ပုံနှိပ်သမား၊ အခန်း (၁)

[ ဤစာအုပ်သည် Teleplay (ရုပ်မြင်သံကြားဇာတ်ညွှန်း)တစ်ခုအား ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ထို Teleplay ကို ၁၉၅၃ ခုနှစ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဇာတ်ညွှန်း ပုံသဏ္ဍာန်အားဖြင့် ယနေ့ခေတ်တွင် စံအဖြစ် (မြန်မာနိုင်ငံမှအပ) တစ်ကမ္ဘာလုံးက သုံးစွဲနေကြသော Master format နှင့် ကွာခြားမှုများ ရှိပါသည်။ ထို့ပြင် လူများစု ဖတ်၍ လွယ်ကူချောမွေ့စေရန် ရုပ်ရှင်သုံးဘာသာရပ်စကားလုံးများကို တိုက်ရိုက် မသုံးစွဲဘဲ စကားပြေရိုးရိုးအဖြစ် လဲလှယ်ပါသည်။ မသင့်ဟု ဆိုပါလျှင် ဘာသာပြန်သူ၏တာဝန်သာ ဖြစ်ပါသည်။
----------------

(တဖြည်းဖြည်း ပုံရိပ်ထင်လာ။ ။ မေလ၏ နံနက်ခင်း လေညင်းတွင် ညင်သာစွာ လှုပ်ယမ်းနေသော သစ်သားဆိုင်းဘုတ်ကလေး.... အိုမင်း၍ နေဒဏ်၊ လေဒဏ်တို့ တိုက်စားပွန်းပဲ့နေပြီ ဖြစ်သော ထိုဆိုင်းဘုတ်ကလေး ထက်တွင် 'ဧကရာဇ်ပုံနှိပ်တိုက်' ဟူသော စာလုံးများကို မထင်မရှား မြင်နေရသေးသည်။ ဆိုင်းဘုတ်မှ အောက်ဘက်ရှိ ဆိုင်ခန်း ရှေ့မျက်နှာစာ မှန်ပြတင်းပေါက်သို့ ဖြည်းညင်းစွာ ကင်မရာရွေ့လာ။ မှန်ပြတင်းပေါက်မှာ ညစ်ပတ်ပေကျံနေသောကြောင့် အတွင်းဘက်သို့ ထွင်းးဖောက် မမြင်နိုင်တော့ပေ။ ထိုပြတင်းပေါက်ထက်တွင်လည်း 'ဧကရာဇ်ပုံနှိပ်တိုက်'ဟူသော စာလုံးများကို မသဲမကွဲမြင်ရ၏။ ပြတင်းပေါက်တွင် နမူနာအဖြစ် ပြသထားသော ပုံနှိပ်စာရွက်များမှာ အနည်းဆုံး (၁၀)နှစ်ခန့် ရှိပြီဖြစ်သဖြင့် အနားများ တွန့်လိပ်ကာ ဖုန်များဖြင့် ဖုံးလွှမ်းနေပေပြီ။)

ဇာတ်ကြောင်းပြောသူ။ ။ (၁၉၃၉) ခုနှစ်၊ ကျွန်တော့်အသက် (၁၇) နှစ်မှာ နယူးယောက် အနောက်ပိုင်း၊ (၂၆)လမ်းမှာရှိတဲ့ ပုံနှိပ်တိုက်ကလေး တစ်တိုက်မှာ အလုပ်ဝင်ခဲ့ပါတယ်။

(ကင်မရာသည် ပုံနှိပ်တိုက်ခန်းကလေး၏တံခါးဆီသို့ ရွေ့လာ။ တံခါးပွင့်သွားပြီး တိုက်ခန်းအတွင်းသို့ ဆက်ဝင်သွား။ ပထမတွင် အလုပ်အပ်သူများနှင့် ပုံနှိပ်တိုက်အတွင်းပိုင်းကို ခွဲခြား တားဆီးထားသော အကာအရံ တန်းတစ်တန်းကို တွေ့ရ၏။ ထိုတန်းမှ တံခါးကိုတွန်းဖွင့်ပြီး ဆက်ဝင်လာသောအခါ ပုံနှိပ်တိုက်အတွင်းသို့ ရောက်ရှိလာသည်။ ပုံနှိပ်တိုက်မှာ ပြည့်ကျပ်၊ မည်းမှောင်၍ စိုထိုင်းနေသော နေရာလေးဖြစ်သည်။ အလင်းရောင် ဟူ၍ စတုံ ခေါ် (စာဖောင်သွင်းရာတွင် အသုံးပြုသော) သံစားပွဲနှင့် ပုံနှိပ်စက်များအထက်ရှိ လုပ်ငန်းသုံး မီးလုံးလေးများမှ မီးရောင်သာ ရှိလေသည်။ ကြမ်းပြင်ပေါ်မှာလည်း မင်စက်မင်ပြောက်တို့ဖြင့် မည်းညစ်နေပြီး လုံးခြေ၍ ပစ်ထားသော စက္ကူလုံးလေးများဖြင့် ရှုပ်ပွနေသည်။ ဆိုင်ခန်းအတွင်းရှိ လေထုသည် ရေနံဆီနံ့များဖြင့် မွန်းကျပ်ပိတ်လှောင်နေသည်။ ပုံနှိပ်တိုက်၏ ညာဘက်နံရံတစ်လျှောက်တွင် ရင်စို့ခန့် အမြင့်ရှိသော စာစီခုံများကို တန်းစီထားသည်။ ဘယ်ဘက်နံရံ တစ်လျှောက်တွင်မူ ပုံနှိပ်စက် သုံးလုံးကို တန်းစီထား၏။ ထိုစက်သုံးလုံးမှာ လက်ရိုက်ပုံနှိပ်စက် အကြီးတစ်လုံး၊ ဂျော့ခေါ် စာရင်းဇယားများ ရိုက်သော လက်ရိုက်စက်လေး တစ်လုံးနှင့် အော်တိုမစ်တစ် ကလု(ခ်ျ) ပုံနှိပ်စက်တစ်လုံးတို့ ဖြစ်သည်။ ထိုကလု(ခ်ျ)စက်၏ လက်တံကြီးသည် စက္ကူထက် ရိုက်လိုက်၊ ပြန်ကြွ၍ တစ်ဖက်လှည့် သွားလိုက်ဖြင့် စက်ကိရိယာတို့၏ တိကျသေချာမှုဖြင့် လှုပ်ရှားနေသည်။ နံရံတစ်ဖက်ရှိ စာစီခုံများနှင့် အခြား နံရံတစ်ဖက်ရှိ ပုံနှိပ်စက်များ၏ အကြားတွင် ကွေ့တိကွေ့ကောက် ဖြစ်နေသော လမ်းကျဉ်းကလေး ရှိ၏။ ကင်မရာသည် ကလု(ခ်ျ)စက်၏ လှုပ်ရှားနေသော လက်တံအောက်မှ ငုံ့လျှိုး၍ ဆိုင်အတွင်းသို့ ဖြည်းညှင်းစွာ ဆက်ရွေ့လာသည်။)

ဇာတ်ကြောင်းပြောသူ။ ။ ကျွန်တော့် အလုပ်ကတော့ ပုံနှိပ်စက်ကို သန့်ရှင်းရေးလုပ်၊ မင်ဖြည့်၊ စာနည်းနည်းပစ်၊ စာနည်းနည်းစီ....

(ပုံနှိပ်စက်နှစ်ခု၏ အကြားတွင် ငုံ့ကိုင်းနေ၍ ပျောက်ကွယ်နေသော အလုပ်သင် ကောင်လေးသည် ရုတ်တရက် ထရပ်လိုက်သောကြောင့် ကင်မရာမြင်ကွင်းထဲသို့ ဘွားခနဲ ဝင်လာသည်။ သူသည် စိတ်ပါလက်ပါဖြင့် မခိုမကပ် တံမြက်စည်း လှည်းနေသည်။)

ဇာတ်ကြောင်းပြောသူ။ ။ ပြီးတော့ တခြား အလုပ်ကလေးတွေ....

(ဆိုင်အတွင်းဘက်သို့ ဖြည်းညှင်းစွာ ဆက်ရွှေ့လာသော ကင်မရာသည် ဒုတိယ အကာအရံတန်းသို့ အရောက်တွင် ခေတ္တရပ်တန့်လိုက်သည်။ ထိုတန်းမှာ ပုံနှိပ်စက်များနှင့် ရုံးခန်းဟု ခေါ်ဆိုနိုင်သော နေရာကလေးကို ခွဲခြားထားခြင်း ဖြစ်သည်။ ရုံးခန်းကို စာရေးစားပွဲအိုလေးတစ်လုံး ချထားသည့်နေရာ ကွက်ကွက်ကလေးမှအပ ကျန်နေရာများမှာ စက္ကူထုပ်များ၊ စက္ကူသေတ္တာများ သိုလှောင်ရန် အသုံးပြုထားသည်။ ရုံးခန်းထဲတွင် စက္ကူဖြတ်စက် အသေးကလေး တစ်လုံးနှင့် 'လဒ်လိုစာစီစက်' တစ်လုံးလည်း ရှိသည်။ ရုံးခန်းအတွင်းရှိ စားပွဲတွင် ကြံ့ခိုင်တောင့်တင်းသော အသက်ငါးဆယ်တွင်း လူတစ်ယောက် ထိုင်နေသည်။ ပေကျံနေသော ပုံနှိပ်သမားသုံး အေပရွန်ခေါ် ရှေ့ဖုံးပါသော အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားသော ထိုသူသည် ထိုအခိုက်အတန့်တွင်.... ငွေတောင်း ဘီလ်စာရွက်များကို သုန်မှုန်စွာ ဖတ်နေသည်။)

ဇာတ်ကြောင်းပြောသူ။ ။ ကျွန်တော့် အလုပ်ရှင်....

(ကင်မရာသည် စက္ကူထုပ်အပုံကြီးကို ခက်ခက်ခဲခဲ ဖြတ်ကျော်၍ ပုံနှိပ်တိုက်ကလေး၏ အနောက်ဖက်နံရံသို့ ရောက်ရှိလာသည်။ ရေချိုးခန်းတံခါးဟု သိသာသော တံခါးတစ်ခု ရှိသည်။ တံခါးထက်တွင် ကုတ်အင်္ကျီများ ချိတ်ထားသည်။ မယုံနိုင်လောက်အောင် ညစ်ပတ်ပေကျံနေသော လက်ဆေးကြွေခွက် တစ်ခွက်လည်း ရှိ၏။ ထိုကြွေခွက်ထဲတွင် ပုံနှိပ်မင်သုံးဘူးကို ထည့်ထားသည်။

ရေချိုးခန်းတံခါး ပွင့်သွားကာ အသက်ခြောက်ဆယ်ကျော် လူတစ်ယောက် ထွက်လာသည်။ သူသည်လက်နှစ်ဖက်ကို နောက်ပစ်၍ အေပရွန် အလုပ်သမားဝတ်စုံကို ကျောထက်တွင် ချည်နှောင်ရင်း ဝတ်ဆင်နေသည်။ အဘိုးအိုမှာ လက်ပြင်ကုန်းကုန်း၊ ခြေခွင်ခွင်နှင့် အပေါ်ယံအမြင်အားဖြင့် ကြမ်းတမ်းမည်ဟု ထင်ရသော လူဖလံလေးတစ်ဦး ဖြစ်သည်။ သူသည် အလုပ်သမား ဝတ်စုံအောက်တွင် အင်္ကျီလက်က တံတောင်ဆစ်အထိ ရှည်ကာ လည်ပင်းကော်လံ အထိ ကြယ်သီးအစေ့ တပ်ထားသော ခေတ်ဟောင်းပုံစံ ရှပ်အင်္ကျီကို ဝတ်ထား၏။ ထို့ပြင် ဟောင်းနွမ်း၍ ရိစပြုနေပြီဖြစ်သော အရောင်မွဲမွဲ ဖီဒိုရာဦးထုပ် တစ်လုံးကိုလည်း ကိုးယိုးကားယားနိုင်စွာ မချွတ်တမ်း ဆောင်းထားသည်။)

ဇာတ်ကြောင်းပြောသူ။ ။ ကျန်တဲ့ တစ်ဦးတည်းသော အလုပ်သမား ကတော့ စာစီဆရာ မစ္စတာဟီလီ ဖြစ်ပါတယ်။ ကျွန်တော့်ဘဝ တစ်လျှောက်လုံး မစ္စတာဟီလီကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။

(မစ္စတာဟီလီသည် စာစီခုံများရှိရာသို့ လျှောက်လာသည်။ စာခုံတစ်ခုမှ အံတစ်ခုကို ဆွဲဖွင့်လိုက်ပြီး သူ၏အနောက်ဖက်နံရံမှ စတိတ်ခေါ် စာစီတံကို ယူလိုက်သည်။ ကော်ပီစာရွက်ကို သူ၏ရှေ့ရှိ စာခုံအလွတ်တွင် ထောင်လိုက်ပြီး စတင်၍ စာစီတော့သည်။)

အနီးကပ်ရိုက်ချက်။ ။ လျှင်မြန်လွန်း၍ မသဲမကွဲဝါးနေသော မစ္စတာ ဟီလီ၏လက်များ၊ ကျွမ်းကျင်သော လက်ချောင်းကလေးများက စာခွက်ထဲမှ ခဲစာလုံးများကို ကောက်ယူလိုက်၊ ရှေ့ရှိ စတိတ်ခေါ် စာစီတံထဲသို့ စီထည့်လိုက်ဖြင့် တလှစ်လှစ် လှုပ်ရှားနေသည်။

[ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် သွားသော ပုံရိပ်များ လုံးလုံးပျောက်ကွယ် မသွားသေးမီ ရောနှော၍ နောက်ပုံရိပ်များ တဖြည်းဖြည်း ထင်လာ။ ]

အနီးကပ်ရိုက်ချက်။ ။ ချိတ်ကွင်းကို ပုံနှိပ်စက်အတွင်းသို့ တပ်ဆင်နေသော မစ္စတာဟီလီ၏ လက်များ။ ထို့နောက် ပုံနှိပ်စက်ကို တစ်ချက် ရိုက်ကြည့် လိုက်သည်။
ဖြတ်၊ အနီးကပ်ရိုက်ချက်။ ။ မစ္စတာဟီလီသည် သံစားပွဲထက်ရှိ အလင်းရောင်တွင် ပရု(ဖ်)စာရွက်ကို ထောင်ကိုင်လိုက်ပြီး၊ မျက်လုံးကို စွေ၍ ဖျတ်ခနဲ ကြည့်လိုက်ကာ မျက်မှောင်ကုတ်လိုက်သည်။

အနီးကပ်ရိုက်ချက်။ ။ ပုံနှိပ်စက်ကို တချုန်းချုန်း ရိုက်ရင်း စက္ကူများ တစ်ရွက်ပြီးတစ်ရွက် ထိုးထည့်ပေးနေသော မစ္စတာဟီလီ၏ လက်များ၊ ပုံနှိပ်စက်သည် တချုန်းချုန်းဖြင့် အစွမ်းကုန် ရိုက်နေသည်။ မစ္စတာဟီလီ၏ လက်များသည်လည်း စက်နှင့်အပြိုင် တရိပ်ရိပ် လှုပ်ရှားနေသည်။

(ကင်မရာသည် တဖြည်းဖြည်း နောက်သို့ဆုတ်လာ၊ မစ္စတာဟီလီသည် နောက်ဆုံးစာရွက်ကို စက်ထဲ ထိုးထည့်လိုက်သည်။ ထို့နောက်စက်ပေါ်သို့ ကိုယ်ကိုကိုင်းလိုက်ပြီး နံရံထက်ရှိ ရှုပ်ထွေးနေသော ဝါယာကြိုးများအနက်မှ ဝါယာကြိုး တစ်ချောင်းကို ဆွဲလိုက်သည်။ တချုန်းချုန်း ရိုက်နေသော ပုံနှိပ်စက်သည် တဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ မစ္စတာဟီလီသည် အသစ်စက်စက် ရိုက်နှိပ်ပြီးသွားသော စာရွက်များကို သူ၏ ညာဘက် တံတောင်ဆစ် အနီးရှိ ဆင့်ကလေးပေါ်တွင် ပုံထားသည့် ပုံနှိပ်ပြီး စာရွက်များထက်သို့ ထပ်လိုက်သည်။ ထို့နောက် စာရွက်များကို စတင်၍ ကျွမ်းကျင်စွာ စီနေရာမှ အရှေ့ဘက်တံခါးတွင် တံမြက်စည်း လှည်းနေသော ကောင်လေးကို ဖျတ်ခနဲလှမ်း ကြည့်လိုက်သည်။)

မစ္စတာဟီလီ။ ။ ဟေး.... ဒီကို လာဦးကွ။

(ကောင်လေးသည် မော့ကြည့်လိုက်ပြီး ဆိုင်အတွင်းသို့ သွက်သွက်ကလေး ပြေးလာသည်။ လှုပ်ရှားနေသော ကလု(ခ်ျ) ပုံနှိပ်စက်၏ လက်တံကို ရှောင်ရှားကာ မစ္စတာဟီလီ အနီးသို့ ရောက်လာသည်။ မစ္စတာဟီလီက ပုံနှိပ်ပြီး စက္ကူတစ်ရွက်ကို ဆွဲယူလိုက်ပြီး စာတစ်ကြောင်းကို ညွှန်ပြလိုက်သည်။)

မစ္စတာဟီလီ။ ။ ဒါ ဘာအမျိုးအစား စာလုံးလဲကွ။
ကောင်လေး။ ။ ၁၂ ပ ွိုင့်၊ ကလီးရားဖေ့(စ်) ....။
မစ္စတာဟီလီ။ ။ မင်း ဘယ်လို သိသလဲကွ။
ကောင်လေး။ ။ ဂေါင်ဒီ အမျိုးအစားထက် သေးတယ်။ ပြီးတော့ အီးစာလုံးက အပေါ်ကို တက်နေတယ်။
မစ္စတာဟီလီ။ ။ ကလီးရားဖေ့(စ်) စာလုံးဟာ စာစီရတာတော့ သိပ်လက်ဝင်တာပဲ။ ဒါပေမယ့် သန့်ရှင်းတယ်။ လှတယ်။ ကလီးရားဖေ့(စ်)နဲ့ စီတဲ့ စာကြောင်းတွေဟာ သိပ်ကျက်သရေ ရှိတယ်။ အဲဒါကို မှတ်ထားကွ။ အေး.... သွားတော့.... သွား.... သွား။

(ကောင်လေးသည် ဆိုင်ရှေ့သို့ ပြန်ထွက်သွားကာ ဆက်၍ တံမြက်စည်း လှည်းနေ၏။ မစ္စတာဟီလီသည် ရပ်နေရာမှ အလုပ်ရှင်ကို လှမ်းကြည့်လိုက်သည်။ အလုပ်ရှင်မှာ သူ၏ စားပွဲထက်တွင် ငုံ့လျက် ဘီလ်စာရွက်များဖြင့် သုန်မှုန်နေဆဲ ဖြစ်သည်။)

မစ္စတာဟီလီ။ ။ ဟေး....

(အလုပ်ရှင်က မော့ကြည့်လိုက်သည်။)

အလုပ်ရှင်။ ။ ဘာလဲဗျ။
မစ္စတာဟီလီ (လက်ထဲမှ ပုံနှိပ်စာရွက်ကို ဝှေ့ယမ်းပြလိုက်ပြီး)။ ။ ဘာဖြစ်လို့ ဒီပေါင်နှစ်ဆယ်တန် စတောက်စက္ကူတွေ ဝယ်ရတာလဲကွ။ အဲဒါက ထုပ်တဲ့ပိုးတဲ့ နေရာမှာပဲသုံးတဲ့ စက္ကူကွ။ ဒီစက္ကူမျိုး မဝယ်ဖို့ မင်းကိုငါ ဘယ်နှစ်ခါ ပြောရမလဲ။
အလုပ်ရှင်။ ။ အခု ခင်ဗျားမှာ ဘာပြဿနာ ရှိလို့လဲ။
မစ္စတာဟီလီ။ ။ မင်း ပေါင်နှစ်ဆယ် သုံးမယ် ဆိုရင်လည်း ရေစာစက္ကူ ဝယ်ကွ။ ဒီကုန်ထုပ်စက္ကူတွေ ဝယ်နေတာ ရပ်လိုက်တော့။ မင်းက ကုန်ခြောက်ဆိုင် ပိုင်ရှင်လား။ ပုံနှိပ်သမားလား။ အလုပ်အပ်တဲ့ လူတွေကို ဒီလိုဟာမျိုးတွေနဲ့ ပုံနှိပ်ပေးနေရတာ မင်း မရှက်ဘူးလား။ (သူသည် ဦးခေါင်းကို ဝင့်ကြွားစွာ မော့လိုက်ပြီး ကောင်လေးကို အော်ခေါ်လိုက်ပြန်သည်။) ဟေး.... ကောင်လေး လာဦး။

(ကောင်လေးသည် တံမြက်စည်းကို တရွတ်တိုက်ဆွဲကာ ကလု(ခ်ျ)ပုံနှိပ်စက်ကို ကွေ့ရှောင်ပြီး အသော့ပြေးလာသည်။ မစ္စတာဟီလီက သူ့ကို ပုံနှိပ်စာရွက် ထိုးပေးလိုက်ပြီး)

မစ္စတာဟီလီ။ ။ မင်းလက်နဲ့ စမ်းကြည့်စမ်းကွာ။ ဘယ်လောက်ဆိုးတယ် ဆိုတာ၊ အဲဒါ ပေါင်နှစ်ဆယ်တန် စတောက်စက္ကူကွ။ ဘာမှ အသုံးမကျဘူး။ ဘာ စက္ကူသားမှလည်း မရှိဘူး။ အေး.... ငါအချိန်ရမှ မင်းကို စက္ကူဘယ်လို စမ်းရတယ်ဆိုတာ သင်ပေးဦးမယ်။ ပုံနှိပ်ပြီးသား စာရွက်တွေကို သပ်သပ်ယပ်ယပ် ထုပ်ထားလိုက်ကွာ။ ဒီနေ့ နေ့လယ် ပေးရမှာကွ။ (သူသည် ရုတ်တရက် ဆတ်ခနဲ တစ်ဖက်သို့ လှည့်လိုက်သည်။ မပွင့်တပွင့်ဖြင့် တတွတ်တွတ် ရေရွတ်ရင်း ခွင်နေသော ခြေထောက်များကို ကြမ်းပြင်နှင့် လျှပ်တိုက်လျှောက်ရင်း ဆိုင်ရှေ့ဖက်သို့ ထွက်သွားလေသည်။ သူသည် မပွင့်တပွင့်နှင့် ဗျစ်တောက်ဗျစ်တောက် လုပ်တတ်သော ဓလေ့ရှိသူ ဖြစ်သည်။) ပေါင်နှစ်ဆယ်.... ပေါင်နှစ်ဆယ်၊ မှန်မှန်ကန်ကန်သာ သုံးမယ်ဆိုရင် (အလုပ်ရှင်အား အကျိုးပြုခြင်း အလို့ငှါ အသံကို မြှင့်တင်လိုက်ြပီး) ဒီဆိုင်ဟာ ခြောက်လမ်းက တကယ့်ပုံနှိပ်တိုက် တစ်တိုက်နဲ့ တူလာလိမ့်မယ်။

(သူသည် သုန်မှုန်စွာဖြင့် ဆက်လက်၍ မသွဲမကွဲ ရေရွတ်ရင်း တချုန်းချုန်း လည်နေသော ကလု(ခ်ျ)ပုံနှိပ်စက်ထဲမှ စက္ကူတစ်ချပ်ကို ကောက်ယူ လိုက်သည်။ သူ၏ရေရွတ်သံသည် ပို၍ မြန်ဆန်လာပြီး ပို၍ မပီမသ ဖြစ်လာသည်။ ပုံနှိပ်ပြီး စက္ကူချပ်ကို စစ်ဆေးကြည့်ပြီးနောက် နံရံပေါ်ရှိ မြောက်များစွာသော ဝိုင်ယာကြိုးများအနက်မှ ကြိုးတစ်ချောင်းကို ဆွဲလိုက်သည်။ ကလု(ခ်ျ)ပုံနှိပ်စက်သည် ရပ်တန့်သွားသည်။ သူ၏ အိတ်ထဲမှ စာစီရာတွင် အသုံးပြုရသော 'ပီကာတုတ်တံ' ကို ထုတ်ယူလိုက်ပြီး ပုံနှိပ်ပြီး စက္ကူတစ်ချပ်ပေါ်သို့ တင်လိုက်သည်။ ထို့နောက် စာကြောင်းများကို လျင်မြန်စွာ စစ်ဆေးကြည့်သည်။ ထို့နောက် အလုပ်ရှင်ကို အလွန်တရာ မနှစ်မြို့သော အကြည့်ဖြင့် ဖျတ်ခနဲ တစ်ချက် ကြည့်လိုက်သည်။ ပြီးမှ ပုံနှိပ်စက်ပေါ်သို့ ပြန်ကိုင်းလိုက်ြပီး တစ်လက်မ၏ မဆိုသာရုံလောက်လေး တိမ်းစောင်းနေသော ပြောင်ခဲတောင့် တစ်တောင့်ကို ပြန်တည့်လိုက်သည်။

သူ၏နောက်တွင် ရပ်နေသော ကောင်လေးသည် သူ့ကို တအံ့တဩ ကြည့်နေသည်။ မစ္စတာဟီလီသည် ကောင်လေးကို သတိပြုမိသွားပြီး မော့ကြည့်သည်။ မျက်တောင်များကို တဖျတ်ဖျတ်ခတ်သည်။ ထို့နောက် သူ၏ ခဲစာလုံးများ ပြန်တည့်နေသော အလုပ်သို့ ပြန်၍ အာရုံ ရောက်သွားသည်။ စာလုံးများ တည့်၍ စိတ်ကျေနပ် သွားသောအခါ ခါးကို ပြန်မတ်လိုက်ပြီး စာလုံးအိမ်ကို စက်ထဲသို့ လက်ဝါးဖြင့် ရိုက်ထည့်လိုက်သည်။ ထို့နောက် အခြား ဝါယာကြိုးတစ်ချောင်းကို ဆွဲလိုက်ရာ ကလု(ခ်ျ)ပုံနှိပ်စက်သည် ပြန်၍ လည်ပတ်လာလေသည်။

အဘိုးအိုသည် မကြားသာအောင် တတွတ်တွတ် ရေရွတ်နေရင်း သံစားပွဲသို့ ခြေလျှပ်တိုက် လျှောက်သွားသည်။ ကော်ပီခွက်ထဲမှ ကော်ပီစာရွက် တစ်ရွက်ကို ကောက်ယူလိုက်ပြီး သူ၏လက်သည် အနောက်ဖက် နံရံရှိ စာစီတံကို အလိုအလျောက် ယူမိလျက်သား ဖြစ်သွားသည်။ သူသည် စာခုံမှ အံတစ်ခုကို ဆွဲဖွင့်လိုက်ပြီး အလုပ် စလုပ်တော့သည်။)

မစ္စတာဟီလီ။ ။ ဟေး.... ကောင်လေး၊ လာစမ်းပါဦး။

(ကောင်လေးသည် ကလု(ခ်ျ)စက်၏ အနီးတွင် ငြိမ်သက်စွာ ရပ်နေရင်း အဘိုးအိုပြောမည့် စကားကို စောင့်ဆိုင်းနေသည်။ အဘိုးအိုသည် အတန်ကြာအောင် အလုပ်ကို ဆက်၍ လုပ်နေပြီးမှ ရပ်တန့်လိုက်သည်။ သူ၏ရှေ့တွင် ဖွင့်ထားသော စာခုံ-အံကို မျက်မှောင်ကုပ်၍ စိုက်ကြည့်နေပြီး သိသာစွာပင် လေးနက်သော အတွေးအခေါ် တစ်ခုကို ပြောနေဟန်ကို ဖမ်းလိုက်ပြီး....)

မစ္စတာဟီလီ။ ။ ကောင်လေး.... မင်းသာ ငါ့သားဖြစ်မယ် ဆိုရင် ငါ မင်းကို ပုံနှိပ်တိုက်နားတောင် ကပ်ခွင့်မပေးဘူးကွ။ မင်း အနှစ်နှစ်ဆယ်လောက် အချိန်ကုန်ခံပြီးမှ ပုံနှိပ်သမားကောင်း တစ်ယောက်ရဲ့ တစ်ဝက်လောက် တတ်လာလိမ့်မယ်။ အေး.... မင်း ပုံနှိပ်သမားလည်း ဖြစ်ရော၊ ဆရာဝန် ဆယ်ယောက်လောက်နဲ့လည်း အကုခံရကောကွ။ ငါ့မှာ သားတစ်ယောက် ရှိတယ်။ အသက် သုံးဆယ့်ရှစ်နှစ် ရှိပြီ။ သူ ဆယ့်ငါးနှစ်သားတုန်းက ငါ့ကိုပြောတယ်ကွ။ ကျောင်းထွက်ပြီးတော့ ငါနဲ့အတူ ပုံနှိပ်တိုက်မှာ အလုပ် လိုက်လုပ်ချင်တယ်တဲ့။ ဘာရမလဲ.... ငါက ဒီကောင့်ခေါင်းကို တစ်ချက် အုပ်ပေးလိုက်တာပေါ့။ အဲဒီအကြောင်းကို သူအခုထိ ပြောမဆုံးတော့ဘူးဟေ့။

(မစ္စတာဟီလီသည် စကားကို ရပ်လိုက်၏။ စောင့်ဆိုင်းနေသော ကောင်လေးသည် အတန်ကြာသောအခါ မစ္စတာဟီလီ၏ စကားဆုံးပြီဟု ဆုံးဖြတ်လိုက်ကာ သူ့အလုပ်ရှိရာသို့ ထွက်သွားရန် ခြေလှမ်းစလိုက်သည်။)

မစ္စတာဟီလီ။ ။ နေဦးဟ ကောင်လေး၊ (ကောင်လေးသည် တာဝန် ကျေပွန်စွာ မစ္စတာဟီလီ၏ နံဘေးသို့ ပြန်လာသည်။) ငါပြောတဲ့ ပုံနှိပ်သမားဆိုတာ တကယ့်ပုံနှိပ်သမားကို ပြောတာနော်။ သင်တန်းတချို့က ဆင်းပြီးတာနဲ့ ပုံနှိပ်တိုက်ထဲကို ကော့ဝင်လာပြီး ကိုယ့်ကိုယ်ကို 'စာစီဆရာ' ပါလို့ ပြောတဲ့ ချာတိတ်တွေကို ပြောတာ မဟုတ်ဘူး။ (သူသည် သူ့ရှေ့ရှိ စာခုံအလွတ်တွင် ထောင်ထားသော ကော်ပီစာရွက်ကို ညွှန်ပြလိုက်ပြီး) အဲဒါကို ရိုက်တဲ့လူကွာ။ ခြောက်လမ်းက တကယ့်ပုံနှိပ်သမား တစ်ယောက် ဖြစ်စေဦးတော့... ကြည့်စမ်းပါဦးကွာ။ 'ဒဗယ်ယူ' စာလုံးက တစ်ပိုင်းပြတ်လို့။ ငါ အဲဒါကြောင့် 'ဘိုဒိုနီ' ကို မကြိုက်တာကွ။ စာစီထားပုံကြီး ကလည်းကွာ...။ ဇာတ်ကြော်ငြာ စာရွက်ကြီး ကျနေတာပဲ။ ဘာ ဒီဇိုင်းမှ မရှိဘူး။ ဘာစိတ်ကူးမှ မရှိဘူး။ ဘာဂုဏ်သိက္ခာမှလည်း မရှိဘူး။ အဲဒီ စာစီသမားကတော့ တကယ့်လူပျင်းပဲကွ။ စာစီခွက်ထဲက ခဲစာလုံး လက်တစ်ဆုပ်စာလောက် ကောက်ယူ၊ ပြီးတော့ ပြီးပြီးရော ပစ်စီပြီး စက်ထဲ ထည့်ရိုက် လွှတ်လိုက်တာကွ။ (အဘိုးအိုသည် လက်ဟန် ခြေဟန်ဖြင့် လုပ်ပြသည်။) တကယ့် စာစီဆရာကောင်း တစ်ယောက် စာစီတယ်ဆိုတာ စိန့်စတင်း ကျောင်းတြော်ကီးထဲမှာ မိုက်ကယ်အိန်ဂျလို ပန်းချီ ရေးနေသလိုမျိုး စီတာကွ။ (ကောင်လေးသည် စတင်၍ ထွက်ခွါသွားသည်။) ဟေး... ကောင်လေး။ (ကောင်လေး ပြန်လှည့်လာသည်။)
ကောင်လေး။ ။ ဟုတ်ကဲ့.... မစ္စတာဟီလီ။
မစ္စတာဟီလီ။ ။ မင်း ပုံနှိပ်လုပ်ငန်းကို ဝါသနာပါသလား။
ကောင်လေး။ ။ ဟုတ်ကဲ့ မစ္စတာဟီလီ။ ကျွန်တော် အရမ်းဝါသနာ ပါပါတယ်။
မစ္စတာဟီလီ။ ။ မင်း လက်သည်းအောက်က မင်တွေကို ဘယ်တော့မှ ချွတ်လို့ရမှာ မဟုတ်ဘူးနော်။ တစ်သက်လုံး ညစ်ပတ်နေတဲ့ လက်သည်းတွေနဲ့ နေသွားရမှာ။
ကောင်လေး။ ။ ကျွန်တော် ပုံနှိပ်လုပ်ငန်းကို သိပ်ဝါသနာ ပါတယ် မစ္စတာဟီလီ။

(အဘိုးအိုသည် လုပ်လေ့လုပ်ထ မရှိသဖြင့် မကျွမ်းမကျင်၊ ကိုးယိုးကားယားနိုင်စွာ ကောင်လေး၏ခေါင်းကို လက်ြဖင့်ဆတ်ခနဲ ပွတ်သပ်လိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖက်တွင် ကိုင်ထားသော ကော်ပီစာရွက်ပေါ်သို့ အာရုံ ပြောင်းလိုက်သည်။ သူသည် မသဲမကွဲ ရေရွတ်လျက်ရှိသည်။)

မစ္စတာဟီလီ။ ။ မင်းသာ ငါ့သား ဖြစ်မယ်ဆိုရင် ပုံနှိပ်တိုက် နားတောင် ကပ်ခွင့်မပေးဘူး....

အနီးကပ်ရိုက်ချက်။ ။ အဘိုးအို၏ ကြင်နာမှုကြောင့် စိတ်ထိခိုက်သွားသော ကောင်လေး၏ မျက်နှာ။ ကောင်လေးသည် ငြိမ်သက်စွာ ခေတ္တရပ်နေသည်။ ထို့နောက် တံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး....

[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]

(တဖြည်းဖြည်း ပုံရိပ်ထင်လာ။ ။ ပုံနှိပ်တိုက်၏ အတွင်းခန်း၊ လမ်းပေါ်သို့ လှမ်းမြင်နေရသည်။)

ဇာတ်ကြောင်းပြောသူ။ ။ မစ္စတာဟီလီ အညိုရောင် အထုပ်လေး တစ်ထုပ်ကို ကိုင်လာတဲ့ တစ်မနက်ကိုကျွန်တော် မှတ်မိ နေပါသေးတယ်။

(ဆိုင်ခန်းတံခါး ပွင့်သွားပြီး မစ္စတာဟီလီ ဝင်လာသည်။ မစ္စတာဟီလီသည် သူ မချွတ်တမ်း ဆောင်းသော ဦးထုပ်နှင့် ကုတ်အင်္ကျီကို ဝတ်ဆင်ထား၏။ စာအုပ်တစ်အုပ်၏ အရွယ်မျှရှိသော အညိုရောင် စက္ကူဖြင့် ရစ်ပတ်ထားသည့် အထုပ်ပါးလေး တစ်ထုပ်ကို ရင်ဘတ်နှင့် ကပ်၍ ကိုင်ထားသည်။ သူသည် ဆိုင်အနောက်ဖက်သို့ ခြေလျှပ်တိုက် လျှောက်သွားရင်း ကောင်လေးက နှုတ်ဆက်စကား ဆိုသည်ကို ဆတ်ခနဲ ခေါင်းညိတ် ပြလိုက်သည်။ အနောက်ဖက် နံရံသို့ ရောက်သောအခါ အထုပ်ကလေးကို စက္ကူပုံများ အပေါ်သို့ သတိကြီးစွာဖြင့် တင်လိုက်၏။ မင်ဘူးတစ်ဘူးကို ဖွင့်နေသော ကောင်လေးက သူ့ကို ကြည့်နေသည်။ အဘိုးအိုသည် သူ၏ ကုတ်အင်္ကျီ၊ ဂျက်ကက်အင်္ကျီတို့ကို ချွတ်၍ ချိတ်လိုက်သည်။ ကောင်လေးကို မလုံမလဲဖြင့် ဖျတ်ခနဲ၊ ဖျတ်ခနဲ လှမ်းလှမ်း ကြည့်သည်။ ကောင်လေးက ပြန်၍ ပြုံးပြီးခေါင်းညိတ် ပြလိုက်သည်။ အဘိုးအိုသည် မျက်မှောင်ကုပ်သွားပြီး မှုန်ကုပ်ကုပ်ဖြင့် အပေါ်အင်္ကျီ၏ ကြယ်သီးကို ဖြုတ်သည်။ ရှပ်အင်္ကျီကို ချွတ်ကာ အေပရွန် အလုပ်သမားဝတ်စုံကို ဝတ်သည်။ နောက်တစ်ကြိမ် ကောင်လေးကို ဖျတ်ခနဲ လှမ်းကြည့်သည်။)

မစ္စတာဟီလီ။ ။ ဟေး.... ကောင်လေး။ ဒီကို လာဦးကွ။

(ကောင်လေးသည် ရိုကျိုးနာခံစွာ အဘိုးအိုထံသို့ လျှောက်လာသည်။ အဘိုးအိုမှာ အထုပ်ကလေးကို ဂရုတစိုက် ဖြည်နေပြီ ဖြစ်သည်။ ထို့နောက် သူသည် အညိုရောင် စာအုပ်ပါးလေး တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး ကောင်လေးကို ဖြည်းညင်းစွာ ပြလိုက်သည်။ ကောင်လေးက လက်လှမ်း လိုက်သည်။)

မစ္စတာဟီလီ။ ။ မကိုင်နဲ့ကွ၊ ကြည့်ရုံပဲကြည့်။

(အဘိုးအိုသည် သူ၏ စိတ်လှုပ်ရှားမှုကို အနိုင်နိုင် ချုပ်တည်းထားရင်း ကောင်လေးကို ခိုးကြည့်လိုက်၏။ ကောင်လေးသည် စာအုပ်ကို စိုက်ြကည့်နေသည်။ လှပစွာ သားရေဖြင့် ဖုံးထားသည့် စာအုပ်ကလေး ဖြစ်သည်။ အဘိုးအိုက စာအုပ်ကို ဖြည်းညင်းစွာ ဖွင့်ပြလိုက်သည်။ စာအုပ်၏ စာရွက်များမှာ ထူထဲသည်။ ချောမွတ်သည်။ ပုံနှိပ်ထားပုံမှာလည်း အထူး ကောင်းမွန်သည်။ ကောင်လေးက စိတ်ဝင်တစားဖြင့် ကြည့်နေသည်။)

ကောင်လေး။ ။ သိပ်လှတဲ့ စာအုပ်ပဲ မစ္စတာဟီလီ။

(ဆိုင်အနောက်ဖက်မှ ထွက်ပေါ်နေသော မှုန်ဝါးဝါး မီးရောင်လေးထဲမှာပင် လက်မှုအလုပ်သမား တစ်ဦးဟူသော အဖြစ်ကို မေ့လျော့လုနီးပါးမျှပင် မစ္စတာဟီလီ၏ မျက်နှာသည် ဝင်းထိန်သွား၏။)

မစ္စတာဟီလီ (လေသံကလေးမျှဖြင့်)။ ။ ငါကိုယ်တိုင် လုပ်ထားတဲ့ စာအုပ်ကွ။ အားလုံးကို ငါကိုယ်တိုင် လုပ်ထားတာ။ (၁၉၂၂) ခုနှစ်မှာ အဲဒီ စာအုပ်ကို ငါပုံနှိပ်တယ်။ ချုပ်တယ်။ စာအုပ်ဖုံးဖို့ သားရေဝယ်တယ်။ ဒီလို စာအုပ်မျိုး မင်း ဘယ်မှာမှ မြင်ဖူးမှာ မဟုတ်ဘူး။ အဖုံးပေါ်က ကမ္ဗည်းကိုလည်း ငါပဲ ထိုးထားတာ။ ရဲရဲနီနေအောင်မီးဖုတ်ထားတဲ့ အပ်ကို သုံးပြီးတော့လေ။ ငါ့လက်နဲ့ လုပ်ခဲ့တာ ကောင်လေးရ။ ငါ့ရဲ့ လက်နဲ့ကွ။ အစကနေ အဆုံးထိ ဘာစက်မှ မပါဘူး။ နားလည်လား။ ပုံနှိပ်ထားပုံ အဆင့်အတန်းကိုလည်း ကြည့်စမ်း။ စာရွက်ပေါ်မှာ စာလုံးကလေးတွေ ထင်နေပုံကို ကြည့်စမ်း။ ဘယ်လောက် လှသလဲ။ တကယ့် ရှားရှားပါးပါး လက်ရာကွ။ ရှားရှားပါးပါး လက်ရာ။

(သူသည် ကောင်လေးကို စိုက်ကြည့်နေသည်။ ကြီးမားသော ဂုဏ်ယူမှုကြီးဖြင့် သူ၏ မျက်လုံးများမှာ ဝိုင်းစက်လျက်။ သူ၏ပါးစပ်မှာ မပွင့်တပွင့် ဟလျက။် ကောင်လေးသည် စာအုပ်က ိုလေးစားစွာဖြင့် ကြည့်နေသည်။)

ကောင်လေး။ ။ သိပ်လှတဲ့ စာအုပ်ပဲ မစ္စတာဟီလီ။
မစ္စတာဟီလီ။ ။ မင်း တကယ်ပြောတာလား။
ကောင်လေး။ ။ ကျွန်တော် တကယ်ပြောတာပါ မစ္စတာဟီလီ။

(အဘိုးအိုသည် ခေါင်းကို တဆတ်ဆတ် ညိတ်၏။ စာအုပ်ကို စတင်၍ လျှင်မြန်စွာ ပြန်လည်ထုပ်ပိုးသည်။)

မစ္စတာဟီလီ (မော့မကြည့်ဘဲ)။ ။ ဒီည အိမ်မပြန်ခင် မင်းကို ငါ ဘီယာ ဝယ်တိုက်မယ်။

[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]

(တဖြည်းဖြည်း ပုံရိပ်ထင်လာ။ ။ ပုံနှိပ်တိုက် အရှေ့ပြတင်းပေါက် နံဘေးရှိ တိုင်ကပ်နာရီအိုကြီး၊ နာရီအိုကြီးမှာ ကိုးနာရီ ထိုးလေပြီ။ ကင်မရာ ဆိုင်ခန်း တံခါးဝကို ရိုက်၊ တံခါးပွင့်သွားပြီး လမ်းထွက်ဝတ်စုံနှင့် ကောင်လေး ဝင်လာသည်။ ကောင်လေးသည် အလုပ်ခွင်သို့ ဝင်လာခြင်းဖြစ်သည်။)

ဇာတ်ကြောင်းပြောသူ။ ။ အခု ဇာတ်လမ်းကတော့ မစ္စတာ ဟီလီနဲ့ လိုင်နို စာစီစက်အကြောင်း ဖြစ်ပါတယ်။

(ကောင်လေးသည် သူ၏နောက်ဖက်ရှိ တံခါးကို ပြန်ပိတ်လိုက်သည်။ ပုံနှိပ်တိုက် အတွင်းပိုင်းကို ခြားထားသော ပထမ အကာအရံတန်းမှ တံခါးကို တွန်းဖွင့်လိုက်ပြီး တိုက်အတွင်းဘက်သို့ ဝင်လာသည်။ လက်ထဲတွင် စာစီတံကို ကိုင်ထားပြီး စာခုံများ ရှေ့တွင် ရပ်နေသော မစ္စတာဟီလီသည် စာစီနေပြီ ဖြစ်သည်။ သူ၏ ဟန်ပန်မှာ မကြည်မသာ ဖြစ်နေသည်။)

ကောင်လေး။ ။ ကောင်းသော နံနက်ခင်းပါ မစ္စတာဟီလီ။

(အဘိုးအိုသည် ဘာမှ ပြန်မပြော။ ပို၍သာ သုန်မှုန်သွားသည်။ ကောင်လေးက သူ့ကိုကျော်ဖြတ်လျက် ဆိုင်အနောက်ဖက်သို့ ဆက်လျှောက် သွားသည်။ သို့သော် လမ်းတစ်ဝက်ရှိ ကလု(ခ်ျ)စက် အနီးသို့ အရောက်တွင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သော မစ္စတာဟီလီ၏ အသံကြီးကြောင့် ရပ်တန့်သွားသည်။ သူလှည့်ကြည့် လိုက်သောအခါ စာစီတံကို ဓားတစ်ချောင်းကဲ့သို့ ဝှေ့ယမ်းနေသော မစ္စတာဟီလီကို တွေ့လိုက်ရ၏။)

မစ္စတာဟီလီ (ဟိန်းဟောက်၍)။ ။ ငါ ထွက်တော့မယ်။ ဒါပဲ။ အခု စာစီနေတာ ပြီးတာနဲ့ ငါထွက်တော့မယ်။

(ကောင်လေးသည် ရုံးခန်းထဲတွင် လဒ်လိုစာစီစက်ဖြင့် အလုပ်လုပ်နေသော အလုပ်ရှင်ကို အထိတ်တလန့် လှမ်းကြည့်လိုက်သည်။ ကြာမြင့်စွာကပင် စိတ်အနှောင့်အယှက် အပေးခံနေရသော အလုပ်ရှင်သည် စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကျက်ကို တစ်ချက်မော့ကြည့်လိုက်ပြီး အလုပ်ဆက်လုပ်သည်။ အနည်းငယ် တုန်လှုပ်နေသော ကောင်လေးသည် တိတ်ဆိတ်စွာ ဆိုင်အနောက်ဖက်သို့ ဆက်၍ လျှောက်သွားရင်း အလုပ်ရှင်ကို ခပ်သွက်သွက် နှုတ်ဆက်သည်။ အလုပ်ရှင်က အသိအမှတ် ပြုသည့်အနေဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ ကောင်လေးသည် သူ၏ကုတ်အင်္ကျီကို ချွတ်၍ ရေချိုးခန်း တံခါးပေါ်တွင် ချိတ်ထားပြီးဖြစ်သော အခြားကုတ်အင်္ကျီများ အပေါ်တွင် ချိတ်လိုက်သည်။ ထို့နောက် ဂျက်ကက်အင်္ကျီကို ချွတ်သည်။ ချိတ်သည်။ သူ၏လည်စည်းကို စတင်၍ ဖြည်နေဆဲတွင် ဆိုင်ရှေ့ဘက်မှ မစ္စတာဟီလီ၏ အော်သံကြောင့် ရပ်ဆိုင်းသွားပြန်သည်။)

မစ္စတာဟီလီ (အသံကုန်အော်၍)။ ။ လိုင်နိုစာစီစက် သုံးတဲ့ ဘယ်တိုက်မှာမှ ငါအလုပ် မလုပ်နိုင်ဘူးကွ။
အလုပ်ရှင်။ ။ ဂျွန်....

(ဆိုင်၏ အစွန်းတစ်ဖက်ဆီတွင် အလုပ်ကိုယ်စီ လုပ်နေကြသော မိတ်ဆွေဟောင်း နှစ်ဦးးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။ သို့သော် သူတို့၏ လက်များကား အလုပ်ကို မရပ်။)

မစ္စတာဟီလီ။ ။ ငါပြောတာ မကြားဘူးလားကွ။
အလုပ်ရှင်။ ။ ဂျွန် ခင်ဗျား ဘာဖြစ်နေတာလဲ။
မစ္စတာဟီလီ။ ။ မင်း နောက်စာစီဆရာ တစ်ယောက် ငှါးဖို့ အလုပ်သမား သမဂ္ဂကို ဖုန်းဆက်ရင် ကောင်းမယ်ကွ။
အလုပ်ရှင်။ ။ ခင်ဗျား အလိုကျ အတိုင်းသာဆိုရင် ပုံနှိပ်သမားတွေဟာ ခုထက်ထိ သစ်သားစာလုံးတွေ ထွင်းနေရဦးမှာပဲ။
မစ္စတာဟီလီ။ ။ လိုင်နိုစာစီစက် သုံးတဲ့ ဘယ်တိုက်မှာမှ ငါအလုပ် မလုပ်နိုင်ဘူး။ ငါက ပုံနှိပ်သမားကွ။ လက်ရေးတိုစာရေး မဟုတ်ဘူး။ လိုင်နိုစာစီစက် ဆိုတာ လက်နှိပ်စက် အကြီးစားကြီး တစ်ခုကလွဲလို့ ဘာမှ မဟုတ်ဘူး။ မင်းက ပုံနှိပ်လုပ်ငန်းမှာ ကောင်မလေးတွေ ငှါးသုံးမလို့လားကွ။
အလုပ်ရှင်။ ။ ငှါးမယ်ဗျာ။
မစ္စတာဟီလီ။ ။ ငါ့ ကျန်တဲ့လစာ ထုတ်ပေးဖို့ ကောင်လေးကို ဘဏ် လွှတ်လိုက်ရင် ကောင်းမယ်ကွ။ ငါ ဒီမှာ ဆက်ြပီး အလုပ်မလုပ်နိုင်ဘူး။
အလုပ်ရှင်။ ။ ကျုပ်တို့ အားလုံး သေတဲ့အချိန်ကို ရောက်တဲ့အထိ ခင်ဗျား ဒီမှာဆက်ပြီး အလုပ်လုပ်ရမယ်။
မစ္စတာဟီလီ။ ။ ဪ.... ဪ ဟုတ်လား။
အလုပ်ရှင်။ ။ လိုင်နိုစက်အတွက် ဘာဖြစ်လို့ ကျုပ်တစ်နှစ်ကို ငွေရှစ်ထောင် အကုန်ခံရသလဲ ဆိုတာ ခင်ဗျား နားမလည်ဘူးလား။ ဒါဟာ ခေတ်ရဲ့ တောင်းဆိုမှုပဲ။ ဒီပုံနှိပ်တိုက်မှာ လိုင်နိုစက်တစ်လုံး လိုတယ်။
မစ္စတာဟီလီ။ ။ ဘာ လိုင်နိုစက်မှ ဒီတိုက်ထဲမှာ မလိုချင်ဘူးကွ။
အလုပ်ရှင်။ ။ ဂျွန်၊ ကျုပ်တို့ နှစ်ယောက်ဟာ နှစ်ဆယ့်ခုနှစ်နှစ်လုံးလုံး မိတ်ဆွေတွေ ဖြစ်ခဲ့ကြတယ်။ အဲဒီအတွက် ခင်ဗျားဟာ စိတ်မမှန်တဲ့ အဘိုးးကြီးပဲလို့ ပြောနိုင်တဲ့ အခွင့်အရေးကို ကျုပ် ယူရလိမ့်မယ်။ ကျုပ် စက်အသစ်တစ်လုံး သယ်လာတိုင်း သယ်လာတိုင်း ခင်ဗျားဟာ ခေါင်မိုးပေါ် ရောက်အောင် ထထခုန်တော့တာပ။ဲ အော်တိုမစ်တစ် ကလု(ခ်ျ)စက် သယ်လာတုန်းကလဲ ခင်ဗျား မင်ဘူးတစ်ဘူးကို ပြတင်းပေါက် အပြင်ဘက် လွှင့်ပစ်ခဲ့တယ်။ ကောင်းပြီး ခင်ဗျားကို ကျုပ်ပြောမယ်။ တိုက်အတွက် လိုင်နိုစက်တစ်လုံး လိုတယ်။ အရာရာကို ခင်ဗျားလက်နဲ့ ပုံနှိပ်နေလို့ မနိုင်ဘူးဗျ။ အဲဒီခေတ် ကုန်သွားပြီ။
မစ္စတာဟီလီ။ ။ ဟုတ်လား။
အလုပ်ရှင်။ ။ ဟုတ်တယ်။ ခင်ဗျားဟာ အလယ်ခေတ်မှာ ကျန်ခဲ့တုန်းပဲ။ အခု ကျုပ်တို့ဟာ စက်တွေနဲ့ ပုံနှိပ်နေကြပြီ။ ကျုပ် ဒီလက်ရိုက်စက်ကို အပြင်ထုတ်ပစ်ဖို့ ဆုံးဖြတ်ပြီးပြီ။ မနက်ဖြန် မနက်ကျရင် ကျုပ် ဒေါ်လာ နှစ်သောင်း အကုန်ခံရမယ့် လိုင်နိုစက်ဟာ အခု လက်ရိုက်စက် နေရာကို ရောက်လာလိမ့်မယ်။ ခင်ဗျား ခေါင်းလေးဘာလေး သုံးဦးဗျ။

[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]

(တဖြည်းဖြည်း ပုံရိပ်ထင်လာ။ ။ (၇)လမ်းရှိ ကဖီးဆိုင်လေး တစ်ဆိုင်၏ အတွင်းခန်း။ မစ္စတာဟီလီနှင့် ကောင်လေးသည် အစားအစာ ထည့်ထားသော ဗန်းကိုယ်စီကိုင်လျှက် လူများကို ရှောင်ရှားရင်း လျှောက်လာကြသည်။ ကောင်လေးသည် အလုပ်သမားဝတ်စုံကို ဝတ်ထားသည်။ မစ္စတာဟီလီမှာမူ အပေါ်တွင် ဂျက်ကက်အင်္ကျီကို ထပ်၍ ဝတ်ထားသည်။ မစ္စတာဟီလီသည် မသဲမကွဲအသံဖြင့် သူ့ကိုယ်သူ ကျိန်ဆဲရေရွတ်လျက် ရှိသည်။ သူတို့လျှောက်လာသော စားပွဲတွင် မစ္စတာဟီလီကဲ့သို့ ခေတ်ဟောင်း လက်စီပုံနှိပ်သမားကြီး တစ်ဦး ထိုင်နေသည်။ သူ့အမည်မှာ မစ္စတာလန်ဒီ ဖြစ်သည်။ မစ္စတာဟီလီနှင့် ကောင်လေးသည် သူတို့၏ ဗန်းများကို စားပွဲပေါ် ချလိုက်ပြီး ထိုင်လိုက်ကြသည်။)

မစ္စတာဟီလီ။ ။ သူတို့က ကျုပ်ပုံနှိပ်တိုက်ထဲကို လိုင်နိုစက် တစ်လုံး
သယ်လာမလို့တဲ့ဗျာ။

(မစ္စတာလန်ဒီသည် စာနာစွာဖြင့် ခေါင်းညိတ်လိုက်သည်။)

မစ္စတာလန်ဒီ။ ။ တကယ်လား ဂျွန်၊ အဲဒါဆို ဆိုးတာပေါ့ဗျာ။
မစ္စတာဟီလီ။ ။ သိပ်ဆိုးတာပေါ့ဗျ။ ပုံနှိပ်လုပ်ငန်းလည်း ဘာတွေ ဖြစ်ကုန်ပြီလဲ မသိပါဘူးဗျာ။ စက်တွေက လွဲလို့ ဘာမှ မရှိတော့ဘူး။ တိုက်ထဲကို စက်တွေ တစ်ခုပြီးတစ်ခု သယ်လာလိုက်တာ အခုဆို ပုံနှိပ်တိုက်လား၊ စက်ရုံကြီးလားလို့ ကျုပ်ခွဲတောင် မခွဲတတ်တော့ဘူး။ သူက ကျုပ်ကို မနက်ကပဲ ပြောသေးတယ်။ ကောင်လေးတောင် ကြားတယ်။ လက်မှုပညာသည်တွေရဲ့ ခေတ်ဟာ ကုန်ပြီတဲ့။
မစ္စတာလန်ဒီ။ ။ အဲဒီကိစ္စအတွက် ကျုပ်မပူပါဘူး။ ခင်ဗျား နောက်အလုပ်တစ်ခု ချက်ချင်းရဖို့ကိုပဲ စိုးရိမ်တယ်။
မစ္စတာဟီလီ။ ။ အို.... မရူးစမ်းပါနဲ့ဗျာ။ ကျုပ် အဲဒီတိုက်မှာ အလုပ်လုပ်လာတာ (၂၇)နှစ် ရှိပြီ။ ကျုပ်သာ မရှိရင် အဲဒီတိုက်ဟာ မြေမှုန့်တွေထဲမှာ တစ်စစီ ဖြစ်သွားမှာဗျ။
မစ္စတာလန်ဒီ။ ။ အဲဒီလို ရဲရင့် ပြောင်မြောက်တဲ့ စကားမျိုး ကျုပ် အလျင်က ကြားဖူးပါတယ်။ ကျုပ်ကိုယ်တိုင်လည်း ပြောခဲ့တာပဲလေ။ ဒါပေမယ့် ကျုပ် ဘာဖြစ်သွားသလဲ။ သူဌေးက ဆိုင်ထဲမှာ လိုင်နိုစက်တွေ အတန်းလိုက်လည်း ချပြီးရော၊ ကျုပ်လည်း လမ်းပေါ် ရောက်သွားတော့တာပဲ။ ပုံနှိပ်တိုက်တွေထဲကို ခေါင်းထိုးထိုးပြီးတော့ အလုပ်လေးတစ်ခု ရဖို့ လိုက်ရှာ နေရတယ်။ အခုဆို ကျုပ် အလုပ်သမားဝတ်စုံ မဝတ်ရတာ ခုနစ်ပတ် ရှိသွားပြီ ဂျွန်။

(သူပြောသော အဖြစ်မှာ မစ္စတာဟီလီ တစ်ခါမျှ မတွေးခဲ့ဖူးသော ဖြစ်ရပ် ဖြစ်သည်။)

မစ္စတာဟီလီ (မျက်မှောင်ကုပ်၍)။ ။ ကျုပ်အလုပ် အတွက်တော့ ကျုပ် မပူပါဘူး။ သူဌေးက သူ့ကိုယ်သူ ဒုက္ခရောက်အောင်တော့ မလုပ်ပါဘူး။ သူ ကျုပ်ကို ဘယ်နည်းနဲ့မှ လက်လွတ် မခံနိုင်ပါဘူး။ မယုံရင် ဒီကောင်လေးကို မေးကြည့်။ နယူးယောက်က ဘယ်ပုံနှိပ်တိုက်ပဲ ဖြစ်ဖြစ် ကျုပ်ဝင်သွားပြီး တစ်ပတ်ကို ဒေါ်လာတစ်ရာ တောင်းလို့ရတယ်။ ကျုပ်ကိုသာ ရမယ်ဆိုရင် အလုပ်ရှင်တွေဟာ သူတို့ရဲ့ အရိုးတွေ ကျိုးကုန်အောင်ကို ခုန်ခုန်ပြီးတော့ ကြိုကြမှာဗျ။ (မစ္စတာလန်ဒီသည် ကြေကွဲစွာ ခေါင်းညိတ်လိုက်သည်။) အခု ခုနစ်ပတ် ရှိပြီ။ ဟုတ်လား လန်ဒီ။ ခင်ဗျား အလုပ်မရှိတာ.... ဟုတ်လား။
မစ္စတာလန်ဒီ။ ။ ခုနစ်ပတ်။ ဒီထက်မကလည်း ကြာလိမ့်ဦးမယ်လို့ ကျုပ် မျှော်လင့်ပါတယ်။ အလုပ်က သိပ်ရှားနေပြီ ဂျွန်၊ ခင်ဗျား ပုံနှိပ်တိုက်ထဲကို ရင်ကော့ ဝင်သွားပြီး အလုပ်သမားဝတ်စုံ ကောက်စွပ်၊ အလုပ် လုပ်ခဲ့တဲ့ ဟိုတုန်းကနဲ့ မတူတော့ဘူး။

[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]

(တဖြည်းဖြည်း ပုံရိပ်ထင်လာ။ ။ အနီးကပ်ရိုက်ချက်။ ။ အခြား ခေတ်ဟောင်း ပုံနှိပ်သမားကြီး တစ်ဦး၏ မျက်နှာ။ (၈) လမ်းရှိ အလုပ်သမားများ စုဝေးရာ ဘီယာဘားခန်းလေး တစ်ခု၏ အတွင်းတွင် ဖြစ်သည်။ ကုတ်အင်္ကျီနှင့် ဦးထုပ်ကို ဝတ်ဆင်ထားသော မစ္စတာဟီလီသည် သူ၏ ဒုတိယမိတ်ဆွေ ဖောက်ကနာနှင့်အတူ ထိုင်နေသည်။ မစ္စတာဖောက်ကနာ သည်လည်း သူ့ကဲ့သို့ပင် ကုတ်အင်္ကျီနှင့် ဦးထုပ်ကို ဝတ်ဆင်ထားသည်။ သူတို့သည် အလုပ်ဆင်း၍ အိမ်မပြန်မီ ဘီယာသောက် နေကြခြင်း ဖြစ်သည်။ ကောင်တာ၏ အနောက်ဖက်ရှိ အရက်ရောင်းသူသည် ကင်မရာ မြင်ကွင်းထဲသို့ ဝင်လာလိုက်၊ ထွက်သွားလိုက်ဖြင့် လှုပ်ရှားနေသည်။)

မစ္စတာဖောက်ကနာ။ ။ အမှန်တရားကို တည့်တည့် မျက်နှာချင်း ဆိုင်ပေတော့ ဂျွန်။ ခင်ဗျားသူဌေးက လိုင်နိုစက်တစ်လုံး ဝယ်လာပြီဆိုရင် သူ့အတွက် ဘာကြောင့် စာစီဆရာတစ်ယောက် လိုတော့မလဲ။ ငွေတစ်ရာလောက်နဲ့ စာလုံးပုံမျိုးစုံ ပါတဲ့ စာလုံးအိမ်တစ်စုံကို သူဝယ်သုံးရုံပေါ့။
မစ္စတာဟီလီ။ ။ သူဌေးက ကျုပ်မိတ်ဆွေဟောင်း တစ်ယောက် ပါဗျ။ ကျုပ် အိမ်ကို အခါတစ်ရာလောက် လာလည်ဖူးတယ်။ ကျုပ်တိုက်တဲ့ ဝီစကီကို သောက်ဖူးတယ်။ သူက မိတ်ဆွေဟောင်း တစ်ယောက်ပါ။ ဘယ်တော့မှ ကျုပ်ကို အဲဒီလို မလုပ်ပါဘူး။
မစ္စတာဖောက်ကနာ။ ။ဪ....ကျုပ်ရဲ့ နောက်ဆုံး အလုပ်ရှင်ကရော။ မိတ်ဆွေဟောင်း တစ်ယောက် မဟုတ်လို့လား။ ညစာကို သူ့အိမ်မှာသူ စားတဲ့ အကြိမ်ထက် ကျုပ်အိမ်မှာ စားတဲ့အကြိမ်က ပိုများလိမ့်မယ်။ ကျုပ်ရဲ့ ဝီစကီကို သောက်တယ်။ သောက်သမှ ငမ်းငမ်းတက်ကို သောက်တာ။ နောက်တစ်ခါ ကျုပ်တို့ဆီ ရောက်လာရင်တော့ ပုလင်းကို ဝှက်ထားရမှာပဲ။ လွန်ခဲ့တဲ့ လေးလလောက်က ကျုပ်ကို ရုံးခန်းထဲခေါ်ပြီး ပြောတယ်။ 'ဂျော့ရေ၊ ကျုပ် အလုပ်ကို တိုးချဲ့မလို့ဗျာ။ ကျုပ် လိုင်နိုစာစီစက်တစ်စုံ ဝယ်လိုက်တယ်။ ဒါပေမယ့် ခင်ဗျား အဲဒီအတွက် ဘာမှစိုးရိမ်စရာ မလိုဘူးဆိုတာ သိစေချင်ပါတယ်'။ နောက်နှစ်ပတ်လည်း ကြာရော၊ ရုံးခန်းထဲ တစ်ခါခေါ်ပြီး ပြောပြန်ရော။ 'ဂျော့ရေ၊ ကျုပ် လက်ရိုက်ပုံနှိပ်ဌာနကို ပိတ်လိုက်တော့မယ်ဗျာ။ ကျုပ်ဝမ်းနည်းပါတယ်။' အဲဒီအချိန်ကျတော့ သူဟာ ကျုပ်ရဲ့မိတ်ဆွေ မဟုတ်တော့ဘူးလေ။ (အရက်ရောင်းသူသို့) နောက်တစ်ခွက်လောက် လုပ်စမ်းပါဗျာ။ (မစ္စတာဟီလီဘက်သို့ ပြန်လှည့်လိုက်ြပီး) အို.... အရာရာဟာ မှောင်နဲ့မည်းမည်း ပါပဲဗျာ။ ဘယ်သူ့အတွက်မှ ဘာအလုပ်မှ မရှိဘူး။ လွန်ခဲ့တဲ့ ဆယ့်လေးနှစ်က ကျုပ်ရဲ့ အလုပ်ရှင်ဟောင်း၊ အဘိုးကြီး ကလိန်းဘတ်(ဇ်) လေ။ မနေ့က ခေါင်မိုးပေါ်က ခုန်ချလိုက်တယ်ဗျ။ သတင်းစာထဲမှာတောင် သူ့အကြောင်း ပါသေးတယ်။ ခင်ဗျား ဖတ်လိုက်ရသလား ဂျွန်။ အဲဒီ လိုင်နိုစက်တွေအကြောင်း ကြားရတာ ကျုပ် သိပ်ဝမ်းနည်းတယ် ဂျွန်ရာ။ ဒါပေမယ့် ခင်ဗျား ဆန္ဒရှိရင်တော့ ကျုပ်တို့ အတူတူ အလုပ်ရှာကြတာပေါ့ဗျာ။
မစ္စတာဟီလီ။ ။ အခုလိုပြောတာ ကျေးဇူး တင်ပါတယ် ဂျော့ရာ။
မစ္စတာဖောက်ကနာ။ ။ ခင်ဗျားကို ကူညီနိုင်တယ်ဆိုရင် ကျုပ်က ဝမ်းသာရမှာပါဗျာ။ (ဘီယာခွက်ကို မော့ချလိုက်ပြီး) ချီးယား ဂျွန်။ (အရက်ရောင်းသူသို့) ပုံနှိပ်သမားတွေအတွက် တကယ့်ကိုဆိုးရွားတဲ့ နှစ်ကြီး ပါပဲဗျာ။ အလုပ်ရှင်တွေက ခိုကလေးတွေလို ခေါင်မိုးတွေပေါ်က ခုန်ခုန်ချကြတယ်။ ကျုပ်လည်း အလုပ်ရှာနေတာ အခုဆို သုံးလရှိပြီ။ မှုန်မိုင်းနေတဲ့ မျက်နှာတွေက လွဲလို့ ဘာမှမတွေ့ရဘူး။ (ခွက်ကို မော့ချလိုက်ပြန်သည်။) ကဲ.... ချီးယား။

[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]

(တဖြည်းဖြည်း ပုံရိပ်ထင်လာ။ ။ မစ္စတာဟီလီ၏ အိမ်၊ ဧည့်ခန်း၊ မိသားစု ညစာ စားနေကြသည်။ ကင်မရာ မစ္စတာဟီလီ၏ ဇနီးမှ သား (၃၈)နှစ်၊ ချွေးမ (၃၅)နှစ်၊ မြေးမလေး (၁၄နှစ်) နှင့် နောက်ဆုံးတွင် မစ္စတာဟီလီထံသို့ ဆွဲလာ။ မစ္စတာဟီလီသည် သူ့ရှေ့ရှိ အစားအစာများ ထည့်ထားသော ပန်းကန်ပြားကို စိုက်ြကည့် နေသော်လည်း တစ်စက်ကလေးမျှ မတို့ပေ။ ကျန်လူများမှာ တိတ်ဆိတ်စွာ စားသောက် နေကြသည်။ မိသားစု တစ်ခုလုံးသည် မစ္စတာဟီလီ၏ စိတ်သောကဖြင့် အုံ့မှိုင်းကျဉ်းကျပ် နေသည်။)

မစ္စတာဟီလီ။ ။ ....အဲဒီတော့ ငါလည်း သူတို့ပြောသလောက် တကယ် ဆိုးနေပြီလားလို့ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ ငါ (၆)လမ်းကို သွားပြီး ပုံနှိပ်တိုက် တစ်တိုက်ရဲ့ တံခါးကို တွန်းဖွင့်၊ ကိုယ်ကို တစ်ပိုင်းသွင်းလိုက်ြပီး 'စာစီဆရာကောင်း တစ်ယောက်များ လိုသလားဗျ' လို့မေးလိုက်တယ်။ တိုက်ရှင်က ကြည့်တယ် ဆိုရုံလေး မော့ကြည့်ပြီး ခေါင်းခါ ပြတယ်။ ဒါနဲ့ နောက်တစ်တိုက်မှာ ထပ်ကြိုးစား ကြည့်တယ်။ 'စာစီဆရာကောင်း တစ်ယောက်များ လိုသလားဗျ' ဘာမှမထူးဘူး။ တိုက်ပေါင်း ဒါဇင်ဝက်လောက်ကို ငါခေါင်းထိုး ကြည့်ခဲ့ပေမယ့် အလကားပါပဲကွာ။ ဘုရားရေ.... တစ်မြို့လုံး ခြောက်ကပ်ပြီး အိမ်တံခါးတွေ ပိတ်ထားကြတဲ့ (၁၉၃၁) ခုနှစ်ကနဲ့ တူလှချေလားကွာ။ တစ်မြို့လုံး ပေါင်းလို့မှ တစ်ဒေါ်လာတောင် မရှိတဲ့၊ တစ်ပဲနိနဲ့ ဆန်လေးတစ်ခွက် ဝယ်ဖို့အတွက် လမ်းပေါ်မှာ လူတန်းရှည်ကြီး တန်းစီနေကြရတဲ့ (၃၁) ခုနှစ်ကနဲ့....
သား။ ။ ဟာ.... အဖေရာ။ အခုဟာက အဲဒီလောက် မဆိုးသေးပါဘူးဗျာ။
မစ္စတာဟီလီ။ ။ အေး.... အခုဟာက ရှက်စရာကွ။ သူ့ဘဝ တစ်ခုလုံးကို အလုပ်ထဲမှာ မြှုပ်နှံထားတဲ့ လူတစ်ယောက်ဟာ အသက် ခြောက်ဆယ့်ခြောက်နှစ် ရောက်မှ စက်တစ်လုံးကြောင့် မောင်းထုတ် ခံရမယ် ဆိုတာဟာ တကယ့်ကို ရှက်စရာ၊ ကဲ့ရဲ့စရာကြီးပါကွာ။
သား။ ။ သူဌေးက အဖေ့ကို တစ်ခါမှ အဲဒီလိုမျိုး မလုပ်ခဲ့ဖူး ပါဘူးဗျာ။ ကျွန်တော်တို့ ပြောဖို့ စောပါသေးတယ်။ သူဌေးက ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပဲဟာ။ ဒီအိမ်ကို အခါတစ်ရာလောက် လာလည်ဖူးတယ်။ ကျွန်တော်တို့တိုက်တဲ့ ဝီစကီကို သောက်ဖူးတယ်။

(မစ္စတာဟီလီသည် ပို၍ သုန်မှုန်သွားသည်။)

မစ္စတာဟီလီ။ ။ အေး နောက်တစ်ခါ သူလာရင် ပုလင်းကို ဝှက်ထား ရမှာပေါ့ကွာ။
သား။ ။ တကယ်လို့ သူက အဖေ့ကို အလုပ်ဖြုတ်ပစ်လဲ ဘာဖြစ်လဲ အဖေရ။ အဖေ့အသက် ခြောက်ဆယ့်ခြောက်နှစ် ရှိပြီ။ ဘဏ်မှာလည်း စုထား၊ ဆောင်းထားတာလေး ရှိတယ်။ အဖေ့ဘဝ တစ်လျှောက်လုံး အလုပ်လုပ်လာခဲ့ရတာ။ အခုအချိန်ဟာ ပျော်ရွှင်မှုကို ခံစားဖို့အတွက် အဖေ့ဘဝရဲ့ ဆောင်းနှစ်တွေလို့ သဘောထားလိုက်ပေါ့ အဖေရ။
မစ္စတာဟီလီ။ ။ ငါ့ဘဝရဲ့ ဆောင်းနှစ်တွေ.... ဟုတ်လား။
သား။ ။ အဖေ မနက် ဆယ်နာရီထိုးတဲ့အထိ အိပ်နိုင်တယ်။ မြေအောက် ရထားလမ်းတွေ ထဲမှာလဲ နောက်ထပ် တိုးဝှေ့နေစရာ မလိုတော့ဘူး။
ချွေးမ။ ။ ကျွန်မသာ အသက် ခြောက်ဆယ့်ခြောက်နှစ် ရောက်ရင် ပန်းခြံထဲမှာထိုင်ပြီး ပင်စင်လစာကို ကုန်အောင်သုံးဖို့ နည်းလမ်းတွေကို စဉ်းစား နေမှာပဲ။
မစ္စတာဟီလီ (ဆတ်ခနဲ ချွေးမအပေါ်သို့ အာရုံရောက် သွားပြီး)။ ။ ဟုတ်လား....။
သား။ ။ အဖေ ကားလေး တစ်စီးလောက် ဝယ်ပြီး အမေနဲ့အတူ ဖလိုရီဒါကို သွားနိုင်တယ်။ အဲဒီမှာ အဖေတို့ သက်တူ ရွယ်တူတွေနဲ့ ဖဲတို့၊ စစ်တုရင်တို့ ကစားနိုင်တယ်။ နေရောင်အောက်မှာ သက်သောင့်သက်သာနဲ့ နေပူစာလှုံနိုင်တယ်။ အိုမင်းတဲ့ အသက်အရွယ်ရဲ့ ဆုလာဘ်တွေပေါ့ အဖေရ။
ချွေးမ (မြေးမလေးသို့)။ ။ နင့် စွပ်ပြုတ်ကို ကုန်အောင် သောက်စမ်း။ ငါတို့အားလုံး အသား(ဟင်း) စားဖို့ အဆင်သင့် ဖြစ်နေကြပြီ။
သား။ ။ အဲဒီ ပုံနှိပ်တိုက်ဟောင်းကြီးထဲက ထွက်လိုက်ပါတော့ အဖေရာ။ ဘာဖြစ်လို့ အလုပ်လုပ်နေဦးမှာလဲ။

(အဘိုးအိုသည် အလန့်တကြား ထရပ်လိုက်ပြီး သူ့သားကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။)

မစ္စတာဟီလီ။ ။ အဲဒါ ငါ့အလုပ်ကွ.... ဟေ့ကောင်၊ ငါ့အလုပ်ကွ။ အလုပ်သာ မရှိရင် ငါဟာ အသုဘခေါင်းထဲမှာ တစ်စစီ ဆွေးမြည့် ပျက်စီးသွားမှာပဲ။

(သူသည်အခန်းထဲမှ ထွက်သွားရန် ခြေတစ်လှမ်း လှမ်းလိုက်သည်။ ပြီးမှ ရပ်တန့်လိုက် ပြန်သည်။)

မစ္စတာဟီလီ။ ။ အဲဒီအလုပ်ကို ငါချစ်တယ်။ ငါ အိုင်ယာလန် နိုင်ငံ သံအမတ်ကြီးထက် ပုံနှိပ်သမားတစ်ယောက်ပဲ ပိုဖြစ်ချင်တယ်။

(သူသည် သူ၏သားကို ကြည့်သည်။ ထို့နောက် အခြားသူများကို တစ်ဦးချင်း ကြည့်သည်။ ထို့နောက်သူ၏ အိပ်ခန်းထဲသို့ သွားရန် လှည့်ထွက် သွားလေသည်။ ကျန်လူများသည် ငြိမ်သက် နေကြသည်။ အတန်ကြာမှ သူတို့၏ အစားအစာများကို ပြန်လည်၍ စတင် စားကြလေသည်။)

သား။ ။ အင်းလေ.... သူဌေးက အဲဒီလိုမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ပြောဖို့ စောပါသေးတယ်လေ။ ဘာဖြစ်လာမယ် ဆိုတာကို စောင့်ကြည့်ကြတာပေါ့။

(ဖြတ်။ ။ ပုံနှိပ်ဆိုင်လေး၏ တံခါးဝ။ ချွေးများ စိုရွှဲနေသော အလုပ်သမား နှစ်ဦး၊ အလုပ်ရှင်နှင့် ကောင်လေးတို့သည် ကြီးမားသော လိုင်နိုစာစီစက်ကြီး တစ်လုံးကို ဆိုင်ထဲသို့သွင်းရန် ကြိုးစားနေကြသည်။ လမ်းပေါ်တွင် ရပ်နေသော လူများသည် သူတို့၏ နှာခေါင်းများကို တံခါးမှန်နှင့် ဖိကပ်ပြီး ဝိုင်းအုံ ကြည့်နေကြသည်။ ဆိုင်နီးဝန်းကျင်မှ ကလေးများကမူ ဆိုင်တွင်းအထိ ဝင်ကြည့်ရန် ကြံစည် နေကြသည်။ အလုပ်သမား နှစ်ယောက်၊ ဆိုင်ရှင်နှင့် ကောင်လေးတို့သည် စက်ကို တံဧခါးဝမှ ဆိုင်ခန်းထဲသို့ သွင်းနိုင်ရန် ပင်ပင်ပန်းပန်း ကြိုးစားနေကြသည်။)

အသံများ။ ။ 'ဟေ့.... မင်းလက်ကို ဖိမိလိမ့်မယ်.... အရူးရဲ့' 'ဟိုဘက်ကနေ သွားဆွဲကွာ' 'ဒီကလေးတွေကို မောင်းထုတ်လိုက်စမ်းပါဟ' 'ထွက်ကြ ထွက်ကြ၊ ထွက်ကြစမ်း ကလေးတွေ၊ ငါရိုက်လိုက်ရမလား' 'ဟေး.... သူဌေး၊ ဒီခုံကို ဟိုဘက် တိုးလိုက်လေဗျာ'

(နောက်ဆုံးတွင် စက်ကြီးသည် တံခါးဝကို ခဲခဲယဉ်းယဉ်း ဖြတ်ကာ ဆိုင်ခန်းအတွင်းသို့ ရောက်လာသည်။)

အသံများ။ ။ 'ကလေးတွေ.... ထွက်ကြစမ်း' 'ဖြည်းဖြည်းဟ ဖြည်းဖြည်း' 'ခဏလေး ကျွန်တော် စက်ပိတ်လိုက်ဦးမယ်'

(ကောင်လေးသည် ကလု(ခ်ျ)စက်ကို ပြေးပိတ်လိုက်သည်။)

တံခါးဝမှ ကြည့်နေသူများက လှမ်းပြော။ ။ 'ဟေး.... သူဌေး၊ ခင်ဗျား အလုပ်သမားဌာနက ခွင့်ပြုမိန့် ယူပြီးပြီလား' 'မီးခိုးပြွန် ဖောက်ထား ပြီးပြီလားဗျ' 'ဟေး.... ခင်ဗျားတို့ အဲဒါကြီးကို အပြင်ပြန် ထုတ်ချင်ရင် လွယ်မှာ မဟုတ်ဘူးနော်'

(အလုပ်သမားများနှင့် အလုပ်ရှင်သည် ပထမ အကာအရံတန်းမှ တံခါးကို တွန်းဖွင့်ပြီး စက်ကို ဆိုင်အတွင်းဘက်သို့ တွန်းသွားကြသည်။)

အသံများ။ ။ 'ဟေး သူဌေး၊ အံဆွဲကိုပိတ်လိုက်ဦး' 'ဟေ့ ဟိုဘက်က တွန်းကွာ' 'အံဆွဲပိတ်လိုက်' 'မင်းလက်ကို သတိထား ငတုံးရဲ့' 'ဟုတ်ပြီ တွန်း.... တွန်း' 'တွန်းလေကွာ မင်းကဘာလဲ၊ အလုပ်သမားခေါင်းလား' 'ဟေး.... မင်းခေါင်းနဲ့ တိုက်မိလိမ့်မယ် သတိထား'

(စက်သည် တဖြည်းဖြည်း အတွင်းဘက်သို့ ရွေ့လာသည်။ ဝိုင်းအုံနေသော ကလေးများက နောက်မှ လိုက်လာသည်။ လမ်းပေါ်မှ ရပ်ကြည့်နေသူ အချို့သည် ဆိုင်ထဲသို့ ဝင်လာကြသည်။) 'ဟေး သူဌေး။ အဲဒါက ဘာစက်လဲဗျ' 'အဲဒါ ပုံနှိပ်စက်ကွ' 'ဘယ်က ပုံနှိပ်စက်ရမှာလဲ၊ စက္ကူဖြတ်စက်ဟ' 'ဟ.... မင်း မင်ဘူးဖွင့်တဲ့ စက်မှန်း စက္ကူဖြတ်တဲ့ စက်မှန်းတောင် ခွဲပြီး မသိဘူးလား'

(ယခုအခါတွင် လိုင်နိုစာစီစက်သည် အသင့်ရွှေ့ထားပြီး ဖြစ်သော လုပ်ငန်းသုံး လက်ရိုက် ပုံနှိပ်စက်ငယ်လေး၏ နေရာသို့ ရောက်လာပြီ ဖြစ်သည်။) 'ခင်ဗျား.... ဘယ်နေရာမှာ ထားမှာလဲ သူဌေး' 'အဲဒီနေရာ ကောင်းသားပဲ' 'မီးခိုးပြွန်ကို ဒီနောက်ဖက်ကနေ ဖောက်မှာ မဟုတ်လား' 'ဟုတ်ပြီ သေသေချာချာ ချဟေ့' 'အိုး.... ငါတော့ ခွေးတစ်ကောင်လိုကို ချွေးတွေ ရွှဲနေပြီကွ' 'အဲဒီ စက်ကြီးကလဲကွာ၊ (၂၅)တန်လောက်တောင် လေးတာဟေ့' (အလုပ်သမားများသည် စက်ကို သေချာစွာ နေရာချ လိုက်ကြသည်။) 'ကဲ.... ကဲ အားလုံး ထွက်ကြ၊ ထွက်ကြ'

(လိုင်နိုစာစီစက်သည် နေရာအတည်တကျ ဖြစ်သွားပြီ ဖြစ်သည်။ တစ်ဆိုင်လုံးသည် ရုတ်ခြည်းပင် တိတ်ဆိတ်သွားသည်။ ကြီးမား ခန့်ထည်သော စက်ကိရိယာကြီးသည် ခန့်ငြားစွာ ရပ်နေသည်။ အလုပ်သမားများ၊ အလုပ်ရှင်၊ ကောင်လေး၊ ကလေးများနှင့် ဝိုင်းကြည့်နေသူများသည် ထူးခြားသော ခံစားမှုတစ်ခုဖြင့် ငြိမ်သက် သွားကြသည်။

ခွန်အားထုတ် လုပ်ကိုင်ခဲ့ရသဖြင့် ရင်ဘတ်ကြီး လှိုင်းထနေသော အလုပ်ရှင်သည် ရပ်တန့်နေရာမှ လိုင်နိုစာစီစက်ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ငေးကြည့်နေသည်။

ကင်မရာသည် လိုင်နို စာစီစက်ကို ဖြည်းညင်းစွာ ရိုက်ပြ။ လိုင်နိုစက်သည် ကြီးမားသည် စိမ်းညို့ညို့အရောင် ရှိသည်။ လက်နှိပ်စက် ခလုတ်များနှင့် မတူသော ခလုတ်များရှိသည်။ လိုင်နိုစာစီစက်မှ အနောက်ဘက်သို့ ကင်မရာရွှေ့လာ။ အလုပ်ရှင်၊ အလုပ်သမားနှစ်ဦး၊ ကောင်လေးတို့ကို ဖြတ်ကျော်ပြီး ရုံးခန်းအဖြစ် ခွဲခြားထားသော ဒုတိယ အကာအရံတန်းသို့ ရောက်လာသည်။ တန်း၏နံဘေး တိုက်အနောက်ဖက် မှောင်ရိပ်ထဲတွင် မစ္စတာဟီလီ ရပ်နေသည်။

ကင်မရာ မစ္စတာဟီလီထံသို့ ရွေ့လာပြီး အနီးကပ်ရိုက်၊ မစ္စတာဟီလီသည် လိုင်နိုစက်ကို မုန်းတီးစွာဖြင့် မရွှင်မပျ ကြည့်နေသည်။ သူ၏ သောကရိပ်လွှမ်းသော မျက်နှာအိုကြီးမှာ မှုန်ကုပ်နေပြီး တစ်စုံတစ်ခုကို မသဲမကွဲ ရေရွတ်နေသည်။ ထို့နောက် တန်း၏ အခြားတစ်ဖက်တွင် သူ့ကို ကျောခိုင်းပြီး ရပ်နေသော ကောင်လေးထံသို့ ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်လိုက်ပြီး)

မစ္စတာဟီလီ။ ။ အဲဒီစက်က ငါ့ကို သတ်မှာပဲ ကောင်လေး။

(သူသည် ဆတ်ခနဲ လှည့်လိုက်ပြီး ဆိုင်အနောက်ဖက်ရှိ ရေချိုးခန်းသို့ ထွက်သွားလေသည်။)

[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]

ဆက်ရန်
-------------------------------------
မင်းယု

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)