မုန်း၍မဟူ၊ အခန်း (၁၂)
“ဖေဖေ”
ဝေဝေသည် ဦးဘိုးသိန်း ခုတင်ဘေးတွင် ရပ်ကာ ငုံ့လျက် ခပ်တိုးတိုး ခေါ်လိုက်လေသည်။
ဒေါ်သက်သည် ခုတင်ပေါ်၌ ထိုင်လျက် ဦးဘိုးသိန်း၏ ဘဝင်ကို အုပ်နှိပ်ထားသည်။ ကိုနေဦးသည် ပက်လက် ကုလားထိုင် ပေါ်၌ လှဲလျက် နဖူးပေါ်တွင် လက်တင်ကာ မှိန်းနေသည်။ အခန်းထဲသို့ ဝေဝေ ရောက်လာမှ လှဲနေရာက ထိုင်ပြီး ခုတင်ဘက်သို့ လှည့်ကြည့်နေ၏။
ဝေဝေမှာ “ဘဘကြီး မောနေတယ်” ဟု မယ်အေး လာပြော၍ ခေါင်းနားပန်း ကြီးသွားကာ ပြေးလာခဲ့သည်။ ဦးစောဟန်မှာ နံနက်စောစောကပင် ဝါးခယ်မသို့ သွားလေရာ နေ့လယ်မှ ပြန်ရောက် ပေလိမ့်မည်။
ဦးဘိုးသိန်းမှာ ရုတ်တရက် မျက်စိ မဖွင့်သောကြောင့် “ဖေဖေ” ဟု ထပ်ခေါ် လိုက်ပြန်သည်။
ဦးဘိုးသိန်းသည် နဖူးပေါ်၌ စို့နေသော ချွေးများကို လက်ကိုင်ပဝါဖြင့် အသာ သုတ်နေလျက် နောက်မှ မျက်လုံးများ ဖွင့်ကြည့်သည်။ အမောဒဏ်ကြောင့် ပန်းလျသွားသည့် လက္ခဏာမှ တစ်ပါး မျက်နှာ ကြည့်ရတာ ကောင်းသည်။
“ဘယ်လို နေသေးသလဲ ဖေဖေ”
ပူးပူးကပ်ကပ် မနေပါနှင့်ဟု မှာထားသော ဦးစောဟန်၏ စကားမှာ အမှတ်မရတော့ဘဲ၊ ဖခင်၏ ဘေးနားတွင် ဝင်ထိုင်လျက် ခေါင်းအုံးဘေးနားက ယပ်တောင်ယူကာ သာသာညင်းညင်း ခတ်ပေးလေသည်။
“စောစောက ချောင်းဆိုးပြီး အတော်မော သွားတယ်။ ခုတော့ ခံသာပါပြီ သမီးရယ်”
ဝေဝေသည် ရင်ထဲက မချမ်းသာလျက်နှင့် မျက်နှာ ချိုချိုသာသာ ထားကာ ဖခင်ကို ရွှန်းရွှန်းစားစား ကြည့်နေသည်။
“မနက်က အိပ်ရာက ထတုန်းက လန်းလို့ပဲ။ အောက်တောင် ဆင်းမလို့၊ မဆင်းပါနဲ့ကွယ်လို့ ပြောရသေးတယ်။ နို့ဆန်ပြုတ် သောက်ပြီး ချောင်းဆိုးလိုက်တော့ သီးသွားတယ်။ မောနေတာအေ ... မျက်လုံးကို လည်နေတာပဲ။ မောင်နေဦး ရောက်လာပေလို့ပဲ။ ဆရာဝန် ခေါ်ခိုင်းပြီး ဆေးထိုးရတယ်”
“အစ်ကိုကြီးက ဘယ်တုန်းက ပြန်ရောက်သလဲ” ဟု ကိုနေဦး ဘက်သို့ လှည့်မေးလိုက်သည်။ ကိုနေဦးမှာ သခင်တွေနှင့် နယ်ဆင်း တရားဟော ထွက်နေသည်။ ခုတလော နိုင်ငံရေး လှုပ်ရှားသဖြင့် အလုပ်များလျက် ရှိသည်။ ဌာနချုပ်မှ ပေးပို့သော ညွှန်ကြားလွှာ အတိုင်း စည်းရုံးရေး အလုပ်များဖြင့် တောဆင်း နေရသည်။
“ညကမှ ဟိုဘက်ကမ်း ပြန်ရောက်တယ်။ စက်မှာအိပ်ပြီး မနက်စောစော ကူးလာရင်း ဝင်လာတာ။ ဦးစောဟန် မော်တော်လေးတောင် တွေ့လိုက်ရသေးတယ်။ လက်ပြသွားတယ်”
“ရေနံမြေ အလုပ်သမား သပိတ်ကြီး ရန်ကုန်မြို့ ချီတက် လာတယ်လို့ သတင်းစာထဲ ပါတယ်။ အခု ဘယ်ရောက် နေကြပြီလဲ” ဟု ဒေါ်သက်က လှမ်းမေးလေသည်။
“မကွေးရောက်လို့ ခေါင်းဆောင်တွေတောင် ဖမ်းသွားပြီ ကြီးတော်”
ဝေဝေမှာ လူမမာ ရှေ့တွင် ခေါင်းရှုပ်စရာ သတင်းများ မကြားစေလိုသဖြင့် စကားပြတ်အောင် “ဖေဖေ ညက အိပ်ရရဲ့လား” ဟု မေးလိုက်သည်။
“အိပ်ရပါရဲ့။ အစားအသောက်တော့ ပျက်တယ်ကွယ်။ ထားထားဆီကို စာပြန်ပြီးကြပြီလား”
လူမမာမှာ ရုပ်ကောင်းသော်လည်း အသံပျက်နေသည်။ တရှောင်ရှောင်နှင့် မမာနေခဲ့ရာ ဝေဝေ လက်ထပ်တုန်းက စိတ်မောမောနှင့် အတော်ပန်း သွားခဲ့လေသည်။ စိတ်ဆောင်ကာ သက်သာနိုးနိုးနှင့် အားတင်းလျက် နေသည့်ကြား၊ သက်သာလိုက် တိုးလိုက် ရှိနေသော အခြေအနေကို အားမရ ဖြစ်လာကာ မကြာတော့ပါဘူးဟု စွဲမြဲ မှတ်ထင်ထားသည်။
“ဖေဖေ့အတွက် ထားထား စီစဉ်တာကို ကျွန်တော် သဘောကျတယ်။ အလုပ်ကိစ္စတွေ ကျွန်တော် အားလုံး တာဝန်ယူ ထားပြီပဲဟာ။ ဖေဖေသွားရင် ကောင်းပါတယ်။ ကိုသက်နှံကလည်း ကြည့်နိုင်တယ်”
ထားထားမှာ မအူပင်မှ ရန်ကုန်သို့ ပြောင်းရွှေ့ရမည် ဖြစ်၍ ဖခင်ကို ရန်ကုန်တွင် ဆေးလာကုရန် မှာနေသည်။ ကိုနေဦးသည် ဖြစ်ကတည်းက ဖခင်ကို ရန်ကုန်သို့ ဆေးကုသရန် သွားစေချင်သည်။ ထားထားက သူ့အိမ်တွင် နေစေကာ ဆရာဝန်ကြီးများနှင့် ကုသရန် အကြံပေးချက်သည် အလွန် သင့်မြတ်သည်ဟု ထင်သည်။
“ဖေဖေ သွားရမလား သမီး”
ကိုနေဦးသည် ဝေဝေ့ကို လှမ်းကြည့် နေလေသည်။ သူ့အကြည့်မှာ သွားဖို့ တိုက်တွန်းပါဟု ခိုင်းနေသော အကြည့်ဖြစ်သည်။
ဝေဝေမှာ ဖခင်နှင့် ခွဲရဦးမည့် အတွက် ရင်ထဲ လေးသွားသည်။ ရန်ကုန်တွင် ကြာမည်ထင်၍ ဝမ်းနည်းသလိုလို ရင်ဖိုလာသေးသည်။ သို့သော် မျက်နှာထား မပျက်ပင်-
“ဖေဖေ သွားချင်ရင် သွားပါ ဖေဖေရယ်။ သွားဖို့လည်း ကောင်းပါတယ်၊ မမထားက ဖေဖေအတွက် စိတ်မချဘူး။ ဟိုမှာဆိုတော့ ဆရာဝန်ကြီးတွေ ရှိတယ်။ မမထားဆီ ဖေဖေ လာလိမ့်မယ်လို့ စာပြန်လိုက်မယ်နော်”
“ ဟုတ်တယ်ကွယ်။ ငါတော့ သွားစေချင်တာပဲ” ဟု ဒေါ်သက်က ဝင်ပြောသည်။
“သွားဖို့ကောင်းတယ် ထင်ကြရင်လည်း ဖေဖေ မောင်နေဦးနဲ့ လာလိမ့်မယ်လို့ စာပြန်လိုက်ပေါ့။ အစ်မတော့ ကျွန်တော်နဲ့ လိုက်ခဲ့မှပဲ။ မောင်နေဦးတို့ ဒီအိမ်ကြီး ရွှေ့နေကြ၊ မယ်အေးကို ငါ့သမီး လက်တိုလက်ရှည် ရရအောင် ခေါ်ထား”
ဦးဘိုးသိန်းသည် ကိုယ်ကို စောင်းလှည့်ကာ မှိန်းလေသည်။
တစ်ယောက်ပြီး တစ်ယောက် အခန်းထဲမှ ခြေဖျားထောက် ထွက်သွားကြရာ ဝေဝေသာလျှင် အနား၌ နေရစ်ခဲ့လေ၏။ ဝေဝေသည် ကျောခိုင်းထားသော ဘက်က ထိုင်ရသဖြင့် မျက်လုံးမှ စီးကျလာသော မျက်ရည်ကို လက်ကိုင်ပဝါနှင့် သုတ်ရင်း ယပ်ခတ်ပေး နေသည်။
“ဖေဖေ သွားရမလား သမီး” ဟု မေးသည်မှာ မိမိထံမှ ခွင့်တောင်းချက် ဖြစ်၍ ဆွေးမြည့်ကြေကွဲ သွားရသည်။ ဖအေနှင့် နည်းနည်းမှ မခွဲနိုင်မှန်း ရိပ်စားမိသော ဖခင်၊ လင်၏ ပညတ်ချက်ဖြင့် ခဏခဏ ကူးမလာနိုင်ပေမယ့် သမီးလေး ငါ့ဆီ လာချင် နေရှာတယ်။ တမ်းတ နေရှာတယ်လို့ ဖွင့်မပြောရဘဲနှင့် သိသည်မှာ အံ့သြစရာပင်။ မမြင်ရလျှင် မနေနိုင်သော သမီးစိတ်ကို သိ၍ အလိုက်သိစွာ ခွင့်တောင်း နေသေး၏။
အခန်းထဲတွင် တိတ်ဆိတ်၍ နေ၏။ ဖခင်၏ အိပ်ခန်းကို ခင်မင်စွာ လှည့်ပတ် ကြည့်ရှုသည်။ ဖခင် အိပ်နေသော ခုတင်ကြီးမှာ မိခင် ရှိကတည်းက နှစ်ယောက်အိပ် ခုတင်ကြီး ဖြစ်သည်။ ကြာမြင့်လှပြီ ဖြစ်သော်လည်း ဟောင်းမြင်းသော အသွင် မပြောင်းသေးပေ။ ပွတ်လုံး ပွတ်တိုင်များမှာ ခိုင်ခံ့ထူထဲလှ၏။ ခေါင်းရင်းက အထက်သို့ မြင့်ချွန်နေသည့် တြိဂံပုံဘောင်မှ ပန်းပေါက်များ ဖောက်ထုထွင်းသော နေရာတွင် ပင့်ကူမြှေးမျှင်များ တွယ်ကပ်နေသည်။
ခုတင်ဘေးရှိ စားပွဲဝိုင်းပေါ်၌ တစ်ပိုင်းက ကျမ်းစာအုပ်များ ပုံတင်လျက် တစ်ပိုင်းတွင် ဆေးပုလင်း၊ ဖန်ခွက်၊ သွားကြားထိုးတံဘူး၊ ကျောက်သလင်း မျက်မှန်၊ မုတ်ဆိတ်မွေး နုတ်သည့်မွေးညှပ် ရှိသည်။
နံရံနှင့် ကပ်ထားသော ကိုယ်လုံးပေါ် မှန်ဗီရို အနက်ကြီးမှာ မိခင်ရှိစဉ်က သူ့အဝတ်အစားများ ထည့်သော ဗီရိုဖြစ်သည်။ ဤဗီရိုကို ဤနေရာမှ မရွှေ့ဘဲ ထား၏။ ပက်လက် ကုလားထိုင် ဘေး၌ စာအုပ်မှန်ဗီရို ထဲတွင် မိခင် စုဆောင်း ထည့်ထားခဲ့သော ပိဋကတ် ကျမ်းစာအုပ်များ ရှိလေသည်။
ပြတင်းပေါက် များ၍ အခန်းမှာ လင်းနေကာ ပိတောက်ပင်ကြီး၏ အရိပ်များ ဝင်နေသည်။ ဝေဝေသည် နံရံရှိ အင်္ကျီချိတ် အထက်တွင် ချိတ်ထားသည့် ဓာတ်ပုံကြီးကို ငေးကြည့် နေလေသည်။ ကိုနေဦး ရှင်ပြုတွင် ကိုရင်မဝတ်မီ မဏ္ဍပ်ထဲ၌ စုရိုက် ထားကြသော ရှင်လောင်းပုံ ဖြစ်သည်။ ပုံထဲတွင် မိသားတစ်စု အကုန်ပါကြသည်။ မိခင်၏ ဆံထုံး၌ စံပယ်ဖူးများ ခွေထားသည်။ လည်၌ ပုလဲကုံးနှစ်တန်း သွယ်ထားလေသည်။ မိခင်ဘေး၌ ထားထားမှာ ဆံတောက်နှင့် အပျိုပေါက်စ အရွယ်၊ ဝေဝေမှာ ဆံရစ်ကလေးနှင့် ဖခင်ကို မှီကပ်လျက် ထိုင်နေကြသည်။
မိခင် ရှိစဉ်ကအတိုင်း လက်ရာခြေရာ မပျက်ရှိသော အခန်းထဲ၌ ခုတင်ထက်တွင် လျောင်းခွေနေသော ဖခင်၏ ပုံသဏ္ဌာန်ကို ကြည့်ကာ ရင်ထဲ၌ လှိုင်းထ သွားလေသည်။
မယ်အေး အခန်းထဲသို့ ဝင်လာသည်။ ဝေဝေ့နား ကပ်ကာ လေသံဖြင့် တီးတိုးပြော လိုက်သည်။
“ဘွားဘွားက အောက်ကို လာပါတဲ့။ အစ်ကိုကြီးနဲ့ ထမင်းစား သွားပါတဲ့။ အစ်ကိုကြီး စောင့်နေတယ်၊ ကျွန်မ အနားမှာ နေမယ်”
ဖခင်၏မျက်နှာကို မမီမကမ်း လှမ်းမျှော်ကြည့်လျက် ယပ်တောင်ကို မယ်အေးလက်သို့ ကမ်းလိုက်ကာ လက်ကိုင်ပဝါကလေးနှင့် မျက်လုံးကို တို့သုတ်လိုက်သည်။
ဝေဝေသည် သူ့အခန်းရှေ့မှ ဖြတ်ကျော်သွားရင်း အခန်းကို ငဲ့ကြည့် သွားလေ၏။ သူအိပ်သော ခုတင်နှင့် သူ့မှန်တင်ခုံမှာ ဗလာကျင်း နေ၏။ ခုတင်ပေါ်တွင် ဖျာပင် မမြင်ရဘဲ ခုတင်ကြီး ဟောင်းလောင်းတွေ့ ရသည်။ ဝေဝေ့အား ခပ်စိမ်းစိမ်း ဖြစ်နေကြသလို စိတ်ထဲ၌ ထင်သွားလေသည်။
“ကဲလာ ... စားသွားစမ်း ကြုံတုန်းကို၊ ဘိုက လာမှာ မဟုတ်သေး ပါဘူးဟ။ ခုမှ ဆယ်နာရီခွဲ သေးတယ်”
ကိုနေဦးသည် ပြုံးရိပ် ပြုံးယောင်ဖြင့် ပြောကာ သူနှင့် မျက်နှာချင်းဆိုင်က ပန်းကန်ကို ဆွဲလှန်ပေးသည်။
မှတ်မိသရွေ့ လက်ထပ်ပြီး လေးငါးလအတွင်း သည်စားပွဲတွင် ပထမအကြိမ် စားခြင်းဖြစ်သည်။ အိမ်တွင် ဘိုစာများကို တင်းမတိမ်၍ သည်ဘက်အိမ် ကူးခိုက် မီးဖိုထဲဝင်ကာ နယ်ဖတ် ပုံစားလိုက်သည်။ မီးဖိုထဲ စားရတာပဲ ကောင်းသည်။ စားပွဲ၌ စားနေလျှင် တစ်ဖက်အိမ် အပေါ်ထပ်မှ မြင်နေနိုင်သည်။
နံနက်က နံနက်စာ အဝစားထားသဖြင့် ထမင်းမဆာပေ။ ငြင်းဖို့လည်း ခက်သည်။ မဆာဘူး ပြောလျှင် အစ်ကိုကြီး ခနဲ့ဦးမည်။ စိတ်မကောင်း ဖြစ်ဦးမည်။ အစ်ကိုကြီးနှင့် ထမင်း အတူတူ မစားတာ ကြာပြီဖြစ်၍ မစားချင်ဘဲနှင့် စားရန် ဝင်ထိုင် လိုက်ရသည်။
“နင့်အကြိုက် ပုန်းရည်ကြီး မြင်တာနဲ့ မယ်အေးကို အခေါ်လွှတ် လိုက်တာ၊ နင့်အိမ်မှာ စားရမှာ မဟုတ်ဘူး။ အဝသာ အုပ်ပေတော့”
ကိုနေဦးသည် ပလုတ်ပလောင်း ပြောလိုက်ကာ ပုန်းရည်ကြီးကို ဇွန်းနှင့်ကော်၍ ဝေဝေ့ ပန်းကန်ထဲသို့ လောင်းလိုက်သည်။
ဝေဝေ လက်ထပ် သွားပြီးနောက် ဝေဝေ၏ အိမ်ထောင်ရေး ဘဝကို တစေ့တစောင်း အကဲခတ်လျက်၊ မကျေနပ်စရာ တွေ့ရှိသည့်တိုင် ဘာမှ မပြောဘဲ နေသည်။ ပြောလိုက်လျှင် ဝေဝေ ပိုမို စိတ်မချမ်းမသာ ဖြစ်မှာသိ၍ ဝေဝေ့ထိုက်နှင့် ဝေဝေ့ကံပဲဟု လျစ်လျူရှု နေလေသည်။
ဝေဝေ့မှာ ထုံပျံ့လာသော ပုန်းရည်ကြီး အနံ့ခံလျက်၊ မဆာပေသည့် စားဝင်မည်ကို သိလေသည်။
တစ်ပန်းကန်လုံး မည်းချိတ်နေအောင် အနှံ့အပြား နယ်လူးပြီးနောက်၊ ငါးပိရည် ဆမ်းကာ ငရုတ်သီးမှုန့်တွေ ဖြူးလေ၏။
“ရော့လေ ဒီမှာ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်မှုန့်လည်း ထည့်နယ်”
ဒေါ်သက်က ပန်းကန် လာချသည်။
“ကြီးတော် မစားသေးဘူးလား” ဟု ဝေဝေက မေးသည်။
“နောက်မှ စားမယ်၊ စားကြ၊ ငါ ရေချိုးလိုက်ဦးမယ်” ဟု ဆိုကာ မီးဖိုဘက်သို့ ထွက်သွားလေသည်။
ဝေဝေမှာ ကြက်သွန်ဖြူကို မနှိုက်ဝံ့ပေ။ ပါးစပ်နံလျှင် ရာဇဝတ်မှု သင့်မည်ဖြစ်၍ ပုစွန်ခြောက်မှုန့်ပဲ ယူနယ်စားသည်။
“ဖေဖေ့ အတွက်တော့ ထားထားနဲ့ နေတာပဲ ကောင်းပါတယ်ဟာ။ ဟိုမှာ ဆရာဝန်တွေလည်း ရှိတယ်၊ စိတ်လည်း ချမ်းသာမယ်”
“အစ်ကိုကြီးတို့က ဘယ်တော့ ပြောင်းကြမလဲ”
“မြန်မြန် စီစဉ်ရမှာပဲ ဟ”
ပုန်းရည်ကြီးမှာ ယနေ့မှ ထူးထူးခြားခြား အရသာ ရှိလှပေသည်။ ချဉ်ပြုံးပြုံးနှင့် ဆိမ့်နေ၏။ ချိုနွေးသော ကြာဇံဟင်းခါးသည် ထမင်းလုတ်ကို ဆောင့်၍ သွင်းသကဲ့သို့ပင်။
“သပိတ်တပ်ကြီး ရန်ကုန် ချီလာတော့ သူတို့လမ်းမှာ ဘယ်လိုလုပ် စားသောက်ကြမလဲ အစ်ကိုကြီးရယ်”
ကိုနေဦးသည် ထမင်းလုတ်ကို မသွင်းနိုင်တော့ဘဲ၊ သူ့အဖို့ ထမင်းထက် မြိန်ရှက်စရာ ကောင်းသော အစာနှင့် တွေ့သွားလေသည်။
“လမ်းက ကျွေးမယ့်လူတွေ ပြည့်လို့ပါဗျာ။ တစ်နေ့ကို ဆယ့်ငါးမိုင် လျှောက်မှာ။ သပိတ်တပ်ထဲမှာ ချက်ပြုတ်ရေး အဖွဲ့တို့၊ ကျန်းမာရေး အဖွဲ့တို့ အစုံ ပါလာတာ၊ ရောက်တဲ့ နေရာက စားနပ်ရိက္ခာ အကူအညီ ပေးကြမှာပဲ”
“ကုမ္ပဏီကလည်း လျှော့မပေးဘူးနော်”
“ဓနရှင်တွေပဲ ဘယ်လျှော့မလဲ။ ဆယ့်တစ်လလုံးလုံး တင်းနေတဲ့အပြင် အိမ်တန်းလျားတွေ ကတောင် နှင်ထုတ်ပစ်သေးတယ်။ ဒီမျက်နှာဖြူ ကုမ္ပဏီတွေကို ဖြိုနိုင်အောင် တိုက်ကြရမှာပဲ။ ဒင်းတို့တွေ မရှိမှ မြန်မာတွေ အသက်ရှူ ချောင်တော့မှာ”
ကိုနေဦးမှာ စိတ်အား ထက်သန်စွာ ပြောနေလေသည်။ မျက်နှာဖြူ ကုမ္ပဏီနှင့် မကင်းသော နှမရှေ့တွင် အားမနာ ပါးမနာ ပြောချလေသည်။
“ဘမော် အစိုးရတော့ ပြုတ်ရမှာပဲ။ ရေနံသပိတ်တင် မဟုတ်သေးဘူး။ ဖြူးတို့ သနပ်ပင်တို့ ဘက်က လယ်သမား တပ်ကြီးလည်း အရေးဆိုဖို့ လူ ၂၀၀၀ ကျော် ရန်ကုန် လာဦးမှာ။ အခု ခေါင်းဆောင်တွေကို ဖမ်းဆီးတော့ သူတို့နေရာ အစားထိုးဖို့ နယ် သခင် အစည်းအရုံးတွေ ကိုတောင် ဗိုလ်စာရင်း သွင်းခိုင်း နေပြီလေ”
“အစ်ကိုကြီး ဗိုလ် သွားမလုပ်နဲ့နော် ...” ဟု ဝေဝေက ကြောက်ကြောက်လန့်လန့် ပြောလိုက်၏။
ကိုနေဦးမှာ ပမာမခန့် ရယ်မောလိုက်သည်။ ရေနံ သပိတ်တပ်ကြီးကို မြင်းနှင့်တိုက်၊ တုတ်နှင့် ရိုက်သည်ဟု ကြားကတည်းက ဒေါသအုံကြွလျက် အမျိုးမာန်တက်ကာ မျက်နှာဖြူတွေကို မှုန့်မှုန့်ညက်ညက် ချေပစ်ချင်သည်။ ဖခင်ကို ငဲ့နေရ၍သာ။ မကွေးသို့ လိုက်သွားချင် စိတ်မှာ ပြင်းပြလှသည်။
“သခင်သိန်းမောင်ဆီ ငါစာရေး လိုက်တယ်။ လိုအပ်တာ ပြောပါ၊ ကူညီမယ်လို့၊ ငွေပို့တာ သိလို့ ယောက္ခမကြီး ကတောင် ပွက်သေးတယ်”
ဝေဝေသည် မျက်လုံးထောင့်မှ ကိုနေဦးကို စိုက်ကြည့် နေလိုက်သည်။
“ထည့်ဦးလေ၊ ငါတော့ အပြီးသတ်မှ ပုန်းရည်ကြီးနဲ့ နယ်စားမယ်”
ထမင်းအုပ် တိုးပေး၍ ဝေဝေက နှစ်ဇွန်း ခပ်ထည့်လိုက်သည်။ ပုန်းရည်ကြီးကို ရွှဲရွှဲနယ်၏။ ဖြူဖွေးသော လက်ချောင်းများမှာ ပုန်းရည်ကြီး လိမ်းကျံလျက် စေးကပ်ကပ်ကြီးပင် ဖြစ်နေသည်။
ကိုနေဦးမှာ ခေါင်းမဖော်ဘဲ ငုံ့လွေးနေသည့် နှမစားပုံကို ကြည့်ကာ၊ သူ့အိမ်တွင် ဇွန်းနှင့် ခက်ရင်းနှင့် တို့ခနန်း၊ ဆိတ်ခနန်း ဟန်လုပ်စားနေမည့် အဖြစ်ကို မြင်ယောင်နေသည်။
ခေါင်းများသည် တစ်ပြိုင်နက်တည်း ထောင်သွားကြ၏။ မျက်လုံးများမှာလည်း ပြိုင်တူ ပြူးသွားကြသည်။ မျက်တောင် လေးငါးချက် ခတ်လိုက်သည့် အတွင်း ဦးစောဟန်၏ ခေါင်းမှာ လိုက်ကာ အတွင်းသို့ ရောက်လာလေသည်။
ဝေဝေသည် ပေနေသော လက်ကို မချမိဘဲ ရင်ထဲ၊ အသည်းထဲ အေးခနဲ ဖြစ်သွားလျက် မျက်နှာပျက် သွားသည်။
ကိုနေဦးသည် ခေါင်းကို လိမ်လျက် “လာဗျို့ ထမင်းစားပါဦး။ ခင်ဗျား ပြန်လာတာ မော်တော်သံလည်း မကြားပါလား” ဟု ပြောလိုက်သည်။
ဦးစောဟန်သည် အခြေပျက် သွားသော မျက်နှာဖြင့်ပင် စားပွဲခုံနားသို့ လျှောက်လာသည်။ ဝေဝေ၏ သွေးမရှိသော မျက်နှာကို ကြည့်လိုက်မိသော ကိုနေဦးမှာ ရင်ထဲတွင် နင့်သွားလေသည်။
ဝေဝေသည် လူမိသော ကျီးကန်းကဲ့သို့ ဣန္ဒြေ ပျက်တက်တက်နှင့် “ဖေဖေ နေမကောင်းဘူး၊ လာခေါ်လို့ ကူးလာတာ။ ကို ဘာနဲ့ လာလဲ၊ မော်တော်သံလည်း မကြားဘူး” ဟု အသံကို မအက်အောင် ထိန်းပြောရ လေသည်။
ဦးစောဟန်သည် လျှို့ဝှက် နက်နဲသော မျက်လုံးဖြင့် ဝေဝေ၏ လက်ပေပေနှင့် ထမင်းပန်းကန်ကို ကြည့်လျက် “လမ်းမှာ ပန်ကာကျိုး သွားလို့ဗျာ၊ စက်က ဘာဘူ့ မော်တော်နဲ့ ပြန်လိုက်ခဲ့ရတယ်” ဟု ကိုနေဦးကို ဖြေကာ၊ တစ်ဖန် ထမင်းပန်းကန်နှင့် ဝေဝေမျက်နှာကို ခေါက်တုံ့ခေါက်ပြန် ကြည့်လျက် “မောင်မြက ဒီလာတယ် ပြောလိုက်လို့ ကူးလာတာ” ဟု ဝေဝေ့ကို အဖြေပေးသည်။
“ဝေဝေက ပုန်းရည်ကြီး သိပ်ကြိုက်တာဗျ။ အတင်းခေါ် ကျွေးရတယ်”
ကိုနေဦးသည် မူပျက် နေကြသောသူ နှစ်ဦး ကြားတွင် ကောင်းအောင် ကြည့်ပြောနေ၏။
ဦးစောဟန်သည် ဣန္ဒြေဆည်ကာ ပြုံးလိုက်သည်။ ဦးစောဟန်၏ အပြုံးမှာ အပြုံးတစ်ဝက် အမဲ့တစ်ဝက် ရောဖက်နေသော အပြုံးဖြစ်သည်။
“ဦး ဘယ့်နှယ် နေသေးလဲ” ဟု ကိုနေဦးကို မေးကာ ဝေဝေ့ကို စိတ်နာနာနှင့် မကြည့်တော့ပေ။
“ဖေဖေက အတော်မောတယ်၊ ခုတော့ နည်းနည်း သက်သာသွားပြီး မှိန်းနေတယ်”
ဦးစောဟန်သည် ခုံခင်း မရှိသော ကျောက်စားပွဲ ပေါ်မှ ဟင်းခွက်များကို မျက်လုံးယမ်း သွားလျက် “စားကြဗျာ၊ ကျွန်တော် တိုက် သွားဦးမယ်” ဟု ပြောပြောဆိုဆို ပြန်လှည့်ထွက် သွားလေသည်။
အိမ်ထဲ ဝင်လာစဉ်က ဖိနပ်သံ မကြားရသလောက် ဖော့နင်းလာလျက်၊ ပြန်ထွက်သွားသော ဖိနပ်သံကား ဆောင့်အောင့်မြည် သွားလေသည်။
ဝေဝေသည် ဦးစောဟန် ကျောခိုင်းသွားမှ အစ်ကိုကြီး ရှေ့တွင် အခြေပျက်နေသော မျက်နှာကို ဣန္ဒြေဆည်ဖို့ သတိရလေသည်။ မျက်နှာကို အတင်းပြုံးကာ “ဝေဝေ အစပ်စားတာ နည်းနည်းမှ မကြိုက်ဘူး” ဟု ပြောမိပြောရာ ပြောလိုက်သည်။
ဝေဝေ၏ ခေါင်းထဲ၌ လှည့်လည် မွှေ့ပတ်နေသော အတွေးများမှာ ချားရဟတ်ကို မရပ်မနား စီးရသလို မူးလာလေသည်။
မောင်နှမ မျက်နှာချင်းဆိုင် မြိန်ရေရှက်ရေ စားကြရင်း ပျော်ရွှင်မှု ရရှိနေသည့် ကြားထဲ ဝမ်းနည်းဖွယ်ရာ ဖြစ်ပေါ်လာခြင်းကို တွေးရမှာပင် မကောင်းလှပေ။
ကိုနေဦး၏ ကြင်နာရောင် သမ်းသော မျက်နှာ ပေါ်နေကာ နှလုံးသားမှာ အေးစက်၏။ “အေးဟာ ... ဆုံ ဆုံလွန်းတယ်” ဟု ဆိုလိုက်သည်။
သိသိသာသာကြီး အရသာ ကင်းမဲ့သွားသော ပန်းကန်ထဲက လက်ကျန် ထမင်းကို တွင်တွင်နယ်လျက် မနည်း မှိတ်မျိုရ လေသည်။ ပါးစပ်ထဲ ခြားနားသွားသဖြင့် အရသာဆိုတာ ဘယ်က ရှိတာပါလိမ့်ဟု အောက်မေ့မိသည်။
ကိုနေဦးမှာ မစားချင်ရင်လည်း တော်လိုက်ဖို့ ပြောချင်သည်။ သို့သော် အရာရာမျိုးတိုင်း ပြောင်ပြောင်တင်းတင်း ပြောလို့မဖြစ်။ သိတာကိုပင် မသိသလို ပြရသော အခါမျိုးလည်း ဆိုက်တတ်သည်။
“ဟင်းခါးက သိပ်စပ်တာပဲဟာ” ဟု ဆိုကာ ထမင်း ထပ်ထည့်လိုလျက် ဝသလို ထလိုက်သည်။ ဝေဝေသည် ဟန်မပျက် ထိန်းစားနိုင်အောင် စားနေသည်။ ကျန်ရှိသည့် ထမင်းကို ကုန်အောင်စားသည်။ ကိုနေဦးနှင့် ရှေ့ဆင့် နောက်ဆင့်ပင် ပြီးကြလေသည်။
ဝေဝေသည် လက်ဆေးပြီး သူ့မျက်နှာ မထားတတ်၍ ကိုနေဦးနှင့် မျက်နှာချင်း မဆိုင်နိုင်ရန် နောက်ဖေးခန်းသို့ စွတ်ဝင်သွားကာ ရေချိုးခန်း ရှေ့၌ ရပ်လျက် “ကြီးတော် ... ဝေဝေ ပြန်ဦးမယ် ...“ ဟု ကိုနေဦး ကြားလောက်အောင် ပြောလိုက်သည်။
“နေပါဦးတော့၊ မောင်စောဟန်မှ မလာသေးတာအေ”
ဝေဝေသည် ဘာမှ ပြန်မပြော။ လှည့်ထွက် လာခဲ့သည်။ ကိုနေဦးမှာ အလိုက်သိစွာပင် အိမ်ပေါ် တက်သွားခြင်းဖြင့် ပြန်ချင် ပြန်ရအောင် ရှောင်ရှားပေးသည်။ ဝေဝေမှာ အိမ်ပေါ်သို့ တစ်ချက်မော့ ကြည့်လျက် ခပ်သုတ်သုတ် အိမ်ထဲမှ ထွက်လာလေသည်။
နေမင်းသည် မာန်ဝင့်ဝင့်ဖြင့် သူ၏ ရောင်ခြည်ကို ပက်ဖျန်းလိုက်သည်။ နေရောင်အောက်၌ အိမ်ပြန်ကူးလာရာ နေအရှိန်က သည်လောက် မပူ။ သူ့ပေါ်၌ မကျေမချမ်း ဖြစ်သွားသော ဦးစောဟန်နှင့် မျက်နှာချင်း ဆိုင်ရမှာက ပိုပူပြင်းသည်။
ဦးစောဟန်သည် အလုပ်သွားမည် ပြောထွက်သွားပြီး ဧည့်ခန်းထဲ၌ သွားတွေ့ရသည်။ ဆိုဖာပေါ်တွင် နောက်မှီလျက် ခြေကို လိမ်ချိတ်ကာ ခပ်လျှောလျှော မှီထိုင်နေသည်။ ဘီယာခွက်ကြီးကို ဆိုဖာ လက်ရန်းပေါ်၌ ချကာ စီးကရက် ဖွာရှိုက်နေသည်။ သူသည် ဝေဝေ ဝင်လာသည်ကို မြင်၍ ကုပ်မှုန်ထားသည့် မျက်နှာကို ဖြေလိုက်ကာ မှိုင်တိမှိုင်တိုင် မျက်နှာထားနှင့် ခပ်ရီရီ မျက်လုံးကို စင်းကြည့်သည်။
ဝေဝေသည် ဦးစောဟန် မျက်နှာနှင့် ဝေးရာကိုလည်း မျက်စိ မလွှဲနိုင်ဘဲ၊ မြင်ရသည့် အရပ်မှ မချိတင်ကဲ ပြုံးထားကာ ဆိုဖာရှေ့သို့ ဖြည်းညင်းစွာ လှမ်းလေသည်။
“ကို ... စိတ်မဆိုးနဲ့နော်”
ဦးစောဟန်သည် မျက်ခုံးနှစ်ဖက်ကို တွန့်၍ မျက်နှာလွှဲလျက် ဘီယာခွက်ကို လှမ်းယူလိုက်သည်။ ခေါင်းထူလျက် သောက်နေသောခွက် ပြန်ချပြီးမှ ခေါင်းကို ဆိုဖာနှင့် ပစ်မှီ၍ ပြုံးလေသည်။
“ဝေ့ကိုလေ ကို ဘယ်လောက် ချစ်တယ်ဆိုတာ ဘယ်တော့မှ ပြောပြတတ်မှာ မဟုတ်ပါဘူး။ ဝေကတော့ ကို ချစ်သလို မချစ်ဘူး မဟုတ်လား”
ဝေဝေသည် ဆရာ့ရှေ့တွင် အပြစ်နှင့် ရောက်နေသော ကလေးသူငယ် ကဲ့သို့ ညှိုးမှိုင်းစွာ ငုံ့နေလေ၏။
“ဝေ့အသားလေးတွေ နုထွတ်တော့ လေတိုက်မှာတောင် ခံနိုင်ပါ့မလားလို့ စိုးတဲ့အထိ ချစ်ရတယ်။ ဝေနဲ့ တော်မယ့်ဟာ၊ ဝေ့အဖို့ အကောင်းဆုံး ဖြစ်မယ့်ဟာ၊ ဝေ့အဖို့ အနူးညံ့ဆုံး ဖြစ်မယ့်ဟာ၊ ဝေ့အဖို့ အလှဆုံး ဖြစ်မယ့်ဟာ ... ဒါတွေချည်း ရွေးရ၊ တွေးရလွန်းလို့ ကိုယ့်မှာဖြင့် ခေါင်းတောင်ခြောက်တယ်။ ဝေကတော့ ကိုယ့်ကွယ်ရာမှာ ရွှံ့ထဲ၊ နုန်းထဲ ဆင်းလူး နေသလိုပါပဲ ဝေရယ်”
မျက်နှာသည် ဝမ်းနည်း ကြေကွဲလျက် အသံမှာ နာကြည်းဟန် ဂယက်ရိုက်သည်။ ဝေ၏ မျက်လုံးမှ မျက်ရည်များ လိမ့်စီးကျ လာသည်။ ဦးစောဟန် အပြစ်တင်နေ၍ ဝမ်းနည်းခြင်းလည်း မဟုတ်၊ မကြိုက်တာ လုပ်မိ၍ သိမြင်သော ဝမ်းနည်းပုံလည်း မဟုတ်။ ဟိုဘက်အိမ်တွင် တစ်ကိုယ်၊ သည်ဘက်အိမ်တွင် တစ်ကိုယ်၊ ဤသို့ မဖြစ်နိုင်တာကို ကြံကြံဖန်ဖန် တွေးလျက် နှစ်ကိုယ်ခွဲ မရသော သူ့အဖြစ်ကို ဝမ်းနည်းနေသည်။
ဝေဝေသည် ကြာရှည်စွာ ရပ်မနေနိုင်ချေ။ ဟိုဘက်အိမ်တွင် ငိုခဲ့မိ၍ သုတ်ခဲ့သော မခြောက်သေးသည့် လက်ကိုင်ပဝါဖြင့် နှာခေါင်းမှ နှာရည်သုတ် လိုက်ကာ စာရေးစားပွဲ ကုလားထိုင်တွင် သွားထိုင်နေသည်။
ဦးစောဟန်သည် ကျန်သည့် ဘီယာကို အကုန် မော့ချလျက် ဝေ့အနားသို့ ထလာသည်။ ဝေ့မှာ မျက်ရည်များ ရစ်ဝဲကာ ငြိမ်ထိုင်နေ၏။ စားပွဲခုံပေါ်၌ နောက်ပြန် တက်ထိုင်လိုက်သည်။ ဝေဝေ၏ ဆံစကို မထိရက်၊ မကိုင်ရက်နှင့် ပွတ်သပ် ယုယကာ ရင်ထဲ၌ မကျေနပ်ခြင်း ရှိသော်လည်း “ဝေ့ကို ချစ်လွန်းလို့ ဒီလို ဖြစ်ရတာပါ ဝေရယ်” ဟု တောင်းပန်နေလေသည်။
----------------------------
ဂျာနယ်ကျော်မမလေး
မုန်း၍မဟူ၊ အခန်း(၁၂) 👉 http://openread.atspace.cc/works/29052020_nv.html
Comments
Post a Comment