ကို​ဒေါင်း(​လှေသူကြီး)

#လှေသူကြီး

“ချစ်တာရယ်
ကြိုက်တာရယ်
စုံမက်တာရယ်
ဘသူ့ကိုလဲရှင့်..”
(မြကြိုးနွယ်သီချင်း)

ယခုအခါ ကိုဒေါင်းသည် အခြေကျနေသော အိမ်ထောင်သည်တစ်ဦးဖြစ်ပေပြီ။ အူဝဲသံညံစာစာဖြင့် ပူဆာတတ်သော သမီးဦးကလေးကို ရင်ဝယ်ပိုက်ကာ “အို အိုအို'ဟူသောခေတ်ဟောင်းတေးကို ညည်းရင်း ကလေးထိန်းရရှာပေပြီ။ သို့သော်လည်း ကိုဒေါင်းမှာ ကိုဒေါင်း၏စရိုက်ကို မစွန့်နိုင်သေးရကား တခါတခါ ငယ်မူပြန်သေးသည်။ ငယ်မူပြန်သည်ဆိုသည်မှာ အသို့ပါနည်း။ သမီးချောကလေးကို အလျားမှောက်စေ၍ မိမိကလည်း သမီးနည်းတူ ဝမ်းလျားမှောက်ကာ ချိုးရုပ်၊ အိုးပုတ်တို့နှင့် ကစားခြင်းပေလော။ ဤသို့ကား မဟုတ်။ လူကြီးပီပီ ငယ်မူပြန်ခြင်းမျှသာ ဖြစ်ပါသည်။

ယခုတလော ကိုဒေါင်းသည် မြို့ကြီးသို့ အခေါက်ခေါက်ရောက်ခဲ့လေပြီ။ တောသားဖြစ်ရကား တောသူတို့၏အရုပ်အဆင်း၊ အမူအရာ၊ အပြောအဆိုတို့ကိုသာလျှင် တင်းတိမ်ရောင့်ရဲခဲ့ရသော ကိုဒေါင်းသည် မြို့သူတို့၏မူကို တွေ့မြင်ရလေသော် မိမိအသက်အရွယ်ကြီးရင့်လာပြီးလျှင် ကလေးအဖေဟုအခေါ်ခံရသည့် အခြေအနေကို စိတ်အနာကြီး နာမိလေတော့သည်။ မြို့ထဲတွင် လန်ချားစီးရင်းတွေ့ခဲ့သော လေယာဉ်ပျံဆံထုံးရှင်တို့ကို မျက်စိကျမိခဲ့လေသည်။ အထက်ဆင်အနားပေါ်တွင် သီ၍နေသော ဇာခံအင်္ကျီပုံအမျိုးမျိုးတို့တွင် ဤသည်ကား ကြက်ဥနှစ်ရောင်၊ ဤသည်ကား မရမ်းရောင်ဟူသော အရောင်မျိုးစုံကို သေချာစွာမှတ်သားမိအောင် ဣန္ဒြေမဆောင်ဘဲ ရှုမိခဲ့လေသည်။ ဇာပန်းအမျိုးမျိုး ခြယ်လှယ်သော လက်ပြင်ကျောကိုဖော်သည့် ဇာဘော်လီတို့၏အသရေကို ဖန်ပေါင်းချောင်တွင်း ခင်းကျင်းထားသော ပစ္စည်းပစ္စယများပမာ ထင်လင်းစွာမြင်ရသည်နှင့် တောသားတို့၏ဓလေ့ မြင်မြင်ရာကို ကြည့်ထိုက်သည်ဟူသော သဘောရိုးဖြင့် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ဘွင်းဘွင်းကြီး အာရုံစူးစိုက်မိခဲ့လေသည်။ ထိုနုပျိုသော အာရုံတို့ကြောင့် ကိုဒေါင်း၏စိတ်သည် နုပျို၍လာလေသည်။

“တို့တောသူမတွေနဲ့တော့ ကွာချင်တိုင်း ကွာတာကလားကွာ”ဟု ကိုဒေါင်းသည် တခါတခါ ညည်းညူလိုက်သေးသည်။

ဤညည်းညူသံကို ကျန်ရစ်သူဇနီးသည် ကြားခဲ့လျှင် ရင်ကျိုးစရာပေပင်။ သို့ရာတွင် ကိုဒေါင်း၏ ပဝတ္တိအခြေအနေကို သတိပေးလိုက်လျှင် “ကွာ မိန်းမဆိုတာ ကလေးခါးထစ်ခွင်မိလျှင် လင်ကိုမေ့စတမ်းပဲ။ ယောက်ျားဆိုတာလဲ လှေကားသုံးထစ်ဆင်းမိလျှင် လူပျိုဖြစ်တာပဲ”ဟူ၍ နှုတ်လှန်ထိုးလေ့ရှိသည်။

တခါသော် ကိုဒေါင်းသည် မြို့သို့တက်လာ၍ ကျွန်ုပ်နေထိုင်ရာအိမ်တွင် တည်းခိုလာ၏။ ကျွန်ုပ်တို့အိမ်နံဘေး၌ကား အခြားအိမ်တစ်ဆောင် အပြိုင်ရှိ၏။ ထိုအိမ်နှစ်ဆောင်ပြိုင်တို့မှာ လက်သမားဆရာတို့ လက်စွမ်းပြသောအားဖြင့် ပြတင်းပေါက်ချင်း ပြဒါးချိန်ကိုက်၍ ထားဘိသကဲ့သို့ တည့်မတ်စွာရှိလေသည်။ တဖက် “မ"တွေ စုရုံး စုရုံးနှင့် နေကြသည်။ တဖက်ကလည်း “ဖို”တွေ စုရုံးစုရုံးနှင့် ရှိကြသည်။ သို့နှင့်ပင် မရိုးနိုင်သောသဘာဝတရားကြီးကို တဖက်နှင့်တဖက် မလျှော့တမ်း အားပေး၍နေကြကုန်သည်။ ညနေရီရီတွင် မျောက်လွှဲကျော်ပမာ ပြတင်းပေါက်သံတိုင်ကိုကိုင်ကာ မျှော်၍နေလေ့ရှိသော မဟဝါတို့၏ ကြော့ရှင်းသောသဏ္ဌာန်သည် ငှက်ပျောပင်များအကြားမှ ဘွားခနဲ ထွက်ပေါ်လာတတ်သည်။ နူးပြီး၍ နပ်နေသော ကိုဒေါင်းသည် အိမ်ပေါ်သို့ရောက်၍ တစ်နာရီမျှ မကြာမြင့်မီကလေးတွင် တဖက်နှင့်တဖက် မည်သို့အခြေအနေရှိကြောင်းကို အစင်းသိမြင်လာလေ၏။

လူအိုတို့တံတွာ ဤလိုနေရာမျိုးမှာ အညံ့စားမခံ၊ ပါစားမပေး၊ ဆရာစားမထား၊ ကိုယ်ချင်းစာတရားမရှိ ဖြစ်လေရကား ပြတင်းပေါက်ဝတွင် ခဏမျှ ထိုင်လိုက်ပြီးသည်နှင့်တပြိုင်နက် မှန်တစ်ချပ်ထောင်ကာ မုတ်ဆိတ်မွှေး
သင်ရင်း တဖက်တွင်ရှိသူတို့၏အမူအရာ၊ အနေအထိုင်တို့ကို ရိပ်ခြည် ရှု၍နေလေသတည်း။

ကျွန်ုပ်သည် ကိုဒေါင်းအား အကဲခတ်ရင်း “မှန်ပေါက်ပါ့မယ်”ဟူ၍ ခနဲ့လိုက်၏။ ကိုဒေါင်းမှာ မျက်လွှာမချ၊ လှည့်၍မျှလည်းမကြည့်ဘဲ ပြုံးလိုက်လေ၏။

“သူတို့ ဘယ်ကလဲဟေ့” ဟု မေးရင်း မရှိသောမုတ်ဆိတ်မွေးတို့ကို တစ်ပြုံလုံး ဆွဲနှုတ်လိုက်သေးသည်။

“ကိုဒေါင်းရယ်..ကိုယ်နှင့်မဆိုင်၊ မှုမပိုင်၊ ဆွဲကိုင်မကြည့်ရာ”တဲ့ဗျ။ ခင်ဗျားလေ သားနဲ့မယားနဲ့ ဖြစ်နေပါပြီ။ ကျုပ်တို့လိုလူပျိုကြီးတွေဖို့လဲ ချန်စမ်းပါဦးဗျ”

“သိချင်လို့ပါကွာ၊ ငါ့စိတ်ထဲ ဘယ်သူနဲ့ တူသလိုလို ရှိလို့ပါ”

အလို လာပြန်ချေသေးသည်။ “ဘယ်သူနဲ့ တူသလိုလို” တဲ့။ မိချောလား၊ ခင်စိန်လား၊ ညောင်လိမ်သူလား၊ ဟိုဘက်အိမ်က သူငယ်မများ၏ ရုပ်ဆင်းသဏ္ဌာန်သည် ကိုဒေါင်းတွေ့ ဖူးသူများနှင့် တူနိုင်မည်မဟုတ်။ ရေမြေဌာနကွဲပြားသော သထုံသူများဖြစ်လေရကား ရုပ်ချင်းတမျိုး၊ အသံချင်းတဖုံ၊ အပြောချင်းတခြား၊ အဆိုတလွဲ ဖြစ်ချေမည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း“လာပြန်ချေသေး ကိုဒေါင်းရယ်၊ ဘယ်သူနဲ့မှ တူနိုင်မှာမဟုတ်ပါဘူးဗျာ။ သူတို့က မွန်တွေပဲ”ဟူ၍ မခံချင်ဇောဖြင့် ပြောပြလိုက်ရ၏။

“အေး.. ဒါကြောင့် ငါအထင်သားပဲ၊ သူတို့ပါးရိုးကလေးတွေ ​ငေါပုံက အသက်နှစ်ဆယ် အစိတ်လောက်က တွေ့ဖူးတဲ့ ကျင်မြိုင်တို့ညီအစ်မနဲ့ တူပါတယ်လို့။ သူတို့လည်း မော်လမြိုင်မွန်တွေပဲ၊ စကားမြန်မြန်ပြောတတ်ပြီး ခပ်ဝဲဝဲနဲ့ တယ်ပြီးချစ်စရာကောင်း”

ကျွန်ုပ်လည်း ကိုဒေါင်းအား ဘာမျှ ပြန်မပြောနိုင်တော့ချေ။ ကိုဒေါင်းကား တဖက်အိမ်ရှိ ပြတင်းပေါက်ကိုသာ မျက်နှာမူလျက် ငယ်မူပြန်၍နေလေသည်။

“အေးကွာ ဒီလို မွန်မကလေးတွေပေါ့ကွာ၊ ငါ့ကို ဒုက္ခပေးခဲ့တာ” ဟူ၍လည်း ကျွန်ုပ်ဖက်သို့လှည့်၍ ပြောသေးသည်။

* * *

ကျွန်ုပ်တို့ရွာကလေးတွင် ဟာမက်ရှားအင်္ကျီခေတ်နှင့် တပြေးတည်း ထားဝယ်လုံချည်၊ ဘန်ကောက်လုံချည်ခေတ်လည်း တွင်ကျယ်ခဲ့လေသည်။ ထိုအခါများ၌ ကျွန်ုပ်၏ဘွားအေအိမ်သို့ ခေတ်အလိုက်ပေါ် သော ထိုလုံချည်မျိုးများ လာ၍ရောင်းတတ်သူ မော်လမြိုင်သူ အဒေါ် ကြီးနှင့် ၁၆ နှစ် ၁၇ နှစ်အရွယ် သူ၏သမီးနှစ်ယောက်တို့ကို ယခု ကိုဒေါင်းပြန်၍ပြောမှ ကျွန်ုပ်၏မျက်စိထဲတွင် တရေးရေးပေါ်လာလေသည်။

ထိုမော်လမြိုင်သူ အဒေါ်ကြီးသည် အမိကြက်မကြီးက သားသမီး ကြက်ငယ်များကို တောင်ပံအုပ်လျက် စောင့်ရှောက်ဘိသကဲ့သို့ သမီးနှစ်ယောက် လူလားမြောက်အောင် ဥမကွဲ သိုက်မပျက် ထိန်းကျောင်းရင်း ယောက်ျားတန်းတူ ဝမ်းစာရှာရသည်။ မြန်မာမတို့၏ ယောက်ျားနှင့်ရင်ပေါင်တန်း အခွင့်အရေးကို ထိုမော်လမြိုင်သူအဒေါ် ကြီးက ထူပျိုးခဲ့သည်ဟုတ်မဟုတ်မူကား ရာဇဝင်ဆရာမဟုတ်သဖြင့် ကျွန်ုပ်ထင်မြင်ချက်မပေးနိုင်သော်လည်း သူတို့သားအမိသုံးယောက် ညညတွင် ခေါင်းချင်းဆိုင်ကာ စာရင်းရှင်းသောစကားသံတို့ကို သူငယ်တို့ဘာဝ “ဘာစကားများပါလိမ့်” ဟုတွေးမိခဲ့သည်ကိုမူ အမှတ်ရမိလေသည်။

ကျွန်ုပ်၏ဘွားအေအိမ်သည် ထိုသားအမိတို့၏စားအိမ် သောက်အိမ်ဖြစ်သည်။ ယခု ကိုဒေါင်း၏ပြန်ပြောပြချက်အရ ကိုဒေါင်း၏ဒွေးတော်နှင့် ဦးလေးတို့၏အိမ်သည်လည်း ခင်မင်ရာခင်မင်ကြောင်းဖြင့် ၄င်းတို့၏တည်းခိုရာ ဖြစ်ခဲ့သေးသည်။

ကိုဒေါင်းနှင့် ကျွန်ုပ်ဦးလေးတော်တို့မှာ မွေးဖော်ဖွားဖက် ကောင်းတူဆိုးဖက်ဖြစ်ကြသည်။ သို့ရာတွင် ကိုဒေါင်းတို့အိမ်ပေါ်သို့ ထိုအရွယ်လှလှသူငယ်မနှစ်ဦးရောက်သည်ကစ၍ ကိုဒေါင်းမှာ ငယ်ကျွမ်းမိတ်ဆွေ ကိုစိန်ဘကိုပင်လျှင် မေ့ပစ်လိုက်ပြီးသည်နောက် ထိုနှစ်ဦးသောသူငယ်မတို့တွင် မည်သူကပို၍လှပါသနည်းဟူသော ပြဿနာကိုသာလျှင် စိတ်ဝင်စား၍လာခဲ့လေသည်။

အိမ်ဦးခန်းတွင် သားအမိသုံးယောက် ခေါင်းချင်ဆိုင်ကာ စာရင်းအင်း တွက်ချက်သည့်အခါများ၌ ကိုဒေါင်းသည် မီးဖိုချောင်တွင် ထမင်းရည်ငှဲ့ရင်း ထရံပေါက်ကို ဖြဲ၍ကြည့်မိသည်။ သို့ရာတွင် ၄င်းတို့နှစ်ဦးအနက် မည်သူအား မည်သို့စတင်ရမည်ကို မဆုံးဖြတ်နိုင်သောကြောင့် မရှိသောဆံပင်တို့ကို ကုတ်ခြစ်ရင်း စိတ်ရှုပ်သောအမူအရာကို ပြလေသည်။

“ဟယ် ကိုယ့်အိမ်ပေါ်ရောက်နေတဲ့ဟာ မတော်ပါဘူးလေ” ဟု စိတ်ကိုတင်းမိသော်လည်း ညအိပ်ရာဝင်ချိန်များ၌ သူတို့ညီအစ်မနှစ်ယောက် အဘယ်ပုံအိပ်၍နေရှာကြမည်ကို ကြံကြံဖန်ဖန် စဉ်းစားမိလေသည်။

အလစ်ကိုစောင့်ရသည်မှာ အတန်တန်၊ အချက်ပေါ်လာပြန်ကလည်း ညီအစ်မနှစ်ယောက်တို့၏စူသောနှုတ်ခမ်း၊ ဆောင့်သောခြေနှင့် တင်းမာသောအိနြေတို့မှာ အလိုတူအလိုပါမဖြစ်နိုင်သည့်အချက်များကို ထင်ရှားစေသည်။ တခါတခါ မိမိကိုယ်ကိုရဲဆေးတင်ကာ စွန့်မည်ကြံပါသော်လည်း ဟင်္သာနှင့်ကျီးပမာ ဖြူဖွေးသောရေဆေးငါးနှင့် မိမိ၏ကျောက်မီးသွေးအရောင်အသွေးတို့ မစပ်အပ်သည်ကို တွေးမိရင်း ရှက်သလိုလိုရှိလာ၏။ အားနာသလိုလိုလည်း ဖြစ်မိ၏။

“ဟာ ဟာ ယောက်ျားပဲ၊ အဆင်းဟာ ပဓာနမဟုတ်ပါဘူး” ဟု မိမိရှက်သွေးကို ပြက်ရယ်ပြု၍ ဇွတ်နှစ်မည်ဟု စိတ်နှလုံးကို ဒုံးဒုံးချလိုက်ပြန်လျှင် ဦးလေးတော်သူက ဘယ်လိုများပြောလေမည်နည်းဟု တွေးမိပြန်၍ ကြက်သီးထရသေးသည်။

တနေ့သော် ကိုဒေါင်းသည် စိတ်ကိုပိုင်ပိုင်ကြီး ဆုံးဖြတ်လိုက်လေသတည်း။ ယင်းသည့်နေ့ကစ၍ ကိုဒေါင်းအား ၄င်း၏ဦးလေးအိမ်၌ မတွေ့ရတော့ပြီ။ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ မဏ္ဍပ်ချောင်ဝ၊ ကွင်းတန်းအောက်ပိုင်း အထက်ပိုင်းတို့၌ ကိုဒေါင်းသည် လူးလာဆန်ခတ် ကျက်စားနေခဲ့လေသည်။ တွေ့သမျှအပေါင်းအသင်းတို့နှင့် တဝါးဝါးရယ်မော၍ ပျော်ခဲ့လေသည်။ သို့ရာတွင် ပျော်ရွှင်ခြင်း၏အဖော်ဖြစ်သော ရယ်မောခြင်းသည် အရေးကြုံ၍လာလျှင် ရန်သူဖြစ်သောစိတ်ညစ်ခြင်းကို ထားခဲ့၍ ဝေးရာသို့ ရှားတတ်လေရာ ကိုဒေါင်းမှာ အိမ်အပေါ်ထပ်တွင် အတူတကွ ရွှင်ပျော်နေကျဖြစ်သော ညီအစ်မနှစ်ယောက်တို့၏မျက်နှာကို ကွက်ခနဲ မြင်လိုက်လေသည်။ ထိုအခါများ၌ သက်ပြင်းကြီး ရှိုက်မိသည်။

ဆုတ်ရပိမ့်လော၊ တက်ပိမ့်လောဟု တွေးတောနှစ်ခွ၊ ကြံဒွိဟဖြင့် ကိုဒေါင်းသည် ဝမ်းနည်းပူဆွေးမှုတို့ကို နေ့နှင့်အမျှ ချက်အရက်ဖြင့် စိမ်၍နေလေသတည်း။

ဤနည်းနှင်နှင် လေလွင့်သောစိတ်တို့ကို ကြိုးရှည်ဖြင့် လွှတ်ထားသည်မှာ ခုနှစ်ရက်မြောက်ပေပြီ။ သူတို့ညီအစ်မနှစ်ယောက်ကို မျက်စိမှဖျောက်၍မရနိုင်။ စိန်ဘနှင့် အတွေ့ခံပြီး နှစ်ဦး ကြံလို၏။ သို့သော် ဟယ် ခွေးမသားနှင့် အကြံတူလျှင် ရန်သူဖြစ်နေမည်။ ကိုယ့်ဘာသာကိုယ် အိမ်ပြန်ပြီး အကြံယူလေဦးမှပဲ။

မိုးမဖွဲတဖွဲနှင့် လူခြေကလည်း မတိတ်တတိတ်၊ ကိုဒေါင်းသည် ယိုင်တိယိုင်ထိုးနှင့် အိမ်ပြန်လာလေသည်။ ကိုဒေါင်း၏ဦးလေးမှာ ကဲလားများကို ပင့်ချ၍နေလေပြီ။ ကိုဒေါင်းလာသည်ကိုမြင်သော်“မင်း အိမ်မအိပ်တာ ကြာပြီလား” ဟု ဝတ်ကျေဝတ်ကုန်မေးပြီးလျှင် ရှေးရှေးက အိမ်လည်နေကျဖြစ်သော ကိုဒေါင်း၏အဖြေရိုး ဆင်ခြေရိုးတို့ကို ကြားနေရမည်စိုးသောကြောင့် ကဲလားချရန်တာဝန်ကို ကိုဒေါင်းအားလွှဲခဲ့ပြီး အိမ်ပေါ်သို့ တက်လေ၏။

ကိုဒေါင်းလည်း ကဲလားချပြီးသော် မိမိဦးလေးနှင့် မရှေးမနှောင်းပင် အိမ်ပေါ်သို့ရောက်၍ အိပ်ရာပေါ်တွင် ပစ်လှဲလိုက်ကာ မူးမူးရူးရူးနှင့် အိပ်ပျော်သွားလေ၏။ တစ်အောင့်မျှကြာသော် လန့်၍နိုးလေသည်။ ဘုရားခန်းမှ ဖယောင်းတိုင်မီးသည် နိုးလာသူအား မျက်စပစ်၍ ပြနေသည်။

အကာလ ညအခါတွင် တိတ်ဆိတ်ခြင်းသည် မကောင်းမှုကို အားပေးတတ်သည်။ မျက်စိပေကလပ် ပေကလပ်ပြုနေသော ဘုရားမီးသည်ပင်လျှင် ကိုဒေါင်းအဖို့ မကောင်းမှုသွားရာလမ်းသို့ ညွှန်ပြ၍ နေလေသည်။ ခြေရင်းတွင် မော်လမြိုင်သူတို့စံရာအခန်းမှ တံခါးသည် ဟစိဟစိနေသည်ကို ထိုမီးရောင်ဖြင့် မြင်ရသည်။ ထိုအခါတွင်မှ ယနေ့ညအဖို့ မော်လမြိုင်သူအဒေါ်ကြီးသည် တခြားသို့ကိစ္စတစ်ခုဖြင့် သွားပြီဖြစ်ကြောင်းကို ကိုဒေါင်းသတိရမိသည်။ ထိုကြုံကြိုက်ခဲလှသောအခါမျိုးကို မိမိသည် တင်ကြို၍ သိပါလျှက်နှင့် ထိုင်းမှိုင်းတွေဝေသောစိတ်ဖြင့် အိမ်မကပ်ဘဲ ခုနှစ်ရက်တိတိ အချိန်ဖြုန်းခဲ့သည်ကို ယခုမှပင်လျှင် ယူကျုံးမရဖြစ်လေတော့သည်။ နောင်တရသောအားဖြင့်
ပြောင်တင်းသောနဖူးကို လက်ဝါးပြင်ဖြင့်နှက်လိုက်လေရာ အကြောင်းမဲ့သက်သက် ခြင်တစ်ကောင် ဘဝဆုံးရှာသည်။

တံခါးရွက်မှာ လှုပ်တုတ်လှုတ်တုတ်နှင့် လက်ယပ်ခေါ်သလိုလို၊ တံခါးရွက်ကြားသို့ တိုးဝှေ့ဝင်နေသော လေကြောင်းမှာ တရွှီရွှီမြည်၍ လေချွန်ကာ အချက်ပေးသယောင်ယောင်၊ ဘုရားခန်းမှ မီးရောင်သည်လည်း အလိုက်သိစွာ အမိုက်မှောင်ဖုံးလွှမ်းပေးမည်ဟု အားပေးနေသကဲ့သို့။

ထိုအတွင်း မွန်ညီအစ်မအိပ်ခန်းမှ လူးလှိမ့်ရာတွင်ဖြစ်ပေါ်လာသော အသံမျိုးကို ကြားလိုက်ရ၏။ ကိုဒေါင်း ရင်ဖိုသွားလေသည်။ အိမ်ကြီးငြိမ့်သွားသည်လည်းထင်ရ၏။ ကိုဒေါင်းသည် ငေါက်ခနဲ ထ၍ထိုင်လိုက်၏။ ခြေကျင်းနှစ်ဖက်ခတ်သံ “ချွင်” ဟုကြားလိုက်ရပြန်၏။ ကျောရိုးတလျှောက်သည် ရေခဲရေလောင်းခြင်းခံရဘိသကဲ့သို့ တွန့်သွားလေသည်။ ကျောအထက်မှတက်၍ နောက်စေ့တွင်ဆုံးသော ကြက်သီး၏ဝေဒနာကို အာရုံခံစားရင်း “ဒါ အချက်ပဲ” ဟုယူဆလိုက်လေသည်။

“အင်း... မိန်းမ.. မိန်းမ ... ယောက်ျားတွေကို အရူးထအောင်လုပ်တာ သင်းတို့တတွေပဲ၊ နေ့လယ်နေ့ခင်း သင်းတို့အစ်မကို တစေ့တစောင်းချောင်းကြည့်မိလျှင် မျက်နှာကြီး ကိုးခေါက်ချိုးနှင့် သင်းတို့အမေကို ပြေးပြီးတိုင်လိုက်မယ့်ပုံပဲ။ အုပ်ထိန်းသူ တညလစ်တယ်ဆိုလျှင်ပဲ ဟော... သင်းတို့မာယာတွေ ပေါ်ရော့မဟုတ်လား။ သည်တံခါးဟာ ခါတိုင်းပိတ်ထားတာ ဒီညမှ ထူးချွန်ပြီး ဘာကြောင့် ဖြဲစိစိနေရသလဲ။ ဧကန္တ ကျင်မြိုင်ဟာ တံခါးကြားထဲကချောင်းကြည့်နေမှာပဲ။ သူ မဟုတ် သူ့အစ်မပေါ့။ အို ဒီညတော့ ကိုးနှင့်လဒ် တစ်ခုခုပဲ”

ဤသို့တွေးရင်း မျက်ခုံးလှုပ်သလိုလိုရှိလာ၍ မို့နေသောမျက်ခွံကို လက်ဖြင့်သပ်ရင်း မျက်ချေးသုတ်လိုက်သည်။ လေသည် တံခါးကို အရှိန်ဖြင့်ဖွင့်လေ၏။ အာ၍နေသောတံခါးမှာ တစ်မိုက်တစ်ညိုခန့်မျှ ပြဲထွက်သွားသည်။ ဘုရားမီးလည်း ငြိမ်းပြီ။ ကိုဒေါင်း၏စိတ်၌ အမိုက်တိုက်တခုလုံးသည်သာလျှင် ဤလောကဖြစ်ဟု အထင်ရှိလာလေ၏။ အတန်ကြာသော် အောက်ထပ်လှေကားရင်းမှ ရေနံဆီမီးခွက်ရောင်သည် အပေါ်သို့ အရှိန်ယူ၍တက်လာပြီးလျှင် ကိုဒေါင်းသွားမည့်လမ်းကို လက်ညှိုးညွှန်လေ၏။

ကိုဒေါင်းသည် အိပ်ရာမှ မတ်မတ်ရပ်လိုက်လေသည်။ ဒူးဆစ် မြည်သွား၏။ ကြောက်ဒူးတုန်သော မိမိအဖြစ်ကို စိတ်တွင် ကဲ့ရဲ့ အပြစ်တင်ရင်း ခြေဖျားထောက်ကာ အခန်းဝဆီသို့ လှမ်းခဲ့လေ၏။ တံခါးဝတွင် အသံတစုံတခုကို နားစွင့်နေ၏။ "ကျင်မြိုင်" အဆင့်သင့်စောင့်၍နေလေမလား၊ မစောင့်နိုင်လွန်းသည်နှင့် တံခါးဖွင့်ပြီး မိမိကို အတင်းဆွဲသွင်းပါက ဒုက္ခ။ “လူ ပါတော့”ဟုအော်လိုက်လျှင်လည်း အရှက်လုံးလုံးကွဲချေမည်။ သူတို့ညီအစ်မနှစ်ယောက် အတူတူ ယှဉ်များအိပ်နေလျှင် မျက်နှာပူစရာအလုပ်ကြီးပါကလား။ ကျင်မြိုင်နှင့်အတူ ရွှေလည်တွဲပြီး ပျော်ပွဲဖွင့်နေတုန်း သူ့အစ်မနိုးလာလျှင်" အမယ်လေး ..”

ကိုဒေါင်းမှာ ရှေ့ဆက်၍မတွေးဝံ့။ ခြေလှမ်းကျဲကျဲဖြင့် အိပ်ရာဘက်ဆီသို့ ဆုတ်လိုက်ရာ နှစ်လှမ်းမပြည့်တပြည့်ဖြင့်လျှင် အိပ်ရာပေါ်သို့ ပြန်ရောက်သွားသတည်း။

“အဟမ်း” လိုလို “အဟင့်” လိုလို အသံမျိုးကြားရပြန်သည်။

“ကျင်မြိုင့်အသံပါပဲ။ ငါနောက်တွန့်သွားတာ သူချောင်းကြည့်ပြီး ကျိတ်ရယ်နေမှာပဲ။ ယောက်ျားတဲ့ကွ။ လုလင်တက်လမ်းဆိုတာ သည်လမ်းမျိုးမဟုတ်လား။ ကိုဒေါင်းတဲ့ဟေ့၊ စားရကံကြုံလို့မှ မုတ်ဆိတ် ပျားမစွဲတော့ဘူးလား”

ကိုဒေါင်းသည် ခြေလှမ်းကျဲကျဲလှမ်းရင်း တံခါးဝဆီသို့ ချဉ်းကပ်ပြန်၏။

“ကျင်မြိုင်ကလေးဟာ ငယ်သေးတယ်။ သူ့အစ်မကြီးလို နူးနူးနပ်နပ်ရှိဦးမယ်မဟုတ်ဘူး။ သူ့အစ်မကြီးကတော့ အလယ်ပါပဲ။ ဧကန္တ သူ့ဉာဏ်ပဲ။ ဒါနှင့်များတောင် ဟိုတနေ့က ငါ့ကို မျက်စောင်းကြီးခဲနေလိုက်တာ၊ တွေ့များတွေ့ရင်တော့လား သင်းတော့..” စသည်ဖြင့် တွေးတောသော်လည်း ရှေ့ဘယ်လိုဆက်လက်တွေးတောရမည်မသိဘဲ မိမိလက်သည် တံခါးရွက်ကို ကိုင်မိလျက်သား ရှိနေသည်ကို တွေ့ရတော့သည်။

ဤတံခါးရွက်အကြောင်းကို မိမိသာသိသည်။ ဘယ်လိုပင်ဆွဲဆွဲ မြည်သည့်တံခါးမဟုတ်။ လူတကိုယ်ဝင်သာရုံ ဆောင့်ဆွဲပြီး ချက်ချင်းဝင်မည်။ အခန်းထဲရောက်လျှင်ရောက်ချင်း တံခါးပိတ်လိုက်မည်။ ကျင်မြိုင် အခန်းဝကစောင့်နေလျှင် ခလုတ်တိုက်လဲမည် စိုးရသေးသည်။ အို လောကကြီးမှာ တွေးတောကြောက်နေလို့ ဘယ်ဖြစ်မလဲ။ ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင်ပျက်၊ သည်နှစ်လမ်းပဲ။ ဘာပဲဖြစ်ဖြစ် တံခါးကိုဖွင့်လိုက်မည်။

“ဟာ ...ခုနေများ ငါ့ဦးလေး ငါ့နောက်ရောက်နေမလား” ဟု စိတ်တွင် ထင့်ခနဲဖြစ်သွား၍ နောက်ပြန်လှည့်ကြည့်မိ၏။ ဘာကိုမျှ မမြင်။

တံခါးကို ဖြုန်းခနဲဖွင့်လျှင် အခန်းထဲတွင် အလင်းရောင်ပြေး၍ ဟပ်လိမ့်မည်။ ထိုအလင်းရောင်ကြောင့် မနိုးသင့်သူ နိုးသွားလျှင် ကိုယ့်အကျိုးနည်းရချေသေး၏။ ထို့ကြောင့် ဖြည်းဖြည်းဖွင့်မှ တော်ချေမည်။

ကိုဒေါင်းလဲ တံခါးကို အားပြုလိုက်လေ၏။

“နေဦးလေ... စဉ်းစားဦးမှပေါ့"ဟု အကောင်အထည်မမည်သော တစုံတယောက်က ပြောသလိုလို ကြားလိုက်ရ၏။

“အို ..စဉ်းစားနေကြာတယ်ကွာ၊ ဖွင့်မလား၊ မဖွင့်ဘူးလား၊ သည်နှစ်ခုပဲရှိတယ်။ သေမြေကြီး ရှင်ရွှေထီးပေါ့၊ မစဉ်းစားနဲ့ ဖွင့်သာဖွင့်။ အို ...ကြာတယ်၊ ဖွင့်ဆိုဖွင့်လကွာ၊ ဖွင့် ဖွင့်”

ဤသို့ပြောသည်ကိုလည်း ကြားသယောင်ယောင်ဖြစ်လေရာ စိတ်အားတွေ မာန်ဖီ၍ ထလာလေသည်။ တံခါးသည် ညင်သာစွာ ကိုဒေါင်းလက်သို့ပါသွားပြီး “အီ” ခနဲ မြည်၍ ပွင့်သွားလေ၏။ လှေကားရင်းမှ မီးရောင်သည် အခန်းတွင်းသို့ လိမ့်၍လိမ့်၍ဝင်၏။ ကန့်လန့်ကာပေါ်သို့ ထင်လင်းစွာ ကျရောက်၏။ ကန့်လန့်ကာလှုပ်နေသည်ကို ကိုဒေါင်းမြင်ရ၏။

“အဟင့်အဟင့်”ဟူ၍လည်းကောင်း၊ တစုံတဦး ဒူးထောက်၍ထလိုက်သော အသံကိုလည်းကောင်း၊ ကန့်လန့်ကာအတွင်းမှ မည်းမည်းမည်းမည်းနှင့် ထွက်ပြူလာသောအရိပ်အရောင်ကိုလည်းကောင်း ကိုဒေါင်းသည် မျက်စိတမှိတ်ခန့်အတွင်း အလုံးစုံကို မြင်ရကြားရလေရာ ဤကပ်ကမ္ဘာကြီးသည် ချာချာလည်၍ အဝီစိသို့ စုံးစုံးနစ်သွားသည်ဟု ထင်လိုက်ရ၏။

ကျင်မြိုင်လား၊ သူ့အစ်မကြီးလားဟု ခွဲခြားသိရအောင် မစောင့်နိုင်ဘဲ တံခါးကိုပြန်၍ပိတ်လိုက်၏။ တံခါးမှခပ်ကွာကွာတွင် မတ်မတ်ရပ်၍ လက်နောက်ပစ်ရင်း နားကို တံခါးနှင့်ကပ်၍ထားလိုက်၏။

တဖွဲဖွဲရွာနေသောမိုးသည် လေအရှိန်ကြောင့် ကြမ်း၍ လာလေသည်။ အိမ်ဘေးရှိဂွေးပင်များမှာ တရုန်းရုန်းနှင့် ဆူညံစပြုလာလေ၏။ မိုးသံနှောနေသဖြင့် ကိုဒေါင်းသည် အခန်းတွင်းက ကြမ်းနင်းသံလိုလိုကို အတော်ဂရုစိုက်၍ နားထောင်ရ၏။ ကြမ်းနင်းသံပါပဲဟု တွေးမိသောအခါ ခေါင်းကို နောက်သို့ရုပ်လိုက်သည်တွင် နားထင်မှ မီးပွင့်သွားလေ၏။ ဒူးမခံနိုင်ဘဲ ယိမ်းယိုင်ပြိုလဲလေတော့သည်။ သို့ရာတွင် သတိကား မလစ်သေး။ မိမိကိုယ်ကို လူတစ်ယောက် ဖက်ထားသလိုလိုရှိ၏။

“ဧကန္တ ကျင်မြိုင်ပါပဲ။ သင်း ကြောက်အားလန့်အားနှင့် တံခါးတွန်းလိုက်လို့ ခိုက်မိတာပဲ။ ငါလဲတော့လည်း ပွေ့ထားသေးသကိုး။ မေ့ဟန်ဆောင်ပြီးငြိမ်နေသမျှ ငါ့မှာဇိမ်ပဲ..” စသည်ဖြင့် တွေးတောနေစဉ် နှာခေါင်းထဲသို့ ချဉ်စုတ်စုတ်အရက်နံ့ စူးဝင်လာလေသည်။ ကျင်မြိုင့်ကိုယ်မှ အဘယ်ကြောင့် အရက်နံ့ရသည်ကို မစဉ်းစားတတ်သဖြင့် မျက်လုံးကို အချိန်ယူ၍စုံဖွင့်လိုက်သောအခါ ကိုဒေါင်း၏ကိုယ်ကာယကလေးသည် ကျယ်ပြန့်ပြားကပ်သော ရင်အုပ်ကြီးပေါ်တွင် တင်လျှက်ရှိသည်ကို တွေ့ရလေရာ အော်ရန် ပါးစပ်ကို ဟလိုက်လေ၏။ ကြီးမားသောလက်ဝါးကြီးတစ်ခုသည် ပါးစပ်ကို အုပ်လိုက်လေ၏။

ကိုစိန်ဘသည် ကိုဒေါင်း၏ပါးစပ်ကို ခပ်ကျပ်ကျပ် အုပ်၍ထားရသည်။ အသက်မရှူနိုင်သော ကိုဒေါင်းအား လှုပ်ကာလှုပ်ကာ “ငါပါကွ” ဟု ညှစ်သံကလေးဖြင့် ပြောရလေသည်။ ကိုဒေါင်း၏ပေကလပ် ပေကလပ်လုပ်နေသော မျက်လုံးတို့သည် ပြူးကျယ်လာပြီးလျှင် “ဘယ်သူလဲ စိန်ဘလား” ဟု မကြားတကြား မေးလိုက်၏။ ကိုစိန်ဘသည် စစ်အောင်သူတို့၏အပြုံးမျိုးပြုံး၍ ကိုဒေါင်းကို သူ၏အိပ်ရာပေါ်သို့ ဆွဲခေါ်သွားလေ၏။

ကိုဒေါင်းသည် ဤညအဖို့ အရှုံးကြီးရှုံးပြီကို ဝမ်းပန်းနည်းစွာ သိရလေ၏။

“တော်ပါပေ့ စိန်ဘရာ။ မင်း ငါ့ကို အစကပြောထားနှင့်ရောပေါ့။ တကိုယ်ကောင်းကြံချင်လို့ ငါ့ကိုတောင် အသိမပေးဘူးဟုတ်လား။ မင်းကြံချင်ရင် ငါဖယ်ပေးမှာပေါ့ သူငယ်ချင်းရယ်၊ မသကာ တစ်ယောက်စီပေါ့၊ ယခုတော့ ချွေးဒီးဒီးကျပြီး နားထင်အဆောင့်ခံရတာ နာသကွာ”

“အောင်မယ် မင်းကို တိုင်ပင်ချင်လွန်းလို့ မြချစ်နဲ့မြဒင်ကို မင်းတွေ့ရင် ငါ့ဆီလွှတ်လိုက်ပါလို့ သုံးလေးခါမှာရတယ်။ တို့အိမ်လာတည်းကတည်းက အဆက်ဖြစ်နေတာကလား။ မင်းတို့အိမ်ရောက်လျှင် ပိုချောင်မှာပဲဆိုပြီး မင့် လိုက်ရှာတာ။ အိမ်ဘာဖြစ်လို့ မကပ်ရတာလဲ”

“နေပါဦးကွ၊ ခုဟာ ဘယ်သူလဲ”

“ကျင်မြိုင်”

ထိုစကားမှာ ကိုဒေါင်း၏ရင်ညွန့်ကို ရွှံ့ပေသောဖနောင့်ဖြင့် ဆောင့်ကန်လိုက်သလို အောင့်၍သွားစေပြီးလျှင် မိမိသည် ထိုညီအစ်မနှစ်ယောက်တို့တွင် မည်သူ့ကို ပို၍ဂရုစိုက်မိသည်ကို ယခုမှပင်သိရလေ၏။ မခံချင်သောစိတ်ဖြင့် စိန်ဘ၏နားရင်းကို အုပ်လိုက်ချင်၏။ သို့သော် စိန်ဘကို မိမိကသာ ကြောက်ရသည်။

“အေးကွာ၊ မင်းကံကောင်းတော့ အကြောင်းလှတာပေါ့။ ဒါနဲ့ နေပါဦးကွ၊ မင်း ဘယ်လိုအခန်းထဲဝင်သလဲ”

ကိုစိန်ဘသည် အိမ်ခြေရင်းဘက်သို့ လက်ညှိုးထိုးပြလိုက်၏။ ကိုဒေါင်းစိတ်၌ ရှင်း၍သွားပေပြီ။ မိမိအခန်းတွင် မိမိအိပ်စဉ်အခါများက ကိုစိန်ဘအလည်ကျူး၍ အိမ်မပြန်နိုင်လျှင် ပြတင်းပေါက်ကို ခဲနှင့်အချက်ပေး၍ ဂွေးချိုပင်ကိုဖက်ကာ အခန်းတွင်းသို့ ဝင်လေ့ရှိသည်။

“နို့ ကျင်မြိုင့်အစ်မကြီး မသိဘူးလား”

“အို ငါ့မရီးက အလိုက်သိပါတယ်ကွာ”

မိုးမင်းသည် ခေတ္တအနားယူပြန်လေသည်။ သူငယ်ချင်းနှစ်ယောက်တို့၏ ဇာတ်ကြောင်းကုန်ဖွင့်ရန်အခါသည် လွန်ပြီဖြစ်သည်။ ကိုဒေါင်းသည် စိတ်ပျက်စွာနှင့်ပင်လျှင် အိမ်ရှင်တို့ဝတ္တရားအတိုင်း ကိုစိန်ဘကို ဖိနပ်ချွတ်လှေကားရောက်အောင် သတိကြီးစွာဖြင့် တံခါးဖွင့်၍ပို့လိုက်ရ၏။ စိတ်ထဲတွင်မူ ဗလောင်ဆူလျှက်ရှိသည်ဖြစ်၍ အိမ်ပေါ် လှေကားထစ်အဆုံးတွင် ခြေချော်ကျသဖြင့် “ဒုန်း” ဟုမြည်သွားလေသည်။

“ဟဲ့ ဘယ်သူလဲ” ဟုအိပ်ရာပေါ်မှ လန့်နိုးသူ ဦးလေးက မေးသည်ကို “ကျွန်တော်ပါ” ဟူသော မောင်းကွဲ သံကြေးစည် ပဲ့သံကြီးဖြင့် ပြန်ပြောရင်း အိပ်ရာထဲသို့ ခေါင်းမြီးခြုံကာ ထိုးအိပ်လိုက်၏။ သို့သော် တညလုံး မအိပ်နိုင်။ ညီအစ်မနှစ်ယောက်အခန်းမှ မသဲကွဲသော တွတ်တွတ်အသံများ ကြားလေလေ ဒေါပွလေလေဖြစ်၍နေသည်။ ၄င်းတို့အသံစဲပြန်ပါလည်း စိတ်ထဲတွင် တဖျစ်တောက်တောက်နှင့် အိပ်၍မရ။ ထိုတညလုံး ကျင်မြိုင်တို့ညီအစ်မနှစ်ယောက်ကိုလည်းကောင်း၊ ကျင်မြိုင်တို့ညီအစ်မနှစ်ယောက်နှင့် ဇာတ်ချင်းတူသူ မိန်းမအပေါင်းတို့ကိုလည်းကောင်း စိတ်တွင်ရေရွတ်ခြင်းအားဖြင့် မိုး စင်စင်လင်းရတော့သည်။ မိုးလင်းပြန်သော် ကျင်မြိုင်၏အဖိုသမ်းပြီးသော သုံးဆယ့်နှစ်ကောဌာသကြီးကို ကမ္မဌာန်းစီးဖြန်းရမည်စိုးသောကြောင့် သင်းတို့နှစ်ယောက်မနိုးခင် အိမ်မှထွက်ခဲ့လေသတည်း။

ထိုနေ့တွင် မြချစ်တို့အိမ်တွင် ကိုစိန်ဘ၊ မြချစ်၊ မြဒင်နှင့် ကိုဒေါင်းတို့ ကက်ဆွဲကြသည်။ ကိုစိန်ဘသည် ဒူးနှံ့ရင်း ကိုဒေါင်း မခံချင်စဖွယ် ညကအဖြစ်အပျက်တို့ကို မြချစ်နှင့် မြဒင်တို့အား ပြောပြနေလေသည်။ ဒေါသစိတ်ကြောင့် ကက်ဆွဲရာ အပေါက်လမ်း မတည့်နိုင်သဖြင့် ကိုဒေါင်း၏နဖူးနှင့် ပါးပြင်တို့မှာ ထုံးခွေရာတို့ဖြင့် ဖွေး၍ သွားလေသည်။

ညနေသော် ကိုဒေါင်းသည် နဖူးရှိထုံးသုံးတန်းကို ကောင်းစွာ မဖျက်မိဘဲ သုန်မှုန်သောမျက်နှာထားဖြင့် အိမ်သို့ပြန်လာလေ၏။ အိမ်ပေါ်သို့လှမ်း၍အတက် ပုပ်သိုး၍နေသော ညီအစ်မနှစ်ယောက်မျက်နှာကို ပြေး၍မြင်၏။ နဖူးပြင်တွင် ထုံးတားထားသည်ကို မြင်ရသော ညီအစ်မနှစ်ဖော်မှာ နှုတ်ခမ်းစူမိရင်း ဣန္ဒြေမဆည်နိုင်ဖြစ်ကြပြီးလျှင် အိမ်ပေါ်သို့တက်သွားလေ၏။ ကိုယ့်အပြစ်ကိုယ်တွေး၍မျှ မရှက်ဘဲ အတင့်ရဲစွာ ပြက်ရယ်ပြုနေနိုင်သူ ညီအစ်မတို့အား ကိုဒေါင်းသည် မျက်စိပြူးတူးပြဲတဲနှင့် ဖြဲ၍ကြည့်ပြီးလျှင် မျက်စောင်းထိုးလိုက်၏။

ထို့နောက် အိမ်နောက်ဖေးမှ ခြေသံပြင်းပြင်းနင်းလာသော ဦးလေးတော်ကို ပက်ပင်းပါတွေ့ရပြန်လေရာ ကိုဒေါင်းသည် ထိုဦးလေးတော်၏ စူအောင့်သောနှုတ်ခမ်းနှင့် မာတင်းသောမျက်နှာထားကို ငေးမော၍ကြည့်ကာ တွေနေဘိ၏။

“ခွေးမျိုး ဝက်မျိုး အမိုက်မျိုး၊ ဒီလောက်တောင် မိုက်ရသလားဟင်၊ နှမချင်းစာပါဦးတော့လား၊ ညက အသံကြားမိကတည်းက မင်းဉာဏ်တွေကို ရိပ်မိပါရဲ့။ ကိုယ့်အိမ်လာတည်းခိုတဲ့ဥစ္စာ ကြည့်ဦးမှပေါ့။ မသကာဆို ငါ့မျက်နှာလည်းထောက်ပါဦး၊ ခုတော့ ကြည့်ပါဦးဗျာ၊ သူမို့ ပက်ပက်စက်စက် မအေကြီးမရှိခိုက် ကြံဝံ့ပလေတယ်။ ခွေးမျိုး ဝက်မျိုး အမိုက်မျိုး၊ သွားသွား .... နင့်မျက်နှာ ငါမကြည့်ချင်ဘူး“ ဟူသော ဦးလေးတော်၏ ကြိမ်းဝါးသံတို့မှာ မိမိအား နားထူပါးထူဖြစ်သွားစေ၏။

ကိုဒေါင်းကား ကောင်းစွာ မရေမလည်သေး၊ ရှင်း၍ပြလိုက်ချင်သော်လည်း ဘာကိုရှင်းရမည်မသိ။ “ဘယ်သူလဲ”ဟူ၍သာ ငေါက်ဆတ်ဆတ် မေးလိုက်၏။

ဒေါသကြီးဆဲတွင် အမေးခံရသော ဦးလေးဖြစ်သူမှာ သိလျက်နှင့်မေးပလေသည်ဟု အတွေးရောက်ကာ “နင်ဟဲ့ နင်ဟဲ့ သေချင်းဆိုး” ဟုဆို၍ ကိုဒေါင်း၏ပြူးကြောင်သောမျက်လုံးတို့ကို လက်ညှိုးဖြင့် ထိုးပြ၏။

“ဘယ်သူက ပြောတာလဲ” ဟု ကိုဒေါင်း ထပ်လာမေးပြန်၏။ ဦးလေးဖြစ်သူသည် ပိုမို၍ ရှူးရှူးရှားရှားဖြစ်လာပြီးလျှင် ကိုဒေါင်း၏နားဝသို့ ပါးစပ်ဖြင့် လေကို အားကုန်မှုတ်ထုတ်ရင်း “ကျင်မြိုင်ဟ ...မှတ်ကရော” ဟုဆိုကာ ကိုဒေါင်း၏ဦးဆက်ကို လက်ဝါးစောင်း နှက်လိုက်လေသတည်း။

ကိုဒေါင်းသည် ဒေါသကို ချုပ်ပြီးလျှင် နောက်သို့ဆုတ်လိုက်လေ၏။ တံတွေးခပ်ပျစ်ပျစ်ကို ထွီခနဲမြည်သွားအောင် ထွေးရင်း လမ်းမသို့ ဆင်း၏။ တစ်လှမ်းချင်းဖြင့် မြဒင်တို့အိမ်ဘက်ဆီသို့ လျှောက်ခဲ့၏။

“ကျင်မြိုင်... ကျင်မြိုင်။ သင်းဉာဏ်ချည်းပဲ။ သူ့အဖြစ်အပျက်တွေကို လူကြီးတွေသိလျှင် တစ်မျိုးတစ်မည်ထင်မှာစိုးလို့ သင်းဉာဏ်ဆင်တာပဲ။ ကြည့်စမ်းပါဗျာ၊ ကျော်တော့ လှေသူကြီး ... ညားတော့ စိန်ဘ၊ ထွီ ငါ့ကို ဦးအောင်တွယ်လိုက်ပါပကော။ ဪ... မိန်းမ.. မိန်းမ”

ဤသို့တွေးရင်း ဆယ့်ငါးလှမ်းမျှလှမ်းမိသော် ခွေးမငယ်တစ်ကောင်သည် အမြီးကိုနှံ့၍ ဖင်ကိုလှုပ်၍ ခါးကိုတွန့်၍ မိမိနောက်ပါးတော် ခွေးထီးကြီးငယ်တို့ကို မြူ၍နေသည်ကို တွေ့ရလေ၏။ ခွေးထီးတို့မှာ တစ်ကောင်နှင့်တစ်ကောင် မာန်ထောင်၍ ဟိန်းနေကြလေသည်။

ကိုဒေါင်း၏ဒေါသသည် ပွင့်၍ထွက်သွားလေသည်။ လမ်းပေါ် ရှိအုတ်ခဲတစ်လုံးကို ငုံ့၍ကောက်ပြီးလျှင် ခွေးမငယ်၏ဦးခေါင်းကို အားပါးတရ ပစ်၏။ ခွေးမငယ်သည် ကိန် ကိန် မြည်ကာ ကိုဒေါင်းတို့အိမ်ဘက်သို့ လှည့်ပြေး၏။
ကိုဒေါင်းသည် ခွေးမငယ်သွားရာသို့ လှမ်းကြည့်လိုက်ရာ အိမ်အပေါ်ထပ်ပြတင်းဝမှ ကျင်မြိုင်တို့ညီအစ်မနှစ်ယောက် မိမိအား မှုန်ကုတ်ကုတ်နှင့် ကြည့်၍နေကြသည်ကို တွေ့မြင်ရလေ၏။

ကိုဒေါင်းသည် ထိုအခါမှ ကျေနပ်စွာ“ဟား ... ဟာ. . ဟား ....”ဟု မရယ်ချင်ဘဲ ဝါးလုံးကွဲရယ်လိုက်ပြီးလျှင် “ မှတ်ကရောဟဲ့ ကျင်မြိုင်” ဟု သူတို့နှစ်ယောက်ကြားလောက်အောင် အော်လိုက်လေရာ ညီအစ်မနှစ်ယောက်တို့သည် မျက်စိမျက်နှာပျက်ပျက်နှင့် ပြတင်းပေါက်မှ အိမ်တွင်းသို့ ဝင်သွားလေသတည်း။
-----------------------
#မောင်ထင်

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)