အများနှင့်မသက်ဆိုင်​သောသူ၊ အပိုင်း (၅)

ရွှေစင်ဦး မှ

အများနှင့် မသက်ဆိုင်သောသူ (မင်းလူ)
_____________________________

အပိုင်း (၅)

၁၈။

ချစ်ဦး အိမ်ဝင်းထဲ ဝင်လာစဉ် အိမ်ရှေ့ကွက်လပ်ကလေးမှာ ကစားနေသော သဲသဲချစ်ကို လှမ်းမြင်ရသည်။ သူ့ခြေလှမ်း တုံခနဲ ဖြစ်သွား၏။ သဲသဲကြိုက်တတ်သော ခေါက်မုန့်ဝယ်လာဖို့ မေ့သွားကြောင်း သတိရလိုက်သောကြောင့် ဖြစ်၏။ ထို့ကြောင့် သဲသဲချစ်မသိအောင် အသာကလေး ပြန်လှည့်အထွက်မှာ..
''ဟဲ့.. ဆင်''

သဲသဲချစ်က သူ့ကို မြင်သွားပြီး လှမ်းအော်ခေါ်လိုက်ခြင်းဖြစ်၏။ ဒါမျိုး သူတို့နှစ်ယောက် လုပ်နေကျဖြစ်၏။ သဲသဲချစ်က 'ဟဲ့..ဆင်' ဟု အော်ခေါ်လိုက်တာနဲ့ ချစ်ဦးက ချက်ချင်း လေးဖက်ထောက်ချလိုက်ပြီး 'ဗူး'ဟု အော်လိုက်၏။ ထိုအခါ သဲသဲချစ်က ပြေးလာပြီး ကျောပေါ် ခွစီးလိုက်သည်။ ချစ်ဦးက တဝူးဝူး အော်ရင်း မြေပြင်မှာ လှည့်ပတ်သွားနေသည်။ သဲသဲချစ်က သဘောတွေကျပြီး တခစ်ခစ်ရယ်နေ၏။ သဲသဲချစ်၏ရယ်သံကို ကြားသဖြင့် မြလွင် ထွက်ကြည့်သည်။ သူတို့ကိုမြင်တော့..
''ဟယ်… သမီးရယ်၊ ရူးရူး သနားပါတယ်၊ မြေကြီးပေါ်မှာဆိုတော့ ဒူးတွေလက်တွေ ပွန်းပဲ့ကုန်မှာပေါ့''

''ရပါတယ် မမရဲ့''ဟု ချစ်ဦးက ပြောသည်။

သဲသဲချစ်က ကျောပေါ်မှ လျှောဆင်းလိုက်ပြီး ''ရူးရူး ဒူးတွေ ပွန်းသွားသလားဟင်''ဟု စိုးရိမ်သံဖြင့် မေးရင်း ချစ်ဦး၏ဒူးကို လှန်ကြည့်သည်။ ခဲတွေ သဲတွေနှင့် ဖိမိသဖြင့် အချိုင့်ရာ အစင်းရာတွေ ထင်နေ၏။ သဲသဲချစ်က ပွတ်သပ်ကြည့်ပြီး.... ''နာလားဟင်''ဟု မေးသည်။

ချစ်ဦးက ''ဟား ဟား…. ဘယ်နာမလဲ၊ ရူးရူးက ရှောင်လင်ဆရာကြီးလေ၊ အတွင်အား သိပ်ကောင်းတာ၊ ဒီလောက်တော့ အပျော့ပေါ့'' ဆိုပြီး အတွင်းအား ကျင့်တဲ့ပုံမျိုး လုပ်ပြနေသေးသည်။ သဲသဲချစ်က သဘောကျပြီး လက်ခုပ်တီးသည်။ ချစ်ဦးလည်း အားတက်လာပြီး ရှောင်လင်သိုင်းကစားသလိုမျိုး လုပ်ပြနေသည်။ ပါးစပ်ကလည်း စိတ်ကူးတည့်ရာတွေ ရေရွတ်နေ၏။

''ဟောဒါက မြွေနှစ်ကောင်သိုင်းကွက်၊ ဒါက ဂဠုန်ရာဇာ၊ ဒီမှာကြည့် မြဟင်္သာတဲ့၊ ဟောဒီမှာ ဆင်ခြောက်ကောင်''

ချစ်ဦးက ကိုးရိုးကားရားတွေလုပ်ပြ၊ သဲသဲချစ်က တခစ်ခစ်ရယ်၊ မြလွင်ပင်လျှင် မရယ်ဘဲ မနေနိုင်။ ထိုစဉ်မှာပင်….''ဟာ… ဘာလုပ်နေကြတာလဲ''ဟု ရုပ်ရှင်တွေထဲကလို စကားစရင်း ဦးဝင်းမောင်ကြီး ရောက်လာသည်။

''မြလွင်၊ နေကောင်းတယ်နော်''ဟု နှုတ်ဆက်သည်။

မြလွင်က 'ဟုတ်ကဲ့'ဟု ဣနြေ္ဒရရ ဖြေသည်။

ဦးဝင်းမောင်ကြီးသည် ချစ်ဦးတစ်ယောက်လုံးကို ကျော်ပြီး မြလွင်ကိုကွက်၍ နှုတ်ဆက်လိုက်မိတာကို သတိပြုမိပြီး…
''ဟဲ ဟဲ၊ ချစ်ရူး မင်းကော နေကောင်းရဲ့လား''

''နေလို့တော့ ကောင်းပါတယ်၊ ဒါပေမယ့် ဝမ်းနည်းနည်းချုပ်နေတယ်ဗျ''

ချစ်ဦးဖြေပုံကြောင့် ဦးဝင်းမောင်ကြီး ကြောင်အအ ဖြစ်သွားသေးသည်။ ပြီးမှ….
''ဝမ်းမှန်အောင်တော့ ဂရုစိုက်ကွ၊ ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဘူးဆိုတဲ့ စကားရှိတယ် မဟုတ်လား၊  ဒါနဲ့ သားအမိတစ်တွေ၊ တူဝရီးတွေ ဘာများ သဘောကျနေကြတာလဲ''

ချစ်ဦးသည် ရုတ်တရက် စိတ်ကူးတစ်ခုရသွားပြီး….
''တခြား မဟုတ်ပါဘူးဗျာ၊ သဲသဲက ဆင်ကြီးစီးချင်တယ်ပြောနေလို့ အဲဒါဗျာ ကျွန်တော်ကလည်း ဘကြီးထွန်းတို့အိမ်က အုန်းပင်ကို အသီးတွေချပေးဖို့ သွားရမှာမို့ မအားဘူး၊ ဒီတော့ ဦးဝင်းမောင်ကြီးပဲ ဆင်ကြီးလုပ်ပြီး အစီးခံလိုက်ပါလား''

ဦးဝင်မောင်ကြီး အကြံအိုက်သွား၏။

''အဲ… ဒါကတော့… ဟိုဒင်း''

မြလွင် ဝင်၍ပြောသည်။
''အို…. မောင်လေးကလည်း ဘယ့်နှယ့်၊ အားနာစရာကြီး''

ချစ်ဦးက…
''ဟာ… ဘာအားနာစရာရှိလဲ၊ ဦးဝင်းမောင်ကြီးပဲ ကလေးချစ်တတ်တယ်လို့ ခဏခဏ ပြောတာမဟုတ်လား''

ဦးဝင်းမောင်ကြီးမှာ မတတ်သာလှသဖြင့် ''အဲ.. .ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ လာ သမီး လာ''ဆိုပြီး ကုန်းပေးလိုက်ရ၏။ မြလွင် တစ်စုံတစ်ခု မပြောနိုင်ခင်မှာပင် ချစ်ဦးက သဲသဲချစ်ကို စွေ့ခနဲ ကောက်ချီပြီး ဦးဝင်းမောင်ကြီး၏ကျောပေါ် တင်ပေးလိုက်၏။ ဦးဝင်းမောင်ကြီးက ရှက်ပြီး လေးဖက်မထောက်ဘဲ ကုန်းကုန်းကွကွကြီးလုပ်နေသဖြင့် ကုန်းပိုးထားသလို ဖြစ်နေသည်။ ထိုအခါ သဲသဲချစ်က…''ဆင်ကြီးလို လုပ်လေ''ပြောသဖြင့် လေးဖက်ထောက်လိုက်ရသည်။ ချစ်ဦးလည်း မြလွင်ကို မျက်စိမှိတ်ပြလိုက်ပြီး လစ်ထွက်သွားသည်။ ဦးဝင်းမောင်ကြီးခမျာ သဲသဲချစ်က ''ဝူးလို့ အော်ဦးလေ''ဆိုသဖြင့် အော်ရသေးသည်။ ဒီကြားထဲမှာ ရပ်ကွက်ထဲက ကောင်မလေးနှစ်ယောက် အချဉ်ထုပ်လာဝယ်ရင်း သူတို့ဖြစ်နေပုံကို မြင်သွားပြီး ပြုံးစိစိ လုပ်သွားကြသေးသည်။

ဒေါ်ငွေဇံသည် အစတုန်းကတော့ ဦးဝင်းမောင်ကြီးကို ချစ်ဦးအိမ်ပြောင်းဖို့ကိစ္စအတွက် အသုံးချဖို့ ရည်ရွယ်စိတ်ကူးခဲ့ဖူးသည်။ ချစ်ဦးကို အိမ်ပြောင်းခိုင်းဖို့ မြလွင်က သဘောမတူခဲ့၊ ထိုအခါ ချစ်ဦးနှင့် ဖြစ်သွားမှာ စိုးရမ်လို့ ဦးဝင်းမောင်ကြီးနဲ့ပဲ သဘောတူသယောင်ယောင်လုပ်ပြီး ဖိအားပေးဖို့ ကြံစည်ခဲ့သည်။ ဦးဝင်းမောင်ကြီးကို မယူချင်လျှင် ချစ်ဦးနှင့် ကင်းကင်းရှင်းရှင်းဖြစ်အောင် အိမ်ပြောင်းခိုင်းဆိုသောသဘော။ ခုကျတော့ ချစ်ဦးက ကြည်ကြည်သာသာပင် အိမ်ပြောင်းပေးလိုက်သည်။ ဦးဝင်းမောင်ကြီးကို အသုံးချစရာ မလိုတော့သဖြင့် ပထုတ်လိုက်ဖို့သာ ရှိ၏။ သို့ရာတွင် ဒေါ်ငွေဇံတွင် စိတ်ကူးတစ်မျိုး ပေါ်လာခဲ့ပြန်၏။ မြလွင်ကို ဦးဝင်းမောင်ကြီးနှင့် အမှန်တကယ်ပဲ နေရာချပေးလိုက်ရလျှင် ဘယ်လိုနေမလဲ။

ဦးဝင်းမောင်ကြီးသည် မုဆိုးဖိုဆိုသော်လည်း သားသမီးမရှိသဖြင့် လူပျိုကြီးလိုပင် ဖြစ်၏။ တစ်နည်းအား ဖြင့် နောက်ကြောင်းရှင်းသည်ဟု ဆိုရမည်။ တခြားထောက်ပံ့စရာတွေ အမွေကိစ္စတွေ ပြဿနာမရှိနိုင်။ သူက  ချမ်းသာကြွယ်ဝသူမဟုတ်သည့်တိုင် သူတိ်ု့အတိုင်းအတာအရဆိုလျှင် စီးပွားရေးကောင်းသူ ဖြစ်၏။ သဘောထားကလည်း မဆိုးလှ၊ ဒေါ်ငွေဇံ၏သြဇာကို နာခံမည့်ပုံရသည်။ ကိုယ့်လက်ကိုယ်ခြေ ကြိုက်သလို စီမံခန့်ခွဲနိုင်မည်။ ရှေ့ရေးအတွက်လည်း ဘာမှ ပူပင်စရာမလိုတော့။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်လိုက်လျှင် မိုက်မဲရာကျလိမ့်မည်။ တစ်ခုပဲ ပြောစရာရှိ၏။ ဦးဝင်းမောင်ကြီး၏ အသက်က သူနှင့် မတိမ်းမယိမ်း ဖြစ်နေခြင်း၊ သမက်နဲ့ယောက္ခမရွယ်တူလို ဖြစ်နေတာကတော့ လူပြောစရာ ဖြစ်နိုင်သည်။ သို့ ရာတွင် လူတွေပြောတာလောက်နဲ့ပဲ ကိုယ့်အကျိုးရှိရာရှိကြောင်းကို စွန့်လွှတ်ရမယ်ဆိ်ုလျှင် နှမြောစရာကြီး။

တကယ်တော့ ဒီလောက်စိုးရိမ်စရာမလို။ အသက်ချင်း မတိမ်းမယိမ်းဆိုသော်လည်း ဘယ်သူကမှ အသက်အတိအကျ သိကြတာမဟုတ်၊ ပြီးတော့ ဦးဝင်းမောင်ကြီးက သူ့ကိုယ်သူ နုအောင် နေတတ်သည်။ ခုနောက်ပိုင်းမှ ပိုပြီး သိသာလာ၏။
ဆံပင်ဖြူစပြုလာတာကို ဆေးဆိုးသည်။ ဆံပင်ပုံစံကို လူုငယ်စတိုင် ညှပ်သည်။ လူငယ်တွေလိမ်းသော ခေါင်းလိမ်းဆီကို သုံးသည်။ ရှပ်အင်္ကျီလက်တို သို့မဟုတ် စပို့ရှပ်အရောင်နုနုကလေးတွေ ဝတ်သည်။ ပုဆိုးကွက်စိပ်ကလေးတွေ။ ငါးနှစ်လောက် ငယ်သွားပုံရသည်ဟု သူ့ကိုယ်သူ မှတ်ချက်ချထား၏။။ဒေါ်ငွေဇံကလည်း အသက်ချင်းကွာသယောင်ထင်ရအောင် ''မောင်ဝင်းမောင်''ဟု ခေါ်သည်။ သူ့ကိုယ်သူတော့ အန်တီ ဟု သုံးနှုန်းသည်။ ဦးဝင်းမောင်ကြီးကတော့ အန်တီဟု မခေါ်ရဲသဖြင့် အစ်မကြီး ဟုသာ ခေါ်လေ၏။

၁၉။

ဒေါ်ငွေဇံက ဦးဝင်းမောင်ကို အလွန်အရေးပေးသည်။ အရင်က ဈေးလာဝယ်ရင်း အကြောင်းမရှိ အကြောင်း ရှာ စကားပြောရုံသာဖြစ်၏။ ဒါကို ဒေါ်ငွေဇံက ''မောင်ဝင်းမောင်ပါလား၊ လာလေကွယ်၊ လက်ဖက်စားပါဦး ၊ ရေနွေးကြမ်းသောက်ပါဦးလေ''ဆိုပြီး အိမ်ပေါ်ကို ဖိတ်ခေါ်တတ်သည်။

ဦးဝင်းမောင်ကြီးကလည်း ''ဒါဆိုရင်တော့ ကျွန်တော် အားမနာတော့ဘူးနော်''ဟု နောက်သလို ပြောင်သလို ပြောရင်း ဧည့်ခန်းမှာ တက်ထိုင်တတ်လေသည်။ ပြီးတော့ နာရီဝက် တစ်နာရီ ကြာအောင် စကားတွေ ပြောနေတတ်၏။ ထိုအခါမျိုးမှာ ဒေါ်ငွေဇံကလည်း ပြုံးပြုံး ပြုံးပြုံးနှင့် ဧည့်ခံလေ့ရှိပြီး ''မြလွင်ရေ နင့်အစ်ကိုကြီးကို လက်ဖက်ကလေး သုပ်ပေးပါဦ၊ ရေနွေးကြမ်းလေး ယူခဲ့ပါဦး''ဆိုတာမျိုး လုပ်တတ်သည်။ တစ်ခါတလေ..''ဆိုင်ကို ငါကြည့်ထားမယ်၊ မောင်ဝင်းမောင်နဲ့ စကားပြောလိုက်ဦး''
ဟု ပေါ်တင်ကြီး ခွင်ဆင်တတ်သည်။

ဒါကို မြလွင်က မကြိုက်။ သူ့အမေရဲ့အကြံအစည်ကိုလည်း ရိပ်မိသည်။ ခုလို ဦးဝင်းမောင်ကြီးက အိမ်ဦးခန်းမှာ အခန့်သားရောက်နေတာကိုလည်း ရှက်သည်။ အရပ်ထဲက လူတွေက ဘယ်လိုပြောမလဲ။ ပိုက်ဆံရှိတဲ့ မုဆိုးဖိုကြီးကို ချူစားမြူစားနေတယ်လို့ ထင်ကြမှာပေါ့။

''အဲဒီလူကြီးကို သိပ်အရောမဝင်စမ်းပါနဲ့ အမေရယ်''

''အို…. သူက ကိုယ့်ကိုခင်မင်ရှာလို့ တကူးတက လာတာပဲဟာ''

''သူများတွေ တစ်မျိုးထင်နေဦးမယ်''

''ဘယ်သူက ဘာထင်ထင် ဂရုစိုက်စရာလား၊ မောင်ဝင်းမောင်လို ဧည့်သည်မျိုး တို့အိမ်လာတာ ဂုဏ်ယူဖို့တောင် ကောင်းသေးတယ်''ဟု ဆိုသည်။ မကြာခဏဆိုသလိုလည်း စကားမစပ်လုပ်၍ ''ညည်းလည်း အရွယ်ရှိတုန်း အားကိုးရာလေး ဘာလေး ရှာထားဦးနော်။ ငါက အသက်ထောက်လာပြီး ညည်းကို ရေရှည်စောင့်ရှောက်ဖို့ မလွယ်ဘူး၊ အေး တစ်ခုရှိတယ်၊ အိမ်ထောင်ပြုဦးမယ်ဆိုရင်တော့ ကိုယ်ကမှီရတဲ့ လူကို စဉ်းစား၊ ကြားလား'' ဟု ဆွယ် ပြောပြောတတ်၏။

ဦးဝင်းမောင်ကြီးကတော့ ဒေါ်ငွေဇံအားကိုးနှင့် အိမ်ကို မကြာခဏ ဝင်ထွက်နေတော့သည်။ ကြုံတဲ့အခါတိုင်းလည်း လက်ဆောင်တွေ ယူလာတတ်သည်။ ဒေါ်ငွေဇံနှင့်မြလွင်တို့အတွက် ထဘီများ၊ အင်္ကျီများ၊ သဲသဲချစ်အတွက် ဂါဝန်ကလေးများ ကစားစရာများ၊ မုန့်များ။ ထိုလက်ဆောင်များကို မြလွင်က မလိုချင်၊ ဒေါ်ငွေဇံက လက်ခံထားတာဆိုတော့လည်း ဘာမှမတတ်နိုင်။ သို့ရာတွင် မြလွင်က လုံးဝ ဝတ်ဆင်ခြင်းမရှိ။ သဲသဲချစ်ကတော့ ဘာမှမသိ။ ကစားစရာလေးတွေ၊ မုန့်တွေရသောကြောင့် သဘောကျနေသည်။ ဦးဝင်းမောင်ကြီးကိုလည်း 'ဘဘ'ဟု ခေါ်ပြီး တရင်းတနှီး ဆက်ဆံသည်။ ဦးဝင်းမောင်ကြီးက သဲသဲချစ်ကို မွေးစားလိုက်ရင် ကောင်းမယ်ထင်တယ်ဆိုသော စကားကိုတောင် ပြောလာပြီ။

သူက ပေါင်းတတ်သင်းတတ်သူ ဖြစ်သောကြောင့် ချစ်ဦးကိုလည်း စည်းရုံးထား၏။ ပုဆိုးလေး စပို့ရှပ်လေး ဝယ်ပေးလိုက်၊ လက်ဖက်ရည်ဝယ်တိုက်လိုက်၊ မုန့်ဟင်းခါး ဝယ်ကျွေးလိုက်နဲ့ပေါ့။ တစ်ရက်မှာတော့ ဦးဝင်းမောင်ကြီးနှင့် ဒေါ်ငွေဇံတို့ စကားပြောနေတုန်း ချစ်ဦးရောက်လာသည်။

''ဟေ့ကောင် ချစ်ရူး၊ ဘယ်ကပြန်လာတာလဲကွ''ဟု ဦးဝင်းမောင်ကြီးက နှုတ်ဆက်သည်။

''ဘ်ိယိယက်ခုံက ပြန်လာတာဗျ''

''အမယ်၊ မင်းက ဘိလိယက်လည်း ထိုးသလား၊ ပတေးလှမြင့်နဲ့ မင်းနဲ့ ဘယ်သူက လက်ရည်သာသလဲကွ၊ သူကတော့ အရှေ့တောင်အာရှချန်ပီယံ ကျော်ဦးဟာ အရင်က သူသင်ပေးလိုက်တာလို့ ကြွားနေပါလား''

''ဟာဗျာ၊ ကျွန်တော်က သွားကြည့်ရုံကြည့်တာပါ။ ဘိလိယက်ထိုးတာတော့ ဝါသနာမပါပါဘူး၊ ဘယ်နှယ့်ဗျာ ဘောလုံးကို လက်နဲ့ကိုင်ပြီး လှိမ့်သွင်းလိုက်ရင်ပြီးတဲ့ဟာကို အလုပ်ရှုပ်ခံပြီး တုတ်နဲ့ ထိုးနေကြတာပဲဗျ''

''ဟား… ဟား… ဟား မင်းကတော့ ပြောရော့မယ်''

ချစ်ဦးသည် သူ့တဲကလေးဘက် လျှေက်သွားတော့မည်ပြုပြီးမှ လှေကားရင်းမှာ ချွတ်ထားသော ဦးဝင်းမောင်ကြီး၏ဖိနပ်ကို မြင်သွား၏။

''ဟာ.. ဦးဝင်းမောင်ကြီးဖိနပ်က အောကတ္တီပါပဲ၊ တယ်ကောင်းပါလား''

''မင်းကြိုက်လို့လား၊ နောက်တစ်ခါလာရင် ဝယ်လာခဲ့ပေးမယ်၊ ဖိနပ်အတိုင်းသာ ပေးလိုက်''

ကျွန်တော်က ရွှံ့ထဲသဲထဲ သွားနေတာ ဖိနပ်အသစ်ဆိုရင် နှမြောစရာကြီး''

''ဟဲ့.. အလိုက်ကန်းဆိုးမသိ၊ ဧည့်သည်ဖိနပ်ကို တောင်းရသလား''

ဒေါ်ငွေဇံက ဝင်ဟန့်သည်။

''ကျွန်တော်က ဖိနပ်အဟောင်းလေးပဲ တောင်းတာပါဗျ''

ချစ်ဦး၏တုန့်ပြန်စကားက အဓိပ္ပာယ်ကျယ်ဝန်းသည်။ ဒေါ်ငွေဇံက…''ဘာပြောတယ်''ဟု ဟောက်လိုက်စဉ်မှာ ဦးဝင်းမောင်ကြီးက ဝင်၍ ''ရပါတယ်၊ ရပါတယ် မင်းလိုချင် ယူလိုက်လေ''ဟု ပြောသဖြင့် ချစ်ဦးလည်း သူ့ရာဘာဖိနပ်မြီးတိုကို ချွတ်ထားခဲ့ပြီး ကတ္တီပါဖိနပ်ကို စွပ်ပြီး ထွက်သွားလေ၏။ ချစ်ဦးအနေဖြင့်  ဦးဝင်းမောင်ကြီးအပေါ်မှာ မတင်မကျ သဘောထားရှိနေ၏။ ဦးဝင်းမောင်ကြီးသည် စေတနာကောင်းသည်။ သူ့အပေါ် လိုက်လိုက်လျောလျောရှိသည်။ စိတ်ရင်းကောင်းပုံလည်း ရသည်။ ထို့ ကြောင့် ခင်မင်မိ၏။

တဖက်က ကြည့်တော့လည်း ဦးဝင်းမောင်ကြီးတစ်ယောက် သူ့တို့အိမ်ကို လာလာနေတာ သွေးရိုးသားရိုးမဟုတ်။ မြလွင်ကို လာရှိတ်နေခြင်းဖြစ်သည်ဟု လူတွေက ပြောကြသည်။ တချို့ကဆိ်ုလျှင် ''ကိုယ့်အဖေအရွယ်ကြီးကို ယောက်ဖတော်ရမှာ မင်းမရှက်ဘူးလား'' ဟု စနောက်ကြသည်။ ကိုဘိုလေးကလည်း ''မင်းက ငါပြောတာမှ လက်မခံပဲကွ'' ဟု ပြောသေးသည်။ ချစ်ဦးသဘောကတော့ ဦးဝင်းမောင်ကြီးသည် နည်းနည်းပေါတောတောနိုင်သော်လည်း ပိုက်ဆံလည်းရှိ၊ သဘောလည်း ကောင်းသူဖြစ်သဖြင့် မြလွင်ကသာ လက်ခံမယ်ဆိုလျှင် သူ့အနေဖြင့် မကျေနပ်ဖြစ်စရာမရှိ။

သို့ရာတွင် မြလွင်နှင့် ဦးဝင်းမောင်ကြီးတို့ ယူကြမည်ဆိုလျှင် သဲသဲချစ်ကိုပါ ပေးလိုက်ရမယ်ဆိုသော အချက်ကိုတော့ သူ လုံးဝ လက်မခံနိုင်။ ဒီကြားထဲမှာ ဦးဝင်းမောင်ကြီးက သဲသဲချစ်ကို မွေးစားရကောင်းမလား စဉ်းစားနေသယောင်ယောင် သတင်း ကြားရသောအခါ သူ မခံမရပ်နိုင် ဖြစ်သွား၏။ ထို့ကြောင့်''ဦးဝင်းမောင်ကြီးက အိမ်ကို ဘာကြောင့် ခဏခဏ လာရတာလဲ''ဟု မြလွင်ကို မကျေမနပ် မေးသည်။ မြလွင်ကတော့ ဖြေပြောပြော၏။
''သြော်… ခင်လို့ မင်လို့ပေါ့ မောင်လေးရယ်''

''ခင်စရာအိမ် ဒီလောက်ရှားသလားဗျ၊ ကျွန်တော့်တို့အိမ်မှ ရွေးပြီး ခင်ရသလား၊ ပြီးတော့ အဒေါ်ကြီးမလည်း သူလာရင် သွားကိုဖြဲနေတာပဲ၊ ကျွန်တော့်သူငယ်ချင်းတွေလာတာကျတော့ အိမ်ရှု့ပ်သလေး ဘာလေးနဲ့။ သူက မမကို လာရှိတ်နေတာဗျ။ သိရဲ့လား''

''ဟုတ်မယ် မထင်ပါဘူးဟယ်''

''ဘာလို့ မဟုတ်ရမှာလဲ၊ လူတိုင်းပြောနေတာ၊ ဒီမှာ .. ကျွန်တော်ကတော့ သဘောမတူဘူးနော်၊ မမက ငယ်ငယ်လေးရှိသေးတာ၊ အခုမှ အစိတ်ပဲရှိသေးတယ်၊ သူက ငါးဆယ်လောက်ရှိပြီ''

မြလွင်အနေဖြင့် သူလည်း သဘောမကျကြောင်း ပြောလို့မဖြစ်၊ ချစ်ဦးက ယုံရတာမဟုတ်၊ တော်ကြာ ဦးဝင်းမောင်ကြီးကို တစ်ခုခုသွားလုပ်လိုက်လျှင် မျက်နှာပူစရာဖြစ်လိမ့်မည်။ ထို့ကြောင့် ဖေးဖေးမမ လုပ်နေရ၏။ ချစ်ဦးက ဆက်ပြောသည်။

''အသက်ချင်းက နှစ်ဆတောင် ကွာတယ်ဆိုတော့ မမ စဉ်းစားကြည့်။ အခု မမအသက်က အစိတ်မှာ သူက ငါးဆယ်၊ မမအသက် သုံးဆယ်ဆိုရင် သူက ခြောက်ဆယ်၊ မမ သုံးဆယ့်ငါးနှစ်မှာ ခုနှစ်ဆယ်၊ မမလည်း အသက်လေးဆယ်ရှိရော သူက အသက်ရှစ်ဆယ်အရွယ် အဘိုးအိုကြီးဖြစ်နေမှာပေါ့''

ချစ်ဦးက အသက်ချင်း နှစ်ဆယ့်ငါးနှစ် ကွာတယ်ဆိုသောအချက်ကို အခြေမခံဘဲ နှစ်ဆကွာတယ်ဆိုတာကို မူတည်ပြီး တွက်ပြလိုက်ခြင်းဖြစ်၏။ အဖြက မှားသော်လည်း သီအိုရီသဘောအရဆိုလျှင်တော့ တွက်နည်း မှန်သည်ဟု ဆိုကောင်းဆိုနိုင်သည်။
ဒါမျိုးကို သာမန်လူတို့ မတွေးခေါ်နိုင်။ ချစ်ဦးတို့လိုလူမျိုးနှင့် ဦးနှောက်အလွန်းကောင်းသော ဥာဏ်ကြီးရှင်တို့သာ စဉ်းစားနိုင်သော ပုစ္ဆာမျိုးဖြစ်၏။ တစ်ခါတလေကျတော့လည်း ရူးခြင်းနှင့်ထူခြင်းသည် သိပ်မကွာခြားလှပါ။ မြလွင်ကတော့ ပြုံးရုံသာ ပြုံးလိုက်ပြီး
''မမကို စိတ်ချစမ်းပါ မောင်လေးရယ်၊ မမ တစ်သက်မှာ အစ်ကိုချစ်မှူးကလွဲရင် ဘယ်သူ့ကိုမှ စိတ်မကူးဘူးလို့ ဆုံးဖြတ်ပြီးသားပါ။ မမစိတ်ထဲမှာတော့ အစ်ကိုချစ်မှူးဟာ မမတို့နဲ့အတူ ခုထိ ရှိနေတယ်လို့ ထင်နေတုန်းပဲ။ ကျေနပ်ပြီလား''

''ကျွန်တော်လည်း အဲဒီအတိုင်းပဲ ထင်နေတာပါပဲဗျ''ဟု ချစ်ဦးက ကျေနပ်သွားသောလေသံဖြင့် ပြန်ပြော၏။

ဒေါ်ငွေဇံ မျှော်လင့်နေသောရက်သည် တဖြည်းဖြည်းနီးလာပြီဟု ဆိုကောင်းဆိုနိုင်၏။ ဦးဝင်းမောင်ကြီး သူတို့အိမ်ကို လာလည်သောရက်တွေ စိပ်လာသောကြောင့်ဖြစ်၏။ ဒေါ်ငွေဇံကလည်း အမြဲတမ်း 'ဝဲလ်ကမ်း' လုပ်ရုံတွင်သာမက ထမင်းတွေ ဘာတွေတောင် ဖိတ်ကျွေးလိုက်သေးသည်။ မြလွင်ဟင်းချက်ကောင်းကြောင်း သိစေချင်သောကြောင့်ဖြစ်၏။ ဒီလိုအရွယ်ကြီးတွေက ဟင်းကောင်းကောင်းကြိုက်တတ်သည်။

မြလွင်ကလည်း ဒီအကွက်ဆင်နေတာ သိသည်။ ထို့ကြောင့် ဦးဝင်းမောင်ကြီးစိတ်ကုန်သွားအောင်ဆိုပြီး ဟင်းတွေကို အဆီအငေါ်မတည့် စပ်ဟပ်လိုက်တာမျိုး၊ ငန်ကျွတ်နေအောင်၊ ခါးတူးနေအောင် စပ်လန်နေအောင် ချက်လိုက်တာမျိုးတော့ မလုပ်ပါ။ သူ့ပင်ကိုယ်စိတ်ဓာတ်ကိုက ဒီလိုပညာပြတာမျိုး ဝါသနာမပါ။ ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် စေတနာထားတတ်သည်။ ထို့ကြောင့် ဟင်းတွေကို ကောင်းကောင်းမွန်မွန်ပဲ ချက်ကျွေးသည်။ ဦးဝင်းမောင်ကြီးကလည်း မြလွင်လက်ရာကို အလွန်သဘောကျသည်။ ဟန်ဆောင်ပန်ဆောင် လောကွတ်ပြုခြင်းမဟုတ်။ တကယ်ကို ခံတွင်းတွေ့ခြင်းဖြစ်၏။ ဟန်မဆောင်နိုင်ဘဲ မြိန်ရေရှက်ရေ စားတတ်သည်။ ''

''အေးဗျာ၊ ကျွန်တော်က တစ်ကိုယ်တည်းသမားဆိုတော့ အိမ်မှာ ဖြစ်သလိုစားနေရတာ၊ အိမ်က တပည့်ကျော်က ချက်တော့ ကျွေးပါရဲ့။ ယောက်ျားလေးဆိုတော့ ဖွယ်ဖွယ်ရာရာ မလုပ်တတ်ဘူး။ ဆိ်ုင်က ဝယ်စားရတာပဲများပါတယ်။ ကျွန်တော့်တစ်သက်မှာ ခုလောက်ကောင်းတဲ့လက်ရာမျိုး တစ်ခါမှ မစားဖူးသေးဘူး။ ဒါမျိုးသာ နေ့တိုင်း စားလိုက်ရ ဘယ်လောက်ကောင်းမလဲဗျာ'' ဟု တိုင်လိုက်သည်။

ဒေါ်ငွေဇံကလည်း…''ဒါတော့ တစ်နေ့နေ့ ဖြစ်လာမှာပေါ့ကွယ်''ဟု ဖောက်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြိုင်တူရယ်ကြ၏။ မြလွင်က နားရှက်ပြီး အနားမှာ မနေတော့ဘဲ ဆိုင်ထဲ သွားနေလိုက်၏။

ချစ်ဦးကတော့ ဦးဝင်းမောင်ကြီး ထမင်းလာစားတာကို သဘောကျသည်။ ဒီလိုနေ့မျိုးဆိုလျှင် သူလည်း ဟင်းကောင်းကောင်း စားရသောကြောင့် ဖြစ်၏။ ထို့ကြောင့် ဦးဝင်းမောင်ကြီးကို ခဏ ခဏ ထမင်းစား ဖိတ်ဖို့ တိုက်တွန်းလေသည်။

''အိမ်မှာ ထမင်းလာစားဦးလေဗျာ'' ဟု ဦးဝင်းမောင်ကြီးကိုလည်း ပြောတတ်သည်။ ဒါတွင်မက.. ''မမမြလွင်က ဝက်သားသုံးထပ်သားကို မရမ်းပြားနဲ့ချက်တာ သိပ်ကောင်းတယ်ဗျ၊ ဒီတစ်ခါ ထမင်းလာစားမယ်ဆိုရင် အဲဒီဟင်း ချက်ခိုင်း သိလား'' ဟု ဒလန်လုပ်တတ်သေးသည်။ သူက မြလွင်နှင့် သဘောမတူရသည့်အကြောင်းမှာ သဲသဲချစ်ကြောင့်သာ ဖြစ်၏။ သာမာန်အားဖြင့်ဆိုလျှင်တော့ ဦးဝင်းမောင်ကြီးကို ခင်မင်မိ၏။ မြလွင်နှင့် သဘောမတူတာကတခြား၊ အိမ်မှာ ထမင်းလာစားတာက တခြားဟု ယူဆထားသည်။ ဦးဝင်းမောင်ကြီးခမျာမှာလည်း သိပ်စားသာလှတာတော့မဟုတ်။ သဲသဲချစ် ဆင်လုပ်စီးရတာကိုလည်း ခံရသည်။ ချစ်ဦးအပေါ်လည်း အနွံတာခံရသေးသည်။

တစ်ရက်မှာ အိမ်ကိုလာလည်ရင်း တဲကလေးရှေ့မှာ တစ်စုံတစ်ခုကို ထုထောင်းနေသော ချစ်ဦးကို တွေ့ရ၏။ ထို့ကြောင့် အနားကို လျှောက်သွားရင်း.. ''ဘာလုပ်နေတာလဲကွ၊ ချစ်ရူးရ''ဟု နှုတ်ဆက်လိုက်သည်။ ချစ်ဦးသည် မြက်တွေကို ဆုံထဲ ထည့်ထောင်းနေခြင်းဖြစ်၏။

သူက … ''မြက် နို့ညှစ်နေတာဗျ''

''ဘာ… မြက်နို့ ဟုတ်လား''

ချစ်ဦးက ခေါင်းညိတ်ပြပြီး….''ဟုတ်တယ်၊ ဦးဝင်းမောင်ကြီး စဉ်းစားကြည့်လေ၊ မြက်စားတဲ့နွားရဲ့နို့ကို လူတွေက အားရှိတယ်ဆိုပြီး သောက်ကြတယ်၊ ဒါဆိုရင် မြက်ထဲမှာ နွားနို့ဓာတ်တွေ ပါတာပေါ့ဗျ၊ ဒီတော့ မြက်ကိုအရည်ညစ်ပြီး သောက်ရင် နွားနို့လိုပဲ အားရှိမှာပဲမဟုတ်ဘူးလား''

ဦးဝင်းမောင်ကြီးလည်း ချစ်ဦးကျေနပ်အောင် အလိုက်အထိုက်သဘောဖြင့် ''အေး .. ဖြစ်နိုင်တယ်ကွ၊ ကြည့်စမ်း ငါတောင် ဒါကို မစဉ်းစားမိဘူး။ မင်း တော်တော် အတွေးအခေါ်ကောင်းတဲ့ကောင်ပဲ'' ဟု ချီကျူးလိုက်၏။ ဒါဟာ ဦးဝင်းမောင်ကြီးရဲ့ အမှားပဲ။ ချစ်ဦးက ထောင်းပြီးခါစ မြက်ဖက်များကို ယူ၍ ပန်းကန်လုံးထဲ ညှစ်ထည့်သည်။

''ခုဆိုရင် ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ အားရှိတဲ့နည်းကို တီထွင်နိုင်ပြီဗျ၊ ကဲ အားပေးလိုက်ပါဦး'' ဆိုပြီး ပန်းကန်လုံးကို ကမ်းပေးလိုက်၏။ ဦးဝင်းမောင်ကြီး မျက်လုံးပြူးသွားပြီး…
''အဲ… ဟိုဒင်း…. ဒါကတော့''

''ကျွန်တော့်ကို ဂုဏ်ပြုတဲ့အနေနဲ့  တစ်ခွက်သောက်ပါဗျာ''

ဦးဝင်းမောင်ကြီး အင်တင်တင်လေသံဖြင့်…
''ဟာ… ငါမသောက်တော့ပါဘူး၊ ဗိုက်ပြည့်နေလို့''

''ဘာလဲ ကျွန်တော့်အောင်မြင်မှုကို အသိအမှတ်မပြုတဲ့ သဘောလား''

''ဟာ မဟုတ်ပါဘူး၊ ငါက… ဟိုဥစ္စာ''

''သြော်… ဦးဝင်းမောင်ကြီးက ကျွန်တော့်ကို အထင်သေးတာပေါ့လေ၊ ဒါဆိုလည်း ရတယ်ဗျာ။ ကျွန်တော်က လူကြီးမို့ ဦးဦးဖျားဖျားတိုက်တာပါ။ စေတနာကို တန်ဖိုးမထားဘူးဆိုလည်း ပြီးတာပဲ''

ဦးဝင်းမောင်ကြီး နည်းနည်းဖြုံသွားသည်။ ခုချိန်မှာ ချစ်ဦးစိတ်ဆိုးအောင် လုပ်လို့မဖြစ်၊ သူနှင့် အတိုက်အခံဖြစ်မှာကို မလိုလား၊ ထို့ကြောင့်….
''ကဲ.. ကဲ… တစ်ငုံလောက်တော့ မြည်းကြည့်မယ်ကွာ''

မတတ်သာသဖြင့် ခွက်ကို လှမ်းယူလိုက်သည်။ အသက်အောင့်ပြီး မော့ချလိုက်၏။ စိမ်းရွှေရွှေ၊ ချွဲတဲတဲ၊ အော်ဂလီဆန်စရာ အရသာမျိုး။ အီလည်လည်ကြီး ဖြစ်နေသော ဦး၀င်းမောင်ကြီး ကြည့်၍ ချစ်ဦးက ...
"ဘယ့်နှယ်လဲ၊ ချက်ချင်း အားရှိသွားပြီ မဟုတ်လား"

"အင်း .. အဲ ... အော့ ... ဝေါ့"
သံစဉ်မျိုးစုံ ထွက်ပေါ်လာပြီးနောက် ဦး၀င်းမောင်ကြီး ဝေါခနဲ ထိုးအန်ချလိုက်၏။

၂၀။

ဇာတ်လမ်းကတော့ အရှိန်ရလာပြီ။ တစ်ရက်မှာ ဦး၀င်းမောင်ကြီး ရောက်လာပြီး ..."သဲသဲလေးကော မမြင်ပါလား"ဟု မေးသည်။

ဒေါ်ငွေဇံက
"ဒီနေ့ တနင်္ဂနွေနေ့လေ၊ တီဗွီက နေ့လယ်ပိုင်း မြန်မာကား ပြတာကိုး၊ အဲဒါ ကြည့်ချင်လှချည်ရဲ့ဆိုလို့ လမ်းထိပ်က အိမ်ကို သွားပို့ထားရတယ်၊ သဲသဲက တီဗွီသိပ်ကြိုက်တာ"

"သူများအိမ် သွား သွားကြည့်နေရတာ ဘယ်အဆင်ပြေမလဲ၊ တီဗွီလေးတစ်လုံးလောက် ၀ယ်ထားပါလား၊ ၀မ်းတင်းဆယ့်လေးလက်မလေးတွေ သင့်သင့်တင့်တင့်ဆို လေးငါးသောင်းလောက်နဲ့ ရနိုင်ပါတယ်"

"အမလေး၊ အဲဒီလောက် ပိုက်ဆံ ဘယ်ကရမလဲ"

"ဒါကတော့ ဖြစ်လာမှာပေါ့ အစ်မကြီးရာ"

တီဗွီ၀ယ်ချင်တယ်ဆိုလျှင်  ငွေချေးမည့်သဘောမျိုး ဦး၀င်းမောင်ကြီး အရိပ်အမြွက်ဆိုကြောင်း မြလွင်ကို ပြောပြတော့ ..."တီဗွီက တကယ်လိုအပ်တဲ့ပစ္စည်းမှ မဟုတ်တာ အမေရယ်၊ ပြီးတော့ အဲဒီလောက်ငွေကို ဘယ်လိုလုပ် ပြန်ဆပ်မလဲ"ဟု မြလွင်က ကန့်ကွက်သည်။

"ဟဲ့ ... ချေးတယ်ဆိုတာကလည်း စကားအဖြစ်သာ ပြောတာပါ။ ငါတို့က ပြန်ဆပ်ရင်လည်း သူက ယူမှာ မဟုတ်ပါဘူး"

ဒေါ်ငွေဇံ ခြေလှမ်းတွေက နည်းနည်းလွန်လာပြီဟု မြလွင် တွေးမိ၏။ စိတ်ထဲကလည်း မကြည်မသာ ဖြစ်သွားသဖြင့် ..."ဘာလဲ၊ အမေက ကျွန်မကို တီဗွီတစ်လုံးနဲ့ လဲစားမလို့လား" ဟု ပြောလိုက်မိ၏။

ဒေါ်ငွေဇံက ...
"အလို၊ အထေ့အငေါ့ စကားတွေတောင် ပြောတတ်နေပါပကော၊ ဘာလဲ ညည်းလည်း ကျပ်မပြည့်တော့ဘူး ထင်တယ်"

"ဟုတ်တယ် အမေရေ၊ ကျွန်မ ရူးသွားရင် ကောင်းမယ်၊ ဒါဆို ကျွန်မကို ဘယ်သူမှ ရန်ရှာမှာမဟုတ်တော့ဘူး"

မြလွင်သည် အေးဆေးသည်၊ သဘောကောင်းသည်ဆိုသော်လည်း စိတ်ဓာတ်ကတော့ တည်ကြည်ခိုင်မာကြောင်း၊ ဒေါ်ငွေဇံ သိပြီးသား။ မြလွင်ကို အကျပ်ကိုင်လို့တော့မရ။ ထို့ကြောင့် ..."အေးပါဟယ်၊ ငါကလည်း သဲသဲက တီဗွီကြိုက်တယ်လို့ စိတ်ကူးမိတာပါ။ ၀ယ်မယ်လို့လည်း မစဉ်းစားပါဘူး"ဟု စကားကို လျှောချလိုက်၏။

တကယ်တော့ မြလွင်ပြောတာ မှန်သည်။ တီဗွီတစ်လုံးလောက်နဲ့ ဘယ်လဲနိုင်ပါ့မလဲ။ သူ့မှာ ဒီ့ထက်ကောင်းတဲ့အကြံ ရှိတယ်လေ။

ဦး၀င်းမောင်ကြီးကို ကြည့်ရတာ ထူးခြားနေ၏။ ခါတိုင်းလို စပို့ရှပ်တို့၊ ပါတိတ်ရှပ်တို့ မဟုတ်ဘဲ လည်ကတုံးအင်္ကျီ အဖြူလက်ရှည်ကို သပ်ရပ်စွာ ၀တ်လာသောကြောင့် ဖြစ်၏။ ဒေါ်ငွေဇံကတောင် အလှူကလာတာလား ဟု မေးမိသေးသည်။ သူက ဒီကိုပဲ တမင်လာတာပါဟု ဆိုသည်။ သူ့မျက်နှာကလည်း ပေါင်းတင်ထားသလား၊ စနိုးတွေ လိမ်းလာသလား မသိ။ မှိုရောင် ဖွေးနေ၏။ ပြီးတော့ သူ့ဟန်ပန်ကလည်း တစ်မျိုး ဖြစ်နေ၏။ စိတ်လှုပ်ရှားနေပုံရသည်။ ရေနွေးကြမ်း တစ်ခွက်ပြီးတစ်ခွက် သောက်သည်။ လက်ကိုင်ပဝါထုတ်ပြီး မကြာခဏ ချွေးသုတ်သည်။ တစ်စုံတစ်ခုကို ပြောဖို့ အားမွေးနေသည် ထင်ရ၏။ ဒေါ်ငွေဇံကတော့ အခြေအနေကို ရိပ်မိသည်။ ဦး၀င်းမောင်ကြီး စကားစဖို့ ခက်နေတာလည်း သိသည်။ ထို့ကြောင့် လမ်းကြောင်းပေးလိုက်၏။

"မောင်၀င်းမောင် ပြောစရာကိစ္စများ ရှိလို့လား"

"ဟုတ် ... အဲ"

"ပြောစရာရှိရင် ပြောလေ၊ ဒီလူနဲ့ ဒီလူ အားနာစရာမှ မဟုတ်တာ"

"ဟို ... ဟိုဒင်းပါ၊ အဲ ... ဟုတ်ပြီ။ ဟိုတစ်နေ့က ပြောတဲ့ တီဗွီ၀ယ်ဖို့ကိစ္စ"

"သြော် ... ဒါလား၊ မြလွင်က ဘာလုပ်မှာလဲတဲ့၊ တီဗွီ၀ယ်မဲ့ငွေနဲ့ ဆိုင်ကို တိုးချဲ့တာကမှ ဟုတ်ဦးမယ်လို့ ပြောနေတယ်"

သူ့စိတ်ကူးကို မြလွင်ကပဲ ပြောသယောင်ယောင် လွှဲချသည်။

"အင်း ... သူပြောတာလည်း ဟုတ်သားပဲ"

ဦး၀င်းမောင်ကြီးက ထောက်ခံသည်။

"အန်တီကတော့ တစ်မျိုး စိတ်ကူးကြည့်တယ်။ စျေးထဲမှာ အထည်ဆိုင်လေး ဖွင့်ရကောင်းမလားလို့၊ မြလွင်က စက်လည်းချုပ်တတ်တော့ အပ်ချုပ်စက်ကလေးပါ ဆိုင်မှာ ထားလိုက်ရင် အလုပ်နှစ်မျိုး ဖြစ်တာပေါ့၊ အိမ်က ဆိုင်ကိုတော့ အန်တီပဲ တာ၀န်ယူလို့ရတယ်လေ"

"ကျွန်တော့်မှာလည်း အဲဒီစိတ်ကူးမျိုး ရှိပါတယ်"

"ဟုတ်လား ပြောစမ်းပါဦး"

"ကျွန်တော့်သဘောကတော့ အစ်မကြီးတို့နဲ့ ကျွန်တော်နဲ့ တစ်စီးပွားတည်း ပေါင်းလုပ်ကြရင် ကောင်းမလား လို့ ... အဲဒါ"

ဦး၀င်းမောင်ကြီး လိုရင်းအချက်ကို ပြောဖို့ စကားစလိုက်ပြီ၊ ပြီးမှ ဆက်ပြောရမှာ ခက်နေဟန်ဖြင့် ရေနွေကြမ်းတစ်ခွက် ထပ်သောက်သည်။

"အဲဒီတော့"

ဒေါ်ငွေဇံ စကားထောက်ပေးလိုက်သဖြင့် ...
"ကျွန်တော်လည်း ပြောမယ် ပြောမယ်နဲ့ ချိန်ဆနေတာ ကြာပါပြီ၊ အစ်မကြီးတို့ စိတ်ဆိုးသွားမလားဆိုပြီး"

"အို ... ဘာဆိုးစရာရှိလဲ"

ပြောတောင် မပြောရသေး။ ဒေါ်ငွေဇံက ခွင့်လွှတ်ပြီးသား ဖြစ်နေပြီ။

"ဒါဆိုလည်း ပြောတော့မယ်နော်"

"ပြောပါ၊ ပြောပါ"

ဒေါ်ငွေဇံက အားတတ်သရော ခွင့်ပြု၏။ ဦး၀င်းမောင်ကြီးက မပြောရင်တောင် ပါးစပ်ထဲက စကားလုံးတွေကို အတင်းနှိုက်ထုတ်တော့မလား ထင်ရ၏။ ဦး၀င်းမောင်ကြီးက ဒေါ်ငွေဇံကို မရဲတရဲ တစ်ချက် ကြည့်သည်။ မျက်လွှာပြန်ချလိုက်ပြီး အသံတိမ်တိမ်ဖြင့် ...
"အစ်မကြီးကို ကျွန်တော် လက်ထပ်ပါရစေ"

"ဘာ"

ဒေါ်ငွေဇံ မျက်လုံးပြူးသွား၏။

"ပြောလက်စနဲ့ ဆက်ပြောပါရစေတော့၊ အစ်မကြီးကို ကျွန်တော် မေတ္တာရှိနေခဲ့တာ ကြာပါပြီ"

ဒေါ်ငွေဇံမှာ အံ့သြလွန်းသဖြင့် ဘာမှပြန်မပြောနိုင်ဘဲ ပါးစပ်ကြီးဟပြီး ငေးကြောင်ကြည့်နေသည်။ ဦး၀င်းမောင်ကြီးသည် အရှိန်ရသွားပြီဖြစ်သောကြောင့် ...
"အစ်မကြီးတို့ တစ်မိသားစုလုံးကို ကျွန်တော် တာ၀န်ယူချင်တယ်၊ မြလွင်ကိုလည်း သမီးအရင်းတစ်ယောက်လို သဘောထားပြီး စောင့်ရှောက်ပါ့မယ်၊ သဲသဲချစ် ကလေးကိုလည်း မြေးကလေးကို ချစ်ပါ့မယ်၊ ချစ်ရူးကိုလည်း ..."

"တော်တော့၊ ဘာမှ ထပ်မပြောနဲ့"

ဒေါ်ငွေဇံ မှင်တက်မိနေရာမှ သတိ၀င်လာသည်။

"ကျွန်တော့်ကို မယုံလို့လား၊ အစ်မကြီးကို ကျွန်တော် တင့်တင့်တယ်တယ် မင်္ဂလာဆောင်ပြီး ..."

ဒေါ်ငွေ ဝုန်းခနဲ ထရပ်လိုက်သည်။

"ထွက်သွား၊ အခုထွက်သွား၊ ငါ့အိမ်ထဲက အခုထွက်သွား"

ဒေါ်ငွေဇံ၏အော်သံကြောင့် ဆိုင်ထဲက မြလွင် ထွက်လာပြီး အိမ်ဦးခန်းဘက် လှမ်းကြည့်သည်။ အိမ်အပြင်ဘက်ကို လက်ညှိုးကြီးထိုးပြီး ဒေါသတကြီး အော်ဟစ်နေသော ဒေါ်ငွေဇံ။ မျက်စိမျက်နှာပျက်ရင်း မော့ကြည့်နေသော ဦး၀င်းမောင်ကြီး။ တန်တော့ ငွေချေးတဲ့ကိစ္စ ငြင်းလိုက်လို့ဖြစ်မယ်ဟု မြလွင်က ထင်လိုက်၏။

ဆက်ရန်
---------------------
မင်းလူ

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)