မုန်း၍မဟူ၊ အခန်း(၁၆)
မယ်သီလရှင်ကို အမုန်းဆုံး ဖြစ်၏။
သူ့လင်နဲ့သူ ခွဲနေသလို သူများ ချစ်ခြင်းလည်း ခွဲတဲ့ မယ်သီလ။
ဖန်ခေါင်းတုံးနှင့် ခပ်ဝါဝါ ပုံသဏ္ဌာန်သည် မျက်စိထဲ၌ ကန့်လန့်ကြီး ဖြစ်နေသဖြင့် သည်သဏ္ဌာန် ခပ်မြန်မြန် ကွယ်သွားအောင် အရက်ကို တစ်ကျိုက် မော့ချ လိုက်ရသည်။ ဦးစောဟန်သည် မူးလာလေသည်၊ ရမ်းလာလေသည်။
ထားထားမှာ ချဉ်စရာ ကောင်းသည်။
မယ်သီလရှင် ခေါ်လို့ ဝေက လိုက်ချင်ဦးတော့ သူ တားရမည်။ သည်ကကောင် ဘယ်လောက် ပူမယ်ဆိုတာ သူ သိရမည်။ ဝေ့ကို ဘယ်သူ ပိုင်သလဲ၊ အိမ်ထောင်နဲ့ မဟုတ်လား၊ လင် ငါးခုတ်တုံးနဲ့ ရလို့ လင်ကို အရေး ထားရမှန်း မသိတဲ့ မိန်းမ။
ထားထား မျက်နှာကို လက်ထဲက ဖန်ခွက်နှင့် ပိတ်ပေါက် လိုက်ချင်သည်။ သို့ရာတွင် ဖန်ခွက်အပြည့် ရှိသော ဆိုဒါ ဝီစကီကြောင့် ဖန်ခွက်ကလေးမှာ မကွဲဘဲ ရှိရတော့သည်။
ဦးစောဟန်သည် မျက်မှောင်ကြီး ကြုတ်လိုက်ကာ အံကြိတ်လိုက်၏။ လက်များမှာ တုန်လာလျက် ဖန်ခွက်ကို မြဲမြဲဆုပ် ထားရသည်။
ကိုနေဦးကို ဆွဲထိုးချင်သည်။
တောသား၊ သခင်စုတ်၊ အင်ပိုင်ယာကြီးများ အံတုလို့ အပ်တစ်ချောင်းတောင် ဖြစ်အောင် မလုပ်တတ်တဲ့ ကောင်က၊ နှမကို နိုင်ငံရေး သူတောင်းစား သခင်တွေနဲ့ ပေးစားချင်တယ် မှတ်တယ်၊ မလိမ့်တပတ်နဲ့ သီလရှင်နောက် ထည့်လိုက်ပြီး အမယ်ကြီးနဲ့ မယ်အေး ပြန်ခေါ်လာတယ်။ ပမာမခန့်နဲ့ ဒီဘက်တောင် လာကူး မပြောဘူး ... မီးတုတ်။
ဦးစောဟန်၏ မျက်လုံးများမှာ ဝင်းဝင်းတောက် သွားကာ သတိလစ်လျက် အရက်ကို မချန်မိဘဲ တစ်ဖန်ခွက်လုံး မော့ချလိုက်သည်။
“မောင်မြ ... ဝီစကီ”
ဦးစောဟန်မှာ အတော်မူး နေလေသည်။ အသံမကြား ဘာမကြား ငြိမ်နေရာမှ အာလေး လျှာလေးကြီးဖြင့် အရက်လှမ်းတောင်း လိုက်သော အသံမှာ မောင်မြ၏ နားထဲတွင် မိုးခြိမ်းသံလိုပါပင်။
ယနေ့ည အလွန်အကျွံ ဖြစ်နေသဖြင့် တော်လောက် စေချင်နေသည်။ ညစာ မစားသည်မှာလည်း ကြာမြင့်လာပြီ။ နေ့ပိုင်းသာ ဟန်မပျက် ဣန္ဒြေမပျက် အလုပ်ဆင်း လုပ်နေလျက်၊ ညဘက် လူမှန်းမသိအောင် ဖြစ်နေပုံကို မကြည့်လည်း မကြည့်ရက်၊ မပြောလည်း မပြောဝံ့။ ထို့ကြောင့် သခင်အပေါ်တွင် မေတ္တာသစ္စာ ကြီးသော ဘတ်တလာ အစေခံကောင်း ပီသစွာ မကြားချင်ယောင် ဆောင်လျက် ဆိုဖာနောက်တွင် ပုဝပ်နေပေသည်။
“မောင်မြ ... ဝီစကီ”
နောက်တစ်ကြိမ် ထစ်ချုန်းလိုက်၍ မောင်မြမှာ ကျောချမ်းသွားကာ၊ ဝပ်နေရာမှ ထလျက် ဝီစကီ အသစ် တစ်ပုလင်း ထပ်ဖောက်ပေး လိုက်ရသည်။
ဦးစောဟန်မှာ ဘယ်လောက်မူးမူး၊ ဝေ့ကိုတော့ အပြစ်မမြင်ပေ။ မူးလေလေ၊ ချစ်လေလေပင်။
“'ကို' ချစ်တဲ့ ဝေလေး၊ 'ကို့' မလွမ်းဘူးလား ဝေရယ် ... အောက်မေ့လှပြီ၊ ပြန်ခဲ့ပါတော့”
ဦးစောဟန်၏ မာနခဲမှာ အရည်ပျော်၍ မျက်လုံးတွင် ဝေ့နေလျက် စီးလျှံကျရန် ထွက်ပေါက်ရှာ နေလေသည်။
ဝေ၏အပြုံးမှာ မှုန်ဝါးနေသည်။ ဝေ့အသံလေးက ချစ်ခင်ဖွယ်ရာ ဝဲဝဲလာသည်။ ဘိုဆန်ဆန် ဝတ်စားထားသော ဆွယ်တာအင်္ကျီ အဖြူကလေးနှင့် အနက်ပေါ် အနီစက်အပြောက် ပိုးတွန့်ထဘီ ကလေးမှာ ကိုယ်နှင့်ကပ်လျက် ဝေနှင့် သိပ်လိုက်နေသည်။ လည်ပင်း၌ ပုလဲသွယ်သည် အရည်တောက်ကာ ဥလျက် ဝေ့အလှနှင့် ယှဉ်ပြိုင် ပနံရသည်။ လက်ကလေးများမှာ ဆင်စွယ်ရောင် ဖြစ်၍ သွယ်လျားသည်။ ဝေသည် အဝေးကပင် ရပ်နေကာ ရှေ့သို့ တစ်လှမ်း လာရောက်ခြင်း မရှိ။
ဦးစောဟန်သည် ကြည့်ရင်း ကြည့်ရင်း ဝါးလာလေသည်။ ထို့နောက် မူးလာလေသည်။ သူသည် အရက်မူးမူးနှင့် သူ့ရှေ့၌ ပျောက်သွားသော ဝေ့ကို အမိ လိုက်ဖမ်း နေလေသည်။ ရင်ထဲ၌ မခံရပ်နိုင်အောင် လှုပ်ရှားလွန်း၍ အသက်ပြင်းပြင်း ရှူနေရသည်။
အတန်ကြာမှ သူ့ကိုယ်ကြီးကို ပက်လက် ကုလားထိုင်မှ ဆွဲ၍ထူသည်။ မတ်လာသော ကိုယ်ကြီးမှာ ရှေ့သို့ ထိုးသွားမှန်း သိ၍ အသာထိန်း လိုက်ရာ၊ ရုတ်တရက် မထိန်းနိုင်ဘဲ နှစ်လှမ်း သုံးလှမ်း ရှေ့ထိုးသွားကာ ယိမ်းယိုင် သွားပြီးမှ ထိန်းလို့ ရလေ၏။ ခြေကို မြဲမြဲရပ်ပြီးမှ ခါးက ပလေကတ် ပုဆိုးကို ပြင်ဝတ်သည်။ ခေါင်းကြီးမှာ အောက်စိုက်လျက် အခန်းထဲ၌ အသည်းကွဲသော အကြည့်နှင့် ဟိုလှည့်သည်လှည့် ကြည့်လေ၏။
“မောင်မြ ...”
သူ့အသံ မဟုတ်သော အသံကြီးနှင့် ခေါ်လေ၏။ မောင်မြသည် ဆိုဖာနောက်မှ ဘွားခနဲ ထရပ်ကာ မီးရောင် အောက်တွင် မထိန်းနိုင် မသိမ်းနိုင် ဖြစ်နေသော သခင့်ကို မရဲတရဲ လှမ်းကြည့်လေသည်။ သူ့အား ရှာတွေ့မိသွားသော ဦးစောဟန်၏ ရဲရဲဝင်းဝင်း မျက်လုံးကို မဆိုင်ရဲသလို မျက်နှာ အောက်သို့စိုက်ကာ သူ့အကြည့်သည် ဘေးသို့ အနည်းငယ် စောင်းနေ၏။
မောင်မြသည် ထိုအမူအရာဖြင့် ငြိမ်သက်စွာ အမိန့်နာခံ နေသည်။
“ဒါလင့်ဆီကို နက်ဖြန်ည ငါ လိုက်သွားမယ်။ ကြားရဲ့လား၊ ဒါလင်နဲ့မှ ပြန်လာမယ်၊ ငါ့အဝတ်သေတ္တာ ပြင်လိုက်၊ ငါလိုက်ခေါ်မှ ပြန်လာမှာ မဟုတ်ဘူးလား ဟင်”
မောင်မြသို့ ယိုင်တိယိုင်တိုင် လမ်းလျှောက်လာကာ မောင်မြရင်ဘတ်မှ အင်္ကျီကို ဆွဲဆုပ်၍ လှုပ်လိုက်သဖြင့် မောင်မြမှာ သူပါ ရှေ့ထိုးလဲ သွားမလိုပင် ဖြစ်၍ ဆိုဖာ နောက်မှီကို လှမ်းကိုင်ထားရ၏။
“မှန်ပါ၊ လိုက်သွားပါ။ ဒီတော့မှ ... အစ်မ ပြန်လာပါလိမ့်မယ်”
ဦးစောဟန်သည် ဇက်ကျိုးနေလျက် မောင်မြ၏ မျက်နှာကို မျက်လုံးလှန် ကြည့်နေကာ၊ အင်္ကျီစကို မလွှတ်သေးသဖြင့် မောင်မြမှာ အသက်ရှူ မှားကာ အနေရကျပ် နေလေသည်။ ဦးစောဟန် လက်ပြုတ်သွားမှ နှလုံးထဲက သက်ပြင်းချ လိုက်ရသည်။
ယနေ့ညမှ ဘာစိတ်ဘာလက် ပေါက်ပြီး ထူးထူးဆန်းဆန်း လိုက်ခေါ်မည် ပြောသဖြင့် တစ်မျိုးအားဖြင့် ဝမ်းသာရသည်။ သွားခေါ်မှလည်း ဖြစ်ပေတော့မည်။ မောင်မြမှာ ညတိုင်း တစ်ချက်နှစ်ချက် အထိ မအိပ်ရဘဲ အပေါ် မတက်မချင်း စောင့်ရသော အလုပ်က ပိုလာ၍ မျက်တွင်းများ ချိုင့်နေလေသည်။
ဦးစောဟန်သည် ဒယိမ်းဒယိုင်နှင့် လှေကားဆီသို့ သွားရင်း စာရေးစားပွဲခုံ ရှေ့၌ ရပ်ကာ၊ ခုံပေါ်တွင် ထောင်ထားသည့် ဝေ့ ဓာတ်ပုံကလေးကို ငဲ့ကြည့်လျက် “ဂွတ်နိုက် ဒါလင်” ဟု နှုတ်ဆက် သွားလေသည်။
မောင်မြသည် အိမ်ပေါ်သို့ တက်သွားသည့် အထိ မျက်တောင် မခတ်သော မျက်လုံးများဖြင့် လှမ်းကြည့်နေကာ၊ အပေါ်ရောက်သွားမှ မီးခလုတ်ကို မှိတ်လျက် သည်းထန်စွာ သမ်းလိုက်လေသည်။
ဧည့်ခန်းထဲတွင် မှောင်မည်း သွားလေ၏။
နံနက်ဦး၏ နေဝန်း ရောင်ခြည်သည် ဧည့်ခန်းထဲသို့ ကျရောက်စ ပြုလေပြီ။
တောင်လေသည် အေးမြစွာ ပြတင်းမှ တဟူးဟူး တိုးဝင်နေသည်။
အိမ်ထောင့်ရှိ ဒန့်သလွန်ပင်မြင့် ပေါ်မှ ဝါရော်နေသည့် ဒန့်ဒလွန် ရွက်ဝါလေးများသည် အဆက်မပြတ် မြေအောက်သို့ ဖျပ်ဖျပ်ကြွေကျ နေကြလေသည်။
မောင်မြသည် တံခါးများကို ဖွင့်လှစ်ကာ မနေ့ကလိုပင် ဧည့်ခန်းကို ဖုန်သုတ်သ ပြင်ပေးရမည်။
ဧည့်ခန်းဘက်သို့ အလင်းရောင်များ ဝင်အောင် အိမ်တံခါးမကြီးမှ ခန်းစီးဝတ်ကို တစ်ဖက်သို့ စုလုံး ဖွင့်ထားလိုက်သည်။
ဧည့်ခန်းမှာ ဖရိုဖရဲ ဖြစ်နေလေ၏။ ညက ဦးစောဟန် သောက်ထားသည့် စီးကရက်တိုများမှာ ဆေးလိပ်ခွက် ပေါ်တွင် မြင်မကောင်းအောင် ပုံနေကာ ပြာများ လွင့်ဖိတ်ကျ နေလေသည်။ ပန်းအိုးနီကလေး ထဲမှ ဇီဇဝါပွင့်တို့သည် တစ်ရက်ဖြင့်ပင် ညှိုးဝါကာ နွမ်းရလေပြီ။ ကော်ဇောပေါ်၌ ပစ်ချထားသည့် ရုပ်စုံ အင်္ဂလိပ် မဂ္ဂဇင်း စာအုပ်များ တစ်အုပ်စီ ပြန့်ကြဲလျက်။
မောင်မြသည် ဖုန်သုတ် အဝတ်ဖြင့် ဖုန်သုတ်ပြီးနောက် နေရာတကျ လှအောင်ပအောင် ရှင်းလင်း ပြင်ရပြန်သည်။
မောင်မြ ဧည့်ခန်း ပြင်နေချိန်တွင် ဝေသည် အဖော်မပါ တစ်ယောက်တည်း အိမ်ဝသို့ ရောက်လာလေသည်။
အိမ်သို့ ရောက်မှပင် သူ့ကိုသူ နွမ်းနယ်နေမှန်း သတိထားမိ လေသည်။ အိမ်ဝ ရောက်ရောက်ချင်း သက်ပြင်းချ လိုက်မိ၏။
ဝေ့ပစ္စည်းများကို ခေါင်းတင်ရွက် ထားသည့် ကုလားမှာ ဝေ့နောက်တွင် ရပ်ဆိုင်း နေရ၏။ ဝေသည် အိမ်ထဲအဝင် တန့်နေပြီးမှ သူ့ကိုသူ အနိုင်နိုင် သယ်၍ လှမ်းခဲ့ရလေသည်။
မောင်မြသည် မျက်လုံးမျက်ဆန် ပြူးကာ ကြက်သေသေ သွားပြီးနောက်၊ ဝမ်းသာလုံး ဆို့လာ၍ ရုတ်တရက် အသံမထွက်နိုင်။ ဝေ့အနားသို့ အဟုန်နှင့် ရောက်လာလေသည်။
ဝေသည် မောင်မြ မျက်နှာကို ဝမ်းနည်းသော အပြုံးဖြင့် ပြုံးကြည့်နေသည်။ မျက်တောင်ကလေး စင်းလျက် ဝေ့မျက်နှာမှာ ဖြူရော်နေသည်။
“အစ်မရယ် ... သံကြိုးမပေး ဘာမပေး”
မောင်မြသည် စကားကို ရှိုက်ပြောရင်း ဝေ၏ မသာမယာနှင့် နွမ်းနေသည့် ခြောက်ခြောက်သွေ့သွေ့ ပုံပန်းကို သတိပြုကာ စိတ်မကောင်းသော မျက်နှာ ပြောင်းသွားသည်။
“တမင်ပဲ မရိုက်ဘူး။ သူကော ...”
ဝေသည် အားအင် ကုန်ခန်းနေသော အသံဖြင့် ပြောလျက် ဝေ့စိတ်မှာ ပတ်ဝန်းကျင်၌ ရှိဟန်မတူ။ ဝေ့အကြည့်မှာ ပြတင်းပေါက်မှ ဖြတ်ကျော်၍ တစ်ဖက်အိမ်ကြီးသို့ ရောက်လျက် ရှိလေသည်။ မငိုမိစေရန် နှုတ်ခမ်းများကို ကိုက်ထားလျက် ရှိသည်။
“မထသေးဘူး။ ညက သုံးနာရီလောက်မှ အိပ်တယ်၊ အစ်မမြင်ရင် ဘယ်လောက်များ ဝမ်းသာလိုက်မလဲ၊ ညက လိုက်ခေါ်မလို့ သေတ္တာတောင် ပြင်ခိုင်းပြီးပြီ”
ဝေ၏ မျက်လုံးထဲ၌ မျက်ရည်တွေ ဝဲလာသည်။ နီးရာ ဆိုဖာတွင် ဝင်ထိုင်လျက် ကိုယ်ကလေးကို နောက်သို့ ဖြည်းဖြည်း ကပ်မှီ နေလိုက်သည်။
မောင်မြသည် ပစ္စည်းများကို အတွင်းသို့ အသံမကြားအောင် သယ်သွင်းနေ၏။ ညက အိပ်ပျက်သော်လည်း ပေါ့ပါးဖျတ်လတ် နေသည်။
ပြန်တွေ့ရသော အရာဝတ္ထု အားလုံးတို့သည် ဝေ့မျက်စိထဲ၌ သူနှင့် အတော် အလှမ်းဝေး နေသလို ထင်မှတ်မိသည်။ သူနှင့် မပတ်သက် သလိုလိုလည်း အောက်မေ့မိသည်။ သူ့နေရာသူ ပြန်ရောက်ကာ သူ့ပစ္စည်းတွေသူ ပြန်တွေ့ရသည့် အသိတရားမျိုး ဟပ်လို့ပင် မဖြစ်နိုင်အောင် သူ့စိတ်နှင့် အားလုံးနှင့် ကွာလှမ်းနေ၏။
ဝေသည် သူ့နဖူးကို လက်နှင့် ကိုင်ထားကာ မျက်လုံးများ မှိတ်ထားသဖြင့် မောင်မြမှာ လုပ်ရင်းကိုင်ရင်း ဝေးဝေးကပင် မျှော်မျှော်ကြည့်သည်။
လက်ဖက်ရည် စားပွဲတွင် ပန်းကန်နှစ်လုံးချ ပြင်လိုက်ရသည့် အတွက် သူ့စိတ်ထဲ ကျေနပ်အားရှိ သွား၏။ မောင်မြမှာ ငိုရတော့မလို၊ ရယ်ရတော့မလို၊ ရင်ထဲတွင် ဖိုနေကာ ယောင်ယောင်မှားမှား ဖြစ်လျက် မွှန်နေလေသည်။
ထမင်းချက် ကုလား အဘိုးကြီးသည် ခြေနှင့် ကြမ်းနှင့် ဖိကာ ငှက်ကြီးဝန်ပိုများလို တစ်လှမ်းချင်း ခပ်ကျဲကျဲ လှမ်းထွက်လာလျက်၊ လိုက်ကာနောက်မှ ခေါင်းထွက်၍ ဝေ့ကို ချောင်းကြည့် လိုက်သည်။
ခေါင်းကို နှစ်သိမ့် အားရစွာ ညိတ်လျက် ကျေနပ်စွာ ပြုံးကာ ခြေလှမ်းကျဲကြီးနှင့် ပြန်လှည့်ဝင် သွားလေသည်။
အိမ်ပေါ်က ချောင်းသံတစ်ချက် ကြားလိုက်၍ မောင်မြမှာ ခေါင်းနားပန်းကြီး သွားလေသည်။ အပေါ်တက် ပြောရ ကောင်းမလား၊ အောက်ဆင်းလာမှ မြင်စေရမလား၊ မလုပ်တတ် မဝေခွဲတတ်နှင့် စိတ်အိုက်နေ၏။ ဆိုဖာပေါ်က ဝေကလည်း မလှုပ်။
နောက်တစ်ကြိမ် ချောင်းသံနှင့် ခြေသံပါ ထပ်ကြားရ၍ သူ့အခက်အခဲကို ဘယ်လို စီမံရမှန်း မသိ ဖြစ်နေစဉ်၊ ဝေသည် သူ့ကိုယ်ကို ဆိုဖာနှင့်ခွါလျက် အားယူ၍ ထလိုက်သည်။ ဝတ္တရားက သူ့ကို စေခိုင်း၍ သွားရသည့်ပမာ လှေကားဆီသို့ လေးကန်စွာ ထသွားလေ၏။
မောင်မြမှာ မျက်တောင်စိုက်လျက် အသက်မရှူ၊ အသည်း ယားယားနှင့် တအားခဲ ကြည့်နေလေသည်။
လှေကားရင်းမှာ အိမ်ပေါ်သို့ တစ်ချက် မော့ကြည့်လျက် ဝေသည် လှမ်း၍တက် သွားသည်။
ဝေ့ရင်ထဲ၌ ဘာမျှ လှုပ်ရှားခြင်း မရှိ။ အစစ အရာရာ မှုန်တိမှုန်မွှား ဖြစ်နေလျက်။ ထိုမှုန်တိမှုန်မွှား ထဲသို့ ဘာမျှ မမြင်သော မျက်ကန်းတောတိုး သွားနည်းမျိုး အရမ်းတက် သွားသည်။ ဝေ့ကို ကြည့်နေသော မောင်မြ၏ ရင်မှာ ရိုင်းရိုင်းကြီး ခုန်လျက် များစွာ လှုပ်ရှား နေလေသည်။
ဝေသည် အိမ်ခန်းဝက လိုက်ကာကို ဖယ်ကာ အတွင်းသို့ လှမ်းဝင်သည်။ ဦးစောဟန်သည် ဝေ အတွင်းရောက်၍ ဝေ့မျက်နှာကို မြင်မြင်ချင်း၊ သံကုန်ဟစ်၍ ခုန်ပေါက် လိုက်တော့မတတ် ရူးကြောင်ကြောင် မျက်နှာဖြင့် တုန်သွားလေ၏။
ထိုအခါမှ ဝေသည် ဒူးတွေတုန်ကာ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထသွားလေသည်။
“ဝေ ...”
နှုတ်မှ အက်ပြီး တုန်နေသောအသံနှင့် တစ်လုံးချင်း ခေါ်ရင်း တုန်ရီနေသော မျက်နှာကြီးသည် နဖူးဆီသို့၊ ပါးဆီသို့၊ မေးစေ့ဆီသို့ ပတ်၍ သွားပြီးမှ၊ အားနွဲ့နေသော မျက်နှာလေးနှင့် ဆုံကာ အားယူ စိုက်ကြည့်နေသည်။
ဝေသည် ဘာမှမပြော၊ ဘယ်လို အမူအရာမှလည်း မပြ။ မျက်နှာလည်း လှုပ်ရှားခြင်း မရှိ။ မျက်လုံးများမှာ အရောင်မရှိ၊ အကန်းလိုပင် ကြောင်နေလျက် မြင်မှ မြင်ပါလေရဲ့လား မသိ။
ဦးစောဟန်သည် “ဝေ ပြန်လာပြီ” ဟု ပြောလိုက်ကာ ပခုံးကလေး နှစ်ဖက် ပွေ့ဖက်လိုက်သည်။
သူ့အသံမှာ ခြောက်သွေ့သော လည်ချောင်းထဲမှ ခက်ခက်ခဲခဲ ထွက်လာဟန် တူသည်။
ဝေသည် နားထဲတွင် နင့်သွားကာ ယိမ်းယိုင်လျက် သူ့ခေါင်းကလေးကို ဦးစောဟန်၏ ရင်ခွင်ထဲ၌ မှီအားပြု လိုက်ရသည်။
ဦးစောဟန်သည် ဝေ့ကို အားရပါးရကြီးသာ ဖက်ထားကာ အသံမထွက် နိုင်တော့ပေ။ သူ့လက်နှင့် ဝေ့ကျောကို ခပ်ကြမ်းကြမ်း ဖိတွန်း ပွတ်သပ် နေရာမှ လက်မောင်းလေးကို တင်းတင်းကျပ်ကျပ်ကြီး ဆုပ်ဖျစ် နယ်နေပြန်ကာ၊ သူ့ရင်ထဲ၌ မချုပ်တီးနိုင်သည့် အဖြစ်ကို သူ့လက်ကြီးက အဓိပ္ပါယ် ဖော်ပြ နေပေသည်။
ဝေဝေသည် ကြမ်းကြမ်းတမ်းတမ်း ထိတွေ့ခြင်း မခံရဖူး၍ အံ့ဩမိသည်။ ဦးစောဟန်၏ အပြုအမူကို နာကျင်စွာ ခံရင်းမှ၊ သူ့ပေါ်တွင် မည်မျှလောက် ဆွေးနာနေသော အဓိပ္ပါယ်ကို အကဲခတ်မိ လေသည်။
ဦးစောဟန်သည် စိတ်ရှိသလောက် ဆုပ်ဖျစ်ပြီးနောက်၊ ဝေနှင့် ခွါ၍ ဝေ့ပခုံးကလေးကို ကိုင်ကာ၊ ခေါင်းကအစ ခြေအဆုံး ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။
ဝေ့နားထင်မှာ ချိုင့်လျက်၊ မျက်နှာလေးမှာ တော်တော်ကျ သွား၏။ ဝေ့ အဝတ်အစားများမှာ ဝေ့အဝတ်အစား မဟုတ်သကဲ့သို့ ဝေ့ကိုယ်တွင် ပွရောင်း နေလေသည်။ ဝေသည် အားအင် ကုန်ခမ်းကာ ဖြူဖပ်ဖြူရော်ကြီး ဖြစ်နေလေသည်။
ဝေ့မှာ မျက်ရည်များ လိမ့်ဆင်းလျက်၊ ဦးစောဟန်၏ စစ်ဆေးနေသော အကြည့်ကို ခံရင်း ရင်ထဲ၌ ကျပ်သိပ်လာသည်။ ဝေ၏ ထိန်းထားသော စိတ်သည် လွတ်ထွက် သွားလေသည်။
“ကို ...”
ဦးစောဟန်သည် ဝေ့ကို တအား ပြန်ဖက်ပြန်သည်။ ဝေ့ပခုံးပေါ်တွင် မျက်နှာကို မှောက်လိုက်လျက် “ပိန်လှချည်လား ဝေရယ်” ဟု အက်ကွဲ နာကြည်းလှသော အသံဖြင့် ပြောနေလေသည်။
ဝေသည် ငြိမ်နေ လိုက်သေးသည်။ နောက်မှ အားတင်းပြီး ရင်ဘတ်ကို တွန်းကာ မျက်နှာချင်းဆိုင် လိုက်သည်။
“ဝေ့မှာ ကိုယ်ဝန်ရှိ နေပြီ”
ဝေသည် အသက်မရှူနိုင်အောင် တင်းတင်းကျပ်ကျပ်ကြီး ဖြစ်သွားလျက်၊ ဦးစောဟန်၏ ရင်ခွင်ထဲတွင် မလွန့်သာ မတွန့်သာဘဲ မျက်လုံးများ ပြာဝေသွား လေသည်။
-----------------------------------------------
ဂျာနယ်ကျော်မမလေး
crd 👉 http://openread.atspace.cc/works/02062020_nv.html
Comments
Post a Comment