ကိုဒေါင်း(မင်္ဂလာလက်ဖွဲ့)
#မင်္ဂလာလက်ဖွဲ့
ကိုဒေါင်းသည် ရှင်ကြီးဝမ်းထဲသို့လည်းဝင်ခဲ့ပြီ။ ရှင်ငယ့်ဝမ်းထဲသို့လည်း ဝင်ခဲ့ပြီ။ သို့ရာတွင် နှစ်ဝမ်းစလုံး နံစော်သည်ဖြစ်သဖြင့် နှာခေါင်းပိတ်၍သာလျှင် ပြန်ခဲ့ရချေသည်။ တခါတရံ မချောကိုတွေးမိလျှင် လောကကြီးကို ထောင်းချင်စိတ်များ ပေါ်ပေါက်၍လာလေသည်။ ခင်စိန်ကို ဈေး၌တွေ့သောအခါ၌မူကား သူ၏ယောက်ျားကို အများကြီး မရှုစိမ့်ဖြစ်သွားပြီးမှ သတိနှင့် စိတ်ကိုအုပ်ပြီးလျှင် လောကကြီးကို ကျေကျေနပ်နပ် ယောက်ျားပီပီ အရှုံးပေးလိုက်ရပြန်လေသည်။
ညောင်လိမ်သူကလေးကို သတိရပြန်လျှင်လည်း ကရုဏာတရားတွေ တဖွားဖွားပေါ်ပေါက်လာပြန်သည်။ သို့ရာတွင် မိမိ၏သဘောကောင်းခြင်းအပေါ်မှာ အသားယူ၍ လင်ငယ်နေသော မိကူးကို ထင်ယောင်မြင်ယောင်ရှိလာသောအခါ၌မူကား ကိုဒေါင်း၏ မည်းနက်သောသူငယ်အိမ်မှ ဒေါသအရောင်များ လျှမ်း၍လာပြီးလျှင် အဆိုပါ မိချော၊ ခင်စိန်နှင့် ညောင်လိမ်သူတို့သည် ဣတ္ထိ?ဘာဝပါပင်တကားဟု တရားကျမိ၍ “ကွာ ...မိန်းမဆိုတာ သောက်သုံး ကျတာမဟုတ်ပါဘူး”ဟူ၍ ကျွန်ုပ်အား ပြောလေ့ရှိသည်။ သို့ရာတွင်ကိုဒေါင်း၏စိတ်သည်ကား ဟာ၍နေလေပြီ။ ဥပမာလျှင် လေပြည်လေညင်းမျှမတိုက်ခတ်သော ခြောက်သွေ့သော သဲကန္တာရကြီးကဲ့သို့။
သဘာဝတရားသည် လဟာပြင်ကို မုန်းတီးရွံရှာ၏။ ကိုဒေါင်းသည်ကား ထိုသဘာဝတရားကြီး၏ သားသည်းချာလျှင် ဖြစ်ဘိ၏။
ရွေးမြစ်ကြီးသည် လရောင်အောက်တွင် တလျှပ်လျှပ် ပြေး၍နေသော ငွေရည်တို့ဖြင့် လောကကြီး၏သာယာပုံတို့ကို ဆေးရေး၍နေ၏။ ထိုအခါများ၌ ကာလတည်းဟူသော ဖုံမှုန့်အလိမ်းလိမ်းကပ်လျက်ရှိသော မချောကလေး၏မျက်နှာကို သတိရခြင်းတည်းဟူသော ဝက်မင်ဘီးဖြင့် ဖြီး၍ ပုံပန်းကိုဖမ်းကြည့်မိသည်။ မှုန်မှုန်ကလေးမျှသာထင်နိုင်သော ထိုမျက်နှာကလေးမှ စို့လျက်ရှိသော မျက်ရည်တို့ဖြင့် ဝင်း၍နေသောမျက်လုံးကလေးများကို မြင်ရသည်အခါ ကြာရှည်မကြည့်ရက်နိုင်လောက်အောင် မချိတင်ကဲဖြစ်သွား၏။ ထို့ကြောင့် တခါတခါ၌ ကံတည်းဟူသော ဘီလူး၏လက်တွင်းတွင် မလှုပ်မရှားနိုင်လောက်အောင်ပင်ဖြစ်သော်လည်း ပဉ္စာဝုဓမင်းသား၏ထုံးနည်းအတိုင်းလျှင် အရှုံးမပေးဘဲ ဇွဲခပ်သန်သန်နှင့် လောကကြီးထဲတွင် တစ်ယောက်တည်း ကျဲလိုက်လိုသောစိတ်များ ဖြစ်ပေါ်လာ၏။
တချက်တချက်၌လည်း“သင်းနဲ့ညားလည်း သည်လိုလိုနေမှာပါပဲလေ။ ထူးမှာမဟုတ်ပါဘူး”ဟုအောက်မေ့မိ၏။ စိတ်ပျက်မိ၏။ နှစ်နှစ်ကာကာ ချစ်မိခဲ့သမျှသောအချစ်တို့ကို ပြက်ရယ်ပြုမိ၏။ ရွံရှာမိ၏။ 'ထွီ'မိ၏။ သို့ပါသော်လည်း ကိုဒေါင်း၏ရင်တွင်းကား ဟာလျက်ပင်။ ရင်ခေါင်း၌ ခိုအောင်းကိန်းဝပ်နေသော အညစ်အကြေး၊ သလိပ်ပုပ်တို့ကို "ထွီ"ဟူ၍ မြည်အောင် နှစ်နှစ်ခြိုက်ခြိုက် လှိုက်လှိုက်လှဲလှဲ ခတ်ထုတ်လိုက်သည့်အခါ ဆိုလိုရင်းအဓိပ္ပာယ်မှာ လောကကြီးကို ခံပြင်းလှသောသဘောပင်ဖြစ်ငြားသော်လည်း ထိုခတ်ထုတ်လိုက်သောသလိပ်ကြောင့် ရင်တွင်းမှာ ကလိုင်ဖြစ်လျက်ပင် ကျန်ရစ်ခဲ့လေတော့သည်။ ယင်းသို့ဖြစ်လျှင် ဘောက်မဲ့ကြောင့် ထိုကလိုင်ကြီးကို မဖို့ဘဲထားပါသနည်း။ လူစွမ်းလူစမရှိ၍လောဟု စောဒကတက်ငြားအံ့။ လူစွမ်းလူစမရှိ၍မဟုတ်။ အချစ်၏ဒုက္ခအမျိုးမျိုးကို ခံစားခဲ့ဖူးပြီ ဖြစ်ရကား ခဲမှန်ဖူးသည့်စာသူငယ်ကဲ့သို့ တစုံတခုပြုလုပ်မည်ဟု ကြံလိုက်လျှင်ပင် သို့လောသို့လောဟူသော ဒွိဟတို့မှာ ကိုဒေါင်းနှင့်အတူ ဒွယံဒွယံတွဲလျက်ရှိချေရကား ချိန်ရင်းဆရင်း စဉ်းစားရင်းနှင့်ပင်လျှင် တခါတခါ မိမိ၏ဦးခေါင်းနှင့်ကိုယ်တို့သည် အသက်နှင့်အမျှ အတူတကွရှိပါလေစဟု ထိပ်ပြောင်ကလေးကို လက်ဖြင့်စမ်းမိသည်။
“ကဲ... ဒီလိုထားလို့တော့ မဖြစ်ဘူးပေါ့။ မင်းလူအတွက် မိန်းမရှာပေးမှပဲ” ဟု အခါတပါး၌ ကာလသားခေါင်း ကိုမောင်ခိုင်သည် ကျွန်ုပ်အား တိုင်ပင်ဖူးသည်။
“ရှာပေးရင်လဲ မြန်မြန်ရှာပေးလိုက်ပါခင်ဗျာ”ဟု ကျွန်ုပ်ကလည်း ပြန်လည်ပြောခဲ့ဖူးသည်။
ဤကဲ့သို့ပြောခဲ့ပြီး လေးငါးလခန့်ကြာသော် ကျွန်ုပ်သည် ရွာသို့ တစ်ဖန်ပြန်ရောက်လာ၏။ ထိုအခါ ကိုဒေါင်းသည် မိမိနှင့်ပေးစားမည့်မိန်းကလေးအား ဆဲရေးတိုင်းထွာပြုလိုက်သဖြင့် ထိုမိန်းကလေးမှာ ငိုယိုဆင်းသွားရကြောင်း ရပ်ရွာထဲ၌ လက်တို့၍ပြောကြသောစကားသံများကို သန့်သန့်ကြားရလေသည်။
တနေ့သော် ကျွန်တော်နှင့်ကိုဒေါင်းတို့သည် ဦးလေးတော်တစ်ဦး၏အိမ်နောက်ဖေးရှိ ကွပ်ပျစ်ကလေးတစ်ခုပေါ်တွင် ထိုင်ရင်း လေညင်းခံနေကြ၏။
“ကိုဆိုးတေကြီးကွင်းက မိခိုသမီး ဂေါက်တေးကို မြင်ဖူးမဟုတ်လား” ဟု ကိုဒေါင်းက မေး၏။
“မြင်ဖူးပါတယ်။ ဖြူဖြူဖွေးဖွေး မဟာနဖူးကလေးနဲ့ လှလှကလေးလေ”
“အစစ်ပေါ့ကွာ။ ထုံးအိုးထဲလိမ့်ကျတဲ့ ပိုးဟပ်ဖြူမဟာပေါ့။ ကောင်မလေးကတော့ ဆိုစရာမရှိပါဘူး။ သူ့အမေကြီးက မငွေခင်ကြီးမို့ ကောင်မလေးတော့ တသက် လင်ကောင်းသားကောင်းရတော့မှာမဟုတ်ပါဘူး။ အဲလေ ဘယ်နည်းနှင့်မဆို သူလဲပဲ ငွေမက်မှာပါပဲ။ မင်းဦးလေးက ငါ့ကို သူနဲ့လွှတ်ပေးတဲ့နေရာဟာ အဲဒီနေရာပေါ့။ ငါက ဟောဒီတံခါးပေါက်က၊ သူက အင်္ကျီဖွပ်တဲ့ ကနစိုပါးပျဉ်းကြီးပေါ် ဆောင့်ကြောင့်ထိုင်လို့”
ဪ သူတို့နှစ်ဦး အဆင်ပြေကြပါဘိတောင်း။ ကိုဒေါင်းက ထိပ်ပြောင်ပြောင်၊ အသားမည်းမည်း၊ လက်မတိုတို။ ကောင်မကလေးက မဟာနဖူးကလေးနှင့် ဖွေးဖွေးဖြူဖြူ၊ လက်ချောင်းကလေးများက သေးသေးသွယ်သွယ်။ ကိုဒေါင်းက မျက်လွှာကလေးပင့်ပြီး ဂေါက်တေးကိုကြည့်ရင်း ဣစ္ဆိတံမြမြကို ဇိမ်နှင့်ဖွာနေမှာပဲ။ ဂေါက်တေးက မျက်လွှာကလေးချပြီး မခို့တရို့ဣန္ဒြေကလေးနှင့်နေမှာပဲ။ သို့ရာတွင် စာရေးဆရာတို့၏စိတ်ကူးကို တော်ရာချောင်တွင်ချိတ်၍ မှန်ရာဆိုရလျှင် တွေ့ခါစက သူတို့နှစ်ဦး စပ်ဖြီးဖြီးလုပ်နေကြသည်ဟု ဆိုရမည်။
“ငါ့ကြိုက်သလား ဟင်”ဟု ကိုဒေါင်းသည် မိမိ၏တိုတုတ်သောလက်ချောင်းကလေးများဖြင့် သေးသွယ်ရှည်လျားသော ဂေါက်တေး၏လက်ချောင်းကလေးကို ဖျတ်ခနဲ ကိုင်ဆွဲရင်း မေးလိုက်လေ၏။ ကောင်မလေး လန့်များလန့်သွားမည်လား။ မလန့်။ အပျိုကလေးဆိုသော်လည်း ခေတ်မီကလေးဖြစ်၍ တွေ့ဖူးကြုံဖူးလှပါပြီ။ ရှိုးတိုးရှန့်တန့်မဖြစ်။ မျက်နှာမလွှဲ။ မျက်လွှာမချ။ ငါးပြေမကိုယ်လုံးကလေးသည်လည်း တွန့်မသွား၊ လက်ချောင်းများလည်း လျှပ်စစ်ဓာတ်
မိသလို ဖြန်းခနဲမနေ။ ပကတိ ဣန္ဒြေမပျက်။ ရှက်သွေးလည်းမလျှမ်း။ သို့ရာတွင် ဂေါက်တေးသည် ကိုဒေါင်း၏လက်ထဲမှ မိမိလက်များကို ရုပ်သိမ်းလိုက်ပြီးလျှင် ညီညာသောသွားကလေးများပေါ်အောင် ပြုံးလိုက်၏။
“ကြိုက်မလား မကြိုက်ဘူးလား၊ ပြောလေ...”ဟု ကိုဒေါင်းက လောပြန်၏။
ဂေါက်တေးက စဉ်းစား၍နေလေသလားမသိ။ ခေတ္တမျှ စကားမပြောဘဲနေ၏။ နောက်မှပြောအံ့ဟု ပါးစပ်ကိုပြင်၏။
ကိုဒေါင်းလည်း မိမိ၏သေးငယ်သောနားကလေးကို ဖွင့်လိုက်၏။ ရွေးမြစ်ထဲတွင် လေတဟူးဟူးတိုက်ခတ်၍နေသည်။ တဗြုန်းဗြုန်း တဗြင်းဗြင်းနှင့် ဂယက်များရိုက်နေကြသည်။ မင်းသမီးမင်းသား စခန်းသွားသည်ကို ဆိုင်းဆင့်၍ ပေးနေသကဲ့သို့။ ဝီခေါ် အောင်မြည်သော လေကြောင်းတစ်ခုသည် ကိုဒေါင်းနှင့် ဂေါက်တေးတို့အကြားသို့ စွတ်၍ဝင်အလာတွင် ဂေါက်တေး၏“ကျွန်မကိုလိုချင်ရင် ငွေသုံးရာတင်ရမယ်လို့ အမေကပြောတယ်၊ တင်နိုင်ပါ့မလား” ဟူသော အရောင်းအဝယ်စကားသည် ကိုဒေါင်း၏နားကလေးကို အဆမတန်ပြေး၍ ရိုက်လိုက်လေရာ ကိုဒေါင်းသည် စိတ်ထဲ၌ ထောင်းခနဲ ဖြစ်သွားလေ၏။
ကိုဒေါင်း ဂေါက်တေးအား ပြောလိုက်သမျှတို့ကို ကျွန်တော် ပြန်မပြောဝံ့တော့ပြီ။ နောက်ဖေးတံခါးကို ဆောင့်၍ပိတ်ပြီးလျှင် အိမ်ရှေ့ခန်းသို့ ကိုဒေါင်းထွက်အလာ နောက်ဖေးတွင် ဂေါက်တေးသည် ရှိုက်ကြီးတငင်ငိုလျက် ကျန်ရစ်ခဲ့လေသတည်း။
“သောက်ကောင်မကွာ သူလှသမျှဟာ ကိုဆိုးတေကွင်းက အူရယာကုလားတွေအစာဖြစ်မှာပေါ့”ဟု ကိုဒေါင်းသည် ရွံရှာသောမျက်နှာထားဖြင့် ဣစ္ဆိတံမြမြ၏မီးဖွားတို့ကို ခြွေချရင်း ကျွန်ုပ်အား ပြန်ပြောလေသည်။
ထိုစဉ်အခါက ကိုဒေါင်းသည် စိတ်အတော်ပျက်ပုံရသည်။ သို့ရာတွင် ကာမဘုံသားအစစ်ဖြစ်လေသည့်ပြင် ဘုန်းကြီးဇာတာလည်း ပါသူမဟုတ်လေရကား ထိုစိတ်ပျက်ဖွယ်တို့ဖြင့် သံဝေဂမယူနိုင်။
“လောကကြီးသည် သင်္ခါရ၊ ငါသည် ငါမဟုတ်၊ ငါ့ဥစ္စာသည် ငါ့ဟာမဟုတ်”ဟူသော မိုးညှင်းသြဝါဒတို့ကို အာပေါင်အာရင်းသန်သန်ရွတ်ရင်း ထီပေါက်ပါစေဟု ဆုတောင်းသူ၊ သံယောဇဉ်မတွယ်တာပါဘူး ဟုပြောရင်း မြေးကလေး၏နဖူးစကို အားပါးတရမွှေးသူ၊ ကာမဂုဏ်ကို စက်ဆုပ်ပါပြီဟုဆိုရင်း ဂျာမနီဆေးစွမ်းကောင်းတို့ကိုရှာသောသူ။ ဤသို့လျှင် တရားပြည့်ဝကြကုန်သော သမ္ဗုရိသအပေါင်း သူတော်ကောင်းစာရင်းတွင် အဝင်အပါဟူ၍ ဂုဏ်ခံနိုင်လောက်အောင် အရည်အချင်းမပြည့်စုံသည့် ကိုဒေါင်းလူသာမန်မှာ စိတ်ပျက်ပါပြီဟု ပါးစပ်က တဖွဖွပြောသော်လည်း စိတ်ရင်းတွင်မူကား ဟာလာဟင်းနေသော ရင်ကို အချစ်ဓာတ်စာကျွေးလို၏။ မျိုသိပ်ထားရသမျှသောအချစ်တို့ကို မိမိချစ်သူတစ်ဦးဦးအား ပေးကမ်းအပ်နှံထားလို၏။ သို့ရာတွင် ကိုဒေါင်း၏အချစ်သည် မည်ကာမတ္တမဟုတ်။ ရိုးသားခြင်း၊ တည်တံ့ခြင်း၊ သည်းညည်းခံခြင်း၊ သဘောကောင်းခြင်း၊ အလိုလိုက်တတ်ခြင်း စသော ဂုဏ်ပုဒ်တို့ဖြင့် တန်ဆာဆင်အပ်သော မေတ္တာစစ်ဖြစ်လေရာ သူ၏ရုပ်ရည် အကျည်းတန်သလောက် သူ၏အချစ်မှာ လှပလေသည်။
ယင်းသို့ဖြစ်ရကား ထိုအချစ်ကို ကြေးငွေတို့ဖြင့် ရောင်းဝယ်ဖောက်ကား ပြုလုပ်သည်ကိုလည်း မနှစ်သက်နိုင်။ အချစ်တုအချစ်ယောင် အပေါ်ယံ ပေါ်ကြော့တို့နှင့်လည်း မလဲလှယ်နိုင်။ လောကီသားပီပီ ထိုအချစ်တည်းဟူသော ဘာမဟုတ်သည်တို့ကို ဘုရားတစ်ဆူဂူတစ်လုံးအမှတ်ဖြင့် ကိုးကွယ်အားထား မြတ်နိုးနှစ်သက် ပူဇော်သက္ကာရပြုလိုပေရကား အချစ်ဘုရားရှေ့ဝယ် အချစ်မီးထွန်း၍ အချစ်ပန်းအချစ်ရေချမ်းတို့ကို ကပ်ရင်း အချစ်ဘုရားရှိခိုး၍နေလာခဲ့သည်မှာ ကာလမြင့်ညောင်းလှပေပြီ။ အချစ်ဘုရားဟူသည်လည်း ငါတို့၏သုံးလူထွတ်ထား သဗ္ဗညုတမြတ်စွာဘုရားကဲ့သို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ချမ်းသာတို့ကို ရရာရကြောင်း တရားရေအေးတိုက်ကျွေးပြီးလျှင် ထိုနိဗ္ဗာန်ရောက်ကြောင်းတရားသည် မိမိကိုယ်တိုင် ကျင့်ကြံလုပ်ကိုင်မှသာလျှင် ရရာသည်ဟူ၍ ကယ်တင်ခြင်းအတွက်ကို သတ္တဝါတို့အပေါ်၌သာ တာဝန်ချထားခဲ့လျှင် ကိစ္စပြီးလေသည် မဟုတ်။ ငါတို့လူများကဲ့သို့ပင် အမြှောက်ကြိုက်၊ အချော့ကြိုက်၊ အကပ်ကြိုက်၊ လက်ဆောင်ကြိုက်ဖြစ်ရလေရကား ပူးပေါင်း၍မြှောက်၊ ချော့၊ ကပ်၊ လက်ဆောင်ထိုးကာ မျက်နှာရအောင် အမျိုးမျိုးကြံနိုင်သသူကိုသာလျှင် လိုအပ်သောဆန္ဒနှင့် တစ်လုံးတစ်ဝတည်း ပြည့်စုံစေတတ်
သောသဘောရှိလေသည်။
ဤသို့တပြီးကား ကိုဒေါင်းသည် အဘယ်မှာ မစွံဘဲရှိနိုင်အံ့နည်း။ စွံသည်ကားမှန်၏။ သို့ရာတွင် စွံသည့်အခါတိုင်းပင်လျှင် အချစ်ဘုရားအား ဆီမီး၊ ရေချမ်း၊ ပန်းကပ်ခြင်းအမှုတို့၌ လစ်ဟင်းသွားတတ်ရာ အချစ်ဘုရားသည် တုတ်ယောင် ဓားယောင် ဆောင်ကာ တန်ခိုးပြာဋိကာ ပြလေ့ရှိသည်။
ဤနည်းနှင်နှင်ဖြစ်ရလေကား ကိုဒေါင်းသည် မိန်းမရပါဦးမည်လားဟူ၍ တခါတရံ ကျွန်ုပ်စိတ်၌ သို့လောသို့လောဖြစ်မိသည်။
အခါတပါး “ကိုကြီးထင်၊ အစ်ကိုကြီးအကြောင်း ဘာမျှ မကြားသေးဘူးလား” ဟု ရန်ကုန်သို့အလည်လာသော ကိုဒေါင်း၏တူမ ခင်ခင်က ကျွန်ုပ်အား မေးလေသည်။
ကျွန်ုပ် အတော်လန့်၍ သွား၏။ ဘာများဖြစ်ပါလိမ့်မလဲ။ သက်ကယ်သောင်အသွား ခေါင်းများကွဲသလားဟူ၍ တွေးမိ၏။ တွေးမိသမျှတို့မှာ နှုတ်မှထွက်သွားမိ၏။
“မဟုတ်ပါဘူး၊ ဝမ်းသာစရာအကြောင်းပါ။ မင်္ဂလာဆောင်တော့မလိုတဲ့”
“ဟေ ဟုတ်လား ”ဟူ၍မျှသာ ပြောနိုင်ပြီးလျှင် ကျွန်ုပ်မှာ အံ့အားသင့်သွား၏။ ဝမ်းလည်းသာမိ၏။ ဘုရား ဘုရား၊ ဘယ်လိုမိန်းမစားထဲကပါလိမ့်။ ဖြူသလား၊ မည်းသလား၊ ပြာသလား၊ ညိုသလား။ ပိန်ပိန်သေးသေးလား၊လုံးကြီးပေါက်လှလား။ ကိုယ့်လူတော့ ကိုယ်ကြိုက်ကို ရပြီထင့်။ အင်း အောင်ဇေယျတု၊ အောင်ကြောင်းပြု၍၊ အောင်ဆုပတ္ထနာ၊ အောင်ပါစေကြောင်း၊ ညောင်ရေတွေလောင်းလိုက်ချင်ပါဘိကရို့။ နို့ပေမင့် နေပါဦး။
“ဟဲ့ ခင်ခင်ရဲ့ ၊ ဘယ်သူနဲ့တုံး”
“ဟို မဏ္ဍပ်ချောင်ဝက မရွှေကွန့်တို့အိမ်နဲ့ မျက်နှာချင်းဆိုင် မုန့်ကြိတ်စက်ကလေးနဲ့အိမ်က ကွမ်းဝါးတတ်တဲ့ ဦးသာဗျောသမီး မရွှေနက်လေ”
“အေး ... အေး နင်ပြောမှပဲ ငါမသိတော့တယ်။ နင်ပြောတဲ့လူတွေ ငါ တစ်ယောက်မှ မသိဘူးဟ”
“ဪ... ကိုကြီးထင့်နှယ် ခက်ပါဘိ။ ကျားခေါင်းလက်ကောက်ကြီး လူမြင်အောင် အင်္ကျီလက်ပင့်ထားတတ်တဲ့ မရွှေကွန့်လေ၊ မသိဘူးလား။ ဦးသာဗျောကိုတော့ ကိုကြီးထင် မမှတ်မိလို့နေမှာပေါ့။ အဲလေ ရွာရောက်တော့ သိရမပေါ့”
ကျွန်ုပ်သည် တစ်အောင့်နှစ်အောင့်လောက် တွေဝေနေဘိ၏။ အင်း ကိုဒေါင်းတော့ မိန်းမရပေပြီ။ သူ့သဘောအတိုင်းဆိုလျှင် ကိုယ်ချစ်သူချစ် နှစ်ဦးချစ် မေတ္တာစစ်ဖြစ်ပေမှာပဲ။ အာဂလူပေါ့။ ငွေစွမ်းငွေစမရှိလို့သာ၊ လူစွမ်းလူစတော့ ညံ့လှတယ်မဟုတ်ပါဘူး။
ဟော... ယခုတော့ လူစွမ်းရော ငွေစွမ်းရော ပြနိုင်ပြီထင့်။ သူယူမည့်မိန်းမဟာ ဧကန္တ ငါ့လင်နှင့်ငါ့ငွေအစားထဲက မိန်းမမျိုး ဟုတ်မည်မထင်။ လောကကြီးမှာ ငွေရှိမှ ထင်ပေါ်သည် မှန်၏။ သို့ရာတွင် မေတ္တာစစ်သည် ဒင်္ဂါးတွင် မျောက်ပန်းပါသည်မသိ။ ခွေးသွားစိတ် ရှိမရှိ မပြောတတ်။ ဂျော့ပဲ၊ ဝေလပဲ၊ ဝိတိုရိယပဲ ဟူ၍ မရွေးချယ်။ ချွင်ချွင်နှင့်အသံမြည်သည်ကိုလည်း မကြားဖူး။ မေတ္တာစစ်ကို ရနိုင်ရန်အရေးသည် ငွေကြေးပြည့်စုံမှ ဖြစ်နိုင်သည်ကား မှန်၏။ သို့သော် မေတ္တာထားသည့်နေရာမှာ ငွေကို အရင်းမူလထား၍ ကြည့်တတ်သူကား ကိုဒေါင်းမဟုတ်။
ကျွန်ုပ်သည် အတော်သဘောတွေ့မိ၏။ သတို့သားနှင့်သတို့သမီးနှစ်ဦးတို့အား ကျန်းမာ၍ ချမ်းသာပါစေ၊ စိတ်သွားတိုင်း ကိုယ်ပါ၍ လိုရာရနိုင်ပါစေဟူ၍လည်း အတွင်းကျိတ် ဆုတောင်းမိ၏။ ဘာကို လက်ဖွဲ့ရပါမည်လဲဟူ၍လည်း စိတ်ကူးမိ၏။ ဂျပန်လုပ် ကော်ရုပ်၊ ကော်ခုတင်၊ ကော်ပုခက်၊ ကော်ဗီရိုတို့ကို လက်ဖွဲ့ရန် ဆုံးဖြတ်လိုက်၏။
“ဂျပန်ပြည်မှာလုပ်သည်” ဟူသော ပစ္စည်းတို့သည် အပေါစား၊ တာရှည်မခံ။ ကျွန်ုပ်၏ လက်ဖွဲ့ပစ္စည်းတို့သည် ထိုကဲ့သို့သော အပေါစား တာရှည်မခံတို့ဖြင့် တရံတဆစ်မျှ ဆက်ဆံနိုင်ချိမ့်မည်မဟုတ်။ တသက်လုံး အမှတ်တရဖြစ်ရစိမ့်မည်သို့ဖြစ်ရကား အဆိုပါဆုံးဖြတ်ချက်ကို ပယ်ချလိုက်ပြီးလျှင် ဘာကိုလက်ဖွဲ့ ရပါမည်နည်းဟု စိတ်ကူးကြည့်ပြန်၏။ စိတ်ကူး၍မရသေး။
“နေပါဦးခင်ခင်ရယ်၊ သူယူမဲ့မိန်းမက တော်ရဲ့ လား၊ သဘော သကာယ ဘယ့်နှယ်နေသလဲ။ ကြိုက်လို့ယူတာမှ ဟုတ်ပါလေစ”
“ကြိုက်မကြိုက်တော့ မပြောတတ်ဘူး၊ ကာယကံရှင်မိန်းကလေးကိုက ဟော ကိုဒေါင်း အိမ်တက်ရင် ခါးထဲက အဝတ်တစ်ထည် ကိုယ်တစ်ခုတည်းနဲ့ပဲ လာခဲ့ပါတဲ့၊ ကျေနပ်ပါတယ်တဲ့”
“ဟေ.. ဟုတ်လား”ဟုဆို၍ ကျွန်ုပ်မှာ စကားမပြောနိုင်ဖြစ်ရပြန်၏။
“လျော်ကန်လှပါပေ့မင်းကြီးများ”ဟူသော ပွဲထဲက ရှင်ဘုရင့်စကားကဲ့သို့ သင့်မြတ်လှပါပေသည်။ ကျေနပ်လောက်ပါပြီ။ ကိုဒေါင်းတစ်ယောက်ဖြင့်လျှင် လောကကြီးကို အကျေနပ်ကြီးကျေနပ်၍ စိတ်ချမ်းသာခြင်းတို့နှင့် ပြည့်စုံကာနေရသမျှသောကာလအတောအတွင်း လိုတရပါစေသတည်းဟု ဆုမွန်ဆုကောင်းများ ထပ်လောင်းတောင်းမိပြီးလျှင် “ဤသို့လျှင် မင်းသားကလေးနှင့် မင်းသမီးကလေးတို့သည် အသက်ထက်ဆုံး ပျော်ရွှင်စွာနေထိုင်ကြလေသတည်း”ဟူသော ဒဏ္ဍာရီနိဂုံးကလေးကို မင်္ဂလာလက်ဖွဲ့ပစ္စည်းအဖြစ်ဖြင့် ပေးလိုက်ရလေတော့သတည်း။
---------------------
#မောင်ထင်
Comments
Post a Comment