လင်္ကာဒီပချစ်သူ၊ အပိုင်း (၁၇)
အခန်း (၉)
ရာဝဏနှင့် ရာမမင်းသား
နေလာသိန်နတ်နန်းကြာကြွ ...
ရွှေအာလိန်တပ်လမ်းထာဝရ ...
မာနသံတိုင် ...ဒေါလေသံပြိုင် ...
မောလေဟန်နှင့်ဆိုင် ...
ဝေယန်ပိုင် ..... ရွှေမဏ္ဍိုင်ရှင် ...
ပိုင်စဉ်ဆိုင်စဉ် .... နိုင်ချင်တော်မူ ...
ကျော်သဲဇမ္ဗူ ....
တော်သဲလို့ကျွတ်ကျွတ်ဆူ .......
(လျှပ်ပန်းခွေနွဲ့ ... ယိုးဒယား)
ကျောက်သလင်းစားပွဲပေါ်တွင် ရွံစေးငယ်များဖြင့် ပြုလုပ်ထားသော ခံတပ်ပုံစံငယ်ရှိသည်။ ဤစားပွဲကို အလယ်မှာထားလျက် ကျွန်ုပ်နှင့် သားတော်မေဃနာဒတို့ တစ်ဖက်စီ၌ နေရာယူလိုက်ကြသည်။ ကျွန်ုပ်တို့မှအပ အခြားမည်သူမျှမရှိ၊ မည်သည့်သေနာပတိမျှမရှိ၊ သေနာပတိချုပ်ဖြစ်သော သားတော်သည် ကျွန်ုပ်ထံမှ အမိန့်စကားကို စောင့်စားလျက်ရှိသည်။ ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ယခင်ကဆိုလျှင် ဤခန်းမဆောင်အတွင်းရှိ ဤခံတပ်ပုံစံငယ် ကျောက်သလင်းစားပွဲ၏ ဝဲယာပတ်လည်တွင် ဘိဘိသန၊ တရိဂမ္ဘီ၊ ဦးရီးတော်တို့ ရှိခဲ့ကြဖူးသည်။ ဦးရီးတော်သည် ယခုအခါ အိန္ဒုမြစ်ကမ်း၌ ဒြာဝိဒိယန်စစ်သည်အသစ်များအား စစ်အတတ်များလေ့ကျင့်ပေးရန် ထွက်ခွာသွားပေပြီ။ တရိဂမ္ဘီသည်လည်း မိုဟန်ဂျိုဒါရိုအရပ်မှ တစ်ခုသောတောင်ကုန်းငယ်ထက်တွင် ထာဝရအနားယူ အိပ်စက်သွားခဲ့ပြီ။ ဘိဘိသန ...သစ္စာဖောက် ဘိဘိသန.... လျှပ်ပေါ်လော်လည်သော ဘိဘိသနလည်း
ရန်သူများထံ ခိုဝင်ပူးပေါင်းသွားခဲ့လေပြီ။ ဥာဏ်ပညာကြီးမားသူ၊ အိန္ဒုဒေသတစ်ခုလုံးအကြောင်းကို တတ်ကျွမ်းနားလည်သူ၊ မျိုးနွယ်စုတို့၏ရာဇဝင်များ၌ နှံ့စပ်ကျွမ်းကျင်သူဟူ၍ ကျွန်ုပ်နှင့်တကွသော ဒြာဝိဒိယန်တို့က ချီးမြှောက်မြတ်နိုးခဲ့ကြသည့် ဘိဘိသနသည် ယခုအခါ ရန်သူလက်အောက်ခံ သစ္စာဖောက်ဖြစ်ခဲ့ပြီ။
ယခင်က စစ်ရေးဆွေးနွေးတိုင်ပင်သံ၊ ငြင်းခုံအော်ဟစ်သံတို့ဖြင့် စည်ပင်ဝေဆာခဲ့သော ဤခန်းမဆောင်၌ ယခုအခါ ကျွန်ုပ်နှင့်မေဃနာဒ နှစ်ဦးတည်း။ တိတ်ဆိတ်ငြိမ်သက်မှုထဲ၌ ကျွန်ုပ်သည် မုန်းတီးခြင်း၊ နာကြည်းခြင်း၊ စက်ဆုပ်ခြင်းတို့ကို ခံစားနေရသည်။ ခံတပ်ပုံစံငယ်သည် ခြောက်သွေ့စွာ လဲလျောင်းနေသည်။ ဤပုံစံငယ်ကား ဘိဘိသန၏အစီအမံ၊ သစ္စာဖောက်၏လက်ရာ။ အဘယ်ပုံအသုံးဝင်နိုင်မည်နည်း။ ရွှံ့စေးအညိုရောင်ခံတပ်များသည် ကျွန်ုပ်ကို လှောင်ပြောင်နေကြသည်။ သစ္စာဖောက်တစ်ဦး၏ရာဇဝင်ကို ဖော်ပြနေကြသည်။
“သွားစမ်း ...သွားစမ်း၊ ဒါတွေအားလုံး ဘာလုပ်ရမှာလဲ ...သွား”
မုန်းတီးရွံရှာစက်ဆုပ်စွာဖြင့် ကျွန်ုပ်သည် ရွှံ့စေးခံတပ်ပုံစံများကို ရိုက်ပုတ်ဖျက်ဆီးပစ်လိုက်သည်။ အားလုံး ဖရိုဖရဲဖြစ်ကုန်လေသည်။
“သင်း လုပ်သွားခဲ့တဲ့အစီအမံ၊ ဒါတွေရဲ့လျှို့ဝှက်ချက်ကို သင်းဟာ အသိဆုံး၊ ဒါတွေကို ရန်သူ့ထံမှာ အားလုံးဖွင့်ပြော၊ ရန်သူက ဒီလျှို့ဝှက်ချက်ပေါ်မှာ အနိုင်ယူတိုက်ခိုက် ......”
အမျက်ဒေါသချောင်းချောင်းထွက်လွန်းလှသဖြင့် ကျွန်ုပ်၏စကားကို ရှေ့မဆက်နိုင်တော့ချေ။ သားတော်မေဃနာဒသည် စကားတစ်စုံတစ်ရာမပြောဘဲ စားပွဲဘေး၌ ခြေစုံရပ်ရင်း ကျွန်ုပ်ကိုကြည့်နေသည်။ ပုံစံငယ်တစ်ခုလုံး ရွှံ့စေး ခဲများအဖြစ် ရောက်ရှိသွားသည်။ သို့သော် တနေရာကျန်နေသည်။ ထိုနေရာကား အနီရောင်ကတ္တီပါစတစ်ခု ကပ်ထားသောနေရာ၊ “ကိသကိန္ဒာနယ်စပ်”ဟူသော စာတန်းကပ်ထားသည်။ ထိုနေရာ၌ နဝမနှင့်ဒသမပဗ္ဗတတောင်ကြား ခံတပ်ဥမင်ပုံရှိသည်။ ကတ္တီပါအနီစ ကပ်ထားသည့်အဓိပ္ပာယ်မှာ “အရေးအကြီးဆုံး”ဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။ နောက်ဆုံးကျန်နေသော ဘိဘိသန၏လက်ရာကို ကျွန်ုပ် အနီးမှသန်လျက်ဖြင့် ခုတ်ပိုင်းဖျက်ဆီးလိုက်သည်။
“ခမည်းတော်ဘုရင်မင်းမြတ် ဒီပုံစံငယ်ကို ဘယ်လိုပဲ ဖျက်ဆီးပေမယ့် တကယ့်ခံတပ်တွေကတော့ အခိုင်အမာဆောက်ထားပြီးဖြစ်ပါတယ်။ စစ်သည်ရဲမက်များလည်း ဒီခံတပ်တွေမှာ အားလုံးအဆင်သင့် ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ ဘထွေးတော်ရဲ့သစ္စာဖောက်မှုအပေါ် စက်ဆုပ်ရွံရှာနေခြင်းများကို ခေတ္တသိမ်းဆည်းပြီး စစ်ရေးအတွက် ပြင်ဆင်ဖို့ သားတော်သတိပေးပါရစေ”
မေဃနာဒသည် ရှေ့သို့တိုးလာပြီး လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“တို့ ဒီခံတပ်အစီအမံတွေအားလုံးကို ဖျက်သိမ်းပစ်ရလိမ့်မယ် သားတော်မေဃနာဒ၊ ဟိုသစ္စာဖောက်က သူလုပ်ထားတဲ့အရာတွေရဲ့ လျှို့ဝှက်ချက်ကို သူကိုယ်တိုင် အလွယ်လေး ဖျက်ဆီးနိုင်လိမ့်မယ်”
“သားတော်က ဒီလိုမယူဆပါဘူး၊ ဒီခံတပ်တွေကို သစ္စာဖောက်ဘထွေးတော်ကိုယ်တိုင် လုပ်ခဲ့တာမှန်ပေမယ့် ဒါကို သူပြန်မဖျက်ဆီးနိုင်ပါဘူး”
“ဘာကြောင့်လဲ မေဃနာဒ”
“ဒီခံတပ်တွေကို ဒီအတိုင်းပဲထားရှိပြီး အတွင်းက စစ်သည်များရဲ့နေရာနဲ့ အင်အားချထားမှုကို အခြားပုံစံတစ်မျိုး ပြောင်းလဲထားလိုက်ခြင်းအားဖြင့် ရန်သူဟာ မမျှော်လင့်တဲ့တိုက်ခိုက်မှုနဲ့ တွေ့သွားစေရမယ်”
“ဘယ်လို .........”
“သစ္စာဖောက်ဘထွေးတော်ဟာ သူဆောက်ခဲတဲ့ ခံတပ်အနေအထားအတိုင်း ရန်သူကို သတင်းပေးမယ်၊ သားတော်တို့က ခံတပ်ရဲ့အပြင်ဘက်ကိုသာ နဂိုအတိုင်းထားရှိစေပြီး အတွင်းအစီအမံကို ပြန်လည်ပြုပြင်လိုက်မယ်၊ ရန်သူဟာ မမျှော်လင့်တဲ့ သေနင်္ဂဗျူဟာအောက်ကို ကျရောက်သွားစေရမယ်။ ဒါကြောင့် ခံတပ်အစီအမံအားလုံးကို ဖျက်သိမ်းဖို့မလိုပါဘူး၊ အတုအယောင်အဖြစ် နဂိုအတိုင်းထားရပါမယ်”
သားတော်မေဃနာဒ၏သေနင်္ဂဗျူဟာသည် ကောင်းမွန်လှပေသည်။ အာရိယန်တို့ကို လှည့်စားတိုက်ခိုက်သည့်ပရိယာယ်ပင်ဖြစ်သည်။
“အေး ....မင်းပြောတာမှန်တယ်၊ ဒါပေမယ့် အရေးအကြီးဆုံးက နဝမနဲ့ဒသမတောင်ကြား ခံတပ်ဥမင်ပဲ၊ ရာဝဏခံတပ်လို့ အမည်ပေးထားတဲ့ ဒီခံတပ်အစီအမံမှာတော့ တို့ ထပ်ဆင့်ပရိယာယ်ကို အသုံးပြုရလိမ့်မယ်”
“ဘယ်လို ထပ်ဆင့်ပရိယာယ်လဲ ခမည်းတော်”
သားတော်မေဃနာဒ၏သေနင်္ဂပရိယာယ်ကို အကြောင်းပြု၍ ပေါ်ပေါက်လာသည့် ကျွန်ုပ်၏ အကြံအစည်ကို ပြောပြရပေမည်။ မေဃနာဒတင်ပြသောပရိယာယ်မှာ ပထမပဗ္ဗတမှသည် ရှစ်ခုမြောက်သောခံတပ်အထိကို အပြင်မျက်နှာစာ၌ မူလအတိုင်းထားရှိပြီး အတွင်း၌ အစီအမံသစ်များပြုလုပ်ထားရန်ဖြစ်သည်။ ထိုခံတပ်ရှစ်ခု၌ မမျှော်လင့်သော တိုက်ခိုက်မှုနှင့် ပြောင်းလဲထားသော စစ်ရေးအစီအမံကို ရန်သူတို့ ရင်ဆိုင်ကြရမည်။ ထိုအခါ နောက်ဆုံးဖြစ်သော နဝမနှင့်ဒသမတောင်ကြားရှိ “ရာဝဏခံတပ်”ကိုလည်း ယခင်ခံတပ်များအတိုင်း အစီအမံသစ်များ ပြုလုပ်ထားချေမည်ဟု ရန်သူသည် ဘိဘိသနထံမှ အကြံဥာဏ်ရရှိမည်။
ရန်သူက အစီအမံသစ်အနေဖြင့် တွက်ချက်ပြီး စစ်ပြုလာချိန်တွင် ကျွန်ုပ်တို့က မူလအစီအမံအဟောင်းအတိုင်း ထားရှိလိုက်မည်။ ထိုအခါတွင်လည်း ရန်သူသည် မမျှော်လင့်သောတိုက်ခိုက်မှုကို တွေ့ကြရစေမည်။ အကောက်ဥာဏ်ကြွယ်ဝသော သစ္စာဖောက်ဘိဘိသနသည် သင်း၏မူလအစီအမံနှင့်ပင် သင်းအသက်ကို ရာမနှင့်အတူ ပေးဆက်ရစေမည်။
“အင်မတန်မြင့်မားရှုပ်ထွေးတဲ့ သေနင်္ဂပရိယာယ်ပေပဲ ခမည်းတော်၊ ဒါပေမယ့် အင်မတန်ကောင်းပါတယ်”
“အေး... ဒီလိုဆိုရင် မင်း တောင်ကြားခံတပ်ဆီသွားပြီး အစီအမံအသစ်တွေ လုပ်ထားပေတော့ သားတော်၊ ရန်သူလာတိုက်မယ့် လပြည့်နေ့ရောက်ဖို့ သုံးရက်အချိန်ရတယ်၊ ဒီရက်အတွင်း အသင့်ဖြစ်အောင် ပြင်ဆင်ထားပေတော့။
အဲဒါတွေပြီးမှ မင်း ကိသကိန္ဒာနယ်စပ်တပ်မကို သွားပေတော့၊ လပြည့်နေ့တစ်ရက်အလိုမှာ ငါ ကိသကိန္ဒာယန်စပ်တပ်ကို လာခဲ့မယ်”
“ဟိုမက္ကဋစစ်သူကြီးဟာနုမာန်ဟာ သားတော်အတွက်ဆိုတာ ....”
“အေးပါ သားတော်၊ ဒီမျောက်ဝံဟာ မင်းအတွက်ပါပဲ၊ ကဲ ..ကဲ ... သွားတော့”
မေဃနာဒသည် ကျွန်ုပ်ကို ဦးညွတ်လျက် ခန်းမဆောင်အတွင်းမှ ထွက်ခွာသွားသည်။ ခန်းမဆောင်ထဲ၌ ဖရိုဖရဲပျက်စီးနေသော ခံတပ်ပုံစံငယ်ရွံ့စေးတုံးများနှင့် ကျွန်ုပ်တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ ရာမနှင့် စီးချင်းထိုးရန်ဟူသောအစီအစဉ်မှာလည်း ပျက်ပြယ်သွားပြီဖြစ်သည်။ ယခုအခါ ရာမ၊ လက္ဓဏတို့သည် သုခရိတ်မင်းဦးဆောင်သည့် မက္ကဋစစ်သည်များကို ခေါင်းဆောင်ကာ လင်္ကာဒီပသို့ ချီတက်လာကြပေပြီ။ အာရိယန်မင်းသားနှစ်ဦး ခေါင်းဆောင်သည့်စစ်ပွဲဖြစ်သော်လည်း ဤစစ်သည် သစ္စာဖောက်ဘိဘိသန ကြိုတင်နိမိတ်ဖတ်ခဲ့သည့် အာရိယန်-ဒြာဝိဒိယန်မျိုးနွယ်စုစစ်ပွဲကား မဖြစ်နိုင်ချေ။
ရန်သူ့စစ်တပ်၌ အသားဝါစစ်သည်များအစား လက်တံရှည်၍ မျောက်ဝံနှင့်တူသောစစ်သည်များသာ ပါဝင်လာပေမည်။ ရန်သူသည် မည်သည့်နည်းနှင့်မျှ ပထမနှင့် နဝမပဗ္ဗတတောင်ကြား ခံတပ် ရှစ်လုံးကို တစ်ပြိုင်တည်း
စစ်မျက်နှာဖွင့်နိုင်မည်မဟုတ်ချေ။ သင်းတို့ စစ်ပြုနိုင်လှ ခံတပ်နှစ်ခုမျှလောက်ကိုသာ တစ်ပြိုင်တည်း တိုက်ခိုက်နိုင်မည်ဖြစ်သည်။ နဝမနှင့်ဒသမတောင်ကြား ရာဝဏခံတပ်ကား လင်္ကာဒီပနန်းတော်သို့ ပေါက်ရောက်သည့် လျှို့ဝှက်ဥမင်လိုဏ်ရှိသည့် ခံတပ်ဖြစ်သဖြင့် အချက်အချာအကျဆုံး စစ်မျက်နှာဖြစ်နိုင်ပေသည်။ သို့သော် ရာဝဏခံတပ်အနီးသို့သင်းတို့ချီတက်နိုင်ရန်အတွက် ကိသကိန္ဒနယ်စပ်တပ်မကို ဦးစွာရင်ဆိုင်ရပေမည်။ ကိသကိန္ဒာ နယ်စပ်တပ်မကား သေနာပတိဂုမ္ဘီကဏ္ဏအပြင် သေနာပတိချုပ် သားတော်မေဃနာဒကိုယ်တိုင် ဦးစီးကွပ်ကဲမည့် စစ်မျက်နှာဖြစ်သည်။ ရန်သူသည် လင်္ကာဒီပန်းတော်အနီးသို့ကား တစ်ဆံခြည်မှ ချဉ်းကပ်နိုင်မည်မဟုတ်။ ထို့ထက် သီတာဒေဝီကို ပြန်ရယူလိုသည့်ရာမသည် လင်္ကာဒီပနန်းတော်အတွင်း သီတာဒေဝီရှိရာ သော်ကဥယျာဉ်သို့ မည်သည့်နည်းနှင့်မျှ ရောက်အောင်လာနိုင်မည်မဟုတ်။
သော်ကဥယျာဉ်ကို ဦးရီးတော်မာရဇ္ဇက စောင့်ရှောက်ကာကွယ်ထားမည်။ စစ်မျက်နှာအသီးသီး ဒေသအသီးသီးတွင် ရဲဝံ့ထက်မြက်သော ဒြာဝိဒိယန်သူရဲကောင်းများရှိနေသည်။ ကျွန်ုပ်ကိုယ်တိုင်လည်း စစ်မျက်နှာအသီးသီးသို့
ကြိမ်ဖန်မလပ် လှည့်ပတ်ဦးစီးနေမည်။ သို့သော် ကျွန်ုပ်အဓိကနေရမည့်စစ်မျက်နှာကား ...ရာဝဏခံတပ် ....ကိသကိန္ဒာနယ်စပ် .........။
ထိုအရပ်တွင် ရာမ၏ဥက္ခောင်း မြေသို့ကျစေရမည်။
* * *
နေလုံးမပျောက်ကွယ်မီမှာပင် ဝိုင်းစက်သောလသည် အရှေ့အရပ်မှ ပေါ်ထွက်လာသည်။ ညဉ့်အချိန် မရောက်သေးသဖြင့် လပြည့်လသည် နီကြန်ကြန်ဖြစ်နေသည်။ အနောက်အရပ်ဆီမှ နေရောင်ခြည်များသည် အရှေ့ဘက်ဆီသို့ မီးလျှံများသဖွယ် အရှိန်ဟပ်နေကြသဖြင့် လောကဓာတ်သည် နီရဲနေပေသည်။ နေရောင်အောင်တွင် ဒြာဝိဒိယန်စစ်သည်တို့၏ တင်းမာနေသောမျက်နှာများသည်လည်း အနီရောင်ဖြစ်နေသည်။ လက်နက်များသည် အားပျော့သော နေ၏အလင်းရောင်မှာပင် ဝင်းလက်တောက်ပနေသည်။
လပြည့်နေ့နှင့် နေဝင်ချိန်။ ပထမပဗ္ဗတနှင့် ဒုတိယပဗ္ဗတတောင်ကြားရှိ ပထမခံတပ်စစ်မျက်နှာ။
ပထမခံတပ်သေနာပတိ သူရာဂုမ္ဘာန်သည် ကျွန်ုပ်ဘေးတွင် ရပ်နေသည်။ သားတော်မေဃနာဒနှင့် ဦးရီးတော်တို့လည်းရှိနေကြသည်။ မည်သူမျှ စကားမပြောကြ။ ခံတပ်ထိပ်တွင်ရပ်လျက် ကျုံးတစ်ဖက်တောအုပ်အတွင်းမှ ပေါ်လာမည့်ရန်သူကို အသင့်စောင့်ဆိုင်းနေကြသည်။ အသားဝါမင်းသား ဦးစီးလာမည့် မက္ကဋစစ်သည်တို့နှင့် ဒြာဝိဒိယန်တို့၏ပထမဆုံးစစ်ပွဲ။ ပထမဆုံးနေ့။ လပြည့်နေ့။ လက်နက်လေးမြား ပုဆိန်တို့ကို သွေးလျက် ဆူဝေသောသွေးများဖြင့် ဒြာဝိဒိယန်တို့စောင့်မျှော်ခဲ့ကြသည့် စစ်ပွဲအတွက် တဖြည်းဖြည်း နီးကပ်လာပေပြီ။
ပထမဆုံးစစ်ပွဲ၏အဦးဆုံးတိုက်ပွဲဖြစ်မည့် ဤပထမခံတပ်စစ်မျက်နှာသည် အရေးအကြီးဆုံးဖြစ်သောကြောင့် ကျွန်ုပ်နှင့်တကွ သေနာပတိချုပ် မေဃနာဒ၊ ဦးရီးတော်တို့ပါ ရောက်ရှိနေကြရပေသည်။ ဝေးလံသောတောင်တန်းများအကြားသို့ နေလုံးဝင်ရောက်ပျောက်ကွယ်သွားသည်။ နံနက်အချိန်မှစ၍ တနေ့လုံးမျှော်လင့်ခဲ့သော ရန်သူသည် ယခုအချိန်အထိ ပေါ်မလာသေးချေ။ ဝိုင်းစက်ပြည့်တင်းသောလသည် အရှေ့ဘက်ကောင်းကင်၌ မြင့်တက်လာလေပြီ။ ကျောက်ရုပ်သဖွယ် ငြိမ်သက်နေသော ဦးရီးတော်မာရဇ္ဇသည် စတင်လှုပ်ရှားလိုက်သည်။
“ငါအနံ့ရပြီ၊ ရန်သူ တောစပ်နား ချဉ်းကပ်လာပြီ”
ကျုံးတစ်ဖက် မည်းနက်သောတောအုပ်ကြီးဆီသို့ ဦးရီးတော်သည် မမှိတ်မသုန် စူးစိုက်ကြည့်နေလေသည်။ သူ၏ကြီးမားသောရင်အုပ်ကြီးသည် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။ ထို့နောက် ခြင်္သေ့ဟိန်းသံနှင့်မခြားသော
အသံကြီးဖြင့် အော်လိုက်လေသည်။
“ရန်သူတွေ လာပြီဟေ့ .....”
ကျယ်ပြန်သောကျုံးတစ်ဖက်၌ မည်းနက်သောအသွင်သဏ္ဍာန်များ ပေါ်လာသည်။ တောစပ်မှလွန်သောအခါ လပြည့်၏လရောင်အောင်တွင် လက်တံရှည်သော မက္ကဋများကို ထင်ရှားစွာ တွေ့မြင်လိုက်ရတော့သည်။ ရန်သူနှင့်
မျက်နှာချင်းဆိုင်မိပြီ။
“အူး ...... အူး ...... အူး”
ကျယ်လောင်စူးရှသောအသံများ တခဲနက်ထွက်ပေါ်လာပြီးနောက် ရန်သူများသည် ကျုံးထိပ်ဆီသို့ ပြေးလာကြပေသည်။ ထို့နောက် ကျုံးရေပြင်ထဲသို့ လက်ထဲမှကိုင်လာသောအရာများကို တဝုန်းဝုန်း ပစ်ချကြသည်။ ခံတပ်ဆီသို့မူ မည်သည့်လက်နက်နှင့်မျှ ပစ်ခတ်ခြင်းမရှိ ။ အကယ်၍ လေးနှင့်မြားကို အသုံးပြုစေဦးတော့ ရန်သူ၏မြားတံသည် ခံတပ်မျက်နှာပြင်၌ အလျားလိုက်တိုက်ခတ်နေသော လေထဲတွင် လွင့်ပါးသွားမည်သာဖြစ်သည်။ ထိုအချက်ကို ရန်သူသည် ဘိဘိသနထံမှ သိရှိပြီးဖြစ်သောကြောင့် ခံတပ်ထိပ်သို့ လက်နက်နှင့်မပစ်ခြင်းဖြစ်ပေမည်။
“တွေ့တယ်မဟုတ်လား ရာဝဏ၊ ဒီကောင်တွေ ကျုံးကို လှေတို့ ဖောင်တို့နဲ့ ဖြတ်မကူးဘူး၊ ရေတိမ်တိမ်မှာ ရငြောင့်တွေထောင်ထားမှန်းသိလို့ ကျောက်တုံးတွေပစ်ချ၊ ကျောက်တန်းလုပ်ပြီး ဒီဘက်ကိုကူးဖို့ ကြိုးစားနေကြတာ”
“ဒါ ..ဟိုသစ္စာဖောက် ဖော်လိုက်လို့ပဲပေါ့ ဦးရီးတော်”
မက္ကဋတို့၏လျင်မြန်ဖျတ်လတ်မှုကား အံ့သြဖွယ်ပင်ဖြစ်သည်။ မကြာမီမှာပင် ကျုံးရေပြင်၌ ကျောက်တန်းတစ်ခုဖြစ်ပေါ်သွားသည်။ ထိုကျောက်တန်းပေါ်မှ ရန်သူသည် ခံတပ်ဆီသို့ ကူးဖြတ်လာကြလေသည်။ သားတော်မေဃနာဒ၏ အစီအစဉ်အရ ဤအချိန်အထိ ကျွန်ုပ်တို့ဘက်မှ တစ်စုံတစ်ရာတိုက်ခိုက်မှုမရှိသေး။ ရန်သူတပ်ဖွဲ့တစ်ဖွဲ့သည် ကျောက်တန်းကိုကူးလျက် ခံတပ်အောက်ခြေသို့ ရောက်လာကြသည်။ ထို့နောက် မက္ကဋများသည် ခံတပ်ပေါ်သို့တက်ရန် ကြိုးများကို ပြင်ဆင်ကြလေသည်။ စူးရှသောဟစ်ကြွေးသံများကား ခံတပ်ရှေ့တွင် မြည်ဟည်းလျက်ရှိသည်။
“မျောက်ဝံတွေကို သတ်ကြဟေ့”
သားတော်မေဃနာဒ၏အမိန့်သံ ပေါ်လာသည်။
ထို့နောက်ကား လေးညို့မှ မြားလွှတ်သံ၊ ပုဆိန်သွားချင်း ထိခတ်သံ၊ ဒြာဝိဒိယန်တို့၏ဟစ်ကြွေးသံ၊ မက္ကဋတို့၏အော်သံများသည် ပထမခံတပ်တစ်ဝိုင်တွင် ပွက်ပွက်ညံသွားတော့သည်။ မက္ကဋတို့သည် ရူးမိုက်စွာဖြင့် ကြိုးကိုအသုံးပြုပြီး ခံတပ်ထိပ်ဖျားဆီသို့ တက်လာကြသည်။ သူတို့တက်လာပုံကား လူများနှင့်မတူ၊ မျောက်ဝံနှင့်တူလှပေသည်။ သူတို့ကိုင်ဆောင်လာသောလက်နက်ကား ထိပ်ဘက်တွင်ဆူးချွန်ပါရှိသည့် တင်းပုတ်ကဲ့သို့သော လက်နက်တစ်မျိုးဖြစ်သည်။
သေနာပတိ သူရာဂုမ္ဘာန်သည် ခံတပ်ထိပ် မြားပစ်စင်တစ်ခုမှတစ်ခုသို့ ခုန်ကူးလျက် အပေါ်သို့ရောက်လာသည့် ရန်သူများအား လှံတံဖြင့် ထိုးချသည်။ အချို့လှံတံများသည် ရန်သူ၏ရင်ဝတွင် စူးဝင်လျက်ပါသွားသည်။ အချို့ကိုမူကား လှံတံဖျားတွင် တံစို့ကင်သကဲ့သို့ ထိုးစိုက်လျက် မြှောက်ချီပြီး ခံတပ်အောက်သို့ ပစ်ချလိုက်သည်။
သားတော်မေဃနာဒသည် ကျောက်တန်းသို့ တဖွဲဖွဲကူးလာသည့် ရန်သူများထံ ပစ်လွှတ်ရန် မြားပစ်စင်ကို အလှည့်ကျအမိန့်ပေးနေသည်။ တစ်ခါတစ်ရံ ရန်သူထံမှ အလွန်ရှည်လျားသောကြိုးနှင့် လွှဲပစ်လိုက်သည့်သံချွန်များသည် ခံတပ်ထိပ်မှ ဒြာဝိဒိယန်တို့အား ထိမှန်သေဆုံးစေသည်။
ဦးရီးတော်မာရဇ္ဇကား မည်သည့်လက်နက်ကိုမှ ကိုင်စွဲခြင်းမပြု။ ခံတပ်ထိပ်မှနေ၍ မက္ကဋများကို ဘယ်လက်ဖဝါးကြီးဖြင့် တစ်ယောက်ပြီးတစ်ယောက် ရိုက်ချနေလေသည်။ ရန်သူများသည် ဦးရီးတော်၏ခြင်္သေ့လက်ကြီးတွင် သစ်ရွက်များသဖွယ် လွင့်စဉ်ကျကုန်သည်။ ဦးရီးတော်၏ခြင်္သေ့ဟိန်းသံကဲ့သို့သော အသံနက်ကြီးမှာလည်း အဆက်မပြတ် မြည်ဟည်းနေသည်။
ကျုံးရေပြင်၌ ကျောက်တန်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ မက္ကဋများသည် ကျောက်တုံးများကို ကျုံးစပ်မှ မ,ယူကာ ရေထဲသို့ပစ်ချပြီး ခံတပ်ဘက်သို့ တဖွဲဖွဲကူးသွားကြသည်။ ခံတပ်မှ မြားပစ်စင်ရှိကျည်တောက်များတွင်
မြားတံများဖြည့်တင်း၍ မလောက်နိုင်လောက်အောင်ရှိတော့သည်။ သားတော်မေဃနာဒသည် တစ်ခါအမိန့်ပေးလျှင် မြားပစ်စင်ငါးခုအထိ ပစ်လွှတ်စေရသည်။ အချို့မက္ကဋများသည် မြားတံထိမှန်စူးဝင်နေလျှက်က ဇွတ်အတင်းတက်လာကြသည်။ သူတို့၏အော်သံကား အဆက်မပြတ်တော့ပေ။ ကြိုးရှည်ဖြင့်ပစ်လွှဲလိုက်သည့် သူတို့၏သံချွန်လက်နက်များသည်လည်း ခံတပ်ထိပ်တွင် ပိတုန်းကောင်များ အုပ်လိုက်ပျံသန်းနေကြသည့်အလား တဝီဝီကျဆင်းနေတော့သည်။
အချို့နေရာများတွင် ဒြာဝိဒိယန်နှင့် မက္ကဋစစ်သည်တို့သည် ပိုးပရွက်ကောင်များပမာ တစ်ဦးနှင့်တစ်ဦး ဖက်တွယ်သတ်ပုတ်ရင်း ခံတပ်အောက်သို့ အခဲလိုက်၊ အထွေးလိုက် လိမ့်ကျသွားကြသည်။ ခံတပ်အောက်ခြေသို့ရောက်သောအခါတွင်လည်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြလေသည်။
ကျွန်ုပ်မူကား အသွားနှစ်ဖက်ရှိသည့် ပုဆိန်ကို ဝဲယာတစ်ချောင်းစီကိုင်ဆောင်လျက် စကြ်ာကဲ့သို့ ပုဆိန်ကို လေထဲတွင် မပြတ်ဝှေ့ယမ်းပစ်နေသည်။ ဤပုဆိန်သွားများနှင့် ထိတွေ့ ရသောရန်သူတို့သည် ဒဏ်ရာအနာတရ
ရရုံမျှမကတော့ဘဲ ထိခိုက်သောနေရာတွင် အပိုင်းပိုင်းပြတ်တောက် လွင့်စဉ်သေဆုံးသွားသည်ချည်းဖြ စ်သည်။ ပုဆိန်သွားမှတဆင့် ပုဆိန်ရိုးကိုဖြတ်ကာစီးဆင်းလာသော ရန်သူတို့၏သွေးများသည် အရိုးတစ်ဖက်တွင် ဆုပ်ကိုင်ထားသော ကျွန်ုပ်၏လက်များအထိ ပေကျံကုန်ကြသည်။ ရန်သူ၏သံချွန်အများအပြား ကျွန်ုပ်ရှိရာသို့ ရောက်လာကြသော်လည်း တစ်ခုတစ်လေမျှ ကျွန်ုပ်ကိုမထိချေ။ စကြ်ာကဲ့သို့လည်ပတ်နေသည့် ပုဆိန်သွားနှင့်ထိတွေ့ပြီး အောက်သို့လွင့်စဉ်ကျသွားသည်။
ပုဆိန်သွားကို ဝှေ့ယမ်းရင်း ကျွန်ုပ်သည် လရောင်အောက်၌ ရာမကိုလည်းကောင်း၊ လက္ခဏကိုသော်လည်းကောင်း၊ မက္ကဋဘုရင် သုခရိတ်ကိုသော်လည်းကောင်း၊ သစ္စာဖောက် ဘိဘိသနကိုသော်လည်းကောင်း ရှာဖွေနေမိသည်။
တစ်ဦးတစ်ယောက်မျှ မတွေ့ရ၊ သားတော်မေဃနာဒလည်း သူမျှော်လင့်နေသော စစ်သူကြီး ဟာနုမာန်ကို ရှာဖွေနေဟန်ရှိသည်။
“ခမည်းတော်၊ အာရိယန်မင်းသားနဲ့ ရင်မဆိုင်ရသေးဘူးလား”
“အေး ...ရင်မဆိုင်ရသေးဘူး၊ မင်းကော ဟနုမာန်ကို တွေ့ပြီလား”
“မတွေ့သေးဘူး ခမည်းတော်”
ဤမျှသာပြောဆိုလျှက် ကျွန်ုပ်တို့သည် ဆက်လက်တိုက်ခိုက်နေကြရသည်။ လပြည့်နေ့ညသည် ပထမခံတပ်၏အပေါ်သို့ ရောက်လာပြီဖြစ်သဖြင့် အလင်းရောင်ကို ကောင်းစွာရရှိပေပြီ။ ကျွန်ုပ်သည် လရောင်ကို အသုံးချ၍
ကျုံးတစ်ဖက် ကျောက်တန်းအသစ်ခင်းနေရာသို့ ကြည့်လိုက်သည်။ ပြာလဲ့သောဝတ်ရုံကိုဝတ်ဆင်ထားသည့် သူတစ်ဦးသည် မက္ကဋများအကြားတွင် မြင့်မားစွာ ထိုးထွက်နေသည်။ ကြီးမားသောလေးကိုင်းကြီးအပေါ်ပိုင်းကို ထိုသူ၏
ကျောပြင်တွင် ထင်ရှားစွာ တွေ့နေရသည်။ လရောင်အောက်တွင် အစိမ်းရောင်သည် ပြာလဲ့သောအဆင်းကို ဆောင်နေသည်။ သင်းကား ........ရာမ ... ကျွန်ုပ်၏ရန်သူ။
ဆက်ရန်
------------------------
ချစ်ဦးညို
crd 👉 https://www.facebook.com/108529964142302/posts/125461495782482/
Comments
Post a Comment