လူရွှင်​တော်

#နေမျိုး
#လူရွှင်တော်

မရယ်ရတဲ့ပြက်လုံးတွေနဲ့ ကြီးပြင်းခဲ့ရသူကလေး
ကိုယ် မင်းကို
ရယ်ရွှင်ဖွယ်တွေပြောပြမယ်။

ကိုယ့်ကဗျာတွေဖတ်ပြီး အနည်းဆုံး
ရယ်မောနိုင်အောင်ပဲဖြစ်ဖြစ်
ကျွန်မ မရယ်ဘဲနေမယ်လို့ ကတိမပေးနဲ့
ကိုယ်ဟာ မင်းအတွက်
ရယ်စရာတခုထက် ပိုပါတယ်။

မင်းကို ရယ်စရာတွေပြောပြတဲ့အခါ
နားနှစ်ဖက် ပိတ်ထားချင်ထား
မင်းမကြားနိုင်ပေမယ့်
ရယ်ချင်မှာပါကွာ။

ရှေးလူရွှင်တော်ကြီးတွေဟာ
ဘာစကားမှမပြောဘဲ
စင်ပေါ်မှာရပ်လို့ ငြိမ်နေရင်တောင်
ရယ်စရာကောင်းသတဲ့
ကိုယ် မမြင်ဖူးပေမယ့်
အဲသလို မင်းကိုရပ်ပြမယ်
အဆွေးသမားကြီးတယောက်အိုက်တင်မျိုးနဲ့ပဲ ဖြစ်ဖြစ်ပေါ့။

ကိုယ်ဟာ
ရယ်စရာကောင်းတဲ့ညစာတနပ်ကို ကမ္ဘာမှာ
ပထမဆုံး စားဖူးသူပါ
ဒီအကြောင်း မင်းကိုပြောပြမယ်
ရယ်ရွှင်ဖွယ်...။

မင်းက နားနှစ်ဖက်ကို ပိတ်ချင်ပိတ်ထား
မရယ်ရတဲ့ ပြက်လုံးတွေနဲ့ ကြီးပြင်းခဲ့ရသူကလေး
မင်းရယ်တာ သိပ်လှတယ်လို့
ကိုယ်ကြားဖူးတယ်။

တခုပဲကွယ့်
ရယ်ရွှင်ဖွယ်တွေ
ကိုယ်က ပြောပြတဲ့အခါမှာ
ကိုယ့်ကိုကြည့်ပြီး
မင်းမျက်ရည် မလည်စေချင်တာ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)