အလှရှာ ရင်မှာတွေ့
ဆရာမတို့အကျင့်ပါနေကျဟန်အတိုင်း စာမသင်မီ တစ်တန်းလုံးကို ဖြန့်ကာ မျက်မှန်တွင်းမှ ဝေ့ကြည့်လိုက်တော့ အခန်းထောင့်စွန်း တစ်နေရာအရောက်တွင် ခင်ဖြူစိတ်ထဲ ဒိတ်ခနဲ ဖြစ်သွားလေသည်။ အသားလတ်လတ်၊ အရပ်ပျပ်ပျပ်၊ တက်ထရွန် ရှပ်လက်တိုဖြူ နွမ်းနွမ်းကို ဆင်ထားသော တစ်ယောက်။ သူကလည်း ခင်ဖြူကို စူးစမ်းသလို ပြန်ကြည့်နေသည်။
ခင်ဖြူသည် လက်တွင်းရှိ စာအုပ်မှ စာရွက်များကို တစ်ရွက်ချင်း လှန်ရင်း မိမိ၏မှတ်ဉာဏ်တွင်းမှ အတိတ်အတွေ့အကြုံတို့ကို အပြေးအလွှား ရှာဖွေကြည့်နေလေသည်။ ပြီး အခန်းထောင့်ကို တစ်ဖန် ဝေ့ကြည့်မိပြန်သည်။ မျက်လုံးစူးစူး၊ မျက်ခုံးထူထူ။ ဟော ... မျက်ခုံးထူထက်မှ လှုပ်ရှားသွားသော မှဲ့နက်ရှင်ကလေး တစ်လုံး၊ ဟိုး ၁၀ နှစ်ကျော်အချိန် ကလေးဘဝအရွယ်က ကြားဖူးခဲ့သော အသံတစ်ခုကို ခင်ဖြူ ဖျတ်ခနဲ အမှတ်ရလာသည်။
“ဟေ့ မိဖြူ၊ ငါ့မှဲ့က ဘုန်းရှိတဲ့ မှဲ့နော်၊ ဒွတ္တပေါင် ဘုရင်ကြီးမှာ ရှိတဲ့ မှဲ့မျိုး၊ နင့်ဂါဝန် ငါ့မျက်နှာကို လာမထိစေနဲ့၊ ငါ ဘုန်းနိမ့်သွားဦးမယ်”
ခင်ဖြူ့ရင်ထဲတွင် အံ့ဩခြင်းတွေ ပြည့်လျှံသွားလေသည်။ ဝမ်းသာဝမ်းနည်းလည်း ဖြစ်မိပြန်သည်။ မိမိ၏ကစားဖက် အပါ။ မာလကာပင် တက်ဖက် အပါ။ အိမ်နီးချင်း ငယ်ပေါင်း အပါ။ လုံးဝ ကွဲကွာသွားခဲ့သည်မှာ ၁၀ နှစ်ကျော်လောက် ရှိပေပြီ။
အပါ ခုထိ ဆယ်တန်းမအောင်သေးဘူးတဲ့လား။ ခင်ဖြူ မယုံနိုင်။ ငယ်စဉ်က မိမိထက်ပင် တစ်တန်းကြီးသေးသော၊ ထက်မြက်သော ရည်မှန်းချက်ကြီးမားလွန်းသော၊ ကျောင်းစာဖက်တွင် ခင်ဖြူကပင် ဆရာတင်ရသော အပါ။ ခင်ဖြူကမူ သူငယ်စဉ်က ဖြစ်ချင်လှသော ဗိသုကာတစ်ယောက် ဖြစ်နေလောက်ပါပြီဟု မှတ်ထင်ထားခဲ့ပေသည်။
ခင်ဖြူပင် ဝိဇ္ဇာဘွဲ့ ရကာ လူငယ်ရေးရာ ညကျောင်းဆရာ ဖြစ်နေပြီကော။ တစ်ချိန်လုံး စာသင်နေရသည်ကိုပင် ခင်ဖြူ မဖြောင့်တော့ပေ။ မိမိအချိန် ကုန်ဆုံးတော့ စာသင်ခန်းဝတွင် ရပ်ငေးရင်း အပါ့ကို သွားနှုတ်ဆက်ရကောင်းလေမလားဟု ခင်ဖြူ တွေဝေနေသေးသည်။ သူလည်း မိမိကို မှတ်မိမည်ပင်။ သို့သော် “ဆရာမ” ဟူသော တံတိုင်းက အပါနှင့် ခင်ဖြူကြားတွင် ခြားကာလိုက်ပေပြီ။ ခင်ဖြူ သွေးကြီးသွား၍မူ မဟုတ်ပါ။
ယခုအခါ မိမိတပည့်ဖြစ်နေသော အပါ့ကို အထင်သေး၍လည်းမဟုတ်။ အပါ့အတွက် စိတ်မကောင်းနိုင်သည်မှာတော့ မှန်သည်။ အပါ မိမိကို ရှက်နေလေမည်လားဟု စိုးရိမ်မိတာလည်း ပါမည်။ ပြီး ခင်ဖြူသည် ဆရာမဖြစ်ခါစ။ ဆရာ့သိက္ခာတို့ကို လိုသည်ထက် ပို၍ ထိန်းနေတတ်ဆဲ။ ထိုအခါ ကိုယ့်ထက်ပင် အသက်ကြီးကြဦးမည်ဖြစ်သော အချို့ ကျောင်းသားတွေရှေ့တွင် အပါ့ကို ခင်ဖြူ နှုတ်ဆက်ရမှာ ဝန်လေးနေပေသည်။
သူကကော သူ၏ နိမ့်ကျနေသောအဖြစ်ကို လူပုံအလယ်တွင် ထင်ရှားစေချင်ပါမလား။ သည်လိုနှင့်ပင် ခင်ဖြူ၏ မွေးရာပါ အားနည်းချက်ဖြစ်သော တွန့်ဆုတ်တွေဝေစိတ်၊ မှားမှာကို အကြောင်းမဲ့ စိုးရွံ့ တုန်လှုပ်တတ်စိတ်တို့က ငယ်ပေါင်း အပါကို ပထမဆုံးအကြိမ်အဖြစ် စိမ်းကားစေခဲ့သည်။
မခေါ်ဖြစ်လိုက်သည့်အတွက် ခင်ဖြူ စိတ်ထဲကမူ နည်းနည်းမှ မကောင်းနိုင်ပေ။ သို့သော် ခင်ဖြူ အားတင်းသည်။ ဒီနေ့ မခေါ်ဖြစ်လည်း နောက်နေ့တွေ ရှိသေးသားပဲလေ။ တစ်ရက်ရက်မှာတော့ အပါ့ကို တကူးတက သွားနှုတ်ဆက်အားပေးမှပဲ။ သို့ပေမဲ့ နောက်ရက်တွေမှာ အပါ့ကို ခင်ဖြူ မတွေ့ရတော့ပေ။ ခင်ဖြူ ရှာကြည့်သေးသည်။ အတန်းထဲမှာ၊ စင်္ကြံလမ်းတွေမှာ၊ ကျောင်းဆင်ဝင်အောက်မှာ။ ခင်ဖြူ၏ကစားဖက် မှဲ့နက်ရှင်ကား ရှာမရအောင် ပျောက်ကွယ်သွားခဲ့လေပြီ။
မိမိကြောင့် အပါ ကျောင်းဆက်၍ မတက်တော့သည်လား။ ငယ်စဉ်ကပင် အညံ့မခံချင်တတ်သော သူ၏မာနကိုလည်း ခင်ဖြူ သိထားပေသည်။ ခင်ဖြူ၏အပြုအမူက သူ၏မာနကို ထိခိုက်သွားစေပြီလား။
အမလေး ... မိဖြူက ဆံထုံးကြီးနဲ့ မျက်မှန်ကြီးနဲ့ ဧရာမမိန်းမကြီးဂိုက်ဖမ်းလို့၊ ပြီးတော့ ကျွန်တော်တို့အတန်းမှာ မြန်မာစာပြတဲ့ဆရာမတဲ့။ ဒါပေမဲ့ အမေရယ်၊ မိဖြူက ကျွန်တော့်ကို နှုတ်ဆက်ဖော်တောင် မရတော့ပါဘူး။
ငယ်စဉ်က ခင်ဖြူကို သမီးတစ်ယောက်လိုပင် ချစ်ခဲ့သော သူ မိခင် ဒေါ်ရွှေခင်ကို အပါက သည်လိုပင် ပြန်ပြောနေလေမည်လား။ သူ့မိခင် ဒေါ်ရွှေခင်ပင် ရှိမှ ရှိပါသေးရဲ့လား မသိ။ သူ့ဘဝအခြေအနေတွေကို ခင်ဖြူ ဘာမျှမသိလိုက်။
ခင်ဖြူ၏ ဖြူစင်သောအသည်းနှလုံးတွင် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အမှားတစ်ခုကြောင့် ဒဏ်ရာတစ်ချက် ရခဲ့ဖူးလေသည်။
သို့သော် တစ်နှစ်တည်းမှာပင် ထပ်တူအမှားမျိုးကို နှစ်ကြိမ် ကျူးလွန်ဖြစ်ခဲ့လိမ့်မည်ဟု ခင်ဖြူ တွေးထင်မထားမိသေး။
အပါ့ကို ပြန်တွေ့ရနိုး ရှာဖွေမျှော်ကိုးရင်း ကျောင်းပိတ်ခါနီး နှစ်လလောက်အလိုမှာ ခင်ဖြူတို့ကျောင်းမှ နုတ်ထွက်သွားသော ဇီဝဗေဒဆရာ အစား ဆရာသစ်တစ်ယောက် ရောက်လာခဲ့လေသည်။ ထိုဆရာသစ်ကို ကျောင်းရုံးခန်းထဲတွင် ပထမဆုံးအကြိမ် ခင်ဖြူ မြင်လိုက်တော့ အပါ့ကို တွေ့လိုက်စဉ်ကလို ရင်ထဲတွင် ဒိတ်ခနဲ တုန်လှုပ်သွားပြန်လေသည်။ သည်လိုနေရာမျိုးတွင် ကောင်းလွန်းလှသော မိမိ၏မှတ်ဉာဏ်ကိုလည်း ခင်ဖြူ အံ့ဩရပါသည်။ သူ့ကို ခင်ဖြူ မြင်မြင်ချင်း မှတ်မိလိုက်ပြန်သည်။
ဝိုင်းသော မျက်နှာ၊ ကျယ်ပြန့်သော နဖူး၊ ညိုစိမ့်သော အသား၊ နက်ရှိုင်းသော မျက်လုံးတွေက ကျွဲကော်ကိုင်းတပ် မျက်မှန်အောက်မှာပင် ငယ်ရုပ်ကို ဖော်ပြနေကြသေးသည်။ ပြီးတော့ တည်ငြိမ်အေးဆေးသည့် သူ့အမူအရာ။ ငယ်စဉ်ကအတိုင်းပေပဲ။ ဒါ ခင်ဖြူရဲ့ တစ်တန်းတည်း ကျောင်းနေဖက် ငယ်သူငယ်ချင်းပဲ။ သူနှင့်အတူတူ မူလတန်းအောင်သည်ထိ ကျောင်းနေဖက်ဖြစ်ခဲ့ဖူးတာ ခင်ဖြူ မှတ်မိသေးသည်။ ပိုပြီး သေချာအောင် ဆရာများ လက်မှတ်ထိုးရသောစာအုပ်ကို ဖွင့်ကြည့်မိတော့ သူ့လက်ရေးကို မမှတ်မိတော့ပေမဲ့ ဦးစိုးခိုင်ဟု ရေးထားသော သူ့နာမည်က ခင်ဖြူကို ပို၍ သေချာသွားစေသည်။
သို့သော် ခင်ဖြူ၏ မွေးရာပါအားနည်းချက်က ခင်ဖြူ့ကို နှိပ်စက်ပြန်လေသည်။ ငယ်က ကျောင်းနေဖက်သူငယ်ချင်းကို ဝမ်းသာအားရ နှုတ်မဆက်ဖြစ်ဘဲ တွန့်ဆုတ်တွေဝေနေပြန်လေသည်။
ဆရာ အချင်းချင်းမို့ အပါ့တုန်းကလို ဆရာမသိက္ခာတွေ ဘာတွေကို ခင်ဖြူ ထိန်းနေစရာလည်း မလို။ သူနှင့်တောင် ငယ်စဉ်ကလို နင်တစ်လုံး၊ ငါတစ်လုံး သုံးကာ ဟေ့ စိုးခိုင်လို့ ခေါ်ရမည်လား။ ကိုစိုးခိုင်လို့ပင် ယဉ်ကျေးဖွယ်ရာလည်းဖြစ်၊ ရင်းနှီးသည့်သဘောကိုလည်း ဆောင်စေကာ ခေါ်ရမည်လား။
သို့မဟုတ် ခုအခါ မိမိလိုပင် ဆရာသမား ဖြစ်နေသည်မို့ ဆရာလို့ပင် ဝိသေသနာမ်စားကို ခေါ်ရမည်လား။ ဘာမဟုတ်သည့် အသေးအဖွဲကို ဇီဇာချဲ့ကာ လက်တွေ့မှာတော့ ကျောင်းနေဖက်သူငယ်ချင်းကို ခင်ဖြူ မခေါ်ဖြစ်လိုက်။
ရက်တွေ ရှိသေးသားပဲလေ။ အပါ့လို ပျောက်ကွယ်သွားမှာကိုတော့ ခင်ဖြူ မစိုးရိမ်။ သူက ဆရာပဲ။ တစ်နေ့နေ့မှာတော့ ခေါ်ဖြစ်အောင် ခေါ်ရမယ်။ သူက စခေါ်ချင်လည်း ခေါ်မှာပေါ့။
သို့သော် စိုးခိုင်ကလည်း ခင်ဖြူ့ကို မခေါ်လာပါ။ သူတို့သည် လှေကားအဆင်းအတက်တွေမှာ၊ ကျောင်းစင်္ကြံလမ်းတွေမှာ၊ စာသင်ခန်း အဝင်အထွက်တွေမှာ နှစ်လတိုင်တိုင် ကြိမ်ဖန်များစွာ ဆုံဖြစ်ခဲ့သည်တိုင် မခေါ်ဖြစ်ကြပေ။ စိုးခိုင်က ခင်ဖြူ့ကို မမှတ်မိ၍လည်း ဖြစ်ကောင်းဖြစ်မည်။
သို့မဟုတ် ခင်ဖြူ့လိုပင် တွန့်ဆုတ်တွေဝေနေ၍လည်း ဖြစ်ကောင်း ဖြစ်မည်။ သူသည်လည်း နှုတ်နည်းသူ အေးဆေးသူမှန်း ခင်ဖြူ သိပေသည်။ ဘာပဲဖြစ်ဖြစ် သူက နောက်မှရောက်လာသည့် အာဂန္တုဆရာ။ ခင်ဖြူက ကျောင်းခံဆရာ။ အနည်းဆုံး အခုမှ သိကျွမ်းရသူတစ်ယောက်အဖြစ်နှင့်ပင် ခင်ဖြူ ခေါ်ပြော နှုတ်ဆက်သင့်လှ ပေသည်။ သို့သော် ကျောင်းသာ ပိတ်သွားခဲ့သည်။ စိုးခိုင်ကို ခင်ဖြူ မခေါ်ဖြစ်လိုက်နိုင်။
ခင်ဖြူသည် မိမိ၏အားနည်းချက်ကို အမှားအမှန်သိလျက် မပြင်နိုင်ခဲ့ခြင်းအတွက် စိတ်တွင်း၌ ဒဏ်ရာရကာ မိမိ၏အချစ်ဆုံး၊ မိမိကိုလည်း နားအလည်ဆုံးဟုထင်သော သူငယ်ချင်း စုငယ်ထံ သည်အကြောင်းနှင့်ပတ်သက်၍ တကူးတက စာရေးဖြစ်သေးသည်။ စုငယ်ကား ခင်ဖြူ၏ရှားပါးလှသော “ရင်ဘတ်မိတ်ဆွေ တစ်ယောက်ပင်”။
သည်ဝေါဟာရကို ဆရာကြီး ရွှေဥဒေါင်း၏ “ဘဝတစ်သက်တာ မှတ်တမ်း” စာအုပ်တွင် စတင်တွေ့ရှိကာ ခင်ဖြူ နှစ်ခြိုက်စွာ သုံးမိခဲ့လေသည်။ ခံစာမှုဝေဒနာ ဟူသရွေ့ကို မျှဝေကာ တစ်ဦးကိုတစ်ဦး ဖေးကူ အားပေး ပြုပြင်သွားကြရင်း နှစ်ကိုယ်တစ်စိတ်သဖွယ်၊ စိတ်ချင်း ဆက်သွယ်ရင်းနှီးနိုင်သော မိတ်ဆွေမျိုးကို ဆိုလိုပေသည်။ စုငယ်ကလည်း ခင်ဖြူကို စာနာ နားလည်စွာ နှစ်သိမ့်ခဲ့ဖူးလေသည်။
ကိုယ့်သူငယ်ချင်း ခင်ဖြူဟာ စင်းလုံးချောမဟုတ်သေးပေမဲ့ အဲသလို ကိုယ့်အမှားရှာတတ်တာ၊ ပြုပြင်ဖို့ ကြိုးစားချင်တာတွေကတော့ သူငယ်ချင်းရဲ့ ချစ်စရာ အရည်အချင်းကလေးတွေပဲ။ ခင်ဖြူရဲ့ တွန့်ဆုတ်တွေဝေတတ်တဲ့စိတ် ဆိုတာကလည်း မဆန်းပါဘူးကွယ်။ အရွယ်မရောက်ခင်က ကွဲကွာသွားကြပြီး အရွယ်ရောက်မှ ပြန်တွေ့ကြတဲ့ ယောကျ်ားကလေး၊ မိန်းကလေးတိုင်း ကြုံတတ်တာမျိုးပါ။
သူများတွေမှာဖြင့် ခင်ဖြူ့လို အလေးအနက်ကိစ္စလို့တောင် သဘောထားချင်မှ ထားမှာ။ ဘာခက်သလဲ ခင်ဖြူ၊ စိတ်ထဲက ငါ ခေါ်ဖြစ်အောင် ခေါ်ရမယ်လို့ အဓိဋ္ဌာန်နဲ့ ကြိမ်းဝါးလိုက်။ ပြီး တစ်-နှစ်-သုံးလို့ ရွတ်။ ဇွတ်မှိတ် ခေါ်ချလိုက်ပေါ့။ ဟား၊ ဟား ခင်ဖြူသာ လူမမှားဘူးဆိုရင် အပါကလည်း 'ဟေ့ မိဖြူ' လို့ အားပါးတရ ပြန်ခေါ်မှာ အမှန်ပဲ။ ကိုစိုးခိုင်ကလည်း 'ခင်ဗျား မခင်ဖြူ မဟုတ်လား' လို့ ပြန်နှုတ်မဆက်တော့ ကိုယ့်ကို ပြောချင်တိုင်း ပြော။
သူတို့ ယောကျ်ားလေးတွေဟာ ဒီလိုနေရာမျိုးမှာ ကိုယ်တို့ထက်ပိုပြီး ကြောက်တတ်ကြသေးတယ် ခင်ဖြူရဲ့။ အထူးသဖြင့် ရိုးအေးတည်ငြိမ်တဲ့ ယောကျ်ားလေးတွေဆိုရင်ပေါ့။ အဲ ... ကိုယ်က အရိုးခံ ခင်မင်စိတ်နဲ့ စခေါ်တာတောင် သူတို့က ဇဝေဇဝါလုပ်နေရင် ဘဝင်ကိုင်တဲ့ကောင်တွေပဲ မှတ်။ နောက်ဆို လှည့်တောင် မကြည့်နဲ့ပေါ့ကွယ်၊ ခင်ဖြူ တာဝန်ကျေပြီပေါ့။ ခင်ဖြူ့အမှားက ပြန်ပြင်လို့ရသေးတဲ့ အမှားမျိုးပါကွယ်။
သို့သော် ခင်ဖြူ နောက်ကျခဲ့ပေပြီ။ စိတ်ဝေဒနာတွေထဲတွင် မိမိအားနည်းချက်ကို မိမိဘာသာခွင့်မလွှတ်နိုင်သော ဝေဒနာမျိုးမှာ အဆိုးဆုံးပင်။ တစ်ကြိမ်ကလည်း သည်လိုဝေဒနာမျိုးကို ကြုံခဲ့ဖူးပြီ ထင်ပါရဲ့။
ခင်ဖြူ၏ ကြေကွဲနေသော စိတ်အတွေးထဲတွင် သူငယ်ချင်း မေခင်၏ မျက်နှာချွန်ချွန်ကလေးမှာ တဖြည်းဖြည်း ပေါ်လာခဲ့ပြန်လေသည်။
ခင်ဖြူတို့ မြီးကောင်ပေါက်ဘဝ၊ ရှစ်တန်းနှစ်လောက်က ခင်ဖြူနှင့် ကတောက်ကဆတ် ဖြစ်ခဲ့ကြဖူးလေသည်။ ငယ်စဉ်က နှုတ်နည်း အေးဆေးသော ခင်ဖြူအဖို့ ရန်ဖြစ်ခဲလှသည်မို့ ယင်းအဖြစ်ကို မှတ်မှတ်ရရရှိနေခဲ့ရခြင်း ဖြစ်ကောင်း ဖြစ်မည်။ ဘယ်ကစ၍ ဘယ်လိုဖြစ်ကြသည်တော့ မသဲကွဲတော့ပေ။ ကလေးတို့ဘာဝ ဘာမဟုတ်သည့် အကြောင်းကလေးတစ်ခုကပင် စတင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် တစ်ဦးကိုတစ်ဦး အတ္တမာနကို ထိခိုက်စေသော စကားတစ်ခွန်းစီ အပြန်အလှန် ပြောခဲ့ကြသည်ကိုတော့ မှတ်မိနေသည်။ သို့နှင့်ပင် စိတ်မှတ်သညာကြီးကြကာ အတန်ကြာ မခေါ်မပြောနိုင် ဖြစ်ခဲ့ကြလေသည်။ နှစ်ယောက်စလုံးပင် စိတ်ကြီးသူများ ဖြစ်ကြသည်နှင့် ဘေးက သူငယ်ချင်းများကလည်း ဝိုင်းဝန်း အောင်သွယ် စေ့စပ်မပေးနိုင်ခဲ့ကြပေ။
မေခင်နှင့် မခေါ်သောရက်များတွင် ခင်ဖြူ မပျော်နိုင်ကြောင်းကိုမူ သူ့ဘာသာ သိနေပေသည်။ သူတို့တွင် သာမန်သူငယ်ချင်း ခင်မင်မှုထက် ပို၍နက်ရှိုင်းသော ခင်တွယ်မှုမျိုး ရှိကြပေသည်။ နှစ်ယောက်လုံးပင် စာပေရူးကလေးများ ဖြစ်ကြသည်။
မြီးကောင်ပေါက်အရွယ်မို့ အခြားမိန်းကလေးများ အလှအပကို စိတ်ဝင်စားနေကြချိန်တွင် ခင်ဖြူနှင့်မေခင်မှာ ခေါင်းစုတ်ဖွား၊ အင်္ကျီပုံမကျ ပန်းမကျတွေကို ဝတ်ကာ အတန်းပြင်ရှိ သရက်ပင်အောက်၌ စာအကြောင်း၊ ပေအကြောင်းတွေကို ဆွေးနွေးငြင်းခုံ နေတတ်ကြပေသည်။
ခင်ဖြူတို့ မြီးကောင်ပေါက်အရွယ်မှာ စတင်ကျော်ကြားလာသော “တက္ကသိုလ်ဘုန်းနိုင်” ၏ “သူ့ကျွန်မခံပြီ” မှ ဇာတ်လိုက်တွေ ပြောကြသည့် ဇာတိမာန်စကားတွေကို သဘောကျကာ အထပ်ထပ် ဖတ်မဆုံး၊ ပြောလို့ မဆုံးနိုင်ခဲ့ကြ။ “မောင်အောင်” ၏ “အဆုံးအစ ရှာသည်” မှ ဇာတ်လိုက်ကျော်အောင်၏ အေးစက်စက်နှင့် တည်ကြည်စောင့်ထိန်းသော အမူအရာကို လည်းကောင်း၊ “ရွှေလင်းယုန်” ၏ “သူ” မှ ဆရာဝန် ကိုမြင့်မောင်၏ အနစ်နာခံ ကိုယ်ကျိုးစွန့်အမူအရာကို လည်းကောင်း၊ “စိန်စိန်” ၏ “အောင်နိုင်” မှ ဆိုက္ကားသမား ထောင်ထွက် အောင်နိုင်၏ နှလုံးပြည့်ဝသော အမူအရာကို လည်းကောင်း သဘောကျကာ 'ဟေ့ ...တို့ ကြီးလာရင် ရည်းစားထားရင် အဲသလို ယောကျ်ားမျိုးထဲက မှနော်'ဟု ကလေးစိတ်တစ်ဝက်နှင့် အဖော်ညှိကာ စံပြချစ်သူပုံစံတွေ ရေးဆွဲကြပြန်သေးသည်။
ခင်ဖြူတို့ အသည်းစွဲဆုံး အမျိုးသမီးဇာတ်လိုက်များမှာ “ဂျာနယ်ကျော်မမလေး” ၏ “သူမ” မှ သက်သက်တို့၊ “ကြည်အေး”၏ “နွမ်းလျအိမ်ပြန်” မှ တင်မေတို့၊ “ဖုန်းသက်တိုင်” မှ မေမေစိန်တို့ ဖြစ်ကြပေသည်။
သူတို့လို ရဲရင့်သော ပွင့်လင်းသော လောကကြီးတွင် အမှန်တရားမှလွဲ၍ ဘာကိုမျှ ဂရုမစိုက်ဘဲ အရွဲ့တိုက်ဝံ့သော သတ္တိမျိုးတွေ ရှိချင်ပြန်သေးသည်။
“သန်းဆွေ”၏ အတွေးအခေါ် ပါသော ”ပိုးဖျက်သည့်ပန်း” တို့၊ “လင်းယုန်နီ” ၏ “ပါတာနီ တစ်ထုပ်တန် အခွင့်အရေး” တို့လို ဝတ္ထုမျိုးတွေကျတော့ ကောင်းစွာ ဉာဏ်မမီပေမင့်၊ ဝတ္ထုကောင်းတွေပဲဟု နားလည်ကာ ကိုယ့်ကိုကိုယ်လည်း လူတတ်များ လုပ်ကြကာ ဝေဖန်ဆွေးနွေးလိုက်ကြသည်မှာ တစ်ခါတစ်ရံ ကျောင်းတက် ခေါင်းလောင်းထိုးသည်ကိုပင် မကြားလိုက်ကြချေ။
ဪ ...မေခင်သည် ခင်ဖြူ၏တစ်ဦးတည်းသော ဝါသနာအဖော်၊ မေခင်သည် ခင်ဖြူ၏လိုအပ်ချက် ဖြစ်ခဲ့ပါသည်။ မေခင်နှင့် မခေါ်ကြတော့ ခင်ဖြူ၏ဝါသနာကမ္ဘာမှာ ခြောက်သွေ့ကာ သူငယ်ချင်းများအလယ်တွင် အထီးကျန်ခြင်းဝေဒနာကို ခံစားရလေသည်။
မေခင်လည်း သူ့နည်းတူ ပျော်ဟန်မတူကြောင်းကို ခင်ဖြူ တိတ်တခိုး အကဲခတ်လိုက်တိုင်း တွေ့ ရပြန်သည်။ သူတို့သည် တင်ခဲ့ပြီးသော အတ္တမာနများကိုလည်း ပြန်မချနိုင်။
တစ်ဦးမှာ ကျန်တစ်ဦးအတွက် လိုအပ်ချက်ဖြစ်သည်ကိုလည်း နားလည်ကြကာ တင်းမာသောအနေအထားတွေ တဖြည်းဖြည်း လျော့လာပေမဲ့ တစ်ဦးကိုတစ်ဦး စခေါ်ရန်မူ ဝန်လေးနေကြဆဲပင်။ ခုအချိန်မှာတော့ ဘေးက သူငယ်ချင်းတွေကလည်း သူတို့အတွင်းစိတ်ကို တမင်ပင် မသိယောင်ဆောင်နေကြတော့သည် ထင်ရဲ့။
ယခုရက်ပိုင်းအတွင်း ခင်ဖြူမှာ ပို၍ နေမထိထိုင်မသာ ဖြစ်သည်။ ခင်ဖြူတွင် စာအုပ်ကောင်းကလေးတွေ ရထားသည်။ “တင့်တယ်” ၏ “ပန်းရောင်” နှင့် “ပြည့်စုံ” ၏ “ညှိးပန်းတစ်ပွင့်ပန်ရုံ” နှစ်အုပ်လုံးကို ခင်ဖြူ ဖတ်ပြီးပြီ။ အသည်းစွဲလည်း ကြိုက်သည်။ ခါတိုင်းလို မေခင့်ကို ပေးဖတ်ချင်လှသည်။ ကြိုက်သည့်အခန်းကလေးတွေကို နှစ်ယောက်အတူ စားမြုံ့ပြန်ချင်သည်။ ခုမှပင် မေခင်သည် သူ့အတွက် ဘယ်လောက်လိုအပ်သည်ကို ခင်ဖြူ ပို၍သဘောပေါက် ရသည်။
ခင်ဖြူ၏ကျောင်းလွယ်အိတ်ထဲတွင် ဝတ္ထုစာအုပ်ကလေးနှစ်အုပ်မှာ နေ့စဉ်ပါမြဲ။ သို့သော် မေခင့်ကိုလည်း မပေးဖြစ်သေး။ ကြားလူ တစ်ယောက်ယောက်မှ တစ်ဆင့်လည်း မပေးချင်။ ကိုယ်တိုင်ပေးကာ ထားခဲ့သည်အာဃာတကို ပယ်ဖျက်ပစ်လိုက်ခြင်းဖြင့် မိမိက သဘောထားကြီးပါကြောင်းကိုလည်း ခင်ဖြူ ပြချင်နေသေးသည်။
သို့သော် နှုတ်နည်းသလောက် တွန့်ဆုတ်တွေဝေနေတတ်သော ခင်ဖြူ၏ မွေးရာပါအားနည်းချက်သည် ခင်ဖြူ၏စိတ်ရင်းသဘောမှန်ကို ဖုံးကွယ်ထားစေတော့သည်။
သို့နှင့် တစ်နေ့တွင် သူငယ်ချင်း နော်ရိုတာမှ တစ်ဆင့် မေခင်၏စာတိုလေးတစ်စောင်ကို ခင်ဖြူ ရလေသည်။
သူငယ်ချင်း ခင်ဖြူ ...
မခေါ်ဘဲ နေရတာကို တို့ နည်းနည်းမှ မပျော်ဘူး။
တို့ကပဲ စခေါ်ပါတယ်။
ခေါ်ကြရအောင်နော်။
မင်းရဲ့
မေခင်
ကိုယ့်ကိုယ်ကိုလည်း ခွင့်မလွှတ်နိုင်တော့။ မိမိသည် ဘယ်လောက်များ ကြီးကျယ်ရာကျခဲ့ပါသလဲ။ မေခင်ကား အနိုင်ရသူဖြစ်ပြီး အောက်ကျသူ မဟုတ်ပါပေ။
မိမိကမှ သေးသိမ်သူ၊ အနိုင်ယူသူ။ လုပ်သင့်လုပ်ထိုက်၍ လုပ်လည်းလုပ်ချင်သော အလုပ်တစ်ခုကို လုပ်ရန် ဘာကြောင့်များ ဝန်လေး နှောင့်နှေးခဲ့ရပါလိမ့်။ ဘာကြောင့်များ ဒီလောက်တောင် ညံ့ဖျင်းနေရပါလိမ့်။ မေခင့်ကို ကိုယ်ကဦးအောင် ဘာကြောင့်များ မခေါ်ခဲ့နိုင်ရပါလိမ့်။
ခင်ဖြူသည် ဝဲလာသည့် မျက်ရည်ကို အသာထိန်းရင်း မေခင်၏စာတိုကလေးအောက်မှာပင် ဆက်ရေး၍ ပြန်ပေးလိုက်လေသည်။
သူငယ်ချင်း မေခင် ...
တို့ကလည်း ခေါ်ချင်နေပါတယ်။ မင်းဖတ်ဖို့ စာအုပ်တွေ ယူယူလာခဲ့တာတောင် တစ်ပတ်လောက် ရှိပါပြီ။ တို့ မပေးဖြစ်ခဲ့တာကို ခွင့်လွှတ်မယ် ဆိုရင် မင်းက စခေါ်တယ် ဆိုတဲ့စကားကို မသုံးပါနဲ့ကွယ်။
မင်းရဲ့
ခင်ဖြူ
ခင်ဖြူ၏စာကိုဖတ်ရင်း ပြုံးလာသော မေခင့် မျက်နှာချွန်ချွန်ကလေးကို ခင်ဖြူ့တစ်သက် အစဉ် သတိရနေပေတော့မည်။ ထိုအချိန်ကစ၍ နောင် လုပ်ခွင်ပိုင်းကို ဝင်ကြသည်အထိ မေခင်သည် ခင်ဖြူ၏ ငယ်ပေါင်းမိတ်ကောင်းတစ်ယောက် ဖြစ်လာခဲ့သည်ကိုသာ ခင်ဖြူအတွက် အမြတ်ဟု ယူဆနှစ်သိမ့်ရပေတော့မည်။
သည့်အပြင်မှာတော့ ခင်ဖြူသည် အမှားများခဲ့သူ။
ပြီး အမှားကို ပြင်ခွင့်မရခဲ့သူပေတကား။
ပြင်ခွင့်မရခဲ့သော အမှားမျိုးကို ဆယ်နှစ်အရွယ် ကလေးသူငယ်ဘဝကတည်းက တစ်ကြိမ် ကျူးလွန်မိခဲ့ဖူးကြောင်းကို ခင်ဖြူ အမှတ်ရလာ ပြန်သည်။
ငယ်စဉ်က ဉာဏ်ကောင်းသော်လည်း လုံ့လနည်းသော ခင်ဖြူသည် ကျောင်းစာတွင် မှန်တန်းလောက်သာ လိုက်ခဲ့ရာမှ ဖခင်ဖြစ်သူ၏ ကြပ်မတ်ဂရုစိုက်မှုကြောင့် အဆင့် (၁) မှ (၃) အတွင်း ဗိုလ်စွဲနိုင်သောအခြေသို့ ရောက်ခဲ့လေသည်။
ခင်ဖြူနှင့် စာပြိုင်ဘက် နှစ်ယောက်ကား ခင်ခင်ကြီးနှင့် အေးအေးဝင်းတို့ ဖြစ်ကြပေသည်။
အေးအေးဝင်းကိုမူ နာမည်နှင့်လိုက်အောင် အေးဆေးသူဟု ဝိဂြိုဟ်ပြုရန်မှတစ်ပါး အခြားဆိုဖွယ်မရှိပေ။ ခင်ခင်ကြီးမူကား သွက်လက်ချက်ချာသူကလေးဟု ဆိုရမည့်ပြင် အသားဖြူဖြူ၊ နှာတံစင်းစင်း၊ စံပယ်ဖူး သွားတက်ကလေးနှင့် ဆံပင် လှိုင်းတွန့်ကလေးတွေနှင့် ကပြားမကလေးလို ချောမောသူဟုလည်း ဆိုရမည်။
သည်လို ခင်ဖြူတို့ထက် ရုပ်ကော အပြောပါ သာသူမို့ ခင်ခင်ကြီးသည် ဆရာမ၏အချစ်တော်ကလေးဖြစ်ခဲ့သည်မှာ မဆန်း။ သို့သော် ထိုစဉ်ကမူ ဆရာမကို မျက်နှာလိုက်သည်လို့သာ ခင်ဖြူ ထင်ခဲ့ဖူးသည်။
ကျက်ထားကြတာချင်းအတူတူ “၏” “သည်” မလွဲ ဖြေနိုင်ကြတာချင်းအတူတူ လက်ရေးပိုလှသည် ဟူ၍ ခင်ခင်ကြီးက ခင်ဖြူတို့ထက် အမှတ် ပိုရတတ်လေ့ ရှိသည်ကို မကျေနပ်ခဲ့။
သွားပိုးစားကြတာချင်းအတူတူ တစ်ကိုယ်ရေသန့်ရှင်းရေးတွင် ခင်ဖြူတို့ အနုတ်လက္ခဏာ ရပေမဲ့ ခင်ခင်ကြီးမူကား သွားရောဂါရှိနေ၍ ဟူသော အကြောင်းပြချက်ဖြင့် အပေါင်းလက္ခဏာ ရသည်ကိုလည်း မကျေနပ်ခဲ့။
သို့သော် ခင်ဖြူက အမြဲတမ်း အမှတ်ပြည့်ချည်းရတတ်လေရာ ကျက်စာတွင် အမှတ်များတတ်သော ခင်ခင်ကြီးနှင့် သူတစ်ပြန် ကိုယ်တစ်ပြန် ဖြစ်ခဲ့ပေသည်။
အရေးကြီး ခြောက်လပတ် စာမေးပွဲတွင်မူ ခင်ခင်ကြီးက ခင်ဖြူထက် (၅) မှတ်မျှဖြင့် ကပ်ကာ ပထမ ရလေသည်။ ခင်ဖြူက ဒုတိယ။ ထုံးစံအတိုင်း အေးအေးဝင်းက တတိယ။
ဆရာမ တရားဝင် မကြေညာသေးခင်ကပင် ခင်ဖြူတို့က ကိုယ့်ဘာသာ အမှတ်ပေါင်း၍ တိုက်ကြည့်ထားပြီးပေပြီ။ ဆရာမက ကတ်ပြားများ ဝေငှသောအခါတွင်လည်း သည်အတိုင်းပင်။
သို့သော် ခင်ဖြူ၏အမှတ်ပေါင်းတွင် အမှတ် (၂၀) တိတိ လျော့နေလေသည်။ ခင်ဖြူသည် မိမိ၏အရည်အချင်း မှတ်တမ်းကတ်ပြားကို ကိုင်ကာ အထပ်ထပ် အပြန်ပြန် ပေါင်းကြည့်လေသည်။ ခင်ဖြူ မမှား။
သို့သော် ခင်ဖြူသည် ဆရာမကို ချက်ချင်း သွားပြောရမှာ တွန့်ဆုတ် တွေဝေနေလေသည်။
လက်ရေးလှမှ ကြိုက်သော၊ သန့်ရှင်းသပ်ရပ်မှ ကြိုက်သော ဆရာမသည် ခင်ဖြူ၏ကတ်ပြားတွင် ဖျက်၍ ပြန်ပြင်ရမည်ကို ငြူစူရပေတော့မည်ဟု မိမိဘာသာ တွေးကာ ကြောက်ရွံ့ နေလေသည်။ ခင်ဖြူကား ငယ်စဉ်ကပင် တွန့်ဆုတ် တွေဝေသူ၊ နုံအ ညံ့ဖျင်းသူ။
သို့နှင့်ပင် အိမ်မှာ မိဘ လက်မှတ်ထိုးပြီး ကတ်ကို ကျောင်းသို့ ပြန်ယူခဲ့ရပေသည်။ ခင်ဖြူသည် မိဘများကိုလည်း ပြန်မပြောရဲ။ ခါတိုင်းဆိုလျှင် ကတ်ကို သေချာစွာ ကြည့်ရှုစစ်ဆေးတတ်သော ဖခင်ကလည်း သည်တစ်ကြိမ်တွင်မူ သူ အလုပ်ရှုပ်နေတုန်းမို့လား၊ ဒုတိယသာရ၍ သမီးဖြစ်သူကို သိပ်မကျေနပ်လှ၍လား မသိ။ သာမန်မျှသာ ကြည့်ကာ လက်မှတ်ထိုးပေးလိုက်လေသည်။
ကျောင်းပြန်ရောက်တော့ ခင်ဖြူသည် ငါ ပေါင်းတာများ မှားနေမလား ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပြန်ကာ ခင်မင်သော သူငယ်ချင်းတချို့ကို ပေါင်းခိုင်းလေသည်။ ခင်ဖြူ မမှားပေ။ သူငယ်ချင်းတွေကပင် ဆရာမကို သွားပြောဖို့ တိုက်တွန်းကြလေသည်။ နောက်ဆုံးတွင် ဘာပဲဖြစ်ဖြစ်ဟု ရဲဆေးတင်ကာ ခင်ဖြူ သွားပြောတော့ ဆရာမ၏တင်းမာသောမျက်နှာထားကို ရင်ဆိုင်ရလေသည်။
“စောစောက ဘာလို့ လာမပြောသလဲ၊ မနေ့ကသာ ပြောရင် အချိန်မီမှာ၊ အခုတော့ အမှတ်စာရင်းတွေ ရုံးခန်းကို ပို့ပြီးပြီ”
ဆရာမကို အလုပ်ရှုပ်အောင် လွယ်လွယ်နှင့် ပြီးရမည်ကို ခက်အောင် သွားလုပ်မိသည့်အတွက် ခင်ဖြူ ခေါင်းငုံ့နေရလေသည်။ ထိုအခါ ဆရာမ၏တင်းမာနေသော မျက်နှာထားသည် ပြေလျော့သွားကာ
“ပြင်လည်း အကြောင်းတော့ မထူးပါဘူးကွယ်၊ မင်းအမှတ်က ခင်ခင်ကြီးကိုမှ မမီဘဲ ဒီအတိုင်းပဲ ထားလိုက်ပါတော့”
ခင်ဖြူ စောဒက မတက်တော့။ ဟုတ်သားပဲ၊ ငါမှ အချိန်မီသွားမပြောမိတာ၊ ငါ့အပြစ်ပေါ့ဟု ခင်ဖြူ ဖြေတွေး တွေးလိုက်သည်။ သို့သော် (၂၅) မှတ် ပြတ်ကာ ဒုတိယဖြစ်ခြင်းနှင့် (၅) မှတ်ဖြင့် ကပ်ကာ ဒုတိယဖြစ်ခြင်း နှစ်ခု၏ခြားနားခြင်းကိုမူ ခင်ဖြူ ကောင်းစွာ နားလည်ခဲ့ပါသည်။
ထို့ထက်ပို၍ နားလည်ခဲ့ရချိန်ကား နှစ်ဆုံးတော့မှ ဖြစ်သည်။ ခင်ဖြူတို့ကျောင်းတွင် စာတော်၍ သတ်မှတ်ထားသော အမှတ်ဆင့်မီသူတို့ကို “တန်းခုန်ကျော်” တက်ပေးသောစနစ် ရှိသည်ဖြစ်ရာ နှစ်ဆုံးလျှင် အခြားအတန်းမှ အမှတ်မီသူတွေနှင့်အတူ ခင်ခင်ကြီးတစ်ယောက်တည်း ခင်ဖြူတို့ထက် တစ်တန်းခုန်ကျော်၍ တက်သွားလေသည်။ ခင်ဖြူ့အမှတ်က သတ်မှတ်ထားသည်ထက် အနည်းငယ် လျော့နည်းနေသည်လို့သာ ဆရာမက ပြောလေသည်။
ခင်ဖြူသည် မိမိ၏ညံ့ဖျင်းမှုကြောင့် တရားမဝင်ဖြစ်ရသော ခြောက်လပတ်က အမှတ် (၂၀) ကို သတိရနေလေသည်။
နောင်အနှစ် ၂၀ ကြာသော တစ်နေ့တွင် အမှတ် ၂၀ ပြဿနာ ကြုံခဲ့ဖူးသော မိမိ၏ဆရာမဟောင်းနှင့် ခင်ဖြူ ပြန်ဆုံရလေသည်။
ထိုအချိန်တွင် ခင်ဖြူလည်း ဆရာမတစ်ယောက် ဖြစ်နေလေပြီ။ သို့သော် ခင်ဖြူ၏မွေးရာပါ တွန့်ဆုတ် တွေဝေစိတ်သည် အကင်းမသေတတ်သေး။ ဆရာမကို ခေါ်ငင် နှုတ်ဆက်ရန် ခင်ဖြူ ဝန်လေးနေသည်။
အခု အသက်အရွယ်မှာတော့ မိမိ၏ဆရာသမားများကို လမ်းတွင် တွေ့လို့မှ နှုတ်မဆက်ဝံ့လောက်အောင် ခင်ဖြူ သတ္တိမကြောင်တော့။ သို့သော် အမှတ် ၂၀ ပြဿနာသည် ခင်ဖြူ၏အငုံ့စိတ်ကို ပြန်လည်နှိုးဆွလေသည်။
ယခုတိုင် ဆရာမကို အာဃာတထားတုန်းပဲမို့လား။ မဟုတ်ဟု စိတ်ရှင်းရှင်းနှင့် ခင်ဖြူ ဝန်ခံနိုင်ပါသည်။ မိမိကိုယ်တိုင် ဆရာမတစ်ယောက် ဖြစ်လာသောအခါ ယင်းသို့သောအမှားမျိုးကို နားလည်နိုင်ခဲ့ပါသည်။ ပြီး မိမိကိုယ်တိုင်မှာလည်း အချိန်မီ မပြောမိခဲ့သော အပြစ်ရှိသည် မဟုတ်သလော။
ဆရာမတွင် ဘယ်အချိန်မှ ပြောပြော၊ ပြန်ပြင်ပေးရန် တာဝန်ရှိသည် ထားဦး၊ ယင်းတာဝန်ကို ပျက်ကွက်ခဲ့သဖြင့် ဆရာမကို စိတ်ကွက်သည်ထက် မိမိတွင် ခင်ခင်ကြီးကဲ့သို့ ဆရာမများက ချစ်ခင် ဂရုစိုက်လောက်သော အသိအလိမ္မာမျိုး ငယ်စဉ်ကပင် မရှိခဲ့၍သာ ဖြစ်ပေမည်ဟု ခင်ဖြူ ကြိုးစား တွေးယူပါသည်။
ထိုစဉ်က အရှုံးဟု ယူဆခဲ့သော ဖြစ်ရပ်မှာ ယနေ့ ဆရာမ ဖြစ်လာသော ခင်ဖြူ့အတွက် အရှုံးမမည်ပါ။ ဆယ်နှစ်အရွယ် ကလေးသူငယ်ဘဝက ဖြူစင်သောနှလုံးသားဝယ် ဒဏ်ရာရခဲ့ဖူးသည်ကို အကြောင်းပြုကာ မိမိ၏တပည့်များနှင့် ပတ်သက်လာလျှင် အသေးအဖွဲကအစ ဂရုပြု ဆင်ခြင်တတ်လာခဲ့သော အလေ့သည်ပင် ခင်ဖြူကို ဆရာကောင်းတစ်ယောက်ဘဝသို့ ပို့ဆောင်ပေးခဲ့သည် မဟုတ်လား။
သို့နှင့်တောင် ခင်ဖြူသည် အဘွားကြီးကို နှုတ်ဆက်ရန် စိတ်မကူးသေး။ မှန်သည်။ ခင်ဖြူ့ ဆရာမသည် အဘွားကြီး ဖြစ်နေပေပြီ။ အသက် ငါးဆယ် ကျော်တော့မည်။ ဆံပင်တွေပင် အတော်ဖြူနေပြီ။ မျက်မှန်ထူထူတစ်လက်ကိုလည်း တပ်ထားရပြီ။ သို့သော် အဘွားကြီးသည် မှတ်ဉာဏ်ကောင်းဆဲ။ ခင်ဖြူ့ကို မှတ်မိပုံ ပြသည်။ ပထမတစ်ချီ ဆရာတပည့်နှစ်ဦး၊ မျက်လုံးချင်းအဆုံတွင် ခင်ဖြူ မျက်နှာလွှဲလိုက်တော့ သူ မျက်နှာ မကြည်လင်။
ခင်ဖြူကိုယ်တိုင် မျက်နှာလွှဲရသည်ကို စိတ်ထဲတွင် နည်းနည်းမှ မကောင်း။ သူ့ခမျာ ခုထိ အထီးကျန် အပျိုကြီးဘဝမို့ ဘဝပီတိ ရှားပါးသူဖြစ်ရာ ခင်ဖြူတို့လို တပည့်ဟောင်းတွေ၏ အရေးတယူ ခေါ်ငင် နှုတ်ဆက်ခြင်းသည်ပင်လျှင် ယင်း ဆရာမအိုကြီးအတွက် အဖိုးမဖြတ်နိုင်သော ဘဝပီတိကလေးတစ်ခု ဖြစ်လေရော့မည်။ ခင်ဖြူ စာနာမိပါသည်။
ပြီး ခင်ဖြူ့အပေါ်တွင် ဆရာမကျေးဇူးတွေ အများကြီး ရှိသည်။ စည်းကမ်းရှိအောင် သွန်သင်ခဲ့သည့် ဆရာမ။ ခင်ဖြူ၏ ပဲပင်ပေါက်လက်ရေးကို ကြပ်မတ် ပြုပြင်ပေးခဲ့သည့် ဆရာမ။ ခင်ဖြူ၏ သင်္ချာစွမ်းရည်ကို ထက်မြက်စေခဲ့သည့် ဆရာမ။ အကြိမ်ကြိမ် အမှားများခဲ့သူ ခင်ဖြူသည် အမှားပြင်ဖို့ ရုတ်တရက် အားတင်းလိုက်လေသည်။
ဆရာမအိုကြီးသည် မျက်နှာပြန်လွှဲကာ ခင်ဖြူကို ဖြတ်ကျော်သွားခါနီးနေပြီ။ သူ့ရင်ထဲတွင် ဘာများ တွေးနေလေမလဲ။ ခင်ဖြူ၏ အနှစ် ၂၀ လောက်က အမှတ် ၂၀ ကိစ္စကို အဘွားကြီး သတိရချင်မှ ရတော့မည်။ ခင်ဖြူသည် စုငယ် တစ်ခါက အကြံပေးခဲ့ဖူးသည့်အတိုင်း မိမိ၏ တွန့်ဆုတ် တွေဝေစိတ်ကို ဇွတ်အနိုင်ယူကာ မိမိ၏ ဆရာမဟောင်းကို အလောတကြီး အော်ခေါ်လိုက်လေသည်။
“တီချာ”
အဘွားကြီးသည် ခင်ဖြူကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ ပြီးလျှင် အားပါးတရ ပြုံးလေသည်။
“ကျွန်မ ခင်ဖြူပါ၊ တီချာ့တပည့် ခင်ဖြူပါ”
မိမိကိုယ်ကို ပြန်လည်မိတ်ဆက်တော့ ခင်ဖြူ့အသံမှာ အထစ်အငေါ့ မရှိတော့ပေ။ အဘွားကြီးသည် ခင်ဖြူ၏ပခုံးကို ဖက်ကာ ဝမ်းသာအားရ အတန်ကြာ စကားဆိုလေသည်။
“ခင်ခင်ကြီးကို တီချာ မှတ်မိဦးမှာပေါ့၊ သူလည်း ဘွဲ့ရပြီးပြီ၊ ကုန်သွယ်ရေးမှာ ဝင်လုပ်နေတယ်”
တစ်ချိန်က မိမိကို ကျောသွားခဲ့ဖူးသော ဆရာမ၏အချစ်တော် ခင်ခင်ကြီးအကြောင်းကိုပင် ခင်ဖြူ ပြောမိသေးသည်။ ဟိုစဉ်ကတော့ မဆီမဆိုင် ခင်ခင်ကြီးအပေါ်ပင် ခင်ဖြူ ဝန်တိုစိတ် ဝင်စားခဲ့ဖူးသေးသည်။ သို့သော် ဆယ်တန်းမှာ ခင်ခင်ကြီးက ကျကျန်ခဲ့ကာ ခင်ဖြူနှင် အတန်းပြန်တူသွားကတည်းက အာဃာတတွေ မရှိတော့။ ပြီးလျှင် တက္ကသိုလ်သို့ တူတူ ရောက်ကြသော်လည်း ရုပ်ဆိုးသူမို့ ချစ်ကိစ္စသံသရာတွေမှာ လည်ပတ်စရာမရှိသော ခင်ဖြူက မိန်းမလှလေးတို့ ကြုံတတ်မြဲ ဓမ္မတာအတိုင်း ကြေကွဲဖွယ် နှလုံးသားပြဿနာတစ်ခုကြောင့် စိတ်လေလွင့်ခဲ့ရသော ခင်ခင်ကြီးကို ဖြတ်ချန်ခဲ့ကာ လေးငါးနှစ်ခန့်စော၍ ဘွဲ့အရင်ရခဲ့တော့ ဟိုစဉ်ကလို ခင်ခင်ကြီးကို ပြိုင်ဘက်ဟု ခင်ဖြူ သဘောထား၍ မရတော့ပေ။ ကံ လောကဓံကိုလည်း ခင်ဖြူ နားလည်စ ပြုခဲ့ပါပြီ။
“အေးအေးဝင်းကတော့ မနှစ်ကပဲ ဆရာဝန် ဖြစ်သွားပြီ တီချာ”
ကြည့်လေ၊ ထိုစဉ်က မိမိတို့နှစ်ယောက်ကို ဘယ်လိုမျှ မကျောနိုင်ခဲ့သော အေးအေးဝင်းသည် ခင်ဖြူတို့ဘွဲ့ထက် ပိုလည်းခက်၊ ပိုလည်း နှစ်ရှည်သော ဘွဲ့ကိုပင် ရနိုင်ခဲ့ပြီ။ ဇွဲနှင့် ဝီရိယအရာတွင် မိမိတို့ထက် အေးအေးဝင်းက သာသည် မဟုတ်လော။ ခင်ဖြူ့ဆရာမအိုကြီးသည် ခေါင်းကလေး ညိတ်ကာ ညိတ်ကာ ဝမ်းသာ ကျေနပ်လေသည်။ ဪ ... နောင် အနှစ်၂၀ ကြာလျှင် သည်လိုဝေဒနာမျိုးကို ခင်ဖြူကိုယ်တိုင် ခံစားနိုင်ခွင့်မှ ရပါဦးမည်လား။
“ခင်ဖြူလည်း အမှတ် ၃ ကျောင်းမှာ ဆရာမ လုပ်နေပြီ တီချာ၊ အလယ်တန်းပြပေါ့၊ တီချာ့တူကလေး ကျောင်းအပ်ချင်ရင် ပြောနော်”
မိမိအနေဖြင့် ကိုယ့်ဆရာမဟောင်းကို အတတ်နိုင်ဆုံး ပေးနိုင်သည်ထင်သော လောကဝတ်စကားကိုလည်း ခင်ဖြူ ဆိုတတ်လေပြီ။
“ဒါပေမဲ့ ကျောင်းမှာ ခင်ဖြူလွင်လို့ မေးမှ သိလိမ့်မယ် တီချာ၊ ဘာရယ် မဟုတ်ပါဘူး၊ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေ စုပြီး နာမည်ပြောင်းကြတုန်းက စိတ်ရူးပေါက်ပြီး 'လွင်' တိုးလိုက်မိတာ၊ အခု မိတ်ဟောင်းတွနဲ့ ပြန်တွေ့ရင် အဲဒီနာမည်ပြဿနာကို ရှင်းပြနေရတာကိုက အလုပ်တစ်ခု ဖြစ်နေတယ် တီချာရဲ့”
ခင်ဖြူသည် မိမိ၏ ပြောင်းလဲခြင်းတရားကိုပင် ဟာသနှော ပြောတတ်နေပြီ။ အဘွားကြီးသည်လည်း ခင်ဖြူ့ကို သူ့လိပ်စာတွေ ပေးကာ အလည်လာရန် တဖွဖွ ပြောရင်း နှုတ်ဆက်ထွက်ခွာသွားလေသည်။
ခင်ဖြူကိုယ်တိုင် ပီတိမျက်ရည်တွေ ဝဲကာ ကျန်ရစ်ခဲ့ရသည်။
ကျေနပ်မိပါသည်။
မိမိ၏ညံ့ဖျင်းမှုတွေကြောင့် အမှားများခဲ့သူ ခင်ဖြူအဖို့ အမှားပြင်စရာတစ်ကွက် ရခဲ့ပြီ။ တခြားသူတွေအတွက် ထူးခြားလေးနက်သော ခက်ခဲပင်ပန်းသော အဖြစ်မျိုး ဟုတ်ချင်မှဟုတ်မည်။
သို့သော် ခင်ဖြူ့အတွက် အရိုးစွဲနေသည့် အလေ့ကို ပြန်ပြင်ရသည်မှာ ထိုက်သင့်သလောက် ပင်ပန်းသည်ပင်။
ကိုယ့်ကို သူတစ်ပါး နားလည်အောင်၊ သူတစ်ပါးကို ကိုယ်က နားလည်အောင် ကြိုးပမ်းရသည်ထက်၊ မိမိကိုယ်ကို မိမိဘာသာ နားလည် လက်ခံလာနိုင်အောင် ကြိုးပမ်းရသည်က ပို၍ ခက်ခဲပင်ပန်းလိမ့်မည်ဟု ခင်ဖြူ ထင်ပါသည်။
သို့သော် အမှားပြင်ရင်း အလှတွေ့ကာ ဘဝပီတိကလေး တစ်ကွက်ကို ရရှိလိုက်မည် ဆိုပါလျှင် ခင်ဖြူ့လောက် ဝမ်းသာနိုင်သူ ရှိမည်မထင်။
ထိုအခါ ခေါ်သင့်လျက် မခေါ်ဖြစ်ခဲ့သော အပေါင်းအသင်း အပါနှင့် ကျောင်းနေဖက် စိုးခိုင်တို့ကို နောက်တစ်နေ့ ပြန်တွေ့လျှင် သူတို့ဘဝတွေ မိမိထက် မြင့်မားနေစေကာမူ၊ ခင်ဖြူကပင် ဦးအောင် စ၍ ခေါ်ရပါဦးမည်။ မိမိထက် နိမ့်ပါးနေသည် ဆိုလျှင်ကား ပို၍ပင် ဦးအောင် ခင်ဖြူက ခေါ်ရပေဦးမည်။
ခင်ဖြူက အမှားပြင်ချင်သူ။
အလှရှာသူ။
ဘဝ ပီတိကလေးတွေကို မက်မောတတ်သူ မဟုတ်ပါလား။
----------------------------------------
မိုးငြိမ်းဧ
ရှုမဝ၊ ဇူလိုင်၊ ၁၉၇၆။
မိုးငြိမ်းဧ မဂ္ဂဇင်းဝတ္ထုတိုများ၊ (စိတ်ကူးချိုချို၊ အောက်တိုဘာ၊ ၂၀၀၃) စာ ၂၈-၄၆။
crd 👉 OpenRead
Comments
Post a Comment