ငှက်ကလေး (အပိုင်း-၁၀)
#ငှက်ကလေး
အပိုင်း (၁၀)
ကိုယ်တို့ကျောင်းသည် နှစ်တိုင်း နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့ ကျင်းပပါသည်။ ဒီနှစ်တွင်လည်း အရင်နှစ်များလိုပင် စည်ကားလေသည်။ ကျောင်းဝင်းကြီးတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေ၏။ လူတွေလည်း ဟိုသွား ဒီသွား အများကြီးပဲ။ နေရာတကာတိုင်းလိုလို ဒေါင်းတံဆိပ် အလံတော်တွေ၊ ပြည်ထောင်စုအလံတော်တွေ တလူလူ လွင့်နေကြသည်။ ဈေးဆိုင်တွေလည်း ရှိသည်။ ကိုယ်သည် ငါးမူးတန် ကြာဆံကြော်သုပ် စားပြီး ကျောက်ကျောသောက်သည်။ ပြီးတော့ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ ပြခန်းကို ဝင်ကြည့်သည်။
အင်္ဂလိပ်နယ်ချဲ့ အစိုးရက ကျောင်းသားတွေကို ဖိနှိပ်ချုပ်ချယ်ပုံ၊ ကျောင်းသားများ သပိတ်မှောက်ကြပုံ၊ အမျိုးသားကျောင်းများ တည်ထောင်ကြပုံတို့ကို ပန်းချီကားများ၊ ဓာတ်ပုံများဖြင့် ပြသထားသည်။ ပြီးတော့ အမျိုးသားနေ့ အကြောင်း သီချင်းတွေလည်း ဖွင့်သည်။ ဝင်ပေါက်နားက စားပွဲမှာ ကျောင်းသားကြီးတွေရောင်းသော လက်ရေးပို့စကဒ်တစ်ခု ဝယ်သေးသည်။ ဒေါင်းတစ်ကောင် ကနေပုံ ဖြစ်သည်။
ပြခန်းထဲက ထွက်လာပြီး ဘယ်သွားရမှန်းမသိ ဖြစ်နေတုန်းမှာပင် ကျောင်းဝင်းအဝနားဆီက 'ဖလ်နေဝန်း' သီချင်းကို ဘင်ခရာတီးဝိုင်းဖြင့် တီးမှုတ်နေသံ ကြားရသည်။ ဟော... သူတို့ ပြန်လာကြပြီ။ သူတို့သည် မြို့တစ်ပတ် ချီတက်တီးမှုတ်ပြီး ကျောင်းထဲသို့ ပြန်ဝင်လာခြင်း ဖြစ်သည်။ ကိုယ့်သူငယ်ချင်းတွေအားလုံး ဘင်ခရာတီးဝိုင်းအဖွဲ့ထဲမှာ ပါသည်။ ကိုယ်တစ်ယောက်တည်းသာ ဖေဖေက မတက်ရဘူးဆိုလို့ သင်တန်းမတက်ခဲ့ရခြင်း ဖြစ်သည်။ ဒါကြောင့် ခု ကိုယ်တစ်ယောက်တည်း လျှောက်သွားနေရခြင်း ဖြစ်၏။
ကိုယ်လည်း ကျောင်းဝင်းဝဘက်သို့ လျှောက်လာခဲ့သည်။ သူတို့ကလည်း ဝင်လာနေကြပြီ။ ဆယ်တန်းမှ ကိုမျိုးမြင့်နှင့် ကိုထွန်းလွင်တို့က ဒေါင်းအလံတော်နှင့် ပြည်ထောင်စုအလံတော်ကို ကိုင်ပြီး ရှေ့ဆုံးမှ ချီတက်လာသည်။ နောက်က အစ်ကိုကြီးတစ်ယောက်နှင့် အစ်မကြီးတစ်ယောက်တို့က အချက်ပြသည့် တုတ်ကြီးတွေကို ကိုင်ပြီး လျှောက်သည်။ အဲဒီနောက်ကမှ တီးဝိုင်းအဖွဲ့။
ရှစ်တန်းမှ ချိုဝင်းက ဘင်ကြီးကို လွယ်ထားသည်။ သူသည် ဝဝတုတ်တုတ်ဖြစ်သောကြောင့် ဘင်ကြီးနှင့် အလွန်လိုက်လေသည်။ သူ့ဗိုက်ပူပူကြီးပေါ်မှာ ဘင်ကြီးကို တင်၍ တဒုန်းဒုန်း ထုနေတာ သိပ်ကြည့်လို့ကောင်းသည်။
ပလွေတွေကို ပြိုင်တူမှုတ်လာသူတွေထဲမှာ ရှေ့ပိုင်းက တင်အောင်ခိုင်၊ ဂျွန်ဆင်၊ ဇော်ဝင်း၊ နောက်က မိန်းကလေးတန်းထဲမှာ ကစ်တီ၊ မီးမီး၊ မိခိုင်။ တင်အောင်ခိုင်က ကိုယ့်ကို မြင်သောအခါ မျက်စိမှိတ်ပြသွားသည်။ ဂျွန်ဆင်က ကိုယ်ကိုမြင်တော့ ယောင်ပြီး ရယ်ပြလိုက်သဖြင့် သီချင်းကို လိုက်မမှုတ်မိဘဲ ဖြစ်သွားသည်။ နောက်မှ မြန်မြန်လိုက်မှုတ်ရသည်။ မီးမီးက နဂိုကပြူးသော မျက်လုံးကို ပို၍ ပြူးပြသွားသည်။ မိခိုင်ကတော့ ကိုယ့်ကို မြင်ပင် မမြင်လိုက်ချေ။
ကိုယ်သည် ဝမ်းနည်းသွား၏။ ဘင်ခရာသင်တန်းကို မတက်ခဲ့ရသည့်အတွက် ပို၍ စိတ်မကောင်း ဖြစ်ရသည်။ အရင်ကလည်း သူတို့တတွေ သင်တန်းအကြောင်း ပြောနေကြပြီဆိုလျှင် ကိုယ်သည် ဘေးက ယောင်ချာချာဖြစ်ရင်း နားထောင်၍သာ နေရသည်။ ခုလည်း ကိုယ်တစ်ယောက်တည်း ယောင်လည်လည်။ ကိုယ်သာ သင်တန်းတက်ခဲ့ရလျှင် ခုချိန်ဆို သူတို့လိုပင် အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူ၊ ဖိနပ်အဖြူ၊ ဦးထုပ်အဖြူဖြင့် တီးဝိုင်းနှင့်အတူ ချီတက်နေရမှာပေါ့။ ခုတော့ ကိုယ်သည် သူတို့ကို ကြည့်ရင်း အားကျနေရုံပဲ။
အဲဒီညက ကိုယ်အိပ်မက်မက်သည်။ အိပ်မက်ထဲမှာ ကိုယ်သည် ဝတ်စုံအဖြူနှင့် လက်အိတ်ကလည်း အဖြူ၊ ကိုယ်သည် တီးဝိုင်း၏ရှေ့ဆုံးမှ အချက်ပြတုတ်ကြီးကို ဝှေ့ရမ်း၍ လျှောက်နေသည်။ ခဏကြာတော့ လူအုပ်ထဲမှ ဖေဖေပြေးထွက်လာပြီး ကိုယ့်လက်ထဲမှ တုတ်ကြီးကို ဆွဲလု၍ လွှင့်ပစ်လိုက်သည်။ မေမေနှင့် မိခိုင်က ဖက်ပြီး ငိုနေကြသည်။ ဦးလေးမောင်မောင်ကြီးနှင့် အန်တီလူးတို့က ဟားတိုက်ရယ်နေကြလေသည်။
* * *
ကိုယ်အိပ်ရာမှ နိုးသောအခါ ဧည့်ခန်းဆီမှ ထူးဆန်းသောအသံ ကြားရသည်။ ရယ်သံများဖြစ်ပါသည်။ ကိုယ်တို့အိမ်မှာ ဟက်ဟက်ပက်ပက် ဆူဆူညံညံ ရယ်သံမျိုးတွေ မကြားရတာ ကြာပြီ မဟုတ်လား။
ဂရုစိုက်ပြီး နားထောင်ကြည့်သည်။ ယောက်ျားရယ်သံကတော့ ဦးလေးမောင်မောင်ကြီးအသံ ဖြစ်ကြောင်း သိသည်။ မိန်းမရယ်သံကိုတော့ ခွဲခြားလို့မရ။ နောက်စကားပြောလိုက်မှ အန်တီလူးမှန်း သိသွား၏။ ကိုယ်သည် အခန်းပြင်သို့ မထွက်သေးဘဲ အိပ်ရာပေါ်မှာပင် လှဲနေရင်းက သူတို့ ဘာပြောကြမလဲဟု နားထောင်နေလိုက်သည်။ ဦးလေးမောင်မောင်ကြီးနှင့် အန်တီလူးကချည်း စကားတွေ ပြောသည်။ သူတို့နှင့်တူတူ ပြောနေသူမှာ ဖေဖေဖြစ်သည်။ ဖေဖေက တစ်ခွန်းတလေသာ ဝင်ပြောသည်။ ဖေဖေ့ရယ်သံကိုတော့ လုံးဝမကြားရ။ ဒီစကားဝိုင်းမှာ ဖေဖေပါနေသောကြောင့် မေမေ လုံးဝမပါကြောင်း ကိုယ်သိလိုက်ပြီ။
"မစောမြင့်ကောကွ”
ဦးလေးမောင်မောင်ကြီးက မေးသည်။ ဖေဖေပြန်ဖြေသံ မကြားရ။ တိုးတိုးဖြေသောကြောင့် မကြားရခြင်း ဖြစ်မည်။ ကိုယ်တို့အခန်းထဲရှိ စားပွဲတင်နာရီကလေးကို ကြည့်လိုက်သောအခါ ခုနှစ်နာရီခွဲခါနီးပြီ။ ဒီနေ့ တနင်္ဂနွေဖြစ်သောကြောင့် မေမေ ရုံးမသွားရချေ။ အခန်းထဲမှာလည်း မရှိ။ ဖေဖေတို့နှင့်တူတူ စကားထိုင်ပြောနေတာတော့ လုံးဝ မဖြစ်နိုင်ပါ။ မီးဖိုချောင်ထဲမှာ ရှိချင်ရှိမည်။ ဦးလေးမောင်မောင်ကြီး ပြောလိုက်သော စကားကြောင့် မေမေ ဈေးသွားကြောင်း သိလိုက်ရသည်။
“မစောမြင့်က နေ့တိုင်း ဈေးသွားလားကွ”
"မသိဘူး”
ဖေဖေက ပြန်ဖြေသည်။ အန်တီလူးက"ဖေအောင် ... ယူက အိမ်မှာ ဘယ်သူဈေးသွားတယ်ဆိုတာ မသိဘူးလား”
" အဲဒါ ငါ့အလုပ်မှ မဟုတ်ဘဲ'
“ဟုတ်ပါတယ်ကွာ၊ မင်းအလုပ်က စက်ယန္တရားတွေပဲပေါ့၊ ဒါပေမယ့် မင်းကိုယ်တိုင်က စက်ယန္တရားမှ မဟုတ်ဘဲ”
ဦးလေးမောင်မောင်ကြီးက ဝင်ပြောသည်။ ဖေဖေက ဘာမျှမပြော။ အန်တီလူးက ပြောပြန်သည်။
"ယူက ဖယ်မလီအပေါ်မှာ စိတ်ဝင်စားမှု နည်းတယ်ကွာ”
အင်္ဂလိပ်စကား ညှပ်ပြောသော်လည်း ကိုယ်နည်းနည်း သိသည်။ ယူဆိုတာက `မင်း ́။ အန်တီလူးက ဒီလိုပဲ ပြောနေကျ။ ပြီးတော့ ဖယ်မလီ ဆိုတာ 'မိသားစု' အင်္ဂလိပ်စာဆရာမ ဒေါ်လှလှတင်ကတောင် 'မိုင်ဖယ်မလီ' ဆိုပြီး စာစီစာကုံး ရေးခိုင်းဖူးသေးသည်။
“မင်းတို့ အဲဒီစကားမျိုးတွေ ခဏခဏ ပြောတယ်ကွာ၊ ဒီမှာ မောင်မောင်ကြီး ငါက မင်းတို့လို ပညာတတ်မဟုတ်တော့ မင်းတို့လို စကားလှည့်ပတ် မပြောတတ်ဘူး။ အေးကွာ...မင်းတို့တွေလို ဟန်ဆောင်ပြီးတော့လည်း မနေတတ်ဘူး။ ငါ့အလုပ်က ငွေရှာဖို့ပဲ။ ပြီးတော့ အိမ်သုံးစရိတ်အတွက် လိုလေသေးမရှိအောင် ပေးနိုင်ဖို့ပဲ။ တခြားဟာတွေ ငါနားမလည်ဘူး။ မင်းတို့ လျှောက်ပြောနေလည်း မောရုံပဲ ရှိမယ်”
ဖေဖေသည် စကားအရှည်ကြီး ပြောလေ့မရှိ။ ဒီတစ်ခါကျမှ ပြောခြင်းဖြစ်သည်။ သို့သော်လည်း ဖေဖေ့စကားတွေကို ကိုယ် သေသေချာချာ နားမလည်။
“ဖေအောင် ... ယူက ခုထိ ဂျစ်ပေပေလုပ်တုန်းပဲကိုး”
“အေးကွာ... မင်းဟာ ခုထိ အသိရခက်တုန်းပဲ”
အန်တီလူးနှင့် ဦးလေးမောင်မောင်ကြီးက ပြိုင်တူလိုလို ပြောလေသည်။ ဖေဖေက“မင်းတို့နှစ်ယောက်က တယ်လည်း ညီညွတ်ကြတာပဲ။ ဒါကြောင့် ငါပြောတာပေါ့"
“ဘာလဲ ဟေ့ကောင်၊ ကိုယ်တို့နှစ်ယောက်ကို ပေးစားဦးမလို့လား"
“အေး ... ဟုတ်တယ်၊ မင်းတို့နှစ်ယောက် သိပ်လိုက်တာပဲ”
“လုစ်ကတော့ မောင်မောင်ကြီးကို နည်းနည်းတော့ အင်ထရက်စ် ဖြစ်ခဲ့သားပဲ၊ ဒါပေမယ့် မောင်မောင်ကြီးဟာ ငယ်ငယ်တုန်းက ပေါကြောင်ကြောင်နဲ့မို့ အားမကိုးလောက်ဘူး ထင်ခဲ့တာ။ ခုလို အင်ကမ်းကောင်းမယ် ဆိုရင် ကိုအောင်ရွှေကို ဘယ်ယူမလဲ၊ သူ့ ယူမှာပေါ့”
“အေးလေ .. ခု ကိုအောင်ရွှေလည်း ဆုံးသွားပြီပဲ”
ဖေဖေက ဝင်ပြောသည်။ အန်တီလူးက ဆက်ပြောပြန်၏။
"ဟုတ်တယ် လုစ်လည်း ခု မုဆိုးမဘဝနဲ့ အားကိုးရာမဲ့နေတာနဲ့ အတော်ပဲ၊ ဘယ်လိုလဲ မောင်မောင်ကြီး ယူနဲ့ လုစ်နဲ့”
ဦးလေးမောင်မောင်ကြီးက ဘာမျှပြန်မပြောပါ။ အန်တီလူးက "အံမယ်၊ ယူကပဲ ရှက်ရတယ် ရှိသေး " ဟု ပြောလိုက်သည်။ ထိုအခါကျမှ ဦးလေးမောင်မောင်ကြီးက“မဟုတ်ပါဘူးဟာ၊ ကိုယ် စဉ်းစားနေတာပါ၊ ယူတာကတော့ ဟုတ်ပါပြီ၊ ယူပြီးတော့မှ တစ်အိမ်တည်းနေပြီး မခေါ်မပြောဘဲ ခပ်စိမ်းစိမ်း ဖြစ်နေကြရင် ဘယ်ကောင်းမလဲ”
ဦးလေးမောင်မောင်ကြီးနှင့် အန်တီလူးတို့ ရယ်ကြသည်။ ဖေဖေကတော့ မရယ်ဘူး ထင်သည်။ အေးလေ၊ ဖေဖေကတော့ အသံထွက်အောင် ရယ်တတ်တာမှ မဟုတ်တာ။
လူကြီးတွေဟာ တစ်မျိုးပဲဟု ကိုယ်ထင်သည်။ ခုပဲ ကြည့်ပါလား။ သူတို့သည် ရန်ဖြစ်ကြတော့မလို စကားမျိုးတွေ ပြောနေရာက ချက်ချင်း နောက်ပြောင်ပြီး ရယ်ချင်ရယ်လိုက်ကြသည်။ တော်ကြာကျတော့ ခပ်တည်တည်စကားတွေ ပြန်ပြောချင် ပြောကြပြန်သည်။ ကိုယ်မကျေနပ်ဆုံးက သူတို့ပြောသောစကားတွေကို ကိုယ်သိပ်နားမလည်ခြင်း ဖြစ်သည်။
ကိုယ်သည် အိပ်ရာထဲမှာ ဆက်မနေချင်တော့။ ကော်ဖီသောက်ချင်လှပြီ။ ထို့ကြောင့် အိပ်ရာမှ လူးလဲထပြီး အခန်းအပြင် ထွက်လိုက်သည်။ ကိုယ့်ကို မြင်သောအခါ ဦးလေးမောင်မောင်ကြီးက လှမ်း၍“ဟား ညီညီတောင် နိုးလာမှကိုး၊ ဦးလေးတို့ စကားသံတွေက ဆူလို့ လန့်နိုးလာတာလားကွ ဟေ”
ကိုယ်သည် ဦးလေးမောင်မောင်ကြီးကို လှမ်းပြုံးပြပြီး ဖေဖေ့ကို လှမ်းကြည့်မိသည်။ ဖေဖေ့မျက်နှာက နည်းနည်းခပ်တည်တည် ဖြစ်နေ၏။ ထို့ကြောင့် ဖေဖေ့ကိုတော့ ကိုယ် မပြုံးပြရဲချေ။ အန်တီလူးက ကိုယ့်ကို လှမ်းကြည့်ပြီး တစ်ခုခု ပြောမည်ပြုစဉ် ကိုယ်ရေချိုးခန်းဘက်သို့ ဝင်လာခဲ့သည်။
ကိုယ်သည် သွားမြန်မြန်တိုက်၊ မျက်နှာမြန်မြန်သစ်ပြီး အိမ်ရှေ့ခန်းသို့ ပြန်ထွက်လာခဲ့သည်။ ကိုယ်တို့ အခန်းထဲသို့ ပြန်ဝင်မည်ဟု ဧည့်ခန်းကို ဖြတ်ဝင်လိုက်ချိန်တွင် အိမ်ပေါက်ဝမှ ဝင်လာသော မေမေ့ကို လှမ်းမြင်လိုက်ရသည်။
မေမေသည် ဈေးက ပြန်လာခြင်းဖြစ်သည်။ လက်ထဲမှာ ခြင်းတောင်းကို ဆွဲထားသည်။ ဝင်လာလာချင်း ဖေဖေတို့ စကားဝိုင်းပြောနေကြသည်ကို မြင်သွားသည်။ မေမေက သူတို့ကို လှမ်းကြည့်သည်။ ဘယ်သူ့ကို ကြည့်လိုက်မှန်းတော့ ကိုယ်မသိ။ ပြီးမှ ကိုယ့်ကို လှည့်ပြုံးပြ၍ "သား.. နိုးပြီလား”ဟု မေးသည်။ ကိုယ်ခေါင်းညိတ်ပြလိုက်သည်။
ဦးလေးမောင်မောင်ကြီးက“မစောမြင့်တောင် ဈေးက ပြန်လာပြီ၊ ဘာတွေ ဝယ်ခဲ့သလဲဗျ၊ ကျွန်တော်တို့လည်း ဒီမှာ စားမှာနော်၊ လောက်ပါ့မလားဗျ”
မေမေက နည်းနည်းပြုံး၍ “ရပါတယ်”ဟု ပြောသည်။ ထို့နောက် သူတို့ဘေးက ဖြတ်လျှောက်လာသည်။ အန်တီလူးက..“ဟိတ်... ပြီးရင် လာဦးလေကွာ၊ စကားလေး ဘာလေး ပြောရအောင်"
“ပြောနှင့်ကွာ၊ နောက်ဖေးမှာ ချက်ရပြုတ်ရဦးမယ်”ဟု မေမေက ပြန်ပြောပြီး မီးဖိုဘက် ဝင်သွားသည်။ မေမေ့မျက်နှာက တစ်မျိုးပဲ။ ကိုယ် ဖေဖေ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဖေဖေသည် လက်ကြားထဲရှိ စီးကရက်မှ ထွက်နေသော မီးခိုးတွေကိုသာ စိုက်ကြည့်နေသည်။
ကိုယ်လည်း အိပ်ခန်းထဲ ဝင်လာခဲ့သည်။ မျက်နှာသုတ်ပြီးနောက် ကော်ဖီသောက်ဖို့ ပြန်ထွက်ခဲ့သည်။ ဧည့်ခန်းထဲတွင် ဦးလေးမောင်မောင်ကြီးနှင့် ဖေဖေသာ ရှိတော့သည်။ သူတို့နှစ်ယောက်သည် ဘာမျှမပြောကြဘဲ ငြိမ်နေ၏။ ဖေဖေကလည်း စီးကရက်ကိုသာ ဖွာရင်း အပေါ်ကို ငေးကြည့်နေသည်။ ဦးလေးမောင်မောင်ကြီးက စာရွက်တစ်ခုပေါ်မှာ ဘာတွေ ရေးနေသလဲ မသိ။ ရေးပြီးတော့ ဖေဖေ့ကို လက်ကုတ်၍ ပေးလိုက်သည်။ ဖေဖေက ယူပြီး ဖတ်ကြည့်သည်။ နောက် ခေါင်းညိတ်ပြသည်။ ကိုယ့်ကို တစ်ချက်လှမ်းကြည့်သည်။ ကိုယ် မီးဖိုထဲ ဝင်လာခဲ့သည်။
မီးဖိုချောင်ထဲမှာတော့ မေမေနှင့် အန်တီလူး ထိုင်နေကြသည်။ ကိုယ် ထမင်းစားခန်းထဲမှာ ဝင်ထိုင်ပြီး ပေါင်မုန့်ယိုသုတ်စားသည်။ ကော်ဖီသောက်သည်။ စားသောက်နေတုန်း အန်တီလူး ဝင်လာ၏။ ကိုယ့်ပခုံးပေါ် လက်လာထောက်သည်။
"အမယ် ညီညီက တစ်ယောက်တည်း စားနေတယ်၊ အန်တီ့ကို မကျွေးတော့ဘူးလား"
ကိုယ် မော့မကြည့်ဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်သည်။
“အလကား ပြောတာပါကွာ၊ ညီညီပဲ ဝအောင်စားပါ "
ကိုယ်က ဘာမျှမပြော။ သူ့ကိုလည်း မကြည့်ဘဲ ခေါင်းငုံ့၍သာ ကော်ဖီသောက်နေလိုက်သည်။ အန်တီလူးက ရယ်၍.."ဘာလဲ ညီညီက အန်တီတို့ဆူလို့ အိပ်ရာက လန့်နိုးသွားလို့လား၊ ဟုတ်လား၊ အိပ်ရေးပျက်သွားလို့ အန်တီတို့ကို စိတ်ကောက်နေတာလား”
ကိုယ် အန်တီလူးကို ဆတ်ခနဲ မော့ကြည့်လိုက်သည်။ ပြီးတော့ ကိုယ်ပြောသည်။
“ကိုယ် နိုးနေတာ ကြာလှပြီ”
* * *
ဟီးနိုးဘတ်စ်ကားကြီးသည် အရမ်းမြန်သည်။ ဦးလေးမောင်မောင်ကြီးနှင့် ကိုယ်သည် ဥဿာဒဂုံကားဖြင့် ရန်ကုန်သို့ သွားကြခြင်း ဖြစ်ပါသည်။ ဦးလေးမောင်မောင်ကြီး ဒီတစ်ခေါက် ကိုယ်တို့ဆီလာသော ရက်သည် ဒီဇင်ဘာကျောင်းပိတ်ရက် ဖြစ်သည်။ ဦးလေးမောင်မောင်ကြီးက ကိုယ့်ကို ရန်ကုန်ခေါ်သွားချင်သည်ဟု ဖေဖေနှင့် မေမေတို့ကို ပြောပြီး ခေါ်ခဲ့သည်။ ကိုယ်တို့သည် မနက်အစောကြီး ထပြီး ဥဿာဒဂုံ ဟီးနိုးကားသစ်ကြီးဖြင့် ထွက်လာခဲ့ခြင်းပင် ဖြစ်လေသည်။
ကိုယ်တို့ကားကြီးသည် ထုံးကြီးတို့၊ သနပ္ပင်တို့ သွားသော ကားစုတ်တွေနှင့် ကွာချင်တိုင်းကွာသည်။ ဟိုကားတွေလို ဂျုံးဂျုံးဂျိုင်းဂျိုင်းလည်း မမြည်။ မြန်လိုက်တာကလည်း လမ်းဘေးက ဓာတ်တိုင်တွေဆိုတာ “ဝှစ်ခနဲ၊ ဝှစ်ခနဲ " ကျန်နေခဲ့သည်။
ကိုယ်သည် ရန်ကုန်သွားရသဖြင့် အရမ်းပျော်နေမိ၏။ ဟိုရောက်လျှင် တိရစ္ဆာန်ရုံတို့၊ ငါးပြတိုက်တို့၊ ကရဝိက်တို့ကို လိုက်ပြမည်ဟု ဦးလေးမောင်မောင်ကြီးက ပြောသည်။ သမ္မတရုံမှာ ပြနေသော စုံထောက်ကားကိုလည်း လိုက်ပြမည်တဲ့။ ပြီးတော့ ဘွားမေသိန်းတို့အိမ်ကို လိုက်ပို့ဦးမည်။ အဲဒီမှာ နှစ်ရက်၊ သုံးရက်လောက် နေပြီးမှ ပြန်ရမည်ဟု ဆိုသည်။
မြို့က စထွက်ကတည်းက လမ်းဘေးမှာ လယ်ကွင်းပြင်ကြီးတွေကို မြင်ရသည်။ ဟိုးအဝေးကြီးတွေမှာ ဘုရားတွေ ခဏခဏ တွေ့ရ၏။ ဦးလေးမောင်မောင်ကြီးသည် ရှေးတုန်းက အကြောင်းတွေကို ပြောပြနေသည်။
"ပဲခူးမြို့တဝိုက်ကို အရင်က ဟံသာဝတီလို့ ခေါ်တယ်၊ မွန်တွေရဲ့ ဒေသပေါ့၊ အဲဒီတုန်းက ဟံသာဝတီဘုရင်က ရာဇဓိရာဇ်တဲ့။ ဒီအချိန်မှာ အင်းဝနဲ့ ဟံသာဝတီကလည်း မကြာမကြာ စစ်ဖြစ်ကြတယ်။ အင်းဝဘုရင် မင်းခေါင်မှာ သားတော်တစ်ပါးရှိတယ်။ သူ့နာမည်က မင်းရဲကျော်စွာတဲ့”
“မင်းရဲကျော်စွာ"
ဒီနာမည်ကို ကြားဖူးသည်။ ဘယ်မှာလဲ။ ဪ... သိပြီ။ တော်လှန်ရေးနေ့ဆိုလျှင် ရေဒီယိုမှ စစ်ချီသီချင်းတွေ လာတတ်သည်။ “မင်းရဲကျော်စွာ၊ တပင်ရွှေထီးပုံညီ၊ ဘုရင့်နောင်ခါ၊ အလောင်းဘုရားတို့သည်” ဆိုသော သီချင်းလည်း ပါသည်။ ပြီးတော့လည်း မိခိုင်တို့ တင်အောင်ခိုင်တို့ ဘင်ခရာသင်တန်းအတွက် ပြွေမှုတ်လေ့ကျင့်နေတုန်းကလည်း ဆိုတာ ကြားဖူးသည်။
"အေး ... ဟုတ်တယ်ကွ၊ မင်းရဲကျော်စွာဆိုတာ မင်းခေါင်ရဲ့သား ဖြစ်သလို အင်းဝစစ်တပ်ရဲ့ စစ်သေနာပတိချုပ်လည်း ဖြစ်တယ်။ သူ စစ်သေနာပတိလုပ်ပြီး စီမံအုပ်ချုပ်ပြီးတိုက်တာ အင်းဝတပ်တွေဟာ ဟံသာဝတီကို တိုက်ပွဲတော်တော်များများမှာ နိုင်ခဲ့တယ်ကွ၊ ဒါပေမယ့်”
"ဘာဖြစ်လို့လဲ ဦးလေး"
“မင်းရဲကျော်စွာဟာ စစ်တိုက်တာလည်း တော်တယ်၊ ဉာဏ်လည်း ကောင်းတယ်၊ ဒါပေမယ့် အသက်သိပ်ငယ်သေးတော့ အတွေ့အကြုံနည်းသေးတာပေါ့။ သူနဲ့ ပြိုင်ဘက် ဟံသာဝတီဘုရင် ရာဇာဓိရာဇ်ကျတော့ သတ္တိလည်း ရှိတယ်။ ဦးနှောက်လည်း ကောင်းတယ်။ အတွေ့အကြုံလည်း များပြီး၊ ပြီးတော့ သူ့ဆီမှာ လဂွန်းအိမ်၊ မင်းကန်စီစတဲ့ သူရဲကောင်းတွေ ပညာရှိတွေလည်း အများကြီးရှိနေတယ်။ ဒီတော့ကာ ရာဇာဓိရာဇ်ဟာ တချိန်မှာ မင်းရဲကျော်စွာကို ဒဏ်ရာပြင်းထန်စွာနဲ့ ဖမ်းမိလိုက်တာပေါ့"
“သတ်ပစ်လိုက်ရောလား ဟင်”
“မသတ်ဘူးကွ၊ ရာဇာဓိရာဇ်ဟာ သူရဲကောင်းတွေကို အလွန်ချစ်မြတ်နိုးတာပဲ။ ဒါကြောင့် မင်းရဲကျော်စွာကိုလည်း ဒဏ်ရာတွေ ပျောက်အောင် ဆေးကုပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် မင်းရဲကျော်စွာကလည်း သူရဲကောင်းပဲ။ ရန်သူက ဆေးကုပေးတာကိုတော့ မခံဘူး။ အသက်သာ အသေခံမယ်လို့ ပြန်ပြောလိုက်တယ်။ ရာဇာဓိရာဇ်လည်း လက်လျှော့လိုက်ရတာပေါ့။ ဒါနဲ့ အဲဒီဒဏ်ရာတွေကြောင့်ပဲ မင်းရဲကျော်စွာလည်း သေဆုံးသွားရှာတာပေါ့”
ဦးလေးမောင်မောင်ကြီးက ခဏ စဉ်းစားပြီး ဆက်ပြောသည်။
“နေဦးကွ၊ ဦးလေးပြောဖို့ တစ်ခုမေ့နေတယ်၊ မင်းရဲကျော်စွာဟာ စစ်သေနာပတိကြီး ဖြစ်တဲ့အချိန်မှာ အသက်ဘယ်လောက် ရှိပြီထင်လဲ”
ကိုယ် ခေါင်းခါပြသည်။
“အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးတယ်ကွ”
“ဟင်... ငယ်ငယ်လေး၊ ကိုယ်တို့အရွယ်ပဲပေါ့”
“အေးပေါ့ကွ”
ကိုယ်တွေးကြည့်သည်။ စိတ်ကူးထဲတွင် ကိုယ်သည် မင်းရဲကျော်စွာ ဖြစ်နေသည်။ စစ်ဗိုလ်ချုပ်အဝတ်အစားနှင့် သံခမောက်ကြီးကို ဆောင်းပြီး ဓားကြီးကို ကိုင်ထားသည်။ ကိုယ်သည် ဆင်ကြီးပေါ်မှာ မတ်တပ်ရပ်ပြီး အမိန့်တွေ ပေးနေသည်။ ကိုယ်က မင်းရဲကျော်စွာဆိုလျှင် ဖေဖေက ဘုရင်မင်းခေါင်ပေါ့။ မိဖုရားကြီးက မေမေပေါ့။ ဒါဆို ရာဇာဓိရာဇ်၏နေရာမှာ ဘယ်သူ့ကို ထားလျှင် ကောင်းမလဲ။ ကိုယ်သည် ဦးလေးမောင်မောင်ကြီးကို “ ဦးလေး"ဟု ခေါ်လိုက်သည်။ သူက ကားအပြင်ကို ကြည့်နေရာမှ လှည့်ကြည့်သည်။ ကိုယ်က မေးလိုက်သည်။
"မင်းရဲကျော်စွာမှာ မိန်းမရှိလားဟင်”
ဦးလေးမောင်မောင်ကြီးက အကျယ်ကြီး ရယ်လိုက်သည်။ ဟိုဘက်ခုံက အိပ်ငိုက်နေသော လူကြီးပင် လန့်ပြီး လှည့်ကြည့်ရသည်။
ကိုယ် ရှက်သွားလေ၏။
* * *
ဘွားမေသိန်းသည် ကိုယ့်ကို မြင်မြင်ချင်း မမှတ်မိချေ။ ကိုယ်က ပြုံးပြလိုက်သောအခါကျမှ “ဟယ်.. ငါ့မြေး ညီညီ”ဆိုပြီး ကိုယ့်ဆီ ပြေးလာသည်။ ကိုယ့်ကို တအားဖက်ထား၏။ ကိုယ့်ပါးကိုလည်း အကြာကြီးနမ်းသည်။ ပြီးတော့ ကိုယ့်ကို အတင်းပွေ့ချီသည်။ သို့သော်လည်း ဘွားမေသိန်း ကိုယ့်ကို မချီနိုင်၊ "အင်း အင်း” ဆို ဖြစ်နေပြီး သူမနိုင်မှန်းသိတော့မှ ရယ်လိုက်သည်။ ဘွားမေသိန်းရယ်လျှင် အားရပါးရ ရယ်တတ်သော်လည်း အသံထွက်လေ့ မရှိပါ။ ဘွားမေသိန်းသည် ကိုယ်နှင့် နည်းနည်းခွာရပ်လိုက်သည်။ ကိုယ့်ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်၍ စေ့စေ့ကြည့်သည်။
“ကြည့်စမ်း၊ ညီညီတောင် လူပျိုကြီး ဖြစ်နေမှကိုး"
လူပျိုကြီးဆိုသည်မှာ ဖေဖေတို့အရွယ်ထိ မိန်းမမရသေးသော ဦးလေးမောင်မောင်ကြီးလို၊ ပြီးတော့ ကိုယ်တို့လမ်းထဲက ခြင်းလုံးချန်ပီယံ ဦးလေးကိုစိုးထွန်းတို့လို လူမျိုးကို ခေါ်သည်ဟုသာ နားလည်ခဲ့သော ကိုယ်သည် ဘွားမေသိန်း စကားကြောင့် တစ်မျိုးကြီး ဖြစ်သွားပြီး ရှက်သလိုလိုလည်း ဖြစ်သွားသည်။
ဦးလေးမောင်မောင်ကြီးက နောက်နေ့မနက်ကျမှ တိရစ္ဆာန်ရုံသွားဖို့ လာခေါ်မည်ဟု ပြောပြီး ပြန်သွားသည်။ ကိုယ်ရောက်သွားသောအချိန်တွင် ဘွားမေသိန်း၏သား ဦးလေးချစ်နှင့် ဒေါ်လေးသန့်တို့ ရုံးသွားနေကြပြီ၊ ကိုယ်နှင့် နှစ်ဝမ်းကွဲတော်သည်ဟု ဦးလေးမောင်မောင်ကြီးက ပြောပြခဲ့သော ကိုတွတ်တို့၊ နီလာတို့၊ သီတာတို့ကတော့ ကိုယ့်အနားမှာ လာဝိုင်းရပ်ပြီး ကိုယ့်ကို ကြည့်နေကြသည်။ ဘွားမေသိန်းက ကိုယ့်ကို မေး၏။
“ဟဲ့ ..ငါ့တူမ မစောမြင့်လေး နေကောင်းရဲ့လား "
“ကောင်းပါတယ် ဘွားမေသိန်းရဲ့ "
“ဒါနဲ့ ဟိုကောင် နင့်အဖေ လူ့ဂွစာကော”
ကိုယ် ခေါင်းညိတ်လိုက်သည်။ ဖေဖေ့အကြောင်း ဘာမေးတာမှန်းမသိ၍ ကိုယ်မဖြေခြင်း ဖြစ်သည်။ နေကောင်းရဲ့လားလို့ မေးတာလား။ တခြား ဘာလည်း မသိ။
ဘွားမေသိန်းသည် ဘယ်လိုလဲ မသိ။ တကယ်ဆိုလျှင် ဖေဖေက ဘွားမေသိန်း၏တူတော်သည်ဟု ပြောသည်။ ဖေဖေ့ကိုကျတော့ ဟိုကောင် လူ့ဂွစာတဲ့။ မေမေ့ကျတော့ ငါ့တူမ မစောမြင့်လေးတဲ့။ ဘွားမေသိန်းသည် ဖေဖေ့ကို သိပ်မကြည်ဘူးလား မသိ။ ဘာလို့လဲ မသိ။
ဘာပဲဖြစ်ဖြစ် ရန်ကုန်မှာ ကိုယ်ပျော်တာတော့ အမှန်ပါပဲ။ ဦးလေး မောင်မောင်ကြီးရယ်၊ ကိုယ်ရယ်၊ ကိုတွတ်ရယ်၊ တိရစ္ဆာန်ရုံကို သွားကြသည်။ သီတာနှင့် နီလာကတော့ ငယ်သေးလို့ မခေါ်ခဲ့ချေ။ တိရစ္ဆာန်ရုံထဲမှာ အကောင်တွေမျိုးစုံပဲ ကိုယ်ကြည့်ရသည်။ ငှက်တွေကလည်း အများကြီး။ ရထားလည်း စီးရသည်။ ငါးပြတိုက်ကို သွားကြည့်တော့ ရွှေငါးလေးတွေ အရမ်းလှသည်။ ငါးခူအဖြူလည်း ရှိသည်။ အဝါလည်း ရှိသည်။
ပြီးတော့ သမ္မတရုံမှာ စုံထောက်ကား သွားကြည့်သည်။ အရမ်းကောင်းသည်။ ဇာတ်လိုက်က ရေရေလည်လည် သားနားသည်။ ဖိုက်လည်း အပြတ်ဖိုက်သည်။ ပြီးတော့ သမ္မတရုံ ဆိုတာကလည်း ကိုယ်တို့ဆီက ရုံတွေနှင့် တခြားစီ။ ထိုင်ခုံတွေ ဘာတွေကလည်း သားနားသည်။ လိုက်ကာကြီးကလည်း အရမ်းလှသည်။ ပိတ်ကားကြီးကလည်း အကျယ်ကြီး။ ပြီးတော့လည်း အဲယာကွန်းနေးရှင်းနဲ့။ ရုံထဲမှာ အေးနေတာပဲ။
သမ္မတရုံထဲရောက်မှ တစ်ခါက ကိုယ်တို့ကို တင်အောင်ခိုင် အကြောင်ရိုက်တာ သွားသတိရသည်။ ဟိုအရင် ဒီကောင် ရန်ကုန်သွားလည်ပြီး ပြန်လာတုန်းက ဖြစ်သည်။ ကိုယ်တို့ကို ပြောပြသည်။ ရန်ကုန်သမ္မတရုံမှာ ရုပ်ရှင်ပြနေတုန်း ပန်ကာပြုတ်ကျလို့ လူသုံးယောက်သေသွားတယ်တဲ့။ ကိုယ်တို့လည်း တကယ်ယုံပြီး တစ်ယောက်တစ်မျိုး ကိုယ်ထင်တာ ပြောနေကြတာပေါ့။ ဒါကို ကြည့်ပြီး တင်အောင်ခိုင်က အပြတ်ဟားသည်။ ဟုတ်တယ်လေ။ သမ္မတရုံဆိုတာ လေအေးစက်နဲ့ရုံပဲ။ ပန်ကာမှ တပ်မထားတာ။
ရုပ်ရှင်ပြီးလို့ ထွက်လာတော့ ရွှေလမင်းတီးဟောက်စ်မှာ ပဲပလာတာ စားရသည်။ ပြီးတော့ ကော်ဖီသောက်ရသည်။ အဲဒီ ရွှေလမင်းတီးဟောက်စ်ရှေ့က လမ်းမှာဆိုရင် ဈေးဆိုင်တွေ အများကြီးပဲ။ အင်္ကျီတွေ ဘာတွေဆိုတာ လမ်းဘေးမှာ ပုံရောင်းနေတာ။ ပြီး ဒီဘက်က ဆိုင်တွေကျတော့ ဘာတွေမှန်း မသိသော ပစ္စည်းတွေ မျိုးစုံနေသည်။ ခေါင်းစွပ်လို ဟာမျိုးတွေ၊ လက်အိတ်တွေ၊ ရေဒီယိုသေးသေးလေးတွေ၊ မီးခြစ်တို့၊ ဖောင်တိန်တို့လည်း ပါသည်။ ဘွတ်ဖိနပ်အရှည်ကြီးတွေရော နောက် ကိုယ်ဘာမှန်းမသိတာတွေရောပဲ။
ကိုယ်စိတ်အဝင်စားဆုံးက ကစားစရာကားလေးတွေ၊ တခြားအရုပ်မျိုးစုံတွေ သိပ်လှသည်။ တစ်နေရာကျတော့ လူတွေ အုံနေလို့ ကိုယ်တို့လည်း အတင်းဝင်တိုးကြည့်သည်။ ဦးလေးမောင်မောင်ကြီးက အပြင်မှာ ရပ်စောင့်နေသည်။ လူတွေကြားထဲ ဝင်တိုးပြီး ကြည့်လိုက်တော့ ကစားစရာ ခွေးရုပ်ကလေး တစ်ရုပ်။ ခွေးကလေးက လမ်းလျှောက်နေသည်။ ထိုအချိန်မှာ လူကြီးက လက်ခုပ်တီးလိုက်သည်။ ဖြောင်းခနဲလည်း မြည်သွားရော ခွေးကလေးက လမ်းလျှောက်နေရာမှ ရပ်ပြီး ခေါင်းကလေး မော့ကာမော့ကာနဲ့ `အုအုအု' ဆို အော်သည်။ ပြီးမှ ဆက်လျှောက်ပြန်သည်။ နောက်တစ်ခါ လက်ခုပ်တီးလိုက်တော့ ခုနလို ရပ်ပြီး အော်ပြန်သည်။ လက်ခုပ်တီးရုံနဲ့ အရုပ်ခွေးက ဘယ်လိုလုပ် သိသလဲ မသိဘူး။ ကစားစရာ ခွေးအရုပ်ထဲကို တကယ့်ခွေးစိတ်မျိုး ထည့်ထားလို့ ရသလားဟု ကိုယ် အံ့သြနေလေသည်။
ကိုတွတ်ကတော့ အဲဒီ အရုပ်ကို ကြည့်ပြီး အရမ်းလိုချင်နေသည်။ ဦးလေးမောင်မောင်ကြီးရှိရာ တိုးထွက်သွားပြီး ဝယ်ပေး ဝယ်ပေးဟု အော်ငိုသည်။ ဦးလေးမောင်မောင်ကြီးက ချော့ပြီး ခေါ်သွားရ၏။ တကယ်ပြောရလျှင် အဲဒီ အရုပ်ကလေးကို ကိုယ်လည်း လိုချင်တာပါပဲ။
* * *
ဘွားမေသိန်းတို့ အိမ်မှာလည်း ကိုယ်ပျော်ပါသည်။ ဘွားမေသိန်းသည် ဟင်းချက်အလွန်ကောင်းသည်။ တစ်နေ့တစ်မျိုး မထပ်အောင် ချက်ကျွေးသည်။ ကိုယ်အကြိုက်ဆုံးမှာ ဝက်သားကို ပုန်းရည်ကြီးနှင့် ချက်သော ဟင်းဖြစ်သည်။ စားလို့အရမ်းကောင်းသည်။ ထမင်းတစ်ခါစားလျှင် အနည်းဆုံး နှစ်ပန်းကန်လောက် ကုန်အောင် စားနိုင်သည်။ ဘွားမေသိန်းကတောင်မှ ဒီလေးငါးရက်အတွင်းမှာ ကိုယ့်အသားတွေ ပြောင်တက်လာသည်ဟု ပြောလေ၏။
ဦးလေးချစ်၏ကလေးတွေဖြစ်သော ကိုတွတ်တို့၊ သီတာတို့၊ နီလာတို့ကလည်း ကိုယ့်ကို သိပ်ချစ်ကြပါသည်။ ကိုတွတ်က အသက်ရှစ်နှစ်ရှိပြီ။ သီတာက ခြောက်နှစ်၊ နီလာက လေးနှစ်။ ကိုတွတ်ကြီးက သဘောလည်း ကောင်းသည်။ လိမ်လည်း လိမ်မာသည်။ သူ့ညီမလေးတွေကိုလည်း သိပ်ညှာတာပဲ။ သီတာကတော့ ချွဲတတ်သည်။ နီလာကျတော့ အငယ်ဆုံးမို့လား မသိ၊ အစ်ကိုတွေ၊ အစ်မတွေအပေါ်မှာ နွဲ့ဆိုး ဆိုးသည်။ တစ်အိမ်လုံးမှာ သူက ဗိုလ်ပဲ။ သူ့အသံ စာစာ စာစာနှင့် အမြဲတမ်း ဆူညံနေတတ်သည်။ ကျောင်းပိတ်ရက်မှာ ကိုယ်ရောက်သွားသောကြောင့် သူတို့ ပိုပျော်ကြလေသည်။ ကိုယ်က သူတို့ကို စက္ကူဖြင့် အရုပ်ကလေးတွေ လုပ်ပေးသည်။ ဦးလေးမောင်မောင်ကြီး ပြောပြသော ပုံပြင်တွေကို ပြန်ပြောသည်။
ဦးလေးချစ်တို့ ဒေါ်လေးသန့်တို့ကလည်း သဘောကောင်းပါသည်။ ကိုယ့်ကိုလည်း ဂရုစိုက်သည်။ ညတိုင်ကျပြီဆိုလျှင် ဦးလေးချစ်က လမ်းထိပ်က ဈေးဆိုင်တန်းမှာ ဆီချက်ခေါက်ဆွဲတို့၊ ပလာတာတို့၊ ပဲဟင်းနှင့် နံပြားတို့ လိုက်ကျွေးတတ်သည်။ ဦးလေးချစ်သည် စကားပြောလျှင် အော်ကျယ် အော်ကျယ်နှင့် ပြောတတ်သည်။ ပြီးတော့လည်း သူ့ပါးစပ်ပြဲကြီးနှင့် တဟားဟား ရယ်တတ်သည်။
ဒေါ်လေးသန့်ကတော့ တဟားဟား ရယ်ဖို့ပင် အချိန်မရ။ မနက် အစောကြီးထပြီး ဈေးသွားရသည်။ ပြန်လာတော့ ဘွားမေသိန်းနှင့်အတူ ထမင်း၊ ဟင်း ကူချက်ရသည်။ ပြီးတော့ ကိုတွတ်တို့ကို ရေမိုးချိုး အဝတ်အစား လဲပေး။ သူလည်း ရေချိုးအဝတ်အစားလဲပြီး ရုံးသွားရသည်။ ရုံးကပြန်လာတော့လည်း ညနေစာစားဖို့ ပြင်ဆင်ရသည်။ တစ်ခါတလေ ဦးလေးချစ်က ညောင်းတယ်ဆိုလျှင် နင်းပေးနှိပ်ပေးရသေးသည်။ ဒီလောက်အလုပ်များတဲ့ ကြားထဲကပင် ကိုယ်ထမင်းစားလျှင် ဘေးမှာလာထိုင်ပြီး ဟင်းတွေ ဘာတွေ ဂရုစိုက်ပြီး ခပ်ထည့်ပေးတတ်ပါသေးသည်။
ကိုယ်မပြန်ခင်တစ်ရက်က ဘွားမေသိန်း၏သားကြီး ဦးလေးသောင်း လာသည်။ ဘွားမေသိန်းအတွက် လိမ္မော်သီးတွေ ဝယ်လာသဖြင့် ကိုယ်တို့တောင် တစ်ယောက်တစ်လုံး ရသေးသည်။ ဦးလေးသောင်းက ကိုယ်ရယ်၊ ကိုတွတ်ရယ်၊ သီတာ၊ နီလာတို့ကို ခေါ်ပြီး ရွှေတိဂုံဘုရား သွားကြသည်။ ဘုရားပေါ်ကို ဓာတ်လှေကားနှင့် တက်ရသည်။ ဘုရားပေါ် ရောက်တော့ ဦးလေးသောင်းက ကိုယ်တို့ကို တစ်ယောက်လျှင် ငါးပြားစေ့ အစေ့နှစ်ဆယ်စီ ပေးသည်။ ကိုယ်တို့သည် ဘုရားပေါ်က အလှူခံပုံးတွေ မယ်သီလရှင်တွေကို ငါးပြားစီ၊ ငါးပြားစီ အလှူထည့်ကြရသည်။
ကိုယ့်အတွက် ရန်ကုန်လာရတာ အရမ်းတန်သည်။ အစုံလည်း လျှောက်လည်ရသေးသည်။ ကောင်းကောင်းလည်း စားရသေးသည်။ ပြီးတော့..
“အိမ်မှာ ထမင်း၊ ဟင်း ဘယ်သူချက်လဲ”
“ဆော်လီမား"
"ဘာ”
"ဟိုလေ ငှားထားတဲ့ ကုလားမကြီး ပြောတာ”
“ ဪ... ဪ “
"ရုံးပိတ်ရက်တွေကျရင် မေမေချက်တယ်”
"နင့်အဖေက ပိုက်ဆံမှန်မှန်ပေးရဲ့လား"
“ပေးတယ် ဘွားမေသိန်း၊ တစ်လ ခုနှစ်ရာ၊ တစ်ခါတလေ ပိုတောင် ပေးသေးတယ်”
ကိုယ်က တခါ ဖေဖေရေးထားသော စာကို တွေ့ဖူးသဖြင့် ထိုအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။ ဘွားမေသိန်းက ခေါင်းတညိတ်ညိတ်လုပ်နေသည်။ ပြီးမှ "နင့်အဖေနဲ့ အမေ စကားမှပြောကြရဲ့လား၊ တစ်ယောက်နဲ့တစ်ယောက်”
ကိုယ် ဘယ်လိုဖြေရမှန်း မသိ။ လိမ်လည်း မလိမ်ချင်ပါ။ အမှန်အတိုင်းလည်း မပြောချင်သလို ဖြစ်နေသည်။ ဘွားမေသိန်းက ကိုယ့်မျက်နှာကို စိုက်ကြည့်ပြီး...“မပြောကြဘူး မဟုတ်လား"
ကိုယ် ခေါင်းညိတ်ပြီး “ဟုတ်ကဲ့ ́"ဟု တိုးတိုး ပြောလိုက်သည်။
"အင်း ... ဖေအောင်၊ ဖေအောင် တော်တော်ခက်သေးတယ်”
ဘွားမေသိန်းက ညည်းသလို ပြောသည်။ သူ့ဘာသာသူ လိပ်ထားသော ဆေးပေါ့လိပ်ကြီးကို ပါးစပ်မှာ တပ်လိုက်ပြီး မီးညှိသည်။ တော်တော်နှင့် ညှိလို့မရ။ ဖွာလိုက် မီးခိုးထွက်လာလိုက် ပြန်မီးသေသွားလိုက် ဖြစ်နေသည်။ ဘွားမေသိန်းက ဆေးပေါ့လိပ်ကို ငါးသေတ္တာခွက်ထဲသို့ ဆောင့်ချထည့်လိုက်ရာ ဆေးရိုးတွေ ထွက်ကျကုန်သည်။
“နင့်အဖေက တော်တော်ခွကျတဲ့ ကောင်ပဲ”
ကိုယ်ယောင်ပြီး ခေါင်းညိတ်မိသည်။ တော်ပါသေးရဲ့။ ဘွားမေသိန်းက ကိုယ့်ကို ကြည့်မနေလို့။
“ဘယ်လောက်ထိ ခွကျသလဲဆိုရင် သူတို့နှစ်ယောက် ညားကာစလား၊ တစ်နှစ်လောက်ကြာတော့လား မသိဘူး။ ငါနေမကောင်းလို့ ထင်တယ်။ မစောမြင့်က ဟင်းဝင်ချက်တာ။ ဒါနဲ့ ဖေအောင်က ထမင်းစားရော ဆိုပါတော့။ ချဉ်ရည်ဟင်းတစ်ဇွန်းကို ခပ်သောက်ကြည့်ပြီးတော့ 'ဒါ ဘာဟင်းလဲ'တဲ့ မေးတယ်။ မစောမြင့်က 'ချဉ်ရည်ဟင်း'လို့ ပြန်ပြောတော့ နင့်အဖေက ဘာပြောတယ် မှတ်သလဲ။ 'ချဉ်ရည်ဟင်းကလည်း ချဉ်လိုက်တာ'တဲ့။ မစောမြင့်ကတော့ ဘာမှမပြောပါဘူး။ ငါကသာ ကြားထဲက မနေနိုင်လို့ 'ဟဲ့ ဖေအောင်ရဲ့ ၊ ချဉ်ရည်ဟင်းက မချဉ်လို့ ဘယ်လိုနေရမှာလဲ' ဆိုတော့ 'ချဉ်ရည်ဟင်းပေမယ့် မချဉ်အောင် ချက်လို့ ရတယ်' လို့ ပြောပြီး ထထွက်သွားရော။ ထမင်းပွဲကြီး ဒီအတိုင်း ထားပစ်ခဲ့တယ်။ ကဲ... ဘယ်လောက် ခွတီးခွကျလုပ်သလဲ ဆိုတာ”
ဘွားမေသိန်းသည် ဆေးပေါ့လိပ်ကို ကောက်ယူပြီး မီးညှိပြန်သည်။ သည်တစ်ခါတော့ မီးညှိလို့ ရသွားသည်။ ဆက်တိုက်ဖွာနေရာ မီးခိုးတွေ အူထွက်လာသည်။ ကိုယ်လည်း ဘာမျှဝင်မပြောဘဲ အသာငြိမ်နေသည်။ ဘွားမေသိန်းသည် ဖေဖေတို့၊ မေမေတို့အကြောင်း တစ်ခုခု ဆက်ပြောလိမ့်မည်ဟု ထင်နေသည်။ ပြောလည်း ပြောသည်။
“အင်း... ဖေအောင်ဟာ တူဆိုပေမယ့် တကယ်တော့ ငါ့မွေးစားသားလို့ ပြောရင် ရပါတယ်၊ အစ်ကိုနဲ့ အစ်မတို့ ကွဲကြတော့ ဖေအောင် လေး၊ ငါးနှစ်လောက်ပဲ ရှိဦးမယ်။ သူ့ကို အစ်ကိုက ခေါ်သွားတယ်။ အစ်ကို့လက်ထဲမှာတုန်းက ဖြစ်သလိုနေရတယ် ဆိုပေမယ့် အနှိပ်စက် မခံရဘူး။ အစ်ကိုလည်း ဆုံးရော ဖေအောင့်ကို အစ်မတို့က ခေါ်ထားလိုက်တယ်။ အဲဒီအချိန်မှာ အစ်မက နောက်အိမ်ထောင်နဲ့ ဖြစ်နေပြီ။ ဖေအောင် ဆယ်နှစ်သားပေါ့။ ဟင်း .... ပြောပြန်ရင်လည်း ယောင်းမမို့ မကောင်းပြောတယ် ဖြစ်ဦးမယ်"
ဘွားမေသိန်းက ပြောနေရာမှ ဆေးလိပ်ကောက်ဖွာပြန်သည်။ ပြောပြန်ရင်လည်း မကောင်းဘူးဆိုတော့ သွားမေသိန်း ဆက်မှပြောပါ့မလားဟု ကိုယ်စိုးရိမ်သွားသည်။ သို့သော်လည်း ဘွားမေသိန်း ဆက်ပြော၏။
“အစ်မဟာ ဖေအောင့်အပေါ်မှာ ကြင်ကြင်နာနာ မရှိဘူး၊ ပထွေးက ခပ်တော်တော်ရယ်၊ သူက ပိုဆိုးနေတယ်။ အေးလေ သူ့လင်ဆီက မျက်နှာကောင်းရအောင် နှိပ်စက်ပြရတာလားတော့ မသိဘူးပေါ့။ ဟိုကလေးတွေကိုသာ ဂရုစိုက်လိုက်ရတာ ဖူးဖူးကို မှုတ်နေတာပဲ။ ဖေအောင်ကတော့ ဘေးလူမြင်ရင် သားလို့တောင် ထင်ရက်စရာ မရှိဘူး။ အိမ်မှာခိုင်းထားတဲ့ ကောင်လေးတစ်ယောက်ပဲ။ အဲဒါနဲ့ ဖေအောင်က တခါ အိမ်က ထွက်ပြေးသေးတယ်။ ပြန်မိတော့ သေလုအောင် အရိုက်ခံရတာပေါ့။ အဲဒီတခါ ရိုက်တော့ ပထွေးပါ ဝင်ပါလာတယ်။ အဲ... ဖေအောင်ဟာ အဲဒီတုန်းကတည်းက အင်းလေ ခံရဖန်များလို့ ထုံသွားသလား မသိဘူး။ အရိုက်ခံရရင် ဘယ်တော့မှ မငိုဘူး။ ပေပြီး ခံတယ်”
ကိုယ်သည် သင်္ချာဆရာက ဟိုတစ်ခါ ကိုယ့်ကို ရိုက်တုန်းကအကြောင်း သွားသတိရသည်။ အဲသည်တုန်းကလည်း ဆရာရိုက်တော့ ကိုယ် မငိုဘဲ ပေပြီး ရပ်နေခဲ့တာ မဟုတ်လား။ ကိုယ်သည် ဖေဖေနှင့် တူလို့ပါလား မသိ။ သို့သော်လည်း အရိုက်ခံရလွန်းလို့ ထုံသွားတာတော့ မဖြစ်နိုင်။ ဖေဖေနှင့်မေမေသည် ကိုယ့်ကို တခါမျှ မရိုက်ဖူးပါ။ ဘာဖြစ်လို့လဲ ဟု မစဉ်းစားနိုင်ခင် ဘွားမေသိန်းက ပြောပြန်သည်။
“သူတို့ ငဖဲမြို့ ကို ပြောင်းရတဲ့အခါကျတော့ ငါလည်း ဖေအောင့်ကို ဇွတ် မရမက ခေါ်ထားလိုက်တယ်။ ခုနှစ်တန်းစာမေးပွဲ ဖြေပြီးတဲ့အထိ ရန်ကုန်မှာ နေပါစေလို့ ပြောပြီးတော့ ဒါပေမယ့် အဲဒီအချိန်ကစပြီး သူတို့နဲ့ ဖေအောင် အဆက်အသွယ်ပြတ်သွားတာပဲ။ ဖေအောင် ကိုးတန်းတုန်းကလား မသိဘူး တခါ လာခေါ်သေးတယ်။ ဖေအောင်က မလိုက်တော့ဘူး။ သူ့ကို အတင်းခေါ်ရင် သူ့ကိုယ်သူ သတ်သေမယ်။ ဒါမှမဟုတ်ရင် ပထွေးကို သတ်မယ်လို့ ပြောလွှတ်လိုက်တယ်။ အေး ... ခုထိပဲ ဆိုပါတော့။ ဖေအောင်ဟာ သူတို့နဲ့ အဆက်အသွယ် ပြတ်သွားတာ”
ကိုယ် ဆက်နားထောင်နေသည်။ သို့သော်လည်း ဘွားမေသိန်း ထပ်မပြောတော့ နောက်တော့ ဘာဖြစ်သွားသလဲ။ အဖေနဲ့အမေနဲ့ ယူကြတဲ့အကြောင်း၊ ပြီးတော့ နောက်ပိုင်း ဖေဖေနဲ့ မေမေနဲ့ စကားမပြောကြတဲ့အကြောင်း၊ ဘာမျှ ထပ်မသိရတော့။
ဘွားမေသိန်းသည် အပြင်ကိုသာ ကြည့်နေသည်။ ကိုယ်လည်း ဘွားမေသိန်းလိုပင် လိုက်ကြည့်သည်။ လမ်းမီးတွေ မလာသောကြောင့် အပြင်ကို ဘာမျှမမြင်ရချေ။
“ငါ့မြေးလေး ... ငါ့မြေးလေး”
ဘွားမေသိန်းသည် အသံတစ်မျိုးကြီးဖြင့် ပြောပြီး ကိုယ့်ပခုံးကို ဖက်ပြီး သူ့ဘက် ဆွဲကပ်လိုက်သည်။ ကိုယ်လည်း ဘွားမေသိန်း၏လက်မောင်းပေါ်မှာ ခေါင်းကို မှီထားလိုက်သည်။
ဆက်ရန်
-------------------
#မင်းလူ
Comments
Post a Comment