မုန်း၍မဟူ၊ အခန်း(၁၄)
ဒေါ်သက်သည် အိမ်ရှေ့၌ ရပ်သော ကားကို စူးစိုက်၍ ကြည့်နေလေသည်။
ဝေဝေသည် ခေါင်းကိုငုံ့ကာ ကားပေါ်မှ ဆင်းလာ၏။ လက်ကိုင်ပဝါနှင့် သူ့မျက်နှာ တစ်ဝက်ကို အုပ်လျှောက်လာသည်။ သန်းသန်းနှင့် မယ်အေးမှာ အိမ်ပေါ်သို့ မော့၍ မျှော်ကြည့်ကြပြီးနောက် ပစ္စည်းများ သယ်ချ နေကြသည်။
“သမီးကောလို့ မေးတာ ... မင်းသမီးလေး လာပါပြီကွယ့် မောင်ဘိုးသိန်းရဲ့”
ဒေါ်သက်သည် အိမ်ဝက ဆီး၍ ကုန်းအော်ဟစ် ငိုလိုက်သည်။ ဒေါ်သက်၏ ရင်ထဲက မချိမဆံ့ ထွက်လာသည့် အသံကြောင့် ဝေ့မှာ အသည်းထဲ၌ ဆတ်ဆတ်ခါ သွားသည်။
အိမ်ပေါ် ဆင်ဝင်တွင် အလောင်း ပြင်ထားသည်ကို လမ်းကပင် မြင်ရ၍ လှေကားကို တန်းတက် သွားလေသည်။ ဒေါ်သက်မှာ ဝေ့နောက်က ငိုယိုလိုက်သည်။ အိမ်ပေါ်ထပ် ဆင်ဝ၌ ဖခင်၏ ရုပ်ကလာပ်ကို မြင်လျှင် ခုတင်နားသို့ ပြေးသွားကာ မျက်နှာပေါ်၌ လွှမ်းထားသော ပဝါစကို ဆွဲလှပ်လိုက်သည်။ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ဖခင်၏ မည်းပြာပြာ မျက်နှာကို အံကြိတ် စိုက်ကြည့်လျက် ရုတ်တရက် အသံလည်း မထွက်နိုင်၊ မျက်ရည်များသာ သွင်သွင်စီးကျကာ ရင်ထဲ၌ ဆို့နေလေ၏။
မသာခုတင်နှင့် မနီးမဝေး၌ ကိုသက်နှံနှင့် ထိုင်နေကြသည့် ကိုနေဦးမှာ မျက်နှာ ပျက်ပျက်နှင့် ဝေ့ကို ငေးကြည့် နေကြသည်။
ထားထားသည် ခုတင်ခြေရင်း၌ ခုတင်တိုင်ကို အားပြုကိုင် ရပ်လျက် ရှိုက်ငင် နေလေ၏။ လေးငါးလ အတွင်း ဖခင်အား မအိပ်မနေ ပြုစုရ၍ မျက်ကွင်း ချိုင့်ချိုင့်နှင့် ပိန်ချုံးနေသည်။ ဒေါ်သက်သည် ဝေ့တစ်ဖက်တွင် ရပ်ကာ သူ့မောင်အား ကြားကြား မကြားကြား ငိုကြီးချက်မဖြင့် ခုတင်ပေါ်မှ စိတ်လိုက်မာန်ပါ အတင်းထခိုင်း နေလေ၏။
“မင်း သမီးကို ထကြည့်ပါဦး။ မောင်နေဦး လာတော့ သမီးကောလို့ မောနေတဲ့ ကြားက တငင်ငင် မေးတာလေ။ မင်း မြင်ချင် တွေ့ချင်လှတဲ့ သမီးကို ထကြည့်စမ်းပါဦး”
ဦးဘိုးသိန်းမှာ ဆုံးမည့် မနက်၌ ရှိုက်မောနေသည့် အတွင်းမှ သားတွေ၊ သမီးတွေကို စုံညီ တွေ့ချင်ဇော ပြင်းပြ နေရှာပေသည်။ နံနက် ငါးနာရီခန့်က စ၍ မရှူနိုင် မရှိုက်နိုင်အောင် မောနေသော်လည်း သတိကောင်းစွာ ရသေးသည်။ ကိုနေဦးမှာ ရှစ်နာရီလောက် သင်္ဘောက တက်လာ၏။ ကိုနေဦးကို မြင်မြင်ချင်း ရှိုက်မောလျက်ပင် “သမီးကော ... သမီး” ဟု အသက်ပါ သွားမလောက် ပီသအောင် ကြိုးစား အားယူပြီး မေးရလေ၏။
ကိုနေဦးက ဖခင်ဘေးတွင် ဝင်ထိုင်ပြီး ရင်ကို လက်နှင့် အုပ်ပေးလျက် ဖခင်၏ နှုတ်ခမ်းလှုပ်သည့် လေသံကို ဖမ်းကာ “ဝေဝေ နေမကောင်းလို့ နက်ဖြန်မှ လိုက်လာလိမ့်မယ် ဖေဖေ” ဟု ကြည့်ကောင်းအောင် ပြောလိုက်ရပေသည်။ ပြောတာကို ကြားသကဲ့သို့ ခေါင်းကိုညိတ်လျက်၊ မျက်လုံးကြီးများ ဝိုင်းလည်လျက် မောနေလေသည်။ နောက်ဆုံး အသက်မထွက်ခင် စကားပြောသေး၏။ နှုတ်ခမ်း လှုပ်တာသာ တွေ့ကြရတော့လျက်၊ လေသံမှာ ဘာမှ မသဲကွဲတော့သဖြင့် ဘာမှာသွားမှန်း မသိလိုက်ကြပေ။
ဖခင်က “သမီးကော ... သမီး” ဟု မေးသွားတာလောက် ဝေ့ အသည်းခိုက်တာ မရှိ၊ မတွေ့လိုက် ရလေခြင်းဟု များစွာ ယူကျုံးမရ ဖြစ်ကာ၊ သည်းထန်စွာ ရှိုက်၍ “ဖေဖေရေ ...” ဟု တခေါ်လျက် အလောင်းဘေး၌ ခေါင်းမှောက်ချ လိုက်သည်။ ဖခင်၏ ရင်ပေါ်က လက်အေးအေးကြီးကို အားရှိပါးရှိ လှမ်းဆုပ်ထား၏။ ငိုသံကား မထွက်တော့၊ ကိုယ်ကို သိမ့်ခါအောင် ရှိုက်လျက် ရှိုက်လျက်ပင် ကြိတ်မှိတ် ပူဆွေး နေပေသည်။
ထားထားသည် ဝေ့အနားသို့ လာကာ ထူမည်လုပ်၍ “သူက သာဆိုးတာပေါ့။ တွေ့မှ မတွေ့လိုက်ရတာ၊ နေချင်သလို နေပါစေဦးဟာ” ဟု ကိုနေဦးက တားထား လိုက်သည်။ ဝေ့မှာ ဖခင်နား၌သာ သည်လိုပဲ နေချင်တော့သည်။ ဖခင် အနားမှ မခွါဘဲ သည်လို နေရမှ ကျေနပ်နိုင်မလို ဖြစ်နေသည်။ အကြာကြီး နေလိုက်ချင်သည်။ အကြာကြီး ဆိုသည်မှာ ရက် အကန့်အသတ် မရှိ။
ကြာတော့ ထားထားက လာချော့သည်။
“ညီမရယ် စိတ်ကိုသာ ဖြေပါတော့။ အကြောင်းဆိုတာ ဒီလိုပဲဟ၊ ကိုယ်ကြံသလို မဖြစ်ဘူး။ ကိုယ်ကြံတိုင်း ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ရတယ်လို့ ဘယ်သူမှ မရှိပါဘူးဟာ ...၊ လာပါ ... ထပါ”
အသံလည်း မထွက်၊ ကြိတ်မှိတ် ဆွေးရှိုက် နေခြင်းကို မကြည့်ရက်၊ မမြင်ရက်ကြ၍ အော်ဟစ် လူးလှိမ့်လျက် ငိုလိုက်တာကမှ သူ့အဖို့ သက်သာလိမ့်မယ်ဟု တွေးထင်ကြသည်။
ဒေါ်သက်မှာ မီးကုန်ယမ်းကုန် အော်ငိုပြီးနောက်၊ ဆွမ်းကိစ္စတွေ ရှိသေး၍ ငိုခြင်းကို ရပ်ကာ အလုပ်ရှိရာသို့ ထသွားလေသည်။ မယ်အေးသည် အားရအောင် ငိုပြီး၍ ဒေါ်သက်နောက်သို့ ထပ်ကြပ်လိုက်ကာ၊ လူကွယ်ရာ၌ သူ ကြုံခဲ့သိခဲ့သည့် အဖြစ်အပျက်များကို တစ်ဆင့် မဲ့မဲ့ရွဲ့ရွဲ့နှင့် ဇာတ်ကြောင်းပြန်သည်။
“မမလေးက သိပ်လာချင်တာ ကြီးကြီးရဲ့။ အစ်ကိုက မလွှတ်ဘူး။ ဘဘကြီး အသက်ထွက်မယ့် အချိန်လောက်ပါပဲ။ ဘုရားစင် ရှေ့မှာ မမလေး မှောက်ပြီး ငိုနေ လိုက်တာလေ။ ကျွန်မ ချောင်းကြည့်တာပေါ့။ အခု လာတာတောင် ဆေးထိုးလာတာ”
မယ်အေးသည် ခရေစေ့တွင်းကျ နှိုက်နှိုက်ချွတ်ချွတ် နိုင်လွန်းလှ၍ ပြောသမျှ အကြောင်းတို့မှာ ဒေါ်သက်နား၌ ခါးနေလေသည်။
တောက်ခေါက်လျက် “ထားထားများ သိရင်အေ” ဟုဆိုကာ အံကြိတ်ထားလေ၏။
ထားထားက ဝေ၏ အိမ်ထောင်ရေး အဆင်မပြေခြင်းကို အတွင်းကျကျ မသိသော်လည်း သိသလောက် သိလေသည်။ ဝေ မလိုက်လာ ကတည်းက ဝေ့အတွက် ရင်လေး၍ သွားမိသည်။
မိမိ အထင်နှင့် အမြင် မကွာလှဘဲ ဘယ်လောက် စိတ်ဒုက္ခ ရောက်ရှာပုံကို တွေ့မြင် နေရသည်။
“ဝေရယ် ... ထပါဟယ်။ အားလုံး နင့်အတွက် သိပ်စိတ်မကောင်း ဖြစ်နေကြတာ၊ နင် ဒီလိုပဲနေရင် ပိုစိတ်ဆင်းရဲ ကြတော့မယ်၊ ထပါဟ”
ဝေသည် မှောက်ထားသော ခေါင်းကိုပြောင်း၍ ဘေးသို့လှည့် လိုက်သည်။ မျက်စိများ မှိတ်နေကာ မျက်နှာလေးမှာ နွမ်းရော်နေသည်။ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာသည်။ လေးလံနေ၍ မနည်း အားယူပြီး ဖွင့်ရဟန် တူသည်။ နွမ်းလျနေသော အကြည့်ဖြင့် ထားထားအား လှမ်းကြည့် လိုက်သည်။ ထို့နောက် ဝေ၏ မျက်လုံးထဲမှ ပါးပြင်ပေါ်သို့ မျက်ရည်ပေါက်ကြီး နှစ်ပေါက် ယိုစိမ့် လိမ့်ဆင်း လာလေသည်။
ထားထားသည် ဖခင်လက်ကို ဆုပ်ထားသော ဝေ့လက်ကို ဖြေကာ ပွေ့ထူ ယူသည့်အခါ ဝေ့မှာ ခွန်အား ကုန်ခန်းလျက် ပျော့နေလေပြီ။
ဝေ့ကို အိပ်ခန်းထဲသို့ သန်းသန်းနှင့်အတူ တွဲပို့ကြသည်။ ခုတင်ပေါ်တွင် ဝေ့ကိုတင်ကာ ထားထားမှာ ဘေးမှထိုင်လျက် ဖျောင်းဖျ ပြောဟောနေ၏။ ဟောပြောရင်း ဝေ၏ မှိတ်ငြိမ်နေသော မျက်နှာကလေးကို မျက်ရည်စမ်းစမ်းဖြင့် ငေး၍ ကြည့်သည်။ မျက်နှာမှာ ဝေဒနာမျှဉ်းမျှဉ်း ခံစားနေရသော လူမမာ့ မျက်နှာနှင့် တူပေသည်။ စိတ်ဝေဒနာသည် မျက်နှာ၌ ထင်ဟပ်ထားပေ၏။
“ဦးစောဟန် မလွှတ်လို့ ဆိုတာတော့ အစ်ကိုကြီး ပြောလို့ ငါသိရတယ်။ မလွှတ်တာတော့ အကြောင်းရှိချင် ရှိရမယ်လေ၊ မလာလို့ နင်က ဖေဖေ့အပေါ်မှာ ပျက်ကွက်တယ် မဆိုနိုင်ဘူး။ ဦးစောဟန်ကသာ ပျက်ကွက်တာ ဖြစ်ရမယ်။ ပြီးခဲ့တာလည်း ပြီးခဲ့ပါပြီဟယ်၊ ဒါတွေကို မေ့ဖျောက်ပြီးတော့ ဖေဖေ့အတွက် ကုသိုလ်ကောင်းမှု ပြုကြဖို့ အာရုံသာ ပြောင်းပါ။ စိတ်ထောင်းတော့ ကိုယ်ကြေ ဆိုတာ အမှန်ပဲ၊ ရှေ့လည်း အဆင်မပြေတာ တွေ့ချင် တွေ့ဦးမယ်၊ စိတ်ကို ခိုင်ခိုင်ထားပြီး ရင်ဆိုင်တာပေါ့ဟာ”
ထားထားသည် ပြောဟောပြီး သက်ပြင်းကို မျှဉ်းချလိုက်သည်။ ထို့နောက် ငြိမ်သက်လျက် နေကာ သူ့အတွေးမှာ လွင့်နေလေသည်။
ဦးစောဟန်မှာ ချစ်ရုံကလွဲ၍ ဘာမှ မသိတတ်သူသာ ဖြစ်သည်။ ဝေ့ကို အေးချမ်း စေမည့်သူ မဟုတ်။ ဝေ့အလိုကို စိတ်ဖြူဖြောင့်နှင့် လိုက်လျော နိုင်မည့်သူ မဟုတ်။ ဝေ့ကို ခွင့်လွှတ်မည့်သူ မဟုတ်ဘဲ ဝေကသာ ခွင့်လွှတ် ရမည့်သူ ပါတကား ...။
ထားထားသည် သူ၏အတွေးဖြင့် ငေးနေရာမှ ဝေ့ကို ကြင်နာစွာ ပြန်စိုက်ကြည့် နေလေ၏။
ဝေနှင့် သူမှာ စကားပြော နေကြခြင်း မဟုတ်၍၊ ဝေ့ထံမှ စကားပြောရန် မမျှော်လင့်ပေ။ သူပြောတာတွေကို ဝေကြားပြီး အသင့်အတင့် ဆင်ခြင် နှလုံးသွင်းနိုင်ရင် သွင်းဖို့သာ ရည်ရွယ်ပြီး ပြောနေပုံ ရှိသည်။
ဝေ့မှာ ထားထား ပြောတာတွေကို လက်ခံ နှလုံးသွင်း ကြည့်မည့် အခြေမျိုးနှင့် ကွာဝေး နေသေး၏။ အနာတက်နေသော လူနာ၌ ဆေးချက် မတိုးနိုင်ဘဲ အနာ၏ နှိပ်စက်ခြင်းကို အလူးအလဲ ခံနေရတုန်း ကဲ့သို့ပင် အနာတက်တုန်း ဖြစ်နေသေး၏။
ထားထားသည် ဝေ့အား လွတ်လွတ်လပ်လပ် သက်သာသလို နေပါစေရန် အခန်းထဲ၌ တစ်ယောက်တည်း ထားခဲ့ကာ၊ အိပ်ခန်း တံခါးကို အပြင်ကနေ ဆွဲစေ့ထားလိုက်သည်။
ဝေသည် တံခါးစေ့လိုက်သံကို ကြားမိပြီးနောက် ဤအတောအတွင်း အချိန်ကာလ မခန့်မှန်းနိုင်သလောက် အရှိ၌ တံခါးဖွင့်သံလိုလို ကြားမိပြန်သည်။
ဝေသည် ခုတင်ပေါ်၌ ကိုယ့်လက် ကိုယ့်ခြေကိုပင် မသယ်ချင်အောင် ဖြစ်နေသည်။ မျက်စိလည်း မဖွင့်ချင်၊ အသံဗလံတွေလည်း မကြားချင်၊ တတ်နိုင်လျှင် ယင်ကောင်ကလေးပင် လာမနား ပါလေနှင့် ...။
“သမီးရယ်”
သည်ကြားထဲ၌ ရင်ထဲ အသည်းထဲ အေးခနဲ ဖြစ်ရတာမျိုး ဘယ်သူမှ ခံစားဖူးမည် မထင်။ ဝေသည် မျက်ရည်လျှံသော မျက်လုံးဖြင့် အားယူ ကျုံးထလေသည်။ “မေမေ” ဟု တခေါ်ကာ ဖက်မိဖက်ရာ လှမ်းဖက်ထားပြီး ချုံးချ ငိုတော့လေသည်။
မိခင်၏ရင်ကို တိုးဝှေ့လျက် ရှိုက်ငင် ငိုနေခိုက် မိခင်က ကြင်နာစွာ ပြန်ဖက်ထား လေသည်။
သီလရှင် မိခင်၏ သိမ်မွေ့သော မျက်နှာ၌ မျက်လုံးများသည် မျက်ရည်ရောင် တောက်လက်နေသည်။ သူ၏ ဆင်ခြင်တုံ တရားနှင့် သစ္စာလေးပါး နယ်နိမိတ် အတွင်းမှ ရုန်းကန်ထွက် လာသော မျက်ရည်ကို ကြိတ်မှိတ် ထိန်းသိမ်းရင်းမှလည်း၊ သူ၏ လှပခံ့ညား၍ မြတ်နိုးဖွယ်ရာ တည်ကြည်သော မျက်နှာမှာ ပုံပန်း အနည်းငယ် ပျက်နေသည်။
ထားထားမှာ ခုတင်နားတွင် ရပ်လျက် ကျောက်ရုပ်လိုပင် ထိတ်လန့်ဖွယ်ရာ ကောင်းအောင် ငြိမ်သက်စွာ ငေးကြည့်နေ၏။ သီလရှင်သည် ဝေဝေအား နူးညံ့သော အကြည့်ဖြင့် အချိန် ကြာကြာကြီး ငုံ့စိုက်ကြည့် စဉ်းစား နေလေသည်။ နောက်မှ ဝေဝေ၏ ကျောကို အသာအယာ ပုတ်လျက်-
“သမီး ငြိမ်းချမ်းမှု ဆိုတာ ဘယ်မှာမှ မတွေ့နိုင်ပါဘူး။ ဘယ်သူမှ မဖန်တီးနိုင်ဘူး။ တကယ့် ငြိမ်းချမ်းမှု အစစ်ဟာ ကိုယ့်နှလုံးသား ထဲမှာပဲ ရှိတယ်”
ဝေသည် မော့၍ သီလရှင်၏ မျက်နှာနှင့် မျက်နှာချင်း အပ်လိုက်သည်။
သီလရှင်သည် သူ့ဘဝကို မြင့်မြတ်သည့် ဘဝနှင့် လဲထားပြီးပြီကို မမေ့သော်လည်း မျက်နှာပေါ်၌ အနည်းငယ် ညိုရောင်သမ်း သွားသည်။ သူ့ရင်ထဲ၌ ဘာဖြစ်နေသည်ကို မမြင်စေလို။
ဝေ၏ ဆံပင်ကလေးများကို သပ်တင်ပေးသည်။ လက်ထဲ ဆုပ်ထားသော လက်ကိုင်ပဝါနှင့် မျက်ရည်များကို ယုယုယယ တို့သုတ်ပေးလျက် “အင်း ... လောကကြီးဟာ စက်ဆုပ်စရာပါ၊ သံသရာက မလွတ်မချင်း သုခ မရှိဘူး၊ စွဲလမ်း တွယ်တာသမျှ ဒုက္ခချည်းပဲ ...” ဟု ပြောသည်။ ထိုသို့ ပြောခြင်းဖြင့် သူကိုယ်သူလည်း သတိပေးရာ ရောက်လေသည်။ သီလရှင်မှာ ဣန္ဒြေကို ပီသစွာ ပြန်ထိန်းထားနိုင်လျက် ရှိသည်။ သူ့မျက်လုံးထဲ၌ တရားရသည့် အရိပ်အယောင်များပင် ပေါ်ပေါက်လာသည်။
ထားထားသည် ပြန်၍ ထိန်းထားသော မိခင်၏ ဣန္ဒြေကို မမှိတ်မသုန် ကြည့်နေလျက်၊ ပူလောင်နေသော ပရိဒေဝမှာ အတန်ငယ် သက်သာသလို ရှိမိ၏။ သစ်ခေါက် ဆိုးထားသော ဝတ်ရုံ၏ အဆင်းနှင့် တည်ငြိမ်ထားသည့် ဟဒယမှ ဣန္ဒြေ အကြည်ဓာတ်သည် ပူပန်မှုကို ယုတ်လျော့ သွားစေသလိုပင်။
မိခင်ကို ကြည့်နေရာမှ ဝေဝေ့ကို ကြည့်ပြန်လေသည်။
ဝေဝေ၏ မျက်နှာမှာ ဆွတ်ဆွတ်ဖြူ နေသည်။ တုန်ယင် နီကြောင်သော မျက်လုံးတွင် နာကြည်းချက်၊ ပူဆွေး တမ်းတချက်များ ရောပြွမ်းနေသော အဓိပ္ပါယ်ကို ဆောင်လျက်၊ မျက်ရည်ဥများ တွဲလောင်းခို နေကာ နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ထားလေသည်။
“သမီး ... အသက် မမီလိုက်ဘူးဆို”
အသက်မမီရ၍ ဝမ်းနည်းခြင်းနှင့် “ကို” က မလွှတ်၍ “ကို့” အပေါ်၌ ဝမ်းနည်းရခြင်း နှစ်မျိုးသည် ရင်ထဲတွင် ရှုပ်ထွေးလျက်၊ သူ့တစ်ကိုယ်လုံးသည် မီးကဲ့သို့ ပူပြင်းသွားကာ မျက်နှာကို အုပ်လျက် ခေါင်းညိတ်ပြီး ရှိုက်နေလေ၏။
သီလရှင်သည် ဝေ့ဘေးတွင် ခုတင် အစပ်နား၌ ထိုင်ကာ “သမီးက ဘာကြောင့် မောင်နေဦးနဲ့ မလိုက်ခဲ့သလဲ” ဟု ဆက်မေးနေသည်။ ဝေ့မှာ မီးလောင်ရာ လေပင့်သလိုပင် အဖြေမပေးနိုင်၊ ရှိုက်ကာသာ ငိုနိုင်လေသည်။
ထားထားမှာ အနားသို့ ရောက်လာသည်။ မပြေပြစ်သော ဝေ့ဘဝကို မိခင် သိ၍လည်း အကျိုးမထူးတော့သဖြင့် “အကြောင်း မညီညွတ်တဲ့ ကိစ္စနှင့်မို့ မလိုက်တာပါ” ဟု ဝေ့ကိုယ်စား ဝင်ဖြေလေသည်။
သီလရှင်သည် ရှေ့ဆက် မမေးပေ။ လောက အကြောင်းတွေ အဆင်မပြေတာ များမှန်း သိသဖြင့် သည်အဖြေ လောက်နှင့်ပင် လုံလောက် နိုင်လေသည်။
“ဖေဖေ့ အပေါ်မှာ မေမေ စိမ်းကားရာ ကျတယ်လို့ အစက ဒီလိုပဲ ထင်နေတယ်၊ အခုတော့လေ သမီးလည်း စိမ်းကားရာ ကျပါတယ် မေမေရဲ့ ...”
သီလရှင်မှာ မျက်နှာညှိုး သွား၏။ သီလရှင်သည် ခဏမျှ ငြိမ်သက် နေပြီးနောက် သူ့အသံကို ပြင်ပြီး ညင်ညင်သာသာ နှိမ့်၍ ပြောလိုက်သည်။
“စိမ်းကား ကြတယ်တော့ ဘယ်ဟုတ်ပါ့မလဲ၊ သမီးဖခင် အသည်းအသန် ဖြစ်နေပြီ ဆိုတဲ့ သံကြိုး မိခင်လည်း ရတာပဲ။ သံကြိုးရတော့ မိခင် လိုက်လာချင်တဲ့စိတ် ဖြစ်တာပေါ့။ မိခင်အဖို့က ဘာမှ မလာနိုင်စရာ မရှိဘူး။ ကိုယ့်ရဲ့ ကျေးဇူးရှင်ပဲ၊ အနားမှာလာပြီး ပြုစုချင်တယ် ဆိုတာ မငြင်းလိုပါဘူး။ မိခင် လာတဲ့အတွက် မိခင်ကို မြင်ပြီး အနှောင့်အယှက် ဖြစ်သွားမလား ဆင်ခြင်ရတယ်။ သီလရှင် မဝတ်ခင်က ပြောဖူးတယ်။ မင်းသီလရှင် ဝတ်ရင် ဒီအဝတ်ကြီးနဲ့ ဘယ်တော့မှ မမြင်ပါရစေနဲ့ ပြောဖူးတော့ သူ့အတွက် အနှောင့်အယှက် မဖြစ်အောင် လာချင်ပေသိလည်း တမင် မလာဘဲ အဝေးက နေပြီး မေတ္တာပို့ရတော့တယ်”
ထားထားသည် ဝမ်းနည်းပက်လက် ငိုရှိုက်နေသော ဝေ့ကို ငေးလျက် မျက်နှာ တစ်ပြင်လုံး ညိုမည်းသွားကာ ကိုယ်ပါ ငိုချင်သလိုလို ဖြစ်လာမိသည်။ သီလရှင်ကြီးသည် ဣန္ဒြေရရပင် ခုတင်ပေါ်မှ ထ၍သွားသည်။
ဝေဝေရောက်ပြီး နောက်တစ်နေ့ မသာချ လေသည်။
ဖခင် မသာချသည့် နေ့၌ သီလရှင်နှင့် ဝေဝေ စီးသောကားမှာ နိဗ္ဗာန်ယာဉ် နောက်မှ ကပ်လိုက် မောင်းသွားလေသည်။ ဝေသည် မျက်ရည် မဆည်နိုင်အောင် ရှိသည်။ ရင်ထဲမှ ဆို့လာသော အလုံးကြီးကို မျိုမချနိုင်ဘဲ ရှိလေသည်။ ဖခင်မှာ လူ့ဘဝနှင့် ဝေးကွာလေပြီ။ သူ့အလောင်းကို သီလရှင်က လိုက်ပို့သည်မှာ ကြေကွဲစရာ ကောင်းနေပေ၏။
ဝေဝေသည် ရှေ့မှ တရွေ့ရွေ့ သွားနေသော နိဗ္ဗာန်ယာဉ်ကို ကြေကွဲလှစွာ စိုက်ကြည့်လျက်၊ သူ့မှာလည်း တစ်နေရာနှင့် တရွေ့ရွေ့ ခွါနေသည်နှင့် တူလိုက်လေသည်။ သုသာန်၌ တွင်းဖို့ပြီးသည် အထိ စောင့်ကြည့်၏။
ဖခင်၏ ခေါင်းပေါ်သို့ မြေစိုင်မြေခဲများ ကျသံ ကြားလိုက်ရသော အခါတွင် အသည်းကွဲမတတ် ဆတ်ဆတ်ခါ နာသွားလေ၏။
ထားထားမှာ တွင်းဘေး၌ ဒူးထောက်လျက် ရှိုက်ကြီးတငင် ငိုနေလေသည်။ တွင်းခေါင်းရင်းတွင် ရပ်နေသော ကိုသက်နှံမှာ ထားထားအား ကြင်နာစွာ လှမ်းကြည့်လျက် နေ၏။ ဝေသည် အသံလည်း မထွက်၊ မျက်ရည်ဖြိုင်ဖြိုင် ကျနေသော သီလရှင်၏ လက်ကို တအားဆုပ်ကိုင် ညှစ်ထားမိ၏။
သုသာန်ဝင်းထဲက နောက်ဆုံး ထွက်လာကြသည်။ ကားနားသို့ ရောက်၍ ကားပေါ်သို့ မတက်ခင် မိခင် သီလရှင်၏ မျက်နှာကို ရှိုက်ကြည့်လျက် ...
“သမီး မော်လမြိုင်ကျွန်းကို မပြန်ချင်ဘူး။ ဖေဖေ မရှိတဲ့ နေရာကို မသွားပါရစေနဲ့ဦး၊ မေမေနဲ့ စစ်ကိုင်းကို လိုက်ခဲ့ပါရစေ၊ ခေါ်ပါနော်” ဟု ကတုန်ကယင် ပြောလိုက်လေသည်။
ဈာပန ရက်မလည်ခင် အတွင်း မိသားတစ်စု စုစုဝေးဝေး နေကြရခိုက် ဝေ့မှာ တစ်မျိုးတစ်ဖုံ ဖြစ်နေလေသည်။ လှောင်ချိုင့်ကလေးထဲမှ လွတ်လာရပြီး ကိုယ့်အသိုက်အဝန်းထဲ ကိုယ်ပြန်ရောက် လာသလိုပင်။ ဝမ်းသာ သလိုလို ... စိတ်အားတက် သလိုလို ...။
အထူးသဖြင့် ထားထား၏ ယောက်ျား ကိုသက်နှံကို သတိပြုမိလျက် မျက်စိအေး ရသည်။ ကိုသက်နှံမှာ အရပ်မြင့်မြင့်၊ နဖူးကျယ်ကျယ်၊ စကားနည်းနည်း၊ ပညာရှိရုပ်မျိုး ဖြစ်သည်။ လေးနက် တည်ကြည်သော အကြည့်ဖြင့် နူးညံ့ ညင်သာစွာ စကားပြောသည်။ နူးညံ့ သိမ်မွေ့စွာ နေထိုင်သည်။ သူ့အိုး သူ့အိမ်ဟူ၍ ရဲရဲတင်းတင်း အမူအရာ မရှိဘဲ ဧည့်သည်တစ်ဦး ကဲ့သို့ပင် အားနာနေဟန် ခပ်ကျုံ့ကျုံ့ ဖြစ်နေပေသည်။ မာန်မာန မရှိ၊ ရိုးသားလျက် နှိမ့်ချသော စိတ်ဖြင့် သူ့ခေါင်းမှာ အမြဲငုံ့ နေပေသည်။ သူ၏ အမူအရာမှာ မည်သူ့ကိုမဆို အထူးပင် လေးလေးစားစား ရှိသည်။ သူ၏ နှလုံးသား၌ ကိန်းဝပ်သော မေတ္တာဓာတ်သည် ထားထား တစ်ဦးတည်း ခံယူ ချမ်းမြေ့ရသည် မဟုတ်၊ တစ်အိမ်သားလုံး၏ ရင်ထဲသို့ ပျံ့နှံ့ အေးမြစေအောင် အားကောင်းလှပေ၏။
ဝေသည် ကိုသက်နှံကို ခပ်ငေးငေး ကြည့်တတ်ကာ ရင်ထဲတွင် အေးမြသွားသော အသိကို ခံစားရသည်။
ရန်ကုန်ရောက်၍ သုံးရက်အတွင်း မော်လမြိုင်ကျွန်းမှ သံကြိုး နှစ်စောင်နှင့် စာတစ်စောင် ရသည်။ သံကြိုးများမှာ ဆေးမှန်မှန် သောက်ရန်၊ ကျန်းမာရေး ဂရုစိုက်ရန်၊ အချိန်နှင့် အိပ်ရန်၊ နေ့စဉ် တစ်နေ့တစ်မျိုး ရိုက်မှာနေသော သံကြိုးများ ဖြစ်သည်။
စာထဲ၌ ရက်လည်ဆွမ်းသွတ်ပြီး ထိုနေ့ည သင်္ဘောနှင့် ဆက်ဆက် ပြန်ခဲ့ရန် အဓိက မှာကြားသည်။ ဝေ မရှိ၍ မနေတတ် မထိုင်တတ် ဖြစ်ရပုံများလည်း ပါ၏။
“ဒါပဲနော် ... ချာတိတ်၊ ပြန်ရင် ပိန်လာတာ မတွေ့ချင်ဘူး။ ပိန်မလာနဲ့” ဟု စာဆုံးလိုက်သည်။
သံကြိုးစာတွေကို ဖတ်လျက် ဦးစောဟန်၏ သွန်းဖျန်းသော မေတ္တာရေမှာ ရင်ထဲတွင် မစိုစွတ်ဘဲ စိတ်အိုက်ဖွယ်ရာ အဝေးကပင် အနေကျုံ့ နေသည်။
ညဘက်ဆိုလျှင် ကိုနေဦးသည် အပြင်သို့ ထွက်သွားတတ်ပြီး ညဉ့်နက်မှ ပြန်လာတတ်သည်။ သူပြန်လာလျှင် တရုတ်တန်းက ခေါက်ဆွဲ၊ သို့မဟုတ် မဂိုလမ်း (ရွှေဘုံသာလမ်း)က ပလာတာ၊ လက်တစ်ဖက်က အထုပ် လေးငါးထုပ် တစ်ဖက်စီ ဆွဲပြီး ပြန်လာတတ်သည်။ အိပ်နေသူ မှန်သမျှ အကုန် လျှောက်နှိုး ကျွေး၏။ စားပွဲခုံကြီ းပေါ်တွင် ဖက်ထုပ်တွေ ဖြေကြကာ ဖက်ထဲတွင် ပေပေရေရေ တစ်ယောက်တစ်လုတ် ဝိုင်းနှိုက်စားစဉ်၊ ဝေ့မှာ “ကို့” ကို ပြေးသတိရ လေသည်။ ခုနေများ မြင်စမ်းချင်တယ်၊ ဘယ်လောက်များ ဒေါသူပုန် ထလိုက်မလဲ ...။
ကိုနေဦးသည် ကိုသက်နှံကို ဆွဲခေါ်ချလာကာ မစားမနေရ အတင်းကျွေးတတ်၏။ ကိုသက်နှံမှာ ငြင်းပယ်၍ မရသဖြင့် ပြုံး၍ အားနာနာနှင့် နှိုက်နေရာ “ခင်ဗျားက တယ် လက်နှေးတာကိုးဗျ။ ကျုပ်က မျိုမကျဘူး။ ကျုပ် မျိုကျအောင် စားစမ်းပါဗျ” ဟု ဆိုကာ သူ့အပုံထဲမှ များများ ယူခွဲပေး နေသည်။ ကိုသက်နှံသည် ပြုံး၍ နေပေသည်။ သူ့အပြုံးမှာ အင်မတန် အေးချိုသော အပြုံး ဖြစ်သည်။
ဝေသည် စိတ်ကူးထဲ၌ ကိုသက်နှံ နေရာတွင် “ကို့” ကို အစားထိုး၍ ကြည့်မိသည်။ ကို့မှာ သည်လူအုပ်နှင့် ရောနှောပေါင်းစပ် ကြည့်၍မရ၊ စိတ်ကူးထဲသို့ပင် မဝင်ဘဲ ဘေးဖယ်၍ ခပ်ဝေးဝေးက ခပ်စိမ်းစိမ်း နေသည်သာ မျက်စိထဲ မြင်နေရ၏။ ဝေ့ရင်မှာ လှိုက်ဖိုသွားသည်။ ဝေသည် “ကို့” အကြောင်းကို မစဉ်းစားမိရန် စိတ်ကို ချုပ်ထိန်းထား လိုက်ရသည်။
သွေးသားတွေနှင့် ရောနှောစား၊ ရောနှောနေ ရတာလောက် ရင်ထဲ၌ နှစ်သိမ့် လာတာလည်း မရှိ။ အစ်မနှင့်စပ်မှ အစ်ကို တော်ရပေသော ကိုသက်နှံ၏ မေတ္တာ လက္ခဏာ၊ မေတ္တာ အမှတ်အသားများနှင့် နီးကပ်တွေ့ထိ ရတာလောက် ရင်ထဲ၌ ချမ်းမြေ့တာလည်း မရှိ။ ဖခင်အတွက် ပူလောင်နေသော ပူပူလောင်လောင် ထဲမှာပင် အေးမြသော အရိပ်တွေကို လှမ်းမြင် နေရသည်။
ဘာသိဘာသာ နေတတ်ကာ၊ စကားနည်းသော ကိုသက်နှံက ဝေ၏ အစဉ်အမြဲ ညှိုးငယ်လျက် ရှိနေသော မျက်နှာကလေးကို သတိမူကာ “ဝေဝေ စိတ်ကောင်းအောင် အားပေးပါ ထားရယ် ...” ဟု ကရုဏာဖြစ်စွာ ပြောမိသည်။
ဝေ ထမင်းမစားဘူး သိလျှင် “နည်းနည်းဖြစ်ဖြစ် စားပါ ဝေဝေ” ဟု လာပြောနေသည်။ ဝေမှာ မစားချင်ဘဲနှင့် ကိုသက်နှံကို အားနာ၍ “စားမယ် အစ်ကို” ဟု ပြောလိုက်ရကာ ဝင်စားရသည်။
ရန်ကုန်ရောက်မှ ဦးစောဟန် ထံသို့ စာတစ်စောင် ရေးထည့်လိုက်သည်။ စာရေးရင်း မျက်ရည်ကျ လာသည်။
“ငါးကြီးဆီ မှန်မှန်သောက်ပါတယ်၊ ဝမ်းချုပ် မခံပါဘူး။ ညဉ့်နက်အောင် မနေဘဲ စောစောအိပ်ပါတယ်။ တွေ့ကရာ မုန့်တွေ မစားဘဲ ပေါင်မုန့်နဲ့ ထောပတ်ပဲ စားပါတယ်၊ ကြက်ဥလည်း သောက်ပါတယ်၊ လေကောင်းလေသန့် နေရာမှာ ရွေးနေပါတယ်”
ဝေ့မှာ တစ်ဖက်သား စိတ်ကြိုက်ကို လိုက်၍ရေးရန် သူ့လက်ကိုသူ တိုက်တွန်း၍ ရနိုင်သော်လည်း၊ သူ့စိတ်ကို တိုက်တွန်း၍ မရသလောက် နှောင့်နှေး နေခြင်းကို တွေ့ရှိရသဖြင့် စာရေးနေရင်း မျက်ရည်များ ကျနေလေသည်။
ထားထားသည် မီးရောင်အောက်တွင် ဝေ အကြာကြီး ထိုင်စာရေး နေခြင်းကို အမှတ်တမဲ့ ကြည့်နေသည်။ စာရေးခြင်းထက် ငေးငိုင်ခြင်းက အချိန်ကြာသည်။ မျက်ရည်များ စီးကျနေသည်ကို မြင်လျှင် မျက်နှာလွှဲလိုက်ကာ တိမ်မရှိသော မိုးထဲမှ ကြယ်ပွင့်ကလေးများကို ကြည့်နေလေသည်။
ဝေသည် ပြတင်းနားသို့ ထလာကာ “မမထား မအိပ်သေးဘူးလား” ဟု မေးလိုက်သည်။
“ဟင့်အင်း ... အိုက်တာနဲ့ တံခါးဝ လာထိုင်နေတာ” ဝေ့မျက်နှာတွင် တစ်ခုခု ပြောလိုမှန်း ထားထား သိရလေသည်။ သူပြောလိုသည့် စကားကို အပြောရ ခက်နေပုံ ပေါ်သည်။ ဝေပြောရန် အတိအကျ ဆုံးဖြတ်ပြီးသည့် အချိန်အထိ အလိုက်သိစွာပင် စောင့်နေလေသည်။ အတန်ကြာမှ ဝေက ရုတ်တရက် ပြောလိုက်သည်။
“ဝေတော့ မေမေနဲ့ စစ်ကိုင်း လိုက်တော့မယ်”
ထားထားသည် ဝေ့ကို တွေ၍ ကြည့်နေလေသည်။ ဝေဝေ့ကို သူ မဝေခွဲနိုင်ဘဲ ရှိလေသည်။ ထားထား၏ အကြည့်မှာ ကြောင်ကြည့်နေသော အကြည့် ဖြစ်လေသည်။
“နင် ဦးစောဟန်ကို စိတ်နာနေသလား၊ မုန်းနေသလား ဝေဝေ”
“သူ့ကို မမုန်းပါဘူး” ဟု ပြောပြီး ခဏရပ် နေသည်။ အတန်ကြာမှ ဆက်၍ “ဝေ့ကိုသာ ဝေ မုန်းပါတယ်” ဟု ထူးဆန်းသော အသံလေးဖြင့် ပြန်ပြောလေသည်။
ထားထားမှာ ဝေ့စကားကို စဉ်းစားရင်း နွမ်းလျလျ ဖြစ်လာလေသည်။ သူ ဘယ်လို အဓိပ္ပါယ်နဲ့ ဒီလို ပြောတာလဲ။ ထားထားက ဝေ၏ ဖြူရော်ရော် မျက်နှာကို တစ်ကြိမ် မော်ကြည့်လိုက်သည်။
“နင့်ကိုနင် ဘာပြုလို့ မုန်းရတာလဲ”
ဝေဝေသည် ကောင်းကင်ကို မော့ကြည့်ရင်း စဉ်းစား နေလေသည်။ စဉ်းစားရင်းမှ ပန်းလျစွာ သက်ပြင်းချ လိုက်သည်။
“ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို ချစ်ခဲ့မိလို့” ဟု အတန်ကြာမှ ဖြေလိုက်သည်။ ထားထားမှာ ဝေ့ကို မှိုင်းမှိုင်းမှုန်မှုန် မော့ကြည့်နေသည်။
“စစ်ကိုင်းမှာ ဘယ်လောက် ကြာမှာလဲ၊ စိတ်ပြေလက်ပျောက် ကောင်းတော့ ကောင်းသားပဲ”
“မပြောတတ်သေးဘူး မမထားရယ်” ဟု ဆွေးဆွေးမြည့်မြည့် အသံနှင့် ပြောနေသည်။
ဝေဝေ၏ စိတ်မှာ ပတ်ဝန်းကျင်၌ မရှိပေ။ သူသည် မမြင်သော အကြည့်ဖြင့်သာ မော့ကြည့်ရင်း ငြိမ်သက်စွာ ရပ်နေလေသည်။ သူ့စိတ်ထဲ၌ ဖခင် အသည်းအသန် ဖြစ်၍ လာရန် သံကြိုး ရောက်သောနေ့က အဖြစ်အပျက်များကိုသာ တရေးရေး မြင်မိလျက် ရှိလေသည်။ စကားတွေကိုသာ တစိမ့်စိမ့် ကြားမိလျက် ရှိလေသည်။ ချစ်သူ ... ချစ်သူ ... အသည်းကွဲအောင် လုပ်တဲ့ ချစ် ... သူ။
“ခုန စာရေးနေတာ စစ်ကိုင်း သွားမယ်လို့ ရေးနေတာလား”
“ဘယ် ခုကြို ရေးနေလို့ မသွားရဘဲ နေဦးမယ်၊ သွားတဲ့နေ့မှ စာထည့် လိုက်တော့မယ်”
ထားထားသည် မျက်နှာကို ကွယ်လိုက်သည်။ သူ့မျက်နှာ၌ မျက်ရည်များ ဝဲနေသည်ကို ဝေမြင်မှာ စိုးလေသည်။
ရက်လည်ဆွမ်းသွတ် ရောက်သည့်နေ့တိုင် ထားထားသည် ဝေ့ကို မျက်နှာချင်း ကြာကြာဆိုင် မကြည့်။ ဝေသည် သီလရှင် အပါး၌သာ အနေများ နေပေသည်။
ထည်ဝါ တောက်ပြောင်သော အဆင်းတန်ဆာတို့ဖြင့် ဆင်မြန်းထားသည့် အရုပ်ကလေး တစ်ရုပ်ကို မြတ်နိုးစုံမက် လာခဲ့ရာမှ၊ ထိုအရုပ်ကလေးသည် ကောက်ရိုးတို့ဖြင့်သာ ပြုလုပ်ထားသည်ကို တွေ့ရသော အခါ၌၊ အရုပ်ကို အပြစ်တင်စရာ မတွေ့ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင် နေသောသူနှင့် တူနေပြီဟု ထားထားက တွေးနေသည်။
-------------------------------
ဂျာနယ်ကျော်မမလေး
crd 👉 http://openread.atspace.cc/works/31052020_nv.html
Comments
Post a Comment