အများနှင့် မသက်ဆိုင်သောသူ၊ အပိုင်း (၆)(သိမ်း)
ရွှေစင်ဦး မှ
အများနှင့် မသက်ဆိုင်သောသူ (မင်းလူ)
_____________________________
အပိုင်း(၆)
၂၁။
ဒေါ်ငွေဇံသည် ငွေမက်တတ်တာတော့ မှန်သည်။ ဦး၀င်းမောင်ကြီး၏ဥစ္စာဓနတွေကို မျက်စိကျမိတာလည်း မှန်သည်။ သို့ရာတွင် ဒါတွေကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် သူ့ကိုယ်သူ ရင်းနှီးဖို့တော့ လုံး၀ မဖြစ်နိုင်။ ထို့ကြောင့် ခါးခါးသီးသီး ငြင်းလိုက်ရခြင်း ဖြစ်၏။
သူထင်ထားတာ သူစိတ်ကူးထားတာက တခြား၊ တကယ်ဖြစ်လာတာက တခြား။ ဘယ်လိုမှ မျှော်လင့်မထားခဲ့သော ကိစ္စ။ သူတောင့်တခဲ့သော အခွင့်အရေးကြီးတစ်ခုကို မတတ်သာလို့ လက်မတင်ကလေး စွန့်လွှတ်လိုက်ရတာ ရင်နာလှသည်။ ထိုအချက်ကို တနုံ့နုံ့တွေးရင်း မစားနိုင်၊ မသောက်နိုင်၊ စိတ်ထိခိုက်ပြီး တစ်ပတ်လောက် လဲသွားသေးသည်။
မြလွင်က အကြောင်းရင်းမှန်ကို မသိ။ စျေးထဲကမှာ ဆိုင်ဖွင့်ဖို့ ပိုက်ဆံချေးတာ မရသဖြင့် သူ့အမေက ဦး၀င်းမောင်ကြီးကို စိတ်ဆိုးသွားတာလို့သာ ထင်သည်။ မေးမြန်းစုံစမ်းခြင်းလည်း မပြု။ ဦး၀င်းမောင်ကြီး အိမ်ကို မလာတော့တဲ့အတွက် စိတ်သက်သာချောင်ချိမှုတောင် ရသွားသေးသည်။
ဦး၀င်းမောင်ကြီးသည် ပြဿနာတက်ပြီး တစ်ပတ်လောက် ပျောက်နေသည်။ ပြီးမှ မြလွင် ဆိုင်ထိုင်နေတုန်း ပစ္စည်းလာ၀ယ်သလို လုပ်ရင်း စနည်းနာသည်။ မြလွင်က ပုံမှန်အတိုင်းပဲ ဖော်ဖော်ရွေရွေ ဆက်ဆံသည်။ ဦး၀င်းမောင်ကြီး စျေး၀ယ်ဖို့ လာချင်ယောင်ဆောင်နေမှန်း သိသာ၏။ ဘာပစ္စည်းယူမယ်ဆိုတာမျိုး တိတိကျကျ မရှိ။ ခေါက်ဆွဲခြောက်ထုပ်ကို ယူမလိုလို၊ ရွှေဝါဆပ်ပြာပဲ ၀ယ်မလိုလို၊ ဟိုဟာကိုင်ကြည့် ဒီဟာကိုင်ကြည့်၊ ယောင်ချာချာ လုပ်နေ၏။ အိမ်အတွင်းဘက်ကိုလည်း မသိမသာ ကဲကဲကြည့်သည်။ ထိုစဉ်မှာပင် အိမ်ထဲက ဇလုံ သို့မဟုတ် ဒန်အိုးတစ်ခုကို ဆောင့်ကြီးအောင့်ကြီး ပစ်ချလိုက်သောအသံ "ဂလွမ်" ခနဲ ကြားလိုက်ရ၏။ ဦး၀င်းမောင်ကြီး မျက်နှာပျက်သွားပြီး ဘာမှ မ၀ယ်တော့ဘဲ ပြန်ထွက်သွားသည်။
စျေးထဲမှာ ဦး၀င်းမောင်ကြီးနှင့် ဒေါ်ငွေဇံတို့ တစ်ခါ ဆုံကြသေးသည်။ ဦး၀င်းမောင်ကြီးက နှုတ်ဆက်ဖို့ ကြံသည်။ ဒေါ်ငွေဇံက မျက်နှာလွှဲပြီး ထွက်သွား၏။ ဦး၀င်းမောင်ကြီးသည် ဒေါ်ငွေဇံဆိုင်မှာ ထိုင်နေတုန်း အရဲစွန့်ပြီး ၀င်လာသေးသည်။
"အမကြီး၊ နေကောင်းတယ်နော်"ဟု မရဲတရဲ နှုတ်ဆက်သည်။
ဒေါ်ငွေဇံက ဘာမှ ပြန်မဖြေ။
"မြလွင်၊ ဒီမှာ စျေးလာရောင်းဦး"ဟု လေသံမာမာနှင့် လှမ်းအော်ခေါ်ပြီးနောက် အိမ်ထဲ ၀င်သွားသည်။ ဦး၀င်းမောင်ကြီးလည်း လက်လျှော့ပြီး ပြန်သွားရ၏။
ချစ်ဦး ကတော့ ဘာမှမသိ။ ဦး၀င်းမောင်ကြီး အိမ်ကို မလာတော့သဖြင့် ဟင်းကောင်းကောင်း မစားရတော့တာဘဲ သိသည်။ ဦး၀င်းမောင်ကြီးကို တွေ့လျှင်"အိမ်ကို လာလည်ပါဦးဗျ၊ ဦး၀င်းမောင်ကြီး ထမင်းလာစားမှ အဒေါ်ကြီးက ဟင်းကောင်းကောင်း ချက်တာ၊ အခုတော့ ဘဲဥ တစ်လှည့်၊ ငါးခြောက် တစ်လှည့်၊ ချဉ်ရည်ဟင်း တစ်လှည့်ပဲဗျို့"
ထိုအခါ ဦး၀င်းမောင်ကြီး ပြုံးရမလို မဲ့ရမလို အီလည်လည်ကြီး ဖြစ်ပြီး ... "ငါ အလုပ်များနေလို့ပါကွာ"ဟု မရေမရာ ပြန်ဖြေသည်။
ချစ်ဦးက အိမ်မှာလည်း ပြောသေးသည်။
"ဦး၀င်းမောင်ကြီး မလာတာတောင် ကြာပြီ၊ ထမင်းစားဘေး ဘာလေးဖိတ်ပါဦးဗျ"
ဒေါ်ငွေဇံ က ..."နင့်ပထွေး ကို တမနေနဲ့" ဟု အော်လိုက်၏။
"ဟာဗျာ၊ ဒေါ်ကြီးကလည်း ပေါက်ပေါက်ရှာရှာ ပြောရော့မယ်၊ ကျွန်တော့်မှာ အမေမှ မရှိတော့တာ၊ အမေရှိတဲ့ လူမှ ပထွေးတော်လို့ ရမှာပေါ့"
ချစ်ဦးက ပါးစပ်ထဲ တွေ့ရာ ပြောခြင်းဖြစ်သော်လည်း သူ့ကို ခလုတ်တိုက်သလို ဖြစ်သွားသဖြင့် ဒေါ်ငွေဇံ ဒေါသထွက်ပြီး အကြမ်းပန်းကန်လုံးဖြင့် ကောက်ပေါက်လိုက်သည်။ ချစ်ဦးက အသာရှောင်တိမ်းလိုက်ပြီး ... "အဒေါ်ကြီး၊ သိုင်းလောကစည်းကမ်းကို လိုက်နာပါဗျ၊ လက်နက်ပုန်းတွေ မသုံးပါနဲ့"ဟု ပြောပြီး လစ်ပြေးသွား၏။
မြလွင် မရယ်ဘဲ မနေနိုင်။
၂၂။
ချစ်ဦး လမ်းလျှောက်လာတာကို ကြည့်ပြီး လူတွေ ပြုံးစိစိ ဖြစ်နေကြ၏။ သူက နေကာမျက်မှန်တစ်လက်ကို တပ်ထားသည်။ ထိုမျက်မှန်မှာ မျက်စိတစ်ဖက်ခွဲထားသူတစ်ယောက်၏ မျက်မှန် ဖြစ်သည်။ မျက်စိ ကောင်းသွားပြီး တပ်ဖို့မလိုတော့သဖြင့် ချစ်ဦးကို စွန့်ကြဲလိုက်ခြင်း ဖြစ်၏။ ထို့ကြောင့် မျက်မှန်မှာ မှန်တစ်ဖက်က အမည်း၊ တစ်ဖက်က အဖြူ အကြည် ဖြစ်နေ၏။
"ဟေ့ကောင် ချစ်ရူး၊ မင်းမျက်မှန်ကလည်း တစ်ဖက်မည်း တစ်ဖက်ဖြူနေပါလားကွ"ဟု တစ်ယောက်က လှမ်းပြောတော့ ..."ဒါ ပြဿနာ မရှိပါဘူးဗျ၊ နေက တစ်လုံးတည်း ရှိတာပဲဟာ၊ တစ်ဖက်မည်းနေရင် လုံလောက်ပါတယ်။ ဒီဖက်က မှန်အဖြူကတော့ လကာ မျက်မှန်ပေါ့ဗျ၊ တစ်လက်တည်းနဲ့ နေ့ကော ညကော တပ်လို့ရတယ်၊ မပိုင်ဘူးလား"ဟု ချစ်ဦးက ပြန်ပြောသည်။
ကိုဘိုလေးသည် အတော် စိတ်ဓာတ်ကျနေသည်။ သူသည် မနေ့ကပင် ၀မ်းတင်းတီဗွီလေးတစ်လုံး ၀ယ်လိုက်သည်။ မနေ့ညက ကိုရီးယားကားရော၊ တရုတ်သိုင်းကားရော ကြည့်တာ အဆင်ပြေလို့ပဲ။ လုံး၀ ကြည်လင်ပြတ်သားသည်။ ဒီနေ့ညနေကျတော့ ဘာဖြစ်တယ်မသိ။ အရုပ်တွေက နှစ်ထပ် သုံးထပ် ဖြစ်နေသည်။ တစ်ချက်တစ်ချက် အပေါ်အောက်လိုင်းတွေ ပြေးနေသေးသည်။ ဒီညနေ မြန်မာ့ရုပ်မြင်သံကြားမှ မြန်မာနှင့်ဘင်္ဂလာဒေ့ရ်ှတို့၏ ဘောလုံးခြေစစ်ပွဲကို တိုက်ရိုက်ထုတ်လွှင့် ပြသမည် ဖြစ်၏။ ကိုဘိုလေးသည် ထိုပွဲကို အလွန်ကြည့်ချင်နေ၏။ အရေးထဲကျမှ စက်က ဖောက်နေသည်။ အိမ်နီးနားချင်းတချို့လည်း ရောက်နေကြပြီ။ အရုပ်တွေ မကြည်မလင် ဖြစ်နေတာနဲ့ ပတ်သက်ပြီး ...
"ဟာ ... ဘယ်လိုဖြစ်တာလဲ၊ တီဗွီရိုက်တဲ့လူ အရက်မူးနေပြီ ထင်တယ်၊ အရုပ်တွေ လှုပ်နေတယ်"
"စက်က ဖြစ်တာပါဗျ"
"၀မ်းတင်းစက်တွေက ဒီလိုပဲဗျ၊ စိတ်မချရဘူး"
"စက်က ဖြစ်တာ မဟုတ်နိုင်ပါဘူး၊ ဂျပန်လုပ် အစစ်ပဲဗျ၊ မီးအားကျလို့ ဖြစ်လိမ့်မယ်" စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေး ဝေဖန်နေကြ၏။
ကိုဘိုလေးမှာ သူ့တီဗွီကောင်းကြောင်း၊ အလွန်ကြည်လင်ပြတ်သားကြောင်း တစ်ချိန်လုံး ကြွားနေခဲ့မိတာ ခုတော့ လူပုံအလယ်မှာ အရှက်ကွဲဖို့ကိန်း ဆိုက်နေပြီ။ ထိုစဉ်မှာပင် ကယ်တင်ရှင် ရောက်ရှိလာသည်။ ချစ်ဦးပင် ဖြစ်နေ၏။ ချစ်ဦးက အိမ်ပေါ်တက်လာရင်း ..."ဘာဖြစ်တာလဲ"ဟု မေးသည်။
တစ်ယောက်က ..."တီဗွီ မကြည်လို့ကွ"
"မကြည်ရင်လည်း ဖုန်တွေ သုတ်လိုက်ပေါ့"
"ဟာ ... အရေးထဲ လာနောက်နေပြန်ပြီ၊ စက်က ဖောက်နေတာ"
ချစ်ဦးက တီဗွီကို လှမ်းကြည့်သည်။ ခဏ စဉ်းစားပြီးမှ
"ဟာ ... ခင်ဗျားတို့ ဒါလေးတောင် မတွေးမိဘူးလား၊ ဒီပွဲကို ဘောလုံးကွင်းကနေ တိုက်ရိုက်လွှင့်မှာလေဗျာ၊ ဒါကြောင့် အင်တာနာကို သု၀ဏ္ဏကွင်းဘက် လှည့်ပြီးချိန်မှ ကြည်မှာပေါ့ဗျာ"
"ဟေ့ကောင်၊ စိတ်ညစ်ရတဲ့အထဲ လာရှုပ်မနေနဲ့ကွာ"
ကိုဘိုလေးက ဟောက်လိုက်သည်။ သို့ရာတွင် တစ်ယောက်က ..."သူပြောတာ ဖြစ်နိုင်တယ်ဗျ"ဟု ဆိုသည်။
လူငယ်တစ်ယောက်ကလည်း ..."စမ်းကြည့်တာ မမှားပါဘူး၊ ကျွန်တော် တက်လှည့်ပေးမယ်လေ"
ကိုဘိုလေး မှာ သူ့တီဗွီ၏အပြစ်မဟုတ်ကြောင်း ပြချင်နေသဖြင့် ဟုတ်လိုဟုတ်ငြား ဆိုပြီး
"ကဲ ... စမ်းချင်လည်း စမ်းကြည့်၊ သု၀ဏ္ဏကွင်း ဘောလုံးကွင်းက ဘယ်ဘက်မှာလဲ"
"အင်း ... အနောက်ဘက်ယွန်းယွန်းမှာ ရှိမယ်ဗျ"
လူငယ်က အိမ်ခေါင်မိုးပေါ်တက်ပြီး အင်တာနာကို အနောက်ဘက်သို့ ဦးတည် ချိန်ကြည့်လိုက်ရာ ကံအားလျော်စွာပင် တီဗွီက ကြည်လင်ပြတ်သားသွား၏။
"ဟာ ... ကြည်သွားပြီ"
"ကောင်းလိုက်တဲ့ တီဗွီကွာ၊ ပြတ်သားနေတာပဲ"
"ဟုတ်ပါရဲ့၊ ကြည်စမ်း ဇော်ထိုက်တို့ အောင်ကျော်ထွန်းတို့ ဆံပင်အနီဆေးဆိုးထားတာတောင် ထင်ထင်ရှားရှား မြင်ရတယ်"စသည်ဖြင့် ချီးကျူးသံများ ထွက်လာ၏။
ကိုဘိုလေးလည်း ခုမှ ခပ်မိန့်မိန့် ပြုံးနိုင်လာပြီး ..."ဒီလိုကျတော့လည်း ချစ်ရူးက တော်သွားပြန်ရောဟေ့"ဟု ချစ်င်္ဦး၏ပခုံးကို ပုတ်ရင်း ပြောသည်။
ချစ်ဦးက "ဒီလိုကိစ္စမျိုးမှာ ဒါ သုံးရတယ်ဗျ"ဟု သူ့နားထင်ကို လက်ညှိုးနှင့် ထောက်ပြရင်း ပြောလိုက်သည်။
အဖြစ်မှန်ကတော့
သူတို့ရပ်ကွက်တည်နေရာ အနေအထားအရဆိုလျှင် မြ၀တီရုပ်သံမြောက်အရပ်လောက်မှာ ရှိပြီး မြန်မာ့ရုပ်မြင်သံကြားဌာနက အနောက်ယွန်းယွန်းမှာ ရှိ၏။ ကိုဘိုလေးတို့ မြ၀တီရုပ်သံကြည့်နေကျဆိုတော့ အင်တာနာဆင်ပေးတဲ့လူက မြောက်ဘက်ကို ဦးလှည့်ပြီး ချိန်ပေးသွားသည်။ ဘောလုံးပွဲက မြန်မာ့ရုပ်မြင်က ပြမှာ ဖြစ်သောကြောင့် အရုပ်တွေ မကြည်လင်ခြင်း ဖြစ်၏။ သု၀ဏ္ဏအားကစားကွင်း တည်ရှိရာ အနောက်ယွန်းယွန်းကိုလည်း လှည့်လိုက်ရာ၊ ကြည်လင်ပြတ်သာသွားခြင်း ဖြစ်လေ၏။
ဒီတစ်ခါတော့ ချစ်ဦး၏ကြောင်ကွက်က အသုံးတည့်သွားသည်။
* * * * *
လက်ဖက်ရည်ဆိုင်ထဲမှာ လူုနှစ်ယောက် စကားထိုင်ပြောနေသည်။
''ဂြိုလ်တုစလောင်းကတော့ တပ်သင့်တယ်လို့ ထင်တာပဲဗျ၊ တကယ်နားမျက်စိပွင့်တာပဲ၊ ကမ္ဘာမှာ ဖြစ်ပျက်နေတာတွေကို အချိန်နာရီမဆိုင်းဘဲ ချက်ချင်း မြင်ရ ကြားရတာမဟုတ်လား''
''ကမ္ဘာ့အရေးအခင်းတွေ စိတ်မဝင်စားပါဘူးဗျာ၊ ဘောလုံးပွဲတွေ တိုက်ရိုက် ကြည့်ရတာတော့ အတော်ဟန်ကျတဲ့ကိစ္စပဲ''
''ကျွန်တော်တော့ ဒီတစ်ခါ ငွေလေးဘာလေး အဆင်ပြေရင် စလောင်းတပ်မယ်လို့ စဉ်းစားထားတယ်၊ ခင်ဗျားလည်း တပ်ချင်ရင် ပြောဗျ၊ ကျွန်တော့်မှာ အဆက်အသွယ်ရှိတယ်၊ ယာဆင်းတဲ့။ နေဦး၊ သူ့လိပ်စာကတ်ပြားတောင် ပေးထားသေးတယ်''
ဆိုပြီး ပိုက်ဆံအိတ်ထဲက လိပ်စာကတ်ကလေးကို ထုတ်ပြသည်။
ကျန်တစ်ယောက်က….''အေးဗျာ ကျွန်တော်လည်း အဆင်ပြေရင် တပ်ချင်တယ်၊ လိုလိုမယ်မယ် လိပ်စာလေး ယူထားချင်တယ်''
''လိပ်စာကတ်က တစ်ခုတည်းရှိတာ ကူးချင် ကူးယူထားလေ''
တစ်ယောက်က ကူးစရာစာရွက် အတိုအစ ရှာသည်။ မတွေ့။
''ခင်ဗျားမှာ စက္ကူအပိုင်းအစလေးများ မပါဘူးလား''ဟု အချီအချ ပြောနေကြစဉ် ဘေးကပ်လျက်စားပွဲမှာ ထိုင်နေသော ချစ်ဦးက ဝင်ပြောလိုက်၏။
''ဒါများ လွယ်လွယ်လေး၊ အဲဒီကတ်ပြားရဲ့ကျောဘက်မှာ လွတ်နေတာပဲ၊ အဲဒီမှာ ကူးထည့်လိုက်ပေါ့''
''အင်း…. ဟုတ်သားပဲ''ဆိုပြီး တစ်ယောက်က လိပ်စာကတ်ပြားကို တစ်ဖက်လှန်ကြည့်လိုက် ကျောဘက်က လွတ်နေတဲ့နေရာမှာ ကူးရေးလိုက် လုပ်နေသည်။ ပြီးတော့မှ ''ကျေးဇူးပဲ'' ဆိုပြီး ကတ်ပြားကို ပိုင်ရှင်ဆီ ပြန်ပေးရင်း…''ဟာ … ဘာဆိုင်လို့လဲ… ကတ်ပြားကို ခင်ဗျားဆီ ပြန်ပေးလိုက်တော့….. ဟာကွာ၊ မင်း တော်တော်ရှုပ်တဲ့ကောင်''ဟု ချစ်ဦးဘက် လှည့်ပြောသည်။ ချစ်ဦးက စေတနာနဲ့လည်း အကြံပေးရသေးတယ်၊ အပြစ်လည်း ပြောချင်သေးတယ်ဆိုသော ဂိုက်ဖြင့် ပြန်ကြည့်လိုက်၏။
၂၃။
ချစ်ဦးသည် အိမ်ရှေ့ကွက်လပ်တွင် သဲသဲချစ်နှင့် ဆော့ကစားနေသည်။ သူက သဲသဲချစ်အတွက် ပလပ်စတစ်ဖြင့် ပြုလုပ်ထားသော ကစားစရာ ဂေါက်ရိုက်တံကလေးတစ်စုံ ဝယ်လာပေးသည်။ ဒါကလည်း သဲသဲချစ်က ပူဆာသောကြောင့်ဖြစ်၏။ သဲသဲချစ်သည် တီဗွီနိုင်ငံတကာ သတင်းအစီအစဉ်မှာ ပါသော ဂေါက်ရိုက်ပြိ်ုင်ပွဲတွေ ကြည့်ပြီးနောက် ''ဟိုကုလားရိုက်တဲ့ တုတ်မျိုး ဝယ်ပေး''ဟု ပူဆာ သည်။ ဟိုကုလားဆိုတာက ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်ကို ပြောခြင်း ဖြစ်၏။
ဒီလို ကစားစရာမျိုးက ချစ်ဦးတို့မြို့နယ်ဘက်မှာ ရောင်းလေ့မရှိဘူး၊ သူက သဲသဲလိုချင်တာဆိုလျှင် ဘာမဆို ရအောင် လုပ်ပေးချင်သူဖြစ်၏။ ဟိုတစ်ခါတုန်းကလည်း သဲသဲချစ်က ကြိုးနဲ့ဆွဲပြီး ကလို့ရတဲ့မြင်းရုပ် လိုချင်တယ် ပြောသည်။ ဒီလို မြင်းရုပ်မျိုးက ခုချိန်မှာ အလွန်ရှာရခက်သည်။ ချစ်ဦးကလည်း ကြံရာမရသဖြင့် နတ်စင်က မြင်းရုပ်ကို ခိုးပြီးပေးခဲ့ရ၏။
ခုလည်း ဂေါက်တံရှာလို့မရ။ ဈေးထဲမှာ ကစားစရာဆိုင်ကို မှာထားရ၏။ ကံအားလျှော်စွာ မြို့ထဲက ဆိုင်တစ်ဆိုင်မှာ တွေ့လို့ဆိုပြီး ဝယ်လာပေးသဖြင့် အဆင်ပြေသွားသည်။ ဂေါက်တံရပြန်တော့လည်း သဲသဲချစ်နှင့်အတူ ကစားပေးရပြန်သည်။ တကယ့် ဂေါက်သီးမာစတာကြီးတွေကတော့ ဘာကြေး ကစားကြသလဲမသိ။ သူတို့ကတော့ ကုန်းပိုးကြေး ကစားခြင်းဖြစ်၏။ ထိုအခါ သဲသဲချစ်အနေဖြင့် ချစ်ဦးကို ကုန်းပိုးဖို့ မဖြစ်နိုင်သောကြောင့် ချစ်ဦးကပဲ အမြဲအရှုံးပေးရသည်။
'
'ကဲ… သမီးရေ၊ ရူးရူးလည်း မောရောပေါ့၊ သမီးလည်း ရေချိုးထမင်းစားဖိ်ု့ အချိန်ရောက်ပြီ''ဟု မြလွင်က လာခေါ်တော့မှပင် ချစ်ဦးလည်း နားရတော့သည်။
ချစ်ဦးအပြင်ထွက်မည်အပြုမှာ လူတစ်ယောက် ဆိုင်ရှေ့မှာ လာရပ်ပြီး…. ''ချစ်ရူးတို့အိမ် ဘယ်အိမ်လဲ''ဟု မေးသည်။
ချစ်ဦးက….''ဟိုဘက်က တဲကလေးပဲ''ဟု သူ့တဲကလးကို ညွှန်ပြသည်။
ဟိုလူလည်း ချစ်ဦး၏တဲကလေးရှေ့ကို လျှောက်သွားပြီး…''ချစ်ရူး၊ ချစ်ရူး ရှိလား''ဟု အော်ခေါ်သည်။
ထိုအခါ ချစ်ဦးက…''ရှိတယ်ဗျို့၊ ဒီမှာ''ဟု လှမ်းပြောသည်။
ဟိုလူ အူအူကြောင်ကြောင် လှည့်ကြည့်ပြီး… ''ဟာ… စောစောကတည်းက မပြောဘူး''
''ဟင်.. ဘာလို့ ပြောရမှာလဲ၊ ခင်ဗျားက ကျွန်တော့်ကိုမေးတာမှ မဟုတ်ပဲ၊ ကျွန်တော့်အိမ်ကို မေးတာပဲ''
ဟိုလူ ခေါင်းကုတ်ပြီး…''အင်း.. ဒါကြောင့်လည်း ချစ်ရူးလို့ ခေါ်တာထင်ပါရဲ့''
''ကဲ… အခု ကျွန်တော့်ကို တွေ့ပြီမဟုတ်လား၊ ဘာကိစ္စရှိလို့လဲ''
''ဈေးထဲက ကုန်ခြောက်ဆိုင်က ခိုင်းစရာရှိလို့ လာပါဦးတဲ့ အဲဒါ လာပြောတာ''
''ဒါများဗျာ၊ တကူးတကန့်နဲ့ လာပြောနေရသေးတယ်၊ လုပ်စရာရှိတာကို ခင်ဗျားပဲ လုပ်ပေးလိုက်လည်း ပြီးတာပဲဟာ၊ ဒီကို လာခေါ်နေရတာတောင် ပိုပင်ပန်းဦးမယ်''
''အောင်မာ၊ ငါ့ကိုများ ငါးပိခြင်းတွေ၊ ငါးခြောက်အိတ်တွေ ထမ်းတဲ့ကောင် မှတ်နေလို့လား၊ လမ်းကြုံလို့ ဝင်ပြောပေးတာကွ''
ဟိုလူက ဘုဆတ်ဆတ် ပြောပြီး ထွက်သွား၏။ ချစ်ဦးက ပြုံး၍… ''ငါးပိကြောက်ရင်တော့ မျောက်ပဲဖြစ်ရမယ်'' ဟု ပြောပြီး ဈေးဘက် ထွက်လာခဲ့၏။
ကုန်ခြောက်ဆိုင်က ကိစ္စတွေလုပ်ကိုင်ပေးပြီးနောက် ငွေသုံးရာ ရလာခဲ့သည်။ လက်ဖက်ရည်ဆိ်ုင် သွားထိုင်ဖို့ ထွက်လာခဲ့၏။ ထီဆိုင်ရှေ့ဖြတ်လျှောက်မှာ ထီရောင်းသူက…
''ဟေ့ကောင် ချစ်ရူး ထီထိုးသွားပါဦးလားကွ''
''ပိုက်ဆံ သိပ်မရှိဘူးဗျ''
''လျှော့ပေးမယ်လေ၊ လာပါကွ''
ချစ်ဦးက ထီဆိုင်ရှေ့ သွားရပ်ပြီး
''ထီပဲ ဖွင့်တော့မယ်၊ ထီလက်မှတ်တွေက အများကြီးကျန်နေပါလားဗျ''
''အေးကွာ၊ ဒီလ အရောင်းအဝယ်ပါးတယ်''
''အရောင်းပါးမှာပေါ့ဗျ၊ ထီထိုးပြီး ပေါက်မှမပေါက်ကြတာ၊ လူတွေက ဘယ်ထိုးချင်တော့မလဲ''
''မင်းကလည်း လုပ်ပြန်ပြီ။ ပေါက်တဲ့လူတွေလည်း ပေါက်ပါတယ်ကွ၊ ပေါက်ကြလို့သာ ထီပေါက်စဉ် လတိုင်း ထွက်နေတာပေါ့၊ မင်းလည်း ဒီတစ်ခါ ပေါက်မှာပါကွ၊ ဟောဒီမှာ နှစ်စောင်တွဲ အမွှာထိုးသွားပါလား၊ တစ်ရာ့ငါးဆယ် ရောင်းတာ၊ တစ်ရာ့နှစ်ဆယ်ပဲပေး''
''ဒါဆိုလည်း၊ ပြီးရောဗျာ''
''ကဲ… မင်းကြိုက်တဲ့ နံပါတ်ရွေးလေ''
''ရွေး မနေတော့ပါဘူး၊ နံပါတ်ရွေးတိုင်းလည်း ပေါက်တာမှမဟုတ်တာ၊ ပေးချင်တာသာပေးတော့''
ထီဆိုင်ရှင်က နှစ်မွှာတစ်စုံကို သင့်ရာဆွဲဖြုတ်လိုက်သည်။ နံပါတ်ကို ကြည့်ပြီး…''ဟာ… နံပါတ်က အရမ်းလှတယ်ကွ၊ နှစ်အစ နှစ်အဆုံးပဲ၊ အက္ခရာကလည်း ဂငယ် ဃကြီးဆိုတော့ တနလာင်္နံပဲ၊ သိပ်ကောင်းတယ်။ မင်းနာမည်ကလည်း ချစ်ဦးဆိုတော့ တနင်္လာပဲကွ'' ပြောပြီး ထီနံပါတ်ကို စာအုပ်ထဲ ကူးရေးသည်။
''ကဲ… သိန်းသုံးရာဆုကြီး ပေါက်ပါစေကွာ''
ချစ်ဦးက ထီလက်မှတ်ကို ယူပြီး ထွက်သွားသည်။ သူထွက်သွားပြီး ခဏအကြာမှာပင် လူတစ်ယောက် ရောက်လာသည်။
''နှစ်အစ နှစ်အဆုံး မရှိဘူးလား''
ထီဆိုင်ရှင်က ရှာကြည့်ပြီး ''ရှိတယ်၊ နှစ်မွှာတစ်စုံ ကျန်သေးတယ်''ဆိုပြီး လက်မှတ်ကို လှမ်းပေးသည်။
ဟိုလူက ကြည့်ပြီး…..''ဂဏန်းကတော့ ကြိုက်တယ်၊ ဒါပေမယ့် အက္ခရာက ဝနဲ့သဖြစ်နေတယ်၊ ကျွန်တော်က တနင်္လာနံ က၊ ခ၊ ဂ၊ ဃ၊ င လိုချင်တာ''
''ခင်ဗျား နည်းနည်းလေးနောက်ကျသွားတယ်၊ စောစောကပဲ ဒီနံပါတ်အတိုင်း ဂငယ် ဃကြီး အက္ခရာနဲ့ သူများ ထိုးသွားပြီ''
''ခက်တာပဲ၊ အေးလေ၊ ရှိတာပဲ ယူရမှာပေါ့၊ တွတ်လောက်ပဲ ရတော့မှာပဲ''ဟု သူပဲ ကျိန်းသေပေါက်တော့မလို ပြောသည်။ သူက ထီလက်မှတ်ကို အိတ်ထဲထည့်ပြီး လှည့်ထွက်မည်အပြုမှာပင် ချစ်ဦးက တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်လာလေသည်။
''ခုန အမ်းလိုက်တဲ့ထဲက နှစ်ဆယ်တန်က အစုတ်ကြီးဗျ၊ ပြန်လဲပေး''ဟု ချစ်ဦးက ပြောသည်။
ဆိုင်ရှင်က ငွေစက္ကူကို ပြန်လဲပေးပြီးနောက် မနေနိုင်မထိုင်နိုင် ပြောမိ၏။
''ခုန ဂငယ် ဃကြီး ထိုးသွားတာ သူပေါ့''
ဟိုလူလည်း ပျာပျာသလဲဖြစ်သွားပြီး..''ဟာ ဟုတ်လား၊ ဒါဆို ထီလတ်မှတ်ချင်း လဲရအောင်ကွာ၊ ငါက တနလာင်္နံအက္ခရာထိုးမှ ဖြစ်မှာမို့လို့ပါ''
ချစ်ဦးက အူကြောင်ကြောင်လုပ်နေစဉ် ဆိုင်ရှင်က ဝင်၍…''အလိုက်ကလေး ဘာလေး ပေးလိုက်ပေါ့''ဟု ဝင်ညှိပေးလိုက်၏။
ဟိုလူက ''ပေးဆို ပေးရမှာပေါ့''
''ဘယ်လောက်ပေးမလဲ''
ချစ်ဦး က မေးသည်။
''ဟိုဒင်း… နှစ်ဆယ်''
''ဟာဗျာ''
''ငါးဆယ်ကွာ၊ ငါးဆယ်''
ချစ်ဦး က စဉ်းစားနေသည်။ အမှန်မှာ သူက သဘောတူတော့မလို့ပဲ၊ သူ့အတွက်က ဘာနံပါတ်ဖြစ်ဖြစ် အရေးမကြီး၊ လောလောဆယ် ပိုက်ဆံရတာက အရေးကြီးသည်။ သူ ခဏတွေနေတာကို ဟိုပုဂ္ဂိုလ်က ဈေးကိုင်နေတာဟု ထင်သွားသည်။ တနလာင်္နံ အစွဲကလည်း ပြင်းထန်နေသဖြင့်.. ''နည်းလို့လား၊ ဒါဆို တစ်ရာယူကွာ''
ချစ်ဦးက သဘောတူလိုက်၏။ သူ့အနေဖြင့် ထီလက်မှတ်နှစ်စောင်ကို အလကားနီးပါး ရလိုက်တဲ့ သဘောပေါ့။ ဆိုင်ရှင်သည် ထူးခြားသောထိုအဖြစ်အပျက်ကို ကြည့်ပြီး ဒီနှစ်ယောက်ထဲက တစ်ယောက်ယောက်တော့ ထီပေါက်တော့မှာပဲဟု ထင်လိုက်မိ၏။
ကံတရားဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် အလဲအလှယ်ပြုလုပ်လို့ ရကောင်းသောအရာ ဟုတ် မဟုတ် တပ်အပ်မပြောနိုင်သော်လည်း သူတို့နှစ်ယောက်ကတော့ ထီလက်မှတ်တွေကို လဲလှယ်လိုက်ကြပြီ။
၂၄။
ဆိုင်ရှင်ထင်တဲ့အတိုင်းပဲ။ သူတို့နှစ်ယောက်ထဲက တစ်ယောက်သည် ထီပေါက်လေသည်။ ထီပေါက်ကြောင်း အရင်စသ်ိသူက ဟိုလူဖြစ်၏။ ထီဖွင့်ပွဲနေ့က သူ မြို့ထဲရောက်သည်။ ညနေစောင်း ဘတ်စ်ကားနှင့် အိမ်အပြန် မှတ်တိုင်တစ်ခုမှာ ထီပေါက်စဉ်ရောင်းနေတာ တွေ့သဖြင့် ဝယ်လိုက်သည်။ ထိုင်စရာနေရာကလည်း ရထားတော့ ထီပေါက်စဉ်ကို ဖြန့်ပြီး တိုက်ကြည့်လိုက်၏။ သိန်းသုံးရာဆုမှာ ထုံးစံအတိုင်း လွဲသွား၏။ ရိုးရိုးသိန်းငါးဆယ်မှာလည်း မပါ။ မင်္ဂလာစုံတွဲလည်း မတိုက်။ နှစ်ဆယ့်ငါးသိန်းဆုမှာကျတော့…''ဟိုက်ခနဲ'' ဖြစ်သွား၏။ သူထိုးထားသောနံပါတ်နှင့် လုံးဝတူနေ၏။ သို့ရာတွင် အက္ခရာကတော့ ဝ တဲ့။ သူ ပြာသွား၏။ ဟို ရူးနှမ်းနှမ်းကောင်လေးနဲ့ လဲလိုက်တဲ့ အက္ခရာပါလား။ သွားပြီ။ ကိုယ့်ဆီရောက်မယ့် ငွေထုပ်ကြီး ကို သူများဆီ မိုက်မိုက်မဲမဲ လွှဲပေးလိုက်မိပါပကောလား။ အလိုက်တစ်ရာတောင် ပေးလိုက်ရသေးသည်။
သူ အကြီးအကျယ် စိတ်ဓာတ်ကျသွားသည်။ တနလာင်္နံအက္ခရာနဲ့ ထိုးပါလို့ ပြောလိုက်သော ဘိုးတော်ကိုလည်း ဒေါသဖြစ်ပြီး ကျိန်ဆဲလိုက်မိ၏။ ပြီးမှ ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်သည်။ သူတို့နေသော မြို့နယ်က အစွန်အဖျားကျသည်။ ထီပေါက်စဉ်က ခုမှ ထွက်တာဆိုတော့ သူတို့ဘက် ရောက်ဦးမှာ မဟုတ်သေး။ များသောအားဖြင့်တော့ နောက်တစ်နေ့ မနက်ကျမှ သူတို့ဘက်ကို ရောက်တတ်သည်။ ဟိုကောင်လေးကလည်း ထီပေါက်ကြောင်း သိဦးမှာမဟုတ်။ ပြီးတော့ ကြည့်ရတာ အတီးအတ အူကြောင်ကြောင်လေး။
ထို့ကြောင့် ဘတ်စ်ကားပေါ်က ဆင်းပြီး တက္ကစီငှား၍ အမြန်ပြန်သည်။ သူအကြံအစည်တွင် ပြဿနာနှစ်ခုရှိ၏။ တစ်ခုက ဟိုအရူးနှမ်းနှမ်းကောင်လေးကို ဘယ်မှာရှာရမှန်းမသိခြင်းပင်ဖြစ်၏။ ထီဆိုင်မှာ သွားမေးလို့တော့ရသည်။ သို့ရာတွင် ထီဆိုင်က ထီဖွင့်ရက်ဆိုလျှင် ပိတ်ထားတတ်သည်။ ဆိုင်ရှင်ရဲ့အိမ်ကိုလည်း သူ မသိ။ ပြီးတော့ ဆိုင်ရှင်က သူတို့နှစ်ယောက် ထီလက်မှတ်လဲသည့်ကိစ္စကို သိနေသည်။ ကောင်လေးရဲ့လိပ်စာ သွားမေးလျှင် ဘာက်ိစ္စလဲ ဘာလဲ မေးမည်။ အမှန်ကို ပြောလို့မဖြစ်။ လှည့်ပတ်ပြောလျှင်လည်း မသင်္ကာစရာဖြစ်မည်။
နောက်တစ်ခုကတော့ ထီပေါက်ကြောင်း ဆိ်ုင်ရှင်ကသိပြီး ကောင်လေးကို သွားပြောထားနှင့်ပြီးသား ဖြစ်နေလျှင် ဘာမှလုပ်လို့မရတော့။ ဒါကတော့ ကံတရားပဲ။ ကိုယ့်နည်းကိုယ့်ဟန်ပဲ ကြိုးစားရမည်။ ပထမဆုံး ကောင်လေးရဲ့နာမည်ကို ပြန်စဉ်းစားသည်။ ဆိုင်ရှင်က ခေါ်လိုက်သောနာမည်တစ်ခုတော့ ရှိသည်။ နာမည်က ထူးဆန်းသလိုပဲ။ ဘာပါလိမ့်။ စဉ်းစားစမ်း။ ချစ် တော့ ပါတယ်။ ချစ်မောင်၊ ချစ်အေး၊ ချစ်…အဲ… ဟုတ်ပြီ ချစ်ရူးတဲ့။ ဆိုက်ကားဂိတ်မှာမေးတော့မှ အိမ်နေရာကိုပါ သိရသည်။ ဆိုက်ကားတစ်စင်းငှားပြီး အိမ်အထိ လိုက်ပို့ခိုင်းသည်။ ချစ်ဦးကို ကံအားလျော်စွာ အဆင်သင့် တွေ့ရသည်။
သူက…''ညီလေး ရာ၊ ထီလက်မှတ်ချင်း ပြန်လဲရအောင်''ပြောတော့ ချစ်ဦးက…''ဟာ… ခင်ဗျားကလည်း ရှုံ့ချည်နှပ်ချည်နဲ့''
ချစ်ဦး ပုံစံကြည့်ရတာ ထီပေါက်ကြောင်း မသိသေးတာ သေချာသည်။ ဒီနေ့ ထီဖွင့်တယ်ဆိုတာတောင် သတိပြုမိပုံ မပေါ်။ ထို့ကြောင့် ကြိုတင်စိတ်ကူးထားတဲ့အတိုင်း…''ဒီလိုပါကွာ၊ ငါ့မိန်းမက ကိုယ်ယူပြီးသား ထီလက်မှတ်ကို မလဲကောင်းဘူးဆိုပြီး ပူညံပူညံ လုပ်နေလို့ကွ၊ ဒီထီလက်မှတ် ပြန်မရရင် ငါ အိမ်တောင်မပြန်ရဲတော့ဘူး''
''ကျွန်တော့်မှာ ပိုက်ဆံတစ်ရာ ပြန်ပေးစရာ မရှိတော့ဘူးဗျ။ ဒီည မန်ယူကန်မယ့် ဘောလုံးပွဲတောင် ဘယ်လို ကြည့်ရမှန်းမသ်ိဘူး''
''ဟာ… ဒီအတွက်တော့ မပူနဲ့၊ ထီလက်မှတ်ပြန်လဲဖို့ သဘောတူရင် မင်းကို ငါက ငွေငါးရာထပ်ပေးမယ်ကွာ''
တကယ်ဆိုတော့ ငါးထောင်ဆိုလည်း ပေးနိုင်သည်။ သိသာသွားမှာစိုးလို့ လျှိုထားရတာ။ ငြင်းနေလျှင်တော့ တိုးပေးသင့်ပေးရမည်။ သို့ရာတွင် ချစ်ဦးက…
''ချစ်ရူးတို့ တယ်အလုပ်ဖြစ်နေပါလား။ ငွေငါးရာ အချောင်ထပ်ရဦးမှာပဲ၊ ကဲ…. လုပ်လိုက်ဗျာ''
ထိုအခါကျ မှ ဟင်းချနိုင်တော့သည်။ ချစ်ဦးဆီက ထီလက်မှတ်လဲယူလာပြီး နောက်မှာတော့ လူလည်း အတော်မောသွားသည်။ ပျော်လည်း ပျော်သွားသည်။ အောင်ပွဲခံတဲ့အနေနဲ့ ဆိုပြီး ဘီယာစတေရှင်မှာ ဝင်ထိုင်ပြီး ဝအောင်သောက်လိုက်သည်။
ဒီကိစ္စမှာ ပြဿနာ နည်းနည်းပါးပါးတော့ ရှိနိုင်သည်။ မူလက ထီလက်မှတ်ချင်းလဲထားသောကိစ္စကို ထီဆိုင်ရှင်က သိနေသည်။ နက်ဖြန်ဆိုလျှင် ဟိုကောင်လေးဆီ ထီပေါက်ကြောင်း သွားအကြောင်းကြားလိမ့်မည်။ ထိုအခါ ညက ထီလက်မှတ် လာလဲသွားကြောင်းသိလျှင် တိုင်လားတောလား ဖြစ်ကောင်းဖြစ်နိုင်သည်။
သိပ်တော့ စိုးရိမ်စရာမရှိ။ ထီဥပဒေအရ ထီလက်မှတ်လက်ဝယ်ရှိသူကိုသာ အသိအမှတ်ပြုသည်။ အမေးအမြန်း ခံရလျှင်လည်း သူကိုယ်တိုင် ထီပေါက်ကြောင်းမသိဘဲ လဲမိတာပါလို့ ဇွတ်ပြောမည်။ ဖြစ်နိုင်လျှင် နက်ဖြန် အဆက်အသွယ်ရှာပြီး ထီလက်မှတ်ကို ရောင်းပစ်လိုက်မည်။ ပြီးတော့ ရှောင်နေလိုက်မည်။ အခုနေနေတာကလည်း အိမ်ငှားနေတာဖြစ်သောကြောင့် ပြန်မလာလည်း ပြဿနာမရှိ်။ တကယ်တော့လည်း သူသည် တစ်နေရာမှာ ကြာကြာနေလေ့ရှိသူမျိုးမှ မဟုတ်ဘဲ။
''တောက်၊ ဒီထီကတော့ ထိုးဖို့ မကောင်းတော့ပါဘူး၊ ရှေ့သုံးလုံးတိုက်တာလောက်တောင် လုံးဝ မပါဘူး''
တစ်ဖက်စားပွဲမှာ ထိုင်သောက်နေသူထံမှ အသံထွက်လာသည်။ ထိုပုဂ္ဂိုလ်က ဘီယာလက်ကျန်ကို မော့သောက်သည်။ လက်ထဲမှာ ကိုင်ထားသော ထီပေါက်စဉ်ကို သမံတလင်းပေါ် ဆောင့်ပစ်ချပြီး ထထွက်သွား၏။
ထီပေါက်စဉ်က သူ့ခြေရင်းနားမှာ လျှောခနဲ လာကျသည်။ တိုက်တိုက်ဆိုင်ဆိုင် အခေါက်လိုက်ကလေး ဖြစ်နေသော ထီပေါက်စဉ်၏အပေါ်ဘက်မှာ နှစ်ဆယ့်ငါးသိန်းဆုကြီးဆိုသော စာလုံးကို ထင်းထင်းကြီး မြင်နေရ၏။ သူ ဟက်ခနဲ ရယ်လိုက်သည်။ အရေးထဲမှာများ.. ထီပေါက်ကြောင်း ထပ်ပြီးလာပြ…
သူအတွေး မဆုံးလိုက်၊ မျက်မှောင်ကုတ်သွားသည်။ ထီပေါက်စဉ်ကို ကမန်းကတန်း ကောက်ယူကြည့်လိုက်သည်။ နှစ်ဆယ့်ငါးသိန်းဆု ပေါက်ဂဏန်းတစ်ခု၊ သူ့နံပါတ်အမှန်ပဲ။ သို့ရာတွင် အက္ခရာက ဝ မဟုတ်။ ဂ ဖြစ်နေ၏။
သူ့ အိတ်ထဲက ထီပေါက်စဉ်ကို အမြန်ထုတ်ကြည့်သည် ဝ ပါပဲ။ ဒါပေမယ့်….။ ထီပေါက်စဉ်ကို ရိုက်ထားသောစက္ကူက ပြည်တွင်ဖြစ် အညံ့စားစက္ကူပေါ်မှာ အစွန်းအထင်းပါလာတတ်သည်။ ထို့ကြောင့် ထီပေါက်စဉ်က ဝ အက္ခရာ၏ အောက်ဘက်ပွင့်နေသော နေရာတွင် အမည်းစက်ကလေးတစ်ခု စွန်းထင်းနေသည်။ ထိုအခါ ဂ၏အောက်ဘက်သည် ပိတ်သွားပြီး ရုတ်တရက် ကြည့်လျှင် ဝနှင့် တူသွားခြင်းဖြစ်၏။ ထီပေါက်စဉ်ကို ကြည့်စဉ်က ဘတ်စ်ကားပေါ်ဖြစ်သောကြောင့် အလင်းရောင်သိပ်မကောင်း၊ ဝ အက္ခရာဟု ထင်လိုက်သောအချိန်မှာ ချစ်ဦးနှင့် ထီလက်မှတ်လဲထားတာကို ဖျတ်ခနဲ သတိရပြီး ထူပူသွားသဖြင့် သေသေချာချာ မစစ်ဆေးခဲ့မိခြင်းဖြစ်သည်။
သူ ဝုန်းခနဲ ထရပ်လိုက်သည်။ ဘာလုပ်မလဲ ......။ ဘာလုပ်ရမလဲ။
ဒီလိုအဖြစ်မျိုး ကြုံရသူတစ်ယောက်သည် ရုတ်တရက် ရူးသွပ်သွားသည်ဟုဆိုလျှင် မထူးဆန်းလှ။ ထို့အတူ ထိုကိစ္စနှင့် ဆက်စပ်ပတ်သက်သူများသည် ကြမ္မာငင်တတ်လေ့ရှိသည်ဟု ဆိုလျှင်လည်း..
မြလွင်သည် အိပ်မပျော်နိုင်ဘဲ ဖြစ်နေ၏။ ဒီနေ့ တော်တော်ထူးခြားသည်။ သူသည် ကွယ်လွန်သူ အစ်ကိုချစ်မှူးကို တစ်ချိန်လုံး သတိရနေ၏။ ချစ်မှူးကို စတွေ့ခဲ့ရပုံ၊ မြလွင်ကို စိတ်ဝင်စားသော်လည်း ဖွင့်မပြောရဲပုံ၊ ကားသမားအားလုံးနှင့် ထမင်းဆိ်ုင်တစ်ဆိုင်လုံးက သိနေပါလျက် သူမဟုတ်သလို နေခဲ့ပုံ၊ နောက်ဆုံး ချစ်ဦးကြောင့် အဆင်ပြေသွားပုံ။ လက်ထပ်ပြီးနောက် ပျော်ရွှင်အေးချမ်းစွာ နေခဲ့ကြပုံများ၊ ချစ်မှူးက သူ့ကို ချစ်ခင်ကြင်နာခဲ့ပုံများ၊ ပြီးတော့ မမျှော်လင့်သော အဖြစ်ဆိုးကြီးတစ်ခု၊ ပြင်းထန်သော ဒဏ်ရာများနှင့် ချစ်မှူး၏ ညီလေးကို စောင့်ရှောက်ပါဟု တောင်းဆိုသံ။
သူသည် ချစ်မှူး၏ဆန္ဒကို ဖြည့်စွမ်းသည့်အနေဖြင့် ချစ်ဦးကို တတ်နိုင်သမျှ စောင့်ရှောက်ခဲ့သည်။ သို့တိုင်အောင် သူ့ကိုယ်သူ တာဝန်မှကျေပါရဲ့လားဟု တွေးမိ၏။ တစ်ခါတစ်ရံ ချစ်ဦးကတောင် သူ့ကို ပြန်စောင့်ရှောက်ရသလို ဖြစ်နေလေသလား။
အတွေးစတွေ ရှည်လျားပြီး အိပ်မပျော်ဘဲ ဖြစ်နေစဉ်မှာ ခေါင်းထဲမှာ ညှော်နံ့လိုလိုရသည်။ သစ်ရွက်မီးကျွမ်းသော အနံ့လိုလို မီးဖိုမီးကပဲ မသေလို့ တငွေ့ငွေ့ ဖြစ်နေသလားဟု စဉ်းစားပြီး မီးဖိုခန်းဘက်သွားရန် ထလိုက်သည်။
''မြလွင်လား၊ ဘယ်သွားမလို့လဲ''ဟု ဒေါ်ငွေဇံ အိပ်ရာထဲမှ လှမ်းမေးသည်။
''ညှော်နံ့ရလို့ အမေ၊ မီးဖိုများ မငြိမ်းသေးလို့လားလို့''
''စောစောကပဲ ငါကြည့်ပြီးပါပြီ မီးကင်းဘက်က ကင်းသမားတွေ မီးလှုံတဲ့ဆီက အနံ့ဖြစ်မှာပါ''
မြလွင် အိပ်ရာထဲ ပြန်ဝင်ပြီး လှဲလိုက်သည်။ မီခိုးနံ့က ပိုပြင်းလာသည်ထင်ရ၏။ အဝေးဆီက ပျံ့လွင့်လာသလိုမျိုးမဟုတ်။ ပြီးတော့ တဖျစ်ဖျစ်မြည်သံလိုလိုလည်း ကြားရသည်။ တစ်စုံတစ်ခုကို သတိရပြီး ထိတ်ခနဲ ဖြစ်သွား၏။ ထို့ကြောင့် လူးလဲထပြီး အိမ်ဘေးပြတင်းပေါက်ကို ဖွင့်ကြည့်လိုက် သည်။
အပြင်မှာ လိုအပ်တာထက် ပိုပြီး လင်းနေသည်။ ပြီးတော့ မီခိုးငွေ့တွေ၊ ပြီးတော့…
''ဟယ်… ဘုရား…. ဘုရား''
ချစ်ဦး၏တဲကလေးကို မီးစွဲလောင်နေသည်။
''ဟင်.. မောင်လေး….. မောင်လေး''
မြလွင် အိမ်ပေါ်မှ ဆင်းပြေးသည်။ ချစ်ဦး၏တဲဆီ၊ပြေးသည်။ မီးရှိန်ကြောင့် အနားမကပ်နိုင်။
''မောင်လေး…. မောင်လေး''
မြလွင်က အော်ခေါ်သည်။ ထူးသံ မကြားရ။
''လာကြပါဦး.. မီးလောင်နေပြီ၊ မီး….. မီး''
မြလွင်က အော်ခေါ်သည်။ ဒေါ်ငွေဇံက ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ မေးရင်း မီးလောင်နေတာ မြင်တော့… ''အမလေး လုပ်ကြပါဦး၊ မီးလောင်နေပြီ၊ လာကြပါဦး''ဟု ကုန်းအော်သည်။
အိမ်နီးနားချင်းတချို့ ရောက်လာသည်။ တဲကလေးကို သဲထုပ် ရေထုပ်တွေနှင့် ပစ်ပေါက်ကြသည်။ မီးက အရှိန်ကောင်းနေသဖြင့် မထိရောက်။ မီးကင်းမှ သံချောင်းခေါက်သံတွေ ကြားရသည်။ ရပ်ကွက်ထဲက လူများ ဝိုင်းအုံရောက်ရှိလာသည်။ ရေထုပ်တွေနဲ့ပေါက်၊ ရေပုံးတွေနှင့် လှမ်းပက်။
ဒေါ်ငွေဇံသည် သွေးရူးသွေးတန်း လျှောက်ပြေးရင်း…..''အိမ်မကြီးကို မကူးစေနဲ့၊ အိမ်မကြီးကို မကူးစေနဲ့'' ဟု အော်ဟစ်နေသည်။
မြလွင်ကတော့….''ကျွန်မမောင်လေး၊ ကျွန်မမောင်လေး အထဲမှာ ပိတ်မိနေတယ်၊ ကယ်ကြပါဦး၊ ကယ်ကြပါဦး'' ဟု အကူအညီတောင်းသည်။
''ချစ်ရူး၊ ချစ်ရူး ၊ ဟေ့…. ချစ်ရူး''ဟု ဝိုင်းခေါ်ကြသည်။ အထဲမှာ ထူးသံမကြားရ။
''အထဲမှာ ရှိရဲ့လား''
''မီးခိုးမွှန်းပြီး မေ့နေတာဖြစ်မယ်''
တစ်ယောက်တစ်ပေါက် ထင်မြင်ချက်ပေးကြသည်။
''ငါဝင်ကြည့်မယ်''
ကိုဘိုလေးက ပြောပြောဆိုဆို တဲဆီ ပြေးသွားသည်။ ရောက်အောင် မသွားနိုင်။ မီးဟပ်သည့် အပူဒဏ်ကို မခံနိုင်သဖြင့် ပြန်လှည့်ပြေးလာရသည်။
''လုပ်ကြပါဦး၊ မောင်လေးကို ကယ်ကြပါဦး''
ဦးဝင်းမောင်ကြီး အပြေးအလွှား ရောက်လာသည်။
''ဟေ့ .. ချစ်ရူးကို ဝင်ကယ်ကြပါကွ၊ ကယ်နိုင်တဲ့လူကို ပိုက်ဆံပေးပါ့မယ်။ တောင်းသလောက် ပေးပါ့မယ်ကွာ၊ ကယ်ကြပါ''
အရန်မီးသတ်ရဲဘော်လေးတစ်ယောက်က….''ငွေစကား မပြောပါနဲ့ဗျ၊ ချစ်ရူးက ကျွန်တော့်သူငယ်ချင်းပါ''ဟု ပြောပြီး သူ့ကိုယ်ပေါ်ကို ရေပုံးလိုက် လောင်းချသည်။ ထို့နောက် တဲဆီသို့ စွတ်ပြေးသည်။ သို့ရာတွင် တဲနှင့် မလှမ်းမကမ်းသို့ အရောက်မှာပင် မီးဟုန်းဟုန်းတောက်နေသော တဲအမိုးသည် ဝုန်းခနဲ ပြိုကျသွားလေသည်။ မြလွင် ငယ်သံပါအောင် အော်လိုက်၏။
မီးသတ်ကားတွေ ရောက်လာသည်။ အားကောင်းသော ရေပိုက်ကြီးများနှင့် ထိုးပက်လိုက်သဖြင့် ခဏတွင်းမှာပင် မီးငြိမ်းသွားသည်။ တဲအတွင်းမှ အဝတ်နှင့်အုပ်ထားသော အရာတစ်ခုကို ထမ်းစင်နှင့် သယ်ထုတ်လာသည်။
''မကြည့်နဲ့ သမီး၊ မကြည့်နဲ့''
ဦးဝင်းမောင်ကြီး၏အသံကို နောက်ဆုံးကြားရသည်။ ထို့နောက် မြလွင် သတိလစ်မေ့မြောသွား၏။
မြလွင် သတိလည်လာသောအခါ ပထမဆုံးသတိရလိုက်တာ ချစ်ဦးအကြောင်းပင် ဖြစ်၏။ သူက တစ်စုံတစ်ခု မေးမည်ပြုသည်။ သို့ရာတွင် သူ့ဘေးမှ ဝိုင်းအုံကြည့်နေသူများ၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် အဖြစ်မှန်ကို ရိပ်မိလိုက်ပြီ။
သူသည် တုန်လှုပ်ချောက်ချားနေတာတော့ မှန်သည်။ သို့တိုင်အောင် အပြင်းအထန် စိတ်ထိခိုက် ကြေကွဲနေတာမျိုးမဟုတ်။ သူ့ရင်ထဲမှာ ထူးဆန်းသော ခံစားမှုတစ်မျိုးဖြစ်ပေါ်နေသည်။ ချစ်ဦး မသေသေးဘူးဟု ယုံကြည်နေမိခြင်းပင် ဖြစ်၏။
ဦးဝင်းမောင်ကြီးကတော့ ချစ်ဦး ခုလိုဖြစ်ရတာ သွေးရိုးသားရိုး မဟုတ်နိုင်ဟု ထင်နေသည်။ သူသည် တစ်ချိန်လုံးလိုလို အိမ်မှာနေပြီး လိုအပ်သမျှ ကူညီဆောင်ရွက်ပေးနေသည်။ ရဲစခန်းမှ စစ်ချက်ယူသောကိစ္စ။ သတင်းလာမေးသူများကို ရှင်းလင်းဖြေကြားရသော ကိစ္စများကို ဒိုင်ခံပြုလုပ်ပေး၏။ မြလွင်တို့မိသားစုကိုလည်း နှစ်သိမ့်အားပေးရသည်။
''ရူးရူးရော ရူးရူးက ဘယ်သွားတာလဲ၊ ဘာဖြစ်လို့လဲ'' ဟု တစ်ချိန်လုံး တတွတ်တွတ်မေးနေသော သဲသဲချစ်ကိုလည်း ချော့မော့ပြီး ကြည့်ကောင်းအောင် ပြောရသေးသည်။ ထီဆိုင်ပိုင်ရှင် သတင်းလာမေးရင်း ပြောသောစကားကို ကြားရသောအခါ ဦးဝင်းမောင်ကြီး၏သံသယသည် ပို၍ ကြီးမားလာသည်။
''ချစ်ရူးရဲ့အဖြစ်ကလည်း သနားစရာပါဗျာ၊ သူ့ခမျာ ပေါက်မယ့်ထီလက်မှတ်ကျတော့လည်း သူများကို လဲပေးလိုက်မိတယ်၊ ခုတော့ အသက်ပါ သေရပြန်ပြီ''
ထီဆိုင်ပိုင်ရှင်က သူ့ရှေ့မှာ ထီလက်မှတ်ချင်း လဲသွားတာကိုသာ သိသည်။ နောက်ပိုင်း ပေါက်တဲ့ ထီလက်မှတ်က ချစ်ဦးလက်ထဲ ပြန်ရောက်သွားတာကို မသိလိုက်။ ထို့ကြောင့် စုတ်တသပ်သပ် ပြောနေခြင်း ဖြစ်၏။ ဦးဝင်းမောင်ကြီးကတော့ ဘာပဲဖြစ်ဖြစ် ထီဖွင့်ပွဲရက်မှာမှ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရတာကို မသင်္ကာပဲဖြစ်နေ၏။ ဆက်နွယ်မှုတစ်ခုခု ရှိလိမ့်မည်ဟု ထင်နေသည်။ ထို့ကြောင့် ရဲစခန်းကို သွားပြီး သူ့အယူအဆကို ပြောပြသည်။
''ကျွန်တော်တို့လည်း သံသယ ရှိနေတယ်''ဟု စခန်းမှူးက ပြောသည်။ ချစ်ဦး၏အလောင်းကို စစ်ဆေးသော မှုခင်းဆရာဝန်၏ ကနဦးတွေရှိ ချက်အရ ဦးခေါင်းခွံ၏ နောက်ဘက်ပိုင်းမှာ အက်ကွဲနေကြောင်း သိရသည်။ တစ်စုံတစ်ယောက်က နောက်မှ ရိုက်နှက်လိုက်ခြင်းဖြစ်သော်လည်းကောင်း၊ သူ့ဘာသာ ချော်လဲကျပြီး တစ်စုံတစ်ခုနှင့် ခိုက်မိခြင်းသော်လည်းကောင်း ဖြစ်နိုင်သည်ဟု ဆို၏။ ဦးဝင်းမောင်ကြီး၏ သတင်းပေးချက်အပေါ်မှာလည်း စဉ်းစားစရာ ဖြစ်နေ၏။ ထို့ကြောင့် ရဲစခန်းမှ ချက်ချင်း စတင်လှုပ်ရှားသည်။ ထီဆိုင်ပိုင်ရှင်၏ မှတ်တမ်းစာအုပ်ထဲမှာ ရှိသော ထီထိုးထားသူများ၏ စာရင်းထဲက ဟိုလူ၏နာမည်နှင့် လိပ်စာကို သိရသည်။
သူ့အိမ်ကိုလိုက်သွားတော့ တံခါးသော့ခတ်ထားတာ တွေ့ရ၏။ ထို့ကြောင့် အိမ်ကို စောင့်ကြည့်နေလိုက်သည်။ ညဉ့်နက်ပြီး လူခြေတိတ်မှ ဟိုလူ အလစ်ပြန်ဝင်လာစဉ် ရဲက ဆွဲလိုက်သည်။ အစပိုင်းမှာ သူက ဘူးကွယ်ငြင်းသည်။ သို့ရာတွင် အခင်းဖြစ်နေသောနေ့ ညဦးပိုင်းတွင် ချစ်ဦး၏အိမ်သို့ သွားခဲ့ကြောင်း လိုက်ပို့သော ဆိ်ုက်ကားဆရာက သက်သေခံသည်။ ထီဆိုင်ရှင်ကလည်း နောက်တစ်နေ့မနက်မှာ ထီပေါက်ကြောင်း အသိပေးဖို့ သူ့အိမ်သွားတော့ ညကတည်းက ပြန်မလာဘူးဟု ထင်ကြောင်း အိမ်ရှင်က ပြောသည်ဆို၏။ ဒါတွင်မက ထိုသူသည် အရင်က လိမ်လည်မှုဖြင့် အဖမ်းခံရဖူးသော ပြစ်ချက်ဟောင်းကလည်း ရှိနေသည်။ ထို့ကြောင့် ရဲစခန်းက စနစ်တကျ စစ်ဆေးလိုက်သောအခါ အဖြစ်မှန် ပေါ်လာသည်။
ထိုညက ဘီယာဆိုင်က ထွက်လာပြီးနောက် ဘယ်လိုလုပ်ရမလဲ အကြံထုတ်သည်။ ထီလက်မှတ်ကို ပြန်ယူချင်သောဆန္ဒက တားမရအောင်ဖြစ်နေ၏။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြန်ရအောင် လုပ်မည်။ ငွေနှစ်ဆယ့်ငါးသိန်းကို တပ်မက်သောလောဘအပြင် ကိုယ့်လက်ထဲရောက်ပြီးမှ သူများဆီလွှဲပေးလိုက်မိလို့ မခံချိ မခံသာဖြစ်သောစိတ်လည်း ပါသည်။
စဉ်းစားရင်းက ကောင်လေးပြောသော စကားတစ်ခွန်းကို သတိရသည်။ ဒီည တီဗွီကလာတဲ့ ဘောလုံးပွဲ သွားကြည့်မှာတဲ့။ ထိုအချိန်တွင် ညဆယ်နာရီကျော်ပြီ။ ဘောလုံးပွဲက ကိုးနာရီခွဲမှာ ပြမည်။ ဒီအချိန် ကောင်လေး အိမ်မှာ မရှိနိုင်တော့ဘူး။ ထို့ကြောင့် ကောင်လေး၏အိမ်အနီးကို မယောင်မလည် သွားပြီး အကဲခတ်သည်။ ဘေးပတ်ဝန်းကျင်အိမ်တွေ အားလုံး မီးမှိတ် တံခါးပိတ်ထားကြသည်။ ကောင်လေး၏အိမ်နားကို ကပ်သွားသည်။ တံခါးပိတ်ထားသည်။ သို့ရာတွင် ထူးထူးဆန်းဆန်း သော့ခလောက်နှင့် ခတ်မထားဘဲ သော့ချောင်းက ကြိုးနှင့် ချည်ထားသည်။ ထို့ကြောင့် အိမ်ထဲကို အလွယ်တကူ ဝင်နိုင်သည်။
အိမ်ထဲမှာ မှောင်နေ၏။ ဂက်စ်မီးခြစ် ခြစ်ကြည့်တော့ ဖယောင်းတိုင်တစ်တိုင် တွေ့သည်။ မီးညှိလိုက်ပြီး ကွပ်ပျစ်ခေါင်းရင်း က တန်းပေါ်မှာ စိုက်သည်။ ဖျာအောက်မှာ ရှာသည်။ ချိတ်ထားသော ရှပ်အင်္ကျီအိတ်ထဲမှာ ရှာသည်။ ထီလက်မှတ်ကို မတွေ့။ ကွပ်ပျစ်အောက်မှာ ထင်းရှူးသေတ္တာပုံး တွေ့သည်။
အိမ်တံခါးမှာလိုပဲ သော့ချောင်းက ကြိုးနှင့်မျောက်လက်ကို ချည်ထားသည်။ ထင်ရှူးသေတ္တာကို ဖွင့်မည်အပြု ခြေသံလိုလိုကြားသဖြင့် တံခါးဘေးနံရံမှာ ကပ်နေလိုက်သည်။ တံခါးကို အသာတွန်းဖွင့်သံ ကြားရသည်။ တံခါးပွင့်သွားသည်။ ချစ်ဦးဝင်လာသည်။ ကျောပေးထားသဖြင့် သူ့ကို မမြင်သေး။ သူ့လက်က ဝါးထရံမှာ မှီပြီးထောင်ထားသော ရေထမ်းသည့်ထမ်းပိုးကို စမ်းမိသည်။ ချစ်ဦးကလည်း ဖယောင်းတိုင်မီးကို မြင်ပြီး မသင်္ကာဖြစ်သွားဟန်တူသည်။ ဒီဘက်ကို လှည့်ကြည့် မည်အပြုတွင် သူက ထမ်းပိုးနှင့် လွှဲရိုက်ချလိုက်၏။ ချစ်ဦး ပုံလျက်သား လဲကျသွားသည်။ ချစ်ဦး၏လက်က ဖယောင်းတိုင်ကို တိုက်မိသွားသည်။ သူက လဲကျနေသော ချစ်ဦးကို ငုံ့ကြည့်လိုက်သည်။ ချစ်ဦး၏ခေါင်းမှာ သွေးတွေ ရွှဲနစ်နေသည်။ ထိုစဉ်မှာပင် ခြင်ထောင်ကို မီးစွဲလောင်နေကြောင်း သိလိုက်ရသည်။ မီးတောက်က အတော် အရှိန်ကောင်းသဖြင့် ထွက်ပြေးလာခဲ့သည်။
ထိုညက အိမ်မပြန်။ တစ်ခါတည်းလစ်ပြေးပြီး ကိုယ်ယောင်ဖျောက်ဖို့ ကြံသော်လည်း နိုင်ငံသားစိစစ်ရေးကတ်၊ ငွေနှင့် အဝတ်အစားများ ငှားထားသောအိမ်မှာ ကျန်နေသေးသဖြင့် ညဘက် လူခြေတိတ်ချိန် ဝင်အယူမှာ အဖမ်းခံရခြင်းဖြစ်၏။
တရားခံကို အခင်းဖြစ်ပြီး တစ်နေ့နှင့်တစ်ညအတွင်းမှာ ဖမ်းဆီးရမိသည်။ ခုလို ဖမ်းခြင်းမှာလည်း ဦးဝင်းမောင်ကြီး၏ စိတ်ကူးတစ်ချက်မှာ အရေးပါသောကြောင့် သူ့ကို ချီးကျူးကြသည်။ သို့ရာတွင် သူ ဝမ်းမသာနိုင်။
ချစ်ဦးသည် သူ့ကို မကြာခဏ ဒုက္ခပေးလေ့ရှိ၏။ ပေါက်ကရတွေလုပ်၊ ပေါက်ကရတွေပြော၊ စိတ်ကူးတည့်ရာ လုပ်ခိုင်းတတ်သဖြင့် ခွကျရသည်။ သို့တိုင်အောင် သူက စိတ်မဆိုး။ ချစ်ဦး၏ပင်ကိုယ်စိတ်ရင်း ရိုးသားတာကို သူသိ၏။ ချစ်ဦးကို သူ သံယောဇဉ် ရှိသည်။ ချစ်ဦးအတွက် အတော်စိတ်ထိခိုက်ရ၏။
မြလွင်သည် ချစ်ဦးဆုံးပြီဖြစ်ကြောင်း လက်ခံလိုက်ရသည်။ သို့ရာတွင် သူ့ရင်ထဲမှာတော့ ချစ်ဦး တကယ်ဆုံးတာ မဖြစ်နိုင်ဆိုသော အစွဲအလမ်းက မပျောက်နိုင်သေးဘဲ ဖြစ်နေ၏။ ရပ်ကွက်ထဲက လူအားလုံးတို့သည် ခုလိုအဖြစ်ဆိုးနှင့် ကြုံရရှာသော ချစ်ဦးကို သနားပြီး စိတ်မကောင်းဖြစ်နေကြ၏။ သူတို့သည် တုန်လှုပ်ထိတ်လန့်ဖွယ် အဖြစ်အပျက်ကိုသာ အာရုံစိုက်နေကြသဖြင့် အရေးကြီးသော အချက်တစ်ချက်ကို မေ့နေကြသည်။
ဒေါ်ငွေဇံတစ်ယောက်သာ ထိုအချက်ကို သတိတရ ရှိနေ၏။ နှစ်ဆယ့်ငါးသိန်းဆု ပေါက်တယ်ဆိုသော ထီလက်မှတ်ကိစ္စ။ တရားခံ၏ထွက်ဆိုချက်အရ သူသည် ထီလက်မှတ်ကို ရှာမတွေ့ခဲ့။ ဒါဆိုရင် ထီလက်မှတ်က ဘယ်မှာလဲ။ အိမ်ကောလူပါ မီးလောင်သွားပြီဆိုတော့ ထီလက်မှတ်လည်း မီးထဲ ပါသွားမှာ ကျိန်းသေသလောက်ရှိ၏။ သို့ရာတွင် ကံတရားဆိုတာ မပြောနိုင်။ တစ်ခါတလေ အလွန် ထူးထူးဆန်းဆန်းတွေ ဖြစ်တတ်၏။
ထို့ကြောင့် သူသည် မီးလောင်သွားသော ချစ်ဦး၏တဲကလေး တည်ရှိရာ မြေကွက်လပ်သို့ လာခဲ့သည်။ အိမ်က လောလောဆယ် အသုဘအိမ်ဖြစ်သောကြောင့် တစ်နေကုန် လူရှုပ်နေသည်။ ညဘက်ကျတော့လည်း လာစောင့်အိပ်ပေးသူတွေ၊ အကောက်အစားရဖို့ ဝိုင်းထောင်သူတွေ ရှိနေသည်။ နေ့ခင်းဘက်လာသူတွေ အပြန်၊ ညသမားတွေ မလာခင် ညနေစောင်းမှာ လူရှုပ်သည်။ ဒီလိုအချိန်မှာ မသိမသာ ထွက်လာခဲ့ခြင်းဖြစ်၏။
အချိန်က မှောင်စပျိုးချိန်။ အလင်းရောင်ကလေး နည်းနည်းကျန်ရှိ်သေးသည်။ တဲကလေးနေရာက မြေပြင်မှာ မီးသင့်ထားသောကြောင့် မည်းနက်နေသည်။ မီးကျွမ်းထားသော တိုင်ငုတ်တိုတချို့ ကျန်နေသေးသည်။ မီးသွေးခဲတွေ၊ ပြာတွေလည်း ရှိနေသေးသည်။
ဒေါ်ငွေဇံသည် ဝါးခြမ်းပြားတစ်ချောင်းကို ယူပြီး အပျက်အစီးအပိုင်းအစများကို ထိုးဆွလှန်လှောကြည့်သည်။ တစ်နေရာတွင် သံဗူးဝိုင်းတစ်ခုကို တွေ့ရသည်။ အဖုံးကို ဖွင့်ကြည့်တော့ ကျပ်နေသည်။ အနီးအနား မှာ ရှာကြည့်တော့ သံချောင်းတစ်ချောင်းတွေ့သည်။ အဖုံးကို သံချောင်းနှင့် ကလန့်ပြီး ဖွင့်လိုက်သည်။ အထဲမှာ သဲတွေပဲရှိသည်။ တဲ၏ ထောင့်နေရာလောက်မှာ အုတ်ခဲတွေ စီပြီးခင်းထားတာ တွေ့ရသည်။ သူသည် အုတ်ခဲတွေကို ဖယ်ကြည့်သည်. အောက်က မြေကြီးကို ယက်လိုက်တော့ မြေအိုးသေးသေးတစ်လုံး ထွက်လာသည်။ အိုးအဖုံးကို အသာလေး ဖွင့်ကြည့်သည်။ အထဲမှာ တွေ့ရတာကတော့ ဖန်ဂေါ်လီလုံးတွေ။
''သေနာလေး''ဟု လွတ်ခနဲ ကျိန်ဆဲမိ၏။ ပြီးမှ တစ်စုံတစ်ခုကို သွားသတိရသည်။ ထီလက်မှတ်ရှာချင်ဇောနှင့် မေ့လျော့နေမိခဲ့သောကိစ္စ။ ဒီနေရာဟာ ချစ်ဦးတစ်ယောက် မရှုမလှ သေဆုံးခဲ့ရသော နေရာပါလား။ တကယ်လို့ ချစ်ဦးကလည်း ထီလက်မှတ်အပေါ် အစွဲအလမ်း ဖြစ်နေခဲ့လျှင်…လေတစ်ချက် ဝှေ့လိုက်သောကြောင့် ပြာမှုန့်တွေ ဖွာခနဲ လွင့်ပျံ ထသွား၏။ ဒေါ်ငွေဇံ ကြက်သီးဖြန်းခနဲ ထသွားသည်။ ကျောဘက်မှာ တစ်စုံတစ်ယောက်ရှိနေသလို ခံစားရသည်။ နောက်ကို ဖျက်ခနဲ လှည့်ကြည့်သည်။ သူလန့်သွား၏။ မှောင်မှိုင်းမှိုင်း အလင်းရောင်အောက်မှာ လူတစ်ယောက်က သူ့ကို ရပ်ကြည့်နေတာ တွေ့လိုက်ရ၏။
''အမလေး''
''အစ်မကြီး ဘာလုပ်နေတာလဲ''
အသံကြားမှ ဦးဝင်းမောင်ကြီးမှန်း သိလိုက်ရ၏။
''ဘာ…. ဘာမှမလုပ်ပါဘူး။ ဟိုဒင်း… ဟို…. ဘုရားစာရွက်ပြီး မေတ္တာပို့နေတာပါ''ဟု မလုံမလဲ ပြောလိုက်သည်။
၂၅။
ချစ်ဦး၏ဈာပနာသည် အလွန်စည်ကားသည်။ သူ့ကို ချစ်သူခင်သူ ဘယ်လောက်ပေါများမှန်း ခုမှ ပိုသိရသည်။ တချို့ကတော့ သူ့အဖြစ်ကို သနားကရုဏာသတ်သောကြောင့် လိုက်ပို့ကြခြင်း ဖြစ်၏။ ရပ်ကွက်လုံးနီးပါးဟုပင် ဆိ်ုရမည်။ သူ၏ပရိသတ်ဖြစ်နေသော ကလေးတွေကလည်း သူတို့မိဘတွေ ဆူုပူကြိမ်းမောင်းဟန့်တားနေတဲ့ကြားမှ နောက်ကနေ အတင်းပြေးလိုက်လာကြ၏။ ရောဂါကြောင့် မသန်မစွမ်းဖြစ်နေရှာသော ဘကြီးထွန်းပင်လျှင် အဆစ်အမြစ်တွေ ကိုက်နေတဲ့ကြားက ကုန်းရုန်းထပြီး လိုက်ပို့ရှာသည်။ သူ့ကို တွဲခေါ်လာတဲ့ အဘွားကြီးကလည်း တုန်တန်ချိချိမို့ အမြင်မတော်သော ဆိုက်ကားဆရာတစ်ယောက်က တင်ခေါ်လာရ၏။ ဈေးထဲက ဆိုင်အတော်များများကလည်း ချစ်ဦး လုပ်ကိုင်ပေးနေကျ ဖြစ်သောကြောင့် လိုက်ပို့ကြသည်။
ဘုန်းကြီးကျောင်းက ဆရာတော်လည်း လိုက်ပို့ပေးသည်။ ကျောင်းက ပဉ္ဇင်းပျိုတွေ၊ ကျောင်းသားတွေက လိုက်ချင်ကြသော်လည်း ဆရာတော်ကို ကြောက်သဖြင့် မလိုက်ရဲကြ။ ကပ္ပိယကြီးတစ်ယောက်သာ ဆရာတော်နှင့် ပါလာသည်။ ဆရာတော်ကို ဆိုက်ကားနှင့် ပင့်ခေါ်ကြသည်။
သုသာန်က သူတို့ရပ်ကွက်နှင့် တစ်မိုင်လောက်သာ ဝေးသောကြောင့် ခြေလျင်ပင် သွားကြသည်။ ချစ်ဦး အကူအညီပေးခဲ့ဖူးသော မိန်းမတချို့ ငိုကြသည်။ သူတို့ငိုတာမြင်တော့ ကလေးတွေလည်း တဟီးဟီး လိုက်ငိုကြ၏။ လူအားလုံးပင် စိတ်မကောင်းကြ။ မုဆိုးမအဘွားကြီး ဒေါ်ကြင်သည် မျက်လုံးကို အင်္ကျီလက်မောင်းစဖြင့် မကြာခဏ တို့နေသည်။ ချစ်ဦးက သူ့အိမ်မှာ ရေအလကား ထည့်ပေးနေကျဖြစ်၏။ အမြဲ ဟေးလားဝါးလားနေလေ့ရှိသော လူငယ်များလည်း တိတ်ဆိတ်ငြိမ်သက်စွာ ခေါင်းငိုက်စိုက်ချပြီး လျှောက်လာကြသည်။ ဦးမောင်ဝင်းကြီးသည် ဈာပါနကိစ္စကို ဦးဆောင်လုပ်ကိုင်နေရသောကြောင့် စိတ်ကိုတင်းထားရသော်လည်း မျက်နှာမကောင်းလှ။ မကြာခဏ သက်ပြင်းချနေ၏။ ဆရာတော်ပင်လျှင် အထူး နှုတ်ဆိတ်နေလေသည်။
မြလွင်သည် ငိုကြွေးခြင်းမရှိ။ ချစ်မှူး၏ဈာပနာတုန်းကလိုပင် တည်ငြိမ်စွာ လိုက်ပါလာသည်။ သူ့ရင်ထဲမှာတော့ ဘယ်လောက်ထိခိုက်ကြေကွဲနေမယ်ဆိုတာ အားလုံးက နားလည်ထားကြသည်။ အစ်ကိုချစ်မှူး၏မှာကြားချက်အတိုင်း ချစ်ဦးကို မစောင့်ရှောက်နိုင်ရုံမက အချိန်မတိုင်ခင်မှာပင် စွန့်လွှတ် ဆုံးရှုံးလိုက်ရပြီ။
''မောင်လေး ရေ…. တမလွန်မှာ မင်းအစ်ကိုနဲ့များ တွေ့ရင် မမကို ခွင့်လွတ်ပါလို့သာ ပြောပြလိုက်ပါတော့''
သဲသဲချစ်ကလေးက ဘာမှမသိဘဲ မျက်လုံးလေး ကလယ်ကလယ်နှင့် ဟိုကြည့် ဒီကြည့် လုပ်ရင်း လိုက်လာသည်။ ဒေါ်ငွေဇံသည် ထီလက်မှတ်သွားရှာမိသည့်ကိစ္စအတွက် စိတ်မလုံဘဲ ဖြစ်နေ၏။ ထို့ကြောင့် မြလွင်တို့နှင့် အတူတူမလိုက်ဘဲ တခြားမိန်းမကြီးများနှင့်အတူ နောက်ဆုံးမှ လိုက်လာသည်။ သူသည် ချစ်ဦးနှင့် ဘယ်တုန်းကမှ မတည့်ခဲ့။ ချစ်ဦးကို အိမ်ကနေ ပထုတ်ဖို့ အမြဲကြံစည်နေခဲ့သည်။ ခုတော့ ချစ်ဦးက တကယ်ထွက်ခွာသွားပြီ။ ဒီအတွက် သူဝမ်းသာမ်ိသလား၊ ဒါမှမဟုတ် ချစ်ဦးကို သနားပြီး စိတ်မကောင်းဖြစ်နေမိသလားဆိုတာ သူ့ဘာသာ မသေချာဘဲ စိတ်တွေရှုပ်ထွေးနေ၏။
''လူတော်တော်စည်တာပဲနော်၊ ဘယ်သူသေလို့လဲ''နောက်မှ လူတစ်ယောက်က မေးသဖြင့်….''အဲဒါလား''ဆိုပြီး ဖြေဖို့ နောက်ကို လှည့်ကြည့်လိုက်၏။ သူ့မျက်နှာ သွေးဆုတ်ပြီး ဖွေးခနဲ ဖြစ်သွားသည်။ အကြီးအကျယ် ထိတ်လန့်တုန်လှုပ် ချောက်ချားသွား၏။ ချစ်ဦးသည် သူ့ကို တွေတွေကြီး စိုက်ကြည့်နေသည်။ ထို့နောက် သွားဖြဲပြီး ရယ်ပြလိုက်သည်။ ဒေါ်ငွေဇံ မျက်လုံးကြီးပြူးထွက်လာပြီး… ''အမလေး… ချစ်…ချစ်…ရူး… ရူး…သ… သ…. ရဲ''ဟု အော်ရင်း နောက်လန် လဲကျသွားသည်။ သူ၏ ကြောက်မက်ဖွယ် အော်သံကြီးကြောင့် လူတွေ လှည့်ကြည့်ကြသည်။ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ ငယ်သံပါအောင် အော်တဲ့လူအော်၊ ပြေးတဲ့လူပြေး၊ ဘုရားစာတွေ ရွတ်တဲ့လူရွတ်၊ ကစဉ်ကလျား ဖြစ်ကုန်ကြ၏။
ဦးဝင်းမောင်ကြီးက ဒေါ်ငွေဇံဆီ ပြေးသွားမည်ပြုပြီးမှ ခြေလှမ်းကို ပြန်တုံ့လိုက်ပြီး…''ချစ်ရူးရေ…. အမျှ… အမျှ… အမျှ''ဟု အော်ပြောသည်။
ချစ်ဦးကလည်း''သာဓု၊ သာဓု၊ သာဓု''ဟု ပြန်လည်ရေရွတ်သည်။
မြလွင်သည် ရင်ဘတ်ကို လက်နှင့် ဖိပြီး….''ဘုရား… ဘုရား….၊ မောင်လေး …. မင်း… မင်း…''
ထိုစဉ်တွင် သဲသဲချစ်က ချစ်ဦးဆီ လှစ်ခနဲ ပြေးသွားသည်။ မလှမ်းမကမ်းအရောက်မှာ ရပ်လိုက်ပြီး ချစ်ဦးကို စိုက်ကြည့်သည်။ ထို့နောက်…
''ဟဲ့..ဆင်''
ချစ်ဦးသည် သဲသဲချစ်ကို ငေးကြောင်ကြည့်နေရာမှ မြေကြီးပေါ်သို့ ရုတ်တရက် လေးဖက်ထောက် ချလိုက်၏။ သဲသဲချစ်က ပြေးသွားပြီး ချစ်ဦး၏ကျောပေါ်သို့ ခွတက်လိုက်သည်။
လူအားလုံးတို့သည် အာမေဍိတ်သံများနှင့် အတူ ကြက်သေသေရင်း ငေးကြည့်နေကြသည်။ ဦးဝင်းမောင်ကြီးသည် ဒေါ်ငွေဇံလဲကျနေရာသို့ ပြေးသွားသည်။ ချစ်ဦးက မြေပေါ်မှာ လေးဖက် ထောက်သွားရင် ဆင်အော်သလို 'တဝူးဝူး'အော်နေသည်။ သဲသဲချစ်က တစ်ခစ်ခစ် ရယ်နေ၏။
ခုမှပင် မြလွင် မျက်ရည်တွေ စီးကျလာလေသည်။ ကိုယ်ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများ၊ ငွေကြေးများ ရုတ်တရက် အကြီးအကျယ် ဆုံးရှုံးခံရလျှင် စိတ်ဖောက်ပြန်ပြီး ရူးသွပ်သွားတတ်ကြသည်။ ချစ်ဦးကတော့ ငွေနှစ်ဆယ့်ငါးသိန်းတန်သော ထီလက်မှတ် မီးလောင်တဲ့ အထဲပါပြီး ဆုံးရှုံးသွားသော်လည်း ထူးထူးခြားခြား ထိခိုက်ခံစားသွားရပုံ မပေါ်။ ခုကျမှ ပိုပြီး တည်ငြိမ်နေသယောင်ထင်ရ၏။ ခုကိစ္စ ဖြစ်လိုက်တော့မှပင် သူ့စိတ်အခြေအနေ အကောင်းပကတိ ပြန်ဖြစ်သွားလေသလားဟု မြလွင် တွေးနေမိ၏။
''အဲဒီနေ့က ကျွန်တော် ဘောလုံးပွဲသွားကြည့်တယ်၊ ပွဲက သိပ်ကြည့်လို့ မကောင်းလှပါဘူးဗျာ ပထမပိုင်းမှာပဲ မန်ယူက လေးဂိုးအပြတ်သွင်းထားတော့ မကြည့်တော့ဘဲ ရုံထဲက ပြန်ထွက်လာခဲ့တယ်။ ပြီးမှ ဗိုက်ဆာလာတာနဲ့ အိမ်မပြန်သေးဘဲ ဈေးနားက ညဘက်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ကို သွားတယ်၊ အဲဒီမှာ ကိုကြီးချစ်မှူးရဲ့သူငယ်ချင်း ကားသမားတစ်ယောက်နဲ့ တွေ့တယ်။ သူက ဒီည ပျဉ်ပုံကြီးကို ကုန်သွားပို့စရာရှိတယ်၊ သူနဲ့လိုက်နေကျကောင်လေးက ဖျားနေတယ်၊ အဲဒါ မင်းလိုက်ခဲ့ပါလား၊ မနက်ကျ ပြန်ရောက်မှာပဲဆိုတာနဲ့ လိုက်သွားတာ၊ ဟိုရောက်လို့ ကုန်ချပြီး ပြန်အထွက်လမ်းမှာ ကားရှပ် ကျိုးရော၊ အဲဒါ ပြန်ပြင်နေရတာနဲ့ ကြာသွားတာ''
ချစ်ဦးက အခင်းဖြစ်သောနေ့က အကြောင်းကို ပြောပြသည်။ ဦးဝင်းမောင်ကြီးက….
''တော်သေးတာပေါ့ကွာ၊ ဖြစ်ချင်တော့ မင်းအိမ်ကို ဝင်ခိုးတဲ့သူခိုးက မင်းနဲ့ အလုံးတူ အရပ်တူ ဖြစ်နေတယ်၊ အလောင်းကလည်း မီးလောင်ထားလို့ လူရုပ်မပီသတော့ဘူး၊ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကောင်ကလည်း မင်းလိုပဲ လည်ပင်းမှာ စတီးဆွဲကြိုးဆွဲထားတော့ မင်းလို့ သတ်မှတ်ကြတာပေါ့၊ တရားခံကလည်း သူ ထမ်းပိုးနဲ့ ရိုက်လိုက်တာ မင်းပါပဲလို့ ပြောနေတော့ သေတဲ့လူဟာ မင်းပဲလို့ ထင်ကြတာပေါ့ကွာ''
''အေးဗျာ၊ သေသွားတဲ့သူခိုးကိုတော့ သနားပါတယ်။ သူဌေးအိမ် ဝင်ခိုးရင်း ဖြစ်ရတယ်ဆို တော်သေးတယ်။ ကျွန်တော့်လိုကောင်ရဲ့အိမ်ကိုမှ ဝင်ခိုးရတယ်လို့''
''ကြမ္မာငင်ချင်လို့ပေါ့ကွာ၊ အဲ… မင်းအနေနဲ့ အိမ်မီးလောင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရုံးမှာ ရှင်းစရာရှိသေးတယ်၊ ဒါပေမယ့် မင်းရဲ့ပယောဂကြောင့် လောင်တာမဟုတ်လို့ ပြဿနာမရှိဘူး''
''ထီလက်မှတ် မီးထဲပါသွားတာကတော့ နှမြောစရာကြီး''ဟု ဒေါ်ငွေဇံက အသံခပ်အုပ်အုပ် ပြောသည်။
''ကျွန်မကတော့ မောင်လေးရဲ့အသက်ထက် ဘယ်ဟာကမှ ပိုပြီး တန်ဖိုးရှိတယ်လို့ မထင်ဘူး''
မြလွင်က လှိုက်လှဲသောလေသံဖြင့် ပြောသည်။
ချစ်ဦးကတော့…
''ကျွန်တော်ကတော့ ကျွန်တော့အိမ်ကလေးကိုပဲ နှမြောတယ်ဗျာ''
''အဲဒီအတွက် မပူပါနဲ့ကွာ။ မင်းအိမ်ကလေးကို ငါပြန်ဆောက်ပေးပါ့မယ်''ဟု ဦးဝင်းမောင်ကြီးက ပြောရာ မြလွင်က..''ဟင့်အင်း… မဖြစ်ဘူး၊ မောင်လေးကို သီးခြားနေခိုင်းလို့ မဖြစ်တော့ဘူး။ ကျွန်မ စိတ်မချဘူး၊ မောင်လေး မင်း ဒီအိမ်ပေါ်မှာပဲ ပြန်နေတော့''
''ဟာ… ကျွန်တော်က ညည ယောင်ပြီး ထအော်တတ်တယ်ဆို၊ တော်ကြာ သဲသဲလန့်ပြီး ငိုရင် ဘယ်လိုလုပ်မလဲ''
''သဲသဲက အခု မလန့်တတ်တော့ပါဘူး၊ ပြီးတော့ အိမ်မှာလည်း မောင်လေးရှိနေမှ ဖြစ်မယ်''
''ဟုတ်တယ်ကွ၊ နောက်ဆိုရင် ဒီအိမ်မှာ မြလွင်နဲ့သဲသဲချစ် နှစ်ယောက်တည်း ကျန်ခဲ့တော့မှာ''
''ဘာ အဒေါ်ကြီးက ဘာဖြစ်လို့လဲ၊ တောပြန်မလို့လား''
''ဘာပြောတယ်''
ဒေါ်ငွေဇံက လှမ်းအော်သည်။ ဦးဝင်းမောင်ကြီးက ရယ်လိုက်ပြီး…
''ဒီလိုလေကွာ၊ အစ်မကြီးက နောက်ဆိုရင် ငါ့အိမ်မှာ လိုက်နေရတော့မှာကိုးကွ၊ ဟဲ..ဟဲ''
''အို… ဘာတွေလျှောက်ပြောနေတာလဲ၊ ရှက်စရာကြီး''
ဒေါ်ငွေဇံက မျက်စောင်းထိုး၍ ပြောပြီး ထထွက်သွားသည်။
၂၆။
သဲသဲချစ်သည် ခေါင်းအုံးတစ်လုံးကို မြင်းလိုလုပ်၍ ခွစီးပြီး လျှောက်ပြေးနေသည်။ မြလွင်က…
''ဟဲ့… သမီး ဘယ်ကခေါင်းအုံးကြီးလဲ''
''ရူးရူးရဲ့ခေါင်းအုံး၊ မီးမီးဆော့ချင်လို့ ဟိုနေ့က ယူထားတာ''ဆိုပြီး သဲသဲချစ်က ခေါင်းအုံးကို ချစ်ဦးအား လာပေးသည်။
'
'အင်း ကံမကုန်တော့လည်း ပြန်ဆုံရသေးတာပေါ့ ခေါင်းအုံးလေးရယ်''ဟု ချစ်ဦးက ပြောရင်း ခေါင်းအုံးကို ဆွဲဖြဲလိုက်သည်။ ထို့နောက် မှို့တွေကြားထဲ လက်ထိုးနှိုက်ပြီး ပြန်ထုတ်လိုက်သောအခါ ပလက်စတစ်အိတ်နှင့် ထည့်ထားသော ထီလက်မှတ်ကလေး နှစ်စောင် ထွက်လာလေသည်။
ပြီးပါပြီ
--------------------------
မင်းလူ
Comments
Post a Comment