နွေဦးပေါက်ရင်
#နေမျိုး
#နွေဦးပေါက်ရင်
နွေဦးပေါက်ရင်
ကြက်တူရွေးတစ်ကောင်မွေးမယ်
သူ့ကို စကားတစ်ခွန်းတည်းသင်ပေးမယ်
"ဆာတယ်...ဆာတယ်" လို့။
နွေဦးပေါက်ရင်
အော်စတင်ကားလေးကို မောင်းမယ်
ဟစ်တလာမိန့်ခွန်းပြောသံကို
ကားဟွန်းသံအဖြစ် တပ်ဆင်ထားမယ်
တောင်ဘက်ပင်လယ်တွေဆီ ခရီးထွက်မယ်။
နွေဦးပေါက်ရင်
သစ်ရွက်ကြွေတွေ လိုက်ကောက်မယ်
သစ်ရွက်ကြွေတွေပေါ်မှာ
အင်္ဂလိပ်ဘာသာနဲ့
မင်းနာမည်ကို ငါရေးမယ်။
နွေဦးပေါက်ရင်
ပြတင်းပေါက်တွေ အကုန်ဖွင့်မယ်
ပုံပြင်တွေအော်ဖတ်မယ်
စိတ်ကောင်းလည်းဝင်မယ်။
နွေဦးပေါက်ရင်
ပြဇာတ်တစ်ပုဒ်ရေးမယ်
စုဘူးကို ခွဲမယ်
ပြားစေ့ကလေးတွေ ရေတွက်မယ်။
တကယ်လို့ ...
တော်တော်နဲ့ နွေဦးမပေါက်သေးရင်လည်း
ကိစ္စမရှိပါဘူး
ဒီကဗျာကို လမ်းထိပ်က အပေါင်ဆိုင်မှာ သွားပေါင်မယ်
ပြီးတော့ ခပ်ဟောင်းဟောင်းစောင်တစ်ထည်
ဝယ်ခြုံနေမယ်ကွယ်။
Comments
Post a Comment