ဝန်ထမ်းများ
အခါတပါး
အမျိုးအကျင့် ကောင်းမွန်ပြည့်စုံသော
သာသနာ့သား ညီနောင်နှစ်ဦး
ညီလာခင်းရာကျောင်းတော်ဆီ ခရီးနှင်ကြ၏။
မိုးမခပင်တို့ ဖွယ်ဖွယ်ရာရာ စီစီရီရီ
စမ်းရိုးရေစပ်သို့
ရောက်လာကြသည်နှင့်
ညဉ့်ကြိုနေရီတွင်
ခရီးသွားတပါးယောက်ျားတို့
ကူသူကူး ဖြတ်သူဖြတ်
ရဟန်းနှစ်ပါးလည်း ခါးတဝက်မျှရေထဲ
ဆင်းမည့်ဟန်အပြင်
လွင်သောကြိုးကြာသံ
" တအားနွဲ့သူ ကယ်လှည့်ပါဦးအရှင်
ဒီလမ်း ကြမ်းမယ်မှန်းမသိလို့ လှမ်းမိခဲ့ပေါ့
ရေထွေထွေ မြေခြားခြား
တဖက်ကမ်းစပ်နားထိ ပို့စေချင်
ကူစေချင်စမ်းပါဘိ " ။
ခြေနင်းခြူသံ
ကဗျာဖြင့်ထွန်းသော သောင်ယံဝယ်
မျက်သားပြာမှောင်ငယ် တေးသံတောင်စွန်း
ရွှန်းရွှန်း သောကြာကြယ်။
"အို ကချေသည်
ဖန်ရေစွန်းနှင့် မြတ်ခဲ့ကြပြီ
နိမ့်ယုတ်သောအသား ထိဖို့မဆိုထားနှင့်
ကြည့်မိသည့်ခဏပင်
လွန်လှ ကျူးလှချည်ရဲ့။
ငါမှန်းသည့်သစ္စာ ငါရွယ်သည့်မဂ်
သက်ဦးဆံမြ
ဘယ်သောခါမှ မတိမ်းစေရ
ငါကူရမည့်ကိစ္စ မဟုတ်တုံ " ဟု
နောင်တော်ရဟန်း ဆိုလေရာ
ကျန်သည့်နုငယ်ပျို
သူ့အကြံကို ဆိုလေ၏။
"အင်ကြင်းမြိုင်တန်းနှင့် တောင်ကျချောင်းဝယ်
မိန်းမငယ် ဒီအတိုင်းရှိမနေသင့်ဘူးပ။
ကျား၊ ပြောင်၊ ခြင်္သေ့ထို့ထက် ဆိုးသော
အသွေးဆူ အသားဆူ
မသူတော်တွေများ တွေ့ရင်ဖြင့် "
ကချေသည်ကို ပွေ့လိုက်ရင်းကပင်
ရဟန်းအမွန်မြတ် စမ်းကိုကူးဖြတ်လေသည်။
လူသူလေးပါးဆုံသောလမ်း
တဖက်ကမ်းစပ်မှာ မာတုဂါမကိုထား၍
ရဟန်းနှစ်ပါး ကျောင်းသို့ရောက်လေသော်
နောင်တော်ရဟန်းက
မြတ်ဘုရားထံ တိုင်တန်းလျှောက်ထားမြည်ဆို။
" အမြတ်ဆုံးနန်းကို မှန်းပါလျှက်က
အဘယ်လမ်းသည် သစ္စာမည်ပါသလဲ အရှင်ဘုရား။
အဘယ်ကမ်းသည် သမာဓိမည်ပါသလဲအရှင်ဘုရား။
မတည်တတ်သော ဂတိသမားနှင့်
တစ်ဆွမ်းနှစ်ပါး မစားလို
တစ်ကျောင်းတစ်မြေ မနေလို "။
ထိုအခါ မြတ်သည့်ခေါင်းဆောင်လည်း
ရှင်ငယ် လျှောက်တင်ရန်
ဆိုနိုင်ခွင့် ပေးတော်မူ၏။
ညီမွန်ရဟန်းက
" တပည့်တော် လွယ်ခဲ့သောဝန်
တပါးသူကို လေးစေသောအပြစ် ရှိချေပြီတကား။
ဟိုဖက်ကမ်းမှာ မ ၍
ဒီဖက်ကမ်းမှာ ချ ခဲ့ပြီးပါပြီ။
ထွဋ်မြတ်သူ့ခြေရင်းသို့တိုင် ကချေသည်ကို
နောင်တော် သယ်ဆောင်လာလေပြီ။
မလွှတ်ချနိုင်သေးသမျှ ခပ်သိမ်းသောဝန်တို့
ပင်ပန်းစွတကား "။
ကြာပဒုမ္မာသည်
သာခဲသောလနှင့်ဆုံတုန်း ပွင့်အာသလို
ကိုယ်တော် ပြုံးတော်မူလေသတည်း။ ။
Comments
Post a Comment