မုန်း၍မဟူ၊ အခန်း(၉)

ဦးဘိုးသိန်းသည် ကျောက်သလင်း မျက်မှန်အောက်မှ မျက်လုံးများကို ပင့်မ၍ ထားထားအား လှမ်းကြည့်လိုက်ကာ၊ လက်က စာအုပ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။

နေ့လည်ဘက် အိမ်ပေါ်ထပ် ခေါင်းရင်းခန်း ထဲ၌ ပက်လက် ကုလားထိုင်နှင့် စာကြည့် နေရာသို့ ထားထား ဝင်လာသည်။

“မောင်နေဦး အိမ်က ဧည့်သည်တွေ ပြန်သွားပြီတဲ့လား”

“ပြန်သွားကြပြီ ဖေဖေ၊ ညနေက ဇာတ်ရုံမှာ တရားဟောပြီး မနက်ကပဲ ပြန်သွားတယ်”

ထားထားမှာ ဖခင်အား စိုက်ကြည့်သည်။ အိမ်ထဲတွင် တစ်လခန့် အောင်းနေသဖြင့် အသားလတ် နေသလို ထင်ရသည်။ ခေါင်းက ခပ်ပါးပါး ခေါင်းတုံးဆံပင် ဆံတို ဆံစများသည် နှုတ်ခမ်မွေးနှင့် ထပ်တူ ဖြူနေသည်။ မကျန်းမမာ ဖြစ်၍ မျက်နှာကျ သွားသော်လည်း ရုပ်ပျက်ဆင်းပျက် ပိန်ချုံးကျ သွားပုံမျိုး မဟုတ်၊ နားထင်နှင့် ပါးနှစ်ဖက် ချိုင့်ရုံသာပင် ကျသည်ဟု ထင်ရသည်။ ဘယ်အခါပင် ဖြစ်ဖြစ် ဖခင်၏ မျက်နှာမှာ အေးအေးဆေးဆေးနှင့် စိတ်ရှည်သော အသွင် ဟပ်နေ၏။

“မေမေ့ဆီကို ပို့ဖို့ သမီး စာတစ်စောင် ရေးထားတယ်၊ မေမေကတော့ စာဖတ်ပြီး စိတ်မှ ကောင်းပါ့မလား မသိဘူး”

“ဘာစာများလဲ ... သမီးရယ်”

ဦးဘိုးသိန်း မျက်နှာတွင် သီလရှင်နှင့် စပ်ဆိုင်လာလျှင် အမြဲဖြစ်နေကျ ဣန္ဒြေတစ်မျိုး ပြောင်းထားလိုက်သည်။

“ဖေဖေနဲ့ တိုင်ပင်ပြီးမှ ထည့်ချင်လို့၊ သမီး မထည့်သေးပါဘူး၊ အကြောင်းကတော့ ဝေဝေ့ အတွက်ပဲ ဖေဖေ”

ထားထားသည် ခေါင်းငုံ့လိုက်ကာ စကားဖြတ်ထား လိုက်သည်။ ဦးဘိုးသိန်းသည် ငြိမ်သွားကာ ထားထား၏ စကားအလာကို တွေးနေရင်း ဆက်ပြောရန် စောင့်ဆိုင်းနေသည်။

“ဝေဝေ့ကို အိမ်ထောင်ရက်သား ချလိုက်ရင် ကောင်းမယ် ထင်ပါတယ်၊ ဟိုဘက်အိမ်က ဦးစောဟန်ဟာ ဝေဝေ့ကို အင်မတန် လိုလားပါတယ်၊ သူတို့ချင်းလည်း နှစ်သက် နေကြတယ်။ ဝေဝေကတော့ အိမ်ထောင် မပြုချင်သေးဘူး၊ ဖေဖေနဲ့လည်း မခွဲနိုင်ဘူး ဆိုပြီး ငြင်းနေတာပဲ။ ဖေဖေ့သဘောက ဘယ်လို ရပါသလဲ”

အတန်ငယ် ငြိမ်နေကြသည်။ ဦးဘိုးသိန်းသည် ပျစ်ခနဲ တံတွေး ငုံ့ထွေးကာ မျက်နှာ သာသာယာယာဖြင့် ခပ်အေးအေး ပြန်ပြောသည်။

“သမီးရယ် ... မိန်းကလေး အရွယ်ရောက်ရင် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆို မဟုတ်လား၊ ဖေဖေလည်း ဒီသူငယ့် အကဲကို ရောက်စ ကတည်းက ခတ်ကြည့်တယ်၊ လူကောင်း လူရိုးပါပဲ၊ ဒါပေမဲ့လို့ သူ နေပုံထိုင်ပုံနဲ့ ဖေဖေတို့နဲ့ ဇာတ်မတူလို့ အိမ်ထောင်ရေး အဆင်မပြေမှုများ ဖြစ်နေမလား၊ ဝေဝေက နှစ်သက်သလား”

“ဟုတ်ကဲ့ နှစ်သက်ပါတယ်၊ မနက်က သမီး ကိုကို့အိမ်ကို သွားတော့ ဦးစောဟန်က အလုပ်သွားမလို့ အိမ်ကအထွက် တွေ့ကြတယ်။ ကိုကို့အိမ်က အပြန် သူ့အိမ် ဝင်ပါဦးလို့ တောင်းပန်တာနဲ့ ကိုကို့အိမ်က အပြန် သူလည်း အလုပ်က ပြန်လာပြီး စောင့်နေတော့ ဝင်လိုက်ပါတယ်”

ဦးစောဟန်နှင့် နံနက်က တွေ့ခဲ့ ပြောခဲ့ရပုံများမှာ ထားထား စိတ်ကူးထဲ၌ သည်လောက်မြန်မည် မထင်မိပေ။ ဦးစောဟန်မှာ မိမိစိတ်ပူ သကဲ့သို့ မဟုတ်ဘဲ သူက စိတ်ပူ နေခြင်းမှာ ရှင်းလာခဲ့သည်။

“ကျွန်တော် ပြောပါရစေတော့ ထားထား၊ ဝေဝေနဲ့ ကျွန်တော့်ကိစ္စ ထားထား သိတယ်ဆိုလို့ ဖွင့်ပြောပါရစေတော့။ ဝေဝေ့ကို ကျွန်တော် ချစ်တာဟာ ပျော်ရုံပါးရုံ ဒီစိတ်မျိုး မဟုတ်ပါဘူး၊ သူ့ကို တွေ့တွေ့ချင်း ကျွန်တော် အင်မတန် နှစ်သက်တယ်။ သူ့အကြောင်းကို သူနဲ့တွေ့ပြီး သိလာတော့ သိပ်သနား သွားတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးကလေးလို တာဝန်ကြီး ထမ်းနေရတာ ကျွန်တော်ဖြင့် မကြည့်ရက်နိုင်ပါဘူး။ ကျွန်တော့်မျက်စိ ထဲမှာတော့ ကလေးလေးပဲ၊ ထားထားတို့ သဘောကျမယ် ဆိုရင် ကျွန်တော့်ဘက်က အချိန်မရွေး အဆင်သင့် ရှိပါတယ်”

ထားထားသည် ဝန်ထုပ်ကြီး ကျသွားသလို စိတ်အေး သွားရသည်။ ဖခင်အား မေးပါဦးမယ်ဟု ဆိုကာ ထပြန် လာခဲ့သည်။

ဦးစောဟန်နှင့် ပြောကြ ဆိုကြသည့် အကြောင်းများ ဖခင်အား ရေလည်အောင် ပြောပြပြီးနောက် ဖခင်ကို အကဲခတ်လျက် တွေကြည့် နေလေသည်။

“သူတို့ချင်း နှစ်သက်ကြတယ် ဆိုရင်တော့ ဖေဖေက ကန့်ကွက်ဖို့ မရှိဘူး၊ ငါ့သမီးလေး စိတ်ချမ်းသာဖို့ ဖေဖေ လိုလားပါတယ်။ အေး ခုနက ပြောပကော၊ စရိုက်ချင်း မတူတော့ သူ့အတွက် နောင်ရေး သူစဉ်းစားဖို့ပဲ၊ အစ်မကကော ဘာပြောသလဲ”

“ကြီးတော်က ဝေဝေ နှစ်သက်ရင် ရက်ရှည်ဆွဲ မနေနဲ့၊ ပေးစားလိုက်တာ ကောင်းပါတယ်လို့ ပြောပါတယ်။ ကိုကို့ကိုတော့ မပြောသေးဘူး ဖေဖေ၊ သူကတော့ သဘောတူမှာ မဟုတ်ဘူး”

ဦးဘိုးသိန်း မျက်လုံးများသည် တစ်နေရာတည်း စူးစိုက်လျက် မျက်တောင်မခတ် ရှိနေသည်။ တွေးတော စဉ်းစားနေသည့် အာရုံဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးသည် လွန်ခဲ့သော အတိတ်ကို ပြောင်းနေလျက် ရင်ထဲတွင် လှုပ်ရှား နေလေသည်။

ဒေါ်မြသက်သည် ဘီးဆံထုံးကလေး ပုံ့ပုံ့ကလေး ထုံးကာ အင်္ကျီ ဒိုဘီကျ၊ ငွေလုံချည် အစက်ပြောက် အနက်နှင့် ဦးဘိုးသိန်း အနား၌ မခို့တရို့ ထိုင်နေလေသည်။ ဦးဘိုးသိန်းအား မကြည့်ဘဲ မျက်နှာကို ဝှက်လျက် “ကလေးချင်း နှစ်သက် နေကြပြီ၊ ပေးစား လိုက်ပါရှင်” ဟု ပြောလေသည်။

ကိုသက်နှံနှင့် ထားထားတို့ စေ့စပ်လက်ထပ်ဖို့ အတွက် ဇနီးသည် လာပြောနေပုံကို ပြန်အမှတ်ရ နေလေသည်။ ဦးဘိုးသိန်းသည် ထားထားကို ပြုံးကြည့် လိုက်လေသည်။

“ဟုတ်တယ် ဖေဖေရဲ့၊ ဖေဖေ့သားကတော့ အခု သခင်တွေနဲ့ ပေါင်းမှ မျိုးချစ်စိတ် သိပ်ထက်သန် နေတယ်၊ ဦးစောဟန်တော့ သူ ကြည့်လို့ မရဘူး၊ ဘိုဆန်လွန်းလို့”

ထားထားသည် ဖခင်၏ အပြုံးမျက်နှာကို ကြည့်လျက် ရယ်ရွှန်းပတ်ရွှန်း ပြန်ပြောလိုက်သည်။

ဝေဝေသည် ခေါင်းလျှော်ပြီး ဆံပင်များကို ဖြန့်လျက် အင်္ကျီ၊ လုံချည် အသစ်နှင့် နို့ဖန်ခွက်ကို ကိုင်ကာ အခန်းထဲသို့ ဝင်လာသည်။ ဦးဘိုးသိန်းမှာ သမီး၏ ရုပ်ဆင်း ချစ်စနိုးကို လှမ်းကြည့်လျက် ဖန်ခွက်ကို လှမ်းယူလိုက်ကာ၊ “သမီး၊ ဆံပင်ကို ဖားလျားချ မထားနဲ့၊ အဖျားကလေး နည်းနည်း ခေါက်ထုံးထားလေ” ဟု ပြောလိုက်သည်။

ဝေဝေ၏ မိခင် ဒေါ်မြသက်မှာ ခေါင်းလျှော်ပြီးတိုင်း ဆံပင်ကို အဖျားက ထုံးထားတတ်သည်။ ဖခင်၏ အသံမှာ မူမှန်ဟန် မတူ၊ ကြေကွဲ ဝမ်းနည်းသော ခံစားမှုသည် အသံမှာ ဂယက်ရိုက် နေဟန် တူသည်။

ဝေဝေသည် အားရပါးရ ပြုံးပြီး ကျောက ဆံပင်များကို စုသိမ်းလျက် ပခုံးရှေ့သို့ ချလိုက်ကာ အဖျားကလေးကို ထုံးနေလေသည်။

ဦးဘိုးသိန်းမှာ ဝေဝေ့ကို စင်းစင်းကြည့် နေလေသည်။ ထားထားမှာ အမှတ်တမဲ့ နေရာမှ ထလာခဲ့သည်။

ဆံပင်ကို အဖျားထုံးပြီး ကျောဘက်သို့ ပြန်ချလိုက်ကာ ရွှင်ရွှင်ပျပျ မျက်နှာဖြင့် ဖခင် သောက်ပြီးသော နို့ဖန်ခွက်ကို ပြန်ယူထွက် လာသည်။

မယ်အေးမှ အပ အားလုံး မျက်စိထဲတွင် ဝေဝေမှာ ယနေ့ညနေ ခါတိုင်းထက် ပိုလှနေသလို မှတ်ကြသည်။ ဝေဝေ့ကို အရေးတယူ စိုက်ကြည့်ကြသည်။ ပြောဟန်ဆိုဟန် ကလေးသည် အသီးသီး မျက်စိထဲ၌ စွဲနေကြသည်။

ရယ်ပုံပြုံးပုံ ကလေးသည် အသီးသီး၏ အသည်းထဲ၌ စွဲနေကြသည်။ “ဝေဝေ” ဟု ခေါ်လိုက်သည်က အစ ခေါ်လို့ ကောင်းသလို၊ ခေါ်လို့ မဝသလို ဖြစ်နေကြသည်။

ညနေစောင်းတွင် ညီအစ်မ နှစ်ယောက် မြစ်ဘက်သို့ လမ်းလျှောက်ကြသည်။ ဒေါ်သက်မှာ အိမ်ဝကနေ၍ မျက်စိတစ်ဆုံး မျှော်ကြည့် ကျန်ရစ်ခဲ့သည်။ ထားထားသည် လမ်းတွင် ဦးစောဟန်နှင့် မနက်က ပြောကြ ဆိုကြပုံများကို ခပ်ဖြည်းဖြည်း ပြောလာလေသည်။ ဝေဝေမှာ ရွှင်ပျလျက် စိတ်လက်ပေါ့ပါးစွာ လျှောက်လိုက် လာလေသည်။

“ငါက တော်တော် စိတ်ပူတာ၊ ပျော်ရုံပါးရုံ ကြံတာများလားလို့ တွေးကြောက်မိတယ်။ သူကတော့ တကယ့်ကို ချစ်တာ အမှန်ပဲ၊ အချိန်မရွေး သူ့ဘက်က အဆင်သင့် ပါပဲတဲ့”

ထားထားသည် စကားပြော ရပ်ကာ အတွေးနှင့် လျှောက်နေသည်။ သူသည် ကိုသက်နှံနှင့် တွေ့ခဲ့ ချစ်ခဲ့ပုံများကို ပြန်လှန် တွေးတောမိလျက်၊ ဝေဝေနှင့် သူနှင့် အချစ်ရေးတွင် နှစ်သက် မြတ်နိုးတာချင်း မတူကြပုံကို စဉ်းစားဆင်ခြင် ကြည့်လာသည်။

ကိုသက်နှံနှင့် လူချင်း မြင်ဖူးစက ပုံသဏ္ဌာန်ကို ပြန်လည် ထင်ယောင်မိ လိုက်သည်။

မြစ်ကမ်းပါး နားသို့ ကပ်လာသော လှေကလေးမှာ ရေကျနေသဖြင့် တံတားသို့ ကပ်မချည်နိုင်ဘဲ၊ နုန်းများ ထူထပ်နေသော လတာပြင်ကြီးကို ဦးထိုးဆိုက်ရ၏။

လှေပေါ်၌ အသားညိုညို၊ မျက်မှန် တပ်ထားသော လူရည်သန့်သန့် တစ်ဦးနှင့် အင်္ကျီမရှိ ပုဆိုးဟောင်း ခေါင်းပတ်ထားသော လှေသမားသာ ပါသည်။

ထားထားသည် မော်လမြိုင်ကျွန်း တစ်ဖက်ကမ်းရှိ ကိုနေဦး၏ ဇနီး သန်းသန်းတို့ ဆန်စက်ဝင်းရှိ ခြေတံရှည် အိမ်ကြီးပေါ်မှ ကမ်းသို့ ဦးထိုးဆိုက် လိုက်သော လှေကလေးကို ရပ်ကြည့်နေသည်။

မျက်မှန်နှင့် လူသည် လှေဦးတွင် ရပ်ကာ နွံနုန်းများကို မျှော်ကြည့်ရင်း ပုဆိုးကို ဒူးဆစ်လောက် ရောက်အောင် ပြင်ဝတ်ပြီး သားရေ အိတ်ကလေးကို ဆွဲလျက် နုန်းထဲသို့ ဆင်းလိုက်သည်။

သူ့နောက်၌ လှေသမားသည် နုန်းများကို ကျင်လည်စွာ ရုန်းလာကာ လက်ထဲမှ သားရေအိတ်ကို လိုက်လုယူ လေသည်။

နုန်းနွံထဲတွင် ကျွံနစ်သွားသော ခြေထောက်ကို ခဲယဉ်းစွာ အားယူ နုတ်ရလျက် လတာပေါ်၌ ယိုင်တိယိုင်တိုင် ဖြစ်နေသူကို ငေးကြည့်နေစဉ် “ခု ပြောင်းလာတဲ့ ဆရာဝန် အသစ်ဟာ သူပေါ့၊ အဘိုးစံဆီ လာတာ” ဟု အနားရောက် လာသော သန်းသန်းက ပြောလိုက်သည်။

နုန်းများကို ပင်ပန်း ခဲယဉ်းစွာ ရုန်းလျက် တံတားနား ရောက်မှ တံတားကို ဆွဲခိုတက် လာကာ၊ စက်ဝင်းဘေးမှ ဖြတ်၍ ခပ်လှမ်းလှမ်း တဲကလေးနှင့် ဆက်လျက် နွားတင်းကုပ် ထဲသို့ ကုန်းဝင် သွားသည့်အထိ မျက်ခြည်မပြတ် ငေးကြည့်နေသည်။

ကိုသက်နှံကို စမြင်ဖူးသော နုန်းထဲ ကျွံနေသည့် ပုံသဏ္ဌာန်မှာ ထားထား၏ မျက်စိထဲမှ မထွက်တော့ပေ။

“အဘိုးစံကြီး ခြေထောက် ငုတ်စူးပြီး အနာဖြစ်တာ၊ ဟိုဘက်ကမ်း လေးငါးခါပဲ ကူးပြီး ဆေးရုံသွား ဆေးထည့် နေသေးတယ်၊ အခုတော့ လုံးလုံး မထနိုင်လို့ မသွားနိုင်တော့ ဆရာဝန်က နေ့တိုင်းလာတာ မလာလို့ စိတ်ပူပြီး သည်ဘက်ကမ်း သူ့ဟာသူ ကူးလိုက်လာပြီး လာကုပေးနေတာ၊ ညနေတိုင်း ကူးလာတယ်၊ သိပ် သဘောကောင်းတဲ့ ဆရာဝန်။ အဘိုးကြီး သနားလို့ အလကား လာကုတာလေ”

ထိုစဉ်က သန်းသန်း ပြောလိုက်သော စကားများမှာ နားထဲမှတစ်ဆင့် နှလုံးသားထဲတွင် ပဲ့တင်ထပ် သွားခဲ့လေ၏။

လေးစားဖွယ်ရာ ကောင်းသော ကိုသက်နှံ၏ စိတ်နှလုံးကို သည်ကစ၍ မြတ်နိုးခဲ့သည်။

သားမွေး ကော်ဇောကြီး ပေါ်၌ ဖိနပ်စီး နေသူနှင့် ရွှံ့နွံထဲ နစ်နေသူ နှစ်ဦးအား ညီအစ်မ နှစ်ယောက် တွေ့ကြပုံ တွေ့ကြနည်း တစ်လမ်းစီ ဖြစ်ကြ၍ မြတ်နိုးနှစ်သက်ပုံ မှာလည်း တခြားစီ ဖြစ်နေကြလေ၏။

ထားထားသည် ထိုထိုဤဤ တွေးလျှောက်လာရင်း ...

“နင့်ကိုတော့ သူချစ်တာ အမှန်ပဲ၊ နင်ကကော သူ့ကို ဘယ်လို ချစ်တာလဲ” ဟု ဖျတ်ခနဲ လှည့်မေးလိုက်သည်။

ဝေဝေသည် ထားထား၏ မေးခွန်းကို ကြောင်၍သွားကာ ဘယ်လို ဖြေရမှန်း မသိ၍ ခြေတုံ့သွားလျက် အဖြေရ ကြပ်ကာ ...

“ဘယ်လို ဖြေရမှာလဲ ...” ဟု ပြန်မေးလိုက်သည်။

“မဟုတ်ဘူးလေ၊ နင် သူ့ကို ဘယ်လို သဘောကျတာလဲ၊ ဘယ်လို ချစ်တာလဲဆိုတာ ငါ့ ပြောစမ်း”

ထားထားသည် ပြောပြီး ဝေဝေ့ဘက်သို့ လှည့်၍ ပြုံးကြည့်လိုက်သည်။ ဝေဝေသည် လမ်းကို မျက်လုံးစိုက်နေကာ ဖြည်းနှေးစွာ စဉ်းစားလာလေသည်။

ထားထားမှာ ဝေဝေ စဉ်းစားနေသည့် အချိန်အထိ စောင့်ဆိုင်း၍ လျှောက်လိုက်လာသည်။ တော်တော်ကလေး လှမ်းမှ ဝေဝေက အသံပျော့ပျော့ဖြင့် အဖြေပေးသည်။

“ဝေဝေကိုလေ ... သူ သိပ်ချစ်တယ်၊ သိပ်ချစ်တာကို ပြန်ချစ်တာပါပဲ”

ထားထားသည် ဝေဝေ့ကို လှည့်၍ တွေတွေကလေး ကြည့်လိုက်မိ၏။ ထားထား၏ မျက်လုံးမှာ သနားခြင်း ကရုဏာ မကင်းသည့် အရိပ်အယောင်များ ပေါ်လွင် နေလေသည်။

ဝေဝေ့မှာ အဖြေပေးပြီး မျက်နှာကလေး နီမြန်းအောင် ရှက်သွားလျက်၊ သူ့အဖြေကိုသူ ပြန်၍ စစ်ဆေး စဉ်းစားလာသည်။

“ဖေဖေက ဘာပြောသလဲ ... မမ”

ထားထားမှာ ရင်ထဲတွင် မတင်မကျကြီးကို ဆက်မေးချင်လျက် တိုး၍ အဖြေရကြပ် သွားမှာကို စိုးသောကြောင့် မမေးတော့ဘဲ ပြောလိုက်သည်။

“ဖေဖေက နင် နှစ်သက်ရင်၊ နင် စိတ်ချမ်းသာရင် မကန့်ကွက်ဘူးတဲ့၊ သဘောတူပါတယ်၊ စရိုက်ချင်း မတူတာကိုတော့ နင့်ဟာနင် နောင်ရေး စဉ်းစားဖို့ပဲလို့ ပြောတယ်”

စရိုက်ချင်း မတူမှု၊ ဘိုဆန်မှုကို မကောင်းသည့် အခြင်းအရာများဟု မထင်မှတ်ခဲ့သော ဝေဝေ့မှာ ဖခင် စိုးပူခြင်းကို ပေါပေါ့လောက်သာ မှတ်ထင်လိုက်သည်။

“အစ်ကိုသိရင် ဘာများပြောမယ် မသိဘူးနော် ... မမ”

ထားထားမှာ ဝေဝေ ပြောင်းမေးလိုက်သော မေးခွန်းကြောင့် စိတ်ကူးကို ဖြတ်လျက် “မောင်က ဘာမှ ပြောမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အစ်ကိုသိရင် ဘာများပြောမယ် မသိဘူးဟေ့” ဆိုကာ ဟင့်ခနဲ ရယ်သော အသံကလေး ထွက်သွားလေသည်။

“အစ်ကိုကြီးလား၊ မပြောပါနဲ့ မမရယ်” ဟု ဝေဝေက ရှက်ကိုးရှက်ကန်း ပိတ်နေလေ၏။

အသိအိမ် တစ်အိမ်က လှမ်း၍ နှုတ်ဆက်သဖြင့် ထားထားမှာ ခဏရပ်ကာ နှုတ်ဆက်စကား ပြောလိုက်ပြီး ပြန်လျှောက်လာရင်း ရှက်ကိုးရှက်ကန်း ဖြစ်သွားသော ဝေဝေ့အား နောက်ပြောလိုက်သည်။

“ညဘက် အိမ်ကို ကူးခဲ့ပါ၊ ဝေဝေနဲ့ စကား ပြောနိုင်ပါတယ် ... လို့ ထခါနီး ငါက ပြောတော့လေ ... မျက်နှာကို ပျားရည် လောင်းထားသလို ဖြစ်ကျန်ရစ်တယ်”

ဝေဝေမှာ ညလာမည် ဆို၍ ရင်ထဲ၌ ဖိုလှိုက် သွားသည်။ ဖိုလှိုက် သွားသဖြင့် မောသလိုရှိသော အသိတွင် အသည်းအေးနေသော အဖြစ်ပါ စုရော၍ စိမ့်မြ သွားလေသည်။

ကမ်းနားလမ်းမှ ကိုနေဦးတို့ အိမ်ဘက်သို့ ကွေ့လျှောက် သွားကြ၏။ ကိုနေဦး၏ ဇနီး သန်းသန်းသည် ထဘီ ရင်လျားလျက် တဘက်ခြုံကာ သံတိုင်တံခါးကို ပြေးဖွင့်ပေးသည်။

အိမ်ထဲ၌ ကိုနေဦးသည် စွပ်ကျယ်အင်္ကျီ ဝတ်ကာ ချွေးတလုံးလုံးဖြင့် ထမင်းငုံ့စား နေရာမှ “သခင်မျိုးဟေ့ ... တို့ဗမာ၊ အရေးတော်ပုံ အောင်ပါစေ” ဟု လက်ရုံးတန်းလျက် ဆီးလှမ်း နောက်လိုက်ပြီး “စားကြဦး ... လာကြ” ဟု ထမင်းစား ခေါ်လိုက်သည်။

သန်းသန်းက ထမင်းစားပွဲဝိုင်း အနား ဖျာခင်းပေးကာ ဝေဝေနှင့် ထားထားတို့ ဝင်ထိုင်ကြသည်။ ထားထားသည် ကိုနေဦးကို ခပ်ငေးငေးပဲ ကြည့်နေ၏။ ကိုနေဦးမှာ ထမင်း ပလုတ်ပလောင်းနှင့် သခင်အသင်း ထောင်ပြီးကြောင်းကို မြိန်မြိန်ရှက်ရှက်ကြီး ပြောရင်း မြိန်မြိန်ရှက်ရှက်ကြီး စားနေ၏။ ထားထားနှင့် စကားပြောရင်း ဖောက်၍ “ခေါ်မနေနဲ့ သန်းသန်းရဲ့၊ ဝေဝေက စားပွဲနဲ့ ကုလားထိုင်နဲ့မှ စားတာ” ဟု အတည်ပေါက် နောက်လိုက်ရာ ဝေဝေသည် ရှက်ရှက်နှင့် ပခုံးကို လှမ်းထုနေသည်။

ထားထားမှာ မျက်နှာ မသိမသာ ပျက်သွားသည်။ မိမိတို့ သိုက်မြုံ အုပ်စုကြီးထဲမှ ဝေဝေ အပြင်ဘက်သို့ ရောက်တော့မည် ဖြစ်သော အသိအမြင်ဖြင့် ရင်ထဲ လေးသွားလေသည်။

တစ်ချိန်လုံး စကားသာ ကြည့်ပြော နေရသည်။ စိတ်ထဲက မပါလှ။ ကြာကြာ မနေချင်ဘဲ အောင့်အည်း နေရကာ နေဝင်ဖျိုးဖျ ရှိမှ ထပြန် လာကြသည်။

နေ၏ အလင်းရောင် ရုပ်သိမ်း သွားပြီးနောက် မှောင်မိုက်လာလျှင် လမ်းထဲက မီးရောင်မှာ ဖျော့မှိန်လျက် အမှောင်နှင့် အလင်းမှာ အရိပ်များဖြင့် ယှက်နေကြသည်။

ဝေဝေသည် စားပွဲခုံတွင် ထိုင်ကာ လမ်းသို့ မျှော်ကြည့်နေသည်။ ထားထားနှင့် ဒေါ်သက်မှာ စောစောပင် အိမ်ပေါ်တက် သွားကြသည်။ မယ်အေးမှာ သံတံခါးသော့ ကိုင်၍ အပေါက်နား၌ ထိုင်စောင့်နေသည်။

ဦးစောဟန် ပေါက်လာလေသည်။ မယ်အေးက တံခါးဖွင့်ပေးပြီး ပိတ်လိုက်ကာ နောက်ဖေးသို့ ထွက်သွားသည်။

ဝေဝေသည် စာရေးစားပွဲတွင် ခေါင်းငုံ့လျက် နေရာ ဦးစောဟန်မှာ ဖြည်းညင်းစွာ လျှောက်လာလျက်၊ စားပွဲတစ်ဖက်မှ နေ၍ သူ့ခါးကြီးကို ကိုင်းလိုက်ကာ “ချာတိတ်” ဟု လေသံလေးဖြင့် ခေါင်းချင်း ထိလုနီးနီး ကုန်းခေါ်လိုက်သည်။

ဝေဝေသည် ခေါင်းကို တဖြည်းဖြည်း မော့လျက် မျက်နှာပေါ်၌ မိုးထားသော ဦးစောဟန်၏ မျက်နှာကို ရီဝေသော မျက်နှာဖြင့် ပြုံးကြည့် လိုက်လေသည်။ မျက်ရည်များသည် မျက်လုံး၌ ဝဲနေကြသည်။

ဦးစောဟန်သည် ဝေဝေ၏ မျက်လုံးထဲမှ မျက်ရည်များကို မြင်လိုက်ပုံ မရ။ စားပွဲခုံပေါ်၌ တင်ပလွှဲ တက်ထိုင်လိုက်သည်။ ခေါင်းလိမ်းဆီ အနံ့၊ ဆပ်ပြာမွှေး အနံ့များ ထောင်းခနဲ မွှေးသွားလေသည်။ စားပွဲပေါ်၌ တင်ထားသော ဝေဝေ၏ လက်ကို ဆုပ်ဖျစ်လျက် “ဦးက ဘာပြောသလဲ ဝေဝေ” ဟု ငုံ့မေးလိုက်သည်။

“ဦးကို မေးပါဦးမယ်လို့ ထားထားက ပြောသွားတယ်၊ ကိုယ်တို့ မြန်မြန် ကိစ္စပြီးလိုက် ကြစို့နော် ဟုတ်လား”

ဝေဝေသည် မလှုပ်ပေ၊ ဦးစောဟန်မှာ အားမလို အားမရ ဖြစ်လာသည်။ အဖြေမပေးဘဲ ငြိမ်နေခြင်းသည် အတွေးရ ကျပ်စရာ။ ငယ်ငယ်ရွယ်ရွယ်မို့ အိမ်ထောင်ပြုဖို့များ ဝန်လေး နေလေသလော၊ လက်ထပ်ရန် စိတ်မပါခြင်းသည် နှစ်နှစ်ကာကာ ချစ်သော အချစ်မှ ဟုတ်ပါလေစ။

ဦးစောဟန်သည် တွေဝေနေသော ဝေဝေ၏ အမူအရာကို အကဲခတ် ကြည့်လျက် သို့လော သို့လော တွေးလိုက်မိ၏။

ဝေဝေမှာ အပျက်အပျက်နှင့် နှာခေါင်းသွေး ထွက်ပါပြီဟု တွေးလိုက်ကာ အဖြေပေးရန် အခက်ကြုံ နေလေသည်။ ဦးစောဟန်နှင့် ချက်ချင်း လက်ထပ်ဖို့ အတွေးမှာ ကိုယ့်စိတ်ကို တိုက်တွန်း၍ မရနိုင်သလောက် ခဲယဉ်း နေပေသည်။ လက်ထပ်ဖို့ အာရုံပြု ကြည့်သည်နှင့် ထိုအာရုံ နောက်သို့ ဝေဝေ၏ ဝိညာဉ်သာလျှင် အပ်နှင်းနိုင်လေကာ၊ ဝိညာဉ်နှင့် အတူတူ ဝေဝေ့ကိုယ်ကို တစ်ပါတည်း အပ်နှင်း၍ မရနိုင်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် ခဲယဉ်းခြင်းမျိုး တွေ့ကြုံနေသည်။

ဝေဝေသည် စိတ်သွားတိုင်း ကိုယ်ပါနိုင်အောင် ကြိုးစားသည့်တိုင် ဤအိမ်ကြီးမှ ရုန်းထွက်ဖို့ရန် မခွဲထွက်နိုင်သောအဖြစ်မျိုး ရောက်နေ၏။

ဦးစောဟန် မလာခင် မကြာသေးခင်က ဦးစောဟန်နှင့် လက်ထပ်လိုက်ကာ ဦးစောဟန် နောက်သို့ အတင်း လိုက်သွားကြည့်၏။

ဝေဝေသည် ငြိမ်နေလေသည်။ လက်ကို လာကိုင်ဆုပ် ထားသော ဦးစောဟန်၏ လက်ကို စိုက်ကြည့်လျက် နေသည်။

ခွဲခွါခဲ့သော အိမ်ကြီးနှင့်၊ ဖခင်နှင့် ကြီးတော်ကြီးတို့ ကျန်ရစ်ခဲ့ပုံသည် မျက်စိထဲ ပေါ်လာသည်။ ကြိမ်ပက်လက် ကုလားထိုင်ကြီး ပေါ်၌ ဖခင်က လှဲနေလျက်၊ ကုလားထိုင် တစ်လုံးပေါ်တွင် ကြီးတော်သက်မှာ ငုတ်တုတ်ထိုင်ကာ တစ်ယောက်နှင့် တစ်ယောက် စကားမပြောကြဘဲ ခြောက်သွေ့ တိတ်ဆိတ်နေသည့် ပုံသဏ္ဌာန်များသည် ဝေဝေ့အား ဖမ်းစားထားသည်။

မိခင် သီလရှင်ဝတ်စက တစ်ချီတစ်ချီ တွေ့ခဲ့ရသော ဖခင်၏ ငိုင်မှိုင် နေတတ်သော မျက်နှာမျိုး အတိုင်း ပက်လက် ကုလားထိုင်ကြီး ပေါ်တွင် ငိုင်မှိုင်နေသော မျက်နှာသည် အဆိုးရွားဆုံး ရင်ထဲ ချောက်ချားလေသည်။

အိမ်ချင်း အိမ်ချင်း ကပ်နေတာပဲ၊ ခဏခဏ ကူးလာနိုင်တာပဲ စသည်ဖြင့် သည်ကြားထဲ လှည့်ပတ်၍လည်း အားပေးကြည့်သည်။ သို့ရာတွင် မော်လမြိုင်ကျွန်းမှ တစ်နေရာသို့ ပြောင်းကြရလျှင် သူ့နောက်သို့ လိုက်သွားရမည့် အသိက ခြောက်လှန့် နေသောကြောင့် အိမ်နှင့်ခွဲရမှာ ကြောက်ရွံ့ကာ မတွေးဝံ့အောင် ရင်တုန်နေသည်။

ဝေဝေသည် အစွမ်းကုန် ကြိုးစားလျက် ပြုံးကာ “ဖြည်းဖြည်းပေါ့ ကိုရယ်” ဟု ပြောလိုက်သည်။ အလျင်မလိုသော အဓိပ္ပါယ်မျိုး၊ အဓိပ္ပါယ်နှင့် ထပ်တူ အသံမှာ ဆွဲနေလေသည်။

ဦးစောဟန်မှာ မျက်နှာပျက် သွားလေသည်။ မျက်မှောင်ကြုတ် လိုက်ကာ “ဘယ်လို ပြောတာလဲ ဝေဝေ၊ ကိုယ်နဲ့ လက်မထပ်ချင်ဘူးလား၊ ဖြည်းဖြည်းဆိုတာ ဘာကြောင့်လဲဟင် ...” ဟု မေးသည်။

အသံတစ်မျိုး ဖြစ်နေသော ဦးစောဟန်အား မျက်လုံးချင်း ဆိုင်ကြည့်လိုက်သည်။ အသံသာ တစ်မျိုးဖြစ်သည် မဟုတ်၊ မျက်နှာကိုလည်း တစ်မျိုးပြောင်း မြင်ရသည်။ ရင်ထဲအောင့် သွားသောခံစားချက်များကို အကွင်းလိုက် ဖော်ပြသော မျက်နှာမျိုး ဖြစ်နေသည်။

ဝေဝေ၏ စိတ်မှာ ယိုင်သွားလေသည်။ တစ်ဖက်သို့ လုံးလုံးယိုင် သွားသည်ဟုလည်း မဆိုသာ။ ထောက်မှီရာနှင့် မကျွတ်မလွတ်သော ယိုင်နည်းမျိုး တိမ်းယိုင် သွားလေသည်။

“ဖေဖေသာ တစ်ယောက်တည်း မဟုတ်ဘူးဆိုရင် ... ခုချက်ချင်း လက်ထပ်ပါရဲ့” ဟု စိတ်ဖြစ်သွားသည်။ စိတ်ထဲ ဖြစ်တာကို ဖွင့်ပြောချင်လျက် အပြောရခက် နေ၏။

ဖခင် တစ်ယောက်တည်း ဖြစ်နေမည်စိုး၍ ဆိုင်းခိုင်းသည့် ကိစ္စသည် မခိုင်လုံမှန်း တွေးမိသည်။ ဖခင်တစ်သက် လက်မထပ်ဘဲ ဆိုင်းနေကြရမလို အဓိပ္ပါယ် ရှိနေသည်။ ဖခင် တစ်ယောက်တည်း ဖြစ်မနေအောင် မည်သည့်နည်းနှင့်မျှ မိခင်ကလည်း လူထွက်ကာ ဖခင်အနားသို့ ပြန်လာတော့မည် မဟုတ်သည့် အတွက်၊ တစ်ယောက်တည်းကြောင့် ဟူသော အကြောင်းပြ အဖြေပေးရန် ခက်နေခြင်း ဖြစ်သည်။

“ပြောလေ ... ချာတိတ်၊ လက်မထပ်ချင်ဘူးလား”

“သည်လိုလည်း မဟုတ်ပါဘူး”

“နို့ ဘယ်လိုကြောင့်လဲ”

ဦးစောဟန်မှာ ဝေဝေ၏ အကဲကို ကြည့်ကာ၊ ဘာကြောင့် ဝန်လေးနေမှန်း တဖြည်းဖြည်း ရိပ်မိလာလေသည်။ “ဦး တစ်ယောက်တည်း ဖြစ်နေမှာမို့လား” ဟု နှုတ်က ထွက်သွားပြီး စိတ်မကောင်း ဖြစ်သွားသည်။

ဝေဝေမှာ ဝန်ခံသည့် အလား ခေါင်းငုံ့ သွားလေ၏။

“ဝေဝေ စဉ်းစားပါဦး၊ ဝေဝေအဖို့ ဒီလိုသာ နောက်ဆံတွေ တင်းနေရင် မခက်ဘူးလား။ ဦးကို မသနားလို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဝေဝေ တစ်ယောက်တည်း ဦးကို ငဲ့နေရမလို ဖြစ်နေပြီ။ ဝေဝေ့ မေမေကလည်း သူ့သဘောအတိုင်းသူ သွားပြီ၊ အစ်မတွေ၊ အစ်ကိုတွေလည်း အိမ်ထောင် ပြုကုန်ကြပြီ၊ ဝေဝေကျမှ နောက်ပိတ်ဆုံး လာပြီး ခွဲဖို့ ခက်နေရတာ၊ ဝေဝေ့ဘက်က နေပြီး ကိုယ်က ဘယ်လို အလိုက်သိရမှာလဲ၊ အိမ်ထောင် ပြုရင်တော့ ခွဲကြရမှာ ဓမ္မတာပဲ။ ဦးကကော ဘာပြောသလဲဟင်”

ဦးစောဟန်သည် ပြောပြီး ဝေဝေ၏ မျက်နှာကို ဆွဲ၍ ပင့်ယူ ကိုင်ထားကာ အပေါ်က မိုးကြည့်နေသည်။ မျက်နှာကလေး ညှိုးလျက်ဖြင့် မျက်လုံးကလေး ပြုံးရယ်ကာ ပြန်ကြည့် နေပုံကို တွေ့ရမြင်ရမှပင် အတန်ငယ် စိတ်သက်သာရာ ရသွားလေသည်။

“ဖေဖေကတော့ ဝေဝေ့ သဘောပဲ၊ ခွင့်ပေးတယ်လို့ မမထား ပြောတာပဲ။ ဝေဝေလေ ကိုနဲ့ လက်ထပ်ချင်ပါတယ်။ ဖေဖေ့ကိုလည်း ခွဲရမှာ သနားတယ်၊ ဘယ့်နှယ် လုပ်မလဲ”

မျက်ရည်များ ဝဲလာလေ၏။ မျက်နှာလေးမှာလည်း ပြုံး၍နေသည်။ ခေါင်းကလေး စောင်းကာ ကနွဲ့ကရ ပြောလျက် မျက်ရည်ရစ်ဝဲဖြင့် ပြုံးနေသော မျက်နှာကို အားရပါးရ စိုက်ကြည့်ရင်း မထိန်းနိုင် မသိမ်းနိုင် စိတ်ဖြင့် နဖူးချင်း ကုန်းထိပြီး “ဝေဝေ့ကိုလေ ပွေ့ပြီး အိမ်ကို တစ်ခါတည်းသာ ခေါ်သွားချင်ပါပြီ” ဟု မျက်နှာချင်းအပ် ပြောလိုက်လေသည်။

ဝေဝေသည် မျက်လုံးများ ပိတ်ထားလေသည်။ လှိုင်းမူးသလို တရိပ်ရိပ် ဖြစ်လာလေသည်။ မျက်နှာကို တိုးခွေ့လျက် ကြိတ်မနိုင် ခဲမရ ပြောဆိုနေသော အသံများမှာ နားထဲ၌ နစ်ဝင်ပြင်းပြလျက် ရင်ထဲဝယ် မချိမဆံ့ ဖိုလှပ် လှိုက်မွှန် နေပေသည်။

ဝေဝေ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာလေ၏။ ဦးစောဟန်မှာ မျက်နှာချင်း ခွါလိုက်ရကာ၊ ဘောင်းဘီအိတ်ထဲမှ လက်ကိုင်ပဝါ ထုတ်၍ အသာယာ တို့သုတ်ပေးလျက် “ဝေဝေ သီတင်းကျွတ်ရင် လက်ထပ်ကြ ပါစို့နော်၊ ဦးကို ကိုယ် ပြောတော့မယ်” ဟု အသံသဲ့သဲ့နှင့် ပြောနေလေ၏။

ဝေဝေသည် ဦးစောဟန်၏ လက်ကို လှမ်းကိုင်လိုက်ကာ တင်းတင်းကျပ်ကျပ်ကြီး ဆုပ်ထားလျက် မျက်နှာကို ပြည့်ပြည့်တင်းတင်း ကြည့်၍သာ နေလေကာ လက်ထပ်မည့် အရေးကို ဆိုင်းပါရန် အတန်တန် တောင်းပန်နေသော စကားများမှာ လည်ချောင်းထဲတွင် တစ်နေလေ၏။
----------------------------------
ဂျာနယ်​ကျော်မမ​လေး

crd 👉 http://openread.atspace.cc/works/26052020_nv.html

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)