ကိုဒေါင်း(ဟာမက်ရှား)
#ဟာမက်ရှား
ကျွန်ုပ်တို့နှစ်ဦးအဖို့ နေ့စဉ်အလုပ်ကား ဒေါ်ဆင်၏လက်ဖက်ရည်ဆိုင်တွင် တစ်နေကုန်ထိုင်ခြင်းပင် ဖြစ်လေသည်။ အခါတပါး၌ ဝတ္တရားမပျက် လက်ဖက်ရည်သောက်ရင်း လက်တောက် ဘီလီယက်ဝိုင်းကို ငါးပိအိုး လောက်,ခဲသလို သဲသဲမဲမဲတွယ်၍နေကြသော လူတစ်စု၏ပျော်ပါးကြပုံကို ကြည့်ရင်း အားကျမိ၏။ ၎င်းတို့မှာ အပူအပင်ကင်းလေစွ။ နိုင်လျှင်စားရမည်။ ရှုံးလျှင် နိုင်မည့်သူရှာ၍ အမဲဖမ်းရမည်မှာ ၎င်းတို့၏နေ့စဉ်အလုပ်ပင်။ အမဲဖမ်းရင်း ဖြူသွားသူတို့မှာလည်း မထောင်းတာ။ နိုင်သူ့ထံပါး၌ ကပ်ရပ်နေလျှင် အဆင်ပြေသောကြောင့် ဒေါ်ဆင်လက်ဖက်ရည်တစ်ခွက်ကို ဝဝကြီး သောက်နိုင်ချေသေးသည်။ ထို့ကြောင့် ၎င်းတို့၌ လောကကြီးသည် တွယ်တာခင်မင်စရာအကြောင်းလည်းမရှိ။ ရက်စက်မုန်တီးပစ်ပယ်စရာအကြောင်းလည်း မမြင်။ တနေ့ရ တနေ့စား၊ တနေ့တွက် တနေ့ရှာ၍ ရှိသမျှကလေးနှင့် ရောင့်ရဲနိုင်ပေရာ လိုစရာလည်းမရှိ။ ရှိစရာလည်းမလို။ ကြမ်းပိုးတေလေဟုအခေါ်ခံရသော်လည်း ဤလောကကြီးသည် ၎င်းတို့၏လောကကြီးသက်သက်ဖြစ်လေရကား ကျွန်ုပ်မှာ ၎င်းတို့နှင့်လိုက်လျောကာ စိတ်အကျေနပ်ကြီးကျေနပ်၍ နေမိလေသည်။
ကော်ဖီပူပူနွေးနွေးကလေး၏အငွေ့မှာ ကျွန်ုပ်၏နှာခေါင်းထဲသို့ အသံမပြုဘဲ စွတ်၍ဝင်လာလေ၏။ ဤသည်တွင်မှ ကျွန်ုပ်လည်း ကော်ဖီကို သတိရ၏။ အားပါးတရ ကျိုက်ချလိုက်ပြီးလျှင် မြန်မာခြောက် အကြမ်းအိုးကို ငှဲ့၍ သောက်မည်ပြင်၏။ ထိုခဏ၌ အောက်ပိုင်း ကာလသားခေါင်း ကိုမောင်ခိုင်သည် ဆိုင်ပေါ်သို့တက်လာ၍ ဒေါ်ဆင်အား လက်ဖက်ရည်ပြင်ခိုင်း၏။
ကိုမောင်ခိုင်သည် ကိုဒေါင်းကိုမြင်လျှင်ပင် ပါလာသောကြိမ်လုံးခေါင်းကြီးနှင့် ကိုဒေါင်း၏ဖော့ဦးထုပ်ကို “ဘုတ်”ခနဲမြည်အောင် ရိုက်လိုက်ရာ ဒေါ်ဆင်ကော်ဖီပြင်နေသည်ကို စိုက်၍ကြည့်နေသော ကိုဒေါင်းသည် သတိရလာ၍ မျက်နှာကို ခပ်ပြုံးပြုံးလုပ်ကာ ကိုမောင်ခိုင်အား မော့ကြည့်လိုက်၏။
ကိုမောင်ခိုင်လည်း ကျွန်တော့်အနီးသို့ ကုလားထိုင်တစ်လုံး ဆွဲယူ၍ ထိုင်ပြီးလျှင် “ဟေ့ မင့်လူကို ပြောထားစမ်းပါဦးကွာ။ တနေ့နေ့ ဒုက္ခဖြစ်နေပါ့မယ်။ တလောက သက်ကယ်သောင်အသွားမှာ သူ့ထိပ်ပြောင်ကလေး ကံကောင်းလို့ ဟ,မသွားတယ်”ဟု ဆီး၍ တိုင်၏။
“ဘယ့်နှယ်လဲကိုဒေါင်းရဲ့၊ ကျုပ်မရှိတုန်း ဘာများဖြစ်တာတုံး”ဟု ကျွန်တော်က ကိုမောင်ခိုင် တိုင်တန်းသည်ကို အသားယူကာ အုပ်ထိန်းသူ၏လေသံမျိုးဖြင့် မေးလိုက်၏။
“မပြောပါနဲ့တော့ကွာ၊ မင့်လူ တသက်တော့ စွံတော့မှာ မဟုတ်ပါဘူး။ အရင် ဟာမက်ရှားတုန်းကလည်း ညောင်လိမ်မှာ ထိပ်ပြောင်ကလေးကျန်ရစ်ခဲ့မလို့”ဟု ကိုမောင်ခိုင်က ဖြတ်၍ပြောပြန်လေ၏။
ကျွန်ုပ်မှာ ကြောင်တက်တက်ဖြစ်သွား၏။ “ဘာလဲဗျ ကိုဒေါင်းရဲ့ ၊ ဟာမက်ရှားဆိုတာ။ အူကြောင်ကြောင်ဖြစ်အောင်တော့ မလုပ်ခဲ့ပါနဲ့။ ခင်ဗျားကရှင်းမှ လင်းရမဲ့သူဖြစ်ပါတယ်။ ဒီတော့ မြတ်စွာဘုရားနဲ့ အာနန္ဒာတို့ထုံးကို နှလုံး...”ဟူ၍မျှ စကားမဆုံးမီ ကိုဒေါင်းသည် နှုတ်ခမ်းတစ်ဖက်မျှသာပြုံး၍ “မလုပ်ပါနဲ့ကွာ၊ ရပ်ထဲရွာထဲ ဘာလိုလိုဖြစ်နေတဲ့အထဲမှာ ဂိုဏ်းသင့်ပြီး ဝမ်းကျနေပါဦးမယ်” ဟု ပြောရင်း လက်ဖက်ရည်ကြမ်းအိုးကို ငှဲ့လေ၏။
ကိုမောင်ခိုင်သည် ဒေါ်ဆင်လာပေးသောလက်ဖက်ရည်ပန်းကန်ကို လှမ်းယူပြီးလျှင် ငြိမ်သက်စွာ သောက်နေလေ၏။ ကိုဒေါင်းကား လက်ဖက်ရည်ကြမ်းမသောက်သေးဘဲ ဈာန်သမာပတ်ဝင်စားဘိသည့်အလား မတုန်မလှုပ်နေ၏။ ၎င်း၏မျက်လုံးတို့သည် အဆုံးမရှိသော စကြဝဠာတံတိုင်း၏ဟိုမှာဘက်သို့ မျှော်၍နေသည်မှာ စကြဝဠာတံတိုင်း၌ ရုပ်စုံခင်းထားသော ၎င်း၏ဗျုပ္ပတ်တို့ကို မြင်နေရ၍ပေလောဟု အတွေးခေါင်မိပေသည်။ ကျွန်ုပ်လည်း ၎င်း၏စကားသံကို နားစွင့်ရင်း ၎င်းငှဲ့ထားသောအကြမ်းပန်းကန်ကို ယူ၍သောက်လိုက်၏။
“မင်းတို့ငယ်ငယ်ကဆိုလျှင် မင်းတို့အစ်မ ဝါးခယ်မ ဟာမက်ရှားဆိုင်က ရှပ်အင်္ကျီတွေ ခဏခဏဝယ်ပေးတာပေါ့” ဟု ကိုဒေါင်းသည် ကျွန်တော့်အား လှမ်းပြောရင်း ၎င်းငှဲ့ထားသော လက်ဖက်ရည်ကြမ်းပန်းကန်ကို ရှာ၏။ ကျွန်တော်နှင့်ကိုမောင်ခိုင်တို့လည်း ရယ်ကြ၏။
ယခုခေတ်သည် တိုးတက်ရေးခေတ်၊ ကြီးပွားရေးခေတ်၊ ပြုပြင်ရေးခေတ်၊ တက်ခေတ်၊ တို့ဗမာခေတ်၊ တို့ခေတ်၊ စာဆိုတော်ခေတ် ဖြစ်လေသကဲ့သို့ လွန်ခဲ့သော ၁၅ နှစ်ခန့်က ကျွန်တော်တို့၏တောရွာကလေးခေတ်သည် ဟာမက်ရှားခေတ် ဖြစ်လေသည်။ အသားကောင်းခြင်း၊ တာရှည်ခံခြင်း၊ ပုံကျနခြင်း၊ ချုပ်ရိုးစိပ်၍သေသပ်ခြင်း၊ ရေလျှော်သောရှပ်အင်္ကျီ၏ ကောင်းသတင်းသည် ငါးပိပေါ်ချိန်၊ စပါးပေါ်ချိန်တို့၌ ရွာသူရွာသားများတို့၏ နှုတ်ခမ်းဖျားတွင် ကျက်စား၍နေ၏။ ထိုရှပ်မျိုးသည်ကား ဝါးခယ်မမြို့ပေါ်တွင် နာမည်ရပြီးဖြစ်သော ဟာမက်ရှားကုမ္ပဏီမှ ကျွန်ုပ်တို့၏တောရွာကလေးသို့ ဇီးဇိဟူသောကုလားဒိန်တစ်ယောက်၏ပယောဂဖြင့် ချဥ်းနင်းဝင်ရောက် တွင်ကျယ်၍နေလေရကား ရွာခံစက်ချုပ်သမားတို့၏လက်စလက်နကို ဖော်ပြရာဖြစ်သော လှသိင်္ဂီရှပ်အင်္ကျီတို့မှာ ဆိုင်ပေါ်တွင် အထပ်လိုက်အထပ်လိုက် ပျင်းရိစွာ အချိန်ကိုဖြုန်းကြရလေသည်။ ဆိုင်အထက်တွင် ဗန်းပြရန် ချိတ်ဆွဲထားသော လှသိင်္ဂီတို့သည် မိမိတို့ကိုဖန်တီးလိုက်သူတို့အား စိတ်ပြေစေရန် မျောက်ဖိုးစိန်အကဖြင့် ယိုင်ထိုး၍ ပြသော်လည်း ပျင်းရိဖင့်နွှဲ လေးကန်သော ကကြိုးတို့မှာ ဟက်ဟက်ပက်ပက်မရှိလေသောကြောင့် ဖြေဖျော်သည်ထက် အနာကို တုတ်ဖြင့်ဆွသလိုဖြစ်နေရလေရာ စက်ချုပ်သမားတို့ကား ဝမ်းထဲကကြိတ်၍ ဇီဇိအား ကလော်ဆဲမိကြလေသတည်း။
“အို ...ဟာမက်ရှားဆိုတာ အကျော်ဇေယျပဲဗျာ။ အဲဒါ ဘာဖြစ်တာတုံးဗျ”ဟုပြောကာ ကျွန်တော်လည်း ကိုဒေါင်းအား အကြမ်းတစ်ပန်ကန် ငှဲ့၍ပေးလိုက်လေ၏။
“ဒီလိုကိုးကွ”ဟုဆိုရင်း ကိုဒေါင်းသည် အကြမ်းကို တစ်ကျိုက် ကျိုက်လိုက်ပြီးလျှင် ဣစ္ဆိတံမြမြ ဆေးလိပ်ကို စတင်၍ဖွာလေ၏။
* * *
နွေဦးပေါက်စ လသာသာညတစ်ညတွင် ညောင်လိမ်သွားရာ လမ်းမကြီးမှာ သင်းဖြူးခင်းထားဘိသကဲ့သို့ရှိ၏။ ပြန့်ပြူးသောလမ်းရှည်ကြီးမှာ စက်ဘီးရာနှင့် လှည်းကြောင်းတို့မှအစ အခြားသော ခလုတ်ကန်သင်း ဆူးငြောင့်ချိုင့်ဝှမ်း အိုင်ဗွက်တို့မှ ကင်းဝေးခဲ့လေသည်။
ထိုည သင်္ချိုင်းကုန်းအလွန်လောက်တွင် စက်ဘီးတစ်စီးကို လူနှစ်ယောက် ကန့်လန့်ကန့်လန့် ယိုင်တိယိုင်တိုင် စီးနင်းလျက်သွားနေကြသည်။ တစ်ယောက်ကား ဖင်ထိုင်ခုံပေါ်မှနေ၍ တစ်အား နင်းလျက်၊ တစ်ယောက်ကား လက်ကိုင်နောက်တန်းပေါ်တွင် အမြိုင့်သား တင်ပါးလွှဲထိုင်လျက် အချိန်မတော်ခရီးထွက်နေကြသည်မှာ တော်တော်ထူးဆန်းလှပေသည်။
ထိုအခြင်းအရာသည် ညောင်လိမ်သူ ညောင်လိမ်သားတို့အဖို့၌ မထူးဆန်း။ မြင်နေကျ တွေ့နေကျဖြစ်လွန်း၍ ၎င်းတို့၏မျက်စိ၌ စပါးမွေးစူး၍နေသည်မှာ ကာလမြင့်ညောင်းလှလေပြီ။
ညောင်လိမ်လမ်းဘေး တစ်ဖက်တစ်ချက်တွင် ကွမ်းခြံ၊ ချဉ်ပေါင်ခြံ၊ မုန်လာခြံ၊ သရက်ခြံတို့မှာ အသီးသီး စီတန်းလျက်ရှိကြကုန်၏။ ညောင်လိမ်သို့အဝင်တွင် ကုက္ကိုပင်တွေက အုပ်အုပ်ဆိုင်းဆိုင်း၊ သရက်ပင်များက ရှုပ်ရှုပ်ထွေးထွေးနှင့်မို့ ရောင်ခြည်တို့ကို အားသွန်၍လွှတ်နေသောလမင်းကြီးမှာ ညောင်လိမ်ရွာကလေးကို အလျဉ်းပင် ဂရုမစိုက်တော့ဘဲ ကောင်းကင်ပြင်တွင် တိမ်နတ်သားတို့နှင့် လိုက်တမ်း ပြေးတမ်း ကစားကာနေဘိ၏။
အဆိုပါနှစ်ဦးတို့လည်း ရွာဝသို့ရောက်လျှင် စက်ဘီးပေါ်မှ ကိုယ်စီဆင်း၍ ရွာတွင်းသို့ ကုပ်ကုပ် ကုပ်ကုပ်နှင့် ဝင်သွားကြလေ၏။ သရက် လေးငါးပင်၊ မရန်း လေးငါးပင်တို့ ဝန်းရံလျက်ရှိသော ဓနိမိုးဓနိကာ တဲအိမ်ကလေးမှ ခပ်လှမ်းလှမ်းသို့ရောက်သော် အရိပ်အဆင်ကြည့်ရင်း အမောအပန်းဖြေကာ နှစ်ဦးသား သစ်တစ်ပင်အောက် ခေတ္တဝင်ရောက်ခိုလှုံ၏။
တဲအိမ်ကလေးကား မွန်အိမ်ဖြစ်၏။ သုံးပင်နှစ်ခန်း ကဲလား နှစ်ခုနှင့် ခေါင်းရင်းဘက်တွင် ရေအိုးစင်ရှိ၏။ အုပ်ဆိုင်းနေသော သစ်ပင်တို့အကြားမှ ကတ်သီးကတ်သတ် လျှိုဝင်၍လာသော လမင်း၏ဘော်ရည်တို့မှာ အိမ်ခေါင်မိုးပေါ်တွင် တလက်လက်တဝင်းဝင်းနှင့် ကခုန်ကာ နေဘိသကဲ့သို့ရှိသည်။ အိမ်ကလေး၏ခေါင်းရင်းဘက်တွင်ကား ဆောင်းသက်မကုန့်တကုန်မို့ ညဦးက မွှေးထားသော ကနစိုထင်းမီးတို့မှာ သရက်ပင်အိုကြီး၏မှောင်ရိပ်ကို အသားယူ၍ တရဲရဲတညီးညီး ရှိ၏။ တဲအိမ်ကလေး၏ပတ်ဝန်းကျင်ကား တိတ်ဆိတ်ခြင်းကြီး??? တိတ်ဆိတ်၍နေ၏။ သို့သော် တစ်ချက်တစ်ချက်တွင် သရက်ပင်ပေါ်မှ နှင်းပေါက်များစု၍ မီးပေါ်သို့အကျတွင် တရှဲရှဲအော်လိုက်သောအသံတို့မှာ ဝင်လာသူနှစ်ဦးအား အော်ငေါက်ကာ နှင်၍ပစ်သကဲ့သို့ရှိ၏။
“ဟေ့ မောင်ချစ်၊ အဘိုးကြီးတော့ သိုးနေပြီတင်တယ်ကွ”ဟု တစ်ယောက်သောသူသည် ၎င်း၏အဖော်အား တိုးတိုးကလေး ကပ်၍ပြောလိုက်၏။ ထိုလေသံကလေးမှာ တိတ်ဆိတ်ခြင်းကို မထီလေးစားပြုကာ နဂိုရင်းအသံထက် တိုး၍ကျယ်လာလေ၏။ အသံရှင်လည်း ဤမျှ တိုးတိုးပြောလိုက်သောလေသံကလေးသည် အဘယ်ကြောင့် ကျယ်လောင်လာရသည်ကို မတွေးတောတတ်သဖြင့် စိတ်ရှုပ်လာဘိသည့်အလား မိမိပေါင်းထားသောတဘက်ကို ခေါင်းပေါ်မှ ဖြုတ်၍ ခေါင်းကိုကုတ်လိုက်သည်တွင် ကြိုကြိုကြားကြားမှ ထိုး၍နေသော လရောင်ကလေးတစ်ခုသည် ပြေး၍ဟပ်လိုက်လေရာ ထိပ်ပြောင်ပြောင်ကလေးမှာ သပိတ်ရောင်ထသွားလေ၏။
“ခါတိုင်းလိုပေါ့ ကိုဒေါင်းရယ်။ သွားမှာသာသွားစမ်းပါ” ဟု ပြော၍ ၎င်း၏အဖော်သည် ခြံစည်းရိုးတွင် စက်ဘီးကိုထောင်ပြီးလျှင် ကိုဒေါင်းကိုမျှ မစောင့်နိုင်ရှာဘဲ ဖိနပ်ချွတ်သို့ တက်၍ ရေအိုးစဉ်တွင် ရေဝင်သောက်၏။ ကိုဒေါင်းလည်း အိမ်ကလေးကို ပတ်ပြီးလျှင် နောက်ဖေးဘက်သို့ လျှောက်သွား၏။ ကိုချစ်လည်း ရေသောက်ပြီးသော် သရက်ပင်အိုကြီးအောက်သို့ ဝင်ကာ မီးဖိုကလေးနားထိုင်၍ မီးစ၍လှုံ၏။
အတန်ကြာသော် ကိုဒေါင်း၏ချောင်းဟန့်သံကို ကြား၍ နားကိုစွင့်၏။ ဝါးကိုယှက်၍ခင်းထားသော ကြမ်းပြင်ကလေးကို သာယာစွာ နင်းသံ ကြားလိုက်ပြီးလျှင် ခပ်အုပ်အုပ်ကလေး အီခနဲမြည်သွားသော တံခါးပွင့်သံကို တစ်ဖန်ကြားရပြန်၏။ ကိုချစ်၏မျက်နှာပေါ်တွင် ကစား၍နေသော မီးနီရောင်ကလေးဖြင့် ကိုချစ်၏ ကျေကျေနပ်နပ် သဘောကျစွာပြုံးလိုက်သော အပြုံးကလေးကို မြင်နိုင်ပေသည်။
အိမ်တွင်း၌ အသို့နေကြမည်နည်း။ ကိုဒေါင်းသည် တံခါးဖွင့်ပေးသောလက်ကလေးကို အသာယူပြီးလျှင် မီးဖိုခန်းကိုလှမ်း၍တက်၏။ နှစ်ဦးသား ရင်ဆို့အကွယ်ဘက်သို့ သွားကြ၏။ ရင်ဆို့နားတွင်
ကပ်လျက် အိပ်ရာတစ်ခုရှိ၏။ ပိတ်ခြင်ထောင်ထောင်ထား၏။ ခြေရင်းတွင်ကား ရေနံဆီမီးခွက်ကလေးသည် နာရီပြန်တစ်ချက်တီး၍ မင်းသမီး မင်းသားစခန်းသွားကို အိပ်မှုန်စုံမွှားနှင့် ထ၍ကြည့်ရသည်မှာ အားမရနိုင်သကဲ့သို့ မျက်တောင်တခတ်ခတ်နှင့် ကြည့်၏။ ကိုဒေါင်းကား မိမိခေါင်း ?????????၏။ ဇီဇိထံမှ နှစ်ကျပ်တစ်မတ်နှင့် မနေ့တစ်နေ့ကမှ အကြွေးဝယ်လာသော ဟာမက်ရှားရှပ်ကလေးကို ချွတ်၍ ကျူထရံတွင် အသာချိတ်၏။ အတွင်းခံစွပ်ကျယ်ကလေးနှင့် နေ၏။ အိမ်သည်လည်း ဆေးပေါ့လိပ်တစ်လိပ်ကို ညှိပြီးလျှင် ဧည့်သည်အား တည်၏။ ကိုဒေါင်းလည်း ဆေးလိပ်ကို တစ်ဖွာ နှစ်ဖွာမျှ ဖွာရင်း ပိုးစုန်းကြူးကဲ့သို့ မှိတ်တုတ်မှိတ်တုတ်နေသော ရေနံဆီမီးခွက်၏ တချက် တချက်အလင်းတွင် မြင်ရသော ကျက်သရေရှိသည့် သူ့မျက်နှာကလေးကို တမြုံ့မြုံ့ကြည့်ပြီးလျှင် ဆေးလိပ်ကို အသာချ၍ထားလေ၏။
ခြင်ထောင်ထဲမှ တတွတ်တွတ်နှင့် ပြောနေကြသော အသံများသည် တချက်တချက်တွင် ခြင်ထောင်အပြင်ဘက်သို့ ထွက်ရန် အားယူကြ၏။ သို့ရာတွင် ထွက်အံ့သောငှာ မစွမ်းနိုင်။ ထွက်မည်ဟု ဟန်ပြင်တိုင်း အသံရှင်တို့က ဆွဲ၍ထားသောကြောင့် မြုပ်၍သွားလေသည်။
ဤသို့ ချစ်သူနှစ်ဦး စကားတွတ်တွတ်ထိုးနေသည်မှာ အတီမျှ ကြာသည်မသိ။ အောက်စောင့် ကိုချစ်ကား တစ်ရေးနှစ်ရေးမျှ ရလေပြီ။ ဆောင်းတွင်းတွင် သဘာဝအလျောက်ရအပ်သော မီးဖိုကလေးမျှသာ တင်းတိမ်ကျေနပ်ကာ ပု၍ကွေးနေရသည်မှာ ကြာပြီဖြစ်၍ ခြေလက်တို့ကို ခေတ္တဆန့်ပြီးလျှင် ကနစိုထင်းမီး၏ အပြစ်ကင်းသောရင်ငွေ့ကို လှုံရင်း အိပ်မောကျသွားပြန်လေ၏။
ကိုချစ်အဖို့ နတ်သက်တစ်ရာသည် ကိုဒေါင်းအဖို့ တစ်နာရီ မတ်တင်းမျှသာ ကြာသည်ဟုထင်ရ၏။ ပြောစရာစကားများကလည်း မကုန်နိုင်။ ပြော၍လည်းမဝ။ ပြောချင်သည့်ဆီကိုလည်း မရောက်။ တစ်ခွန်းပြောပြီးလျှင် နှစ်ခွန်းကျန်၍နေသေးသည်။ ချစ်ဖွယ်သောစကားများလည်းပြော၏။ စကားနာကလေးများလည်းသုံး၏။ ရန်စကလေးထောင်၏။ ချော့သံကလေးများလည်းပါ၏။ သူကလေးက တချက်တချက် နွဲ့လိုက်သည်ထင်သည်။ မူရာများနေလေသလား။ “သည်လိုဖြင့်ရင် မလာနဲ့”လို့လည်း ဆိုလိုက်လေသလား။ အို...သည်လိုလည်း တောက်တောက်ခါးခါး နှင်ရက်မယ်မဟုတ်ပါဘူး။ စင်စစ် ခြင်ထောင်အပြင်ဘက်ကဆိုလျှင် ဘာသံမျှမကြားရ။ မျက်မှန်းဖြင့် ရမ်းဆရတော့သည်။ တချက်တချက်မူကား စိတ်မရှည်နိုင်သော ရေနံဆီမီးခွက်ကလေးသည် ဒေါသပုံခင်းကာ ဝုတ်ခနဲဝုတ်ခနဲမြည်သံမူကား အသေအချာ ကြားနိုင်ပါပေသည်။
ထိုရေနံဆီမီးခွက်၏ ဝုတ်ဝုတ်မြည်သံနှင့်ရော၍ အိမ်ရှေ့ဘက်မှ သစ်ရွက်ခြောက်ကို ခပ်ဆတ်ဆတ်နင်းသံ ကြားရ၏။
“ဪ.. မောင်ချစ်၊ မောင်ချစ်၊ တစ်ယောက်တည်း ချမ်းနေရှာမှာပဲနော်” ဟု ကိုဒေါင်းသည် ဝမ်းတွင်းကကျိတ်၍ စုတ်သပ်မိ၏။
အိမ်ရှေ့ဆီမှအသံသည် မသင်္ကာစရာ တိုး၍ လာလေ၏။ ကိုဒေါင်းသည် ခေါင်းကိုကြွ၍ နားထောင်၏။ သူကလေး၏နားနား ကပ်၍“ဘာသံလဲ”ဟု မေးလိုက်ရာတွင် သူကလေးက ဘာပြန်ပြောသည်ကို မသိလိုက်။ နှာခေါင်းထဲသို့ သနပ်ခါးမှုန့်များ လိမ့်၍ဝင်လာသည်ကိုသာ သတိထားမိ၏။
အိမ်ကလေး သိမ့်သိမ့်ခါသွား၏။ ကဲလားကြွသံ၊ အပြေးအလွှားပြေးလာသော ခြေသံတို့ကို ကြားရလေ၏။ ထိုအခါမှ ကိုဒေါင်းသည် “ဧကန္တ တခုခုပဲ"ဟုသိလိုက်၏။ ငေါက်ခနဲ ထထိုင်၏။ ခြင်ထောင်ကို ဖွင့်၏။ မျက်လုံးထဲ၌ မီးပွင့်သွား၏။ မတော်ရသေးသော ယောက္ခမကြီး၏ရက်စက်ကြမ်းကြုတ်သောမျက်နှာထားနှင့် လိုက်လျောစွာ ဝင်းစက်ပြောင်လက်သော ငှက်ကြီးတောင်ဓားကို ပြေး၍မြင်၏။
မီးဖိုဆောင်ထဲသို့ အားသွန်၍ တစ်ဟုန်ထိုး လွှားလိုက်၏။ အဘိုးကြီးလည်း ဓားကိုမိုး၍ ထက်ကြပ်လိုက်၏။ ကိုဒေါင်းလည်း ရှိသမျှအားတို့ကို ဖျစ်ညှစ်ထုတ်ပြီးလျှင် နောက်ဖေးပေါက်မှ တအားခုန်၍အဆင်းတွင် “ဒိုင်း”ခနဲအသံကြီးသည် ပဲ့တင်ထပ်၍ သွားလေ၏။ ငှက်ကြီးတောင်ဓားသည်လည်း တံခါးဘောင်တွင် စိုက်၍နေလေ၏။
အသားလည်း ကောင်း၊ တာရှည်လည်းခံ၏။ ပုံလည်းကျန၏။ ချုပ်ရိုးစိပ်စိပ်နှင့် သေသပ်၏။ ရေလျှော်လိုက်ရလျှင်လည်း အရောင်လွင်၍လာပေမည်။ ဤသို့သောဂုဏ်ပုဒ်တို့နှင့် ပြည့်စုံလှစွာသော အသစ်ကျပ်ချွတ် ဟာမက်ရှားကလေးကား နီမြန်းသောရေနံဆီမီးခွက်၏ အရောင်တွင် နီလွင်သောအဆင်းကိုဆောင်လျက် တောင်ယိမ်းမြောက်နွဲ့ လှုပ်လဲ့လဲ့နှင့် တဖက်သား တအားမဲ့အောင် ထားခဲ့ရော့သလားဟု ညည်းတွားကာနေဘိသည့်အလား ကြောက်အားတော်ပိုပြီးလျှင် ဖိုလှိုက်ဖိုလှိုက်နှင့် ကျန်ရစ်ရှာလေသတည်း။
* * *
“အဲ ဟိုတုန်း နည်းနည်းကလေးများနောက်ကျသွားရင်လေ..”ဟု ဆို၍ ကိုဒေါင်းသည် ဆက်လက်မတွေးဝံ့သောမျက်နှာထားနှင့် ကျောရိုးတစ်လျှောက် ကင်းတက်၍ လျှောက်ဘိသကဲ့သို့ ကိုယ်ကိုတွန့်ခါလိုက်ပြီး စကားကို ရှေ့သို့မဆက်ဘဲ ထားလေ၏။
ကျွန်တော်လည်း “ဒေါ်ဆင် အကြမ်း အကြမ်း” ဟု အော်၍ အကြမ်းတစ်အိုးကို မှာပြန်၏။ “အဘိုးကြီးက မလိုက်ဘူးလားဗျ” ဟူ၍လည်း ကိုဒေါင်းကို မေးလိုက်၏။
ကိုဒေါင်းကား ကျွန်တော့်အမေးကိုမဖြေသေး။ လွန်လေပြီးသောအခြင်းအရာတို့သည် ၎င်း၏စိတ်မျက်စိတွင် မြင်နေရသောကြောင့် မဖြေအား။ အတန်ကြာမှ ကျွန်တော်၏လက်ကိုတို့လျက် “မင်းနှယ်ကွာ သီသီကလေးလိုတော့တယ်။ ဓားကြီးကို ဝဲပြီးလာလိုက်တာဟာ ခေါင်းပြုတ်ပြီးကျန်ရစ်ခဲ့ပြီလို့ အောက်မေ့မိလိုက်တာကလား။ နောက်ပြီးတော့ အဘိုးကြီး နောက်က ထက်ကြပ်ပါလာတယ်လို့ အောက်မေ့တယ်။ ဘာလာနိုင်မလဲကွာ၊ တံခါးပေါင်မှာစိုက်နေတဲ့ ဓါးကို အတော်ဆွဲနှုတ်နေရသေးတာကလား။ မောင်ချစ်လည်း အတော်ကို ကံကောင်းတာပဲ။ အဘိုးကြီးပြေးလာတာကို သူကလဲမြင်။ အဘိုးကြီးကလဲမတွေ့။ တွေ့များတွေ့သွားကြရင် မောင်ချစ်ဓားစာခံပေါ့ကွာ...”ဟုဆို၍ ဒေါ်ဆင်လာချသောအကြမ်းအိုးကို ပန်းကန်းစေ့ ငှဲ့၍ပေးနေလေ၏။
ကိုမောင်ခိုင်သည် ထိုင်ရာမှထ၍ “ဪ၊ ဟာမက်ရှားကြီးနှယ်၊ ကံကောင်းလွန်းလို့ သည်ခေါင်းပြောင်ကြီး ပခုံးနှစ်ဖက်ကြားမှာ တွေ့ရသေးတာပဲနော်”ဟုပြောကာ ကိုဒေါင်း၏ဇက်ကို လက်ဝါးစောင်းနှက်ပြီးသော် ဒေါ်ဆင်အား လက်ဖက်ရည်ဖိုး လှမ်းပေးရင်း ဆိုင်ပေါ်မှ ဆင်းသွားလေ၏။
ကျွန်ုပ်တို့နှစ်ဦးသားမှာ အကြမ်းအိုးနှင့်အတူ ကျန်ရစ်ခဲ့ကြလေ၏။ ကိုဒေါင်း၏အဖြစ်အပျက်တို့ကား အဆုံးသို့မရောက်သေး၊ ဆက်ရန်ရှိသေးသည်ဟူသော အရိပ်နိမိတ်တို့မှာ ကိုဒေါင်း၏စဉ်းစားနေသောမျက်လုံးများတွင် အကွင်းသား ပေါ်၍နေလေ၏။
“အဆုံးတော့ သည်လိုကိုးကွ။ ညောင်လိမ်သားတွေက ကောင်မလေးကို သူတို့ပိုးလို့မရတိုင်း သမီးအကြောင်းတွေကို ဖအေ့ ပြောပြထားတာကိုး။ ဒါတင်မဟုတ်သေးဘူး။ ငါတို့လာချိန်ကိုလည်း အခါပေးထားနှင့်ပြီး တကတဲ ..အဘိုးကြီးကို သူ့သမီးမသိအောင်ခေါ်၊ ကစော်တွေနင်းတိုက်၊ တို့ရောက်ကြောင်းသိတော့မှ လွှတ်လိုက်တာကလား။ တော်တော့်ကို အကြံပက်စက်တဲ့အကောင်တွေပဲဟေ့”
“မောင်ချစ်ဆိုတဲ့မောင်ချစ်ကလည်း ငါ့ကို ဓားနှင့်ခုတ်သံကြားမှ နိုးသတဲ့။ ငါလဲ အိမ်ရှေ့ရောက်တယ်ဆို သူ့အတင်းဆွဲပြီးကွာ စက်ဘီးတောင်မစီးအားတော့ပါဘူး။ လမ်းဒရွတ်တိုက်ဆွဲပြီး သုတ်ကြရတာပါပဲ။ လက်ဦးတော့ အဘိုးကြီးဟာ ခြံအပြင်ဘက်ကို လိုက်လာမှာမဟုတ်ဘူး အောက်မေ့တယ်။ လူသံကြားလို့ လှည့်ကြည့်လိုက်တော့မှ လား လား အဘိုးကြီးက ရှေ့က ဓားကြီးကိုင်လို့၊ ညောင်လိမ်သားတွေက နောက်ကတပြုံကြီး။ တို့က နှစ်ယောက်တည်းဆိုတော့ သူတို့ကို မခံနိုင်ဘူးပေါ့။ နို့ပေမယ့် ဘုရားစူးရပါစေ့ ညောင်လိမ်သားလောက်တော့ကွာ...” ဟုဒေါနှင့်မောနှင့်ပြောကာ လက်ဖက်ရည်ကြမ်းအိုးကိုငှဲ့ပြီး ဆောင့်၍ချလိုက်၏။
ကိုချစ်နှင့်ကိုဒေါင်းတို့ကား ရှေ့သို့တိုးလိုက်၊ တချက်တချက် တန့်၍ခံလိုက်နှင့် တဖြည်းဖြည်း ကိုဖေဘ၏ခြံနားသို့ ရောက်လာ၏။ မိမိတို့၏ရွာသားဖြစ်သူနှင့် နီးလာသည်နှင့်တပြိုင်နက် တအားတက်လာရကာ ကိုဒေါင်းသည် လိုက်လာသူတစ်စုအား “ဟေ့ မင်းတို့ကို မကြောက်လို့ မင်းတို့ဆီလာတာကွ။ ရဲရင် ဟိုအထိလိုက်ခဲ့” ဟုလှည့်၍အော်၏။ လိုက်လာသူတို့ကား ကိုဒေါင်းတို့အနားသို့ ရဲရဲမကပ်ဝံ့ကြ။ တကယ်တမ်းဆိုလျှင်လည်း သတ္တိနည်းသူများမဟုတ်။ ပုပ်၍ပွလုနီးပါး ကျားသေကောင်ကို အမြီးဆွဲဝံ့သူများတည်း။
ကိုဖေဘ၏ခြံဝသို့ရောက်သော် ကိုဖေဘသည် ကစော်မူးမူးနှင့် ယိုင်ထိုးကာ ထွက်လာ၏။ အာလေးလေးနှင့် “ဟေ့ ဘလူတွေလဲကွ၊ အံ မာ ကိုဒေါင်းပါကလား။ ဘာလဲ၊ ဘာဖြစ်လဲ” ဟု မေး၏။
ကိုဒေါင်းလည်းပြောပြ၏။ ကိုဖေဘသည် အကြောင်းကိုသိရသည်နှင့်တစ်ပြိုင်နက် အိမ်ပေါ်သို့ခေတ္တတက်ပြီးလျှင် ပြန်ဆင်းလာ၏။ ကိုဒေါင်းတို့ရှေ့တွင် နှစ်ဖက်ချွန်တံစည်းနှင့် ဓနိခုတ်ဓားနှစ်စင်းကို ပစ်ချလိုက်ပြီးလျှင် “ဟေ့ ဒီကောင်တွေကို ဆော်သာဆော်ကွ။ အားမနာနဲ့” ဟုအားပေး၏။ ပြီးလျှင် ခြံအပြင်ဘက်သို့ ယိုင်ထိုးကာ ထွက်သွားပြန်၏။ လက်နှစ်ချောင်းကို မျောက်လွှဲကျော်ကဲ့သို့လွှဲ၍ “ဟေ့ ညောင်လိမ်သားတွေ ရဲရင်ထွက်ခဲ့။ ဘယ်သူ့မှဗိုလ်မထားဘူးကွ”ဟု လိုက်လာသူတစ်စုအား လှမ်း၍အော်၏။ ကလော်၍တုတ်လိုက်သည်မှာလည်း မကြားဝံ့မနာသာ။
ယောက္ခမလောင်းကြီးက ဦးစီးနာယကပြုသော ညောင်လိမ်သားတစ်စုကား အလျှိုအလျှိုနှင့် ပျောက်ကွယ်သွားကြလေတော့သတည်း။
သုံးဦးသား စကားမပြောဘဲ အမောအပန်း ဖြေ၏။ ကိုဒေါင်းမှာ ဒေါတွေဘာတွေဖောင်းလိုက်ရ၍ ရင်ထဲ၌အတော်ဟာသွားသည်။ ထို့ကြောင့် ကိုဖေဘထံမှ ပုလင်းကပ်ကလေးများ တောင်း၍ မော့၏။
ကိုချစ်ကား ကမူးရှူးထိုးနှင့် အတင်းသာ ပြေးလာခဲ့ရသည်။ တစ်ချက်မျှစိတ်မဆိုးနိုင်။ စိတ်လည်းမညစ်နိုင်။ ကြောက်ရမှန်းလည်း မသိ။ ပျော်စရာအကောင်းသားဟူ၍ပင်ထင်မိ၏။ နဂိုရင်းကပင်လျှင် ဟာသဉာဏ်ရွှင်ရွှင်နှင့် ပျော်ပျော်နေတတ်သူဖြစ်ရကာ ကိုဒေါင်းတယောက် ငါးစာအဟပ်လွတ်၍သွားသည်ကို တွေးမိရင်း ဝမ်းတွင်းက ကျိတ်၍ တခိခိရှိနေ၏။
ရွာသို့ပြန်ကြ၏။ ရွာအဝင်တွင် လမ်းနှင့်ခပ်ကွာကွာ၌ တဲအိမ်ကလေးတစ်ခု တွေ့၏။ ကိုချစ်စိတ်၌ အချက်ပဲဟု တွေးလိုက်၏။ ကိုဒေါင်း၏နားနားသို့ တိုးတိုးကပ်၍ပြောလိုက်၏။ ကိုဒေါင်းက“ဟုတ်လား၊ သူ့နာမည်က ဘယ်သူ..”ဟုမေး၏။
“မဖဲ” ဟုဖြေလိုက်သော ကိုချစ်၏စကားဆုံးသည်နှင့် တချက်တည်း ကိုဒေါင်းသည် တဲကလေးဆီသို့သွား၍ မဖဲအားနှိုးလေ၏။
“မဖဲ၊ မဖဲ၊ ပွဲသွားမယ်လေ။ မောင်ချစ် ပြောထားပြီးဆို”
“ဘယ်ကမောင်ချစ်လဲ၊ ဘာပြောထားတာလဲ။ အချိန်မတော် ဘာလာလုပ်တာလဲဟင်”
“ဟဲ့ ကောင်မနှယ်၊ အချိန်မတော်လာတဲ့ ကိုယ့်ဧည့်သည်ပဲ၊ အိမ်ပေါ်ခေါ်တင်ရောပေါ့”
ဤအသံကား အိပ်မှုန်စုံမွှားနှင့်ပြောလိုက်သော ယောက်ျားသံတည်း။
“တယ် ဒီမအေဟာ ဘာမသိညာမသိနဲ့ နင့်အမေ့လင်မို့ အိမ်ပေါ်တင်ရမှာလား”ဟူသော မဖဲ၏အသံသည် တိတ်ဆိတ်ခြင်းကို ခွင်းလိုက်လေ၏။ လင်မယားနှစ်ယောက် အတိုင်အဖောက် ရန်တွေ့ ကြတော့သတည်း။
ထိုအခါသော်မှ ကစော်ရည်များ စိမ့်၍ယိုနေသော ကိုဒေါင်း၏ဦးနှောက်ထဲတွင် “ငါ့ကို မောင်ချစ် တပတ်ရိုက်တာပဲ” ဟူသော ဉာဏ်အလင်းသည် ထွင်းဖောက်ထွန်းလင်းလာလေရာ ကိုချစ်ဆီသို့ ကပျာကသီပြေးလွှား၍ "မင်း.. တယ်နောက်တဲ့အကောင်ပဲကွာ။ ငါ့အဟုတ်မှတ်လို့” ဟုပြောပြီးလျှင် တဟားဟားရယ်နေသောကိုချစ်ကို အတင်းဆွဲ၍ ရွာထဲသို့ ဝင်လေ၏။
ကွင်းတန်းတွင် ရုံပွဲကလေး တခြိမ့်ခြိမ့်ခံ၍နေသည်။ ကိုဒေါင်းတို့နှစ်ဦးလည်း ပွဲဈေးတန်းသို့ ဝင်၍ ပွဲဈေးစားကြ၏။ အတော်ပင် စားနိုင်ကြသည်။ ကိုဒေါင်းမှာ ဝမ်းအဆာကားပြေပါ၏။ စိတ်အဆာမပြေသေး။ ထို့ကြောင့် ကိုချစ်ကိုလက်ကုတ်၍ ဗိုလ်တဲဘက်သို့ ထွက်လာခဲ့၏။ ကိုချစ်ကား ဗွက်ကြီးတန်းသို့ သွားရန်မှတ်၍ ဘာမျှမမေး။ ကုလားရုံများကိုဖြတ်သည့်အခါမှ စိတ်ထဲ မသင်္ကာသလိုလိုရှိလာ၏။ သို့သော် ကိုဒေါင်းဘာလုပ်ဖို့သွားသည်ကို မရိပ်မိသေး။ မဖဲတို့တဲရှေ့မှာ ရပ်လိုက်မှ ကိုဒေါင်းအခဲမကြေသေးသည်ကို သိရ၍ “ကိုဒေါင်း ဘာလုပ်ဦးမလို့လဲ၊ မလုပ်ပါနဲ့ဗျာ၊ သူ့ဟာသူနေပါစေ”ဟု ဖျောင်းဖျ၏။ ကိုဒေါင်းကား “အိုး ...မဟုတ်တာ ဘာမှမလုပ်ပါဘူးကွ။ ဆေးလိပ်မီးညှိချင်လို့ပါ” ဟု ပြောပြောဆိုဆိုနှင့် ကိုချစ်လက်ထဲမှ ရုန်းထွက်ပြီးလျှင် မဖဲအိမ်ဆီသို့ အတင်းသွားလေ၏။
မဒမသားကို အလုံးလိုက်ခင်းထားသော ဖိနပ်ချွတ်အထက် မြင်းကသားခွဲခြမ်းကို လုပ်ထားသော ခါးပန်းပေါ်သို့ ခေါင်းအုံး၍ မဖဲ၏ယောက်ျားသည် ရန်ဖြစ်ရသည်မှာ မောမောရှိသည်နှင့် တအောင့်တနားလှဲရင်း ဆေးပြင်းလိပ်ကို စည်းစိမ်နှင့်ဖွာနေလေသည်။ စောစောက ထူးဆန်းစွာဝင်လာသူနှစ်ဦးတို့၏အကြောင်းကိုလည်း စဉ်းစား၍နေဟန်တူသည်။ ကိုဒေါင်းလည်း လှဲနေသူ၏အနီးသို့ရောက်သော် “ဗျို့ဆရာကြီး၊ မီးတစ်တို့လောက် ပေးစမ်းပါ ” ဟု ဆေးလိပ်တိုကို တောင်း၏။
သဘောကောင်းသော မဖဲယောက်ျားသည် အချိန်မတော်ဝင်လာသူ၏ဇာစ်မြစ်ကို ပထမမေးမြန်းပြီးမှ ဆေးလိပ်မီးကိုပေးရမည့်အစား ဆေးလိပ်မီးကို အရင်ပေးလိုက်ပြီးမှ “မိတ်ဆွေက ဘယ်ကတုံး” ဟုမေး၏။
ကိုဒေါင်းသည် ဘာမျှပြန်မပြော။ ဆေးလိပ်ကိုသာ အတွင်ညှိ၏။ ပြီးလျှင် ဆေးလိပ်ကိုပြန်ပေး၏။ မဖဲ၏ယောက်ျားက လှမ်းယူ၏။ ကိုဒေါင်းလည်း လက်တွင်စွဲကိုင်လာသော ကိုဖေဘခြံမှ ဆွဲလာသည့် တုတ်တိုကို လက်ဖြင့်ဆ၏။ လက်ဝါးသည် ခွေးလေးသီးဆုပ်မိသလို ဖြစ်လာ၏။ မဖဲယောက်ျားလည်း ဆေးလိပ်ကိုပြန်၍ခဲပြီးလျှင် ဆေးလိပ်ဝင်ညှိသူအား နောက်ထပ်အရေးလုပ်နေစရာ အကြောင်းမမြင်သောကြောင့် ခါးပန်းပေါ်ကို လက်နှစ်ဖက်ယှက်ကာ မှောက်လိုက်၏။ ကိုဒေါင်းသည်လည်း သားသတ်သမားရှေ့တွင် ဇက်စင်းပေးသော အမဲကဲ့သို့သော မဖဲ၏ခင်ပွန်းဖြစ်အင်ကို ကျေနပ်နှစ်ခြိုက်စွာကြည့်ရင်း ဆလျက်နေသောတုတ်ဖြင့် ခပ်ဆတ်ဆတ် “အုပ်"လိုက်၏။
“ဇက်ကိုတည့်တည့်ကြီး အုပ်မိတာပဲကွ၊ ဗြုန်းကနဲမအော်လို့ ကိုယ်ကတောင် လက်များလွန်သွားသလားလို့ နောက်မှ ဝူးဝါးဝူးဝါးနဲ့ မဖဲကို နှိုးသံကြားတော့မှ မောင်ချစ်က ငါ့ကိုအတင်းဆွဲပြီး ရွာထဲ စွတ်ပြေးတာကိုးကွ။ ကုလားရုံအလွန် ဗိုလ်တဲလမ်းထိပ်လည်းရောက်ကရော တကတဲ ဌာနအုပ်ဦးရွှေနဲ့လဲ သွားပြီး တိုးမိပါလေရောဗျာ။ ဘယ်အချိန်ကများ ရောက်နေသလဲမသိပါဘူးကွာ။ စာတိုက်ဟောင်းလမ်းထဲ ထွက်လာပါလေရော။ တို့ကိုမြင်တယ်ဆိုရင်ပဲ 'ဟေ့ ကောင်ကလေးတွေ ... နင်တို့ဘာလုပ်လာတယ်ဆိုတာ ငါမသိဘူး အောက်မေ့သလား။ ညှိုးသူရန်ဖက်လဲမဟုတ်ဘဲနဲ့ ဘယ့်နှယ်လုပ်လိုက်ကြတာလဲကွာ။ ကဲ ကဲ မောင်မင်းကြီးသားတို့ ပြန်အိပ်ပါတော့' ဆိုပြီး တို့ကို ခြံအထိလိုက်ပို့တာကိုး”
“အဲဒါ နှစ်ရက်သုံးရက် လွန်သွားရော ဆိုပါတော့ကွယ်။ နို့ပေမဲ့ဟေ့ စိတ်ဆာတာ ပျောက်ပဲမပျောက်နိုင်ဘူးဟ”
“ဆာလွန်းလှချည့်ကလား ကိုဒေါင်းရယ်။ သည့်လောက်တောင် ဖြစ်ရင်လဲ အကြမ်းကလေး သောက်လိုက်ပါဦး”ဟု ပြောကာ ကျွန်တော်လည်း အကြမ်းတစ်ပန်းကန်ငှဲ့ပေးပြန်၏။
“တယ် ဒါနဲ့။ နောက်ပွဲတစ်ချီအသွင်းမှာ သူလာမယ် သတင်းကြားတာနဲ့ စောင့်နေတာကိုး။ သူက ငါ့ဟာမက်ရှားအင်္ကျီကို ပွဲလာကြည့်တိုင်း ငါနဲ့ တွေ့ရင် ပြန်ပေးဖို့ ယူလာတာကိုး။ အဲဒီတခါလဲ သည်လိုပဲ ရှပ်အင်္ကျီကလေးကို ချိုင်းကြားညှပ်ပြီးပါလာလို့ ငါနဲ့တွေ့တော့ ပြန်ပေးတယ်။ သူ့ဖအေကြီးက ခပ်လှမ်းလှမ်းမှာမို့ စကားတောင် မပြောလိုက်ရဘူး။ အဲဒီလိုစကားမပြောလိုက်ရလေ စိတ်ထဲကဆာလေပေါ့ကွယ်”
“မင်းတို့ငယ်ငယ်တုန်းက ဟောဒီဈေးတစ်ဝိုက်ဟာ ပိန်းတောကြီးပေါ့။ ညညဆိုရင် မည်းနေတာပဲ။ တညတော့ တို့ခြံကို အဲဒီလမ်းချိုးက ဖြတ်ပြန်တာပေါ့။ ဈေးလမ်းကလေးချိုးမိလို့ တစ်လှမ်း နှစ်လှမ်းလဲလှမ်းမိရော နောက်က လူသံကြားတာနဲ့ လှည့်ကြည့်လိုက်တော့ လား လား ယောက္ခမလောင်းကြီး ညောင်လိမ်အပြန် ကုပ်ကုပ်ကုပ်ကုပ်နဲ့ လျှောက်လာတာတွေ့တာကိုး။ တို့ကာလသားတုန်းကဆိုရင် လက်ထဲ တုတ်အမြဲဆောင်ထားတာကလား။ ဒါနဲ့ ငါက ကော်ပေါက်တိုးမိပြီဟေ့ဆိုပြီး (အဘိုးကြီးကတော့ ငါမှန်းမသိဘူးပေါ့လေ) တုတ်ကလေး ချိုင်းကြားကညှပ်ပြီး ဦးခန္တီအိမ်အလွန်နားကို ခပ်သုတ်သုတ်သွားတာပေါ့။ မှောင်ရိပ်လဲနင်းမိရော သရက်ပင်အို တစ်ပင်အောက် ဝင်ကပ်ပြီး ယောက္ခမကြီးအလာကို ကျကျနန စောင့်နေတာပေါ့”
ကိုဒေါင်းသည် ခြေတွဲလောင်းချ၍ထိုင်နေရာမှ ခွေးခြေကလေးပေါ်သို့ ခြေကိုရုပ်၍ တင်လိုက်ပြီးလျှင် ဆောင့်ကြောင့်ထိုင်လိုက်၏။ ၄င်းဝတ်ထားသော ရှပ်အင်္ကျီ၏လက်ကို ပခုံးပေါ်သို့ရောက်လုနီးအောင် လိပ်၍လိပ်၍ တင်၏။
“လာတာပါပဲဟေ့၊ ယောက္ခမကြီးက ကုန်းကုန်းကုန်းကုန်းနဲ့ ငါ့ရှေ့လဲ ဖြတ်သွားရော အသာလေး နောက်ကလိုက်၊ ကျကျနန ချိန်၊ တအားလွှဲပြီး ....”
ဤနေရာ၌ ကိုဒေါင်းသည် မာန်ပါပါနှင့် ၄င်း၏လက်နှစ်ဖက်ကို စုံမြှောက်၍ ပြ၏။ ထို့နောက်ဆက်၍ “တွယ်လိုက်တာ....”ဟု ဆိုရင်း အကြမ်းအိုးကြီးကို ယောက္ခမလောင်းကြီးသဏ္ဌာန်ထား၍ ‘အုပ်'ပြလိုက်ရာ “ပိန်းတောကြီးထဲ စိုက်ဆင်းသွားတာပဲ”ဟူသော နိဂုံးကမ္ပတ်အပြီးသတ်စကားတွင် အကြင်သို့သောယောက္ခမလောင်းကြီးသည် စားပွဲပေါ်မှ အောက်သို့ ဂွမ်ဂွမ်နှင့်အော်ကာ ဒလိမ့်ခေါက်ကွေး ကျသွားလေ၏။
-----------------------
#မောင်ထင်
Comments
Post a Comment