အများနှင့် မသက်ဆိုင်​သောသူ၊ အပိုင်း (၃)

ရွှေစင်ဦး မှ

အများနှင့် မသက်ဆိုင်သောသူ (မင်းလူ)
_____________________________

အပိုင်း (၃)

၈။

ချစ်မှူး မရှိတော့ဘဲ နောက်ပိုင်း ဘယ်လိုနေထိုင်စားသောက်ကြမလဲဆိုတာ စဉ်းစားစရာ ရှိလာသည်။ သူတို့လက်ထဲမှာ ငွေကလေး အသင့်အတင့် ရှိသေးသည်။ မြလွင်၏ လက်၀တ်လက်စားတွေလည်း ရှိသည်။ လောလောဆယ်တော့ ပူစရာ မလိုသေး။ သို့ရာတွင် ဒီအတိုင်း ထိုင်စားနေလို့တော့ မဖြစ်။ မြလွင် မွေးဖို့၊ ဖွားဖို့ စရိတ်ကလည်း ကုန်စရာရှိသေးသည်။ သူ့ကိုယ်၀န်က လရင့်နေပြီ။ မြလွင် ကလေးမွေးပြီးလျှင်တော့ ရှေ့ရေးအတွက် ဘာလုပ်ကြမလဲဆိုတာ စဉ်းစားရမည်။
ခုလောလောဆယ်မှာတော့ အိမ်ရဲ့ ကုန်ကျစရိတ်ကို အစွမ်းကုန် လျှော့ချဖို့ ဒေါ်ငွေဇံက ဆုံးဖြတ်လိုက်သည်။

ပထမဆုံး စလုပ်တာကတော့ ချစ်မှူးကျန်ရစ်ခဲ့သော အ၀တ်အစားနှင့် အသုံးအဆောင်များကို အဟောင်းဆိုင်မှာ သွားရောင်းပစ်လိုက်ခြင်း ဖြစ်၏။ တချို့ အ၀တ်အစား ခပ်လတ်လတ်ကလေးတွေကို ချစ်ဦးအား မြလွင်က ပေးချင်သည်။ သို့ရာတွင် ဒေါ်ငွေဇံက ခုချိန်မှာ ငါးကျပ်တစ်ဆယ်ကအစ တွက်ချက်ဖို့ လိုအပ်တယ် ဆိုပြီး အကုန် ရောင်းပစ်လိုက်သည်။ နောက်တစ်ခုကတော့ အစားအသောက်ကိစ္စ။ အိမ်မှာ ဟင်းကောင်းကောင်း မချက်တော့။ ဒီကိစ္စကတော့ ချစ်ဦးကို အတော်အထိနာစေသည်။ သူက အစားကောင်း ကြိုက်တတ်သူ၊ ဟိုအရင်က ဟင်းကောင်းကောင်းကို တစ်၀တစ်ပြဲစားခဲ့သူ ဖြစ်၏။ ခုကျတော့ ဟင်းမကောင်းရတဲ့ကြားထဲ တိုင်းထွာပြီး ချက်တော့ စားရတာ မ၀ချင်။

"ဟင်းကောင်းကောင်းလေး ချက်ပါ မမရာ"
"၀က်သားဟင်း မစားရတာ ကြာပြီ"ဆိုတာမျိုး ချစ်ဦးက ပြောလာတော့ မြလွင် စိတ်မကောင်းဖြစ်ရ၏။ ထို့ကြောင့် ချစ်ဦးကြိုက်တတ်သော ၀က်သားဟင်းကို တစ်ခါတစ်လေ ချက်ကျွေးသည်။ ထိုအခါကျပြန်တော့လည်း ဒေါ်ငွေဇံက ဟင်းအိုးကို အပိုင်စီး ထားပြီး ချစ်ဦးပန်းကန်ထဲသို့ ဟင်းနှစ်ဖတ်လောက်သာ ထည့်ပေးသည်။

"ဟာ … ဟင်းကလည်း ကြောင်ချီးလောက်ပဲ ရှိတယ်၊ နည်းနည်းလေး" ချစ်ဦးက ပြောတော့ ဒေါ်ငွေဇံက …"နင့်အစ်ကို မရှိတော့ဘူးဆိုတာလည်း သတိထားဦး" ဟု ပြောသည်။ ဒေါ်ငွေဇံ ဆိုလိုတာက ချစ်မှူး မရှိတော့လို့ ၀င်ငွေလည်း မရှိတော့။ ဒါကြောင့် ချွေချွေတာတာ စားရမယ်ဆိုတဲ့သဘောလည်း ဖြစ်သည်။ နောက်အဓိပ္ပာယ်တစ်ခုကတော့ နင့်ကို အားကိုးမရှိတော့ဘူး၊ ငါ ကျွေးသလောက်ပဲစား။

ချစ်ဦးကတော့ သူ့အဓိပ္ပာယ် သူကောက်ပြီး …"အစ်ကို မရှိတော့မှ ပိုတောင် များများ ကျွေးသင့်သေးတယ်"ဟုဆိုသည်။

"ဘာပြောတယ်"

"ဟုတ်တယ်လေ၊ အရင်က လေးယောက် မျှစားတာ၊ အခု သုံးယောက်ပဲ ရှိတော့တယ်၊ အစ်ကို့အစား ကျွန်တော့်ကို ပိုကျွေးလိုက်ပေါ့"

"ဘာ … ပိုက်ဆံက ဘယ်ကရမလဲ၊ နင့်လုပ်စာ တစ်ပြားသား ရှိလို့လား"

"တော်ပါတော့ အမေရယ်"ဟု မြလွင်က တားလိုက်ပြီး "မောင်လေး မ၀ရင် မမဆီက ယူစားလေ"ဆိုပြီး သူ့ပန်းကန်ထဲက ဟင်းတုံးကို ချစ်ဦးဆီ ကမ်းပေးသည်။ ဒီလိုကျတော့လည်း ချစ်ဦးက သိတတ်ပြန်ရော။

"ဟာ … ဘယ်ဖြစ်မလဲ၊ မမက ဗိုက်နဲ့၊ ဗိုက်ကြီးသည်ဆိုတာ များများစားမှ အားရှိပြီး မွေးလို့ လွယ်တာလို့ သားဖွားဆရာမ ပြောတယ်ဆို"ဟု ပြောပြီး ဟင်းကိစ္စ ထပ်စောဒက မတက်တော့။

နောက်ရက်များမှာလည်း ဟင်းနည်းတယ်များတယ် မပြောတော့။ ဟင်းမကောင်းတဲ့ကိစ္စလည်း မပြောတော့။ ဒါတွင်မက ကြက်ဥမွှေကြော်တို့လို ဟင်းမျိုးချက်တဲ့အခါ "ကြက်ဥက အားရှိတယ်။ မမက များများစား" ဆိုပြီး သူ့ကိုယ်တာထဲကတောင် မြလွင်ကို ခွဲကျွေးလိုက်ချင်သေးသည်။ နောက်တစ်ခုကတော့ ရေကိစ္စ။ ဟိုအရင် ချစ်မှူးရှိစဉ်က အိမ်အတွက် သောက်သုံးရေကို ရေစည်လှည်းမှာပြီး သုံးခဲ့သည်။ ခုတော့ ရေဖိုး အကုန်မခံနိုင်တော့။ သူတို့အိမ်နှင့် ဓားလွယ်ခုတ်ရှိ ခြံ၀င်းကြီးထဲမှာ ရေတွင်းတစ်တွင်း ရှိ၏။ ရေ၀ယ်မသုံးနိုင်သူတွေက ထိုရေတွင်းမှာ သွားခပ်ကြသည်။ သူတို့လည်း တွင်းရေကိုသာ သုံးဖို့ ဆုံးဖြတ်လိုက်သည်။ ရေသွားထမ်းဖို့ တာ၀န်ကျသူကတော့ …"ဟာ … ကျွန်တော်မှ တစ်ခါမှ ရေမထမ်းဖူးတာ၊ ပြီးတော့ ရေတွင်းက အဝေးကြီး"ဟု ချစ်ဦးက ပြောသည်။

ဒေါ်ငွေဇံက …
"မထမ်းလို့ မရဘူး၊ နင့်ကို ဒီအတိုင်း ကျွေးမထားနိုင်ဘူး၊ အိမ်အတွက် တစ်ခုခု တာ၀န်ယူရမှာပဲ"

ချစ်ဦးက တစ်စုံတစ်ခုထပ်ပြောမည် ပြုပြီးမှ မြလွင်ကို တစ်ချက်လှမ်းကြည့်သည်။ မြလွင်၏ကိုယ်ဝန်မှာ အတော်ရင့်မာနေပြီ၊ မြလွင်က နှုတ်မှ မပြောသော်လည်း မျက်လုံးတွေက...'မောင်လေးရယ်၊ မွေးဖို့၊ ဖွားဖို့စရိတ်စကအတွက် အတတ်နိုင်ဆုံး ချွေတာနေရလို့ပါ'ဟု ပြောနေသလို ထင်ရ၏။ ချစ်ဦးသည် မြလွင်၏ဝမ်းဗိုက်ကို စိုက်ကြည့်ပြီး တွေးနေရာမှ ခေါင်းတစ်ချက် ဆတ်လိုက်ပြီး 'ကျွန်တော့်ကို ရေပုံးနဲ့ ထမ်းပိုးသာ ဝယ်ပေး' ဟု ပြောလိုက်သည်။

ချစ်ဦးသည် တောင့်တင်းသန်မာမှုရှိသော်လည်း ရေတော့ တစ်ခါမှ မထမ်းဖူးသေးဖူး။ ပုံးနှင့်ထမ်းပိုးကို ဟန်ချက်ညီအောင် မထမ်းနိုင်သေးသဖြင့် ဟိုယိုင်ဒီယိုင်ဖြစ်နေ၏။ အလေ့အကျင့် မရှိသောကြောင့်လည်း အတော်ပင်ပန်းသည်။ သို့ရာတွင် သူက မညည်းမညူဘဲ ကြိတ်မှိတ်ပြီး ရအောင်ထမ်းသည်။ ဒါကိုမြင်တော့ မြလွင် စိတ်မကောင်းဖြစ်ရ၏။ ညနေဘက်ကျတော့ ချစ်ဦး၏ပခုံးသားမှာ ညိုမည်းနေတာ တွေ့ရ၏။ မြလွင် မျက်ရည်စို့ရသည်။ ချစ်မှူးမှာကြားခဲ့သော 'ညီလေးကို စောင့်ရှောက်ပါ' ဆိုသော စကားကို သတိရသည်။ ခုတော့ ချစ်ဦးကသာ သူ့ကို ပြန်စောင့်ရှောက်ရသလို ဖြစ်နေ၏။ သို့ရာတွင် မြလွင် ဘာမှမတတ်နိုင်။ ချစ်ဦးရဲ့ ကြောင်ကွက်ကလေးတွေကတော့ အရင်လိုပဲ ရှိနေတုန်းဖြစ်၏။

တစ်ညမှာ ရပ်ကွက်ကင်းတဲသို့ ချစ်ဦး ရောက်လာသည်။ ထိုညမှာ လမိုက်ရက်လည်းဖြစ်၊ မီးမလာသော ရက်လည်းဖြစ်သောကြောင့် တစ်ရပ်ကွက်လုံး မှောင်မည်းနေသည်။ ဒီလိုကာလမျိုးမှာ သူခိုးသူဝှက်တို့ လှုပ်ရှားတတ်သဖြင့် ကင်းသမားတွေ သတိဝီရိယနှင့် စောင့်ကြည့်နေကြရသည်။ ထိုစဉ်မှာပင် ဖြူဖြူအရိပ်တစ်ခုကို လှမ်းမြင်လိုက်သည်။
'ဟာ..... ဘာလည်းမသိဘူး'
'ဟေ့ ဘယ်သူလဲ'ဆိုပြီး လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်တော့မှ ချစ်ဦးဖြစ်နေကြောင်း တွေ့ရသည်။ လေးခွနှင့် လှမ်းချိန်ထားသူက...''ဟာ.... ကွာ၊ ချစ်ရူး၊ အသံလေး ဘာလေး ကြိုပေးပေါ့ကွ၊ ဒီမှာ လေးခွနဲ့ လှမ်းထုတော့မလို့''

''ဒီလောက်မှောင်နေတာ၊ ကင်းတဲကို ဘယ်မြင်မလဲဗျ၊ ရမ်းသမ်းပြီးလာရတာ''
ချစ်ဦးက ပြန်ဖြေရင်း ကင်းတဲနား လာရပ်သည်။

''ညကြီးမိုးချုပ် ဘာဖြစ်လို့ လျှောက်သွားနေရတာလဲကွ၊ လက မိုက်ရတဲ့ကြားထဲ''

''မမမြလွင် ခါးကိုက်နေတယ်ဆိုလို့ သားဖွားဆရာမဆီ ဆေးသွားတောင်းတာဗျ၊ အဲဒါ လမ်းမှာ ကျွန်တော့် လက်နှိပ်ဓာတ်မီးက ဘက်ထရီ အားကုန်သွားလို့''

''မင်း ဟိုထိုး ဒီထိုး လျှောက်လျှောက်ထိုးလို့ ဖြစ်မှာပေါ့''

''ဟီ... ဟီး ... တခြားမဟုတ်ပါဘူး၊ ဒီနေ့ လကွယ်နေ့မဟုတ်လား၊ ဒီလိုနေ့မျိုးမှာ လက ဘယ်နားသွားပုန်း နေသလဲ သိချင်လို့ မိုးပေါ်ကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးပြီးရှာကြည့်တာ၊ ကောင်းကင်တစ်ခုလုံးသာ နှံ့သွားတယ် မတွေ့ပါဘူးဗျာ၊ ဘယ်ထရီလည်း အားကုန်ရော''

''မင်းကတော့ ဖြစ်ရမယ်''

''နေစမ်းပါဦးဗျ၊ ဒီလိုရက်မှာ လက ဘယ်နားရောက်လို့ မတွေ့ရတာလဲ''

''ကွယ်နေလို့ပေါ့ကွ၊ ဒါကြောင့် လကွယ်လို့ ခေါ်တာပေါ့''

''ဘာနဲ့ ကွယ်နေတာလဲ''

''အဲ....''
တကယ်တော့ ကင်းသမားများ၏ ဗဟုသုတသည်လည်း ချစ်ဦးနှင့် မတ်ိမ်းမယိမ်းသာ ဖြစ်၏။ နည်းနည်းလေး သာတယ်ဆိုရုံလေးပဲ။ သို့ရာတွင် ချစ်ဦးလိုကောင်က မေးတာကို မဖြေနိုင်ဘူးဆိုတာမျိုးတော့ အဖြစ်မခံချင်။ ထို့ကြောင့်....
''ဒါမျိုးက လွယ်လွယ်ရှင်းပြလို့ မရဘူးကွ၊ မင်းနားလည်မှာ မဟုတ်ပါဘူး၊ ကဲ အချိန်လည်း မရှိတော့ဘူး၊ သွားတော့လေကွာ'' ဟု အလိမ္မာနှင့် နှင်လွှတ်သည်။

''ကိုကြီးသာ ရှိရင်တော့ ကောင်းကောင်းရှင်းပြနိုင်မှာပဲ၊ အဲ... ဒါနဲ့ အိမ်ပြန်ရမယ့်လမ်းက အရမ်းမှောင်တယ်ဗျာ၊ ကျွန်တော် မသွားရဲဘူး၊ အစ်ကိုတို့ လက်နှိပ်ဓာတ်မီး ခဏလောက်ငှားပါလား''

မငှားပြန်လျှင်လည်း မပြန်ရဲတော့ဘူးဆိုပြီး ပေကပ်နေမယ့်အကောင်၊ ဒါဆို လ ဘယ်နား ရောက်နေသလဲဆိုတဲ့ကိစ္စ တစ်ကျော့ပြန်လာနိုင်သည်။ ပြီးတော့ မြလွင်က ခါးနာနေတာဆိုတော့ ဆေးမြန်မြန်ပို့ဖိုက ရှိသေးသည်။ သူတို့ဆီမှာ ဓာတ်မီးနှစ်လက်လည်း ရှိနေသဖြင့် ''ကဲ... ကဲ ..ယူသွား၊ ပြန်တော့ပေးဦးနော် ဟေ့ကောင်၊ မေ့မနေနဲ့''

''ချစ်ဦးပါဗျ၊ သူများပစ္စည်းငှားပြီး အမေ့ခံတဲ့ကောင် မဟုတ်ပါဘူး၊ လူကို ဦးမာလတ်လိုများ မှတ်နေသလား''ဟု ပြောရင်း လက်နှိပ်ဓာတ်မီး ယူပြီး ထွက်သွားသည်။ ဦးမာလတ်ဆိုတာက သူများပစ္စည်းငှားပြီး ပြန်ပေးဖို့၊ သူများအကြွေး ပြန်ဆပ်ဖို့ဆိုလျှင် အမြဲမေ့တတ်သူဖြစ်၏။

ချစ်ဦး ထွက်သွားပြီးနောက် ကင်းသမားများသည် ချစ်ဦးတို့မိသားစုအကြောင်း ပြောဖြစ်ကြသည်။

''ချစ်ရူးတစ်ကောင်နဲ့တော့ ခက်သေးတယ်၊ ဒေါ်ငွေဇံကြီးက..... သူ့ကို သိပ်ကြည်တာမဟုတ်ဘူးကွ။ မလွဲသာလို့ လက်ခံထားရတာ၊ ဖြစ်နိုင်ရင် ကန်ထုတ်ပစ်ချင်တာ''

''မြလွင်ကလေးကတော့ စိတ်ကောင်းရှိပါတယ်၊ ချစ်ရူးရဲ့အနွံတာကိုလည်း တော်တော်ခံရှာတယ်''

မိနစ်နှစ်ဆယ်လောက်အကြာတွင် ချစ်ဦးသည် လက်နှိပ်ဓာတ်မီး တဝင်းဝင်းလုပ်ရင်း ပြန်ရောက်လာသည်။

''ဟေ့ကောင် ဘယ်လို ဖြစ်လာပြန်တာလဲ''

''အစ်ကိုတို့က ဥစ္စာခြောက်နေတာကိုးဗျ၊ ဒါကြောင့် အိမ်ရောက်တာနဲ့ မမမြလွင်ကို ဆေးပေးပြီးတော့ ချက်ချင်း ပြန်လာခဲ့တာ၊ ချစ်ရူးဆိုတာ ကတိတစ်လုံးကို ဘယ်တော့မှ မဖျက်ဘူးဆိုတာ ယုံပြီမဟုတ်လား၊ ကဲရော့.... အစ်ကိုတို့ဓာတ်မီး'' ဟု ပြောပြီး လက်နှိပ်ဓာတ်မီးကို ပြန်ပေးသည်။ ထို့နောက်  ''ချစ်ရူးကို ပေါ့သေးသေးလို့တော့ မမှတ်ကြနဲ့''ဆိုပြီး မှောင်ကြီးမည်းကြီးထဲ ပြန်လျှောက်ထွက်သွား၏။ ကင်းသမားများမှာ ရယ်ဖို့တောင် သတိမရဘဲ ကြောင်တောင်တောင်ဖြစ်ပြီး ကျန်ခဲ့ကြလေသည်။

၉။

မြလွင်က ဗိုက်နာချင်သလိုလိုရှိတယ်ဟု ပြောသောအခါ ချစ်ဦးသည် အိမ်ပေါ်မှ ခုန်ချပြီး သားဖွားဆရာမဆီ တန်းပြေးလေသည်။ ဆရာမ လိုက်လာပြီး စမ်းသပ်ကြည့်သည်။''ချက်ချင်းတော့ မမွေးသေးပါဘူး၊ စိတ်ချရအောင် ဆေးရုံကိုသွားရင် ကောင်းမယ်''
ဟု အကြံပေးသည်။ ချစ်ဦးသည် ဆိုက်ကားဆရာအိမ်ကို ပြေးပြန်သည်။ ဆိုက်ကားက အုံနာအိမ်မှာ ညဘက်ပြန်အပ်ထားရတာဆိုသဖြင့် ထပ်ပြေးရပြန်သည်။ မြလွင်ကို ဆေးရုံပို့သည်။ ဆေးရုံက သူတို့ရပ်ကွက်နှင့် သုံးမိုင်လောက်ဝေးသည်။ ဆိုက်ကားပေါ်မှာ မြလွင်နှင့်ဒေါ်ငွေဇံတို့ ထိုင်ကြသည်။ ချစ်ဦးက နောက်က လမ်းလျှောက်တစ်လှည့် ပြေးတစ်လှည့်လိုက်သည်။

''ပင်ပန်းပါတယ် မောင်လေးရယ်၊ နေခဲ့ပါ''ဟု မြလွင်က ပြောသော်လည်း မရ၊ နောက်ဆုံး ဆိုက်ကားဆရာကပင် ချစ်ဦးကို သနားလာပြီး ကယ်ရီယာပေါ်က ထိုင်လိုက်ဖို့ပြောသည်။''ဟာ.... ရပါတယ်၊ ဒီလောက်က အသေးအဖွဲ့ပါ''ဟု ချစ်ဦးက ဟောဟဲသံကြားက ပြန်ပြောသည်။

ဆေးရုံရောက်တော့ မြလွင်က ဗိုက်မနာတော့ဘဲ အကောင်းကြီး ဖြစ်နေ၏။ ဆရာဝန်က....''ဗိုက်နာလို့ဆို''ဟု မေးတော့ မြလွင်က''စောစောတုန်းက နာချင်သလိုလို ဖြစ်လာတာပါ၊ အခု မနာတေ့ာဘူး''

အမှန်မှာ မြလွင်က ဗိုက်နာချင်သလိုလို ရှိတယ် ပြောရုံဖြင့် ချစ်ဦးက စိုးရိမ်ပြီး ဆေးရုံကို ဆွဲခေါ်လာခြင်း ဖြစ်၏။ မြလွင်ကလည်း တစ်ခါမှ ကလေးမွေးဖူးသူ မဟုတ်သဖြင့် ဘုမသိဘမသိ လိုက်လာခြင်းဖြစ်၏။ ဒေါ်ငွေဇံလည်း ယောင်ကြောင်ပြီး ပါလာခြင်း ဖြစ်၏။ ဆရာဝန်က စမ်းသပ်ကြည့်ပြီး ချက်ချင်းတော့ မွေးမှာ မဟုတ်ဘူး၊ သို့ရာတွင် ရက်ပိုင်းအတွင်း မွေးနိုင်သည်ဟု ခန့်မှန်းသည်။ ရောက်လက်စနဲ့ မထူးပါဘူး ဆိုပြီး ဆေးရုံတင်ပေးထားလိုက်သည်။ ဆေးရုံအရှိန်ကြောင့်လားမသိ။ နောက်တစ်နေ့ညမှာပင် မြလွင် ကလေးမွေးသည်။  ''မိန်းကလေးတဲ့'' ဟု ကြားလိုက်ရသောအခါ မြလွင် ချစ်မှူးကို သတိရသွားသည်။

''အစ်ကိုကတော့ ယောကျာ်းလေး လိုချင်တာပေါ့၊ ဒါပေမယ့် ညီလေးက မိန်းကလေးမှ မိန်းကလေးဖြစ်နေတာ... အင်းလေ မိန်းကလေးပဲ ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ'' ဆိုသော ချစ်မှူးစကားကို ကြားယောင်ပြီး မျက်ရည်စို့ရသည်။ ချစ်ဦးကတော့ မြလွင်မွေးပြီ၊ မိန်းကလေးတဲ့ဟု ကြားလိုက်တာနဲ့ ''ဟား..ဟား... ငါကွ၊ ငါကွ။ ချစ်ဦးကို ပေါ့သေးသေးတော့ မမှတ်ကြနဲ့'' ဟုအော်ရင်း ဆေးရုံစင်္ကြန်တစ်လျှောက် ခေါက်တုန့်ခေါက်ပြန် ပြေးနေသဖြင့် သူနာပြုဆရာမကြီးက... ''ဘယ်လိုဖြစ်နေတာလဲ၊ သိပ်မဆူပါနဲ့။ တခြားလူနာတွေ လန့်ကုန်လိမ့်မယ်'' ဟု လာတားရသည်။

ချစ်ဦးက ကလေးကို သဲသဲချစ်ဟု နာမည်ပေးသည်။ သဲသဲဆိုတာ သူ့ အသည်းလေးမို့ဟု ဆိုသည်။ ချစ် ဆိုတာ သူတို့ညီအစ်ကိုနှစ်ယောက်၏ နာမည်ထဲက ယူထားတာတဲ့။ တိုက်တိုက်ဆိုင်ဆိုင် ကလေးက သောကြာသမီးလေး ဖြစ်နေသောကြောင့် အတော်ပဲ ဖြစ်သည်။ ဒေါ်ငွေဇံကတော့ ချစ်ဦးပေးတဲ့နာမည်ကို လက်ခံဖို့ သိပ်စိတ်မပါခဲ့။ မြလွင်ကတော့ ဒီနာမည်ကို ကြိုက်သည်။ ဒေါ်ငွေဇံက လက်မလျှော့ဘဲ ဘုန်းကြီးကျောင်းကိုသွားပြီး တွက်ချက်ခိုင်းသည်။ ဆရာတော်က သောကြာနံမှာ တနလာင်္အညွှန့် တင်ရမည်ဟု ဆိုသည်။ ဖြစ်ချင်တော့ ချစ်ဦးပေးထားသော သဲသဲချစ်နာမည်နှင့် အံကိုက်ဖြစ်နေသည်။

''ဒကာမကြီးရဲ့၊ မောင်ချစ်ဦးက သူ့တူမလေးကို သဲသဲချစ်လို့ နာမည်ပေးရင်ကောင်းမလား လာမေးလို့ ကောင်းကြောင်း ပြောပြခဲ့သေးတယ်၊ ဒီကောင် ရမ်းသမ်းပေးတဲ့နာမည်က ကလေးနဲ့ အလိုက်ဖက်ဆုံး ဖြစ်နေတယ်။ အဲဒီအတိုင်းပဲ မှည့်လိုက်ပေတော့'' ဟု ဆုံးဖြတ်ပေးလိုက်သေးသည်။

ချစ်ဦးက သဲသဲချစ်ကို တကယ်ပင် သည်းသည်းလှုပ်အောင် ချစ်သည်။ ကလေး နည်းနည်း ငိုတာနဲ့''ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ'' ဆိ်ုပြီး ပြေးလာတတ်သည်။ ပြီးတော့ အနားက မခွာတော့ဘဲ ကလေးကို စိုက်ကြည့်နေသည်။ တစ်ခါတစ်ခါတော့ သူ့ကြောင့်ပင် ခွကျ၏။ ကလေးက နို့ဆာလို့ငိုတာ၊ ချစ်ဦးရှိနေတော့ မြလွင်က နို့တိုက်ဖို့ ခက်နေသည်။ ဒေါ်ငွေဇံက ဝင်ပြောရသည်။

''ဟဲ့ အလိုက်ကန်းဆိုးမသိတဲ့ကောင်။ နင်ရှိနေတော့ ဘယ်လိုလုပ် နို့တိုက်မလဲ''

''ကျွန်တော်လည်း ကလေးနို့စို့တာ ကြည့်ချင်တာပေါ့ဗျ''

''တယ်လေ၊ ငါ မပြောလိုက်ချင်ဘူး''

''မဟုတ်ဘူး မောင်လေးရဲ့။ ကလေးက မောင်လေးကြည့်နေရင် ရှက်ပြီး နို့သိပ်စို့မှာ မဟုတ်ဘူး''ဟု မြလွင်က လှည့်ပတ်ပြောတော့မှ ထွက်သွားသည်။ ဒီကြားထဲ မြလွင်ကို သူကိုယ်တိုင် နနွင်းလိမ်းပေးပါမယ် လုပ်နေလို့ တားရသေးသည်။ ကလေးအနှီးတွေကိုလည်း သူကိုယ်တိုင် လျှော်သည်။ မြလွင်ရဲ့ထဘီတွေပါ ယူယူလျှော်သဖြင့် မြလွင်က မသင့်တော်ပါဘူးဆို ပြီး လူငှားခိုင်းရသည်။

ချစ်ဦးနှင့် ဒေါ်ငွေဇံတို့ အငြင်းပွားရတာ ရှိသေးသည်။ အစားအသောက်ကိစ္စဖြစ်၏။ ဒေါ်ငွေဇံက ရှေးရိုး အယူအဆအတိုင်း မြလွင်ကို ငါးခြောက်ဖုတ်၊ ငါးကြော်နှင့် ဟင်းခါးသာ ကျွေးသည်။ ဒါကို ချစ်ဦးက မကြိုက်၊ မြလွင် ဆေးရုံသွားပြစဉ်က နံရံမှာ ကပ်ထားသော ပိုစတာမှာ ဖတ်ခဲ့ရသည်။ နို့တိုက်မိခင်ကို အာဟာရပြည့်ဝအောင် ကျွေးရမယ်တဲ့။ ထို့ကြောင့် ကြက်သားတို့ ဘာတို့ ကျွေးစေချင်သည်။ ဒေါ်ငွေဇံက ကြက်သားစားရင်း ဘာဖြစ်တတ်တယ်၊ ဆိတ်သားက ဘယ်လို၊ အမဲသားက ဘာဖြစ်၊ ဟင်းသီးဟင်းရွက်က ကလေးဝမ်းပျက်တယ်ဆိုပြီး ကန့်ကွက်သည်။ နောက်ဆုံးတော့ ချစ်ဦးက သားဖွားဆရာမကို စစ်ကူတောင်းရသည်။ ဆရာမက ဒေါ်ငွေဇံကို နားလည်အောင် ရှင်းပြသည်။ ဒီတော့မှပင် မြလွင်မှာ နည်းနည်းပါးပါး ပိုစားခွင့်ရလာသည်။ ဒါတောင် ကြက်ဥက ဝမ်းပုတ်တတ်တယ်ဆိုပြီး မကျွေးဘဲ နေသေးသည်။

နောက်တစ်ခုကတော့ ချစ်ဦးသည် ကလေးချီချင်သောဆန္ဒ ပြင်းပြနေခြင်းပင်ဖြစ်၏။ ကလေးက မွေးစပေါက်ဆိုတော့ အရမ်းချီလို့ မဖြစ်သေး၊ ထို့ကြောင့် ခွင့်မပြုဘဲ ထားတာကို မခံချိမခံသာ ဖြစ်၏။ လကလေး နည်းနည်းရလာတော့မှ ချီခွင့်ရသည်။ ပထမဆုံးအကြိမ် စချီခွင့်ရစဉ်က ချစ်ဦးမျက်နှာ ပီတိဖြစ်နေပုံက ဘယ်တုန်းကနှင့်မှ မတူ။ နောက်ပိုင်းကျတော့ ကလေးမှာ ချစ်ဦးလက်ပေါ်မှာသာ အနေများတော့သည်။ ကလေးကလည်း အလိုအလျောက် သိနေပုံရသည်။ ဘယ်လောက်ငိုငို ချစ်ဦးကောက်ချီလိုက်တာနဲ့ အငိုတိတ်သွားတတ်သည်။ ချစ်ဦးလည်း ဒါကိုပင် အလွန်ဂုဏ်ယူတတ်သည်။ အဖေရင်းဖြစ်တဲ့ ချစ်မှူးရှိနေလျှက်တောင် ချစ်ဦးလောက် ကလေးကို ဂရုစိုက်နိုင်ပါ့မလား မသိဘူးဟု တစ်ခါတစ်ခါ မြလွင် တွေးမိ၏။

ချစ်ဦး ရေထမ်းသက်ရင့်လာတော့ ကျွမ်းကျင်လာ၏။ အရင်လိုလည်း သိပ်မပင်ပန်းတော့။ အလေ့အကျင့် ရလာသောအခါ သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ လျှောက်နေလျှင် ပိုလေးသည်။ ခပ်သွက်သွက် လှမ်းရသည်။ ဒါမှ ထမ်းပိုးက ပိုပြီး ညွှတ်ပဲ့ညွှတ်ပဲ့ ဖြစ်သည်။ ထိုအခါ ထမ်းပိုးသည် ကွေးညွှတ်ကျလာပြီးနောက် မော်တော်ကားလေးကို အပေါ်ကို ပြန်ကန်တက်သွား၏။ ထိုအခိုက်အတန့်မှာ ရေပုံး၏အလေးချိန်ကို လျော့ကျသွားစေသည်။ ချစ်ဦးသည် ရေထမ်းရင်း အားကစားလေ့ကျင့်ခန်း လုပ်သလို ဖြစ်ပြီး ပိုမိုသန်မာတောင့်တင်းလာသည်။ အိမ်အတွက် သောက်ရေသုံးရေထမ်းပေးရတာ သူ့အတွက် သိပ်မပင်ပန်းသလို ဖြစ်လာ၏။ ထိုအခြေအနေမှာပင် သူတို့၏ဘေးအိမ်က သူ့ကို အကူအညီတောင်းလာသည်။

''ချစ်ရူးရေ၊ ငါတို့ယူနေကျ ရေစည်လှည်းက မှာရတာ မလွယ်တော့ဘူး၊ မှာတဲ့အိမ်ကများတော့ နည်းနည်း ကြီးကျယ်ချင်လာပြီ၊ မအားတော့ဘူး၊ ညနေမှ ရမယ်၊ နက်ဖြန်မှ ယူတော့ဆိုတာမျိုး လုပ်လုပ်လာတယ်၊ အဲဒါ ... နင်လည်း သုံးဖို့စွဲဖို့ ရတာပေါ့''

ချစ်ဦး လက်ခံလိုက်သည်။ သူ့အတွက် သုံးဖို့စွဲဖို့ ငွေက တကယ်ပင် လိုအပ်လာခဲ့သည်။ ဟိုအရင်က သူ့ကို မြလွင်က မုန့်ဖိုးတွေ ဘာတွေ ပေးသေးသည်။ မြလွင် မီးဖွားပြီးသောအခါ ဒေါ်ငွေဇံကပင် ငွေကို လုံး၀ ချုပ်ကိုင်သုံးစွဲလာသည်။ သူက ချစ်ဦးကို မလွှဲသာလို့ ထမင်းကျွေးနေရတာကိုတောင် သိပ်ကြည်ကြည်ဖြူဖြူ မရှိလှ။ မုန့်ဖိုးပေးဆိုတာတော့ စိတ်ကူးထဲတောင် ထည့်တာမဟုတ်။ ချစ်ဦးမှာ လူပျိုဖားဖားကြီး ဖြစ်လာပြီဆိုတော့ သုံးချင်စွဲချင်စိတ်ကလေး ၀င်လာပြီ။ သူများတွေလို အ၀တ်အစား အသစ်၀ယ်ချင်သည်။ ကာရာအိုကေဆိုင်မှာ ၀င်ဟဲချင်သည်။ အထူးသဖြင့် လက်ဖက်ရည်ဆိုင် ထိုင်ချင်သည်။

သူတို့ရပ်ကွက်ထဲက လူငယ်များသည် ဘီယာစတေရှင်မှာ ထိုင်နိုင်လောက်သောအဆင့် မရှိကြ။ အရက်ပြင်းလည်း မသောက်ရဲ။ တစ်ခါတစ်လေ ထန်းရည်ခိုးသောက်တာလောက်ကို စွန့်စားခန်းလို့ ထင်နေသူများ။ တစ်နည်းအားဖြင့် အရက်သောစာ သောက်စားခြင်းကို အပြစ်တစ်ခုလို ရှောင်ကြဉ်သော စရိုက်သဘာ၀ ရှိကြသည်။ ဒီတော့ သူတို့ကျက်စားရာက လက်ဖက်ရည်ဆိုင်သာ ဖြစ်လေ၏။ ချစ်ဦးသည် ဘေးအိမ်အတွက် ရေထမ်းပေးရာမှ မုန့်ဖိုးပဲဖိုးလေး ရလာသည်။ ထိုအခါ သူစိတ်ကူးယဉ်ထားတဲ့အတိုင်း လက်ဖက်ရည်ဆိုင်သို့ သွားလေသည်။

''လက်ဖက်ရည်တစ်ခွက်ဟေ့၊ ချိုချိုစိမ့်စိမ့်လေး''ဟု ဟန်ပါပါ လှမ်းအော်ရင်း ၀င်ထိုင်သည်။ စားပွဲထိုးက ''၀မ်းတီး'' ဟု လှမ်းမှာလိုက်စဉ် ချစ်ဦး ...''ရှယ်နော် ... ဟေ့ကောင် ရှယ်''ဟု အသံကျယ်ကျယ် ပြောဆိုလိုက်သေးသည်။ စားပွဲထိုးက ချစ်ဦးကို နောက်ချင်လာသဖြင့် အဖျော်ဆရာကို တစ်စုံတစ်ခု ခပ်တိုးတိုးပြောလိုက်သည်။ အဖျော်ဆရာက ပြုံးပြီး ခေါင်းညိတ်သည်။ ထို့နောက် လက်ဖက်ရည်ပန်းကန်ထဲကို ဘူးနို့ဆီ မထည့်ဘဲ ချက်နို့ဆီ ထည့်ပြီး ဇွန်းတပ်ပေးလိုက်သည်။ ချစ်ဦးက မသိမသာလှမ်းကြည့်လိုက်သဖြင့် ချက်နို့ဆီခွက်ထဲက မှုတ်ကလေးနှင့် ခပ်ထည့်လိုက်တာကို မြင်သွားသည်။

လက်ဖက်ရည် လာချပေးတော့ ချစ်ဦးက ...''ငါမှာတာ ရှယ်နော် ဟေ့ကောင်''ဟု ပြောသည်။

စားပွဲထိုးက''ဟုတ်တယ်လေ၊ ဒါ ရှယ်ပဲ''

''ဟုတ်ပါ့မလားကွ''

''ဟာ ... မင်း လက်ဖက်ရည်ဆိုင် မထိုင်ဖူးဘူး ထင်တယ်၊ ဒီမှာလေ ဇွန်းတပ်ထားတာ မတွေ့ဘူးလား၊ ဇွန်းတပ်ထားရင် ရှယ်လို့ ခေါ်တယ်ကွ၊ မှတ်ထား''

ချစ်ဦးက ဘာမှ ဆက်မပြောတော့ဘဲ လက်ဖက်ရည်ကို မွှေပြီး မြည်းကြည့်သည်။ ထို့နောက် ဇွန်းကို သေသေချာချာ ကြည့်ပြီး ''ဇွန်းပါရင် ရှယ်ပဲတဲ့၊ ဒီဇွန်းက တယ်လည်း တန်ဖိုးရှိပါလား''ဟု ခေါင်းတညိတ်ညိတ်လုပ်ရင်း ပြောသည်။

အဖျော်ဆရာနှင့် စားပွဲထိုးတို့လည်း ပြုံးစေ့စေ့ ဖြစ်နေကြ၏။ ချစ်ဦးဆိုင်ထဲက ပြန်ထွက်သွားတော့မှ ဒီအကြောင်း ပြန်ပြောပြီး ဟားတိုက်ရယ်ကြသည်။ ချစ်ရူးတစ်ယောက်တော့ ငါတို့နှပ်ချတာ ပြီးတာပေါ့။ မသိရှာဘူးဆို။ သို့ရာတွင် ချစ်ဦးဆိုတာ ပေါ့သေးသေးမှ မဟုတ်ဘဲ။ နောက်နှစ်ရက်လောက်နေတော့ လက်ဖက်ရည်ဆိုင်သို့ ချစ်ဦး ထပ်ရောက်လာသည်။ ဒီတစ်ခါတော့ ဆိုင်မှာ မသောက်ဘဲ အိမ်ကို ၀ယ်သွားပြီး မြလွင်ကို တစ်၀က်ခွဲတိုက်မည်ဟု စိတ်ကူးသည်။ ထို့ကြောင့် ...
''လက်ဖက်ရည်ပါဆယ် တစ်ခွက်၊ ရှယ်နော် ရှယ်''မှာလိုက်၏။ ဒီတစ်ခါတော့ ချစ်ဦးက ကောင်တာနားမှာ ရပ်ကြည့်နေလို့လား မသိ။ အဖျော်ဆရာက တကယ်ပင် ဘူးနို့ဆီနှင့် ဖျော်ပေးသည်။ ပြီးတော့ ကျွတ်ကျွတ်အိတ်ကလေးထဲ ထည့်ပြီး ချစ်ဦးကို လှမ်းပေးသည်။ ချစ်ဦးက အိတ်ကို လှမ်းယူပြီးနောက် အဖျော်ဆရာရှေ့ ခွက်ထဲမှာ ထည့်ထားသော ဇွန်းကလေး တစ်ချောင်းကို ကောက်ယူပြီး အင်္ကျီအိတ်ထဲ ထည့်လိုက်၏။ အဖျော်ဆရာက ...
''ဟေ့ကောင်၊ ဘာလုပ်တာလဲ''

''ဟိုနေ့က ခင်ဗျားတို့ ပြောတဲ့အတိုင်းလေ၊ ရှယ်ဆိုရင် ဇွန်းပါရတယ် မဟုတ်လား၊ ဒါကြောင့် အိမ်ကို ဇွန်းပါ ယူသွားရမှာပေါ့''

''ဟ ... ဒီလိုတော့ ဘယ်ရမလဲ''

''ဇွန်းမပါရင်တော့ ရှယ် မဟုတ်လို့ဘဲ''

သူတို့ ပြောနေကြတာကို ကောင်တာမှာ ထိုင်ရင်း နားစွင့်နေသော ဆိုင်ရှင်က''ဘာဖြစ်တာလဲဟေ့''ဟု လှမ်းမေးသည်။ ချစ်ဦးက ဟိုနေ့က သူလာသောက်တုန်းက ရိုးရိုးချက်နို့ဆီနှင့် ဖျော်တာကို ဇွန်းတပ်ပေးပြီး ဇွန်းပါရင် ရှယ်ပဲ ဟု ဆိုခဲ့ပုံကို ပြန်ပြောပြသည်။

''ဟုတ်လား ... ဟေ့ကောင်''ဟု ဆိုင်ရှင်က အဖျော်ဆရာကို လှမ်းမေးတော့ ...''နောက်တာပါ'' ဟု ဆိုသည်။

''ဒါ ... နောက်ရမယ့်ကိစ္စ မဟုတ်ဘူးကွ၊ ဒီလိုလုပ်ကွာ ချစ်ရူး၊ ဟိုနေ့က ရိုးရိုးဖျော်ပေးပြီး ရှယ်ဖိုးယူလိုက်တာကို ပြန်လျော်ပေးတဲ့အနေနဲ့ ဒီနေ့ မင်း ရှယ်ယူတာကို ရိုးရိုးအတွက်ပဲပေး၊ ဟုတ်ပြီလား''

ချစ်ဦးက ...''ရပါတယ်၊ ဒါဆိုရင်တော့ ဇွန်းယူစရာ မလိုတော့ဘူးပေါ့''ဟု ပြောပြီး အိတ်ထဲက ဇွန်းကို ပြန်ထုတ်၍ ခွက်ထဲ ထည့်လိုက်သည်။ ဆိုင်ထဲက ပြန်ထွက်ခါနီးမှာ ဟိုနေ့က သူ့ကို နှပ်ချလိုက်သော စားပွဲထိုးနား ကပ်ပြီး ပြောသွားသေးသည်။

''ချစ်ရူး ကို ပေါ့သေးသေးလို့တော့ မမှတ်လိုက်နဲ့နော်''

၁၀။

မြလွင် မီးထွက်ပြီးနောက် သူတို့၏ရှေ့ရေးအတွက် ဘာလုပ်ကြမလဲဆိုတာ တိုင်ပင်ကြသည်။ တိုင်ပင်တယ်ဆိုရာမှာ ချစ်ဦးကတော့ စာရင်းထဲမှာမပါ။ မြလွင်နှင့်ဒေါ်ငွေဇံတို့ တိုင်ပင်ကြခြင်းသာဖြစ်၏။ သူတို့လက်ထဲမှာ ငွေအသင့်အတင့် ကျန်သေးသည်။ မြလွင်မှာ လက်ဝတ်လက်စား အချို့လည်း ရှိသေးသည်။ ဒါ ပေါင်းလိုက်လျှင် ဆိုင်ကလေးတစ်ဆိုင် တည်နိုင်လောက်သော အခြေအနေမှာ ရှိ၏။ မြလွင်အနေဖြင့် ကလေးက ငယ်သေးသဖြင့် တခြားမှာ ထွက်ပြီးအလုပ်လုပ်နိုင်သော အခြေအနေမရှိ။ အိမ်မှာပင် ဆိုင်ကလေးတစ်ဆိုင် ဖွင့်ခြင်းသည် အသင့်တော်ဆုံး ဖြစ်၏။ ဒေါ်ငွေဇံက သူတို့ကျွမ်းကျင်ပြီးသား ထမင်းဆိုင်အလုပ်ကို လုပ်ချင်သည်။ မြလွင်က ဖြစ်နိုင်မယ်မထင်။ သူတို့ရပ်ကွက်က လူအများစုသည် ကိုယ့်အိမ်မှာပဲ ချက်ပြုတ်စားကြခြင်း ဖြစ်၏။ ထမင်းဆိုင်ဆိုတာက လမ်းဆုံလမ်းခွ၊ စျေးအနီး၊ စက်ရုံအလုပ်ရုံအနီးစသော လူစည်းကားတဲ့နေရာတွေမှာ ဖွင့်မှ ရောင်းရသည်။ သူတို့အိမ်က ရပ်ကွက်အတွင်း နည်းနည်းချောင်ကျသော နေရာမှာ။

မြလွင်သည် မုန့်ဟင်းခါး ကောင်းကောင်းချက်တတ်သည်။ သို့ရာတွင် သူတို့ရပ်ကွက်ထဲမှာ မုန့်ဟင်းခါးဆိုင် နှစ်ဆိုင်ရှိခဲ့ပြီး ဖြစ်၏။ ဟိုဘက်ခြမ်းမှာတစ်ဆိုင်၊ ဒီဘက်ခြမ်းမှာတစ်ဆိုင်၊ သူ့ပရိသတ်နှင့်သူ၊ သူ့ဖောက်သည်နှင့်သူ ကွက်တိရှိပြီးသား။ ပြီးတော့ အစားအသောက်ရောင်းတယ်ဆိုတာက အရည်အသွေး ကောင်းချင်ကောင်း လက်သာချင်လည်းသာမှ ဖြစ်သည်။ မုန့်ဟင်းခါး နှစ်ဆိုင်ထဲမှာ တစ်ဆိုင်က မုန့်ဖက်များများ၊ ဟင်းရည်ရွှဲရွှဲ ထည့်ပေးတတ်သည်။ နောက်တစ်ဆိုင်ကတော့ နည်းသော်လည်း ဟင်းရည်ကို ကောင်းကောင်းချက်သည်။ သူ့အကြိုက်နဲ့သူ အဆင်ပြေကြသည်။

မြလွင်သာရောင်းလျှင် ဟင်းရည်ကောင်းကောင်းကို ပိုပိုသာသာ ထည့်ပေးနိုင်သည်။ သို့ရာတွင် ဒေါ်ငွေဇံက ဝင်ရောက်စွက်ဖက်မှာ သေချာသည်။ ပဲမှုန့်ကောင်းကောင်း မသုံးချင်တာ၊ ငံပြာရည်အညံ့စား ထည့်တာ၊ ကြက်သွန်ဥခိုတာတို့ဖြစ်လာနိုင်သည်။ မုန့်ပွဲပြင်လျှင်လည်း လက်တိုနေမှာ သေချာသည်။ ဒေါ်ငွေဇံလို တွန့်တိုတတ်သူ၊ တွက်ကပ်တတ်သူမျိုးက အစားအသောက်ရောင်းလို့ မဖြစ်။ ကံအားလျော်စွာ အဆင်ပြေသွားတာက..... သူတို့လမ်းထိမ်မှာ ကုန်စုံဆိုင်ကလေး တစ်ခုရှိ၏။ သိပ်ကြီးကြီးမားမားတော့မဟုတ်။ စားသောက်ကုန်အချို့နှင့် လူသုံးကုန် အသေးအမွှားလေးတွေ ရောင်းသည်။ ဒီလိုဆိုင်မျိုးက ရပ်ကွက်ထဲမှာ သူ့ဖောက်သည်နှင့်သူ အတော်အသင့် ရောင်းအားရှိသည်။ မိသားစုခပ်သေးသေးတစ်ခုအတွက်တော့ စားဝတ်နေရေးကို ထိန်းပေးထားနိုင်သည်။

ထိုဆိုင်မှ လူများက အိမ်ပြောင်းတော့မည်ဖြစ်၏။ မြလွင်တို့ကလည်း ဘာလုပ်ရကောင်းမလဲ စဉ်းစားနေချိန်နဲ့ အတော်ပဲဖြစ်သွား၏။ စကားစပ်မိရင်းက သူတို့ဆီက ဆိုင်အခင်းအကျင်းတွေ၊ လက်ကျန်ပစ္စည်းတွေ မြလွင်တို့ကို စျေးသက်သက်သာသာနှင့် ရောင်းခဲ့ဖို့ သဘောတူသည်။ ကုန်စုံဆိုင်နှင့်ပတ်သက်ပြီး သိသင့်သိထိုက်တာတွေလည်း သင်ပေးသည်။ စျေးဝယ်သူတွေကိုလည်း လဆန်းကျလျှင် မြလွင်တို့အိမ်မှာ ဆိုင်ဆက်ဖွင့်မည်ဖြစ်ကြောင်း သတင်းပေးသည်။ ပစ္စည်းယူနေကျ စျေးထဲက လက်ကား ဆိုင်ကြီးနှင့်လည်း ဆက်သွယ်ပေးခဲ့သည်။ ထို့ကြောင့် မြလွင်တို့အနေဖြင့် ကုန်စုံဆိုင်ကလေးကို အဆင်ပြေစွာ ဖွင့်နိုင်သည်။ လိုအပ်သော ပစ္စည်းတွေကို စာရင်းလုပ်ပြီး ချစ်ဦးကို သွားယူခိုင်းသည်။ တစ်ချို့ပစ္စည်းတွေဆိုလျှင် ငွေလက်ငင်းချေစရာ မလိုဘဲ ကြိုတင်ရောင်းနိုင်တဲ့အခွင့်အရေးလည်း ရသည်။ ရပ်ကွက်ထဲက လူတွေကလည်း ဝယ်ယူ အားပေးကြသည်။

အားလုံး အဆင်ချောတာတော့မဟုတ်။ ထုံးစံအတိုင်း ဒေါ်ငွေဇံကြောင့် ကသိကအောက် ဖြစ်ရတာလေးတွေတော့ ရှိသည်။ သူက ဆိုင်မှာ 'အကြွေးသည်းခံပါ' ဆိုသော စာကပ်ချင်သည်။ ရပ်ကွက်ထဲမှာ ဆိုင်ဖွင့်တဲ့အခါ အကြွေးနဲ့ကင်းလို့မရ၊ တစ်ဆယ်လိုတယ်၊ နှစ်ဆယ်လိုတယ်ဆိုတာမျိုးတော့ အကြွေးထားပေးနိုင်ရမည်။

''အို... ဘာပဲဖြစ်ဖြစ် စာကပ်ထားတော့ အဟန့်လေးတွေ ဖြစ်တာပေါ့''ဟု ဒေါ်ငွေဇံက ဆိုသည်။ မြလွင် ဆိုင်ထိုင်တဲ့အလှည့်ကျလျှင်တော့ တော်ရုံတန်ရုံ အကြွေးပေးသင့် ပေးလိုက်တာပါပဲ။ ထို့ကြောင့် မြလွင်ဆိုင်ထိုင်လျှင် ဝယ်သူပိုလာတတ်သည်။
ချစ်ဦးသည် ဆိုင်အတွက် စျေးထဲမှာ ပစ္စည်းသွားယူရင်း အသိအကျွမ်းတွေ တိုးလာသည်။ သူက ရူးပေါပါမို့ ဟိုလူက နောက်လိုက်၊ ဒီလူက နောက်လိုက်၊ သူကလည်း ဟီဟီဟဲဟဲ လုပ်ရင်း ပြန်နောက်တတ်သဖြင့် သူလာလျှင် ပျော်ကြသည်။
တချို့ကလည်း ကြုံတိုင်း ခိုင်းတတ်ကြသည်။

''ချစ်ရူးရေ.... ဒီတောင်းလေး အုန်းသီးဆိုင်ကို ပို့ပေးစမ်းပါ''

''ဟယ်.... နင်လာတာနဲ့ အတော်ပဲ။ ကားဂိတ်မှာ ကြက်သွန်တစ်အိတ် အပ်ထားတယ်၊ လူမရှိလို့ မသယ်ရသေးဘူး၊ သွားသယ်ပေးစမ်းပါ''

စသည်ဖြင့်....
သူကလည်း မညည်းမညူ လုပ်ပေးသည်။ တချို့က လက်ဖက်ရည်တိုက်သည်။ တချို့က မုန့်ဖိုးပေးသည်။ ရပ်ကွက်ထဲက လူတွေကလည်း ချစ်ဦးကို စျေးကြုံမှာတတ်သည်။ ချစ်ဦးကလည်း မညည်းမညူ သယ်လာပေးသည်။ တစ်စုံတစ်ခု ရရကောင်းစေဟု သဘောမထား။ ပေးလျှင်ယူသည်။ ကျွေးလျှင်စားသည်။ မပေးလည်း အရေးမကြီး။ ဒီလိုကျပြန်တော့လည်း တချို့က မညှာမတာလုပ်ချင်သည်။ သူတို့ဘာသာဆိုလျှင် ဆိုက်ကားနဲ့မှ သယ်လို့ ရမည့်ပစ္စည်း အလေးအပင်ကြီးတွေ ချစ်ဦးကို ထမ်းခိုင်းသည်။ ဆိုက်ကားနဲ့ဆိုလျှင် တစ်ရာလောက်ပေးရမှာဆိ်ု.... ''ချစ်ရူးရေ၊ ရော့.... မုန့်ဝယ်စား''ဆိုပြီး နှစ်ဆယ်လောက် ပေးချင်တာ၊ ထိုအခါ ချစ်ဦးက ....''နေပါစေဗျာ။ အဒေါ်တို့လို တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့လူမျိုးဆီက မယူရက်ပါဘူး''ဟု ပြောသဖြင့် တစ်ဖက်လူမှာ အောင့်သီအောင့်သက် ဖြစ်သွားရ၏။

ဒီကြားထဲ သူ့ရဲ့ကြောင်ကွက်ကလေးတွေ တွေ့ရတတ်သေးသည်။ တစ်ခါတလေ သူတို့ဆိုင်အတွက် သယ်ရမည့်ပစ္စည်းတွေ များနေလျှင် ဆိုက်ကားငှားရသည်။ ထိုအခါမျိုးတွင် သူက ဆိုက်ကားပေါ် ထိုင်လိုက်လာရင်းက ပစ္စည်းထုပ်ကြီးတစ်ထုပ်ကို ထမ်းလာသည်။ ဆိုက်ကားဆရာက...''ဟကောင်ရ၊ ဘယ်လိုဖြစ်တာလဲကွ''ဟုမေးတော့ ချစ်ဦးက ''ကျွန်တော် ထမ်းလာတော့ ဦးလေး ဆိုက်ကားနင်းရတာ နည်းနည်းပေါ့သွားတောပေါ့''ဟု ပြန်ပြောလေသည်။

ချစ်ဦးသည် ရပ်ကွက်ထဲမှာ ဟိုလူကခိုင်း ဒီလူကခိုင်းနဲ့ ခိုင်းဖက်ကြီး ဖြစ်နေ၏။ တန်ရာတန်ကြေးပေးတဲ့လူက ပေး၊ မတန်မရာ ခိုင်းတဲ့လူက ခိုင်း၊ ဘာပဲဖြစ်ဖြစ် သူသုံးဖို့စွဲဖို့ ငွေကလေးတော့ ရသည်။ သူက အလုပ်ကို ရွေးတာမဟုတ်၊ ကြုံရာကျရာခိုင်းသမျှ လုပ်သည်။ မြက်တောရှင်းခိုင်း၊ သစ်ပင်ခုတ်ခိုင်း၊ မြောင်းတူခိုင်း၊ အလေးအပင်ထမ်းခိုင်း ဘာဖြစ်ဖြစ်လုပ်သည်။ တစ်ခါတစ်ခါ သူစိတ်မလိုလျှင်တော့ ဘယ်လောက်ပေးပေး မလုပ်ဘဲ အိမ်မှာ လှိမ့်ပိမ့်ပြီး အိပ်ချင်အိပ်နေတတ်တာမျိုးတော့ ရှိ၏

တစ်ရက်မှာတော့ ချစ်ဦးသည် ''သဲသဲရေ... သဲသဲရေ'' ဟုအော်ရင်း အိမ်ထဲဝင်လာသည်။ ခုနောက်ပိုင်းမှာ သူအပြင်က ပြန်လာလျှင် တူမလေးနာမည်ကို အော်ခေါ်လာလေ့ရှိ၏။ သဲသဲကလည်း ချစ်ဦးအသံကြားလျှင် လှုပ်လှုပ်ရွရွဖြစ်လာတတ်၏။
မြလွင်က ဆိုင်မှာထိုင်နေသည်။ သဲသဲက မြလွင်ပေါင်ပေါ်မှာ၊ ဒေါ်ငွေဇံက ခပ်လှမ်းလှမ်းမှာ ထိုင်ပြီး ထမင်းနှင့် လက်ဖက်သုပ်ကို အဆာပြေ စားနေသည်။

ချစ်ဦးက မြလွင်နားသွားပြီး ကလေးကို ချီဖို့ လက်လှမ်းလိုက်ပြီးမှ ကိုယ်ရှိန်သတ်ပြီင်္း....''ဟာ..... နေဦးဟ သဲသဲရေ၊ ဦးဦးကိုယ်က ပေနေတယ်၊ ရေချိုးလိုက်ဦးမယ်''ဟု ပြောသည်။ ချစ်ဦးတစ်ကိုယ်လုံး ရွှံ့နှစ်ခြောက်တွေ ကပ်နေသည်။ ထိုမျှမက...
''ဟင်... မောင်လေး၊ ...ဘာတွေလုပ်လာတာလဲ၊ ပြီးတော့ .....''

ဒေါ်ငွေဇံကလည်း နှာခေါင်းရှံ့လိုက်ပြီး

''ဟီး... ဟီး... အိမ်သာတွင်းဆယ်လာတာ မမရဲ့''

''ဟယ်.... ဖြစ်ရလေ၊ မောင်လေးရယ်''

''အမယ်... သုံးရာတောင်ရခဲ့တာဗျ၊ သိရဲ့လား''

''ဘာပဲဖြစ်ဖ်ြစပေါ့ မောင်လေးရယ်၊ တခြားအလုပ်လုပ်တာ မမ မပြောပါဘူး၊ ဒီလိုအလုပ်မျိုးတော့ မလုပ်ပါနဲ့။ မုန့်ဖိုးမရှိရင် မမပေးပါ့မယ်''

မြလွင်က ဂရုဏာသက်စွာ ပြောခြင်းဖြစ်၏။ ဒေါ်ငွေဇံကတော့
''ဘယ်နှယ့်တော် ချေးတွင်းဆယ်ရတယ်လို့ ဒါ သက်သက် ငါတို့ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တာပဲ၊ တို့အမျိုးထဲမှာ ဒီလိုအောက်တန်းစား အလုပ်လုပ်တဲ့လူ တစ်ယောက်မှ မရှိဘူး။

ချစ်ဦးက ဒေါ်ငွေဇံဘက်သို့ လှည့်လိုက်ပြီး
''အဒေါ်တို့က အဲဒါခက်တာပဲ၊ ချေးဆိုတာ လူတိုင်းထွက်တဲ့ပစ္စည်းပဲ၊ လူတွေဟာ ကိုယ်ပါတဲ့ချေးတောင် ထွက်ကျပြီးရင် ထိရ၊ ကိုင်ရမှာ ရွံ့တတ်ကြတယ်၊ ဗိုက်ထဲမှာ ရှိနေတုန်းကတော့ မရွံ့ဘူး၊ အခုတောင် အဒေါ့် ဗိုက်ထဲ မှာ ရှိချင်ရှိနေမှာ''

ဒေါ်ငွေဇံမှာ ထမင်းစားလျက်တန်းလန်း ဖြစ်သောကြောင့် ချစ်ဦး၏စကားကို ကြားပြီး ပျို့အန်ချင်လာသည်။

''ကျွန်တော်က ပိုက်ဆံစုနေတောဗျ၊ မမရဲ့သဲသဲ တစ်နှစ်ပြည့်ရင် ဂါဝန်အကောင်းစား လှလှလေး မွေးနေ့လက်ဆောင်ပေးချင်လို့''ဟု ပြောပြီး ရေချိုးဖို့ ထွက်သွားသည်။ သဲသဲမှာ ချစ်ဦးက သူ့ကို မချီဘဲ ထွက်သွားသဖြင့် ဝါးခနဲ အော်ငိုလိုက်သည်.။

၁၁။

ဒေါ်ငွေဇံနဲ့ ရပ်ကွက်ထဲက ကလေးတွေနဲ့ကတော့ တကျက်ကျက်ပဲ။ ကလေးဆိုတာမျိုးက မုန့်ဝယ်လျှင် တစ်ခါတည်း ဘယ်တော့မှ မပြီးချင်။ ဆိုင်ကို ရောက်လျှင် သူတို့စားချင်တာနဲ့ သူတို့မှာရှိတဲ့ ပိုက်ဆံနဲ့ ချိန်ဆပြီး ရွေးချယ်ရသေးသည်။ စဉ်းစားရင်း ဟိုယောင် ဒီယောင် ဟိုဟာကိုင်လိုက် ပြန်ချလိုက် လုပ်တတ်သည်။ အချဉ်ထုပ်ကို ဖြူတ်ယူ ထွက်သွားပြီးမှ စိတ်ပြောင်းသွားပြီး''အဒေါ်ကြီး .... ပီကေပဲ ယူတော့မယ်''ဆိုပြီး လာပြန်လဲချင်လဲသည်။

''အစကတည်းက စဉ်းစားမလာဘူး၊ အပေါက်အစပ်ကို များတယ်''ဟု ဒေါ်ငွေဇံက မြည်တွန်တတ်သည်။ အမှန်တော့ ဒါဟာ ကလေးတွေရဲ့အကျင့်ပဲ၊ အချဉ်ထုပ်ဆိုရာမှာတောင် ဇီးသီးလား၊ မရမ်းပြားလား၊ မက်မန်းလား၊ ရှောက်သီးလား ဆိုတာ ကွဲပြားသေးသည်။ ဇီးထုပ်ချင်းအတူတူ သူတို့စားနေကျ တံဆိပ်ကို ရှာရသေးသည်။ ဒီကြားထဲမှာ နည်းနည်းပိုများတဲ့ အထုပ်များရှိမလားလို့ ရွေးရသေးသည်။

ဒေါ်ငွေဇံက စိတ်မရှည်၊ အားလုံး အတူတူချည်းပဲဟု အော်တတ်၏။ ထို့ကြောင့် ဒေါ်ငွေဇံ ဆိုင်ထိုင်လျှင် ကလေးတွေက သိပ်မဝယ်ချင်ကြဘူး၊ ဆိုင်ရှေ့မှာ လာရစ်သီရစ်သီ လုပ်ရင်း ဒေါ်ငွေဇံ ထိုင်တာမြင်လျှင် ပြန်လှည့်သွားတတ်သည်။ မြလွင် ဆိုင်ထိုင်ပြီဆိုမှ ကလေးတစ်ယောက်ယောက်က သတင်းပေးလိုက်ပြီးနောက် စုပြုံရောက်ရှိလေ့ရှိ၏။ ဒါကို ဒေါ်ငွေဇံကြီးကလည်း ရိပ်မိသဖြင့် တစ်ခါတစ်ခါ.......''ညည်းဟာလေးတွေ တစ်ရစ်ဝဲဝဲနဲ့ လာချောင်းနေကြပြီ ဆိုင်သွားထိုင်လိုက်ဦး'' ဟု ပြောတတ်၏။

မြလွင်ကတော့ စိတ်ရှည်သည်။''သိပ္ပံမရမ်းပြား ဟုတ်လား၊ စောစောကတောင် တွေ့ပါသေးတယ်၊ သြော် ဒီအောက်ဘက်ရောက်နေလို့''ဆိုပြီး ကလေးတွေ လိုချင်တာကို ကူရှာပေးတတ်၏။ ကလေးတွေ မုန့်တစ်မျိုးပြီး တစ်မျိုး လဲကြတာကို မကန့် ကွက်တဲ့အပြင် ''ဟောဒီ အသစ်ထွက်တဲ့ မန်ကျည်းတော်ဖီ စားကြည့်ပါလား၊ ချိုချဉ်လေး၊ သိပ်စားလို့ကောင်းတယ်၊ ခုလို နွေရာသီမှာ မန်ကျည်းတော်ဖီစားရင် ဝမ်းအေးတယ်။ မိတ်တွေဘာတွေ မထွက်တော့ဘူး'' ဟု ကောင်းရာကောင်းကြောင်း ညွှန်တတ်သေးသည်။

ကလေးတို့ရဲ့အချစ်တော်ကတော့ ချစ်ဦးပေါ့။ တစ်ခါတစ်ရံ ဒေါ်ငွေဇံတို့၊ မြလွင်တို့ မအားတဲ့အခါ ချစ်ဦးကို ဆိုင်စောင့်ခိုင်းသည်။ ချစ်ဦး ဆိုင်ထိုင်လျှင် ကလေးတွေ တရုန်းရုန်းပဲ။ သူက ကလေးတွေ ဘာလုပ်လုပ် ဘာယူယူ ကြည့်နေလိုက်တာ၊ ''ကိုကြီးချစ်ဦး၊ ငါးကျပ်လိုတာ နောက်နေ့မှ ယူနော်''ဆိုလျှင်လည်း ရတယ်၊ ရတယ်။ တစ်ခါတလေ ကလေးကြီးတွေက မုန့်ဝယ်စားပြီး အတူပါလာသော သုံးလေးနှစ်အရွယ် ကလေးငယ်တွေ မစားရလို့ ငိုမဲ့မဲ့လုပ်လျှင် ချစ်ဦးက....''သူတို့စားတဲ့ ဇီးထုပ်တွေက ကလေးနဲ့ မတည့်ဘူးကွ၊ ချောင်းဆိုးတတ်တယ်၊ သကြားလုံး စား''ဆိုပြီး သကြားလုံးတွေ အလကားပေးတတ်သည်။

စိတ်ကူးပေါက်တဲ့အခါ အရောင်းမြှင့်တင်ရေး လုပ်တယ်ဆိုပြီး အချဉ်ထုပ် သုံးထပ်ဝယ်လျှင် တစ်ထုပ် လက်ဆောင်ပေးသည်။ ပြီးတော့ ကံစမ်းမဲဖောက်သည်။ မုန့်လာဝယ်လျှင် သူ့ဘာသာလုပ်ထားသော မဲလိပ်ကို နှိုက်ရသည်။ မပေါက်တဲ့မဲ ပေါက်လျှင်တော့ သကြားလုံးတို့ ၊ ပီကေတို့ ဆေးပူဖောင်းတို့ ပေးသည်။

ဒါတွေကို ဒေါ်ငွေဇံက သိတော့.......''ကုန်ပါပြီ၊ ကုန်ပါပြီ၊ နင်လုပ်တာနဲ့ ငါ့ဆိုင် အရင်းပြုတ်တော့မယ်ဟဲ့ ဆန်ကုန်မြေလေးရဲ့''ဟု ပူညံလေသည်။

ချစ်ဦးက....''အဒေါ်ကြီး ဘာသိလို့လဲ၊ ခုချိန်မှာ သမားရိုးကျနည်းလမ်းနဲ့ မရတော့ဘူး၊ ကုမ္ပဏီကြီးတွေတောင် ကံစမ်းမဲနဲ့ စားသုံးသူကို ဆွယ်နေတာ။ ဒါဟာ ခေတ်သစ်ရောင်းဝယ်ရေးဗျူဟာပဲ''ဟု လက်ဖက်ရည်ဆိုင်မှာ ဖတ်ခဲ့ရသော ကုမုဒြာဂျာနယ်ထဲမှာ စီးပွားရေးဆောင်းပါးတွေထဲက အလွတ်ကျက်ထားသည့် စကားလုံးတွေနှင့် ပြောသည်။

''ဘာပြောတယ်၊ အမလေး စကားကြီးစကားကျယ်တွေနဲ့  လာပြောနေတယ်။ နောက်ဆိုရင် ငါ့ဆိုင်ကို တီဗွီထဲမှာ ကြော်ငြာခိုင်းဦးမလား မသိဘူး''

''စီးပွားကုန်ထုတ်လုပ်ငန်းမှာ ကြော်ငြာဟာ အသက်ပဲဗျ၊ ဒီတော့ ကြော်ငြာသင့်ရင် ကြော်ငြာရမှာပဲ၊ အဲဒီအခါကျရင် အဒေါ်ကြီးကို မင်းသမီး လုပ်ခိုင်းရမယ်၊ မိုးဒီနဲ့ တွဲခိုင်းမယ်''

''အောင်မာ... ငါက ဘာဖြစ်လို့ လုပ်ရမှာလဲ၊ နင့်ဘာသာ လုပ်ပါလား''

''လုပ်ဆို လုပ်ရတာပေါ့ဗျာ၊ ကျွန်တော်ကတော့ ထက်ထက်မိုးဦးနဲ့ တွဲမှာဗျ''ဟု ပြောပြီး ရာဇာနေဝင်းအိုက်တင်မျိုး ဆတ်တောက်ဆတ်တောက်လုပ်ရင်း သီချင်းဆိုပြသည်။

''ဆန်တစ်ပြည် ပေးပါ ပေးပါ''

ထိုအခါ ဒေါ်ငွေဇံက''ပေးလိုက်မယ် ခုံဖိနပ်စာ''ဟု ကာရန်လိုက်ပြီး အော်သဖြင့် မြလွင် ရယ်ရသေးသည်။

နောက်ပိုင်းကျတော့ ဒေါ်ငွေဇံက ချစ်ဦးကို ဆိုင်မထိုင်ခိုင်းတော့။ ချစ်ဦးကလည်း သိပ်ပြီး ဆိုင်ထိုင်ချင်တာ မဟုတ်။ သူက တစ်နေရာတည်းမှာ ငြိမ်ငြိမ်နေရတာမျိုးကို သိပ်သဘောမကျ၊ ရပ်ကွက်ထဲ လျှေက်သွားပြီး ဟိုအိမ်ဝင် ဒီအိမ်ထွက် လုပ်ချင်သည်။ ကြုံတုန်း သူများခိုင်းတာလေးတွေ လုပ်ပေးလျှင် သုံးဖို့စွဲဖို့ ငွေကလည်း ရသည်။ လက်ဖက်ရည်ဆိုင် သွားထိုင်ပြီး စကားလေး၊ ဘာလေး ပြောချင်သေးသည်။

ချစ်ဦး လက်ဖက်ရည်ဆိုင်ထဲဝင်သွားပြီး ထိုင်လိုက်သောအခါ စားပွဲထိုးတစ်ယောက်က....''ချစ်ရူး မစ်ပလိန်းလားကွ''ဟု မေးသည်။ ချစ်ဦးသည် မနေ့တုန်းက သူများကိုအားကျပြီး ကော်ဖီမစ်ပလိန်းတစ်ခွက် မှာသောက်သည်။ သူ မကြိုက်၊ ချိုလည်းမချို၊ နို့လည်းနည်းသည်။ ခါးခါးကြီး၊ ထို့ကြောင့် လက်ဖက်ရည်ပဲ သောက်တော့မည်ဟု စိတ်ကူးသည်။

ချက်ချင်း မမှာသေးဘဲ  လက်မှနာရီကို မြောက်ကြည်လိုက်ပြီးမှ...''သုံးနာရီတောင် ထိုးနေပြီပဲ၊ လက်ဖက်ရည်တစ်ခွက်ဟေ့ ၊ ချိုဆိမ့်'' ဟု မှာလိုက်သည်။ မနက်ကမှ သူဝယ်လိုက်သော လက်ပတ်နာရီကလေးကို ကြွားလိုက်ခြင်းဖြစ်၏။ နာရီမှာ အကောင်းစားမဟုတ်၊ ရန်ကုန်မြို့လယ်က ပလက်ဖောင်းပေါ်မှာ သုံးရာ့ငါးဆယ်နှင့် ချရောင်းနေသော ဂဏန်းကွက်ပေါ်သည့် ဓာတ်ခဲနာရီကလေးသာ ဖြစ်၏။ ဒါလည်း တခြားလူတစ်ယောက်ဆီက တစ်ဆင့် ပြန်ဝယ်ခြင်းဖြစ်၏။
မနက်က စျေးသွားရင်း ကုန်မျိုးစုံဆိ်ုင်မှ အလုပ်သမားတစ်ယောက်ပတ်ထားသော နာရီကို မြင်ပြီး သဘောကျသွားသည်။

''ခင်ဗျားနာရီက လှတယ်ဗျ ဘယ်လောက်ပေးရသလဲ''မေးတော့..''လေးရာ့ငါဆယ်ကွ၊ မင်းကြိုက်ရင် ပြန်ယူသွားလေကွာ။ လေးရာပဲပေး''ဟု သူကပဲ ငါးဆယ်လျှော့သလိုလို လုပ်ပြီး ညာရောင်းလိုက်ခြင်းဖြစ်၏

ချစ်ဦးသည် လက်ဖက်ရည်တစ်ငုံ ငုံ့လိုက်ပြီး နာရီတစ်ခါကြည့် လုပ်နေ၏။ နှုတ်မှလည်း။''ဟာ သုံးနာရီခွဲတော့မှာပါလား''

စားပွဲထိုးသည် နောက်ချင်ပြောင်ချင်စိတ် တားမရအောင် ဖြစ်လာသည်။ ထို့ကြောင့် အသာစောင့်ကြည့်နေလိုက်သည်။

ချစ်ဦးသည် လက်ဖက်ရည်ကုန်သွားပြီး ရေနွေးကြမ်းငှဲ့သောက်သည်။ လက်ပတ်နာရီကို ပိုပြီးပေါ်လွင်အောင် ဘယ်ဘက်လက်ဖြင့် ခွက်ကို ကိုင်သည်။ အကွက်ကောင်းစောင့်နေသော စားပွဲထိုးက ချစ်ဦး လက်မြောက်လိုက်စဉ်မှာပင် အချိန်ကိုက်၍...
''ချစ်ရူး ဘယ်နှနာရီ ထိုးပြီလဲကွ''ဟုမေးလိုက်သည်။ ချစ်ဦးမှာ နာရီကို ကြွားချင်နေသောအချိန်မှာ အမေးခံလိုက်ရသဖြင့် ရုတ်တရက် ယောင်ပြီး နာရီကို ကြည့်လိုက်သည်။ ထိုအခါ လက်ထဲမှာ ကိုင်ထားသော ပန်းကန်လုံးစောင်းသွားပြီး ရေနွေးကြမ်းတွေ သူ့ခြေထောက်ပေါ် ဖိတ်ကျသည်။

''လေးနာရီထိုးဖို့.... ဟာ..... ပူလိုက်တာ''

စားပွဲထိုးက ရယ်လိုက်သည်။ သို့ရာတွင် ချစ်ဦးကတော့ စိတ်မဆိုးမိ။ သူ့အော်သံကြောင့် လူတွေအားလုံးက ဝိုင်းကြည့်ကြရပြီလေ။ သူ့နာရီကို အားလုံးမြင်သွားကြပြီ မဟုတ်လား၊ သူက....''နာရီ ဘာမှမဖြစ်လို့ တော်သေးတယ်'' လို့တောင် ရယ်ရယ်မောမော ပြောလိုက်သေးသည်။

သူနဲ့ ကပ်လျက်ဝိုင်းမှ လူတွေက ပြုံးကြည့်ကြပြီးနောက် သူတို့ပြောလက်စ စကားကို ပြန်ဆက်သည်။ ရုတ်တရက် ကြားလိုက်လျှင် ဘဲဥ၊ ကြက်ဥတွေ စျေးထိုးကျသွားပြီလားတောင် ထင်စရာရှိ၏။ အမှန်မှာ ဘောလုံးပွဲအကြောင်း ပြောနေခြင်းသာ ဖြစ်၏။
ခုနောက်ပိုင်းမှာ ရုပ်မြင်သံကြားမှာ ဘောလုံးပွဲတွေ တစ်ပတ်တစ်ကြိမ် တိုက်ရိုက်လွှင့်ပေးနေသည်။ ဒါတွင်မက ဂြိုလ်တုစလောင်းတွေလည်း တပ်ဆင်နိုင်ကြပြီဖြစ်သဖြင့် ရှိုးရုံတွေကလည်း စလောင်းတပ်ပြီး ဘောလုံးပွဲကို ဝင်ကြေးကောက်ပြီး ပြနေသည်။ အင်္ဂလိပ် ပရီမီးယားလိဂ်၊ ယူအီအက်ဖ်အေ စသည်ဖြင့် ကြည့်ချင်ပွဲတွေက ဆက်နေသည်။ ဒီနေ့ ကစားမယ့် အသင်းနှစ်သင်းနှင့်ပတ်သက်ပြီး ပထမအကြော့တုန်းက ဘယ်သူနိုင်ခဲ့လဲ၊ ဘယ်သူ့ကွင်းမှာ ကစားရမှာလဲ၊ ပြီးခဲ့သောအပတ်က ကစားခဲ့ရာမှာ ဘယ်လိုအခြေအနေရှိခဲ့သလဲ၊ ပွဲဆက်များပြီး ပန်းနေတာမျိုးရှိသလား။ ဘောလုံးသမားတွေကကော။

''ဘာဘူက ခြေပျက်နေတာကြာပြီနော်၊ အရှုံးနဲ့ သရေပွဲတွေပဲ များနေတာ''

''အမြောက်ကြီးက နိုင်ခြေရှိတာတော့ မှန်တယ်။ဒါပေမယ့် ပီရက်စ်က နာနေတယ်၊ အွန်နရီကလည်း ပြီးခဲ့တဲ့ ပွဲတုန်းက ထမ်းစင်နဲ့ ထုတ်သွားရတာ ဒီပွဲ ကစားချင်မှ ကစားနိုင်မှာ''

''ပြောလို့မရဘူး၊ အိုဝင်က ခြေစွမ်းပျောက်နေပေမယ့် ဂိုးသွင်းပြီဆိုရင် နှစ်ဂိုးသုံးဂိုး ဆက်တိုက်သွင်းတတ်တယ်''စသည်ဖြင့် ဆန်းစစ်တွက်ချက်နေကြသည်။ ဘာဘူဆိုတာက လစ်ဗာပူးလ်အသင်းကို အရပ်ခေါ်ခေါ်တာ၊  အမြောက်ကြီးဆိုတာက အာဆင်နယ်အသင်း တံဆိပ်မှာ အမြောက်ပုံပါလို့  မန်ယူဆိုတာကတော့ အားလုံးသိပြီးသား။

အပေါ်ထိုင်မယ်၊ အောက်ထိုင်မယ်၊ ဘော်ဒီကစားမယ်၊ နှစ်ချောင်းပါမယ်၊ သုံးချောင်းပါမယ်၊ ပြောနေကြရင်းက မြန်မာဘောလုံးအသင်းကြောင်း ရောက်သွားပြန်သည်။ ပြီးခဲ့သော တိုက်ဂါးဖလားပွဲနှင့်ပတ်သက်ပြီး ဝေဖန်ကြသည်။ တချို့က မြန်မာအသင်းကို အားမရ၊ ဟိုလူ ခေါ်သွားသင့်တယ်၊ ဒီလူပါရင် ဒီလိုမဖြစ်ဘူး၊ ဟိုလူညံ့တယ်၊ ဒီလူကောင်းတယ် ပြောကြသည်။ တချို့ကတော့ မခိုမကပ် တက်ညီလက်ညီ ကြိုးစား ကစားကြတာကို ချီးကျူးသည်။ အတွေ့အကြုံနည်းလို့ မအောင်မြင်တာ၊ နိုင်ငံခြားအသင်းတွေနဲ့ ခြေစမ်းပွဲတွေ များများ ကစားသင့်တယ်၊ လူငယ်တွေချည်း ပါဝင်သော အသင်းအနေဖြင့် အိမ်ရှင်အသင်းကို သရေကစားနိုင်တာနဲ့တင် ကျေနပ်ဖို့ သင့်တယ်ဟု အကောင်းဘက်မှ မြင်ကြသည်။

''ဒါနဲ့ ၁၈နှစ်အောက် အာဆီယံဖလားပွဲကို မြန်မာနိုင်ငံက အိမ်ရှင်လုပ်မယ်ဆိုပါလား''

''ဟာ... ဒါဆိုကောင်းတာပေါ့။ ငါတို့ ပွဲကောင်းတွေ ကြည့်ရတာပေါ့''

''ဒါက အရေးမကြီးဘူးကွ၊ နိုင်ငံတကာပြိုင်ပွဲဆိုတော့ လူတွေက အရမ်းစိတ်ဝင်စားကြမှာ၊ ပရိသတ်တွေ အများကြီးလာကြည့်ကြမှာပဲ၊ ကွင်းမဆံ့မှာ စိုးရိမ်ရတယ်''

ထိုအခါ ဘေးမှနားထောင်နေသော ချစ်ဦးက..''အဲဒါများ လွယ်လွယ်လေး သုဝဏ္ဏကွင်းနဲ့ အောင်ဆန်းကွင်း နှစ်ကွင်း ခွဲကန်ခိုင်းလိုက်ပေါ့''ဟု ပြောပြီး ထထွက်သွားသည်။ ပြောနေသူမှ ရုတ်တရက်ကြောင်ပြီး ''အေးကွ ဒါဆိုရင်တော့ ..ဟာ ဒီကောင် လုပ်ချသွားပြန်ပြီ။ ဘောလုံးကန်တာ ရုပ်ရှင်ပြသလို တစ်ပြိုင်တည်း နှစ်နေရာ ကန်လို့ရတာမှ မဟုတ်တာ၊ အတော်နောက်တဲ့ကောင်''

''တစ်ကွင်းမှာ.... ငါးယောက်စီ၊ နောက်တစ်ကွင်းမှာ ခြောက်ယောက်စီနဲ့ ခွဲကန်ကြပေါ့ဗျ  ဟား ဟား''

တစ်ချက် တစ်ချက် ချစ်ဦးဝင်နှောက်လိုက်လျှင် ဟုတ်သလိုလိုနှင့် အူလည်လည် ဖြစ်ကျန်ရစ်ခဲ့တတ်သည်။

၁၂။

ချစ်ဦးက သဲသဲချစ်ကလေးကို သည်းသည်းလှုပ်အောင်ချစ်သလို ကလေးကလည်း ချစ်ဦးကို အလွန်တွယ်တာသည်။ ချစ်ဦး အိမ်မှာ ရှိနေလျှင် သဲသဲချစ်နှင့်သာ အချိန်ကုန်တတ်သည်။ သဲသဲချစ်ကလည်း ချစ်ဦးရှိနေလျှင် တခြား ဘယ်သူ့ကိုမှ အရေးမလုပ်တော့ဘူး၊ သူ့အမေကိုတောင် နို့စို့ချင်တော့မှ သတိရသည်။ ကျန်အချိန်တွေမှာ ချစ်ဦးကိုသာ တွယ်ကပ်နေတော့သည်။ မကပ်ဘဲလည်း ဘယ်နေမလဲ။ ချစ်ဦးက မကြာခဏ ဆိုသလို အရုပ်ကလေးတွေ ဝယ်ပေးပြီး ပြီးရောဆိုတာမျိုးမဟုတ်။ သူကိုယ်တိုင် ကလေးနှင့်အတူ ကစားပြခြင်းဖြစ်၏။ ပူဖောင်းဆိုလျှင် သဲသဲနှင့် အပြန်အလှန် ပစ်ပေါက်ကစားသည်။ ဂျောက်ဂျောက်ကလေးကို သူက လှုပ်ပြလိုက်၊ သဲသဲကို လှုပ်ခိုင်းလိုက်၊ ပီပီကို မှုတ်ရင်း ကပြသေးသည်။

ဒီလိုအခါမျိုးမှာ သဲသဲသဘောကျပြီး တခစ်ခစ်ရယ်တတ်၏။ ကလေးငယ်တွေအနေဖြင့် လူကြီးဆိုတာ ဣနြေ္ဒသိက္ခာနှင့် နေရတယ်ဆိုတာ နားမလည်ကြသေး၊ သူတို့အမြင်မှာ လူကြီးဆိုတာ ကလေးအကြီးစားတွေဟုသာ သဘောပေါက်လိမ့်မည်။ ထို့ကြောင့် လူကြီးတွေက ကိုးရိုးကားရား ရူးပေါပေါလုပ်ပြတာမျိုးကို သိပ်သဘောကျတတ်သည်။ ဒါကြောင့်လည်း သဲသဲက ချစ်ဦးကို အသည်းစွဲ ဖြစ်နေဟန်တူ၏။ နောက်တစ်ချက်ကတော့ ကလေးတို့သည် မိခင်ကိုတွယ်တာသလို ဖခင်ကိုလည်း ခင်တွယ်ချင်တတ်ကြသော သဘာဝရှိလ်ိမ့်မည်။ သဲသဲမှာ သိတတ်တဲ့အရွယ်မဟုတ်သည့်တိုင် ချစ်ဦးကို ဖခင်သဖွယ် ခံစားမိတာမျိုးဖြစ်နိုင်၏။ ပြီးတော့ သွေးချင်းအလွန်နီးသော ဦးလေးအရင်းတော်တယ် မဟုတ်လား။

ဒါတွင်မက... ကလေးတွေက အနေနီးသူကို ခင်တွယ်တတ်သော သဘောလည်းရှိ၏။ ချစ်ဦးမှာ သဲသဲ မွေးပြီးခါစအချိန်ကတည်းက တပွေ့ပိုက်ပိုက်နေလာခဲ့တာ ချစ်ဦး၏အငွေ့အသက်ကို မှတ်သားလက်ခံထားပြီးပြီ။ ချစ်ဦးက သဲသဲကို တစ်ချိန်လုံး ပွေ့ချီချော့မြူလာခဲ့သည်။ မွေးခါစ ဘာမှမသိခင်ကတည်းက စကားတွေ တတွတ်တွတ် ပြောခဲ့တာ။

''သဲသဲလေးက နို့ဆာလို့လား ..... ဘာလဲ ..... သြော် ချီရမယ်လား၊ အေး အေး.... သီချင်းဆိုပြမယ်နော် ... ဟင် မဟုတ်ပြန်ဘူး၊ ပုံပြောပြမှာလား.... ဟိုးရှေးရှေးတုန်းက မင်းသားလေးတစ်ယောက်ရှိတယ်တဲ့၊ အဲဒီမင်းသားလေးက ဦးနှောက်မကောင်းပေမယ့် ရုပ်ကတော့ သိပ်ချောတာတဲ့၊ ဦးနှောက်မကောင်းတာကလည်း စုန်းမကြီးက ပြုစားထားလို့လေ၊ အဲဒီစုန်းမကြီးက မင်းသားလေးကို ဖမ်းထားတာပေါ့။ ထမင်းလည်း ဝအောင် မကျွေးဘူးတဲ့''

စသည်ဖြင့် စိတ်ကူးတည့်ရာ လျှောက်ပြောသဖြင့် ဒေါ်ငွေဇံက မျက်စောင်းထိုးသေးသည်။ ချစ်ဦးက သဲသဲကို စကားသိပ်တတ်စေချင်သည်။

လသားကလေးကိုပင် ''သဲသဲရေ... ထူးပါဦး...ရှင်လို့'' ''ဦးဦးလိ်ို့ ခေါ်စမ်း''စသည့်ဖြင့် ပြောနေတတ်၏။ တစ်ခါတလေ ကလေးက သူ့ဘာသာ အဲ... အု စသည်ဖြင့် အသံပြုတာကိုပင် ''ဦးလို့ ခေါ်တာလား မသိဘူး'' ဟုဆိုသည်။

''ဒီအရွယ်ကလေးက ဘယ်စကားတတ်ဦးမလဲကွယ့် မောင်လေးရဲ့''ဟု မြလွင်ကပြောတော့ ''ဟာ.... ဒီအရွယ် မပြောဘူးလို့ သတ်မှတ်ထားလို့လား၊ သူလည်း ပါးစပ်ပါတာပဲ၊ ပြောချင်ပြောမှာပေါ့''ဆိုပြီး စကားဆက်သင်မြဲ သင်နေသည်။

သဲသဲမှာ စကားမပြောတတ်သေးသည့်တိုင်....''ဦးဦးကို ချစ်လား'' ဆိုလျှင် ခေါင်းညိတ်ပြတာမျိုး။

''ဦးဦးရဲ့ အသည်းလေး ဘယ်မှလဲ''မေးလျှင် ရင်ဘတ်ကို ပုတ်ပြတာမျိုးလောက်တော့ လုပ်တတ်နေပြီ၊ ဒါကိုပင် ချစ်ဦးက ဂုဏ်ယူမဆုံး ဖြစ်နေ၏။

ဒီလိုနဲ့ တစ်ရက်မှာတော့...ချစ်ဦးသည် ညက အလှူအိမ်တစ်ခုမှာ သွားကူနေသဖြင့် လင်းအားကြီးကျမှ အိပ်ရသည်။ ထို့ကြောင့် ခါတိုင်းလို မနက်စောစော မနိုးဘဲ ဖြစ်နေ၏။ သဲသဲမှာ အိပ်ရာက နိုးတော့ ချစ်ဦးကို မတွေ့သဖြင့် လိုက်ရှာသည်။ သဲသဲသည် မတ်တတ်စမ်းခါစ ရှိသေးသည်။ နှစ်လှမ်းသုံးလှမ်း လှမ်းလိုက်၊ ပြန်ထိုင်ချပြီး လေးဖက် သွားလိုက်လုပ်ရင်း ချစ်ဦး၏အိပ်ရာဆီ ရောက်လာသည်။ ခြင်ထောင်ကို လှန်၍ဝင်ပြီး ချစ်ဦး၏ရင်ဘတ်ကို ပုတ်သည်။ ချစ်ဦးက အိပ်မောကျနေသဖြင့် ရုတ်တရက် မနိုးနိုင်၊ ထိုအခါ ကိုယ်ပေါ် တက်ခွသည်။ ချစ်ဦးကို မြင်းလုပ်စီးနေကျဖြစ်သည်။ အိပ်ချင်မူးတူးဖြစ်နေသဖြင့် ''နေပါဦး သဲသဲရာ၊ ဦးဦး အိပ်ပါရစေဦး''ဟုပြောသည်။ ထိုအခါ သဲသဲက မကျေနပ်ဟန်ဖြင့် တအင်းအင်းလုပ်ရင်း ချစ်ဦး၏ရင်ဘတ်ကို လက်သီး လေးနှင့် ထုပြီး ''ရူး..ရူး''ဟုအော်လိုက်၏။ ချစ်ဦးမှာ အစတော့ ကလေးက ပါးစပ်ထဲ တွေ့ကရာ ရေရွတ်လိုက်တာပဲထင်သည်။ ''ရူး ရူး''ဟု ထပ်ခေါ်တော့မှ မျက်လုံးဖွင့်ကြည့်သည်။ သဲသဲက ထပ်ခေါ်ပြန်သည်။ ချစ်ဦး မျက်လုံးပြူးသွားသည်။

''ဘာရယ်.... သဲသဲ ဘာပြောလိုက်တယ်''

''ဟာ သဲသဲက ... သဲသဲက''

ချစ်ဦး ဝုန်းခနဲ ထထိုင်သည်။

''မမမြလွင်ရေ  သဲသဲ စကားတတ်ပြီဗျ''ဟု အော်ရင်း ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေသော မြလွင်ဆီ ပြေးသွားသည်။ မြလွင်က ...''ဟုတ်ရဲ့လားဟယ်..... သမီး... ဟုတ်လား''ဟု သဲသဲကိုပါ မေးလိုက်သည်။ သဲသဲက ခေါင်းညိတ်ပြသည်

''မမ မယုံရင်ကြည့် ...သဲသဲပြောလိုက်လေ ဦးဦးကို ခေါ်ပြလိုက်''

''ရူး ရူး''

''တွေ့လား၊ ကျွန်တော့ကို ခေါ်တာဗျ''ဟု ချစ်ဦးကို လက်ညိုးထိုးပြပြီး မေးတော့ ''ရူးရူး ''ဟု ဖြေပြန်သည်။ ချစ်ဦးမှာ သဘောကျပြီး တဟားဟားရယ်ရင်း.... ''ဟား ...ဟား ရူး ရူးတဲ့ ကောင်းတယ်ဟေ့၊ ကလေးကတောင် ငါရူးမှန်းသိတယ်၊ ရူး ရူး၊ ရူး ရူး သိပ်ခေါ်လို့ ကောင်းတာပဲ၊ နားထောင်လို့လည်း ကောင်းတယ်၊ နောက်ကို အဲဒီအတိုင်း ခေါ်နော်.. သဲသဲလေး''

သဲသဲက ခေါင်းညိတ်ပြီး ''ရူး ရူး''ဟု ခေါ်ပြန်သည်။

''ကျွန်တော် ပြောတယ်မဟုတ်လား မမရဲ့၊ သဲသဲက ဥာဏ်ကောင်းမှာပါလို့၊ အင်း... ဒီနေ့ကစပြီး အလုပ်ကို ပိုကြိုးစားမယ်ဗျာ၊ ပိုက်ဆံလည်းစုရမယ်၊ သဲသဲက ဥာဏ်ကောင်းတော့ စာတော်မှာဗျ၊ သူ့ကို တက္ကသိုလ်တက်ခိုင်းမယ်၊ ဆရာဝန်မကြီးလုပ်ခိုင်းမယ်။ သူ ဆရာဝန်ဖြစ်ရင် ကျွန်တော့်ကို အရင်ဆုံး ကုခိုင်းမယ်''

''မောင်လေးက ဘာဖြစ်နေလို့ ကုရမှာလဲ''

''ဒါလေဗျာ ဒါ''

သူ့နားထင်ကို လက်ညိုးနှင့် ထောက်ပြပြီး
''ဦးနှောက် နည်းနည်းချောင်နေတာလေ''

မြလွင်မှာ ရယ်လိုက်ရင်းက ကရုဏာသက်သွားရသေးသည်။ တကယ်တော့ ကလေးအများစုတို့သည် မနှင့်စသော စကားလုံးများကို အရင်ဆုံး စပြီး ပြောတတ်လေ့ရှိ၏။ ဒါကြောင့်လည်း မေမေ မာမာဆိုသော ဝေါဟာရ ပေါ်လာခြင်း ဖြစ်မည်။
သဲသဲကတော့ တစ်မျိုးဖြစ်၏။ ချစ်ဦး တစ်ချိန်လုံး ဦးဦးကို ချစ်သလား၊ ဦးဦးလို့ ခေါ်ပါဦး၊ ဦးဦးရဲ့ အသည်းလေးလား စသည်ဖြင့် ဦးဦးချင်းထပ်အောင် ပြောလေ့ရှိသဖြင့် ကလေးက နားရည်ဝပြီး သူ့အသံထွက်တတ်သလို 'ရူး ရူး' ဆိုသော စကားလုံးကို ပထမဆုံး ပြောတတ်ခြင်း ဖြစ်နိုင်၏။ ဘာပဲဖြစ်ဖြစ် ထိုနေ့က ချစ်ဦးသည် ဘယ်မှမသွားတော့ဘဲ  သဲသဲနှင့်သာ အချိန်ကုန်သည်။ 'ရူး ရူး' 'ဗျ ဗျ'ဆိုသော အသံများမှာ တစ်နေကုန် စီစီညံနေတော့သည်။

လက်ဖက်ရည်ဆိုင်က သတင်းစာထဲမှာပါသော ထီပေါက်စဉ်နှင့် သူထိုးထားသော  ထီလက်မှတ်နံပါတ်ကို တိုက်ကြည့်သည်။ ရှေ့ဆုံး နှစ်လုံးလောက်တူတာတောင် မပါ၊ ချစ်ဦး မကျေနပ်သေး။ လက်ဖက်ရည်ဆိုင်မှ သတင်းစာက ကြေးမုံဖြစ်၏။ ဆံပင်ညှပ်ဆိုင်သို့ ပြေးသည်။ မြန်မာ့အလင်းသတင်းစာထဲက ထီပေါက်စဉ်နှင့် တိုက်ကြည့်ပြန်သည်။''တောက် ... ဒီသတင်းစာမှာလည်း လွဲပြန်ပြီကွာ''ဟု တက်တခေါက်ခေါက် ဖြစ်နေသည်။ နောက်တော့ စျေးထိပ်က ထီဆိုင်ကို သွားပြီး မကျေမချမ်း ပြောပြန်သည်။

''ခင်ဗျားတို့က ကျွန်တော့်ကို ပေါ့သေးသေးမှတ်လို့ မပေါက်တဲ့ ထီလက်မှတ်တွေ ညာရောင်းတာလား''

''ဟာကွာ၊ ထီထိုးတိုင်း ပေါက်တာမှမဟုတ်တာ၊ ဒါက ကံနဲ့လည်းဆိုင်တယ်လေ၊ မင်းတစ်ယောက်တည်း မဟုတ်ဘူး၊ တခြားလူတွေလည်း ဒီလိုပဲ ထိုးကြတာပဲ''

''တခြားလူတွေလည်း မပေါက်ကြဘူး မဟုတ်လား၊ အဲဒါကိုက ခင်ဗျားတို့က မရိုးသားဘူးဆိုတာ သိသာနေတာပဲ''

ဆိုင်ကလူတွေလည်း ဘယ်လိုရှင်းပြရမှန်းမသိ။ နောက်ဆုံးမတတ်သာသဖြင့် ...''မင်း မကျေနပ်လည်း ပင်ရင်းဆိုင်ကြီးကိုသာ သွားပြောပေတော့၊ ငါတို့လည်း သူတို့ဆီကတစ်ဆင့် ကိုယ်စာလှယ်ယူပြီး ရောင်းရတာ''

ဒီကိစ္စ ဒီမှာတင် ပြီးလို့ တော်တော့သည်။ ပင်ရင်းဆိုင်ကြီးကိုသာ ချစ်ဦး သွားပြဿနာရှာခဲ့လျှင် မလွယ်။ ထိုဆိုင်ကြီးကလည်း မကျေနပ်ရင် အောင်ဘာလေသိန်းဆုဌာန သွားပြောဆို ဒုက္ခ၊ အဲဒီကမှတစ်ဆင့် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ နောက်ဆုံးဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနထိ ရောက်ကောင်း ရောက်သွားနိုင်သည်။

ချစ်ဦးက ထီအရမ်းပေါက်ချင်နေသည်။ ဘာဖြစ်လို့ ပေါက်ချင်တာလဲဆိုတော့ ....''ကျွန်တော့်တူမလေး သဲသဲကို ဆေးကျောင်းတက်ခိုင်းမလို့ဗျ''ဟု အစချီပြီး သဲသဲမှာ အလွန်ဥာဏ်ကောင်းကြောင်း၊ အခု စကားတောင် စပြောနေပြီ ဖြစ်ကြောင်း၊ သူ့ကို ရူး ရူးဟုခေါ်ကြောင်း၊ စာလည်း အရမ်းတော်မှာ သေချာကြောင်း၊ ကြီးလာလျှင် ဆေးကျောင်းတက်ခိုင်းမည်  ဖြစ်ကြောင်း၊ ဆရာဝန်မကြီးဖြစ်လျှင် သူ့ကို ကုခိုင်းမည်ဖြစ်ကြောင်း။

''အဲဒီအခါကျရင် ကျွန်တော်က ခုလို ရူးပေါပေါဖြစ်မှာ မဟုတ်တော့ဘူး၊ အားလုံးက လေးစားကြရမှာ၊ ဆရာဝန်မကြီးရဲ့ ဦးလေးမဟုတ်လားဗျ၊ ဟဲ... ဟဲ.... ပေါ့သေးသေးလို့တော့ မမှတ်လိုက်နဲ့''

တချို့လူတွေက''ထီကြီးက ပေါက်ခဲတယ်ကွ၊ နှစ်လုံးတို့၊ သုံးလုံးတို့ ထိုးပါလား''ဟု အကြံပေးသောအခါ ''ဟာဗျာ ... ဒါတွေတော့ ဝါသနာမပါဘူး၊ ကျွန်တော်မြင်သလောက်တော့ ပေါက်တဲ့လူက နည်းနည်း မွဲတဲ့လူက များများပါဗျာ''ဟု ပြန်ပြောတတ်သည်။ သူက ဝါသနာမပါဘူးဆိုသော်လည်း ဝါသနာပါဖူးသူတွေရဲ့ စက်ကွင်းကတော့ မလွတ်နိုင်။ ဒီလိုကိစ္စမျိုးမှာ ဝါသနာကြီးသူတို့သည် အားကိုးရာရှာတတ်ကြသည်။ တွက်တက်ချက်တတ်သူတွေကို ဆရာတင်ကြသည်။ နောက်ဆုံး ကြံရာမရလျှင် စိတ်ဝေဒနာရှင်တွေလည်း မနေရ။ ဟိုနေရာ၊ ဒီနေရာတွေမှာ ကျပ်မပြည့်ရှာသူတချို့ပြောတာ သိပ်မှန်တာပဲဟု ကြားရသောအခါ ချစ်ဦးကို မျက်စိကျသူတွေ ရှိလာလေသည်။

တစ်ရက်မှာ ဆက်တိုက်အထိနာနေသူ မိန်းမတစ်ယောက်က သွေးရူးသွေးးတန်းနှင့် အားကိုးရာရှာနေခိုက် ရှေ့မှာလျှောက်လာသော ချစ်ဦးကို မြင်သောအခါ ရုတ်တရက် အတွေးပေါက်သွားပြီး''ဟဲ.... ချစ်ရူး၊ ဒီနေ့ဘာကောင်းလဲ''ဟုမေးလိုက်သည်။
ချစ်ဦးသည် လက်ဖက်ရည်ဆိုင်မှ ထလာခြင်းဖြစ်၏။ ဒီလိုရက်မျိုးမှာ မနက်အစောကြီးကတည်းက လက်ဖက်ရည်ဆိုင်မှာ လူစည်ကားနေတတ်သည်။ သူက နံပြား မှာစားသည်။ နံပြားဖုတ်ဖို့ ဂျုံလုံးက နှစ်လုံးသာ ကျန်တော့သည်။ နံပြားဖုတ်တဲ့အလုပ်သမားကလည်း မြန်မြန်ကုန်စေချင်နေပြီ။ ဒါမှ သူလည်း ဟိုကိစ္စ စနည်းနာဖို့ အချိန်ရမည်။ ထို့ကြောင့် လက်ကျန်ဂျုံနှစ်လုံးစလုံး ပေါင်းပြီး ဖုတ်ပေးလိုက်၏။ ချစ်ဦးလည်း နံပြားဧရာမကြီးကို တစ်ဝကြီး စားလိုက်ရသဖြင့် အလွန်ကျေနပ်သွားသည်။ လက်ဖက်ရည်ဆိုင်က အထွက်မှာ ဟိုမိန်းမ ဒီနေ့ဘာကောင်းသလဲ မေးတော့....''နံပြားကောင်းတယ်''ဟု သူ့အဓိပ္ပါယ်နှင့် သူပြောလိုက်သည်။ ဒါကို ဟိုမိန်းမက အတိတ်ကောက်လိုက်သည်။ နံပြားဆိုတော့ ၇၅ ပေါ့။

တကယ်တမ်းကျတော့ ၅၇ ဖြစ်သွား၏။ ဟိုမိန်းမကတော့....''ငါက ဒါမျိုးဖြစ်တတ်တာသိလို့ လှန်လိုက်တော့ အဆင်ပြေသွားတာပေါ့''ဟု ဆိုသည်။ ချစ်ဦးကိုလည်း ကျေးဇူးတင်တဲ့အနေနဲ့ စွပ်ကျယ်တစ်ထည် ဝယ်ပေးသည်။ ဒီသတင်းပျံ့နှံ့သွားတော့ တခြားလူတွေလည်း ချစ်ဦးကို ဘာကောင်းလဲ၊ ဘာကောင်းလဲ မေးကြသည်။ ချစ်ဦးကလည်း ..
''ပလာတာကောင်းတယ်''
'စမူဆာ'
'ဘိန်းမုန့်'
''ကောက်ညှင်းပေါင်း' စသည်ဖြင့် သူစားခဲ့တာတွေ ပြောသည်။

တစ္ခါတေလ..
''မုန့်ဟင်းခါးက ရေရောတာ  များသွားလို့လား မသိဘူးဗျာ၊ ဘာအရသာမှ မရှိဘူး''

ဒီလိုအခါမျိုးကျတော့ အဓိပ္ပါယ်ကောက်ရတာ နည်းနည်းခက်သည်။ တချို့ကလည်း ''ဘာအရသာမှ မရှိဘူးဆိုတော့ သုညပေါ့''ဆိုတာမျိုး လာချင်သေးသည်။ ဟုတ်တာလည်းရှိ၊ လွဲတာလည်းရှိ၊ ဘာပဲဖြစ်ဖြစ်  ချစ်ဦးကတော့ လဆန်းရက်တွေမှာ ကျွေးချင်မွေးချင်သူတွေ ရှိနေသဖြင့် စားသာနေ၏။''သူတို့က ဘာကြောင့်  တစ်လမှာ တစ်ပတ်လောက် သဘောကောင်းနေကြရတာလဲ''ဟု ချစ်ဦး နားမလည်နိုင်ဖြစ်နေ၏။ သူ့အပေါင်းအသင်းတွေက အဖြစ်မှန်ကို ပြောပြတော့မှ...''သြော်.. ဒီလိုကိုး၊ လူတွေဟာ ပိုက်ဆံသာ ရမယ်ဆိုရင် အရူးကို ဆရာတင်ဖို့လည်း ဝန်မလေးဘူးနော်''ဟု ချစ်ဦးက မှတ်ချက်ပြုသည်။

နောက်ပိုင်းကျတော့ နှစ်လုံး၊ သုံးလုံးကိစ္စတွေ ထိထိရောက်ရောက် နှိပ်ကွက်ခံရသဖြင့် လုံးဝနီးပါး ငြိမ်ကုပ်သွားသည်။ ထိုအခါ ရပ်ကွက်ထဲက လူတို့သည်လည်း ချစ်ဦးအပေါ် သဘောမကောင်းကြတော့..။ ရပ်ကွက်ထဲမှာ ကင်းအလှည့်ကျတဲ့ အိမ်တွေက စောင့်ဖို့ အဆင်မပြေလျှင် လူငှားထည့်ရသည်။ လူငှားကတော့ တခြားမဟုတ်။ ချစ်ဦးပင်ဖြစ်၏။ သူကလည်း ကင်းစောင့်ရတာကို သဘောကျသည်။ တကယ်တော့ ကင်းစောင့်တယ်ဆိုသော်လည်း သိပ်ပင်ပင်ပန်းပန်း ဝီရိယစိုက်နေရတာမျိုးမဟုတ်၊ သူတို့ရပ်ကွက်မှာ လူဆိုးသူခိုးမရှိ။ လူစိမ်းတွေလည်း သိပ်ဝင်ထွက်ရဲတာမဟုတ်။ မီးရေးထင်းရေးအတွက်သာ အဓိကထားပြီး ကင်းစောင့်ကြရခြင်းပင်ဖြစ်၏။

ဒီတော့ ကင်းစောင့်ရင်း အေးအေးလူလူ စကားထိုင်ပြောကြ၊ ထိုင်ရတာညောင်းလာလျှင် ရပ်ကွက်ထဲ တစ်ပတ်လျှောက်ကြည့်ကြ၊ ပျင်းလျှင် သီချင်းညည်းကြ ရေနွေးကြမ်းကို ပဲလှော်နှင့် မြည်းကြ၊ အိပ်ငိုက်လာလျှင် တစ်လှည့်စီ အိပ်ကြ။ ဒါမျိုးလောက်ကတော့ ချစ်ဦးအဖို့ ပျော်စရာတောင် ကောင်းသေးသည်။ ဒီနေ့လည်း ကင်းအလှည့်ကျသော ကိုဘိုလေးနှင့် ကိုသန်းမောင်တို့ ကင်းတဲဆီသို့ လာခဲ့သောအခါ အသင့်ရောက်နှင့်နေသော ချစ်ဦးကို တွေ့ကြရသည်။

''အမယ် ချစ်ရူး၊ ဒီနေ့ မင်းတို့အိမ်က ကင်းအလှည့်မဟုတ်ပါဘူး။ ဘယ်သူ့အစား လာစောင့်ပေးတာလဲ''

''ဘကြီးထွန်းတို့အစား လာစောင့်ပေးတာပါ''

''ဘယ်လောက်ရသလဲကွ''

''ဟာဗျာ၊ ဘကြီးထွန်းတို့က ပိုက်ဆံရှိတဲ့လူတွေမှ မဟုတ်တာ၊ အဘိုးကြီး၊ အဘွားကြီး လင်မယားနှစ်ယောက်ထဲ ချို့ချို့တဲ့တဲ့ နေရတာ၊ ဘကြီးထွန်းကလည်း ကင်းလာစောင့်ဖို့နေနေသာသာ၊ အဆစ်အမြစ်တွေ ကိုက်လို့ အိပ်ရာထဲကတောင် မထနိုင်ဘူး၊ ဒါကြောင့် ကျွန်တော်က ကူပြီးစောင့်ပေးတာဗျ၊ ပိုက်ဆံမယူပါဘူး''

ချစ်ဦးမှာ ဒီလိုစိတ်ကောင်းရှိတတ်တာကို သိသဖြင့်...''အေး .....အေး ကောင်းပါတယ်ကွာ၊ ဒါနဲ့ တချို့က မင်းကို ကင်းစောင့်ခ မှန်မှန်မပေးကြဘူးဆို''

''ဟုတ်တယ်ဗျာ၊ နောက်အပတ်မှာ ပေါင်းပေးမယ် ဘာညာဆိုပြီး အမေ့ခံချင်ကြတယ်၊ ကျွန်တော်က တောင်းတဲ့အခါကျတော့... ပေးပြီးပြီလိုလို ဘာလိုလို ငြင်းကြရော၊ သူတို့စိတ်ထဲမှာ ဦးနှောက်မကောင်းတဲ့လူဆိုရင် သတိလည်း မေ့တတ်တယ်လို့ ထင်ကြတာကိုး၊ ကျွန်တော်က မှတ်ဥာဏ်တော့ ကောင်းပါတယ်ဗျ ၊ဟိုတစ်ခါက အသုဘအိမ်မှာ ကိုဘိုလေး ဖဲရှုံးတာ ငါးရာခြောက်ဆယ့်ငါးကျပ်မဟုတ်လား''ဟု ပြောလိုက်သဖြင့် ကိုဘိုးလေးက 'အေပေးလေး၊ ဆက်မပြောနဲ့၊ တော်ကြာ လက်ပတ်နာရီ ပေါင်တာပါ ပေါ်ကုန်တောမယ်''ဟု ရယ်ရင်း ပြောသည်။

ချစ်ဦးက ဆက်၍...
''ခုနောက်ပိုင်းတော့ ကျွန်တော်လည်း ပိုင်မှ လုပ်တော့မယ်''

''ဘယ်လိုလုပ်တာလဲကွ''
ကိုသန်းမောင်က ဝင်မေးသဖြင့်

''ဒီလိုဗျ၊ ကျွန်တော့်ကို ကင်းစောင့်ခိုင်းချင်ရင် ပါးစပ်နဲ့ ခိုင်းလို့မရတော့ဘူး စာချုပ်ချုပ်ရတယ်''

''ဟေ့... ကင်းစောင့်တာ စာချုပ်နဲ့''

''တကယ့်စာချုပ်တော့ မဟုတ်ဘူးပေါ့ဗျာ။ စာရွက်တစ်ရွက်ပေါ်မှာ ရေးပြီး၊လက်မှတ်ထိုးခိုင်းတာပေါ့၊ အမယ်... ဒါမျိုးကျတော့ သူတို့က မကြိုက်ဘူး၊ ကျွန်တော့်ကို လူပါးဝတယ်၊ ဘာညာ ပြောချင်ကြသေးတာ၊ ချစ်ရူးဆိုတဲ့ ကောင်ကလည်း ပေါ့သေးသေးမှ မဟုတ်ဘဲကိုး၊ လက်မှတ်မထိုးနိုင်ရင် ကင်းစောင့် မပေးဘူးပေါ့''

''မင်းကတော့ ဖြစ်ရမယ်၊ အေးလေ တချို့လူတွေကလည်း မင်းလိုကောင်မျိုးနဲ့မှ ကိုက်တာပဲ''

ကိုဘိုလေးတို့ ကိုသန်းမောင်တို့ကလည်း ချစ်ဦးနှင့်အတူ ကင်းစောင့်ရတာကို သဘောကျသည်။ ခုလိုပဲ ပေါက်ကရတွေ လျှောက်ပြောနေရသဖြင့် အပျင်းပြေသည်။ ချစ်ဦးကို စရနောက်ရသဖြင့် တော်ရုံနှင့် မအိပ်ချင်တော့။

ဒီနေ့ည နည်းနည်း အေးသဖြင့် မီးဖိုပြီး မီးလှုံကြသည်။ ရေနွေးအိုး တည်သောက်ကြသည်။ ချစ်ဦးက ဆိုင်မှ အာလူးကြော်တစ်ထုပ် ဖြုတ်ယူလာခဲ့သည်။ ကိုသန်းမောင်က လက်ဖက်သုပ် ယူလာသဖြင့် စကားပြောရင်း စားကြသောက်ကြသည်။

''ဒါနဲ့ ဟေ့ကောင်၊ မြလွင်က ကလေးမွေးပြီးမှ ပိုတောင်လှလာပါလားကွ''
ကိုဘိုလေးကပြောသည်။

''ဒါကတော့ ကျွန်တော့်အစ်မကိုးဗျ၊ ဟဲ  ဟဲ''ဟု ချစ်ဦးက ဂုဏ်ယူသောလေသံဖြင့် ပြန်ပြော၏။

''မင်းအမအရင်းတော့ မဟုတ်ပါဘူး''

''အစ်ကိုကတော့ အရင်းပါဗျ''

''အေးလေ၊ ချစ်မှူးကတော့ မင်းအစ်ကိုအရင်းပေါ့ကွ၊ ဒါပေမယ့် မြလွင်က မင်းအစ်မအရင်းတော့ မဟုတ်ဘူး။ မင်းအစ်ကိုရဲ့ မိန်းမပဲ''

''ဘာထူးလို့လဲ''

''ထူးတယ်ကွ၊ ဘယ်လိုထူးတယ်ဆိုတာ ငါပြောပြမယ်''

ကိုဘိုလေးက ဆေးပေါ့လိပ်ကို မီးဖိုထဲက မီးကျီးခဲမှာ ထိုးပြီး မီးညှိလိုက်သည်။ ကိုသန်းမောင်က ရေနွေးကြမ်းကို မှုတ်သောက်ရင်း နားစွင့်နေသည်။ ချစ်ဦးက သိချင်စိတ်ဖြင့်....''ဘယ်လိုထူးတာလဲဗျ၊ ပြောစမ်းပါ''ဟု လောသည်။ ကိုဘိုးလေးက ဆေးလိပ်ဖွာပြီးမှ...''ဒီလိုကွ၊ အဲ''

ခေါင်းကုတ်စဉ်းစားပြီး..
''အဲ... ဟုတ်ပြီ၊ အခု မင်းတို့နေတဲ့အိမ်ကို ဘယ်သူပိုင်သလဲ''

''ဟာ.... ကိုယ့်အိမ် ကိုယ်ပိုင်တာပေါ့၊ ဒါများအဆန်းလုပ်လို့''

''ဒီလို လက်လွတ်စပယ် ပြောလို့မရဘူးလေကွာ၊ ဒီမှာ .. အဲဒီအိမ်ကို ဘယ်သူစဆောက်တာလဲ''

''ဦးတင်အောင် ဆိုတာ လက်သမားဆရာကြီးလေ၊ သိပ်တော်တာတဲ့၊ သူပဲ ဦးစီးပြီး ကျွန်တော်တို့အိမ်ကို ဆောက်ပေးတာလို့ ကိုကြီးက ပြောဖူးတယ်''

''ငါပြောတာက ဘယ်လက်သမားနဲ့ ဆောက်တာလဲလို့ ပြောတာမဟုတ်ဘူး။ အိမ်ရဲ့ မူလပိုင်ရှင်ကိုပြောတာ''

''အဖေပေါ့ဗျ''

''အေး... ဟုတ်ပြီ၊ အဲဒီအိမ်က မင်းအဖေပိုင်တဲ့အိမ်ပေါ့၊ မင်းတို့အဖေသေတော့ ဘယ်သူက ဒီအိမ်ကို ပိုင်သလဲ''

''ကိုကြီး ဖြစ်မှာပေါ့''

''မင်းအစ်ကို ဆုံးသွားတော့ရော ဘယ်သူက ဆက်ပိုင်သလဲ''

ချစ်ဦး တွေးပြီး စဉ်းစားနေသည်။ ခုလောလောဆယ် အိမ်မှာ စီမံအုပ်ချုပ်နေတာကတော့ ဒေါ်ငွေဇံပဲ၊ သူများ ပိုင်နေလို့လား၊ ဒါလည်း သိပ်တော့ အဓိပ္ပါယ်မရှိသလိုဘဲဟု တွေးနေတုန်း ကိုဘိုလေးက...
''မင်းအစ်ကို မရှိတော့ မင်းပိုင်တာပေါ့ကွ''

''ဟုတ်ရဲ့လားဗျာ''

''ဟုတ်တာပေါ့ကွ၊ အိမ်တွင် မကဘူးကွ၊ မင်းအစ်ကိုပိုင်ခဲ့တဲ့ ပစ္စည်းအားလုံး မင်းကဆက်ပြီး ပိုင်တယ်''

ကိုဘိုလေးစကားက ဘယ်ကိုဦးတည်နေတယ်ဆိုတာ ရိပ်မိသော ကိုသန်းမောင်က ချောင်းသံပေးပြီး ဟန့်တားဖို့ ကြိုးစားသေးသည်။ သို့ရာတွင် ကိုဘိုလေးက အရှိန်ရနေပြီ။ ထို့ကြောင့်...
''မင်းပိုင်တဲ့အထဲမှာ မြလွင်လည်းပါတယ်''

ချစ်ဦး ဆတ်ခနဲ ဖြစ်သွားပြီး.....
''မမမြလွင်က လူပဲဗျ၊ ပစ္စည်းမှမဟုတ်တာ''

ချစ်ဦး၏စကားကို ကိုသန်းမောင်က သဘောကျပြီး ခေါင်းတညိတ်ညိတ် လုပ်နေသည်။ ကိုဘိုးလေးက ဆက်ပြောသည်။

''မိန်းမဆိုတာ ယောက်ျားတွေပိုင်တဲ့ ပစ္စည်းတစ်မျိုးပဲကွ၊ ယောက်ျားတွေ စကားပြောတဲ့အခါ၊ ငါ့မိန်းမ၊ ငါ့မိန်းမ နဲ့ ပြောကြတာဟာ သူတို့ပိုင်တဲ့ ပစ္စည်းမို့လို့ပေါ့၊ ဒါကြောင့် မြလွင်ကို မင်းပိုင်တယ်လို့ ပြောတာပေါ့''

ချစ်ဦး နည်းနည်းခေါင်းရှုပ်သွားသည်။ လည်ပင်းကို ကုတ်လိုက်ပြီး...
''အဲဒီတော့ ကျွန်တော် က ဘာလုပ်ရမှာလဲ''

''မြလွင်ကို မင်းယူလိုက်ပေါ့ကွာ''

''ဟာဗျာ ငရဲကြီးမှာပေါ့''

ချစ်ဦး မျက်လုံးပြူးသွားရင်း ပြောသည်။ ကိုသန်းမောင်ကလည်း....''ဘိုလေး၊ ဘာတွေ လျှောက်ပြောနေတောလဲကွ''ဟု ဟန့်တားသေးသည်။ ကိုဘိုလေးက အသာနေစမ်းပါဟုဆိုသောသဘော လက်ကုတ်လိုက်ပြီး''မင်း စဉ်းစားကြည့်စမ်း ချစ်ရူး၊ မြလွင်ဟာ ကလေးတစ်ယောက်အမေသာဆိုတယ် အပျိုထက်တောင် လှသေးတယ် မဟုတ်လား''

ချစ်ဦး အလျင်အမြန် ခေါင်းညိတ်သည်။

''ဒီတော့ သူ့ကို ကြိုက်နေတဲ့လူတွေရှိမှာပဲ၊ သူကလည်း ငယ်သေးဆိုတော့ တစ်ယောက်ယောက်ကို ပြန်ကြိုက်ပြီး ယူသွားရင် ဘယ့်နှယ်လုပ်မလဲ''

''သူဟာသူ ကြိုက်ရင် ယူပစေပေါ့ဗျာ''

''ပြီးစလွယ် မပြောနဲ့ကွ၊ မုဆိုးမဆိုရင် လူတွေက သိပ်တန်ဖိုးမထားချင်ဘူး၊ ယူပြီးမှ နှိပ်စက်ကလူ ပြုနေရင် ဘယ်လိုလုပ်မလဲ''

ချစ်ဦးက ဘာမှ ပြန်မပြောဘဲ ငြိမ်နေသည်။

''တစ်ခုပြောရဦးမယ်ကွ၊ ဆိုက်ကားအုံနာကိုဝင်းမောင်ကြီး မင်းတို့ဆိုင်ကို ခဏခဏ စျေးလာဝယ်တာ သိတယ် မဟုတ်လား''

''အဲဒါ အကောင်းမဟုတ်ဘူးကွ၊ စျေးဝယ်တာ အကြောင်းပြပြီး မြလွင်ဆီကို လာနေတာ''

ချစ်ဦးက ခဏစဉ်းစားနေပြီးမှ ပြုံးဖြီးဖြီးဖြစ်လာပြီး...
''အေးဗျ။ ဖြစ်နိုင်တယ်''

''အသက်က ငါးဆယ်လောက်ရှိနေပြီနော်၊ မြလွင်ထက် အသက်နှစ်ဆလောက် ကြီးတယ်''

''သဘောကတော့ ကောင်းပါတယ်ဗျ၊ ကျွန်တော့်ကိုတောင် ညီလေး ညီလေးဆိုပြီး လက်ဖက်ရည်တွေ ဘာတွေ တိုက်သေးတယ်''

''အဲဒါ.... မင်းကို သူ့ဘက်ပါအောင် စည်းရုံးနေတာပေါ့ကွ၊ မင်းက မြလွင်ကို ဒီလိုမုဆိုးဖိုကြီးလက်ထဲ အပါခံမလား။ မင်းသဘောတူနိုင်မလား''

ဒါတော့ ချစ်ဦးလည်း မပြောတတ်။ ဦး၀င်းမောင်ကြီးက ဆိုက်ကားသုံးစင်း ပိုင်သည်။ စျေးထဲမှာလည်း နေ့ပြန် တိုးပေးသေးသည်။ ထို့ကြောင့် ငွေရေး ကြေးရေး အဆင်ပြေသည်။ သဘောလည်း ကောင်းပုံရသည်။ သူ့ကို ယူလျှင် မမမြလွင် ကောင်းကောင်းနေ၊ ကောင်းကောင်းစားရမည်။ သူလည်း ဟင်းကောင်းကောင်း စားရမည်။ ဒါပေမယ့် မမမြလွင်ကို ပေးလိုက်ရမှာတော့ နှမြောစရာကြီးဟု လျှောက်တွေးနေတုန်း ကိုဘိုလေးက ...
''အရေးအကြီးဆုံးအချက် ကျန်သေးတယ်ကွ၊ တကယ်လို့ မြလွင်က ကို၀င်းမောင်ကြီးကို လက်ထပ်လိုက်ရင် မင်းတူမလေး သဲသဲချစ်ကိုပါ ပေးလိုက်ရမှာနော်''

ချစ်ဥိး တောင့်ခနဲ ဖြစ်သွား၏။

''ဟာ ... ဒါတော့ မရဘူး၊ သဲသဲကိုတော့ မပေးနိုင်ဘူး''ဟု အလန့်တကြားလေသံဖြင့် ပြောလိုက်သည်။

''အဲဒါကြောင့် ပြောတာပေါ့၊ သူများလက်ထဲတော့ အပါမခံနဲ့၊ မြလွင်ကို မင်းပဲ ရအောင်ကြံကွာ၊ ဖိတ်ချင်းဖိတ်''

''ဟေ့ကောင် တော်တော့ကွာ၊ မင်း ပေါက်ကရတွေ မြှောက်ပေးမနေနဲ့''

ကိုသန်းမောင်က တားမြစ်လိုက်ပြီး စကားစဖြတ်လို့ရအောင် ...''ကဲ ... ဘယ်နာရီ ထိုးပြီးလဲ၊ သံချောင်းခေါက်ရအောင်''ဟု လမ်းလွဲလိုက်သည်။ ကိုဘိုလေးက လက်ပတ်နာရီကို လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်ပြီး ...''၁၁နာရီ ၁၅၊ ဟား ... မဟုတ်သေးပါဘူး၊ ၁၁နာရီ သံချောင်းခေါက်ပြီးတာဖြင့် ကြာလှပြီ၊ ဟင် ... နာရီက ရပ်နေပါလား''

ချစ်ဦးက လက်နှိပ်ဓာတ်မီး လှမ်းယူပြီး သူ့နာရီကလေးကို ထိုးကြည့်ရင်း ...''၁၂နာရီထိုးဖို့ ၅မိနစ်ပဲ လိုတော့တယ်ဗျ''ဟု ပြောလိုက်သည်။ ကိုဘိုလေးက သူ့လက်ပတ်နာရီကို စိတ်ပျက်လက်ပျက် ကြည့်လိုက်ပြီး ...''ဘယ်လိုဖြစ်တာလဲ၊ ဘယ်ထရီ လဲထားတာ ဘယ်လောက်မှ မကြာသေးဘူး။ ရပ်သွားပြီ''ဟု ညည်းညူလိုက်သည်။

ထိုအခါ ချစ်ဦးက ...''ကိုဘိုလေးက နာရီကို အမြဲပတ် ထွက်နေတော့ ... မြန်မြန်အားကုန်တာပေါ့'' ဟု ပြောလိုက်၏။

''အေးကွ၊ ငါကလည်း အမြဲအပြင်ထွက်နေရတော့ ... ဟာ ... ဟေ့ကောင် လုပ်ချလိုက်ပြန်ပြီ၊ ဓာတ်ခဲနာရီ ဆိုတာ ပတ်ပတ်မပတ်ပတ် အမြဲသွားနေတာဟ၊ ရုတ်တရက် ငါတောင်ကြောင်သွားတယ်''

''ဟား ဟား ... သူများကို ချွန်တွန်းလုပ်ချင်တဲ့ကောင်၊ ခံရပြီ မဟုတ်လား''
ကိုသန်းမောင်က ကိုဘိုလေးကို ဟားသည်။

ချစ်ဦးက ထထွက်သွားပြီး ၁၂နာရီသံချောင်း ခေါက်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးနေပုံမျိုးဖြင့် အမှောင်ထဲကို ငေးကြည့်နေလေသည်။

ဆက်ရန်
-------------------
မင်းလူ

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)