လင်္ကာဒီပချစ်သူ၊ အပိုင်း (၈)
လင်္ကာဒီပချစ်သူ (ချစ်ဦးညို)
_______________________
အပိုင်း (၈)
အခန်း (၅)
တရိဂမ္ဘီအကူအညီ
ကျွန်ုပ်က ထိုင်ခုံထက်သို့ ထိုင်ခိုင်းလိုက်သဖြင့် သားတော်နှင့်ညီတော်တို့လည်း ခုံနိမ့်များအသီးသီးတွင် ဝင်ထိုင်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံး၏ဟန်ပန်မှာ အသက်အရွယ်များနှင့်မမျှအောင် ရင့်ကျက်တည်ငြိမ်နေကြလေသည်။
“ညီတော်ဘိဘိသနက စပြောစမ်း၊ ကိသကိန္ဒာပြည်၊ မက္ကဋမျိုးနွယ်စု ဘာလီမင်း သုခရိတ်မင်းတို့ရဲ့ အကြောင်း မင်းသိသမျှ ပြောစမ်း”
“ကိသကိန္ဒာပြည်ဆိုတာ လင်္ကာဒီပရဲ့ အရှေ့တောင်အရပ်မှာ ရှိပါတယ်၊ နွယ်ပင်နဲ့ကျောက်ဆောင်ကြီးများ များပြားလှပြီး သစ်သီးသစ်ဥ အလွန်ပေါကြွယ်ဝတယ်၊ သာမန်အိန္ဒူမြစ်ဝှမ်းသားတစ်ဦးအဖို့ ကိသကိန္ဒာရဲ့ ရေမြေမဆိုထားနဲ့ တစ်နေရာမှ တစ်နေရာသွားလာရန် မလွယ်ကူသည့်အထိ နွယ်ပင်ကြီးများ ရှုပ်ထွေးနက်ရှိုင်းလှပါတယ်”
ဘိဘိသန မသိသော အရပ်ဒေသ ဤမြေပြင်ဝယ်ရှိသေးသလောဟု ကျွန်ုပ်အံ့သြမိပေသည်။ သူ့လေသံမှာ ကဝိတစ်ဆူ၏ဟောပြောရွတ်ဆိုမှုနှင့် တူနေသည်။
“အင်း ....ဟုတ်ပြီ၊ မကဋမျိုးနွယ်စုအကြောင်း ...... ”
“ညီတော်ကိုယ်တိုင်တော့ မမြင်ဖူးပါ နောင်တော်ဘုရင်မင်းမြတ်၊ သို့သော် ဆည်းပူးလေ့လာချက်များအရတော့ သူတို့မျိုးနွယ်စုများဟာ အခြားလူသားများ မြေပြင်တွင် ကျွမ်းကျင်သလို သူတို့က သစ်ပင်နွယ်ပင်များတွင် ကျွမ်းကျင်ကြပါတယ်၊ သူတို့ရဲ့ ကိုယ်ခန္ဓာခွန်အားဗလဟာ .... ”
“ဒြာဝိဒိယန်နဲ့လည်း မတူဘူး၊ အာရိယန်နဲ့လည်း မတူဘူး ခမည်းတော်”
သားတော် မေဃနာဒက ဘိဘိသနစကားကို ဖြတ်၍ပြာလိုက်သည်။
“ဘာလီမင်းနဲ့ သူရဲ့ သံတမန်အမတ်များကို စတင်တွေ့မြင်လိုက်ရစဉ်က သားတော်ဟာ သူတို့ကို လူသားတွေလို့ မထင်ဘဲ မျောက်ဝံတွေလို့ ထင်ခဲ့မိတယ် ခမည်းတော်ဘုရင်မင်းမြတ်”
ကျွန်ုပ်သည် ထိုတိုင်းပြည်နှင့် ထိုမျိုးနွယ်စုအား စိတ်ဝင်စားလာပြီးနောက် သားတော် ညီတော်တို့နှင့် တိုင်ပင်ဆွေးနွေးခြင်းကို အဆုံးသတ်လိုက်သည်။
“မေဃနာဒ ... အပြင်ဘက်ခန်းမထဲက မင်းရဲ့ဧည့်သည် မျောက်ဝံတွေကို ခေါ်လိုက်စမ်း၊ သူတို့ကို ကြည့်ရှုပြီး တိုက်ရိုက်စကားပြောမယ်”
သားတော်သည် ကျွန်ုပ်ကို ဦးညွတ်ပြီး နန်းတော်ထဲမှ ထွက်ခွာသည်။ ဘိဘိသန တစ်စုံတစ်ရာပြောရန် လှုပ်ရှားလိုက်သော်လည်း ကျွန်ုပ်က လက်ကိုကာ၍ပြလိုက်သဖြင့် ပြန်၍ ငြိမ်သွားပေသည်။ ခဏအကြာတွင် သားတော်
မေဃနာဒ တံခါးဝ၌ ပြန်ပေါ်လာသည်။
“သူတို့ကို အထဲခေါ်လိုက် မေဃနာဒ”
နီညိုရောင်ဝတ်ရုံစများကို လွှမ်းခြုံထားသူများ ဝင်လာကြသည်။ ထူးခြားချက်များကို တွေ့ရသည်။ သူတို့၏မျက်နှာသည် အမွေးအမှင် ထူထပ်လှသည်။ ခန္ဓာကိုယ်များသည် သန်မာထွားကြိုင်းကြသည်။ ခြေဖဝါး၊ လက်ဖဝါးများသည် ဒြာဝိဒိယန်တို့ထက် ကြီးမားပြီး ခြေထောက်များသည် ရင်အုပ်နှင့်နှိုင်းစာပါက အနည်းငယ်သေးသည်ဟု ကျွန်ုပ်ထင်မိသည်။ အထူးခြားဆုံးမှာ သူတို့၏လက်များဖြစ်သည်။ လက်နှစ်ဖက်တို့သည် ခန္ဓာကိုယ်အချိုးနှင့် ကြည့်လိုက်ပါက
သိသိသာသာကြီး ရှည်လျားပြီး လက်ချောင်းများသည် ဒူးခေါင်းထက်တွင် တွဲရရွဲကျနေကြသည်။ နန်းဆောင်ကွေ့သို့ ကွေ့ချိုးလျှာက်လာစဉ် သူတို့၏ခါးဝတ်နောက်ဖက်ခါးစည်းမှ အနီရောင်ကြိုးစများ တွဲလောင်းချထားသည်မှာလည်း အမြီးများနှင့် တူနေပေတော့သည်။
မကဋမျိုးနွယ်စုဝင်တို့သည် ကျွန်ုပ်ရှေ့မှောက်တွင် ဒူးထောက်လိုက်ကြသည်။ ကျွန်ုပ်မှာမူ မမြင်တွေ့ဖူးသည့် မျိုးနွယ်စုကို မြင်တွေ့ရသည့်အတွက် ပျော်ရွှင်နေမိသည်။ သားတော်မေဃနာဒသည် သူတို့အား ပထမဆုံး တွေ့မြင်ခါစ၌ လူသားမဟုတ်ဘဲ မျောက်ဝံများဟု ထင်မိကြောင်းပြောသည်မှာ လက်ခံရမည့် မှတ်ချက်ဖြစ်ပေသည်။ ရှေ့ဆုံးမှ မက္ကဋသည် ယာလက်ကို ရင်ဘတ်ပေါ် သို့တင်၍ ကျွန်ုပ်ကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် သေးငယ်စူးရှလှသည်။
“ကျွန်ုပ်ဟာ ကိသကိန္ဓာပြည့်ရှင် မက္ကဋမျိုးနွယ်စုတို့ အကြီးအကဲ ဘာလီမင်းဖြစ်ပါတယ် ဒသဂီရိဘုရင်မင်းမြတ်”
ဘာလီမင်း၏မျက်လုံးသူငယ်အိမ်သည် ကျဉ်းမြောင်းလှသော်လည်း လျင်မြန်စွာ လှုပ်ရှားနေသည်ဟု ကျွန်ုပ်ထင်သည်။ သူသည် ကြီးမားသောလက်ဖဝါးကြီးများကို ဖြန့်ရင်း ဆက်ပြောလေသည်။
“ကျွန်ုပ်ရဲ့ သဝဏ်လွှာကို စစ်သေနာပတိချုပ် မေဃနာဒဆီကတစ်ဆင့် ဘုရင်မင်းမြတ်ဖတ်ရှုပြီး ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“အင်း ....ကျုပ်ဖတ်ပြီးပါပြီ။ သင့်ရဲ့နောင်တော်က သုခရိတ်မင်းတဲ့လား”
“မှန်ပါတယ် ဘုရင်မင်းမြတ်၊ အကျင့်ဖောက်ပြန်တဲ့ ဘုရင်တစ်ပါးပါ၊ တိုင်းပြည်ရဲ့ အေးချမ်းငြိမ်သက်မှုအတွက် ကျွန်ုပ်က နောင်တော်ကို ထီးနန်းချလိုက်ရပါတယ်။ အခု သူဟာ သဝဏ်လွှာမှာပါတဲ့အတိုင်း အိန္ဒူမြစ်မြောက်ပိုင်းဒေသဆီထွက်သွားပါပြီ ဘုရင်မင်းမြတ်”
“အဲဒီသုခရိတ်မင်းကို စိတ်မဝင်စားဘူး၊ သင် ဒသဂီရိဆီက ဘာလိုချင်သလဲ”
ဘာလီမင်းသည် ဦခေါင်းကို အောက်သို့စိုက်ချလျက် ပျော့ပျောင်းသောအသံဖြင့် ပြန်ဖြေသည်။
“ဘာလီမင်းနှင့်တကွသော ကိသကိန္ခာပြည် မက္ကဋမျိုးနွယ်စုတို့ကို လက်အောက်ခံမဟာမိတ်အဖြစ် လက်ခံဖို့နဲ့ ဘုရင်မင်းမြတ်ရဲ့ လင်္ကာဒီပအာဏာစက်နယ်နိမိတ်အတွင်း ဘာလီမင်းရဲ့ ထီးနန်းအုပ်ချုပ်မှုကို အသိအမှတ်ပြုဖို့ဖြစ်ပါတယ်”
“သင်တို့ဟာ သစ်ပင်နွယ်ပင်နဲ့ ကျောက်ဆောင်များကို အကျွမ်းဝင် ရင်းနှီးကြတယ်ဆို”
“သစ်ပင်နွယ်ပင်နဲ့ ကျောက်ဆောင်များဟာ ကျွန်ုပ်တို့မျိုးနွယ်စုရဲ့ မွေးရာပါကစားဖော်များ ဖြစ်ပါတယ် ဘုရင်မင်းမြတ်”
“အင်း .... သေနင်္ဂဗျူဟာရဲ့ အရေးကြီးတဲ့အင်္ဂါရပ်တစ်ခုပေပဲ၊ ကဲ ဘာလီမင်းရဲ့ ထီးနန်းအုပ်ချုပ်မှုနဲ့အတူ ကိသကိန္ဒာထီးနန်းကို ကျုပ်ရဲ့လက်အောက်ခံမဟာမိတ်အဖြစ် အသိအမှတ်ပြုလိုက်တယ်၊ သင်တို့လည်း အနားယူကြအုံးပေါ့”
ဘာလီမင်းနှင့် သံတမန်များသည် ကျွန်ုပ်ကို ကောင်းချီးပေးလိုက်ကြပြီး နန်းတော်ထဲမှ ထွက်ခွာသွားကြသည်။ ခါးနောက်တွင် ချိတ်ဆွဲထားသည့်အနီရောင်ကြိုးစများသည် အမြီးများသဖွယ် လှုပ်ယမ်းနေကြလေသည်။
“နောင်တော်ဘုရင်မင်းမြတ်ရဲ့ဆုံးဖြတ်ချက်ဟာ မြန်ဆန်လွန်းလှတယ်”
သူတို့ နန်းတော်တွင်းမှ ပျောက်ကွယ်သွားကြပြီးနောက်တွင် ဘိဘိသနက မဝံ့မရဲလေသံဖြင့် ပြောလေသည်။
“ဘာဖြစ်လို့လဲ ဘိဘိသန”
“ဘာလီမင်းပြောတဲ့စကားတွေကို အခုနေအခါမှာ ဘယ်လိုမှ မဆုံးဖြတ်နိုင်သေးပေမယ့် သူရဲ့ သေးငယ်စူးရှတဲ့ မျက်လုံးအိမ်းများရဲ့ နောက်ကွယ်မှာ သဘောမကျနိုင်စရာအဓိပ္ပာယ်တွေ ညီတော်တွေ့နေရပါတယ်။ သေးငယ်ပြီး လှုပ်ရှားကစားလွန်းတဲ့ မျက်လုံးသူငယ်အိမ်ရှိသူများဟာ လိမ်ညာတတ်ကြတယ်၊ ပရိယာယ်ဝင်္ကန္တဥာဏ် များတတ်ကြတယ် နောင်တော်ဘုရင်မင်းမြတ်”
“အေး ....သေးငယ်လှုပ်ရှားတဲ့ မျက်လုံးသူငယ်အိမ်တွေကိုတော့ ငါသတိပြုမိသားပဲ ဘိဘိသန၊ သို့သော် မျက်လုံးသူငယ်အိမ်ထက် သူတို့ရဲ့ ရှည်လျားတဲ့လက်ချောင်းလက်တံများကို ပိုပြီးစိတ်ဝင်စားနေမိတယ်။ ပြီးတော့ လမ်းလျှောက်ပုံကလည်း ရှေ့ကို ကိုယ်ညွှတ်နေသလားလို့၊ ငါတော့ ဒီပုံသဏ္ဍန်တွေကို ကြည့်ရတာ ပျော်ရွှင်နေမိတယ်၊ သားတော်မေဃနာဒ အနေနဲ့ကောဟေ့”
“လက်ချောင်းလက်တံ မျက်လုံးသူငယ်အိမ်တွေရဲ့ အဓိပ္ပာယ်ကို သားတော် နားမလည်ပါဘူး ခမည်းတော်ဘုရင်မင်းမြတ်၊ စိတ်လဲမဝင်စားပါဘုး။ အခု သားတော် လေးမြားပစ်အတတ်ကို သင်ကြား လေ့ကျင့်ပေးစရာ ရှိနေပါတယ်။ ရဲမက်ရင်ပြင်ကို ပြန်သွားခွင့်ပေးပါ ခမည်းတော်”
“ဟား ...... ဟား .... ဟား.... ဟား ..... သားတော် မေဃနာဒပြောတာ အကောင်းဆုံးပဲ၊ ကဲ ....ကဲ သွားတော့၊ ဘိဘိသနလဲ သွားတော့”
သူတို့ ထွက်ခွာသွားကြသည်။ ညအမှောင်သည် လင်္ကာဒီပနန်းတော်အတွင်း ဝင်ရောက်လာသည်။ သို့သော် နန်းတော်ကျေးကျွန်များက ဝက်ဝံဆီမီးတိုင်များ ထွန်းညှိထားကြသဖြင့် အလင်းရောင်များ ဖြန့်ကြက်လာပြန်သည်။ ကျွန်ုပ်သည် ရေညှိရောင်ဝတ်ရုံကို ပခုံးထက်မှ ဖြုတ်ချလိုက်ပြီး စက်ရာဆောင်ဆီသို့ ပြန်လာခဲ့လေသည်။ နောက်တစ်နေ့တွင် မက္ကဋဘုရင် ဘာလီနှင့်အတူပါလာသည့် စစ်သည်များ၏အစွမ်းပြပွဲကို လင်္ကာဒီပရဲမက်လွင်ပြင်တွင်ကျင်းပသည်။ ညီတော်ဘိဘိသနနှင့် သားတော် မေဃနာဒတို့၏အစီအစဉ်ဖြစ်သည်။
မက္ကဋစစ်သည်များသည် ဓားလှံများတွင် ဒြာဝိဒိယန်များလောက် ကျွမ်းကျင်မှုမရှိကြချေ။ သို့သော် အထူးအစီအစဉ်အဖြစ် နောက်ဆုံးပြသသည့် အစွမ်းပြကွက်များကား အံ့မခန်းရှိလှသည်။ မက္ကဋစစ်သည်များသည် ရင်ပြင်၏ဗဟိုတွင် စက်ဝိုင်းသဏ္ဍန် စုရုံးလိုက်ပြီးနောက် ဘာလီဘုရင်က အချက်ပေးလိုက်သည်နှင့် စက်ဝိုင်းသည် လျင်မြန်စွာ ကျယ်ပြန့်သွားသည်။ ရင်ပြင်၏နယ်နိမိတ်နေရာသို့ ရောက်သောအခါ စစ်သည်တို့သည် ထူးဆန်းသောအသံများကို အော်ဟစ်လျက် ဘေးဘက်ရှိသစ်ပင်ခွကြားများထက်သို့ တက်လိုက်ကြသည်။ ထင်းရှူးပင်၊ အင်ကြင်းပင်၊ ကညင်ပင်၊ ကျွန်းပင် စသည့် မြင့်မားလှသည့်သစ်ပင်များထက်သို့ လျင်မြန်စွာ တက်သွားကြသည်။ တစ်ပင်မှတစ်ပင်သို့သစ်ကိုင်းဖျားများမှ တွဲခိုလျက်၊ ယိမ်းလွှဲလျက်၊ ခုန်လွားလျက်၊ ကူးပြောင်းပြေးလွှားကြသည်။ ထိုအခါတွင် သူတို့၏လျင်မြန်မှုမှာ ရင်ပြင်မြေကြီးပေါ်ထက် နှစ်ဆမက လျင်မြန်ဖျက်လတ်သွားကြောင်း တွေ့ရလေသည်။ ရဲမက်များသည် ရင်ပြင်ကွင်းကြီးပတ်ပတ်လည်တွင်ရှိသော သစ်ပင်များထက်တွင် သူတို့သည် ပတ်ချာလှည့်နေကြသည်။ ထူးဆန်းသော ဟစ်ကြွေးသံများ ဆူညံနေတော့သည်။
ကွင်းလယ်ဗဟိုတွင်ရှိသည့် ဘာလီဘုရင်သည် တံပိုးကို မှုတ်လိုက်သည်။ တံပိုးသံအဆုံးတွင် သစ်ရွက်လေတိုးသံတစ်သံသံကိုသော်မှ မကြားရတော့။ သစ်ပင်များပေါ်တွင် စစ်သည်များကိုလည်း မတွေ့ရတော့။ ဘာလီက တံပိုးကို ဒုတိယအကြိမ် ထပ်၍မှုတ်သည်။ ထိုအခါမှ သစ်ကိုင်း၏တစ်ဖက်တွင် လူလုံးကွယ်ဖျောက်ထားသည့် စစ်သည်များ ပြန်၍ပေါ်လာပြီး ကျယ်လောင်စွာအော်ဟစ်လျက် သူတို့လက်ထဲမှ လှံတံများကို ကွင်းအလယ်သို့ ပစ်လိုက်ကြသည်။ လှံတံများသည် ကွင်းဗဟိုတွင်ရပ်နေသည့် ဘာလီဘုရင်၏ခြေကို ဗဟိုပြုလျက် စက်ဝိုင်းသဏ္ဍာန် လှပစွာ စိုက်ဝင်ကြသည်။ လှံများသည် ကြိုးတပ်လှံများဖြစ်သောကြောင့် ကွင်းလယ်ဗဟိုနေရာနှင့် ထိပ်ဖျားများအကြားတွင် ရှည်လျားသော ကြိုးတန်းများ ဖြစ်ပေါ်လာသည်။ ရဲမက်ရင်ပြင်ပေါ်တွင် ရှည်လျားသောကြိုးများ ကွင်းဗဟိုတစ်နေရာတည်း၌ စုရုံးလျက်သွယ်တန်းနေသည်မှာ ကြီးမားလှသောပင့်ကူအိမ်ကြီးနှင့် တူနေတော့သည်။
ဘာလီဘုရင်က တတိယတံပိုးသံကို အချက်ပေးလိုက်သည်။ စူးရှသော ဟစ်ကြွေးသံများနှင့်အတူ သစ်ပင်ထိပ်ဖျားမှ မက္ကဋစစ်သည်တို့သည် မိမိတို့ပစ်စိုက်ထားသည့် လှံကြိုးများပေါ်မှ ထိုးဖက်တွယ်ဆင်းလာကြသည်။ သူတို့အားလုံး မြေပြင်သို့ရောက်သောအခါတွင်ကား မူလစက်ဝိုင်းသဏ္ဍာန်ဖြစ်သွားသည်။ ထို့နောက် ဘာလီက ဦးဆောင်လျက် ကျွန်ုပ်ရှိရာ ဗိုလ်ရှုခံစင်မြင့်အောက်သို့ လာကြပြီး ဒူးထောက်ဦးညွတ်လိုက်ကြသည်။ ပရိသတ်၏သြဘာသံကား
ရဲမက်ရင်ပြင်တွင် ပျံ့လွင့်နေလေသည်။
ကျွန်ုပ်ကား ထိုမျောက်ဝံများအား အံ့အားသင့်ရင်းနှင့် သဘောကျနေမိတော့သည်။ တောတောင်သစ်ပင်ထူထပ်သည့် စစ်မြေပြင်အရပ်များတွင် မက္ကဋများကို တပ်ရှေ့ပြေးအဖြစ် အသုံးချရလျှင် အလွန်ခရီးရောက်ပေလိမ့်မည်။
ကျွန်ုပ်သည် ဘာလီဘုရင်နှင့်အဖွဲ့အား ဆုလာဘ်များပေးသနားလိုက်ပြီးနောက် ကိသကိန္ဒာပြည်ကို လက်အောက်ခံမဟာမိတ်အဖြစ် အသိအမှတ်ပြုခြင်းကို ပိုမိုလေးနက်စိမ့်သောငှာ ကျွန်ုပ်၏ရွှေနန်းကြိုးများဖြင့် သွယ်ယှက်
သွန်းခတ်ထားသည့် ပခုံးကာစစ်ဝတ်တန်ဆာကို လက်ဆောင်ပေးလိုက်သည်။
“အဲဒီရွှေပခုံးကာကို ယခုလိုထားရင် ရွှေရောင်ဟာ အပြင်ဘက်မှာရှိနေမယ်၊ ဟောဒီလို အတွင်းဘက် ပြန်လှည့်လိုက်မယ်ဆိုရင်တော့ ကတ္တီပါအနီစက အပြင်ဘက်မှာရှိနေလိမ့်မယ်။ ဘာလီဘုရင် ဒါကို ယူထားပေတော့၊ အကယ်၍ ချစ်ကြည်ရေးနဲ့ အခြားပျော်ရွှင်ဖွယ်အခမ်းအနားအတွက် လာရောက်စေချင်တယ်ဆိုရင် ရွှေရောင်ကို အပြင်ဘက်မှာထားပြီး ပို့လိုက်၊ စစ်မက်နှင့် ပတ်သက်တယ်၊ စစ်ကူလိုတယ်ဆိုရင် ကတ္တီပါအနီရောင်စကို အပြင်ဘက်မှာ
ထားပြီးပို့လိုက်၊ ကြားရဲ့လား မက္ကဋဘုရင်”
ဘာလီဘုရင်သည် ဦးညွှတ်လိုက်ပြီးမှ ကျွန်ုပ်ရှိရာအရပ်သို့ မော့ကြည့်သည်။
“ရွှေရောင်ကို အပြင်ဘက်ထားပြီး ပို့ဖို့အခွင့်အရေးများနဲ့သာ ကြုံပါစေလို့ မက္ကဋမျိုးနွယ်စုက ဆုတောင်းနေကြမှာပါ ဘုရင်မင်းမြတ်”
ကျွန်ုပ်က ရယ်မောပြီး လက်ပြလိုက်သဖြင့် မက္ကဋတို့သည် တည်းခိုရာသို့ ပြန်သွားကြလေသည်။ အစွမ်းပြပွဲအခမ်းအနားကို သိမ်းရန် အမိန့်ပေးလိုက်သည်။ သားတော်မေဃနာဒသည် သူ၏စစ်တပ်များကို စုရုံး၍ ပြန်လည်ထွက်ခွာရန် စီစဉ်နေသည်။ ရဲမက်ရင်ပြင်၏ အနားယူခန်းမသို့ရောက်သောအခါ ဘိဘိသနသည် ကျွန်ုပ်၏အနီးသို့ ကပ်လာသည်။
“ဘာပြောချင်လဲ ဘိဘိသန”
“မက္ကဋတွေနဲ့ပတ်သက်ပြီး အခုတော့ ကိစ္စအားလုံး စီစဉ်ပြီးသွားပြီပဲ နောင်တော်ဘုရင်မင်းမြတ်၊ သို့သော် ညီတော်တို့ ဆက်လက်လေ့လာစရာများ ရှိနေသေးတယ်လို့ ထင်ပါတယ်”
“ဘာတွေများလဲ”
“ဘာလီမင်းရဲ့ အကို ကိသကိန္ဒာရဲ့ မူလဘုရင် သုခရိတ်မင်းကို အကျင့်ဖောက်ပြန်လို့ ထီးနန်းက ချလိုက်တယ်ဆိုရင် သူဟာ ဘယ်လိုအကျင့်ဖောက်ပြန်တာမျိုးလဲ၊ သုခရိတ်ရဲ့ ဘုန်းလက်ရုံးနဲ့ အာဏာစက်ဟာ ကိသကိန္ဒာမှာ တကယ်ပဲ
ကွယ်ပျေက်သွားတာဟုတ်ရဲ့လား စတဲ့အချက်တွေ၊ ပြီးတော့ သုခရိတ်ဟာ အိန္ဒူမြစ်မြောက်ပိုင်းဒေသကို ထွက်ခွာသွားပြီး အာရိယန်တွေနဲ့ ပူးပေါင်းတယ်ဆိုတာ သူဟာ သူရဲ့ကိသကိန္ဒာကို အသားဝါတွေရဲ့အကူအညီနဲ့ ပြန်လည်ရယူဖို့ ကြိုးစားမှာပဲ နောင်တော်ဘုရင်မင်းမြတ်”
“ဒီတော့ တို့ဟာ တို့ရဲ့လက်အောက်ခံ ဘာလီဘုရင်ဘက်ကနေ အကူအညီပေးရမှာပေါ့ ညီတော် ဘိဘိသန”
“မှန်ပါတယ် ဒီလိုပဲဖြစ်ရတော့မှာပါပဲ နောင်တော်၊ မကြာခင်မှာပဲ နောင်တော်ရဲ့ ပခုံးတန်ဆာဟာ အနီရောင်စ အပြင်ဘက်မှာထားရှိတဲ့ ပုံစံနဲ့ နောင်တော်ဆီ ပြန်ရောက်လာမှာပဲ”
ဤတွင် တချိန်လုံး ငြိမ်၍နားထောင်နေသော ဂမ္ဘီက ဝင်ပြောလေသည်။
“ဒါဆို ကောင်းတာပေါ့ ဘိဘိသန၊ အဲဒီအချိန်လောက်ဆိုရင် ဦးရီးတော် မာရဇ္စနဲ့အတူ မှော်ရုံဟေဝန်ရောက်နေတဲ့ သားတော်နှစ်ပါးလဲ သေနင်္ဂဗျူဟာမှာ ကျွမ်းကျင်ပြီးဖြစ်နေရောပေါ့ မဟုတ်လား အစ်ကိုတော်ဘုရင်မင်းမြတ်”
“ဟား.... ဟား ....ဟား .... ဂမ္ဘီလည်း သူ့သားနှစ်ယောက်ကိုပွဲထုတ်ဖို့ အခွင့်အခါကိုပဲ စောင့်နေတာကို၊ စိတ်ချပါဂမ္ဘီရယ်၊ နင့်သားနှစ်ယောက်ကို ငါခိုင်းမှာပါ”
ဘိဘိသနကမူ ခန်းမဆောင်ပြတင်းပေါက်သို့ ထသွားပြီး ပြတင်းမှပဝါစကို လက်ဖြင့် ပွတ်သပ်လျက် ဖြည်းဖြည်းချင်း ပြောလေသည်။
“ညီတော်ရဲ့စိတ်ထဲမှာ တစ်ခုပဲစိုးရိမ်နေတယ်၊ သံသယလဲဝင်နေတယ်၊ ဒီသံသယနဲ့စိုးရိမ်မှုဟာ သေးငယ်လှုပ်ရှားတဲ့ ဘာလီမင်းရဲ့မျက်လုံးသူငယ်အိမ်က ဝင်္ကန္တအကောက်ဥာဏ် အရိပ်အငွေ့များကို သတိထားမိခြင်းက ပေါ်ထွက်လာတာပဲ”
“ဒီမက္ကဋဘုရင်ရဲ့ မျက်လုံးသူငယ်အိမ်ပေါ်မှာ မင်း တော်တော် စိတ်ဝင်စားနေပါလား ညီတော်ဘိဘိသန၊ ကဲ ... ပြောစမ်းပါဦးလေ”
“အကယ်၍ ဘာလီမင်းဟာ သူ့အစ်ကိုသုခရိတ်မင်းကို မတရားတဲ့နည်းနဲ့ ထီးနန်းကချပြီး ကိသကိန္ဒာကို အဓမ္မသိမ်းပိုက်ခဲ့တာများဖြစ်နေရင် ညီတော်တို့ဟာ မှားယွင်းတဲ့ လက်အောက်ခံမဟာမိတ်တစ်ခုကို ပြုလိုက်မိတာပဲ”
“ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် အာရိယန်တွေလာတိုက်မယ်ဆိုရင် တို့ဟာ စစ်ကူပေးရမှာပဲ မဟုတ်လားညီတော်”
“မှန်ပါတယ်နောင်တော်၊ သို့သော် ဘာလီမင်းဟာ ကိသကိန္ဒာထီးနန်းကို မတရားသိမ်းပိုက်ခဲ့တာ မှန်နေရင် သူ့ဘက်က ပါဝင်တိုက်ခိုက်ခြင်းအားဖြင့် ညီတော်တို့ဟာ တရားမျှတမှုရဲ့ ဆန့်ကျင်သူဖြစ်သွားမယ်၊ သုခရိတ်ကို အားပေးတဲ့
အာရိယန်တွေက တရားမျှတမှုရဲ့ ဘက်တော်သားဖြစ်သွားမယ်”
“ဒီတော့ ဘာဖြစ်သလဲ”
ကမ္ဘာလောကမှာ ဒြာဝိဒိယန်တွေဟာ မတရားမှုရဲ့ ပြယုဂ်အဖြစ် ကမ္ဗည်းတွင်ရစ်မှာကို ..... ”
“တော်စမ်းပါ ဘိဘိသန၊ တရားမျှတမှုဆိုတာ ဘုန်းလက်ရုန်းအာဏာကြီးမားခြင်းနဲ့ စစ်ရေးအတတ် ထက်မြက်ခြင်းကို ခေါ်တာပဲ၊ ဘုန်တန်ခိုးရဲ့နောက်ကွယ်မှာ တရားမျှတမှုဆိုတာ အစဉ်တွဲပါနေရတယ်”
“ဟင် ...ဒါ ... ဒါဟာ နောင်တော်ဘုရင်မင်းမြတ်ရဲ့ အယူအဆလား၊ ဒါဟာ လင်္ကာဒီပဘုရင်ရဲ့ ယုံကြည်မှုလား”
“ဟုတ်တယ်လေ ဘိဘိသန၊ တရားမျှတမှုဆိုတာ ဘုန်းလက်ရုန်းကြီးမားခြင်းရဲ့ အမြီးပိုင်းပဲ ဖြစ်တယ်။ ဒါဟာ ငါ့ရဲ့ယုံကြည်သက်ဝင်မှုပဲ၊ ဒါဟာ ဒသဂီရိဘုရင်ရဲ့ သစ္စာတရားပဲ”
“အို .... ”
ဘိဘိသန၏မျက်နှာသည် ညှို့မှိုင်းသွားလေသည်။ သူ၏လက်တွင်ချိတ်ဆွဲထားသည့် ရွှေကြိုးထိပ်မှ နီလာကျောက်ကိုလည်း တုန်ယင်သောလက်ဖြင့် ပွတ်သပ်ဆုပ်ခြေနေသည်။ ဘိဘိသန ဘာကြောင့် ဒီလောက်အမူအယာပျက်ရသလဲဆိုသည်ကို ကျွန်ုပ်မတွေးတတ်ချေ။
“နောင်တော်ဘုရင်မင်းမြတ် .... နောင်တော်ဟာ ဘုန်းလက်ရုံးဆိုတာကို နောင်တော်ရဲ့အစွမ်းအထက်မြက်ဆုံး စွမ်းရည်အစိတ်အပိုင်းတစ်ခုမျှသာပဲ သဘောထားလိမ့်မယ်လို့ ညီတော်ထင်ခဲ့တယ်။ အခုအတိုင်းဆိုရင်တော့ နောင်တော်ဘုရင်မင်းမြတ်ဟာ ဘုန်းလက်ရုံး တရားဓမ္မမှာလုံးလုံးလျားလျား ယုံကြည်သက်ဝင်နေပါရော့လား၊ ဒါဟာ ဘုရင်မင်းမြတ်တစ်ပါးအတွက် အင်မတန်ကျဉ်းမြောင်းတဲ့ ယုံကြည်သက်ဝင်မှုတစ်ခုပဲ”
“ဘိဘိသန မင်းဘာဖြစ်နေတာလဲ၊ အာရိယန်တွေနဲ့ ရင်ဆိုင်ရတော့မယ့်ကာလမှာ ဘုန်းလက်ရုံး တရားဓမ္မကလွဲလို့ တခြားဘာကိုများ တို့က ကိုးကွယ်ရအုံးမှာလဲ”
ဘိဘိသနသည် ဦးခေါင်းကို ခါယမ်းနေသည်။
“တိုင်းပြည်တစ်ပြည်ဟာ သူရဲ့တရားဓမ္မကို ဘုန်းလက်ရုံးနဲ့ တည်ဆောက်မယ်ဆိုရင် ပျက်စီးခန်းကို အုတ်မြစ်ချတာနဲ့အတူတူပဲ ...... အတူတူပဲ”
“မင်းထွက်သွားလိုက်စမ်း ဘိဘိသန၊ ခန်းမဆောင်ထဲက ထွက်သွားလိုက်စမ်း၊ နောက်တစ်ခါ ထပ်ပြောမယ်ဆိုရင် လင်္ကာဒီပနန်းတော်ထဲက .... သိန်းခိုပြည်ရဲ့နယ်နိမိတ်ထဲကပါ ထွက်သွားလို့ ငါပြောလိုက်မယ်”
ဘိဘိသနသည် ကျွန်ုပ်အား စိမ်းစိမ်းဝါးဝါးကြည့်လျက် ခန်းမဆောင်ထဲမှ ထွက်သွားလေသည်။ တရိဂမ္ဘီက ကျွန်ုပ်၏လက်များကို ဆုပ်နယ်လျက် နှစ်သိမ့်လာသည်။
“ထုံးစံအတိုင်း ဘိဘိသနဟာ ဘုရင်မင်းမြတ်ကို ချစ်ခင်လေးစားလို့ အစိုးရိမ်ကြီးနေတာပါ။ ထုံးစံအတိုင်း အကိုတော်တို့ဆွေးနွေးပွဲဟာ ဆူဆူညံညံဖြစ်လာပြီး ဘိဘိသနကို အကိုတော်က မောင်းထုတ်၊ ဘိဘိသနက ထွက်သွား၊
ဒီလိုနဲ့ အပြီးသတ်ရတာပေါ့၊ စိတ်အနှောက်အယှက်မဖြစ်ပါနဲ့ အကိုတော်ဘုရင်မင်းမြတ်။ ဘုန်းလက်ရုန်းနဲ့ တရားမျှတမှုဟာ ခေါင်းနဲ့အမြီးပိုင်းဖြစ်တယ်လို့ နှမတော်ဂမ္ဘီနဲ့တကွ ဒြာဝိဒိယန်အားလုံးက ယုံကြည်သက်ဝင်ကြပါတယ်”
ဂမ္ဘီ၏နှစ်သိမ့်မှုကြောင့် ကျွန်ုပ် အတော်အတန် စိတ်ပြေလာသည်။ သို့သော် ကျွန်ုပ်၏ဆုံးဖြတ်ချက်များကို အစဉ်တစိုက် ဆန့်ကျင်ဝေဖန်သည့် ညီတော်ဘိဘိသနကို ကျွန်ုပ် မကျေမနပ် ဖြစ်လာသည်။ လင်္ကာဒီပအိမ်ရှေ့စံအဖြစ်ကိုပင် သားတော်မေဃနာဒအား မအပ်နှင်းဘဲ သူ့အားပေးခဲ့သည်။ ဤမျှလောက် ကြောက်ရွံ့တွေဝေတတ်သူသည် အိမ်ရှေ့စံနှင့် မတန်တော့ဟု ကျွန်ုပ်ထင်သည်။
သို့သော် ကြီးမားကျယ်ပြန့်သော လင်္ကာဒီပနယ်နိမိတ်အတွင်းရှိ ကြီးလေးသောလုပ်ငန်းတာဝန်များကို သားတော်မေဃနာဒသည် နိုင်နိုင်နင်းနင်း စီမံခန့်ခွဲနိုင်မည်မဟုတ်။ ဤကိစ္စကို စွမ်းဆောင်နိုင်သူမှာ ညီတော်ဘိဘိသနမှတစ်ပါး လင်္ကာဒီပတွင် အခြားမည်သူမှလည်း မရှိကြချေ။ ကြောက်ရွံ့တွေဝေတတ်ခြင်းမှအပ ဘိဘိသနသည် ဥာဏ်ပညာကြီးမား၍ အသိအမြင်ကျယ်ဝန်းသူဖြစ်နေပေသည်။
“ကဲ .... အစ်ကိုတော်ဘုရင်မင်းမြတ်၊ ထီးနန်းကိစ္စနဲ့ ပင်ပန်းလှပါပြီ။ ဂန္ဓမာလာသားရဲတွင်းမှာလည်း အဆင်သင့်ဖြစ်နေပြီမို့ ....”
“ဟေ .... နင့်သမင်ခတ်ပွဲလား ဂမ္ဘီ၊ အေး ကောင်းတယ်၊ နင်အခု ဘာတွေ အသစ်အဆန်း လုပ်ထားသလဲ”
“အသစ်အဆန်းတွေအများကြီးပေါ့ အကိုတော် ဘုရင်မင်းမြတ်၊ သမင်ဖိုအရိုင်း လေးကောင်တို့ တိုက်ခိုက်ကြမယ်၊ ပြီးတော့ သမင်ဖိုအရိုင်းနှစ်ကောင်နဲ့ ကျားသစ်တို့ တိုက်ခိုက်ကြမယ်၊ ပြီးတော့ . . . .”
“မပြောနဲ့ဦး၊ ဆက်မပြောနဲ့ဦး ဂမ္ဘီ၊ တို့များ အခုပဲ ဂန္ဓမာလာသားရဲတွင်းဆီ သွားကြစို့၊ လာ .....လာ”
* * *
ဤကာလများအတွင်း ကျွန်ုပ်သည် လင်္ကာဒီပ၏အုပ်ချုပ်ရေးရာများနှင့် မအားမလပ်နိုင်အောင် ရှိနေတော့သည်။ သားတော်မေဃနာဒ၏စစ်တပ်များကို စစ်ဆေးခြင်း၊ လက်အောက်ခံမျိုးနွယ်စုဘုရင်များ၏ နန်းတော်သို့ သွားရောက်လည်ပတ်၍ လက်ဆောင်ပဏ္ဏာများရယူခြင်း၊ ညီတော်ဘိဘိသန ဦးစီးဆောက်လုပ်နေသည့် နဝမနှင့် ဒသမပဗ္ဗတတောင်ကြားခံတပ်သို့ သွား၍ ညီတော်၏ရှင်းလင်းချက်များကို ကြားနာစစ်ဆေးခြင်း စသည့်လုပ်ငန်းများ၌ နစ်မြုပ်နေသည်။ လက်အောက်ခံဘုရင်များထံ သွားရောက်လည်ပတ်ရင်းဖြင့် ဦးရီးတော်မာရဇ္ဇနှင့် တူတော် ဒုသနှင့် ခရတို့ရှိရာ မှော်ရုံဟေဝန်သို့ ဝင်ရောက်ခဲ့သည်။
ဒုသနှင့် ခရတို့သည် ဦးရီးတော်ထံမှ “ပဋိပက္ခ သေနင်္ဂဗျူဟာ”ကို သင်ကြားရင်း ပျော်ရွှင်ချမ်းမြေ့နေကြပေသည်။ နုနယ်သောသူတို့၏မျက်နှာများနှင့် မလိုက်အောင်ပင် ကိုယ်ခန္ဓာ ခွန်အားဗလတို့ကြီးထွားသန်စွမ်းနေကြသည်ကိုလည်း အားရဖွယ်တွေ့ခဲ့ရသည်။ ယခုအခါ သူတို့သည် ဦးရီးတော်၏ဆန့်ကျင်ဘက်ပညာများ၊ တောတောင်ရေမြေတို့၏လျှို့ဝှက်ချက်များကို အတော်အတန် သင်ကြားတတ်မြောက်နေကြပြီဖြစ်သည်။ လက်နက်ကိုင်စွဲသည့် အတတ်ပညာတွင်မူ ဓား၊ လှံနှင့် ပုဆိန်အတတ်များကိုသာ လေ့ကျင့်ထားကြသဖြင့် “လေးမြားအတတ်”ကို ဆက်လက်သင်ကြားပေးရန် ဦးရီးတော်အား ကျွန်ုပ်မှာကြားခဲ့သည်။ တူတော်မောင်များကမူ လေးမြားအတတ်ကို သင်ကြားရန် စိတ်ပါဝင်စားမှုမရှိလှဘဲ ပဋိပက္ခသေနင်္ဂဗျူဟာကိုသာ ဆုံးခန်းတိုင် သင်ယူလိုကြောင်း ဦးရီးတော်က ကျွန်ုပ်ကို ပြောသည်။
ထီးနန်းအုပ်ချုပ်ရေးလုပ်ငန်းများမှ အားလပ်သည့်အချိန်များတွင် ကျွန်ုပ်သည် မိမိကိုယ်တိုင် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။ ယခုအခါ အသုရာဘုရင်ဆက်သခဲ့သော စစ်ရထားသည် စစ်မြင်းခြောက်ကောင်မဟုတ်တော့ချေ။ မူလစစ်မြင်းနက်ခြောက်ကောင်ကို ဖြုတ်၍ ဆီးနှင်းလိုဆွတ်ဆွတ်ဖြူသော စစ်မြင်းဆယ်ကောင်ကို တပ်ဆင်ထားပေသည်။
“ရွှေမြားကာ နိမ့်နေသည်”ဟု ဘိဘိသနက ကျွန်ုပ်အား အကြံပေးခဲ့ဖူးသည်။ သို့သော် ထိုနိမ့်သောမြားကာဖြင့်ပင် ကျွန်ုပ်သည် လင်္ကာဒီပနိုင်ငံတော်အား တိုက်ခိုက် စုရုံး ချဲ့ထွင်နိုင်ခဲ့သည်ဖြစ်၍ ထိုအသေးအဖွဲကိစ္စလည်း ထိုအတိုင်းသာထားလိုက်သည်။ ထို့ပြင် မြားကာကို မြင့်လိုက်ခြင်းအားဖြင့် အကျိုးနှစ်ရပ် ဆုတ်ယုတ်သွားမည်ဖြစ်သည်။ ပထမတစ်ရပ်မှာ ရထားထက်မှနေ၍ ကျွန်ုပ်က ရန်သူကိုပစ်ခတ်လိုသောအခါ မြားကာမြင့်နေလျှင် အနှောင့်အယှက် ဖြစ်မည်။ ဒုတိယတစ်ရပ်မှာ လင်္ကာဒီပဘုရင်ဒသဂီရိသည် ရန်သူ၏လက်နက်ဘေးမှ လုံခြုံသောငှာ မြင့်သောမြားကာကို အသုံးပြုသည်ဟု အထင်မခံလိုသောကြောင့်ဖြစ်သည်။
ဆီးနှင်းလိုဖြူဖွေးသော စစ်မြင်းဆယ်ကောင်က စစ်ရထားကို မောင်းနှင်သည့်ကျွန်ုပ်အား လင်္ကာဒီစာဆိုများနှင့် အနုပညာရှင်များက “တိမ်တိုက်များအကြားမှ ဖောက်ခွဲထွက်ပေါ်လာသည့် ရထားပျံ၏အရှင်သခင်”ဟု ဖွဲ့နွဲ့သီကုံးကြလေသည်။ တရိဂမ္ဘီ၏သမင်ခတ်ပွဲများသည် ကျွန်ုပ်အတွက် အကောင်းဆုံး အနားယူမှုပင်ဖြစ်သည်။ ဂမ္ဘီသည် တစ်ခုထက်တစ်ခု ပိုမိုဆန်းကြယ်သောအစီအစဉ်များကို ဖန်တီးတတ်လေရာ စာဆိုများက သူ့အား သမင်တို့၏သခင်မဟု အဓိပ္ပါယ်ရသည့် “မိဂါဒေဝီ” ဟူသော တေးလင်္ကာများဖြင့် စီကုံးဖွဲ့နွဲ့ကြလေသည်။
ထိုထိုသော အကြောင်းအရာများကြားတွင် လင်္ကာဒီပဘုရင်သည် ပျော်ရွှင်ချမ်းမြေ့နေမည် ဆိုပါက ထိုစကားများသည် မှားယွင်းသောစကားဖြစ်ချေမည်။ ကျွုန်ပ်သည် ပျော်ရွင်ချမ်းမြေ့ မှုရေပြင်၌ ကူးခတ်နေသည်မဟုတ်၊ ပျော်ရွှင်ချမ်းမြေ့မှုရေပြင်ဝယ် ကူးခတ်နေသည်ပင်ဖြစ်စေဦး၊ တစ်စုံတစ်ခုသောလှိုင်းတံပိုး၏ ပုတ်ခတ်မှုကြောင့် ကျွန်ုပ်သည် ထိုရေပြင်မှနေ၍ နှလုံးပူပန် နာကျင်ခြင်းကမ်းပေါ်သို့ အဖန်ဖန်အခါခါ ရောက်ရှိခဲ့ရသည်။ နှလုံးပူပန်နာကျင်ခြင်း ကမ်းသို့ ရောက်အောင် ပုတ်ခတ်နိုင်သောလှိုင်းတံပိုး ....သီတာဒေဝီ။ အချစ်၏ တည်မှီရာဖြစ်ပေသော သီတာဒေဝီ။ ရွှေခြည်ဖောက် ပဝါခန်းဆီးနောက်ကွယ်မှ ကြောက်ရွံ့ထိတ်လန့်နေသော သီတာဒေဝီ၏ လှပသည့်မျက်နှာသည် ကျွန်ုပ်အား အခွင့်သင့်တိုင်း စိုးမိုးချုပ်ချယ်သည်။ “ဘီလူးလို ကြမ်းတမ်းခက်ထန်တဲ့ လင်္ကာဒီပဘုရင်”ဟူသော စူးရှသည့်အသံက ကျွန်ုပ်နားတွင်းဝယ် ပဲ့တင်ထပ်နေတတ်သည်။
ပြည့်ဖြိုးဝိုင်းစက်သည့် လမင်းဖြစ်ပေါ်ရာညများဆိုလျှင် ကျွန်ုပ်၏ လင်္ကာဒီပနန်းဆောင်စက်ရာ၏ ကတ္တီပါသလွန်တော်ထက် လဲလျောင်းနေရင်း မိထိလာလေးတော်တင်ပွဲကအပြန် ညတစ်ည၏ဓမ္မိကတောင်သေလာခြေရင်းမှ စမ်းချောင်းကို မြင်ယောင်နေမိသည်။ စမ်းရေအလျဉ်ထက်သို့ ကျောက်တုံးကြီးများကို တစ်တုံးပြီးတစ်တုံး ကိုင်ပေါက်ပစ်ချနေသည့် ကျွန်ုပ်ကိုယ်ကျွန်ုပ် တွေ့နေရသည်။ တဝုန်ဝုန်းအသံများ ကြားယောင်မိသည်။
“ကျုပ်ဟာ မင်းအတွက် ဒီလောက်ပဲ ခက်ထန်ကြမ်းတမ်းနေသတဲ့လား သီတာဒေဝီ၊ ကျုပ်ရဲ့နီရဲတဲ့ မျက်လုံးအစုံရဲ့အတွင်းဘက်ကို မင်း ခဏလေး စူးစမ်းကြည့်စမ်းပါ၊ ဒီအခါမှာ အချစ်ကို မင်းတွေ့ရမှာပါ”
နှလုံးပူပန်ကြေကွဲသော်လည်း ကျွန်ုပ်သည် ပျော့ညံ့နေသည်ကား မဟုတ်ခဲ့။ သီတာဒေဝီကို မြင်ယောင်မိတိုင်း သူ့အနီးတွင် “အစိမ်းရောင်” ကို ကျွန်ုပ်တွေ့နေရသည်။ ရာမမင်းသားသည် အဋ္ဌစန္ဒာလေးကို ကိုင်စွဲလျက် ကျွန်ုပ်အား
ကြည့်နေသည်။ သင်း၏မျက်နှာပေါ်တွင် လှောင်ပြောင်သောအပြုံးတစ်ခု အမြဲရှိနေသည်။ ထိုအခါ ကျွန်ုပ်၏ရင်အတွင်း၌ ဒေါသနှင့် မုန်းတီးခြင်းတို့ ဆူဝေလာကြသည်။
“သင်းဟာ အာရိယန်တစ်ယောက်အနေနဲ့ ငါ့ရဲ့ရန်သူ၊ သီတာဒေဝီနဲ့ ပတ်သက်တဲ့အတွက် ပို၍ကြီးမားသောရန်သူ”
အသံထွက်၍ ကြုံးဝါးလိုက်သောအခါများတွင် ကျွန်ုပ်၏နှလုံးပူပန် နာကျင်မှုများသည် ဆူဝေလာသော ဒြာဝိဒိယန်သွေးများအောက်တွင် တိုးလျှိုးပျောက်ကွယ်သွားရပေသည်။ ယခုအခါတွင် ရာမမင်းသားနှင့် သီတာဒေဝီတို့သည် လက်ထပ်ပြီး အယုဒ္ဓယ၏နန်းဆောင်တွင် အတူတကွ စံစားနေလောက်ပေပြီ။ လက္ခဏမင်းသားမူ အိမ်ရှေ့စံဖြစ်နေလောက်ပေပြီ။ သူတို့မှာ သားတော်သမီးတော်တွေများ ရနေပြီလား။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ .....။
ရာမမင်းသားသည် ကျွန်ုပ်၏အမုန်းဆုံးရန်သူ။ သီတာဒေဝီသည် ကျွန်ုပ်၏အချစ်ဆုံးရန်သူ။ ရာမ၏အသက်ရှန်သန်မှုကို ဖျက်ဆီးခြင်း၊ သီတာဒေဝီ၏ချစ်ခြင်းမေတ္တာကို ရယူခြင်းတို့သည် ကျွန်ုပ်ဒသဂီရိအတွက် မည်သည့်အခါမှ နောက်ကျဟောင်းနွမ်းမည့်လုပ်ငန်းမဟုတ်၊ ကျွန်ုပ်၏စစ်ရထားရှေ့မြားကာတစ်ဖက်မှ တိုင်ထိပ်တွင် ရာမမင်းသား ပစ်လွှတ်စိုက်ဝင်ခဲ့သော မြား၏အသွားသည် သံသာဖြစ်ပါက ယခုအခါ သံချေးပင်ဖြစ်လောက်ပြီး။ ကျွန်ုပ်သည် ထိုမြားသွားကို ထုတ်ယူခြင်းမပြု။ မိထိလာလေးတင်ပွဲက အပြန်အတိုင်း သည်အတိုင်း ရှိစေသည်။ ထိုအရာသည် ကျွန်ုပ်၏ရင်တွင်း၌ ချစ်ခြင်းမေတ္တာနှင့်ကလဲ့စားချေမှုတာဝန်ကို အစဉ်မပြတ် နီးကပ်စွာ နှိုးဆော်နေရမည်။ နှလုံးသည်းပွတ်အတွင်းဝယ် အချစ်နှင့်အမုန်းတို့ကို ကျွန်ုပ်ဒသဂီရိ ရဲ့ရင့်စွာပင် သိမ်းဆည်းထားမည်။
ညီတော်ဘိဘိသနသည် နိုင်ငံအုပ်ချုပ်ရေးကိစ္စများမှလွဲ၍ ယခင်ကလို ကျွန်ုပ်နှင့် ရင်းရင်းနှီးနှီး မဆက်ဆံတော့ချေ။ မက္ကဋဘုရင်ဘာလီနှင့် သူ၏စစ်သည်များ အစွမ်းပြပွဲအချိန်မှစ၍ သူသည် ကျွန်ုပ်ကို ခပ်တန်းတန်း ဆက်ဆံနေသည်။ ကျွန်ုပ်အား ဆန့်ကျင်ဝေဖန်သော စကားများလည်း မပြောတော့။ စင်စစ် ဘိဘိသနသည် လင်္ကာဒီပနန်းတော်၌ မရှိသည်က များသည်။ သူသည် လင်္ကာဒီပနိုင်ငံတော်၏နယ်နိမိတ်တောင်တန်းများတွင် လှည့်လည်နေသည်။ ကျွန်ုပ်နှင့် စိတ်သဘောထားချင်း မတိုက်ဆိုင်စေကာမူ ပညာဥာဏ်ကြီးမားသော ကျွန်ုပ်၏ညီတော်အား ကျွန်ုပ် များစွာချစ်ခင်ပေသည်။ ဘိဘိသန အနီးတွင်မရှိသည့်အတွက် ကျွန်ုပ် သူ့ကို ကြိမ်ဖန်များစွာ အောက်မေ့တသမိသည်။ ရာသီဥတုသာယာလှပ၍ ပန်းရနံ့တို့ မွှေးပျံ့သော ယနေ့လိုအခါမျိုးတွင် ကျွန်ုပ်သည် ဘိဘိသနကို အနားတွင် ရှိနေစေချင်သည်။ သူ၏ ဆည်းပူးလေ့လာမှုများစွာတို့ကို နားထောင်နေလိုမိသည်။
နဝမပဗ္ဗတနှင့် ဒသမပဗ္ဗတတောင်ကြားခံတပ်မှာလည်း ယခုအခါ ပြီးစီးတော့မည်ဖြစ်မည်။ ထိုခံတပ်၏ပုံစံကို ရွှံ့မြေများဖြင့် အတုလုပ်ထားသည့်ပုံစံသည် ကျွန်ုပ်၏ရှေ့မှောက် ကျောက်သလင်းစားပွဲရှေ့ လှပစွာ ရှိနေသည်။ ဘိဘိသနသည် ဤကျောက်သလင်းစားပွဲပေါ်မှ ပုံစံငယ်ကိုပြ၍ ကျွန်ုပ်အား ကြိမ်ဖန်များစွာ ရှင်းလင်းပြသခဲ့ဖူးသည်။ ယခု သူ အရှေ့မြောက်ဘက်တောင်တန်းများဆီသို့ ရောက်နေသည်။ ညီတော်ဘိဘိသနကို ကျွန်ုပ်၏ထံပါး၌ ရှိနေစေချင်သည်။
ထိုအခိုက် တံခါးစောင့်တပ်မှုး ရောက်လာသည်။
“ဘာလဲဟေ့”
“လင်္ကာဒီပအိမ်ရှေ့စံ ရောက်နေကြောင်းပါ၊ ဘုရင်မင်းမြတ်ကို တွေ့ပါရစေတဲ့”
“ဟေ ....ဘိဘိသနလား၊ မြန်မြန်လာလို့ပြောလိုက်”
တပ်မှုးသည် ဦးညွတ်ပြီးထွက်ခွာသွားသည်။ အလိုရှိနေချိန်တွင် ရောက်ရှိလာသည့်အတွက် ကျွန်ုပ် ဝမ်းမြောက်ဝမ်းသာဖြစ်မိသည်။ တံခါးဝတွင် ဘိဘိသနပေါ်လာသည်။ သူ့မျက်နှာမှာ ထုံးစံအတိုင်း တည်ငြိမ်နေပေသည်။ သို့သော် ယခင်ကထက် ပိုပိန်၍ ဖျော့တော့သွားသည်ဟု ထင်မိသည်။
“လာဟေ့ ဘိဘိသန၊ မင်းကို ငါသိပ်တွေ့ချင်နေတယ်၊ အခု ရှေ့မြောက်တောင်တန်းဒေသက လာခဲ့တာမဟုတ်လား။ အင်း..... သမားတော်များရဲ့ အပြုအစုကို ခံယူလိုက်ဦး ညီတော်။ မင်းပင်ပန်းနေပုံရတယ်”
ဘိဘိသနသည် ကျောက်သလင်းစားပွဲရှိရာသို့ လျှောက်လာပြီး စားပွဲပေါ်သို့ လက်တင်လိုက်သည်။
“နောင်တော်တွေ့ချင်တာထက်ပိုပြီး ညီတော်က တွေ့ချင်ပါတယ်။ ဒါကြောင့်လည်း အရှေ့မြောက်တောင်တန်းဒေသဆီက ခရီးပြင်းနှင့်ခဲ့ပါတယ် နောင်တော်”
“အကြောင်းထူးသလား ဘိဘိသန”
“နောင်တော်ဘုရင်မင်းမြတ်အတွက်ရော၊ အားလုံးသော ဒြာဝိဒိယန်မျိုးနွယ်စုအတွက်ပါ အကြောင်းထူးပါတယ်၊ အသားဝါ အာရိယန်တစ်စုဟာ လင်္ကာဒီပရဲ့ အရှေ့မြောက်တောင်ဘက်ဒေသ ကိသကိန္ဒာပြည်ရှိရာကို ချီတက်သွားကြပါတယ်”
“ဟေ ဟုတ်လား၊ ဒါကို မင်းဘယ်လိုလုပ်သိသလဲ”
“နယ်စပ်မျိုးနွယ်စု ကင်းတပ်ဖွဲ့များထံက သတင်းကို ဂမ္ဘနဘုရင်ကတစ်ဆင့် အကြောင်းကြားလို့ ညီတော်ကိုယ်တိုင် အဲဒီဒေသကို သွားရောက်စုံစမ်းပြီး ပြန်လာခဲ့ခြင်းဖြစ်ပါတယ် နောင်တော်ဘုရင်မင်းမြတ်”
“ဘယ်ဒေသက အသားဝါမျိုးနွယ်စုလဲ ဘိဘိသန”
“မှန်ပါတယ် ဘုရင်မင်းမြတ်၊ အယုဒ္ဓယပြည့်ရှင် ဘုရင်ဒသရဋ္ဌရဲ့ သားတော်နှစ်ပါး ရာမမင်းသားနဲ့လက္ခဏမင်းသားတို့ဖြစ်ပါတယ်။ သူတို့နဲ့အတူပါလာတဲ့ မက္ကဋဘုရင်ကတော့ ဟိုတလောက လက်အောက်ခံမဟာမိတ်အဖြစ် ခိုဝင်တဲ့ ဘာလီဘုရင်ရဲ့အကို ကိသကိန္ဒာဘုရင်ဟောင်း သုခရိတ်ဖြစ်ပါတယ်”
ကျွန်ုပ်လက်ဖဝါးများ ချက်ချင်းနီရဲလာသည်။
“ရာမနဲ့ လက္ဓဏ ..... ငါ့ရဲ့ရန်သူတွေ .....”
“ညီတော်တို့တိုင်ပင်ဆွေးနွေးခဲ့တဲ့ အဖြစ်သနစ်ပါပဲ၊ နန်းကျဘုရင် သုခရိတ်ဟာ သူ့ရဲ့ထီးနန်းကို ပြန်လည်ရယူဖို့ ရာမမင်းသားထံ အကူအညီတောင်းပြီး အခု ကိသကိန္ဒာကို ချီတက်လာတာပါပဲ၊ ဘာလီဘုရင်ထံက အနီစကို
အပြင်ဘက်လှည့်ထားတဲ့ နောင်တော်ရဲ့ ရွှေပခုံးကာ စစ်ဝတ်တန်ဆာလဲ မကြာခင် ရောက်လာတော့မှာပါပဲ”
“အဲဒီရွှေပခုံးကာ ရောက်လာမှာကို စောင့်မနေနဲ့တော့၊ စစ်ကူသွားဖို့ အခုပဲ အသင့်ပြင်ပေတော့၊ စစ်မြင်းဆယ်ကောင်တပ်ရထားကို အခုပြင်ခိုင်း”
“လင်္ကာဒီပရဲ့ အိမ်ရှေ့စံအဖြစ် ဒသဂီရိဘုရင်ကို လျှောက်ထားပါရစေ၊ သားတော်မေဃနာဒနဲ့ ညီတော်ကိုယ်တိုင် ဦးစီးပြီး ကိသကိန္ဒာကို ချီတက်ပါမယ်၊ နောင်တော်ဘုရင်မင်းမြတ်က လင်္ကာဒီပမှာပဲ စံနေပါ”
“မင်း ရူးနေသလား ဘိဘိသန၊ ကဲ.... ငါမေးတာတွေ ဖြေစမ်း၊ အခု အာရိယန်တပ်ကို ခေါင်းဆောင်သွားတာ ရာမနဲ့လက္ခဏ မဟုတ်လား”
“ဟုတ်ပါတယ် ဘုရင်မင်းမြတ်”
“ဒြာဝိဒိယန်ရဲ့ ရန်သူ အသားဝါတွေ ဟုတ်လား”
“ဟုတ်ပါတယ် ဘုရင်မင်းမြတ်”
“တိတိကျကျ ဖြေစမ်း၊ အဲဒီတပ်ရဲ့ ခေါင်းဆောင်နဲ့အတူ ဘယ်သူပါသလဲ”
“နန်းကျဘုရင် သုခရိတ် ပါ ပါတယ်”
“ဒါတွေကို မေးနေတာမဟုတ်ဘူး ဘိဘိသန၊ ရာမနဲ့ နောက်တော်ပါးက...”
“လက္ခဏမင်းသား”
“သီတာဒေဝီကို ငါမေးနေတာ၊ သီတာဒေဝီလိုက်ပါလာသလား”
“သီတာဒေဝီ...လိုက် ပါ ...လာ.... ပါ..တယ်”
“တော်ပြီ.....ကိသကိန္ဒာကို ချီတက်မယ်၊ စစ်ပွဲမှာ ဒသဂီရိကလွဲပြီး ဘယ်သူမှ ခေါင်းမဆောင်ရဘူး၊ သွား .....စစ်မြင်းရထား တပ်ဆင်ဖို့ သွားပြောချေ”
“ခေါင်းမဆောင်ရပေမယ့် အကိုတော်ဘုရင်မင်းမြတ်ရဲ့ နောက်တော်ပါးမှာ နှမတော်ဂမ္ဘီရယ်၊ သားနှစ်ယောက်ရယ်ကတော့ ရှိမှာပေါ့”
ဘယ်အချိန်က ရောက်လာသည်မသိသည့် တရိဂမ္ဘီဖြစ်သည်။ တရိဂမ္ဘီသည် ပြုံးရယ်လိုက်ပြီး ဘိဘိသနရှိရာ ကျောက်သလင်းစားပွဲတစ်ဖက်ဆီသို့ လျှောက်သွားသည်။
“ဒါပေမယ့် ခဏလေးတော့ စောင့်စေချင်ပါတယ် အကိုတော်။ မှော်ရုံဟေဝန်မှာရှိနေကြတဲ့ သားတော်နှစ်ဦးကို နှမတော်သွားခေါ်ပါရစေ။ ဦးရီးတော်မာရဇ္ဇနဲ့ သားနှစ်ယောက်ဟာ နက်ဖြန်ရောက်လာကြမယ်လို့ အထောက်တော်များက အကြောင်းကြားပါတယ်၊ အခု ကိသကိန္ဒာကို ချီတက်မယ်ဆိုရင်တော့ နက်ဖြန် သူတို့အရောက်ကို မစောင့်ဘဲ အခုပဲ နှမတော်သွားခေါ်ပါ့မယ်”
ဂမ္ဘီသည် တက်ကြွမြူးထူး၍နေပေသည်။ ရက်ပေါင်းများစွာ ခွဲခွာနေရသည့် သူ၏သားနှစ်ယောက်နှင့်လည်းတွေ့ရမည်။ ထိုသားများကိုခေါ်၍ စစ်မြေပြင်သို့ အတူတကွ ချီတက်လိုက်ပါရဦးမည်။ တရိဂမ္ဘီစောင့်မျှော်နေသည့် အခွင့်အရေးကား ဤအခွင့်အရေးပင် ဖြစ်သည်။
"အေး....မြန်မြန်သွား၊ ဒြာဝိဒိယန်တပ်မ အဆင်သင့်ဖြစ်နေချိန်မှာ နင်နဲ့ နင့်သားနှစ်ယောက် အဆင်သင့်ဖြစ်ပေစေ ဂမ္ဘီ”
ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ရန် ကျွန်ုပ်ကျောက်သလင်းစားပွဲမှ ခွာလိုက်သည်။ ဂမ္ဘီလည်း ထွက်ခွာဟန်ပြင်လိုက်သည်။
ထိုအခိုက် ....တံခါးဝတွင် ဦးရီးတော်မာရဇ္ဇ ရောက်လာလေသည်။ ဂမ္ဘီသည် ဦးရီးတော်ကိုတွေ့လိုက်သောအခါ အံ့အားသင့်သွားသည်။
“ဟင် ....ဦးရီးတော်၊ နက်ဖြန်မှ ရောက်မယ်ဆို၊ သားတော်နှစ်ယောက်ကော၊ တူမတော်တို့လဲ အခုပဲ မှော်ရုံဟေဝန်ကိုလာ ....”
ဦးရီးတော်မာရဇ္ဇသည် တောဆင်ရိုင်းကြီးတစ်ကောင် ဒဏ်ရာရ၍ အော်ဟစ်သံနှင့်တူသော အသံကြီးတစ်ခုကိုဖြစ်စေလျက် ကျွန်ုပ်တို့ရှိရာသို့ တစ်ဟုန်ထိုးပြေးလာသည်။ ထို့နောက် ပခုံးထက်မှ ကတ္တီပါဖြင့်ပတ်ထားသော အရာကို
အောက်သို့ချလိုက်သည်။ ကတ္တီပါစသည် အနီရောင်ဖြစ်သည်။ သို့သော် တပြေးတည်းအနီရောင်မဟုတ်၊ အကွက်အကွက်ကြီးများ ..... ။
“မှော်ရုံဟေဝန်ကို နင်လာစရာမလိုဘူး ဂမ္ဘီ၊ နင့်ရဲ့သားနှစ်ယောက်လဲ ဒီမှာလေ ....ဒီမှာ ....ကြည့်စမ်းပါဦး ရာဝဏရဲ့၊ မင့်တူနှစ်ယောက်ကို ကြည့်စမ်းပါဦး”
ဦးရီးတော်သည် ကတ္တီပါလိပ်ကို ဖြေချလိုက်ရာ အတွင်းမှ ဒုသနှင့် ခရတို့ လိမ့်၍ ထွက်လာကြသည်။ သို့သော် သူတို့သည် လှုပ်ရှားမလာကြ။ နန်းကြမ်းပြင်ထက်တွင် သွေးအိုင်များထွန်းသွားသည်။ မြားတစ်ချောင်းသည် သူတို့နှစ်ဦးလုံးကို လည်မှဖောက်ထွင်း၍ စွဲနေသည်။
“ရာဝဏရဲ့ ..... မင်းဟာ လင်္ကာဒီပဘုရင်ဆိုရင် မင်းတူတွေကို အသက်ဇီဝိန် ပြန်သွင်းနိုင်ပါ့မလား....ဟင် ......ငါ့မြေးတွေ အသက်ရှင်အောင် .... ”
တရိဂမ္ဘီသည် သူ့သားများ၏ကိုယ်ပေါ်သို့ ပစ်လှဲလိုက်ပြီး သွေးများကို လက်ဖြင့် ဖယ်ရှားလျက် အော်ဟစ်နေလေသည်။ ဘိဘိသနကမူ မျက်နှာကို လက်ဝါးဖြင့် အုပ်ထားလေသည်။ ကျွန်ုပ်ရင်ထဲ၌ ဆို့တက်လာသည်။ ကျွန်ုပ်အား
သူရဲကောင်းကြီးအဖြစ် ကိုးကွယ်ကြရှာသော၊ မိမိတို့ကိုယ်တိုင်လည်း လင်္ကာဒီပတပ်မှုးကြီးများ ဖြစ်လိုကြရှာသော၊ နုနယ်သည့် ဒြာဝိဒိယန်လူစွမ်းကောင်းလေးများသည် မြင်မကောင်း ရှုမကောင်း သွေးခြင်းခြင်းလိမ်းကပ်လျက် သေဆုံးကုန်ကြပြီတကား။
“ဘယ်လိုဖြစ်ရတာလဲ ..... ဦးရီးတော်ရယ်”
ဂမ္ဘီသည် ရုတ်တရက် ရူးသွပ်သွားသကဲ့သို့ သားနှစ်ယောက်၏လည်မျို၊ ပါးစပ်၊ နှာခေါင်းတို့မှ ထွက်ကျနေသောသွေးများကို လက်ဖြင့်လိမ်းသပ်ရင်း စူးဝင်နေသောမြားကို ဆွဲနုတ်နေသည်။ ဂမ္ဘီ၏နှုတ်မှ ဘာတွေအော်ဟစ်နေသည်မသိတော့။ သူမျက်နှာမှာလည်း မျက်ရည်များလော၊ သွေးများလော၊ ခွဲခြားမရနိုင်တော့။
ဦးရီးတော်မာရဇ္ဇသည် အနားမှ ရွှေချထားသည့်စားပွဲတစ်လုံးကို လက်ဝါးဖြင့်ရိုက်ချပြီး ကျိုးပဲ့သွားသောအစိတ်အပိုင်းများကို ဆုပ်နယ်ခြေမွနေသည်။
“ငါ့ကို သတ်လိုက်စမ်း ရာဝဏ၊ ငါ့ကိုသတ်လိုက်စမ်း၊ မှော်ရုံဟေဝန်ကို မင်းလာစဉ်က လေးမြားအတတ်ကို သင်ကြားပေးလိုက်ပါလို့ မင်းမှာခဲ့ပေမယ့် မြေးတော်လေးတွေက ပဋိပက္ခသေနင်္ဂဗျူဟာကို ဦးစွာသင်ကြားပေးပါဆိုတာနဲ့
လေးမြားအတတ်ကို မသင်ပေးမိဘူး၊ ဒါကြောင့် သူတို့ လေးညှို့ကနေပြေးဝင်လာတဲ့မြားကို မရှောင်တတ်ဘူး၊ ငါ့ကိုသာသတ်လိုက်စမ်း ရာဝဏ... ရယ်”
“မလုပ်နဲ့ ..... ဦးရီးတော်”
ဦးရီးတော်သည် ပြောပြောဆိုဆို ခါးကြားမှဓားမြှောင်ကို ထုတ်ယူ၍ မိမိ၏လည်ပင်းကို ထိုးစိုက်ရန် လက်မြောက်လိုက်ချိန်တွင် ညီတော်ဘိဘိသနက ပြေးဝင်လာပြီး လက်ကို ဆွဲယူလိုက်လေသည်။
“ဖြစ်သမျှ သေသေချာချာပြောပြဦးမှပေါ့ ဦးရီးတော်”
“နက်ဖြန် လင်္ကာဒီပကို ပြန်ကြမယ်ဆိုပြီး သူတို့မယ်တော်ကိုလက်ဆောင်ပေးဖို့ မှော်ရုံဟေဝန်ထဲမှာ သစ်သီးတွေခူးနေကြတယ်၊ ငါက လမ်းခရီးအတွက် ရိက္ခာများပြင်ဆင်ရင်း တဲစခန်းမှာကျန်ရစ်တယ်၊ ခဏအကြာမှာ မှော်ရုံဟေဝန်အစပ်ဆီက သူတို့ရဲ့ အော်သံကို ကြားလိုက်ရတယ်။ မြွေရဲ့လျင်မြန်ခြင်းမျိုးနဲ့ ငါပြေးသွားခဲ့တယ်။ ဒါ ....ဒါ ပေမယ့် ငါနောက်ကျသွားပြီရာဝဏ၊ မြားတစ်စင်းဟာ သူတို့လည်မျိုကို ဖောက်ထွင်းစွဲဝင်နေခဲ့ပြီ၊ ငါရောက်တဲ့အချိန်မှာ သင်းကလေးတို့ အသက်ပျောက်နေကြရှာပြီ၊ တကယ်လို့ အသက်သာရှိနေသေးရင် သူတို့မသေဆုံးရအောင် ငါ ဆေးမြစ်တွေနဲ့ ကယ်နိုင်ပါသေးတယ်၊ ဒါပေမယ့် ငါ့မြေးတွေ ....”
ဦးရီးတော်မာရဇ္ဇသည် သောကဝေဒနာကို မခံမရပ်နိုင်တော့သည့်အလား အနီးမှပစ္စည်းများကို ဆွဲယူခြေမွလျက် ကိုင်ပေါက်လွှင့်ပစ်ရင်း အော်ဟစ်နေတော့သည်။
“ရန်သူကို မတွေ့ဘူးလားဦးရီးတော်”
ဘိဘိသနက မေးသည်။
“အနီးက ခြေရာတွေ၊ အနံ့တွေအရ ရန်သူကို ငါသိလိုက်တယ်၊ ငါ့ပညာနဲ့ သူတို့ဟာ အလွန်ဝေးလံတဲ့ တောင်တန်းတစ်ဖက်ကို ရောက်သွားပြီဆိုတာ သိလိုက်တယ်။ ဒါကြောင့် မှော်ရုံဟေဝန်ရဲ့ အမြင့်ဆုံး ကျွန်းပင်ရဲ့
ထိပ်ဆုံးကိုင်းဖျားပေါ်တက်ပြီး ကြည့်လိုက်တယ်။ ငါကောက်ခဲ့တဲ့ခြေရာ၊ အနံ့တွေအတိုင်း မှန်ကန်တယ်။ ယောက်ျားနှစ်ယောက်မှာ တစ်ယောက်က ဝတ်ရုံအစိမ်း၊ တစ်ယောက်က ဝတ်ရုံအဝါ၊ မိန်းမကတော့ အင်မတန်လှပသူဖြစ်လိမ့်မယ်၊ သုံးယောက်စလုံး အာရိယန်တွေ”
“ဘာ ..... ”
ကျွန်ုပ် ပြင်းထန်စွာ အော်ဟစ်လိုက်မိပြီး တူတော်မောင်နှစ်ယောက်၏အလောင်းများအနီး ဒူးထောက်ချလိုက်သည်။ သူတို့၏လည်မျိုတွင် စွဲနေသည့် မြားတွင်ပေကျံသောသွေးများကို သုတ်လိုက်သည်။ မြား၏ပကတိအသွင် ပေါ်လာသည်။ သွေးများကိုသုတ်လိုက်မှပင် ဒုသ၏ရင်ဘတ်နေရာ မြား၏အမြီးတွင်ချိတ်စွဲထားသော ဘုဇပတ်သစ်ရွက်တစ်ရွက်သည် သွေးအိုင်မှ ပေါ်လာသည်။ ဘုဇပတ်ရွက်ပေါ်မှ သွေးများကို ပွတ်သပ်လိုက်သောအခါ ဆူးဖြင့် ရေးခြစ်ထားသည့် စာများကို တွေ့ရလေသည်။
“မှော်ရုံဟေဝန်တွင် စခန်းချရန်လာသည့်ကျွန်ုပ်တို့အား အမျိုးမျိုး ရန်မူတိုက်ခိုက်သည့်အပြင် ဇနက္ကဘုရင်သမီးတော်၏အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသဖြင့် မောက်မာစော်ကားသော ဤအသားမည်းနက်သူများအား
ကျွန်ုပ်ရာမမင်းသား လေးဖြင့် ပစ်ခွင်း ဆုံးမခဲ့သည်”
"တောက်…"
ကျွန်ုပ်တူတော်မောင်များ၏ကိုယ်ပေါ်မှ ကျဆင်းသောသွေးကွက်ထဲသို့ လက်ကို နှစ်လိုက်သည်။ နီရဲနေသောလက်ချောင်းများကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် အပေါ်သို့ မြောက်တင်လိုက်သည်။
“ဟောဒီလက်မှာ ပေနေတဲ့ တူတော်မောင်များရဲ့ သွေးဟာ ငါ့နှလုံးသွေးဖြစ်တယ်၊ ဒြာဝိဒိယန်သွေးဖြစ်တယ်၊ ဒီသွေးကို ငါဟာ အခြားဘာနဲ့မှ တိုက်ချွတ်ဆေးကြောခြင်းမပြုဘူး၊ အာရိယန်မင်းသားရဲ့သွေးနဲ့သာ တိုက်ချွတ် ဆေးကြောမယ်၊ ဒသဂီရိရဲ့အနက်အဓိပ္ပာယ်ဟာ ရာမကိုတိုက်ခိုက်သူ ဆိုတာကလွဲလို့ တခြားအဓိပ္ပာယ်မရှိစေရဘူး”
နန်းဆောင်တစ်ခုလုံးဟိန်းသွားသော ကျွန်ုပ်၏အော်သံကြောင့် ဂမ္ဘီသည် ရူးသွပ်မခန်း ငိုကြွေးနေရာမှ ချက်ချင်း အငိုရပ်သွားသည်။
“တရိဂမ္ဘီဆိုတဲ့ အဓိပ္ပာယ်ဟာလဲ ရာမကို တိုက်ခိုက်သူ၊ ဒသဂီရိအား ထက်ကြပ်မကွာ ကူညီလက်စားချေသူဆိုတာကလွဲပြီး တခြားဘာမှ မဖြစ်စေရဘူး”
“ငါ့မြေးတော်များအတွက် မှော်ရုံဟေဝန်တစ်ခုလုံးမှာရှိတဲ့ သစ်ပင်တွေအားလုံး ရိုက်ချိုးပြီး ရန်သူကိုရှာဖွေသတ်ဖြတ်မယ်”
တရိဂမ္ဘီနှင့် ဦးရီးတော်တို့လည်း အသံနက်ကြီးများဖြင့် အော်ဟစ်ကြုံးဝါးလေသည်။
ဘိဘိသနကမူ မျက်ရည်များပြည့်လျှံနေသော မျက်လုံးအစုံဖြင့် ဦးရီးတော်ကို လေးနက်စွာ စိုက်ကြည့်ရင်း မေးလိုက်လေသည်။
“အခု သူတို့ဘယ်မှာလဲ ဦးရီးတော်”
“ပထမပဗ္ဗတရဲ့ အနောက်ဘက် အိန္ဒူမြစ်ကျဉ်းမှာ“
“ဒါဆိုရင် မှော်ရုံဟေဝန်ရဲ့ မြောက်ဖျားအစွန်းဒေသပဲ”
“ညီတော်ဘိဘိသန၊ ကိသကိန္ဒာအတွက် စစ်တပ်ကို မင်းပြင်ဆင်ပြီး လင်္ကာဒီပမှာ စောင့်နေရစ်ခဲ့၊ ငါ အခု ကိသကိန္ဒာကို မသွားသေးဘူး၊ အာရိယန်ခေါင်းဆောင်ကို မှော်ရုံဟေဝန်မှာ တိုက်ခိုက်သတ်ဖြတ်မယ်၊ အသားဝါစစ်သားတွေအားလုံးနဲ့ အဲဒီမှာတွေ့ခဲ့ရင်လည်း သင်းတို့ကို ကိသကိန္ဒာအထိ အရောက်မခံတော့ဘဲ မှော်ရုံဟေဝန်မှာပဲ စစ်ပွဲတစ်ပွဲဖြစ်စေမယ်၊ ဒီစစ်ပွဲပြီးရင် အိန္ဒူမြစ်မြောက်ဘက်ပိုင်းအထိ တစ်ခါတည်း ချီတက်ပြီး အသားဝါမျိုးနွယ်စုအားလုံးကို မောင်းထုတ်ပစ်မယ်”
“မှော်ရုံဟေဝန်အစွန်၊ ရန်သူတွေရောက်နေရာဒေသကို ညဝက်တည်းနဲ့ရောက်အောင် ငါ မင်းတို့ကို လမ်းညွှန်ခေါ်သွားမယ် ရာဝဏ”
“တစ်ညတည်းနဲ့ ရောက်သွားနိုင်ရင် ပိုကောင်းမယ် ဦးရီးတော်၊ အို..... သားတော်လေးတွေရဲ့ သွေးမခြောက်ခင် ဒီပြန်ရောက်နိုင်ရင် အကောင်းဆုံးပဲ၊ ကဲ ....အကိုတော်ဘုရင်မင်းမြတ် သွားကြစို့”
ဆက်ရန်
--------------------------------------------------
ချစ်ဦးညို
crd 👉 https://m.facebook.com/story.php?story_fbid=122981242697174&id=108529964142302
Comments
Post a Comment