မုန်း၍မဟူ၊ အခန်း(၁၀)
ဝေဝေသည် မျက်လုံးကိုစင်းလျက် မပွင့်တပွင့် ဖွင့်ကြည့်လိုက်၏။ မှောင်ကြီးမည်းမည်း မြင်ရသည်။ ပြတင်းက လေဝင်နေ၍ အေးမြနေရာ ကိုယ်အောက်ပိုင်း၌ ရှိသော စောင်ကို ဆွဲယူလိုက်သည်။ စောင်နှင့် လက်နှင့် ထိလိုက်သော အတွေ့ဖြင့် ဝေဝေ၏ မျက်လုံးမှာ ပြူးကျယ် သွားလေသည်။
ကတ္တီပါ စောင်စသည် ကိုယ်ပေါ်သို့ မရောက်သေးဘဲ ဝေဝေ မြှောက်ကိုင်ထားသည့် လမ်းခုလတ် နေရာ၌ပင် ရှိသည်။
ဝေဝေသည် စောင်ကို ဆွဲမလျက် မှောင်ထဲ ငေးနေသည်။ အမှောင်သည် မျက်လုံးနှင့် လွတ်နေသည်။ စောင်ကို ငေးကြည့် နေပုံလည်း မဟုတ်၊ ကြောင်တက်တက် မျက်လုံးဖြင့် စောင်ကို လက်ဖြင့် ပွတ်နယ် နေလေကာ၊ ခပ်သဲ့သဲ့ ထွက်နေသော အသက်ရှူသံကို အာရုံလှမ်းပြု နေလေ၏။ ကြားရသော အသက်ရှူသံသည် မျှဉ်းမျှဉ်းနှင့် မှန်မှန်ရှူနေသော အသံဖြစ်သည်။ ထွက်သက်ဝင်သက် ရှူထုတ်နေသော လေသည် သုတ်ဖြူးနေလျက် အသားနှင့် လာထိနေမှန်း သိရှိလာသည်။
ဝေဝေသည် စောင်ကို ခေါင်းပေါ်ရောက်အောင် အုပ်လိုက်ကာ၊ စောင်ပေါ်မှ လက်ဖြင့် ရင်ကို ဖိထားလျက် မျက်လုံးမှိတ် ထားသည်။
လှပသော မင်းသမီးကလေးသည် မီးရောင်အောက်ဝယ် နွဲ့နှောင်းစွာ ကနေလေသည်။ ငြိမ့်ညောင်း သာယာသော တူရိယာသံများ မြိုင်ဆိုင်စွာ ထွက်နေလေသည်။ မင်းသမီးလေး ကိုယ်ပေါ်၌ အသာလျော့ရဲရဲ ခြုံထားသော ပဝါစိမ်းမှာ အောက်သို့ ပုံကျနေ၏။ လှည့်ပတ်လျက် ပြေးကသော အခါတွင် ပဝါစိမ်းသည် မင်းသမီးလေး နောက်ကျော၌ တရွတ်တိုက် လိုက်သွားလေသည်။
ခေါင်းပေါင်းပန်းရောင် ပေါင်းလျက်၊ စွပ်ကျယ်အင်္ကျီ လက်ပြတ်နှင့် တောင်ရှည်ပုဆိုး အစိမ်းပြောင် ဝတ်ထားသော အသားမည်းမည်း၊ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါး လူသည် သူ့အနား ရောက်လာသော မင်းသမီးလေး၏ ပဝါစကို လှမ်းဆွဲလိုက်ကာ၊ သူ့ပခုံးတွင် ရစ်သိုင်းပြီး ဆိုင်းချက်အပြီး ဝင်၍ မင်းသမီးလေးနှင့်အတူ ယှဉ်ခွေ လှဲချလိုက်သည်။
ဝေဝေ၏ နားထဲတွင် တဝါးဝါး ရယ်မောသံများ မစဲလေမီ စောင်ကို ဆွဲလှပ်ကာ ဆတ်ခနဲ မျက်လုံးပြန်ဖွင့် လိုက်သည်။ ထို့နောက် ဇက်ကိုလိမ်လျက် ဘေးသို့ အသာ လှည့်ကြည့်လေသည်။
မိမိဘက်သို့ စောင်းအိပ်နေသော ဦးစောဟန်၏ မျက်နှာကို ကောင်းစွာ မမြင်ရ။ မှောင်ထဲ၌ ဝိုးဝါးဝါး တွေ့ရသည်။ ဝေဝေ့မှာ မှောင်ထဲက မျက်နှာကို ခပ်စမ်းစမ်း မျှော်လှမ်းကြည့်ကာ ရင်ခုန်လာသည်။
ယနေ့ ဦးစောဟန်နှင့် လက်ထပ်ကြသည့် တကယ့် အဖြစ်အပျက်များမှာ အိပ်မက်မက်သလိုပင် ဖြစ်နေလေသည်။ ဝေဝေသည် လက်ထပ်ပွဲကို တစ်ရေးနိုး ပြန်စဉ်းစား ကြည့်လေသည်။
ဦးစောဟန်သည် သူ့စိတ်တိုင်းကျ ဝေဝေကို ပြင်ဆင်ပေး နေသည်။ ဆံထုံးဘေး၌ ထားထား ပန်ပေးသော စိန်ပန်းခိုင်ကိုပင် စိတ်တိုင်း မကျနိုင်ဘဲ နေရာပြင်စိုက် ပန်ပေးလိုက်သည်။ ဝေဝေ ဆင်ယင်မည့် မင်္ဂလာပွဲထိုင် အဝတ်အစားများမှာ အရောင်က အစ၊ အဆင်က အစ၊ သူပါ ရန်ကုန်လိုက်၍ ရွေးဝယ် ပေးလေသည်။ ထုံးစံအတိုင်း သတို့သမီးများ ဝတ်ကြသလို တစ်ကိုယ်လုံး စိန်တွေ သီးခဲပြွတ်နေအောင် မဝတ်ဆင်စေဘဲ၊ ဘိုဆန်ဆန် ယဉ်ယဉ်ကလေး အလှသဘော ဝတ်ဆင်ရသည်။
သတို့သမီး ပြင်ပေးနေသော မိန်းမတွေကြားထဲ သူက ကန့်လန့်ပါနေသည်။ ထားထား ဆံထုံး ထုံးပေးနေစဉ် ဦးစောဟန်မှာ လက်ပိုက်လျက် ဘေးက ရပ်ကြည့်ကာ ဆံမြိတ်ရှည် ချသည့် နေရာလည်း သူ ပါသည်။ အနားတွင် ငြိမ်မကြည့်ဘဲ ဝင်ကိုင် ကူညီလုပ်သည်။ ဝေဝေ ဆင်ယင် ပြသနေစဉ် ဝေဝေ့ကိုတစ်လှည့်၊ မှန်ထဲတစ်လှည့် မဝနိုင်အောင် ကြည့်နေ၏။ လက်ရှည် ထိုင်မသိမ်း အင်္ကျီနှင့် ထဘီဝတ်ချိန်ပင် အခန်းထဲက မထွက်။ ဝေဝေက လှမ်းကြည့် လိုက်သည့်အခါ “ဝတ်လေ၊ ဝေဝေ့ကို မကြည့်ပါဘူး၊ ကျောခိုင်းနေမယ်” ဆိုကာ ပြတင်းပေါက်နား ခဏ သွားရပ်နေသည်။
“သည်းတဲ့ လူပဲဟေ့” ဟု ထားထားက ဝေဝေနား ကပ်၍ တိုးတိုးပြော လိုက်သည်။ ဒေါ်သက်မှာ မေးထိုးလျက် ပြုံးနေလေသည်။
သတို့သမီး အဝတ်လဲပြီးသည် အထိ သတို့သားမှာ အဝတ် မလဲရသေးပေ။ ချိတ်ပုဆိုး တောင်ရှည်၊ ခေါင်းပေါင်းနှင့် ပိုးရင်ဖုံး ဝတ်စုံမှာ မင်္ဂလာ အခမ်းအနား ပြင်ထားသော ခုတင်ပေါ်၌ တင်ထားသည်။
“ချာတိတ် ... ကိုယ့်ကို ကြည့်စမ်း”
ဝေဝေမှာ လူတွေရှေ့တွင် မျက်နှာ မထားတတ်သလို ရှက်သွေးရောင် ဖြန်းလျက် မရဲတရဲ မော့ကြည့်လေသည်။
“ထားထား ... စိန်ဘီးက နည်းနည်းလေး စောင်းမနေဘူးလား”
“မစောင်းပါဘူး” ဟု ထားထားက ပြောလိုက်သည်။
“ခေါင်း လေးနေသလား၊ နေရတာ ကျဉ်းကျပ်သလားဟင် ဝေ ... ဘာမှ မစားတော့ဘူးလား ...”
ဝေဝေ့ထိုင်ခုံလေး နံဘေးတွင် ဒူးထောက်လျက် တတွတ်တွတ် ပြောနေသံများကို ကြားယောင်မိ နေသည်။
ပွဲထိုင်ရန် အိမ်အောက်ထပ်သို့ နှစ်ယောက်တွဲ ဆင်းလာကြလျှင် ဝေဝေ ပွေ့ကိုင်ရန် ရန်ကုန်က စပါယ်ရှယ် မှာလုပ်ထားသော ဖဲကြိုးအဖြူ ချည်ထားသည့် ဖယောင်း ပန်းစည်းကြီးကို လူပရိသတ် ရှေ့တွင် ပွေ့ကိုင် မဆင်းချင်သော်လည်း၊ သူ့အလိုလိုက်၍ ပွေ့ကိုင် ဆင်းသွားရလေသည်။
ဝေဝေမှာ ပွဲထိုင် လာကြသော ပရိသတ်ကို ဘယ်သူ ဘယ်ဝါတွေမှန်းပင် မမြင်ဘဲ၊ ဖခင်ကိုသာ တစ်ချက်လှမ်းကြည့် လိုက်သည်။ ဝတ်ကောင်းစားလှ ဝတ်ကာ ထိုင်နေသော ဖခင်၏ မျက်နှာတွေတွေကို မြင်လိုက်၍ ခြေလှမ်းပျက် သွားလေသည်။
မင်္ဂလာခုံပေါ်၌ တူစုံထိုင်ကြကာ ခေါင်းငုံ့လျက် နေရသည့်အတွင်း စိတ်ကိုငြိမ်အောင် မထိန်းနိုင်ဘဲ ရောက်ရာပေါက်ရာ လွင့်နေလေသည်။
ဩဘာစာ ဖတ်ကြား နေကြစဉ်တွင် ဝေဝေသည် မဆီမဆိုင် လယ်ကန်သင်းရိုးဘေး တွင်းကလေးထဲမှ ထွက်တက် လာကြသော ဂဏန်းပေါက်စ ကလေးများကို တရွရွ မြင်ရလေသည်။
ခေါင်းကို အကြာကြီး ငုံ့ထားရ၍ ဇက်ညောင်းလာကာ သည်းမခံ နိုင်လောက်အောင် ခေါင်းထဲ၌ အုံမူးနေသည်။
ထားထားမှာ ဝေဝေ့နား၌ ထိုင်လျက် ယပ်ခတ်ပေး နေသည်။
မိမိဘေးက ဦးစောဟန်၏ ချိတ်ပုဆိုး အဆင်ကို မျက်လုံးရောက် သွားသည်။ ပန်းနုရောင်ထဲတွင် အပြာနှင့် အညိုရောင်များ ယှက်လိမ် ရက်ထားသော ချိတ်စင်းကို ကြည့်စရာမရှိ မဲသည်း ကြည့်နေရာတွင် ...
“ဝေဝေ ငါတော့လေ နည်းနည်းမှ သဘောမတူဘူး၊ နင်တို့ချစ်ခြင်းလည်း မခွဲလိုဘူး၊ နင် သူနဲ့ လက်ထပ်ပြီး ပျော်မယ်များ ထင်သလား ...”
ကိုနေဦး၏ အသံမှာ ဩဘာစာ တစ်ကျော့၊ တူရိယာ တစ်ကျော့ ရွတ်ဖတ် တီးမှုတ်လျက် ရှိနေသော အသံဗလံများထက် နားထဲတွင် ပြတ်ပြတ်သားသား ရှိလှသည်။
လွန်ခဲ့သော သုံးလလောက်က ထားထားကို သင်္ဘောဆိပ်သို့ လိုက်ပို့ပြီး ပြန်လာကြရာ လမ်းတွင် ကိုနေဦးက လွှတ်ခနဲ ပြောလိုက်သော အသံ၊ မကြားဝံ့ ကြားဝံ့ ကြားခဲ့ရသော ထိုအသံကို ပြန်မကြားဝံ့၍ အကြောင်းအရာ တစ်ခုကို မြန်မြန် ပြောင်းလိုက်လေသည်။
လက်ထပ်ပွဲ ပြီးလျှင် လှီးရမည့် ဦးစောဟန်၏ မင်္ဂလာ ကိတ်မုန့်ကြီးကို သတိရမိလေသည်။ ထားထား မင်္ဂလာဆောင်ကို ပြန်တွေးလိုက်သည်။ လက်ထပ်ပွဲချင်း နှိုင်းယှဉ်ကြည့် လိုက်ကာ မြန်မာတစ်ပိုင်း ဘိုတစ်ပိုင်း မင်္ဂလာ ဆောင်နေသော မိမိအဖြစ်ကို သဘောကျ သည်လည်း မဟုတ်၊ သဘောမကျဘူးလည်း မဟုတ်။
မင်္ဂလာ ဆောင်နေခိုက် အိမ်တွင် ခုနစ်ရက် နေမည်ဆိုသော ဦးစောဟန်၏ ဝန်ခံချက်ကို အမှတ်ရ ပြန်၍၊ ခုနစ်ရက် စေ့လျှင် တစ်ဖက်အိမ်သို့ ပြောင်းရွှေ့ သွားရမည့် အစီအစဉ်တွေကို စိတ်ကူးထဲ မရောက်လာလေအောင် ရှောင်ကွေ့လျက်၊ လက်ဖွဲ့စာရင်း ဖတ်ကြား နေသည်ကို အတင်း နားစွင့်ထားရ လေသည်။
တစ်နေ့လုံး ဂနာမငြိမ်ခဲ့သော စိတ်မှာ ခုချိန်ထိ ဂနာငြိမ်အောင် အစိုးမရနိုင်ဘဲ ဖြစ်နေသည်။ လက်ထပ်ပြီးပြီ ဟူသော အသိတရားသည် ကတ္တီပါစောင်ကြီး အောက်တွင် ရုန်းထွက်၍ မရနိုင်ဘဲ ပိနေ၏။ ဆုံးရှုံးသွားသော အပျိုဘဝကို နှမြောကြည့်ကာ ရင်ထဲ၌ ရုန်းရင်းဆန်ခတ် ဖြစ်သွားလေသည်။
ဝေဝေ့မှာ ဦးစောဟန် နားပူလွန်း၍ မြန်မြန်လက်ထပ် လိုက်ရ၏။ ဦးစောဟန်၏ အလိုသို့ လိုက်လျောရသည့် အတွက် သူ့၌ မည်မျှလောက် စိတ်ထိခိုက်ရခြင်းကို မသိစေပေ။
စေ့စပ်ကြောင်းလမ်း ပြီးကတည်းက ဝေဝေသည် အချိန်ရသရွေ့ ဖခင်နား ကပ်နေ၏။ ဦးဘိုးသိန်းမှာ ကျန်းမာစဉ်ကထက်ပင် ရွှင်ရွှင်ပျပျ ဖြစ်နေကာ၊ သမီးလေးကို ကြီးကြီးကျယ်ကျယ် လက်ထပ်ပေးရန် နေ့စဉ် ဒေါ်သက်နှင့် တိုင်ပင်ဆွေးနွေး နေကြသည်။ အိမ်ရှေ့တွင် ပန်းမဏ္ဍပ်ကြီး ထိုးသည်။ ပြီးစီးအောင် တစ်လနီးနီး လုပ်ရသည်။ ဘယ်လောက်ကုန်ကုန် ဆိုကာ ခမ်းနားသည်ထက် ခမ်းနားအောင် ချဲ့လွန်း၍ ဝေဝေက တားယူရသည်။ ဝေဝေသည် ဖခင်ကို တစေ့တစောင်းလည်း အကဲခတ် ကြည့်၏။ သမီးနှင့် ခွဲရမည့် အတွက် စိတ်ထိခိုက်သည့် အမူအရာမျိုး အရိပ်အယောင်မျှ ဖမ်းမရ။ သူ့တွင် စွဲငြိနေသော ဝေဒနာပင် မေ့နေသယောင် လူမာကြီး လုပ်နေလေ၏။
ဦးဘိုးသိန်း စိတ်ဆောင် နေသလို ဝေဝေလည်း ဟန်ဆောင် နေရ၏။ သားအဖ နှစ်ယောက် မျက်နှာချင်း ဆိုင်လျှင် ရှေ့ နေရေးထိုင်ရေး လုပ်ငန်းကိစ္စများနှင့် စပ်လျဉ်း၍ ဘယ်သူမှ စကား စ မပြောရဲကြပေ။
တစ်အိုးတစ်အိမ် ခွဲနေရမည့် အသိဖြင့် ကျန်ရစ်ခဲ့မည့် အိမ်ကြီးကိုလည်း သံယောဇဉ် မဖြတ်နိုင်။ အမေနှင့် ရှင်ကွဲ ကွဲနေရပြီးနောက် အဖေ့ကို ပစ်ကာ ခွဲခွါ သွားရဦးမည့် ပူလောင်ခြင်းသည် လက်ထပ်ပြီးသည်နှင့် တအုံနွေးနွေး ကြိတ်မှိတ်၍ ခံနိုင်သည်ထက် ပိုမိုဆိုးဝါး နေသည်ကို တွေ့ရလေသည်။
တစ်အိမ်တည်း မခွဲဘဲ စုပေါင်း နေလိုက်ချင်သည်။ ဦးစောဟန် နေပုံ ထိုင်ပုံမျိုးနှင့် တစ်အိမ်တည်း စုပေါင်း နေ၍လည်း မဖြစ်။ လက်ထပ်ပြီး ခုနစ်ရက် နေမှာပင် သူ့အဖို့ မနည်းအောင့်အည်း နေရမှာကို ရိပ်မိသည်။
ဝေဝေသည် မျက်လုံးအိမ်၌ ဝေနေသော မျက်ရည်များကို လက်ဝါးနှင့် ပွတ်ကာ မည်းမှောင်နေသော ပြတင်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အမှောင်ကိုသာ သူ မြင်ရ၏။ အစိုးမရသော စိတ်သည် အမှောင်တွင်းသို့ တိုးဝင်ပျံ့လွင့် သွားပြန်လေသည်။
ညဦးက မင်္ဂလာ မဏ္ဍပ်ထဲတွင် အငြိမ့်ထိုင်ကြည့် နေကြစဉ် ဦးစောဟန်မှာ ခပ်ထွေထွေ ဖြစ်နေလေသည်။ သတို့သားနှင့် သတို့သမီးအား အသက်ရာကျော် ရှည်အောင် ပေါင်းရပါစေဟု မေတ္တာပို့ ဆုတောင်းနေသော အငြိမ့်မင်းသမီးကလေးကို ဘောင်းဘီအိတ်ထဲမှ ငွေစက္ကူထပ်ကြီး ဆွဲထုတ်လျက် ဆုချခိုင်း လိုက်သည်။
ဝေဝေ့မှာ ဘယ်လောက်ပေးမှန်း မသိအောင် ထွေနေမှန်း ရိပ်မိလျက် လူအများရှေ့တွင် မျက်နှာအထားရ ခက်နေ၏။
ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် သောက်တတ်သူများနှင့် စာလျှင် ဦးစောဟန်မှာ အရက်သမားနှင့် လုံးဝမတူဘဲ ဣန္ဒြေရသည်ဟု တွက်ထားခဲ့သည်။ မျက်ထောင့်ကြီး နီလျက် ကိုယ်ဟန် ယိမ်းယိုင်နေသော ဦးစောဟန်၏ အသွင်ကို ယနေ့ညမှ မြင်ဖူးလေသည်။
မင်္ဂလာဆောင်သို့ နေ့ချင်းပြန် လာကြသော ကုမ္ပဏီမှ မျက်နှာဖြူ တစ်သိုက်နှင့် ညနေဘက် သူ့အိမ်တွင် ဘယ်လောက်ဧည့်ခံ သောက်လာခဲ့မှန်း မသိ။ ဘိုတွေ ပြန်သွားပြီး အိမ်ဘက်သို့ ကူးလာရာ ပြင်းပြသော အရက်နံ့မှာ နှာခေါင်းတွင် စူးဝါး သွားလေသည်။ ဦးစောဟန် မူးလာမှန်း သိလျှင် ဝေဝေ့မှာ ခပ်ရွံ့ရွံ့ဖြင့် ရင်တုန်သွားသည်။ အငြိမ့်ကို စိတ်မပါဘဲ ကြည့်နေ၏။ အငြိမ့်စင်သို့ လှမ်းကြည့်နေသော ဝေဝေ၏ မျက်လုံးများမှာ မျက်ရည် အနည်းငယ် အောင်းနေ၍ မီးရောင်တွင် လက်နေလေသည်။
ဝေဝေမှာ အရက်နံ့ဖြင့် ခေါင်းထဲ၌ မူးလာသည်။ သည်ညအဖို့ရာတွင် အရက်နံ့ကို လွတ်အောင် ရှောင်၍မရ၊ အရက်နံ့ထဲမှ အယုအယ အချော့အပွေ့တွေ လျှံဝေလျက် ပြင်းပြရူးမူးသော အချစ်ငွေ့ကြောင့် မူးယစ်၍ လာလေသည်။ မျက်လုံးများ ဝေရီလာ၏။ အားလုံးအရာများကို မေ့ကာ မွန်းမေ့ သွားလေသည်။
ဝေဝေသည် မှောင်ထဲသို့ ငေးစိုက်ထားသော မျက်လုံးကို မှိတ်လိုက်သည်။ မျက်ခုံးနှစ်ဖက် တွန့်ရှုံ့လျက် တအားမှိတ် လိုက်ခြင်းဖြင့် ရှုပ်ထွေးနေသည့် အာရုံများကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ချေမှုန်းပစ် လိုက်ပြီးနောက် မျက်လုံးကို ပြန်ဖွင့်ကာ စောင်ကိုဖယ်လျက် အိပ်ရာမှ အသာထလိုက်သည်။
မှောင်ထဲတွင် စမ်း၍ ချွတ်နင်း နင်းခဲ့ကာ အောက်ထပ်သို့ ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။ ဧည့်ခန်း မီးခလုတ်ကို ဖွင့်၍ နာရီကို လှမ်းကြည့်လိုက်ရာ လေးနာရီ ထိုးနေပေသည်။
ဒေါ်သက် အိပ်ရာမှ ထလာသော အချိန်မှာ နေ့သစ်၏ ရောင်နီ သမ်းနေကာ ဓမ္မာရုံထဲမှ ကြေးစည် ရိုက်သံကို ကြားနေရသည်။ ညက အငြိမ့်အပြီး ညဉ့်နက်မှ အိပ်ရသဖြင့် ဆွမ်းချက်ထရန် နောက်ကျသွားသည်။ ပျာယီပျာယာ လှေကားမှ ဆင်း၏။ လှေကား တစ်ဝက်တွင် ရပ်နေမိလိုက်သည်။
“အို ... မိုးမှ မလင်းသေးဘူး၊ လက်ဖက်ရည်စားပွဲ ပြင်ပြီးပြီ”
လက်ဦး အံ့အားသင့်လျက် နေပြီးမှ ဝေဝေ ဝီရိယ ကောင်းပုံကို တွေးပြုံးကာ ဆင်းလာခဲ့သည်။ ထမင်းစားခန်း၌ မည်သူမျှ မရှိပေ။ ထိန်လင်းသော မီးရောင်အောက်ဝယ် ငွေရောင် ကြွေရောင်များ ပြောင်လျှံ လက်နေသော ကျောက်စားပွဲခုံကြီးမှာ ကြွားဝါ ခမ်းနားလှသည်။
ဝေဝေသည် ရှိသမျှ အကုန်ထုတ်ပြီး အစွမ်းကုန် အလှပြင်ထားသည်။ ဦးစောဟန်အိမ်တွင် သောက်သည့် စားပွဲထက် မညံ့အောင် အမီလိုက်၍ စီစဉ် ခင်းကျင်းထား လေသည်။ အိမ်တွင် ခုနစ်ရက် နေသည့်အခိုက် သူ့အိမ်နှင့် တူအောင်လုပ်ရန် စိုးရိမ်တကြီး ထပြင် ထားရသည်။
မီးဖိုထဲတွင် ပေါင်မုန့် ပါးပါးလှီးနေစဉ် ဒေါ်သက် ဝင်လာသည်။ ဝေဝေသည် ပြုံးလျက် “ကြီးတော် ဆွမ်းကဖြင့် ကျက်နေပြီ” ဟု ဆီးပြောလိုက်သည်။
“မယ်မင်းကြီးမလေး ဆွမ်း ထချက်တာလား၊ စားပွဲ ထပြင်တာလား”
ဝေဝေသည် ရှက်ရှက်ဖြင့် “ဆွမ်းရော၊ စားပွဲရောပဲ ကြီးတော်” ဟု ရယ်ပြုံး ပြောလေသည်။
“စောစောစီးစီးအေ ...” ဟု ဆိုကာ တူမကို အကဲခတ်သလို အထူးအဆန်း ကြည့်လျက် မျက်နှာသွားသစ် နေသည်။
“အဆင်သင့် လုပ်ထားတာပါ၊ မယ်အေးကို စိတ်မချလို့”
နေ ထွက်လာလေသည်။
ငှက်ကလေးများသည် သာယာချိုမြသော အသံဖြင့် နူးညံ့သော နေရောင်အောက်ဝယ် ပျော်မြူးသီဆို နေကြသည်။ နံနက်ဦး အေးမြသော လေမှာ လန်းဆန်းလျက်၊ ပန်းပွင့် ပန်းခိုင်များသည် ကြော့မော့ နေကြသည်။ ငွေသွေးဖြင့် ရွှန်းနေသော ငွေရောင်ခြည် မှုန်မှုန်စက်စက် ကလေးများသည် ပန်းရွက် ပန်းခက်များတွင် တွဲလဲဆိုင်းလျက် ရှိလေသည်။ ပန်းရနံ့များသည် ညင်းညင်းညံ့ညံ့ တိုက်သော လေလှိုင်းကို စီးလာကြသဖြင့် မွှေးမွှေးကြိုင်၍ နေသည်။
“ဝေဝေ”
“ကို”
သူတို့၏ အကြည့်မှာ ချစ်ရည်လျှံလျက် တလွင်လွင် ဝင်းနေသည်။ သူတို့၏ အသံမှာ အေးမြ ပျော့ပျောင်းလှသည်။
“ထ လေ ... မျက်နှာသစ်တော့”
မျက်နှာသစ်ဖို့ သံဇလုံနှင့် သံကရားအဖြူ တင်ထားသော စားပွဲခုံနားသို့ ဦးစောဟန်၏ လက်ကို ဆွဲခေါ်ကာ အနားက စောင့်လျက် ကရားကို ဝင်ငှဲ့ပေးလေသည်။
“ချာတိတ်ကလေး ဘယ်အချိန်က ထသွားပါလိမ့်၊ ကိုယ်တစ်ယောက်တည်း ထားပစ်ခဲ့တယ်၊ နိုးတော့လေ မတွေ့ရတော့ တစ်မျိုးကြီးပဲ၊ နောက်ကို တူတူ ထရမယ်နော်၊ ထမလား”
မျက်နှာမသစ် နိုင်သေးဘဲ ဝေဝေ၏ ပခုံးနှစ်ဖက်ကို ကိုင်လျက် ဝေဝေ့ကို ပီဘိ ကလေးကဲ့သို့ ချစ်စနိုး ချော့မြှူနေရာ၊ နွဲ့တွဲ့တွဲ့ အသံ၏ ပဲ့တင်ရိုက်ခြင်း ခံရသော ဝေဝေ၏ ဟဒယသည် သိမ့်သိမ့်ကြည် သွားလေသည်။
ဝေဝေသည် ရွှန်းပျသော အပြုံးဖြင့် ခေါင်းညိတ်ပြ လိုက်သည်။ မျက်နှာသစ် ဖြစ်အောင် ဇလုံထဲသို့ ရေလောင်းချ လိုက်မှ မျက်နှာသစ်တော့ လေသည်။
ထားထားသည် လက်ဖက်ရည်စားပွဲ အချောကိုပင် ထပ်ပြင် နေလေ၏။ ဦးစောဟန် နိုးပြီကို သိ၍ ဆင်းလာကြလျှင် အဆင်သင့် ဖြစ်အောင် ကော်ဖီကို နှပ်ထားလိုက်သည်။ ပေါင်မုန့်များမှာ ပူပူကြွပ်ကြွပ် ရွနေသည်။ နံသာပုအဖြူ ငှက်ပျောခိုင်ကား တုတ်ဖောင်းလျက် ဝင်းမှည့်နေ၏။ ပါးပါးလှီး ကြော်ထားသည့် ဝက်ပေါင်ခြောက် အနံ့သည် သင်းထွက်နေသည်။ ဆယ့်နှစ်မျိုး ဘီစကွတ် မုန့်သေတ္တာဘူးနှင့် ယိုခွက်၊ ထောပတ်ခွက်များ၏ အနေအထားကို တစ်ခေါက် ပြန်ကြည့်ကာ ကြက်ဥနှင့် စားဖို့ ငရုတ်ကောင်းပုလင်း၊ ဆားပုလင်းများ ချရန် လိုသေး၍ ဗီရိုကို ဖွင့်ကြည့်လိုက်သည်။
“မမ ... ကျွန်တော် အပေါ်တက်ပါရစေ”
ထားထားသည် မောင်မြ၏ အသံကို ကျက်မိ၍ လှည့်ကြည့်လိုက်သည်။ ဘုရား ...ဘုရား ... ဟု စိတ်ထဲ၌ အလျင်ဆုံး တမ်းတမိသည်။ ကျောက်ရုပ်ပမာ ဖြစ်သွားလျက် နှလုံးသွေးမှာ တဒိတ်ဒိတ် ခုန်လာသည်။ မောင်မြသည် သစ်လွင် ဖြူဖွေးသော ကိုယ်ဝတ်အင်္ကျီနှင့် ခေါင်းတွင် ပဝါပန်းရောင် အသစ် ပတ်လာ၏။ ဘယ်ဘက်ပခုံး ပေါ်၌ လက်သုတ်ပဝါ ဒိုဘီကျ တင်ထားလျက်၊ မြှောက်ကိုင် ယူလာသော ဗန်းကြီးမှာ ညာဘက်ပခုံးနှင့် တိုက်ထိနေ၏။
ဗန်းကို ကြည့်လိုက်ပါ ...
လက်ဖက်ရည် ကရားအိုး၊ နို့ချိုင့်၊ သကြားခွက်၊ ပန်းကန်နှစ်လုံး၊ ပေါင်မုန့်၊ ထောပတ်၊ ကြက်ဥ၊ စပျစ်သီး၊ ကိတ်မုန့်တို့အပြင် ချောကလက်၊ ကော်ဖီ၊ သကြားလုံး ...။
ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့သော အရာမှာ ဝင့်မော်နေသော စားပွဲခုံကြီးပင်တည်း။ သူ၏ အသရေသည် မောင်မြ၏ ပခုံးထက်မှ ဗန်းနှင့် မယှဉ်သာအောင်ပင် ဖျော့လျော့ သွားလေပြီ။ မတုပနိုင်ကာ အရှုံးပေးတော့မည့် ဟန်ဖြင့် ချိုတာဟာစရီ ဗန်းကို တည့်တည့် တန်းတန်းကြီး ရင်ဆိုင် နေရရှာသည်။
စားပွဲပေါ်မှ လျှံတက် တောက်ပနေသော ပန်းကန်ခွက်ယောက် တို့သည် သူတို့၏ အရောင်အဝါကို ရုပ်သိမ်းကြကာ၊ ငုပ်လျှိုး မှေးမှိန် သွားကြသည်။ ရွှင်စစနှင့် မြူးပျလို့ နေသော ငှက်ပျောခိုင်သာ ကြောင်တောင် ပြောင်ဝင်း နေနိုင်သည်။
ထားထား၏ မျက်လုံးများသည် အရှိန်ပြင်းစွာနှင့် တိုက်ခတ်မိမတတ် လွှဲဖယ် မရနိုင်အောင် စူးစိုက် ကြည့်ရှုလျက် ရှိသည်။ ကြာရှည်စွာ ရင်ခုန်ပြီးနောက် ပူပြင်းသော အသက်ရှူငွေ့ကို ထုတ်ရင်း “အေး အေး တက်သွား” ဟု ပြောလိုက်သည်။ မောင်မြသည် ကျိုးကျေနေသော ဘိုအိမ်စားပွဲထိုးများ၏ ဣန္ဒြေဖြင့် ခြေသံမကြား တက်သွားလေ၏။
“အို ...အောက်မှာ ပြင်ထားပြီးပြီ ကို ...”
ဝေဝေသည် လန့်အော်လိုက်ကာ ကို၏ မျက်နှာကို စေ့စေ့ကြည့်သည်။ ထို့နောက် ဝေဝေ၏ မျက်လုံးကလေးများသည် အရည်လည်ကာ ကို့ကို ကြည့်သည်လည်း မဟုတ်၊ ကိုနှင့် လွှဲဖယ်ပြီး တခြားသို့ ရောက်သည်ဟုလည်း မထင်ရသော အကြည့်ဖြင့် နှုတ်ခမ်း အနည်းငယ် တုန်ယင်နေသည်။
ဤတွင် ဦးစောဟန်သည် ဝေဝေ၏ မေးကို ကိုင်ထားလျက် မျက်နှာကို ဟူးခနဲ မှုတ်ကစား လိုက်သည်မှာ၊ ဝေဝေ၏ နဖူးမှ ဆံယဉ်စများ လွင့်သွားသည် အထိ ကြာရှည်လေသည်။ ထို့နောက် ဦးစောဟန်သည် အသံထွက်အောင် ရယ်မောနေသည်။
“ကို ... မှာထားလို့ လာပို့တာပါ၊ တူတူ နှစ်ယောက်ထဲ သောက်ချင်လို့ မှာထားတာ၊ သောက်နော်”
ဝေဝေ့ကို ခုတင်ပေါ်၌ ထိုင်ခိုင်းကာ စားပွဲခုံကို ဝေဝေ့ရှေ့သို့ ချစေလျက် ကုလားထိုင် တစ်လုံးဖြင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ မောင်မြသည် ဗန်းကို ချပေးပြီးနောက် ခပ်လှမ်းလှမ်းမှ ရပ်နေသည်။
ဝေဝေသည် ခပ်ငုံ့ငုံ့ ထိုင်နေသည်။ ဝေဝေ၏ ရင်ထဲ၌ ဘယ်လောက် လှိုင်းထ နေတယ်တော့ ဦးစောဟန် မမှန်းဆမိ။ ဝေဝေနှင့်တူတူ မျက်နှာချင်းဆိုင် သောက်ရသဖြင့် တကယ်တမ်း စိတ်ပျော် မြူးထူးသူမှာ ဦးစောဟန်သာ ဖြစ်သည်။ တောက်လျှောက် ပြောသမျှ တစ်ခွန်းပြန်မတုံ့ဘဲ နားထောင်နေသည်။ ဦးစောဟန်က ပြောသည်မှာ-
“ကြက်ဥကို အလျင် သောက်ရမယ်နော်၊ မနက်တိုင်း ဝေ့ကို နှစ်လုံး တိုက်ရမယ်၊ ကြက်ဥ သောက်ပြီးမှ ဝေ့ကို ကော်ဖီတိုက်မယ်၊ မုန့်ကျွေးမယ်၊ မှတ်ထားနော် ... ဟုတ်လား”
ကြက်ဥထိပ်ကို ဇွန်းနှင့် ရိုက်ခတ်လျက် ပြောဆိုနေပုံကို ငေးနေရင်း ထားထား၏ မျက်နှာကို တစ်လှည့်၊ ဖခင်၏ မျက်နှာကို တစ်လှည့်၊ စားပွဲခုံတွင် လက်ဖက်ရည် သောက်နေကြသော မျက်နှာများကို စိတ်ကူးနှင့် မှန်းဆ၍ ရင်ထဲမှာ ငိုချင်ခြင်းသာ ရှိသော်လည်း “ဟ လေ၊ ချာတိတ်” ဆိုလာ၍ ပြုံးပပနှင့် ဟပေးလိုက်သည်။
ကော်ဖီကို ဦးစောဟန်က ဖျော်ပေးလေသည်။ ပေါင်မုန့် ထောပတ်သုတ် ကျွေးကာ စပျစ်သီးများကို တစ်လုံးစီ အခွံနွှာ၍ ခွံ့၏။
ဦးစောဟန်မှာ သူပိုင်ဆိုင်ရပြီ ဖြစ်သော အရုပ်ကလေးကို သူပြုသလို နုရမည်ဟု ယုံကြည်သူ ဖြစ်သည်။ အရုပ်ကလေး၏ ရင်ထဲမှ အသည်းနှလုံး ကိုကား-
စားသောက် ပြီးကြပြီ။ မောင်မြ မပြန်ခင် “ဆယ့်နှစ်နာရီ စားစရာ အဆင်သင့် ရှိပစေ” ဟု မှာကြား လွှတ်လိုက်သဖြင့်၊ ဝေဝေ့မှာ သည်အိမ်တွင် ထမင်းမစားမှန်း သိလိုက်သည်။ သည်အိမ်တွင် မစားဘဲ တစ်ဖက်အိမ် သွားစားရန် အိမ်သားတွေကို အသိပေး ရမှာလောက် စိတ်ဆင်းရဲ ရမှာမျိုးလည်း မရှိ။ မောင်မြ ဗန်းကြီးကို ကိုင်ကာ ပြန်ဆင်း သွားလေခြင်းကို အောက်ကတော့ မြင်ကြဦးတော့မှာပဲဟု အသည်း တအေးအေးဖြင့် ရင်ထဲဝယ် ကျပ်သိပ်လျက် သေလုမြောပါး မရှူနိုင်၊ မရှိုက်နိုင် ဖြစ်ရလေသည်။
ဦးစောဟန် အဝတ်လဲပြီး အလုပ်တိုက်သို့ သွားရန် အခန်းထဲမှ ထွက်သွားသည့်တိုင် ဝေဝေမှာ တော်တော်နှင့် အောက်ထပ်သို့ မဆင်းရဲပေ။ အောက်ထပ်သို့ ဆင်းရမှာကို ကြောက်နေလေ၏။ အိမ်သူ အိမ်သားများနှင့် တူတူ မစားသောက်နိုင်ဘဲ တကွဲတပြားစီ ကတ္တားခြားလိုက်သော အဖြစ်ကို ရင်ဆိုင်ကြုံတွေ့ ရခြင်းသည် မျက်စိထဲ သဲပက် လိုက်သလို ဖြစ်သွားလေသည်။
ဝေဝေသည် ခေါင်းအုံးနှင့် မျက်နှာကို အပ်လျက် ရှိုက်ငိုနေသည်။ ခေါင်းအုံး တစ်ခုလုံး၊ မျက်နှာ တစ်ခုလုံး ရင်ဘတ် တစ်ပြင်လုံး ရွှဲရွှဲစိုလောက်အောင် ငိုနေစဉ် အနားသို့ ညင်သာစွာ ရောက်လာသော ထားထားသည် ဝေဝေ၏ ကျောကို ယုယစွာ သပ်လျက် “တိတ်ပါ ညီမရယ် ... တိတ်ပါ” ဟု ချော့မော့လိုက်သည်။
သည်အသံဖြင့် ဝေဝေ၏ ရှိုက်သံမှာ ပိုမို၍ သည်းထန် သွားလေတော့သည်။
--------------------------------------
ဂျာနယ်ကျော်မမလေး
crd 👉 http://openread.atspace.cc/works/27052020_nv.html
Comments
Post a Comment