မုန်း၍မဟူ၊ အခန်း(၂)
ပဝါအနီစကို ဘိုဆံတောက်တွင် ပတ်ပေါင်းလျက်၊ ခေါင်းပေါင်းစ လက်မလောက်ကို အပေါ်သို့ မတ်ထောင်ထားသော မောင်မြသည် စားပွဲခုံနား၌ ရပ်နေလေသည်။ သူဝတ်ထားသော ရှပ်အင်္ကျီ ကော်လာအမာနှင့် အပေါ်ပဒုမ္မာပိတ်အင်္ကျီ အဖြူမှာ ကော်တောင့်လျက် ဖွေးဖြူ နေပေသည်။ ခါး၌ မဲပြာတစ်ပတ်ရစ် ပုဆိုး ခပ်တိုတို ဝတ်ထားကာ ပခုံးပေါ်၌ လက်သုတ်ပဝါအဖြူ တစ်ထည်ကို ဖြန့်တင်ထားလေသည်။
အပေါ်အင်္ကျီမှာ ဟ မနေအောင် ပိတ်ကြယ်စေ့များ တပ်ဝတ်ထားသည်။ ခြေစုံမတ်မတ် ရပ်လျက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရင်ကို ကော့ထားသဖြင့် တောင့်တောင့်ကြီး ဖြစ်နေသည်။
ဝေဝေသည် ပြတင်းတံခါးပေါက် နားတွင် လူမပေါ်အောင် ကိုယ်ကိုဝှက်ကာ ခေါင်းလောက်သာ ထုတ်ကဲကြည့် လိုက်သည်။
စားပွဲပေါ်၌ ဖြူဖွေးနေသော စားပွဲခင်းနှင့် ကြာပွင့်သဏ္ဌာန် ချိုးထည့်ထားသည့် ဖန်ခွက်ထဲမှ လက်သုတ်ပဝါများမှာ မောင်မြအင်္ကျီလိုပင် ကော်တင်ထား၍ တောင့်နေကြသည်။
လက်ဖက်ရည် ကြွေဖြူကရားအိုးနှင့် ငွေရောင် တောက်ပသော သကြားခွက်၊ နို့ခွက်များ အပြင် မုန့်သေတ္တာဘူး၊ ယိုပုလင်း၊ ထောပတ်ခွက်၊ ငှက်ပျောသီး၊ ကြက်ဥ၊ ပေါင်မုန့် စသော စားဖွယ် သောက်ဖွယ်များ မြိုင်မြိုင်ဆိုင်ဆိုင် ပြင်ထားပုံကို ဝေဝေသည် တစ်ခုစီ လျှောက်ကြည့်လေသည်။
ဝေဝေမှာ အိပ်ရာက ထပြီး အောက်ဆင်း ရေချိုးခဲ့ကာ မီးဖိုထဲ၌ ဒေါ်သက်နှင့် ဦးစောဟန်အကြောင်း သွားစကားလက်ဆုံ ကျနေလျက် မနက်စာကို မစားမိဘဲ မေ့နေသည်။
စားချင်စဖွယ် တခမ်းတနား ပြင်ထားသော လက်ဖက်ရည် စားပွဲကြီးကို တစ်မည်စီ လိုက်ကြည့်ရှုရင်း ရင်ထဲ၌ ဆာလာလေသည်။
လက်ဖက်ရည် စားပွဲကို အဆန်းတကြယ် ကြည့်နေရာက ဘုန်းကြီးအချိုပွဲ ကျနေတာပဲ၊ စုံလိုက်တာဟု တွေးလိုက်မိသည်။ စားပွဲ ပြင်နည်းဆင်နည်းလည်း ကြည့်လိုလှသည်။ ဝေဝေတို့ အိမ်တွင် စားပွဲခုံ၊ ကုလားထိုင်နှင့် ထမင်းမစားကြဘဲ ကြမ်းပြင်ပေါ်၌ ခုံနိမ့်စားပွဲဝိုင်း ခင်းလျက် သင်ဖြူးဖျာခင်း စားကြသည်။
ကျကျနန ပြင်ထားသော စားပွဲနှင့် စားပွဲနား၌ တောင့်တောင့်ရပ် နေသော မောင်မြ၏ ပုံပန်းသည် ဝေဝေ၏ မျက်စိထဲ၌ ပနံရ နေပေသည်။ မောင်မြ၏ အသွင်သဏ္ဌာန်ကြောင့် ဟိတ်ထုတ် ပြင်ထားသော စားပွဲကြီးမှာ မောက်မော်ဝင့်ကြွား နေသယောင် မှတ်ထင်ရသည်။ စားပွဲခုံကြီးနှင့် မလှမ်မကမ်းတွင် ခုံတစ်ခုံဖြင့် တင်ထားသော ဆင်စွယ်ဝန်းယှက် ငွေမောင်းကလေးကို မြင်ရ၍ စောစောက မောင်းသံမှာ စားပွဲပြင် ပြီးကြောင်း အချက်ပေးသံပဲဟု တွေးယူရသည်။
အိမ်၏ အပေါ်ထပ်မှ ဘွတ်ဖိနပ်သံ ထွက်ပေါ်လာသည်။ ဝေဝေသည် လန့်ဖျပ်သွားကာ ခေါင်းကို မြန်မြန်ရုပ်လျက် နံရံနှင့် ကျောနှင့် ကပ်ထားလိုက်သည်။ တစ်ဖက်အိမ်ပေါ်မှ ဘွတ်ဖိနပ်သံသည် အခန်းထဲတွင် ပျောက်လိုက် ပေါ်လိုက် ရှိနေပြီးနောက် လှေကားမှ ခပ်ပြင်းပြင်းနင်း ဆင်းလာသံများ ဆက်ကြားရလေသည်။
ဝေဝေသည် ဖိနပ်သံကို နားစိုက်ကာ ရင်တလှပ်လှပ် ဖိုနေသည်။ ပြတင်းတံခါးပေါက် နားသို့ ခေါင်းမကပ်ရဲဘဲ ဖိနပ်သံသာ ဝီရိယစိုက် နားထောင် နေရ၏။ ထမင်းစားခန်းထဲ ဝင်လာသော ဘွတ်ဖိနပ်သံနှင့် ကုလားထိုင် ရွှေ့လိုက်သော အသံများ တိတ်သွားမှ ခေါင်းကို အသာ ဆန့်ထုတ်လျက် မရဲတရဲ ပြန်စီးကြည့် လိုက်သည်။
အသားမည်းမည်း၊ ထောင်ထောင်မောင်းမောင်း ရှိသော ဦးစောဟန်ကို နောက်ပိုင်းမှ စီးမြင်ရသည်။ ရှပ်ဖြူလက်ရှည် ကာကီရောင် ဘောင်းဘီအတို ဝတ်လျက် ဘိုဆံတောက်တိုတို ညှပ်ထားသည်။ ကုလားထိုင်၌ မတ်မတ်ထိုင်ကာ နံနက်ခင်း လက်ဖက်ရည်ကို ကိုယ်တိုင်ဖျော် နေလေသည်။
ဝေဝေ့ဘက်သို့ ကျောပေးလျက် လက်ဖက်ရည် ဖျော်နေပုံကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ မျက်နှာချင်းဆိုင် ကျမနေခြင်းကြောင့် အားရပါးရ ချောင်းကြည့်နိုင်၍ ဝမ်းသာနေသည်။ သောက်ပုံစားပုံတို့မှာ ငြိမ်ဆိတ်လျက် တိတ်ဆိတ်နေ၏။ စားပွဲနား၌ ရပ်နေသော မောင်မြသည် ထွက်သက် ဝင်သက်ကိုမှ မှတ်ရှုနေလေဟန် မလှုပ်မရှက် စောင့်ရပ်ကြည့် နေလေသည်။
စားပွဲ၌ သောက်စားနေသည့် တစ်ချိန်လုံး အနား၌ ရပ်နေသော မောင်မြကို အသက်ရှိလေသည် မမှတ်ဘဲ၊ တစ်ခွန်းမှ လှမ်းစကားပြောတာ မတွေ့ရပေ။
လက်ဖက်ရည် တစ်ခွက်ကုန်၍ နောက်တစ်ခွက် ထပ်ငှဲ့ပြန်သည်။ အရသာခံလျက် စိမ်ပြေနပြေ သောက်စားနေသော ဦးစောဟန်၏ ဘိုဆန်ပုံများကို လေ့လာသုံးသပ်ကြည့် နေရ၍ ဝေဝေ့မှာ အဆာပြေကာ ပြည့်နေလေသည်။
မောင်မြ၏ ဘတ်တလာ အသွင်ကို မြင်မြင်ချင်းပင် ဦးစောဟန်ကို တော်တော် ဘိုဆန်တဲ့လူဟု တွက်လိုက်ပြီးလေသည်။
ဘိုဆံတောက် ဖော်လျက် ပဝါအနီ ပတ်ပေါင်းထားသော ရန်ကုန်က မော်တော်ကား ဒရိုင်ဘာတွေ မြင်ခဲ့တုန်းက “ဘိုကားမောင်းတဲ့ ဒရိုင်ဘာတွေ” ဟု ဖခင် ပြောပြဖူးသဖြင့် ပဝါအနီ ပတ်ပေါင်းထားသော မောင်မြ၏ သခင်ကို မြန်မာတစ်ယောက် အသွင်နှင့် မမြင်တော့ဘဲ ဘိုတစ်ယောက် အမြင်ဖြင့် ပြောင်းမြင်သွားသည်။
ဦးစောဟန်သည် စားသောက်ပြီး စားပွဲ၌ ရပ်လျက် မောင်မြကို လှမ်းစကား ပြောနေသည်။
မောင်မြမှာ ကျောက်ရုပ်လို တောင့်နေရာမှ ဆတ်ခနဲ ခါးညွတ်သွားကာ၊ ရိုသေကျိုးနွံသော အမူအရာနှင့် သခင့်အမိန့်ကို ခေါင်းညိတ်နာယူ နေလေသည်။
အခန်းထဲတွင် ဦးစောဟန်၏သဏ္ဌာန် ပျောက်ကွယ်သွားလျှင် ဝေဝေသည် ကြီးတော်အခန်းမှ သူ၏ အိပ်ခန်းထဲသို့ ပြန်ရောက်လာသည်။
ယနေ့မနက် တွေ့လိုက်ရ မြင်လိုက်ရသော မြင်ကွင်း တစ်ရပ်လုံးသည် မြင်နေကျများနှင့် ပေါင်းစပ် ရောနှော၍ မရဘဲ တစ်ဘာသာစီ ခြားနေကြပေသည်။
ဝေဝေသည် အိပ်ခန်းထဲ၌ ဟိုကြည့် သည်ကြည့် ကြည့်လျက် အရာဝတ္ထု အားလုံး အဟောင်းအမြင်းတွေချည်း မြင်နေရသည်။ မျက်လုံးထဲ အဟောင်းအမြင်းတွေချည်း ဖြစ်ကုန်ုသည့် ပစ္စည်းတွေနှင့် ကမ္ဘာခြားလျက် ဟိုဘက်အိမ်ကလို တစ်ဘာသာမျိုး နေရလျှင် ကောင်းမလိုလို ဘာလိုလို ဖြစ်၍ ကိုယ့်စိတ်ကိုယ် မလုံဘဲ ကိုယ့်ကိုယ်ကိုယ် သရော် နေမိပြန်သည်။
ဝေဝေမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသော မျက်နှာနှင့် မှန်ခုံရှေ့သို့ ရောက်သွားလေသည်။
အောက်ဆင်း ရေချိုးပြီး အိမ်ပေါ်သို့ တက်လာခဲ့ရာ ခုထက်ထိ ဘာမှ မလုပ်ရသေးသဖြင့် ကြာနေရင် ကြီးတော်ဆူမှာ စိတ်ပူသွားသည်။
ကျောက်ပြင်ပေါ်၌ ပျစ်ပျစ်သွေးထားသော သနပ်ခါးများကို ရေပက်လျက် ကျဲအောင် လုပ်လိုက်ကာ သနပ်ခါး ယူမလူးခင် နဖူးပေါ် ကျနေသော ဆံယဉ်ကို ပင့်၍ မှန်ထဲက မျက်နှာကို စိုက်ကြည့်လိုက်သည်။
ဝေဝေ၏ ဖြူဖွေးသော မျက်နှာလေးမှာ စိုဝင်းလျက် နုညက် နေပေသည်။ မျက်နှာပေါ်၌ ပေါ်လွင်သော နှာတံမှာ ဘေးစောင်းကြည့်က ပုံကျကျလေး တင်ထားသလို ရှိလေသည်။ တောက်ကြည်သော မျက်လုံး၊ ပြုံးရယ်သော နှုတ်ခမ်းဖြင့် ကျက်သရေ ရှိနေသော မျက်နှာကလေးကို အသာလှည့်ကာ၊ ညာဘက်ပါးက စပါးတင် မှဲ့စက်ကလေး မြင်ရအောင် အနေအထား ပြုလိုက်၍ မှန်ထဲ ပေါ်လာသော မျက်နှာ လှလှကလေးကို ကြည့်ရတော့မှ စိတ်နှင့် ကိုယ်နှင့် ပြန်တွေ့ သွားလေသည်။
မျက်နှာကို သနပ်ခါးရည်ကျဲ ပါးပါးကလေး ပွတ်လူး လိုက်ပြီးနောက် တို့ဖတ်ပဝါနှင့် သိပ်လိုက်ကာ၊ ပွန်ပီယာပေါင်ဒါ ပန်းရောင်ကို ပါလေဟန်လောက်ပင် တို့ယူ ရိုက်လိုက်သည်။
ဝေဝေ၏ အလှပြင်ခြင်း ကိစ္စ ခဏဖြင့်ပင် ပြီးသွားသည်။ အလှကို မှုန်နေအောင် သနေ၊ ပြင်နေစရာ မလိုဘဲ ပေါင်ဒါကလေး တို့ရုံလောက်ဖြင့် လှပြီးသားမှန်း ကိုယ့်ဟာကိုယ် စိတ်ချထားသည်။
မျက်ခုံးမွေးကို သွားပွတ်တံဖြင့် ဆွဲခြစ်လိုက်သည်။ မျက်ခုံးမွေးမှာ အရင်းတုတ်လျက် အဖျားသွယ်တန်း နေကာ မျက်နှာတွင် ထင်းနေအောင် ပေါ်နေပေသည်။
ဖြီးလိမ်းပြီး ဆံပင်ကို ဖြန့်လျက် ဖဲကြိုးနက်နှင့် စုစည်းချည် လိုက်သည်။ အုပ်လုံး သွင်းစပြု၍ ဆံတောက် ဆံပင်များ အကုန်ဝင်အောင် ဆင်စွယ်ဘီးလေးဖြင့် နောက်ပြန် ပတ်လေသည်။
အင်္ကျီကို ရှံသား အပွင့်ရိုက်ထဲက လှလှရွေး ဝတ်သည်။ ခုတလော အင်္ကျီလက်ဝ ကားကား ကိုယ်ထည် တိုတို အထက်ဆင် ပေါ်ပေါ် ဝတ်နေကြ၍ ကိုယ်ထည်တိုမည့် ရှံသားပန်းရောင် အပွင့်သေးသေး အင်္ကျီကို ရွေးပြီးဝတ်သည်။ တရုတ်ဖဲလုံချည်မှာ အနံရှည်နေ၍ အထက်ဆင် ပေါ်အောင် အင်းလေးလုံချည်အနီ ယူဝတ်လိုက်သည်။
ကိုယ်လုံးပေါ် မှန်ဗီရိုရှေ့၌ ကိုယ်ဟန်ကို နောက်ပြန် ဘေးစောင်း လှည့်ပြု ကြည့်ပြီးနောက် မှန်ခုံအံဆွဲမှ ပန်းစက္ကူ အနီလိပ်ကို ဆွဲထုတ်လိုက်သည်။
စက္ကူအစ ဆုတ်လျက် လျှာနှင့်တို့ကာ နှုတ်ခမ်းကို သုတ်ပွတ်လိုက်သည်။
ဝေဝေသည် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ဦးဘိုးသိန်းသည် ကြိမ်ပက်လက်ကုလားထိုင်ကြီး ပေါ်၌ တင်ပျဉ်ခွေ ထိုင်လျက် ကွမ်းအစ်ကို ပေါင်ပေါ်ချကာ ကွမ်းယာရင်း လယ်သမားများနှင့် စကားပြောနေသည်။
ကျောက်စားပွဲဝိုင်း နားရှိ တန်းလျားပေါ်တွင် လယ်ထဲက ဝေလယျကုလား ဂေါနောနှင့် ဂေါနောလယ်နှင့် တစ်ဆက်တည်း လုပ်သော ဦးသာကြူးကြီး ထိုင်နေသည်။
ဦးသာကြူးမှာ ခရုသင်း ရှိ၍ မျက်နှာနှင့် လက်များ ဆွတ်ဆွတ်ဖြူ နေသည်။ မြို့လာလျှင် အမြဲဝတ်လာသော သက္ကလတ်အင်္ကျီ အနက်၊ ပဝါပန်းရောင်နှင့်ပင် တွေ့ရသည်။
ဝေဝေသည် ဦးသာကြူးကို တွေ့၍ ပြုံး၍ နှုတ်ဆက်လိုက်ကာ “ဘကြီး၊ မုန့်ဆမ်း ပါလား” ဟု လှမ်းမေးလိုက်သည်။
“ယူလာတယ်၊ ဝေဝေ့အဒေါ်က ငါးရံ့လုံး ငါးပိပါ လုပ်ပေးလိုက်တယ်”
ဝေဝေသည် မုန့်ဆမ်း ယူလာသည်ဆို၍ ဝမ်းသာသွားသည်။ တစ်နှစ်တစ်ခါ လယ်ထဲက မုန့်ဆမ်းကို အုန်းသီး သကြားနိုင်းချင်း နယ်လျက် အိမ်နီးချင်းများကို လိုက်ဝေနေကျ ဖြစ်သည်။
သက္ကလတ်အစိမ်း ခင်းထားသော စာရေးစားပွဲတွင် ဝင်ထိုင်ကာ ခုံပေါ်က စာရင်းစာအုပ်များကို ဖွင့်လေသည်။
ဂေါနောသည် ကောက်ရိတ်ခနှင့် မိုးတွင်းက ယူသုံးသော လယ်စရိတ်များကို စာရင်း ပေါင်းပေးရန် ဝေဝေ့ စားပွဲခုံနား ထလာ ပြောလေသည်။
ဝေဝေသည် သားရေဖုံး စာအုပ်ထဲတွင် ဂေါနော စာရင်းကို ရှာကာ ဂဏန်းများ ပေါင်း၍ တွက်ချက်နေသည်။
“ဒီနှစ်လည်း စပါးဈေး အရိပ်အခြည် ကြည့်ရတာ ဟန်မယ် မဟုတ်ဘူး။ စတီးတို့ အာရကန်တို့က ဈေး သိပ်နှိမ်တာ”
ဦးဘိုးသိန်းမှာ ကွမ်းကို ပလုတ်ပလောင်း ဝါးလျက် ဦးသာကြူးကို လှမ်းပြောလိုက်သည်။
“ချိုတာရီ ဆန်စက်က ဘာဘူကုလား ကတော့ ပေါက်ဈေး တစ်ပိဿာ ရှစ်ဆယ်လောက် ရှိမယ်လို့ ပြောတာပဲ၊ ကိုရင့် သီးထောက်ခနဲ့ စပါးပေး နှိမ်ချပြီးရင် ဝမ်းစာချန်ပြီး ပေါက်ဈေးနဲ့ ရောင်းမယ် စိတ်ကူးတာပဲ။ တပေါင်းလမှာ ငတောက်တို့ကို ကျွန်တော် ရှင်ပြုမလားလို့ ...”
“လယ်ထွက် ဘယ့်နှယ်နေမလဲ”
“သင့်တင့်ပါပဲ ကိုရင်ရယ်”
ဦးသာကြူးမှာ ဦးဘိုးသိန်း လယ်လုပ်သားများထဲ အနက် နှစ်သက် အကြာဆုံး သီးစားလယ်သမား ဖြစ်သည်။ ပထမကမ္ဘာစစ် ဖြစ်ချိန်က ဧက ၁၀၀၊ ၁၀ တုန်း ထွန်နိုင်လျက် ဝမ်းစာအတောင့်၊ ကျွဲနွားအတောင့် ရှိသည်။ နောက်ပိုင်း၌ အကြွေးတင်ကာ ကျွဲနွားများ ပြုတ်ကုန်၍ ဧက ၅၀ သာလျှင် လုပ်နိုင်သော အခြေရှိသည်။
“ဂေါနောကို တမံဖို့တဲ့စရိတ် တစ်ဝက်နှိမ်လိုက် သမီး”
ဝေဝေသည် လယ်စာရင်း၊ စပါးစာရင်း၊ ငွေတိုးစာရင်း စာအုပ်များကို တစ်အုပ်စီ ခွဲခြားထားသည်။ ကောက်စိုက်ချိန်၊ စပါးပေါ်ချိန်တို့၌ ဝေဝေ့မှာ ငွေထုတ် ငွေရှင်းဖြင့် ထမင်းကို အချိန်နှင့် မစားနိုင်အောင် အလုပ်များ နေတတ်သည်။ ဒီကြားထဲ တစ်မတ်သား တစ်မူးသားက အစ ရွှေပေါင်လည်း ခံသေးသဖြင့် အားရသည့် အချိန်ပင် မရှိချေ။ ငွေချေး၊ စပါးပေး၊ ရွှေပေါင်ခံ စသော မြေပိုင်ရှင်ကြီးများ၏ လုပ်ငန်း အသွယ်သွယ်ကို ကောင်းကောင်း ကျွမ်းကျင်လေသည်။
လယ်ပိုင်ရှင် သားသမီး ဖြစ်၍ လယ်အကြောင်း နားလည်သည်။ ငွေတိုး ယူပုံ ယူနည်းတွေလည်း မြင်နေသည်။ စပါးပွဲစားကြီး သမီးဖြစ်၍ စပါးအမျိုးမျိုး တင်းတွက်၊ ပေါင်ကိုက်၊ ကတ္တားချိန် နားလည်အောင် သင်ယူ ဆည်းပူးထားသည်။
စပါးကုန်သည်ကြီး ဦးကြာငန်း ဝင်လာလေသည်။ ဦးဘိုးသိန်းသည် ကြိမ်ကုလားထိုင်ကြီးမှ ထလာကာ ကျောက်စားပွဲတွင် တရုတ်ကြီးနှင့် ဝင်ထိုင်ကြလျက် ဘလုပ်ဘရာသားမှ ဒိုင်လာဖွင့်သည့် အကြောင်းနှင့် ဆန်ဈေး အတက်အကျ ပြောဆိုဆွေးနွေး ကြလေသည်။
ဝေဝေသည် ဦးသာကြူးနှင့် ဂေါနောတို့အား စာရင်းရှင်း၊ ငွေထုတ် ပေးနေခိုက် စားပွဲတွင် ရပ်ကွယ် နေကြ၍ အိမ်ထဲသို့ နောက်ဝင်လာသော ဧည့်သည်ကို မမြင်လိုက်ရပေ။
ဦးဘိုးသိန်းသည် နေရာက ထလိုက်ကာ “ကြွပါ ကြွပါ၊ ညက အိပ်ရပါရဲ့လား” ဟု ပျာပျာသလဲ ဆီးကြိုနေသံ ကြားရမှ ဝေဝေသည် စာရင်းငုံ့ရေး နေသော ခေါင်းကို ထောင်ကြည့် လိုက်သည်။
ဦးစောဟန်သည် နောက်ပါ အခြွေအရံများဖြင့် အိမ်ထဲသို့ ဝင်လာလေသည်။ ဦးစာဟန် နောက်မှ လိုက်လာကြသည့် ပိတ်ဖြူဗောင်းထုပ် ခေါင်းပေါင်းကြီးများ ပေါင်းလျက် ခေါင်းပေါင်းစကို ကျောနောက်၌ ပေါင်လယ်အထိ ချထားသော ဒရမ်ဝမ် ကုလားများသည် အိမ်ဝ၌ နေရစ်ခဲ့ကြသည်။
အသားဖြုဖြူ ရွှေသွားနှင့် လူရွယ် တစ်ယောက်သည် ဦးစောဟန်နှင့် အတူပါလာသည်။
ဦးစောဟန်သည် လက်နှစ်ဖက်ကို ကာကီဘောင်းဘီ အိတ်ထဲ ထည့်လျက် လျှောက်လာကာ၊ အိမ်ထဲရောက်မှ ဘောင်းဘီအိတ်ထဲမှ လက်ကိုထုတ်၍ ကာကီဦးထုပ်ကို လှမ်းချွတ်လိုက်ကာ၊ ဦးဘိုးသိန်းကို ပြန်မနှုတ်ဆက်ခင် ဝေဝေကို လှမ်းကြည့်လိုက်သည်။
ဦးစောဟန်၏ တည်ငြိမ်သော အပြုံးကို ဝေဝေ သတိပြုမိသည်။ ဝေဝေသည် ပူထူသွားကာ မလုံသလို ဖြစ်သွားလေသည်။
“ညက အိပ်ရပါတယ် ဦး၊ သူကတော့ ကျွန်တော့် စာရေးကြီးပဲ၊ ဈေးနားမှာ ကျွန်တော်တို့ အော့ဖစ်အတွက် အိမ် ရပြီ”
ဦးဘိုးသိန်းက ထိုင်ရန် ကုလားထိုင် ရှေ့ဆွဲပေးသော်လည်း ဦးစောဟန်သည် မထိုင်ဘဲ ကာကီဦးထုပ်ကို ရင်ဝယ်ပိုက်လျက် မတ်တတ်ပင် ရပ်စကားပြော နေသည်။ ဦးဘိုးသိန်း၏ မျက်နှာမှာ ချိုမြနေသည်။ ဦးစောဟန်၏ စာရေးကြီးကို ကြည့်လျက် ခေါင်းညိတ်ကာ ပြုံးပြလိုက်၏။
“ဒီက စပါးကုန်သည်ကြီး ဦးကြာငန်း ပါပဲ”
တရုတ်ကြီးသည် တုတ်ကောက်ကြီးကို လက်နှင့်ထောက်လျက် ဦးစောဟန်တို့အား ပြူးတူးပြဲတဲ ထိုင်ကြည့်နေရာ၊ မိတ်ဖွဲ့ပေးသဖြင့် ဝမ်းသာအားရ ထရပ်လိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် ဘိုကြီး၊ အလိုရှိတာ အားလုံး ပြောပါ၊ ကူညီပါ့မယ်”
ဦးစောဟန်သည် တရုတ်ကြီး၏ ရယ်ရယ်ပြုံးပြုံး မျက်နှာကို ကြည့်လျက် ခပ်တည်တည်ပင် “ကျေးဇူးတင်ပါတယ်” ဟု ပြန်ပြောလိုက်သည်။
ဝေဝေမှာ ဦးစောဟန်အား စားမတတ် ဝါးမတတ် ကြည့်နေသော ဂေါနောနှင့် ဦးသာကြူးတို့ကို သိပ်ရိုင်းတာပဲဟု စိတ်ထဲက အပြစ်တင်နေသည်။
ဝေဝေသည် ရှက်ကိုးရှက်ကန်း ဖြစ်နေလေသည်။ ဧည့်ခန်း အဆောင်အယောင်များကို ဘယ်လိုများ ထင်မလဲဟု တွေးကြည့်သည်။ ခုံပေါ်က သံလင်ပန်းအဖြူနှင့် ထည့်ထားသော နှုတ်သီးအပဲ့ လက်ဖက်ရည် အကြမ်းအိုး၊ ပန်းကန်လုံးများကို လှမ်းကြည့်လျက် မြင်မှာစိုးကာ ရင်ထဲတွင် ဟိုက်သွားလေသည်။
“ဦးတို့ကိုလည်း ဘာမှ အားမနာပါနဲ့၊ ဦးအိမ်က သိပ်မကောင်းတော့ အားနာပါတယ်၊ ခြံတံခါးလည်း လက်သမားတွေ ခေါ်ပြီး ပြင်ပေးပါဦးမယ်၊ အလိုရှိတာ ပြောပါ”
ဦးစောဟန်သည် ဂိုက်ကို တင်းတင်းထားလျက် နှုတ်က ယဉ်ယဉ်ကျေးကျေးပင် ပြောသည်။
“ကျေးဇူးတင်ပါတယ် ... ဦး၊ အိမ့်အတွက် ဒုက္ခပေးရတာလည်း အားနာပါတယ်၊ အလုပ်ကိစ္စအတွက် ကျွန်တော့် အလုပ်တိုက်ကို လာနိုင်ပါတယ်၊ အလုပ်ချိန်ကတော့ မနက် ၈နာရီက ၁၂ နာရီ၊ ညနေဘက် ၃နာရီက ၅နာရီ ပါပဲ”
ဝေဝေသည် မြန်မာစကားကို ပြတ်တောင်း ပြတ်တောင်းဖြင့် နားပြီး ပြောပုံကို တစ်လုံးချင်း စိုက်နားထောင်းရင်း အိမ်ချင်း ကပ်နေပြီး သူ့အလုပ်တိုက်ကို လာရမတဲ့။ စည်းကမ်း ကြီးလိုက်တာဟု အောက်မေ့နေ၏။
ပွဲစားကြီး ဦးဘိုးသိန်းမှာ နေရာပေးလျက်နှင့် မထိုင်ကတည်းက ရောရောနှေနှော မလုပ်ချင်ပုံကို အကဲခတ်မိသည်။ မြန်မာတစ်ယောက် ဖြစ်၍ မြန်မာအချင်းချင်း ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဖြစ်ရန် အဆင်သင့် ရှိလျက် ဦးစောဟန် အကဲကို ကြည့်ကာ ဖက်လှဲတကင်း ဆက်ဆံရန် ရွံ့သွားလေသည်။
ဦးစောဟန်သည် ဝေဝေတို့ဘက်သိုု့ လှည့်လျက် ခရုသင်းများဖြင့် ဖွေးနေသော ဦးသာကြူး၏ အင်္ဂါရုပ်ကို မမြင်အောင် မျက်စိလွှဲကာ၊ ဝေဝေ့အား ခပ်စောင်းစောင်း ကြည့်လိုက်ပြီးနောက် ဦးဘိုးသိန်းကို ပြုံး၍ နှုတ်ဆက်လိုက်သည်။
“ကဲ ... ဦး၊ သွားပါဦးမယ်”
ဝေဝေသည် ခေါင်းငုံ့လျက် နေသည်။ ဖိနပ်သံများ ဝေးသွားသည့်တိုင်အောင် ခေါင်းကို မထောင်နိုင်ဘဲ ရင်ထဲတွင် လှုပ်ရှားလျက် ရှိသည်။ ပြုံးနေသည့် အတွင်းမှ တင်းနေသော ဦးစောဟန်၏ မျက်နှာကို မြင်ယောင်လိုက်သည်။ မျက်နှာမှာ နဖူးကျယ်ကျယ်၊ နှာတံချွန်ချွန်ဖြင့် ဥပဓိရုပ် ကောင်းလေသည်။
“လူကတော့ ခပ်အေးအေးပဲ ဦးကြာငန်း၊ ဒါပေမဲ့ ဘိုဆန်ဆန်ပဲ၊ ဘီအေအောင်ပြီး ကုမ္ပဏီဘက် ဝင်လုပ်တာ မကြာသေးဘူး”
ဦးကြာငန်းသည် လက်ဖက်ရည်ကြမ်း ပန်းကန်ကို ငှဲ့သောက်လိုက်ကာ “သဘောကောင်းပုံ ရပါတယ်” ဟု ထင်မြင်ချက်ပေးသည်။
ဒေါ်သက် နောက်ဖေးမှ ကော်ဖီဖျော် ထွက်လာသည်။ “ဘယ့်နှယ် ပြန်သွားပြီလား၊ ခုန ထွက်လာတော့ တွေ့လို့ ငါ ကော်ဖီ ဖျော်ခိုင်းနေတာ ဆွဲမထားလိုက်ဘဲကိုး” ဟု ပြောရင်းဆိုရင်း နောက်မှထက်ကြပ် လက်ဖက်ရည်ဗန်း ယူထုတ် လိုက်လာသော မယ်အေးဘက်သို့ လှည့်လျက် ...
“ကဲ ... ကဲ၊ ထောင်ကဲကြီးကို ပေးပါအေ” ဟု ဆိုလိုက်သည်။
ဝေဝေသည် ယွန်းဗန်းအနက် ပေါ်မှ ဖိတ်လျှံ ကျနေသော ကော်ဖီ ပန်းကန်များနှင့် နှစ်ထပ်ရေခဲမုန့် ပန်းကန်တို့ကို လှမ်းကြည့်လိုက်ကာ “ပြန်သွားမှ ထုတ်လာတာ တော်ပါသေးရဲ့” ဟု အောက်မေ့လိုက်သည်။
-----------------------------------
ဂျာနယ်ကျော်မမလေး
crd 👉 http://openread.atspace.cc/works/19052020_nv.html
Comments
Post a Comment