အရိပ်ခြွေသစ်ပင်

အရိပ်ခြွေသစ်ပင်ဟာ
ကမ္ဘာပေါ်မှာတပင်တည်းရှိတယ်
အရိပ်ခြွေသစ်ပင်ဟာ သစ်ရွက်တွေ မခြွေဘူး
အရိပ်တွေသာ ခြွေခြွေချပေးနေတယ်
သူခြွေချတဲ့ အရိပ်ထဲမှာ
ဆန်းသစ်တဲ့ နေ့ရက်တွေပါတယ်
ပန်းသစ်ဝေဝေ မနက်ခင်းတွေပါတယ်
ရွှန်းလက်ဝင်းပတဲ့ သစ်သီးတွေပါတယ်
ပြန်ကျမိုးစက်တွေ ပါတယ်
ဘာဖြစ်လို့များ
သူက အရိပ်တွေခြွေလိုက်တိုင်း
အဲဒါတွေက ပါဝင်နေရတာလဲ
ငါစဉ်းစား
ငါ့မှာ စဉ်းစားခြင်းဘူတာ ဆိုက်ကပ်နေမိ
ဘာဖြစ်လို့ပါလိမ့်
ငါစဉ်းစား
ငါတွေးကြည့်
ငါ သိချင်မိ
ထူးဆန်းလှချည်ရဲ့
ဒီအရိပ်ခြွေသစ်ပင်အကြောင်း
သူကတော့ ဘာသိဘာသာပဲ
အရိပ်တွေပဲ ခြွေခြွေချပေးနေ
ငါ စူးစမျး
ငါ မနေနိုင်​တော့ဘူး
ဒါနဲ့ ငါဟာ အရိပ်ခြွေသစ်ပင်ဆီသွားကာ ကိုင်တွယ်ကြည့်မိ
ငါ သိလိုက်ရပြီ
သူ့တကိုယ်လုံးမှာ ကြီးပေါင်းတက်ဒဏ်ရာတွေချည်း နိုင်းချင်း
ကမ္ဘာပေါ်မှာ ဒဏ်ရာရသစ်ပင်တွေလောက်လှတာ
ဒဏ်ရာရသစ်ပင်ပဲရှိ
သြော်
ဒါကြောင့် သူက အရိပ်တွေခြွေပေးနိုင်တာကိုး။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)