ငှက်ကလေး (အပိုင်း-၇)
#ငှက်ကလေး
အပိုင်း (၇)
ပထမအစမ်းစာမေးပွဲကို ကောင်းကောင်းဖြေနိုင်သည်။ ကိုယ်တို့ တစ်အုပ်စုလုံးပင် ဖြေနိုင်ကြသည်။ ဂျွန်ဆင်နှင့် ကစ်တီတို့နှစ်ယောက်သာ သိပ်မဖြေနိုင်ဘူးဟု ပြောသည်။ ပြောသာ ပြောသော်လည်း သူတို့သည် စာမေးပွဲကျလောက်အောင် ဆိုးတာ မဟုတ်နိုင်။ အပုဒ်စေ့အောင် မဖြေနိုင်တာလောက်၊ တစ်ပုဒ်လောက် ကျန်ခဲ့တောလောက်သာ ဖြစ်မည်။
ဂျွန်ဆင်က စာမေးပွဲဖြေကာနီးကျမှ နေမကောင်းဖြစ်သွားသောကြောင့် ဖြစ်ပါသည်။ ကစ်တီကတော့ မိခိုင်ပြောစကားအရဆိုလျှင် အအိပ်ပုတ်သောကြောင့်ဟု ဆိုသည်။ စာမေးပွဲဖြေနေသော ရက်တွေအတွင်း သူတို့တစ်တွေ မိခိုင်တို့အိမ်မှာ စာစုကျက်ကြသတဲ့။ အရေးကြီးသောဘာသာ မဖြေခင် ညဆိုလျှင် အဲဒီမှာပဲ အိပ်ကြသည်။ ညဆိုလျှင် ညဉ့်နက်အောင် စာကျက်ကြသည်။ သူတို့ မအိပ်ချင်အောင် မိခိုင်တို့မေမေက လက်ဖက်သုပ်တွေ ဘာတွေ လုပ်ပေးသည်။ မိခိုင်တို့ ဖေဖေကတော့ သူတို့အတွက် စားပွဲရှည်ကြီးတစ်လုံးကို ပြင်ပေးသည်။ ထိုစားပွဲကြီးမှာ တစ်ယောက် တစ်ထောင့်စီ ထိုင်ပြီး စာကျက်ကြသည်။
ကစ်တီသည် အစောကြီးပင် အိပ်ငိုက်တတ်သည်ဟု ပြောသည်။ စာကျက်နေရင်းက သူငိုက်ငိုက်ကျသွားတာ တစ်ခါတလေ စားပွဲကိုပင် နဖူးနှင့် `ဒုန်းခနဲ၊ ဒုန်းခနဲ' ဆောင့်မိတတ်သည်တဲ့။ ကစ်တီ အိပ်ငိုက်တာ သိပ်ရယ်စရာကောင်းတာပဲဟု မိခိုင်က ပြန်ပြောပြသည်။
မီးမီးကတော့ အစကတည်းက စာတော်ပြီးသား၊ စာတော်သောကြောင့်ပင် သူက ကိုယ်တို့အတန်းမှာ ရောက်နေခြင်း ဖြစ်သည်။ မိခိုင်နှင့် ကစ်တီတို့က ဘီတန်းမှာ အတူတူ ဖြစ်သည်။
မိခိုင်ကျတော့ စာအတော်ကြီးလည်း မဟုတ်။ ညံ့လည်း မညံ့။ အဆင့်တစ်ဆယ်အတွင်းလောက်တော့ ရှိသည်။
စာမေးပွဲဖြေပြီး နောက်ဆုံးနေ့က ကိုယ်တို့တစ်တွေ ပြန်ကာနီး တွေ့ ကြသည်။ မိခိုင်က သင်္ချာတစ်ပုဒ် အချိန်မရလို့ မဖြေခဲ့ရဘူးဆိုပြီး ငိုမလိုဖြစ်နေသေးသည်။ ကစ်တီကတော့ ငါတို့တော့ အောင်ရင်တော်ပြီ။ အမှတ်နည်းလို့လည်း အိမ်က ဆူမှာမဟုတ်ဘူးဟု ပြောသည်။ ပြီးတော့ သူတို့သည် ဒီကျောင်းပိတ်ရက်အတွင်း ဘင်ခရာသင်တန်းတက်မည့် အကြောင်းတွေ ပြောနေသည်။ ကိုယ်ကတော့ ဘာမျှဝင်မပြောဘဲ နေသည်။ ပြောစရာလည်း ဘာမျှမရှိပါ။
စာမေးပွဲဖြေကာနီး တစ်ရက်၊ နှစ်ရက်အလို နောက်ဆုံးထား၍ ဘင်ခရာသင်တန်း တက်ချင်သူတွေ စာရင်းသွင်းရသည်။ တင်အောင်ခိုင်၊ ဂျွန်ဆင်၊ ဇော်ဝင်း၊ ကစ်တီ၊ မီးမီး၊ မိခိုင် သူတို့အားလုံး တက်ကြမည်ဟု ဆိုသည်။
ကိုယ်ကတော့... "ဒီကျောင်းပိတ်ရက်မှာ ဘင်ခရာသင်တန်းဖွင့်မယ်တဲ့၊ ကိုယ်တက်ချင်တယ်”ဟု မေမေ့ကို ပြောသည်။ မေမေက “တက်ချင်တက်လေ"ဆိုပြီးမှ ခဏစဉ်းစား၍ “သားအဖေကိုလည်း မေးကြည့်ဦး” ဟု ပြောသည်။
မေမေ့ကို ပြောသောအချိန်မှာ သင်တန်းအတွက် စာရင်းပိတ်ရန် နှစ်ရက်သာ လိုတော့သည်။ ထို့ကြောင့် နောက်တစ်နေ့ ကျောင်းဆင်းလျှင် ဖေဖေအလုပ်ရုံသို့ လာခဲ့သည်။
ဖေဖေအလုပ်ရုံမှာတော့ ထုံးစံအတိုင်းပင် လှုပ်လှုပ်ရွရွ ဆူဆူညံညံဖြစ်နေသည်။ ကိုယ်သည် အရင်ကလို မေးမနေတော့ဘဲ ဖေဖေ့စားပွဲရှိရာသို့ တန်းသွားလိုက်သည်။ ဒီတစ်ခါတော့ ဖေဖေ့ကို တစ်ခုခုလုပ်နေလျက်သား မတွေ့ရ၊ လက်တစ်ဖက်ဖြင့် မေးကိုထောက်၍ ထိုင်နေသည်။ တစ်ခုခု စဉ်းစားနေပုံမျိုး ဖြစ်လေသည်။
ကိုယ်သည် ဖေဖေ့ရှေ့မှာ သွားရပ်၏။ ဖေဖေသည် ကိုယ့်ကို သူ့တပည့်တစ်ယောက်ယောက် မှတ်လို့လား မသိ။ မျက်နှာခပ်တင်းတင်း ထား၍ မော့ကြည့်ပြီး ကိုယ့်ကို မြင်သောအခါမှ ...“ဪ... သား၊ ထိုင်လေ”
ဖေဖေသည် ကိုယ့်ကို မြင်သောအခါ မျက်နှာတစ်မျိုး ဖြစ်သွားကြောင်း ကိုယ်သိသည်။ ကိုယ် ဒီကို လိုက်လာတာ ဖေဖေမကြိုက်ဘူးလား မသိ။ ဒါလည်း မဖြစ်နိုင်။ မကြိုက်လျှင် အရင်တစ်ခါလာကတည်းက ဆူမှာပေါ့။ ဖေဖေအလုပ်အကြောင်း စဉ်းစားနေတုန်း ကိုယ်ရောက်သွားသောကြောင့် စိတ်ကူးပျက်သွားတာ ဖြစ်နိုင်သည်။ အိမ်မှာဆိုလည်း ဒီလိုပဲ။ ဖေဖေသည် သူ သတင်းစာဖတ်နေတုန်း သွားစကားပြောလျှင် မကြိုက်ချေ။ ယခုလည်း ကိုယ်မြင်လိုက်ရသေးသည်။ ကိုယ့်ကို မြင်သောအခါ ဖေဖေသည် စားပွဲပေါ်က စာရွက်တစ်ရွက်ကို ခေါက်လိုက်ပြီး အံဆွဲထဲ ထည့်လိုက်သည်။ စာရင်းတွေ ရေးထားတာ ဖြစ်လိမ့်မည်။ အပေါ်ဆုံးက စာကြောင်းမှာ အိမ်၏ကာလတန်ဖိုး ဆိုပြီး ဒီဘက်က ဂဏန်းတွေ ရေးထားသည်။ လေးထောင်လား၊ လေးသောင်းလား မသိ။
ကိုယ် ထိုင်ပြီးပြီးချင်းပင် ဖေဖေက “ကျော်လွင်'ဟု လှမ်းခေါ်လိုက်သည်။ ဟိုတစ်ခါလာတုန်းက တွေ့ဖူးသော လူကြီးသည် ထုရိုက်နေရာမှ မတ်တပ်ရပ်လိုက်သည်။ ဖေဖေက ... “ဪ... အေး ... ဆက်လုပ်၊ ဘယ်သူ အားလဲဟေ့"
ဖေဖေ့တပည့်နှစ်ယောက်သည် ကိုယ်တို့ကျောင်းသားတွေလို ဝုန်းခနဲ ပြိုင်တူထရပ်သည်။
“ဟိုကောင် ... ကာကူးလာခဲ့"
“ဟုတ်ကဲ့ .. ဆရာ”
“ရေခဲသုပ်တစ်ခွက် သွားယူခဲ့၊ စီးကရက်တစ်ဘူးပါ ဆွဲခဲ့ကွာ”
“ဟုတ်ကဲ့ ဆရာ”
ကာကူးဆိုသော လူကြီးထွက်သွားပြီးနောက် ဖေဖေသည် ထထွက်သွားပြန်သည်။ သူ့တပည့်တွေ အလုပ်လုပ်နေတာကို လျှောက်ကြည့်နေခြင်း ဖြစ်သည်။ ရေခဲသုပ်ဖန်ခွက် ရောက်လာသည်။ ကိုယ် ဖေဖေ့ကို လှမ်းကြည့်သည်။ ဖေဖေက ခပ်လှမ်းလှမ်းမှာ ရောက်နေသည်။ ခေါင်းညိတ်ပြသောကြောင့် ရေခဲသုပ်ကို စားသည်။ ကုန်ခါနီးမှာ ဖေဖေရောက်လာသည်။ စားပွဲမှာ ပြန်ထိုင်ပြီး တစ်ခုခု စဉ်းစားနေပြန်၏။
“ဘာပြောစရာရှိလို့လဲ သား”
ကိုယ် နည်းနည်းဝမ်းသာသွားပါသည်။ ဟိုတစ်ခါ လုံချည်ဝယ်ပေးဖို့ ပြောတုန်းက ကိုယ်တစ်ခါလာဖူးသည်။ ဒါကို ဖေဖေက မှတ်မိနေသောကြောင့် ခုလိုမေးခြင်း ဖြစ်ရမည်။ ဒါ ကိုယ့်အကြောင်း ဖေဖေက ဂရုစိုက်ပြီး မှတ်ထားလို့သာပေါ့။
“ဟိုဟာ ဖေဖေ၊ ဒီကျောင်းပိတ်ရက်ထဲမှာ ကိုယ်တို့ကျောင်းမှာ ဘင်ခရာသင်တန်း ဖွင့်မယ်တဲ့”
“အင်း ... ဘာဖြစ်လဲ”
“အဲဒါ ကိုယ်တက်ရမလားလို့”
“ဘင်ခရာသင်တန်း ဟုတ်လား၊ အဲဒါ ဘာလုပ်ဖို့လဲ”
ကိုယ် ဘာဖြေရမှန်း မသိ။ တော်သေးသည်။ ဖေဖေ့တပည့်တစ်ယောက် ရောက်လာပြီး သံချောင်းတစ်ချောင်း လာပြသည်။ ဖေဖေက စားပွဲပေါ်မှ ပေကြိုးကို ကောက်ယူပြီး တိုင်းလိုက်သည်။ "တပ်ကြည့်လေ လိုရင် နည်းနည်းထပ်တိလိုက်”ဟု ပြောသည်။ ကိုယ်သည် ဘယ်လိုဖြေရမလဲဟု ခပ်မြန်မြန် စဉ်းစားနေရသည်။ ဘင်ခရာသင်တန်းတက်ခြင်း၏ အကျိုးကျေးဇူးကို တီချာမေ ပြောပြတာတော့ ရှိသည်။ အများကြီးပဲ။ ကိုယ် ပြန်ရှင်းမပြတတ်။ ဟုတ်ပြီ၊ မှတ်မိပြီ။ ကျောင်းပိတ်ရက်တွေကို အကျိုးရှိရှိ အသုံးချဖို့ အဲဒီလိုပြော ....
"ရှုပ်ပါတယ်ကွာ၊ တက်မနေပါနဲ့”
ကိုယ်စဉ်းစားလို့ မဆုံးခင်မှာပင် ဖေဖေက ပြောလိုက်သည်။ ကိုယ့်ရင်ထဲက ဟာပြီး ဝမ်းနည်းသွားရသည်။ ဖေဖေ့ကိုမူ ကိုယ်ဘာမျှ ထပ်မပြောရဲတော့ပါ။
“ဟင် လို့”
မိခိုင်က ကိုယ့်လက်မောင်းကို လာပုတ်တော့မှ ကိုယ်သတိရပြီး “ဘာလဲ၊ ဘာလဲ” ဟု မေးလိုက်ရသည်။
“နင်ကလည်းဟာ ဘာတွေ စဉ်းစားနေတာလဲ၊ နင်ပါ သင်တန်းတက်ရင် သိပ်ကောင်းမှာပဲလို့ ပြောတာ”
“ကိုယ့်ဖေဖေကမှ တက်ခွင့်မပြုတာ”
“နင့်မေမေက တက်ချင်တက်လို့ ပြောတယ်ဆို”
“အို... မေမေက ပြောပေမယ့် ဖေဖေကမှ ခွင့်မပြုတာ ဘယ်ရမလဲ”
“မင်းတို့အမေက မင်းတို့အဖေကို သိပ်ကြောက်ရလို့လားကွ”
ကိုယ်သည် တင်အောင်ခိုင့်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည်။ ကိုယ် တစ်ခါမျှ ဒီလို မစဉ်းစားမိဖူးသေးပါ။ ကိုယ့်အဖို့ သိချင်တာတစ်ခု ထပ်တိုးလာရပြီ။
“မေမေက ဖေဖေ့ကို ကြောက်နေရသလား"
* * *
ပျင်းစရာကောင်းတာကို ကိုယ် သိပ်မုန်းသည်။ ကျောင်းပိတ်ထားသောကြောင့် သူငယ်ချင်းတွေနှင့် မတွေ့ရချေ။ တကယ်ဆိုလျှင် ကျောင်းပိတ်ထားသော်လည်း တင်အောင်ခိုင်တို့အိမ်ကို သွားလည်လို့ရသေးသည်။ တင်အောင်ခိုင်က သူတို့အိမ်မှာ ကစားရတာ မလွတ်လပ်ဘူး၊ သူ့အစ်ကိုက အမြဲလိုက်ကြည့်နေတယ်၊ ဘာညာပြောတဲ့တိုင်အောင် အိမ်မှာတစ်ယောက်တည်း နေနေရတာထက်စာလျှင် တော်သေးသည်။ ခုဟာက သူ့အိမ်လည်း သွားလို့မဖြစ်။ သူ အိမ်မှာရှိမည်မဟုတ်။ ဘင်ခရာသင်တန်း သွားတက်နေသည်။ သည်တော့ အိမ်မှာပင် တစ်ယောက်တည်း နေနေရသည်။ ဘာမှလည်း လုပ်စရာမရှိ။ တစ်ယောက်တည်း ဆိုတော့ ကစားလို့လည်း ပျော်မည်မဟုတ်ပါ။
ကိုယ့်ရဲ့ တစ်နေ့ တစ်နေ့ အလုပ်တွေကိုကြည့်။ မနက် အိပ်ရာထ၊ မျက်နှာသစ်ပြီး ပေါင်မုန့်ယိုသုတ်စား၊ ကော်ဖီသောက်၊ ပြီးလျှင် လမ်းထိပ်နားထိ လျှောက်ကြည့်ပြီး ပြန်လာ။ ဆယ်နာရီလောက်ကျလျှင် ရေချိုးပြီး ထမင်းစား။ နောက် သတင်းစာလာလျှင် ကြော်ငြာတွေ ဘာတွေ လျှောက်ဖတ်။ နေ့လယ်ပိုင်းကျတော့ လမ်းထဲက မူစိန် စာအုပ်ဆိုင်က ရုပ်ပြတို့ ကာတွန်းတို့ ငှားဖတ်ရသည်။ အများကြီးလည်း မဖတ်နိုင်။ ပိုက်ဆံကုန်သောကြောင့်လည်း ပါသည်။ စာအုပ်တစ်အုပ်ကို ငှားခက အနည်းဆုံး ငါးမူးပဲ။ နောက်ပြီးတော့ အများကြီးဖတ်လျှင် မျက်စိညောင်းလာပြန်သည်။ ထိုအခါ အိပ်ရာပေါ်မှာ ပျင်းပျင်းနှင့် လှဲချရင်း အိပ်ပျော်သွားတတ်သည်။ ညနေပိုင်းကျလျှင် ရေချိုး ထမင်းစားပြီး ခြံထိပ်က ထိုင်ခုံတန်းကလေးမှာ မေမေ့ကို သွားထိုင်စောင့်သည်။ တစ်ခါတလေလည်း မေမေလာတော့မှ ထမင်းတူတူစားသည်။ ကိုယ့်အဖို့ လုပ်စရာက တစ်နေ့တစ်နေ့ ဒါပြီး ဒါပဲ ထပ်နေသည်။ ဘယ်လောက် ပျင်းစရာကောင်းသလဲ။ ကျောင်းပိတ်ရက် ဆယ့်တစ်ရက်ကို အမြန်ဆုံး ကုန်သွားစေချင်သည်။
သည်နေ့မှာတော့ ကိုယ်ဘယ်လိုမှ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် မနက်စာစားပြီး အပြင်ထွက်လာခဲ့သည်။ ဆော်လီမားက ဘယ်သွားမလို့လဲဟု မေးသေးသည်။ ကိုယ်က သည်နားပဲဟု ပြန်ပြောခဲ့သည်။
ကိုယ်သည် ဘယ်ကို သွားရမှန်းမသိဘဲ လျှောက်လာသည်။ ခပ်လှမ်းလှမ်းမှာ တံတားကြီးကို လှမ်းမြင်ရတော့မှ အေးကြည်နှင့် မောင်ပါတို့ကို သွားသတိရမိ၏။ တံတားကြီးဆီသို့ ကိုယ်လျှောက်သွားသည်။ တံတားထိပ်မှ ကြည့်လိုက်သည်။ ချောင်းရေသည် တော်တော်ကျသွားသည်။ ဝါးဖောင်တွေလည်း မရှိတော့။ ငါးဖမ်းနေသော ကောင်လေးတွေလည်း မတွေ့ရ။ ရေကူးနေသူတွေ တစ်ယောက်၊ နှစ်ယောက်သာ ရှိသည်။ အေးကြည်နှင့် မောင်ပါတို့ကိုကား လုံးဝမတွေ့ချေ။ နောက်မှ သတိရသည်။
အရင်တစ်ခါ တွေ့တုန်းက မနက်စောစော။ ခု ဆယ်နာရီခွဲလောက်ပင် ရှိတော့မည်။ သူတို့ အိမ်ပြန်သွားကြတာ ဖြစ်မည်ဟု ထင်သည်။ ကိုယ်သည် ဘယ်သွားရမှန်းမသိတော့ဘဲ အဲဒီမှာပင် ရပ်နေလိုက်သည်။ သည်တစ်ခါ
ကျောင်းပိတ်ရက်သည် ဘယ်လိုမှန်းမသိ။ အရမ်းပျင်းဖို့ ကောင်းသည်။ အရင်က ကျောင်းပိတ်ရက်တွေဆို ကိုယ်ပျော်မိပါသည်။ စာလည်း ကျက်စရာမလို။ ဆရာ၊ ဆရာမတွေကိုလည်း ကြောက်နေစရာ မလို။ ကိုယ့်အိမ်မှာ နေချင်သလို နေလို့ရသည်။ ပြီးတော့လည်း ဖေဖေအိပ်ရာမှ နိုးသည်ထိ ကိုယ်စောင့်နေလို့ရသည်။ သည်တစ်ခါကျတော့ ဖေဖေကလည်း များသောအားဖြင့် အိပ်ရာမှ နိုးသည်နှင့် ကိုယ်နှင့် စကားပြောဖို့ပင် အချိန်မရတော့ဘဲ အလုပ်ကို မြန်မြန်ထွက်သွားသည်။ တစ်ခါတလေ ကိုယ်အိပ်ရာမှ နိုးလျှင် ဖေဖေ ရှိပင် မရှိတော့ချေ။
ခုတစ်ခါ ကျောင်းပိတ်ရက်မှာကျတော့ ကိုယ်သည် ကျောင်းကို သတိရနေမိသည်။ သူငယ်ချင်းတွေကိုလည်း သတိရသည်။ ယောက်ျားလေး သူငယ်ချင်းတွေထဲတွင် တင်အောင်ခိုင့်ကို သတိအရဆုံးဖြစ်၍ မိန်းကလေး သူငယ်ချင်းတွေထဲတွင် မိခိုင်ကို သတိအရဆုံးဖြစ်သည်။ ကိုယ့်စိတ်ထဲမှာ ထူးဆန်းနေတာတစ်ခု ရှိသေးသည်။ ဟိုတစ်ခါ မိုးတွေရွာသောနေ့က မိခိုင်မှာ ထီးမပါသောကြောင့် သူ့အိမ်ကို လိုက်ပို့ခဲ့ရသည့်အကြောင်းကို ခဏခဏ သတိရနေမိခြင်းပင် ဖြစ်ပါသည်။ ဘာကြောင့်လဲလို့ စဉ်းစားလို့ကို မရပါ။
"ဟေး ..“ဆိုသော အသံကို ကြားရသည်။ ကြည့်လိုက်သောအခါ အေးကြည်နှင့် မောင်ပါတို့သည် တံတားကြီးပေါ်သို့ အိပဲ့အိပဲ့ တက်မောင်းသွားသော လော်ရီကားကြီး၏ နောက်မြီးမှာ ခိုစီးနေရာမှ ခုန်ချလိုက်သည်ကို တွေ့ရသည်။ သူတို့ ကိုယ့်ဆီသို့ ပြေးလာ၏။
"ဟေ့ကောင်... ဗိုလ်အောင်ဒင်”ဟု အေးကြည်က လှမ်းခေါ်ရင်း ကိုယ့်နားမှာ လာရပ်သည်။ ကိုယ် ရယ်ချင်သွား၏။ သူတို့သည် ခုထိ ကိုယ့်နာမည်ကို မသိသေးချေ။
“ဘာရယ်တာလဲကွ”
“မဟုတ်ပါဘူး၊ မင်းတို့က ကိုယ့်နာမည်ကို တကယ်မှတ်နေလို့လား”
သူတို့က ဘာမျှပြန်မပြော။ ကိုယ်က ရယ်လိုက်ပြီး... “ကိုယ့်နာမည်က ဗိုလ်အောင်ဒင် မဟုတ်ပါဘူးကွ၊ ညီညီတဲ့"
“ညီညီ ဟုတ်လား”
“အေး ... မင်းတို့ ထင်ထားတာ မှားတယ်”
“သိသားပဲကွ၊ မင်း ငါတို့ကို နာမည်လိမ်ပြောသွားမှန်း၊ ဘာလို့လဲ ဆိုတော့ မင်း စစ်ဗိုလ်မှ မဟုတ်ဘဲ၊ ဗိုလ်အောင်ဒင် မှည့်လို့ ဘယ်ရမလဲ"
“ဒါဆို တိတ်ခွေဇာတ်လမ်းထဲက ဗိုလ်အောင်ဒင်ကကော”
“သူက ဓားပြဗိုလ်ပဲကွ”
“ငါတို့ ရပ်ကွက်ထဲကလို ဖြစ်နေဦးမယ်” ဟု မောင်ပါက ပြောသည်။
ကိုယ်က... “ဘာဖြစ်လို့လဲကွ”
“လာပါကွာ.. လမ်းလျှောက်ရင်း ပြောရအောင်ပါ"
“ဘယ်သွားမလို့လဲကွ” ဟု ကိုယ်က မေးသည်။ အေးကြည်က ပြန်ဖြေသည်။
“ညောင်ဝိုင်းဘက် သွားမလို့ကွ၊ ငါတို့ဘာသာဆို ခုန ဟိုကားကြီးကို ခိုလိုက်သွားမှာ၊ မင်းကိုမြင်လို့ ဆင်းလာတာ”
“ဘာသွားလုပ်မှာလဲ၊ ညောင်ဝိုင်းကို”
မောင်ပါက သူ့လွယ်အိတ်ထဲက လေးခွကို ထုတ်ပြပြီး ... “ငှက်သွားပစ်မလို့လေ၊ မင်း လိုက်ခဲ့ပါလား”
ကိုယ်က မလိုက်ဘူးပြောမည် စိတ်ကူးသေးသည်။ ညောင်ဝိုင်းဘက်ကို တစ်ခါတည်းသာ ရောက်ဖူးသည်။ မေမေနှင့် ဘုန်းကြီးကျောင်းကို လိုက်သွားတုန်းက ဖြစ်သည်။ သူတို့က ငှက်လျှောက်ပစ်မှာဆိုတော့ ချောင်ကြိုချောင်ကြား အဝေးကြီး သွားချင်သွားရမည်။ သို့သော်လည်း ကိုယ်တစ်ယောက်တည်း ပျင်းနေမည်လည်း စိုးသည်။ လိုက်လည်း လိုက်ချင်နေသည်။
“အဝေးကြီး သွားမှာလား”
"သိပ်မဝေးပါဘူးကွ”
“လာပါကွာ၊ လိုက်ခဲ့ပါ"
“အေးလေ သိပ်တောနက်ထဲတော့ မသွားဘူးနော်”
“မင်းကလဲ၊ ဘယ်ကလာ တောနက်ထဲ သွားရမှာလဲဟ၊ သရက်ခြံတွေဘက်ပါ”
ကိုယ် သူတို့နှင့်တူတူ လျှောက်လာသည်။
“ဒါနဲ့ မင်းတို့ ငါးမမျှားတော့ဘူးလား"
“ဒီအချိန် သိပ်မကောင်းသေးဘူးကွ”
ထိုအချိန်တွင် ကုန်ကားကြီးတစ်စင်း လာနေပြန်သည်။ အေးကြည်က ...“ဟာ... ဟို ကားကြီးနောက်က ခိုလိုက်သွားမယ်”
“ဟင့်အင်း ... ကိုယ်မစီးဘူး”
"လာပါကွာ၊ အဲဒါမှ မြန်မြန်ရောက်မှာ”
“ဟင့်အင်းကွာ၊ အဲဒါဆို ကိုယ်မလိုက်တော့ဘူး”
ထိုအခါကျမှ သူတို့လည်း မစီးတော့ဘဲ လမ်းလျှောက်သွားကြသည်။
“ဟေ့ကောင် ... စောစောတုန်းကဟာ ပြောဦးလေကွာ၊ မင်းတို့ရပ်ကွက်ထဲက ဆိုတာ”
မောင်ပါက တစ်ချက်ရယ်လိုက်ပြီး ... "သိပ်ရယ်ရတာကွ”
အေးကြည်ကပါ လိုက်ရယ်သည်။ ကိုယ်ကတော့ ဘာမှန်း မသိသေးသဖြင့် မရယ်ချေ။ မောင်ပါက ဆက်ပြောပြသည်။
"အဲဒါကွာ... တို့ရပ်ကွက်ထဲမှာ ကြံ့ဗဟုံးဆိုတာ ရှိတယ်”
"ဘာ... ကြံ့ဗဟုံး ဟုတ်လား၊ အဲဒါ ကာတွန်းထဲက နာမည်ပဲ"
"ကာတွန်းလား ဘာလားတော့ မသိဘူး၊ ငါတို့ကတော့ ကြံ့ဗဟုံးပဲ ခေါ်တယ်”
“ထားပါတော့၊ ပြောပါဦး ဘာဖြစ်လဲ”
“တစ်နေ့တော့ အဲဒီ ကြံ့ဗဟုံးက အရက်မူးပြီး လျှောက်ရမ်းနေတာကိုး”
“အရပ်လူကြီးက မဖမ်းဘူးလား”
“အရပ်လူကြီးနဲ့ မတွေ့လို့ပေါ့ကွ၊ ဒါပေမယ့် ရဲသားတွေနဲ့ သွားတွေ့ တယ်”
“အဲဒီတော့"
“အဲဒီတော့ ရဲသားတွေက သူ့ကို ဖမ်းတာပေါ့၊ ဖမ်းလည်း ဖမ်းရော ကြံ့ဗဟုံးက ခင်ဗျားတို့ ကျုပ်ကို ဘာမှတ်နေလို့လဲ၊ ကျုပ်က ဗိုလ်ကြီးစိန်အေး သားဗျလို့ ပြောလိုက်ရော၊ နောက်မှ မင်းအဖေက ဘယ်တပ်က ဗိုလ်ကြီးလဲလို့ ပြန်မေးတော့မှ ကြံ့ဗဟုံးက ဘယ်တပ်ကမှ မဟုတ်ဘူး။ ကျုပ်အဖေ နာမည်က ဦးဘိုကြီး၊ ကျုပ်အမေက ဒေါ်စိန်အေး၊ ဒါကြောင့် ဘိုကြီးစိန်အေး သားလို့ ပြောတာဗျ တဲ့”
ကိုယ်က ရယ်နေရာမှ မေးလိုက်သည်။
“အဲဒါနဲ့ လွှတ်လိုက်ရောလား
"ဘယ်လွှတ်မလဲဟ၊ တစ်ည ချုပ်ထားလိုက်တာပေါ့”
ကိုယ်ပျော်သွားသည်။ သူတို့သည် ဆင်းရဲကြသည်။ ပညာလည်း သိပ်မတတ်။ သို့သော်လည်း ရယ်စရာတွေ ဘာတွေ ပြောတတ်သည်။ ပြီးတော့ ကြွားလည်း မကြွားတတ်ချေ။ ကိုယ်တို့ကျောင်းက တချို့ ကောင်တွေဆို သိပ်ကြွားတတ်သည်။ အဝတ်အစားအသစ်တွေ ဘာတွေ ဝတ်လာသည့်နေ့ဆိုလျှင် ပိတ်စက ဘယ်လောက်ဈေးကြီးကြောင်း ပြောကြသည်။ ပြီးတော့ သူတို့အဖေတွေ၊ အမေတွေက ဘယ်လောက် ချမ်းသာကြောင်း၊ ဘယ်လောက် ရာထူးကြီးကြောင်း ပြောကြသည်။ တချို့ကောင်တွေကျတော့ အိမ်က လူကြီးတွေ မသိအောင် ပိုက်ဆံတွေ တိတ်တိတ်ယူလာပြီး တစ်နေ့ တစ်နေ့ပဲ မုန့်ဖိုးငါးကျပ်လောက် ရသလို ပြောတတ်ကြသည်။ အဲဒီလိုကောင်တွေနှင့် ကိုယ်တို့အုပ်စု မတည့်ကြချေ။ အပေါင်းအသင်းလည်း သိပ်မလုပ်ချင်။
ခု အေးကြည်တို့၊ မောင်ပါတို့ကျတော့ ဒါမျိုးတွေ မရှိ၊ သူတို့မှာ ကြွားစရာဆိုလို့လည်း ဘာမှမရှိတာမှ မဟုတ်ဘဲ။ လေးဂွလက်တည့်တာလောက်သာ ကြွားစရာရှိလေသည်။ သူတို့သည် တကယ်လည်း လက်တည့်ကြပါသည်။ သွားနေရင်းက လမ်းမှာတွေ့သော ဓာတ်တိုင်တွေ၊ ခွက်စုတ်တွေ၊ သစ်ပင်တွေကို လှမ်းလှမ်းပစ်တာ အမြဲတမ်း ထိသည်။ လူပြတ်သောနေရာတွင်ဆိုလျှင် ဆိုင်းဘုတ်တွေ ဘာတွေကိုပါ သူတို့က ပစ်တတ်သည်။ ကိုယ်က မပစ်စေချင်ပါ။
"ငါတို့ တီချာမေက ပြောဖူးတယ်ကွ၊ ဆိုင်းဘုတ်တို့ ဘာတို့ဆိုတာ လူတွေကို ကူညီဖို့ စိုက်ထူထားတာတဲ့၊ ပျက်စီးအောင် မလုပ်ရဘူးတဲ့”
“ဘယ်လိုကူညီလို့လဲကွ၊ သူ့ဟာသူ နေနေတာပဲ”
“ငါတို့ကိုတော့ တစ်ခါမှ မကူညီပါဘူး”
သူတို့က ပြောကြသည်။
ကိုယ်က “ဒီလိုလေကွာ၊ သိပြီးတဲ့ လူတွေကတော့ အရေးမကြီးဘူးပေါ့။ တခြားမြို့ကလာတဲ့လူတွေတို့၊ တောက တက်လာတဲ့ လူတို့ကျတော့ ဆိုင်းဘုတ်ကို ဖတ်ပြီး ဆေးရုံတို့ ဘာတို့ သိနိုင်တာပေါ့ကွ”
“စာမဖတ်တတ်ရင်ကော"
“ဒါဆို သူများကို မေးမှာပေါ့ကွ”
“ဟင်.. ဘာထူးသေးလို့လဲ”
လျှောက်မေးနေသော မောင်ပါကို အေးကြည်က “မင်းကလည်း သိပ်စကားကြာရှည်တယ်”ဟု ဝင်ပြောသည်။ မောင်ပါက အေးကြည်၏စကားကို ဂရုမစိုက်ဘဲ ထပ်ပြောပြန်လေသည်။
"ဒါဆို ငါမေးမယ်ကွာ၊ တို့မြို့အထွက်မှာ ဆိုင်းဘုတ်တွေ ရှိတယ် မဟုတ်လား၊ ကတ္တရာလမ်းပေါ် လှည်းမမောင်းရ ဆိုတာလေ၊ အဲဒါကျတော့ကော”
“အဲဒါလား"
ကိုယ်သည် ဘယ်လို ဖြေရမှန်းမသိ၍ စဉ်းစားနေရသည်။ အေးကြည်က မောင်ပါကို “မင်းက ပြောလေ ကဲလေပါလားကွ"ဟု ပြောသည်။ မောင်ပါကလည်း "ငါမသိလို့ မေးတာပေါ့ကွ” ဟု ပြန်ပြော၏။
ကိုယ်လည်း ...."အင်း ... ဟိုဥစ္စာကွာ၊ ကားလမ်းပေါ်ကို လှည်းတက်မောင်းရင် လမ်းပျက်စီးကုန်မှာပေါ့ကွ”
“ကားမောင်းတော့ကော မပျက်ဘူးလား”
"ကားဘီးက ပျော့ပျော့လေးပဲကွ၊ လှည်းဘီးက သံခွေကြီးတွေ ပါတာပဲ"
“တော်ကြစမ်းပါကွာ၊ ကိုယ် နားမလည်တဲ့ကိစ္စတွေ ငြင်းမနေကြစမ်းပါနဲ့”
အေးကြည်က ဝင်၍ ဖြန်ဖြေသည်။ ထိုအခါကျမှ ကိုယ်တို့ စကားပြတ်သွားကြ၏။ ဘုန်းကြီးကျောင်းတစ်ခုထဲက ကိုယ်တို့ ဖြတ်သွားကြသည်။ အေးကြည်နှင့် မောင်ပါတို့သည် လေးဂွတွေကို လွယ်အိတ်ထဲ ထည့်ပြီး ဝှက်ထားကြသည်။ ဘုန်းကြီးကျောင်းနားမှာ ငှက်ပစ်လျှင် ဘုန်းကြီးတွေက လိုက်ရိုက်တတ်သည်ဟု ပြောသည်။ ငှက်တွေကလည်း ဒါကို သိနေသလားတောင်မှ ထင်ရသည်။ ကျောင်းဝင်းထဲမှာ ဟိုသည်ပျံသန်းနေကြတာ အများကြီးပဲ။ ဘုန်းကြီးကျောင်းကို တော်တော်လေးကျော်လာမှ သရက်ပင်တွေရှိသော နေရာသို့ ရောက်လာသည်။ ကိုယ် သည်လိုနေရာမျိုးကို မရောက်ဖူးသဖြင့် တကယ့်တောကြီးထဲ ရောက်နေသလို ထင်ပြီး လန့်မိသေးသည်။ သူတို့ကတော့ "သရက်ခြံတွေကွ” ဟု ပြောပါသည်။ သူတို့နှစ်ယောက်သည် လေးတွေကို အသင့်ထုတ်ကိုင်ထားသည်။
“ဟေ့ကောင်တွေ.. ဟိုမှာ ဟိုမှာ"
“ဘယ်မှာလဲ”
"ဟိုမှာလေကွာ၊ ဟို အကိုင်းပေါ်မှာ ပစ်လေ”
သူတို့ မပစ်ကြ။ ကိုယ်ပြလိုက်သောငှက်မှာ နှံပြီစုတ်တစ်ကောင်။ မောင်ပါက ရယ်နေသည်။
အေးကြည်က ...“ဒီလောက်ကလေးကို ပစ်လို့ ဘာလုပ်မှာလဲကွ ညီညီရ၊ မှတ်ထားကွ၊ 'နှံပြီစုတ် တစ်လုပ်စာ ငရဲတစ်ပိဿာ၊ ကျီးကန်း အတောင်ကိုစုတ်၊ ရင်အုံသားကို ဝအောင်အုပ်'တဲ့၊ ငရဲကြီးတာချင်းတူတူ အကောင်ကြီး ကြီးကို ပစ်မှကွ”
ငရဲဟု ဆိုသောကြောင့် ကိုယ်ကြောက်သွားပြန်သည်။ ပြီးတော့မှ ကိုယ်ကိုယ်တိုင် မပစ်ရင် ပြီးတာပဲဟု စိတ်ကို ဖြေရသည်။ စောစောတုန်းက သူတို့ ကိုယ့်ကို မေးသေးသည်။ "မင်း လေးခွပစ်တတ်လား"တဲ့။ "ပစ်တော့ ပစ်တတ်တာပေါ့ကွ။ မင်းတို့လောက်တော့ ဘယ်တည့်မလဲ"ဟု ကိုယ်က ပြန်ပြောသည်။ “ပစ်ကြည့်ကွာ” ဟု ဆိုသောကြောင့် ခပ်လှမ်းလှမ်းက ဓာတ်တိုင်ကို ပစ်လိုက်၏။ တစ်ထွာလောက် လွဲသွားသည်။ “နေပါစေကွာ၊ မင်းတို့ပဲပစ်၊ ကိုယ် ဘေးက လိုက်ခဲ့မယ်” ဟု ပြန်ပြောခဲ့ရသည်။
“ဟိုမှာ... ဟေ့ကောင်"
ကိုယ်က အော်လိုက်ပြီး လက်ညှိုးထိုးပြသည်။ ကိုယ့်အော်သံကြောင့် ကျီးကန်း လန့်ပျံပြေးသွား၏။
“ညီညီကတော့ မလွယ်ဘူးကွာ၊ ငှက်ပစ်တယ်ဆိုတာ ခြေသံတောင်မှ လုံရတယ်ကွ”
“အေးပါကွာ၊ ကိုယ် သတိထားပါ့မယ်”
ကိုယ် သတိလက်လွတ်ဖြစ်ပြီး အော်မိခြင်းသာ ဖြစ်သည်။ တကယ်တော့ ကိုယ်လည်း ခြေသံလုံအောင် လျှောက်တတ်ပါသည်။ ကျောင်းမှာ သေနတ်ပစ်တမ်း ကစားလျှင် ခုလိုပဲ ချောင်းမြောင်းပြီး သွားရတာပဲဟာ။
ကိုယ်တို့သည် တော်တော်ကြာအောင် သရက်ပင်တွေကြားမှာ လျှောက်ချောင်းပြီး ကျီးကန်းတွေကို လိုက်ပစ်သည်။ ကျီးကန်းတွေကလည်း တော်တော်လျင်သည်။ လူကို ရိပ်ခနဲ မြင်တာနဲ့ ပျံပြီး ပြေးတော့သည်။ ဒီကောင်တွေ အငိုက်မိမှ ရမည်။ ဒါတောင်မှ မလွယ်။ လေးခွနှင့် ချိန်လိုက်တာနဲ့ လှစ်ခနဲ ထပျံသွားတတ်သည်။ လက်တည့်သော အေးကြည်နှင့် မောင်ပါတို့ပင် မလွယ်ကြောဘဲဟု ညည်းကြရသည်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ သူတို့ လက်တည့်တယ်ဆိုတာက ငြိမ်နေတဲ့ဟာတွေ ပစ်ခြင်းသာ ဖြစ်မည်။ ကျီးကန်းလို သိပ်လျင်နေတဲ့ ကောင်တွေကျတော့ သူတို့လည်း လက်မတည့်နိုင်တော့။ ကျီးကန်းကို ရှေ့တည့်တည့်က ရင်ဆိုင်မပစ်ဘဲ နောက်ဘက်က ချောင်းပြီး ပစ်မှ ထိတော့သည်။ နောက်ကနေ ပစ်တော့ ချက်ကောင်းကို မမှန်၊ ထိပြီးကျလာသော်လည်း ချက်ချင်းမသေဘဲ အတောင် တဖျပ်ဖျပ် ခတ်၍ ခုန်ဆွခုန်ဆွလုပ်ပြီး ပြေးသေးသည်။ မောင်ပါက ခြေထောက်ကို ပြေးဆွဲပြီး သစ်ပင်နှင့် ခေါင်းကို တဖုန်းဖုန်းရိုက်လိုက်မှ ငြိမ်သွားသည်။ ကိုယ်သည် ကျီးကန်းကို သနားသွားပြန်၏။
တော်တော်ကြာကြာ ပစ်ပြီးမှ ကျီးကန်းနှစ်ကောင်နှင့် ဆက်ရက်တစ်ကောင် ရသည်။ ကိုယ်တို့လည်း ပြန်လာခဲ့ကြ၏။ လမ်းမှာ မီးခိုးတလူလူ ထွက်နေသော မီးပုံကလေးတစ်ပုံကို တွေ့ရသည်။ အေးကြည်က“ဟာ....အတော်ပဲ၊ အဲဒီ မီးပုံမှာ ဒီကောင်တွေ ကင်စားရအောင်”
"ဟာကွာ.. ပြန်ကြရအောင်၊ စားမနေပါနဲ့၊ အချိန်မရှိတော့ဘူး၊ ကိုယ့်အိမ်က ဆူနေလိမ့်မယ်”
အမှန်တော့ ကိုယ်လိမ်ပြောလိုက်ခြင်း ဖြစ်သည်။ ကိုယ့်ရှေ့တင် ပစ်ချပြီး ကိုယ့်ရှေ့တင် ရက်ရက်စက်စက် ရိုက်သတ်ခဲ့သော ကျီးကန်းတွေ၊ ဆက်ရက်တွေကို ကိုယ့်ရှေ့မှာပဲ အမွှေးတွေ နှုတ်ပြီး မီးကင်တာကို ကိုယ် မကြည့်ချင်ပါ။ စားလည်း မစားရဲပါ။
“အေးလေ..ပြီးရောပေါ့”ဟု အေးကြည်က ပြန်ပြောသည်။ မောင်ပါကမူ သူ့လွယ်အိတ်ထဲမှ ဆေးပေါ့လိပ်တစ်လိပ်ကို ထုတ်၍ မီးပုံသို့ ပြေးပြီး မီးညှိသည်။ ကိုယ်က လှမ်းပြောလိုက်သည်။
“ဟာ.. မင်း ဆေးလိပ်သောက်တယ် ဟုတ်လား”
“အေးလေ... ဘာဖြစ်လဲ”
“ကလေးဆို ဆေးလိပ်မသောက်ရဘူး"
"ဟာ.. ငါတို့ဆီမှာတော့ ဒီလိုပဲ”
မောင်ပါသည် စကားကို မဆက်ဘဲ ဆေးလိပ်ကို တအားဖွာပြီး မီးခိုးတွေကို ရှိုက်လိုက်သည်။ ပြီးတော့ ဆေးလိပ်ကို အေးကြည်ဘက် ကမ်းပေးလိုက်သည်။ အေးကြည်ကလည်း မောင်ပါလိုပင် အားရပါးရ ဖွာနေ၏။ ကိုယ်က မေးသည်။
“မင်းတို့ အသက်ဘယ်လောက်ရှိပြီလဲ”
အေးကြည်က.. “ဆယ့်ခြောက်နှစ်”
မောင်ပါက... “ဆယ့်ခုနှစ်နှစ်”
“ဟင် ... တကယ်လား'
ကိုယ် အံ့သြသွားသည်။ သူတို့သည် ဆယ့်ခြောက်နှစ်တွေ၊ ဆယ့်ခုနစ်နှစ်တွေ ပြောသော်လည်း အရပ်တွေက ကိုယ့်လောက်သာ ရှိသည်။ ကိုယ်လုံးကတော့ ကိုယ့်ထက် ကြီးလေသည်။ သူတို့ကလည်း ကိုယ့်အသက်ကို မေးပြီး ဆယ့်သုံးနှစ်ပြည့်ခါနီးဟု ပြောသောအခါ အံ့သြသွားကြသည်။
“ဒါနဲ့ နေပါဦးကွ၊ မင်းတို့ ဆေးလိပ်သောက်တာကို မင်းတို့အဖေတို့၊ အမေတို့က မဆူကြဘူးလား”
"မဆူပါဘူး၊ အမေက ငါ့ဆီကတောင် ဆေးလိပ် တောင်းတောင်းသောက်သေးတယ်”ဟု အေးကြည်က ပြောသည်။
မောင်ပါကတော့..." ငါ့ကိုတော့ ဆူမယ့်သူ မရှိဘူး”
“ဘာလို့လဲ”
"ငါ့မှာ အဖေရော၊ အမေရောမှ မရှိတာ”
“ဟင်... မရှိဘူးလား၊ မင်း ဘယ်သူနဲ့နေလဲ”
"အဘွားနဲ့”
“မင်းအဘွားကကော မဆူဘူးလား”
“အဘွားက မျက်စိတောင် မမြင်ဘူး”
"ဪ... ဒါဖြင့် မင်းတို့ ငှက်ပစ်တာတို့၊ ငါးမျှားတာတို့ကျတော့ကော မဆူဘူးလား”
"ဟာ... ဘာလို့ ဆူရမှာလဲ၊ ဟင်းစားရှာတာပဲဟာ၊ ငါးမမျှားဘဲ လျှောက်ဆော့ရင်သာ ဆူတာပါကွ”
သူတို့သည် တစ်မျိုးပဲ။ ကိုယ်တို့တွေနှင့် မတူတာတွေ ရှိသည်။ ကိုယ်တို့ကျောင်းမှာဆိုရင် ငါးပါးသီလ သင်ရသည်။ သူများအသက်ကို မသတ်ရ။ ကိုယ်စဉ်းစားမိသည်။ သူတို့သည် ပညာမတတ်သောကြောင့် ဖြစ်ရမည်။ သို့ဖြစ်လျှင် သူတို့မိဘတွေကကော၊ ကိုယ် မတွေးတတ်တော့။
“ရော့... သောက်မလား"
ကိုယ်စဉ်းစားနေတုန်း မောင်ပါက ပြောလိုက်သောကြောင့် ကြောင်သွားမိသည်။ သူက ဆေးပေါ့လိပ်ကို ကိုယ့်ဆီ ကမ်းပေးသည်။
“ဟင့်အင်း ... ကိုယ် မသောက်တတ်ဘူး”
“သောက်ကြည့်ပါလားကွ”
ကိုယ် ခေါင်းခါလိုက်သည်။
“သောက်ပါကွ”
“ဟင့်အင်းကွာ၊ ကလေးဆိုတာ ဆေးလိပ်မသောက်ရဘူးတဲ့”
အေးကြည်ကလည်း "သူ မသောက်ချင်တာ မတိုက်ပါနဲ့ကွ "ဟု ဝင်ပြောသေးသည်။ မောင်ပါက မရဘဲ ကိုယ့်လက်ကြားထဲသို့ ဆေးလိပ်ကို ညှပ်ပေးလိုက်သည်။ ကိုယ်သည် ဆေးလိပ်တိုကို ကြည့်နေမိသည်။ သောက် ရင်ကောင်းမလားဟုလည်း စဉ်းစားကြည့်မိသည်။ ကိုယ်မသောက်ရဲ။ ထိုအချိန်မှာပင် ဆေးလိပ်မှ အူထွက်လာသော မီးခိုးတွေက ကိုယ့်နှာခေါင်းထဲ ဝင်သွား၏။ ကိုယ်မွှန်ထူသွားပြီး ချောင်းတဟွတ်ဟွတ် ဆိုးသည်။ ဆေးလိပ်တိုကို လက်ထဲမှ ပစ်ချလိုက်သည်။ ကိုယ့်စိတ်ထဲတွင် ဘင်ခရာသင်တန်းသာ တက်ခွင့်ရလျှင် ခုချိန်ဆို သိပ်ပျော်စရာကောင်းမှာပဲဟု သွားတွေးလိုက်မိလေသည်။
ဆက်ရန်
-------------------------
#မင်းလူ
Comments
Post a Comment