ကို​ဒေါင်း(မဏ္ဍပ်​ချောင်)

#မဏ္ဍပ်ချောင်

လ,မပြည့်တပြည့်မို့ စိတ်ရှိတိုင်း မဝိုင်းနိုင်သေးသော ငွေလမင်း၏ငွေရည်ဖြင့် ဖြန်းပက်ခြင်းကိုခံယူ၍ ကွင်းတန်းတလျှောက် လမ်းမကြီးမှာ စိတ်ကြည်နူးဖွယ်ရာ ဖြူဖြူဖွေးလျက်ရှိ၏။ ကျွန်တော်နှင့်ကိုဒေါင်းတို့မှာ ကျက်သရေအပေါင်းတို့၏စုဝေးလဲလျောင်းရာဖြစ်သော “ဝေရွှန်းစန္ဒာကြီး"ကို အားပါးတရကြည့်ရင်း ကွင်းတန်းတစ်လျှောက် ခေါက်တုန့်ခေါက်ပြန် လျှောက်၍နေကြသည်။

ကွင်းတန်းကြီးသည် ယခုအခါ အိမ်များဖြင့် ပြည့်နှက်လျက်ရှိချေပြီ။ ရှေးအခါ၌ကား ဝင်းများ၊ ခြံများ၊ ဥယျာဉ်များသာလျှင် ကွက်ကျားတည်ရှိကြကုန်၏။ နေအိမ်တို့မှာ တစ်​​ခေါ်​လောက်ဝေးစွာ ရှိလေရကား ကျယ်ဝန်းပျံ့ပျူးလှသည်ဟု ထင်ရ၏။ သရက်တော၊ မာလကာတော၊ ပိန္နဲတောတို့အရိပ်အာဝါသမှာလည်း မကင်းသေးချေ။ လမ်းမတစ်လျှောက် ခြံဘေးများတွင် ပိန်းပင်၊ ဆင်နှာမောင်းပင်၊ ကုလားဆေးခြောက်ပင်တို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ လမ်းဆိုသည်မှာလည်း ယခုကာလကဲ့သို့ အုတ်နီခဲကိုထု၍ခင်းသောလမ်းမျိုးမဟုတ်၊ တောင်ဆုပ်မရှိတရှိ ရှိသော ရှေးအုတ်ပြားကြီးများကို ဒေါင်လိုက်ခင်း၍ထားသောလမ်းဖြစ်လေသည်။ ထိုအုတ်လမ်းမှာ ကျွန်တော်လူမှန်းသိသည့်အရွယ်ကပင်လျှင် အချို့နေရာများ၌ နစ်မြုပ်လျက်ရှိနေနှင့်သောကြောင့် ထိုလမ်းသည် အဘယ်မှစ၍ အဘယ်မှာဆုံးသည်ကို ပြောပြနိုင်ရန် ခဲခက်လှချေသည်။

လမင်းကိုကြည့်ရင်း ရှေးအခြေအနေကို ထင်တရေးရှိမိသည်။ ရှေးဟောင်းရှေးဖြစ်ဆိုရာ၌ အဘယ်အရာမဆို စမ်းတဝါးဝါးမျှသာဖြစ်၍ တွေးတောစားမြုံ့ပြန်ရာ၌ တစ်မျိုးပင် အရသာရှိတော့သည်။ ရေးရေးကလေးမြင်ရလေလေ ပြန်လှန်စဉ်းစား၍ကောင်းလေလေ။ အကြောင်းမူကား ရှေးအဖြစ်၏အရိပ်အရောင်တို့ကို မိမိစွမ်းပကားရှိသမျှ စိတ်ကူးနယ်ချဲ့ပြီးလျှင် ရေမြွေကိုပင်လျှင် နဂါးအသွင်သို့ရောက်အောင် ဖန်ဆင်းနိုင်သောကြောင့်တည်း။

“မဏ္ဍပ်ချောင်ဟာ ဒါပဲနော်ကိုဒေါင်း”ဟု ပြောင်တင်းသောဦးခေါင်းကို လမင်း၏ငွေရောင်ဟပ်အောင် ငိုက်လက်ခံယူလင့်သော ကိုဒေါင်းကို လှည့်၍မေးလိုက်မိ၏။

“မဟုတ်ဘူးကွ။ ဟောဟိုဘက်မှ”ဟု ပြောရင်း ကိုဒေါင်းသည် လက်ဝင့်၍ပြလိုက်၏။

မဏ္ဍပ်ချောင်မှာ မဏ္ဍပ်ကြီးတစ်ခုကို အစွဲပြု၍ခေါ်သည်။ ကမ်းနားစပ်မှနေ၍ ကမ်းနားလမ်းမကြီးအထိ ထိုးထားသော မဏ္ဍပ်ကြီးဖြစ်ပေသည်။ ဤမဏ္ဍပ်၌ အလှူအတန်းပွဲလမ်းသဘင် ကျင်းပစမြဲဖြစ်ပေသည်။ အရပ်ယိမ်းကသည်မှာ ဤမဏ္ဍပ်ထဲ၊ သီတင်းကျွတ် နိဗ္ဗာန်ဈေးခင်းသည်မှာ ဤမဏ္ဍပ်မှ၊ ဘကြီးဦးဖိုးတို့ရှင်ပြုရာ ဤမဏ္ဍပ်တွင်၊ သင်္ကြန်ရွှေရင်အေးကျွေးသည်မှာ ဤမဏ္ဍပ်၌၊ ယင်းသို့လျှင် ရွာ၏အကျိုးကို သယ်ပိုးရွက်ဆောင်လာခဲ့သော မဏ္ဍပ်ဖြစ်ချေသည်တမုံ့။

“အဲဒီမဏ္ဍပ်ချောင်မှာ တို့ငယ်ငယ်က ကျက်စားခဲ့တာပေါ့ကွ”

“ကြက်ခိုးပြီး ချက်စားတာလားဆရာ”ဟု ကျွန်တော်က “ရ"ကောက်သံကို ဌာန်ကရိုဏ်းကျကျ ရွတ်ဖတ်သရဇ္ဈာယ်၍ မေးလိုက်၏။

“တို့ မိန်းမလည်လို့ အခါအခွင့်မသင့်ရင် ဒီချောင်မှာလာပြီး ခိုရတာပေါ့။ ဒီလုံးတို့အိမ်က အထက်ပိုင်းမှာကိုး။ ဒီလုံးနှမကို ဖိုးနက်က လည်နေတာကလား။ လည်တဲ့အခါ အများအားဖြင့် ငါက အောက်စောင့်ပေါ့။ ဒီအထဲ ကိုဝကြီးရဲ့ လက်စွဲတော်တစ်ယောက်ကလဲ သူ့ကို ကြိတ်ပိုးပိုးနေတာကိုး။ အဲဒီတော့ သူက မျက်နှာလိုမျက်နှာရ ဒီလုံးကို သွားပြောထင်ပါရဲ့ကွာ။ တစ်ညတော့ ဒီလုံးက သူတို့အိမ်ရှေ့က ဓနိပုံကိုကွယ်ပြီး ခဲနဲ့ပေါက်တာကိုး။ အဲဒီတုန်းက ငါရယ်၊ ဖိုးနက်ရယ်၊ ပြာလောင်ရယ် ပါသကွ။ ဘယ်သူပေါက်မှန်း မရိပ်မိလိုက်ဘူးကွ။ အဲသလိုနဲ့နေတော့ မဖြစ်ချေဘူးဆိုပြီး နောက်တစ်ညကျတော့ ဖိုးသိန်းကြီးကို အဖော်ခေါ်ခဲ့ရတာပေါ့”

ကိုဖိုးသိန်းကား အလယ်ပိုင်းနှင့် အောက်ပိုင်းကို ချုပ်သော ကာလသားခေါင်းပင်။ မိဘများမှာ "ဒင်”ဟူသော ထိပ်တန်းစားဖြစ်လေရကား မိဘအရှိန်ဖြင့်ပင်လျှင် လူငယ်တို့အပေါ်၌ သြဇာအတော်ညောင်းသူ ဖြစ်လေသည်။ ဖိုးသိန်းဟုဆိုလျှင် လူအတော်ရွံ့ရသည်။ ??ထဲကျလျှင် ကိုဖိုးသိန်း၏အကြံဉာဏ် အကူအညီကို တောင်းကြရသည်ချည်းပင်။ ဤနေရာမျိုးမှာ ကိုဖိုးသိန်း မပါလျှင် မပြီး။ ထိုညအဖို့ကား ကိုဖိုးသိန်းက ခေါင်းဆောင်။ ကိုဒေါင်း၊ ကိုဘပု၊
ကိုပြာလောင်တို့က နောက်လိုက်၊ ကိုဖိုးနက်က ဇာတ်လိုက်အဖြစ်ဖြင့် အထက်ပိုင်းဆီသို့ စစ်ချီတက်ကြလေသည်။

လရောင်ကလေးက မှုန်တိမှုန်မွှားနှင့် လူခြေတိတ်လေပြီ။ သို့သော် အထက်ပိုင်းသို့ ချဉ်းနင်းဝင်ရောက်သော သူတစ်စုကိုမူကား ဂုတ်ကျား၊ အောင်နက်၊ လက်တိုတို့က ချမ်းသာမပေး။ နယ်ကျူးလာသူများ၏သနစ်ကို ဖော်ထုတ်ကာဟောင်သူကဟောင်၊ ဟိန်းသူကဟိန်း၊ အူသူက အူနှင့် တစ်ရပ်လုံး ဆူညံသွားသတည်း။

ဒီလုံးတို့အိမ်ရှေ့ရောက်သော် ဖိုးနက်က မှောင်ခို၍ အိမ်ပေါ်တက်၏။ မွန်အိမ်ဖြစ်ရကား ကဲလား မရှိ။ အတွင်းရင်ဆို့တွင် တံခါးရှိ၏။

“ဒီလုံးက အရင်ညတွေကလိုပဲ ဓနိပုံကွယ်နေတာကိုး။ သည်ညမှာတော့ ခဲနဲ့မဟုတ်ဘူးပေါ့၊ ပုလင်းနဲ့ ပေါက်တာကိုး။ ဖိုးနက်က အိမ်ပေါ်လွှားခနဲအတက် “ခွမ်း” ခနဲဆို ခါးပန်းကိုမှန်တဲ့ ပုလင်းသံ ကြားလိုက်ရတာပဲ။ အဲဒီတော့ ဖိုးသိန်းက “ဟဲ့-ဘယ်သူလဲ၊ လိုက်...လိုက်”လို့ ညာသံပေးတော့ တို့တစ်တွေ ဟိုလိုက်သည်လိုက်နဲ့ လူစုကွဲသွားကြတာပေါ့။ အရေးထဲကွာ၊ ဘပုဆိုတဲ့ကိုယ်တော်မြတ်က ဆေးလိပ်ဆာ​တော်မူသတဲ့။ ဆေးလိပ်မီးညှိလိုက်တာပေါ့။ ဝင်းခနဲလည်းဆိုရော လက်ခနဲဆို ဘပုရဲ့ခေါင်းပေါ် ပုလင်းတစ်လုံးကျလာတာကိုး။ ငါ့စိတ်ထဲ ကွဲပြီမှတ်လိုက်တာပဲ။ ကံသီလို့ပေါ့ကွာ...၊ ငနဲက ငိုက်ပေးလိုက်လို့ပေါ့။ နို့မို့ရင် ဟက်တက်ပဲ”

ကိုဖိုးသိန်းက ရှူးခနဲဆိုလျှင် ဒိုင်းခနဲလုပ်တတ်သူဖြစ်ရကား ပုလင်းသံ နောက်ထပ်ကြားရသည်နှင့်တစ်ပြိုင်နက် ဒီလုံးတို့အိမ်ထရံကို ဗုံးဗုံးမည်အောင် တုတ်နှင့်နှက်လေသည်။ ဒီလုံး ရိပ်ခနဲပြေးသည်ကို မြင်လိုက်သော ကိုဒေါင်းနှင့်ပြာလောင်တို့ကား အတွင်သား အားသွန်၍ လိုက်ကြသည်။ မမိချေ။ ဤညအဖို့ကား မစွံတော့ပြီ။ ကာလသားတစ်စုလည်း မဏ္ဍပ်ချောင်တွင် ခေတ္တအရိပ်အဆင်ကြည့်ရင်း ခိုဝင်ပြီးလျှင် နံနက်သော် ဒီလုံး အဘယ်နည်းနှင့်သိသွားသည်ကို စုံစမ်းကြ၏။ လက်သည်ပေါ်လေ၏။

“ဪ... လက်စသတ်တော့ ကိုဝကြီးတို့အိမ်က ခွေးမသားကိုး၊ ငနဲတော့ ဘာကျေလိမ့်မတုံး..."

တစ်ညသော် ကိုဒေါင်းတို့လူစု ကိုဝကြီးအိမ်ရှေ့သို့ ရောက်လာကြသည်။ အိမ်ရှေ့မှနေ၍ ကုန်း၍ကုန်း၍ ဆဲရေးရင်း “ရဲရင် ထွက်ခဲ့”ဟု သံပြိုင်ဟစ်ကြသည်။ ကိုဝကြီး၏တပည့်က အိမ်ပေါ်မှ “ရဲရင် တက်ခဲ့”ဟု အော်ကျယ်ကျယ် လုပ်သည်။ ခဲမိုးရွာလိုက်သည်တွင်မှ ဘသားချော ထွက်ပြေးလေတော့သည်။

“ဆရာချိန့်ကုန်းကို မှတ်မိရဲ့ လားကွ”ဟု ကိုဒေါင်းသည် လေသံကို ခေတ္တဖြတ်ရင်း ကျွန်တော့်အား မေးလိုက်လေ၏။ ကျွန်တော်က “မှတ်မိပါတယ်”ဟု ထောက်လိုက်၏။ ကျွန်တော်မှတ်မိသည်မှာ ဆရာချိန့်ကြီးသည် ရွာမိရွာဖဖြစ် သော မြန်မာဆေးဆရာတစ်ဦးတည်း။ အတော်လျှင် ဆန်းသောသူဖြစ်ချေသည်။ အကြောင်းတမူကား ဆေးဆရာကို သူငယ်များသည် ကြောက်ဖွယ်ရာလူတစ်မျိုးဟု ယူဆကြသည်။ ဆရာချိန့်ကြီး၏အဖို့ကား ဤသို့မဟုတ်ဘဲ သူငယ်တိုင်း ၎င်းကိုချစ်၏။ ၎င်း၏နေထိုင်ရာ ဥယျာဉ်ကလေးမှ ဗောဓိကျောင်းသို့ ဝတ်တက်အသွားအပြန်တွင် လမ်းတစ်လျှောက် အိမ်ရှေ့မှကလေးတိုင်း “ဘကြီး” “ဘဘ” “အဘ” "ဘယ်သွားမလို့လဲ” “ဘယ်က ပြန်လာသလဲ” စသည်ဖြင့် နှုတ်ခွန်းဆက်ခြင်းကို ခံယူရလေ့ရှိသည်။ ဝတ်တက် ပြန်လျှင်လည်း ကလေးများအား “မြေးတို့ရေ- အမျှ.... အမျှ”ဟု အမျှဝေလေ့ရှိရာ ညနေခင်းတွင် ဆရာချိန့်ကြီးအလာကိုစောင့်၍ သာဓုခေါ်သောကလေးများမှာ အိမ်တိုင်းမှပင်ဖြစ်လေသည်။ ထိုကလေးတို့မှာလည်း သူ့ထက်ငါဦး ဂုဏ်တုဂုဏ်ပြိုင် သာဓုခေါ်ကြလေသည်။ ဆရာချိန့်ကိုအကြောင်းပြု၍ ထိုအရပ်ကို “ဆရာချိန့်ကုန်း”ဟု တွင်သတည်း။

ထိုဆရာချိန့်ကုန်းသည် ကိုဒေါင်းအဖို့၌ ရာဇဝင်တင်ထားထိုက်သောနေရာ ဖြစ်ပေသည်။ ဒီလုံးကို အကြောင်းပြလိုက်သော နေရာဖြစ်သောကြောင့်ပင်။ တစ်နေ့သော် ကိုဒေါင်းသည် ကိုပြာလောင်၊ ကိုဖိုးနက်တို့နှင့်အတူ ကျွဲကျောင်းရင်း ဆရာချိန့်ကုန်းသို့ ရောက်သွားကြသည်။ ဆရာချိန့်ခြံနားတွင် ဒီလုံးက ကန်သင်းကလေးကို ဖင်ခုထိုင်နေသည်။ ကန်သင်း၏တစ်ဖက်ကား ရိုးကြီးတစ်ခုရှိ၏။ နွေရာသီ ရေခန်းလုလုဖြစ်သောကြောင့် ရေအနည်းငယ်နှင့် ဗွက်အများ ကိန်းအောင်းလျက်ရှိသည်။ ကိုဒေါင်းတို့သုံးယောက်ကား ဒီလုံးအနားသို့ မယောင်မလည်  ချဉ်းကြသည်။

ဒီလုံးကား ထိုသူတစ်စုတို့ချဉ်းလာမှန်း သိ၏။ သို့သော်“သင်းတို့ဖြင့် ငါပုလင်းနှင့်ပစ်သည်ကို မသိတန်ကောင်းပါဘူး” ဟူသော အနေဖြင့် ရှောင်မပေးလေ။ တစ်မုဟုတ်အတွင်းတွင် ကိုဒေါင်းတို့လူစုသည် ဒီလုံးကို ဝိုင်းပြီးသားဖြစ်၏။ ဒီလုံးမူကား တစေ့တစောင်းမျှ မရိပ်မိသေး။ ကိုဒေါင်းလည်း ကွင်းသိုင်းထားသောလုံချည်ကို ကပျာကသီချွတ်၍ ဝိဇယမင်းသားသည် ကုဝဏ္ဏဘီလူးမကို ပုတီးကွင်းစွတ်သော ဟန်မျိုးဖြင့် အလစ်တွင် စွတ်လိုက်ပြီးလျှင် ဝိဓူရအမတ်ကို ပုဏ္ဏကဘီလူး မြင်းမြီးချည် စိုင်းသည့်နိပါတ်တော်ကို နှောင်းလူတို့ အသည်းစွဲ သတိရစိမ့်သောငှာ အကြင်သို့သောမောင်ဒီလုံးကို လုံချည်ကွင်းစွပ်၍ ကန်သင်းမှသည် ရိုးကြီးထဲသို့ တရွတ်တိုက်အောင် မြင်းမပါဘဲ ဗလာသက်သက် စိုင်းလေသတည်း။ ဒီလုံးကား တစ်ချက်မျှ မအော်နိုင်။

ဤကဲ့သို့သော အချက်မျိုးမှ ဒီလုံးကို ချမ်းသာပေးလိုက်ရလျှင် ကိုပြာလောင်နှင့်ကိုဖိုးနက်တို့အဖို့မှာ ရိုင်းရာကျရှာပေမည်။ ဤသို့နှင်နှင်ဖြစ်လေရကား လက်သီးနှင့်ထိုးသူထိုး၊ တံတောင်နှင့်ထောင်းသူထောင်း၊ ဖနောင့်နှင့်ပေါက်သူပေါက်၊ အားရလောက်မှ “လက်လွန်ကုန်ကြမယ်ဟေ့” ဟုသတိပေးရင်း ဒီလုံးကို ရိုးထဲရှိ ဗွက်ပုပ်များနှင့် ပေးစားထားခဲ့လေသည်။

ကိုဒေါင်းကား မြိန်ရေရှက်ရေ ပြောပြလျက်ရှိ၏။ ဆေးလိပ်ကို ဖွာရန်မျှ သတိမရ။ ဆေးလိပ်မီးငြိမ်းသွားလေသည်။ စကားဆက် အားရှိအောင် ကျွန်တော်၏ဆေးလိပ်မီးကို ယူ၍ညှိ၏။

“အဲသည်ကတည်းက ဒီလုံးက တို့ကို ငြိုးထားတာကိုးကွ”ဟု မီးညှိရင်း ပြောပြ၏။

“ဖိုးနက်တို့ ရှင်ပြုတဲ့နှစ်မှာပေါ့ကွာ။ လေးထပ်ကျောင်းမှာ ရွှေထီးသွားအငှား ဒီလုံးကလည်း အထက်ပိုင်းက ကျွဲတွေ မ,အလာ တွေ့ကြတာပေါ့။ ဒီလုံးက လေးထပ်ကျောင်းနောက်ဖေး ဖင်လှန်ချောင်းကလေးမှာ ကျွဲကျောင်းနေတာကိုး။ ငါက မြင်တယ်ဆိုရင်ပဲ ပြာလောင့်ကို လက်ကုတ်လိုက်တယ်။ မကြာပါဘူးကွယ်။ ငါလဲ သုတ်သုတ် သုတ်သုတ်နဲ့ ကျောင်းပလဝင်(ပရဝဏ်)ထဲ ပြေးလာတာပဲ။ သူ့လက်ထဲ ခြောက်လက်မသွား မောင်းချဓားကြီးနဲ့ အနားရောက်တယ်ဆိုရင်ပဲ ပြာလောင့်ကို ဓားနဲ့ထိုးအုပ်လိုက်တာကိုး။ ပြာလောင်က ရှောင်ပေးလိုက်တော့ ခွေးသား အားလွန်လဲတာပေါ့။ ဝိုင်းတွယ်လိုက်ကြတာကွာ ဘာပြောကောင်းမလဲ။ ရန်ဖြစ်နေတုန်း မောင်းချဓားလည်း ဘယ်ရောက်သွားသလဲမသိဘူး။ အဲသည်တုန်းက မင်းတို့အဘ လာဖျဉ်လို့ပေါ့ကွာ။ မဖျဉ်ရင် လက်အလွန်ပဲဟေ့”

ထို့နေ့နေ့လည်တွင် ဖိုးနက်တို့ ရှင်လောင်းလှည့်လေသည်။ လေးထပ်ကျောင်းမှစ၍ ဘုရားကြီးကိုပတ်ပြီး ကမ်းနားလမ်းတလျှောက်မှသည် မဏ္ဍပ်ချောင်သို့ဝင်၍ ကွင်းတန်းဖက်သို့ ပြန်လှည့်သည်။ ကွင်းတန်းအလယ်တွင် နတ်စင်ရှိ၏။ ရှင်လောင်းသည် နတ်ကွန်းဆီသို့ မလှမ်းမကမ်းရောက်လျှင်ပင် ဒီလုံးကို ကပ်ကြီးနှင့်တင်၍ လူတစ်စု ပေါက်လာလေသည်။ ဒီလုံးကား ဖိုးနက်ရှင်လောင်းလှည့်လာသည်ကို အားကျမခံ သေလောင်းလှည့်ခြင်းပင် ဖြစ်လေရော့သလား။ သို့သော် ဒီလုံးကား မသေသေး။ ဖိုးနက်တို့လူစု ထောင်ကျဆေး ဖော်ရန် လာခြင်းပင်ဖြစ်လေသည်။ အနီးသို့ရောက်လျှင် ကပ်ထမ်းသူတစ်စုတို့လည်း ကပ်ကြီးကို ချလိုက်သည်။ ဒီလုံးလည်း ကပ်ပေါ်မှနေ၍“ဟောဒီမှာကြည့်ကြပါဦး အရပ်ကတို့၊ လေးထပ်ကျောင်းမှာတုန်းက ဖိုးနက်၊ ငဒေါင်း၊ ပြာလောင်တို့လူစု ကျွန်တော့်ကို ဝိုင်းပြီး ဓားနဲ့ထိုးလိုက်ကြတာ ရစရာမရှိပါဘူးခင်ဗျာ”ဟု ထမင်းခုနစ်နပ်မစားခဲ့ရသော အသံမျိုးဖြင့် ပြောရင်း ကပ်ပေါ်မှဆင်းသက်တော်မူပြီးလျှင် ရှင်လောင်းလှည့်ရာလိုက်ပါလာသူတစ်စုအား ၎င်း၏ဒဏ်ရာများကို ပြလေ၏။

အာဂဒီလုံး၊ ဉာဏ်ဆင်ပြီး သူ့ပေါင်သူ ဓားနှင့်ထိုးတားသည်မှာ ရစရာမရှိ။ သွေးချင်းချင်းနီလျက်။ အမှုဖြစ်ရချေပြီ။ ဒီလုံးကား ဉာဏ်သမား။ မြောင်းမြသို့တက်၍ ရွှေဒင်္ဂါးတစ်ပြားနှင့် အကြံထုတ်၏။ အမှုစစ်သော် ဖိုးနက်ထိုးသော ဒဏ်ရာသည် တုံးသောလက်နက်ကြောင့်၊ ပြာလောင်ထိုးသောဒဏ်ရာကား ချွန်သောလက်နက်ကြောင့်ဟူ၍ အတပ်ဟောသောအာတပ္ပန ဗေဒင်ကျမ်းအရ ဖိုးနက်မှာ လွတ်၍ ပြာလောင်ကား ထောင်သုံးလကျရှာသည်။

နေနှင့်ဦး ဒီလုံးရယ်။ မင့်ကိုမိလောက်မှ တွယ်လိုက်ရဦးမပေါ့။ တွယ်ဆို အချက်ပေါ်ပြီ။ ပြာလောင် ထောင်မှလွတ်သည်နှင့်တစ်ပြိုင်နက် ထောင်လွတ်ခြင်းအထိမ်းအမှတ်ကို နတ်သိကြားများ မနေပိုင်၍ ကျင်းပကြရသည်ထင့်။ ပွဲနှင့် လာ၍ဆုံသည်။ ဒီလုံးလည်း ထိုပွဲသို့ ကြွရောက်ရှုစားတော်မူသည်။ ကိုယ်တော်မြတ်ကား ပက်လက်ကုလားထိုင်တစ်လုံးကို အဖိုးငွေသုံးမတ်ပေး၍ ဝယ်ပြီးလျှင် အစင်းသားထိုင်ကာ စံပယ်တော်မူလေသည်။ ကုလားထိုင်အောက်၌ကား ပုလင်းတစ်လုံးနှင့် လက်ဖက်ရည်အကြမ်းပန်းကန်။ ပွဲကြည့်ရင်း ငုံ့၍ငုံ့၍ ကစော်ရည်ကိုသောက်လေသည်။

“ဒီလုံး ပွဲလာကြည့်တယ်ဟေ့” ဟူသော လေသံကလေးသည် တစ်ယောက်တစ်ဆင့် ကိုဒေါင်းတို့လူစုထံသို့ လွင့်၍သွားလေရာ ဝန်ကြီးမျှ မဝင်ခင်လျှင် ကိုဒေါင်းတို့လူစု ဒီလုံး၏ကုလားထိုင်နောက်တွင် ရောက်နှင့်ကြလေပြီ။ ကိုယ်တော်မြတ် ဒီလုံးကား တယစ်ယစ်နှင့်။

ဒီလုံး၏ကုလားထိုင်နောက်တွင် ဦးခေါင်းများ မိုးမွှန်၍ စီနေသည်။ အများတကာတို့ထက်ထူးခြားသော ဦးခေါင်းနှစ်လုံးမှာမူကား ဝဲဘက်နှင့်ယာဘက်သို့ ခပ်ယိမ်းယိမ်းကလေးနေသည်။ ဓာတ်မီးရောင်နှင့် သီသီဝေးသောကြောင့်မည်သူတို့၏ဦးခေါင်းဖြစ်သည်ဟု တပ်အပ်စွပ်စွဲရန် ခဲယဉ်းလှချေသည်။ ထိုအတွင်း ဒီလုံးနောက်တည့်တည့် ရုံထရံ၏ဘေးပေါက်ကဲလားသည် ဟလာပြီးလျှင် ကြိမ်လုံးခေါင်းတစ်ခုသည် ပြူထွက်လာလေ၏။ ထိုကြိမ်လုံးခေါင်းကြီးမှာ ရုံတွင်းသို့ ကြောက်မက်ဖွယ်ရာ ဝဲ၍ဝဲ၍ဝင်လာပြီးလျှင် မြွေဟောက်ပါးပြင်းထောင်သကဲ့သို့ ထောင်လိုက်ပြီးသည်၏အခြားမဲ့၌ “ဒေါင်”ဟူသောအသံသည် တစ်ရုံလုံးကို ချောက်ချားလိုက်သတည်း။

ဝဲဘက်နှင့်ယာဘက်သို့ ခပ်ယိမ်းယိမ်းကလေးနေသော ဦးခေါင်းနှစ်လုံးအကြားရှိ ဒီလုံး၏မဏိတော်မှာ တျာတျာရဲသော လောဟိတရောင်ခြည်တော်သည် အထက်ဘဝဂ်သို့ ပြန့်ခြင်းငှာမစွမ်းနိုင်ရှာသောကြောင့် အောက်အဝီစိတည်းဟူသော ကစော်ပုလင်းပေါ်သို့ တစ်စက်စက်နှင့် စီးဆင်းကွန့်မြူး၍နေသည်မှာ ပွဲမလန့်ဟုဆိုလျှင် တောက်ခနဲ တောက်ခနဲ မြည်သံကို ကြားကောင်းကြားကြရပေလိမ့်မည်။
--------------------------
#မောင်ထင်

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)