ခဲတံတစ်ချောင်းရဲ့ရယ်သံ
#နေမျိုး
#ခဲတံတစ်ချောင်းရဲ့ရယ်သံ
ခဲတံတစ်ချောင်းရဲ့ရယ်သံကို
နားထောင်ရအောင်။
သူ့ကို ဝလုံးတွေချည်း ရေးပစ်တာခံခဲ့ရတော့
သူဟာ ဝလုံးတွေအကြောင်းပဲပြောပြနိုင်တာ
ခွင့်လွှတ်ပါတဲ့။
ခဲတံတစ်ချောင်းက ရယ်တယ်။
သူရေးခဲ့တဲ့ဝလုံးတွေဟာ
သန့်ရှင်းစင်ကြယ်ပြီး
မိသားစုတစ်ခုကို ပျော်ရွှင်စေခဲ့တယ်တဲ့
ခဲတံတစ်ချောင်းက ရယ်တယ်။
ဝလုံးတွေသာမရှိရင် ကမ္ဘာကြီးဟာ
ဘာဆက်ဖြစ်သွားမလဲဆိုတာကို သူ မသိပါဘူး
ဒါပေမယ့် သူဟာ ဝလုံးတွေရေးပစ်ခဲ့ရတာကိုပဲ
ကျေနပ်ခဲ့ပါတယ်တဲ့
ခဲတံတစ်ချောင်းက ရယ်တယ်။
သူ့ကိုရေးသားနိုင်ဖို့
သူ့ကို လှီးဖြတ်ပစ်ခဲ့ကြတယ်
အဆုံးထိ လှီးဖြတ်ပစ်ခဲ့ကြတာပါ
အဆုံးထိ ...။
သူဟာ ဝလုံးတွေသာ ထားရစ်နိုင်ခဲ့တဲ့အတွက်
ပညာရှိများကို တောင်းပန်ပါတယ်တဲ့
အဲဒီနောက် ...
ခဲတံတစ်ချောင်းရဲ့ရယ်သံကို
ကျွန်တော်တို့ မကြားရတော့ပါဘူး။
Comments
Post a Comment