အရင်းအနှီး
(၁)
ဒီနေ့ ဈေးထဲမှာ ကျွန်မနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ မိန်းမကြီးကို ပြောရမှာဖြစ်ပေမယ့် ပြောချင်စိတ်ကိုမရှိလို့ မပြောလိုက်တဲ့စကားကို ပြောပြပါမယ်။ နည်းနည်းလေး သည်းညည်းခံပြီး နားထောင်ပေးပါနော်။ အရင်ဆုံး မနက်က ဈေးထဲမှာ ဖြစ်တဲ့ကိစ္စကို ပြောပါမယ်။ ကျွန်မ ခင်းထားတဲ့ မန်ကျည်းရွက်ဗန်းကလေးရှေ့ကို ခွာမြင့်ယိုးဒယားဖိနပ်စီးထားတဲ့ ခြေထောက်တစ်စုံ လာပြီးရပ်ပါတယ်။ သနပ်ခါးရေကြဲ လိမ်းပွတ်ထားတဲ့ခြေဖမိုးက ခြေချောင်းဖြူဖြူကလေးတွေမှာ မရမ်းရောင်စိုစို တောက်နေပါတယ်။ “ဝယ်မယ့်သူပဲ” ဆိုတဲ့ အသိနဲ့ မော့ကြည့်ပြီး “ဘယ်နှပုံ ယူမလဲ အစ်မ” လို့ ကျွန်မ မေးလိုက်ပါတယ်။ တကယ်တော့ ကျွန်မဒွေးလေးအရွယ် အမေအရွယ်ပါ။ မိတ်ကပ်လိမ်း နှုတ်ခမ်းနီပါးပါးဆိုးပြီး ငယ်ရုပ်ဆင်ထားတဲ့ အသွင်အပြင်ကို အားနာလို့ “အစ်မ” ခေါ်လိုက်တာပါ။
“ငါးဆယ်ဖိုးပေး” တဲ့။
“တစ်ပုံကို တစ်ရာပါ အစ်မ၊ ငါးဆယ်ဖိုးရောင်းလို့ မဖြစ်ပါဘူး”
ကျွန်မ ဗန်းထဲမှာ မန်ကျည်းရွက် ငါးပုံ ပုံထားပါတယ်။ လယ်ကန်စွန်းရိုးနီကလေးတွေရယ်၊ ဥသျှစ်ညွန့်ကလေး သုံးလေးခက်ရယ် အပေါ်မှာ တင်ထားပါတယ်။ အပုံတစ်ပုံဟာ အိမ်သား ငါးယောက်လောက်ရှိတဲ့ အိမ်အတွက် ဟင်းရည်သောက် တစ်ခွက်စာ အလောတော်ပါ။ သူများတွေလည်း ဒီလိုရောင်းကြတာပါပဲ။
“လမ်းဘေးမှာ သူ့ဟာသူ ပေါက်နေတဲ့ အပင်တွေက ရတဲ့ မန်ကျည်းရွက်ကို ငါးဆယ်ဖိုး ရောင်းမဖြစ်ဘူးဆိုတော့ ရယ်စရာကောင်းလိုက်တာ။ အရင်းအနှီးကလည်း ကြီးတာကိုး”
ဘယ်လိုမှထင်မထားဘဲ ကြားလိုက်ရတဲ့စကားကြောင့် မန်ကျည်းရွက်ထုတ်ပေးဖို့ ကတော့ထိုးနေတဲ့ အင်ဖက်ဟာ ကျွန်မလက်ထဲက လွတ်ကျသွားပါတယ်။ ပါတိတ်ဝမ်းဆက် ရွှေလက်ကောက်တဝင်းဝင်းနဲ့ရော၊ အသက်အရွယ် ရုပ်ရည်နဲ့ရော ဘယ်လိုမှမလိုက်ဖက်တဲ့ ထေ့လုံး ငေါ့လုံးစကားဖြစ်လို့ ကျွန်မ တကယ်ပဲ အံ့သြရတယ်။ နောက်ပြီး စိတ်ထဲမှာ ခံပြင်းဒေါသလည်း “ဟုန်း”ခနဲ ထလာပါတယ်။ ဒီတော့ ကျွန်မကလည်း တင်ရီမပဲလေ။ စနေသမီး နေတက်ရေတက်မှာ မွေးလာတဲ့ကောင်မ။
“အဒေါ်ကြီး တစ်ရာမတတ်နိုင်ရင်လည်း အလကားပဲ ယူသွား၊ ငါးဆယ်လည်း ပေးမနေနဲ့တော့”
ပြောပြောဆိုဆိုနဲ့ ကျွန်မက လွတ်ကျသွားတဲ့ အင်ဖက်ကို ကောက်ကိုင်ပြီး မန်ကျည်းရွက်ပုံပေါ်ကို လက်လည်း ဝဲလိုက်ရော၊ မချောကြီးလေ ပါးစပ်အဟောင်းသားနဲ့ မျက်လုံးကြီးပြူးကြည့်ပြီး ချာခနဲ လှည့်ထွက်သွားပါလေရော။
ကျွန်မအနေနဲ့ “အရင်းအနှီးကလည်း ကြီးပေသကိုး”လို့ ငေါ့ထေ့ထေ့ပြောတဲ့ အဲသည်မိန်းမကြီးကို သူထင်သလို အလကားရတာ မဟုတ်ဘူးဆိုတာ သိစေချင်တာ။ ဒါပေမဲ့ စိတ်ပေါက်လွန်းလို့ မပြောနိုင်ခဲ့ဘူး။ အခု ပြောပြပါမယ်။
(၂)
ကျွန်မတို့ ရွာမှာနေစဉ်တုန်းကတော့ ဟုတ်ပါတယ်။ ရွာနီးဝန်းကျင်က မန်ကျည်းပင်တွေ ရွက်နုထိုးပြီဆိုရင် လွယ်အိတ်ကလေး လည်ပင်းစွပ်ပြီး လွှားလွှား လွှားလွှားနဲ့ တက်ခူး။ သူတကာ အိမ်ဝိုင်းထဲက မန်ကျည်းပင်တွေ ရွက်သစ်ဝေလို့ ငထွေရီဖြစ်နေတာ မြင်ရင်လည်း “ကြီးတော်ရေ ... အရီးရေ ...တစ်ခါချက်ခူးမလို့နော်” လို့ ပြောပြီး စကားဆုံးတာနဲ့ ခွဆုံရောက်။
အိမ်ရှင်က မတားပါဘူး။ “ခူးသာ ခူးတဲ့၊ ဒါပေမဲ့ သတိနဲ့တက်၊ ကိုင်းဖျား ကိုင်းနား သိပ်မသွားနဲ့၊ မန်ကျည်းတစ်ညို လူတစ်ကိုယ်ဆိုပေမယ့် မသကာ လိမ့်ပြုကျနေဦးမယ်နော်” လို့တောင်မှ သတိပေးဖော်ရပါသေးတယ်။
အပင်ပေါ်ကဆင်းလို့ တစ်ခါချက် ယူထားလိုက်ပါဦး ပေးတာတောင် “တို့မလည်း ခြေနဲ့လက်နဲ့ပါအေ။ ညည်းဟာညည်း ယူသွား”လို့ ငြင်းသေးတယ်။
ကျွန်မတို့က လယ်ခြေယာခြေမရှိ လယ်ကူလီ ဘောက်သမားတွေဆိုတော့ ကြုံရာကျပန်း လုပ်စားမယ်ဆိုပြီး ဒီမြို့ကို ပြောင်းလာကြတာ။ ရွာမှာလို ဘယ်ဟုတ်လို့လဲနော်။ ကျွန်မတို့မိသားစု ဒီကိုရောက်စမှာ တော်တော် ကသီလင်တ နိုင်ပါတယ်။ လိမ်ဖယ်လိမ်ဖယ်နဲ့ပေါ့။ တစ်နှစ်လောက်နေလို့ရှိကာမှ အဖေက သူကုန်ထမ်းတဲ့ ပွဲရုံမှာ ညစောင့်အလုပ်ပါ ရတာကြောင့်ရယ်၊ ပွဲကတော် ထုတ်ပေးတဲ့ အရင်းအနှီးကလေးနဲ့ အမေက ကုန်စိမ်းဒိုင်မှာ သင့်နိုးရာရာ အသီးအရွက်ကလေးတွေယူပြီး ရပ်ကွက်ထဲလှည့်လို့ ဈေးတောင်းခေါင်းတင် ရောင်းတာကြောင့်ရယ် နပ်မှန်လာခဲ့တာပါ။
ကျွန်မကလည်း ပန်းရံထဲလိုက်ပြီး မဆလာ ရွက်ပါသေးတယ်။ ဒါပေမဲ့ အမေတို့က “ညည်းရုပ်ညည်းရေနဲ့ စိတ်မချဘူးအေ”ဆိုပြီး အလုပ်မဆင်းခိုင်းတော့တာနဲ့ အမေ့ကို ဈေးတောင်းကူရွက်ရင်း အလုပ်သင်ဈေးသည်
ဖြစ်ခဲ့ပါတော့တယ်။
တစ်နေ့သား ဈေးရောင်းလည်ရင်းနဲ့ ကန်ပတ်လမ်းအရောက်မှာ ကန်ပေါင်ပေါ်ပေါက်နေတဲ့ မန်ကျည်းပင်တွေက ရွဲနေအောင်နုနေတာ မြင်တော့ ကျွန်မလည်း စိတ်ကူးပေါက်ပြီး “အမေ ကျွန်မခူးချင်တယ်။ ရောင်းရမှာ သေချာတယ်” လို့ အမေ့ကို ပြောလိုက်ပါတယ်။ ငယ်ငယ်ကတည်းက သရက်ပင်တက်၊ မန်ကျည်းပင်တက်လုပ်ခဲ့တဲ့ ကျွန်မအစွမ်းကို အမေသိပြီးသားမို့ “ကောင်းသားပဲ” ပေါ့။
ထင်တဲ့အတိုင်းပါပဲ။ ညသိပ်ရေစီထားတာမဟုတ်တဲ့ လတ်လတ်ဆတ်ဆတ် ဆိုတော့ ခူးရသမျှ ပြိုက်ခနဲ ကုန်ပါပဲ။ တချို့အိမ်တွေက ကြိုတောင်မှာကြသေးရဲ့။ ဒီလိုနဲ့ တစ်ရက်က နှစ်ရက်၊ နှစ်ရက်က သုံးရက်လည်း ရှိရော ကန်ကြီးဘေးမှာရှိတဲ့ ပန်းခြံထဲက လူကြီးတစ်ယောက် ရောက်လာပြီး တက်မခူးဖို့ တားပါတော့တယ်။ ကျွန်မက “ဘာလို့လဲ” မေးတော့ “ဒီအပင်တွေကို စည်ပင်သာယာက ပိုင်တာ။ ခွင့်မပြုရင် ခူးခွင့်မရှိဘူး၊ အပြစ်ရှိတယ်” တဲ့။ ပြာခြောက်ခြောက် ယူနီဖောင်းကြီးနဲ့။ ဒါပေမဲ့ နောက်ရက်တွေကျတော့လည်း အဆင်ပြေသွားပါတယ်။ ခူးဖို့လာတိုင်း ကျွန်မက သူ့ကို ကွမ်းယာတစ်ထုပ်နဲ့ စီးကရက်နှစ်လိပ် ပေးရတာပေါ့။ နှစ်ရာဖိုး။ ကဲ... အဲဒါ အရင်းအနှီး မဟုတ်ဘူးလား။
နောက်ပြီး အရင်က ကျွန်မနဲ့ ဘေးချင်းယှဉ်ပြီးရောင်းတဲ့ မမစန်းဌေးအကြောင်း ပြောချင်သေးတယ်။ သူလည်း ကျွန်မလိုပဲ ကိုယ်တိုင်ခူးပြီး ရောင်းတာ။ သူခူးတဲ့ အပင်တွေက အိမ်ဝိုင်းထဲက အပင်တွေ။ ဖောက်သည် လုပ်ထားတာ သုံးလေးအိမ်ရှိတယ်။ အဲသည်အပင်တွေကို တက်ခူးခွင့်က အလကားရတာ မဟုတ်ဘူး။ နာရီကြေးနဲ့။
ကျွန်မပြောတာက ဒီလိုလေ။ အပင်ရှင်တွေက နာရီဝက် ခူးရင် သုံးရာလို့ သတ်မှတ်ထားတယ်။ ကျွန်မလို အလေ့အကျင့်ရနေသူတွေက နာရီဝက်လောက်ခူးရင် တစ်ထောင်ဖိုးလောက်ရတယ်။ ဒီတော့ ကိုယ်ဖို့ ခုနစ်ရာလောက် ကျန်တယ်။ ကဲ... အဲဒါ အရင်းမရှိဘူးလား။
အဲသည့် မမစန်းဌေးရယ်လေ၊ မနှစ်က ဆုံးသွားရှာတယ်ရှင့်။ မန်ကျည်းပင်ပေါ်က ကျတဲ့ဒဏ်နဲ့ပေါ့။ သူ့ခမျာ ခူးခွင့်ရတဲ့ နာရီဝက်အတွင်းမှာ များများစားစား ရချင်တော့ ကိုင်းဖျား၊ ကိုင်းနားအထိ တက်ခူးရင်းနဲ့ ခြေချော်ကျတာလေ။ ခမျာ ဆေးရုံမှာ သုံးရက်လောက် ဝေဒနာခံစားလိုက်ရရှာတယ်။ ကဲ... အဲဒါ အရင်းအနှီး မဟုတ်ဘူးလား။ အသက်လေ... အသက်။
အံမယ် မမစန်းဌေး သေသွားပြီလည်း ကြားရော မန်ကျည်းပင်ပိုင်ရှင်အိမ်က ဘုန်းကြီးတွေပင့်၊ ပရိတ်ရွတ်၊ အန္တရာယ်ကင်း တရားနာကြသတဲ့။ မမစန်းဌေးကို အမျှဝေဖို့ မဟုတ်ပါဘူး။ သူတို့အပင်မှာ မမစန်းဌေး နေမှာစိုးလို့ပါ။ အဲသည်တုန်းက ကျွန်မလေ သွားပြီး ပြောလိုက်ချင်တာ။
“မမစန်းဌေးက ရှင်တို့အပင်မှာ မနေနိုင်ပါဘူး။ နာရီဝက်ကို သုံးရာပေးရတဲ့ အပင်မှာနေဖို့ လခကို သူ ဘယ်တတ်နိုင်ပါ့မလဲ” လို့။
အဲဒါပါပဲရှင်။ ဈေးကောက်ဈေးခေါင်းတွေ အဆိုမခံရအောင် ကျီးကန်းတောင်းမှောက်ကြည့်ရင်း ဗန်းကလေးချ၊ ဖိနပ်မြီးပြတ် ဖင်ခုထိုင်ပြီး ရောင်းတဲ့ပစ္စည်းကို ဘာတစ်ခုမှ အရင်းအနှီးမလုပ်ဘဲ ရတာလို့ ထင်နေတဲ့ ဟိုမိန်းမကြီးကို ဒါတွေ ပြောပြနေလို့လည်း စာနာနားလည်မှာ မဟုတ်ဘူး။ အလကားပဲဖြစ်မှာ။ ဒါပေမဲ့ ကျွန်မရင်ထဲမှာ ဖြစ်နေရတဲ့ခံပြင်းစိတ်က တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရမှ ပျောက်မှာမို့လို့ အခုလိုပြောပြတာပါ။ နားထောင်ပေးတဲ့အတွက် ကျေးဇူး။
-----------------------------------------------------
မင်းမြင့်ဇင်
ပေဖူးလွှာမဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၁၃။
Comments
Post a Comment