ပေပင်ကြီးရဲ့ နှုတ်ဆက်သီချင်း
"အပင်တစ်ပင်မှာ ပန်းတွေပွင့်ရင် လူတွေက ပျော်ကြကြိုကြတာ မဟုတ်လား.. ။ လက်ခုပ်တွေတီး အားပေးကြတာလေ။ ဒီပေပင်ကြီးကျတော့ တစ်သက်တစ်ခါ ထပွင့်တာကြည့်ရင်း ဝမ်းသာရမည့်အစား ဝမ်းနည်းနေရတယ်"
ကျွန်တော် ဆေးရုံမှဆင်း အိမ်ပြန်သည့်ညနေမှာ ဇနီးက ကားမောင်းရင်း စကားဆိုခြင်းဖြစ်ပါသည်။ ဆေးရုံသို့နေစဉ် လာလမ်းပြန်လမ်းမှာ သူ့အားနှုတ်ဆက်နေသည့် ပေပင်ကြီးကို ကြည့်ရင်းရခဲ့သည့်အတွေးကို ခုမှ ကျွန်တော့်အား ပြောခွင့်ရတော့သည်တဲ့။ ဘာကြောင့်ဆိုသော် ခွဲစိတ်ကုသမှု ခံယူနေသူအား ထိုအတွေးမျိုး ပြောမပြချင်၍တဲ့။
အင်းလေ၊ ပေပင်တွေပွင့်တယ်ဆိုတာ လောကကြီးက အပြီးအပိုင်ထွက်ခွာဖို့ နှုတ်ဆက်တာပဲမဟုတ်လား။ ဒါကြောင့် သူက မပြောချင်တာနေမှာပေါ့ဟု ကျွန်တော် ရိုးရိုးပဲ နားလည်လိုက်သည်။ ပြီးတော့ ပင်လုံးကျွတ်လျက် အားလုံးကို နောက်ဆုံးနှုတ်ဆက်နေသည့် ပေပင်အိုကိုငေးရင်း ကျွန်တော်က သူ့စကားကို ကဗျာလုပ်၍ရမရ ကြိုးပမ်းကြည့်နေမိသည်။
သာမန်အားဖြင့် ပန်းတွေစပွင့်ပြီဆိုတာ ကျွန်တော်တို့လူသားတွေအတွက် မိခင်ရော ကလေးပါ ကျန်းမာလျက်ရှိကြောင်း သားဦးဖွားသည့် မင်္ဂလာသတင်းမျိုး မဟုတ်လား။ အပင်တစ်ပင်အတွက် ရုက္ခတက္ကသိုလ်ရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲပေါ့။ ရင်ခုန်ကျေနပ်စရာတွေနဲ့ပေါ့။
ဈေးကြီးသစ်ခွတွေကအစ မြေစာပန်းလေးတွေအဆုံး ကျွန်တော်တို့မြင်တာနဲ့ "ဟိုးမှာ ကြည့်စမ်း၊ ပန်းတွေ ပွင့်ကုန်ပြီ" လို့ ဦးသူအရင်ပြောရတာ ချိုရသာ မဟုတ်လား။
"သားဦးမို့ တစ်ကောင်ဖွားမွေးတာ၊ နောက်တစ်ခါဆို ညည်း အမြွှာပူး မွေးမှာသိလား"လို့ ကြောင်မတန်းမလေးကို အားပေးသလို အပင်တွေကိုလည်း "ခုမှ စပွင့်လို့ နည်းသေးတာ"လို့ နှစ်သိမ့်ပေးကြစမြဲ မဟုတ်လား။ နောက်ရာသီကို ကြိုမျှော်ရင်း မျှော်လင့်ခြင်းသရဖူနဲ့ ကိုယ်စီ လှနိုင်ခဲ့ကြသည်။
ခု ပေပင်ကြီး ပွင့်နေတာတွေ့ တော့ ကျွန်တော်တို့ မှိုင်ကြရပြီ။ သူသေတော့မယ်၊ နှုတ်ဆက်နေပြီလို့ အထိတ်တလန့်ရေရွတ်ရင်း ဘယ်လိုအကြည့်နဲ့ ပြန်နှုတ်ဆက်ရမယ် မသိတော့။ 'က' ကညစ် ပေမှာခြစ်နှင့် လူဖြစ်ရသောမျိုးဆက်မို့ ပေပင်အပေါ် တန်ဖိုးသိ လွမ်းဆွတ်ခြင်း သူတကာထက်မလျော့တာ သေချာပါသည်။
ယခုဟာက သံယောဇဉ်ပြဿနာက ရှေ့တန်းရောက်လာပါ၏။ ပေပင်သက်တမ်း လူ့သက်တမ်း ဘာမျှကွာလှသည် မဟုတ်ပါ။ လူ့သက်တမ်း ပျမ်းမျှ ၆၅ ဆိုတော့ နှစ်ခြောက်ဆယ်သက်တမ်း ပေပင်လည်း လူတစ်ယောက်လိုခံစားလျှင် သူ့မှာ ဝေဒနာတွေရှိနိုင်သည်ပဲ။ ငယ်ကတည်းက အတူရှိခဲ့၊ အတူကြီးပြင်းခဲ့သူ၊ နေ့စဉ်မြင်နေကျ ငယ်သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးရတော့မည့် ခံစားချက်မျိုးတော့ အနည်းဆုံး ကျွန်တော်တို့မှာရှိပါသည်။ စွန့်ခွာရတော့မည့် ကာယကံရှင်ကိုယ်တိုင်ကရော ဘယ့်နှယ်ရှိပါစ။
သူကတော့ ပင်လုံးကျွတ်ပွင့်လျက် နှုတ်ဆက်နေပြီ။ သေခါနီးမှ လှရက်လိုက်တာဟု ကျွန်တော် မချင့်မရဲ ရေရွတ်နေမိပါ၏။ မရေတွက်နိုင်အောင် ပွင့်နေသည့် ထိုပေပွင့်များမှာ နှုတ်ဆက်စကားတွေ ရှိနေမည်။ ဒီထက်ဆိုရလျှင် နှုတ်ဆက်သီချင်းကိုဆိုနေတာ သေချာသည်။ ကမ္ဘာမြေကို နှုတ်ဆက်နေပြီ။ တေးရေးဆရာ သုခမိန်လှိုင်၏ "နှုတ်ဆက်သီချင်း"က ကျွန်တော့် ရင်ထဲ ကြေကွဲမျက်နှာဖြင့် လှေကားထစ်တွေ နင်းတက်လာသည်။
"ဘယ်အချိန်သေမှာကို မသိကြတဲ့ဘဝမှာ ကြိုတင်ရေးထားတဲ့ နှုတ်ဆက်သီချင်း"တဲ့။
ဒါက ကြိုမသိသူတွေအတွက်ပေါ့။ ကြိုသိသူတွေကော မရှိကြဘူးလား။ သူတို့ ဘယ်လို နှုတ်ဆက်သီချင်းကို ရေးခဲ့ကြသလဲ။
တိမ်လွှာမို့မို့လွင် သီချင်းကို ကျွန်တော့်စိတ်ထဲ ဖွင့်လိုက်မိသည်။ ဆရာမြို့မငြိမ်းက ထိုသီချင်းကို သူသေခြင်းတရားဆီသွားမည့်နေ့ မနက်ခင်းမှာ Notes ပါ အပြည့်အစုံရေးကာ ထားရစ်ခဲ့သည်။ ပြီးမှ သေမင်းထံ သူသွားသည်။ ထိုသီချင်းအစ "ပြာရီမှိုင်းကာမို့မို့" ဆိုသည်နှင့် ထိုဖြစ်ရပ်မှန်ကို သိသူတိုင်း ဆရာငြိမ်း၏ ကမ္ဘာမြေကို နှုတ်ဆက်သီချင်းအဖြစ် အမှတ်ရစမြဲ။
ကဗျာဆရာ ဒေါင်းနွယ်ဆွေလည်း ဘဝ၏နောက်ဆုံးအချိန်မှန်း ကိုယ်တိုင်သိသည့်ကာလ အိပ်ရာထဲမှ "ကမ်းသစ်သို့" ကဗျာများ ရေးခဲ့သေးသည်ပဲ။ နောက်တစ်ယောက် ရုတ်တရက် လုပ်ကြံခံလိုက်ရသူ ကမ္ဘာကျော် John Lenon ဂျွန်လင်နွန်။ သူလည်း နှုတ်ဆက်သီချင်း ရေး၊ ဆိုကာ လူသားတွေကို နှုတ်ဆက်ခဲ့ပြီးပြီဟု ကျွန်တော်ခံစားရပါသည်။ သူ၏ Imagine သီချင်းကို ကျွန်တော်ရွေးပြီး ထို့သို့ယုံသည်။
သည်လိုပဲ ဗင်ဂိုးပန်းချီတွေထဲ နှုတ်ဆက်သီချင်း ကျွန်တော်လိုက်ရှာသည်။ မိုက်ကယ် အိန်ဂျယ်လို၏ ပန်းပုတွေထဲ၊ ထူးအိမ်သင်၊ ကိုစောညိမ်းတို့ သီချင်းတွေထဲ .... ကမ္ဘာမြေကို နှစ်နှစ်ကာကာ ချစ်ခဲ့ကြသူ အနုပညာရှင်တွေမှန်သမျှ နှုတ်ဆက်သီချင်း ရှိကြမည်။ ပေပင်ကြီးကရော ...။
ထန်းသီးနုထက်ချိုတဲ့ ပေသီးနုတွေ သီးပြီဆို သူခွဲခွာနှုတ်ဆက် လက်ဆောင်ပေးနေတာ။ ထန်းရည်ချိုလို အရသာရှိတဲ့ ပေရည်တွေထွက်ပြီဆိုလည်း သူ့ဆီက ဒီတစ်သက် နောက်တစ်ခါ ထပ်မရတော့ဘူးဆိုတာ ကျွန်တော်တို့သိတိုင်း နာကျင်စရာကောင်းနေပါပေါ့လား။
အူအတက်ပေါက်၍ ကျွန်တော်ဗိုက်ခွဲပြီးစ လှုပ်မရချိန်၊ ဆေးပိုက်တန်းလန်းချိတ်ချိန်က မိတ်ဆွေများအပါအဝင် လူတွေကို စာနာစိတ်ဖြင့် လှမ်းကြည့်မိသည်။ သင်္ကြန်ရက်များကိုလည်း ခြောက်ကပ်ကပ်ဖြတ်ခဲ့ရ၊ ကွာရန်တင်းကာလတွေမှာလည်း မွန်းကျပ်ခဲ့ကြ။
ကျွန်တော် ငယ်ဘဝအပါအဝင် သက်သာရာ ပျော်ရာရာတွေ ရွေးတင်ရန်၊ မိတ်ဆွေတွေအတွက် အလုံပိတ်ထဲက ပြတင်းအပွင့် ဖြစ်လိုဖြစ်ငြား အားထုတ်ကြည့်ချင်လာသည်။ ဇနီးကို ကျွန်တော် အကူအညီတောင်းရပါ၏။ သူလည်းနေ့စဉ် ပေပင်ကြီး၏နှုတ်ဆက်သီချင်းကို အသွားအပြန် နားထောင်ရင်း ကျွန်တော့်စာမူသစ်၊ ဟောင်းများကို ရှာစုတန်စု၊ ရွေးတန်ရွေး၊ လိုင်းပေါ်ကူတင်ပေး စသဖြင့် ကျွန်တော့်ဆန္ဒကို ကူဖြည့်ပေးရသည်။
လူတွေက သတင်းဆိုးတွေနဲ့ ဝန်ပိနေကြတာ။ ဒီအချိန်မှာ သိင်္ဂါရတွေ၊ သန္တတွေ၊ ပျော်စရာတွေ မျှပေးပေါ့ဟုလည်း ရေရွတ်နေခဲ့သေးသည်။
ကျွန်တော်ကား ဗိုက်ချုပ်ရိုး မပြေရေးအတွက် မလှုပ်ရဲ၊ ဘာမှမစားရသည့် နေ့များအတွက် ရင်တွေပူ ဝမ်းတွေဟာလျက် ဘာမှ မတတ်နိုင်ချိန်မို့ သူ့အားကိုးနှင့် စာမူတွေ၊ ပန်းချီတွေ လှိမ့်တင်ခိုင်းကာ ဆေးရုံပေါ်က နေ့ညများကို အာရုံလွှဲနိုင်ခဲ့သည်။ ထိုထက်ပိုရသည့် ပီတိက ဖတ်ရသူမိတ်ဆွေများထံမှ တုံ့ပြန်စကားများကြောင့်ပင်။ ခုလို ပိတ်လှောင်မိနေချိန်မှာ လေရှူပေါက်၊ ချောင်းကြည့်ပေါက်လေးရလိုက်လို့ သက်သာရာရပါတယ်ဟုလည်း မှတ်ချက်အများစုကို ဖတ်ရင်း ကျွန်တော်တို့ အားထုတ်ရကျိုးနပ်သည်ဟု ခံစားခဲ့ရပါသည်။
ခုမှ ဆေးရုံကအဆင်း ပေပင်ကြီး၏နှုတ်ဆက်သီချင်းကို အတူနားထောင်ရင်း မမကြီးတစ်ယောက်အကြောင်း သတိရကြပြန်သည်။ မောင်နှမများသည့်မိသားစုတွေထဲ ကြုံလေ့ရှိသည့်အတိုင်း ဖြစ်ပါ၏။ အငယ်တွေ လမ်းချောရေးအတွက် အကြီးဆုံးက ဘဝလမ်းပေါ် အစောကြီးတက်၊ အရွယ်နှင့်မမျှအောင် လမ်းခင်းခဲ့ရ၊ အဆင်ပြေကြချိန်ရောက်သော် ထိုမမကြီးက လက်ပန်းကျနေပြီ။
အားလုံးပြေလည်ချိန် မောင်နှမတွေ ဆုံကြမယ်လုပ်တိုင်း မပျော်ရာမှာနေရရှာသည့် မမကြီးကို လှမ်းခေါ်ကြစမြဲ၊ ရောက်လာလို့ ဘယ်လောက်နေမှာလဲလို့မေးလျှင် ဘယ်တော့မှ မမကြီးက မဖြေ။ တကယ်တော့လည်း ဘယ်လောက်နေမှာလဲ မေးတာ၊ ဘယ်တော့ပြန်မှာလဲ မေးတာမဟုတ်လား။
သူ့တန်ဖိုးကိုသိ၍ သူလာခိုက် ပျော်နေကြသည့် မိသားစုတွေကို ပြက္ခဒိန်နေ့စွဲတစ်ခုက ကြိုခြောက်လှန့်နေတာ သူ မလိုလား။ ဒါကြောင့် ပျော်သလောက်နေမှာပေါ့၊ ပျော်အောင်ထားကြဟုသာ အပြုံးနှင့် တုံံ့ပြန်မြဲဖြစ်သည်။ တကယ်တော့ သူက လေယာဉ်လက်မှတ်ကို အသွားအပြန် တစ်ခါတည်း ဖြတ်ပြီးသား။ ခွဲခွာချိန်အတွက် နာကျင်ရမည့်နေ့ကို သူတစ်ယောက်တည်းသာ သိတော့မည်ဟု နှလုံးသွင်းထားပုံရသည်။
ခုလည်း ပေပင်ကြီးက နှုတ်ဆက်နေပြီ။ လောကတာဝန်ကျေခဲ့၍ နှစ်သိမ့်နိုင်သလား၊ နေမ၀သေး၍ မခွဲချင်သေး ဈေးဆစ်ချင်လား ကျွန်တော်မသိပါ။ တကယ်တော့ တစ်ယောက်တန်ဖိုး တစ်ယောက်သိသူချင်းမှန်လျှင် လူလူချင်းမှမဟုတ်၊ သတ္တဝါလေးတွေ၊ တိရစ္ဆာန်လေးတွေအပါအဝင် အပင်လေးတွေနဲ့ပါ ခွဲရတိုင်း ကျွန်တော်တို့ နာကျင်ရမြဲမဟုတ်ပါလား။
ဒီလောက်ဂရုစိုက်နေတဲ့ကြားက သေသွားတယ်ဟု ရေရွတ်ရင်း အပင်ကလေး၊ အကောင်ပလောင်ကလေးတွေကို မချိတင်ကဲ စွန့်ခဲ့ရပေါင်း များကြပါပြီ။ ခွဲခွာခြင်းကို မလွန်ဆန်နိုင်၍ နှုတ်ဆက်ရတိုင်း ဘယ်လိုနှုတ်ဆက်ကြပါမည်လဲ။ ကမ္ဘာမြေအတွက် နှုတ်ဆက်သီချင်းကို ဘယ်လိုရေးကြရပါ့။
တလောတုန်းကဖြင့် စာသင်ကျောင်းတစ်ခုမှာ ကွာရန်တင်းန်မိနေသူ အညတရတစ်ဦး၊ အပိတ်လှောင်ခံကာလကို ရေတွက်မနေဘဲ ထိုကျောင်းကလေး ယိုယွင်းနေတာကို သူနိုင်သမျှ လွှကိုင်၊ တူကိုင် ပြုပြင်ပေးနေတာ တွေ့ရသည်။ သူ့အိမ် သူမပြန်ခင် ခေတ္တနေခဲ့ရသည့် ကျောင်းကလေးအတွက် သူ့ရဲ့သီချင်း... နှုတ်ဆက်သီချင်းပေါ့။ ဂရုပြုမိသူတွေ ကြားသိလိုက်ကြပါလိမ့်မည်။
ယခု ပေပင်ကြီး၏နှုတ်ဆက်သီချင်းကိုလည်း ကျွန်တော်တို့ အလေးအမြတ်ပြု နားထောင်ပါဦးမည်။
------------------------------------------
မင်းကိုနိုင်
ပြည်သူ့အရေးဂျာနယ်။
crd 👉 https://www.facebook.com/1458941311049016/posts/2642254249384377/
Comments
Post a Comment