လင်္ကာဒီပချစ်သူ၊ အပိုင်း (၁၁)
အခန်း (၇)
အချစ်နှင့် အမုန်း
နေဝင်ရီတရောအချိန် ရောက်ပေပြီ။ ဤအချိန်ကား ... ဂန္ဓမာလာသားရဲတွင်း၌ နှမတော်ဂမ္ဘီ၏ ဆန်းကြယ်သော သမင်ခတ်ပွဲကျင်းပသည့်အချိန်၊ ဂန္ဓမာလာသားရဲတွင်း၌ မိဂါဒေဝီ၏ရွှေလက်ကိုင်တပ် ကျာပွတ်သံတရွှမ်းရွှမ်း လွင့်ဝဲသည့်အချိန်၊ သမင်ခတ်ပွဲကိုကြည့်ရင်း စစ်သည်ရဲမက်တို့ ပျော်ရွှင်စွာ ဟစ်အော်ကြသည့်အချိန်။ ယခုမူကား ဤနေဝင်ရီတရောအချိန်ကို အစိုးရသောသခင်မသည် သူ၏ချစ်လှစွာသော ရွှေသမင်၊ ဒသဂီရိ၏အမိန့်ကို ဦးထိပ်ပန်ဆင်ပြီး သူလက်သပ်မွေးခဲ့သော ရွှေသမင်နှင့်အတူ ......။
ဤအဖြစ်သနစ်များကို မသိသော သားရဲတွင်းစောင့် တံခါးမှူးသည် ခါတိုင်းလိုပင် သမင်ခတ်ပွဲကိုဖွင့်လှစ်ရန် ကျွဲချိုတံပိုးကို မှုတ်လိုက်ချေသည်။ တံပိုးသံသည် လင်္ကာဒီပနန်းတော်၏ သွေးညှီနံ့သင်းသော လေထဲဝယ် ကြေကွဲဆို့နစ်ဖွယ် လွင့်ပျံလာချေသည်တကား။
* * *
အိန္ဒူမြစ်ရေပြင်ထက်ဝယ် နေလုံးသည် မေးတင်လျက်ရှိသည်။ တစ်နေ့ခင်း၏နောက်ဆုံးကာလတွင် နေလုံးကြီးသည် လင်္ကာဒီပကို နီရဲသောအရောင်များဖြင့် ပွေ့ဖက်နှုတ်ဆက်နေသည်။ ဝေးလံသောအရပ်မှ တောင်တန်းကြီးများသည် မှိုင်းပြာသောဝတ်ရုံကိုခြုံလျက် တိတ်ဆိတ်ငြိမ်သက်နေကြသည်။ ဤတောင်တန်းကြီးများ၏ တနေရာတွင်ရှိသော မှော်ရုံဟေဝန်သည်လည်း တိတ်ဆိတ်ငြိမ်သက်နေပေတော့သည်။
မြစ်ကမ်းဆီမှ မီးတိုင်များကို ကျေးကျွန်တို့ စတင်ထွန်းညှိနေကြပေပြီ။ ရှည်လျားသော မီးတိုင်များသည် အိန္ဒူမြစ်ကမ်းတစ်ဝိုက်တွင် စတင်လော်ကျွမ်းနေကြပေပြီ။ မီးရောင်အများဆုံးနေရာတွင် တောင်ကုန်းငယ်တစ်ခုရှိသည်။
ဝတ်ရုံနီညိုများကို ဝတ်ဆင်ထားသည့် ယဇ်ဆရာများသည် ပန်းပွင့်နှင့်နံ့သာရည်များကို သယ်ဆောင်လျက် တောင်ကုန်းပေါ်သို့ တရွေ့ရွေ့ တက်သွားကြသည်။ သူတို့၏နောက်မှ လင်္ကာဒီပနန်းတွင်း တေးသည်အစုတို့ လိုက်ပါသွားကြသည်။
တေးသည်တို့ရွတ်ဆိုနေကြသည့် တေးသံမှာ ညီညာသော်လည်း တက်ကြွသည့်အသံမဟုတ်ချေ။ ညည်းညူရေရွတ်နေသည့် ကြေကွဲသောအသံဖြစ်သည်။ သူတို့၏အသံသည် ကျွန်ုပ်၏နားထဲသို့ တသိမ့်သိမ့် ဝင်ရောက်လာသည်။ တရိဂမ္ဘီ၏ဂုဏ်ပုဒ်များကို ဖွဲ့နွဲ့ထားသည့် တေးသီချင်းများပေတကား။
တောင်ကုန်းငယ်ထိပ်ရှိ လှပစွာလုပ်ထားသည့် ကျောက်တုံးများပေါ်တွင် တရိဂမ္ဘီသည် ငြိမ်သက်စွာ လဲလှောင်းနေပေပြီ။ ယဇ်ဆရာများနှင့် တေးသည်အစုတို့ ကျောက်တုံးဗိမာန်ကို ဝိုင်းရံနေရာယူလိုက်ပြီး ဂမ္ဘီ၏ရဲမက်ဆယ်ယောက် အစုသည် တောင်ကုန်းငယ်ထက်သို့ တက်သွားကြသည်။ ရဲမက်များ နေရာယူပြီးသည်နှင့် တံပိုးသံတစ်ချက် ပေါ်လာသည်။ အမှန်မှာ ဤတံပိုးသံသည် တရိဂမ္ဘီအတွက် သတ်မှတ်ပေးထားသော စစ်ချီတံပိုးသံဖြစ်သည်။ အမြဲတစေ တက်ကြွရဲရင့်ခြင်းကို ဆောင်ခဲ့သည့် ဤတံပိုးသံသည် ယခုအခါ ကြွေကွဲဝမ်းနည်းမှုကို ကိုယ်စားပြုနေသည်။
တံပိုးသံဆုံးသည်နှင့် ယဇ်ဆရာခေါင်းဆောင်သည် သမင်ရေကြက်ထားသည့် စည်ကို စတင်၍ တစ်ချက်ချင်း ထုနှက် တီးခတ်လေသည်။ ကျွန်ုပ်သည် လက်ထဲမှမြင်းဇက်ကြိုးကို အသာအယာ လှုပ်ခါလိုက်သည်။ စစ်မြင်းဆယ်ကောင်က ရထားဘီး စတင်ရွေ့လျားသည်။ တောင်ကုန်းငယ်ရှိရာသို့ ကျွန်ုပ်ရထားသည် တရွေ့ရွေ့ လိမ့်သွားသည်။ လင်္ကာဒီပဘုရင်သည် သူ၏စစ်ရထားကို ပထမဆုံးအကြိမ် ဖြည်းညင်းလေးဆေးစွာ မောင်းနှင်ရခြင်းပေတည်း။
ယဇ်ခေါင်းဆောင် တီးခတ်နေသော စည်သံသည် ချက်ကျမှန်ကန်စွာ ထွက်ပေါ်နေသည်။ တောင်ကုန်းခြေရင်းသို့ ကျွန်ုပ်၏ရထားရောက်ချိန်တွင် စည်သံ တိတ်သွားသည်။ အသင့်စောင့်နေသော ညီတော်ဘိဘိသန၊ သားတော်မေဃနာဒ၊ ဦးရီးတော်မာရဇ္ဇနှင့် အခြားလင်္ကာဒီပ သေနာပတိကြီးများ၏ရှေ့ဆုံးမှ ကျွန်ုပ်သည် တောင်ကုန်းထက်သို့ တက်ခဲ့သည်။ ေကျာက်လှေကားထစ်များနှင့် ကျွန်ုပ်တို့၏ဝတ်ရုံစများ ပွတ်တိုက်သံသည်ပင် ကျယ်လောင်စွာ ထွက်နေသည်ဟု ထင်ရသည်။ အားလုံး တိတ်ဆိတ်နေသည်။
ဂမ္ဘီ၏အလောင်းတင်ထားသည့် ကျောက်တုံးကို လက်ဝဲရစ်လှည့်ပတ်ပြီးနောက် ကျွန်ုပ်၏ခေါင်းရင်းနေရာ၌ ရပ်လိုက်သည်။ သားတော်၊ ညီတော်၊ ဦးရီးတော်နှင့် သေနာပတိကြီးများက အလောင်းကို ဝိုင်းရံ၍ ရပ်လိုက်ကြသည်။
တောင်ကုန်းထက်တွင် တဟူးဟူးတိုက်နေသောလေကြောင့် ဝတ်ရုံစများမှ အသံများထွက်ပေါ်နေသည်။ လှုပ်ရှားနေသော မီးရောင်များအောက်တွင် ကျွန်ုပ်သည် ဂမ္ဘီ၏မျက်နှာကို မှောင်ချည်လင်းချည် တွေ့နေရသည်။ တောင်ကုန်းအောက်ဘက်မှာ ဒြာဝိဒိယန်တို့သည် မြေပြင်တွင် ဒူးထောက်လိုက်ကြလေသည်။ ယဇ်ဆရာ၏အသံ ပေါ်လာလေသည်။
“အိန္ဒူမြစ်ဝှမ်းတောင်ပိုင်းလွင်ပြင်၊ လင်္ကာဒီပသိန်းခိုနိုင်ငံ၏ သက်ဦးဆံပိုင်ဧကရာဇ်ဖြစ်တော်မူသော ဒသဂီရိဘုရင်မင်းမြတ်၏နှမတော်၊ လင်္ကာဒီပအိမ်ရှေ့စံ ဘိဘိသနအရှင်သခင်၏နှမတော်၊ လင်္ကာဒီပသေနာပတိချုပ်
မေဃနာဒအရှင်သခင်၏ အကြီးတော်မူသော မိဂါဒေဝီဘွဲ့ခံ အရှင်သခင်မ တရိဂမ္ဘီသည် ....”
ယဇ်ဆရာသည် တရိဂမ္ဘီ၏ဂုဏ်ပုဒ်များကို ထုတ်ဖော်ဖွဲ့ဆို ချီးကျူးနေလေသည်။ သူ၏အောင်မြင်ခံ့ညားသော ရွတ်ဆိုသံသည် အိန္ဒုမြစ်ရေပြင်ကို ဖြတ်လျက် လင်္ကာဒီပတစ်ဝန်းလုံးသို့ ပျံ့နှံ့သွားပေမည်။ ရွှေချထားသော ဂမ္ဘီ၏နဖူးပြင်ကို မီးရောင်အောက်တွင် ပြိုးပြက်စွာ တွေ့မြင်နေရသည်။ ဤနဖူးပြင်အောက်တွင်မှ မျက်လုံးအစုံတို့သည် ဘယ်သောအခါမှ ပြန်လည်၍ ပွင့်လာကြတော့မည်မဟုတ်တော့။ သူ့ဘေးတွင် လဲလျောင်းနေသည့် ရွှေရိုးတပ်ကျာပွတ်သည်လည်း ဘယ်သောအခါမှ အသံမြည်လာမည်မဟုတ်တော့။
ယဇ်ဆရာ ရွတ်ဖတ်နေသည်များကို ကျွန်ုပ်မကြားမိချေ။ “ရန်သူကို လက်စားချေပါ .....ရန်သူကိုလက်စားချေပါ .....”ဟူသော ဂမ္ဘီ၏နောက်ဆုံးစကားများကိုသာ အထပ်ထပ် ကြားနေမိသည်။ တိတ်ဆိတ်မည်းမှောင်သော
ဤအိန္ဒူမြစ်ကမ်းတောင်ကုန်းထက်တွင် ရပ်လျက် ဆွတ်ပျံ့ ကြေကွဲသော ရွတ်ဖတ်သံများကို ကျွန်ုပ် ဆက်လက်နားထောင်မနေချင်တော့။ ယဇ်ဆရာကမူ တရိဂမ္ဘီ၏စစ်ပွဲများအကြောင်းကို ဆက်လက်ရွတ်ဖတ်နေလေသည်။မီးတောက်ကို လေတိုးသံများနှင့် ဝတ်ရုံစများမှ တဖျပ်ဖျပ်မြည်သံတို့သာ သူ၏အသံကို အထောက်အကူပေးနေကြသည်။
ကျွန်ုပ်၏ဆန္ဒမှာမူ ဤအခမ်းအနားကို အမြန်ဆုံးအပြီးသတ်၍ နန်းတော်သို့ အမြန်ဆုံးပြန်ပြီး ဘိဘိသန၊ မေဃနာဒ၊ ဦးရီးတော်မာရဇ္ဇနှင့် သေနာပတိများကို စုရုံးလျက် ကိသကိန္ဒာကို ချီတက်ရေးကိုသာ စီစဉ်ဆွေးနွေးလိုသည်။
ဂမ္ဘီ၏အလောင်းအနီးတွင် ဤသို့တိတ်ဆိတ်စွာ ရပ်နေမည့်အစား အသားဝါတို့၏အလောင်းများအလယ်တွင်သာ ဟစ်အော်ကြွေးကြော်နေလိုသည်။
“..........ဤကဲ့သို့ ရဲစွမ်းသတ္တိနှင့်ပြည့်စုံထက်မြက်သည့် မိဂါဒေဝီအား ပထဝီကိုအစိုးရသော နတ်ဒေဝတာအထံသို့ ကျွန်ုပ်တို့ ပြန်လည်ပို့ဆောင်ဆက်သပါသည်။ သူ၏ဝိဥာဉ်အား ကောင်းကင်ကို အစိုးရသော နတ်ဒေဝတာသို့ပို့ဆောင်ဆက်သပါသည်။ လင်္ကာဒီပသခင်၏ဝိဥာည်များ နားနေအိပ်စက်ရာဖြစ်သည့် ဤမိုဟန်ဂျိုဒါရိုဒေသ၌ နားနေအိပ်စက်တော့မည့် မိဂါဒေဝီကို ဒြာဝိဒိယန်အပေါင်းတို့က နောက်ဆုံးဂုဏ်ပြုကြကုန်အံ့”
ယဇ်ဆရာ၏ရွတ်ဖတ်မှုပြီးဆုံးသွားသည်နှင့် ကျွဲချိုတံပိုးသံများ၊ စည်သံများ တခဲနက် မြည်ဟည်းလာလေသည်။ စစ်သားများသည် အနီရောင်သုတ်လိမ်းထားသည့် ကျောက်တုံးများကို ဂူပေါ်သို့ ဆင့်လိုက်ကြသည်။
တောင်ကုန်းအောက်မှ ဒြာဝိဒိယန်စစ်သည်များ၊ တိုင်းသူပြည်သားများသည် “သေမင်း၏တန်ခိုးတော်” အမည်ရှိတေးကို ဖြည်းညင်းစွာ ပြိုင်တူရွတ်ဆိုကြသည်။ ယဇ်ဆရာသည် အသင့်ခပ်ယူလာသော အိန္ဒုမြစ်ရေထည့်ထားသည့်
ရွှေခွက်ထဲသို့ စစ်သုံ့ပန်းကျွန်များ၏ လည်ချောင်းသွေးနှင့် ဤသမင်သွေးတို့ကို လောင်းထည့်ရောစပ်နေသည်။ ထို့နောက် ဂူထက်သို့ ပက်ဖျန်းလိုက်သည်။
ကျွန်ုပ်သည် တောင်ကုန်းထက်မှ ဆင်းလာခဲ့သည်။ အားလုံး ကျွန်ုပ်နောက်မှ ဆင်းလာကြသည်။ လင်္ကာဒီပသခင်များ၏ဂူသချိုင်းများ တည်ဆောက်ရာ မိုဟန်ဂျိုဒါရိုအရပ်မှ လင်္ကာဒီပနန်းတော်သို့ပြန်လာသည့် လမ်းတလျှောက်လုံးတွင် ကျွန်ုပ်သည် အတွေးအာရုံများ၌ နစ်မြုပ်လာခဲ့သည်။ အနှစ်နှစ်ဆယ်မျှ အုပ်ချုပ်လာခဲ့သည့်ကာလတလျှောက်လုံးတွင် ကျွန်ုပ်သည် ဘာကိုရရှိခဲ့သနည်း။ ဘာကိုပိုင်ဆိုင်ခဲ့သနည်း။
ကျယ်ပြန့်သော လင်္ကာဒီပနိုင်ငံ၊ ဘုန်းလက်ရုံးအာဏာပိုင်ဆိုင်ခဲ့သော ဒြာဝိဒိယန်ဘုရင်များသည် နိုင်ငံတော်နှင့်အာဏာကို သူတို့၏သားတော်များလက်သို့ လွှဲပြောင်းပေးအပ်လျက် သူတို့ကိုယ်တိုင်ကမူ မိုဟန်ဂျိုဒါရိုသင်းချိုင်းများထဲသို့ ဝင်ရောက်နားနေခဲ့ကြလေပြီ။ နှစ်ခေါက်ဆေးဆိုး နံငယ်ပိုင်းကို ဝတ်ဆင်သော ဒြာဝိဒိယန်အရိုင်းအစိုင်း မျိုးနွယ်အထိ များလှစွာသော အိန္ဒုတိုင်းရင်းသားတို့သည် လင်္ကာဒီပဘုန်းလက်ရုံးအောက်သို့ ခိုဝင်ခဲ့ကြပေပြီ။ အိန္ဒုတောင်ပိုင်း၏ မြေသြဇာကောင်းသောလွင်ပြင်တလွှမ်း၌ စိုက်ပျိုးခင်းကြီးများ ဖြစ်ထွန်းခဲ့ပြီ။ လင်္ကာဒီပနန်းတော်ကို ဗဟိုပြုလျက် ကျောက်တုံးနေအိမ်ကြီးများလည်း အစီအရီ အခိုင်အမာ ပေါ်ပေါက်ခဲ့ကြပြီ။
အိန္ဒုမြစ်ဝှမ်းဒေသ၏ထိုဇာတ်လမ်းတွင် ကျွန်ုပ် ဒသဂီရိဘုရင်မင်းမြတ် ဘာကိုပိုင်ဆိုင်ခဲ့သနည်း။ တချိန်လုံး ကျွန်ုပ်လက်တွင်း၌ ဘယ်အရာတည်ရှိခဲ့သနည်း။ ဘုန်းလက်ရုံးအာဏာ၊ လက်နက်လေးမြား၊ စစ်ရထား။ ဘုန်းလက်ရုံးအာဏာမှလွဲ၍ အခြားမည်သည့်အရာမှ ကျွန်ုပ်လက်တွင်းသို့ မဝင်ရောက်ခဲ့။ တည်ရှိပြီးအရာသာလျှင် ပို၍ပို၍ကြီးမား များပြားခဲ့သည်။ ဤဘုန်းလက်ရုံးအာဏာတို့ကို တနေ့သောအခါ ညီတော်ဘိဘိသန၊ သို့မဟုတ် သားတော်မေဃနာဒသို့ လွှဲအပ်ခဲ့ပြီး ကျွန်ုပ် ဒဿဂီရိလည်း ဤမိုဟုန်ဂျိုဒါရိုအရပ်၏ တစ်ခုသောတောင်ကုန်းငယ်ကို ပိုင်ဆိုင်ရအုံးမည်။ ၄ကျွန်ုပ်၏ခေါင်းရင်းမှနေ၍ ယဇ်ဆရာက ကျွန်ုပ်၏ဂုဏ်ပုဒ်များကို တေးဖွဲ့သီကျူးပေးဦးမည်။ ကျွန်ုပ်၏နဖူးတွင် ရွှေပြားကို ထိကပ်ကြပေဦးမည်။ ထိုအချိန်တွင် ကျွန်ုပ်၏သန်လျက်သည် ကျွန်ုပ်၏ဘေးတွင် ကိုင်တွယ်မည့်လက်မှ ကင်းဝေးလျက် လဲလျောင်းနေပေဦးမည်။ ကျွန်ုပ်၏ကိုယ်ခန္ဓာပေါ်သို့
စစ်မြင်းဖြူဆယ်ကောင်တို့၏ သွေးများဖြင့် ရောစပ်ထားသည့် အိန္ဒူမြစ်ရေစင်ကို ပက်ဖျန်းကြဦးမည်။
၇
“ဒါဟာ ........... ဒဿဂီရိရဲ့ နိဂုံးလား၊ ဒါဟာ ........... ရာဝဏရဲ့ နိဂုံးတဲ့လား”
ဘိဘိသနနှင့် မေဃနာဒသည် ကျွန်ုပ်၏မျက်နှာကို အလန့်တကြား မော့ကြည့်လိုက်သည်။ ဦးရီးတော်မာရဇ္ဇကမူ မျက်မှောင်ကုပ်နေသည်။
“ဟား .... ဟား ..... ဟား .... ကြီးကျယ်ပြောင်မြောက်တဲ့ လင်္ကာဒီပသခင်တွေရဲ့ နောက်ဆုံးအချိန်တွေဟာ ယဇ်ဆရာရဲ့တေးကဗျာနဲပဲ အဆုံးသတ်ရမတဲ့လား ဘိဘိသနရဲ့၊ ဒသဂီရိဘွဲ့ခဲ့ ရာဝဏကတော့ မိုဟန်ဂျိုဒါရိုတောင်ကုန်းထက်မှာ ယဇ်ဆရာပြုသမျှ စင်းပြီးခံနေမယ့်သူ မဟုတ်ဘူးဟေ့”
“မင်း ဘာတွေပြောနေတာလဲ ရာဝဏ၊ ဒီအချိန်ဟာ ဂမ္ဘီအတွက် ဝမ်းနည်းကြေကွဲနေကြရမယ့်အချိန်၊ ဒီအချိန်မှာ ဂမ္ဘီရဲ့အစ်ကိုဟာ ဟားတိုက်ရယ်နေသတဲ့လား”
ဦးရီးတော်မာရဇ္ဇက ကျွန်ုပ်လက်ကို ခါယမ်း၍မေးနေသည်။
“ဝမ်းနည်းကြေကွဲနေကြမယ့်အချိန်တဲ့၊ အဲဒီလို ဝမ်းနည်းကြေကွဲနေသူများလည်း တချိန်ကျတော့ သူတပါးရဲ့ဝမ်းနည်းကြေကွဲမှုကို ခံယူကြရဦးမှာပဲ၊ ဒီသမာရိုးကျ အစဉ်အလာကို ကျုပ်က လိုက်ပါသွားလိမ့်မယ် ထင်သလား ဦးရီးတော်၊ ကျုပ်ဟာ ဘယ်သူရဲ့ ဝမ်းနည်းကြေကွဲမှုကိုမှ မခံဘူး၊ ထိတ်လန့်အံ့သြမှုကိုသာ ခံယူသွားမယ်၊ ဟေ့ ဘိဘိသန ....ငါသေဆုံးရင်လည်း မင်းတို့ ဒီမိုဟန်ဂျိုဒါရိုတောင်ကုန်းထက်မှာ ငါ့ကို ပစ်ထားခဲ့ကြဦးမှာ မဟုတ်လား”
ဘိဘိသနသည် ဘာပြန်ပြောရမည်မသိသကဲ့သို့ ကြောင်အမ်းအမ်းဖြစ်နေသည်။
“ဘယ်တော့မှမနေဘူး၊ တိတ်ဆိတ်မည်းမှောင်တဲ့ ဒီတောင်ကုန်းထက်က ဂူသချိုင်းထက်မှာ ငါဘယ်တော့မှ မနေဘူး”
“ဒါဖြင့် မင်းက ဘယ်မှာနေမှာလဲ ရာဝဏ”
“ကျုပ်လား ဘယ်မှမှမနေဘူးလေ၊ အာရိယန်တွေကို တိုက်ခိုက်မောင်းထုတ်ရင်းနဲ့ ကျုပ်အမြဲရှင်သန်နေမှာပဲ”
“မင်းစကားတွေက အမြီးအမောက်မတည့်တဲ့ အယူအဆတွေပဲ ရာဝဏ”
“ဟား ......ဟား ......ဟား ......”
စစ်ရထား၏မြင်းဇက်ကို ဆွဲယူလိုက်ပြီးနောက် ကျာပွတ်ကို ထုတ်ကိုင်လိုက်သည်တွင် ဘိဘိသနက ရထားအနောက်သို့ ကပ်လာလေသည်။
“နောင်တော်ဘုရင်မင်းမြတ် စစ်ရေးနဲ့ပတ်သက်ပြီး ယနေ့ည အထူးဆွေးနွေးတိုင်ပင်စရာများရှိနေပါတယ်။ ရွှေနန်းတော်တပ်မင်းများ ခန်းမဆောင်မှာ အားလုံးစောင့်ဆိုင်းနေကြပါမယ်”
“သီတာဒေဝီနဲ့ စကားပြောပြီးချိန်မှာ ငါလာခဲ့မယ် ဘိဘိသန”
ကျွန်ုပ်၏စစ်ရထားကို မိုဟန်ဂျိုဒါရိုဒေသမှ မောင်းနှင်လာခဲ့လေသည်။ တရိဂမ္ဘီ၏စျာပနအခမ်းအနားမှာ စီစဉ်နေသည့်သုံးရက်လုံးလုံး ကျွန်ုပ်သည် သီတာဒေဝီနှင့် တွေ့ဆုံခဲ့ခြင်းမရှိပေ။ ယခုအခါ သီတာဒေဝီသည် လင်္ကာဒီပနန်းတော်သို့ ရောက်ရှိနေခဲ့သည်မှာ ငါးရက်ပင်ရှိပေပြီ။ ကျွန်ုပ်ကိုယ်တိုင်က သီတာကို အကျဉ်းသားအဖြစ်မသတ်မှတ်ဘဲ လင်္ကာဒီပ၏မဟေသီအဖြစ်နှင့်သာ နေထိုင်စေခဲ့သည်။ သို့သော် သီတာဒေဝီသည် သူ့ကိုယ်သူ အကျဉ်းသားအဖြစ်ပြုလုပ်ကာ စက်ရာဆောင်အတွင်းမှ လုံးဝမထွက်ဘဲ နေခဲ့သည်။ ကျွန်ုပ်ကိုလည်း တွေ့ဆုံခွင့်မပြုချေ။ လင်္ကာဒီပဘုရင်သည် သူ၏နန်းတော်မှ တစ်ခုသောအဆောင်အတွင်း ဝင်ရောက်ခွင့်မရဟူသည်မှာ အံ့သြဖွယ်ဖြစ်သည်။ သို့သော် တကယ်ပင် ထိုအတိုင်းဖြစ်နေပေသည်။
စက်ရာဆောင်တံခါးဝတွင် ကျွန်ုပ် မတ်တပ်ရပ်လိုက်သည်နှင့် သီတာသည် လေသာဆောင်ပြတင်းသို့ တက်လိုက်ပြီး အောက်သို့ခုန်ချရန် ဟန်ပြင်လေသည်။ သုံးကြိမ်တိုင်တိုင် ဤသို့ဖြစ်ခဲ့ရသဖြင့် ကျွန်ုပ်သည် စက်ရာဆောင်တံခါးဝမှ ပြန်လှည့်ခဲ့ရသည်ချည်းဖြစ်သည်။ လှပသောမျက်ဝန်းများ နောက်ကွယ်မှ တင်းမာသောနှလုံးသားများကို ကျွန်ုပ်အံ့သြမိသည်။ သို့သော် သီတာဒေဝီသည် ကျွန်ုပ်ထံမှ မည်သို့မျှ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်။ တနေ့တွင် အလှအပသည် ဘုန်းလက်ရုန်းအောက်သို့ ဝပ်စင်းငုံ့လျှိုးရမည်သာဖြစ်သည်။ ထိုတနေ့ကို ကျွန်ုပ်စောင့်ဆိုင်းရပေမည်။
စက်ရာဆောင်၏ ရွှေခြည်ဖောက်ပဝါစကို ကျွန်ုပ်ဖယ်ရှားလိုက်သည်။ ပုလဲကြိုးများ လှုပ်ခါသွားပြီး ညင်သာသောထိခိုက်သံများ ထွက်လာပေသည်။ ထုံးစံအတိုင်း သီတာဒေဝီသည် လေသာပြတင်းမှ အပြင်သို့ ငေးမျှော်နေသည်။
တစုံတခုတွင် အာရုံမြောနေဟန်တူသည့်အတွက် ကျွန်ုပ်ရောက်လာသည်ကို သူမသိပေ။ ထို့ကြောင့် ကျွန်ုပ်သည် ပထမဆုံးအကြိမ်အဖြစ် စက်ရာဆောင်သို့ လှမ်းဝင်ခွင့်ရခဲ့ပေသည်။
“သီတာဒေဝီ”
သီတာသည် ကျွန်ုပ်ကို တုန်လှုပ်စွာ ကြည့်လိုက်ပြီးနောက် ပြတင်းပေါင်ပေါ်သို့ တက်ရန် ဟန်ပြင်လိုက်သည်။
“မလုပ်နဲ့ သီတာဒေဝီ၊ ဒီလိုမလုပ်ပါနဲ့၊ ပြတင်းရဲ့အောက်ဘက်မှာ ဂန္ဓမာလာသားရဲ့တွင်းရှိတယ်။ သားရဲတွင်းထဲမှာ သမင်ရိုင်းတွေနဲ့ ခြင်္သေ့တွေ ကျားသစ်တွေ နေထိုင်ကြတယ်”
“အပြင်ထွက်သွားပါ လင်္ကာဒီပဘုရင်”
“ကျုပ်ပြောတာနားထောင်ပါဦး”
“လင်္ကာဒီပဘုရင် နောက်ထပ်စကားတစ်လုံး နောက်ထပ်ခြေတစ်လှမ်း ရှေ့တိုးဝင်လာတာနဲ့ ဟောဒီပြတင်းပေါက်ပေါ်ကနေပြီး သားရဲ့တွင်းထဲကို ခုန်ချလိုက်မယ်”
“ကျူပ် ရှေ့မတိုးပါဘူး သီတာဒေဝီ၊ ဒါပေမယ့် စကားနည်းနည်းပြောချင်ပါတယ်၊ နားထောင်ပါ၊ လင်္ကာဒီပရဲ့မဟေသီအဖြစ်ကို မင်းခံယူပါ သီတာဒေဝီ၊ နောင်မကြာခင် လင်္ကာဒီပမဟေသီအဖြစ်ကနေပြီး အိန္ဒုဒေသတစ်ခုလုံး၊
ဟိမဝန္တာဒေသတစ်ခုလုံးရဲ့ မဟေသီအဖြစ် မင်းရောက်ရှိမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျုပ်ရဲ့ဘုန်းအာဏာဟာ ကိသကိန္ဒာကတဆင့် မြေပြင်တဝှမ်းလုံး ပျံ့နှံ့တော့မှာမို့ ...”
“ကိသကိန္ဒာ”
“ဟုတ်တယ် သီတာဒေဝီ၊ မင်းကလွဲပြီး ဆိုးညစ်တဲ့အာရိယန်အားလုံးကို ကျုပ်တို့ ကိသကိန္ဒာကနေ ခုခံမောင်းထုတ်တော့မယ်၊ ပျက်စီးရှုံးနိမ့်မယ့် မျိုးနွယ်စုကနေ ထွန်းတောက်အောင်မြင်တဲ့ မျိုးနွယ်စုဘက် ကူးပြောင်းပြီး လင်္ကာဒီပ မဟေသီအဖြစ်ကို မင်းခံယူပါ သီတာဒေဝီ”
“အို .... မကြားချင်ဘူး၊ မကြားချင်ဘူး၊ ရှင် အခုထွက်သွားပါ၊ အခုထွက်သွားပါ”
“မဟေသီအလောင်းအလျာရဲ့ အမိန့်ကို ခံယူပါတယ်”
ကျွန်ုပ်သည် ကျိုးနွံမှုဝေါဟာရအသုံးအနှုံးကို ယင်း၏ဆန့်ကျင်ဘက်အသံဖြင့် နှုတ်ဆက်ခဲ့ပြီး စက်ရာဆောင်မှ ထွက်ခွာခဲ့လေသည်။
* * *
နန်းတော်၏တပ်မင်းများခန်းမဆောင်တွင် ညီတော်ဘိဘိသန၊ သားတော်မေဃနာဒတို့နှင့်တကွ လင်္ကာဒီပသေနာပတိများ စောင့်ဆိုင်းနေကြပေမည်။
ကျွန်ုပ်ရောက်ရှိသွားချိန်၌ တပ်မင်းများခန်းမဆောင်တွင် ညီတော်ဘိဘိသန၊ သားတော်မေဃနာဒနှင့်တကွ လင်္ကာဒီပသေနာပတိများ ရောက်ရှိစုံညီနေကြပြီဖြစ်သည်။ သူတို့အားလုံးသည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြပြီး
နက်ရှိုင်းသောဣနြေ္ဒကို ဆောင်ထားကြလေသည်။ သူတို့ကား ကျွန်ုပ်၏ဝဲယာတွင် အစဉ်ခြံရံလျက် လင်္ကာဒီပနယ်နိမိတ်ကို တိုးချဲ့ရေးလုပ်ငန်းတွင် အစဉ်ပြောင်မြောက်စွာ ပါဝင်ခဲ့ကြသော စစ်သည်တော်ကြီးများပင် ဖြစ်ပေသည်။
အိန္ဒုမြစ်ဝှမ်းဒေသတွင် တနေရာမှ တနေရာ လှည့်လည်၍ ရေကြည်မြက်နုဒေသကို ရွှေ့ပြောင်းရှာဖွေရင်းနှင့် စားကျက်လုသည့် မျိုးနွယ်စုစစ်ပွဲများကို ဆင်နွှဲတိုက်ခိုက်လေ့ရှိသည်။ မျိုးနွယ်စုများကို စုရုံးသိမ်းပိုက်နိုင်ခဲ့သူများလည်း
ဖြစ်သည်။ စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းလာခဲ့သည့် သူတို့၏လက်များသည် အစဉ်သဖြင့် ဒသဂီရိဘုရင်၏ခြေအစုံကို ထိကပ်ထားကြသည်။ အထူးထူးသော သေနင်္ဂဗျူဟာများကို ကျွမ်းကျင်သူများလည်းဖြစ်သည်။ ထိုလင်္ကာဒီပသူရဲကောင်းများစုဝေးရာဖြစ်သည့် ဤတပ်မင်းများခန်းမဆောင်သည် လင်္ကာဒီပ၏ကံကြမ္မာကို အစဉ်အမြဲ ပွတ်တိုက် အရောင်တင်ပေးရာဒေသဖြစ်ပေသည်။
“ဘုရင်မင်းမြတ်ရောက်ရှိပြီးဖြစ်တဲ့အတွက် စစ်ရေးညီလာခံ စတင်ပါပြီ”
သေနာပတိချုပ်ဖြစ်သော သားတော်မေဃနာဒသည် သူ့နေရာမှထလျက် အောင်မြင်သောအသံဖြင့် စတင်ပြောဆိုလိုက်လေသည်။
“လင်္ကာဒီပသေနာပတိ အားလုံး စုံညီကြရဲ့လား”
“နာဂမျိုးနွယ်စုသေနာပတိ ဂုမ္ဘဒီပ ရောက်ရှိပါပြီ”
“ဂရုဋ္ဌမျိုးနွယ်စု သေနာပတိ ဂုမ္ဘီကဏ္ဏရောက်ရှိပါပြီ”
“ဂုမ္ဘာနမျိုးနွယ်စု သေနာပတိ သူရာဂုမ္ဘာန်ရောက်ရှိပါပြီ”
မျိုးနွယ်စုသေနာပတိတဦးစီ မိမိတို့ရောက်ရှိကြောင်း အစီရင်ခံကြသည်။
“လင်္ကာဒီပအရပ်ရှစ်မျက်နှာ နယ်နိမိတ်တပ်မင်းများ စုံညီကြပြီလား”
နယ်နိမိတ်တပ်မင်းခေါင်းဆောင်များ တစ်ဦးပြီးတစ်ဦး မတ်တပ်ရပ်ကြသည်။ တစ်ခုသောနေရာမှ ထိုင်ခုံလစ်လပ်နေပေသည်။ မေဃနာဒသည် ဓားမြှောင်ကို ထုတ်လျက် လစ်လပ်နေသောထိုင်ခုံနောက်မှီပေါ်သို့ ပစ်စိုက်လိုက်သည်
“ဘုရင်မင်းမြတ်ရောက်ရှိချိန်အထိ မရောက်သေးတဲ့ အဲဒီနေရာဟာ ဘယ်သူလဲ”
“ကိသကိန္ဒာဒေသ နယ်နိမိတ်ခေါင်းဆောင် ဣဇေနဖြစ်ပါတယ်။ သေနာပတိချုပ် သူဟာ နယ်စပ်ရဲ့ထူးခြားတဲ့သတင်းတစ်ခုကို ရယူလာဖို့အတွက် နောက်ကျနေခြင်းဖြစ်ပါတယ်”
တပ်မင်းတစ်ဦးက အဖြေပေးသည်။
“ရှိပါစေလေ၊ သူရောက်လာတဲ့အခါမှာ သူပြောတာကို နားထောင်ကြတာပေါ့၊ ကိုင်း ...အခု သေနာပတိများ ပြောစရာရှိတာပြောကြပါ”
ဘိဘိသနသည် တည်ငြိမ်အေးဆေးသောအသံဖြင့် ဝင်ရောက်ဖြေရှင်းလိုက်သည့်အတွက် ထိုစိတ်အနှောက်အယှက်ဖြစ်စရာပြသနာမှာ ပြီးဆုံးသွားခဲ့သည်။ ရှေ့ပိုင်းနေရာမှ သေနာပတိတစ်ယောက် ထလိုက်သည်။
“နာဂါမျိုးနွယ်စု သေနာပတိ ဂုမ္ဘဒီပ လျှောက်တင်ပါရစေ၊ လွန်ခဲ့တဲ့ခုနစ်ရက်က အာရိယန်ဘုရင် ဒသရဌရဲ့ သားနှစ်ဦးဖြစ်တဲ့ ရာမနဲ့လက္ခဏတို့ဟာ ကျွန်ုပ်ရဲ့နယ်နိမိတ်အရှေ့ဘက်အရပ် အိန္ဒုမြစ်တစ်ဘက်ကမ်းကို ဖြတ်ကူးသွားကြပါတယ်။ သူတို့မှာ နောက်လိုက်နောက်ပါစစ်သည်များ မပါရှိပါ”
“သူတို့ ဘယ်ဒေသကို သွားသလဲ”
“ကိသကိန္ဒာတိုင်းပြည်ဘက်ကို သွားပါတယ်”
လွန်ခဲ့သောခုနှစ်ရက်ဟူသောအချိန်မှာ ကျွန်ုပ် မှော်ရုံဟေဝန်မှသီတာဒေဝီကို ခေါ်ဆောင်လာခဲ့သည့် ရက်ပိုင်းဖြစ်သည်။ ရာမနှင့် လက္ခဏတို့သည် မှော်ရုံဟေဝန် မြောက်ဘက်တစ်နေရာတွင် တွေ့ဆုံကြပြီး ကိသကိန္ဒာသို့ အပြင်းနှင်သွားကြခြင်းဖြစ်ပေမည်။ ပျောက်ဆုံးနေသော သီတာဒေဝီအတွက် သင်းတို့ ရှာပုံတော်ဖွင့်ကြပေမည်။ ကျွန်ုပ်ပြုံးလိုက်သည်ကို ဘိဘိသနက လှမ်းကြည့်လိုက်လေသည်။
“ဂရုဋ္ဌမျိုးနွယ်စု သေနာပတိ ဂုမ္ဘီကဏ္ဏ လျှောက်တင်ပါရစေ၊ ရာမနဲ့လက္ခဏတို့ဟာ လွန်ခဲ့တဲ့သုံးရက်က နယ်နိမိတ်မြောက်ဘက်အရပ် ကြို့ပင်တောအုပ်အနီးက ဖြတ်သန်းသွားကြပါတယ်။ သူတို့ဟာ အိန္ဒုမြစ်ရဲ့ဒီမှာဘက် လင်္ကာဒီပ
ပိုင်နက်ထဲကို ချင်းနင်းဝင်ရောက်မလာကြပါဘူး၊ ဒါကြောင့် ကျွန်ုပ်တို့ တိုက်ခိုက်ခြင်းမပြုခဲ့ပါ”
“ကိစ္စမရှိပါဘူးလေ၊ ဒါကိုမပြောပါနဲ့၊ မင်းတို့တွေ့လိုက်တဲ့အချိန်မှာကော သူတို့နှစ်ဦးပဲလား၊ စစ်သည်တွေ ပါသေးသလား”
“စစ်သည်တွေမပါ ပါ၊ ဒါပေမယ့် နှစ်ဦးမဟုတ်၊ သုံးဦးဖြစ်ပါတယ်”
“သုံးဦးဟုတ်လား၊ တတိယလူက ဘယ်သူလဲ”
“ကျွန်ုပ်မမြင်ပါဘူး၊ ဒါပေမယ့် အသွင်ထူးဆန်းပါတယ်။ ရင်အုပ်ကြီးမားပြီး လက်တံများ ရှည်လွန်းလှပါတယ်။ ခြေဖဝါးလက်ဖဝါးများ ကြီးမားလှပါတယ်။ ဝတ်စားတန်ဆာများဟာ အဖိုးထိုက်အဖိုးတန်များ ဖြစ်ပေမယ့် ပေရေ စုတ်ပြတ်နေပါတယ်။ သူဟာ ရာမနဲ့လက္ခဏတို့နောက်က လိုက်ပါသွားပါတယ်”
လက်တံများရှည်လျားပြီး လက်ဖဝါးခြေဖဝါးများ ကြီးမားသည်ဟူသော ထိုတတိယလူသည် အဘယ်သူနည်း။ ကျွန်ုပ်စဉ်းစားလိုက်သည်။ ကျွန်ုပ်၏အတွေးထဲသို့ မက္ကဘုရင်ဘာလီ၏အသွင် သဏ္ဍာန်ဝင်ရောက်လာသည်။
“ဂရုဋ္ဌသေနာပတိ သင် မက္ကဘုရင်ဘာလီကို မြင်ဖူးသလား”
ဘိဘိသနလည်း ကျွန်ုပ်ကဲ့သို့ပင် အတွေးဝင်ဟန်ရှိသည်။ သူသည် ကျွန်ုပ်ကိုယ်စား ဂုမ္ဘီကဏ္ဏကို မေးလိုက်သည်။
“ကျွန်ုပ် မက္ကဋဘုရင်ကို မြင်ဖူးပါတယ် အိမ်ရှေ့မင်း၊ ဒါပေမယ့် အဲဒီလူဟာ မက္ကဋဘုရင်မဟုတ်ပါဘူး”
“ဒါဖြင့်ရင်...”
ကျွန်ုပ်အတွေးမဆုံးခင် ဘိဘိသနအသံ ပေါ်လာသည်။
“သူဟာ မက္ကဋဘုရင်ဟောင်း သုခရိတ်ဖြစ်နိုင်တယ်၊ ကိသကိန္ဒာနန်းကျဘုရင် သုခရိတ်ဖြစ်နိုင်တယ်”
“အေး ငါလည်း ဒီလိုပဲတွေးမိတယ် ဘိဘိသန၊ သို့သော် သူဟာ သုခရိတ်ဖြစ်ခဲ့ရင် ဘာကြောင့် လွန်ခဲ့တဲ့သုံးရက် ရာမတို့နဲ့ တောနက်ထဲ တောင်ထဲမှာ အတူရှိနေရသလဲ၊ သူရဲ့ကိသကိန္ဒာထီးနန်းကို ပြန်ယူဖို့ လွန်ခဲ့တဲ့ရက်ပေါင်းများစွာကတည်းက သူ ရာမတို့ရှိရာ ခိုဝင်ခဲ့တာမဟုတ်လား၊ ပြီးတော့ စစ်သည်ဗိုလ်ပါ မပါလဲ ရာမ၊ လက္ခဏနဲ့ သုခရိတ်သုံးဦးတည်း ကိသကိန္ဒာကို သွားကြမတဲ့လား”
ဘိဘိသနသည် အဖြေမပေးနိုင်သေးဘဲ အတွေးနက်နေဟန်ရှိသည်။ မှော်ရုံဟေဝန်မှ သီတာဒေဝီကို ခေါ်ဆောင်ခဲ့စဉ်ကလည်း ရာမ၊ လက္ခဏတို့စခန်းချသည့် ကျောက်ဂူစခန်းတွင် စစ်သည်များမရှိခဲ့။ ထီးနန်းကို ပြန်လည်ရယူရေးကိစ္စ၌ စစ်သည်ဗိုလ်ပါမရှိဘဲ ထိုသုံးဦးသည် ရူးမိုက်စွာ ကြံစည်နေကြပြီထင်သည်။ ထို့ပြင် တခါကလည်း ညီတော်ဘိဘိသနကိုယ်တိုင် ရာမတို့ကို စစ်သည်ဗိုလ်ပါများနှင့်အတူ အရှေ့မြောက်ဘက်ဒေသ၌ တွေ့ခဲ့ကြောင်း ကျွန်ုပ်ကို သတင်းပေးခဲ့ဖူးသည်။ ညီအကိုနှစ်ယောက်နှင့် မက္ကဋနန်းကျဘုရင်တစ်ယောက် စုစုပေါင်းသုံးယောက်တို့ ကိသကိန္ဒာသို့ ခိုးကြောင်ခိုးဝှက်ထွက်သွားသည့် အရေးကိစ္စအတွက် လင်္ကာဒီပသေနာပတိတို့ စည်းဝေးနေကြရမည်လော။ အဘယ်ကြောင့် ညီတော်ဘိဘိသနသည် သေနာပတိအားလုံးကို စုဝေးစေလျက် ဤညီလာခံခန်းမတွင် စုရုံးစေသနည်း။ ထုံးစံအတိုင်း ဘိဘိသနသည် အကြောက်လွန်နေခြင်းသာ ဖြစ်ရပေမည်။
“ဘယ်နှယ့်လဲ ညီတော်ဘိဘိသန၊ တို့များဟာ ဘာအတွက် တပ်မင်းများခန်းမထဲကို စုဝေးနေရတာလဲ၊ သားတော်မေဃနာဒ မင်းရဲ့သေနာပတိတွေကော ဘုရင့်သားနှစ်ယောက်နဲ့ နန်းကျဘုရင်တစ်ယောက်အတွက် ဒီကိုခေါ်
သွားတာလား၊ တို့ ခု ကိသကိန္ဒာကို ချီတက်တိုက်ခိုက်ကြရမှာလား”
ဘိဘိသနနှင့် မေဃနာဒတို့သည် နီရဲသောမျက်နှာများကို အောက်သို့ ငုံ့လိုက်ကြသည်။ စကားတစ်စုံတစ်ရာ ပြန်လှန်ပြောဆိုနိုင်ခြင်း မပြုနိုင်ကြ။ သေနာပတိအားလုံးကလည်း သူတို့နှစ်ဦးကို ကြည့်နေကြသည်။
“ငါက ကိသကိန္ဒာမှာ အာရိယန်တွေရောက်နေလို့ ဘာလီဘုရင်ကို စစ်ကူပေးဖို့အရေး ဆွေးနွေးမယ်ထင်ပြီး လာခဲ့တာ၊ ဒီလိုတိတ်ဆိတ်ငြိမ်သက်နေတဲ့ အဖြေမရှိတဲ့ တပ်မင်းညီလာခံမျိုးကို လာခဲ့တာမဟုတ်ဘူး၊ ဟေ့ မင်းတို့ကတော့၊ ဂုမ္ဘီဒီပ .... ဂုမ္ဘီကဏ္ဏသေနာပတိကြီးတွေ မင်းတို့တာဝန်ကျတဲ့နယ်နိမိတ်မှာ ဘယ်တုန်းက ဘယ်သူနှစ်ယောက် ဖြတ်သွားပါတယ်ဆိုတာ အစီရင်ခံဖို့ ဒီကိုလာခဲ့ကြတာလား”
ညီလာခံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ သေနာပတိများသည် ကျောက်ရုပ်များလို ဖြစ်နေကြသည်။
“ဟေ့ ...... ဒါဟာ ဟိမဝန္တာက ယောဂီတွေရဲ့ ဂူလမဟုတ်ဘူး၊ ဒသဂီရိရဲ့စစ်ရေးဆွေးနွေးရာ နန်းဆောင်ကွ၊ မင်းတို့မှာ တစ်ခြားဘာမှ ပြောစရာမရှိဘူးလား”
သားတော် မေဃနာဒက စတင်လှုပ်ရှားလာသည်။ တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ ပြောခွင့်မရလိုက်၊ ကျယ်လောင်သော မြင်းခွာသံများ နန်းဆောင်တံခါးဝ၌ ပေါ်လာပြီး နန်းဆောင်အတွင်းသို့ တစုံတဦး
ပြေးဝင်လာသည်။ သူသည် ဓားမြှောင်စိုက်ဝင်နေသည့် ထိုင်ခုံသို့ ပြေးလာပြီး ထိုင်မည်အပြုတွင်မှ ဓားမြှောင်ကို မြင်လိုက်ရသောကြောင့် တုန်လှုပ်သွားပြီး ရပ်နေလိုက်သည်။
သားတော် မေဃနာဒထံမှ အသံထွက်လာသည်။
“ဣဇ္ဇေန၊ ကိသကိန္ဒာနယ်စပ်တပ်မှူး ဣဇ္ဇေန”
“ဟုတ်ပါတယ် သေနာပတိချုပ်၊ ကျွန်ုပ် ဣဇ္ဇေနပါ၊ အထူးအရေးကြီးတဲ့ကိစ္စတရပ်ပေါ်လာလို့ နောက်ကျနေရတာကို ခွင့်လွှတ်ပါ၊ ကျွန်ုပ်မှာ အရေးကြီးတဲ့သတင်းတွေ ပါလာပါတယ်”
ဣဇ္ဇေန၏ရင်အုပ်သည် ပြင်းစွာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူသည် လက်ကို ညာဘက်ရင်အုံပေါ်သို့ ဖိကပ်ထားသည်။ သူ့အသံမှာ မောဟိုက်နေပြီး ကျယ်လောင်သောအသက်ရှုသံများ ကြားနေရသည်။ မျက်နှာမှာလည်း သွေးဆုတ်နေသည်။ မေဃနာဒက အမိန့်ပေးလိုက်သည်။
“မြန်မြန်ပြောစမ်း”
“တခါက လင်္ကာဒီပဘုန်းလက်ရုံးအောက်မှာ ခိုဝင်ပါရစေဆိုတဲ့ မက္ကဋဘုရင်ဟာ သူ့ရဲ့နောင်တော် သုခရိတ်မင်းကို ကိသကိန္ဒာကနေပြီး မတရားသဖြင့် နှင်ချတာဖြစ်ပါတယ်။ မိဖုရားခေါင် သုဘတ္တနဲ့တကွ ထီးနန်းကို အတင်းအဓမ္မသိမ်းပြီး နောင်တော်သုခရိတ်ကို နန်းချပစ်ပါတယ်”
ဘိဘိသနက ကျွန်ုပ်ကို လှမ်းကြည့်လိုက်လေသည်။ ဘာလီမင်း၏မျက်လုံးသူငယ်အိမ်သည် သေးငယ်၍ လှုပ်ရှားကစားလွန်းသောကြောင့် မနှစ်မြို့ဟု သူ တခါကပြောဖူးသည်ကို အမှတ်ရဟန်ရှိလေသည်။
“ဒီလိုမတရားမှုကို မက္ကဋပြည်သူပြည်သားများကလည်း မကြိုက်ကြဘူး၊ ဒါပေမယ့် ဘာလီမင်းဟာ ကျွန်ုပ်တို့နဲ့ မဟာမိတ်ပြုထားတယ်ဆိုတာ သိကြလို့ ဘာလီမင်းကို သူတို့ ပြန်မချရဲကြဘူး၊ သုခရိတ်ဘုရင်ပြန်လာမယ့်ရက်ကိုပဲ
မက္ကဋမျိုးနွယ်စုတွေက မျှော်လင့်နေကြတယ်”
ဣဇ္ဇေန၏အသံသည် ပို၍မောဟိုက်လာသည်။
“သုခရိတ်ဟာ အာရိယန်ဘုရင်တွေဆီ စစ်ကူတောင်းဖို့ အိန္ဒုမြောက်ပိုင်းကို ထွက်ပြေးခဲ့တယ်၊ မြောက်ပိုင်းကိုမရောက်ခင် လမ်းခုလတ်တောင်ပိုင်း တောအုပ်တစ်ခုအတွင်းမှာ နေပြည်တော်က အနှင်ခံရတဲ့ ရာမ၊ လက္ခဏတို့နဲ့ တွေ့တယ်”
“ဘာ ...... နေပြည်တော်ကအနှင်ခံရတဲ့ ရာမနဲ့လက္ခဏ ဟုတ်လား”
“ဟုတ်ပါတယ် ဘုရင်မင်းမြတ်၊ ရာမနဲ့လက္ခဏတို့ဟာ အယုဒ္ဓယကနေ အနှင်ခံကြရတယ်၊ သူတို့ရဲ့ခမည်းတော်ဘုရင်ရဲ့ အမိန့်နဲ့ အနှင်ခံရတာပါ”
“အလို ရှုပ်ထွေးလှပါလား။ သားတော်မေဃနာဒ၊ ဣဇ္ဇေနကို သူ့ထိုင်ခုံမှာထိုင်ပါစေ၊ ပြီးတော့မှ သူ သေသေချာချာပြောပါစေ”
နောက်မှီတွင် စိုက်ဝင်နေသည့် ဓားမြှောင်ကို ဖယ်ရှားလိုက်ပြီး ဣဇ္ဇေနကို ထိုင်စေသည်။ ထိုင်ခုံတွင် ထိုင်လိုက်သည့်အခါတွင်မှ ဣဇ္ဇေန ရင်အုံ၌ဖိကပ်ထားသည့် သူ့လက်ကို ပြန်ခွာလိုက်သည်။ ဝတ်ရုံစနှင့် ကိုယ်ကြပ်ကို ဖွင့်ပြသည်။ ထိုအခါမှပင် ရင်ဘတ်၌ သွေးများစိမ့်ထွက်နေသည့် အပေါက်ငယ်တစ်ပေါက်ကို တွေ့ကြရပေသည်။ သေနာပတိများက ဣဇ္ဇေနကို ဖေးမမည်ပြုကြသောအခါ ဣဇ္ဇေနသည် ငြင်းပယ်လိုက်လေသည်။
“ဘာမှမကူညီကြပါနဲ့၊ အချိန်မရှိဘူး၊ ကျုပ်သေမှာပဲ၊ အရေးကြီးတဲ့သတင်းတွေ ပြောစရာရှိတယ်”
ကျုပ်တို့ရှုပ်ထွေးနေခဲ့တဲ့ အကြောင်းအရာများသည် ဣဇ္ဇေနရခဲ့သည့်သတင်းများကြောင့် အားလုံး ရှင်းလင်းသွားခဲ့ပေသည်။ ရာမနှင့်လက္ခဏတို့သည် မိထိလာလေးတင်ပွဲမှ သီတာဒေဝီကို ဆောင်ကျဉ်း၍ အယုဒ္ဓယသို့ ပြန်သွားခဲ့ကြသည်။ ရာမသည် အယုဒ္ဓယထီးနန်းကို ဆက်ခံရန်ဖြစ်သော်လည်း သူတို့၏ခမည်းတော် ဒသရဌဘုရင်သည် ရာမအား ထီးနန်းမပေးဘဲ သြဇာညောင်းသည့် မိဖုရားတစ်ပါး၏သားကိုသာ ထီးနန်းပေးခဲ့ရသည်။ သူတို့အာရိယန်မျိုးနွယ်စုများအကြားတွင် ရှုပ်ထွေးသောထီးနန်းပြသနာများရှိပေသည်။ ထို့နောက် ရာမတို့ကို လိုလားကြသောမျိုးနွယ်စုနှင့် မိဖုရား၏မျိုးနွယ်စုတို့ အချင်းချင်း စစ်မက်ဖြစ်ပွားကြမည့်အရေးကြောင့် ရာမတို့အား အယုဒ္ဓယမှ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။
အာရိယန်မျိုးနွယ်စုအများအပြားမှာလည်း ရာမတို့ညီအကိုနှစ်ဦးကို လိုလားကြသည်။ ဘုရင်ဒသရဌအနေနှင့်မူ မိမိ၏သားကို အိန္ဒုမြစ်မြောက်ပိုင်းမှ တောင်ပိုင်းသို့ လှည့်လည်စည်းရုံးလျက် ကြီးမားသောမျိုးနွယ်စုအသစ်ကို ဦးဆောင်စေပြီး ထီးနန်းကို ပြန်လည်ရယူစေလိုခဲ့သည်။ ရာမတို့ညီအစ်ကိုလည်း ဤကဲ့သို့ပင် ကြံစည်ခဲ့ကြဟန်တူသည်။ ထို့ကြောင့် အယုဒ္ဓယမှ ထွက်ခွာခဲ့ကြခြင်းဖြစ်ပေမည်။ သူတို့အား အရှေ့မြောက်ဘက်တောင်တန်းအထိ အာရိယန်စစ်သည်များ အစောင့်အရှောက်ဖြင့် လိုက်ပါပို့ဆောင်ခဲ့ခြင်းဖြစ်မည်။ ညီတော်ဘိဘိသန တွေ့ခဲ့သည်ဆိုသော စစ်သည်များမှာ ရာမတို့ကို လိုက်ပို့သည့်စစ်သည်များဖြစ်ပေမည်။ ထိုစစ်သည်တို့သည် မှော်ရုံဟေဝန် မြောက်ဘက် အိန္ဒုမြစ်တစ်ဘက်ကမ်းအရောက်တွင် ပြန်သွားကြခြင်းဖြစ်သည်။ ရာမနှင့်လက္ခဏတို့သည် အာရိယန်မျိုးနွယ်စုအသစ်ကို တည်ထောင်ရန် ဝေးလံသော အရှေ့ဘက်မြက်ခင်းပြင်ဒေသများ၌ သွားရောက်ခြင်းဖြစ်နိုင်သည်။ ရေကြည်မြက်နုကို လှည့်လည်ရှာဖွေသည့် မျိုးနွယ်စုငယ်များမှ စတင်စည်းရုံးရန် အကြံရှိဟန်တူသည်။ ထိုအချိန်တွင် သင်း၏သီတာဒေဝီကို ကျွန်ုပ်ခေါ်ဆောင်လာနိုင်ခဲ့သဖြင့် သီတာဒေဝီကိုရှာဖွေရန် ခရီးလမ်းကြောင်းပြောင်း သွားရခြင်းဖြစ်နိုင်သည်။ ဤတွင် ကိသကိန္ဒာမှ ထွက်ပြေးခဲ့ရသည့် နန်းကျဘုရင်သုခရိတ်နှင့် တွေ့ ဆုံခြင်းဖြစ်ပေမည်။ ဣဇ္ဇေန၏သတင်းများကို ဆက်စပ်ကြည့်သောအခါ ဤသို့ပင် အဖြေထွက်လာပေသည်။
“ .... အဲဒီလိုတွေ့ဆုံကြပြီးနောက် ရာမ၊ လက္ခဏနဲ့ သုခရိတ်တို့ဟာ ကိသကိန္ဒာကို ဆက်သွားခဲ့ကြတယ်၊ ရာမတို့ဟာ အလွန်ဝေးလံတဲ့ မြောက်ပိုင်းဒေသက ဆင်းသက်ပေါက်ဖွားတဲ့ အာရိယန်များဖြစ်တဲ့အတွက် အုပ်စုငယ်ဖွဲ့ပြီးတိုက်တဲ့ စစ်မက်ရေးရာမှာ ကျွမ်းကျင်ကြသူတွေပါပဲ၊ သုခရိတ်ဘုရင်က အားကိုးတယ်၊ ယုံကြည်တယ်၊ သုခရိတ်ဘုရင်မှန်တယ်၊ သူအားကိုးယုံကြည်တဲ့အတိုင်း သုခရိတ်ဟာ သူ့ကိုလေးစားမြတ်နိုးတဲ့ မက္ကဋမျိုးနွယ်စုတွေကို စုရုံးပြီး ရာမ၊ လက္ခဏတို့ ဦးဆောင်မှုနဲ့ အခု ကိကိန္ဒာထီးနန်းကို ပြန်လည်သိမ်းပိုက်လိုက်ပြီ”
“ဘာ...... သုခရိတ်ဟာ ကိသကိန္ဒာကို ပြန်သိမ်းလိုက်ပြီ ဟုတ်လား”
“ဟုတ်ပါတယ် သေနာပတိချုပ်”
“ဒါဖြင့် ဟိုဘာလီဘုရင်ကော”
“စစ်ပွဲမှာ ကျဆုံးသွားပြီ”
ဆက်ရန်
-----------------------------------------
ချစ်ဦးညို
crd 👉 https://www.facebook.com/108529964142302/posts/123925899269375/
Comments
Post a Comment