လင်္ကာဒီပချစ်သူ၊ အပိုင်း (၁၄)

အခန်း (၈)
အာရိယန်နှင့် ဒြာဝိဒိယန်

သို့သော် ထူးဆန်းစွာပင် ကျွန်ုပ်သည် သူ့အား စိတ်မဆိုးမိ၊ ကျွန်ုပ်၏ပကတိအခြေအနေများကို သူတို့ နားလည်သဘောပေါက်ခြင်းမရှိသေးသောကြောင့် ဖြစ်ပေမည်။

“ငါမမှားပါဘူး ဘိဘိသန၊ မင်းတို့ နားမလည်ကြတာပါ။ ရာမ၊ ဒသဂီရိနဲ့ သီတာဒေဝီတို့ရဲ့  ပြဿနာကို မင်းတို့မျိုးနွယ်စုစစ်ရေးနဲ့ ရောထွေးမစဉ်းစားကြနဲ့”

“အိန္ဒုဒေသ၊ ဟိမဝန္တာဒေသ...  ပြီးတော့ ဟိုဘက်က ဂင်္ဂါဒေသ။ ဒီကမ္ဘာပေါ်က အရေးမှန်သမျှဟာ မျိုးနွယ်စုအရေးဖြစ်တယ် နောင်တော်ဘုရင်မင်းမြတ်၊ မျိုးနွယ်စုအရေးကလွဲပြီး တခြားဘာမှမဟုတ်ဘူး။ ညီတော်တို့က
ရောထွေးစဉ်းစားနေတာမဟုတ်ဘူး။ နောင်တော်ဘုရင်မင်းမြတ်ကသာ တသီးတခြား ဖယ်ထုတ်စဉ်းစားနေတာ”

“အလို ဘိဘိသန၊ လင်္ကာဒီပဘုရင်ကိုပြောတဲ့ မင်းလေသံဟာ တင်းမာလှချည်လား”

ဘိဘိသနကိုအံ့သြနေသည့် သေနာပတိများသည် ကျွန်ုပ်ကို ကြောက်ရွံ့သွားကြပြီး အနည်းငယ်လှုပ်ရှားသွားကြသည်။ သေနာပတိ ဂုမ္ဘဒီပသည် သူ၏ဝတ်ရုံကို ပွတ်သပ်ရင်း နက်နဲစွာ စဉ်းစားနေဟန်ရှိသည်။

“ဒြာဝိဒိယန်အားလုံး လှုပ်လှုပ်ရွရွဖြစ်နေတာ ဟာနုမာန်ဆိုတဲ့အမည်ကို  ဒုတိယအကြိမ်ကြားရတာ၊ ကိသကိန္ဒာနယ်စပ်တိုက်ပွဲအကြောင်း ကြားသိရတာ၊ ဒါတွေကြောင့် အရေးကြီးတဲ့အချိန်လို့  မင်းပြောသလား ဘိဘိသန၊
ငါပြောပြီးပါပကော ဒါတွေရဲ့ အရင်းမူလက သီတာဒေဝီပါပဲလို့ ငါပြောခဲ့ပြီကော”

“မဟုတ်ဘူး။ သီတာဒေဝီရဲ့ ပြသနာဟာ အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်”

“အိမ်ရှေ့စံရဲ့ အယူအဆကို ကျုပ်တို့သိပါရစေ”

သေနာပတိဂုမ္ဘီက လေးနက်စွာ ပြောသည်။ စစ်ပွဲအတွေ့အကြုံရင့်ကျက်၍ စကားနည်းသောဂုမ္ဘီကဏ္ဏကို ညီတော်ဘိဘိသနကိုယ်တိုင် လေးစားပေသည်။

“ကောင်းပါပြီ။ နောင်တော်ဘုရင်မင်းမြတ်နဲ့တကွ သေနာပတိများအားလုံး နားထောင်ကြပါ။ ကျုပ်ဟာ ဒီစကားတွေကို ပြောဖို့ အခွင့်မကြုံတဲ့အတွက် ဒီစကားတွေရဲ့ နောက်ကွယ်က အယူအဆတွေအရ လက်တွေ့လုပ်ငန်းများကိုသာ လုပ်ကိုင်နေခဲ့ပါတယ်။ တောင်ဆယ်လုံးမှာ ခံတပ်လုပ်ပြီး ဥမင်လိုဏ်တူးခဲ့တာတွေဟာ တစ်စုံတစ်ခုသော မျိုးနွယ်စုရေးဆိုင်ရာ အဘိဓမ္မာအရ လုပ်ခဲ့တာဖြစ်တယ်”

ဘိဘိသနသည် သုခမိန်ကြီးတစ်ဦးကဲ့သို့ တည်ငြိမ်သွားလေသည်။

“အိန္ဒုဒေသမှာ ကျုပ်တို့ဒြာဝိဒိယန်နဲ့ အာရိယန်မျိုးစုနှစ်ခုဟာ အင်မတန်အင်အားအကြီးဆုံးနဲ့ အထွတ်အထိပ်အကျဆုံး မျိုးနွယ်စုနှစ်ခုဖြစ်ကြတယ်၊ ဒါပေမယ့် ကျုပ်တို့က အာရိယန်များထက်သာလွန်တာရှိတယ်။ အဲဒါကတော့
တောင်ပိုင်မြစ်ဝှမ်းဒေသမှာ အခြေတစိုက်နေထိုင်ခဲ့ကြခြင်းပဲ၊ ကျုပ်တို့မှာ နောင်နှစ်ပေါင်း ရာပေါင်းများစွာ အသုံးဝင်မယ့် မြေသြဇာလွင်ပြင်တွေ၊ တောအုပ်တွေနဲ့ တောင်တန်းတွေ၊ စားကျက်တွေ ပိုင်ဆိုင်ထားတယ်၊ အာရိယန်တွေမှာတော့ တောင်တန်းတစ်ခုကနေ တစ်ခု၊ မြစ်တစ်ခုကနေတစ်ခု ပြောင်းရွှေ့သွားလာနေကြရဆဲဖြစ်တယ်၊ သူတို့ဟာ ကျုပ်တို့ရဲ့တောင်ပိုင်းမြစ်ဝှမ်းဒေသကို လိုချင်တပ်မက်ကြတယ်။

မြေဆီကောင်းတဲ့ စားကျက်တွေ၊ ကျန်းမာသန်စွမ်းတဲ့ကျွဲနွားတွေနဲ့ တန်ဖိုးရှိတဲ့သတ္တဝါတွေကို သူတို့သိမ်းပိုက်လိုချင်လာကြတယ်။ ကျုပ်တို့ဒေသကို သူတို့ တစ်ချိန်မှာ ဝင်ရောက်သိမ်းပိုက်ဖို့ ကြိုးစားလိမ့်မယ်ဆိုတာကို ကျုပ်ဟာ ကြိုတင်သိရှိခဲ့တယ်။ သူတို့ဟာ ဒြာဝိဒိယန်ကို  ဖြိုဖျက်ပြီး တစ်ခုတည်းသောအာရိယန်မျိုးနွယ်စုကို တည်ထောင်လိုကြတယ်။ ဒသဂီရိဘုရင်ရဲ့ လက်ထက်မှာဖြစ်စေ၊ အခြားဘုရင်ရဲ့ လက်ထက်မှာ ဖြစ်စေ၊ သီတာဒေဝီဆိုတဲ့ ဘုရင့်သမီးကို လင်္ကာဒီပသို့ ခေါ်ဆောင်လာသည်ဖြစ်စေ၊ ခေါ်ဆောင်မလာသည်ဖြစ်စေ အာရိယန်တွေဟာ ဒြာဝိဒိယန်တွေကို ဝင်ရောက်တိုက်ခိုက်မှာပဲ။ ဒါဟာ လုံးဝမှန်ကန်တဲ့အချက်ဖြစ်တယ်။

ကုန်ပစ္စည်းလဲလှယ်ကြတဲ့ ခရီးသွားမျိုးနွယ်စုတွေပေါင်းစုံထံက ကျုပ် ဒီအချက်ကို လေ့လာရရှိခဲ့တယ်။ ဒါကြောင့် တစ်ချိန်မှာ အာရိယန်နဲ့  ဒြာဝိဒိယန်တို့ရဲ့ စစ်ပွဲဟာ ဖြစ်ခဲ့သမျှသော မျိုးနွယ်စုစစ်ပွဲတကာထက် အကြီးကျယ်ဆုံး
စစ်ပွဲကြီးအဖြစ် ပေါ်ပေါက်လာမယ်ဆိုတာ ကျုပ်ကြိုတင်ခန့်မှန်းခဲ့တယ်။ အဲဒီတစ်ချိန်ချိန်ဟာ အခု ကျုပ်တို့လက်ထဲမှာပဲ ပေါ်ပေါက်တော့မှာဖြစ်တယ်။ ဒါကြောင့် အခုတွေ့ဆုံနေရတဲ့အရေးဟာ မျိုးနွယ်စုအရေးမှအပ ဘာမှမဖြစ်နိုင်ဘူး။ သီတာဒေဝီကို အကြောင်းပြုပြီး အာရိယန်မင်းသားရာမနဲ့ လင်္ကာဒီပဘုရင်တို့ တိုက်ခိုက်တဲ့ စစ်ပွဲမဟုတ်ဘူး”

ဘိဘိသနသည်  ရှည်လျားသောရာဇဝင်လင်္ကာကို  နေ့ပေါင်းညပေါင်းများစွာ  ရွတ်ဆိုနေရသကဲ့သို့ မောဟိုက်သွားလေသည်။ သို့သော် သူ၏အသံမှာ ကျွန်ုပ်ကြားဖူးခဲ့သမျှသော အသံတို့တွင် လေးနက်မှုနှင့် စိတ်အားထက်သန်မှုကို အဆောင်နိုင်ဆုံးဖြစ်သည်။

“ဘထွေးတော်ဆိုလိုတာက ဒီအာရိယန်တွေဟာ ကျုပ်တို့ရဲ့ ဒြာဝိဒိယန်နယ်မြေကို ဝင်ရောက်ကျုးကျော် တိုက်ခိုက်ကြလိမ့်မယ်၊ ဒီစစ်ပွဲဟာ မုချမသွေဖြစ်ရမယ့်စစ်ပွဲ၊ ဒီလိုလား”

သားတော်မေဃနာဒသည် ဓားရိုးကို လက်နှင့်တင်းတင်းဆုပ်ကိုင်၍ မေးသည်။

“ဟုတ်တယ် တူတော်မောင်မေဃနာဒ၊ ရာမမင်းသားဟာ မက္ကဋမျိုးနွယ်စုရဲ့ အကူအညီနဲ့ လင်္ကာဒီပကို တိုက်ခိုက်မှာဖြစ်တယ်၊ တစ်ချိန်ကတော့ သူဟာ သူရဲ့ အယုဒ္ဓယထီးနန်းကို ပြန်လည်ဆက်ခံသိမ်းပိုက်ပြီးမှ လင်္ကာဒီပကို
ဝင်ဖို့စီစဉ်ခဲ့ပေမယ့် သူရဲ့မူလအစီအစဉ်ကို ဖျက်ပြီး အယုဒ္ဓယထီးနန်းကို မသိမ်းပိုက်သေးဘဲ မက္ကဋတွေနဲ့အတူ လင်္ကာဒီပကို အဆောတလျင် ဝင်တိုက်ဖို့စီစဉ်တာဖြစ်လိမ့်မယ်၊ သူ့မှာ သီတာဒေဝီကို ပြန်ရယူဖို့ အရေးကြီးနေတယ်လေ”

သေနာပတိအားလုံးသည် နက်နဲစွာ စဉ်းစားနေကြဟန်ဖြင့် တိတ်ဆိတ်ငြိမ်သက်နေကြသည်။ ပထမဦးစွာ စတင်လှုပ်ရှားလာသူမှာ သေနာပတိ ဂုမ္ဘီကဏ္ဏဖြစ်သည်။

“အိမ်ရှေ့စံရဲ့ အယူအဆကို ကျုပ်နားလည်သဘောပေါက်ပါတယ်၊ ဒီအတိုင်းပဲ ဖြစ်ရမယ်လို့ ကျုပ်လဲယူဆပါတယ်။ အကြီးမားဆုံး မျိုးနွယ်စုနှစ်ခုရဲ့ အကြီးကျယ်ဆုံးတိုက်ပွဲအတွက် ကျုပ်တို့ပြင်ဆင်ကြရလိမ့်မယ်”

“လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အတွင်း ကျုပ်တို့ဟာ အိန္ဒုဒေသက မျိုးနွယ်စုပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်ပြီး လင်္ကာဒီပလက်နက်နိုင်ငံတော်ကြီးကို ထူထောင်ခဲ့ကြတယ်။ အိမ်ရှေ့စံပြောတဲ့အတိုင်းဆိုရင် ဒီတစ်ခါရင်ဆိုင်ရမယ့် စစ်ပွဲဟာ ကျုပ်တို့အတွက် အကြီးမားဆုံးစစ်ပွဲဖြစ်မှာပဲ၊ ဒီတော့ လင်္ကာဒီပရဲ့ စစ်အင်အားကို အကောင်းဆုံးဖြစ်အောင် ဖြည့်တင်းတိုးချဲ့သင့်တယ်လို့ ကျုပ်ထင်တယ်”

သူရာဂုမ္ဘာန်က လေးနက်စွာ ဝင်ပြောသည်။ တချိန်လုံးငြိမ်သက်နေသော ဂမ္ဘီဒီပကလည်း တက်ကြွစွာ ဆွေးနွေးသည်။ ဂုမ္ဘီဒီပကား စစ်ရေးမှအပ ဘာကိုမျှ စိတ်မဝင်စားသူဖြစ်သည်။

“နာဂမျိုးနွယ်စုခေါင်းဆောင် သေနာပတိအနေနဲ့ ကျုပ်ပြောပါရစေ၊ ဒီအသားဝါတွေနဲ့ သူတို့နောက်လိုက် မျောက်ဝံတွေရဲ့ တပ်ကို  ကျုပ်တို့ဖောက်ထွင်းပြီး  ရာမမင်းသားရဲ့ အယုဒ္ဓယကို သွားတိုက်ရင်ကောင်းမယ်၊ ရန်သူကို
ဖောက်ထွက်ဖို့ကိုတော့ နာဂမျိုးနွယ်စုတပ်ဦးနဲ့ ကျုပ်တာဝန်ထားပါ”

ခန်းမဆောင်အတွင်းရှိ သေနာပတိအားလုံးသည် ဂုမ္ဘဒီပ၏ တက်ကြွလွန်းသောအသံကြောင့် သူ့ကို ဝိုင်းကြည့်လိုက်ကြလေသည်။

“ကျုပ်ပြောတာမဟုတ်ဘူးလား၊ လင်္ကာဒီပနယ်နိမိတ်ကို အယုဒ္ဓယအထိ အိန္ဒုမြစ်မြောက်ပိုင်းအထိ တိုးချဲ့ပစ်လိုက်မယ်လေ”

ခန်းမဆောင်ဘေးပတ်ပတ်လည်ရှိ အချို့သောတပ်မင်းများသည် အချင်းချင်း တီးတိုးတိုင်ပင်နေကြသည်။ အချို့က ခေါင်းကို ခါယမ်းနေကြသည်။ အချို့ကမူ ယခုပင် စစ်ချီရတော့မည့်အလား ဓားအိမ်ထဲမှဓားကို ထုတ်လိုက်သွင်းလိုက် လုပ်နေကြသည်။ ဆွေးနွေးသံများသည် ခန်းမဆောင်အတွင်း ကျယ်လောင်လာသည်။ ညီတော်ဘိဘိသနနှင့် သားတော်မေဃနာဒတို့သည် အနီးမှ တပ်မင်းများကို ရှင်းလင်းပြောဆိုနေကြဟန်တူသည်။

“အားလုံးတိတ်စမ်း”

တရားဓမ္မဆွေးနွေးပွဲသို့တက်ရောက်နေကြသည့် ယောဂီများလို အချင်းချင်း စကားများဆူညံနေကြသည့် သူတို့အားလုံးကို ကျွန်ုပ်အလိုမကျဖြစ်လာသဖြင့် နေရာမှထ၍ အော်ဟစ်လိုက်သည်။ အားလုံးငြိမ်သက်သွားကြပြီး ကျွန်ုပ်ကို
စူးစိုက်ကြည့်လိုက်ကြသည်။

“ငါပြောတာနားထောင်စမ်း၊ ဘာမှမဟုတ်တဲ့ အသားဝါဘုရင့်သား ညီအကိုနှစ်ယောက်နဲ့ နောက်လိုက်မျောက်ဝံလိုကောင်တွေရဲ့ အရေးကို ဘာဖြစ်လို့ ဒီလောက်လှုပ်လှုပ်ရှားရှားဖြစ်နေကြတာလဲ။ ဂုမ္ဘီကဏ္ဏ၊ ဂုမ္ဘဒီပ၊ သူရာဂုမ္ဘာန်တို့ရဲ့အကြံပေးချက်တွေကိုလည်း ငါ တစ်ခုမှ လက်မခံဘူး၊ ဘိဘိသနပြောတာဖြစ်နိုင်စရာရှိတယ်၊ ဒါပေမယ့် စိုးရိမ်မှုလွန်ကဲနေတယ်၊ ဒြာဝိဒိယန်တို့ရဲ့သေနင်္ဂဗျူဟာမှာ ဘယ်တော့မှ ဒီလိုရှည်ရှည်ဝေးဝေး မတွေးရဘူး၊ နားလည်လား”

ကျွန်ုပ်နှင့်အနီးဆုံးနေရာမှ သေနာပတိများ၊ တပ်မင်းများ၏မျက်နှာများကို ကျွန်ုပ်တစ်ယောက်စီ ကြည့်လိုက်သည်။ မည်သူမျှ ကျွန်ုပ်ကို ပြန်မကြည့်ရဲကြ။ သားတော်မေဃနာဒသော်မှ ခေါင်းကို အောက်သို့ငုံ့ထားသည်။ သို့သော် ဘိဘိသနကမူ ကျွန်ုပ်၏မျက်လုံးထဲသို့ ရဲဝံ့စွာပြန်ကြည့်နေသည်။

“စောစောက ငါ အိန္ဒုသဲပြင်မျိုးနွယ်စုတွေ စုရုံးတဲ့နေရာဆီ ရောက်ခဲ့တယ်၊ သူတို့ထဲမှာ ကျန်းမာသန်စွမ်းတဲ့ စစ်သည်ကောင်းများဖြစ်နိုင်တဲ့ အရေအတွက်ဟာ အင်မတန်နည်းတယ်၊ ပြီးတော့ သူတို့ဟာ လင်္ကာဒီပရဲ့ သီးနှံစိုက်ပျိုးသူတွေ၊ တိရိစ္ဆာန်မွေးသူတွေသာဖြစ်တယ်။ ဒါပေမယ့် သူတို့ဟာ ငါ့ထံက လက်နက်ကိုတောင်းဆိုကြတယ်၊ သူတို့မှာ စစ်စိတ်စစ်သွေးတွေပြည့်လျှံနေတယ်။ မင်းတို့သေနာပတိကြီးတွေကျတော့ ဟာရပ္ပမြို့ရဲ့ ဒီခန်းဆောင်ထဲမှာ အချင်းချင်း စကားပြောနေကြတယ်။ နတ်​ဒေဝတာရဲ့ စစ်တပ်နဲ့ တိုက်ရတော့မယ့်အလား အကြီအကျယ် ဆွေးနွေးနေကြတယ်။ သာမန်ဒြာဝိဒိယန်တွေရဲ့ သွေးဟာ စပျစ်သူရာလို နီရဲသွက်လက်ချိန်မှာ မင်းတို့သွေးတွေက ရွှံ့ရည်တွေလို ညိုမည်းပျစ်ခဲနေသလား ... ဟင်”

ဘိဘိသနသည် နေရာမှထ၍ သူ၏နက်ပြောရောင်ဝတ်ရုံကြီးကို လက်တွင် သိုင်းယူလိုက်သည်။

“နောင်တော်ဘုရင်မင်းမြတ်၊ သာမန်ဒြာဝိဒိယန်တွေရဲ့ တက်ကြွမှုဟာ ရင့်ကျက်တဲ့ လင်္ကာဒီပသေနာပတိများရဲ့လေးနက်မှုနဲ့ ဘာမှမဆိုင်ပါဘူး၊ ဒီကိစ္စဟာ လေးနက်ကြီးကျယ်တဲ့ သေနင်္ဂဗျူဟာနဲ့ ချမှတ်စီစဉ်ရမယ့်ကိစ္စဖြစ်ပါတယ်”

“သီတာဒေဝီကို ပြန်လည်ရယူဖို့လာတဲ့ ရာမမင်းသားနဲ့အရေးကိစ္စဟာ လေးနက်ကြီးကျယ်တဲ့ သေနင်္ဂဗျူဟာနဲ့ ဘာမှမဆိုင်ဘူး ဘိဘိသန၊ အိမ်ရှေ့စံဖြစ်တဲ့မင်းကိုယ်တိုင်သော်မှ ဒီနေရာမှာ အယူအဆလွဲနေပြီ”

ဘိဘိသန၏တည်ငြိမ်သောမျက်နှာသည်  ရဲခနဲ  ဖြစ်သွားလေသည်။ သေနာပတိများအလယ်တွင် လင်္ကာဒီပအိမ်ရှေ့စံတစ်ဦးအနေနှင့် ဤသို့ပြောဆိုခံလိုက်ရခြင်းအတွက် ဘိဘိသနသည် အရှက်ရသွားဟန်တူလေသည်။

“နားထောင်ကြစမ်း၊ အိန္ဒုသဲပြင်မှာ စုရုံးနေကြတဲ့ ဒြာဝိဒိယန်တွေကို လက်နက် လေးမြား ပေးမယ်လို့ ငါပြောခဲ့တယ်၊ ဒါပေမယ့် သူတို့ဟာ ဘယ်တော့မှ ကျွမ်းကျင်တဲ့စစ်သည်ရဲမက်တွေ ဖြစ်လာမှာမဟုတ်ဘူး။ လက်ပျဉ်ကျနေတဲ့ အဘိုးအိုတွေ၊ စကားမပြောနိုင် နားမကြားနိုင်ဖြစ်နေတဲ့ အဘွားအိုတွေ၊ မိန်းမနဲ့ကလေးသူငယ်တွေ၊ သူတို့ကို လက်နက်လေးမြား ဆင်ယင်ပေးလိုက်ရင် သူတို့အားလုံးကို သေတွင်းထဲ ခုန်ချခိုင်းတာနဲ့ ဘာမှမထူးဘူး၊ အချည်းနှီးသောသွေများနဲ့ အိန္ဒုမြစ်ရေကို နီရဲသွားအောင် ငါမလုပ်ဘူး။ မင်းတို့ရဲ့ မျိုးနွယ်စုံ စစ်သည်ရဲမက်များကိုလည်း တာဝန်မပေးဘူး”

ဘိဘိသနက တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်သည်တွင် သားတော်မေဃနာဒက လှမ်း၍တားလိုက်သည်ကို တွေ့လိုက်ရသည်။

“ဒီတော့ ရန်သူဘက်က ရာမမင်းသားနဲ့ဖြစ်စေ၊ သူ့ညီလက္ခဏနဲ့ဖြစ်စေ၊ ဟိုဟာနုမာန်ဆိုတဲ့ မက္ကဋစစ်သူကြီးနဲ့ဖြစ်စေ၊ ကိသကိန္ဒာဘုရင်သုခရိတ်ဖြစ်စေ၊ သူတို့အာလုံးနဲ့ဖြစ်စေ ငါစီးချင်းတိုက်မယ်။ စီးချင်းတိုက်ပွဲမှာ သူတို့သေဆုံးသွားပြီဆိုရင် ဒီပြသနာအားလုံးပြီးပြီ။ ဘယ်အာရိယန်မျိုးနွယ်စုလဲ လင်္ကာဒီပကို လာထိရဲမှာမဟုတ်တော့ဘူး”

မေဃနာဒက ဝတ်ရုံစကို ဆွဲထားသည့်ကြားမှ ဘိဘိသနသည် ရုန်းထွက်၍ ကျွန်ုပ်ရှေ့သို့ ခုန်ထွက်လာသည်။

“မဟုတ်ဘူး  ..  မဟုတ်ဘူး၊ သီတာဒေဝီရဲ့ပြသနာဟာ အဓိကမဟုတ်ဘူး၊ ဒါဟာ လင်္ကာဒီပဘုရင်နဲ့ အာရိယန်မင်းသားတို့ရဲ့ အချစ်ပြသနာမဟုတ်ဘူး၊ ဒါဟာ  ဒြာဝိဒိယန်နဲ့အာရိယန်မျိုးနွယ်စုတို့ရဲ့ မျိုးနွယ်စုစစ်ရေး နောင်တော်ဘုရင်မင်း .... ”

သီတာဒေဝီ၏ မုန်းတီးစက်ဆုပ်မှုကို ခံယူနေရသည့် ကျွန်ုပ်၏နှလုံး၊ ရာမမင်းသားအပေါ် နာကြည်းရွံ့မုန်းနေသည့် ကျွန်ုပ်၏အမျက်ဒေါသ၊ ဒါတွေကို နားလည်သဘောပေါက်ရန်မကြိုးစားလေဘဲ မျိုးနွယ်စုအရေးကိုသာ ထပ်တလဲလဲ ပြောနေသည့် ဘိဘိသနအား ကျွန်ုပ် နည်းနည်းလေးမှ မနှစ်မြို့နိုင်တော့ပေ။

“မင်းနေရာမှာ ပြန်ထိုင်လိုက်စမ်း ... ဘိဘိသန”

ဘိဘိသနသည် အံကိုကြိတ်လျက် နောက်သို့ဆုတ်သွားသည်။ သေနာပတိများကား ခေါင်းကို မဖော်ကြတော့ချေ။ သားတော် မေဃနာဒသာလျှင် နေရာမှ မရဲတရဲ ထလေသည်။

“ခမည်းတော်ဘုရင်မင်းမြတ်ကို တစ်ခုပဲ တောင်းဆိုပါရစေ၊ အကယ်လို့ အဲဒီလို စီးချင်းတိုက်ခိုက်ကြပြီဆိုရင် မက္ကဋစစ်သူကြီး ဟာနုမာန်ဆိုတဲ့သူနဲ့ တိုက်ခိုက်ဖို့ သားတော်ကို ခွင့်ပြုပါ၊ သားတော် သင်းကို တာဝန်ယူပါရစေ”

“အင်း .....ကောင်းပြီ။ ကဲ သေနာပတိများ ... ဒီမျောက်ဝံအုပ်စုအတွက် ဘာမှ ပူပန်သောကရောက်မနေကြနဲ့၊ မင်းတို့ရဲ့ မျိုးနွယ်စုတပ်တွေကိုသာ ဆက်လက်လေ့ကျင့်မြဲ လေ့ကျင့်ပေးနေကြ၊ စီးချင်းတိုက်ပွဲကို ဆင့်ခေါ်မယ့်အမိန့်ကိုသာ စောင့်ကြပေတော့၊ ကိုင်း... သွားကြတော့”

သေနာပတိများနှင့် တပ်မင်းများ ခန်းမဆောင်အတွင်းမှ တိတ်တဆိတ် ထွက်ခွာသွားကြလေသည်။ ကျွန်ုပ်ကို အစဉ်အမြဲ ချစ်ကြောက်ရိုသေခဲ့သော မျက်လုံးများတွင် ကျွန်ုပ်နှင့်မရင်းနှီးသော အရိပ်အငွေ့များကို တွေ့နေရသည်။
ဘိဘိသန၏ပခုံးပေါ်သို့ ကျွန်ုပ်လက်ကို တင်ပြီး ဆုပ်နယ်လိုက်သည်။ သူ့ကိုယ်သည် ရိုကျိုးပျော့ပျောင်းခြင်းမရှိဘဲ တောင့်တောင့်ကြီးဖြစ်နေကြောင်း ကျွန်ုပ်သတိပြုလိုက်မိသည်။

“လင်္ကာဒီပရဲ့ ဘုရင်မင်းမြတ်နဲ့ အိမ်ရှေ့စံဆိုတဲ့အဖြစ်ကို ငါတို့ ခဏမေ့လိုက်ကြရအောင်၊ စောစောက ဆွေးနွေးငြင်းခုံမှုတွေကိုလည်း မင်းခေါင်းထဲက ထုတ်ပစ်လိုက်တော့၊ မင်းရဲ့ အကိုတစ်ဦးအနေနဲ့ ငါ မင်းကို တာဝန်တစ်ခုပေးချင်တယ်”

ဘိဘိသနသည် ကျွန်ုပ်အား မမြင်ဖူးသလို မော့ကြည့်လေသည်။

“မင်းဟာ စကားအရာမှာ လိမ္မာပါးနပ်ပြီး အသိဥာဏ်ပြည့်စုံကြွယ်ဝသူဖြစ်တယ်၊ ကြောက်ရွံ့ မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ မိန်းမတစ်ယောက်ရဲ့  နှလုံးကိုလဲ ညင်သာပျော့ပျောင်းလာအောင် မင်းစွမ်းဆောင်နိုင်လိမ့်မယ်လို့
ငါယုံကြည်တယ် ”

“နောင်တော်ဘုရင်မင်းမြတ် ဘာကိုဆိုလိုချင်ပါသလဲ”

“သီတာဒေဝီပေ့ါ ... ဘိဘိသန၊ သူဟာ ငါ့ကိုကြောက်ရွံ့နေတယ်၊ ငါ့ရဲ့အချစ်ကိုလဲ သူကြောက်ရွံ့နေဟန်တူတယ်။ ရာမမင်းသာနဲ့ စီးချင်းတိုက်မယ့်အကြောင်းကို ငါကိုယ်တိုင် သူ့ကိုဖွင့်ပြောဖို့ မဖြစ်ချေဘူး၊ ဒီတော့ မင်းက နူးညံ့ညင်သာစွာနဲ့ ဒီအကြောင်း သူ့ကိုပြောပြပါ၊ စီးချင်းတိုက်ပွဲ အနိုင်အရှုံးအဖြေရလာဒ်အတိုင်း သူလိုက်နာရမှာဖြစ်တဲ့အကြောင်းကိုလည်း သူလက်ခံအောင် ပြောပြပါ။ ဒီမြေပေါ်မှာ ရာမမင်းသားအသက်ရှင်လျက်နဲ့ မရှိတော့ဘူးဆိုရင်သူဟာ ငါ့အပေါ်မှာ တိမ်းညွတ်လာမှာပဲ၊ ဒီအစီအစဉ်ကို သူကိုယ်တိုင်နားလည်သဘောပေါက်ပြီး လိုက်နာအောင် မင်းစွမ်းဆောင်နိုင်လိမ့်လို့ ငါယုံပါတယ် ဘိဘိသန”

ဘိဘိသနသည် အတန်ကြာမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ အိပ်မက်မှ နိုးထလာသည့်အသံမျိုးဖြင့် ပြန်ပြောလေသည်။

“ညီတော် အတတ်နိုင်ဆုံးကြိုးစားပါ့မယ်၊ သီတာဒေဝီကို ဘယ်လိုတွေ့ရမလဲ”

“ဂန္ဓမာလာ သားရဲတွင်းပေါ်က ခန်းဆောင်မှာ၊ ဒါပေမယ့် သူ့ကို ငါ ရွှေလှောင်အိမ်နဲ့ထားတယ်၊ သူ့ကို ဖျောင်းဖျပြောဆို သိမ်းသွင်းဖို့အတွက် မင်းကိုယ်တိုင် ရွှေလှောင်အိမ်ထဲဝင်ရလိမ့်မယ်။ သူ့ကို အပြင်ထုတ်လို့မဖြစ်ဘူး”

ဘိဘိသနသည် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်ဟု ကျွန်ုပ်ထင်ပေသည်။

* * *

ဤရက်များအတွင်း ကျွန်ုပ်သည် လင်္ကာဒီပနန်းတော်သို့ မပြန်ဖြစ်ချေ။ ညီတော်ဘိဘိသနကိုသာလျှင် လင်္ကာဒီပသို့ပြန်လွှတ်ခဲ့သည်။ သီတာဒေဝီကို ဖျောင့်ဖျသိမ်းသွင်းရန်နှင့် အခြားနန်းတွင်းရေးလုပ်ငန်းများကို စီမံခန့်ခွဲရန် သူ့အား တာဝန်ပေးလိုက်သည်။ ကျွန်ုပ်သည် သေနာပတိ ဂုမ္ဘဒီပတစ်ဦးတည်းကိုသာ အဖော်ပြုလျက် ဟာရပ္ပကျောက်နန်းဆောင်များတွင် စစ်ရေးလေ့ကျင့်သည်။ ဟာနုမာန်ခေါင်းဆောင်သည့် မက္ကဋမျိုးနွယ်စုများ ဝင်တိုက်ခဲ့သော မက္ကဋနယ်စပ်တပ်မသို့ သေနာပတိ ဂုမ္ဘီကဏ္ဏကို စေလွှတ်လိုက်သည်။ အခြားသောသေနာပတိများလည်း မိမိတို့တပ်မများရှိရာသို့  ပြန်လည်ထွက်ခွာသွားကြပြီဖြစ်သည်။  သားတော်မေဃနာဒလည်း  ဘိဘိသနနှင့်အတူ
လင်္ကာဒီပနန်းတော်သို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။

သီတာဒေဝီနှင့် ထပ်မံတွေ့ဆုံရန် ကျွန်ုပ် ဝန်လေးနေမိသည်။ ကြောက်ရွံ့မုန်းတီးမှုများ ဖုံးလွှမ်းနေသော သူ့မျက်လုံးများကို ကျွန်ုပ်ရင်မဆိုင်လိုပေ။ ကျွန်ုပ်နှင့် တစ်ကြိမ်တွေ့ဆုံတိုင်း သူ၏ကြောက်ရွံ့မုန်းတီးမှုများ တစ်လွှာပြီးတစ်လွှာ
တိုးတက်များပြားလာမည်ကို ကျွန်ုပ်မလိုလားပေ။ ညီတော်ဘိဘိသန၏ လိမ္မာပါးနပ်မှုတို့သည် သီတာဒေဝီ၏ တင်းမာသောစိတ်နှလုံးကို ထိုးဖောက်နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်မိသည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်၏မျက်လုံးအိမ်၌  သီတာဒေဝီ၏ရုပ်သွင်သည် ရစ်ဝဲနေလေသည်။

ဟာရပ္ပမြို့ စစ်ရေးလေ့ကျင့်ခန်းမဆောင်တွင် ကျွန်ုပ်၏လက်နက်သံများ ဖုံးလွမ်းနေသည်။ စစ်မြင်းဆယ်ကောင်တပ်ရထားဘီးမှ သံချွန်များကိုလည်း အသစ်လဲလှယ်တပ်ဆင်စေလိုက်သည်။ သို့သော် မိထိလာလေးတင်ပွဲမှ ရာမမင်းသားပစ်လွှတ်ခဲ့သည့် မြားချက်ကြောင့် ကွဲအက်နေသည့် မြားကာတိုင်လုံးကိုမူ ကျွန်ုပ်အသစ်မလဲခဲ့ပေ။ စီးချင်းတိုက်ပွဲအပြီးတွင် ထိုအသားဝါမင်းသား၏ဦး​ခေါင်းကို ဤတိုင်လုံးမှာပင် ချိတ်ဆွဲရပေမည်။ အိန္ဒုသဲပြင်တွင် စုရုံးနေကြသည့် ဒြာဝိဒိယန်တို့ကိုမူ သူတို့သဘောကျကျေနပ်စေရန် ဓားလှံလက်နက်များပေးလိုက်သည်။

အိန္ဒုသဲပြင်ထက်တွင် ဓားသွားချင်း လှံရိုးချင်း ထိခတ်သံများ ဆူညံနေတတ်သည်။ သူတို့ကို ဦးစီးလေ့ကျင့်ပေးရန်အတွက် ကျွန်ုပ်သည် ဦးရီးတော်အား ခေါ်ယူထားသည်။ ဦးရီးတော်သည် တောင့်တင်းသန်မာသော ဒြာဝိဒိယန်များကို ရွေးချယ်၍ ဓားလှံလေးမြားကိုင်ဆောင်ခြင်းမပြုသည့် တိုက်ခိုက်မှုများကို သင်ကြားပေးလေသည်။ သေနာပတိ ဂုမ္ဘဒီပကိုယ်တိုင်ပင် ဦးရီးတော်၏တိုက်ခိုက်မှုပညာရပ်ကို ရင်သပ်ရှုမောဖြစ်နေသည်။ စစ်ရေးလေ့ကျင့်မှု၏ခုနှစ်ရက်မြောက်နေ့တွင် ဦးရီးတော်သည် သူ့စစ်သည်ရဲမက်များ၏အစွမ်းကို ကျွန်ုပ်အား ခေါ်၍ပြလေသည်။ ဘာလီဘုရင်နှင့်အတူပါလာသည့် မက္ကဋစစ်သည်တို့၏သေနင်္ဂဗျူဟာကို တွေ့မြင်အံ့သြမိသော်လည်း  ဦးရီးတော်၏စစ်သည်များအစွမ်းကို တွေ့ရသည့်အခါ ကျွန်ုပ်သည် ဦးရီးတော်ကို မချီးကျူးဘဲမနေနိုင်ပေ။

“သစ်ပင်နွယ်ကြိုးများနဲ့ ကျွမ်းကျင်တဲ့ မက္ကဋတွေရဲ့ တိုက်ခိုက်မှုကို ငါတုံ့ပြန်ချေဖျက်ထားတယ် ရာဝဏ၊ ကြည့်စမ်း”

သောင်ပြင်တွင် မြင့်မားသော ထင်းရှုးပင်ကြီးတစ်ပင်ကို စိုက်ထူထားသည်။ ထင်းရှုးပင်ထိပ်မှနေ၍ မြက်ခြောက်၊ ရွှံ့စေးများနှင့် ပြုလုပ်ထားသော မက္ကဋစစ်သည်ပုံရိပ်များကို ကြိုးဖြင့် အောက်သို့လွှဲချလိုက်သည်။ အရုပ်များ ထင်းရှုးပင်ကို လက်ယာရစ်လွှဲယမ်း၍ အောက်သို့ဆင်းလာကြသည်။ ထိုအခါ သဲပြင်အောက်တွင် ကိုယ်ကို မြုပ်၍ ပုန်းအောင်းနေသည့် ဦးရီးတော်၏စစ်သည်များသည် လက်ဝဲရစ်ပြောင်းပြန်ပြေးလွှားရင်း လှံတံများကို အရုပ်များဆီသို့ ပစ်လွှတ်လိုက်ကြသည်။ အရုပ်များသည် သောင်ပြင်ပေါ်သို့မရောက်မီ လမ်းခုလတ်မှာပင် လှံတံများစိုက်ဝင်လျက် ပျက်စီးသွားကြသည်။

အရုပ်များ လက်ယာရစ်လွှဲဆင်းလာသည့်အရှိန်ကို ပိုမိုမြန်ဆန်အောင် လှည့်ပတ်စေသည်။ ထိုအခါ စစ်သည်တို့၏ လက်ဝဲရစ်ပြောင်းပြန်လှည့်ပတ်မှုလည်း ပို၍မြန်လာသည်။ အရုပ်များကို လက်ဝဲရစ်လည်ပတ်စေသောအခါ စစ်သည်များသည် လက်ယာရစ်လှည့်ကြသည်။ သူတို့၏လှည့်ပတ်မှုသည် မြန်လွန်းလှသဖြင့် ကျွန်ုပ်တို့မျက်စိထဲတွင် တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဘက်လည်နေသည့် စက်ဝိုင်းနှစ်ခုလိုဖြစ်နေသည်။

“ဒါ ဦးရီးတော်ရဲ့ ပဋိပက္ခသေနင်္ဂဗျူဟာကို သုံးထားတာပဲ မဟုတ်လား”

ဦးရီးတော်မာရဇ္ဇသည် ကျွန်ုပ်ကို ပြုံး၍ ကြည့်လိုက်လေသည်။

“ဟိုဘက်ကို ကြည့်စမ်းပါဦးရာဝဏ”

ဒြာဝိဒိယန်လူငယ် ဆယ်ယောက်ခန့် ဝိုင်းဖွဲ့၍ စကားပြောနေကြသည်ကို ခပ်လှမ်းလှမ်းတွင် တွေ့နေရသည်။ ဦးရီးတော်သည် ပါးစပ်မှ ထူးဆန်းသောအသံများကို အော်ဟစ်လိုက်သည်။ ဦးရီးတော်အသံမှာ လေထဲတွင် မြားတံများဖြတ်သန်းသွားသည့် အသံဖြစ်သည်။ ထိုအသံများကို ကြားလျှင်ကြားချင်း စကားပြောနေကြသည့်လူငယ်များသည် သူတို့တစ်ရပ်စာ ကိုယ်ကို လေထဲသို့ခုန်လိုက်ကြပြီးနောက် တစ်နေရာတွင် မတ်တပ်ရပ် တန်းစီလျက် ပြန်ကျသွားသည်။

“နည်းနည်း နှေးသေးတယ်ဟေ့။ တကယ့်မြားတံက မင်းတို့ဆီ ဒါထက်ပိုပြီး မြန်မြန်ရောက်လာမှာ၊ ကဲ .... မင်းတို့ အဲဒီမှာ ရပ်နေကြ၊ ဟိုဘက်က ဆယ်ယောက် လာကြစမ်း၊ ဟိုနားက ကျောက်ဆောင်ပေါ်တက်ပြီး သူတို့ကို လေးနဲ့ပစ်စမ်း၊ ကျည်တောက်ထဲက မြားတွေကုန်အောင်ပစ်။ ဦးခေါင်းနဲ့ ရင်ဘတ်၊ ဝမ်းဗိုက်နေရာတွေကို ပစ်”

အခြားသူငယ် ဆယ်ယောက်သည် လေးကိုယ်စီဖြင့်  မြားကျည်တောက်ကို လွယ်လျက် ကျောက်ဆောင်ပေါ်သို့ တက်သွားကြသည်။ စောစောက လူငယ်ဆယ်ယောက်တို့သည် သောင်ပြင်တွင် ရပ်လျက် မြားတံများကို စောင့်နေကြသည်။

“ပစ် တော့ ....”

မြားတံများသည်  ဝှစ်ခနဲ  ဝှစ်ခနဲ  ကျောက်ဆောင်ပေါ်မှ ပျံသန်းသွားကြသည်။ သောင်ပြင်ရှိလူငယ်တို့သည် မတ်တပ်ရပ်နေရာမှ လေထဲသို့မြောက်ခုန်ပြီး မြားလမ်းကြောင်းအတိုင်း ကိုယ်ကို ဦးတည်တူရူပေးရင်း ရှောင်တိမ်းကြသည်။ တစ်ယောက်သောသူငယ်သာလျှင် ပခုံးတွင် မြားတံတစ်ချောင်းအစိုက်ခံရပြီး ကျန်မြားအားလုံးမှာ သောင်ပြင်သို့စိုက်သွားကြသည်။

“ဒါက ဘယ်လိုနည်းနဲ့ ရှောင်တာလဲ ဦးရီးတော်”

ဦးရီးတော်သည် သူ၏ကျယ်ပြန့်သော ရင်အုပ်ကြီးကို လက်နှင့် ပွတ်သပ်ရင်း ကျေနပ်စွာ ပြုံးလိုက်လေသည်။

“ပဋိပက္ဓသေနင်္ဂဗျူဟာပါပဲ၊ လေထဲကို ဖြတ်လာတဲ့မြားဟာ သူနဲ့ဆန့်ကျင်ပြီးရှိနေတဲ့ မျက်နှာပြင်ကို ထိုးစိုက်ဖို့အဆင်သင့်ပဲ၊ မြားက ဒီလိုလမ်းကြောင်းနဲ့လာတယ်၊ ပစ်ကွင်းက ဒီလိုအပြားလိုက်ရှိနေတယ်”

ဦးရီးတော်သည် သူ၏ဘယ်ဘက်လက်ဖဝါးကို ညာဘက်လက်ချောင်းများဖြင့် ထိုးစိုက်ပြလိုက်သည်။

“ဒီတော့ ငါက ဒီလိုလုပ်လိုက်တယ်၊ ပစ်ကွင်းရဲ့ တည်နေမှုကို မြားလမ်းကြောင်းအတိုင်း လမ်းကြောင်းချင်း အတူတူဖြစ်သွားအောင်လုပ်လိုက်တယ်၊ ဟောဒီလို ....”

စောစောက ဖြန့်ထားသည့်ဘယ်လက်ဖဝါးကို ညာဘက်လက်နှင့် ယှဉ်၍ပြလိုက်သည်။ လက်နှစ်ဖက်သည် မျဉ်းတပြေးတည်း ဖြစ်သွားသည်။

“ဒီတော့ မြားဟာ သူနဲ့အတူ လမ်းကြောင်းချင်းပြိုင်နေတဲ့ ပစ်ကွင်းကို ထိစိုက်ဖို့မလွယ်တော့ဘူး၊ သူ့ရှေ့မှ အပြင်လိုက်ခံနေမှသာ သူဟာ ပစ်ကွင်းကို ထိစိုက်ရမှာကိုး၊ ပစ်ကွင်းကို အဆမတန်သေးငယ်သွားစေတဲ့ နည်းလမ်းပေါ့၊
ဘယ်လောက်ပဲ  လေးအတတ်မှာ  ကျွမ်းကျင်သူဖြစ်နေပါစေ၊  ပစ်ကွင်းကို  ဒီအနေအထားနဲ့  ချိန်ရွယ်ပြီး  လေထဲကို ကိုယ့်မြားဖြတ်သန်းသွားနေချိန်မှာ အဲဒီပစ်ကွင်းက သေးငယ်ပြောင်းလဲသွားတဲ့နောက် ဘယ်မြားက ဝင်စိုက်နိုင်ဦးမှာလဲ”

“ကျုပ် ပစ်ကြည့်စမ်းချင်တယ်”

ကျွန်ုပ်နှင့်အတူပါလာသော သေနာပတိဂုမ္ဘဒီပက ဦးရီးတော်ကို ပြောလိုက်သည်။ ဂုမ္ဘဒီပကား မြားတံကို ထုတ်ချင်းပေါက်အောင် သို့မဟုတ် တစ်ဝက်မျှစိုက်ဝင်အောင် သို့မဟုတ် အသွားလောက်မျှသာ စူးဝင်အောင် လိုသလို
ချိန်ဆလွှတ်နိုင်သည်အထိ လေးညို့အထိန်းအဆ ကျွမ်းကျင်သူဖြစ်သည်။ ပစ်ကွင်းကို ထိမှန်စေရေးဟူသည်မှာ ဂုမ္ဘဒီပအဖို့ သေးနုပ်သောအမှုမျှသာဖြစ်သည်။

“လုပ်ကြည့်လေကွာ၊ ဟောဟိုစက်ကွင်းကို အရင်ပစ်ကြည့်ဦးပေါ့”

ဦးရီးတော်သည် ခပ်လှမ်းလှမ်းရှိစက်ကွင်းကို ညွန်ပြလိုက်သည်။ ထို့နောက် သူကိုယ်တိုင် ထိုစက်ကွင်းရှိရာသို့သွား၍ စက်ကွင်းကို လက်နှင့်ကိုင်ထားသည်။ ဂုမ္ဘဒီပသည် မြားတစ်ချောင်းကို လေးညို့တွင် တပ်လိုက်ပြီး ချိန်ရွယ်ပစ်လွှတ်လိုက်သည်။ ဦးရီးတော်သည် စက်ဝင်းပစ်ကွင်းကို လက်နှင့်ဆွဲ၍ ဒေါင်လိုက်ဖြစ်အောင် လုပ်လိုက်သည်။ ဂုမ္ဘဒီပ၏မြားတံသည် ပစ်ကွင်းနောက်ဘက် အတန်ငယ်ဝေးရာထိ ပျံသန်းသွားပြီး သောင်ပြင်တွင် ဝင်စိုက်နေသည်။

“တယ်ဟုတ်ပါလား ဦးရီးတော်၊ ဒါပေမယ့် ပစ်ကွင်းကို ပြောင်းလဲသေးငယ်သွားစေဖို့ မြားတံလာနေပြီဆိုတာ ဘယ်လိုလုပ်သိမလဲ”

“အဲဒါကျတော့ သောတအာရုံနဲ့ နိုးကြားမှုအပေါ်မှာ မူတည်တယ်၊ အလေ့အကျင့်လုပ်ရမှာပေါ့”

“မြားတံက သိပ်မြန်တဲ့အရှိန်နဲ့ လာနေတယ်ဆိုရင်ကော တပ်မင်း၊ လေထဲကို သူဖြတ်သွားတဲ့အသံ ကြားရဦးမလား”

မြားချက်လွဲသွားသဖြင့် မကျေမနပ်ဖြစ်နေသော ဂုမ္ဘဒီပက ဝင်မေးလေသည်။

“အဲဒါက သဘာဝရဲ့နိယာမကို မင်းနားမလည်လို့ ဂုမ္ဘီဒီပ၊ လေထဲမှာဖြတ်သန်းလာတဲ့ တစ်စုံတစ်ခုဟာ အရှိန်မြန်လေလေ အသံပိုကျယ်လေလေပဲ။ သိပ်မြန်တဲ့မြားတံဟာ သိပ်ကျယ်တဲ့အသံကိုပါ ဆောင်လာလေ့ရှိတယ်၊ သို့သော်
ဒါကို ချက်ချင်းကြားသိဖို့ကတော့ အလေ့အကျင့်ပဲပေါ့”

“ဟုတ်တယ် တပ်မင်း၊ ကျုပ်နားလည်ပြီ”

ဦးရီးတော်သည် သူ၏ပဋိပက္ဓသေနင်္ဂဗျူဟာများကို အသုံးပြုပြသခွင့်ရသဖြင့် ကျေနပ်နေဟန်ရှိပေသည်။ သို့သော် ပြုံးရွှင်နေသည့် သူ့မျက်နှာသည် ချက်ချင်းတည်ငြိမ်သွားပြီး ရန်သူသားကောင်ကို တွေ့ရသောအခါ ဟိန်းဟောက်တတ်သည့် ခြင်္သေ့ကြီး၏အသံမျိုး သူ့လည်ချောင်းထဲမှ ထွက်လာသည်။

“ငါ့မြေးနှစ်ယောက် ဒုသနဲ့ခရကို ငါ ဒါတွေ သင်မပေးလိုက်ရလို့ သင်းကလေးတွေ အသေဆိုးနဲ့သေရတာ၊ အဲဒါတွေအတွက် ငါ့မှာတင်ရှိနေတဲ့ သွေးကြွေးကို ငါပြန်ဆပ်နေရတာ၊ ဟိုအသားဝါဘုရင်ရဲ့ သား လေးအတတ်မှာဘယ်လောက်ကျွမ်းကျင်နိုင်မလဲ၊ ငါ သူ့မြားတံတွေကို သစ်ကိုင်းက အခက်တွေချိုးသလို ချိုးပြမယ်”

ဤခြင်္သေ့ကြီးသည် သူ၏မြေးနှစ်ယောက်သေဆုံးရခြင်းအတွက် ယခုတိုင် မပြေနိုင်သေးဘဲ ရှိပေသည်။ ဤအခါတွင် ကျွန်ုပ်သည် နှမတော်ဂမ္ဘီကို သတိရလာမိသည်။ ဂမ္ဘီမရှိတော့သည့်နောက်တွင် သူ၏သားရဲတွင်းမှ သမင်ရိုင်းခတ်ပွဲများလည်း မကျင်းပဖြစ်တော့။ သို့သော် သူနှင့်အတူသေဆုံးသွားသော ရွှေသမင်၏ရွှေလှောင်အိမ်မူကား သီတာဒေဝီအတွက် အကျဉ်းထောင်အဖြစ် အသုံးဝင်ခဲ့ပေသည်။ ယခုအချိန်ဆိုလျှင် ရွှေလှောင်အိမ်အတွင်းဝယ် ညီတော်ဘိဘိသနသည် သီတာဒေဝီကို ဖျောင်းဖျသိမ်းသွင်းနေပေရော့မည်။ ဦးရီးတော်မာရဇ္ဇသည်လည်း ကျွန်ုပ်ကဲ့သို့ပင် ဂမ္ဘီကို ဆက်စပ်သတိရနေဟန်တူသည်။

“အင်း  ..... ငါ့တူမကြီးတရိဂမ္ဘီ၊ သူရဲကောင်းပီသစွာကျဆုံးခဲ့တဲ့ တရိဂမ္ဘီ၊ သင်းများရှိနေသေးရင် ခုနေ ငါ့ရဲ့သေနင်္ဂဗျူဟာတွေကို သူကိုယ်တိုင် သင်ယူမှာ၊ ဘိဘိသနတစ်ယောက်ကတော့ ငါ့ကို ဘယ်တော့မှ ဆည်းကပ်မှာမဟုတ်ဘူး၊ သူက စစ်မက်ရေးထက် မျိုးနွယ်စုရာဇဝင်ကို ပိုပြီးစိတ်ဝင်စားတဲ့ကောင်၊ ဒါပေမယ့် သူလည်း ဒီဘက်မှာတော့ တကယ့်သုခမိန်ပါပဲလေ၊ အင်း .... ဟေ့ ရာဝဏ၊ ဘိဘိသနတစ်ယောက်ကော၊  စစ်ရေးလေ့ကျင့်တဲ့ နေရာတွေကို
လင်္ကာဒပဘုရင်လိုက်လံကြည့်ရှုနေချိန်မှာ အိမ်ရှေ့စံမပါဘူးတဲ့လား”

ဦးရီးတော်သည် တစ်ယောက်တည်း ရေရွတ်နေရင်းမှ ဘိဘိသနကို မေးလိုက်သည်။

“အရေးကြီးတဲ့တာဝန်တစ်ခုအတွက် ကျုပ် လင်္ကာဒီပနန်းတော်ကို ခိုင်းလိုက်တယ် ဦးရီးတော်”

ဆက်ရန်
-----------------------------
ချစ်ဦးညို

crd 👉https://m.facebook.com/story.php?story_fbid=124846529177312&id=108529964142302

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)