ပုံနှိပ်သမား၊ အခန်း (၂)
(တဖြည်းဖြည်း ပုံရိပ်ထင်လာ။ အနီးကပ်ရိုက်ချက်။ ။ လိုင်နို စာစီစက်၏ အနောက်ဘက် မြင်ကွင်း၊ လိုင်နိုစက်သည် အလုပ်လုပ်နေသည်။ စက်မှ စာတန်းတစ်တန်း ရိုက်နေသည်ကို ကင်မရာရိုက်ပြ။ ထို့နောက် စက်ပတ်ပတ်လည်ကို ဖြည်းညင်းစွာ ကင်မရာ ရွှေ့လာပြီး လိုင်နိုစက် ရိုက်နေသော စက်ဆရာကို ရိုက်ပြ။ စက်ဆရာ၏ လက်ချောင်းများသည် သူ့ရှေ့ရှိ ခလုတ်ခုံပေါ်တွင် လျင်မြန်စွာ လှုပ်ရှားနေသည်။)
ဇာတ်ကြောင်းပြောသူ။ ။ အဲဒီလိုနဲ့ ကျွန်တော်တို့တိုက်ကို လိုင်နိုစာစီစက် ရောက်လာပြီးတော့ စက်ဆရာ တစ်ယောက်ကို အလုပ်ခန့်လိုက်ပါတယ်။ မစ္စတာဟီလီဟာ သူတို့နှစ်ဦးစလုံးကို အတိအလင်း စစ်ကျေညာ လိုက်တယ်။ ပထမဆုံး သူဟာ စက်ကို စာစီပြိုင်ဖို့အတွက် စိန်ခေါ်လိုက်တယ်။
(ဆိုင်တစ်ခုလုံး၏ မြင်ကွင်းကို မြင်ရသည်အထိ ကင်မရာ အနောက်သို့ ဆုတ်လာ။ ကောင်လေးသည် အလယ်တွင် ရပ်နေ၏။ ဒိုင်လူကြီးတစ်ဦးကဲ့သို့ သူ၏ လက်တစ်ဖက်ကို မြှောက်ထားသည်။ လိုင်နိုစာစီစက်တွင် စက်ဆရာသည် စက်ကို ရိုက်ရန် အသင့် အနေအထားဖြင့် ထိုင်နေသည်။ ဆိုင်၏ အခြားတစ်ဖက် အစွန်းတွင်မူ မစ္စတာဟီလီသည် စာစီတံကို လက်ထဲတွင် ကိုင်ထားပြီး အချက်ြပမည်ကို စောင့်ဆိုင်းနေ၏။ ကောင်လေးက လှမ်းကြည့်လိုက်သောအခါ ခေါင်းညိတ်ပြလိုက်၏။ ကောင်လေးသည် စက်ဆရာကို လှမ်းကြည့် လိုက်ပြန်သည်။ သူသည်လည်း ခေါင်းညိတ်ပြသည်။ ကောင်လေးသည် လက်ကို အောက်သို့ ချလိုက်ပြီး ပြိုင်ပွဲကို စတင်ပေးလိုက်တော့သည်။)
ဖြတ်။ အနီးကပ်ရိုက်ချက်။ အရူးအမူးဖြင့် တဖျတ်ဖျတ် ရိုက်နေသော လိုင်နိုစာစီစက်။
ဖြတ်။ အနီးကပ်ရိုက်ချက်။ လျင်မြန်စွာ လှုပ်ရှားနေ၍ ဝါးနေသော မစ္စတာဟီလီ၏ လက်များ။
ဖြတ်။ အနီးကပ် ရိုက်ချက်။ ခလုတ်များထက်တွင် လက်ေချာင်းများ တရိပ်ရိပ် လှုပ်ရှားနေသော လိုင်နိုစက်ဆရာ၊ ရုတ်တရက် သူ့မျက်နှာ ပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာပြီး ခေါင်းကိုမော့လိုက်၏။ သူ စာစီ၍ ပြီးသွားလေပြီ။
ဖြတ်။ အနီးကပ်ရိုက်ချက်။ စာစီတံအတွင်းရှိ တစ်ဝက်သာ စီပြီးသေးသော စာကြောင်းကို မကြည်မသာဖြင့် စစ်ဆေးနေသော မစ္စတာဟီလီ။ သူသည် မသဲမကွဲ ရေရွတ်လျက်ရှိ၏။
[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]
ဇာတ်ကြောင်းပြောသူ။ ။ မစ္စတာဟီလီဟာ လိုင်နိုစာစီစက်ကို သူ့ရဲ့ ပုဂ္ဂလိက ရန်သူတော်ကြီး အဖြစ် သတ်မှတ် လိုက်ပါတော့တယ်။
(တဖြည်းဖြည်း ပုံရိပ်ထင်လာ။ ။ မစ္စတာဟီလီသည် ကလု(ခ်ျ)စက်နှင့် လိုင်နိုစက် အကြားရှိ နေရာလပ်ကလေးသို့ တိုးဝင်လိုက်သည်။ ကြမ်းပေါ်တွင် ကျနေသော ပရု(ဖ်)စာရွက်ကို ကုန်း၍ ကောက်လိုက်သည်။ ကိုယ်ကို ပြန်အမတ်တွင် သူ၏ခေါင်းသည် လိုင်နိုစက်ဖြင့် ဆောင့်မိသွား၏။ မစ္စတာဟီလီသည် ဆတ်ခနဲ နောက်သို့ ဆုတ်လိုက်ပြီး စစ်ခင်းရန် အသင့်ပြင်လိုက်သည်။ သူ့မျက်လုံးများက စက်ကို စိုက်ကြည့်နေသည်။ 'မင်း နောက်တစ်ခါ လုပ်ရဲရင် လုပ်ကြည့်စမ်း' ဟူသော အကြည့်မျိုး ဖြစ်သည်။ သူသည် တစ်ယောက်ယောက်က သူ့ကို ကြည့်နေသလား ဟူ၍ လျင်မြန်စွာ ဟိုဟိုသည်သည် ကြည့်လိုက်၏။ ထို့နောက် စက်၏ အခြေကို ခိုးကြောင်ခိုးဝှက်ဖြင့် လှစ်ခနဲ ကန်ထည့်လိုက်သည်။ ပြီးမှ မပွင့်တပွင့် ရေရွတ်လျက် ကင်မရာ မြင်ကွင်းထဲမှ ထွက်သွားလေသည်။)
[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]
ဇာတ်ကြောင်းပြောသူ။ ။ မကြာခင်မှာပဲ မစ္စတာဟီလီဟာ ကောက်ရသလို ချောင်းဆိုးရောဂါ အပြင်းအထန် ရပါတော့တယ်။ (ပုံနှိပ်တိုက် အနောက်ပိုင်းတွင် မစ္စတာဟီလီသည် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုး လိုက်သည်။) တိုက်ထဲမှာ ခဲငွေ့တွေနဲ့ ပြည့်နေလို့ ရောဂါရတာလို့ သူက ဆိုပါတယ်။ ကျန်တဲ့ ကျွန်တော်တို့တတွေ ချောင်းဆိုးရောဂါ မရတာကို ကြည့်ပြီး သူ အကြီးအကျယ် အံ့ဩနေပါတယ်။ (မစ္စတာဟီလီသည် ချောင်းဆိုး နေသည်ကို ချုပ်တည်း၍ တိုက်တွင်းမှ ကျန်လူများကို ဒေါသဖြင့် စိုက်ြကည့်သည်။ ထို့နောက် သူသည် မပွင့်တပွင့် ရေရွတ်ပြီး ခြေလျှပ်တိုက် လျှောက်ရင်း ကင်မရာ မြင်ကွင်းထဲမှ ထွက်သွားလေ၏။)
[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]
(တဖြည်းဖြည်း ပုံရိပ်ထင်လာ။ ။ ကောင်လေးအိမ် ဧည့်ခန်း။ ခန်းမကို ဖြတ်ပြီး အရှေ့တံခါးသို့သွားရာ ပေါင်းကူးလမ်းလေး ရှိသည်။ ဆင်းရဲသားအလွှာ အိမ်ရာစခန်း တစ်ခုမှ တိုက်ခန်းလေး ဖြစ်သည်။ ပရိဘောဂများမှာလည်း ဝါကျင့်ကျင့် ဖြစ်နေပေပြီ။ မှောင်အုံ့အုံ့ ဖြစ်နေသော အခန်းလေးထဲတွင် မီးအိမ်လေး နှစ်ခုမှ အလင်းရောင်သာ ရှိသည်။ အမှောင်ရိပ်သည် ပြတင်းပေါက် တစ်ခုထက်သို့ ထိုးကျနေသည်။ ကုလားထိုင်တစ်လုံး၏ အပေါ်တွင် ကောင်လေး၏ အမေသည် တောင့်တောင့်ကြီး ထိုင်နေသည်။ သူ၏လက်များကို ပေါင်ပေါ်တွင် လျော့တိလျော့ရဲ ယှက်တင်ထားသည်။ သူ၏မျက်နှာမှာ အောက်သို့ ငုံ့နေသည်။ အခြား ကုလားထိုင် တစ်လုံးပေါ်တွင် အခန်းနီးချင်း မိန်းမကြီး တစ်ယောက်သည် အားပေးနှစ်သိမ့် နေဟန်ဖြင့် ကိုယ်ကိုရှေ့သို့ ကိုင်းညွှတ်ပြီး ထိုင်နေသည်။ ထိုမိန်းမကြီး တတွတ်တွတ် ပြောနေသော အားပေးစကားများကို မသဲမကွဲသာ ကြားရသည်။ ကောင်လေးအမေ၏ နံဘေးတွင် ကောင်လေး၏ အစ်မ ရပ်နေသည်။ မိန်းကလေးမှာ အသက်နှစ်ဆယ်ခန့် ရှိလေပြီ။ သူ့ဟန်သွင်မှာ တည်ငြိမ်ပြီး ကျက်သရေ ရှိသည်။ အမှောင်ရိပ် ကျနေသော ပြတင်းပေါက် နံဘေးတွင်မူ ကောင်လေး ရပ်နေသည်။ သူတို့ သုံးယောက်စလုံးသည် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင် အဝတ်စများ စည်းနှောင် ထားကြ၏။)
ဇာတ်ကြောင်းပြောသူ။ ။ (၁၉၃၉) ခု၊ ဇွန်လမှာ ကျွန်တော့် အဖေ
ဆုံးတယ်။
(အားပေးနေသော အခန်းနီးချင်း မိန်းမကြီးသည် ကိုယ်ကို ကောင်လေး၏ အမေဘက်သို့ အနည်းငယ်ပို၍ ကိုင်းညွှတ်လိုက်ပြီး)
အခန်းနီးချင်း။ ။ သူဟာ တကယ့်လူပျော်ကြီး တစ်ယောက်ပါရှင်။ သူ ရောက်သွားတဲ့ နေရာတိုင်းမှာ တဝါးဝါးနဲ့ ပွဲကျတာချည်းပဲ။ ကျွန်မတော့ ဒီလေးရက် အတွင်းမှာ ငိုစရာမျက်ရည် မကျန်တော့အောင်ကို ငိုပစ်လိုက်တာပဲ။ ကျွန်မမျက်လုံးတွေကို ကြည့်ပါလား။ နီရဲပြီး ဖူးယောင် မနေဘူးလား။ ကျွန်မယောက်ျားကို ကျွန်မ အဲဒီသတင်း ပြောလိုက်တော့ သူထိုင်နေရာက ငေါက်ခနဲ ထရပ်တယ်။ ပြီးတော့ 'ငါ ဘီယာ တစ်ပုလင်းလောက် သွားသောက်မှ ဖြစ်မယ်ကွာ' ဆိုပြီး ထွက်သွားလိုက်တာ.... အဲဒီနေ့က သူ ဘယ်လောက်တောင် မူးလာသလဲ သိလား။ အို.... ရှင့်ယောက်ျား ဆုံးတဲ့သတင်းဟာ သူ့ကို ဘယ်လောက်တောင် စိတ်ထိခိုက်စေ....
(တံခါးခေါင်းလောင်း မြည်လာသည်။)
အမေ။ ။ တွမ်.... တံခါး သွားဖွင့်စမ်း။
(ကောင်လေးသည် ပြတင်းပေါက်နံဘေးမှ ခွါလိုက်ကာ ပေါင်းကူးလမ်းလေး အတိုင်း အိမ်ရှေ့တံခါးသို့ လျှောက်သွားသည်။ သူ၏ နောက်ဖက်တွင် ကျန်ခဲ့သော အခန်းနီးချင်း မိန်းမကြီး၏ အားပေး စကားသံများသည် တဖြည်းဖြည်း တိုးတိုးသွားသည်။)
အခန်းနီးချင်း။ ။ ဒီနှစ်အတွင်းမှာပဲ လူကောင်းတွေ တဖြုတ်ဖြုတ်နဲ့ ဆုံးကုန် လိုက်ကြတာရှင်။ ဒါနဲ့ နေစမ်းပါဦး.... ကျွန်မတို့ အိမ်ရှင်ဆီက လူလေး တစ်ယောက်လောက်တောင် လာဖော် မရပါလား။ ဘယ်လောက် နှလုံးနာစရာ ကောင်းသလဲ။ အဲဒီအိမ်ရှင်ဟာ အခန်းငှါးခတော့ မှန်မှန်တောင်းတယ်။ အခန်းကိုကျတော့ ကျွန်မတို့ ပြောင်းမလာခင် တစ်ခါလောက် ဆေးသုတ် ပေးထားပြီး ကျွန်မတို့ပြောင်းတဲ့ အချိန်ထိ တစ်ခါမှ ဆေးပြန်သုတ်ပေးတယ်လို့ မရှိဘူး။
(ကောင်လေးသည် အိမ်ရှေ့တံခါးသို့ ရောက်သွားပြီး တံခါးကို ဖွင့်လိုက်သည်။ တံခါးဝတွင် မစ္စတာဟီလီ ရပ်နေသည်။ မစ္စတာဟီလီသည် တစ်ဖက်သို့ ငေးကြည့်နေသယောင် မျက်နှာကို လွှဲထားသည်။ သူသည် ကောင်လေးကို ခိုးကြည့်လိုက်သည်။)
မစ္စတာဟီလီ။ ။ ဟယ်လို.... ကောင်လေး။
ကောင်လေး (မစ္စတာဟီလီ ရောက်လာခြင်းအတွက် အံ့ဩတုန်လှုပ်နေရင်း)။ ။ ဟယ်လို မစ္စတာဟီလီ။
မစ္စတာဟီလီ။ ။ ငါ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ထုံးတမ်းစဉ်လာ ဓလေ့တစ်ခုကို သတိရတာနဲ့ သစ်သီးခြင်းတစ်ခြင်း ယူလာခဲ့တယ်။ မင်း စိတ်မရှိပါဘူးနော်။
(သူသည် ကောင်လေးကို သစ်သီးခြင်း တစ်ခြင်း လှမ်းပေး လိုက်သည်။)
ကောင်လေး။ ။ ခင်ဗျား သိပ်ကြင်နာတာပဲ မစ္စတာဟီလီ၊ တကယ့်ကို ကြင်နာတာပါပဲ။ (ကောင်လေးသည် သိသိသာသာပင် စိတ်ထိခိုက်သွားသည်။) အခုလို ဒုက္ခခံပြီး လာအားပေးတာကို ပြောတာပါ။ ခင်ဗျား သိပ်ကြင်နာတာပါပဲ။ အိမ်ထဲဝင်ပြီး ကျွန်တော့်အမေနဲ့ အစ်မကို တွေ့ပါဦးလား။
(မစ္စတာဟီလီသည် တံခါးဝမှ အတွင်းသို့ ဝင်လိုက်သည်။ ကောင်လေးသည် တံခါးကို ပြန်ပိတ်လိုက်ပြီး မစ္စတာဟီလီကို ဧည့်ခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။)
ကောင်လေး။ ။ မေမေ.... ဟောဒါ ကျွန်တော်တို့ ပုံနှိပ်တိုက်က စာစီဆရာ မစ္စတာဟီလီလေ။ မစ္စတာဟီလီက သစ်သီးခြင်း တစ်ခြင်း ယူလာပေးတယ် မေမေ။
(မစ္စတာဟီလီသည် အမေ့ထံသို့ လက်ကမ်းပေး လိုက်သည်။)
အမေ။ ။ ကျေးဇူးတင်ပါတယ် မစ္စတာဟီလီ ရှင်။
ကောင်လေး။ ။ ဒါကတော့ ကျွန်တော့် အစ်မပါ။
အစ်မ။ ။ ကျန်းမာပါရဲ့နော် မစ္စတာဟီလီ။
(အဘိုးအိုက ခေါင်းညိတ်ပြလိုက်သည်။)
အခန်းနီးချင်း (ယခုအခါတွင် ရပ်နေသည်)။ ။ သူဟာ တကယ့်လူပျော်ကြီး တစ်ယောက်ပါ မစ္စတာဟီလီ။
မစ္စတာဟီလီ။ ။ ဟုတ်ကဲ့။
အခန်းနီးချင်း။ ။ သူရောက်လေရာ နေရာတိုင်းမှာ တဝါးဝါး ပွဲကျတာချည်းပဲ။ အခု သူကတော့ အေးသွားပြီပေါ့ရှင်။ ဒါပေမယ့် သူ့မိသားစု ဘာဖြစ်ကျန်ခဲ့သလဲ။ သူထားခဲ့တဲ့ အာမခံကြေးကလဲ သူ့အသုဘ စရိတ်နဲ့ပဲ ကုန်ပါရောလား။
အမေ။ ။ မစ္စက်ဂယ်လာဂါ....
အခန်းနီးချင်း။ ။ မိန်းကလေးကလဲ ဘွဲ့ရဖို့ နှစ်နှစ် လိုသေးတယ်။
အမေ။ ။ မစ္စက်ဂယ်လာဂါ။ မစ္စတာဟီလီက ကျွန်မတို့ကို အားပေးဖို့ လာတာပါ။ ပရိဘောဂတွေ လာသိမ်းတာ မဟုတ်ပါဘူး။
အခန်းနီးချင်း။ ။ သူဟာ တကယ့်လူပျော်ကြီး တစ်ယောက်ပါရှင်။
မစ္စတာဟီလီ။ ။ ဟုတ်ကဲ့။ (သူတို့၏ အကြားတွင် သက်သောင့်သက်သာ မရှိ၊ ကျဉ်းကျပ်သော ခံစားမှုတစ်ခုဖြင့် အတန်ကြာအောင် တိတ်ဆိတ် နေကြသည်။) ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး။ ခင်ဗျားတို့မှာ ခင်ဗျားတို့ မသိတဲ့ မိတ်ဆွေတစ်ယောက် ရှိနေပါတယ် ဆိုတာကို သိစေချင်ရုံသက်သက် လာခဲ့တာပါ။
(အဘိုးအိုသည် ဆတ်ခနဲ လှည့်လိုက်ြပီး စတင် ထွက်သွားလေသည်။ ကောင်လေးက သူ့နောက်မှ လိုက်သွားသည်။ သူတို့ တံခါးဝသို့ ရောက်သောအခါ အဘိုးအိုက ရပ်လိုက်သည်။)
မစ္စတာဟီလီ (အသံကို နှိမ့်၍)။ ။ ငွေလေး ဘာလေးများ လိုသလား ကောင်လေး။
ကောင်လေး (အသံကိုလိုက်၍ နှိမ့်လိုက်ပြီး)။ ။ မလိုပါဘူး မစ္စတာဟီလီ။
မစ္စတာဟီလီ။ ။ မင်း ဘယ်တော့ အလုပ် ပြန်ဆင်းမလဲ။
ကောင်လေး။ ။ တစ်ပတ်လောက်အတွင်း ပြန်ဆင်းနိုင်မယ် ထင်ပါတယ်။
မစ္စတာဟီလီ။ ။ မင်း သိပ် ဝမ်းနည်းနေသလား။
ကောင်လေး။ ။ ကျွန်တော့်မှာ ဝမ်းနည်းနေဖို့ အချိန် မရှိပါဘူး မစ္စတာဟီလီ။ အဘိုးကြီးအလောင်း မြေကျပြီးတာနဲ့ ဆယ်မိနစ် အတွင်းမှာပဲ ဦးလေးဖရန့်က ကျွန်တော့်ကို မီးဖိုထဲ ခေါ်ပြောတယ်။ ကျွန်တော် အလုပ် ပိုလုပ်ရမယ်၊ ပိုကြိုးစားရမယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အမေက ဘာအလုပ်မှ မလုပ်တတ်ဘူးလေ။ လက်နှိပ်စက်တောင် ရိုက်တတ်တာ မဟုတ်ဘူး မစ္စတာဟီလီ။ နို့ပြီး ကျွန်တော့်အစ်မ ကလည်း ကောလိပ်နှစ်နှစ် ဆက်တက်ရဦးမယ်။ သူ ကျောင်းထွက်ဖို့ကို အမေက လေသံလေးတောင် အဟခံနိုင်တာ မဟုတ်ဘူး။ တစ်ယောက်ယောက် ကတော့ ကျောင်းစရိတ် ပေးရမှာပ။ဲ ကျွန်တော်တို့ ဒီတိုက်ခန်းမှာလည်း ဆက်မနေနိုင်တော့ဘူး။ တစ်လကို လေးဆယ့်ခုနစ် ဒေါ်လာတောင် ပေးရတာ။ ဒုက္ခတွေကတော့ အများကြီးပါပဲ။ ကျွန်တော် သူဌေးကို လုပ်ခ တိုးပေးဖို့ ပြောမယ် စိတ်ကူးတာပဲ။ သူ တိုးပေးမယ်လို့ ထင်သလား မစ္စတာဟီလီ။
မစ္စတာဟီလီ။ ။ ဟ.... ဘာလို့ မပေးရမှာလဲ၊ သိပ်ပေးတာပေါ့ကွ။ မင်းက တို့ဆိုင်မှာ ရခဲ့ဖူးသမျှ အလုပ်သင်လေးတွေထဲက အကောင်းဆုံး ကောင်လေးပဲဟာ။
ကောင်လေး။ ။ ကျွန်တော် တစ်နာရီကို ခုနစ်ဆယ့်ငါးဆင့် ပေးဖို့ တောင်းမယ် စိတ်ကူးတာပဲ။ အဲဒါဆို တစ်ပတ်ကို ဒေါ်လာသုံးဆယ်.... (သူ၏ တစ်ပတ်လုံးလုံး တင်းထား ရသော စိတ်ဓာတ်သည် ပြိုကွဲစ ပြုလာသည်။ သူသည် စကားပြောနေရင်းမှ စတင်၍ တိတ်ဆိတ်စွာ ငိုတော့သည်။) တကယ့် လူဆိုးကြီးပါဗျာ၊ ကျွန်တော့် အဘိုးကြီးလေ။ သူက ကျွန်တော့်ကို ဒုက္ခတွေ တစ်လှေကြီးနဲ့ ထားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ အဆင်ပြေသွားကြ....
(ယခုအခါ သူသည် ပွင့်လင်းစွာ ငိုနေပြီ ဖြစ်သည်။ နှုတ်ခမ်းများကို ကိုက်ရင်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရန် ကြိုးစားသည်။ ကောင်လေး ငိုနေသည်ကို ကြည့်နေသော အဘိုးအိုသည် ရုတ်တရက် ချိုသာစွာ ပြောလိုက်သည်။)
မစ္စတာဟီလီ။ ။ မင်းလို ဆယ့်ခုနစ်နှစ်သားလေး တစ်ယောက်အတွက် တာဝန် သိပ်ကြီးတာပေါ့ကွာ။ ဒါပေမယ့် မင်း တာဝန်ယူနိုင်မှာပါ။ ငါ မနက်ဖြန်တိုက်ကို ရောက်ရောက်ချင်း သူဌေးကို ပြောမယ်ကွာ။ မင်း အလုပ်ပြန်ဆင်းတဲ့ အခါ တစ်နာရီကို ခုနစ်ဆယ့်ငါးဆင့် ရရမယ်။ နောက်ပြီး ငါ မင်းကို စာစီ သင်ပေးမယ်။ ငါတို့ အလုပ်သိမ်းပြီးရင် တစ်နာရီလောက် အချိန်ယူကြတာပေါ့။ ငါ မင်းကို သေသေချာချာ သင်ပေးမယ် ကောင်လေး။ တစ်နေ့တော့ မင်း ပုံနှိပ်သမားကောင်း တစ်ယောက် ဖြစ်လာရစေ့မယ်။
(ကြင်နာစွာ ပြောလိုက်သော နူးညံ့သည့် စကားလုံးများသည် ကောင်လေးကို ထပ်မံ၍ ငိုကြွေးစေသည်။ အဘိုးအိုသည် ကောင်လေးကို ချစ်ခင်စွာ ပြုံးပြလိုက်သည်။ ထို့နောက် ကောင်လေး၏ ပခုံးကို သိုင်းဖက် လိုက်သည်။ ကောင်လေးသည် အဘိုးအို၏ ရင်ဘတ်ထက်တွင် ခေါင်းကိုမှီရင်း တရှိုက်ရှိုက် ငိုကြွေးနေသည်။)
အနီးကပ်ရိုက်ချက်။ ။ မစ္စတာဟီလီ။ သူ၏ မျက်လုံးများ သည်လည်း အနည်းငယ် စိုစွတ်နေကြသည်။
မစ္စတာဟီလီ။ ။ မင်း ပုံနှိပ်သမားကောင်း တစ်ယောက် ဖြစ်လာအောင် ငါတို့ ကြိုးစားကြမယ် ကောင်လေး။
[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]
(တဖြည်းဖြည်း ပုံရိပ်ထင်လာ။ ။ ကောင်လေး၏ အမေသည် ဆိုဖာခုံ တစ်လုံးပေါ်တွင် လဲလျောင်းနေသည်။ သူသည် ဝတ်ရုံဟောင်းကြီး တစ်ထည်ကို ဝတ်ထားသည်။ ထိုဝတ်ရုံကြီး၏ အောက်တွင်မူ ခေတ်ဟောင်းပုံစံ အိပ်ရာဝင် အင်္ကျီရှည်ကြီးကို ဝတ်ထားသည်။ သူသည် အတန်ကြာကပင် အိပ်ရာဝင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သော်လည်း ဆိုဖာပေါ်တွင် မလှုပ်မယှက် လှဲလျောင်းလျက် ရှိသည်။ သူ၏ မျက်လုံးများမှာ ပွင့်နေပြီး မျက်နှာကျက်ကို ငေးကြည့်နေသည်။ မီးအိမ်တစ်ခု ငြိမ်းသွားသဖြင့် အခန်းသည် ပို၍မှောင်မည်း လာသည်။ အမေသည် ငြိမ်သက်နေသော အခန်း၏ အခြားတစ်ဖက်ရှိ ဒုတိယ မီးအိမ် ရှိရာသို့ ဖြည်းညင်းစွာ မျက်နှာကို လှည့်လိုက်သည်။)
အမေ။ ။ တွမ်.... သွားအိပ်တော့။
(မီးအိမ်အောက်ရှိ ကုလားထိုင်တွင် ထိုင်နေသော ကောင်လေးထံသို့ အခန်းကို ဖြတ်သန်းပြီး ကင်မရာ ရွေ့လာ။)
ကောင်လေး။ ။ ဒီညလဲ ဒီမှာပဲ အိပ်ဦးမလို့လား မေမေ။
အမေ။ ။ အေး။
ကောင်လေး။ ။ ဒီမှာ မေမေ ကျွန်တော် အများကြီး စဉ်းစားပါတယ်။ ပေါ်လီ ကျောင်းထွက်ရမှာကို မေမေ ဘယ်လောက် စိတ်ဆင်းရဲမှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် အဲဒါ ကိုယ့်ဒုက္ခကိုယ် ရှာတာပဲ မေမေ။
(အမေသည် တိုးညှင်းစွာ 'ရှူး' ဟု အသံပြုလိုက်ပြီး ခေါင်းကို လှုပ်သည် ဆိုရုံကလေး လှုပ်၍ ပိတ်ထားသော အခန်းတံခါးကို ညွှန်ပြလိုက်သည်။)
ကောင်လေး။ ။ မေမေ.... ကျွန်တော် အစွမ်းကုန် ရနိုင်တာက နောက်ခြောက်လ အတွင်းမှာ တစ်ပတ်ကို ဒေါ်လာသုံးဆယ်၊ ပြီးတော့....
အမေ။ ။ မင်း ဒီကို လာပြောရင် ပိုကောင်းမယ် တွမ်။
(ကောင်လေးသည် အနည်းငယ် စူအောင့်အောင့်ဖြင့် ထရပ်လိုက်သည်။ အခန်းကို ဖြတ်၍ လျှောက်လာပြီး သူ့အမေကို ခေါင်းအုံးတစ်လုံး ကမ်းပေးလိုက်သည်။ ထို့နောက် အမေ့ အပေါ်တွင် မိုး၍ ရပ်လိုက်သည်။)
ကောင်လေး။ ။ မေမေ.... ကျွန်တော် အစွမ်းကုန် ရနိုင်တာက နောက်ခြောက်လ အတွင်းမှာ တစ်ပတ်ကို ဒေါ်လာသုံးဆယ်၊ အဲ.... ခြောက်လ ကျော်ရင်တော့ နည်းနည်းပိုပြီး ရလာနိုင်တယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်ြပီး တတ်နိုင်မှာလဲ၊ မေမေ နားလည်ပါဗျာ။
အမေ။ ။ တွမ်....
ကောင်လေး။ ။ သူ ကောလိပ် သွားမတက်ရတော့ရော ဘာဖြစ်မှာမို့လို့လဲ။ ဒီလောက်ကြီး စိတ်အဆင်းရဲ ခံနေရမယ့်ကိစ္စ မဟုတ်ပါဘူး။
အမေ။ ။တိုးတိုးပြော တွမ်။
ကောင်လေး (လေသံကလေး နီးပါးမျှ အသံကို နှိမ့်ချလိုက်ပြီး) ။ ။ အိမ်ကို ကူညီဖို့ သူကျောင်းထွက်ပြီး အလုပ်တစ်ခုခု လုပ်သင့်ပြီ မေမေ။ သူသာ အလုပ်တစ်ခုခု လုပ်မယ်၊ သူ့ဆီကပါ တစ်ပတ်ငွေသုံးဆယ် ရမယ်ဆိုရင် ကျွန်တော်တို့ အဆင်ပြေသွားမှာပဲ။ ဒါပေမယ့် သူက စားဖို့တော့ ဘာတစ်ခုမှ မလုပ်ဘူး။ နှစ်တိုင်း နှစ်တိုင်း အဲဒီစာအုပ်တွေပဲ ဝယ်နေတယ်။ အဲဒီ စာအုပ်တွေအတွက် တစ်နှစ် တစ်နှစ်ကို ငွေတစ်ရာလောက် ဖြုန်းဖြုန်းပစ်တယ်။ ကျွန်တော်တို့ မတတ်နိုင်တော့ဘူး မေမေ၊ မေမေ သိပါတယ်။
အမေ။ ။ ငါတို့ စီစဉ်နိုင်ပါတယ်။
ကောင်လေး။ ။ ကျွန်တော်တို့ မစီစဉ်နိုင်ဘူး။
အမေ။ ။ သူ ကောလိပ် တက်နေတာဟာ ငါ့အတွက် ကြည်နူးမှုကြီး တစ်ခုပဲ တွမ။် သူဟာ ပညာတော်တယ်၊ သူ့ကို ကျောင်းထုတ်ပစ်မယ် ဆိုရင် အဲဒါဟာ ပြစ်မှုကြီးတစ်ခု ကျူးလွန်လိုက်သလိုပဲ။
ကောင်လေး။ ။ မိန်းကလေး တစ်ယောက်ဟာ ဘာလုပ်ဖို့ ကောလိပ် သွားတက်မှာလဲ။ အချိန်တန်တော့ သူ ယောက်ျားယူမယ်၊ ကလေးတွေ မွေးမယ်။ နောင် ဆယ်နှစ်လောက်လဲ ကြာရော ဓာတု.... အဲလေ.... ရူပဗေဒ၊ ရူပဗေဒဆိုတာ ဘာမှန်းတောင် သိတော့မှာ မဟုတ်ဘူး။ သူက ဘာလုပ်ဖို့ အဲဒီ ရူပဗေဒကို သင်နေရတာလဲ။ အဲဒီ သူ့ရဲ့ ရူပဗေဒကြီးနဲ့ သူက ဘာများ လုပ်မလို့လဲ။
အမေ။ ။ တွမ် ထိုင်စမ်း။
ကောင်လေး။ ။ သူ့မှာ ရုပ်ရည်လေး ရှိတာပဲ။ ဘာကိစ္စ ယောက်ျားမယူဘဲ နေမှာတဲ့လဲ။ သူ့ကိုယ်သူ ဘာများ မှတ်နေလဲ။ မဒမ်ကျူရီလား။
အမေ။ ။ တွမ်.... ထိုင်စမ်း၊ အကျယ်ကြီး အော်မပြောစမ်းနဲ့။ မင်း ပြောနေတာတွေကို သူတစ်လုံးမကျန် ကြားသွားလိမ့်မယ်။
(ကောင်လေးသည် ဆိုဖာနံဘေးရှိ ကုလားထိုင်တွင် စူဆောင့်ဆောင့်ဖြင့် ဝင်ထိုင်လိုက်သည်။)
အမေ။ ။ မင်း.... မင်းအစ်မကို မုန်းတယ်ဆိုတာ ငါသိပါတယ်။
ကောင်လေး။ ။ ကျွန်တော် မမုန်းဘူး။
အမေ။ ။ မင်း မုန်းပါတယ်။ မင်း စိတ်ထဲမှာ ဘယ်လိုရှိမယ် ဆိုတာ ငါနားလည်ပါတယ်။ မင်းက မင်းအစ်မကို ကျောင်းထုတ်ပစ်ချင်တယ်။ တကယ်တော့ မင်းဟာ ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာပါ။ အပြင်ထွက်ပြီး ကောင်မလေးတွေကို နမ်းနေရမယ့်အစား လူကြီး တစ်ယောက်ရဲ့ တာဝန် ဝတ္တရားတွေနဲ့ သောကရောက် နေရတယ။် ဒါပေမယ့် နှစ်နှစ်ပဲ ကျန်တော့တာပါ။ လူသားတစ်ယောက် တတ်စွမ်းနိုင်သမျှ စွမ်းအင်နဲ့ သူကြိုးစားမှာပါ။ ခုံပေါ်မှာ တွန့်လိမ်မနေစမ်းနဲ့ တွမ်။ သူဟာ ရူပဗေဒမှာ သိပ်တော်တယ်။ တစ်နေ့နေ့မှာ မဒမ်ကျူရီလို ရေဒီယမ်သတ္တု တစ်မျိုးမျိုးကို ရှာတွေ့လိမ့်မယ်။ သူ့ကို ရုပ်ရှင်တွေ ဘာတွေ ရိုက်ကြလိမ့်မယ်။ မင်းဟာ မင်းအဖေနဲ့ အတူတူပဲ။ မင်းတို့ဟာ မိန်းမတွေကို မင်းတို့အတွက် တကုပ်ကုပ်နဲ့ ချက်ပြုတ်ပေးနေတာကိုပဲ မြင်ချင်တယ။် ဒါပေမယ့် အချိန်က ပြောင်းနေပြီ တွမ်။ မင်းတို့ရဲ့ အစ်မတွေဟာ ရေဒီယမ် သတ္တုတွေ၊ အက်တမ်တွေကို ရှာဖွေနေကြပြီ ဖြစ်တဲ့ အံ့မခန်းခေတ်ကို ရောက်နေပြီ။ မင်းအစ်မ သူ့စာအုပ်တွေနဲ့ လုံးထွေး နေတာကိုကြညြ့်ပီး ငါဘယ်လောက် ကြည်နူးရတယ် ဆိုတာ မင်း နားလည်အောင် ပြောမပြတတ်ဘူ။ သူအိမ်မှာ မရှိတဲ့အခါတွေမှာ သူ့မှတ်စုတွေကို ဖွင့်ပြီး ဘာမှန်းမသိတဲ့ ဇယားတွေ၊ ရုပ်ပုံတွေကို ကြည့်ပြီး ငါဘယ်လောက် ဂုဏ်ယူရသလဲ ဆိုတာ မင်း မသိဘူး။ တကယ်လို့ သူသာ ပညာထူးချွန်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်ခဲ့ဖူးဆိုရင် 'နင် ကျောင်းထွက်ပြီး အလုပ်လုပ်တော့' ဆိုတဲ့စကားကို ဟိုတုန်းကတည်းက ငါပြောပြီးနေပါပြီ တွမ်။ ဒါပေမယ့် သူက ရူပဗေဒမှာ ထူးချွန်တယ်။ တစ်နေ့နေ့မှာတော့ သူတစ်ခုခု လုပ်နိုင်လိမ့်မယ်။ သူတို့က သူ့ကို ရုပ်ရှင်တွေ ဘာတွေ မရိုက်ဘဲ နေကြပါစေဦးတော့.... လူသားတွေအတွက် အကျိုးရှိမယ့် တစ်ခုခုကို သူလုပ်နိုင်လိမ့်မယ်။ မင်း အဖေနဲ့တုန်းကလို ငါ နေ့နေ့ညည ငြင်းမနေနိုင်ဘူး တွမ်။ တို့နှစ်ယောက် ပြတ်ပြတ်သားသား ပြောကြရလိမ့်မယ်။
ကောင်လေး။ ။ အင်းပါ.... အင်းပါ။
အမေ။ ။ အင်းပါ အင်းပါ မလုပ်နဲ့ တွမ်။ ငါငယ်ငယ်က ငါ့အဖေရဲ့ အိမ်ကို မင်းအဖေ ရောက်လာပြီး တံခါးခေါက်တယ်။ ပြီးတော့ 'ကျွန်တော် သတို့သမီးတစ်ယောက် အလိုရှိပါတယ်' လို့ပြောတယ်။ သူနဲ့ ငါ့အဖေဟာ တခြားအခန်း တစ်ခန်းထဲကို သွားပြီး အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောကြတယ်။ အဲဒီအချိန်မှာ ငါဟာ မီးဖိုခန်းထဲမှာ လက်တွေကို ပေါင်ပေါ်တင် ထိုင်နေပြီး ဘာဖြစ်လာမလဲလို့ စောင့်နေရတယ်။ အဲဒီ အကြောင်းတွေ ငါ ထပ်မပြောချင်တော့ဘူး တွမ။် ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီခေတ်ဟာ ငါ့ရဲ့ မိန်းမငယ်လေး ဘဝနဲ့အတူ ကုန်ဆုံးသွားခဲ့ပြီ။ အခု ကမ္ဘာကြီးဟာ ပြောင်းလဲနေပြီ။ မိန်းမတစ်ယောက်ဟာ ထူးချွန်ရင် ထူးချွန်သလောက် ထိုက်တန်တဲ့ အခွင့်အရေးကို တောင်းနိုင် ရနိုင်ပြီ။ မင်းဟာ မင်းတို့ပုံနှိပ်တိုက်က မင်းရဲ့မိတ်ဆွေ အဘိုးကြီးလိုပဲ။ စက်က အဲဒီမှာ ရောက်နေပြီ၊ ဒါပေမယ့် သူက လက်မခံနိုင်သေးဘူး။ စက်တွေက လူတွေကို သူ့တို့ရဲ့ အလုပ်တွေက မောင်းထုတ်ပစ်တာဟာ ကောင်းတယ် ဆိုးတယ် ဘာမှ ငါမပြောချင်ဘူး။ အေး.... ဒါပေမယ့် စက်က ရောက်နေပြီ။ ငါတို့တတွေဟာ အဲဒီစက်တွေနဲ့အတူ ငါတို့ရဲ့ ဘဝတွေကို ပိုပြီး ကောင်းမွန်လာအောင် ကြိုးစားရမှာပဲ။ အဟောင်းကိုသာ အသေဆုပ်ကိုင် မထားဘူးဆိုရင် အသစ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း လက်တွဲနိုင်ကြမှာပါ။ မင်းရဲ့အစ်မဟာ ပါရမီရှင်ပါ။ အဲဒါကို မင်း အေးအေးချမ်းချမ်း လက်ခံနိုင်အောင် ကြိုးစားပါ တွမ်။
ကောင်လေး။ ။ ဟုတ်ပါတယ်မေမေ။ သူဟာ ထူးချွန်တဲ့ မိန်းကလေးပါ။ သူ့အတွက် ကျွန်တော် ဘယ်လောက် ဂုဏ်ယူတယ် ဆိုတာ မေမေ သိပါတယ။် ဒါပေမယ့် ဘာဖြစ်လို့ အခုလို ကျွန်တော် ပြောနေရတယ် ဆိုတာကို မေမေ နားလည်ပါဗျာ။
အမေ။ ။ ငါနားလည်ပါတယ် တွမ်။ မင်းဟာ ကလေးတန်မယ့် ပင်ပင်ပန်းပန်း အလုပ်လုပ်ရတယ်။ မင်းရဲ့ အသက်နဲ့ မမျှအောင်လဲ အသိဉာဏ်ရှိတယ်။ ငါ မင်းကိုနောက်ထပ် ဒီကိစ္စ မပြောတော့ပါဘူး။
ကောင်လေး။ ။ ကျွန်တော် သူ့ကို နည်းနည်းလေး မုန်းမိတာတော့ သဘာဝပါပဲ မေမေ။
အမေ။ ။ ဟုတ်ပါတယ် တွမ်၊ အဲဒါဟာ သဘာဝပါပဲ။
ကောင်လေး။ ။ ဒါပေမယ့် မလွယ်ဘူး မေမေ။ ကျောင်းဆက်ထားဖို့ ဆိုတာကတော့ ဘယ်လိုမှ မလွယ်ဘူး။ တစ်ပတ်ကို ငွေသုံးဆယ်၊ ကျွန်တော် အပြင်အလုပ် တစ်ခုခု ရကောင်း ရနိုင်ပါတယ။် ဒါပေမယ့် မလွယ်ဘူး မေမေ။
အမေ။ ။ အဲဒီ ကိစ္စကို ငါထပ်ပြီး မစဉ်းစားတော့ပါဘူး တွမ်။
(ကောင်လေးသည် ထိုင်နေရာမှ ထရပ်လိုက်ပြီး အမေ့ကို ပြုံးပြလိုက်သည်။)
ကောင်လေး။ ။ မေမေဟာ အခြေအနေကို အမှန်အတိုင်း လက်ခံတတ်တဲ့ သူပါ။ ကျွန်တော် မေမေ့အတွက် အိပ်ခန်းထဲက စောင်တစ်ထည် သွားယူ ပေးမယ်လေ။
အမေ။ ။ နေပါစေ တွမ်။ အခုလို စကားပြောဖြစ် လိုက်တာဟာ ငါ့အတွက်အများကြီး ပိုကောင်းလာတယ။် အခန်းဟောင်းကြီးထဲမှာ ပြန်အိပ်ဖို့အတွက် ငါ စိတ်အနှောင့်အယှက် မဖြစ်တော့ပါဘူး။
ကောင်လေး။ ။ ကျွန်တော် သွားအိပ်တော့မယ်။ (မသဲမကွဲ ညည်းညူရင်း တံခါးသို့ လျှောက်သွားသည်။) မလွယ်ဘူး.... ဘယ်လိုမှ မလွယ်ဘူး....
(ကောင်လေးသည် တံခါးမှ အပြင်ဘက်သို့ ထွက်သွားသည်။ သူ့အမေထံသို့ ကင်မရာ ပြန်ရွေ့လာ။ အမေသည် ဆိုဖာပေါ်တွင် လဲလျောင်းနေမြဲ ဖြစ်သည်။ သူ့မျက်လုံးများက ပွင့်နေပြီး မျက်နှာကျက်ကို ငေးကြည့်နေသည်။ ရုတ်တရက် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ ပိန်ချုံးနေသော မျက်နှာထက်တွင် အပြုံးရိပ်ကလေး သမ်းလာသည်။)
(ဖြတ်။ တဖျတ်ဖျတ် ရိုက်နေသော လိုင်နိုစာစီစက်၊ စက်ရှေ့တွင် စက်ဆရာ ထိုင်နေသည်။ သူ၏ လက်ချောင်းများသည် ခလုတ်များထက်တွင် လှုပ်ရှားနေသည်။ သူသည် ကော်ပီစာရွက်ကို ဖျတ်ခနဲ တစ်ချက် လှမ်းကြည့်လိုက်ပြီး ရှပ်အင်္ကျီအိတ်ထဲမှ စီးကရက်တစ်လိပ်ကို လက်တစ်ဖက်ဖြင့် နှိုက်ယူလိုက်သည်။ ကျန်လက်တစ်ဖက်ကား စက်ကို ရိုက်မြဲရိုက်လျက်ပင်။ လိုင်နိုစက်နံဘေးတွင် ခဲရည်ကျိုသော မီးဖိုလေး တစ်ဖိုရှိသည်။ နံရံ တစ်လျှောက်တွင်မူ ခဲတုံးတစ်ဒါဇင်ခန့် ထောင်ထားသည်။ ကောင်လေးသည် လိုင်နို စက်ဆရာကို စိတ်ကူးယဉ်သော အကြည့်ဖြင့် ငေးကြည့်နေသည်။)
စက်ဆရာ။ ။ နောက်ထပ် ခဲတုံးတစ်တုံး ထည့်လိုက်ကွာ။
(ကောင်လေးသည် ခေါင်းညိတ်ပြလိုက်ပြီး နံရံမှ ခဲတုံးတစ်တုံးကို ယူ၍ စက်၏ နောက်ပိုင်းသို့ လျှောက်သွားသည်။ ထို့နောက် ခဲရည်ပူအိုးထဲသို့ ခဲတုံးကို ထည့်လိုက်သည်။)
ကောင်လေး။ ။ ခင်ဗျား တစ်ပတ်ကို ဘယ်လောက်ရသလဲ ဂျိုး။
စကျဆရာ။ ။ တစျရာ။
ကောင်လေး။ ။ နောက်နေတာတော့ မဟုတ်ပါဘူးနော်။
စက်ဆရာ။ ။ မနောက်ပါဘူးကွ။
ကောင်လေး။ ။ များလှချည်လား။ မစ္စတာဟီလီဆို တစ်ပတ်ကို ရှစ်ဆယ့်ငါး ဒေါ်လာပဲ ရတယ်။ သူ့အသက် ခြောက်ဆယ့်ခြောက်နှစ် ရှိနေပြီ။
စက်ဆရာ။ ။ တစ်ရာ့ငါးဆယ်လောက် အထိ ငါတောင်းလို့ ရတယ်ကွ။ ငါတစ်ခါတုန်းက နှစ်ဆယ့်ငါးလမ်းနဲ့ ဘရော့(ဒ)်ဝေးက ငနဲတွေဆီမှာ အလုပ်လုပ်ဖူးတယ်။ သူတို့မှာ လိုင်နိုစက် လေးလုံးရှိတယ်။ ပရု(ဖ်)စက် တစ်လုံးရှိတယ်။ သူတို့အတွက်ကတော့ တစ်ပတ် တစ်ပတ်ကို ငွေနှစ်ရာ သုံးရာလောက်ဆိုတာ အသာလေး တိုးပေးလိုက်တာပဲ။ ဒါပေမယ့် အခုလို တိုက်လေးတွေကျတော့ အများအားဖြင့် လိုင်နိုစက် မထားကြဘူးကွ။ စက်နဲ့ စာစီဖို့လိုရင် အပြင်မှာပဲ အလုပ်အပ်ကြတယ်။ စာကြောင်း တစ်ကြောင်းကို ဆယ့်ခြောက်ဆင့်.... (သူ့လက်များသည် ခလုတ်များပေါ်တွင် တဖျတ်ဖျတ် ရိုက်နှိပ်လိုက်သည်။ ပလိတ်ပြားပေါ်တွင် စာကြောင်းတစ်ကြောင်း ပေါ်လာသည်။) ကဲ.... ဆယ့်ခြောက်ဆင့်....။
ကောင်လေး။ ။ လိုင်နိုစက်ဆရာ တစ်ယောက်ဖြစ်လာဖို့ သိပ်ခက်မှာပဲနော်။ စက်ဆရာ။ ။ ဟား.... ဟား။ မင်း သင်တန်းတစ်နှစ် သွားတက်ရုံပဲ။ ငါ လုပ်ခဲ့ရသမျှကတော့ အဲဒါပဲကွ။ ငါ သင်တန်းဆင်းတော့ နယူးဂျာစီမှာရှိတဲ့ ပက်တာဆန်မြို့ကို ရောက်သွားတယ်။ မွန်နတ် ပုံနှိပ်လုပ်ငန်း အဖွဲ့အစည်းဆိုတဲ့ အဖွဲ့မှာ အလုပ်ရတယ်။ ကာတွန်းစာအုပ်တွေကို ပုံနှိပ်ရတာဟ။ အလုပ်က သိပ်မဆိုးပါဘူး။ ဘာပဲပြောပြော အနည်းဆုံးတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အလုပ်ပဲ။ နောက်တော့ ငါ နယူးယောက်က ဘတ်ဖလိုးမြို့မှာ အလုပ်တစ်ခု ရတယ်။ မီးအာမခံ ဥပဒေတွေ ပုံနှိပ်ရတာ။ မီးအာမခံ ဥပဒေ၊ မီးအာမခံ ဥပဒေ။ မီးအာမခံ ဥပဒေ.... ဟာ အဲဒါတွေချည်းပ။ဲ ငါဖြင့် ရူးလုနီးပါးကို ဖြစ်သွားတာပဲကွ။ အဲဒီတော့မှ ကာတွန်းစာအုပ်တွေ ပုံနှိပ်ရတဲ့အလုပ်က ထွက်လာမိတာကို နောင်တ ရတော့တာပဲဟေ့။ အဲဒီ အလုပ်က အလုပ်သမား သမဂ္ဂလည်း မရှိ၊ ငွေလဲ ခြောက်ဆယ်ပဲ ရပေမယ့် အဲဒီ ကာတွန်းစာအုပ်တွေကို ငါသတိရနေတုန်းပဲကွ။ ငါလုပ်ခဲ့ဖူးတဲ့ အလုပ်တွေထဲက တစ်ခုတည်းသော စိတ်ဝင်စားစရာ ကောင်းတဲ့ အလုပ်ကွ။ မင်း ဂျန်းဂဲ(လ်)ဂျူဒီ ဆိုတဲ့ ကာတွန်းစာအုပ်ကို ဖတ်ဖူးသလား။
ကောင်လေး။ ။ မဖတ်ဖူးဘူး။
စက်ဆရာ။ ။ တကယ်ကောင်းတဲ့ စာအုပ်ကွ။ ဟေ့.... ကောင်လေး ခဲတုံးတစ်တုံး ထည့်ဦးကွာ။
(ကောင်လေးသည် ခဲတုံးတစ်တုံး ထည့်လိုက်သည်။)
ကောင်လေး။ ။ လိုင်နိုစာစီသင်တန်း တစ်နှစ် သွားတက်ရုံပဲ၊ ဒါပဲဟုတ်လား။
စက်ဆရာ။ ။ အေး။
(ကောင်လေးသည် အတန်ကြာအောင် စဉ်းစားနေသည်။ ထို့နောက် သူသည် သံစားပွဲပေါ်တွင် ကိုယ်ကို ကိုင်းညွှတ်လျက် ရှိသော မစ္စတာဟီလီကို လှမ်းကြည့်လိုက်သည်။)
မစ္စတာဟီလီ။ ။ ဟေး.... ကောင်လေး။ မင်းကို စာပစ်ဖို့ စာခွက် လေးခွက်က စောင့်နေပြီကွ။
ကောင်လေး။ ။ လာပြီ မစ္စတာဟီလီ။ အဲဒီသင်တန်းကျောင်း နာမည်က ဘာတဲ့လဲ ဂျိုး။
စက်ဆရာ ။ ။ အမေရိကန် လိုင်နိုစာစီသင်တန်းကျောင်း။
မစ္စတာဟီလီ။ ။ဟေ.့ ...ကောင်လေး။ ငါပြောနေတာ မကြားဘူးလားကွ။
ကောင်လေး။ ။ လာပါပြီ မစ္စတာဟီလီ။
စက်ဆရာ။ ။ မင်း မသွားခင် ခဲတုံးတစ်တုံး ထည့်ပေးခဲ့ဦး ကောင်လေး။
ကောင်လေး။ ။ ဟာ ပြည့်နေပြီ ဂျိုးရ၊ ခဲရည်တွေ စင်ထွက်ကုန်လိမ့်မယ်။
စက်ဆရာ။ ။ မစင်ပါဘူးကွာ။ ထည့်သာ ထည့်စမ်းပါ။
(ကောင်လေးသည် ခဲတုံးတစ်တုံးကို ကောက်ကိုင်လိုက်သည်။ မစ္စတာဟီလီသည် ခါးကိုဆန့်လိုက်ပြီး လိုင်နိုစက်ဆရာနှင့် သူ၏စက်ကို မဖော်ပြနိုင်လောက်အောင် မုန်းတီးစက်ဆုပ်စွာဖြင့် ကြည့်လိုက်သည်။)
မစ္စတာဟီလီ။ ။ ဟား.... သိပ်ကောင်းတဲ့ စက်ပဲကွ။ ကြည့်စမ်း....ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ ရိုက်နေလိုက်တာ ကြမ်းပိုးလေးတွေ ကျနေတာပဲ။ အေး.... ဒါပေမယ့် မနေ့ကတော့ ပျက်ပါရောလား။ အခုလို ပြန်ပြီး တဖျောက်ဖျောက် လုပ်နိုင်ဖို့အတွက် အချိန်နှစ်နာရီနဲ့ ဒေါ်လာသုံးဆယ် အကုန်ခံရတယ် မဟုတ်လား။
စက်ဆရာ။ ။ ခင်ဗျား ကျုပ်ဆီက ဘာလိုချင်လို့လဲ။ ဘာဖြစ်လို့ ကျုပ်ကို အမြဲတမ်း လိုက်နှောင့်ယှက် နေရတာလဲ။ ခင်ဗျားကို ကျုပ် နှောင့်ယှက်ဖူးသလား....
မစ္စတာဟီလီ။ ။ ကြည့်စမ်းပါဦးကွာ....
စက်ဆရာ။ ။ ခင်ဗျား ခဲစာလုံး အဟောင်းအမြင်းကြီးတွေနဲ့ စာစီနေတုန်း ခင်ဗျားပခုံးပေါ်ကို ကျုပ်ခေါင်းကြီး လာထိုးဖူးသလား.... ပြောစမ်း။
မစ္စတာဟီလီ။ ။ ခဲစာလုံး အဟောင်းအမြင်းကြီးတွေ ဟုတ်လား။
စက်ဆရာ။ ။ တစ်မိနစ်လောက်များ ကျုပ်ဘာသာ အေးအေး နေပါရစေ။ (ကောင်လေးသို့) ဒီအရူးအိုကြီးက ငါ့ကို မရူးရူးအောင် လုပ်နေတာကွ။
အလုပ်ရှင် (တိုက်အနောက်ဖက်မှ လှမ်းအော်လိုက်သည်)။ ။ ဟေး.... ဂျွန်၊ သူ့ဘာသာ နေပါစေဗျ။
မစ္စတာဟီလီ။ ။ ငါက ပြောရုံလေး ပြောပြတာပါကွာ ။ ဒီစက် ပြန်ကောင်း....
အလုပ်ရှင်။ ။ ဂျွန်....
မစ္စတာဟီလီ။ ။ ...လာဖို့အတွက် နှစ်နာရီနဲ့ ဒေါ်လာ....
စက်ဆရာ။ ။ ငါ့ကို ရူးအောင် လုပ်နေတာကွ။ ဒီအဘိုးကြီး....
မစ္စတာဟီလီ။ ။ သုံးဆယ် အကုန်ခံရတယ် ဆိုတာ....
စက်ဆရာ။ ။ ဒီစာစီသမား ဟောင်းကြီးတွေဟာ အရူးတွေချည်းပဲ။ မနေ့က ငါတိုက်ကိုရောက်တော့ ဘာတွေ့တယ် ထင်သလဲ။ ဒီအဘိုးကြီးက စက်ကို လူတစ်ယောက်လို ကျိန်ဆဲနေတာ တွေ့တယ်ကွ။ သက်ရှိ လူတစ်ယောက်ကို ကျိန်ဆဲသလို စက်ကို ကျိန်ဆဲနေတာ။ (ကောင်လေးသို့) ထည့်လိုက်လေကွာ။
(ကောင်လေး ခဲတုံးကို ခဲရည်အိုးထဲသို့ ထည့်လိုက်သည်။)
ကောင်လေး။ ။ ဟာ.... လုပ်ကြပါဦးဗျ။ ခဲရည်တွေ စင်ထွက်ကုန်ပြီ။
(မစ္စတာဟီလီသည် အသံကျယ်ကြီးဖြင့် အော်လိုက်ပြီး ကိုယ်ကို ဝုန်းခနဲ လှည့်လိုက်သည်။)
မစ္စတာဟီလီ (တစ်တိုက်လုံး ယိမ်းခါသွားအောင် အသံကုန်အော်၍)။ ။ တွေ့လားဟေ့.... တွေ့လား။
အလုပ်ရှင်။ ။ ဘာဖြစ်တာလဲ ဂျွန်။
စက်ဆရာ။ ။ ခဲရည်လေး စင်တာပါဗျာ။ တစ်မိနစ်လောက် စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရုံပါ။
မစ္စတာဟီလီ (သူ၏လက်ကို အလွန် အရေးကြီးသော သက်သေခံပစ္စည်း တစ်ခုကဲ့သို့ ဆုပ်ကိုင်ထားပြီး)။ ။ ဒီအကျိုးနည်းဟာကြီးကြောင့် ငါ့ကို ခဲရည်ပူတွေ လောင်ကုန်ပြီ။ မင်း မမြင်ဘူးလား။
စက်ဆရာ။ ။ ကျုပ်လည်း အခါတစ်ရာလောက် ခဲရည် အစင်ခံရဖူးပါတယ်ဗျ။
မစ္စတာဟီလီ (သူ၏လက်ကို အပြင်းအထန် ဒဏ်ရာရထားသကဲ့သို့ ဆုပ်ကိုင်ထားပြီး အလုပ်ရှင်ကို အလန့်တကြား ကြည့်ရင်း)။ ။ ငါ့မျက်လုံးတွေထဲ ဝင်ကုန်သလား မသိဘူး။ ဒီနှစ်မကုန်ခင်ဘဲ ငါတို့ တစ်တိုက်လုံး အကန်းတွေ ဖြစ်ကုန်လိမ့်မယ်ကွ။ ဒီစက်ဟာ ငါတို့အားလုံးအတွက် အန္တရာယ် သိပ်ကြီးတယ်။
အလုပ်ရှင်။ ။ ဂျွန်၊ ခင်ဗျား ဘာတွေ လျှောက်အော်နေတာလဲ။
မစ္စတာဟီလီ (သူ၏လက်ကို ဆက်လက် ဆုပ်ကိုင်ထားရင်း)။ ။ ဒီ အကျိုးနည်းစက်ကြီးက ငါတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ ငါတို့ရဲ့ အသက်တွေကို ခြိမ်းခြောက်နေပြီ။ ဒီစက်ကြီးကို တိုက်ထဲက ထုတ်ပစ်ဖို့ ငါ တောင်းဆိုတယ်။ အဲဒီစက်သွားရင်သွား။ မသွားရင် ငါသွားမယ်။
စက်ဆရာ။ ။ ခင်ဗျား လက်မောင်းပေါ် ခဲရည်လေး တစ်စက် နှစ်စက်လောက် ကျသွားတာပါဗျ။ သုတ်ပစ်လိုက်ရင် ပြီးတာပဲ။
မစ္စတာဟီလီ (အလုပ်ရှင်သို့)။ ။ ငါပြောတာ ကြားတယ် မဟုတ်လား။
အလုပ်ရှင်။ ။ ရေးကြီးခွင်ကျယ် လုပ်မနေစမ်းပါနဲ့ဗျာ။ ဘာမှ ဖြစ်တာမှ မဟုတ်တာ။ အိုးထဲက ခဲရည်လေး နည်းနည်းလောက် စင်ထွက်လာတာကို။
မစ္စတာဟီလီ (သူ၏လက်ကို အလုပ်ရှင်သို့ ထိုးပြလိုက်ပြီး)။ ။ ကြည့်စမ်း.... မင်း ဒီမှာ ကြည့်စမ်း။ ခဲရည်တွေ လောင်ကုန်ပြီကွ။
အလုပ်ရှင် (ဟိန်းဟောက်၍)။ ။ တောေ်တာ့ ဂျွန်၊ အဲဒီ အကြောင်းတော်တော့။ ခင်ဗျားကိုယ် ခင်ဗျား အနုမြူဓာတ် အဆိပ်သင့်တယ်လို့များ ထင်နေသလား။ ချီးတဲ့မှပဲ။ အဲဒါ ခဲရည်ပါဗျ။ ခဲရည်လေး စင်တာပါ။ သုတ်ပစ်လိုက်။ နောက်ကို စက်ဆရာနဲ့ ဝေးဝေးနေ။ ခင်ဗျား သူ့ကို ရူးသွားအောင် လုပ်နေတာပဲ။
(အဘိုးအိုသည် အလုပ်ရှင်ကို ငေးကြည့်နေသည်။ သူသည် သူ့ မိတ်ဆွေဟောင်း ဖြစ်သူ၏ ဒေါသကြောင့်လည်း တုန်လှုပ်သွားသည်။ ထို့နောက် ဆတ်ခနဲ လှည့်လိုက်ပြီး တိုက်အရှေ့ဘက်သို့ ထွက်သွားလေသည်။)
(တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားသော ပုံရိပ်များလုံးလုံး ပျောက်ကွယ် မသွားသေးမီ ရောနှော၍ နောက်ပုံရိပ်များ တဖြည်းဖြည်း ထင်လာ။ အဆောက်အဦ တစ်ခု၏ အပြင်ဘက်။ 'လက်စီ၊ လိုင်နိုစာစီနှင့် ပုံနှိပ်စက်သမား ညီအစ်ကိုများ သမဂ္ဂ' ဟူသော သစ်သားဆိုင်းဘုတ် (သို့မဟုတ်) ကြေးပြားကို ထွင်းထားသော ဆိုင်းဘုတ် ချိတ်ဆွဲထားသည်။
တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားသော ပုံရိပ်များလုံးလုံး ပျောက်ကွယ် မသွားသေးမီ ရောနှော၍ နောက်ပုံရိပ်များ တဖြည်းဖြည်း ထင်လာ။ မစ္စတာဟီလီသည် စားပွဲတစ်လုံး၏ ရှေ့တွင် တောင့်တောင့်ကြီး ထိုင်နေသည်။ စားပွဲနောက်၌ ပိန်သွယ်၍ အသားမည်းကာ စာနာတတ်ဟန် ရှိသည့် မျက်မှန်နှင့် လူငယ်တစ်ယောက် ထိုင်နေသည်။)
မစ္စတာဟီလီ။ ။ ကျုပ်နာမည် ဟီလီပါ။ ဟောဒီ သမဂ္ဂ စဖွဲ့ကတည်းက ဝင်ခဲ့တဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ကျုပ်ပေးစရာ ရှိတဲ့ အသင်းကြေးတွေကိုလည်း ဘယ်တုန်းကမှ မပျက်ကွက်ဖူးပါဘူး။ ကျုပ် တိုင်ကြားချင်တာ ရှိပါတယ်။ ကျုပ်က စာစီဆရာပါ။ အသေးစား ပုံနှိပ်တိုက်လေး တစ်တိုက်မှာ အလုပ်လုပ်ပါတယ်။ 'ဧကရာဇ် ပုံနှိပ်တိုက်' အမှတ် နှစ်ရာရှစ်ဆယ့်သုံး၊ နှစ်ဆယ့်ခြောက်လမ်း။ ကျုပ်တို့တိုက်မှာ လုပ်ငန်းသုံး လက်ရိုက်စက်လေး နှစ်လုံးနဲ့ အသေးစား ကလု(ခ်ျ)စက် တစ်လုံး ရှိပါတယ်။ အဲဒီမှာ ကျုပ် အလုပ်လုပ်လာတာ နှစ်ဆယ့်ခုနစ်နှစ် ရှိပါပြီ။ ကျုပ်တို့ အလုပ်ရှင်ဟာ လွန်ခဲ့တဲ့ ရှစ်ပတ်လောက်က လိုင်နိုစာစီစက် တစ်လုံးကို ဆိုင်ထဲ သယ်လာပါတယ်။ အဲဒီစက်ဟာ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကို ဘေးအန္တရာယ် ဖြစ်စေ....
(သမဂ္ဂအရာရှိသည် စိတ်ရှည်စွာ ပြုံးနေသည်။)
မစ္စတာဟီလီ။ ။ ....ပါတယ။် ဆိုင်တစ်ခုလုံးလည်း အန္တရာယ်ဖြစ်စေတဲ့ ခဲငွေ့တွေနဲ့ ပြည့်နေတာပဲ။ အဲဒီ ခဲငွေ့တွေဟာ ကျုပ်ကို စောစောစီးစီး သင်္ချိုင်းထဲ တွန်းပို့လိမ့်မယ်။ ဒီနေ့လယ်ကလဲ အဲဒီ အန္တရာယ် စက်ကြီးထဲကနေ ပွက်ပွက်ဆူနေတဲ့ ခဲရည်ပူတွေ ပန်းထွက်ပြီး ကျုပ်ကို ခြေဆုံးခေါင်းဆုံး တစ်ကိုယ်လုံး ဖုံးသွား.... မောင်ရင် ရေးမှတ်ထားရင် ပိုကောင်းမယ်ကွဲ့.... (သမဂ္ဂအရာရှိသည် ခေါင်းညိတ်လိုက် ပြီး ခဲတံကို ကောက်ကိုင်လိုက်ကာ စောင့်ဆိုင်းနေသည်။) အဲဒီစက်ဟာ အလုပ်ခွင် လုံခြုံရေးဥပဒေ၊ ဒါမှမဟုတ် တခြားဥပဒေ တစ်ခုခုကို ချိုးဖောက်ရာ ရောက်နေတာ သေချာပါတယ။် ကျုပ်အနေနဲ့ အဲဒီစက်ကို ဆိုင်ထဲက ရွှေ့ပစ်ချင်.... အဟွတ် အဟွတ် အဟွတ် (မစ္စတာဟီလီသည် ဟန်ဆောင်၍ ချောင်း အနည်းငယ် ဆိုးလိုက်သည်။) အဲဒီ ဘေးဖြစ်စေတဲ့ ခဲငွေ့တွေကြောင့် ကျုပ် တီဘီရောဂါ ရလိမ့်မယ်ဆိုတာ သေချာပါတယ်။
သမဂ္ဂအရာရှိ။ ။ ဦးတို့ အလုပ်ရှင်က လမ်းနံရံကိုဖောက်ပြီး မီးခိုးပိုက် လုပ်မထားဘူးလား။
(မစ္စတာဟီလီသည် မဖြေသေးဘဲ အတန်ကြာအောင် မှုန်ကုပ်ကုပ် လုပ်နေပြီးမှ)
မစ္စတာဟီလီ။ ။ လုပ်ထားပါတယ်။
သမဂ္ဂအရာရှိ။ ။ အဲဒီစက်အတွက် အလုပ်သမားဌာနက ခွင့်ပြုမိန့်ရော ရထားပါသလား။
(မစ္စတာဟီလီသည် သူ၏ ကြမ်းတမ်းသော လက်အစုံကို ငုံ့၍ စိုက်ကြည့်နေ၏။)
မစ္စတာဟီလီ (အသံတိုးတိုးဖြင့်)။ ။ ရထားပါတယ်။
(သမဂ္ဂအရာရှိသည် စာနာစွာဖြင့် ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ပြီး)
သမဂ္ဂအရာရှိ။ ။ မစ္စတာဟီလီ အမှန်ကတော့ အဲဒီစက်ကို ဦး သဘော မကျတာ တစ်ခုတည်းပါ။ ဟုတ်တယ် မဟုတ်လား။ (မစ္စတာဟီလီက မဖြေပေ။) ကျွန်တော့် အဘိုးကြီးလည်း ဦးလိုပါပဲ မစ္စတာဟီလီ။ စက်တွေကို မုန်းတယ်။ ပုံနှိပ်လုပ်ငန်း ဆိုတာ သူ့အတွက်တော့ လက်မှုလုပ်ငန်းပဲ။ ဘီ(လ်)စာအုပ် တစ်အုပ်ကိုပဲ ပုံနှိပ်နှိပ်၊ သမ္မာကျမ်းစာ တစ်အုပ်ကိုပဲ ပုံနှိပ်နှိပ် သူ့အတွက်တော့ ခြားနားမှုဆိုတာ မရှိဘူး။ သူက သူသေတဲ့ အခါတောင်မှ အလုပ်သမားဝတ်စုံကို ဝတ်လျက်နဲ့ မြေမြှုပ်ခံချင်တာ ခင်ဗျ။ (စာနာစွာဖြင့် ပြုံးပြလိုက်ပြီး) မစ္စတာဟီလီ၊ တကယ်လို့ ဦး ဆန္ဒရှိမယ် ဆိုရင် စစ်ဆေးဖို့ ကျွန်တော်တို့ လူတစ်ယောက် လွှတ်ပေးပါ့မယ်။
(မစ္စတာဟီလီသည် ဖြည်းညင်းစွာ ထရပ်လိုက်သည်။)
မစ္စတာဟီလီ။ ။ မလိုတော့ပါဘူး။ (လှည့်၍ တံခါးပေါက်သိုလ ခြေတရွတ် ဆွဲကာ လျှောက်သွားသည်။ ထိုနောက် သမဂ္ဂအရာရှိ ဘက်သို့ ပြန်လှည့်လိုက်ပြီး) ကျုပ်သေတဲ့အခါလည်း အလုပ်သမားဝတ်စုံကို ဝတ်လျက်နဲ့ မြေမြှုပ် ခံချင်တာပါပဲ။ တကယ်လို့သာ အဲဒီ အန္တရာယ်ခဲငွေ့တွေက ကျုပ်ကို အလျင်ဦးအောင် မသတ်ခဲ့ဘူး ဆိုရင်ပေါ့။
(သူသည် တံခါးကို ဖွင့်၍ ထွက်သွားလေသည်။)
[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]
(တဖြည်းဖြည်း ပုံရိပ်ထင်လာ။ ။ ပုံနှိပ်တိုက်၏ အတွင်းခန်း။ လမ်းပေါ်သို့ လှမ်းမြင်နေရသည်။ တံခါးပွင့်သွားပြီး မစ္စတာဟီလီ ဝင်လာသည်။ သူသည် သူအမြဲတမ်း ဆောင်းသည့် ဦးထုပ်နှင့် ဟောင်းနွမ်းလှပြီ ဖြစ်သော ကုတ်အင်္ကျီကြီးကို ဝတ်ထားသည်။ သူ့တစ်ကိုယ်လုံးမှာ ရှေးဆန်သော အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသည်။ သူသည် သုန်မှုန်စွာဖြင့် မသဲမကွဲ ရေရွတ်ရင်း ဆိုင်တွင်းသို့ ဝင်လာသည်။ စာစီခုံများရှေ့တွင် ရပ်၍ စာပစ်နေသော ကောင်လေးကို ကျော်ဖြတ်သွားသည်။ ကောင်လေးက ဖျတ်ခနဲ လှည့်ကြည့် လိုက်သော်လည်း အဘိုးအိုကား မပွင့်တပွင့် ရေရွတ်ရင်းသာ ကျော်ဖြတ်သွားသည်။ သူသည် ကလု(ခ်ျ)စက်ကို ကျော်သွားသည်။ စက်ဆရာ တဖျတ်ဖျတ် ရိုက်နေသော လိုင်နိုစက်ကို ကျော်သွားသည်။ ရုံးခန်းကလေး၏ ဒုတိယ အကာအရံတန်းကို တွန်းဖွင့်၍ ဆက်ဝင်သွားသည်။ ရုံးခန်းထဲတွင် စတောက်စက္ကူ အချို့ကို စက္ကူဖြတ်စက်ဖြင့် လေးထောင့်ဖြတ်နေသော အလုပ်ရှင်က မော့ကြည့်သည်။ အဘိုးအိုကတော့ ဂရုမပြုပေ။ သူ၏ ကုတ်အင်္ကျီကို ချွတ်၍ ချိတ်လိုက်သည်။ ထို့နောက် ဂျက်ကက်အင်္ကျီ၊ ထို့နောက် လည်စည်း။ စတောက်စက္ကူထုပ် ပေါ်ရှိ သူ၏ အလုပ်သမားဝတ်စုံကို ကောက်ယူလိုက်ပြီး စတင်ဝတ်ဆင်သည်။ အလုပ်ရှင်က သူ့ကို လှမ်းပြောလိုက်သည်။)
အလုပ်ရှင်။ ။ ကျုပ်ဝမ်းနည်းပါတယ် ဂျွန်ရာ။ ကျုပ်ဒေါသကို မထိန်းနိုင် ဖြစ်သွားတယ်။ ဒါပေမယ့် ခင်ဗျားလည်း သိပါတယ်။ ခင်ဗျားက ဟိုလူကို မရူး ရူးအောင် လုပ်နေတာကိုး။ (အဘိုးအိုကား သူ့ကို လှမ်း၍မျှ မကြည့်ပေ။) ကဲပါ.... ဂျွန်ရာ တစ်ခုခုတော့ ပြောဗျာ၊ ဒီည အလုပ်သိမ်းရင် ကျုပ် ခင်ဗျားကို ဘီယာတစ်ပုလင်း ဝယ်တိုက်ပါ့မယ်။
(အဘိုးအိုသည် လိုင်နိုစက်ဆရာ၊ ကလု(ခ်ျ)စက်တို့ကို ကျော်၍ ကောင်လေး အလုပ်လုပ်နေသော စာစီခုံသို့ ပြန်လျှောက်လာသည်။ သူသည် သံစားပွဲပေါ်ရှိ ကော်ပီခွက်ထဲမှ ကော်ပီတစ်ခုကို ကောက်ယူ လိုက်သည်။ သူ့ရှေ့ရှိ စာခုံအလွတ်ပေါ်တွင် ထောင်လိုက်သည်။ စာစီတံကို ယူလိုက်သည်။ စာခုံ-အ ံတစ်ခုကို ဖွင့်လိုက်ပြီး စတင်၍ စာစီတော့သည်။ ယခုအခါတွင် အဘိုးအိုနှင့် ကောင်လေးသည် ဖွင့်ထားသော စာအံကိုယ်စီ ဧရှေ့တွင် ပခုံးချင်းယှဉ်၍ ရပ်နေကြသည်။ အဘိုးအိုက စာစီနေပြီး ကောင်လေးက စာပစ် (အသုံးပြုပြီးသား ခဲစာလုံးများကို မူလစာခွက်အတွင်းသို့ ပြန်ထညြ့်ခင်း) နေသည်။ အဘိုးအိုသည် မပွင့်တပွင့် ပြောလိုက်သည်။ အတန်ကြာမှ ကောင်လေးသည် ထိုမပွင့်တပွင့် ပြောနေခြင်းမှာ သူ့ကိုပြောနေခြင်း ဖြစ်ကြောင်း သတိပြုလိုက်မိသည်။)
ကောင်လေး။ ။ တစ်ခုခုများ ပြောလိုက်သလား မစ္စတာ ဟီလီ။
မစ္စတာဟီလီ (အနည်းငယ်ပို၍ ကျယ်လောင်စွာ မပွင့်တပွင့်ဖြင့်)။ ။ ငါပြောတာက ဒီည အလုပ်သိမ်းရင် မင်းတစ်နာရီလောက် နေခဲ့ဦးလို့ ပြောတာ။ မင်းကို ပထမဆုံး စာစီသင်ခန်းစာ စသင်ပေးမယ်။ ငါမင်းကို ပုံနှိပ်သမား တစ်ယောက် ဖြစ်လာအောင် သင်ပေးမယ်။ စာစီတယ်ဆိုတာ တကယ့်အလုပ်ကွ။ စက်ပစ္စည်းတွေ အောက်မှာ ကြေမွတိမ်မြုပ် သွားရမယ့် အလုပ်မျိုး မဟုတ်ဘူး။
(ကောင်လေးသည် သိသိသာသာပင် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သူသည် အတန်ကြာအောင် ဆက်လက်၍ စာပစ်နေပြီးမှ)
ကောင်လေး။ ။ ကျွန်တော်ဒီည သင်နိုင်ဦးမှာ မဟုတ်ဘူး မစ္စတာဟီလီ။
မစ္စတာဟီလီ။ ။ ဘာဖြစ်လို့လဲကွ။
ကောင်လေး။ ။ ချိန်းထားတာလေး ရှိလို့ပါ။ ကျွန်တော် သင်တန်းတစ်ခု တက်ဖို့ လျှောက်လွှာဖြည့်ရမယ်။
မစ္စတာဟီလီ။ ။ ဘာသင်တန်းလဲကွ။
ကောင်လေး။ ။ လိုင်နိုစာစီသင်တန်း။
မစ္စတာဟီလီ။ ။ မင်း ဘာပြောတယ်။
ကောင်လေး။ ။ မစ္စတာဟီလီ၊ ကျွန်တော့်မှာ ကျွန်တော် ထောက်ပံ့နေရတဲ့ အမေနဲ့ အစ်မတစ်ယောက် ရှိတယ်။ ကျွန်တော့်အစ်မကလဲ ကျောင်းပြီးဖို့ နှစ်နှစ်တောင် လိုသေးတယ်ဗျာ။ ကျွန်တော် သူဌေးကိုလဲ ပြောပြီးပါပြီ။ သူဌေးက ကျွန်တော့်ကို တစ်နာရီ အလုပ်စော ဆင်းခွင့်ပေးတယ်။ ကျွန်တော် လိုင်နိုစာစီသင်တန်းကို ညပိုင်း သွားတက်မယ်။
(ကောင်လေးသည် ထိုသို့ ရှင်းပြနေဆဲတွင် တစ်ချက်ကလေးမှ မော့မကြည့်ပေ။ အဘိုးအိုကား သူ့ကို စိုက်ကြည့်နေသည်။)
မစ္စတာဟီလီ။ ။ ဟေ့.... ကောင်လေး။
(ကောင်လေးသည် အဘိုးအိုကို မော့ကြည့်လိုက်သည်။ ရုတ်တရက် အဘိုးအို၏ လက်တစ်ဖက်သည် ကောင်လေး၏ မျက်နှာကို ဖြတ်ရိုက် ပစ်လိုက်သည်။ ကောင်လေးသည် အထိတ်တလန့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ သူသည် တုန်ရီနေသော အဘိုးအိုကို အတန်ကြာအောင် ငေးကြည့်နေသည်။ ထို့နောက် သူ၏ အလုပ်ကို စတင်၍ ပြန်လည် လုပ်ကိုင်သည်။ အဘိုးအို သည်လည်း ဖြည်းညင်းစွာပင် သူ၏အလုပ်ကို ပြန်လုပ်သည်။ သူတို့နှစ်ဦးသည် တိတ်ဆိတ်စွာ အလုပ်လုပ် နေကြသည်။ သူတို့နှစ်ယောက်ထံမှ ကင်မရာ တဖြည်ဖြည်း နောက်ဆုတ်လာ....)
[ ပုံရိပ်များ တဖြည်းဖြည်း မှိန်၍ပျောက်သွား။ ]
ဆက်ရန်
-----------------------------------------------------------------
မင်းယု
Comments
Post a Comment