ငှက်က​လေး (အပိုင်း-၈)

#ငှက်ကလေး

အပိုင်း(၈)

ကျောင်းစဖွင့်သောနေ့တွင် မနက်အစောကြီးထဲက ကိုယ် ကျောင်းရောက်နေသည်။ ခဏကြာတော့ သူငယ်ချင်းတွေလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ အကြာကြီး လူမစုံဘဲနေပြီးမှ ခုလို တစ်စုတစ်ပေါင်းတည်း ပြန်ဆုံရသောအခါ ပျော်စရာတော်တော်ကောင်းပါသည်။ ကျောင်းပိတ်ရက်တုန်းက အကြောင်းတွေကို ပြန်ပြောကြရာ တစ်ယောက်တစ်ပေါက် ဆူညံနေပါတော့သည်။ ဘယ်သူ့စကားကို နားထောင်ရမည်မှန်းပင် မသိ။ နောက်ဆုံး တစ်ယောက်တစ်လှည့်စီ ပြောကြခိုင်းတော့မှ အဆင်ပြေသွားသည်။ အားလုံးပြောကြသည့်အထဲတွင် လူတိုင်းစိတ်ဝင်စားသောအကြောင်းမှာ  ကိုယ့်အကြောင်းဖြစ်သည်။ အေးကြည်၊ မောင်ပါတို့နှင့် ငှက်ပစ်ထွက်သည့်အကြောင်းဖြစ်ပါသည်။

ဂျွန်ဆင်က နောက်တစ်ခါသွားလျှင် သူလည်း လိုက်မည်ဟု ပြောသည်။ ကိုယ့်စိတ်ထဲတွင် နောက်တစ်ခါ အေးကြည်တို့နှင့် လျှောက်မသွားတော့ဘူးဟု ဆုံးဖြတ်ထားသည်ကို သူတို့အား မပြောဘဲ နေလိုက်သည်။ တင်အောင်ခိုင်ကမူ ဂျွန်ဆင့်ကို အပြတ်ဟားလေသည်။

“ဟား ..ဟား... မင်းလား ငှက်ပစ်ထွက်မယ့်ကောင်၊ ဂျွန်ဆင်ရာ ကြည့်လည်း လုပ်ပါဦး၊ ငါ တီကောင်နဲ့ လိုက်တို့တာတောင် ကြောက်လို့ အော်ငိုတဲ့ကောင်ကများ”

“ဟ.. တီကောင်ကတော့ ရွံစရာကြီးကိုးကွ”

“ဒါဆို မင်းက လေးဂွကော ပစ်တတ်လို့လား”

“ပစ်တတ်တာပေါ့ကွ၊ ငါ့အိမ်မှာ လေးဂွတောင် ရှိသေးတယ်”

"မင်းအစ်ကိုဟာ မဟုတ်လား”

"ဖွတ်တဲ့မှပဲ၊ ငါ့မှာ အစ်ကိုမှ မရှိဘဲ၊ အစ်မတွေပဲ ရှိတယ်”

“ဟုတ်လား၊ ပိုင်တာပဲကွ”ဟု တင်အောင်ခိုင်က ပြောသည်။ ဂျွန်ဆင်က တင်အောင်ခိုင့်ကို “မင်းမယုတ်နဲ့နော်” ဆိုပြီး လက်မောင်းကို တစ်ချက်ထိုးသည်။

“အဲဒါ...."ဟု ပြောပြီးမှ သူ့ပြောလက်စ စကားကို မေ့သွားသဖြင့် ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားသည်။ ဂျွန်ဆင် ခေါင်းကုတ်နေ၏။

"အင်း ... ဟိုဥစ္စာကွာ”

“လေးဂွ... လေ"

မီးမီးက ဝင်ပြောသည်။

“အေး ... လေးဂွ လေးဂွ၊ ငါ့ဆီမှာ လေးဂွရှိတယ်၊ ကျွဲချိုကွ၊ ငါ့ခေါင်းအုံးအောက်မှာ အမြဲတမ်း ထားအိပ်တာ၊ ဖန်ဂေါ်လီ သုံးလုံးလည်း ရှိတယ်”

ကစ်တီက "ဟင် ခေါင်းအုံးအောက်မှာ ဘာကြောင့် ထားအိပ်တာလဲ၊ အိပ်မက်ကောင်းကောင်း မက်အောင်လို့လား"ဟု ဝင်မေးသည်။

"ဘာ... ဘယ်ကလာ၊ နင်ကလည်း ညဘက် သူခိုးတွေ ဘာတွေလာရင် ပစ်ဖို့ပေါ့ဟ”

တင်အောင်ခိုင်က “ခွီးခွီး” ဆိုပြီး ရယ်လိုက်သည်။

“သူခိုးပစ်ဖို့ ဟုတ်လား”

"အေးပေါ့ကွ”

တင်အောင်ခိုင်က သူ့ခါးကို သူဘာသာသူ ကလိထိုးပြီး "ဟာ ဟား ရယ်ရတယ်၊ ဟား ဟား ရယ်ရတယ်” ဆိုပြီး တွန့်လိမ်၍ ရယ်နေသည်။

"တင်အောင်ခိုင် ဘာပေါက်တာလဲ "ဟု မိခိုင်က ဝင်ပြောသည်။

"ဟားဟား မင်းလား သူခိုးကို လေးဂွနဲ့ပစ်မှာ၊ မနက် မနက် ကျောင်းသွားချိန်အမီ အိပ်ရာက ထဖို့တောင်မှ မင်းတို့အမေက အတင်းနှိုးနေရတဲ့ကောင်ကများ သူခိုးဖမ်းမလို့တဲ့ ဟား ဟား”

“မင်းနော် မင်း"

ဂျွန်ဆင်က တင်အောင်ခိုင့်ကို လိုက်ထိုးသည်။ တင်အောင်ခိုင်က ကိုယ်တို့ကြားထဲမှာ ကွေ့ပတ်ပြေးသည်။ ပြေးရင်းက ကစ်တီ၏နောက်မှာ သူသွားကွယ်သည်။ ကစ်တီနောက်ကနေ ခေါင်းကို ဟိုဘက်က ထုတ်လိုက်၊ ဒီဘက်ကထုတ်လိုက် လုပ်ပြီး စသည်။ ဂျွန်ဆင်က ဝင်မလိုက်သေးဘဲ ချောင်းနေသည်။ နောက်မှ လှစ်ခနဲ ဝင်ဖမ်းသည်။ တင်အောင်ခိုင်က ကစ်တီကို နောက်ကနေ အသာတွန်းပေးလိုက်ပြီး ပတ်ပြေးသွားသည်။ အတင်းဝင်လာသော ဂျွန်ဆင်နှင့် ကစ်တီတို့ ဝင်တိုက်မိကြလေသည်။ ကစ်တီက ရှက်ပြီး ဂျွန်ဆင့်ကို ပိတ်တွန်းလိုက်ရာ ဂျွန်ဆင် ဖင်ထိုင်လျက် ကျသွား၏။ အားလုံး ဝိုင်းရယ်ကြသည်။ ဂျွန်ဆင်ကလည်း ရှက်ကိုးရှက်ကန်းနှင့် ထလာပြီး ဖင်မှာပေနေသော သဲတွေကို ခါနေသည်။ တင်အောင်ခိုင့်ကိုလည်း “မင်းသိမယ် မင်း”ဟု လှမ်းကြိမ်းလိုက်သေးသည်။

“တော်ကြတော့ဟယ်”

မိခိုင်က ပြောသည်။ ပြီးတော့ ကိုယ့်ဘက်လှည့်၍ "နင် နောက်ကို အဲဒီလို ငှက်ပစ်တာတွေ ဘာတွေ မလုပ်နဲ့ “

"ဘာဖြစ်လို့လဲ”

“သူများအသက်သတ်တာ မကောင်းဘူး"

“ဘာဆိုင်လို့လဲ၊ ကိုယ်ပစ်တာမှ မဟုတ်ဘဲ”

"ဘာထူးလို့လည်းဟ၊ နင်ပါ လိုက်သွားတယ်ဆိုတော့ ငရဲကြီးစရာရှိရင် နင်ပါ ပါမှာပဲ”

"ဟင်... အဲဒါဆို နင်တို့လည်း ငရဲကြီးမှာပေါ့"

“ဘာဖြစ်လို့လဲဟဲ့" ဟု မီးမီးက ဝင်မေးသည်။

“ဘာဖြစ်ရမှာလဲဟ၊ နင်တို့လည်း ကြက်သားတို့ ငါးတို့ စားတာပဲ မဟုတ်လား"

'အသေကို ဝယ်တာပဲဟာ"

“ဒါပေမယ့် နင်တို့ စားဖို့အတွက် သတ်တဲ့လူတွေက သတ်ပေးရတာပဲ မဟုတ်လား”

ဦးလေးမောင်မောင်ကြီး တစ်ခါက ပြောဖူးသည့်အတိုင်း ပြောပြလိုက်သည်။

“အဲဒါဆို တစ်ကမ္ဘာလုံး ငရဲမကြီးတဲ့လူ ဘယ်ရှိတော့မှာလဲ”

ဇော်ဝင်းက ခုမှ ဝင်ပြောသည်။

“ရှိတာပေါ့ကွ၊ သတ်သတ်လွတ်စားတဲ့ ဘာဘူကုလားကြီးတွေ ငါတို့အိမ်အနားမှာ ရှိတယ်”

ဂျွန်ဆင်က ပြောသည်။

ကစ်တီက“တော်စမ်းပါဟယ်၊ ကိုယ် နားမလည်တာတွေ မပြောကြစမ်းပါနဲ့၊ လာကြ သွားကြမယ်။ ကျောင်းတက်တော့မယ်”

* * *

တင်အောင်ခိုင်နှင့် ဂျွန်ဆင်သည် လက်လှဲနေကြသည်။ ခါတိုင်းကတော့ တင်အောင်ခိုင်ပဲ အမြဲနိုင်သည်။ ဒီတစ်ခါတော့ ဂျွန်ဆင်က ဖိထားနိုင်သည်။ တစ်ချက် တစ်ချက်တွင် တင်အောင်ခိုင့်ဘက်သို့ ယိုင်ယိုင်ကျသွားသည်။ ဂျွန်ဆင်သည် သူအမြဲရှုံးနေသဖြင့် ကိုယ်တို့ ဝိုင်းနောက်ကြသည်ကို မခံနိုင်ဖြစ်ပြီး အတင်းကြိတ်နေခြင်း ဖြစ်သည်။ ပြီးတော့ သူက ခုရက်ပိုင်းမှာ အားဆေးတွေ ဘာတွေလည်းစား နေ့တိုင်းလည်း နွားနို့သောက်ထားသည်ဟု ကိုယ့်ကို တိုးတိုးကလေး လာပြောထားသည်။

ပြောမယ့်သာ ပြောရသည်။ ကိုယ်သည် သူတို့နှင့် တစ်ခါမျှ လက်မလှဲဘူးပါ။ ကိုယ်သည် လက်သိပ်အားမသန်ကြောင်း ကိုယ့်ဘာသာ သိသည်။ အစကတော့ ကိုယ့်ကိုယ်ကို မကျေနပ်ချေ။ ကိုယ်သည် ပိန်လည်း ပိန်သည်။ အားလည်း သိပ်မရှိ။ သူများတွေနှင့်ယှဉ်လျှင် ကိုယ်က ​ပျော့နေတတ်လေသည်။ သို့သော်လည်း တီချာမေက ကိုယ့်ကို ပြောဖူးသည်။

“လောကမှာ ကိုယ်ခန္ဓာအားကြီးဖို့ထက် ဉာဏ်ပညာအားကြီးဖို့က ပိုအရေးကြီးတယ်၊ ညီညီက ဦးနှောက်သိပ်ကောင်းတာ၊ ဒါကြောင့် စာတော်တာပေါ့"တဲ့။

ထိုအခါမှစ၍ ကိုယ် သိပ်အားမငယ်တော့။ ပြီးတော့ ကိုယ်သည် ပိန်ပင်ပိန်သော်လည်း တကယ့်တကယ် အရေးကြုံလာလျှင် သတ္တိရှိကြောင်း ကိုယ့်ဘာသာ သိခဲ့ပြီ။ အုန်းသီးကို မကြောက်ဘဲ ပြန်ထိုးခဲ့သည်ကို ကြည့်ပါလား။

"ဂျွန်ဆင်ကွ”

ဇော်ဝင်းက ထအော်လိုက်သည်။ ကိုယ်ကြည့်လိုက်သောအခါ ဂျွန်ဆင့်လက်တ တင်အောင်ခိုင့်လက်ကို အတင်းဖိချနေသည်ကို တွေ့ရသည်။ တင်အောင်ခိုင့်လက်သည် စားပွဲကိုထိဖို့ တစ်ထွာလောက်သာ လိုတော့သည်။ သူက အတင်းပြန်လှန်ဖို့ ကြိုးစားနေသည်။ သူ့မျက်နှာသည် ရှုံ့မဲ့နေ၏။ ဂျွန်ဆင်က အံကြိတ်ပြီး ဆတ်ခနဲ ချလိုက်ရာ တင်အောင်ခိုင့်လက် စားပွဲပေါ် ကျသွားသည်။

“ဟေး... ဂျွန်ဆင်နိုင်ပြီကွ”

ဂျွန်ဆင်သည် ရင်ကိုကော့ပြီး ခါးထောက်ထားသည်။ သူနိုင်သဖြင့် ဝမ်းသာနေပုံရသည်။ တင်အောင်ခိုင်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရင်းက“ငါက မနက်တုန်းက သုံးခါတောင် ချီးတွေပါထားလို့ အားနည်းနေလို့ပါကွ”

“ဟေ့ကောင်... ခုမှ အရှက်ပြေမပြောနဲ့၊ ခုတော့ ငါ့ကို ငယ်နိုင်ပါကွဆို၊ မင်းပဲ”

“အို... ဆယ်ခါ တစ်ခါပါကွာ၊ မင်းနိုင်တာ”

"ဘာပဲဖြစ်ဖြစ် ခု ငါနိုင်တာက နိုင်တာပဲ”

သူတို့နှစ်ယောက် ငြင်းနေတုန်း တီချာမေ ဝင်လာသောကြောင့် ကိုယ့်နေရာကိုယ် ပြေးကြရသည်။ ရောက်တော့ တီချာမေ့ကို"မင်္ဂလာပါ ဆရာမ"ဟု နှုတ်ဆက်ကြသည်။ တီချာမေက ပြန်နှုတ်ဆက်ပြီး ထိုင်ကြရသည်။ ကျောင်းခေါ်ချိန် နာမည်စာရင်း ခေါ်သည်။ နောက် တီချာမေ စာသင်လေသည်။ တီချာမေစာသင်လျှင် ဘယ်တော့မှ ပျင်းစရာမကောင်းပါ။ တီချာမေ သင်နေသည်ကို ကြည့်ရင်း ကိုယ်တို့အတန်းသားတွေပါ စိတ်ဝင်စားလာ တတ်သည်။ ကိုယ်ဖြင့် တီချာမေ့အချိန် ကုန်သွားမည်ကိုပင် စိုးမိသေးသည်။ တီချာမေက ကိုယ်ရဲ့ အချစ်ဆုံးဆရာမ မဟုတ်လား။

တီချာမေက စာဆို စာတစ်ခုတည်း သင်တာမဟုတ်။ ဗဟုသုတ ဖြစ်စရာတွေလည်း ကြားညှပ်၍ ပြောတတ်ပါသည်။ စာသင်နေရင်းက ကိုယ်တို့ကျောင်းသား ကျောင်းသူတွေ နည်းနည်းပျင်းလာပြီဟု ထင်လျှင် ရယ်စရာတွေ ဘာတွေ ပြောပြတတ်သည်။ ထိုအခါ အိပ်ချင်နေသူတွေပင် မျက်လုံးကျယ်ပြီး ပျော်လာတတ်ပါသည်။ ခုလည်း တီချာမေသည် မြန်မာသဒ္ဒါအကြောင်း သင်နေရင်းက မြန်မာစာရေးသားရာတွင် ဂရုစိုက်ရမည့်အချက်တွေကို ပြောပြလေသည်။ ။

“စာစီစာကုံးရေးတဲ့အခါကျရင် တချို့က ခေါင်းစဉ်တပ်တဲ့အခါ ပန်းချီဆန်ဆန်ရေးကြတယ်၊ အဲဒါမျိုး မလုပ်ရဘူး၊ ခေါင်းစဉ်ကို မျက်တောင် အဖွင့်အပိတ်တပ်တာတို့၊ အောက်က မျဉ်းတားတာတို့လည်း မလုပ်ရဘူး။ ခေါင်းစဉ်နောက်မှာ ပုဒ်မ မတပ်ရဘူး။ အဲ ဝါကျတစ်ကြောင်း ဆုံးပြီဆိုရင်တော့ ပုဒ်မချဖို့ မမေ့ကြနဲ့။ ပုဒ်ဖြတ်ကိုလည်း သူ့နေရာနဲ့သူ ထည့်တတ်ရမယ်။ မြန်မာစာရေးသားရာမှာ အရေးကြီးဆုံးကတော့ သတ်ပုံမှန်ကန်ဖို့နဲ့ စာလုံးကို ပီပီသသ ရေးဖို့ပဲ။ လက်ရေးလှရုံပဲ မပြီးဘူးကွယ့်။ ရှင်းအောင် ရေးတတ်ဖို့နဲ့ ပီသဖို့လည်း လိုတယ်။ စကားစပ်မိလို့ မင်းတို့ကို ပြောပြရဦးမယ်”

တီချာမေသည် မြေဖြူကို ကောက်ယူ၍ ကျောက်သင်ပုန်းပေါ်မှာ အင်္ဂလိပ်စာတစ်ကြောင်းကို ရေးလိုက်သည်။

HANG HIM NOT, LET HIM GO.

“အဲဒါကတော့ ရှေးတုန်းက အင်္ဂလန်ပြည်မှာဖြစ်တဲ့ အကြောင်းတစ်ခုပဲ။ ပြစ်မှုတစ်ခုနဲ့ အဖမ်းခံနေရတဲ့ လူတစ်ယောက်အတွက် အမိန့်ချလိုက်တဲ့စာပဲ။ အဓိပ္ပာယ်ကတော့ သူ့ကို ကြိုးပေးမသတ်နဲ့၊ လွှတ်လိုက်ပါတဲ့။ HANG ဆိုတာ ကြိုးပေးသတ်တာကို ပြောတာ။ အဲဒီလူမှာ အပြစ်မရှိလို့ လွှတ်လိုက်တဲ့ သဘောပေါ့။ ဒါပေမယ့် အဲဒီအမိန့်ကို စာနဲ့ရေးရတဲ့လူက ကော်မာကို သူ့နေရာနဲ့သူ မထည့်ဘဲ မှားထည့်ရေးမိရော၊ ဘယ်လိုဖြစ်သွားသလဲ ဆိုတော့ "

တီချာမေသည် NOT နောက်က ကော်မာကို ဖျက်ပြီး NOTရှေ့ မှာ ရေးပြလိုက်သည်။

"အဲဒီတော့... ကြည့်စမ်း၊ ဘယ်လောက် အဓိပ္ပာယ်ပြောင်းသွားသလဲ၊ Hang Him, Not Let Him Goဆို​တော့ အဓိပ္ပါယ်က သူ့ကို ကြိုး​​ပေးသတ်လိုက်၊ မလွှတ်နဲ့လို့ ဖြစ်သွားရတယ်။ တွေ့လား၊ ကော်မာလေး တစ်ခုပေမယ့် ဘယ်လောက် အရေးပါသလဲ။ သူ့နေရာနဲ့သူ မထားမိဘဲ ရှေ့နဲ့နောက် မှားသွားရုံနဲ့ အဓိပ္ပာယ်ဟာ လုံးဝဆန့်ကျင်ဘက်ဖြစ်သွားတာပဲ။ တို့ မြန်မာစာမှာလည်း ရှိတယ်"

တီချာမေသည် ကျောက်သင်ပုန်းပေါ်မှ စာကို ဖျက်မည်ဟု ဘောဖျက်ကို ကိုင်ပြီးမှ မဖျက်သေးဘဲ "ကူးချင် ကူးထားကြ၊ နေဦး၊ ပထမတစ်မျိုး ရေးပေးဦးမယ်” ဆိုပြီး အပေါ်မှ တစ်ကြောင်း ထပ်ရေးပေးသည်။ ကော်မာကို Not နောက်မှာ တပ်သည်။

“ကူးပြီးပြီလား ဟေ့”

“ပြီးပါပြီ”

တီချာမေ ဆက်သင်မည်အပြုတွင် ရှေ့တန်းက သန်းမြင့် မတ်တပ်ရပ်လိုက်သည်။ တီချာမေက သူ့ကို လှမ်းကြည့်သည်။

“ကျွန်တော် တစ်ခု မေးချင်လို့ပါ တီချာ”

“မေးလေ မောင်သန်းမြင့်”

“ဟို ...”

သန်းမြင့်သည် ထုံးစံအတိုင်း သူ့နှာခေါင်းကို ပွစိ ပွစိ လုပ်နေသေးသည်။ ဒါကြောင့် သူ့ကို ပွစိလို့ ခေါ်ကြတာ။

“ဟို .. ခုန ပြောတဲ့အထဲမှာ အဲလို စာရေးတာ မှားသွားတော့ ဖမ်းထားတဲ့လူကို သစ်ပစ်လိုက်ရောလား မသိဘူး”

တီချာမေက ပြုံး၍... "အေး ... ဟုတ်သားပဲ၊ တီချာပြောဖို့ မေ့သွားတယ်၊ အေးကွယ့်၊ အဲဒီစာကို ထောင်ထဲသွားပို့တော့ ထောင်က တာဝန်ရှိတဲ့လူတွေက အဲဒီလူကို ကြိုးပေးပြီး သတ်လိုက်ကြတာပေါ့။ ကော်မာလေးတစ်ခု အတပ်မှားသွားတာနဲ့ အပြစ်မရှိတဲ့လူတစ်ယောက် အသက်ဆုံးရှုံးသွားရရှာတယ်”

ကိုယ် ထိုအသတ်ခံရသောသူကို သိလည်း မသိ။ မြင်လည်း မမြင်ဘူးပါဘဲနှင့် သနားသွားမိလေသည်။

"ကဲ... ဘာမေးကြဦးမလဲ”

“မမေးပါဘူး တီချာ”

ဝိုင်းအော်ကြလေသည်။ ကိုယ်ကတော့ လိုက်မအော်ချေ။ တီချာမေက ကိုယ့်ကို လှမ်းကြည့်ပြီး မေး​ငေါ့ပြသည်။ ကိုယ်တစ်ခုခု မေးချင်နေသည်ကို အရင်ကလိုပင် တီချာမေ သိနေ၏။ ကိုယ် မတ်တပ်ရပ်လိုက်ပြီး “ကိုယ် တစ်ခုမေးမလို့” တီချာမေက ခေါင်းညိတ်ပြသည်။

“ခုန တီချာမေ ပြောတဲ့ထဲမှာ အမိန့်စာကို လိုက်ရေးရတဲ့လူက မှားရေးမိတယ် မဟုတ်လား၊ အဲဒီစာကို ရေးဖို့ အမိန့်ပေးတဲ့လူက သေသေချာချာ ပြန်ဖတ်ပြီး မစစ်ဆေးကြည့်ဘူးလား”

တီချာမေသည် သွားပေါ်အောင်ပင် ပြုံးရင်း ခေါင်းတညိတ်ညိတ် လုပ်နေသည်။

“အေး ... ညီညီပြောတာ မှန်တယ်၊ အမိန့်ချတဲ့လူက အမိန့်စာကို သေသေချာချာ စစ်ဆေးသင့်တာပေါ့၊ ခုတော့ မစစ်ဆေးဘဲ ပေါ့ပေါ့ဆဆလုပ်လိုက်မိလို့ ခုလိုဖြစ်သွားတာပေါ့၊ ဒါကြောင့် တီချာ မကြာခဏ ပြောတာ၊ ဘယ်အရာမဆို ပေါ့ပေါ့ဆဆ မလုပ်ရဘူးလို့၊ စာမေးပွဲဖြေတဲ့အခါမှာလည်း ကိုယ်ဖြေထားတာ မှန်မမှန် ပြန်စစ်ဆေးရမယ်လို့ ပြောတာပေါ့”

တီချာမေက လက်နှင့်ပြ၍ ထိုင်ခိုင်းသည်။ ကိုယ်သည် ပြီးခဲ့သော ပထမအစမ်းစာမေးပွဲတုန်းက အကြောင်းကို သတိရ၏။ သင်္ချာတစ် ဖြေတုန်းက ဖြစ်သည်။ မေးခွန်းက လွယ်လွယ်လေး၊ မီးရထားလမ်းခင်းရန်အတွက် သံလမ်း၏တစ်ပေတန်ဖိုးကို ပေးထားသည်။ ခရီးအကွာအဝေးကိုလည်း ပေးထားသည်။ ကုန်ကျစရိတ်ငွေကို ရှာခိုင်းသည်။ ကိုယ်လည်း လွယ်လွယ်ကလေး ဖြစ်သောကြောင့် မြန်မြန်ပင် တွက်ချလိုက်သည်။ ကြိုက်ရာငါးပုဒ် တွက်ပြီးသောအခါ အတန်းစောင့်ဆရာက "အချိန်နာရီဝက် ကျန်သေးတယ်” ဟု သတိပေးသံ ကြားရသည်။

ကိုယ်သည် တွက်ပြီးသော ပုစ္ဆာများကို ပြန်စစ်ကြည့်သည်။ ထိုအခါ စောစောက မီးရထားလမ်းပုစ္ဆာတွင် ကိုယ့်အမှားကို သွားတွေ့လေသည်။ သင်္ချာဆရာသည် ပုစ္ဆာလွယ်လွယ်လေးကို ပညာသားပါပါ မေးထားခြင်းဖြစ်သည်။ ပေါ့ပေါ့ဆဆ သွားတွက်မိလျှင် မှားနိုင်သည်။ မီးရထားလမ်း ဆိုသည်မှာ သံလမ်းနှစ်ချောင်း ယှဉ်ထားတာ မဟုတ်လား။ သူ့ပုစ္ဆာမှာက တစ်ပေရှိသော သံလမ်းတစ်ချောင်းလျှင် ငွေဘယ်လောက်ကျသည်ဟု ပေးထားသည်။ ထို့ကြောင့် သံလမ်းအရှည်မိုင်ကို ပေဖွဲ့၊ တစ်ပေတန်ဖိုးနှင့် မြှောက်ပြီးရသောတန်ဖိုးသည် သံလမ်းတစ်ဖက်စာထဲသာ ဖြစ်သည်။ ကိုယ်လည်း ဒီအတိုင်း တွက်ထားမိသည်။ ပြန်စစ်ကြည့်မှ အမှားကို တွေ့ရသည်။ ကိုယ်ရေးထားသော အဖြေကို နှစ်နှင့် မြှောက်ပြီးမှ အဖြေမှန်ကို ရရှိသွားသည်။ ကိုယ်သည် သေသေချာချာ ပြန်စစ်ခဲ့သောကြောင့်သာ ထိုပုစ္ဆာတွင် မမှားဘဲ အမှတ်ပြည့် တစ်ရာရခဲ့ခြင်း ဖြစ်ပါသည်။

စဉ်းစားနေသောကြောင့် တီချာမေ စာသင်သည်ကို ခဏမျှ ဂရုမစိုက်မိဘဲ ဖြစ်သွားသည်။ အမြန်ပြန်ပြီး ကြည့်နေလိုက်ရ၏။

“မြန်မာစာမှာ အဲဒါမျိုးရှိတာပဲ”

ကျောက်သင်ပုန်းပေါ်တွင် အောက်ပါအတိုင်း ရေးလိုက်သည်။ သူ့နဖူးမှာ ရွေးစေ့ခန့်ရှိသော မှဲ့ကြီးတစ်လုံး ရှိသည်။

“ကဲ ... ကြည့်စမ်းကွာ၊ တချို့က စာရေးတဲ့အခါ စာလုံးကို ပီပီသသ မရေးကြဘူး၊ ပြီးပြီးရော မြန်မြန်ထက်ထက် ရေးကြရော၊ ဒီဝါကျမှာ ဆိုရင် ရွေးစေ့ဆိုတဲ့ နေရာမှာ ရကောက်ကို ပီပီသသ မရေးဘဲ ဂငယ်နဲ့ တူအောင် ရေးမိရင် ဘယ်လိုဖြစ်သွားမလဲ”

ခဏမျှ ငြိမ်နေကြသည်။ ကိုယ်က အရင် စရယ်သည်။ ပြီးတော့ တစ်ခန်းလုံး ဝေါခနဲ ရယ်လိုက်ကြသည်။ အရယ်သန်သော တင်အောင်ခိုင် ဆိုလျှင် တော်တော်နှင့် မရပ်။ တီချာမေပင် တော်တော်လေးကြာအောင် လက်ကိုင်ပဝါဖြင့် ပါးစပ်ကို အုပ်ထားရ၏။

"ဘယ်လောက် ရယ်စရာကောင်းသလဲနော်”

တီချာမေသည် ရယ်သံကြီးဖြင့် ထပ်ပြောသည်။ ထိုအခါ ထပ်ရယ်ကြပြန်သည်။ ခဏကြာမှ တီချာမေက အရယ်ရပ်ပြီး ... “အဲ... ရွေးစေ့ဆိုတာ သိကြရဲ့လား၊ ရွှေတို့ ဆေးတို့ ချိန်တဲ့အခါမှာ သုံးတယ်၊ ဟောသလောက် ကလေးတွေ၊ တစ်ရွေးသား နှစ်ရွေးသားဆိုတာ ကြားဖူးကြမှာပေါ့”

တင်အောင်ခိုင်က ကိုယ့်ကို “ရှူး ရှူး "ဆို လှမ်းခေါ်ပြီး တိုးတိုးပြောသည်။

“ရွေးစေ့ဆိုတာ တီချာမေပြသလောက် သေးသေးလေး မဖြစ်နိုင်ဘူးကွ”ဟု ဆိုပြီး ခွီးခနဲ ရယ်လိုက်သည်။

“တင်အောင်ခိုင် ဘာပြောတာလဲဟေ့"

တီချာမေက လှမ်းမေးသဖြင့် တင်အောင်ခိုင်က "ဟုတ်ဖူး တီချာ" ဆိုပြီး မတ်တပ်ထရပ်သည်။

“ဘာပြောတာလဲ”

တီချာမေက ထပ်မေးပြန်သည်။

“ဟိုဒင်း တီချာ၊ ဂျွန်ဆင့်နဖူးမှာ မှဲ့ရှိလို့”

ဝါးခနဲ ရယ်ကြပြန်သည်။ ဂျွန်ဆင် ဝုန်းခနဲ ထရပ်ပြီး “ဘယ်မှာရှိလို့လဲ၊ ကြည့်ပါလား ဒီမှာ၊ မရှိဘူး တီချာ၊ မယုံရင် ကြည့်"ဟု သူ့ဆံပင်တွေကို သပ်တင်ပြီး ပြနေသည်။ ရယ်သံတွေမှာ ဆူညံနေသည်။ တော်တော်နှင့် မရပ်။

တီချာမေကိုယ်တိုင်ပင် မျက်ရည်တွေ လည်အောင် ရယ်နေမိပြီး ......."ကဲ.. ကဲ တော်ကြပါတော့ကွယ်၊ စာဆက်သင်ကြရအောင်"

တီချာမေက သဒ္ဒါအကြောင်း ဆက်သင်သည်။ တင်အောင်မိုးသည် ကိုယ့်ဘက်ကို လှည့်ကြည်လိုက်၊ လက်ညှိုးနှင့် လက်မကို ဝိုင်းပြုပြီး ကြိတ်၍ရယ်လိုက် လုပ်နေတုန်းပင်။ တီချာမေက စိုက်ကြည့်လိုက်မှ ရပ်သွားတော့သည်။

မုန့်စားလွှတ်သောအခါ ထမင်းဘူးကို ကိုင်၍ ထွက်လာခဲ့သည်။ အတန်းပေါက်ဝတွင် ရပ်စောင့်နေသော မိခိုင်ကို တွေ့ရသည်။ ကိုယ့်ကို တွေ့တွေ့ချင်း ... “နင်က ဘာလို့ ကြာနေတာလဲ၊ ငါစောင့်နေတာ ကြာလှပြီ”

“ဖိနပ်တွေ ပျောက်နေလို့ဟ၊ ဟိုကောင်တွေ နောက်ပြီး ဖွက်သွားတာ၊ ဒါနဲ့ နင်က ဘာဖြစ်လို့ စောင့်နေတာလဲ”

“ဟိုတစ်ခါ ငါပြောဖူးတယ် မဟုတ်လား၊ ငါနဲ့ ထမင်းတူတူစားဖို့လို့”

"နင်နဲ့ တူတူစားရမယ် ဟုတ်လား၊ နင့်မေမေက ခေါ်လို့လား"

“ခေါ်တာပေါ့။ ငါပြောပြီးပြီ”

“ဒါဖြင့်လဲ အပြင်ကနေ ဘာလို့ စောင့်နေတာလဲ၊ အတန်းထဲဝင်ပြီး လာခေါ်လိုက်ရင် ပြီးရော၊ ကိုယ်တို့အတန်းထဲများ နင်က မဝင်ရဲဘူးလားဟ”

"ဟာ... ဟိုကောင်တွေက ငါ့ကို လောင်မှာဟ”

“လောင်မယ် ဟုတ်လား၊ ဘယ်လို လောင်မှာလဲ”

"နောက်မှ ငါပြောပြမယ်”

သူတို့ ထမင်းစားနေကျဖြစ်သော အားကစားရုံကြီးဘက်သို့ လျှောက်လာကြသည်။ ကိုယ်က သူ့ကို မေးသည်။

“ဒါနဲ့ နေပါဦး၊ ကစ်တီတို့ မီးမီးတို့ရော”

“သူတို့က ငါနဲ့တူတူ မစားဘူးဟ၊ နင်ကြည့်ပါလား၊ သူတို့က လမ်းလျှောက်ရင်းနဲ့လည်း ထမင်းစားရင် စားတာ၊ ထမင်းစားနေရင်းလည်း ထမင်းဘူးကို ချထားပြီးတော့ ဆော့ချင်ဆော့နေတာ မဟုတ်လား၊ တင်အောင်ခိုင်တို့ကကော”

"တင်အောင်ခိုင်က အိမ်မပြန်တဲ့ နေ့ဆိုရင်တော့ ကိုယ်နဲ့ တူတူစားတာပဲ၊ ဒီနေ့တော့ သူ့အစ်ကို လာခေါ်သွားတယ်”

“ဂျွန်ဆင်နဲ့ ဇော်ဝင်းကကော”

"ဒီကောင်တွေပေါ့ဟ၊ ကိုယ့်ဖိနပ်ကို ဖွက်သွားတာ၊ ခုလည်း ဘယ်ရောက်နေကြမှန်း မသိဘူး"

အားကစားရုံကြီးထဲသို့ ရောက်လာကြသည်။ ထိုနေရာမှာ အိမ်ကပို့သော ထမင်းကို စားသူများ၏ နေရာဖြစ်သည်။ စကားပြောသံတွေ၊ ရယ်သံတွေ၊ ဇွန်းသံ၊ ပန်းကန်သံတွေ ဆူညံနေသည်။ ကိုယ်သည် အရင်က ဒီနေရာကို မလာခဲ့ဖူး​ချေ။ တကယ့်တကယ်ကျတော့ လာစရာလည်း မလိုပါ။ ကိုယ့်မှာ အိမ်က ထမင်းလာပို့တာမှ မဟုတ်ဘဲ။ ကျောင်းသားကျောင်းသူတွေ အားရပါးရ စားသောက်နေကြတာ ကြည့်ပြီး ပို၍ဆာလာသည်။

“ဟိုမှာ မေမေ”ဟု ပြောပြီး သူပြေးသွားသည်။ သူ့မေမေက ပြုံး၍ ကြည့်နေသည်။ သူ့မေမေ၏အသက်မှာ ကိုယ့်မေမေလောက်ပင် ရှိမည်ထင်သည်။ မေမေက မျက်နှာဝိုင်းပြီး သူ့မေမေက မျက်နှာသွယ်လေသည်။

ကိုယ်သည် ထမင်းဘူးကို ကိုင်ပြီး ရပ်ကြည့်နေမိသည်။ မိခိုင်သည် သူ့မေမေကို ဘာတွေမှန်းမသိ ပြောနေသည်။ စကားပြောရင်းကလည်း သူ့မေမေ၏ပခုံးကို တို့၍ တို့၍ နေသည်။ ပြီးတော့ ကိုယ့်ကို လက်ညှိုးထိုးပြသည်။ သူ့မေမေသည် ကိုယ့်ကိုကြည့်ပြီး ပြုံးပြလေသည်။ သူ့မေမေ၏မျက်နှာသည် ပျော်ရွှင်နေသည်ဟု ကိုယ်ထင်ပါသည်။

မိခိုင်က ကိုယ့်ကို လက်ရပ်ခေါ်သည်။ ကိုယ် မရဲတရဲ လျှောက်သွားသည်။ သူတို့နားမှာ ရပ်သည်။

"ထိုင်လေဟာ”

မိခိုင်က ပြောသည်။ ခင်းထားသော ပလတ်စတစ်စပေါ်မှာ ထိုင်လိုက်သည်။ သူ့မေမေသည် ကိုယ့်တို့ကို စကားမပြောအားပါ။ ထမင်းစားဖို့ အမြန်ပြင်ဆင်နေသည်။

“မေမေကလည်း စောစောကတည်းက ပြင်ထားရင် ပြီးရော၊ ကြာလိုက်တာ”

သူ့မေမေသည် သူ့ကို မကြည့်ဘဲ လုပ်စရာရှိတာ မြန်မြန်လုပ်နေရင်းက ပြန်ပြောသည်။

“ဪ.. သမီးရယ်၊ စောစောကတည်းက ချိုင့်ဖွင့်ထားရင် ယင်ကောင်တွေအုံမှာ စိုးလို့ပါ။ မကြာပါဘူး၊ ဆာလှပြီလား”

မိခိုင်က “ဆာတာပေါ့၊ အူတွေတောင် ပြတ်ထွက်တော့မယ် "ဟု နှုတ်ခမ်းစူပြီး ပြောသည်။ သူ့မေမေက “အေးပါ၊ အေးပါ၊ ပြီးပါပြီ”ဟု ပြန်ပြောလေသည်။

သူ့မေမေသည် ကိုယ့်လို ထမင်းဘူးယူလာခြင်း မဟုတ်ချေ။ လေးဆင့်ချိုင့်လေး ဖြစ်သည်။ ပလတ်စတစ်ခြင်းတောင်း အပြာကလေးထဲမှာ ထည့်ယူလာခြင်း ဖြစ်သည်။ အပေါ်ဆုံးက အဖုံးဖုံးထားသော ချိုင့်တစ်ဆင့်ကို ယူ၍ ဖယ်ထားလိုက်သည်။ ဒုတိယအဆင့်မှာ ဟင်းဖြစ်သည်။ ဆိတ်ကလီဇာဟင်းဖြစ်မည် ထင်သည်။ ကိုယ်ကြိုက်တတ်သောဟင်း ဖြစ်သဖြင့် သွားရည်ပင် ယိုချင်သလိုဖြစ်၏။ နောက်တစ်ဆင့်မှာ ဟင်းချိုဖြစ်၍ အောက်ဆုံးအဆင့်သည် ထမင်းဖြစ်သည်။ ထမင်းထဲတွင် ရေနွေးကြမ်း ပန်းကန်လုံးကလေးဖြင့် ဖိထည့်ထားသော ငပိကြော်များကိုလည်း တွေ့ရသည်။

သူသည် ထမင်းချိုင့်ကို ဆွဲယူသည်။ ငွေရောင်ဇွန်းကလေးဖြင့် ဟင်းခွက်ကို နှိုက်မည်လုပ်ပြီးမှ မနှိုက်သေးဘဲ ကိုယ့်ကို လှည့်ကြည့်သည်။ ကိုယ်သည် ထမင်းဘူး မဖွင့်ရသေးဘဲ ငိုင်၍ ကြည့်နေတုန်း။

“နင့်ဘူး ဖွင့်လေဟာ”

ကိုယ်သည် ထမင်းဘူးမှာ ပတ်ထားသော လက်သုတ်ပဝါကို ဖြည်သည်။ ရင်တထိတ်ထိတ်နှင့်ပင် ထမင်းဘူးကို ဖြည်းဖြည်းကလေး ဖွင့်သည်။ ကိုယ့်ဟင်းမှာ ဘဲဥဆီပြန် နှစ်ခြမ်း၊ ကိုယ်ရှက်သွားမိသည်။ မနက်က ဆော်လီမား ဈေးပြန်နောက်ကျသောကြောင့် ဟင်းမမီချေ။ ကိုယ့်အတွက် ဘဲဥဟင်း မြန်မြန်ချက်ပြီး ထည့်ပေးလိုက်ခြင်း ဖြစ်ပါသည်။

သူသည် ဇွန်းဖြင့် ဆိတ်ကလီဇာဟင်းကို ခပ်ပြီး ကိုယ့်ထဲ ထည့်ပေးသည်။ ကိုယ်ကလည်း ဘဲဥဆီပြန်တစ်ခြမ်းကို သူ့ထဲ ပြန်ထည့်ပေးလိုက်သည်။ သူ့မေမေသည် ကိုယ့်တို့နှစ်ယောက်ကို ကြည့်၍ ပြုံးနေသောကြောင့် ကိုယ် အားတက်သွားမိသည်။ ထမင်းစားလို့လည်း ကောင်းသည်။ သူသည် “စားလေဟာ၊ စားလေဟာ” ဟု ပြောပြီး ကိုယ့်ထဲသို့ ဟင်းခဏခဏ ထည့်ထည့်ပေးသည်။ ကိုယ့်မှာတော့ သူ့ကို ထည့်ပေးစရာ ဘဲဥ မရှိတော့ချေ။ မှတ်မှတ်ရရ ကိုယ်သည် ဒီတစ်ခါလောက် ထမင်းစားကောင်းခဲ့တာ မရှိခဲ့ဘူးသေးဟု ထင်ပါသည်။

ထမင်းစားပြီးသောအခါ သူ့မေမေသည် ခြင်းတောင်းထဲက ရေပုလင်းကို ထုတ်ပြီး တစ်ယောက်တစ်ခွက်စီ တိုက်သည်။ ပြီးတော့ စောစောတုန်းက ဖယ်ထားသော ချိုင့်ကလေးကို ယူ၍ အဖုံးဖွင့်လိုက်သည်။ အထဲမှာ အတုံးသေးသေးကလေးတွေ တုံးထားသော အုန်းနို့ကျောက်ကျောတုံးကလေးတွေနှင့် ခရင်းသေးသေးကလေး တစ်ခုကို တွေ့ရသည်။ မိခိုင်သည် သူ့မေမေလက်ထဲက ချိုင့်ကို ဆတ်ခနဲ ဆွဲယူ၍ ကိုယ့်ရှေ့မှာ “အင့်” ဆိုပြီး ချပေးသည်။

"စားလေဟာ"

ကိုယ်က ခေါင်းခါလိုက်သည်။

"ဘာလို့လဲ”ဟု သူက မေးသည်။ ကိုယ့်က သူ့မေမေကို တစ်ချက်မော့ကြည့်သည်။ သူ့မေမေက "စားလေ သားရဲ့ “ဟု ပြောသည်။ ကိုယ့်ကို 'သား'ဟု သူ့မေမေက ခေါ်လိုက်သောကြောင့် စိတ်ထဲက တစ်မျိုးကြီးဖြစ်သွားသည်။ ကိုယ်က "နင် အရင်စား "ဟု မိခိုင်ကို ပြောသည်။ မိခိုင်ကလည်း “နင် အရင်စားပါဟ၊ နင်က ယောက်ျားလေးပဲ"ဟု ပြန်ပြောသည်။

"ဘာဆိုင်လို့လဲဟ”

"ဆိုင်တာပေါ့ဟ၊ ယောက်ျားလေးဆိုတာ ဘုန်းရှိတယ်တဲ့”

သူ့မေမေက ရယ်နေသည်။

“ကဲပါကွယ်၊ သားက အရင်စားလိုက်၊ စား ... စား..."

ကိုယ်က တစ်တုံး အရင်စားရသည်။ ပြီးတော့ ခပ်ကြီးကြီးတစ်တုံးကို ခရင်းဖြင့်ထိုး၍ သူ့ကို လှမ်းပေးလိုက်သည်။ သူက ယူစားပြီး ကိုယ့်ကို ပြုံးပြလိုက်သည်။

"သားနာမည်က ညီညီတဲ့နော်”

“ဟုတ်ကဲ့ ဒေါ်ဒေါ်”

“မေမေကလည်း မသိဘူးလား၊ ဟိုတစ်ခါ မိုးတွင်းကြီးတုန်းကလေ၊ သမီးမှာ ထီးမပါလို့ သူတောင် လိုက်ပို့ရသေးတာကော”

မိခိုင်က ဝင်ပြောသည်။ သူ့မေမေက...“ဪ... အေးအေး၊ အဲဒီတုန်းက ညီညီက အိမ်အထိ လိုက်မလာဘဲကွယ်၊ ဒေါ်ဒေါ်က ဘယ်မြင်ဖူးမလဲ၊ တနေ့နေ့ကျရင် ဒေါ်ဒေါ်တို့အိမ်ကိုလည်း လာလည်ဦးနော်”

“ဟုတ်ကဲ့ခင်ဗျာ"

စားသောက်ပြီးကြ၍ သူ့မေမေက “ကောင်းကောင်း ကစားကြနော်”ဟု ပြောပြီး ပြန်သွားသောအခါ ကိုယ်တို့နှစ်ယောက်သည် စိန်ပန်းပင်ကြီးအောက်သို့ လာခဲ့ကြသည်။ ထိုနေရာမှာ ဘယ်သူ့ကိုမျှ မတွေ့ရပါ။

“ဟာ... ဟိုကောင်တွေ ဘယ်ရောက်နေကြလဲ မသိဘူး'

“အေးဟာ၊ ကောင်မစုတ်တွေရော တစ်ယောက်မှ မရှိဘူး၊ နေပစေ လိုက်မရှာနဲ့၊ ငါတို့ လျှိုနေရအောင်”

"ဘာပြောတယ်”

“သူတို့ကို လိုက်မရှာတော့ဘူးဟာ၊ ကျောင်းလည်း ပြန်တက်တော့မှာပဲ၊ ငါတို့နှစ်ယောက်တည်း စကားထိုင်ပြောရအောင်"

ကိုယ်တို့နှစ်ယောက် စိန်ပန်းပင်ကြီးအောက်မှာ ထိုင်ကြသည်။

"ဒါနဲ့ နေပါဦး၊ ကစ်တီတို့က စတယ်ဆိုတာ ပြောဦးလေ”

“အို ... နောက်မှ ပြောမယ်”

“ဟ.. ဘာဖြစ်တာလဲ”

“နက်ဖြန်မှ ပြောမယ်ဟာ”

“နင်ကလည်း ကြောင်လှချည်လား"

“ကြောင်ကြောင်ဟာ၊ ငါ ခုမပြောချင်တော့ဘူး”

“အေးလေ... ပြီးရောပေါ့”

သူသည် ကိုယ့်ကို စောင်းကြည့်ပြီး ... "ငါ နောက်တော့ ပြောမယ်နော်”

ကိုယ် ခေါင်းညိတ်ပြလိုက်သည်။

"နင့်မေမေက သိပ်သဘောကောင်းတာပဲနော်”

“အေး ...ဟုတ်တယ်၊ ဖေဖေကလည်း ကောင်းတာပဲ၊ နင့်မေမေရော”

“ကောင်းတယ်ဟ”

“နင့်ဖေဖေရော”

ကိုယ် ချက်ချင်း ပြန်မဖြေ။ ဖေဖေသည် သဘောကောင်းသလား၊ မကောင်းဘူးလား။ “ဖေအောင်က စိတ်ရင်းကောင်းပါတယ်ကွယ်၊ ဘုဆတ်ဆတ် လုပ်တတ်တာ တစ်ခုထဲပါ”ဟု အန်တီလူးက တစ်ခါပြောဖူးသည်ကို သတိရ၏။

“အေး ... ကောင်းပါတယ်ဟာ”

ကိုယ်က တိုးတိုးပြောသည်။

သူက “အံမယ် ငါတို့ဘွားဘွားက ပိုတောင် သဘောကောင်းသေးတယ် ”

သူ့ဘွားဘွားက သူ့ကို အရမ်းအလိုလိုက်ကြောင်းတွေ ပြောပြသည်။

“ခုတော့ ဘွားဘွားမရှိတော့ဘူး၊ သေသွားပြီ၊ ငါလေ ဘွားဘွားကို သိပ်သတိရတာပဲ”ဆိုပြီးလျှင် မျက်ရည်တွေ ဝဲလာသည်။ ခဏကြာတော့ တရှုံ့ရှုံ့ ငိုလေတော့သည်။ ကိုယ်လည်း ဘာပြောရမှန်းမသိ ဖြစ်နေရာမှ ဝမ်းနည်း၍ လာလေ၏။ ကိုယ်သည် ဘာကို ဝမ်းနည်းမိမှန်း ကိုယ့်ဘာသာပင် မသိပါ။ သူ့လိုလည်း မဟုတ်။ ကိုယ်တို့ ဘွားမေသိန်းသည် သေဖို့ နေနေသာသာ ခုထိ ထမင်းဟင်းတွေ ချက်နိုင်တုန်းဟု ဦးလေးမောင်မောင်ကြီးက ပြောပြဖူးပါသည်။

“ငိုမနေပါနဲ့ဟာ၊ နင့်ဘွားဘွား မရှိလည်း နင့်မေမေ ရှိသားပဲ”ဟု ကိုယ် သူ့ကိုပြောသည်။ သူလည်း အငိုတိတ်သွား၏။ အင်္ကျီလက်မောင်းနှင့် မျက်ရည်တွေ သုတ်သည်။ ပြီးတော့ ကိုယ့်လက်မောင်းကို လှမ်းပုတ်ပြီး "နင့်ကို ငါ တစ်ခုမေးစရာ ရှိသေးတယ်”

“အေး ... မေးလေ”

"နင်ကြီးလာရင် ဘာလုပ်မှာလဲ”

“ဘာလုပ်မှာလဲ”

ကိုယ်မဖြေတတ်။ ဘာဖြေရမှန်းလည်း မသိပါ။

“ပြောလေဟာ"

“ကိုယ် မသိဘူး"

“ဟယ်.. မသိဘူးရယ်လို့၊ နင့်ဟာကလဲ”ဆိုပြီး သူ ခစ်ခနဲ ရယ်သည်။ ခုနပဲ ငိုနေပြီးတော့ ခုပဲ ရယ်ပြန်သဖြင့် ကိုယ် အံ့သြသွားသည်။ သူ့ကို ချက်ချင်း စကားမပြောနိုင်သေးဘဲ ခဏကြာမှ ပြန်ပြောရသည်။

“မေမေကတော့ ဆရာဝန် လုပ်စေချင်တယ်”

“နင်ကကော မလုပ်ချင်ဘူးလား ဆရာဝန်"

“အဲဒါ.. ကိုယ်မသိဘူးလေဟာ”

သူက ထပ်ရယ်ပြန်သည်။ ပြီးတော့... “နင့်ဖေဖေကကော ဘာပြောလဲ”

"ဘာမှ မပြောဘူး"

သူပြောမှ ကိုယ်သတိရသည်။ ဖေဖေသည် ကိုယ့်ကို ကြီးလာလျှင် ဘာလုပ်မလဲဟု တစ်ခါမျှ မမေးဘူးပါ။ ဘာလုပ်ရမယ်ဟုလည်း တစ်ခါမျှ မပြောဘူးပါ။ ကိုယ်ကြီးလာလျှင် ဘာလုပ်ရမလဲ ဆိုသည်ကို ကိုယ့်ဘာသာ စဉ်းစားရမှာလား။ ဖေဖေတို့ မေမေတို့က လုပ်ခိုင်းရမှာလား။ ဆရာ၊ ဆရာမတွေက ပြောမှာလား။ ကိုယ်ဖြင့် သေသေချာချာ မသိ။

"နင်ကော ကြီးရင် ဘာလုပ်မှာလဲ”

ကိုယ်က ပြန်မေးသည်။

သူက... “ငါလား ဘာမှမလုပ်ဘူး"

"ဟင် ... ဘာမှမလုပ်ဘူး၊ ဟုတ်လား"

"အေး ... ဟုတ်တယ် အိမ်မှာပဲနေမယ်”

"ဟာ... အိမ်မှာကတော့ နေရမှာပေါ့”

`မဟုတ်ဘူးလေ၊ အလုပ်တွေ ဘာတွေ မလုပ်ဘူးဟာ၊ အိမ်မှာနေပြီးတော့ ငါစားချင်တာတွေ လုပ်စားမယ်"

ကိုယ် သူ့စကားကို ရယ်ချင်သွား၍ ရယ်လိုက်သည်။

“ဟုတ်တယ်ဟ၊ ဆီးထုပ်တို့ ဓားလှီးရေခဲမုန့်တို့ကို ငါ့ဘာသာ အိမ်မှာလုပ်စားမယ်၊ ခုဆိုရင် အဲဒါတွေ ကျောင်းမှာပဲ စားရတယ်။ အိမ်ရောက်ပြီဆိုတာနဲ့ မေမေက မစားရဘူးတဲ့။ ပြီးတော့ ရှိသေးတယ်။ ငါက ကြံသကာ သိပ်ကြိုက်တာဟ၊ မေမေကလေ ကြံသကာ ချောင်းဆိုးတယ် ဆိုပြီး ထန်းလျက်ပဲ တစ်လုံးတစ်လုံး ကျွေးတယ်။ ငါ ကြံသကာ သိပ်စားချင်တာပဲ။ ဟေ့ ... ဟေ့ နေဦး ငါပြောမယ်။ တကယ်လို့ နင်ကြီးလာလို့ အလုပ်တွေ ဘာတွေလုပ်လို့ ပိုက်ဆံရရင် ငါ့ကို ကြံသကာ ဝယ်ကျွေးဟာ”

“ဟာ... နင်ကလည်း ကြံသကာပဲဟာ၊ ခုဝယ်ကျွေးလည်း ရတာပဲ"

“အို.. ခုဝယ်ကျွေးရင် သေးသေးလေးပဲရမှာ၊ နင့်ပိုက်ဆံတွေ အများကြီးရှိတဲ့အခါကျမှ ငါ့ကို ဖျာလောက်ရှိတဲ့ကြံသကာကြီး ဝယ်ကျွေးဟာ နော်”

“အေးပါဟာ”

သူသည် ခေါင်းကို ကုတ်၍ စဉ်းစားနေသည်။ ပြီးတော့ ပြောသည်။

"နေဦးဟ၊ ငါ ခုနပြောတာ အလုပ်မလုပ်ဘူး ဆိုပေမယ့် အိမ်မှာ ထမင်းတွေ ဟင်းတွေ ချက်တာတော့ လုပ်မှာပေါ့၊ ငါ ထမင်းဟင်းချက်ရင် နင် စားမလားဟင်”

ကိုယ် သူ့ကို ကြည့်လိုက်သည်။ သူသည် ကိုယ့်ကို ကြည့်၍ ပြုံးနေ၏။ ကိုယ် ခေါင်းညိတ်ပြလိုက်သည်။ သူ ထမင်းဟင်းချက်လျှင် စားလို့ကောင်းမလား မသိ။ ကိုယ် သူချက်သော ထမင်းဟင်းကို စားချင် စိတ်ပေါက်သွားသည်။

“နင်ချက်ရင် ဆိတ်ကလီဇာဟင်း ချက်ဟာ"

* * *

နေ့လယ်က မိခိုင်နှင့်အတူတူ ထမင်းစားရသည့်အကြောင်းကို စဉ်းစားလာသောကြောင့် လမ်းလျှောက်လာရသည်ကို ဘာမျှမကြာလိုက် ထင်သည်။ အိမ်ရှေ့ကိုရောက်မှပင် စဉ်းစားခန်း ရပ်လိုက်သည်။ ဝင်းတံခါးနားရှိ မာလကာပင်သည် ပြွတ်သိပ်နေအောင် သီးနေ၏။ ကျောင်းကို မာလကာသီးတွေ ယူလာပြီး ဝေပေးတတ်သော ကစ်တီကို သတိရမိ၏။ ပြီးတော့ မိခိုင်က ကိုယ့်အတွက် မာလကာသီး အူနီကြီး ချန်ထားပေးသည်ကိုလည်း မှတ်မှတ်ရရ ရှိသည်။ ကိုယ်တို့အိမ်က မာလကာပင်ကြီးကတော့ အရင်တုန်းက ငယ်သေးသောကြောင့် သိပ်မသီးခဲ့။ ခုမှ အရမ်းသီးလာခြင်း ဖြစ်သည်။ မှည့်ပြီဆိုလျှင်တော့ ကျောင်းက သူငယ်ချင်းတွေအတွက် ခူးသွားရဦးမည်။ တီချာမေကိုလည်း ပေးမည်။ မိခိုင်ကိုတော့ အလုံးလှလှကြီးကြီး မှည့်မှည့်ကို သူများတွေ မသိအောင် တိတ်တိတ်ကလေး ပေးရမည်။ ထိုအသီးကို အူနီသီးဖြစ်အောင်တော့ ဘယ်လိုရွေးရပါ့မလဲ ကိုယ်မသိ။

မာလကာပင်၏ အကိုင်းဖျားနားက အသီးတစ်လုံးသည် မမှည့်သေးသော်လည်း စားလို့ရလောက်ပြီ။ ကိုယ်သည် ခြေထောက်ကို စုန်ကန်၍ ခုန်ပြီး ခူးသည်။ မမှီချေ။ ထမင်းစားပြီးမှပင် တံချူနှင့် ခူးတော့မည်။

အိမ်ထဲကို ဝင်မည်ဟု တံခါးဝနား ကပ်လိုက်သောအချိန်မှာပင် “ခက်ပါတယ် ကိုမောင်မောင်ကြီးရယ်" ဆိုသော မေမေ့အသံကို ကြားရသည်။ အိမ်ထဲသို့ မဝင်သေးဘဲ ရပ်၍ နားထောင်နေမိသည်။ ကိုယ် ခုမှ စဉ်းစားမိသည်။ သည်နေ့ စနေနေ့။ မေမေ ရုံးတစ်ဝက် ဆင်းရသည်။ ထိုကြောင့် အိမ်ကို စောစောရောက်နေတာ ဖြစ်မည်။

ဦးလေးမောင်မောင်ကြီး၏အသံကို ကြားရပြန်၏။

"မစောမြင့်ကို ကိုယ် တစ်ခုမေးချင်တယ်၊ ဖေအောင်က မစောမြင့်အပေါ်မှာ မကျေနပ်စရာ တစ်ခုခုများ ရှိနေသလား”

“သူကလား လောကကြီးတစ်ခုလုံးကို မကျေမနပ် ဖြစ်နေတာပါ၊ ဟင်း ... ဟင်း ဟုတ်တယ်၊ ရှင့်သူငယ်ချင်းက ဘာကိုမှ စိတ်တိုင်းကျတာ မဟုတ်ဘူး”

မေမေ့ရယ်သံ ခပ်တိုးတိုး ကြားရသည်။ တကယ် ရယ်ချင်၍ ရယ်သလိုမျိုး မဟုတ်။ အန်တီလူးနဲ့ စကားပြောသောအခါတွင်လည်း အဲဒါမျိုး ခဏခဏ ရယ်တတ်သည်။

“အင်းပါလေ၊ သူစိတ်တိုင်းမကျတာ မကျေနပ်တာကို မစောမြင့် ရအောင်ရှာပေါ့”

“ကျွန်မမှာ အပြစ်တစ်ခုခု ရှိနေတယ်လို့ ထင်လို့လား ကိုမောင်မောင်ကြီး"

“ဟာ... မဟုတ်ပါဘူးလေ။ ကိုယ်ရယ်၊ မစောမြင့်တို့ရယ် သိခဲ့ကြတာ အနှစ်နှစ်ဆယ်နီးပါး ရှိခဲ့ပါပြီ၊ မစောမြင့်တို့ လက်မထပ်ခင်ကတည်းက ခင်မင်ခဲ့ကြတာပဲ။ မစောမြင့်အကြောင်း ကိုယ်ကောင်းကောင်း သိပါတယ်လေ။ မစောမြင့်ကို အပြစ်ပြောတာ မဟုတ်ပါဘူး၊ အပြစ်ရှိချင်း ရှိရင် ဖေအောင့်မှာသာ ရှိမှာပါ"

ဘာသံမှ ဆက်မကြားတော့။ တိတ်ဆိတ်နေပြန်သည်။ ခုချိန် ကိုယ်ဝင်သွားလျှင် ကောင်းမလား စဉ်းစားမိသည်။ သို့သော်လည်း ကိုယ် ဆက်၍ နားထောင်ချင်သေးသည်။ ဘာမှန်းမသိသော အကြောင်းတစ်ခုခု ကိုယ်သိချင်နေသေးသည်။ ဘာကို သိချင်တာလဲ ဆိုသည်ကိုမူ ကိုယ် မပြောတတ်ပြန်ပါ။

“ကိုမောင်မောင်ကြီးကို ကျွန်မ တစ်ခုမေးချင်တယ်”

“မေးပါလေ၊ မေးပါ “

"ကျွန်မကို အမှန်အတိုင်း ဖြေစေ့ချင်တယ်ရှင်"

“ကိုယ်ဟာ ဖေအောင့်သူငယ်ချင်းဆိုပေမယ့် မစောမြင့်အပေါ်မှာ ဘယ်လို စေတနာထားတယ်ဆိုတာ မစောမြင့်သိမှာပါ”

ခဏကြာအောင် မေမေ ဘာမျှမပြောဘဲနေသည်။ ပန်းကန်ချင်း တိုက်မိသံ ကြားသည်။ ဦးလေးမောင်မောင်ကြီးက ကော်ဖီယူသောက်ပြီး ပန်းကန်ပြားပေါ် ပြန်ချလိုက်တာ ဖြစ်မည်။

"ကိုမောင်မောင်ကြီးက ရန်ကုန်မှာ နေတာဆိုတော့ သူ ရန်ကုန်လာတဲ့အခါ တွေ့ကြမှာပေါ့၊ သူ ရန်ကုန်မှာ တခြား ..."

မေမေ့အသံသည် အရမ်းတိုးသွားသည်။ နောက် ဆက်ပြောလိုက်သလား၊ မပြောလိုက်သလားတောင်မှ မသိရ။

“ဟာ... အဲဒါတော့ မဟုတ်ဘူး၊ ကိုယ် အာမခံပါတယ်၊ ဒီကောင် အဲဒါမျိုးတော့ မရှုပ်ပါဘူး၊ ကိုယ်ကလည်း အရှုပ်မခံဘူး၊ ဇွတ်တားမှာပဲ၊ ဖေအောင့်အကြောင်း ကိုယ်သိတယ်။ ဒီကောင်က အလုပ်ကိုပဲ စိတ်ဝင်စားတာ”

“ဟုတ်ပါတယ်၊ သူ့အလုပ်ကိုပဲ စိတ်ဝင်စားတာ၊ မိန်းမကို စိတ်ဝင်စားတာ မဟုတ်ဘူး၊ ဟုတ်တယ်... ဟုတ်တယ်၊ ရှင့်သူငယ်ချင်းက အလုပ်ကို အိမ်က မိန်းမထက် ပိုပြီးချစ်တာ”

စောစောကလို မေမေရယ်ပြန်သည်။ ကိုယ့်စိတ်ထဲက တွေးမိသည်။ ဖေဖေသည် အလုပ်ကို ကိုယ့်ထက်ရော ပိုပြီးချစ်သလားလို့။ အဲသည်လို မေမေ့ထက်ရော၊ ကိုယ့်ထက်ရော အလုပ်ကို ပိုပြီးချစ်တယ်ဆိုတာ ကောင်းသလား၊ မကောင်းဘူးလား ကိုယ်မသိ။ ကိုယ်သိတာ တစ်ခုတည်း။ ဖေဖေသည် မေမေ့ကို ချစ်စေချင်သည်။ ကိုယ့်ကိုလည်း ချစ်စေချင်သည်။ ကိုယ်သည် ကလေးတစ်ယောက်ဖြစ်နေသောကြောင့် အဲဒါတွေ စဉ်းစားနေတာ ကောင်းမှကောင်းပါ့မလား။ နောက်ထပ်ပြောသော စကားသံတို့သည် နည်းနည်းတိုးသွားသည်။

ကောင်းကောင်းမကြားရ။ အရဲစွန့်၍ ရှေ့သို့ နည်းနည်းထပ်တိုးပြီး နားထောင်တာတောင်မှ ကြားတစ်ချက် မကြားတစ်ချက်။ အင်္ဂလိပ်စကားတွေလည်း ပါလာပြန်ပြီ။ ကိုယ့်နာမည်လည်း ပါသည်။

“ညီညီက မက်ကျူအာ မဖြစ်သေးဘူး"

"သားကြောင့်သာ ခုထိ”

“ဂရုစိုက်ပါ "

"ဘဲရီးစင်းစတစ်”

"စိတ်ဝေဒနာဖြစ်သွားရင်”

"ဟုတ်တယ်၊ မကောင်း ..."

"အညွန့်မကျိုးစေချင်ဘူး”

“ညီညီ”

"ဖေအောင်”

“မစောမြင့်

ကိုယ်ဆက်ပြီး နားထောင်နေလို့လည်း ဘာမျှ သေသေချာချာ ကြားရတော့မည်မဟုတ်။ တစ်ခွန်းနှစ်ခွန်းကြားလည်း ကိုယ်နားလည်မည် မဟုတ်တော့ပါ။ ပြီးတော့ ထမင်းလည်း ဆာလာပြီ။ ခြံဝဘက်သို့ ခပ်မြန်မြန်လျှောက်လာခဲ့သည်။ ပြီးတော့မှ အိမ်ဘက်သို့ ပြန်လှည့်ပြီး “မေမေ”ဟု ခေါ်ရင်း လျှောက်လာသည်။ အိမ်တံခါးဝမှ ဝင်လိုက်သော ကိုယ့်ကိုမြင်သောအခါ မေမေက“ဟော... သားတောင် ပြန်လာပြီ"

ဦးလေး မောင်မောင်ကြီးက ကိုယ့်ကို လှမ်းကြည့်ပြီး ပြုံးပြသည်။ တီချာမေ ကိုယ့်ကို ပြုံးပြတတ်သလိုမျိုး ဖြစ်သည်။ ပြီးတော့ သူ ပြောသည်။

“ဟေ့ ညီညီ၊ ခုပဲ မင်းအကြောင်း ပြောနေတာကွ၊ မင်း စာသိပ်တော်တဲ့အကြောင်း”

အဲသည်အကြောင်းပြောနေတာ မဟုတ်ကြောင်း ကိုယ်သိသည်ဟု ထင်ပါသည်။ အင်္ဂလိပ်လိုညှပ်ပြီး ပြောကြသောစကားတွေကကော ကိုယ်စာတော်တဲ့အကြောင်း ဖြစ်နိုင်ပါ့မလား။

ဦးလေး မောင်မောင်ကြီးသည် ကိုယ့်အနားသို့ လျှောက်လာပြီး ကိုယ်ပခုံးကို လာဖက်သည်။ ပြီးတော့...“ညီညီက သိပ်လိမ္မာတာဗျ” ဟု မေမေ့ကို လှမ်းပြောသည်။

မေမေကလည်း ..."ဟုတ်တယ်၊ ကျွန်မဖြင့် သားလိမ္မာတဲ့အတွက်ပဲ ဝမ်းသာနေရတယ် "

သူတို့သည် ကိုယ်စာတော်ကြောင်း ပြောနေတာမဟုတ်ဘဲနဲ့ ဟုတ်တယ်ဟု ပြောကြသည်။ ပြီးတော့ ကိုယ့်ကိုမြင်သောအခါ အသားလွတ် မြှောက်ပင့်ပြောနေကြသည်။ ဘာကြောင့် သည်လိုဖြစ်ကြတာလဲ။

ကိုယ်သည် ဦးလေး မောင်မောင်ကြီးကို မော့ကြည့်ပြီး ပြုံးပြလိုက်သည်။ ကိုယ် တကယ်မပြုံးချင်ဘဲ ပြုံးလိုက်တာဖြစ်ကြောင်း သူသိသွားမလား မသိပါ။

ဆက်ရန်
-----------------------
#မင်းလူ

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)