ကိုဒေါင်း(ကိုဒေါင်း၏ခေတ်စမ်းကဗျာ)
#ကိုဒေါင်း၏ခေတ်စမ်းကဗျာ
"Truth is Beauty"
(Keats)
နတ်ရှင်နောင်သည် ဘုရားအား အောင်သွယ်ပြုလျှက် မြောက်မြားလှစွာသောရည်းစားစာရတုတို့ကို ရေးသားခြင်းဖြင့် မြန်မာစာပေနယ်ကို တိုးချဲ့ခုတ်ထွင်ခဲ့ပြီးသော် နာမည်ကြီးသောပုဂ္ဂိုလ်အဖြစ်သို့ ရောက်လေသည်။ အလွမ်းသယ်လေ့ရှိသော မြန်မာပညာရှိသုခမိန်ပဏ္ဍိတ်တို့သည် နတ်ရှင်နောင်အား ကဗျာပါရဂူဟူ၍ အသိအမှတ်ပြုကြရသည်။ တက်ခေတ်ကာလသား စာရေးဆရာတို့အဖို့လည်း နတ်ရှင်နောင်၏ဘုရားတိုင်ရတုတို့မှာ ပထမတန်းရည်းစားစာများဟု အသိအမှတ်ပြုကြသည်။ သို့ရာတွင် နတ်ရှင်နောင်၏ခေတ်ကား လှေခေတ်၊ လှည်းခေတ်ဖြစ်လေရာ လေယာဉ်ပျံတည်းဟူသော ကိုဒေါင်း၏ခေတ်ထဲတွင် ကိုဒေါင်း၏ကဗျာလောက် ခရီးရောက်မည်မထင်။
ကိုဒေါင်း၏ကဗျာမှာ တိုလည်းတိုသည်။ တုတ်လည်းတုတ်သည်။ လိုရင်းကိုလည်းရောက်သည်။ အဓိပ္ပါယ်လည်းနက်နဲသည်။ သိမ်မွေ့လည်း သိမ်မွေ့သည်။ ထို့ကြောင့် သူ၏ကဗျာသည် အကြိုက်ကိုတွေ့ ဘဝင်မွေ့စေသည်။
နတ်ရှင်နောင်သည် ကဗျာပုဒ်ရေပေါင်း မြောက်မြားစွာဖြင့် ဘုရားကို တိုင်တည် အောင်သွယ်စေလျှက် ရာဇဓါတုကလျာကို ပိုးပန်းရငြားသော်လည်း တစ်ပတ်နွမ်းဘဝသို့ရောက်မှ ပေါင်းဖော်ရလေသည်။ ကိုဒေါင်းသည် အောင်သွယ်မထားဘဲ အပျိုစင်နုနုထွတ်ထွတ်ကလေးနှင့် ပေါင်းဖော်ရဖူးလေသည်။
ခင်စိန်သည် ဖခင်အော်တော်ဝါး ခေါက်ဆွဲဆိုင်ပေါ်တွင် ကျားပါးစပ်ခြေကျင်းနှင့် နန်းလိမ်လက်ကောက်တံတောင်ဆစ်အပြည့်တို့ကို ဆင်မြန်းကာနေရသော်လည်း တစိမျှ မပျော်ပိုက်ချေ။ နောက်ဖေး၌ ဝက်သံများ တညံညံရှိသည်။ အိမ်အောက်မှာ ဗွက်ပေါက်နေသော ရွှံ့ပုပ်နံ့တို့ကို သည်းမခံနိုင်။ နံနက်တိုင်း ခေါက်ဆွဲဖို၌ ခေါက်ဆွဲလှိမ့်သော တဂေါက်ဂေါက်အသံမှာ နားမချမ်းမြေ့ဖွယ်ဖြစ်သည်။ ညအချိန်တွင် ဖခင်ဖြစ်သူ ဇိမ်နှင့်ရှူသော ပြောင်းသံမှာ ခင်စိန်တို့အိမ်နောက်ဖေးအိမ်သာအောက် ဂဏန်းတွင်းထဲသို့ ရေဝင်သံများကဲ့သို့ ဂလောက်ဂလောက်နှင့်မို့ တော်တော်နှင့်အိပ်မပျော်နိုင်။ ဤမျှမပျော်ပိုက်ရသည့်ကြားတွင် ဖခင်အော်တော်ဝါးသည် ကညင်ကုန်းရွာနေ ဝက်ပိုင်ရှင်အခွီးနှင့် မိမိအား ကြောင်းလမ်းတော့မည်ဟု သတင်းရနေသဖြင့် သာ၍ပင် မရွှင်လန်းစရာဖြစ်ရှာတော့သည်။
ခင်စိန်မှာ တရုတ်ကပြားမလေးဖြစ်ရကား နနွန်းတက်ကြီးကဲ့သို့ ဝါဝင်း၍ ချစ်စရာတစ်ပွေ့တစ်ပိုက်ကြီးဖြစ်သည်။ ပါးအို့ကလေးများမှာ စုန့်၍နေလေရာ ဝါးစားချင်စဖွယ်ပင်။ သို့သော် နှစ်??သောမျက်စိတို့မှာ ရယ်လိုက်လျှင် အဘယ်သို့ ရောက်သွားမှန်းမသိအောင် ပျောက်ချက်ကောင်းတတ်သည်။ ထိုအပြစ်မှတစ်ပါး ဆိုစရာ ဘာတစ်ကွက်မျှမရှိ။ ထို့ကြောင့် ရွာနေ လူပျိုကာလသားတို့မှာ ခေါက်ဆွဲစားရင်း ခင်စိန်၏အလှကျက်သရေတို့ကို စိတ်ကူးနှင့် စည်းစိမ်ခံကြလေသည်။
ထိုသရောခါ ကျွန်ုပ်၏မိတ်ဆွေဟောင်း ကိုဒေါင်းမှာ ခင်စိန်တို့အိမ်ရှေ့ဓားလွယ်ခုတ်တွင် သူ၏နှမများ၊ ယောက်ဖတော်များနှင့်အတူ နေထိုင်သည်။ ထိုအချိန်အခါကား ကိုဒေါင်းသည် ကျုံမငေး၊ ကျိုက်လတ်တို့သို့ မိချောအား ရှာပုံတော်စခန်းသွားခဲ့ပြီးနောက် မဟန်သဖြင့် ရွာပြန်ကာ မိချောစိတ်တို့ကို ခဝါဖွပ်၍နေသော အချိန်ကာလအခါသမယကြီးဖြစ်လေသည်။
မိချောအပေါ်သို့ ညွှတ်သောစိတ်တို့သည် ကိုဒေါင်း၏ဟာဒယဝတ္ထုတွင် မကွာတစ်ချက် ကွာတစ်ချက်ဖြစ်နေလေသည်။ ခင်စိန်တို့၏ခေါက်ဆွဲဖိုမှ လေဝှေ့၍တက်လာသော ဝက်ဆီဖတ်ကြော်၏အညှော်အသင်း၊ အခိုးအငွေ့တို့ကဲ့သို့ မပွင့်တစ်ချက် လွင့်တစ်ချက် ဖြစ်၍နေသည်။ တခါတရံ မိချောအား သတိတရကြီးရသည်တွင် မိမိ၏ ဝမ်းနည်းပူဆွေးခြင်းတို့ကို အော်တော်ဝါးထံမှဝယ်ယူလာသော ကစော်ရည်ထဲတွင် နှစ်လိုက်ရသည်။ အော်တော်ဝါး၏ခေါက်ဆွဲဆိုင်ပေါ်တွင် ခေါက်ဆွဲစားရင်း ကစော်ရီရီဖြစ်လာသောအခါများတွင် မိမိမျက်စိရှေ့တွင် မိချောပျောက်၍ ခင်စိန်ရောက်လာသည့်အခါ ခေါက်ဆွဲသည် စားနေကျထက် ပို၍အရသာရှိလာသည်ဟု ထင်မိသည်။
သို့ရာတွင် အော်တော်ဝါးနှင့် မိမိ၏ယောက်ဖတော်တို့မှာ ခင်မင်ကြသည်။ ခင်စိန်သည်လည်း မိမိရွာတွင် မိမိမျက်မှောက်၌ ကြီးပြင်းလာရသည်။ ထို့ကြောင့် ကိုဒေါင်းသည် ဖာသိဖာသာ မေ့မေ့ပျောက်ပျောက် နေလိုက်သည်။ သို့သော် အော်တော်ဝါး၏ခေါက်ဆွဲကိုမူကား စွဲမှန်းမသိ စွဲ၍လာလေသည်။ ကြာလတ်သော် ကိုဒေါင်းသည် မိမိစွဲသည်ကား ခေါက်ဆွဲမဟုတ်၊ ခင်စိန်ပါတကားဟု စဉ်းစားဆင်ခြင်မိလိုက်သောအခါ သက်ပြင်းကြီးစွာ ချမိသည်။
ခင်စိန်နှင့်သူ ဇာတ်မတူကြောင်းကို ကိုဒေါင်းသိသည်။ ခင်စိန်တို့အမျိုးစရိုက် ဇာတိကို အပျက်မခံသောသတ္တိထူးရှိသည်ကိုလည်း နားလည်သည်။ အော်တော်ဝါး၏ဒေါသကိုလည်း စဉ်းစားမိသည်။ ဝက်ထိုးလှံနှင့် ဝက်လှီးဓားတို့ကိုလည်း ထင်မြင်လာသည်။ မိမိ၏မည်းတူသောရုပ်အဆင်းကိုလည်း ရွံမိသည်။ ခင်စိန်နှင့်ရည်ရွယ်ထားသော အခွီးကိုလည်း ဒေါသဖြစ်မိသည်။ သို့ရာတွင် ခင်စိန်ကိုမြင်ရသောခဏ၌ ချစ်တာထက် ဘာမျှပို၍မတွေးတတ်တော့ချေ။
ခင်စိန်ကို ဘယ်တုန်းက ဘယ်နေရာ ဘယ်လိုစပြီး ချစ်မိသည်ကို မပြောတတ်။ ချစ်မိပြီဟု သိပြန်သောအခါ ဘာကိုလုပ်ရမည်မသိ။ ခင်စိန်တို့အိမ်အပေါ်ထပ်နှင့် မျက်စောင်းထိုး မိမိတို့အိမ်အပေါ်ထပ်မှနေ၍ ခင်စိန်အား တစေ့တစောင်းကြည့်ရင်း သူမသိ ငါပိုးနှင့် စိတ်ညှိုးနွမ်းနေရရှာသည်။
သို့သော် ညတိုင်းကား ခေါက်ဆွဲစားမပျက်။ ခင်စိန်တို့ဆိုင် ရောက်လျှင် တစ်ခါတစ်ရံ ခင်စိန့်ထံမှာပင် ခေါက်ဆွဲမှာစား၏။ ခင်စိန်ကား ခေါင်းကလေးငဲ့၍ ဆိုင်ရှိတရုတ်များအား အမိန့်ပေး၏။ ၄င်းမှာ ငြိုးငယ်လျှက်ပင်။ ဘာကိုတွေးနေပါလိမ့်။ အခွီးကိုတွေးနေပေမည်။ ကျေနပ်၍ရွှင်မြူးဖွယ်ကို တွေးနေလေသလား။ သူ့မျက်နှာကို ကြည့်ရသည်မှာ မကျေနပ်ပုံရသည်။ ငါလိုအကောင်မျိုးဆိုလျှင် ဘယ်လိုနေပါလိမ့်။ ဖိနပ်နှင့်ဆီး၍ရိုက်မှာပဲ။ ဤသို့ ကိုဒေါင်းစဉ်းစားခန်းထုတ်သောအခါများ၌ ကိုဒေါင်းသည် တူနှင့် နှာခေါင်းကို ထိုးမိတတ်သည်။ ထိုအခါမျိုး၌ ခင်စိန်က ရယ်သည်။ “သည်လူကြီးဟာ ဘယ့်နှယ်လူကြီးပါလိမ့်” ဟု ခင်စိန်က ဆိုတတ်သည်။
ဤကား ကိုဒေါင်းအဖို့ အတော်ခရီးရောက်သောစကားဖြစ်လေရာ ကိုဒေါင်းသည် ရဲသည်ထက် ရဲ၍လာလေ၏။ တခါတခါ လသာသောညများ၌ မိမိနေအိမ်မှနေ၍ ခင်စိန်တို့အိမ်ရှေ့ကွပ်ပျစ်ဆီသို့ သွားရင်း ခင်စိန်၏မောင်လေးမှအစပြုကာ ခင်စိန်၏အစ်မတော်များနှင့် ချစ်ကျွမ်းဝင်အောင်ပြု၏။ သို့သော် ကိုဒေါင်းအတွက် အကွက်ကောင်းမတွေ့ရချေ။
တနေ့သော် ကိုဒေါင်းခေါက်ဆွဲစားနေစဉ် ခင်စိန်ကိုမတွေ့ရသဖြင့် စိတ်လေးမိသည်။ တူနှင့် နှစ်ချက်သုံးချက်ခန့်မျှ မျက်နှာကိုထိုးမိသောကြောင့် နိမိတ်မကောင်းဟု ယူဆနေဆဲ ခင်စိန်တို့ဆိုင်ခန်းထဲမှ ပေါက်ဖော်ဝဝကြီး ထွက်လာသည်ကို တွေ့ရလေ၏။ “အခွီး”ပဲဟု သွေးကပြောလေ၏။
လောကကြီးသည် ဦးရာလူအနိုင်ရသော လောကကြီးဖြစ်သည်။ ကိုယ်မဦးလျှင် သူကဦးလေမည်။ ကိုဒေါင်းသည် အကြံရလာလေသည်။ နောက်တနေ့တွင် အိမ်ပေါ်သို့တက်၍ ယောက်ဖတော်၏ငါးပိစာရင်းစာအုပ်မှ စာရွက်တစ်ရွက်ကို ဆုတ်ပြီးလျှင် စာရေး၏။ ပြီးလတ်သော် အိမ်ပေါ်ပြတင်းပေါက်မှ ခင်စိန်အလာကို မျှော်လင့်စောင့်စားနေ၏။
ခင်စိန်သည် တုန်လှုပ်ချောက်ချားဝမ်းနည်းသော အမူအရာနှင့် ပြတင်းဝတွင် မှိုင်နေသည်။ ပုံပန်းမှာ အခွီးကို သူမေတ္တာရှိဟန်မရသေး။ ထို့ကြောင့် ကိုဒေါင်းသည် ခင်စိန်အား စာထောင်ပြလိုက်သည်။ ခင်စိန်သည် ထိုနေ့မှစ၍ အခန်းဝတွင် မထိုင်တော့ချေ။
အသို့နည်း။ လက်လွှတ်ရပြီလော။ ခင်စိန်နှင့် မတွေ့ရသည်မှာ ကြာပြီ။ အခွီးနောက်သို့ လိုက်သွားပြီဟုပင် ထင်မှတ်သည်။ သို့သော် တနေ့၌ ခင်စိန်၏မောင်ကလေးက သူ့မမ နေမကောင်းတာကြာပြီ ဟုဆိုမှ သက်သာရာရတော့သည်။ ကိုဒေါင်းလည်း ခေါက်ဆွဲနှင့် ရေစက်ပြတ်၍နေသည်မှာ ကြာပြီဖြစ်၍ နေ့ထူးနေ့မြတ်တနေ့တွင် ခေါက်ဆွဲဆိုင်သို့ရောက်သွားလေရာ ခင်စိန် ပန်းထိုးနေသည်ကို တွေ့ ရလေသတည်း။
ခေါက်ဆွဲစားပြီးသော် ကိုဒေါင်းသည် ပိုက်ဆံကို ခင်စိန်ရှိရာသို့ သွားပေးရင်း စာကလေးကို သူ၏ပေါင်ပေါ်သို့ ပစ်တင်လိုက်သည်။ ခင်စိန်သည် ဖျက်ခနဲ ကောက်ယူထားလိုက်သည်။
ရှည်ရှည်ဝေးဝေးပြောရန် မလိုတော့ပါ။ ကမ္ဘာဦးလူတို့၏ ထုံးတမ်းစဉ်လာအရ ခင်စိန်နှင့်ကိုဒေါင်းတို့မှာ ပါးစပ်ကဖွင့်မပြောရသော်လည်း ဤနေ့မှစ၍ သမီးရည်းစားဘဝသို့ ရောက်ကြရပေပြီ။
“ခင်စိန်၊ နင့်ကို တစ်ယောက်ချင်းတွေ့ချင်တယ်။ အိမ်ပေါ်မှာ နင် ဘယ်သူနဲ့အိပ်သလဲ” ဟု ကိုဒေါင်းသည် တနေ့သော် အရဲစွန့်၍ မေးလိုက်သည်။
“အို တော်ကလဲ၊ နေ့တိုင်းလိုပဲ တွေ့နေရတဲ့ဥစ္စာ၊ အိမ်ပေါ်မှာ ဘယ်သူရှိဦးမှာလဲ။ ဘာလုပ်ဖို့ တွေ့ချင်ရသလဲ”
“အို စကားဝအောင်ပြောချင်လို့ပေါ့”
“နို့ ခု စကားပြောနေရပြီမဟုတ်လား၊ ကျွန်မအိပ်တာ ပြတင်းပေါက်နားတင်ပဲ။ ကိုဒေါင်းလာလို့ တော်မလား”
“တော်တော်.. မတော်တော်၊ ဒီည ငါအချက်ပေးလိုက်ရင် တံခါးကိုဖွင့်ထား”
“အို မဟုတ်တာ၊ ရှင်မလာပါနဲ့၊ အပါက နောက်ဖေးခန်းမှာ တညလုံးအိပ်တာမဟုတ်ဘူး”
ဤမျှပြောလျှင် တော်လောက်ပါပြီ။ ခင်စိန်၏ငြင်းသံစကားထဲတွင် အဓိပ္ပါယ်တွေက တပြုံတခေါင်းကြီးပါလာသည်ကို ကိုဒေါင်း ရိပ်မိပါသေးသည်။ သူက အပြင်ခန်းကအိပ်၍ သူ့အပါက နောက်ဖေးခန်းမှာအိပ်သည်။ အဖော်လည်း မရှိပါ။ ပြတင်းပေါက်နားမှာ ကပ်၍ အိပ်တတ်ပါသည်။ ယင်းသို့ဖြစ်လျှင် အဘယ်ပုံကြံရမည်နည်း။ အို.. သည်လောက်တော့ ကိုဒေါင်းလည်း အကင်းပါးပါသေးသည်။
လ မဆန်းတဆန်းတွင် လမင်းသည် ကောင်းကင်ပေါ်၌ ချိုထောင်၍နေသည်။ လေအေးက တသုန်သုန်နှင့်မို့ ကိုဒေါင်းသည် ခေါင်းစွပ်နှင့်မာဖလာကို ဆင်မြန်း၍ မိမိအိမ်ပြတင်းပေါက်မှ ဖိနပ်ချွတ်ခေါင်းမိုးကို ခြေဖျားထောက် ဆင်းပြီးလျှင် အုန်းပင်မှီ၍ အောက်သို့ဆင်းသည်။ လမ်းကိုကျော်လိုက်လျှင် ခင်စိန်တို့ဖိနပ်ချွတ်ကို ရောက်သည်။ ပြတင်းပေါက်ကို ခဲကလေးနှင့်ပေါက်လိုက်ရာ တအောင့်ကြာသော် တံခါးမင်းတုံးဖြုတ်သံ'တောက်”ခနဲ ကြားသည်။ ကိုဒေါင်းလည်း ခါးတောင်းမြှောင်အောင်ကျိုက်၍ ဖိနပ်ချွတ်တိုင်ကို တွယ်တက်သည်။ သွပ်မိုးဖြစ်ရကား သတိထား၍နင်းရသည်။ သတိထားကာမှ သွပ်သံမှာ ဖြောင်းခနဲမြည်သွားလေရာ
“ခင်စိန်... ယား”
“ဘာလဲ. . အပါ”
“နင် မအိပ်စေးဘူးလား၊ စောက်ကယိုးလဲ ကောင်မလေး။ အာခုထိ ဘာလုပ်နေစလဲ”
“ဘာမှမလုပ်ပါဘူး၊ ကြောင်ခုန်ချလို့ပါ”
“အာ. .ဒီ စုမေရိုး ကယောင်ကို ရိုက်ခယပါလော့လား”
ဟူသော အသံဗလံများ၏အဆုံးတွင် ကိုဒေါင်းသည် ခင်စိန်၏ခုတင်ပေါ်သို့ ရောက်၍နေလေသတည်း။
ထိုအဖြစ်အပျက်တို့မှာ ဆယ့်လေးငါးရက်အတွင်း ဆက်တိုက် ဖြစ်၍ပျက်သော အခြင်းအရာများဖြစ်လေရာ ထိုမျှလောက်သော ရက်သတ္တနှစ်ပတ်မျှအတွင်း အတော်ပင်ခရီးရောက်သောစာမှာ နည်းနည်းနောနောစာ ဟုတ်မည်မထင်။ အတော်ပင် လေးနက်သော၊ ထက်မြက်သော၊ အချက်ပိုင်သော၊ မိန်းမတို့၏စိတ်ကို ထိခိုက်ပျောင်းညွှတ်စေသောစာဖြစ်မည်။ မိန်းမဟူသည် အဖွဲ့အနွဲ့ကို ကြိုက်တတ်သည်။ သို့ဖြစ်၍ သာမညရေးထားသော တောယမ်းမယ်ဖွဲ့မျိုး ဟုတ်မည်မထင်။ ဆန်းအလင်္ကာ ရသဂုဏ်တို့နှင့် ပြည့်စုံသောကဗျာဖြစ်ရမည်။ ထိုကဗျာနိဿယကဗျူပဒေသတို့မှ ကင်းဝေးသော စည်းလွတ်ဝါးလွတ်ကဗျာတို့ထက် အချက်ပိုင်သောကဗျာ ဖြစ်ရမည်။ သို့သော် ဤအကြောင်းကိုပြန်သော် ကိုဒေါင်းသည် ဘယ်နံရောအခါမှ သူ၏ရည်းစားစာ ကဗျာဗန္ဓဖွဲ့ပုံ ဖွဲ့နည်းကို ကျွန်ုပ်အား ပြောမပြခဲ့လေသောကြောင့် ကျွန်ုပ်မှာ ကိုဒေါင်း၏လျှို့ဝှက်ချက်ကို မတွေးတတ်အောင် ရှိလေသည်။ သို့ရာတွင် ပညာရှာရာ၌ မိမိကိုယ်ကိုနှိမ့်ချ၍ ပညာရှိတို့ကို ဆည်းပူးကပ်ခိုရသည်။ ဤထုံးကို နှလုံးပြုမိသော အကျွန်ုပ်သည် ကိုဒေါင်းအား ဒေါ်ဆင်၏လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ဖြင့် မြူကာ “ဆရာ” ခေါ်၍ ကပ်ရလေသည်။
“ငါ့စာက အတော်တာသွားတဲ့စာကွ”
“အို ဆရာဒေါင်းနှယ်၊ သဘာ့ကြောင့် ကျွန်တော် ဆရာ့ကို မှီဝဲတာပါ။ ဘယ်လိုများရေးလိုက်သလဲ။ ကဗျာလား၊ ရတုလား၊ ဒွေးချိုးလား၊ လေးချိုးလား”
“ဟာ ဟာ မေးမနေစမ်းပါနဲ့ကွာ။ လူများတုန်း မပြောချင်ပါဘူး”
“မဟုတ်သေးပါဘူး ဆရာဒေါင်းရယ်၊ ခင်ဗျားချည်း စွံနေလို့ မပြီးသေးပါဘူးဗျာ။ ခင်ဗျားတပည့် ကျွန်တော်လည်း စွံချင်သေးသပေါ့”
“ဟား ဟား ဟား၊ မပြောပါရစေနဲ့ဆိုတောင် မင်းက မရဘူး။ ဟိုညက ခုတင်ပေါ်ရောက်တော့ ခင်စိန့်ချွေးခံအင်္ကျီအိတ်ထဲမှာ စာကလေးခေါက်ရက် တွေ့သေးတယ်။ သူက တရိုတသေသိမ်းထားတာကလားကွ။ ဒါပေမဲ့ သူက စာမှမတတ်ဘဲ။ သည်စာကို သူ့ပြတော့ ငါ့ကိုတောင် ထုလိုက်သေးသကွ။ ငါလည်း စာကို ဆွဲ ဆုတ်...”
“အောင်မလေးလေ၊ နှမြောလိုက်ပါဘိ ကိုဒေါင်းရယ်၊ သူ မဖတ်ပေမယ့် ကျွန်တော်တို့လို ပညာလိုက်စားသူများအတွက် အမှတ်တရ စုဆောင်းထားရောပေါ့ဗျာ”
“ဟား ဟား ဟား၊ မင်းကွာ မပြောပါရစေနဲ့ဆိုတာ မရဘူး။ ငါ့စာက ခပ်တိုတိုပါပဲ။ ကြိုက်ရင်ကြိုက်၊ မကြိုက်ရင်..”
“အဲ အဲ၊ ဆိုစမ်းပါဦး။ မကြိုက်ရင် ဘာဖြစ်သတဲ့လဲ”
“ဟား.. ဟား ... ဟား၊ မကြိုက်ရင် ဟီ ဟီ”
“အင်း... မကြိုက်ရင် ရှေ့ဆက်စမ်းပါဦးဗျ”
“ဟငှာလကွာ၊ မပြောချင်ဘူး”
ကိုဒေါင်းပြောသလို မပြောချင်ပါဘူးဟူ၍လည်း ကျွန်တော် ပြန်၍ပြောလိုလှပါသည်။ လောကတွင် လူတို့သည် သစ္စာရှာဖွေကြသည်ဟူ၍ ပါးစပ်က တဖွဖွ ဆိုကုန်ကြကုန်၏။ သို့ရာတွင် မှန်ရာပြောလျှင် ကြိုက်ကောင်းမှ ကြိုက်ကြပေမည်။ အကယ်တိ လူတိုင်းလူတိုင်း သစ္စာတရားကိုသာလျှင် အခြေပြုကြမည်ဆိုလျှင် ဤလောက၌ လူကို ရှာ၍တွေ့တော့မည်မဟုတ်ချေ။ နိဗ္ဗာန်၌ လူတို့သည် ဒင်းကြမ်းပြည့်၍ နေပေမည်။ ကျွန်ုပ်သည် အကယ်တန္တိ ဖြစ်ပွားခဲ့ဖူးသောအခြင်းအရာတို့ကို ပြန်ပြောင်းပြောဆိုနေသူတစ်ဦးအဖြစ်နှင့် စဉ်းစားပါလျှင်လည်း မှန်သောအကြောင်းအရာတို့မှ လွှဲဖယ်ရန် လမ်းမမြင်။ အမှန်ကိုလိုက်စားလိုသူအဖို့ ကွယ်ဝှက်အပ်ကောင်းသည်ဟု မဆိုသာ။ ထို့ကြောင့် ကိုဒေါင်း၏ရည်းစားစာ ကဗျာသည် အဘယ်သို့သောကဗျာနည်းဟု မေးငြားအံ့။
လူတို့ဓမ္မတာ ကိလေသာစိတ်တို့သည် ကုန်ခန်းနိုင်ဖွယ်ရာမရှိ။ လူပျိုပေါက်ဘဝ ကိလေသာ၏အရိပ်အရောင်တို့ကို မျိုသိပ်ထားရာမှ ဖွင့်ချရသောအခါများ၌ ဘုရား၊ ကျောင်း၊ တန်ဆောင်းစသော အထွတ်အမြတ်ထားရာ၌လည်းကောင်း၊ အိမ်သာနံရံများ၌လည်းကောင်း၊ လူမသမာသူဟူ၍ သမုတ်ခံရသောလူငယ်လူရွယ်ကလေးတို့ မီးသွေးဖြင့် လက်သရမ်းကြသော ရုပ်လုံးများကို စာဖတ်သူတို့ တွေ့ဖူးကြပေမည်။ ထိုရုပ်လုံးများ၏တစိတ်တဒေသဖြစ်သော ကတ်ကြေးပုံတစ်ပုံသည်သာလျှင် ကိုဒေါင်း၏ခရီးရောက်သော ရည်းစားစာ ကဗျာတစ်ပုဒ် ဖြစ်ချေသည်တမုံ့။
------------------------
#မောင်ထင်
Comments
Post a Comment