ငှက်မွေးပမာ တိမ်ခြေရာနဲ့

(တစ်)

ဘဝခရီးနှင်ရာ၌ ပေါ့ပါးလွတ်လပ်သူတို့အကြောင်း စဉ်းစားမိသောအခါ ဆရာပါရဂူက ထိပ်တန်းက ပါလာစမြဲဖြစ်ပါသည်။

ဆရာပါရဂူ၏အိမ်သို့ ကျွန်တော် မကြာခဏ ရောက်ဖူးပါသည်။ ဆရာ့အိမ်မှာက စာအုပ်တွေကလွဲလျှင် ဘာမှမရှိပါ။ ဆရာ့အိမ်နောက်ဘက်မှာ မီးဖိုချောင်ကလေးရှိပါ၏။ သို့သော် မီးဖိုချောင်နှင့်ပတ်သက်တာ ဘာမှမရှိ။ ဆီမရှိ၊ ဆန်မရှိ၊ ဆားမရှိ၊ ငါးမရှိ၊ မီးဖိုမရှိ၊ ရေနွေးအိုးမရှိ၊ ကြက်သွန်မရှိ၊ ငရုတ်သီးမရှိ။ လူတစ်ယောက်က လက်ဆောင်ပေးသည်ဆိုသော ရေခဲသေတ္တာကြီးတစ်လုံး အခန်းထောင့်တစ်နေရာတွင် ပေကတ်ကတ်နှင့် ရပ်နေပါ၏။ ဆွဲဖွင့်လိုက်သောအခါ အထဲမှာ ဘာမှမရှိ။ အားတောင့်အားနာသဘောမျိုးဖြင့် ထည့်ထားသည့် ရေဘူးကလေးတစ်ဘူးတလေသော်မှ မရှိ။ ဆရာ့အိမ်ရောက် ရေခဲသေတ္တာကြီးမှာ အလုပ်မရှိအကိုင်မရှိ စိတ်လေနေပုံရပါ၏။ ပန်းကန်စင်မရှိ။ကြောင်အိမ်မရှိ။ ဗီရိုမရှိ။ ထိုထိုသောအရာများထဲ၌ ထည့်သိုထားစရာ ပစ္စည်းပစ္စယ ဟူသည်က ဘာမှမရှိ။

ဆရာပါရဂူ ရေဆာသောအခါ သောက်ရေခွက်ကလေးကိုကိုင်၍ ခြံဝင်းတစ်နေရာရှိ ရေဘုံပိုင်ခေါင်းကလေးရှိရာဆီသို့ သွားစမြဲ။ ရေနွေးကြမ်းကလေး ဘာကလေးသောက်ချင်လာခဲ့သော် မလှမ်းမကမ်းတစ်နေရာတွင် လက်ဖက်ရည်ဆိုင်ကလေးက ဆရာ့ကို စောင့်ကြိုနေစမြဲ။

အင်္ကျီတစ်ထည်ကို ဆရာဝတ်ထားစဉ် လျှော်ဖွပ်၍လှမ်းထားသည့် နောက်အင်္ကျီတစ်ထည်က ကြိုးတန်းပေါ်မှာ တန်းလန်း။ လေအဝှေ့မှာ လွတ်လွတ်လပ်လပ်ကြီး လှုပ်ယမ်းလို့။

အံ့သြစရာအကောင်းဆုံးကမူ ဆရာ့ခရီးဆောင်အိတ်ပဲ ဖြစ်ပါသည်။ ဘာတစ်ခုမှ ထည့်မထားသည့် ဗလာနတ္ထိအိတ်တစ်လုံးပမာ ပေါ့ပါးလွန်းလှချည်ရဲ့။ ဘီးမပါ၊ မှန်မပါ၊ ရေမွှေးမပါ၊ ပေါင်ဒါမပါ၊ ဓာတ်မီးမပါ၊ ဓာတ်ခဲမပါ၊ လက်သည်းညှပ်မပါ၊ ဇာဂနာမပါ။ အဝတ်အစားကလေးတစ်စုံလောက်နဲ့ တိုက်ပုံကလေးတစ်ထည်တလေ။

ဆရာ သူ့ဘဝတာခရီးတစ်ဖြတ်ကို လျှောက်လှမ်းသွားပုံက လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ရှင်းရှင်းလင်းလင်းကြီးရှိလွန်းလိုက်တာ။

(နှစ်)

တစ်ခါက မနက်ဝေလီဝေလင်း ရန်ကုန်မန္တလေးလမ်းအဟောင်းခေတ်ကြီးထဲ၌ မိတ္ထီလာမြို့တွင် ကားပေါ်ကဆင်းလိုက်စဉ် ဒကာကြီးဒကာကြီးဟူသော ခေါ်သံကြောင့် အနောက်ကို ပြန်လှည့်ကြည့်လိုက်ရာ ဗုဒ္ဓဘာသာသံဃာတော်တစ်ပါး။ သပိတ်ကို လွယ်လျက်၊ ဖိနပ်မပါ ခြေဗလာသက်သက်။

ကျွန်တော် အံ့အားသင့်သွားခဲ့ရပါသည်။ တစ်ခါက တက္ကသိုလ်ဆရာဟောင်းတစ်ဦး၊ မန္တလေးတက္ကသိုလ်တွင် ကထိက တာဝန်ထမ်းရွက်နေဆဲမှာပင် အလုပ်မှနှုတ်ထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်သွားခဲ့သည့် ပုဂ္ဂိုလ်။ ကျွန်တော်က နီးစပ်ရာ ဝေလီဝေလင်းလက်ဖက်ရည်ဆိုင်ကလေး တစ်ဆိုင်ရှိရာဆီသို့ ပင့်ဖိတ်ကာ ပဲပလာတာအစရှိသော စားသောက်စရာများဖြင့် အရုဏ်ဆွမ်းကပ်ပါသည်။ ထိုသံဃာတော်၌ လွယ်ထားသည့်သပိတ်မှတစ်ပါး ဘာမှ မပါပါ။ ဘားအံဘက်ကနေ ကြွလာလေသတဲ့။ ဂျပန်လူမျိုးတစ်ယောက်လှူသွားသည့် အပျံစားလက်နှိပ်ဓာတ်မီးအသစ်စက်စက်ကို ဂိတ်မှူးအားပြကာ ယင်းကို ကားခအဖြစ် ယူဆောင်ဖို့၊ မိမိကို ရန်ကုန်သို့ လိုက်ပါခွင့်ပြုဖို့ တောင်းပန်ခဲ့ပါလေသတဲ့။ ဂိတ်မှူးက လက်နှိပ်ဓာတ်မီးကိုမယူဘဲ ထိုင်ခုံတစ်နေရာလှူသဖြင့် ရန်ကုန်သို့ ရောက်လာပါလေသတဲ့။ ရန်ကုန်မှ မိတ္ထီလာသို့လည်း ထိုသို့ထိုင်ခုံတစ်နေရာလှူသည့် လူတစ်ယောက်၏ကျေးဇူးဖြင့် လိုက်ပါလာခဲ့ပါလေသတဲ့။ ယခု ခမည်းတော် မယ်တော်များရှိရာ အညာရွာကလေးတစ်ရွာသို့ကြွဖို့ရာ ဖြစ်ပါလေသတဲ့။ ကားပေါ်၌ အတူပါလာပါလျက် ကျွန်တော့်ကို သတိမထားမိဘဲ ဆင်းတော့မှ မှတ်မိသွားပြီး နှုတ်ဆက်ရခြင်းဖြစ်ပါလေသတဲ့။

ကျွန်တော်က ဝတ္ထုငွေကြေးမကိုင်ဘဲ ယခုကဲ့သို့ ခရီးနှင်နေခြင်းအတွက် လမ်းတွင် အခက်အခဲကြုံရနိုင်ကြောင်းလျှောက်ရာ သံဃာတော်က ပြုံးပါသည်။ သူ့ဘာသာသူဖြစ်သွားပါတယ် ဒကာကြီးတဲ့။

ထိုနေ့က ကျွန်တော့်ကို နှုတ်ဆက်ကာ ခြေဗလာဖြင့် သူ့ရွာကလေးရှိရာဘက်ဆီသို့ ကြွလှမ်းသွားသော တစ်ခါက ဘောင်းဘီရှည်နှင့် ရှူးဖိနပ်နှင့် အမြဲတမ်းနေလေ့ရှိသည့် မိတ်ဆွေဆရာဟောင်း သံဃာတော်တစ်ပါးကို ကျွန်တော် ခပ်ကြာကြာကြီးကိုပဲ ရပ်ကြည့်နေခဲ့မိပါသည်။

အကုန်လုံးကို လွှတ်ချပစ်လိုက်ကာ လွတ်လပ်စွာ ခရီးနှင်နေကြပုံကြီးတွေက ဝန်ထုပ်ဝန်ပိုးများနှင့် လေးလံသူ ကျွန်တော်တို့ကို ငိုင်ငေးစေပါသည်။

(သုံး)

မြန်မာနှစ်မကူးမီ ခပ်လှမ်းလှမ်းရက်များအတွင်းက ကိုအော်ပီကျယ်နှင့်ကျွန်တော် စစ်တောင်းမြစ်ကမ်းပါးပေါ်က ရွာကြီးတစ်ရွာရှိရာဆီသို့ ခရီးနှင်ဖြစ်ပါသည်။ သည်ဘက်ကမ်းက ပဲခူးတိုင်း၊ ဟိုဘက်ကမ်းက မွန်ပြည်နယ်။
လာကြိုသည့်ကားက ကိုယ်ပိုင်ကား၊ ကားကြီးကားကောင်း။

ဘုရားကြီးလမ်းဆုံတစ်နေရာသို့ ရောက်သောအခါ လာသမျှကားကို တားနေသော်လည်း မရပ်ပေးသည့်အတွက် ကျွန်တော်တို့ကားကို ဆက်တားပြန်သည့် ကမ္ဘာလှည့်ခရီးသည်တစ်ဦးနှင့် ဆုံပါသည်။ အမျိုးသမီး၊ အသက် နှစ်ဆယ် အစိတ်ဝန်းကျင်၊ ကျောပိုးအိတ်ကြီးတစ်အိတ်ကို လွယ်လျက်။

အချိန်က ညနေတော်တော် စောင်းသွားခဲ့ပြီဖြစ်ရာ ကျွန်တော်တို့က စာနာစိတ်ဖြင့် ရပ်ပေးလိုက်ပြီး သူ့ကို ကားပေါ်တင်လိုက်ပါသည်။ မေးကြည့်တော့ သူက ရုရှား။ အင်္ဂလိပ်စကားက အသင့်အတင့် အနေအထား။ သူ့ခရီးစဉ်က ထိုင်းမြန်မာနယ်စပ် မြဝတီမြို့အထိ။ ကျွန်တော်တို့က ရန်ကုန်ကနေ မြဝတီအထိ သွားနေသော ကားတွေကို တိုက်ရိုက်စီးလိုက်ဖို့ အကြံပေးရာ သူက ငြင်းပါသည်။

သူ့မှာက ငွေပေါပေါများများမရှိ။ ထို့ကြောင့် သူ့ခရီးက ချွေတာရေးတဲ့။ ထို့ပြင် သူက ဒေသန္တရဗဟုသုတကလည်း ရှာဖွေချင်သေးသည်။ ထို့ကြောင့် တစ်နေရာဆင်းတစ်နေရာတက် ပုံစံဖြင့် နှင်နေသည့်ခရီး။ ကြုံသည့်ကားကို တားစီးကာ အဆင်ပြေသည့်နေရာ၌ ဆင်းကျန်နေခဲ့သည့်စနစ်။

ကျွန်တော်ရော ကိုအော်ပီကျယ်ရော သူ့ကို ကြည့်ကာ ခေါင်းခြောက်သွားပါသည်။ သူက ငယ်ငယ်လှလှမဟုတ်လား။ ထို့ကြောင့် ဝေါ၌ ချထားခဲ့ကာ တည်းခိုခန်းတစ်ခုခုတွင် နားပြီး နောက်မှ မြဝတီသို့ ခရီးဆက်ရန် အကြံပေးပါသည်။ သူက ဟင့်အင်း။ သူ့ဖုန်းထဲက သူ့အိပ်စရာ ခရီးဆောင်တဲကလေး၏ဓာတ်ပုံကို ဖွင့်ပြပါသည်။ ခရီးသွားများသုံးလေ့ရှိသည့် ယာယီတဲကလေးမျိုး။ သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသများတွင် ဝေငှလေ့ရှိသည့် တဲကလေးမျိုး။ သို့သော် တော်တော်ကလေးသေးပါသည်။ လူတစ်ကိုယ်စာထိုင်၍ပင် မလွတ်ချင်။ လှဲပြီးဝင်အိပ်ရုံအိပ်ရသည့် ရွက်ဖျင်တဲကလေးမျိုးမျှသာ။ ထိုထဲကို ရောက်ရာနေရာ၌ ထိုးကာအိပ်ပြီး ခရီးဆက်လာခြင်း ဖြစ်ပါလေသတဲ့။ ကျွန်တော်တို့ တစ်နေရာရာ၌ ချခဲ့လျှင်လည်း မမှောင်မချင်း သူက ရှေ့သို့ ဆက်လက်ချီတက်သွားမှာ ဖြစ်ပါလေသတဲ့။ အိပ်ချိန်ရောက်တော့မှ လမ်းဘေးတစ်နေရာရာမှာ တဲထိုးပြီး အိပ်လိုက်မှာပါတဲ့။

ရေဘယ်လိုချိုးမလဲ။ ညစာ ဘယ်လိုစားမလဲ။ အိမ်သာဘယ်လိုတက်မလဲ။ လူရမ်းကားတွေ ရောက်လာရင် ဘယ်လိုလုပ်မလဲ။ မျက်နှာဘယ်လိုသစ်မလဲ။ သွား ဘယ်လိုတိုက်မလဲ။

ကျွန်တော်တို့လို လေးလံသောအတွေးများ သူ့ထံတွင် လုံးဝမရှိ။ ရတယ်တဲ့။ ကိစ္စမရှိပါတဲ့။ မပူနဲ့တဲ့။

မတတ်နိုင်။ ကျွန်တော်တို့ သူ့ကို ဝေါမှာပဲ ချထားခဲ့ကာ ရှေ့သို့ ခရီးဆက်ရပါသည်။ သူက အေးအေးဆေးဆေးလက်ပြကာ ရှေ့ဆက်ရန် ခြေလှမ်းပြင်လို့။

သူတို့ခရီးသွားတာ လွတ်လပ်ပေါ့ပါးလိုက်တာ။ စိုးရိမ်သောက ကင်းလိုက်တာ။

(လေး)

ငယ်ငယ်က အမေရိကန် ဝတ္ထုတိုအကျော်အမော် အိုဟင်နရီ (O.Henry) ၏ ဝတ္ထုများကို ဖတ်စဉ် After Twenty Years ကိုလည်း ဖတ်ခဲ့ဖူးပါသည်။ ထိုဝတ္ထုတိုကလေးက သူငယ်ချင်းနှစ်ယောက်အကြောင်းရေးသည့် ဝတ္ထုတိုကလေး ဖြစ်ပါသည်။ ဘော့ (Bob) က ကမ္ဘာတစ်ခွင် ပြဲပြဲစင်အောင် ခရီးနှင်လိုသူ။ ဂျင်မီ (Jimmy) က နယူးယောက်ကနေ မည်သည့်အရပ်ကိုမှ မသွားသူ။ ဤ၌ ဂျင်မီ့ကိုရေးပုံကလေး ကျွန်တော်သဘောကျပါသည်။ သူက ကမ္ဘာပေါ်မှာ နယူးယောက်မြို့ တစ်မြို့ပဲရှိတယ်လို့ ထင်နေတာတဲ့။

တကယ်တော့ ကမ္ဘာကြီးက အကျယ်ကြီး ဖြစ်ပါသည်။ စကြဝဠာကြီးကမူ ပိုကျယ်ပေမပေါ့။ သံသရာကြီးက ပိုလို့ပိုလို့ ကျယ်ပေမပေါ့။ ကျွန်တော်တို့ ခရီးနှင်ကြရပါသည်။ ဒါ ... မဆန်းကြယ်လှပါ။ သို့သော် ဘယ်လိုနှင်ကြရမှာပါလိမ့်။

ဝန်ထုပ်ဝန်ပိုး မရှူနိုင်မကယ်နိုင်ကြီးတွေနဲ့လား။
သောကဗျာပါဒတွေနဲ့လား။

ဆရာပါရဂူ၊ တက္ကသိုလ်ဆရာဟောင်း ဗုဒ္ဓဘာသာရဟန်းတစ်ပါးနှင့် ရုရှားက မိန်းမတစ်ယောက်တို့၏ ခရီးနှင်နေပုံကြီးကို ကျွန်တော် အားကျလွန်းလှပါဘိ။
----------------------------
​မောင်သာချို

crd 👉 https://m.facebook.com/story.php?story_fbid=1590319461120788&id=100004282482525

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)