မုန်း၍မဟူ၊ အခန်း(၁၅)
ဝေဝေသည် တောင်ပေါ်သို့ တက်လာခဲ့၏။ တောင်မှာ မတ်စောက်လွန်း၍ ခြေကို မြဲမြဲကုပ်လျက် တနဲ့နဲ့ တက်နေရသည်။ တောင်ပေါ်၌ အလေ့ကျ ပေါက်နေသော တောပန်း တောင်ပန်းတို့၏ သင်းပျံ့ပျံ့ ရနံ့ကို ရလေသည်။
အုတ်လှေကား တစ်ဝက်တွင် ရပ်ကာ လာလမ်းကို ပြန်မှတ်ရန် တောင်အောက်သို့ ကြည့်လိုက်မိ၏။ တောင်အောက်က မော်တော်ကားလမ်းနှင့် တစ်ဖက်မှ တောင်ပေါ်က ဘုန်းကြီးကျောင်း၏ ပုံသဏ္ဌာန်ကို မှတ်ထားလိုက်သည်။
ကိုယ်တက်မည့် တောင်ကို လမ်းခုလတ်မှ မျှော်မော့ကြည့်သည်။ မတ်စောက်နေ၍ အုတ်လှေကား အဆုံး ဘယ်နေရာ ရောက်၍ ဘယ်အဆောက်အအုံ ရှိမှန်းလည်း မမြင်ရ။ မမြင်ရ၍ တောင်မြောက်လေးပါးကို လှည့်ပြု ကြည့်သည်။ ဘယ်ကြည့်ကြည့် တောင်စွယ် တောင်ထွတ်တို့၌ တဖွေးဖွေး ဖြူနေသည့် စေတီကြီးငယ် အဆူဆူတို့ဖြင့် သစ်ပင်များ စိမ်းညို့ အုပ်ဝေလျက် ရှိပေသည်။
လမ်းဘေးတွင် မန်ကျည်းပင်များမှာ စိမ်းနုလျက် ရှိသည်။ လက်လှမ်းမီသည့် အကိုင်းကို ဆွဲလိုက်ပြီး ရွက်နုကလေးများကို ဆိတ်လျက် ပါးစပ်ထဲ ထည့်ဝါးကာ အရည်ချဉ်ပြုံးပြုံး အရသာကို ခံယူပြီးနောက်၊ အဖတ်များကို ထွေးလျက် ဆက်လက်၍ တက်သွားပြန် လေသည်။
လမ်း၌ လူသူပြတ် နေသည်။ ဝေ့မှာ ကြောက်စိတ် လန့်စိတ် မရှိ။ တစ်ယောက်တည်း သွားရတာကို ကျေနပ် သဘောကျသည်။
အုတ်လှေကား ဆုံး၍ တောလမ်းအတိုင်း ဆက်သွားနေရသည်။ ခပ်လှမ်းလှမ်း တောင်ထိပ်တွင် အပန်းဖြေစရာ အနားနေရန် ရေချမ်းအိုးစင်နှင့် ခုံတန်းကို မြင်၍ မြန်မြန်ရောက်ရန် ပြေးတက်ခဲ့သည်။ လေအဟုန် ပင့်၍ လွင့်တက်လာသော မှို့ဖတ်ကလေး ကဲ့သို့ပင် တောင်ထိပ်သို့ ရောက်လာလေ၏။
တောင်ထိပ်သို့ ရောက်မှပင် ရင်ကို မြင့်ချည် နိမ့်ချည်နှင့် အသက် မှန်မှန်ရှူ၍ မောရမှန်း သိလာပြီးလျှင် ခုံတန်းပေါ်သို့ ပစ်ထိုင်ချ လိုက်သည်။
ထိုင် အမောဖြေ နေပြီး ရေမှုတ်ကို ထယူကာ ရေအိုးထဲ၌ နှစ်ခပ်လိုက်သည်။ ဝေသည် ရေမှုတ်ထဲမှ ရေကို မြှင့်လောင်းချ လိုက်ကာ ပါးစပ်နှင့် ဆီးခံသောက်သည်။ အသည်းထဲ အေးမြသွား၏။ လက်ထဲ ရေခံလျက် မျက်နှာနှင့် လည်ပင်းကို ပက်ဖျန်း ပွတ်သပ်လိုက်သည်။
ဘုန်းကြီး တစ်ပါးနှင့် ကျောင်းသားကလေး ပေါ်လာကြသည်။ ဘယ်ဘက်လမ်းက တက်လာမှန်းပင် မသိ။ ဘုန်းတော်ကြီးမှာ သက်တော် ငါးဆယ်ခန့် ရှိကာ၊ ကျောက်ပေါက်မ ရေးရေးနှင့် ခပ်မည်းမည်း ပိန်ပိန်ရှည်ရှည် ဖြစ်သည်။ ရွှေမျက်မှန် တပ်ကာ ပခုံးတွင် သားရေအိတ် လွယ်ထားလေသည်။
ဘုန်းကြီးနောက်မှ လျှောက်လာသော ကျောင်းသားလေးက ပုတက်တက်နှင့် ရှစ်နှစ်သားလောက် ရှိမည်။ သျှောင်ထုံးနှင့် ငွေနားသန်သီး ဆွဲထားသည်။ ခေါင်းတွင် ဆီမရှိဘဲ ခြောက်ဖွာနေကာ ဖုန်များ ကပ်နေသည်။ ပေါ်ပလင်အဝါ ရှပ်လက်တို ဝတ်လျက် ပန်းရောင်စပ်ဖြဲဖြဲ ပိုးလုံချည်ကလေး တိုတို ဝတ်ထား၏။ မျက်နှာတွင် ချွေးပြန်ကာ ချေးအလိမ်းလိမ်း ထနေပေသည်။
ကိုယ်တော်၏ ထီးကို အရပ်နှင့်မမျှ ပခုံးပေါ်တွင် ထမ်းကာ မြေကြီးကို ငုံ့ကြည့်လျက် နောက်က လိုက်လာသည်။ ခြေလှမ်းများက သွက်လှသေး၏။
ဘုန်းတော်ကြီးမှာ ဝေ့နားသို့ ရောက်လျှင် ဣန္ဒြေကြီးနှင့် မျက်မှန်ထဲမှ မျက်လုံး ထောင့်ကပ်လျက် ကြည့်သွားလေသည်။ ကျောင်းသားလေးသည် ဝေ့ကို ကျော်သွားပြီးမှ နောက်လှည့်ကြည့်၍ ဝေက ပြုံးပြလိုက်သည်။
မျက်လုံးကို ပြူး၍ မျက်နှာထားကြီးနဲ့ ချာခနဲ လှည့်သွားပုံမှာ ရယ်ချင်ဖွယ်ရာ ကောင်း၍၊ ဝေ့မှာ သူ၏ ပုတက်တက် ကိုယ်လုံးကလေးကို ကွယ်သွားသည့် အထိ နောက်မှ လှမ်းကြည့်လျက် ရယ်နေလေသည်။
ဝေသည် ချက်ချင်းပင် ဂနာမငြိမ် ဖြစ်လာလေ၏။ ထပြီး ရောက်တတ်ရာရာကို သွားချင်ပြန်၏။ ထို့ကြောင့် ထပြီး လာပြန်၏။ ရောက်ဖူးသော ဥမင် ၃၀၊ ဥမင် ၆၀တို့ကို ရောက်ပြန်၏။ ဘုရားထိုင်ဖူးပြီး သစ်ပင်ရိပ်ကို ရှာ၍ ခဏနား နေသည်။ ထို့နောက် ထသွားပြန်သည်။ ရောက်ဖူးသော နေရာများကို မမှတ်မိဘဲ နေချင်နေ၏။ မသွားဖူးသော လမ်းကို ရောက်ဖူးသလိုပင် သွားချင် နေလေသည်။
လမ်းတွင် ဘုရားဖူး လာသော လူများ၏ ဆူညံသံ ကြားလျှင် မတွေ့ချင်စိတ် ပြင်းပြလှသည်မို့ လမ်းခွဲ၍ သွားလေသည်။ ပတ္တမြား စေတီဘေး၊ တောင်ကမူ၌ ရပ်လျက် မျက်စိတစ်ဆုံး မျှော်၍ ကြည့်နေသော စစ်ကိုင်းမြစ်နှင့် တံတားမှာ မှုန်ပျပျ ရှိကာ၊ မြူခိုးများ ဝေလျက် ဖြူမှိုင်းသော တိမ်တိုက်တို့က အုပ်ဆိုင်းနေ၏။ တောင်လေမြူး၍ တသွင်သွင် တိုက်ခတ် နေသောကြောင့် အင်္ကျီနှင့် ထဘီမှာ ဝေ့ကိုယ်၌ တင်းကျပ်စွာ ကပ်နေပြီးလျှင်၊ ဆံယဉ်များသည် လေနောက်သို့ လိုက်တော့မယောင် လွင့်နေလေသည်။
စိတ်ကူးနှင့် မှန်းဆ၍ “ကို” နေသည့် မြစ်ဝကျွန်းပေါ် ဘက်ကို မျက်နှာမူထား လေသည်။
ထိုခဏ၌ သုန်မှုန်သော မျက်နှာနှင့် ခါးထောက်လျက် ကြည့်နေသော “ကို” ၏ သဏ္ဌာန်သည် မျက်လုံးနှင့် တန်းနေသည်။
“ကို” ဘာထင်ထင် ဝေဝေက ရှင်းလင်း ပြောပြလိမ့်မည် မဟုတ်။ နှုတ်ဆိတ်ပြီး နေနိုင်ပါသည်။ ဝေ ရင်ကွဲမှာကို သတိမထားမိတာက “ကို့” အမှားပင်။ “ကို”နှင့် နေခဲ့ရသမျှမှာ မှန်စီရွှေချ သေတ္တာထဲ အလှထည့်ထားသော ရုပ်သေးမင်းသမီး အရုပ်ကလေးနှင့် တူသည်။ ထို ရုပ်သေးမင်းသမီး ကလေးသည် ကြိုးဆွဲရာအတိုင်း လှုပ်က ရလေသည်။ မောသည် ပန်းသည် မရှိ၊ ကြိုးပြတ်၍ လက်မမြှောက် နိုင်သည်ပင် မပြောနိုင်ချေ။
“ကို” ၏ အလိုသည် “ကို” ၏ မေတ္တာထက် ပို၍အင်အား ကြီးမားသည်။
ဝေ၏ ကြီးမားသော အချစ်က၊ ဝေ့အား မျိုသိပ် လိုက်လျောသည့် စိတ်ဓာတ်ကို တောင့်တင်း ခိုင်မာအောင် ဖန်တီးထားသည်။
သည်မှာတော့ သွားချင်ရာကို သွားနိုင်သည်။ ရောက်ချင်ရာကို ရောက်နိုင်သည်။ လွတ်လပ်လှသည်။ ဇွန်း၊ ခက်ရင်းနှင့် ပေါင်ပေါ်၌ လက်သုတ်ပဝါ ဖြန့်တင်စရာလည်း မလို။ ဆာလျှင် သုံးထပ်ကန်ဘေး အကြော်ဖို၌ မြေတွင် ဆောင့်ကြောင့်ထိုင်ကာ ဖဲ့ရွဲ့စားနိုင်၏။ သနပ်ခါး လူးချင်လျှင် ဇရပ်ပေါ်၌ ကျောက်ပြင်နှင့် သနပ်ခါးတုံးတို့ အဆင်သင့် ရှိသေးသည်။
ဝေသည် ပါးပေါ်သို့ ကျလာသော မျက်ရည်စကို မသုတ်မိဘဲ အုတ်လှေကားကို လှည့်ပြန်ဆင်း လာခဲ့သည်။
ဝေမှာ စစ်ကိုင်းရောက်၍ ၁၅ ရက်အတွင်း တောင်ရိုး တစ်ရိုးလုံး နှံ့သည်။ နံနက်စောစော ဇရပ်မှ ထွက်ခဲ့လျှင် နေ့လယ် မွန်းတည့်မှ ဇရပ်သို့ ပြန်ရောက်သည်။ နေ့လယ် မွန်းတည့်မှ ထွက်လာလျှင် နေဝင်ဖျိုးဖျမှ ပြန်လာသည်။
စစ်ကိုင်း ရောက်စက သမီးကလေး စိတ်ပြေလက်ပျောက် ဖြစ်အောင် မိခင်ကိုယ်တိုင် ဘုရားစုံအနှံ့ လိုက်ပို့သည်။ အဖော် သီလရှင်များလည်း လိုက်ကြသည်။ လွမ်းစေတီ ဘုရားက စ၍ နေကုန်နေခန်း တောင်ရိုးအနှံ့ နားနားနေနေ ဘုရားဖူး သွားကြသည်။
အရုဏ် မတက်ခင် လရောင် မှုန်မွှားဖြင့် ပုညရှင် ဘုရားသို့ အာရုံဆွမ်း ကပ်ပို့ပေး၏။ စစ်ကိုင်းရောက်ပြီး လေးငါးရက် မြောက်လျှင် ဝေသည် ဟိုနားသည်နား လမ်းလျှောက် သလိုလို၊ ကြည့် သလိုလိုဖြင့် ဇရပ်မှ တစ်ယောက်တည်း လစ်ထွက်သွားသည်။ ဝေ နေသော ဂူနီချောင် ဇရပ်၌ မိခင် သီလရှင်ကြီးနှင့် အတူ သီလရှင် ငါးပါး နေကြလေသည်။ သီလရှင်များနှင့် ဝေ့မှာ ကြားက တံတိုင်းကြီး ခြားထားသလိုပင် တစ်ဦးနှင့် တစ်ဦး ခြားနေသော ဘဝတစ်ခုထဲတွင် နေကြလျက်၊ ဝေ့မှာ သူစိမ်းတစ်ရံဆံနှင့် တူနေပေသည်။
သီလရှင်များအနက် မသုခသာ ဝေနှင့် အသက်ချင်း ရွယ်တူလျက် အခြား သီလရှင်ကြီးများမှာ အသက် ၅၀ ကျော် ၆၀ ကျော် အမယ်ကြီးတွေ ဖြစ်ကြသည်။
မသုခသည် မှိုင်တိမှိုင်တိုင် ဖြစ်နေသော ဝေ့ကို သတိထား အကဲခတ်လျက် လူ့ဘောင်ကို စိတ်ပျက်လာတာ များလားဟု သံသယရှိကာ သီလရှင် ဝတ်ချင်စိတ် ရှိမရှိ သွေးထိုးကြည့် လေသည်။
“မဝေဝေ ကျွန်မတော့ သီလရှင် မလုပ်ချင်ပေမယ့် သီလရှင် လုပ်လိုက်ရတာပဲ။ လူ့ဘောင်မှာ ဘယ်ဟာမှ အဆင်မပြေပါဘူး” ဝေ့မှာ မသုခကို ငေးကြည့်မိသည်။ မသုခသည် လူ့ဘဝက အဆင်မပြေမှုများကို ပြန်၍ သတိရနေပုံ ရှိကာ ငေးငိုင်လျက် မျက်နှာညှိုး နေ၏။
“မသုခ သီလရှင် ဝတ်တာ ကြာပြီလား ...” ဟု ဝေက မေးလိုက်သည်။
“မကြာသေးပါဘူး နှစ်နှစ် ရှိသေးတယ်။ အရီးလေး ဒေါ်ဩဘာ ကျွန်မတို့မြို့လာတုန်း ကြုံတာနဲ့ လိုက်လာပြီး သီလရှင် ဝတ်လိုက်ရတာ”
အတန်ကြာ ငြိမ်သက် နေကြသည်။
မသုခမှာ မိခင်ကဲ့သို့ပင် ဝတ်ကြောင်ကို မုန်းတီးစိတ်နှင့် သီလရှင် ဝတ်သည်ဟု ထင်မှတ်ခဲ့ရာ၊ ယခုသော် လောကအကြောင်း အဆင်မပြေ၍ ဝတ်မှန်း သိရပြီး၊ ဘယ်လို အကြောင်းများလဲဟု သိချင်စိတ် ဝင်စားလျက် မေးရမှာ အားနာနေ၏။ မသုခက မမေးဘဲနှင့် ပြောပြသည်။
“ကျွန်မဘဝက အတော်ဆိုးတာ၊ ပထွေးနဲ့ နေရတယ်။ ပထွေးက ကျွန်မတို့အမေ ရှေ့တော့ ကုပ်ကုပ်ကလေးရယ် ... ကျွန်မနဲ့ အရောတဝင် စကားတောင် မပြောဘူး။ အမေ့ကွယ်ရာ ကျတော့ ကျွန်မကို ကြည့်ပုံရှုပုံက တစ်မျိုး၊ စကားပြောပုံ ကလည်း မူမမှန်ဘူး။ အမေ့ကို ပထွေး မူမမှန်တာတွေ ဖွင့်ပြောဖို့လည်း မကောင်းတာနဲ့ အမေ့ဟာ အမေ သိပါစေလို့ တထိတ်ထိတ်နဲ့ နေရတယ်။ အမေကတော့ သူ့ယောက်ျားကိုသူ သိပ်ယုံတာပဲ၊ တစ်နေ့တော့ ကျွန်မကို အတင်း လာဖက်ပြီး စကားပြောတာပဲ၊ ကျွန်မမှာ အမေ့မျက်ခွက်လည်း မကြည့်ရဲဘူးရှင့်၊ ရှက်စရာလည်း သိပ်ကောင်းတာပဲ။ အမေ့ကိုလည်း မပြောချင်ဘူး။ သူ့ရန်သာ ရှောင်နေရတယ်။ အဲသလို နေရတုန်း အရီးလေး ကျွန်မတို့မြို့ ဆန်အလှူ လာခံတော့ ကျွန်မက အရီးလေးကို ရှက်ရှက်နဲ့ ဖွင့်ပြောပြတော့ ကျွန်မကို လက်ကုတ်ပြီး ဒီခေါ်လာတာပဲ။ ဒီရောက်တော့ ကျွန်မ မပြန်ရအောင် သီလရှင် ဝတ်ခိုင်းတာပဲ”
မသုခသည် ပြောပြီး မျက်ရည်များ စီးကျလာလေသည်။ ဝေ့မှာ ရင်ထဲ၌ လေးလံလာကာ သက်ပြင်းချလျက် မသုခ၏ ခေါင်းတုံးနှင့် မမြင်နိုင်သည့် နေရာသို့ မျက်နှာလွှဲထား လိုက်သည်။
“ဒါဖြင့် သီလရှင်ဘဝ မပျော်ဘူးပေါ့” ဟု မေးကြည့်လေသည်။
“ပျော်တယ် မပျော်ဘူးလည်း မဟုတ်ပါဘူး မဝေဝေရယ် ... ကျွန်မမှာ အမေ့အိမ်က လွဲပြီး ဘယ်မှ သွားနေစရာလည်း မရှိပါဘူး။ ခေါင်းတုံး မတုံးရင်လည်း အမေက လိုက်ခေါ်ဦးမှာ၊ ဒီအကြောင်း သိရင်လည်း စိတ်ချမ်းသာမှာ မဟုတ်ဘူး။ ဒီတော့ သူ့လင် သူ့သားနဲ့ မကွဲမကွာ နေပါစေတော့ ဆိုပြီး ကျွန်မက အဝေးမှာ နေနိုင်အောင် ခေါင်းတုံး တုံးလိုက် ရတာပဲ ဆိုပါတော့”
မသုခသည် ပြုံးနေလေသည်။ မသုခ၏ အပြုံးမှာ မချိသွားဖြဲ ဖြစ်၍ ဝေ့မှာ ရင်ထဲ၌ တလှပ်လှပ် ဖြစ်သွားလေသည်။
“ဘဝက အကြောင်းဆိုးခဲ့တော့ ဒီဘဝ အကျိုးပေး နုံနေတာပေါ့ မဝေဝေရယ်၊ ဒါကြောင့် ဘုရားကိုယ်တော်မြတ်က ဘယ်သူမပြု မိမိမှု ဆိုတာပေါ့။ မဝေဝေကော ဝတ်ကြောင်ပယ်ပြီး သီလရှင် မလုပ်ချင်ဘူးလား”
ဝေဝေသည် မသုခ၏ မျက်နှာကို ဖျတ်ခနဲ ကြည့်လိုက်ကာ ရင်ထဲက တုန်တုန်ဖြင့် “မလုပ်ချင်ပါဘူး” ဟု ပြောလိုက်သည်။
မသုခမှာ ရယ်နေလေသည်။ ဝေ့မှာ စိတ်ထဲ၌ ကျဉ်းကျုတ်သွားလျက် အောင့်တောင့်တောင့်နှင့် နေရထိုင်ရ ကျဉ်းမြောင်းသွား သလိုပင်။
“မဝေဝေ ဒီကို စိတ်ပြေလက်ပျောက် လိုက်လာတာ မဝေဝေ ယောက်ျားက မျှော်နေမှာပဲနော်”
ဝေမှာ သီလရှင်လေးအား အဖြေပေးရန် ခက်ခက်ဖြင့် ခေါင်းညိတ်ပြ လိုက်ရသည်။ စူးစမ်းသော မသုခ၏ မျက်လုံးကို တိမ်းရှောင်ကာ မျက်နှာတခြား လွှဲသွားခြင်းကြောင့်၊ မသုခမှာ ရှေ့ဆက် မမေးရဲဘဲ ငြိမ်နေလျက် အတန်ကြာမှ အနားက ထသွားသည်။
ဝေသည် သူ့ကို မျှော်နေမည့် “ကို့” ကို စဉ်းစားလိုက်မိသည်။
ကို၏ ယုယမြတ်နိုးပုံ ကလေးများမှာ အာရုံထဲတွင် တစ်ရစ်ဝဲဝဲ ဖြစ်လာလျက် ထိတွေ့ခံစားနေသည့် အတောအတွင်း၊ ဝေ့အလိုသို့ မလိုက်လျောသော နာကြည်းချက်က တစ်ဖက်မှ အုံကြွထလာကာ ဖုံးလွှမ်း လိုက်သည်နှင့် တစ်ချက်တည်း နူးညံ့ ကြည်မွေ့နေသည့် အာရုံမှာ ကွဲစဉ်ပျောက်ပျက် သွားလေတော့၏။
ဝေ၏ မိခင်မှာ နေ့လုံးပေါက် ညလုံးပေါက် ကမ္မဌာန်း ထိုင်တတ်၏။ သီလရှင် ကမ္မဌာန်း ထိုင်လျက် ဝေသည် ခြေဦးတည့်ရာ လျှောက်သွား နေခြင်းဖြင့် တောင်ရိုးတစ်လျှောက် ဒိုးလိုနှောက်၏။ ကမ္မဌာန်း မထိုင်သည့် နေ့၌လည်း သွားချင်ရာ သွားရန် အချိန်ရသည်။ စာမေးပွဲ ဝင်မည့် မယ်သီလရှင် ကလေးများကို နေ့ဝါညဝါ စာချပေးလျက်၊ အားလပ်ချိန်မှသာ သမီးနှင့် စကားပြော နိုင်လေသည်။
ဝေသည် ဇရပ်သို့ ပြန်ရောက်တိုင်း ဘုရားဖူး သွားနေသည်ဟု သီလရှင်များကို အဖြေပေးသည်။
နေ့လယ် မွန်းတည့်မှ ပြန်ရောက်လာသော သမီးကို စာချနေရာမှ အကဲခတ်သော မျက်လုံးဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။
မိခင်မှာ သူ တရားပြခြင်းဖြင့် ဝေစိတ်ချမ်းသာမှုကို တည်ဆောက်ပေး နိုင်လိမ့်မည်ဟု မျှော်လင့်ကာ တရားပြသည်။ ဝေ၏ သောက ပရိဒေဝ ဒုက္ခကို ဓမ္မဆေးဖြင့် သက်သာခွင့် ရလိမ့်မည်ဟု ယုံကြည်လေသည်။ ငြိမ်းချမ်းသော ပတ်ဝန်းကျင် အရပ်ကြောင့် သူတော်ကောင်း ဘဝကို မွေ့လျော် စိတ်ပြောင်းကာ၊ နောက်ကျိသည့် စိတ်များကို ကြည်လင်ချမ်းမြေ့ သွားလိမ့်မည် ဟုလည်း ထင်မှတ်ယူဆ နေသည်။
ထို့ကြောင့် ဝေ ဘုရားဖူး သွားလျှင် မတားဆီးဘဲ ခွင့်ပြုကာ ဝေ ပြန်လာလျှင် အရိပ်အခြည်ကို ဆီး အကဲခတ်လေ့ ရှိသည်။
ဝေသည် ဇရပ်မှ ထွက်လာတာနှင့် မယ်သီလရှင် လောကထဲ၌ သူ မတည်ရှိတော့ဘဲ၊ လောကကြီး၏ အလယ် သူ့တစ်ယောက် ထီးတည်းသာ ရှိလေသလိုပင် မှတ်ထင်သည်။ တစ်ကိုယ်တည်း တစ်ကောင်ကြွက် စိတ်နှင့် အမှောင်ထဲ လမ်းလျှောက် နေသူလို ဦးတည့်ရာ သွားလာနေထိုင် ငေးငိုင် နေတတ်လေသည်။
သီလရှင်သည် ဇရပ်ပေါ် တက်လာသော ဘာအဓိပ္ပါယ်မှ မပေါက်သည့် သမီး၏မျက်နှာကို ချိန်ဆ၍ခက်ကာ စာချမပျက်၊ စာတက်ပေး နေ၏။ သဒ္ဒါ၊ သင်္ဂြိုဟ်၊ မာတိကာ၊ ဓာတုကထာ စသည့် ပထမငယ်တန်း စာကို နှုတ်တိုက်ချပေး နေရသည်မှာ လည်ချောင်းကို ပွထလာသည်။
ဝေသည် စာအံသံ၊ စာပြန်သံများ ညံစီလျက် ရှိသော ဇရပ်ထဲသို့ ရောက်သည်နှင့် ဘဝသစ်ထဲသို့ ကူးပြောင်းရောက်ရှိ သွားသလို ထင်မိသည်။ နေမြင့် မွန်းတည့်မှ ထမင်းစားသည်။ ကြမ်းပေါ် စားပွဲဝိုင်းကလေးတွင် ထိုင်ကာ ထမင်းစား လေသည်။ ထမင်းလုတ်များကို ဝါးရိုးဝါးစဉ် ပါးစပ်အကျင့်ဖြင့် ဝါးမျိုချ လိုက်ရသော်လည်း ဘယ်လို အရသာရှိ၍ ဘယ်လိုဝင်မှန်း မသိချေ။ ထမင်းစားပြီး ဇရပ်တိုင်ကို မှီထိုင်လျက် ဝပ်နေကြသော သီလရှင်များ ရှေ့၌ စာချနေသော မိခင်၏ ပုံသဏ္ဌာန်ကို ခပ်လှမ်းလှမ်းမှ မြတ်နိုးမူရာဖြင့် ကြည့်လျက်ရှိသည်။
ငြိမ်သက်၍ အနက်အဓိပ္ပါယ် အစဉ်းစား ကြွယ်နေသော မိခင်၏ မျက်လုံးများမှာ ကြည်လင် လေးနက်သည်။ စွဲလမ်း ခိုင်မာသောစိတ် ပြင်းထန်ပုံ ပေါ်၏။ အပါယ် လေးပါးနှင့် သံသရာ ဘေးဒုက္ခ အတွင်းက လွတ်ကင်း စေနိုင်သော တရားတို့ကို ကြံစည် စဉ်းစားပြီး နေရမှ စိတ်ချမ်းသာခြင်း ရကာ၊ လောကစည်းစိမ် ချမ်းသာတို့ကို တံတွေးပေါက်လောက် ထင်မြင်လျက် တရားအားထုတ်မှု အလွန် ထက်သန်သော ဝီရိယဆောင် နေလေသည်။
မိခင်အား မြတ်နိုး ကြည်လင်သောစိတ် ဝင်စားခိုက်တွင်မူ ဝေသည် ဂနာငြိမ်သလို ရှိလျက် အဝေးသို့ လွင့်နေသည့် စိတ်ကို အုပ်ထိန်းလို့ ရနိုင်ပြန်သည်။
စစ်ကိုင်းရောက်စ “ကို့” ထံမှာ သံကြိုးတစ်စောင် ရောက်သည်။ သံကြိုး ရရချင်း ပြန်ခဲ့ရန်နှင့် ပြန်မယ်၊ မပြန်ဘူး သံကြိုး ပြန်ခိုင်းသည်။
ဦးစောဟန်မှာ ဝေ့ထံမှ စစ်ကိုင်းသို့ စိတ်ပြေလက်ပျောက် ခဏ လိုက်သွားကြောင်း စာရရချင်း ပြန်ခဲ့ရန် သံကြိုးရိုက် လိုက်သည်။ စာဖတ်ပြီး အကြီးအကျယ် ဒေါပွသွား၏။ သူ့အချစ်ကို အချစ်မမှတ်၊ ပုန်ကန်သည်ပဲ ယူဆကာ၊ ဝေ့ကို ထားထားက မြှောက်ပေး၍များ သီလရှင်နောက် ပါသွားသလားဟု စိတ်ဆိုးသည့် အထဲတွင် ထားထားပါ အဆစ်ပါသည်။ သီလရှင်လည်း အပြစ်မလွတ်။
မယ်သီလရှင်များ လုပ်သွားဦးမှာလားဟု ပူပန်သောက ရောက်ရသည်။ စာရောက်သည့် နေ့က စိတ်ကို ချုပ်တီး၍ မရသလောက် ဟိုမာန် သည်မဲနှင့် ဒေါသူပုန်ထ နေလေ၏။
ဝေ့ကို စိတ်နာနာနှင့် အရက်ကို တစ်ခွက်ပြီး တစ်ခွက် မော့သည်။ သူ မလာကော ဘာဖြစ်ရဦးမှာလဲဟု စိတ်ကို အခါခါ တင်းသည်။ အရက်မူးမှ စိတ်တင်းနိုင်သည်ကို တွေ့ရကာ၊ အမူးပြေတာနှင့် ဝေ့ကို မနေနိုင် မထိုင်နိုင် သတိရလျက် ရင်ထဲ၌ ဟာနေပေသည်။
ဝေ့ထံသို့ ပြန်ခဲ့ရန် ချက်ချင်း သံကြိုးပို့ လိုက်သည်။ ဝေက အကြောင်းမပြန်။ အကြောင်းမပြန်မှ ပိုဆိုးဝါးကာ ညဘက်တွင် လူမှန်းမသိအောင် သောက်နေလေသည်။
ဝေ့ထံသို့ လိုက်ခေါ်လိုသော စိတ်ရှိလျက် သူ့စိတ်ကို အလိုမလိုက်ပေ။ မာနနှင့် ထိန်းချုပ်ထားသည်။ နောက်ထပ်လည်း သံကြိုးမပို့ စာမရေးဘဲ နေ၏။ ရိုက်ချင် ရေးချင်လျက်နှင့် ဝေ ရောင့်တက်မှာကို စိုးကာ အောင့်အီး နေရလေသည်။
ဝေ့ကို သူမမုန်းနိုင်ပေ။ ဝေ့တွင် ထူးခြားသည့် အရည်အချင်းများ ရှိသည်ကိုလည်း သူ့ကိုသူ ဝန်မခံဘဲ မနေနိုင်ပေ။ နေ့စဉ်ရက်ဆက် စဉ်းစားရင်း စဉ်းစားရင်းမှ ဝေ၏တန်ဖိုးကို နှုန်းဖြတ်ကြည့် လေသည်။ ဝေသည် ရိုးသားဖြူစင်သည်။ သူ့အလိုသို့ လိုက်လျောသည်။ သူ့စိတ်ကြိုက်ကို လေးစားသည်။ စိတ်ညစ်စရာမျိုး မလုပ်တတ်။ စိတ်နာစကားမျိုး မပြောတတ်။ သူ့စနစ်အတိုင်း လိုက်၍ မယွင်းမတိမ်းအောင် နေတတ် ထိုင်တတ်သဖြင့် ဘယ်လောက် စိတ်ချမ်းသာ ရသနည်း။ လိမ္မာလှတဲ့ ဝေ။ ဆွေမျိုးတွေ မြှောက်ပေး၍သာ သည်လို ဖြစ်ရသည်။ နောက်ချေးပုံထဲမှ ပေါက်သော ကြာပန်းကလေး ...။
ဦးစောဟန်မှာ ဆွေမျိုးတွေ သိအောင် ဝေ့အပေါ်တွင် အရေးမစိုက်သလို ဟန်လုပ်ပြ နေသော်လည်း၊ သူ့ဟန်မှာ မျောက်မီးခဲ ထိုင်နေသော သူ့အဖြစ်ကို အကာအကွယ် မပြုနိုင်ချေ။
အမှန်စင်စစ် ဝေမှာ အိမ်ပြန်ရမှာကို ဝမ်းနည်းနေသည်။ ဖခင် အတွက်လည်း ဝမ်းနည်းနေသည်။ ဖခင်အတွက် သူ့အသည်းကို ထိခိုက်သွားသော ဒဏ်ရာမှာ အဆိုးဆုံး ဖြစ်လေသည်။ ထိုဒဏ်ရာမှာ ဝေ့အဖို့ အပျောက်နိုင်ခဲဆုံး ဒဏ်ရာဖြစ်သည်။ “ကို့” အတွက်လည်း ဝမ်းနည်းနေသည်။ ရှေ့လျှောက် နှစ်ယောက် အတူတူ နေရ၍ ဘယ်တော့မှ ပျော်ရွှင်ခြင်း ရှိနိုင်မည် မဟုတ်ဟု ထင်သည်။ သာယာ လွယ်ကူသော ဘဝခရီး မဟုတ်သည်ကို မစဉ်းစားဘဲ မနေနိုင်ချေ။ နှစ်ယောက်ခွဲ၍ နေရမည့် အရေးမှာလည်း စဉ်းစား ဆုံးဖြတ်ရ ခက်လှသည်။ ဝေသည် ပြန်ရက်ကို ကန့်သတ်၍ မရဘဲ ရှိသည်။
“ကို့” မှာ သူ့အလို မလိုက်လျှင် ကျေနပ်နိုင်မည့်သူ မဟုတ်။ လွန်ခဲ့သည့် ရက်အတွင်းက ရရှိခဲ့သော သင်ခန်းစာများကြောင့် သူက ဆက်လက်၍ အလိုကျ လုပ်ရန် မလိုလား နိုင်တော့ချေ။
ဝေသည် သူ့ယောက်ျား၏ စကားကလေး တစ်ခွန်းကိုသော် လည်းကောင်း၊ အမူအရာကလေး တစ်ခုကိုသော် လည်းကောင်း အမြဲလိုလို အကဲခတ် နေရသည်နှင့် အချိန်ကုန်ရသဖြင့် ငြီးငွေ့ခဲ့သည်။
“ကို့”ထံမှ စာမလာခြင်းကို ထောက်ခြင်းဖြင့် စိတ်ဆိုးနေမှန်း သိသည်။ သူ့မာနကိုသူ ထိခိုက်မည့်လူစား မဟုတ်မှန်း အကဲခတ်မိသဖြင့် “ကို့” ထံမှ စာကို မမျှော်လင့်တော့ပေ။
ထားထားထံမှ စာရောက်လာသည်။ ဝေသည် မိခင် မမြင်နိုင်သည့် နေရာတွင် စာကို အေးအေးဆေးဆေး ထိုင်ဖတ်လိုက်သည်။
ဝေဝေ ...
နင့်ဆီက စာဖတ်ပြီး ငါ့ရင်ထဲ ဘယ်လိုနောက်မှန်း မသိဘူး၊ နင့်စိတ်ကိုနင် မဝေခွဲနိုင်တာ နင့်ကိုနင် ဒုက္ခပေးနေတာနဲ့ အတူတူပဲ။ သည်မှာ နေရတာ တစ်မျိုးကြီးပဲ၊ အိမ်လည်း မပြန်ချင်သေးဘူး ဆိုတာ နင့်စိတ်နင် မနိုင်တာ ပြနေတာပဲ။
နင့်ကို မြန်မြန်ပြန် လာဖို့ပဲ ငါ ပြောချင်တော့တယ်။ ဦးစောဟန် လိုက်မခေါ်ခင် နင်ပြန်ဖို့ ကောင်းပြီ။ နင့်ကိစ္စက ပြင်လို့ရမယ့်ကိစ္စ မဟုတ်ဘူး၊ ကိုယ့်စိတ်ကိုယ် ချမ်းသာအောင် ကြိုးစားမှပေါ့။
ဖေဖေလည်း ရှိတော့တာ မဟုတ်ဘူး။ ဖြစ်ပြီးတဲ့ ကိစ္စကြီး ပြင်လို့မရတဲ့ အတူတူ နင့်အိမ်နင် ပြန်ဖို့ရာ ငါ တိုက်တွန်းချင်တယ်။
လောကမှာ အကောင်းနဲ့ အဆိုးဟာ တွဲနေတာပဲ၊ အဆိုးထဲက အကောင်းကို ရှာမှပေါ့။ ဦးစောဟန်ဟာ နင့်အပေါ်မှာ မကောင်းတာမှ မဟုတ်ဘဲ၊ ဒီလောက်လည်း နာကြည်း မနေပါနဲ့။ သူ့ရဲ့ ကောင်းပုံ ကောင်းနည်းမျိုးက သူများနဲ့ မတူဘဲ လွန်ကဲပြီး သူများ မခံနိုင်အောင် ကောင်းနေတာပဲ ပြောစရာ ရှိတယ်။
ဦးစောဟန် အပေါ်မှာ ငါတော့ အပြစ်မယူပါဘူး၊ နင့်ကို ချစ်လွန်းလို့ ဖြစ်ရတာ၊ ဘယ့်နှယ်လုပ် အပြစ်ယူမလဲ။ တို့တောင် အဝေးက စိတ်ဖြေပြီး ခွင့်လွှတ်နိုင် ကြသေးတာဟာ။ အချစ်ခံရတဲ့သူက ခွင့်မလွှတ် နိုင်စရာ မရှိပါဘူး။
မေမေ ရိပ်မိသွားရင် တရားအားထုတ် နေတာ အနှောင့်အယှက်ကြီး ဖြစ်သွားတော့ ကောင်းဦးမလား။ မေမေ စိတ်ချမ်းသာအောင်၊ တို့လည်း စိတ်ချမ်းသာအောင် ကြာကြာမနေဘဲ ပြန်ခဲ့ပါ။ ကိုယ့်အိုးကိုယ့်အိမ် ပစ်ပြီး သည်လိုနေတာ ကောင်းပါ့မလား၊ ကြာရှည် မကောင်းဘူးနော် ...။ တစ်ဖက်သားလည်း ဘယ်လောက် စိတ်ဆင်းရဲ နေမလဲဟယ်။ နင့်ကို စိတ်နာပြီး ပြတ်လိမ့်မယ်လို့ ငါတော့ မထင်ပါဘူး။ နင့်ကို စိတ်နာပြီး စိတ်ဒုက္ခ ရောက်ရောက်နဲ့ ပျက်စီးသွားမှာပဲ။ ကြီးတော်ဆီက စာရတယ်၊ သိပ်မူးပြီး လူမှန်းမသိအောင် သောက်နေသတဲ့။ ခုလို ခွဲနေကြတာ နှစ်ယောက်စလုံး ကောင်းကျိုး ရှိသလားဟယ်။
သေတဲ့လူလည်း သေပြီ၊ ပြီးတာတွေ မေ့ဖျောက်ပြီး သည်းခံစိတ်ကြီးကြီးနဲ့ ပြန်ခဲ့နော်။ ပြန်မယ့်နေ့ကို သံကြိုးရိုက် လိုက်ပါ။ တစ်ယောက်တည်းလည်း မလာခဲ့နဲ့၊ ဒေါ်ဩဘာ ဖြစ်ဖြစ် ရန်ကုန်အထိ လိုက်ပို့ခိုင်း။ ဘူတာရုံမှာ တို့ ဆင်းကြိုမယ်။
ဝေသည် စာဖတ်ပြီး တွေငိုင်နေ၏။ ကိုနှင့် အတူနေရမည့် ဘဝတစ်လျှောက်လုံး စိတ်ဆင်းရဲ နေရမှာကို နှလုံး မချမ်းသာကာ၊ စိတ်ညစ်ညစ်နှင့် မသုခလို ခေါင်းတုံး တုံးလိုက်ချင် စိတ်ပင် ဖြစ်ပေါ်လာမိလေသည်။
သီလရှင်မှာ ဝေ၏ စိတ်ဒုက္ခသည် ဖခင် အတွက်ကြောင့်ချည်း ပုံချ၍ မဖြစ်မှန်း သမီး အပေါ်တွင် သံသယ တဖြည်းဖြည်း ရှိလာလေသည်။ သံကြိုးရောက်ပြီး အကြောင်းမပြန်၊ စာမပြန်ဘဲ နေထိုင်ရုံမက သူ့ယောက်ျားနှင့် ပတ်သက်၍ အလျဉ်း မပြောခြင်းမှာ အံ့ဩစရာ ကောင်းနေပေသည်။
သမက်ကို ဖြူသည် မည်းသည် မမြင်ဖူးသော သီလရှင်မှာ တစ်ခါတစ်ရံ သမက် အကြောင်းကို စဉ်းစားမိသည်။
“သမီး ဒီလို လာနေတော့ သူ့အတွက် နေရေးထိုင်ရေး ဆင်းရဲ မနေဘူးလားကွယ်”
“သူ့ နေရေးထိုင်ရေးက ဖြစ်ပါတယ် မေမေ၊ သမီး ရှိရှိ မရှိရှိ ဖြစ်ပါတယ်” ဟု ဝေက အမှန်အတိုင်း ဖြေသည်။ အမှန်အတိုင်း မသိသော သီလရှင်မှာ အိမ်ထောင်သည် မျက်စိနှင့် ကြည့်မိလျက်၊ မိန်းမ မရှိရင် ယောက်ျားဟာ ဝတ်ရေးစားရေး ခက်တယ်ဆိုသော အသိကို စွန့်မရပေ။
ဝေ့မှာ သူ့အကြောင်းကို မိခင် သိရန်လည်း မလိုလားချေ။ တောင်များ ဝန်းရံလျက် ရှိသဖြင့် သာယာ ပျော်မွေ့ဖွယ် ကောင်းသော နေရာတွင် သူ့ဝမ်းထဲက အကျိတ်အခဲကို သူ့ဘာသာ ဖြေဖျောက် ကြိုးစားပြီး စိတ်ချမ်းသာသလို နေရန်သာ ရှိသည်ဟု တွေးမိသည်။
ပတ်ဝန်းကျင် တောင်ပေါ်ရှိ စေတီတို့၏ ဆည်းလည်းသံများကို လေသင့်သည့် အခါတိုင်း ကြားရ၍၊ ထိုအသံဖြင့် သူ့ဝမ်းထဲက အစိုင်အခဲကို ကျေပျောက်အောင် ဆေးကုကြည့်သည်။ ထိုအသံဖြင့် သက်သာရာ ရသည့် အခါမျိုးလည်း ရ၏။ တရုတ်စံကားပင်၊ စကားဝါ၊ စကားစိမ်းတို့ဖြင့် ခြံရံသော တောင်ပေါ်မှ တက်၍ကြည့်လျှင်၊ စစ်ကိုင်း တစ်မြို့လုံးနှင့်တကွ အနောက်ဘက်တွင် ဝန်းလည် စီးဆင်းလျက် ရှိသော မြစ်ရေအလျဉ်ကို ဖြူဖွေးတောက်ပစွာ တွေ့ရခြင်းဖြင့် စိတ်သက်သာမှုကို ရပြန်သည်လည်း ရှိပေသည်။
မြစ်ထဲတွင် ရွှေရောင်တွေ ဝင်းနေသည့် အချိန်တွင် ဝေသည် မြစ်ဆိပ်သို့ ထွက်သွားလေသည်။
မြစ်ဆိပ်သို့ အဖော်နှင့် သွားသည်။ ထိုအဖော်မှာ အသက် ၆၀ ခန့်ရှိသော ကပ္ပိယ ဦးညှက်ဖြစ်သည်။ ညနေတိုင်း ဂူနီချောင် ဇရပ်သို့ လာကာ ချောင်ဆရာတော် ဘုန်းတော်ကြီး အတွက် ဆွမ်းချိုင့် လာပို့ထားသည်။ ဝေ၏မိခင်မှာ နံနက်တိုင်း သံဃာတော်များကို ဆွမ်းချက်လောင်း လေသည်။
ဦးညှက်ကြီး လာတာမြင်လျှင် ဝေ့မှာ ပေါ့ပါး လန်းဆန်းသွားသည်။
“ဘကြီးညှက် မြစ်ဆိပ် သွားရအောင်နော် ...” ဟု ဆိုကာ ဘကြီးညှက်နှင့် မြစ်ဘက်သို့ လိုက်သွားသည်။ သီလရှင် မသုခသည် ဝေနှင့် အတူလိုက် လာလေသည်။
လမ်းတွင် ဘကြီးညှက်က ဖောင်လောက်အောင် စကားပြော လာသည်။ အသက် ၆၀ ဆိုသော်လည်း အသက် ၄၀၊ ၅၀ လိုပင် သန်မာ ပေါ့ပါးသော အမူအရာ ရှိ၏။ သီလ ကောင်းသဖြင့် သွားတစ်ချောင်းမှ မကျိုးချေ။ ဆံပင်မှာ နက်မှန်း ဖြူမှန်း မသိနိုင်အောင် သူ့ဖန်ခေါင်းတုံးမှာ ပြောင်ချော နေပေသည်။ ဖျင်အကြမ်းအင်္ကျီ လက်တို ဝတ်လျက် လည်ပင်းတွင် နက်ပြောင်သော စိပ်ပုတီးကြီးကို အမြဲဆွဲထား လေသည်။
သူသည် စစ်ကိုင်းတောင် အတ္ထုပ္ပတ္တိကို မမောမပန်း ပြောလိုက်လာသည်။
“ငါ့မြေးရဲ့၊ စစ်ကိုင်းတောင်ဟာ အဓိကရတောင်။ ချောင် ကိုးချောင် ရှိတယ်။ သိမ် ကိုးသိမ် ရှိတယ်။ အင်း ကိုးအင်း၊ ကုန်း ကိုးကုန်း၊ ကိုးခု ကိုးလီ ကိုးဌာန ကိုးနေရာ”
ဘကြီးညှက်သည် တောင်ဖီလာချောင်၊ ရွှေဝါချောင်၊ ပိတောက်ချောင်၊ ချောင်နာမည်၊ သိမ်နာမည်၊ အင်းနာမည်များကို ကိုးခေါက် ကိုးလီ ရွတ်ပြလာလေသည်။
ဝေသည် ဆိတ်ငြိမ်စွာ လိုက်လာသည်။ သီလရှင် မသုခ၏ ဦးကြာဖူး ခုံဖိနပ်သံမှာ တရှပ်ရှပ်နှင့် မြေကြီးနှင့် တိုက်နေ၏။
ဘကြီးညှက် မောသလောက် ရှိ၍ ငြိမ်သက်သွားမှ “ဘကြီးညှက် ကပ္ပိယလုပ်တာ ကြာပြီလား” ဟု မေးလိုက်သည်။
“ကြာပါပြီ၊ ဆယ်နှစ်လောက် ရှိရော့မယ်”
“ဘုန်းကြီး ဝတ်ပါလား ဘကြီးညှက်ရယ်”
“အိမ်က မိန်းမက လိုက်လိုက်ခေါ်တယ်။ ဝတ်လို့ မဖြစ်သေးဘူး”
ဝေသည် သူ့စကားကို နားထောင်ပြီး ရယ်လိုက်သော်လည်း ဝမ်းထဲက မပါလှချေ။ မသုခမှာ အသံညှက်ညှက်နှင့် ကျိတ်ရယ်သလို ရယ်လာသည်။
“နို့ ငါ့မြေးကော သီလရှင် ဝတ်ပါလား။ အမေ တစ်ယောက်လုံး သီလရှင် ဖြစ်နေတာ မဝတ်ချင်ဘူးလား”
“မဝတ်ချင်ပါဘူး ဘကြီးရယ်”
“ဘာဖြစ်လို့လဲ ...” ဟု ဝေ့ကို အကဲခတ် ကြည့်ရှုလျက် မေးသည်။
“အိမ်ကလူက လိုက်ခေါ်မှာ၊ ဝတ်လို့ မဖြစ်ပါဘူး”
သည်တစ်ကြိမ်တွင် ဘကြီးညှက်သည် ကျယ်လောင်စွာ ရယ်မောလျက် လိုက်လာလေသည်။ မြစ်နဖူးပေါ်သို့ ရောက်ကြသည့်အခါ ဝေသည် သဲသောင်အောက်သို့ ပြေးဆင်းသွား လေသည်။
မျက်စိရှေ့တွင် မြစ်ရေမှာ ဖန်မြေမှန်မြေ ခင်းထားသကဲ့သို့ တောက်ပ နေလေသည်။ တစ်ပြင်တည်းကဲ့သို့ ရှိသော မြစ်ရေမှာ ပျော့ပျော့သာသာ စီးဆင်းလျက် ရှိသည်။
ခပ်ဝေးဝေး မြစ်လယ်၌ ရေများပွက်ကာ ကြီးမားသော ငါးကြီး နှစ်ကောင်သည် ရေပေါ်တွင် ဘွားခနဲ ပေါ်လာကြသည်။ ခေါင်းထောင် မြူးထူးလျက် ပြန်ငုပ် သွားကြသည်။ ရေပြင်ကြီးမှာ လှုပ်ရှားသွား လေသည်။
ဝေသည် လှုပ်ရှားနေသော ရေပြင်ကြီးကို ငေးမောလျက် ကြည့်နေစဉ် ရုတ်တရက် နေမကောင်း ဖြစ်လာသည်။ တစ်ခေါင်းလုံး ချာလည်လည် နေသဖြင့် သူ့ကိုယ်သူ မလဲစေရန် ထိန်းထားလိုက်သည်။ ဤကဲ့သို့ တစ်ခါမျှ မဖြစ်ဘူးပေ။ သိပ်မူးလာကာ အန်လေသည်။
မသုခသည် ကျောကို လာဖိ၏။ မျက်လုံးများ ပြာလာ၍ ဝေ့မှာ မသုခကို မှီနေရသည်။ အမှောင်ထဲ၌ ရုန်းကန်နေရ သကဲ့သို့ ထင်ရပြီးနောက် အားလုံး မှောင်မည်းသွားသည်။
ဝေ့မျက်လုံးကို ပြန်ဖွင့်နိုင်သည့် အခါတွင် သူဘယ်ရောက်နေမှန်း မသိ။ နောက်မှ သဲသောင်ပြင်ပေါ်တွင် လှဲနေမှန်း သိသည်။ သီလရှင်တွေ အုံနေကြသည်။ မိခင် သီလရှင်မှာ သူ့ဘေး၌ ဒူးထောက်ကာ ဇဝက်သာ ပုလင်းကို ဝေ့နှာဝ၌ ထိုးပေးထားသည်။ ဘကြီးညှက်မှာ မတ်တတ်မှ သူ့ကို စိုက်ကြည့် နေသည်ကို တွေ့ရသည်။ သူ့မျက်စိထဲ၌ သူ့ရင် ဖိထားသော သီလရှင် ဒေါ်ဩဘာမှာ မှုန်ဝါးဝါး ဖြစ်နေပေသည်။
ဝေ့မှာ မောနေလေသည်။ ကောင်းကင်ပြာကြီးကို ကြည့်ရသဖြင့် အနည်းငယ် နေသာထိုင်သာ ရသည်။
သီလရှင် ဒေါ်ဩဘာက မိခင် သီလရှင်၏ နားနားကပ်ပြီး “ထင်တာ မမှားပါဘူး” ဟု ပြောကာ ပြုံးလိုက်သည်။
“သမီး သက်သာပြီလား၊ သမီးမှာ သားသမီး ရှိနေလို့ ဖြစ်တာပါ”
ဝေသည် ခေါင်းမှ ခြေထောက်အထိ တုန်လှုပ်၍ သွားလေသည်။ ထတော့မည်ကဲ့သို့ လက်ကို သဲသောင်ပြင်၌ ထောက်လိုက်သည်။
“ငြိမ်ငြိမ်နေ၊ ငြိမ်ငြိမ်နေဦး” ဟု မိခင်က သတိပေးလေသည်။
ဝေသည် မိခင်၏ လက်ကို သူ မသွားချင်သည့် နေရာသို့ မရောက်နိုင်အောင် ဆွဲထားနိုင်မည့် အမှီသဟဲ တစ်ခုသဖွယ် တအား ဆွဲထားကာ မျက်ရည်များ စိုစွတ်လာလေ၏။
ထိုနေ့ည ဝေ့မှာ မအိပ်နိုင်ဘဲ ချောက်ချားလျက် ရှိသည်။ သားသမီး ရှိသည်ဟု သိရသည့်အတွက် ဝေ့မှာ စိတ်အားငယ် နေလေသည်။ အမှန်အားဖြင့် ဝေ့မှာ “ကို” ပြုပြင်ရာ ခံရတော့မည်ကဲ့သို့ ဖြစ်သွားလေသည်။
ဝေသည် မအိပ်နိုင်၍ အိပ်ရာမှ ထကာ အခန်းပြင်သို့ ထွက်လာသည်။ ဇရပ်ပေါ်၌ ညစာဝါချ သွားပြီး၍ မှောင်ထဲ၌ စင်္ကြံလျှောက် နေသော မိခင်နှင့် တံခါးဝ၌ ဆုံမိကြသည်။
“သမီး နေကောင်းရဲ့လား ...”
မိခင်၏ နူးညံ့ကြင်နာ ချစ်ခင်သော အသံကို ကြားရသည်။ ဝေသည် တွေဝေလျက် ရပ်နေကာ ငြိမ်သက်နေ၏။ ဝေ၏ ပခုံးကို လာကိုင်လျက်
“သမီး ... ဒါဟာ လောကဓမ္မတာပဲ၊ မကြောက်ပါနဲ့။ သမီးယောက်ျားဟာ ဘယ်လောက် ဝမ်းသာမလဲ၊ သူ့ဆီကို သွားဖို့သင့်ပြီ။ ကြာနေရင် အပြစ်တင်စရာ ဖြစ်နေမယ် သမီး”
ဝေသည် အခန်းအတွင်းသို့ ပြန်လှည့်ဝင် လာကာ အိပ်ရာပေါ် မှောက်လျက် အသံမထွက်အောင် ရှိုက်၍ ရှိုက်၍ ကျိတ်ငို နေလေသည်။
-----------------------------------------------
ဂျာနယ်ကျော်မမလေး
crd 👉 http://openread.atspace.cc/works/01062020_nv.html
Comments
Post a Comment