လင်္ကာဒီပချစ်သူ၊ အပိုင်း (၁၆)
အခန်း (၈)
အာရိယန်နှင့်ဒြာဝိဒိယန်
“သီတာဒေဝီဘယ်မှာလဲ”
“လင်္ကာဒီပနန်းတော်မှာ ရှိနေပါတယ် ခမည်းတော်”
“ဘာတွေဖြစ်နေသလဲ၊ သင်းက ဘယ်လိုလုပ်ပြီး ရန်သူနဲ့ပူးပေါင်းသလဲ၊ သင်းကို မင်းတို့က အလွတ်ခံသလား၊ မင်းတို့ လင်္ကာဒီပနန်းတော်တပ်မင်းတွေ ဘာလုပ်နေသလဲ”
သားတော်မေဃနာဒနှင့်အတူ သူနှင့်ပါလာသောသေနာပတိများ၏မျက်နှာများကို ကျွန်ုပ်ရိုက်ချပစ်လိုက်သည်။ မေဃနာဒသည် ပါးစပ်တွင်းမှကျလာသော သွေးများကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။ သေနာပတိများကား သွေးကို
မသုတ်ရဲကြ။
“ဘထွေးတော်ဟာ သီတာဒေဝီရဲ့ ရွှေလှောင်အိမ်အတွင်း သုံးရက်မျှဝင်ရောက်ခဲ့ပါတယ်။ ခမည်းတော်ရဲ့အမိန့်ကြောင့် ဘယ်သူမှ အနားမကပ်ဲရဲကြပါဘူး။ စတုတ္တမြောက်နေ့မှာ သူဟာ သီတာဒေဝီကို ရွှေလှောင်အိမ်အပြင်သို့ ထုတ်ယူပါတယ်။ နောင်တော်ဘုရင်မင်းမြတ်ရှိရာကို ခေါ်သွားမယ်လို့ သူပြောတာကြောင့် သားတော်တို့ ခွင့်ပြုလိုက်ပါတယ်။ ဒါပေမယ့် သားတော်ကို အတူလိုက်ခွင့်မပြုတာကြောင့် မသင်္ကာဖြစ်ပြီး သူတို့ရထားနောက်ကို သားတော်နဲ့သေနာပတိများ လိုက်ကြပါတယ်။ ဘထွေးတော်က ရထားကို အပြင်းမောင်းနှင်ပြေးပါတယ်။ အိန္ဒုမြစ်ကမ်းရောက်တဲ့အခါမှ သူဟာ ခမည်းတော်ဆီသွားတာမဟုတ်ဘဲ ကိသကိန္ဒာဘက်ခေါ်သွားကြောင်း အတိအကျသိရပါတော့တယ်၊ သူ့ကို သားတော်တို့ တားဆီးတိုက်ခိုက်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် လင်္ကာဒီပအိမ်ရှေ့စံကို ဘယ်သေနာပတိမှ ထိခိုက်အောင်မတိုက်ရဲကြပါဘူး။ ဒါကြောင့် သီတာဒေဝီကိုသာ ပြန်လည်ခေါ်ယူလာနိုင်ခဲ့ပြီး ဘထွေးတော်ကတော့ လက်လွတ်သွားပါတယ်။ ဒီစာချွန်လွှာဟာ ဘထွေးတော် ကိသကိန္ဒုဘက်ထွက်ပြေးသွားတဲ့ နောက်တနေ့မှာ နယ်စပ်တပ်မထံကတဆင့် ရောက်လာတဲ့စာချွန်ပါ ခမည်းတော်ဘုရင်မင်းမြတ်”
“အခု သီတာဒေဝီဘယ်မှာလဲ”
“လင်္ကာဒီပနန်းတော်ကို ပြန်ရောက်နေပါပြီ ခမည်းတော်”
“ဂုမ္ဘီကဏ္ဏ၊ တစ်ယောက်ပဲ နေရစ်ခဲ့။ ကျန်တဲ့လင်္ကာဒီပသေနာပတိ အဖျင်းအအလူမိုက်တွေ ငါနဲ့ လင်္ကာဒီပကို ပြန်လိုက်ခဲ့”
စစ်မြင်းဖြူ ဆယ်ကောင်၏ကျောထက်သို့ ကျွန်ုပ်၏ ကျာပွတ်ကိုအဆက်မပြတ်ရိုက်ချလိုက်လေသည်။
* * *
သော်ကဥယျာဉ်။ လင်္ကာဒီပနန်းတော်၏ လက်ဝဲဘက်နန်းဆောင်အနီးမှ သော်ကဥယျာဉ်တွင် အစောင့်စစ်သည်တို့ တစ်ထပ်ပြီးတစ်ထပ် ချထားသည်။ သားတော်မေဃနာဒ၏ညွှန်ပြချက်အရ ကျွန်ုပ်သည် သော်ကဥယျာဉ်ဘက်သို့ရထားကို မောင်းနှင်ခဲ့သည်။ အစောင့်စစ်သည်များသည် ရထားကို ဖရိုဖရဲဖြင့် ရှောင်တိမ်းလိုက်ကြသည်။
ကြီးမားသော သော်ကပန်းရုံကြီးအနီးရှိ ကျောက်သလင်းခုံပေါ်တွင် သီတာဒေဝီထိုင်နေသည်။ ညိုးငယ်နွမ်းလျသော အလှအပနှင့် ဆန့်ကျင်စွာပင် သူမ၏မျက်နှာသည် တင်းမာနေသည်။ သီတာဒေဝီအား စောင့်ကြပ်နေသည့်စစ်သည်များကို ကျွန်ုပ်မောင်းထုတ်လိုက်သည်။ သားတော်မေဃနာဒနှင့်သေနာပတိများကို စက်ဝိုင်းသဏ္ဍာန် ဝိုင်းရံလိုက်ကြသည်။ ကျွန်ုပ်သည် သီတာဒေဝီရှိရာသို့ မဆိုင်းမတွ ဝင်သွားလိုက်သည်။ သားတော်မေဃနာဒနှင့် ဦးရီးတော်မာရဇ္ဇတို့က ကျွန်ုပ်နောက်မှ လိုက်ပါလာသည်။
“ဘာဖြစ်လို့သီတာဒေဝီကို ဂန္ဓမာလာသားရဲတွင်းဘက်က နန်းဆောင်ထဲ ပြန်မထားတာလဲ၊ ရွှေလှောင်အိမ်ကော”
“ဘထွေးတော်ဆီက သီတာဒေဝီကို ပြန်လုယူခဲ့ရပြီးနောက် သူ့ကို နန်းဆောင်ထဲ ပြန်ခေါ်လို့မရဘူးခမည်းတော်၊ ဒါကြောင့် ဒီသော်ကဥယျာဉ်ထဲမှာပဲ အစောင့်တွေထူထပ်စွာချပြီး ထားရတာပါ၊ ရွှေလှောင်အိမ်ကတော့ နန်းဆောင်ထဲမှာပဲ ရှိနေပါသေးတယ်”
“သွား ......ရွှေလှောင်အိမ်ကို ဒီယူလာခဲ့။ ဒီနေရာမှာပဲ သူ့ကို ရွှေလှောင်အိမ်နဲ့ထား”
စစ်သည်များ ထွက်သွားကြသည်။ ရွှေလှောင်အိမ်ကို ယူလာကြသည်။ သီတာဒေဝီ၏ရှေ့တွင် ရွှေလှောင်အိမ်တံခါးကို ဖွင့်ပေးလိုက်သည်။ သီတာဒေဝီသည် ကျွန်ုပ်ကို မီးထွက်မတတ်မျက်လုံးများဖြင့် ကြည့်ပြီး လှောင်အိမ်အတွင်းသို့
ဝင်လိုက်လေသည်။ လှောင်အိမ်တံခါးကို ကျွုန်ပ်ကိုယ်တိုင်ပိတ်ပြီး တံခါးတိုင်ကို လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။
“သီတာဒေဝီ၊ မင်း ကျုပ်ဆီကထွက်ပြေးဖို့ သစ္စာဖောက်နဲ့ ပူးပေါင်းခဲ့တယ်”
သီတာဒေဝီသည် ကျွန်ုပ်ကို ကျောခိုင်း၊ ရွှေလှောင်အိမ်သံတိုင်များကို တင်းကြပ်စွာ ဖက်တွယ်ထားလေသည်။
“မင်းကို ....ဟိုသစ္စာဖောက်က ဘယ်လိုအကြံတွေပေးခဲ့သလဲ။ ဘာအကူအညီတွေပေးခဲ့သလဲ။ မင်းတို့ ကိသကိန္ဒာကို ထွက်ပြေးကြမလို့မဟုတ်လား၊ သစ္စာဖောက်ဘိဘိသနကို မင်းယုံကြည်ကိုးစားခဲ့တာပေါ့ ဟုတ်လား”
“ဒီမှာ လင်္ကာဒီပဘုရင်၊ အိမ်ရှေ့စံဘိဘိသနဟာ သစ္စာဖောက်မဟုတ်ဘူး၊ အမြော်အမြင်ကြီးတဲ့သုခမိန်၊ ရှင်သာ ရက်စက်ကြမ်းတမ်းတဲ့စစ်ဘုရင် သိလား၊ ဘိဘိသနဟာ ကျွန်မကို လွတ်မြောက်အောင်ကယ်တင်ဖို့ ကြိုးစားခဲ့တယ်၊
ကြမ်းတမ်းတဲ့ စစ်ဘုရင်လက်ထဲက လွတ်မြောက်အောင် ကူညီခဲ့တယ်”
သီတာဒေဝီသည် သားတော်မေဃနာဒအား မုန်းတီးစွာဖြင့် ကြည့်လိုက်သည်။
“ဒါပေမယ့် ရှင့်ရဲ့နောက်လိုက်ဘီလူးတွေကြောင့် ကျွန်မ ဒီကိုပြန်ရောက်ရတယ်၊ အိမ်ရှေ့စံလွတ်မြောက်သွားတဲ့အတွက် ကျွန်မဝမ်းသာတယ်။ အိမ်ရှေ့စံဟာ ရှင်တို့ဒြာဝိဒိယန်တွေအားလုံးနဲ့မတူတဲ့ သုခမိန်၊ ရှင်တို့သာ .... ရှင်တို့သာ ...”
တင်းမာခက်ထန်သောအသံသည် တုန်ယင်လာပြီးနောက် သီတာဒေဝီသည် သည်းထန်စွာ ငိုကြွေးလေသည်။ ရွှေလှောင်အိမ်သံတိုင်များကို ဆုပ်ကိုင်ရင်း အောက်သို့ ပုံကျသွားသည်။ ဘိဘိသန၏ယုတ်ညံ့သော အပြုအမူကို
ဒေါသထွက်နေသဖြင့် ကျွန်ုပ်သည် သီတာဒေဝီ၏ငိုကြွေးခြင်းကို ခါတိုင်းကဲ့သို့ မတုန်လှုပ်တော့ပေ။
“အေး ... မင်းကတော့ မင်းကို ကယ်တင်ဖို့ကြိုးစားပေးတဲ့သူဆိုတော့ သုခမိန်လို့ထင်မှာပဲ။ ဒါပေမယ့် ဘိဘိသနဟာ ဒြာဝိဒိယန်တို့ရဲ့ ကြောက်စရာအကောင်းဆုံး သစ္စာဖောက်လူယုတ်မာပဲ။ ထားတော့။ ဘိဘိသနနဲ့ပတ်သက်ပြီး
မင်းနဲ့ကျုပ် အငြင်းမပွားချင်ဘူး။ ဘိဘိသနကို ဘာတွေပြောခဲ့ပြီး ဘယ်လိုကူညီခဲ့တယ်ဆိုတာ ကျုပ်ကိုပြောစမ်း သီတာဒေဝီ”
ကျွန်ုပ်၏အမေးများကို လျစ်လျူရှုဟန်ဖြင့် စကားပြန်လှန်ပြောလေ့မရှိသော သီတာဒေဝီသည် ယခုအခါတွင်ကား ငိုရှိုက်သံဗလုံးဗထွေးဖြင့် တင်းမာစွာ ပြန်ဖြေလေသည်။
“ဘာကူညီရမလဲ၊ ရှင့်ရဲ့ငရဲထဲက လွတ်မြောက်စေပြီး မောင်တော်ရာမဆီကို ပြန်ပို့ပေးဖို့ သူကူညီပေးတာပေါ့။ ကျွန်မကို မောင်တော်ရာမရှိရာ ကိသကိန္ဒာကို ခေါ်သွားမယ်၊ ပြီးတော့ မက္ကဋမျိုးနွယ်စုနဲ့ ရှင်တို့အကြား မကြာခင်ဖြစ်ပွားတော့မယ့်စစ်ကို မဖြစ်ရအောင် သူ မောင်တော်ရာမကို ပြောမယ်။ ကျွန်မက ကျွန်မကိုကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ စစ်မတိုက်ဖို့ မောင်တော်ရာမကို ပြောပြပေးရမယ်၊ အာရိယန်နဲ့ ဒြာဝိဒိယန်စစ်မဖြစ်ရအောင် ကျွန်မနဲ့အိမ်ရှေ့စံ ကြိုးစားကြမယ်။ ဒါပေမယ့် ..... ဒါပေမယ့်... သွေးဆာနေတဲ့ ရှင်တို့စစ်ဘီလူးတွေကြောင့် အကြံအစည်အားလုံး ပျက်စီးရပြီ”
“ဟား .... ဟား ...... ဟား ....၊ ကျုပ်ရဲ့သီတာဒေဝီကို ရာမဆီပြန်ပို့မတဲ့၊ အာရိယန်နဲ့ဒြာဝိဒိယန် စစ်မဖြစ်အောင်ကြိုးစားမယ်တဲ့၊ ဟား ..... ဟား ......... ”
ကျွန်ုပ်သည် ရွှေလှောင်အိမ်တံခါးဝကို တဝုန်းဝုန်း ဆွဲခါလိုက်သည်။
“ဒီမှာသီတာဒေဝီ၊ ဘိဘိသနဟာ ကောက်ကျစ်စဉ်းလဲတဲ့သစ္စာဖောက်ပဲ၊ မင်းကို ရာမဆီပြန်ပို့ပြီး သူက ရာမနဲ့ပူးပေါင်း၊ ပြီးတော့ လင်္ကာဒီပထီးနန်းကို ရန်သူ့အကူအညီနဲ့ သိမ်း၊ ငါ့ကိုသုတ်သင်ဖယ်ရှားပစ်၊ သူက ဘုရင်လုပ်၊ ဒါဟာသုခမိန်တဲ့လား၊ ဒါဟာ အိမ်ရှေ့စံသုခမိန်တဲ့လား၊ ဒီမယ် .... ဦးရီးတော် မာရဇ္ဇ”
ဦးရီးတော်သည် ရပ်နေရာမှ ကျွန်ုပ်အနီးသို့ တိုးလာသည်။
“ရာဝဏခံတပ်ဥမင်လိုဏ်ရဲ့ အစီအမံတွေကို ဦးရီးတော်တို့ အံ့သြချီးကျူးခဲ့ကြတာ မှတ်မိသေးလားဟင်၊ ဥမင်လိုဏ်က လျှို့ဝှက်လမ်းနှစ်ခုနဲ့၊ တစ်ခုက လင်္ကာဒီပနန်းတော်သို့တဲ့၊ တစ်ခုက အိန္ဒုမြစ်ကျဉ်းတဲ့ ......၊ ဒါတွေဟာ ဘိဘိသနရဲ့အစီအမံတွေပေါ့။ လင်္ကာဒီပအိမ်ရှေ့စံဟာ အင်မတန်ထက်မြက်ပြည့်ဝတဲ့ သုခမိန် .. ဆို .. ”
ဦးရီးတော်မာရဇ္ဇသည် မျက်မှောင်ကုတ်ပြီး မြေပြင်ကိုစိုက်ကြည်နေသည်။ ကျွန်ုပ်ကို ဘာမှပြန်မပြောနိုင်ချေ။
“သင်း ....လင်္ကာဒီပက ထွက်ပြေးစဉ်မှာ မင်းတို့သေနာပတိတွေ အိမ်ရှေ့စံဆိုပြီး ထိခိုက်အောင်မတိုက်ရဲခဲ့တာ။ ငါနဲ့တွေ့ခဲ့ရင် မင်းတို့အိမ်ရှေ့စံဟာ ရထားပေါ်မှာပဲ ခေါင်းပြတ်သွားစေရမယ်။ မင်းတို့ဟာ သစ္စာဖောက်ကိုကြောက်ရွံ့ခဲ့တဲ့ အသုံးမကျတဲ့ လူဖျင်းတွေ၊ အေး ..... သီတာဒေဝီကို ပြန်ရအောင်ခေါ်နိုင်ခဲ့လို့သာ မင်းတို့အသက်ချမ်းသာရာ ရတယ်မှတ်ပါ။ ဟေ့ ... မေဃနာဒ”
“အမိန့်ရှိပါ ခမည်းတော်ဘုရင်မင်းမြတ်”
“နန်းတော်ထဲမှာ ရွှေလှောင်အိမ်ထားစဉ်က ရွှေလှောင်အိမ်ကို စောင့်ကြပ်တဲ့သူ ဘယ်သူလဲ”
“ဗိုလ်မင်းကာရိဋ္ဌပါ ခည်းတော်”
“ခေါ်လိုက်စမ်း”
စစ်သည်များကာရိဋ္ဌကို ခေါ်လာကြသည်။ သို့သော် သူသည် စကားမပြောနိုင်၊ မလှုပ်ရှားနိုင်တော့။ သူ့လည်ပင်းတွင် ဓားမြောင်တစ်ချောင်းစိုက်နေသည်။
“ဒါ ဘိဘိသနရဲ့လက်ချက်မဟုတ်လား”
“မဟုတ်ပါဘူး ခမည်းတော်ဘုရင်မင်းမြတ်၊ သီတာဒေဝီကို လှောင်အိမ်အပြင်ဘက်ထုတ်ယူသွားပြီးနောက် ကိသကိန္ဒာဘက်ထွက်ပြေးကြတယ် ကြားသိတာနဲ့ သူဟာ သူ့အပြစ်သူကြောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာဖြစ်ပါတယ်”
“မိမိအပြစ်ကို ကြောက်ရွံ့ပြီး ပြစ်ဒဏ်စီရင်မခံရဲတဲ့ ဒီအကောင်ကို သားရဲတွင်းထဲပစ်ချလိုက်၊ ဘယ်မှာမှ မြုပ်နှံမနေနဲ့၊ သွား အခုချက်ချင်း ယူပြီး သားရဲတွင်းထဲပစ်ချလိုက်”
စစ်သည်များသည် ကာရိဋ္ဌအလောင်းကို မယူပြီး သားရဲတွင်းသို့ ယူသွားကြသည်။ ခဏအကြာတွင် သားရဲတွင်းမှ ခြင်္သေ့ဟိန်းသံများနှင့် တစ်ကောင်နှင့်တစ်ကောင် အစာလုယက်သတ်ပုတ်ကြသံများကို ကြားလိုက်ရသည်။
“ကြားကြလား၊ ဒါဟာ လုံလောက်တဲ့အပြစ်ဒဏ် မဟုတ်သေးဘူး၊ ကာရိဋ္ဌဟာ သူ့ကိုယ်သူသတ်သေပြီးမှ သူ့ရဲ့အသက်မရှိတဲ့ကိုယ်ခန္ဓာကို သားရဲတွင်းထဲ ပစ်ချလိုက်တယ်။ နောင်ဆိုရင် မိမိတာဝန်မကျေပွန်တဲ့သူများ သားတော်မေဃနာဒကအစ အားလုံး အရှင်လတ်လတ် သားရဲတွင်းထဲပစ်ချခံရမယ်”
သီတာဒေဝီသည် ငိုရှိုက်နေရာမှ ကျွန်ုပ်ရှိရာ ရွှေလှောင်အိမ်တံခါးဘက်သို့ ချဉ်းကပ်လာသည်။ ထို့နောက် ရွှေလှောင်အိမ်တံခါးကို ဆွဲခါလိုက်လေသည်။
“ဒီမှာလင်္ကာဒီပဘုရင်၊ ဒီလောက်သွေးဆာနေရင်လည်း တခြားသူတွေကို သားရဲတွင်းထဲ ပစ်ချမနေပါနဲ့၊ ကျွန်မကိုပဲ အရှင်လတ်လတ် ပစ်ချလိုက်ပါလား ....ပစ်ချလိုက်ပါလား”
သီတာဒေဝီ၏ပါးပြင်တွင် မျက်ရည်စများလလိမ်းကျံနေသည်။ နုနယ်သောသူ၏မျက်နှာပြင်၌ ဒေါသကြောင့် ပန်းနုရောင်တို့ ယှက်သန်းနေလေသည်။
“သီတာဒေဝီ ....မင်းမှာ ဘာအပြစ်မှမရှိဘူး၊ ဘာအပြစ်မှရှိတဲ့သူမဟုတ်ဘူး။ ကမ္ဘာလောကမှာ မင်းဟာ အပြစ်အကင်းဆုံးသူဖြစ်တယ်။ ဒါပေမယ့် မင်းကို ကျုပ်ဆီက နောက်ထပ်တစ်ခါ ထွက်ပြေးမခံနိုင်ဘူး။ ဒါကြောင့် မင်း ...
ရွှေလှောင်အိမ်ထဲမှာပဲနေရလိမ့်မယ်၊ ရွှေလှောင်အိမ်ကိုလည်း နန်းဆောင်ထဲပြန်မထားတော့ဘူးလေ၊ နန်းဆောင်ထဲမှာပြန်ထားရင် မင်းဟာ တစ်စုံတစ်ယောက်ရဲ့ပယောဂနဲ့ ထွက်ပြေးဖို့ ကြိုးစားချင်ကြိုးစားမယ်။ ဒါမှမဟုတ်
အောက်က သားရဲတွင်းထဲ ခုန်ချချင်ခုန်ချမယ်။ ဒီရွှေလှောင်အိမ်နဲ့ ဟောဒီသော်ကဥယျာဉ်ကို ဦးရီးတော်ကိုယ်တိုင် အုပ်ချုပ်ရမယ်”
“စိတ်ချပါ ရာဝဏ၊ ဘယ်လိုအကြောင်းကိစ္စမှ ဘယ်သူမှ ရွှေလှောင်အိမ်ထဲ မဝင်စေရဘူး၊ မင်းကိုယ်တိုင်သော်မှ ဝင်ခွင့်မပေးဘူး"
“ခမည်းတော် ဘုရင်မင်းမြတ်၊ ကိသကိန္ဒာကလာတဲ့စာချွန်အတွက် စစ်ရေးပြင်ဆင်ဖို့အမိန့်ပေးပါ”
သားတော်မေဃနာဒသည် သေနာပတိချုပ်၏စစ်တာဝန်များကို လေးနက်စွာ ပြောလာသည်။ ဘိဘိသန၏သစ္စာဖောက်မှုကြောင့် ဒေါသဆူဝေနေခဲ့သော ကျွန်ုပ်သည် ထိုအခါမှာပင် ရာမ၏စာချွန်ကို သတိရတော့သည်။
“အင်း .......လပြည့်နေ့မှာ ရန်သူလာမယ်တဲ့၊ နောက်သုံးရက်နေရင် လပြည့်တော့မယ်၊ နယ်စပ်တပ်မက သေနာပတိတွေ ကိုယ့်တပ်မကိုယ်အခုထွက်ကြ။ ခံတပ်တွေအားလုံး အဆင်သင့်ဖြစ်ပါစေ၊ ဦးရီးတော်က အိန္ဒုမြစ်ကမ်းသောင်ပြင်က ဦးရီးတော်ရဲ့ဒြာဝိဒိယန်စစ်သည်တွေကို စုရုံးပြင်ဆင်ဖို့သွားပါ။ သူတို့ကို ပြင်ဆင်ပြီးမှ သော်ကဥယျာဉ်အုပ်ချုပ်မှုကို တာဝန်ပြန်ယူပါ။ သားတော်မေဃနာဒက ငါနဲ့အတူ နန်းတော်ဆောင်ကို လိုက်ခဲ့စမ်း”
အမိန့်ကိုရသည်နှင့် အားလုံး လှုပ်ရှားသွားကြသည်။ သောကဥယျာဉ်တွင် ရွှေလှောင်အိမ်အတွင်းမှ သီတာဒေဝီ၊ ကျွန်ုပ်နှင့် သားတော်မေဃနာဒတို့သုံးဦးသာ ကျန်ခဲ့သည်။ အစောင့်စစ်သည်များက ခပ်လှမ်းလှမ်းတွင်ရှိနေလေသည်။
“ခမည်းတော်ဘုရင်မင်းမြတ်၊ မက၊စစ်သူကြီး ဟာနုမာန်ကို သုတ်သင်ဖို့တာဝန်ဟာ သားတော်အတွက်ဖြစ်တယ်လို့ အမိန့်ချမှတ်ခွင့်ပြုထားတာကို မမေ့ဘူးလို့ သားတော်ထင်ပါတယ်”
“အေး . ... ငါမမေ့ပါဘူး”
“ဒါဆိုရင် လင်္ကာဒီပ ဗဟိုတပ်မမှာ စုရုံးပြင်ဆင်ပြီးရင် သားတော်ကိသကိန္ဒာနယ်စပ်တပ်မကို သွားပါရစေ။ စစ်ဦးမှာပဲ သားတော် အဲဒီမကဋစစ်သူကြီးကို သုတ်သင်လိုက်ပါမယ်”
“အေး .... ကောင်းပြီ”
ရွှေလှောင်အိမ်ထဲမှ သီတာဒေဝီသည် ကျွန်ုပ်တို့စကားပြောသံကို နားစွင့်နေဟန်တူသည်။
“ဟာနုမာန် .. တဲ့၊ ဟုတ်လား”
သီတာဒေဝီထံမှ ထူးဆန်းသောအသံ ကြားလိုက်ရသည်။ ကျွန်ုပ်တို့ သီတာဒေဝီကို လှည့်ကြည့်လိုက်ကြသည်။ သီတာဒေဝီသည် ရွှေလှောင်အိမ်ကို တင်းကျပ်စွာဆုပ်ကိုင်ရင်း ဝင်းလက်သောမျက်လုံးများဖြင့် အပြင်သို့ကြည့်နေသည်။
“ဟနုမာန် ..၊ ကိသကိန္ဒာဘုရင်သုခရိတ်ရဲ့ မှော်ရုံဟေဝန်တောစပ်မှာတွေ့စဉ်က သုခရိတ်ဘုရင်ပြောဖူးတဲ့ စစ်သူကြီးဟာနုမာန်ဆိုတာဖြစ်မှာပဲ၊ သူဟာ ခွန်အားဗလကြီးပြီး ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ မက္ကဋတစ်ယောက်ပဲ၊ မောင်တော်ရာမဟာ သူ့လိုစစ်သူကြီးမျိုးနဲ့ ငါ့ကိုလာကယ်ရင် ငါမုချလွတ်မြောက်မှာပဲ”
သီတာဒေဝီသည် မျှော်လင့်ခြင်းများ ပြည့်နှက်နေသောလေသံဖြင့် တစ်ကိုယ်တည်း ရေရွတ်နေသည်။
“ကြားရဲ့လား သားတော်မေဃနာဒ၊ သီတာဒေဝီဟာ ဟာနုမာန်ကို မမြင်ဖူးသေးဘဲ သိပ်ကိုအားကိုးနေပါလား၊ သူ့မျှော်လင့်ချက်တွေအားလုံး ပြိုကွဲသွားအောင်လုပ်ဖို့ မင်းတာဝန်ပဲ၊ ငါကတော့ ရာမမင်းသားရဲ့ ခေါင်းကိုဖြတ်ပြီး
စစ်ရထားရဲ့မြားကာတိုင်မှာ ချိတ်ဆွဲဖို့တာဝန်ရှိနေတယ်။ ဟာနုမာန်အတွက်က မင်းတာဝန်၊ ရာမမင်းသားအတွက်က လင်္ကာဒီပဘုရင် ဒသဂီရိတာဝန်၊ သစ္စာဖောက် ဘိဘိသနအတွက်ကိုတော့ ဒီကမ္ဘာလောကမှာ အပြင်းထန်ဆုံးအပြစ်ဒဏ်ကို တို့အားလုံး စဉ်းစားကြရဦးမယ်။ ကိုင်း ...သွားကြစို့ သားတော် မေဃနာဒ”
ဆက်ရန်
---------------------------
ချစ်ဦးညို
crd 👉 https://www.facebook.com/108529964142302/posts/125248082470490/
Comments
Post a Comment