ကြည်အေး
ဒီဇင်ဘာ
တိတ်ဆိတ်နေလိုက်တာ
ဒီနှင်းစက်တွေအောက် သူပျောက်သွားတာ။
" တွယ်ငြိချင်လျှင် နာကျင်တတ်သောရုပ်ကို မရှာလေနှင့်
အာရုံကိုနားမလည်သည့် စိမ်းမြသောအကြောရှိသည့် သစ်ပင်ပန်းရွက်၌သာ နားခိုပါချေ " တဲ့
ဘယ်သစ်ခက်ပန်းရွက်ဆီများ သူ ခိုတွယ်နားနေပါသလဲ။
သူ့စကားတွေမှာ ပျော်ကျ
သူ့အတွေးတွေထဲ စီးမျော
သူ့အဖွဲ့တွေမှာ နွဲ့ခဲ့ကြတာ
သူ့ပညာခန်းမှာ
အခါခါ ပိတ်မိ
အကြိမ်ကြိမ် ကျဆုံးရတာ
သူပြောခဲ့တဲ့ ဘဝတွေဆိုတာ
တဖျပ်ဖျပ်နဲ့
တကယ်တော့ "ကျွန်မပညာသည်"ဆိုတာ
မစိန်အောင်လည်းမဟုတ်
မြစပယ်ကြိုင်လည်းမဟုတ်
သူပါပဲ။
" ညှိုးရော် ပျောက်ကွယ်သွားပြန်လည်း တမ်းတမည့်သူ မကျန်ရစ်ချေဘူး
အဝေးသို့သာ ပျံလေ"လို့ ဆိုရဲသူ
သူကတော့ စိတ်ဖြတ်ပြီး အဝေးဆီ ပြန်သွားချေတော့
ပြတ်မနိုင်သူ ရှင်ကျန်တွေ တမ်းတရစ်ကြပေါ့။
"နွမ်းလျအိမ်ပြန်"လို့ ပြောခဲ့သူဟာ
ပျော်ရွှင်စွာ အိမ်ပြန်သွားခဲ့တာ။
ကြည်အေး ("...")
#မိနွယ်
Comments
Post a Comment