မုန်း၍မဟူ၊ အခန်း(၁၃)

လေမှာ တရကြမ်း စွတ်တိုက်နေသည်။ နေကလည်း ကျဲကျဲပူ၍ အသား စပ်သည်။ ကမ်းပေါ်ရှိ သစ်ပင်များကို ရိပ်ခနဲ တွေ့လိုက်ရကာ အလ်တို ပဲ့ချိတ် မော်တော်ကလေးမှာ ဦးမော့ထောင် နေသဖြင့် ရေနှင့်မှ ထိသေးရဲ့လား ထင်ရသည်။ အရှိန်ပြင်းသော စက်သံဖြင့် နားကို အူနေလေသည်။

ဦးစောဟန်က သူဆောင်းသော ဖော့ဦးထုပ်ကို ဝေဝေ့ခေါင်းတွင် ဆောင်းပေးထား၍ ဦးထုပ် လွင့်မကျအောင် ကြိုးကို ဆုပ်ကိုင် ထားရသည်။ နေရောင်ကာ မျက်မှန် တပ်ထား၍ မြစ်ပြင်မှာ စိမ်းပြာနေသည်။ ကောင်းကင်လည်း ထို့အတူ ...။

ဦးစောဟန်သည် ဝေဝေ့ပခုံးကို ဖက်ထားလျက် သူ၏နဖူးပေါ်သို့ လွင့်ကျလာသော ဆံပင်များကို မကြာခဏ သပ်တင် နေရသည်။

မော်တော်ပေါ်တွင် သိပ်စကားပြောလို့ မဖြစ်ကြ။ စက်သံဖြင့် စကားလုံး မကွဲလှ၍ ရှုမျှော်ခင်းကိုသာ ငေးလိုက်ကြသည်။

မော်တော်ရှေ့ တော်တော်ဝေးဝေးမှ တွေ့ရသော မြင်ကွင်းမှာ သစ်ပင်အုပ်၊ လယ်ကွက်၊ တဲအိမ်တန်းများ ဖြစ်သည်။ စက်သံမှာ မြစ်ထဲတွင် မင်းမူ နေလေသည်။ မြစ်ကမ်းပါး၌ ရပ်စောင့် ကြိုကြည့်ကြသည့် လူစုလူအုပ်ကို မကြာခဏ ဖြတ်ကျော်ရသည်။

မော်တော်ဦးဘေး၌ ရေလုံးကြီးသည် မြောက်ကြွလျက် ရေပန်းထ နေလေသည်။ ဝေဝေသည် ရေပန်းကို သဘောကျ နေ၏။ နေရောင်မှာ ရေပန်းပေါ်သို့ ဖြာကျ လူးလွန့်လျက် ရှိကာ မျက်မှန်စိမ်းပြာကို ရောင်ပြန်ဟပ်လျက် ပြိုးပြက်စေသည်။

ဦးစောဟန်က ဦးထုပ်ကြိုးကို တစ်ချိန်လုံး ကိုင်ထားရသည့် လက်ကလေး ညောင်းနေမည် စိုး၍ လက်ချခိုင်းကာ၊ ပခုံးဖက်သော လက်ဖြင့် ဦးထုပ်ကြိုးကို ထိန်းပေးသည်။

ဝေဝေမှာ ဖခင် ရန်ကုန်သွားမှ အိမ်တွင် တယ်မနေချင်၍ ဦးစောဟန် တောသွားရာသို့ အမြဲလိုက် နေလေ၏။ ဖခင်သွားပြီ ဆိုကတည်းက ရင်ထဲတွင် ဟာတာတာကြီး ဖြစ်ကျန်နေသည်။

သွားစကများ ဆိုလျှင် မနေတတ် မထိုင်တတ်ဖြင့် တစ်ဖက်အိမ်ကြီးကို ကြည့်၍ မျက်ရည်ဖြိုင်ဖြိုင် ကျနေရ၏။ တစ်နေ့ တစ်ခေါက်သာ ကူးရန် “ကို” က ခွင့်ပေးသဖြင့် ဖခင် မသွားမီ မနက်ဘက် “ကို” အလုပ် သွားတာနှင့် ကူးသွားကာ “ကို” ပြန်လာခါနီးမှ ပြန်ပြေးကူးခဲ့ရသည်။ ရန်ကုန်သို့ မသွားခင် ရက်များတွင် ဖခင်မှာ ဝေဝေ လာတတ်သည့် အချိန်ကို ပက်လက် ကုလားထိုင် ပေါ်က ထိုင်စောင့်မျှော် နေလေသည်။

အဓိပ္ပါယ်တွေ ပြည့်နှက်နေသည့် မျက်လုံးဖြင့် သမီးကို ခပ်ငေးငေးလည်း ကြည့်နေတတ်၏။ စကားပြန်ပြောလျှင် မျက်လုံးချင်း မဆိုင်နိုင်သည့် နေရာသို့ မျက်တောင်များ စင်းပြီး ကြည့်ပြောနေ၏။ ဝေဝေ့အား မိခင်၏ လက်ဝတ် လက်စားများ ပေးအပ်သည့် နေ့ကပဲ ရွှင်လန်းသော မျက်နှာကို တွေ့လိုက်ရသည်။

ခုတော့ ထားထားဆီက စာပဲ မျှော်ရတော့သည်။ ဘာလိုလိုနှင့် သွားတာ လေးငါးလခန့် ရှိပြီး အသားအရေ ပြည့်လာသော်လည်း အမော မပျောက်ဘဲ ဆရာဝန် ညွှန်ကြားချက် အတိုင်း အိပ်ရာထဲတွင် မထဘဲ နေရသည် ဆို၍ ဖခင်ကို သွားကြည့်ချင် နေသည်။

ဖခင်သွားမှ အိမ်ဘက်သို့ တစ်လ တစ်ခေါက်ပင် မရောက်မိတော့ပေ။ ကိုနေဦးမှာ အိမ်တွင် နေလှသည် မရှိဘဲ ရန်ကုန်ကူးလိုက်၊ တောဆင်းလိုက်ဖြင့် အလုပ်များ နေသည်။ ဝေဝေသာ ရောက်သွားလျက် ကိုနေဦးမှာ အိမ်ဘက်သို့ အလျဉ်း ကူးမလာဘဲ၊ ကိစ္စရှိလျှင် သန်းသန်းကို လွှတ်ပြောသည်။

ဦးစောဟန်သည် သူ့ပေါင်ပေါ်တွင် တင်ထားသော ချော့ကလက်ဘူး ထဲမှ ချော့ကလက်များကို အခွံခွါကာ ဝေ့ပါးစပ်ထဲသို့ ထည့်ပေး၏။ ဝေဝေသည် ချော့ကလက်များ စား၍ ရင်ပူလာသည်။ မော်တော်ပေါ်တွင် ဓာတ်ဘူးနှင့် ထည့်လာသော ရေခဲရည်ကို ငှဲ့တိုက်လေသည်။

ဦးစောဟန်၏ အသားမှာ မော်လမြိုင်ကျွန်း ရောက်စကထက် ပိုမည်းနေသည်။ နေပူထဲတွင် ပဲ့ချိတ်မော်တော် စီးလွန်းသဖြင့် သူ့အသားများမှာ နေလောင်နေသည်။

ဝေဝေက လိုက်ချင်တယ် ပူဆာ၍သာ ခေါ်ရသည်။ လေတိုက်မိ၊ နေပူမိမှာကို စိုးရိမ်ရှာသည်။ ဝေ နေထိုင်မကောင်းမှာကို ဒါလောက် စိတ်ပူနေရသည့် အထဲက မကြာသေးခင်က ဝေ ဖျားလိုက်သေးသည်။ ကိုယ်နွေးတွေးတွေး ပူပြီး ည အိပ်ရာထဲ ချောင်းဆိုးသဖြင့် ချောင်းကို မသင်္ကာ ဖြစ်မိသေးသည်။ ဝေက အပူချောင်းပါ၊ လည်ချောင်းယားပြီး ဆိုးတာပါ ဆိုသည်ပင် မဟုတ်ရ။ ချောင်းဆိုးတာနှင့် မျက်စိမျက်နှာ ပျက်လျက် စွပ်စွဲသော မျက်လုံးဖြင့် ထိတ်ပျာ နေလေသည်။ ဆရာဝန် ညတွင်းချင်း ခေါ်ပြသည်။ ဆရာဝန်က စမ်းသပ်ပြီး အအေးမိ ဆိုးသည့် ချောင်းရိုးရိုး ဖြစ်ကြောင်း ရယ်မောပြောလျက်၊ စိုးရိမ်သူ စိတ်ကျေနပ်မှု ရှိအောင် အလိုက်သိစွာ သတိထားကာ ကောင်းတယ် ဟု သတိပေး သွားသည်။ သည်လောက် ပျာယာခတ် စိုးရိမ်ပုံကို တွေ့ရပြီးနောက် ဝေ့မှာ သူ့ရှေ့တွင် ချောင်းဟန့်ချင်၊ ချောင်းဆိုးချင် လာလျှင် ဘယ်တော့မဆို အောင့်နေလေသည်။ တစ်ယောက်က အလွန်စွဲလမ်းပြီး ကြောက်နေခြင်းကြောင့် ဝေ့မှာ တကယ် ဖြစ်ရမှာပင် လန့်လာလေသည်။

ဦးဘိုးသိန်း ရန်ကုန် သွားနေ၍ ဝေဝေ့ ကျန်းမာရေး အတွက် သူ့အဖေနှင့် ဝေးဝေးနေတာ ကောင်းသည်ဟု စိတ်အေးရ၏။ ဝေဝေ့ကို ရွှေပေါ်မြတင် ထားကာ အရိပ် တကြည့်ကြည့်နှင့် ဖူးဖူးမှုတ်လွန်းသဖြင့် စိတ်ပင် ကျဉ်းကျပ်လာသည်။

ဝေဝေသည် ဖခင်အတွက် စိတ်တထင့်ထင့် နေသော အပူငွေ့ကို ပြင်ပသို့ မထုတ်။ အပူလုံးမှာ တအုံနွေးနွေးနှင့် ရင်ထဲတွင် လှိုက်ပူနေသည်။ မျက်နှာတစ်ချက် အညှိုးမခံသဖြင့် တစ်ချက်မှ မျက်နှာ မညှိုးအောင် ကြိုးစား နေထိုင်ရသည်။

တောမလိုက်သည့်နေ့ သို့မဟုတ် ဦးစောဟန် အလုပ်သွားတာနှင့် စားပွဲထိုင်ကာ ဖခင်နှင့် ထားထားထံသို့ စာရေးလေသည်။ လက်ရေး သေးသေးစိတ်စိတ်ဖြင့် စာမျက်နှာ ၁၀ ရွက်၊ ၁၅ ရွက်ကို ဟိုဘက် သည်ဘက် အပြည့်ရေး၏။

ထားထားထံမှ “ငါက နင့်လို မအားဘူးဟေ့၊ ဖေဖေ့ အတွက်၊ မောင့် အတွက်၊ ကလေးတွေ အတွက် အလုပ်ရှုပ်လွန်းလို့ စာရှည်ရှည် မရေးနိုင်ဘူး။ တစ်ခါတစ်လေ နင့်ရဲ့ စာရှည်ကြီးကို တစ်ထိုင်တည်းတောင် မဖတ်နိုင်ဘူး” ဟု ရေးပြန်တတ်သည်။ ရန်ကုန်က စာပဲ မျှော်သည်။ စာပြန် နောက်ကျသည် ထင်လျှင် နေမထိ ထိုင်မထိနှင့် စာတစ်စောင် ထပ်ရေး ပို့ပြန်လေသည်။

ရှေ့တွင် မော်လမြိုင်ကျွန်းကို လှမ်းမြင်ရ၍ ခေါင်းပေါ်က ဦးထုပ်ကို ချွတ်လိုက်ကာ ဦးစောဟန်ခေါင်း ဆောင်းပေးလိုက်၏။ ခေါင်းစည်းထားသည့် ဆတ်တွန့်ပဝါ အပြာစမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေလေ၏။

စက်သံ လျှော့လိုက်သည်နှင့် ရေပေါ်ထောင် နေသော ဦးမှာ ကျသွားကာ ဆိပ်ကမ်းတံတား နားသို့ ခပ်ဖြည်းဖြည်း သွားကပ်လေသည်။

တံတားပေါ်၌ စောင့်ကြိုနေသော ဒရဝမ် ကုလားများ တန်းစီရပ်လျက် ဆလံပေး နေကြသည်။ ဦးစောဟန်သည် တံတားပေါ်သို့ ဝေ့လက်ကို ဆွဲ၍ ခေါ်တင်ကာ ဝေနှင့်အတူ ရှေ့က လျှောက်ကြလျက် ဒရဝမ်များက နောက်က လိုက်ကြသည်။

“မီးတုတ် ... မီးတုတ်၊ ရှို့ ...ရှို့”
“နယ်ချဲ့အစိုးရ ... ပျက်စီးပါစေ”
“ချုပ်ချယ်တဲ့ ပုဒ်မတွေ ... အလိုမရှိ”
“အရေးတော်ပုံ ... အောင်ပါစေ”

လမ်းပေါ်တွင် လက်ရုံး ဆန့်တန်းလျက် သံပြိုင်အော်ဟစ် လှည့်သွားကြသော လူစုလူအုပ်ကြီး နောက်မှ ခပ်ကြောင်ကြောင်နှင့် လျှောက်သွား ကြရသည်။

ဝေဝေ့မှာ “ဘာ့အတွက် လှည့်တာပါလိမ့်” ဟု ဦးစောဟန်အား ပြောလိုက်ရာ “အလကားပါ” ဟု ခပ်ရှုံ့ရှုံ့ ပြန်ပြောလိုက်သည်။

လူအုပ်ကြီးမှာ ရေနံမြေသပိတ်နှင့် ကျောင်းသားသပိတ်မှ စတင်၍ တစ်ပြည်လုံး ဆူပွက်ကြသော အထွေထွေသပိတ် အရေးတော်ပုံကြီးကို ထောက်ခံသော ဆန္ဒပြလှည့်ပွဲ ဖြစ်ပေသည်။

ဘိုင်စကယ်ကို တစ်ဖက်က တွန်းလျက်၊ လက်သီး လက်မောင်းတန်း အော်သွားသော ကိုနေဦးကို လူအုပ်ထဲတွင် မြင်လိုက်ရ၍ “အစ်ကိုကြီးတော့ ခက်တာပဲ ကို၊ ဘယ်နေ့ အဖမ်းခံရမလဲ” ဟု ညည်းပြောလေသည်။ ဦးစောဟန်မှာ 'သခင်နေဦး' ဖြစ်သွားသော ကိုနေဦးကို ခပ်ချဉ်ချဉ် ရှိ၍ မကြားသလိုပင် လုပ်လျှောက်လာ လေသည်။

ခရီးပန်းကာ နွမ်းလာကြ၍ ဧည့်ခန်းထဲတွင် ခြေပစ်လက်ပစ် အပန်းဖြေကြသည်။ မယ်အေးမှာ ဝေ့ခေါင်းက ဖြေပေးသော ပဝါကလေးနှင့် မျက်မှန်ကို စောင့်ယူကာ အိမ်ပေါ်တက် သိမ်းနေသည်။ ဖောင်းခနဲ ဆိုဒါပုလင်း ဖောက်သံ ကြားလိုက်ရပြီးနောက် မောင်မြသည် အရက်ဗန်းကို ထုတ်ယူလာသည်။

“ခုနက ဟိုဘက်က အစ်မ လာပါတယ်။ မမကို လာကြည့်တယ်၊ သံကြိုး လာလို့ပါတဲ့“

ဝေဝေသည် လိမ္မော်ရည် ဖန်ခွက်ကို တုန်တုန်ယင်ယင် ကိုင်ကာ အလန့်တကြားဖြင့် “ဘာသံကြိုးပါလိမ့်” ဟု ပြောလိုက်၏။

မောင်မြမှာ မိမိအား မျက်လုံးမျက်ဆန် ပြူးကြည့် ပြောသော ဝေဝေ၏ မျက်နှာကို မကြည့်ဘဲ ခေါင်းစိုက်နေ၏။

“ကို သံကြိုး လာတယ်တဲ့ ...”

ဦးစောဟန်ကို လှမ်းပြောပြန်ကာ၊ တစ်ဖန် မောင်မြကို ကြည့်၍ “သွား သွား ပြန်ရောက်ပြီ၊ လာပါလို့ သွားပြော” ဟု ထိတ်ထိတ်ပျာပျာ ပြောနေလေသည်။

“ဘယ်တုန်းကလဲ” ဟု ဦးစောဟန်က လှမ်းမေး၍ မောင်မြမှာ သွားရန် ဟန်ပြင်ပြီးမှ တုံ့လျက် “မကြာသေးပါဘူး” ဟု ဖြေပြီး ရပ်နေသေးသည်။

ဦးစောဟန်က မျက်နှာညိုညိုဖြင့် “သွား ... သွား” ဟု ဆိုမှ ထွက်သွားလေသည်။

ဝေဝေသည် ဆိုဖာမှ ထ၍ ခေါင်းရင်း ပြတင်းပေါက်တွင် သွားရပ်သည်။

ပူပင်ကြောင့်ကြဖြင့် ဂနာမငြိမ်သော ဝေ့အတွက် စိတ်ညစ်သွားကာ “ဝေရယ် ... လာလိမ့်မပေါ့၊ အနှောင့်အယှက် မဖြစ်ပါနဲ့“ ဟု ဖြေသိမ့်စကား ပြောလျက်၊ ဝေ့ကို ဒုက္ခ ပေးကြဦးမှာပဲဟု စိတ်အိုက် သွားလေသည်။

မောင်မြက နောက်က၊ သန်းသန်းက ရှေ့က ထွက်လာကြတာ မြင်၍ ပြတင်းနားက ခွါလာခဲ့ကာ အိမ်ရှေ့ပေါက် ခန်းဆီးကြီးကို လှပ်၍ လမ်းမသို့ မျှော်ကြည့်နေသည်။ မသက်မသာ ဖြစ်နေသည့် ဝေ့ပုံပန်းကို ကြည့်နေသော ဦးစောဟန်က “လာမှာပေါ့ ဝေရယ် ... ထိုင်သောက်လေ” ဟု လှမ်းခေါ်နေ၏။

ဝေသည် အိမ်ရှေ့ရောက် လာသော သန်းသန်းကို ကြည့်ကာ ရင်တဒိတ်ဒိတ် ခုန်နေ၏။ လက်ထဲက သံကြိုးစာအိတ်ကို ကြည့်ပြီး ခေါင်းနားပန်း ကြီးသည်။ သန်းသန်း၏ မျက်နှာတွင် သံကြိုးစာထဲမှ အဓိပ္ပါယ် သိနိုင်လို သိနိုင်ငြား အဆောတလျင် ရှာဖွေကြည့် လိုက်သည်။

အိမ်ရှေ့မှ သန်းသန်း ဖိနပ်သံ ကြား၍ ဦးစောဟန်သည် ကုလားထိုင်မှ ထရပ်ကြို နေသည်။

“ဘာသံကြိုးလဲ မမသန်းရယ် ... ထိတ်လိုက်တာ” ဝေက ဆီးပြောရင်း လက်ထဲမှ သံကြိုးကို လှမ်းယူလိုက်သည်။

“ထိုင်ပါ သန်းသန်း ... လာပါ” ဟု ဦးစောဟန်က ခေါ်သည်။

သန်းသန်းသည် ဖြည်းဆေးစွာဖြင့် ဆိုဖာတွင် ထိုင်လိုက်သည်။

ဦးစောဟန်သည် ဝေ့နားသို့ သွားရပ်ကာ ကြည့်နေသော သံကြိုးကို ခေါင်းချင်းဆိုင် ဝင်ဖတ်ကြည့်သည်။ သံကြိုးမှာ “ဖခင်အသည်းအသန်ဖြစ်နေပြီ” ဟု ထားထားက ရိုက်လိုက်သော သံကြိုးဖြစ်သည်။

ဝေဝေသည် မျက်စိမျက်နှာ ပျက်ပျက်၊ မျက်ရည် လည်လည်နှင့် သန်းသန်းဘေးနား ထိုင်ချလိုက်သည်။

“ဝေဝေ တောလိုက်သွားတာ မသိလိုက်ဘူး။ ကိုနေဦးလည်း မလာသေးဘူး။ ဒါနဲ့ လာကြည့်တာ”

သန်းသန်းသည် ဝေဝေ့ကို လှည့်ပြောလျက် ဖခင်အတွက် တစိုးရိမ်ရိမ် တကြောင့်ကြကြ ဖြစ်နေသော ဝေဝေ့ကို ကြင်နာစွာ ကြည့်ရှုပြီး မျက်နှာ မသာမယာလှဘဲ ငြိမ်နေသည်။

“ကို ... ညကျရင် အစ်ကိုကြီးနဲ့ ဝေ လိုက်သွားမယ်နော်” ဟု ဝေက လှမ်းပြောလိုက်ရာတွင် ဦးစောဟန်မှာ မျက်နှာညိုမည်း သွားကာ အဖြေ မပေးတတ်သလောက် ဖြစ်သွားသည်။

မိမိက ဝေ့ကိုလွှတ်ရန် ဝတ္တရား ရှိမှန်းလည်း သိ၏။ ထိုဝတ္တရားကို မျက်နှာလွှဲခြင်းဖြင့် ဝေ့အတွက် ကောင်းစေမလားဟု စိတ်ကူးကြည့်သည်။ တားမြစ်၍ အရုပ်ဆိုးမှာ တစ်ဖက်က သိလျက်၊ တစ်ဖက်တွင် အသည်းအသန် ဖြစ်နေသော လူနာနားသို့ ဝေ့ကို ပို့ရန် စိုးရိမ်ခြင်းပြင်းစွာ စိတ်မချ ဖြစ်နေသောကြောင့် အဖြေရ ခက်နေပေသည်။

ဦးစောဟန်ထံမှ အဖြေဆုတ်ဆိုင်း နေခြင်းဖြင့် ဝေ့မှာ မျက်ရည်ကျလုလု ဖြစ်လာသည်။ မိမိအပေါ်တွင် ယုယမြတ်နိုး၍ အချစ်ကြီး ချစ်သည်ဟု ယူဆထားသည့် ယုံကြည်ချက်သည် ပျက်ပြယ်လုခမန်း ဖြစ်လာလေသည်။ အင်မတန် ချစ်လွန်း၍၊ စိုးရိမ်လွန်း၍ဟု တစ်ဖက်က အောက်မေ့ရမှာ ကလည်း မျက်စိမှိတ်ပြီး အောက်မေ့ရမှာမျိုးနှင့် တူနေ၏။ အဖြေကို မဆိုင်းနိုင်သဖြင့် ထပ်မေးပြန် လေသည်။

“အစ်ကိုကြီးနဲ့ ဒီညသင်္ဘောနဲ့ လိုက်မယ်နော်”

ဝေ့မှာ လက်ဖျားများ တုန်ယင် နေသော်လည်း အသံမတုန်ဘဲ ပြောနိုင်သေး၏။ မျက်ရည်မကျဘဲ ပြောနိုင်သေး၏။

“ကြည့်စီစဉ်တာပေါ့ ဝေရယ်” ဦးစောဟန်က သန်းသန်းရှေ့မို့ မယုတ်မလွန် နှစ်သိမ့်ကာ မျက်လုံးထဲတွင် အကြံယူ စဉ်းစားနေသည့် အဓိပ္ပါယ် အရောင်ဟပ်လျက် “ကိုနေဦး ဒီည လိုက်မလား သန်းသန်း” ဟု မေးလေသည်။

သန်းသန်းသည် စကားပြောခါနီး ပြုံးတတ်၏။ ပြုံးလျှင် သွားတွေ ဖွေးနေအောင် ပေါ်သွားတတ်သည့် အတိုင်း သွားဖွေးဖွေးနှင့် ပြန်ပြောသည်။

“ကိုနေဦးတော့ လိုက်မှာပါပဲ။ နေ့လယ်က အသင်းတိုက် သွားနေတယ်။ စောစောက လှည့်တဲ့အထဲမှာ ပါသွားသလား မသိပါဘူး။ သံကြိုး လာတဲ့အကြောင်း သူ့လည်း အပြောလွှတ် လိုက်ပါပြီ”

“လမ်းမှာ တွေ့လိုက်တယ်။ သန်းသန်းကော လှည့်တဲ့အထဲ မပါဘူးလားဟင်”

ဦးစောဟန် ရယ်စရာ ပြောနေမှန်း မသိသော သန်းသန်းမှာ “ကျွန်မ အလုပ်နဲ့ ကျွန်မ မအားပါဘူး” ဟု အဟုတ်မှတ် ဖြေနေပေသည်။

ဦးစောဟန်၏ အဖြေ မရေမရာ ရှိခြင်းကို တွေးတောနေသော ဝေမှာ မှိုင်သည့် မျက်နှာနှင့် မျက်လွှာ မပင့်ဘဲ ငြိမ်ကာ မလှုပ်မယှက် နေသည်မှာ ဒဏ်ပေးခံ ထိ၍ ငြိမ်နေသည့် ကလေး ဟန်ပန်မျိုးနှင့် တူနေလေသည်။

သန်းသန်းသည် အခြေအနေမလှ ဖြစ်နေသော ယောက်မဘက်က ကူ၍ ကိုနေဦးနှင့် ညထည့်လိုက်ပါ ပြောဖို့ရန်လည်း၊ ရင်းရင်းနှီးနှီး မရှိအောင် ရှောင်ဆက်ဆံသော လူမှန်းသိ၍ ရင်းရင်းနှီးနှီး ပြောဖို့ရာ ကျပ်သည်။ အဆင်မပြေ ဖြစ်နေကြတာ မသိချင်ယောင် ဆောင်ရတာလောက် အနေရ ကျပ်တာလည်း မရှိ၊ ကိုယ်ပါ ငြိမ်နေလည်း ပိုဆိုး၍ စကားရှာ ပြောရသည်။

“ဖေဖေ သွားတုန်းကနဲ့ မတူဘူး။ အသားအရေ ပြည့်လာတယ်လို့ ထားထားဆီက စာရတော့ ကျွန်မတို့ ဝမ်းသာနေတာ။ ဒီမှာကတည်းက တစ်ခါတစ်ခါ မောတာက ကြောက်စရာကြီး၊ တော်ရုံတန်ရုံ လောက်နဲ့တော့ သံကြိုးရိုက်မယ် မဟုတ်ပါဘူး။ သူ့စိတ်က ဘယ်သူ့မှ ဒုက္ခပေးချင်တာ မဟုတ်ဘူး။ သံကြိုးရတော့ ကျွန်မဖြင့် ပူထူသွားတာပဲ”

ဦးစောဟန်မှာ သန်းသန်းရှေ့၌ ဝေဝေ အမူအရာ ပျက်နေပုံ၊ ကလေးကလေး စိတ်ကောက် နေသလိုပင် သဘောထားကာ၊ ပြီးမှ ချော့မော့တော့မည်ဟု သူ့အကြံအစည်နှင့်သူ သိပ်ဟန်မပျက်လှဘဲ အလိုက်အထိုက် စကားကြည့်ပြော နေလေသည်။

“လူကြီး ဆိုတော့လည်း ခဏခဏ မောတော့ ဘယ်ခံနိုင်ရည် ရှိမလဲ၊ ဒီရောဂါမျိုးကိုက အင်မတန် မောတဲ့ ရောဂါမျိုးပဲ၊ အမြစ်တွယ်မိရင် ပျောက်ဖို့ အင်မတန် ခဲယဉ်းတာ၊ သိပ်ကြောက်ဖို့ ကောင်းတဲ့ ရောဂါ။ တလောက ဝေဝေ ချောင်းဆိုးလို့ မပြောပါနဲ့တော့၊ ဝေဝေအတွက် ပူလိုက်ရတာ သိပ်သတိထား နေရတယ်”

စကားပြောစရာ မရှိကြသလိုပင် ငြိမ်သွားကြလေသည်။ သို့သော် ဝေလောက် ဝေ့နည်းတူ၊ ဝေ့လို လိုက်ငြိမ် နေ၍လည်း မဖြစ်၍ စကားပြောစရာ ရှာနေကြသည်။

“ကိုနေဦးလည်း သွားမလို့ တကဲကဲပဲ။ အလုပ်တွေက လက်စမသတ်နိုင်လို့ ဆိုင်းနေရတာ၊ ဒီညတော့ မနေဘူး ... သွားမှာပါ”

ငြိမ်နေကြ ပြန်သည်။ ဦးစောဟန်သည် စီးကရက်ကို ကိုက်လျက် မီးညှိနေစဉ် သန်းသန်းသည် ခေါင်းကို အသာကလေး ဘေးလှည့်ကာ ငြိမ်နေသည့် ဝေ့ကို မျက်လုံးစွေကြည့်ရင်း “သိပ်စိတ်မပူပါနဲ့ ဝေဝေရယ်၊ သက်သာမှာပါ” ဟု အားပေးစကား ပြောလိုက်သည်။

ဝေဝေသည် စကားကို ပြောချင်ဟန် မရှိဘဲ မျက်လွှာ ချနေမြဲ ငြိမ်နေလေသည်။

သန်းသန်းမှာ ဝေဝေ ငြိမ်နေခြင်းကို တွေ့ရာလျှောက်၍ တွေးတောကာ အနေရ အထိုင်ရ ကျပ်လာလျက်၊ ဆက်စရာ စကားလည်း ရှာမတွေ့တော့၍ ပြန်ရန် ဟန်ပြင်လိုက်သည်။

“ကိုနေဦး ရောက်ပြီလား မသိဘူး။ ကျွန်မ ပြန်ဦးမှပဲ” ဆိုကာ ထ၍ ဝေဝေ့ကို မတ်တပ်က ပြန်ငုံ့ကြည့်လျက်-

“ဝေဝေ ညကို လိုက်ဖြစ်ရင် မယ်အေးနဲ့ ပြောခိုင်းလိုက်နော်” ဟု မှာပြီး အပြင်ဘက် ထွက်သွားသည်။

ဦးစောဟန်သည် ထုံးစံအတိုင်း သန်းသန်း ထတာနှင့် လိုက်၍ထကာ ခေါင်းညိတ်ပြနေလျက် ခန်းဆီးပြင်ဘက် သန်းသန်း ရောက်သွားမှ ပြန်ထိုင်လိုက်သည်။

ဝေဝေသည် ဆတ်ခနဲ ထ၍ ရပ်လိုက်သည်။

“ဘယ်လဲ ဝေ ...”

ဦးစောဟန်က ခြေလှမ်းကြဲကြီးနှင့် ဝေ့အနားသို့ ထလာပြီးလျှင် ဝေနှင့် မျက်နှာချင်းဆိုင် ရပ်လျက် ဝေ့ လက်ကလေးများကို ဆုပ်ကိုင်လျက်ကာ မျက်နှာကို စေ့စေ့ကြည့်၍ “ဝေ စိတ်ဆိုး နေသလားဟင်” ဟု စိတ်ပူစွာ မေးနေလေ၏။

စိတ်ဆိုး နေသလား ဟုသာ မေးရသည်။ ဝေဝေ့ မျက်နှာမှာ စိတ်ဆိုးနေသည့် အရိပ်အယောင် သမ်းမျှ မသမ်းချေ။ နှလုံးမခုန်သည့် အရုပ်လိုပင် မျက်တောင်လည်း မခတ်၊ မျက်လုံးလည်း မရွေ့၊ နှုတ်ခမ်းလည်း မလှုပ်။

“ထိုင်ပါဦး ဝေရယ်” ဟု ဆိုကာ ပခုံးကို ဖြည်းဖြည်း ကိုင်လျက် ဆွဲထိုင်ပေး လိုက်သည်တွင် ဝေမှာ ပြန်ထိုင်ကျ သွားပြန်သည်။

ဝေ့နား ကပ်၍ထိုင်ကာ ဝေ့နဖူးလေးကို လက်ဖြင့် ယုယစွာ သပ်နေလေသည်။

“ဝေ့ကို မလွှတ်ချင်ဘူး။ ဝေ့ကို မသွားစေချင်ဘူး။ အမှန်ပြောရရင် ဒီရောဂါနဲ့ အသည်းအသန် ဖြစ်နေတဲ့လူနာနားကို ဘယ်လို အကြောင်းနဲ့မှ ဝေ့ကို မကပ်စေချင်ဘူး။ ဟိုသွားရင် ပင်ပန်းဦးမယ်၊ အိပ်ပျက်စားပျက် ဖြစ်ဦးမယ်၊ စိတ်လည်း ပူရဦးမယ်၊ နေမကောင်း ဖြစ်လာမှာ သေချာလို့ မလွှတ်ချင်တာပါ ဝေရယ်”

ဦးစောဟန်သည် သူ့သဘောထားကို ဝေ နားလည်အောင် ရှင်းပြောပြသည်။ ဝေ့အား နုဆတ်သော ကြွေထည် ပစ္စည်းကလေး တစ်ခုသဖွယ် အရေးထားကာ ထိမိ၊ တိုက်မိ၊ ခိုက်မိ၍ ကွဲသွားမှာကို စိုးရိမ် ကြောက်လန့်နေသည်။ ဘာကြောင့် မလွှတ်ချင်မှန်း သူ့စိတ်ရင်းကို အဖြောင့်အတိုင်း သိမြင်နားလည် စေချင်လှသည်။

ဝေ့မှာ သည်လောက် ရှင်းပြောနေစရာ မလိုလောက်အောင် သူ့စိတ်ကို သိလွန်း၍၊ စိတ်လှုပ်ရှားဟန် မရှိဘဲ ကျောက်ရုပ်ကဲ့သို့ ငြိမ်နေနိုင်သည်။

“ကိုယ့်ကို နားလည်စေချင်တယ် ဝေရယ်၊ တစ်မျိုးအဓိပ္ပါယ် မတွေးပါနဲ့။ ဝေ့ကို ချစ်လွန်းလို့ စိတ်ပူလွန်းလို့ ဆိုတာ ဝေသိတယ် မဟုတ်လားဟင် ... ဝေ”

ဝေသည် ဖျတ်ခနဲ လှည့်လျက် မျက်လုံးချင်းဆိုင်ကာ “ဒါဖြင့် ဝေ မသွားရဘူးလား” ဟု မေးလိုက်သည်။ ဝေ့အသံမှာ ဒေါသသံ မပေါက်၊ အေးစက်နေသော အသည်းနှလုံးမှ ထွက်ပေါ်လာသော အားနည်း ပျော့ဝင်နေသည့် အသံကလေး ဖြစ်သည်။

ဦးစောဟန်မှာ စိတ်ညစ်ညစ်ဖြင့် ခေါင်းကိုသာ တွင်တွင် ပွတ်လေသည်။ “မသွားပါနဲ့” ဟု တားမြစ်သည့် အနေမျိုးလည်း မရောက်ချင်၊ မသွားပါနဲ့ဟု ပါးစပ်ကလည်း မပြောရက်၊ သွားဖို့ရန်လည်း ခွင့်မပြုနိုင်။ ဝေ့ကို အဖြေပေးရန် ခက်လွန်း၍ စိတ်အိုက် ချွေးပြန်လာသည်။

ဝေဝေ့ နဖူးကိုလည်း မသပ်တော့ချေ။ ဝေဝေနှင့်လည်း မျက်လုံးချင်း မဆိုင်တော့ချေ။ ဒူးပေါ်တွင် လက်ထောက်လျက် လက်ဝါးပေါ်၌ မျက်နှာကို မှောက်လိုက်ကာ အသက် ပြင်းပြင်းကြီး ရှူနေလေ၏။

ဝေဝေသည် ဦးစောဟန် ဖြစ်ပျက် နေပုံများကို ကြည့်လျက် ရင်ထဲ၌ စူးဝင် နာကျင် လာလေသည်။ နာကျင်လွန်း၍ ငြိမ်သက်သော မျက်နှာပြင်မှာ သွေးရောင်ပင် မရှိတော့။ ဖြူဖျော့ဖျော့ မျက်နှာလေးမှာ တွေဝေ ငေးမှိုင်လျက် ခဏမျှ သတိလစ် နေလေသည်။

သည်လောက် သူ့ကို အလျှော့ပေး သည်းခံသည့် အချစ်မျိုးနှင့် တွေ့ပါလျက် ဝေ၏ အချစ်အင်အားကို နားလည်ချင်မှ နားလည်မည့်သူမို့ မလိုက်လျောနိုင် ဖြစ်နေတာ ကံခေလိုက်လေ။ စိတ်ဒုက္ခနှင့် တွေ့ရလျှင်လည်း တွေ့ရစေတော့၊ “ကို” က ဒီလောက်တောင် ဖြစ်နေရင်လည်း မသွားချင် ပါနဲ့တော့ဟယ် ...။

ဝေသည် စိတ်တုံးတုံး ချလိုက်သည်။ သည်လောက်ပင် မျိုသိပ်သည်။ သည်လောက်ပင် ကြိတ်မှိတ်သည်။ ရင်ထဲ၌ ဆို့တက်လာသော အလုံးကို ကြိတ်ပြီး ဖိနှိပ်လျက် ချလိုက်ကာ ဦးစောဟန် နားမှ ထလာခဲ့ရာတွင် အိပ်မက်ထဲ၌ လမ်းလျှောက် နေသလိုပင် အိမ်ပေါ်သို့ တက်လို့ တက်မှန်းပင် မသိ တက်ခဲ့၏။ ခုတင်ပေါ်တွင် လျောင်းခွေလိုက်ကာ လေးလံနေသော မျက်လုံးများကို အားယူ၍ ပိတ်လျက် အသက်ကို ငွေ့ငွေ့မျှဉ်းမျှဉ်းလေး ရှူနေလေသည်။

နေလုံး ကွယ်ပျောက်၍ အိပ်ခန်းမှောင်ကျ သွားမှန်းလည်း မသိ။ ရန်ကုန်သင်္ဘော မှုတ်သံသည် ဝေ၏ နားထဲတွင် သဲ့သဲ့လောက်သာ ကြားနိုင်စွမ်း ရှိတော့သည်။ ဝေ့တစ်ကိုယ်လုံးမှာ အေးစက်လျက် တောင့်နေကာ၊ နဖူးမှ ချွေးပေါက်သည် ပါးပေါ်၌ လိမ့်နေကာ လည်ပင်းသို့ စီးကျနေလေသည်။

ဦးစောဟန်သည် မီးဖွင့်လိုက်ကာ ခုတင်နားသို့ ပြေးသွားလျက် ဝေ့ကို ပွေ့ယူ ထွေးပိုက်လိုက်သည်။

“ဝေ ... ဝေ ... ဝေရယ်” ဟု ခေါ်ပါသော်လည်း မထူးနိုင်။ ဝေသည် ကြားနိုင်သော အာရုံက လုံးဝမရှိ၊ ရေထဲ နစ်သလို တွယ်တာစရာ ဖက်စရာ မရှိ၊ ငုပ်ရာက ပေါ်လာတိုင်း မောဟိုက်သည်မှာ ပြောစရာမရှိ၊ နစ်သွားလျှင် အသက်အောင့် ထားရလေသည်။ တစ်ကိုယ်လုံး ရှိသမျှ အင်အားနှင့် ဖော့မှ ပေါ်လာပြန်သလို မွန်းနေလေသည်။

ဦးစောဟန် ထူပွေ့လိုက်မှ အသက်ကို ရှိုက်၍ ရှူနိုင်လာကာ၊ ရင်မှာ နိမ့်လိုက် မြင့်လိုက်နှင့် နှုတ်ခမ်းများမှာ ဖျော့တော့နေသည်။ ကိုယ်တွင် အင်္ကျီတွေ စိုရွှဲကာ အသားနှင့် ကပ်နေပေသည်။

“ဘယ်လို ဖြစ်သလဲ ၊ ဘယ်လို နေသေးသလဲ”

ဦးစောဟန်၏ အသံမှာ ပြာလျက် သာယာညင်သာ နေသည်။

ဦးစောဟန်၏ ရင်ခွင်ထဲ ရောက်နေသော အဖြစ်ကို သိလာသည်။ နှုတ်က ဘာမျှ မပြောဘဲ ခေါင်းကို အသာညိတ်၍ ပြလေသည်။ ဦးစောဟန်မှာ ခုမှ သက်ပြင်းချလိုက် နိုင်တော့သည်။ မယ်အေးကို လှမ်းခေါ်လိုက်သည်။

မယ်အေးမှာ ဝေဝေ အိမ်ပေါ် မတက်ခင် လိုက်ကာနောက်မှ ချောင်း၍ နားထောင်နေကာ ရင်ထဲ၌ ခုန်နေပေသည်။ ဝေဝေ ထလာလျှင် သူ့ကို မမြင်အောင် နောက်ဖေးဘက်သို့ ထွက်သွားလေသည်။ နောက်ဖေးခြံထဲသို့ ဆင်းသွားပြီးနောက် တစ်ဖက်အိမ်မှ သန်းသန်း၏ အရိပ်အယောင်ကို ချောင်းနေကာ မြင်တာနှင့် လက်မြှောက်၍ သွက်သွက်ခါ ပြလိုက်သည်။ သန်းသန်းမှာ ခေါင်းညိတ်လျက် ပြန်ဝင်သွားသည်။

အိမ်အောက်၌ လုပ်စရာရှိသော အလုပ်များကို လုပ်နေကာ သင်္ဘောမှုတ်သံ မကြားချင်း ဝေ့နားသို့ မသွားရဲပေ။ ဦးစောဟန် အော်ခေါ်မှ အလန့်တကြား ပြေးတက်ခဲ့ရသည်။

ဝေ့ကို အင်္ကျီမြန်မြန် လဲပေးကြ၏။ ဆံစကို အော်ဒီကလုံး ရွှဲနေအောင် ဆွတ်ပေးလျက် အိပ်ရာပေါ် မချသေးဘဲ၊ ထွေးပိုက်ကာပင် ယပ်ခတ်ပေး နေသည်။

“ဝေ နည်းနည်းမူး သွားတယ်။ သက်သာပါပြီ ကို” ဟု ဝေ့အသံလေး ကြားရမှပင် အိပ်ရာပေါ်သို့ ချပေးကာ သိပ်၏။ ဝေသည် မှိန်းနေလေသည်။

ထိုနေ့ည၌ ဦးစောဟန်မှာ စိတ်ထင့်လျက် စိတ်ချလက်ချ မအိပ်နိုင်ချေ။ ရှိုက်သံလို ကြားလိုက်သည်နှင့် မျက်ရည်ကျ နေသလားဟု ဝေ၏ မျက်လုံးကလေးကို ထစမ်းကြည့် နေသည်။ ထစမ်းတိုင်း မျက်ရည်ကို မစမ်းမိချေ။ မျက်လုံး လာစမ်းလျှင် ဝေ့မှာ အခံရခက်စွာ ပြင်းပြ စိမ့်ကျင်သွားသော ဝေဒနာကို ခံစားလိုက်ရ၏။

နံနက် မိုးသောက်သော် ဝေသည် အိပ်ရာမှ ဟန်မပျက် ထနိုင်သည်။ လေးနက် တည်ငြိမ်သော အကြည့်ဖြင့် စကားနည်းသည်မှ အပ ထူးခြား ပြောင်းလဲခြင်း မတွေ့ရပေ။ ဝေက စိတ်နာတတ်သူ မဟုတ်၊ စကားနာလည်း မပြောတတ်။ လက်ဖက်ရည် စားပွဲသို့ “ကို” ကြိုက်သော နံနက်ခင်း ဝတ်စုံကို ဝတ်ကာ ဖြီးလိမ်းပြီး အတူ လိုက်ပါလာသည်။

ခါတိုင်းကဲ့သို့ မူမပျက် ဝေ စားသောက် စကားပြော နေသောကြောင့် ဦးစောဟန်မှာ စိတ်သက်သာရာ ရသွားလေသည်။ ဝမ်းသာမိသေး၏။ သူ့အလို လိုက်ရှာပါကလားဟု သဘောကျရလေ၏။ နဂို ရွှင်လန်းသံကလေး မြူးထူးကာ မကြားရပေသည့် ညှိုးငယ်ခြင်းလည်း မဖြစ်ဘဲ စားသောက်နေရာ၊ ဦးစောဟန်၏ ချစ်မေတ္တာမှာ ဝေဝေ့အပေါ် မိုးသီးမိုးပေါက် ရွာချနေပေသည်။

နံနက်ဘက် အလုပ်မသွားခင် ဝေက ညကကိစ္စနှင့် ပတ်သက်၍ ဘယ်လိုများ ပြောဦးမလဲဟု ထိတ်ထိတ်ထိတ်နှင့် နေရသည်။ ဝေ့မှာလည်း ညကကိစ္စနှင့် ပတ်သက်၍ စကားစပ်မှာပင် ကြောက်လန့် နေလေသည်။ နှစ်ယောက်စလုံး ဆုတောင်းပြည့် သွားကြသည်။ ဦးစောဟန်သည် ညင်သာယုယစွာ နဖူးကို နမ်းလျက်၊ စိုစွတ်သော နှလုံးဖြင့် ပေါ့ပါးစွာ ပြုံးနှုတ်ဆက် ထွက်သွားနိုင်လေသည်။

ဝေ၏မျက်နှာမှ အပြုံးသည် ဦးစောဟန် ကွယ်သွားသည်နှင့် ပျက်ပြယ်သွားကာ အဆွေးသို့ ကူးစပြုနေလျက်၊ မျက်ရည်စတို့သည် ဝေ့ကာ ဝေ့ကာနှင့် မျက်လုံးတွင် ပေါ်လာကြသည်။

မျက်ရည်များ ပါးပြင်ပေါ်သို့ စီးဆင်းလာလျှင် ကြေကွဲစွာ ရပ်ကြည့် နေရာမှ ခေါင်းငိုက်စိုက် ချလျက် အိမ်ပေါ်သို့ လေးလံစွာ တက်သွားလေ၏။ အိမ်ခန်းပြင်ဘက် အိမ်ရှေ့ခန်းတွင် လိုက်ကာ ကွယ်ထားသော ဘုရားစားပွဲခုံ ရှေ့၌ ဝပ်တွားလျက် ဖခင်ဝေဒနာ သက်သာစေကြောင်း ဆုတောင်းရန် နဖူးနှင့် ကြမ်းနှင့် အပ်ရင်း တသိမ့်သိမ့် ငိုနေလေသည်။

အားရအောင် ငို၍ မောပန်းလာမှ ကျေနပ်ပြီး ငြိမ်ကျသွား၏။ ထို့နောက် ကိုယ်ကို မတ်ထူလျက် မျက်ရည်စများကို မသုတ်ဘဲ လက်ယှက်မိုးကာ၊ မျက်စိ စုံမှိတ်ပြီး မဆုံးနိုင်အောင် ဆုတောင်း နေလေသည်။

“ညက အစ်ကိုကြီး သွားပြီလား” ဟု မယ်အေးကို မေးလိုက်ချင်သည်။ မေးလို့ မဖြစ်မှန်း သူ့စိတ်ကိုသူ သိ၍ ထိန်းလေသည်။ မယ်အေးမှာ ပြောချင်လွန်း၍ အနားတွင် တရစ်ဝဲဝဲ လုပ်နေ၏။ ဝေဝေ ဘာမှ မမေး၍ မပြောရ မနေနိုင်သော မယ်အေးသည် ပြောမိအောင် လာပြောသည်။

“ညက အစ်ကိုလွှတ်လို့ မမ နေမကောင်းလို့ မလိုက်နိုင်ဘူးလို့ အစ်ကိုကြီးကို သွားပြောရတယ်”

ဝေသည် မယ်အေးကို ကျောခိုင်းလိုက်ကာ “အေး ... အေး” ဟု စကားပြန်သည်။

ဝေမှာ အားငယ်စိတ် အပြည့်နှင့် တစ်ဖက်အိမ်ကြီးသို့ ချည့်နဲ့စွာ မျှော်ကြည့်သည်။ အိမ်ကြီးမှာ သုန်မှုန် နေသယောင်။ အပေါ်ထပ် တံခါးများမှာ ဆို့ပိတ်လျက် အကြည့် မခံချင်သလို မျက်နှာလွှဲနေသည် ထင်သည်။ ရပ်တည်၍ မနေတတ်တော့သည် အထိ ကြာရှည်စွာ ရှိုက်ငင် ကြည့်နေပြီးနောက် မိုးကို မျှော်ကြည့်လိုက်သည်။ အပြာပိန်းထဲ၌ တိမ်ဖြူဆုပ်တို့သည် ရပ်တန့် ဆိုင်းဆို့လျက် ရှိလေသည်။ တိမ်များကို ဖောက်ကာ လေယာဉ်ပျံနှင့် ပျံသန်းလျက် ရန်ကုန်သို့ ရောက်သွားမည်။

ဝေဝေသည် ခုတင်ပေါ် ရောက်သွားလေသည်။

ဦးစောဟန်သည် မြေကြီးကို ငုံ့ကြည့်လျက် တစိုက်စိုက် လာနေလေသည်။ ခြေလှမ်းများမှာ သွက်လှသည်။ မောင်မြမှာ ခေါင်းငိုက်စိုက် ချလျက် သုတ်သုတ် လာနေသော 'သခင်' ကို ပြတင်းမှ လှမ်းမြင်၍ ထမင်းစားခန်းထဲမှ ပန်းကန်ဗီရိုပေါ် တင်ထားသည့် စားပွဲတင် နာရီလေးကို လှည့်ကြည့်လိုက်သည်။

အချိန်မှာ ၁၂ နာရီ ရှိသေး၍ ခါတိုင်း ၁ ချက်မှ ပြန်နေကျ။ ယနေ့ စောစောပြန် လာခြင်းသည် မယားအတွက် စိတ်မချ၍သာ ဖြစ်ရမည်ဟု တွေးသည်။

နောက်ဖေးက ထမင်းချက် ကုလားကြီးကို ပြန်လာပြီဟု ပြေးသတင်းပို့ လိုက်ကာ ရေချိုးခန်းထဲတွင် တဖုန်းဖုန်း ဆောင့်လျှော်နေသော မယ်အေး အဝတ်ဖွပ်ရာသို့ အပေါက်ဝက လက်ညှိုးထောင်ကာ “ရှူးခနဲ” လုပ်ပြခဲ့သည်။

“မင်း အစ်မကော”

“အပေါ်မှာပါ” ဟု မောင်မြက ခေါင်းကို စောင်းကာ အိမ်ပေါ်သို့ မော့ပြ ပြော၏။

ဦးစောဟန်သည် ဖြည်းနှေးစွာ လှေကားကို နင်းတက်သည်။ ဝေသည် ငေါက်ခနဲ ထကာ တန်းက မျက်နှာသုတ်ပဝါဖြင့် မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သုတ်လျက် ကမန်းကတန်း အခန်းဝသို့ ထွက်လာ၏။

သူတို့နှစ်ယောက် လှေကားထိပ်၌ ဆုံမိကြသည်။ ဦးစောဟန်သည် ဆီး၍ ဝေ၏ ပခုံးနှစ်ဖက်ကို သိမ်းဖက်လိုက်ကာ မျက်နှာကို ဝှက်လျက် ပြောလေသည်။

“ဝေ ... ဦး ဆုံးပြီ”

ဝေသည် လျင်မြန်စွာ ဦးစောဟန်၏ ပခုံးကို တွန်းလျက် မျက်နှာကို စေ့စေ့ဆိုင် လိုက်သည်။ ဝေ၏ မျက်တောင်မခတ် မျက်လုံးပြူးနေသော မျက်နှာမှာ အကြောဆွဲ နေသလိုပင်၊ နှုတ်ခမ်းကလေး တလှုပ်လှုပ် လှုပ်နေစဉ် မျက်ခုံးတစ်ဖက် ကလည်း လှုပ်သည်။ ပါးနှင့် မေးစေ့သည် တစ်ချက် တစ်ချက် အကြောလိုက် ယမ်းခါသွားလျက်။ နှာခေါင်းမှာ ပွလိုက် ရှုံ့လိုက် ကြာရှည်စွာ ဖြစ်နေပြီးနောက် ဖုတ်လှိုက် ဖုတ်လှိုက် ရှူနေသည့် ရင်တွင်းမှ မချိမဆံ့ဖြင့် လှိုက်လှဲစွာ ပွင့်အန်ထွက် လာလေသည်။

“ဖေဖေလေ ...”

ထို့နောက် မျက်ရည်ပေါက် ကြီးငယ် ကျလာလေ၏။ ထို့နောက် မချုပ်တည်း တတ်တော့ဘဲ လက်ဝါးများကို ကားဖြန့်လျက် မျက်နှာအုပ်ကာ ရှိုက်ကြီးတငင် ငိုလေ၏။ ဦးစောဟန်သည် ဝေ့ဖြစ်အင်ကို မချိတင်ကဲ ကြည့်လျက် “သံကြိုး ဒီမှာ ဝေ ...” ဟု ဆိုကာ ဖွင့်ဖြန့်ပြသည်။

ဝေသည် အားရပါးရ ရှိုက်လျက်ပင် မျက်နှာပေါ်၌ ဖြန့်အုပ်ထားသည့် လက်ဝါးများကို မျက်လုံးပေါ်အောင် အောက်သို့ ဆွဲသပ်လျက် စာရွက်ကို အားခဲ လှမ်းကြည့်သည်။

“နံနက်၉နာရီ၄၅မိနစ် ဖေဖေအသက်ပျောက်သည်”
နေဦး

ဝေသည် “အမယ်လေး ...” တပြီး လှေကားမှ ပြေးဆင်း သွားလေသည်။ ဦးစောဟန်မှာ ဝေ့နောက်မှ ပြေးဆင်းလိုက်ကာ “ဝေ ... ဝေ ... ဝေ” တ ခေါ်လေရာ ဝေမှာ မကြားပါချေ။

ဝေသည် ဘာကိုမျှ မမြင်ရဘဲနှင့် တစ်ဖက်အိမ်သို့ ရောက်သွားလေ၏။ ဝေသည် ဘာမပြော ညာမပြောနှင့် အိမ်ပေါ်သို့ ပြေးတက်နေသည်။

သန်းသန်းသည် ထိုင်နေရာမှ မျက်လုံး အကြောင်သားနှင့် “ဝေဝေ ဝေဝေ” ဟု ကတုန်ကယင် လှမ်းခေါ်နေစဉ် ဦးစောဟန်နှင့် မယ်အေးသည် တစ်ပြိုင်တည်း အိမ်ပေါက်ဝသို့ ရောက်လာကြကာ “သန်းသန်း ... ဦး ဆုံးပြီ” ဟု ဦးစောဟန်က ရပ်ပြောလိုက်သည်။

မယ်အေးသည် “ဘဘကြီးရေ ...” ဟု ခုနစ်သံ ဟစ်၍ အော်လျက် အရူးလို ခုန်ပေါက် တက်လိုက် သွားလေသည်။

ဝေ့မှာ ယူကျုံးမရ ရင်ကွဲနာ ကျလေပြီ။

ဖခင်အိပ်သော ခုတင်ဘေးတွင် ဒူးထောက်လျက် ခုတင်ပေါ်တွင် လက်ဆန့်၍ မျက်နှာမှောက်ကာ မျက်ရည်နှင့် လူးနေလေသည်။

ရန်ကုန် မသွားခင် “ဖေဖေ သွားရမလား သမီး” ဟု ခွင့်တောင်း နေရှာသော ဖခင်၏ အသံမှာ သန်းသန်းနှင့် မယ်အေးတို့ ဆူညံသောင်းကျန်း နေသော ငိုကြွေးသံများကို လွှမ်းလျက် စိုးမိုး နေပေသည်။

ငိုသံများ စဲသွားသည့်တိုင် ဝေ့မှာ ငိုကြွေးလို့ ဝမည် မထင်။ ရင်နှစ်ခြမ်း ပွင့်ထွက်ချင် ထွက်ပစေ၊ ပင်ပန်းကြီးစွာ ရှိုက်ကာ ... ရှိုက်ကာ မျက်ရည်များ အိုင်ထွန်းအောင် ကျနေပေ၏။

“တိတ်ပါတော့ ဝေရယ်၊ ည သွားဖို့အတွက် စီစဉ်ရဦးမယ် မဟုတ်လား၊ ပြန်စို့နော် ...”

ပခုံးပေါ်သို့ လက်ရောက်လာကာ ပြိုဆင်း ကျလာသော “ကို့” အသံကြောင့် မိုးကြိုး ခွင်းတော့သည့် အလား အသည်းရှစ်စိတ် ကွဲသွားကာ တောက်လောင် ကျွမ်းခြစ် သွားဘိ၏။

တစ်ယူမသန်ဘဲ ညကသာ လွှတ်ခဲ့ပါလျှင် အသက်မီ နိုင်သေးသည်ဟု ယူကျုံးမရ လောင်ကျွမ်းပူခြစ် သွားခြင်းပင်တည်း။

ဝေသည် မကျေနိုင် မချမ်းနိုင်ဖြင့် ဘဝအကြောင်းကံ ကိုသာ ယိုးမယ်ဖွဲ့ကာ ကုသိုလ် ဆိုးလေခြင်းဟု ရင်နာခံသည်။ ဦးစောဟန်အား အပြစ်မတင်၊ ဦးစောဟန်၌ အပြစ်မရှိ။ ဦးစောဟန်ကို လက်ထပ်ခဲ့သော သူ့ကိုယ်သူသာ အပြစ်တင်၍ မဆုံးနိုင်။

ဝေ့မှာ မျက်ခွံများ ဖူးယောင်လျက် မဆည်နိုင်အောင် ကျနေသော မျက်ရည်ဖြင့် တစ်နေ့လုံး ခွေနေလေသည်။ ဦးစောဟန်မှာ ဝေ့ကို သန်းသန်းနှင့် ထည့်ရန် ဝေ့ပစ္စည်းတွေ သားရေအိတ်ထဲ ထည့်ဖို့ စီစဉ်ပေးနေသည်။

“ဝေ ... ထမင်းစားပြီးရင် သောက်တဲ့ ဆေးပြားကို ဆက်ဆက် သောက်နော်၊ ည အိပ်ရာဝင်တော့ တော်နစ် သောက်ဖို့လည်း မမေ့နဲ့၊ အချိန်နဲ့ စားနော်၊ တွေ့ကရာတွေ မစားပါနဲ့”

စိတ်မချတိုင်း ဝေ့အနား လာမှာကြား နေသည်။ သူ့ကွယ်ရာတွင် ဆွေမျိုးအုပ်နှင့် အိပ်ချင်သည့် အချိန်မှ အိပ်၊ စားချင်တာတွေ စား လုပ်မှာများတော့ ခွင့်လွှတ်နိုင်မည် မဟုတ်၍ စိတ်မချ ရှိလှသည်။ သူ ပြုပြင်ထားသော ပုံစံကလေး ပျက်သွားမှာကို စိုးသည့်စိတ်သာ စောနေ၏။

အဝတ်အစားများကို သူ့စိတ်ကြိုက် ရွေးချယ်ပြီး ထည့်နေသည်။ ဘော်လီအင်္ကျီ၊ အတွင်းခံထဘီ၊ လက်ကိုင်ပဝါများကို မမှန်းတတ် မှန်းတတ်နှင့် လိုအပ်တာထက် ပိုနေအောင် သိပ်ထည့်ပေး နေလေ၏။ ဝေ့မှာ ခုတင်ပေါ်၌ ခွေခွေလေး နေသဖြင့် အလုပ်များနေသည့် ကြားထဲမှ အဖျားဝင် မဝင် သိရန် ပါးစပ်ထဲ ပြဒါးချိန် တပ်ကာ လက်သွေးစမ်း ကြည့်လေသည်။ သွေးစမ်းကြည့် နေသော လက်မှ သွေးခုန်ခြင်းထက် ဝေ၏ရင်ထဲ၌ ပိုခုန် နေလေသည်။ လက်မချမခြင်း သွေးတိုး နှေးလိုနှေးငြား အသက်ကို အောင့်နေမိလေ၏။

“အဖျားတော့ မရှိပါဘူး ... အားနည်းနေတယ်။ ဟိုရောက်ရင် သိပ်မငိုနဲ့ ဝေရယ်၊ ခေါင်းတွေ အုံမူးပြီး ပင်ပန်းလိမ့်မယ်။ ဇဝက်သာ ပုလင်းလေးကို အမြဲရှူနေနော်”

ဝေသည် ဘာမှာမှာ ခေါင်းညိတ်၍ ပြလိုက်သည်။ သွားရလျှင် ပြီးစတမ်းဟု နောက်ဆုံး သဘောထားကာ မှာသမျှ ခေါင်းညိတ်နေသည်။

သားရေ သေတ္တာကြီး ထဲတွင် ရေမွှေးပုလင်း၊ ရှူဆေးပုလင်း၊ သောက်ဆေးပုလင်းများ စုံစုံစေ့စေ့ ထည့်ပေးနေသည်။ ငါးကြီးဆီ ပုလင်းကို ထည့်သာ ထည့်ရသည်။ အိမ်တွင် မနည်း ချော့တိုက်ရ၍ နောက်ကွယ်တွင် သောက်မှ သောက်ပါ့မလားဟု စိတ်ပူကြီးစွာဖြင့် ဆက်ဆက်သောက်ရန် ထပ်မနား မှာပြောပြီးမှ ထည့်လိုက်သည်။

“သေပြီးမှပဲ မထူးပါဘူး ဝေရယ်၊ အနားကပ်ပြီး ကိုင်လား ထိလား မလုပ်နဲ့နော်”

ဝေ့ကို လူရှေ့သူရှေ့ မှာတာမျိုးလည်း ရှိ၏။ ဝေ့ကို နောက်ကွယ် တိုးတိုးကျိတ် မှာတာမျိုးလည်း ရှိ၏။ ဝေသည် သွားရရင်ပြီးတမ်း ခေါင်းသာ ညိတ်ပြသည်။

သင်္ဘောမဆင်းခင် ကြိုတင်ကာကွယ်သော သဘောဖြင့် ဆရာဝန် ခေါ်၍ သွေးအားကောင်းမည့် အကြောဆေးကို နာကျင်စွာ အထိုးခံရလျက်၊ မော်လမြိုင်ကျွန်းမှ ထွက်သွားသည့် ကိုယ်အလေးချိန်ကို ပေါင်ချိန်ပေါ်တွင် ချိန်မှတ်ယူထား လိုက်ကာ၊ သည်ပေါင်ချိန် အတိုင်း ပြန်လာရမည်ဟု မဆိုသော်လည်း ဆိုရာရောက်သည့် အပြုအမူတွေကို သေရာပါ သွားသည့်အထိ ဝေ့တစ်သက် မေ့နိုင်ဖွယ် ရှိလိမ့်မည် မဟုတ်ပါချေ။
-------------------------------------
ဂျာနယ်​ကျော်မမ​လေး

crd 👉 http://openread.atspace.cc/works/30052020_nv.html

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)