ငှက်ကလေး (အပိုင်း-၁၁)
#ငှက်ကလေး
အပိုင်း (၁၁)
ခြံဝင်းတံခါးက ဝင်လိုက်တာနဲ့ ကျောထဲက စိမ့်ပြီး ချမ်းသွား၏။ ကိုယ်တို့အိမ်ကို ပြန်ရောက်ပြီ။ ဘူတာရုံမှာ ရထားဆိုက်ပြီးတော့ ဦးလေးမောင်မောင်ကြီးက သူ့ကိစ္စရှိတဲ့နေရာကို တန်းသွားသည်။ ကိုယ်က အိမ်ပြန်
လာသည်။ အိမ်ကတော့ ထုံးစံအတိုင်း ခြောက်ကပ်လျက်ပင်။ ကိုယ်ရောက်သွားသောအချိန်မှာ ဖေဖေရော မေမေပါ အိမ်မှာ မရှိကြ။ အလုပ်သွားကြပြီ။ မီးဖိုချောင်ထဲမှာတော့ ထုံးစံအတိုင်း ဆော်လီမားနှင့် မီးခိုးများသာ ရှိလေသည်။
ကိုယ်တို့အိပ်ခန်းထဲသို့ ဝင်ခဲ့သည်။ အဝတ်အစားတွေ ထည့်ယူသွားသော အိတ်ကလေးကို ခုတင်ပေါ် ပစ်တင်လိုက်သည်။ ပြီးတော့ အပြင်ခန်းကို ပြန်ထွက်လာသည်။ ဧည့်ခန်းထဲက ကုလားထိုင်မှာ ထိုင်သည်။ ကိုယ်သည် ဘာလုပ်ရမှန်းမသိဘဲ ကြောင်တက်တက် ဖြစ်နေသည်။ ဘာလိုနေမှန်း မသိ။ နောက်မှ စဥ်းစားမိသည်။ ကိုယ်တို့အိမ်သည် လူနည်းပြီး တိတ်ဆိတ်လွန်းနေခြင်းပင်ဖြစ်သည်။ ရန်ကုန်မှာတုန်းက ခုချိန်ဆို ကိုတွတ်တို့၊ သီတာ၊ နီလာတို့၏အသံများဖြင့် ဆူညံနေပြီ။
ကိုယ် ပြန်ခါနီးတုန်းက ကိုတွတ်ကြီးက ကိုယ့်လက်မောင်းကို အတင်းဆုပ်ကိုင်ထားပြီး "အစ်ကိုညီ၊ နွေကျောင်းပိတ်ရင် လာဦးနော်"ဟု ပြောသည်။ သီတာက ချောင်မှာ ကုပ်ထိုင်ပြီး တရှုံ့ရှုံ့ငိုနေသည်။ နီလာကတော့ “မပြန်ရဘူး၊ မပြန်ရဘူး"ဆိုပြီး အိမ်ရှေ့နှင့် အိမ်နောက်ဖေး ပြေးနေသည်။
ဦးလေးချစ်နှင့် ဒေါ်လေးသန့်ကို သတိရမိပြန်သည်။ ဦးလေးချစ်သည် လူရှေ့သူရှေ့ကျလျှင် ဒေါ်လေးသန့်ကို ဟောက်လားပြုလား လုပ်သော်လည်း တကယ့်တကယ်ကျတော့ ဒေါ်လေးသန့်ကို သူကြောက်ရသည်။ ဒေါ်လေးသန့်သည် ဦးလေးချစ်ကို နိုင်သည်ဆိုသော်လည်း ဦးလေးချစ် ကြိုက်တတ်တဲ့ စားစရာတွေ ဘာတွေကျတော့ ကောင်းကောင်းလုပ်ပေးတတ်သည်။ "လိုက်လည်း လိုက်တဲ့ လင်မယားပဲ”ဟု ဘွားမေသိန်းက ပြောဖူးပါသည်။
ကိုယ်တို့အိမ်မှာလည်း ဦးလေးချစ်တို့၊ ဒေါ်လေးသန့်တို့အိမ်လို ဖြစ်စေချင်သည်။ အဲဒီမှာလို ပျော်ပျော်ရွှင်ရွှင်နေချင်သည်။ ခုဟာက အိမ်မှာ ခြောက်တိခြောက်ကပ်။ ဖေဖေနှင့်မေမေသည် စကားပင် မပြောကြ။ ပြီးတော့ ဘွားမေသိန်းပြောသော စကားတစ်ခု ရှိသေးသည်။ ဖေဖေက ခွစာတဲ့။ ဖေဖေက ခွကျလို့ပဲ မေမေနဲ့ စကားမပြောကြတာလား၊ ဖေဖေက ခွမကျရင်ကော ကိုယ်တို့အိမ်သည် ဘွားမေသိန်းတို့ဆီမှာလို ပျော်စရာကောင်းမှာလား။
အဲဒါတွေကို ညနေထမင်းစားသည်ထိပင် ဆက်၍ စဉ်းစားနေမိသည်။ ထမင်းစားနေတုန်းမှာလည်း ကောင်းကောင်းမစားနိုင်။ ထမင်းစားရင်း ကိုယ်ငိုင်နေတာကို မေမေရုံးက ပြန်အလာမှာ တွေ့သွားသည်။ မေမေက ...
"ဟဲ့.. သား၊ ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား”
“ကောင်းပါတယ်”ဟု ကိုယ် တိုးတိုးပြန်ပြောသည်။
မေမေက ကိုယ့်ဘေးနားမှာ လာရပ်ပြီး“ဪ.. ဟုတ်သားပဲ၊ သား ဒီနေ့ ပြန်ရောက်မယ်မှန်း မသိလို့ ထင်ပါရဲ့ ၊ ငါးဇင်ရိုင်းမှ သားမကြိုက်ဘဲ၊ ကြက်ဥကြော် စားမလား၊ မေမေကြော်ပေးမယ်”
ကိုယ် ခေါင်းခါလိုက်သည်။
“စားလို့မကောင်းလို့ မဟုတ်ပါဘူး မေမေရဲ့”
“ဒါဖြင့် ဘာဖြစ်လို့လဲ”ဆိုပြီး ကိုယ့်ဘေးက ခုံမှာ ဝင်ထိုင်သည်။ ကိုယ့်မျက်နှာကို မေမေ စိုက်ကြည့်နေသည်။ ကိုယ်မနေတတ်တော့။
“ဟိုဥစ္စာပါ၊ ဟိုဟာလေ ရထားစီးလာရတာ အကြာကြီးပဲဆိုတော့ ညောင်းတာပေါ့”
“ အေး ... အေး”
မနက်ကျတော့ ထမင်းစားခန်းထဲမှာ ကိုယ်ကော်ဖီသောက်နေတုန်း ဖေဖေနှင့် တွေ့သည်။ ဖေဖေက ကိုယ့်ကို တစ်ခုမေးသည်။
“ဒေါ်ဒေါ်သိန်းက သားကို ဘာပြောလိုက်သေးသလဲ”
ကိုယ်အံ့သြသွားရသည်။ ရထားပေါ်မှာတုန်းကလည်း ဦးလေးမောင်မောင်ကြီးက ကိုယ့်ကို အဲသလို မေးသေးသည်။ မနေ့ညကတုန်းကလည်း မေမေက ရန်ကုန်မှာ ပျော်ရဲ့လား။ ဘယ်တွေ ရောက်ခဲ့သလဲ။ ဦးလေးချစ်တို့က ဘာတွေ ကျွေးသေးသလဲ။ လျှောက်မေးပြီးတော့ သားကို ဒေါ်ဒေါ်သိန်းက ဘာတွေများ ပြောလိုက်သေးသလဲ” တဲ့။
ခုလည်း ဖေဖေက မေးပြန်သည်။ ကိုယ်ကလည်း “ဖေဖေတို့ နေကောင်းလားလို့ မေးတယ်”ဟု ပြန်ပြောလိုက်သည်။ ဖေဖေက ကိုယ့်ကို ခဏကြာအောင် ကြည့်နေသေးသည်။ ကိုယ်လည်း ကြောက်လာသဖြင့် ကော်ဖီကိုပင် ကုန်အောင်မသောက်ပဲ ထထွက်လာခဲ့ရသည်။
သူတို့ သုံးယောက်စလုံးက ကိုယ့်ကို အဲသလို မေးခဲ့ကြသည်။ အန်တီလူးလာလျှင်ပင် ထပ်မေးနေဦးမလား မသိ။ တကယ်တော့ ကိုယ်ကသာ မေးရမှာ။ ကိုယ့်မှာ သိချင်တာတွေ အများကြီး။ မသိသေးတာတွေ အများကြီး။ ဘယ်သူ့ကို သွားမေးရမလဲ။
ကိုယ့်စိတ်တွေ တစ်မျိုးဖြစ်လာသည်။ ဖေဖေတို့ မေမေတို့အကြောင်းကို အရမ်းသိချင်လာသည်။ ဘွားမေသိန်းဆီကတော့ နည်းနည်း သိခဲ့ရသည်။ သို့သော်လည်း ကောင်းခန်းရောက်ခါနီးမှ ဘွားမေသိန်းက မဆက်တော့ဘဲ နေသည်။ ထိုအခါ ကိုယ်ပို၍ သိချင်လာသည်။ ကိုယ်သည် ရေချိုးပြီးတုန်းက မှန်ထဲမှာ ကိုယ့်မျက်နှာကို ပြန်ကြည့်ခဲ့သည်။ ကိုယ့်မျက်နှာသည် ရန်ကုန်က ပြန်လာမှ အသက်နည်းနည်း ပိုကြီးလာသည်ဟု ထင်မိသည်။
* * *
"သိလား”
"ဟင်.. ဘာလဲ”
မိခိုင်က ကိုယ့်ကို တစ်ခုခု ပြောလိုက်သည်။ ကိုယ် မကြားမိ။ ထိုကြောင့် သူ့ကို "ဘာလဲ " ဟု ပြန်မေးခြင်း ဖြစ်သည်။
"နင် ဘယ်လိုဖြစ်နေတာလဲဟင်"
“ဘာဖြစ်လို့လဲဟ"
"ငါပြောတာ နင် မကြားဘူးလား"
ကိုယ်က ခေါင်းခါပြလိုက်သည်။ သူက စိတ်ပျက်သလိုပုံစံမျိုး လုပ်လိုက်၏။
"နင် ခုတလော တစ်မျိုးဖြစ်နေတယ်”
“ဘယ်လိုတစ်မျိုးလဲ”
"ဘယ်လိုလဲဆိုတော့ ငိုင်တိုင်တိုင်နဲ့၊ နင့်ကို ကြည့်လိုက်ရင် တစ်ခုခု စဉ်းစားနေသလိုပဲ အမြဲတမ်းပဲ၊ ခုလည်း ကြည့်ပါလား။ ငါပြောနေတာကို နင်မကြားဘူး မဟုတ်လား။ ဘာတွေ စဉ်းစားနေတာလဲဟင်”
“မစဉ်းစားပါဘူး”
“ဟုတ်ပါတယ်ဟာ၊ ငါပြောနေတာလည်း စိတ်မဝင်စားဘူး”
"ဝင်စားပါတယ်”
"ကဲ.. အဲဒါဆို ပြော။ ငါ ခုနပြောတာ ဘာလဲ”
ကိုယ်က သူ့ဘက်လှည့်ကြည့်ပြီး ရယ်နေလိုက်ရသည်။ တကယ်တော့လည်း ခုန သူဘာပြောနေမှန်း ကိုယ်မသိ။ သူပြောသလိုပင် ကိုယ်သည် ခုတလော ဘာဖြစ်နေမှန်း မသိ။ တစ်ယောက်ယောက်နှင့် စကားပြောနေရသော်လည်း စိတ်မပါသလို ဖြစ်နေသည်။ တစ်ခါတလေ စာသင်နေရင်းကပင် စိတ်မဝင်စားမိဘဲ အပြင်ကို ငေးနေမိတတ်သည်။ မြန်မာစာအချိန်မှာပင် ဒီလိုနေလို့ တီချာမေက မဆူစဖူး ဆူတာကို ခံလိုက်ရသေးသည်။
“ကဲ... ပြောလေ ဘာလဲ”
“ကိုယ် သိပါတယ်ဆိုမှ ဘယ်လိုဖြစ်နေတာလဲ”
ကိုယ်က သူ့ကို ဟောက်သလို ပြောလိုက်သည်။
"ကဲ... ဒါဆိုလည်း ပြီးရော၊ ငါ ဆက်ပြောမယ်နော်”
“အင်း”
"ငါတို့ ဖေဖေက အဲဒီလိုလည်း ပြောလိုက်ရော ဟိုလူကြီးက ဒေါသဖြစ်ပြီး ..."
ကိုယ် လွှတ်ခနဲ ဝင်ပြောမိသည်။
“ဘယ်လူကြီးလဲ”
“ဟော... နင်ပဲ ခုနက သိပါတယ်ဆို၊ ခု ပေါ်ပြီ ဟုတ်လား၊ ငါပြောတာ နင်သေသေချာချာ နားမထောင်လို့ မသိတာပေါ့"
ကိုယ်က ရယ်သည်။ ရယ်ရင်း သက်ပြင်းလည်း ချလိုက်၏။
"ကဲပါဟာ၊ အစက ပြန်ပြော၊ ကိုယ် သေသေချာချာ နားထောင်မယ်"
“တော်ပြီဟာ မပြောတော့ဘူး”
သူ နှုတ်ခမ်းစူပြီး တဖက်ကို လှည့်နေသည်။ ကိုယ်သိသည်။ သူစိတ်ကောက်နေပြီ။ ဒီလိုဆိုတော့လည်း ကိုယ်မနေနိုင်ပြန်ပါ။
“မိခိုင်ရာ နင်ကလည်း တဆိတ်ကလေးရှိ စိတ်ကောက်ဖို့ပဲ”
သူက ကိုယ့်ကို လှည့်မကြည့်ဘဲ ပြောသည်။
"စိတ်ကောက်တာ မဟုတ်ပါဘူးဟာ၊ ငါဝမ်းနည်းတယ် သိလား"
"ဟင် ... ဘာဖြစ်လို့လဲ”
“နင်က... နင်က ငါ့ကို တကယ်မခင်ပါဘူး”
သူ့အသံက ငိုသံပါသလိုလို ဖြစ်လာသည်။
"ခင်ပါတယ်ဟာ”
ပြီးလျှင် ကိုယ်လည်း ဝမ်းနည်းသလိုလို ဘာလိုလို ဖြစ်သွား၏။
သူက .... "ခင်ပါဘူးဟာ၊ နင် အရင်ကလို မဟုတ်တော့ဘူး”
"ဟာ.. မဟုတ်တာ”
"ဟုတ်ပါတယ်၊ အရင်ကလို မခင်တော့လို့ပေါ့၊ နင် ခု ငါနဲ့ ထမင်းတူတူလာမစားတော့ဘူး မဟုတ်လား"
ကိုယ် ဘာပြန်ပြောရမှန်း မသိ။ ခုနောက်ပိုင်း သူနှင့် မုန့်စားလွှတ်ချိန် ထမင်းတူတူ သွားမစားတော့တာ အမှန်ပါပဲ။ သူနှင့် ထမင်းတူတူ စားကြပြီဆိုလျှင် သူ့ဆီက ဟင်းတွေကိုသာ ကိုယ်စားရတာများသည်။ ကိုယ့်ထမင်းဘူးထဲမှာက ဟင်းတယောက်စာသာ နည်းနည်းလေး ပါသဖြင့် သူ့ကို ခွဲကျွေးရင်တောင်မှ နည်းနည်းပဲ ကျွေးနိုင်သည်။ သူတို့ထမင်းချိုင့်ကျတော့ ဟင်းတွေက များလည်းများသည်။ သုံးလေးမျိုး၊ ကိုယ့်ထမင်းဘူးထဲကို သူကိုယ်တိုင် အများကြီး ခပ်ထည့်ထည့်ပေးသည်။ ကိုယ်က တော်ပြီဆိုတာတောင်မှ မရ။ သူ့အမေကပါ အတင်းကျွေးသည်။ ပြီးတော့လည်း လိမ္မော်သီးတို့၊ ရှောက်ချိုသီးတို့၊ သကြားလုံးတို့လည်း ကျွေးသေးသည်။ သူတို့ဆီကချည်းပဲ အမြဲစားနေရတော့ ကိုယ်အားနာလာသည်။ နောက်ပြီးတော့ ကိုယ်က မိခိုင်နဲ့ပဲ ထမင်းသွားသွားစားလို့ ဆိုပြီး ဂျွန်ဆင်တို့ ဇော်ဝင်းတို့က မကြည်ကြချေ။ တင်အောင်ခိုင်ကလည်း ကိုယ့်ကို စသည်။
"ကဲ.... ပြောလေ၊ မဟုတ်ဘူးလား"
သူ့ကို ကိုယ်လှည့်ကြည့်လိုက်သည်။ သူကလည်း ကိုယ့်ကို ကြည့်နေသည်။ စောစောက မျက်ရည်ဝဲထားသောကြောင့်လားတော့ မသိ။ သူ့မျက်လုံးတွေသည် လက်လက်တောက်နေကြသည်။ ကိုယ်လည်း ဒီဘက်ကို ပြန်လှည့်ပြီး "ခင်ပါတယ်ဟာ "ဟု တိုးတိုးပြောလိုက်၏။
* * *
တခါတုန်းက စီတန်းမှ ကျောင်းသားနှစ်ယောက် ငြင်းကြသည်။ တစ်ယောက်ရဲ့ အဖေက ရဲအုပ်ကြီး၊ နောက်တစ်ယောက်ရဲ့ အဖေက ဗိုလ်ကြီး၊ အဲဒါ ဘယ်သူက ရာထူးပိုကြီးသလဲလို့ ငြင်းကြခြင်း ဖြစ်သည်။ နောက်ဆုံးမှာ ဘယ်သူမှနိုင်အောင် မငြင်းနိုင်ကြသဖြင့် သူတို့အတန်းပိုင်ဆရာကို အဆုံးအဖြတ် ပေးခိုင်းဖို့ သွားကြသည်။ ဆရာ့ကို မေးကြည့်သောအခါ ဆရာက "အေး ... မှတ်ထားကြကွ၊ မင်းတို့နှစ်ယောက်စလုံးရဲ့ အဖေတွေထက် ဆရာ့အဖေက ပိုပြီး ရာထူးကြီးတယ်၊ ဆရာ့အဖေက ဗိုလ်မှူးကွ” လို့ ပြောသတဲ့။
ကိုယ်က ပြောပြသောအခါ တီချာမေက အရမ်းရယ်လေသည်။ ကိုယ်ဖြင့် တီချာမေ ဘာကြောင့် ဒီလောက်ရယ်မှန်း စဉ်းစားလို့မရ။ နည်းနည်းအရယ်ရပ်တော့မှ ကိုယ်မေးလိုက်သည်။
“မဟုတ်ဘူး တီချာ၊ ကိုယ်သိချင်တာက အဲဒီ ရဲအုပ်ကြီးနဲ့ ဗိုလ်ကြီးနဲ့ ဘယ်သူက ပိုပြီး ရာထူးကြီးသလဲဟင်"
တီချာမေသည် ရယ်တာ အရှိန်မသေသေး။ ခဏရပ်ပြီးမှ ကိုယ့်ကို ဖြေ၏။
"သူ့နေရာနဲ့သူ ရာထူးကြီးကြတာပါပဲကွယ်၊ ရဲဘက်မှာဆိုရင် ရဲအုပ်ကြီးက ရာထူးကြီးသလို စစ်ဘက်မှာဆိုရင်လည်း ဗိုလ်ကြီးက ရာထူးကြီးတာပေါ့။ သူ့နေရာနဲ့ သူပေါ့။ ရဲအုပ်ကြီးကလည်း ပြစ်မှုခင်းတွေကို ဖော်ထုတ်ပေးရတယ်။ ဗိုလ်ကြီးကလည်း တိုင်းပြည်ရဲ့ ရန်ကို ကာကွယ်ပေးရတယ်။ သူ့တာဝန်နဲ့သူ အရေးကြီးကြတာချည်းပါပဲ။ ဘယ်သူက ပိုပြီး ရာထူးကြီးတယ်လို့ ပြောလို့မရဘူး”
ကျောင်းမတက်ခင် ကျောင်းမှာ တီချာမေနှင့် တွေ့သောကြောင့် တူတူလိုက်လာခဲ့သည်။ ဆရာများအခန်းထဲတွင် ခဏဝင်ထိုင်ရင်း တီချာမေကို မေးကြည့်ခြင်း ဖြစ်သည်။ ကျောင်းတက်ဖို့က နာရီဝက်လောက် လိုလိမ့်ဦးမည်။ ဒီနေ့ တီချာမေရော ကိုယ်ပါ ကျောင်းကို အစောကြီးရောက်နေကြခြင်း ဖြစ်၏။ ခုနေခါ တီချာမေကို ကိုယ် တစ်ခုမေးချင်တာ ရှိသေးသည်။ မမေးရဲတာကလည်း တစ်ကြောင်း၊ ပြီးတော့ ကိုယ်တို့အိမ်က အကြောင်းကို တီချာမေ သိနိုင်ပါ့မလားဟု ထင်သည်က တစ်ကြောင်းကြောင့် မေးသင့် မမေးသင့် ကိုယ်စဉ်းစားနေရသည်။ ထိုအချိန်မှာ တီချာမေက ကိုယ့်ကို မေးလေသည်။
“ညီညီ့ကို တီချာမေ တစ်ခု မေးစရာရှိတယ်”
“မေးပါ တီချာ"
“ဒီလိုကွယ်၊ ခုတလော ညီညီ့ကို ကြည့်ရတာ တစ်မျိုးပဲ၊ စာသင်တာကို တစ်ခါတလေ စိတ်မဝင်စားသလိုပဲ၊ ဟိုတစ်နေ့က သိပ္ပံဆရာဦးတင်ဝင်းကလည်း ပြောတယ်၊ သူစာသင်နေတာကို ညီညီက မကြည့်ဘဲ ခေါင်းကြီးငုံ့ပြီး ဘာတွေ စဉ်းစားနေသလဲ မသိဘူးတဲ့။ နှစ်ရက် သုံးရက်လောက် သူသတိထားကြည့်မိတယ်တဲ့”
"မဟုတ်ပါဘူး တီချာ၊ ကိုယ် ... "
“ဟုတ်ပါတယ်၊ တီချာမေ့အချိန်မှာလည်း ဒီလိုပဲ၊ ဟိုတစ်နေ့ကတောင် အတန်းအပြင်ကို ငေးနေလို့ ဆူရသေးတယ် မဟုတ်လား။ ညီညီ ဘာဖြစ်နေသလဲဟင်၊ ခုတစ်ခါ ကျောင်းပြန်ဖွင့်ပြီးမှ ကြည့်ရတာ ပုံတစ်မျိုး ပြောင်းလာတယ်"
ကိုယ် ဘယ်လိုဖြေရမှန်းမသိ။ အမှန်အတိုင်း ဖြေရမှာလား။ တကယ့်တကယ်တော့ အမှန်အတိုင်း ဆိုသည်ကိုပင် ကိုယ်သေသေချာချာတော့ မသိပါ။ ကိုယ်မဖြေတတ်သည်ကို တီချာမေကလည်း သိပုံရသည်။ ထပ်မမေး။ သူ့ဘာသာ ပြောသည်။
"ခုချိန်မှာ ညီညီက စာကို ကြိုးစားရမယ့်အရွယ်၊ စာသင်နေတဲ့အချိန်မှာ စာထဲမှာပဲ စိတ်ဝင်စားသင့်တယ်၊ တခြားဟာတွေ လျှောက်မစဉ်းစားရဘူး”
“တခြားဟာတွေ”
"ဪ... ဒီလိုလေကွယ်၊ စာနဲ့မဆိုင်တဲ့ တခြားဟာတွေ၊ ဥပမာ သူငယ်ချင်းတွေအကြောင်းတို့၊ အိမ်ကအကြောင်း"
“ဟင်... ကိုယ့်အိမ်ကအကြောင်းကို တီချာမေသိလား”
တီချာမေသည် ဘာမျှပြန်မပြောဘဲ ကြောင်သွားသည်။ ပြီးမှ ..."နည်းနည်းပါးပါးတော့ သိတာပေါ့၊ ညီညီ့ဖေဖေက စက်မှုလက်မှုလုပ်ငန်း လုပ်တယ်၊ ညီညီ့မေမေကလည်း ရုံးမှာအလုပ်လုပ်တယ် မဟုတ်လား”ဟု ပြောပြီး တီချာမေ ကိုယ့်ကို စိုက်ကြည့်နေသည်။ တီချာမေသည် ကိုယ့်ကို အဲဒီလို မကြာခဏ ကြည့်တတ်သည်။ ဘယ်လိုကြည့်ပုံမျိုးလဲတော့ မပြောတတ်။
"ကဲ ..ကဲ သွားတော့၊ တီချာပြောတာ နားထောင်နော်”
ကိုယ်ခေါင်းညိတ်ပြပြီး ထွက်လာခဲ့သည်။ တီချာမေက ပြောသည်။ စာသင်ချိန်မှာ တခြားဟာတွေ လျှောက်မစဉ်းစားနဲ့တဲ့။ သူ့ဘာသာသူ စဉ်းစားမိတာ၊ မစဉ်းစားဘဲမှ နေလို့မရတာ။ ကိုယ်ဘာတတ်နိုင်မှာတဲ့လဲ။
* * *
“ဟယ်လို”
ကိုယ့်လက်မောင်းကို လာကိုင်သောကြောင့် မော့ကြည့်လိုက်သည်။ အန်တီလူး ဖြစ်သည်။
“ဟောင်းဒူး ယူဒူး "
ကိုယ်က ဘာမျှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။
“ကျောင်းက ပြန်လာတာလား"
ကိုယ် ခေါင်းညိတ်ပြသည်။
“အတော်ပဲ၊ အန်တီလည်း ညီညီတို့အိမ် သွားမလို့”ဟု ပြောပြီး ကိုယ့်ပခုံးပေါ်ကို လက်တင်သည်။ ကိုယ်နှင့်တူတူ လျှောက်လိုက်လာသည်။ ကိုယ်စိတ်ညစ်သွား၏။ အန်တီလူးသည် အိမ်ကို လိုက်လာပြီး စကားတွေ အများကြီးပြောတော့မည်။ ခုလောက်ဆို မေမေလည်း ပြန်မရောက်နိုင်သေး။ ဒီတော့ သူသည် ကိုယ့်ကိုသာ ဟိုမေး ဒီ မေး လုပ်တော့မည်။
အလိုလိုကမှ သူ့ကို သိပ်မကြည်ရတဲ့အထဲ၊ ဟိုတစ်နေ့က ဖေဖေ့အလုပ်ရုံမှာ တွေ့လိုက်ရသဖြင့် ပိုပြီး မကျေမနပ်ဖြစ်ခဲ့ရသည်။ အဲဒီနေ့တုန်းက ကိုယ်ကျောင်းရောက်သောအခါကျမှ “ပညာရည်တိုးတက်မှုကတ်ပြား” မှာ မိဘလက်မှတ် မထိုးရသေးကြောင်း သတိရသည်။ အဲဒီနေ့က ကတ်ပြားတွေ ပြန်အပ်ရမည့်နေ့ ဖြစ်သည်။ ကိုယ်သည် လက်မှတ်ထိုးခိုင်းဖို့ မမေ့စဖူး မေ့သွားသဖြင့် တီချာမေပင် အံ့သြသွားရသေးသည်။ တီချာမေ့ကို တောင်းပန်၍ မုန့်စားလွှတ်ချိန်ကျမှ မေမေ့ရုံးကို အမြန်ပြေးရသည်။ ဟိုရောက်တော့လည်း မေမေက မရှိ။ မြို့နယ်ရုံးကို ကိစ္စရှိလို့ သွားတယ်တဲ့။ ဒါနဲ့ ဖေဖေ့အလုပ်ရုံကို သွားရပြန်သည်။ အလုပ်ရုံထဲ ဝင်လိုက်သောအခါ သူတို့ကို လှမ်းမြင်နေရသည်။ အန်တီလူးက ဖေဖေ့ကို စကားတွေ ပြောနေသည်။ သူ့ထုံးစံအတိုင်း စကားပြောရင်း အိုက်တင်ကလည်း ပါသေးသည်။ ခေါင်းရော၊ ကိုယ်ရော၊ လက်ရော လှုပ်ပြီး ရှုပ်ယှက်ခတ်နေတာပဲ။ တစ်ချက် တစ်ချက်လည်း ရယ်သေးသည်။ ဖေဖေကတော့ သိပ်မပြော။ တစ်ချက် တစ်ချက်ကျမှ နည်းနည်းဝင်ပြောသည်။ ကိုယ့်ကို မြင်သောအခါ သူတို့ပြောနေသော စကားကို ဆက်မပြောတော့။ ကိုယ်လည်း ဖေဖေ့ကို ကတ်ပြားမှာ လက်မှတ်ထိုးခိုင်းပြီး ပြန်ထွက်လာခဲ့သည်။
အဲဒီတုန်းကလည်း ကိုယ် မကျေနပ်။ သူနဲ့ ဖေဖေ့အလုပ်ရုံနဲ့ ဘာဆိုင်လို့လဲ။ ပြီးတော့ အန်တီလူးသည် စကားပြောနေရင်းက ဖေဖေ့လက်မောင်းကို လှမ်းလှမ်းပုတ်တော့မလိုပဲ။ ဖေဖေကကော မေမေနဲ့ကျတော့ စကားမပြောဘဲ အန်တီလူးနဲ့ကျတော့ ဘာလို့ ပြောရသလဲ။ ဖေဖေနှင့် မေမေတို့ ပြဿနာတက်အောင် သူကြားထဲက ဝင်လုပ်နေတာလား မသိ။
“ဟေး ... အိမ်တောင်ရောက်လာပြီကွ”
အန်တီလူးက ပြောလိုက်မှ အိမ်နားရောက်လာကြောင်း သတိထားမိသည်။ ကိုယ်သည် ရှေ့က ခပ်မြန်မြန်လျှောက်၍ အိမ်ထဲဝင်လိုက်သည်။ လွယ်အိတ်ကို စားပွဲပေါ်တင်ပြီး အိပ်ခန်းထဲဝင်သည်။ ဘောင်းဘီတိုကလေးပဲ ဝတ်ပြီး ပြန်ထွက်လာသည်။ ရေချိုးခန်းဘက် သွားမည်လုပ်ပြီးမှ အိပ်ခန်းထဲပြန်ဝင်ပြီး လုံချည်တစ်ထည် ယူလိုက်သည်။ နောက် ရေချိုးခန်းထဲ ဝင်လိုက်သည်။
ကိုယ် ရေချိုး၊ အဝတ်အစားလဲပြီးသည်အထိ မေမေ ပြန်မလာသေးချေ။ ထမင်းစားခန်းထဲသို့ ဝင်လိုက်သောအခါ စားပွဲမှာ အန်တီလူး ထိုင်နေသည်ကို တွေ့ရသည်။ ထမင်းလည်း ပြင်ထားပြီးပြီ။
“ဆော်လီမားက ကိစ္စရှိလို့ ပြန်ချင်တယ်ဆိုတာနဲ့ ပြန်လွှတ်လိုက်ပြီ၊ ထမင်းပွဲတော့ အန်တီပဲ ပြင်ထားလိုက်တယ်၊ ဝင်စားလိုက်လေ”
ကိုယ် ဘာမျှမပြောဘဲ ထမင်းဝင်စားသည်။ ကိုယ်စားသည်ကို အန်တီလူးက ကြည့်နေသည်။ သူကတော့ မစားချေ။ ကိုယ်သည် သူ့ကို ထမင်းစားပါဦးလို့ မပြောမိ။
“ညီညီက တစ်ယောက်တည်း စားတာပဲ၊ အန်တီ့တော့ မကျွေးဘူးလား"
"ကျွေးပါတယ်"
ကိုယ်က မကြည့်ဘဲ ပြောသည်။
"ညီညီက အန်တီ့ကို စိတ်ကောက်နေတာလားဟင်”
ကိုယ် တစ်ချက်မော့ကြည့်ပြီး ခေါင်းခါပြလိုက်၏။ .
“ဟုတ်ပါတယ်ကွာ၊ အန်တီ သိပါတယ်။ တကယ်တော့ကွာ အန်တီဟာ ညီညီတို့မိသားစု ပျော်ပျော်ရွှင်ရွှင်နေတာကို သိပ်ကြည့်ချင်တဲ့သူပါ”
ကိုယ် သူ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ကိုယ့်စိတ်ထဲကလည်း အန်တီလူးဆီက တစ်ခုခု သိရတော့မည်ဟု ထင်လိုက်မိသည်။
“ကိုယ်တို့က ခု ဘာဖြစ်နေလို့လဲ”
ကိုယ် လွှတ်ခနဲ မေးလိုက်မိသည်။
“ဪ.. ဟိုဒင်း ဘာမှမဖြစ်ပါဘူးကွယ်”ဟု ပြောပြီး ကိုယ့်ကို အကဲခတ်သလို ကြည့်ကြောင်း ကိုယ်သိလိုက်သည်။
“ကဲ ကဲ... ထမင်းစားလိုက်ဦးလေ၊ ပြီးမှ စကားပြောတာပေါ့”
ကိုယ် သိသည်။ ကိုယ်ထမင်းစားပြီးလျှင် သူဘာမျှ ထပ်ပြောမည် မဟုတ်တော့။ အန်တီလူးသည် ကိုယ်က သူ့ကို မကြည်ကြောင်း ရိပ်မိနေပြီ ထင်သည်။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ သူ့ကို ကြည်တာ မကြည်တာထက် သူ့ဆီက တစ်ခုခု သိရဖို့ အရေးကြီးသည်။ ကိုယ်သည် သူ့ကို ပြုံးပြလိုက်၏။
“အန်တီကော ထမင်းမစားသေးဘူးလားဟင်၊ ခု တစ်ခါတည်း ဝင်စားပါလား”
“ဟင့်အင်း ... မင်းမေမေလာမှ စားတော့မယ်၊ ညီညီသာ ဝအောင် စားလေ”
“ကိုယ် တော်ပြီ”ဟုပြောပြီး ကြွေဇလုံထိ ထသွား၍ လက်ဆေးလိုက်သည်။ ကိုယ် စားတာ ထမင်းတစ်ဝက်လောက်ပဲ ရှိသေးသည်။ ကိုယ်သည် ထမင်းစားပွဲသို့ ပြန်လာပြီး လက်သုတ်သည်။ အန်တီလူးကို တစ်ချက်လှမ်းကြည့်ပြီး လှည့်ထွက်မည် ပြုသည်။
“ညီညီ "
သူ့ကို လှည့်ကြည့်လိုက်သည်။
"ခဏ ထိုင်ပါဦးကွ”
ကိုယ် ပြန်ထိုင်လိုက်သည်။
"အန်တီ ပြောပြမယ်၊ သေသေချာချာ နားထောင်နော်”
ကိုယ် ခေါင်းညိတ်ပြလိုက်၏။ အန်တီလူးသည် တော်တော်ကြာအောင် စဉ်းစားသလို လုပ်နေသည်။ ပြီးမှ ...
“မင်း ဖေဖေရယ်၊ မောင်မောင်ကြီးရယ်၊ အန်တီရယ်က ငယ်ငယ်က အခင်ဆုံး သူငယ်ချင်းတွေပေါ့။ တစ်တန်းထဲ တူတူကျောင်းတက်ကြတာ၊ ဆယ်တန်းအောင်တော့ အန်တီတို့က ကျောင်းဆက်တက်တယ်။ ကောလိပ်ကျောင်းကိုပေါ့။ ဖေအောင်ကတော့ ဆက်မတက်တော့ဘူး။ အလုပ်ဝင်လုပ်တယ်။ ကျောင်းအတူတူ မတက်ကြတော့ပေမယ့် အန်တီတို့သုံးယောက်က တွဲလျက်ပဲ။ တစ်ခုတော့ ရှိတယ်။ ဖေအောင်က အလုပ်ချိန်များလာတော့ အရင်လောက်တော့ မတွေ့ကြဘူးပေါ့။ ကောလိပ်မှာ အန်တီနဲ့ မင်းမေမေနဲ့ သိကြတာ။ အတန်းချင်းလည်းတူ၊ ဝါသနာချင်းလည်း တူတော့ အရမ်းတွဲမိကြတာပေါ့။ စောရော၊ အန်တီရော သီချင်းဆိုတာ ဝါသနာပါကြတယ် မဟုတ်လား။ တစ်နေ့တော့ အန်တီတို့အသင်းက ဝဲလ်ကမ်းလုပ်တယ်။ ကျောင်းသား ကျောင်းသူအသစ်တွေကို ကြိုဆိုတဲ့ပွဲပေါ့။ အဲဒီတုန်းက အန်တီတို့ တတိယနှစ် ရောက်နေပြီ။ အဲဒီပွဲမှာ စောက သီချင်းဆိုရတယ်။ ဘာသီချင်းလဲ ဆိုတော့ သူ့အကြိုက်ဆုံး သီတဂူ ဆိုတဲ့ သီချင်းပေါ့” ဟု ဆိုပြီး သီချင်းကို ညည်းပြနေသေးသည်။
"ဘုန်းမယ့်နန်းသာကီနွယ်၊ မြစံပယ်ငုံ၊ လလယ်ယုန်၊ ဆဆယ်ပုံပျက်ပါပေါ့ ဘုရား”
ဒီသီချင်းကို ကိုယ်မသိဘဲရှိပါ့မလား။ ညတိုင်ကျလျှင် မေမေဆိုနေကျ သီချင်းပဲဟာ။
"အဲဒီပွဲကို ဖေအောင်ကိုလည်း ဖိတ်သေးတယ်၊ သူက မလာချင်ဘူး။ အပျော်အပါးတွေ ဝါသနာမပါဘူး။ အလုပ်ပျက်တယ် ဘာတယ်နဲ့ ပေကပ်ကပ် လုပ်နေသေးတယ်။ မောင်မောင်ကြီးက အတင်းဆွဲခေါ်လာမှ ပါလာတာ။ ဒီမှာတင် စောသီချင်းဆိုတာကို တွေ့သွားတာ။ နောက်တစ်ခါ အန်တီ့မွေးနေ့မှာ သူတို့နှစ်ယောက် ထပ်ဆုံတယ်၊ အန်တီတို့က မိတ်ဆက်ပေးလိုက်လို့ သိသွားကြတာပေါ့၊ ဖေအောင်က သိလား၊ စောကို ကြိတ်ပြီး ကြိုက်နေတာ။ အန်တီတို့ကတော့ ဘာမှမပြောဘူး။ ဒါပေမယ့် သိတာပေါ့ကွ၊ ဟဲ .... ဟဲ ..."
အန်တီလူးက ရယ်လိုက်သည်။ ပြီးတော့ “ရေငတ်လိုက်တာ” ဆိုပြီး ရေထသောက်သည်။ ကိုယ်လည်း ရေသောက်ချင်လာ၏။ သို့သော်လည်း စကားပြတ်သွားမည်စိုးသောကြောင့် ဒီအတိုင်း ထိုင်နေရသည်။ အန်တီလူးက ပြန်လာထိုင်ပြီး “အဲဒါနဲ့ အဲ... အန်တီပြောတာ ဘယ်ရောက်သွားပလဲ”
"အန်တီတို့ကလည်း သိတယ်တဲ့"
“အေး ... အေး ... ဟုတ်တယ်”
သူ ကိုယ့်မျက်နှာကို ကြည့်ပြီး ရယ်သည်။ "ညီညီက သိပ်စိတ်ဝင်စားနေလား" ဟု မေးသည်။ ကိုယ်က ဘာမျှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်၏။
"အင်း ... အန်တီတို့အနေနဲ့ကလည်း တကယ်တော့ သဘောတူတာပါပဲ၊ ဖေအောင်က လူရိုးလူဖြောင့် ဆိုတာလည်း သိတယ်။ စောက စိတ်ထားကောင်းတာလည်း သိတယ်။ အဲဒီတော့ အန်တီတို့ကလည်း မြှောက်ပေးတာပေါ့၊ စောကိုလည်း အန်တီက အရိပ်အမြွက်လောက် ပြောထားရတာပေါ့။ ခက်တာက မင်းအဖေကွ၊ သူ့ဟာသူလည်း မပြောရဲဘူး။ အန်တီတို့က ပြောပေးမယ်ဆိုတော့လည်း မပြောရဘူးတဲ့။ ဖေအောင်က လူတစ်မျိုးကွ၊ ဒီလိုနဲ့ အချိန်တွေလည်း ကြာလာတာပေါ့။ အန်တီတို့ နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးတဲ့အခါကျမှ အဲ.. မင်းအဖေလုပ်ပုံ၊ ပြောမယ့်ပြောတော့လည်း ဘာပြောတယ် မှတ်သလဲ၊ သိလား မင်း"
ကိုယ် ခေါင်းခါပြလိုက်၏။
“အေး ... အဲဒါ ပြောမလို့ဘဲ၊ ဖေအောင်က စောကို ဘာပြောသလဲ ဆိုတော့ ကျွန်တော်ကတော့ မင်္ဂလာဆောင်ကို သိပ်ခမ်းခမ်းနားနားကြီး လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မစောမြင့်ကို တစ်သက်လုံး မကြောင့်မကျထားနိုင်အောင် ကျွန်တော် ကြိုးစားပါမယ်တဲ့။ ကဲ ... အဲဒါ သူ ပထမဆုံးပြောတဲ့ ရည်းစားစကားပဲ”
အန်တီလူးက အကြာကြီး ရယ်နေသည်။ ကိုယ်လည်း ဘာမှန်း ရေရေရာရာ မသိသော်လည်း လိုက်ရယ်မိသည်။
"အင်း ... အတိုချုပ်ကတော့ကွယ်၊ ကြိုက်သွားကြရောပေါ့၊ စောတို့ဘက်က သဘောမတူဘူး၊ ဒါနဲ့ ဖေအောင်က ခိုးပြေးတာ။ နောက်တော့လည်း စောမိဘတွေက ပြန်ခေါ်ပြီး လက်ထပ်ပေးလိုက်တာပါပဲ။ အဲ... မင်းတို့အဖေက ဘယ်လောက် ဂျစ်ကန်ကန်နိုင်သလဲဆိုရင် မင်္ဂလာဆောင်တဲ့နေ့က တိုက်ပုံအင်္ကျီမဝတ်ပါဘူး လုပ်နေလို့ မောင်မောင်ကြီးတို့ တော်တော် ပြောယူရသေးတယ်”
အန်တီလူး ဘာဆက်ပြောဦးမလဲလို့ နားထောင်နေသေးသည်။ ဘာမျှထပ်မပြောတော့။ ကိုယ်သိချင်နေတာတွေ ကျန်သေးသည်။ သူကလည်း ပြောတော့မယ့်ပုံမပေါ်။
“နောက်တော့ကော ဘာဖြစ်သေးလဲဟင်" ဟု ကိုယ် အရဲစွန့်၍ မေးလိုက်သည်။
“နောက်တော့လား၊ ညီညီ့ကို မွေးလာတာပေါ့ကွ”ဟု ပြောပြီး သူရယ်နေသည်။ ကိုယ့်ဆံပင်များကို သူ့လက်ဖြင့် ပွတ်သပ်ရင်း သူပြောသည်။
“မင်း နောက်တော့ သိလာမှာပေါ့ကွာ”
အိမ်ရှေ့က `ကလင်'ဆိုသော ခေါင်းလောင်းသံ ကြားသည်။ မေမေပြန်လာပြီ။
ဆက်ရန်
------------------
#မင်းလူ
Comments
Post a Comment