မုန်း၍မဟူ၊ အခန်း(၂၁)(ဇာတ်သိမ်းပိုင်း)

ဝေသည် မှန်ရှေ့တွင် ထိုင်လျက် မှန်ရိပ်ထဲမှ သူ့ရုပ်ပုံလွှာကို တစိမ့်စိမ့် ကြည့်မိလေသည်။ အသားရောင်မှာ ဖျော့တော့ကာ ဝါလဲ့လဲ့ ဖြစ်နေ၏။ ယခင်က ပြည့်ဖောင်းနေသော ပါးမှာ ချိုင့်ခွက်ကာ သွယ်ကျ နေလေသည်။ နှုတ်ခမ်းမှာ ဖြူလွန်းသည်။

မျက်နှာမှ ကိုယ်ကို လှမ်းကြည့် လိုက်သည်။ လက်မောင်းတို့သည် ကြုံလှီ သေးကွေးကာ အသားလုံးလုံး မရှိပေ။ လက်မောင်းလုံး ကလေးကို ဆုပ်ကြည့်လိုက်ရာ လက်မနှင့် လက်ညှိုး အကွေးထဲတွင် ချောင်ချောင်ကလေး ဖြစ်နေသည်။ လက်ဖဝါးများမှာ ဖြူနေကာ အကြောစိမ်းတို့ကို မြင်ရ၏။

အခန်းထဲသို့ “ကို” ဝင်လာမည်ကို စိတ်မချသလို တံခါးဘက်ကို လှည့်ကြည့်ပြီးမှ ထဘီရင်ရှားကို ဖြုတ်ကာ၊ ကရမက်ခွက် ထဲက ကရမက်ရည်ဖြင့် ရင်ကို သပ်လူးနေသည်။ ကိုယ်တွင်းမှ ပြိုင်းပြိုင်းထလျက် ငေါနေသော နံရိုးချောင်းများနှင့် ကြမ်းကြမ်းတမ်းတမ်း ထိမိ ခိုက်မိ၍ မှန်ထဲတွင် နံရိုးပြိုင်းပြိုင်းကို ဖော်လှပ်လျက် အမှတ်တမဲ့ ကြည့်လိုက်သည်။

ငေါထွက်နေသော နံရိုးတို့ပေါ်တွင် အရေပြားကလေး သာလျှင် ဖုံးကပ်နေကာ၊ နံရိုးများ ကြားတွင် ချိုင့်ဝင် ဟောက်နက်လျက် ရှိသည်။ ဝေသည် ပုံထဲတွင် တွေ့ဖူးသော ကမ္မဌာန်းရုပ်ကောင်ကြီး၏ ကိုယ်ခန္ဓာ အရိုးစုကြီးကို ရှုနေရသလို စိတ်ဝယ် မှတ်ထင်မိကာ စိုက်၍ကြည့် နေမိ၏။

မယ်အေးမှာ ကျောနောက်၌ နေလျက် ကျောကိုလူးလိမ်း ပေးနေရာမှ မှန်ထဲက မြင်ကွင်းကို ရဲရဲ မကြည့်ရဲပေ။ မကြည့်ဘဲလည်း မနေနိုင်၍ တစ်ချက်ကြည့် လိုက်သည်။ အရိုးများ ပေါ်ကာ အချောင်းလိုက် အကြောင်းကြောင်း ထင်နေသော ရင်အုံ တစ်ခုလုံးသည် မယ်အေး မျက်စိထဲတွင် ရှုပ်ယှက်ခတ် သွားလေ၏။ ဝေ၏ ခန္ဓာကိုယ် အတွင်းကို မယ်အေး တစ်ယောက်သာ စေ့စေ့စပ်စပ် မြင်ဖူးသည်။

ဝေသည် ထဘီကို ပြင်၍ အသာ ရင်ရှားလိုက်သည်။ မယ်အေးဘက်သို့ ကိုယ်ကို လှည့်ပေးလိုက်ကာ ထဘီကို ဒူးဆစ်အထိ ဆွဲတင်လိုက်၏။ မယ်အေးသည် ခွက်ထဲမှ သနပ်ခါးနှင့် ခြေသလုံးကို ညင်သာစွာ ပွတ်လူးပေးသည်။

ကြွက်သား မရှိသော ခြေသလုံးမှာ အသားကုန်၍ အရိုးချည်း ကျန်သော ဘဲခြေထောက်ရိုး၊ ကြက်ခြေထောက်ရိုး ကဲ့သို့ အရိုးချောင်းလိုက် ကိုင်မိကာ အငွေ့ တစ်စက်မှ မရှိချေ။

မယ်အေးမှာ ရှားရှားပါးပါး အသား ရှာမရသော ခြေသလုံးကလေးကို ဆွဲသပ်လျက် လူးနေရင်း “အကြီးက နံ့သာဖြူတုံး ဈေးထဲက ဝယ်လာမယ် ပြောတယ်၊ ကျွန်မ ပြီးတော့ သွားယူမယ်နော်၊ မမ ဘာမှာဦးမလဲ” ဟု မေးကြည့်သည်။

“အစ်ကိုကြီးကို ရေဒီယို ခိုးမဖွင့်နဲ့လို့ ပြောလိုက်”

ဝေ့မှာ ကိုနေဦး ပြန်ရောက် လာသည်ကိုသာ သိရကာ မတွေ့ရချေ။ ကိုနေဦးမှာ ဗမာ့တပ်မတော်နှင့် အထက်သို့ ပါသွားကာ၊ ဒေါက်တာဘမော် အစိုးရ မဖွဲ့မီကလေးပင် ပြန်ရောက်လာသည်။ ယခင်က ဂျပန်လာလျှင် လွတ်လပ်ရေး ရမည်ဟူသော စွဲမြဲ ယုံကြည်ချက်သည် လွဲမှားသော ယုံကြည်ချက် ဟု သိမြင်လာသည်။ တိုးတက် တက်ကြွခဲ့သော နိုင်ငံရေး စိတ်ဓာတ်များမှာ ပျက်ပြားဆုတ်လျော့ သွားလေသည်။ ဂျပန်၏ ညှဉ်းပန်း ဖိနှိပ်မှုကို ကိုယ်တွေ့မျက်မြင် ကြုံခဲ့ရ၍ ဂျပန်ကို မုန်းတီးလာခဲ့၏။ “ဂျပန်ကို မောင်းထုတ်ရမည်” ဟု တပ်မတော် အတွင်း၌ ကြားခဲ့ရသော တီးတိုးသံကို အချင်းချင်း တစ်ဆင့်ပြန် လက်တို့လျက် “ဂျပန်ကို ပြန်ချမှ” ဟု တီးတိုးပြော နေလေ၏။

ကိုနေဦး ဂျပန်ကို ဆန့်ကျင်နေကြောင်း ဒေါ်သက် ပြောသွား၍ ဝေ့မှာ နိုင်ငံရေး မလုပ်ဘဲ အေးအေးနေရန် လူကြုံတိုင်း သတိပေး မှာကြား နေရ၏။

ဝေသည် လေသံကလေးနှင့် ပြောလိုက်သည်။ လေသံကလေးနှင့် ပြောရသည်ပင် မောသည်ထင်၍ သူ့အသံကိုသူ ခြိုးခြံသကဲ့သို့ လက်တို့ ခြေတို့ဖြင့် အရိပ်ပြ လိုက်သည်သာ များသည်။ “ကို့” တစ်ယောက်သာလျှင် အပင်ပန်းခံလျက် အသံထွက်ပြီး စကားပြောသည်။

“မမဖို့ ဒီညစာ ကြက် ဝယ်မရခဲ့ဘူးတဲ့၊ အဲဒါ ကိုမြက သေတ္တာထဲက အသားဘူး ဖောက်ပြုတ်ရ မလားတဲ့”

ဝေသည် ပြီးစလွယ်ပင် ခေါင်းညိတ်ပြ လိုက်သည်။ ကြက်ပြုတ်ရည်နှင့် လူလုပ်နေသော ဘဝတွင် ငြီးငွေ့လွန်လွန်း၍၊ ကြက်သံကြားလျှင် ရင်ထဲက ထိတ်လန့်တတ်သည်။ ထမင်းပွဲတွင် နှုတ်ခမ်းပေါ်သို့ ကျလာသော စွပ်ပြုတ် အရည် အစက်များကို လျှာဖြင့် မနည်းသိမ်းရသည်။

ဝေသည် မှန်ဘက်သို့ လှည့်လိုက်ကာ သွားပွတ်တံဖြင့် မျက်ခုံးကို ပွတ်ခြစ်ပြီးနောက်၊ တစ်အောင့် ရပ်နားကာ အသက်ကို မှန်မှန်ရှူလျက် အမောဖြေ နေလေသည်။ ပြီးမှ လုပ်ရိုးလုပ်စဉ် အတိုင်းပင် လက်ခုပ်ထဲမှ ကိုယ်လူး ပေါင်ဒါမှုန့်များဖြင့် ကိုယ်တွင်းသို့ လောင်းလျက် ပွတ်လူးလိုက်ရာ၊ မွှေးကြိုင်သော ရနံ့ဖြင့် အမောပြေရာ ရလေသည်။

ဝေသည် စိတ်ရှိသလောက် လူက မလိုက်နိုင်ဘဲ ဖြည်းဖြည်းသာသာ လှုပ်ရှားသည်ပင် မောလာလေသည်။ မောလာ၍ နားနားနေနေ အဝတ်လဲရသည်။

ဝေ ဝတ်သည့် အဝတ်များမှာ အအေးမိမည်ကို စိုးရိမ်ခြင်းမျိုးဖြင့် သူတစ်ပါး မြင်ကောင်းအောင် တစ်ထပ်ပြီး တစ်ထပ် ဖုံးဝတ်ထားသည်။ ဆွယ်တာနှင့် ကုတ်အင်္ကျီ ဝတ်မှ စိတ်ထဲ လုံခြုံသွား လေသည်။ ပူအိုက်သည့် ရာသီများတွင် အတွင်း၌ ပိတ်လက်ရှည် အင်္ကျီကို အထပ်ထပ် ဝတ်ကာ၊ အပေါ်က ပဒုမ္မာအင်္ကျီပွပွ ရွေးဝတ်၏။ လုံချည် ဝတ်ရာ၌လည်း အသားနှင့် ကပ်နေသည့် ပါးပါးချောချော ထဘီများကို မဝတ်တော့ပေ။

ဝေ့ခန္ဓာကိုယ်လုံး ကလေးမှာ နွေဦးတွင် ရော်ရွက်များ ကြွေကျလျက် အရိုးပြိုင်းပြိုင်း ကျဲနေသည့် နွေဦးသစ်ပင်နှင့် တူနေတော့သည်။ တစ်နေ့ထက် တစ်နေ့ ချုံးကျပိန်လှီ လာသည့် ခန္ဓာကိုယ်အား နေ့စဉ်မှန်မှန် ပြုပြင်မွမ်းမံ ခြယ်သလျက် ကြည့်ပျော်ရှုပျော် ဖြစ်နိုင်သမျှ ဖြစ်အောင် ဂရုစိုက်နေ နေရ၏။ ပိန်ချပ်ကြုံလှီ လာသည့် အဆုံးတွင် သေမှာကို သိလျက်နှင့်လည်း သူ့တွင် သံဝေဂတရား ဟူ၍ မရှိတော့ပေ။ “ကို” စိတ်ချမ်းသာအောင် ဆိုသည့် အသိသာ တစ်ခုတည်း ရှိတော့သည်။

မယ်အေးသည် ဝေ့နားတွင် တစ်ချိန်လုံး ရပ်စောင့်ကာ ကူညီ လုပ်ကိုင်ပေး နေသည်။ အင်္ကျီကို လက်လျှိုရန် အဆင်သင့် ဖြစ်အောင် လုပ်ပေးလိုက်လျှင်၊ ဝေသည် သူ့လက်ကလေးကိုသူ မသယ်နိုင်သကဲ့သို့ အားယူလျက် မြှောက်လျှိုသွင်း လိုက်ပုံမှာ အရိုးစုကြီး လေးလံစွာ ထောင်လာသကဲ့သို့ တွေ့ရ၍ မယ်အေးမှာ အသက်ရှူပင် မှားသွားလေ၏။ အဝတ်လဲနေခိုက် မောနေသည့် လက္ခဏာမှာ မသက်သာ၍ မယ်အေး ရင်ထဲတွင် ဒိတ်ဒိတ် ဒိတ်ဒိတ် ဖြစ်နေလေ၏။

ဝေသည် ဝတ်စား ဖြီးလိမ်းပြီး အမောဖြေ နေရင်း လက်က နာရီကို ကြည့်လိုက်ရာ လေးနာရီ ထိုးနေသဖြင့် ဆရာဝန် လာချိန် နီးနေပြီ။

အားတင်းလျက် နေရာမှ ထလိုက်ကာ အခန်းထဲမှ ချည့်နဲ့နဲ့နှင့် တဖြည်းဖြည်း နားနားပြီး လှမ်းထွက်လာလျက်၊ လှေကားတွင် အားမကုန်အောင် တစ်ထစ် တစ်ကြိမ်လောက် နားပြီး ဆင်းလာခဲ့သည်။

ဝေသည် အားထုတ်လျက် ပုံပန်းမပျက် ဦးစောဟန် နားသို့ လျှောက်သွားလေသည်။ ဦးစောဟန်မှာ လက်ထဲက စာအုပ်ကို ချလိုက်ကာ၊ ဆိုဖာမှ ထ၍ ဝေ့လက်ကလေးကို ဆွဲယူပြီး ဆိုဖာ ကုလားထိုင် ပေါ်သို့ ပို့လိုက်သည်။

“ဝေရေ ... ဒီညနေ အဖျားဝင်ပုံ မရဘူး။ 'ကို့' မျက်စိထဲမှာ လန်းသလိုပဲ၊ ရေပတ် တိုက်ခဲ့သလား”

ဝေ၏ အသည်းနှလုံးသည် လျင်မြန်စွာ ခုန်နေသဖြင့် စကားမဖြေနိုင်။ အပြုံးဖြင့် ခေါင်းညိတ်ရသည်။

ဦးစောဟန်သည် ဝေ၏ လှပသော ကြက်သွေးရောင်ခံ ပွင့်ရိုက် အနွယ်အခက် ဖြူဖြူကလေးတွေကို ကြည့်လျက် “ဝေ့လုံချည်ကလေးက ဝေနဲ့ သိပ်လိုက်တာပဲကွယ့်” ဟု ပြောလိုက်သည်။ ပြောနေကျ ပြောရိုးထုံးစံ အတိုင်းပင် ဝေ့ကိုယ်မှ အဝတ်အစားများကို ရှာကြံပြီး ချီးမွမ်းနေသည်။ ဝေ့ကို သေသေချာချာ ကြည့်လေသည်။ သူ့အကြည့်မှာ ဝေ့အလှကို ကြည့်သော အကြည့်မျိုး လုပ်၍ ကြည့်နေလျက်၊ သူ့မျက်လုံးများမှာ ဝေ့၏ ရုပ်မပေါ်သော ပုံပန်းကို ဖယ်ရှားထားပြီးသား ဖြစ်သည်။

“ဒီနေ့ ဘယ့်နှယ် နေသလဲ ဝေရယ်”

ဝေသည် တတ်နိုင်သလောက် အားထုတ် ပြောရသော အသံဖြင့် “ပေါ့ပါတယ် ကို” ဟု ဆိုလေသည်။

ဦးစောဟန်သည် ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။ သေချာစွာ ကြည့်လိုက်သော အခါ သူ့မျက်လုံးများမှာ ငေး၍နေကာ၊ ပူဆွေးနေသည့် အစအနများသည် မျက်ရည်ထဲတွင် ပေါ်နေပေသည်။

စကားစ ရှာရင်း ဝေသည် နှုတ်ခမ်းကို လျှာနှင့်လျက်ကာ “ကို ရေချိုးလေ” ဟု လှမ်းပြောလိုက်သည်။

ဦးစောဟန်သည် မျက်မှောင်ကုတ်ကာ နာရီကို ငုံ့ကြည့်လျက် ထိုင်ရာမှအထ၊ ပန်ချာပီ ဆရာဝန်ကြီး၏ ဖြူဖွေးသော ဦးပေါင်းထုပ်မှာ လိုက်ကာတွင်းသို့ ရောက်လာလေ၏။

ဆရာဝန် အထဲရောက် လာလျှင် “ဒီနေ့ ဘာထူးသလဲ ဒေါက်တာ” ဟု ဆီး၍ နှုတ်ဆက်ပြီး မေးလိုက်၏။

“အို ... ရှိတယ်၊ ရန်ကုန်မှာ အစိုးရအဖွဲ့ ဖွဲ့လိုက်ပြီ” ဟု သူ ကြားသိရသော သတင်းများကို အင်္ဂလိပ်လိုရော မြန်မာလိုရော ပြောပြလေသည်။

ဦးစောဟန်မှာ အစိုးရအဖွဲ့ ဖွဲ့ပြီးပြီဆိုသောသတင်းဖြင့် ရင်ထဲ သက်သာရာရ သွားသည်။ သခင်များ၏ အုပ်ချုပ်ရေးအဖွဲ့မှ ကမောက်ကမ ဥပဒေများမှာ ပရမ်းပတာ နိုင်လွန်း၍ နှလုံး မချမ်းသာအောင် ဖြစ်နေလေရာ မကြိုက်မနှစ်သက် သော်လည်း မဝေဖန်ရဲပေ။

ဆရာဝန်သည် ဝေ့အနားသို့ လာကာ လက်ကလေးကို လာကိုင်လျက် သွေးစမ်းကြည့် နေရင်း “မောတာ သက်သာသလား” ဟု မေးကြည့်သည်။

ဝေက ပြုံးကာ ခေါင်းကို ညိတ်နေသည်။ “ကောင်းပါတယ်” ဟု ဆိုလျက် လက်ကလေးကို လွှတ်ချလိုက်မှ ဦးစောဟန်သည် ဆရာဝန်ထံ ခွင့်တောင်းကာ ရေသွားချိုး လေသည်။

ဝေသည် ထမင်းစားခန်း ထဲသို့ ဆရာဝန်နှင့်အတူ ဝင်လာခဲ့ကြသည်။ မောင်မြမှာ ရေနွေး၊ ရေအေးများ အဆင်သင့် ဖြစ်အောင် ပြင်ဆင်လျက် အလုပ်များ နေလေသည်။ “လက်မောင်းလား၊ တင်ပါးလား ဒေါက်တာ” ဟု ဝေက မေးလိုက်ရာ၊ ဆရာဝန်သည် လက်ဝါးကို ဖြန့်ကာ ခေါင်းနှင့်အတူ လှုပ်ရင်း “တင်ပါး ထိုးမယ်” ဟု ပြော၍၊ ဝေမှာ ထမင်းစားခန်းထဲတွင် ရွှေ့ထားသော ညောင်စောင်း ခုတင်လေး ပေါ်တွင် ထိုင်ချလိုက်သည်။

“မယ်အေးကို အစ်မ ခိုင်းလိုက်သလား၊ ဟိုဘက် ကူးသွားတယ် ထင်တယ်”

မောင်မြမှာ တင်ပါး ဆေးထိုးခါနီး မယ်အေး အနားတွင် ရှိရမည်ဖြစ်၍ ဝေ့ကို မေးနေသည်။ ဝေက ခေါင်းညိတ်လျက် “ကိစ္စမရှိဘူး” ဟု မောသံဖြင့် စကားပြန်သည်။

မောင်မြသည် ပြင်ဆင်ပေးပြီး ရှောင်ထွက်သွား လေသည်။ ဝေသည် ညောင်စောင်းပေါ်၌ အသာကလေး လဲလျောင်းလိုက်ကာ၊ ဆရာဝန့်လက်မှ အပ်ချောင်းကို လှမ်းစိုက်ကြည့် နေလေသည်။ ဆေးထိုးခါနီးတိုင်း ဝေ့ရင်မှာ ခုန်နေကျ။ အကြောအခြင်များလည်း ဖျင်းတင်းတင်း၊ ကျင်တင်တင် ဖြစ်လာသည်။

ဆရာဝန်သည် တဟဲဟဲ ရယ်လျက် စကားရော ဖောရောဖြင့် ဝေ့နားသို့ လျှောက်လာသည်။ ဝေသည် ကိုယ်ကို စောင်းပေးလိုက်ကာ မျက်စိကို စုံမှိတ် လိုက်လေ၏။

သည်တစ်ကြိမ် အနာဆုံးပဲဟု ဝေ့စိတ်ထဲတွင် ထင်မှတ်လိုက်သည်။ အားကို တင်းခံသော်လည်း၊ ခြေထောက်တွေ တဆတ်ဆတ် တုန်နေကာ ပါးစပ်မှာ ရွဲ့သွားလေ၏။

ဝေသည် အသက် အတန်ကြာ မရှူဘဲ အပ်ဖြုတ်လိုက်မှ ပါးစပ်ရွဲ့ရွဲ့ပင် ရှိုက်၍ ပြန်ရှူ လိုက်လေသည်။ မောဟိုက် ပန်းရှိုက်စွာဖြင့် နောက်ဆုံး အကြိမ်ပဲ ဖြစ်ပါစေတော့ဟု စိတ်ထဲတွင် ကျိတ်ဆုတောင်း လိုက်မိသည်။ ဆရာဝန်မှာ ဆေးထိုးပေးပြီး တင်ပါးကို လက်ဝါးနှင့် ဖိ၍ နယ်ပေးလိုက်ရာ၊ ဝေ့မှာ အရိုးကွဲမတတ် နာသွားပြန် လေသည်။ ဝေသည် တင်ပါး အောင့်အောင့်ဖြင့် ညောင်စောင်း၌ပင် လှဲခွေ၍ နေသည်။ ဦးစောဟန်မှာ ရေချိုးပြီး ဆင်းလာကာ ဝေ့ကို ငုံ့ကြည့်လျက် “နာသေးသလား” ဟု မေးသည်။

ဝေသည် ငိုမလို ရယ်မလို မျက်နှာဖြင့် ခေါင်းကို ခါပြနေလေရာ ဦးစောဟန်က ပြုံးလျက် “ခဏပါ ဝေရယ်၊ လာလေ အပြင်ကို” ဟု ဆိုကာ ဝေ့ပခုံးကို ဖေးမ ဆွဲထူပေး လိုက်သည်။ ဝေသည် ”ကို့” ကို ဖက်ပြီး ရင်ခွင်ထဲတွင် ခေတ္တခဏလောက် နေလိုက်ချင်သော စိတ်မှာ ဘယ်လို ထိန်းရမည် မသိအောင်ပင် ပေါ်ပေါက်လာသည်။ သို့ရာတွင် ဝေသည် တံတွေးကို မျိုချလိုက်ကာ လူချင်း မနီးကပ်အောင် ထ၍ရပ် လိုက်လေသည်။ “ကို့” ရင်ခွင်နှင့် ဝေးသည်မှာ ကြာပါပြီကော။

သညာကင်းမဲ့သော သူကဲ့သို့ ချည့်နဲ့သော ခြေလှမ်းများဖြင့် “ကို့” နောက်မှ လျှောက်လိုက်လာသည်။ ဆိုဖာတွင် လှဲမှီ၍ ထိုင်ကာ နွမ်းနယ်သော စိတ်မှာ ကြေကွဲ ဝမ်းနည်းခြင်းဖြင့် မျက်ရည်တို့သည် မျက်လုံးအိမ်တွင် ဥလာ၍ လက်ကိုင်ပဝါနှင့် မျက်လုံးကို ပွတ်နေလေသည်။

ဦးစောဟန်သည် ဆရာဝန်နားတွင် ထိုင်မည် ပြုပြီးမှ “ဝေ့မျက်လုံး ဘာဖြစ်သလဲ” ဟု ပြောကာ ထလာပြန်သည်။

ဝေသည် မျက်လုံးကို ပွတ်မြဲပွတ်လျက် “မျက်လုံး ယားလို့ပါ” ဟု ဆိုသောအသံမှာ တစ်ဆို့ကာ လှိုက်လှဲနေ၏။

“သိပ်မပွတ်နဲ့လေ” ဟု ဆို၍ ဝေက လက်ကိုင်ပဝါကို ရုပ်လိုက်လျှင်၊ ဆရာဝန်လည်း ဝေ့နား ရောက်လာကာ မျက်စဉ်းရည်ကလေး ခတ်လိုက်ရန် ပြော၍၊ ဦးစောဟန်က “မယ်အေး” ဟု လှမ်းခေါ်လိုက်သည်။

မယ်အေးမှာ တော်တော်နှင့် ထွက်မလာ။ မောင်မြသည် မီးဖိုထဲမှ ပြေးထွက်လာပြီး “မယ်အေး မရှိပါဘူး။ ဘာလိုချင်ပါသလဲ” ဟု လာမေးသည်။

“ဘယ်သွားပြန်သတုံး၊ ဒီကောင်မလေးဟာ ဟိုဘက်အိမ် သွားပြန်ပြီ ထင်တယ်၊ ဝေ ဘာခိုင်းလိုက်သလဲ”

“နံ့သာဖြူတုံး သွားယူတယ်” ဟု ဝေက ပြောပြီး သွားတာ ကြာလိုက်တာဟု စိတ်ထဲက အပြစ်တင် နေလေသည်။

ဦးစောဟန်သည် ကိုယ်တိုင် အိမ်ပေါ်သို့ ပြေးတက် ယူပေးကာ၊ ဆရာဝန်က ဝေ့မျက်စိထဲသို့ အစက်ချပေး လိုက်သည်။

နေရောင်မှာ ပို၍ ရဲလာကာ ပြတင်းမှ ခန်းဆီး အစိမ်းပုပ်များလည်း လူးလွန့်နေ၏။ လေက ခပ်ပြင်းပြင်း တွန်းလိုက်သည့် အခါ တဖျပ်ဖျပ် ခတ်နေလေသည်။

ဝေသည် အရက်သောက် နေကြသော ဆရာဝန်နှင့် ဦးစောဟန်တို့ကို ကျော်လျက် ပြတင်းကို ငေးကြည့် နေလေသည်။ တစ်ဖက်အိမ်ကြီး၏ ဝေနေခဲ့သော အခန်း ပြတင်းပေါက်ကို မြင်ရလေသည်။ ပြတင်းပေါက်မှာ ၁၂ ရာသီ ပိတ်ဆို့လျက် ယနေ့မှ ထူးထူးခြားခြား တစ်ခြမ်းပွင့် နေသည်။ ကာလ အတန်ကြာ ဖြေဖျောက် နေခဲ့သော အတိတ်တို့သည် ဟိုနေရာက ဖျတ်ခနဲ၊ သည်နေရာက ဖျတ်ခနဲ အလျှိုအလျှို လှုပ်ရှားပေါ်ထင် သွားကာ ကွယ်လိုက် ပျောက်လိုက်၊ ပေါ်လိုက် မြင်လိုက် ဖြစ်နေလေ၏။

အထူးသဖြင့် ဖခင်၏ မျက်နှာကို မြင်မိရာ အသက်ရှင်စဉ်က မျက်နှာကို မမြင်မိဘဲ၊ သေစဉ်က ပဝါလှပ် ကြည့်ခဲ့သော မျက်နှာကို သွားမြင်မိသည်။ ချုပ်ငြိမ်းသွားသော ဘဝ ...။

သည်ပုံမှာ အာရုံထဲက တော်တော်နှင့် မထွက်ဘဲ ဖြစ်နေစဉ်၊ လိုက်ကာနောက်၌ ခြေသံ ကြားရမှ ဖျတ်ခနဲ ပျောက်ကွယ် သွားတော့ကာ နေရာမှ ထလိုက်သည်။

“ဝေ ဘယ်လဲ”

ဦးစောဟန်သည် ဆရာဝန်နှင့် စကားပြော ဖြတ်လျက် လှည့်မေးသည်။

“ရေချိုးခန်းကို”

ဝေ အခန်းတွင်းသို့ ဝင်လျှင် ထိတ်လန့်စွာဖြင့် မယ်အေး မျက်နှာကို ကြည့်လိုက်မိသည်။ မျက်နှာကြီး တစ်ခုလုံး ရဲလျက်။ မျက်လုံးမှာ အစ်နေသလိုလို၊ မျက်စိပျက် မျက်နှာပျက်ပြီး နေကာ ဝေ့ကိုမြင်မှ ပြင်လိုက်သော မျက်နှာကြောင့် သာ၍ပင် ထိတ်လန့်သွားကာ ခြေလှမ်းကို ဆိုင်းလိုက်သည်။ ဖုံးကွယ်မှုများကို လုပ်ရဖန်များသော ဝေ့မှာ သူတစ်ထူး၏ ဖုံးကွယ်ခြင်းကို လျင်ပြီး မြင်ပြီး ဖြစ်နေလေ၏။

မယ်အေး၏ ငိုလာသော မျက်နှာကြီးမှာ သိသာထင်ရှား လွန်း၍ မယ်အေး အနားသို့ နှလုံးတုန်တုန်ဖြင့် ဆက်လျှောက်သွားကာ မယ်အေးကို စေ့စေ့ကြည့်လျက် “ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။

မယ်အေးမှာ ဝေ့ကို မျက်တောင်မခတ် မျက်လုံးကြီး ပြူးလျက် ပြောရန် ထစ်အနေ၏။

“ပြောစမ်း”

ဝေ့လေသံမှာ တုန်ယင်နေလေရာ မယ်အေးမှာ ပြောသင့် မပြောသင့် ချိန်နေရာက သိစေချင်သည့် စိတ်က ပိုများလာကာ၊ မအောင့်နိုင်လွန်း၍ ဝေ့နားသို့ တိုးတိုးကပ်ပြော လိုက်သည်။

“အစ်ကိုကြီးကိုလေ ဂျပန်တွေ လာဖမ်းသွားတယ်၊ ကမ်းနားမှာ မော်တော်တော့ မထွက်သေးဘူး၊ မမသန်းတို့ လိုက်ပို့တယ်”

ဝေသည် မယ်အေးပခုံးကို လှမ်းကိုင်လိုက်ကာ အံကိုကြိတ်လျက် တုန်နေလေသည်။ မျက်လုံးမှ စီးကျတော့မည့် မျက်ရည်တွေကို အစွမ်းကုန် ကြိုးစားပြီး ထိန်းလိုက်သည်။ လေမုန်တိုင်း တိုက်သောအခါ လှိုင်းလုံးကြီးသည် ကမ်းပါးကို ပြင်းထန်စွာ ရိုက်ခတ်နေသကဲ့သို့ အသည်းနှလုံးတို့သည် ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်လျက် ရှိနေ၏။

နတ်ဝင်သည်လို တုန်နေသော ကိုယ်ဖြင့် အိမ်ရှေ့သို့ လှမ်းထွက်လာကာ၊ ဦးစောဟန်တို့အနား ရောက်လျှင် လဲကျတော့မလောက် ဖြစ်လာ၍ လဲမကျအောင် ထိန်းလိုက်ရသည်။

ဦးစောဟန်မှာ ဝေ၏ ချောက်ချားလာသော အမူအရာကို အံ့အားသင့်စွာဖြင့် “ဝေ ... ဘာဖြစ်သလဲ” ဟု ကမန်းကတန်း မေးလိုက်သည်။

“အစ်ကိုကြီးကို ဂျပန်တွေ ခေါ်သွားတယ်၊ ကမ်းနားမှာ”

ဝေသည် မောဟိုက်သံဖြင့် တုန်တခိုက်ခိုက် ပြောလိုက်ရာ၊ ဦးစောဟန်မှာ “ဟိုက်” ဟု တစ်ချက်သာ အော်နိုင်လျက် မျက်လုံးပြူး နေလေ၏။

ဆရာဝန်မှာ “အို” ဟု ဆိုကာ မတ်တပ်ထရပ် လိုက်သည်။

“ကို၊ ဝေ့ကို ခွင့်ပေးပါ၊ ဝေ သွားတွေ့ပါရစေ၊ ဝေ့ကို ခွင့်ပေးပါ၊ ဝေ တွေ့ပါရစေ”

ဝေသည် မျက်စိမှိတ်ပြီး အတင်း မရမက ပြောနေလေ၏။ ဦးစောဟန်မှာ မျက်လုံးကြီး ဝိုင်းလျက် ရင်ထဲတွင် တလှပ်လှပ် ဖြစ်နေကာ “မဟုတ်တာ ဝေရယ် ... ဝေသွားလို့ ဘယ်ဖြစ်မလဲ၊ ဂျပန်တွေဆီ သွားလို့ ဘယ်ဖြစ်မလဲ၊ တော်တော်ကြာ တသီတတန်းကြီး လိုက်နေဦးမယ်။ ပြီးတော့ ကမ်းနားက အဝေးကြီးရယ်၊ ဝေ သွားလို့ ဘယ်ဖြစ်မလဲ”

ဦးစောဟန်သည် အသက်မရှူဘဲ ကမူးရှူးထိုး ပြောနေရာ ဝေ့မှာ ရင်ထဲ၌ အောင့်နာလှစွာဖြင့် ဦးစောဟန်၏ လက်ကို ခွန်အားရှိသရွေ့ ညှစ်ထုတ် ဆုပ်ထားလေပြီး၊ မျက်ရည် အသွယ်သွယ် ကျလျက် တိုးလျှိုး တောင်းပန်သော မျက်နှာလေးဖြင့် ငိုသံပါပါ ထပ်မနား တောင်းပန် ပြောနေလေသည်။

“ကိုရယ်၊ နောက်ဆုံး ခွင့်ပြုလိုက်ပါ၊ တွေ့ရုံလေးပါ၊ နှုတ်ဆက်ရုံလေးပါ။ ဝေ သွားရမှ ကျေနပ်မယ်၊ ဝေ သွားရင်း လမ်းမှာပဲ သေချင် သေပါစေတော့၊ သွားပါရစေ ကို ... သွားပါရစေ၊ နောက်ဆုံးပါ”

ဝေ့မှာ အစ်ကိုကြီးနဲ့ တွေ့ရခြင်းသည် နောက်ဆုံးပါပဲဟု သိလိုက်၏။ ထိုနောက်ဆုံးမှာ သူ့ကို အစ်ကိုကြီးကို တွေ့သွားရသည့် နောက်ဆုံးလောဟု သို့မဟုတ် သူက အစ်ကိုကြီးကို တွေ့လိုက်ရသော နောက်ဆုံးလောဟု ခွဲခြားမည် ဆိုသော် သူရော၊ အစ်ကိုကြီးရော နောက်ဆုံးချည်းပဲ ဟူသော အသိမျိုးဖြင့် ဇွတ်တိုး တောင်းပန်နေခြင်း ဖြစ်လေ၏။

ဦးစောဟန်မှာ ခေါင်းကို ယမ်းနေကာ “အို မဟုတ်တာ၊ မဟုတ်တာ” ဟု ဒါပဲ ပြောနိုင်၏။

ဝေ့ပခုံးလေးကို ဆရာဝန်က ကိုင်ကာ “မသွားပါနဲ့၊ သွားဖို့ မကောင်းဘူး၊ သူ့ကို စစ်ဆေးပြီး ပြန်ပို့မှာပေါ့” ဟု မသွားရန် ဖျောင်းဖျ ပြောနေသည်။

ဝေ့မှာ စိတ်ရှိသရွေ့ အားကိုတင်းကာ နောက်ဆုံး အနေဖြင့် ဦးစောဟန်၏ မျက်နှာကို စိန်းစိန်းကြီး ကြည့်လျက်၊ သူပြောချင်သည့် စကားကို ပါးစပ်က ထွက်အောင် ကြိုးစား အားထုတ်ပြီး ပြောလိုက်သည်။

“ဝေ့ကို မသနားဘူးနော်၊ မချစ်ဘူးနော်”

ပါးပေါ်တွင် မျက်ရည်ပေါက်ကြီးများဖြင့် လှိုက်လှိုက်လှဲလှဲ ပြောလိုက်သော၊ နာကြည်း ကြေကွဲလှသော အသံမှာ ဦးစောဟန်၏ နားထဲတွင် တူးတူးခါးခါး ဖြစ်သွားလေသည်။ ဦးစောဟန်မှာ မျက်စိမျက်နှာ ပျက်သွားလျက် နှုတ်ခမ်းကို ကိုက်ကာ၊ ပြန်မပြော နိုင်လောက်အောင် ရင်ထဲ ဆို့သွားလေ၏။

ဝေသည် ချာခနဲ လှည့်၍ ကြီးမားသော ဆန္ဒဖြင့် ဇွတ်တိုး၍ သွားတော့မည့်ဟန် ပြုရာ၊ ဆရာဝန်နှင့် ဦးစောဟန်ပါ ဝေ့ကို ဝိုင်းဆွဲကြလျက် ဆိုဖာပေါ်သို့ ပို့လိုက်သည်။

အစ်ကိုကြီးနှင့် မတွေ့ရတော့ပြီ ဖြစ်၍ ရင်ထဲတွင် နာဟာသွားလျက် “အစ်ကိုကြီးရေ” ဟု တတ်နိုင်သမျှ ကြုံးအော် လိုက်မိပြီးနောက် ပျော့ကျသွား လေသည်။

ဝေသည် သုံးရက်လုံးလုံး အိပ်ရာပေါ်မှ မထဘဲ လဲနေသည်။ အိပ်ရာထဲဝယ် ငြိမ်သက်စွာ ရှိလှသည်။ လူ အနားလာလျှင် မျက်လုံးကလေး ဖွင့်ကြည့်လျက်၊ လူကွယ်သွားလျှင် ပြန်မှိတ်လိုက်သည်။ သူ့ကို စကားပြောလျှင် ခေါင်းညိတ်သည်၊ ခေါင်းခါသည်။ သည့်အပြင် ပို၍ လှုပ်ရှားခြင်း မပြုတော့ချေ။ ဦးစောဟန်မှာ ဝေ့နားက မခွါ၊ စကားလည်း မပြော။ ဝေ့ကို တွေတွေငိုင်ငိုင်ကြီး ကြည့်နေလေသည်။

သုံးရက်မြောက်၍ နောက်တစ်နေ့ မနက် ဝေလီဝေလင်းတွင် ဝေသည် အိပ်ရာထဲတွင် လှုပ်ရှား နေလေ၏။ ထနိုင်အောင် ကြိုးစားပြီး ထနေလေသည်။ ထနိုင်အောင် ထူထလျက် မွေ့ရာပေါ်တွင် မြဲမြဲထိုင်မိတော့မှ အမောဖြေနေကာ၊ တစ်ဖန် ခုတင်ပေါ်မှ ဆင်းရန် ကြိုးစားပြန်သည်။

ခုတင်နှင့် မနီးမဝေးတွင် မယ်အေးမှာ ပိုးလိုးပက်လက် အိပ်ပျော်နေသည်။

ဝေသည် မှန်တင်ခုံ ရှိရာသို့ သွားချင်နေသည်။ မှန်ခုံအံဆွဲထဲတွင် သူဝှက်ထားသော 'ဒိုင်ယာရီ' စာအုပ်ကလေးကို သွားယူချင်သည်။ ဒိုင်ယာရီ စာအုပ်ကလေး ထဲတွင် လက်ထပ်ပြီးနောက် ရေးမှတ်ထားမိသော စာရွက်များကို ဆုတ်ပစ်ချင်သည်။

သူ၏ အိမ်ထောင်သည် ဘဝ၌ နှလုံးသား၏ ဒဏ်ရာများကို ဤဒိုင်ယာရီကလေး ထဲ၌ လာထင်ခဲ့သည်ချည်း ဖြစ်သည်။ မျိုသိပ်ခဲ့သမျှ၊ ဆုံးရှုံးခဲ့သမျှ၊ ဆုတ်နစ်ခဲ့သမျှတို့၏ ဝေဒနာကို စာလုံးကလေးများဖြင့်သာ ဖော်ပြ အန်ထုတ် ထားခဲ့နိုင်သည်။ ဤစာအုပ် ကလေးသည် မျက်ရည်၏ မြေအောက် ပင်လယ်နက်ထဲ၌ သိုဝှက်ခဲ့ရာ ဖြစ်သည်။

စိတ်အဆင်းရဲဆုံးနေ့ ...။
ဖေဖေ့ မျက်နှာကလေး မြင်ချင်လိုက်တာ ...။
ရင်သွေးလောင်းလေးရယ် ဝဋ်ကျွတ်သွားပြီ ...။
ဪ ... ငါ့ဘဝ။
အချစ်သည် နာကျင်လှပါတကား ...။
မမထားနှင့် ပူးကပ်ပြီး အိပ်လိုက်ရသည်။

... စသည်တို့ကား မှတ်စဉ်အချို့ ဖြစ်၏။ သည်စာအုပ်မှာ သူ၏ အလျှို့ဝှက်ဆုံး ပစ္စည်း ဖြစ်၏။

အလင်းရောင်သည် မှုန်မွှားမွှားဖြင့် ဝိုးတဝါး ဝင်နေကာ မှန်တင်ခုံပေါ်မှ မီးတိုင်ကလေးကို ရေးရေးမှေးမှေး မြင်ရသည်။ ဝေသည် မယ်အေးကို နှိုး၍ ယူခိုင်းရမလား၊ သို့မဟုတ် သူကိုယ်တိုင် ယူရန် မှန်တင်ခုံနားသို့ သွားနိုင်မည် မသွားနိုင်မည် ချိန်ဆလျက် လှမ်းကြည့်နေသည်။ မယ်အေးကို သွားနှိုးရမည့် ခရီးက နီးလျက်၊ မှန်တင်ခုံမှာ အခန်းထောင့်တွင် ရှိကာ ခရီးလှမ်းနေ၍ မယ်အေးကို နှိုးရန် ကြံစည်လိုက်သည်။

ဝေသည် ခုတင်အောက်သို့ ဆင်းလိုက်ရာ မူးဝေ၍ သွားသဖြင့် ခုတင်တိုင်ကို မြဲမြဲ လှမ်းကိုင်ရသည်။ အတန်ကြာအောင်ပင် မောဟိုက်နေ၏။ ခေါင်းထဲ၌ ပွက်ပွက်ဆူ နေသလိုလို၊ လည်ချောင်းထဲ၌ တစ်နေသလို၊ ရင်ထဲ၌လည်း လှိုက်လှိုက်လာကာ နွမ်းနယ် ပန်းလျလှသော်လည်း စိတ်ထဲ၌ အားအင် ရှိသေး၏။

ထိုစိတ်ထဲက အားအင်ဖြင့် ဝေသည် မယ်အေးနားသို့ တရွေ့ရွေ့ သွားနေသည်။ မယ်အေးနားသို့ မရောက်မီ မယ်အေးသည် ဆတ်ခနဲ မျက်လုံးဖွင့် လိုက်ကာ လူးလဲလျက် ကျုံးထလိုက်သည်။ မယ်အေးကို ဝေက လှမ်းဖက်လိုက်သည်။ မယ်အေးကလည်း ဝေ့ကို ပြန်ဖက်လိုက်ရာ အရှိန်ဖြင့် ဝေရော မယ်အေးရော နှစ်ယောက်စလုံး ကြမ်းပေါ်သို့ ပုံလဲ သွားကြသည်။ မယ်အေးမှာ ကပျာကယာ လူးလဲထနေကာ ဝေ့မှာ သတိလစ် နေလေ၏။

ဝုန်းခနဲ အသံကြီး ကြား၍ အိပ်ရာမှ ပြေးထလာသော ဦးစောဟန်မှာ ဝေ့ကို မြင်မြင်ချင်း မျက်လုံးများ ပြာသွားလေသည်။

ဦးစောဟန်သည် တုန်ယင်စွာဖြင့် ဝေ့ကို ကုန်း၍ ထိတ်ထိတ်လန့်လန့် ကြည့်နေလျက်၊ မယ်အေးက ကုန်းပွေ့လိုက်မှ ဝိုင်းပွေ့ရန် သတိရလေသည်။

မယ်အေးသည် ပိုက်ပွေ့ထားရင်း “ထလာပြီး မူးလဲသွားတယ် အစ်ကိုရယ်” ဟု အက်ကွဲ တုန်ရီသော အသံဖြင့် ပြောကာ ဝေ့ကို ခုတင်ပေါ်သို့ ချလိုက်သည်။

ဦးစောဟန်သည် ဝေ့လက်ကလေးကို ကိုင်လျက် “ဝေဝေ ...” ဟု ခေါ်နေစဉ်၊ မယ်အေးမှာ အောက်သို့ ပြေးဆင်းလျက် မောင်မြကို ဆရာဝန် ခေါ်ခိုင်းလိုက်သည်။

ဦးစောဟန်မှာ အသက်မှ ရှိသေးရဲ့လားဟု စိုးရိမ်ကြီးစွာဖြင့် လက်စမ်းလိုက်၊ ခြေစမ်းလိုက်ဖြင့် ဘာလုပ်ရမှန်း မသိအောင် မွှန်နေလျက် ကတုန်ကယင်နှင့် ချောက်ချားနေသည်။

ဆရာဝန် ရောက်လာ၍ ဆရာဝန်၏ စိုးရိမ်ပူပန် နေသော မျက်လုံးကြီးကို ကြည့်ရင်း ခေါင်းထဲ သွေးရောက်လာကာ “ဝေရေ ... ဝေ” ဟု တဝေဝေ တ ခေါ်နေသော အသံကို လှိုက်လှဲစွာ ကြားကြရသည်။

ဆရာဝန်မှာ ဝေ၏ ရင်ညွန့်ကို နားကြပ်ဖြင့် ထောက်လျက် နှလုံးခုန်သံကို နားထောင်ကြည့်သည်။ ဖျော့တော့ အားနည်းစွာဖြင့် ခုန်နေသော နှလုံးကို ဂရုစိုက် နားထောင်နေ၏။

“မူးသွားတာပဲ၊ ဘယ်လို လဲတာလဲ”

ဆရာဝန်က မယ်အေးကို လှမ်းမေးလျှင် မယ်အေးမှာ ဘယ်လို ဖြေရမှန်း မသိအောင် တဆတ်ဆတ် တုန်နေလျက် “ကျွန်မကို လှမ်းဖက် လိုက်တာပဲ” ဟု သည်မျှသာ ပြောနိုင်တော့သည်။

တစ်နာရီလောက် ကြာမှ ဝေ့မျက်လုံးကလေး ပွင့်လာကာ ဟိုဟို သည်သည် ကြည့်၏။ ကြီးတော်သက်ကို ခပ်မှုန်မှုန် မြင်မိသည်။ ကြီးတော်သက်မှာ ရင်ထဲက အပူလုံးကြီးကို ဖုံးဖိလျက် မချိပြုံး ပြုံးလိုက်လေသည်။

“ဝေဝေ ... သက်သာရဲ့လား”

ဝေသည် 'ကို့' ကို လှမ်းကြည့်လေသည်။ 'ကို့' ကို ကောင်းကောင်း မမြင်ရသော်လည်း သတိကောင်းကောင်း ရနေသည်။ ဆရာဝန်က “မရနိုင်တော့ဘူး” ဟု နောက်ဆုံးစကား ပြောထား၍ ဦးစောဟန်မှာ ကြေကွဲစွာဖြင့် ဝေ့ဘေးတွင် တွေတွေကြီး ကြည့်နေလေ၏။

ဝေ့ဘဝသည် သစ်ပင်တွင် တစ်ရွက်တည်း မကြွေဘဲ ကျန်ရစ်ခဲ့သည့် နောက်ဆုံး ရွက်ဝါလေးနှင့်သာ တူတော့သည်။ ထိုရွက်ဝါလေးသည် ကြွေလုကြွေခင် ဖြစ်နေလေပြီ။

ဦးစောဟန်သည် “ဝေ” ဟု ခေါ်လိုက်သည်။ ဝေသည် ကြားပုံမရ။ ဝေ့မျက်လုံးသည် တစ်ဦးတစ်ယောက်ကို ရှာသလို၊ တစ်ဦးပြီး တစ်ဦး လိုက်ကြည့် နေလေသည်။ မယ်အေး၏ မျက်နှာမှာ မျက်လုံးထဲတွင် ကောင်းစွာ မပီသသော်လည်း မယ်အေးမှန်းတော့ သိသည်။ ဝေသည် မယ်အေးအား တစ်သမတ်တည်း စိုက်ကြည့်လျက် နေ၏။ မှုန်ငေးစွာ ကြည့်နေရင်း မျက်နှာလေးမှာ ပြာနှမ်းနှမ်း ဖြစ်လာသည်။ မျက်လုံးများသည် မှုန်၍ မှုန်၍ လာလေကာ တဖြည်းဖြည်း မှိတ်သွားလေသည်။

မကြာမီ ဝေ၏ လည်ချောင်းမှ တဂီဂီ ချွဲသံကို သဲ့သဲ့ ကြားကြရသည်။ ရင်ဘတ်လေးမှာ မို့မောက် လာလေကာ လှိုင်းထစ ပြုလေပြီ။

“ဝေရယ် ... ဝေရေ ... ဝေ”

ဦးစောဟန်၏ အသံမှာ အက်ကွဲ ခြောက်သွေ့နေ၏။ မောပန်း၍ လာသည်။ မျက်လုံးတွင် မျက်ရည်တွေ ပြည့်နေလေသည်။ ဝေ၏ မဟန်သည့် အဖြစ်ကို ကြည့်ကာ နှုတ်ခမ်းကို ကိုက်လျက်ရှိသည်။

အမော ပြင်းထန်လာ၍ ဆရာဝန်သည် အမောပြေစေရန် ဆေးထိုးပေးတော့မည်။ အားလုံးပင် ဝေ့ကို တစ်လှည့်၊ အပ်ကိုတစ်လှည့် စိုက်ကြည့်ကြလေသည်။ ဝေ့မှာ အပ်ကို မမြင်ရတော့ပေတကား။

လက်မောင်းအကြောထဲသို့ အပ်ထိုးသွင်း လိုက်လျှင် ဝေသည် မေးကို ငေါ့ပြီး နှုတ်ခမ်းရွဲ့လိုက်ကာ ရုန်းကန်ရင်းပင် အသက်ထွက် သွားလေသည်။

နွေနှောင်းရာသီသို့ ရောက်ပေပြီ။ ရွက်ကျင် ရွက်ဝါတို့ တဖြုတ်ဖြုတ် ကြွေကျလျက် ရှိလေရာ၊ တမြည့်မြည့် ကြွေကျသွားသော ရွက်ဝါကလေးသည် လေသယ်ရာသို့ လွင့်တော့လေပြီ ...။
----------------------------------
ဂျာနယ်ကျော်မမလေး

#ဂျာနယ်ကျော်မမလေး

crd 👉 http://openread.atspace.cc/works/07062020_nv.html

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)