လင်္ကာဒီပချစ်သူ၊ အပိုင်း (၁၅)

အခန်း (၈)
အာရိယန်နှင့်ဒြာဝိဒိယန်

“ဘာတာဝန်များလဲ ရာဝဏ”

“ကမ္ဘာပေါ်မှာ အလှပဆုံးဖြစ်ပေမယ့် ပိတ်ဆို့နေတဲ့ပန်းပွင့်တစ်ပွင့်ကို ဖူးငုံပွင့်အာလာအောင် လုပ်ဖို့လေ၊ ဦးရီးတော် တစ်ခါက ငါတော့မတတ်နိုင်ဘူးဆိုတဲ့လုပ်ငန်း ...”

ဦးရီးတော်သည် အံ့အားသင့်ဟန်ဖြင့် ကျွန်ုပ်ကို ငေးကြည့်နေလေသည်။

“သြော် .. သြော်၊ မင်း ဒါကို အခုထိကြိုးစားနေတုန်းပဲနော် ရာဝဏ”

“ကျုပ်ရဲနှလုံးသားက အမြဲစေခိုင်းနေတယ် ဦးရီးတော်”

“မင်း သူ့ကို အချိန်မရွေးသိမ်းပိုက်နိုင်တာပဲ ရာဝဏ”

“မဟုတ်ဘူးဦးရီးတော်၊ ဒါက ဦးရီးတော်ရဲ့ ပဋိပက္ဓသေနင်္ဂဗျူဟာထက်ပိုပြီး နူးညံ့လေးနက်တယ်။ ကျုပ်ရဲ့ခွန်အား၊ သတ္တိနဲ့ ဘုန်းလက်ရုန်းတွေကို ဆန့်ကျင်ဘက်ဖြစ်တဲ့ အလှအပပေါ်မှာ တိုက်ခိုက်နှိမ်နင်းဖို့အတွက် အသုံးမပြုသင့်ဘူးလို့ ကျုပ်ထင်နေတယ်၊ သူပြောတဲ့ စကားတစ်ခွန်းရှိတယ်၊ မိမိချစ်မြတ်နိုးသူရဲ့ အလိုဆန္ဒကို မဆန့်ကျင်မှသာ ချစ်မြတ်နိုးခြင်းဖြစ်တယ်တဲ့။ သူက အဲဒီလို ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းသိမ်းပိုက်တာမျိုးကို မလိုလားဘူး။ ဒီတော့
သူ မလိုလားတာကို ကျုပ်မလုပ်ချင်ဘူး။ သူ့အလိုဆန္ဒကို ကျုပ်မဆန့်ကျင်နိုင်ဘူး”

ဦးရီးတော်သည် ကျွန်ုပ်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

“ရာမမင်းသားနဲ့ စီးချင်းထိုးပြီး ရာမကိုသတ်ဖို့ဆိုတာကိုတော့ သီတာဒေဝီက လိုလားမယ်တဲ့လား ရာဝဏ”

ဦးရီးတော်၏စကားသည် ကျွန်ုပ်၏မျက်စိနှစ်ဖက်အား ပြင်းစွာရိုက်ပုတ်လိုက်သလို ဖြစ်သွားပေသည်။ ချစ်မြတ်နိုးသူ၏အလိုဆန္ဒကို မဆန့်ကျင်ခြင်း၊ ချစ်မြတ်နိုးသူမလိုလားသော အမှုကို ရှောင်တိမ်းခြင်း။ သို့ဆိုလျှင် ကျွန်ုပ်သည်
ရာမနှင့် စီးချင်းမထိုးဘဲ နေရအံ့လော။ ကျွန်ုပ်က စီးချင်းမထိုးလိုသည်ပင်ထားဦး၊ ရာမကတော့ သီတာဒေဝီကို ပြန်လည်ရယူရန်အတွက် ကျွန်ုပ်အားတိုက်ခိုက်တော့မည်။ သီတာဒေဝီ၏အလိုဆန္ဒအတိုင်း ကျွန်ုပ်က
တုံ့ပြန်ခြင်းမပြုလျှင် ရန်သူသည် ကျွန်ုပ်အား သတ်ဖြတ်ပေလိမ့်မည်။ ဒြာဝိဒိယန်ဘုရင်သည် အာရိယန်မင်းသား၏လက်နက်ကို ရှောင်ကွင်းသွားရမည်လော။ သို့တည်းမဟုတ် ရန်သူကိုတိုက်ခိုက်နှိမ်နင်း၍ သီတာဒေဝီအား သိမ်းပိုက်လျှင်လည်း ဤအမှုသည် ချစ်မြတ်နိုးသူ၏အလိုဆန္ဒကို ဆန့်ကျင်ခြင်း....။

လေပြင်းတစ်ချက် မွေ့လိုက်သဖြင့် အိန္ဒုသဲပွင့်များ လွင့်ခါသွားသည်။ တစ်နေရာတွင် လေပွေတစ်ခုဖြစ်ပေါ်လာပြီး သဲပွင့်များသည် ဝန်းဝိုက်လည်ပတ်လျက် အပေါ်သို့ လွင့်တက်သွားသည်။ ထိုလေပွေသည် ကျွန်ုပ်၏ရင်တွင်း၌
ဝင်ရောက်ဖြစ်ပေါ်လာသည်ဟု ခံစားရသည်။ မယ်တော်ဂုမ္ဘီ ကွယ်လွန်စဉ်က၊ မိဖုရားမန္ဒော ကွယ်လွန်စဉ်က၊ တူတော်များနှင့် ချစ်စွာသောနှမတော်  ကွယ်လွန်စဉ်က  ဖြစ်ပေါ်ခဲ့ဖူးသည့်နာကျင်မှုမျိုးနှင့်  မတူသည့်  နှလုံးနာကျင်မှု  ကျွန်ုပ်ရင်ထဲ၌ ဖြစ်ပေါ်လာသည်။

“ဘုရင်မင်းမြတ်၊ ဒီနေရာဟာ လေပွေများတိုက်ခတ်ပြီး သဲပွင့်တွေ လွင့်ပါးလှပါတယ်။ ပူပြင်းတဲ့နေအရှိန်ကြောင့်လည်း လေဟာ ပူနေပါတယ်။ ဘုရင်မင်းမြတ်ရဲ့ မျက်နှာဟာ နီရဲပြီး အနည်းငယ်မကျန်းမမာသယောင်ရှိတယ်လို့ ကျွန်ုပ်ထင်ပါတယ်။ အေးမြတဲ့ဒေသတစ်ခုခုကို သွားရောက်သင့်ပါတယ်”

သေနာပတိဂုမ္ဘဒီပသည် ကျွန်ုပ်၏မျက်နှာကို မရဲတရဲကြည့်ရင်း တောင်းပန်လိုက်လေသည်။

“ရာဝဏရဲ့ မျက်နှာပြင်က နီရဲနေတာမဟုတ်ဘူး၊ ဖြူရော်ရော်ဖြစ်နေတာ။ နီရဲနေတာက သူ့မျက်လုံးတွေ။ ကဲ ... ဒီလိုလုပ်၊ အခု ဟာရပ္ပနဲ့ အနီးဆုံးက မင့်ညီတော် ဘိဘိသနဆောက်ထားတဲ့ နဝမနဲ့ ဒသမပဗ္ဗတ တောင်ကြားခံတပ်ပဲ။
အဲဒီကို သွားကြရအောင်၊ ငါလည်းလိုက်မယ်၊ ငါတစ်ခါမှ မရောက်ဖူးသေးဘူး။ တောင်ကြားခံတပ်တွေထဲမှာ အဲဒီဥမင်ခံတပ်ဟာ အကောင်းဆုံးဆိုပဲ”

ဦးရီးတော်သည် ပြောပြောဆိုဆိုပင် ကျွန်ုပ်လက်မောင်းအိုးကို ကိုင်တွယ်လျက် ရထားရှိရာသို့ ဆွဲခေါ်လေသည်။ ဂုမ္ဘဒီပလည်း နောက်က လိုက်လာသည်။

“မနောအာရုံအပြောင်းအလဲပေါ့ ရာဝဏရယ်၊ လာပါ”

“ဒသဂီရိ” ဘွဲ့ကို ခံယူရန်အတွက် ကျွန်ုပ်သိမ်းပိုက်အောင်မြင်ခဲ့သော တောင်ကုန်းကလပ်များအကြား ခံတပ်များကို တစ်ခုပြီးတစ်ခု မောင်းနှင်ဖြတ်သန်းခဲ့သည်။ ခံတပ်များ၏အနေအထားများကို စစ်ရထားပေါ်မှသာ ကျွန်ုပ်တို့ကြည့်ရှုခဲ့သည်။ ညီတော်ဘိဘိသန၏အစီအမံဖြင့် ဆောက်လုပ်ထားသော ထိုခံတပ်များဖြင့်အတိပြီး​သော ???ဖြစ်​ပေသည်။ ခံတပ်အပြင်ဘက်တွင် တူးထားသော ကျုံး၏အကျယ်အဝန်းမှာ ရန်သူ၏မြားချက်မရောက်နိုင်သည့် အကျယ်အဝန်း ဖြစ်သည်။ တောင်ကြားတွင် တဝှီးဝှီးတိုက်ခတ်နေသည့် လေကြောင်းကိုလည်း အကာအကွယ်ယူထားသည်။ လေသည် ခံတပ်မျက်နှာစာကို အလျားလိုက် တိုက်ခတ်နေသောကြောင့် ကျုံးတစ်ဖက်မှ ရန်သူ၏မြားသည်  ခံတပ်ထိပ်သို့ ရောက်လာနိုင်စေဦး၊ တောင်ကြားလေအဟုန်ဖြင့် လွင့်ပါးတိမ်းချော်သွားမည်သာဖြစ်ပေသည်။

ညီတော်ဘိဘိသနသည် ကျုံးရေပြင်ကို အနက်မတူးဘဲ အကျယ်တူးခဲ့သည်။ သို့သော် ခပ်တိမ်တိမ်သာရှိသောရေပြင်၏အောက်ခြေ၌ ဆူးငြောင့်များစိုက်ထားသည်။ ထို့ကြောင့် ရန်သူသည် ကျုံးကို ကူးခတ်၍ ခံတပ်အောက်သို့  ချဉ်းကပ်ရန် မလွယ်ကူတော့ပေ။ တစ်ဖက်မှနေ၍ အဝေးအပြေးနိုင်ဆုံးသော လေးနှင့်မြားကို အသုံးပြုလျှင်လည်း တောင်ကြားလေအဟုန်တွင် မြားတံသည် ငှက်မွေးများသဖွယ် လွင့်မျောသွားကြမည်။ လှေများကို သုံးလျှင်လည်း အောက်တွင်စိုက်ထားသော ဆူးများက ရန်သူ့လှေဝမ်းကို ထိုးဖောက်ပစ်ကြမည်။ ညီတော်ဘိဘိသန၏ အစီအမံကား အဘက်ဘက်မှ လုံခြုံလှပေသည်။

“ရန်သူဟာ .... အိန္ဒုမြစ်ကမ်းက ကျောက်တုံးကြီးတွေ မ,လာပြီး ကျုံးရေထဲ ပစ်ချ၊ တံတားခင်းနိုင်မှသာ ခံတပ်ရောက်မှာပဲ။ ဘိဘိသန တော်သဟေ့၊ ဟား ..... ဟား .... ဟား”

ဦးရီးတော်က ဘိဘိသန၏အစီအမံကို နှစ်ခြိုက်စွာ ချီးကျူးသည်။

“တိုးတိုးပြောဦးရီးတော်၊ ကျုံးကိုဖြတ်ကူးတဲ့နည်းကို ဟိုမျောက်ဝံတွေကြားသွားလိမ့်မယ်။ ဒီကောင်တွေက လက်တံရှည်ရှည်နဲ့ ကျောက်တုံးတွေကို တကယ်မ၊ ကျုံးထဲပစ်ချပြီး ကျောက်တံတား တကယ်လုပ်ချင်လုပ်နေမှာ”

“ဟား ......ဟား ......ဟား ......ဟား ......”

ဦးရီးတော်၏ရယ်သံသည် တောင်ကြားလေတိုးသံကိုပင် ဖုံးလွှမ်းသွားသည်။

“အဲဒီကျောက်တံတားခင်းနေချိန်မှာ ခံတပ်ပေါ်က ရဲမက်တွေအဖို့တော့ တွင်းထဲက တောဝက်ကို လှံတံနဲ့ပစ်နေသလို လှလှပပကြီး လှံရေးပြကြမှာပေါ့ ရာဝဏရဲ့၊ ဟား ......ဟား ......ဟား ......”

မျောက်ဝံနှင့်တူသည့် မက္ကဋမျိုးနွယ်စုများကို စစ်သည်ရဲမက်ပြုလုပ်၍ ချီတက်လာသည်ဆိုသော ရာမ၊ လက္ခဏတို့၏သေနင်္ဂဗျူဟာကား ရယ်စရာကောင်းလှတော့သည်။ တောင်ကြားခံတပ်ရှစ်ခုကို ကျွန်ုပ်တို့ လှည့်လည်ကြည်ရှုပြီးနောက် နဝမနှင့် ဒသမပဗ္ဗတတောင်ကြားမှ ခံတပ်ဥမင်ဆီသို့ ဆက်လက်မောင်းနှင့်ခဲ့သည်။ ဆီးနှင်းမှုန်တို့သည် ကျွန်ုပ်၏ရထားဘေးနှစ်ဘက်တွင် လွင့်စဉ်၍ ကျန်ရစ်ခဲ့သည်။ အမွေးပွ စစ်မြင်းဖြူကြီးများသည် ရထားကို တက်ကြွစွာ ရုန်းဆွဲကြလေသည်။

နဝမတောင်အနီးသို့ ရောက်သောအခါ ရှေ့ခပ်လှမ်းလှမ်း ဆီးနှင်းများအကြားတွင် မည်းနက်သောအဆောက်အအုံကြီးကို ဝိုးတဝါး တွေ့လိုက်ရသည်။ ဘိဘိသန အထူးတလည်စီမံဆောက်လုပ်ထားသော ခံတပ်ဥမင်ပေတည်း။
ကျွန်ုပ်တို့ ဖြတ်သန်းလာခဲ့သော ခံတပ်များကို ပထမခံတပ်၊ ဒုတိယခံတပ် စသည်ဖြင့် အမည်ပေးထားသော်လည်း ယခု နဝမနှင့် ဒသမပဗ္ဗတတောင်ကြားခံတပ်ကိုမူကား ဘိဘိသနသည် ခြားနားသောနာမည် ပေးခဲ့သည်။ ယင်းအမည်ကား “ရာဝဏခံတပ်”။

ကျွန်ုပ်၏မျိုးနွယ်စုအမည်ကို အသုံးပြုထားသည်က အကြောင်းရှိပေသည်။ အခြားသောခံတပ်များသည် ရိုးရိုးခံတပ်များဖြစ်ကြသည်။ ရာဝဏခံတပ်ကား ထုထည်အကြီးမားဆုံးလည်းဖြစ်သည်။ အချက်အချာအကျဆုံးလည်းဖြစ်သည်။ ထို့ထက်ထူးခြားသည်ကား ဤခံတပ်အတွင်းဘက်၌ ဥမင်လိုဏ်ဖောက်လုပ်ထားသောကြောင့်ဖြစ်သည်။ ဥမင်လိုဏ်သည် ခံတပ်အပြင်ဘက်နေရာမှနေ၍ လမ်းနှစ်သွယ် ခွဲထွက်သွားသည်။ တစ်လမ်းမှာ လင်္ကာဒီပနန်းတော်သို့ အနီးဆုံးသွားနိုင်သည့်လမ်းဝသို့ ရောက်သည်။ အခြားတစ်လမ်းမှာ အိန္ဒုမြစ်ကမ်းသို့ ပေါက်ရောက်သည်။ ထိုနေရာ၌ အိန္ဒုမြစ်သည် မြစ်ကျဉ်းဖြစ်သည်။ မြစ်ကျဉ်း၏တစ်ဖက်ကမ်း၌ ကိသကိန္ဒာတိုင်းပြည်မှ  တောင်တန်းစွယ်များရှိသည်။ သို့သော် ထိုနေရာကား တောတောင်ထူထပ်လှသည်။ အိန္ဒုမြစ်၏ရေစီးမှာလည်း ထိုနေရာတွင် ရေစီးအလွန်ကြမ်းပေသည်။ ဥမင်တူးထားသည့် ခံတပ်ဖြစ်သောကြောင့် အခြားခံတပ်များကဲ့သို့ ရှေ့ဘက်တွင် ကျုံးရေပြင်မရှိချေ။ ကျုံးတူးလိုက်လျှင် ဥမင်လိုဏ်ဂူသည် ရေအားကြောင့် ပြိုကျပျက်စီးသွားမည်ဟု ဘိဘိသနက ကျွန်ုပ်ကို ပြောဖူးသည်။ ကျုံးမရှိသော်လည်း ရာဝဏခံတပ်သည် အခြားခံတပ်များထက်ပို၍ မြင့်မားကြီးကျယ်လှသောကြောင့် ရန်သူတို့ အလွယ်တကူ သိမ်းနိုင်မည်မဟုတ်ချေ။

ဦးရီးတော်သည် ရာဝဏခံတပ်၏အနေအထားများကို များစွာနှစ်ခြိုက်နေပေသည်။ ဘိဘိသနကိုလည်း ချီးကျူး၍မဆုံးဖြစ်နေသည်။ ရာဝဏခံတပ်နှင့် အနီးဆုံးနယ်စပ်ဖြစ်သည့် ကိသကိန္ဒာနယ်စပ် တပ်မမှ သေနာပတိဂုမ္ဘီကဏ္ဏသည် ကျွန်ုပ်တို့ကို လာရောက်ကြိုဆိုနေသည်။

“ဘုရင်မင်းမြတ်လာရောက်မယ့်အကြောင်း သတ္တမခံတပ်ဗိုလ်မင်းက အကြောင်းကြားထားပါတယ်၊ ဘုရင်မင်းမြတ် အလိုရှိတယ်ဆိုရင် ကျွန်ုပ် ဥမင်အတွင်းကို လိုက်ပြပါရစေ”

ဂုမ္ဘီကဏ္ဏက ဒူးထောက်၍ ပြောလိုက်သည်။ ဦးရီးတော်ကို လှမ်းကြည့်သောအခါ ဦးရီးတော်က လိုက်ကြည့်လိုကြောင်း ခေါင်းငြိမ့်ပြလေသည်။

“ကိုင်း .... သွားကြတာပေါ့”

ဂုမ္ဘီကဏ္ဏသည် ကျွဲချိုတံပိုးကို စူးရှစွာ မှုတ်လိုက်သည်။ ခံတပ်တံခါးပွင့်လာပြီး မြင်းစီးစစ်သည်ဆယ်ဦး ရောက်လာသည်။ မြင်းစီးစစ်သည်ဆယ်ဦးနောက်မှ ကျွန်ုပ်၏ရထားကို မောင်းနှင်လာခဲ့သည်။ ရာဝဏခံတပ်၏  အတွင်းဘက်သည်  လင်္ကာဒီပနန်းတော်ကဲ့သို့ ညီညာသောမြေပြင်မဟုတ်ချေ။ တောင်ကုန်းငယ်များဖြင့် အတိပြီးသည်။ တောင်ကုန်းငယ်တစ်ခုစီတွင် ကျောက်တုံးများဖြင့် ခံတပ်ငယ်များ အစီအရီ ဆောက်ထားသည်။ ရဲမက်များသည် စစ်ပွဲတွင် စခန်းချနေသည့်အတိုင်း လှုပ်ရှားနေကြသည်။ လင်္ကာဒီပတပ်မကဲ့သို့ ခမ်းနားသော စစ်သည်အဆောက်အအုံမရှိသော်လည်း အချိန်မရွေးအဆင်သင့်ဖြစ်နေသည့် လှုပ်ရှားမှုများကိုသာ တွေ့နေရပေသည်။

“ဒီခံတပ်ဟာ  ရန်သူများကို တွန်းလှန်ရေးထက် ရန်သူကို အထဲဝင်ပြီး ပြေးပေါက်မရှိစေဘဲ အားလုံးသတ်ဖြတ်ပစ်ရေးကို ပိုအဓိကထားပါတယ်။ ဟိုဘက်က ခံတပ်တွေကို အကယ်၍ ရန်သူဟာ ကျော်လွန်လာနိုင်သည်ပဲထားဦး၊
ဒီရာဝဏခံတပ်ကိုရောက်ရင်တော့ ဒီအထဲမှာ ပိတ်ပြီးမိနေမှာဖြစ်ပါတယ်။ ဒီထဲက  တောင်ကုန်းခံတပ်လေးတွေဟာ ဝင်္ကပါလိုရှုပ်ထွေးပြီး ရန်သူရဲ့မြင်း၊ စစ်ရထားတို့ ဘယ်လိုမှ တိမ်းရှောင်ခွင့်မရအောင် ချေမှုန်းနိုင်မှာဖြစ်ပါတယ်။ ရန်သူကို ကျုံးသွင်းလိုက်တဲ့ သေနင်္ဂဗျူဟာပါပဲ ဘုရင်မင်းမြတ်”

သေနာပတိ ဂုမ္ဘီကဏ္ဏသည် ခံတပ်အကြောင်းကို အသေးစိတ်ရှင်းပြနေလေသည်။

“မျောက်ဝံတွေအတွက် ထောင်ချောက်ဆိုပါတော့ ...”

ဦးရီးတော်က ပျော်ရွှင်မြူးတူးနေသောလေသံနှင့် မှတ်ချက်ချသည်။ ဂုမ္ဘီကဏ္ဏက လေးနက်စွာခေါင်းညိတ်ပြပြီး တစ်နေရာသို့ ညွှန်ပြလိုက်သည်။

“အဲဒါဟာ ဥမင်လိုဏ်တံခါးပဲဖြစ်ပါတယ်။ အထဲကိုဝင်ကြည့်လိုပါသလား ဘုရင်မင်းမြတ်”

“အေး ...ဝင်ကြည့်ရအောင် ”

ဥမင်လိုဏ်တံခါးမှာ ထူထဲသောသံပြားကြီးဖြစ်သည်။ စစ်သည်များက ကြိုးဖြင့်ဆွဲ၊ တံခါးကို ဖွင့်ကြလေသည်။ အထဲတွင် အနည်းငယ်မျှသာ မှောင်နေသည်။ ဂုမ္ဘီကဏ္ဏက တံခါးဝတွင် ချိတ်ထားသည့် ဝက်ဝံဆီမီးတိုင်ကို ဖြုတ်ယူလိုက်ပြီး အခြားမီးတိုင်များကို ထွန်းညှိလိုက်သဖြင့် အတော်အတန်အလင်းရောင်ရသွားလေသည်။ ဥမင်ထဲသို့ ကျွန်ုပ်တို့ဝင်လိုက်ကြသည်။ အထဲတွင်အေးစိမ့်၍နေသည်။ သို့သော် ဆယ့်ငါးတောင်မျှကွာသောမီးတိုင်များကို ဂုမ္ဘီကဏ္ဏက သွားရင်း ထွန်းညှိထားသဖြင့် ပူနွေး၍လာသည်။ ဥမင်နံရံကျောက်သားများသည် ဝက်ဝံဆီမီးရောင်တွင် ကြေးနီရောင်ထနေပေသည်။ အတန်ငယ်ဝင်မိသောအခါ လမ်းခွတစ်ခုကို တွေ့ကြရပေသည်။ ကျွန်ုပ်သည် ဘိဘိသန၏ရာဝဏခံတပ် ဥမင်အတွင်းသို့ ယခင်က ဝင်ရောက်ကြည့်ရှုခဲ့ခြင်းမရှိချေ။ ဘိဘိသနကလည်း ဤမင်အကြောင်းကို ကျွန်ုပ်အား အသေးစိတ်ပြောမပြခဲ့ဖူးပေ။

“ဒီလမ်းခွက ဘယ်လိုလဲ ဂုမ္ဘီကဏ္ဏ”

ဦးရီးတော် မာရဇ္ဇက မေးလိုက်သည်။ ဦးရီးတော်၏အသံသည် ဥမင်ထဲတွင် ပို၍ဟိန်းသွားလေသသည်။ ဂုမ္ဘီကဏ္ဏက ပြန်မပြောဘဲ ဝက်ဝံဆီမီးတိုင်ကို အထက်သို့ မြှောက်လိုက်လေသည်။ မီးရောင်ထဲတွင် ကျောက်ဂူနံရံပေါ်ရှိစာလုံးများ ပေါ်လာသည်။

“လင်္ကာဒီပနန်းတော်သို့”

“အိန္ဒုမြစ်ကျဉ်းသို့”

ဘိဘိသန ပြောဖူးသော လမ်းခွဲနှစ်သွယ်ပင်ဖြစ်သည်။

“ဒီလမ်းနှစ်ခုမှာ လင်္ကာဒီပလမ်းခွဲဥမင်လိုဏ်က ပိုပြီးရှည်ပါတယ်။ လင်္ကာဒီပနန်းတော်သို့လို့ လမ်းညွှန်ထားပေမယ့် နန်းတော်အထိ တိုက်ရိုက်ပေါက်တာမဟုတ်ပါဘူး။ လင်္ကာဒီပနဲ့ အနီးဆုံးတောစပ်ကို ရောက်တဲ့လမ်းပါ။ အိန္ဒုမြစ်ကျဉ်းသို့ဆိုတဲ့ လမ်းခွဲကတော့ ပထမလမ်းခွဲလောက် မရှည်ပါဘူး”

“နန်းတော်လမ်းခွဲဥမင်လိုဏ်ဘက် သွားကြမလား ရာဝဏ”

ဦးရီးတော်က ကျွန်ုပ်အား မေးလိုက်သည်။ ကျွန်ုပ်က ခေါင်းညိတ်လိုက်သည်။

“နန်းတော်လမ်းခွဲအတိုင်းသွားကြရင် ကျုပ် နန်းတော်အထိ ပြန်သွားမိလိမ့်မယ် ဦးရီးတော်၊ သီတာဒေဝီရှိနေတဲ့ နန်းတော်ဘက် ခြေဦးလှည့်မိရင် ကျုပ် ဒီကိုပြန်လာချင်မှာ မဟုတ်တော့ဘူး၊ ကျုပ်ရောက်သွားရင် သီတာဒေဝီကို
ဖျောင်းဖျသိမ်းသွင်းနေတဲ့ ဘိဘိသနရဲ့ လုပ်ငန်း အနှောင့်အယှက်ဖြစ်သွားလိမ့်မယ်။ ဒီတော့ ကျုပ်တို့ ဒီအိန္ဒုမြစ်ကျဉ်းလမ်းခွဲအတိုင်းပဲ သွားကြရအောင်။ ဒီဥမင်လိုဏ်ရဲ့ တစ်ဖက်က အိန္ဒုမြစ်ကျဉ်းနေရာကို ကြည့်ချင်တယ် ဂုမ္ဘီကဏ္ဏ၊ မင်းလည်း နယ်စပ်တပ်မကနေ ဒီကို ဒီဥမင်လိုဏ်အတိုင်းလာခဲ့တာမဟုတ်လား”

“မဟုတ်ပါဘူး ဘုရင်မင်းမြတ်၊ ဒီဥမင်လိုဏ်ကို ဘုရင်မင်းမြတ်အလိုရှိတဲ့အခါမှတပါး ဘယ်သူမှ အသုံးမပြုရဘူးလို့ အိမ်ရှေ့စံက အမိန့်ထုတ်ထားပါတယ်၊ ယခု ကျွန်ုပ် ဘုရင်မင်းမြတ်နဲ့အတူ အိန္ဒုမြစ်ကျဉ်းလမ်းခွဲဥမင်ကို
ပထမဆုံးအကြိမ် သွားဖူးတာဖြစ်ပါတယ်”

“အေး ....ညီတော်ဘိဘိသနက ဒီဥမင်နဲ့ပတ်သတ်ပြီး လျှို့ဝှက်ချက်တွေ အတော်လုပ်ထားတာပဲ၊ ကဲ ....သွားကြစို့”

ဂုမ္ဘီကဏ္ဏက ဝက်ဝံဆီမီးတိုင်ဖြင့် ရှေ့ဆုံးမှ လမ်းပြသည်။ ကျွန်ုပ်၏နောက်မှ ဦးရီးတော်မာရဇ၊ ဦးရီးတော်နောက်မှာ ဂုမ္ဘဒီပတို့ဖြစ်သည်။ ကျွန်ုပ်တို့ ၏ခြေသံများသည် ဥမင်အတွင်း ပဲ့တင်သံများ ဖြစ်ပေါ်စေသည်။ တစ်ခါတစ်ခါ
ဂုမ္ဘဒီပ၏ဓားအိမ်သည် ဥမင်ကျောက်နံရံနှင့် ထိခိုက်မိပြီး ကျယ်လောင်သောမြည်ဟိန်းသံများ ထွက်ပေါ်လာသည်။ အချို့နေရာတွင် ချိတ်ဆွဲထားသော ဝက်ဝံဆီမီးတိုင်များမှာ အအေးဓာတ်ကြောင့် ဝက်ဝံဆီများခဲနေသဖြင့် ရုတ်တရက် မီးထွန်းညှိ၍ မရချေ။ ထိုအခါများတွင် ဦးရီးတော်သည် လက်ဝါးနှစ်ဖက်ကို ပွတ်လှည့်ကာ မီးတိုင်အိမ်ကို လက်နှင့်အုပ်၊ အပူငွေ့ပေးရသည်။ ဝက်ဝံဆီများ ချက်ချင်းအရည်ပျော်သွားသည်ကို တွေ့ရသောအခါ ဂုမ္ဘီကဏ္ဏသည် ဦးရီးတော်၏လက်များကို ကြည့်ကာ အံ့အားသင့်နေလေသည်။

ထို့အပြင် ကျွန်ုပ်တို့အံ့အားသင့်ရသော အခြားတစ်ခုရှိသေးသည်။ ဥမင်လိုဏ်အတွင်း ကျွန်ုပ်တို့ခြေသံများကို လုံအောင်မထိန်းနိုင်သော်လည်း ဦးရီးတော်ထံမှ မည်သည့်အသံမျှ ထွက်မလာပေ။၊ယုန်တစ်ကောင်၏ ညင်သာမှုမျိုးဖြင့် ဦးရီးတော်၏ခြေလှမ်းများသည် တိုးတိတ်ညင်သာလှပေသည်။ ကျောက်ခဲလေးတစ်လုံးကို ခြေဖြင့်တိုက်မိသောအသံသည်ပင် ဥမင်အတွင်း၌  ကျယ်လောင်လှပေသည်ဖြစ်ရာ ဦးရီးတော်၏ဖျတ်လက်ညင်သာသော ခြေလှမ်းများကို သေနာပတိနှစ်ယောက်သည် တအံ့တသြဖြစ်နေကြလေသည်။

“ဘိဘိသနက အထူးစီမံဖောက်လုပ်ထားတဲ့ ဥမင်လိုဏ်ထဲမှာ ငါကလဲ သူ့အစီအမံကို လေးစားလိုက်နာရမယ်လေ”

ဦးရီးတော်အသံမှာလဲ ညင်သာလှသည်။ ပဲတင်သံကို ဖြစ်ပေါ်စေခြင်းမရှိချေ။ ဦးရီးတော်၏ပဋိပက္ခသေနင်္ဂဗျူဟာကို နားလည်နေသော ကျွန်ုပ်မှာမူကား မအံ့သြမိတော့။ ဘိဘိသန၏လျှို့ဝှက်သောအစီအစဉ်ကိုသာ တွေးတောနေမိသည်။ ဝက်ဝံဆီမီးတိုင်ပေါင်းများစွာကို ထွန်းညှိဖြတ်ကျော်ပြီးနောက်တွင် လတ်ဆတ်သောလေအနံ့ကို ရရှိလာသည်။ ဥမင်လိုဏ်အပြင်ဘက်သို့ ထွက်လိုက်သည်။ ပထမဆုံးသတိထားလိုက်မိသည်ကား တဟဲဟဲမြည်ဟည်းနေသော ရေစီးသံဖြစ်သည်။ အိန္ဒုမြစ်ကျဉ်းသည် ဘိဘိသနပြောသကဲ့သို့ ဤနေရာတွင် ကျဉ်းမြောင်းလှသည်။ ကျောက်ဆောင်တို့သည်လည်း ထူထပ်လှသည်။ ကျောက်တုံး၊ ကျောက်ဆောင်များအကြား ဖြတ်သန်းစီးဆင်းရသဖြင့်
ရေစီးကြမ်းသည်။ ရေစက်ရေမှုန်များသည် ရေမျက်နှာပြင်ပေါ် လူးလွန့် ခုန်ပေါက်နေကြသည်။ ရေသည် ကြည်လွန်းလှသဖြင့် အောက်ခြေမှ ကျောက်တုံးများကို မြင်နေရသည်။ ကျောက်တုံးများကား အရောင်အသွေးစုံလှပေသည်။

ကျွန်ုပ်သည် မြစ်ကျဉ်းကမ်းစပ်မှ ကျောက်တုံးကြီးတစ်ခုပေါ်သို့ ခုန်တက်လိုက်သည်။ အေးမြလတ်ဆတ်သောလေသည် လေပြည်ထက် အနည်းငယ်ပိုအရှိန်ပြင်းသည်။ ကျွန်ုပ်၏ဝတ်ရုံစသည် လေထဲတွင် တလွင့်လွင့် ယမ်းခါနေသည်။  မြစ်ကျဉ်း၏ဟိုမှာဘက်တွင် မတ်သောကျောက်နံရံကြီးများရှိသည်။ နံရံတလျှောက်တွင် အရောင်အသွေးစုံသော သစ်ခွပန်းများပွင့်နေကြသည်။ ကျောက်နံရံတစ်ခုလုံး အစိမ်းရောင်ရေညှိများ ဖုံးလွှမ်းနေပြီး ထိုအစိမ်းရောင်ပေါ်တွင် ခရမ်းရောင်နှင့် အနီရောင်သစ်ခွများပွင့်နေသည်ကား ထူးခြားဆန်းကျယ်သော မြင်ကွင်းတစ်ခုဖြစ်သည်။

“မှော်ရုံဟေဝန်နဲ့ ဂန္ဓမာလာမှာ ငါစိုက်ခဲ့တဲ့ သစ်ခွတွေ ကောင်းလှပြီထင်တာ၊ ဒီနေရာက သစ်ခွတွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ မယှဉ်သာအောင်ပါပဲလား၊ ငါ့တစ်သက်မှာ ဒီလောက်များပြီး ဒီလောက်လှတဲ့ သစ်ခွပန်းတွေ မတွေ့ဖူးသေးဘူး”

ဦးရီးတော်ကိုယ်တိုင်ပင် အံ့သြငေးမောနေတော့သည်။ ဤသစ်ခွပန်းများကို ကြည့်ရင်း ကျွန်ုပ်၏နှလုံးကို နွေးထွေးသွားစေသည်မှာ သီတာဒေဝီအား သတိရလိုက်မိသော အတွေးပင်ဖြစ်သည်။ သီတာဒေဝီသည် မှော်ရုံဟေဝန်၏  ရေတံခွန်၊ ကျောက်ဂူ၊ မြက်ခင်းတွင် ကလေးငယ်တမျှ ပျော်ရွှင်ခဲ့ဖူးပေသည်။ မှော်ရုံဟေဝန်သည်လည်း လှပရှုမောဖွယ်သောဒေသဖြစ်သည်။ သို့သော် သားကောင်များရှိသည်။ အနည်းဆုံးတော့ ရေသောက်ဆင်းသည့် သမင်များ၊  စမ်းချောင်းတွင် ကူးခတ်နေသည့်ရွှေငါးများရှိသည်။ အိန္ဒုမြစ်ကျဉ်းဤနေရာကား လင်္ကာဒီပနယ်စပ်၏ အစွန်အဖျားအကျဆုံး တောတောင်ဖြစ်သည်။ ဆီးနှင်းများအမြဲကျရောက်နေသော ဒေသလည်းဖြစ်သည်။ နက်မှောင်ဝေသီလှသော ထိုနေရာတွင် သားကောင်များ၊ တိရိစ္ဆာန်များမရှိကြပါ။ ရေစီးသံနှင့်သစ်ခွပန်းများ၊ ဆီးနှင်းငွေ့များနှင့် အစိမ်းရောင်ကျောက်နံရံကမ်းပါးကြီးများသာရှိသည်။ ပကတိတ်ဆိတ်အေးချမ်းသော ဒေသပေတကား။

“ဦးရီးတော်မာရဇ္ဇ”

“ဘာလဲ ရာဝဏ”

“အိန္ဒုမြစ်ကျဉ်း ဒီနေရာကို ဘယ်လိုထင်သလဲ”

“သက်ရှိသတ္တဝါကင်းမဲ့တဲ့ တကယ့်ပကတိသဘာဝဒေသပေါ့ ရာဝဏ၊ တိတ်ဆိတ်ပြီး နက်ရှိုင်းတဲ့ သာယာမှုကို ဆောင်တဲ့ဒေသပေါ့”

“ကျုပ် ရာမနဲ့ စီးချင်းထိုးပြီး သူ့ကိုသတ်ပြီးရင် သီတာဒေဝီနဲ့ ဒီနေရာကိုလာပြီး အနားယူမယ်။ လင်္ကာဒီပနန်းတော်အရေးကိစ္စမှန်သမျှကို ဦးရီးတော်နဲ့ ဘိဘိသနတို့နဲ့ လွှဲထားခဲ့မယ်”

ဦးရီးတော်သည် ကျွန်ုပ်အား တခါမျှ မမြင်ဖူးသည့်အလား စိုက်ကြည့်လေသည်။

“နက်ရှိုင်းတဲ့သာယာမှုကိုဆောင်တဲ့ သဘာဝဒေသလို့ ဦးရီးတော်ပြောလိုက်တယ်၊ အင်မတန်လျော်ကန်တဲ့စကားပါပဲ။ ဟောဟိုက သစ်ခွပန်းတွေကိုလည်း သီတာဒေဝီ အရူးအမူးမြတ်နိုးနှစ်ခြိုက်မှာပဲ၊ ရေစီးသံကိုလည်း သူသဘောကျမှာပဲ၊ ဒါပေမယ့် ဆီးနှင်းတွေရဲ့ အအေးဒဏ်ကိုတော့ သူခံနိုင်မှာမဟုတ်ဘူး”

ဦးရီးတော်သည် ကျွန်ုပ်၏ပခုံးကို ဆုပ်ကိုင်လိုက်သည်။

“ရာဝဏ...ရာဝဏ... ဒသဂီရိဘွဲ့ခံ လင်္ကာဒီပဘုရင်ရာဝဏ.... မင်းဆီက ဒီလိုနူးညံ့ပျော့ပျောင်းတဲ့လေသံ၊ ဒီလိုချိုမြတဲ့စကားလုံးကို ငါပထမဆုံးကြားဖူးတာပဲ။ စစ်သွေးတွေနဲ့ အမြဲတမ်း နီရဲခက်ထန်နေတဲ့ မင်းမျက်နှာပြင်မှာလည်း
ထူးဆန်းတဲ့အရိပ်တွေ ဖုံးလွှမ်းလို့ပါလား။ ဒီစကားမျိုး၊ ဒီသွင်ပြင်မျိုးကို မင်းပြောနေတယ်ဆိုတာ ငါကြားနေလျက်နဲ့ မြင်နေလျက်နဲ့တောင်မှ မယုံချင်ဘူး ရာဝဏ”

“ဟုတ်လား၊ ကျုပ် အဲဒီလိုဖြစ်နေသလား ဦးရီးတော်”

ဦးရီးတော်သည် ခေါင်းကို လေးပင်စွာ ညိတ်နေလေသည်။ ကျွန်ုပ်ကိုယ်ကျွန်ုပ်လည်း ထူးဆန်းလှသော အိမ်မက်တစ်ခုကို မက်နေရသလိုထင်မိသည်။ အိန္ဒုမြစ်ကျဉ်း၏ရေစီးသံများသည် ကျွန်ုပ်ကိုယ်တွင်းသို့ ဝင်ရောက်လှည့်ပတ်နေပြီထင်သည်။

“ဒါပေမယ့်  သီတာဒေဝီကို  ဒီနေရာခေါ်လာဖို့အတွက် ပထမဆုံး ကျုပ်ရဲ့ရန်သူ ရာမကို သုတ်သင်ပစ်ရမယ်။ သင်း အသက်ရှင်နေသရွေ့ သီတာဒေဝီဟာ သူရဲ့နှလုံးအိမ်ကို ပိတ်ဆို့ထားမှာပဲ။ ရာမဟာ ကျုပ်အတွက် ခလုတ်ကန်သင်းဖြစ်နေတယ်”

“အင်း .... တကယ့်ရာဝဏအစစ်ကို ငါပြန်မြင်ရပြီ”

“မြစ်ကျဉ်းအောက်ဘက်ကို သွားချင်ပါသေးသလား ဘုရင်မင်းမြတ်”

ဂုမ္ဘီကဏ္ဏမေးမြန်းသံကြားမှပင် သေနာပတိနှစ်ယောက်ကို ကျွန်ုပ်သတိထားမိတော့သည်။ ဂုမ္ဘီကဏ္ဏသည် ဤမျှတိတ်ဆိတ်သာယာလှပသော ဒေသမှာပင် သူ၏အာရုံကို ကျွန်ုပ်၏အလိုဆန္ဒကိုသာ နှစ်မြုပ်ထားဟန်တူပေသည်။

“မြစ်ကျဉ်းအောက်ဘက်ဆိုရင် မြစ်ပဲရှိတော့မပေါ့၊ အထက်ဘက်ဆက်သွားရင် ဘာရှိမလဲ”

ကျွန်ုပ်သည် မြစ်ကျဉ်း၏အထက်ဘက် အရှေ့ဘက်ဆီသို့ ကြည့်လိုက်သည်။ ဝေးလံသောကောင်းကင်ပြင်တွင် ညို့မှိုင်းသောတောင်ထွတ်ကြီးတစ်ခု ထိုးထွက်နေသည်။

“အဲဒီတောင်က .....”

“ဓမ္မိကတောင်သေလာပါ ဘုရင်မင်းမြတ်”

“ဓမ္မိကတောင်သေလာ” 

အိန္ဒုမြစ်ကျဉ်းကား ကျွန်ုပ်အတွက် ချိုမြသာယာသောအရာများကိုချည်း ဆောင်ကြည်းပေးနေသည်တကား။ ထိုဓမ္မိကတောင်သေလာ၏ခြေရင်း တစ်ခုသောစမ်းချောင်း၌ ကျွန်ုပ်သည် သီတာဒေဝီ၏ရုပ်ပုံရွှေလွှာကို ရရှိခဲ့ပေသည်။ ထူးဆန်းသော အရှက်နှင့်အကြောက်ကို ပထမဆုံး ကျွန်ုပ်တွေ့ရှိခဲ့သောနေရာ။

“အင်း ......နောင်ကျရင်တော့ ဒီနေရာကို အိန္ဒုမြစ်ကျဉ်းဆိုတဲ့ ရိုးစင်းတဲ့အမည်ကို ပျောက်စေရမယ်။ ဒသဂီရိဘုရင်၊ သီတာဒေဝီမိဖုရားတို့နဲ့ သက်ဆိုင်တဲ့အခြားအမည်တစ်ခုခုကို ပေးဖို့ ညီတော်ဘိဘိသနကို အမည်ရွေးခိုင်းရမယ်
ဦးရီးတော်”

“အေး  ......ဘိဘိသနဆိုရင်တော့ လေးနက်ပြီး လှပတဲ့အမည်တစ်ခုခု ရွေးနိုင်မှာပဲ။ ငါတော့ မင်းရဲ့ထူးခြားတဲ့ လေသံအသွင်ကိုကြည့်ပြီး တစ်မဟုတ်ချင်း ပြောင်းလဲနေတဲ့မင်းအဖြစ်နဲ့ လိုက်ဖက်လျော်ကန်မယ့် အမည်တစ်ခု ပေးချင်တယ်၊ ငါသိတဲ့ရာဝဏကို ဒီနေရာမှာ ငါမတွေ့ရဘူး။ အခြားရာဝဏတစ်ယောက်ကို တွေ့နေရတယ်”

“ဘယ်လိုတဲ့လဲ ဦးရီးတော်”

“ရာဝဏရဲ့ကြမ်းတမ်းခက်ထန်မှု၊ ရာဝဏရဲ့တကယ့်သဘာဝတွေ ပျောက်ကွယ်သွားတဲ့အဓိပ္ပါယ်နဲ့လေ၊ ငါပေးမယ့်နံမည်က ဒသဂီရိ၏ဝိဥာဉ်တဲ့”

“ဟား .........ဟာ........ ဟား ”

သေနာပတိနှစ်ယောက်က အနည်းငယ်ပြုံးနေကြသည်။

“ကျုပ်မှမသေသေးဘဲ ဒသဂီရိ၏ဝိညာဉ်လို့၊ ဦးရီးတော်အမည်က မကောင်းသေးပါဘူး။ ဘိဘိသနကလွဲလို့ ဘယ်သူမှတတ်နိုင်မှာမဟုတ်ပါဘူး”

“အိမ်ရှေ့စံဟာ တကယ်ပညာဥာဏ်လေးနက်ကြီးကျယ်တဲ့ ဒြာဝိဒိယန်တစ်ယောက်ပါပဲ”

ဂုမ္ဘဒီပက လေးစားသောအသံဖြင့် ဘိဘိသနကို ချီးကျူးနေသည်။

“ဘုရင်မင်းမြတ်၊ မြစ်ကျဉ်းအထက်ဘက်ကို သွားလိုပါသလား”

“မင်းအုပ်ချုပ်တဲ့ နယ်စပ်တပ်မကို ငါစိတ်ချပါတယ်၊ ငါတို့ လာလမ်းအတိုင်း ပြန်ကြစို့၊ ရာဝဏခံတပ်ကို ဆက်ကြည့်ကြစို့”

ဂုမ္ဘီကဏ္ဏသည် ဝက်ဝံဆီမီးတိုင်ကို ပြန်ကိုင်လိုက်သည်။ ကျွန်ုပ်တို့ ဥမင်လိုဏ်အတွင်းသို့ ပြန်ဆင်းခဲ့ကြလေသည်။ အလာခရီးက ထွန်းညှိထားခဲ့သောမီးတိုင်များကြောင့် ဥမင်လိုဏ်အတွင်း နွေးထွေး၍နေသည်။ အပြန်ခရီးတွင် ဦးရီးတော်သည် သေနာပတိဂုမ္ဘဒီပနှင့်အတူ ညီတော်ဘိဘိသအကြောင်းကို ချီးကျူးပြောဆိုလာကြသည်။ ကျွန်ုပ်ကိုယ်တိုင်လည်း လင်္ကာဒီပနန်းတော်သို့ပြန်ပြီး သီတာဒေဝီ၏သဘောတူညီမှုနှင့် စီးချင်းထိုးရန်အရေးကိစ္စကိုသာတွေးလာသည်။

ညီတော်ဘိဘိသနသည် သီတာဒေဝီအား လိမ္မာပါးနပ်စွာ ဖျောင်းဖျသိမ်းသွင်းထားလောက်ပေပြီ။ ဥမင်လိုဏ်တံခါးဝသို့ ကျွန်ုပ်တို့ပြန်ရောက်လာကြသည်။

“ဟင် ...... မေဃနာဒ”

သားတော်မေဃသည် တံခါးဝတွင် ခြေစုံရပ်လျက်ရှိသည်။ ကျွန်ုပ်ကိုတွေ့လိုက်သောအခါ ဒူးထောက်ချလိုက်သည်။ သူ့အား ကျွန်ုပ် လင်္ကာဒီပနန်းတော်တွင် တာဝန်ပေးထားခဲ့သည်။ အဘယ့်ကြောင့် သားတော်သည် ဤမျှဝေးလံသော ခံတပ်ဥမင်လိုဏ်ဝသို့ ရောက်ရှိနေရလေသနည်း။

“မင်းကို ငါ လင်္ကာဒီပပြန်လွတ်ခဲ့တယ်မဟုတ်လား သားတော်၊ ဘာဖြစ်လို့ မင်း ...”

သားတော်မေဃနာဒသည် လက်ထဲမှ တစ်စုံတစ်တစ်ရာကို ကျွန်ုပ်အား လှမ်းပေးလိုက်သည်။ စာချွန်ဖြစ်သည်။ စာချွန်ထည့်သည့် လေဟာဘူးမှာ ဘိဘိသန၏အိမ်ရှေ့စံတံဆိပ်ခတ်နှိပ်ထားသည့် ဘူးဖြစ်သည်။ ကျွန်ုပ် အထဲမှ စာချွန်ကို ထုတ်ယူလိုက်သည်။

“ညီတော်၏အကြံအစည် မအောင်မြင်ခဲ့ပါ၊ နောင်တော်ဘုရင်မင်းမြတ်ပေးအပ်သော တာဝန်ကို မကျေပွန်သည့်အတွက် ညီတော်အား ခွင့်လွှတ်ပါနောင်တော်ဘုရင်မင်းမြတ်”

“ဒါ .... ဘိဘိသနရဲ့စာ၊ ဘာအဓိပ်ပါယျလဲ၊ သူ ဘယျမှာလဲ မဃေနာဒ"

မေဃနာဒသည် ဘူးမပါသော စာချွန်လိပ်တစ်ခုကို ထပ်၍ပေးပြန်သည်။

“ဘထွေးတော်ဘိဘိသနရဲ့ စာနဲ့အတူ ရောက်ရှိလာတဲ့စာချွန်ပါ ခမည်းတော်”

ကျွန်ုပ် စာချွန်လိပ်ကို ဖွင့်လိုက်သည်။ မကဝဋမျိုးနွယ်စုတံဆိပ်ကို ခတ်နှိပ်လျက် ...။

“လပြည့်နေတွင် သင်၏လင်္ကာဒီပကို ကျွန်ုပ်တို့တိုက်ခိုက်မည်။ သင်၏ညီ အိမ်ရှေ့စံ ကျွန်ုပ်တို့နှင့်အတူ ရှိနေပြီ။ သူသည် ဥာဏ်ပညာရှိသော သုခမိန်ဖြစ်၍ ကျွန်ုပ်အားကိုးရသည်။ သင်ကား မိုက်မဲသူဖြစ်သည်။ သုခမိန်အိမ်ရှေ့စံကို
တပ်ဦး၌ ကျွန်ုပ်နှင့်အတူ ထား၍ မိုက်မဲသောသင့်အား သတ်မည်”
/အယုဒပြည့်ရှင် ဘုရင်ဒသရဋ္ဌ၏သားတော်ရာမမင်းသား

“သစ္စာဖောက်”

ကျွန်ုပ်သည် စာချွန်ကို ဆုပ်လုံး၊ မြေပြင်သို့ ပေါက်ချလိုက်သည်။ ညီတော်ဘိဘိသန၊ လင်္ကာဒီပ၏အိမ်ရှေ့စံ ဘိဘိသန၊ ကျွန်ုပ်၏လက်ရုံး သုခမိန်ညီတော်၊ ဦးရီး​တော်နှင့်တကွသော  သေနာပတိများအားလုံး၏ လေးစားမြတ်နိုးမှုကိုခံယူရသော ဘိဘိသနသည် ကျွန်ုပ်အား ယုတ်ညံ့သိမ်ဖျင်းစွာ သစ္စာဖောက်ချေပြီတကား။ ဒြာဝိဒိယန်၊ လင်္ကာဒီပအာဏာ၊ နောင်တော်ဒသဂီရိဘုရင် .... အားလုံးသောအရာတို့ကို သင်းသည် သစ္စာဖောက်လျက် အာရိယန်များနှင့်
ပူးပေါင်းချေပြီတကား။ သင်းအား သီတာဒေဝီကို သိမ်းသွင်းရန် ကျွန်ုပ်တာဝန်ပေးခဲ့သည်။ ယခု ......။

ဆက်ရန်
-------------------------
ချစ်ဦးညို

https://www.facebook.com/108529964142302/posts/125248082470490/

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)