ လာကုန်းပေးသည်။

ဦးစောဟန်သည် သံကြိုးစာကို ဖွင့်ဖောက်နေစဉ် ဝေဝေသည် စိုက်ကြည့် နေလေသည်။

“ကောင်းပြီ ... သွားတော့”

မောင်မြ ထွက်သွားမှ သံကြိုးစာအိတ်ကို ဘောင်းဘီအိတ်ထဲသို့ ထိုးသွင်းကာ “တိုက်ပြန်ဦးမှ၊ အလုပ်က အရေးကြီး လာပြန်တယ်” ဆိုကာ နေရာမှ ထလိုက်သည်။

ဦးစောဟန်သည် ထားထားကို နှုတ်ဆက်ပြီး၊ ဝေဝေ့ကို စိတ်မချနိုင်သော မျက်လုံးနှင့် ကြည့်လျက် မအူပင် လိုက်သွားမှာ စိတ်မကောင်းပုံ အမူအရာပြ ပြန်သွားလေသည်။

ခေါင်းကို ငိုက်စိုက်ဖြင့် ထွက်ခဲ့ကာ လမ်းတွင် တွေးလာလေသည်။ မှိုင်တိုင်တိုင် ဖြစ်နေသော ဝေဝေ့ မျက်နှာလေးမှာ ရှေ့မှ ဆီးနေသည်။ ထားထားက ဖျက်များ နေသလားဟု သံသယရှိလျက် စိတ်ထဲ မချင့်မရဲ ဖြစ်လာခဲ့သည်။

အလုပ်တိုက်သို့ မရောက်ခင် ဇာတ်ရုံရှေ့သို့ ရောက်သောအခါ ဇာတ်ရုံထဲမှ “တို့ဗမာပြည်ကို တိုင်းရင်းသား အကုန်အစင်၊ တို့ပြည်လို့ မှတ်ထင် တို့ဗမာသခင်” ဟု သံပြိုင်ညီညာ ဟစ်အော်ကြသော အသံများကို နားနှင့်မဆံ့ ကြားရလေသည်။
---------------------------------
ဂျာနယ်​ကျော်မမ​လေး

crd 👉 http://openread.atspace.cc/works/25052020_nv.html

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)