လင်္ကာဒီပချစ်သူ၊ အပိုင်း (၁၈)

အခန်း (၉)
ရာဝဏနှင့် ရာမမင်းသား

ကျွန်ုပ်သည် ခံတပ်ထောင့်စွန်း အမြင့်ဆုံးထိပ်သို့ ခုန်တက်လိုက်သည်။ ဤနေရာတွင် ကျုံးရေပြင်သည် အခြားနေရာများထက် အနည်းငယ်ကျဉ်းမြောင်း၍ ထောင့်စွန်းဖြစ်နေသောကြောင့် လေသည်လည်း အခြားနေရာများလောက် အရှိန်မပြင်းချေ။ လရောင်အောက်တွင် သင်းကလည်း ခံတပ်ထိပ်မှကျွန်ုပ်ကို ထင်ရှားစွာ တွေ့မြင်သွားသည်ဟု ထင်သည်။ ကျွန်ုပ်၌ လေးမပါ။ ဓားမြောင်စသည့် ပစ်စိုက်ရန်လက်နက်လည်းမပါ။ သွေးများရွဲနစ်နေသည့် နှစ်ဖက်သွားပုဆိန်နှစ်လက်သာရှိနေသည်။

လက်ထဲမှပုဆိန်နှစ်လက်ကို အသွားချင်း ရိုက်ခတ်လိုက်သည်။ သံသွားချင်းထိတွေ့သံသည် ကျုံးရေပြင်ကိုဖြတ်လျက် ကျယ်လောင်စွာ ပေါ်ထွက်သွားသည်။ ရာမသည် ထိုအသံကိုကြားလိုက်ဟန်ဖြင့် ကျွန်ုပ်ရှိရာဘက်သို့ ကြည့်လိုက်သည်။ သူ့လက်သည် ပခုံးတွင်လွယ်ထားသည့် မြားကျည်တောက်ဆီသို့ ရောက်သွားသည်။ လက်ထဲမှပုဆိန်တစ်လက်ကို သင်းဆီသို့ ပြင်းစွာသောအဟုန်ဖြင့် ပစ်လွှတ်လိုက်သည်။ လေထဲသို့
ပုဆိန်ဖြတ်သွားသည့်အသံသည် ပိတုန်းတစ်အုပ် တစ်ပြိုင်တည်းထပျံသွားသည့်အလား ကျွန်ုပ်၏နားထဲ၌ ကြားလိုက်ရသည်။ သို့သော် .....။

ပုဆိန်သည် ရာမ၏ရှေ့သို့ဖြတ်ဝင်လာသည့် မက္ကဋတစ်ဦး၏ရင်ဘတ်ကိုသာ စိုက်ဝင်သွားသည်။ ထိုမက္ကဋသာ မဝင်လာပါက ...........။

ထိုအခိုက် ကျွန်ုပ်၏ဝဲလက်တွင်းမှာ ကျန်ရှိနေသောပုဆိန်ရိုးသို့လည်း မြားတစ်စင်းဝင်စိုက်လာသည်။ ရာမကိုလှမ်းကြည့်လိုက်သောအခါ သူသည် နောက်ထပ်မြားတစ်စင်းကို လေးညို့တွင်  ငင်နေသည်ကို  တွေ့ရသည်။ ကျွန်ုပ်၏ဝဲဘက်လက်အတွင်းမှ ကျန်သောပုဆိန်ကို မြှောက်ယူလိုက်သည်။ သို့သော် ဒြာဝိဒိယန်နှင့် မက္ကဋစစ်သည်များသည် ကျွန်ုပ်နှင့်ရာမအကြားသို့ လုံးထွေးရောက်ရှိတိုက်ခိုက်ကြပြန်သဖြင့် ကျွန်ုပ်တို့ တစ်ဦးကိုတစ်ဦး မျက်ခြည်ပြတ်သွားကြပြန်သည်။

သင်းနှင့်တကွသော ရန်သူခေါင်းဆောင်များကို ရှင်းလင်းစွာ တွေ့မြင်နိုင်မည့်နေရာများဆီသို့ ကျွန်ုပ် ခံတပ်တစ်လျှောက် ခုန်ကူးရင်း ရှာဖွေခဲ့သည်။ သို့သော် နောက်ထပ်မတွေ့ရတော့။ သစ္စာဖောက်ဘိဘိသနကိုမူကား  အရိပ်အယောင်မျှပင် မမြင်ရချေ။ မက္ကဋဘုရင်သုခရိတ်ကိုလည်း ကျွန်ုပ်တစ်ခါမျှမမြင်ဖူးသဖြင့် များစွာသော မက္ကဋများအကြားတွင် ရှာဖွေမတွေ့နိုင်ချေ။ သားတော်မေဃနာဒသည် မြားပစ်စင်များပေါ်တွင် မရှိတော့ချေ။ ယခုအခါမြားပစ်စင်များလည်း ကျိုးပဲ့ပျက်စီးနေကြပြီဖြစ်သည်။ ဒြာဝိဒိယန်တို့သည် လေးမြားကိုစွန့်လျက် ဓားလှံပုဆိန်များနှင့် တိုက်ခိုက်နေကြသည်။ တိုက်ပွဲသည် ခံတပ်ထိပ်တွင်သာမက ခံတပ်အောက်မြေပြင်ပေါ်တွင်လည်း ပြင်းထန်စွာဖြစ်ပွားနေသည်။ ကျုံးကိုကူးဖြတ်သည့် ကျောက်တန်းများပေါ်တွင်လည်း မက္ကဋစစ်သည်တို့၏အလောင်းများစွာ အထပ်ထပ်ဖြစ်နေပေပြီ။

အစွန်အကျဆုံး ကျောက်တန်းတစ်ခုပေါ်တွင် သဲသဲမဲမဲတိုက်ခိုက်နေသည့် သူနှစ်ဦးကို လရောင်အောက်၌ ကျွန်ုပ်တွေ့လိုက်ရသည်။ သားတော်မေဃနာဒနှင့် ရန်သူတစ်ဦးဖြစ်သည်။ ရန်သူကား ....မက္ကဋစစ်သည်။ သို့သော် ကြီးမားသော ခန္ဓာကိုယ်ရှိသည်။ ရန်သူကိုင်ဆောင်ထားသောလက်နက်မှာ အခြားမက္ကဋများထက်ပို၍ကြီးမားသော လေးလံသည့် သံချွန်တပ် တင်းပုတ်ကြီးဖြစ်သည်။ ထိုသူကား မက္ကဋစစ်သူကြီး ဟနုမာနမှတစ်ပါး အခြားမည်သူမျှမဖြစ်နိုင်။

သားတော်မေဃနာဒလည်း သူ၏ဝေစုကို တာဝန်ယူနေပေပြီ။ သားတော်မေဃနာဒကိုင်ထားသောဓားမှာ အပြားကြီး၍ အဖျားချိုင့်ပြီး အသွားဘက်၌ ခုံးမောက်သောသဏ္ဍာန်ရှိသည့် ဓားပြားကြီးဖြစ်သည်။  ဤဓားကြီးကို
မေဃနာဒမှတစ်ပါး မည်သည့်လင်္ကာဒီပသေနာပတိမှ ကျွမ်းကျင်စွာ မကိုင်နိုင်။ လရောင်အောက်တွင် သူတို့၏လက်နက်များသည် လျှပ်စီးလက်သကဲ့သို့ ပြိုးပြောင်နေကြသည်။ လက်နက်ချင်းထိခိုက်သံမှာလည်း ကျွန်ုပ်ကြားခဲ့ရသမျှလက်နက်သံတို့တွင် အပြင်းထန် အကျယ်လောင်ဆုံးဖြစ်သည်။ ကျောက်တုံးများစီခင်းထားသည့်  ကျောက်တန်းပေါ်တွင် မေဃနာဒနှင့် ဟာနုမာန်တို့သည် သူတစ်ပြန်ကိုယ်တစ်ပြန် ရှေ့တက်နောက်ဆုတ် ထိုးခုတ်နေကြသည်။  ကျောက်တုံးများသည် မကြာသေးမီကမှ မက္ကဋများ ပစ်ချခင်းထားသည်ဖြစ်သောကြောင့် တိမ်သောကျုံးထဲ၌ လှုပ်ခါနေသည်။ သူတို့ခြေလှမ်းများ ဆုတ်တက် ရှောင်တိမ်းလိုက်တိုင်း အောက်မှကျောက်တုံးများသည် ယိမ်းယိုင်နေသည်။ လက်နက်ကြောင့်မဟုတ်မူဘဲ ကျောက်တုံးမှ ကျုံးရေထဲသို့ လိမ့်ကျသွားသည်ဆိုစေဦး၊ လိမ့်ကျသူသည် မုချသေဆုံးရမည်ဖြစ်သည်။ အောက်တွင် ငြောင့်များ၊ တံစို့များ စိုက်ထောင်ထားပေသည်။

ဟာနုမာန်သည် မေဃနာဒထက်ပိုပြီး ခြေမြဲမြံလေသည်။ မေဃနာဒသည် တစ်ခါတစ်ခါတွင် အောက်သို့ လိမ့်ကျသွားမတတ်ဖြစ်နေ၍ ကျွန်ုပ် စိုးရိမ်ပူပန်လာသည်။ သို့သော် ထိုးခုတ်မှုအရာတွင် သားတော်မေဃနာဒက
ပို၍လျင်မြန်သည်ဟု ကျွန်ုပ်ထင်ပေသည်။ အခြားနေရာများမှ ထိုးခုတ်သံများအားလုံးကိုပင် ဖုံးလွှမ်းသွားမတတ် ကျယ်လောင်မြည်ဟည်းသည့်အသံကြီးတစ်ခု မေဃနာဒတို့ထံမှ ထွက်ပေါ်လာသည်။ မေဃနာဒ၏လက်ထဲမှ ဓားကြီးသည် တစ်ဝက်ခန့်ဆီမှ ကျိုးပြတ်သွားသည်။ ဟာနုမာန်လက်ထဲမှ သံချွန်တပ်တင်းပုတ်ကြီးမှာလည်း ကျိုးပြတ်သွားသည်။ တချိန်ထဲမှာပင် ဒြာဝိဒိယန်နှင့် မက္ကဋစစ်သည်များသည် ထိုနေရာသို့ ထိုးခုတ်တိုက်ခိုက်ရင်း စုရုံးရောက်ရှိသွားကြပြီး မိမိတို့ခေါင်းဆောင်နှစ်ဦးအကြားသို့ ဝင်ကြလေသည်။

ယခုအခါ ကျောက်တန်းများပေါ်တွင် တိုက်ခိုက်ရန်မဖြစ်နိုင်တော့။ အလောင်းများထပ်နေပြီဖြစ်သည်။ မက္ကဋများလည်း ခံတပ်ပေါ်သို့တက်ရန် မကြိုးစားကြတော့ချေ။ ခံတပ်အောက်ခြေ ကျုံးစပ်တွင်သာ တိုက်ပွဲများဖြစ်ပေါ်နေသည်။ နောက်ထပ်မက္ကဋများလည်း ကျောက်တန်းပေါ်သို့ ကူးဖြတ်မလာတော့ချေ။ ခံတပ်ပေါ်မှ ကျွန်ုပ်တို၏ မြားပစ်စင်များတွင် လေးသည်တော်တို့ ပြန်လည်နေရာယူလိုက်ကြပြီး အောက်ဘက်မှ မက္ကဋစစ်သည်များကို တစ်ဦးချင်း ပစ်စိုက်နိုင်ကြသည်။ ဤအခြေအနေတွင် ရန်သူများအထိနာလှပေသည်။ ကျွမ်းကျင်သော ဒြာဝိဒိယန်လေးသည်တော်များ၏ မြားတစ်စင်းစီသည် ရန်သူတစ်ယောက်စီ၏ရင်အုံကို စိုက်ဝင်ကြသည်။ တစ်စနှင့်တစ်စ
မက္ကဋစစ်သည်များသည် ကျောက်တန်းများပေါ်တွင် လဲကျသေဆုံးနေကြသည်။ သူတို့၏စစ်သည်များအလောင်းပေါ်တွင် နင်းဖြတ်လျက်  တစ်ဖက်တောစပ်သို့ ဆုတ်ခွာသွားကြသည်။  စစ်ပွဲကြောင့် ရူးသွပ်ခမန်း သွေးဆူနေကြသော အချို့ဒြာဝိဒိယန်တို့သည် ဆုတ်ခွာသွားသည့် မက္ကဋများနောက်သို့ ကျောက်တန်းပေါ်အထိ လိုက်လံတိုက်ခိုက်ကြသည်။ အချို့မှာ ယိမ်းယိုင်သောကျောက်တုံးများအထက်မှ လိမ့်ကျ၍ ကျုံးရေပြင်ထဲရှိ ငြောင့်၊ တံစို့များထိပ်တွင် အသက်ဆုံးရှုံးကြလေသည်။

ဝိုင်းစက်သောလသည်လည်း အနောက်အရပ်ဆီသို့ ရွေ့လျားသွားသည်။ ပထမခံတပ် ??တစ်ဖက်တွင် ပြာလဲ့သောအရောင်တို့ တဖြည်းဖြည်း ဆိတ်သုန်းလျက် နီကြန့်သောနံနက်ရောင်ခြည်တို့ တစ်စတစ်စ ဖြန့်ကြက်စိုးမိုးလာသည်။
မိုးသောက်ချိန်တွင် ပထမခံတပ်တိုက်ပွဲသည် ချုပ်ငြိမ်းသွားသောလပြည့်ညနှင့်အတူ ပြီးဆုံးသွားခဲ့လေသည်။ နံနက်ခင်း၏လေပြည်၌ သွေးညီနံ့တို့ သင်းနေသည်။ ကျုံးရေပြင်သည် ပတ္တမြားရည်ဖြစ်နေသည်။ ဒြာဝိဒိယန်နှင့်  မက္ကဋတို့၏အလောင်းများကား မက္ကဋတို့ ပစ်ချခင်းကျင်းခဲ့သည့် ကျောက်တုံးများထက် သာလွန်များပြားလေသည်။ သေနာပတိချုပ်မေဃနာဒ၏  ကျွဲချိုတံပိုးသံအဆုံးဝယ် ဒြာဝိဒိယန်စစ်သည်များအားလုံး ခံတပ်အတွင်း ရဲမက်ဝိုင်းပြင်နေရာ၌ စုရုံးမိကြသည်။

ပထမခံတပ်၏တံခါး၌ ကျောက်မှုန်လေးတစ်မှုန်သော်မျှ ပွန်းပဲ့ခြင်းမရှိခဲ့ချေ။ သို့သော် ထိုနေရာ၌ အလောင်းများ အထူထပ်ဆုံးဖြစ်လေသည်။ ညနေလထွက်ချိန်မှ နံနက်လဝင်ချိန်အထိ တစ်ညလုံး ပြင်းထန်စွာဖြစ်ခဲ့သည့် ထိုလပြည့်ညပထမခံတပ်စစ်ပွဲသည်၊ဒြာဝိဒိယန်စစ်ပွဲများအနက် ကမ္ဗည်းတင်မည့်စစ်ပွဲဖြစ်သည်။ သေနာပတိသူရာဂုမ္ဘာန်၏အကြောင်းကြားချက်အရ ဒြာဝိဒိယန်တစ်ရာ့လေးဆယ့်ငါးဦး ကျဆုံးသည်။ ဒဏ်ရာရသူပေါင်း သုံးရာကျော်အနက် ငါးဆယ်ခန့်မှာ အနာသည်းကြသည်။ မြားအစင်း ထောင်ပေါင်းများစွာ၊ ဓားလှံ ရာပေါင်းများစွာကို ကျွန်ုပ်တို့အသုံးပြုခဲ့ကြသည်။ ပထမခံတပ်၏ကျောက်တုံးတစ်ခုတစ်လေသော်မျှ  နေရာမယွင်းခဲ့။ သို့သော် ကျုံးမှာကား  ပျက်စီးသွားခဲ့သည်။  မက္ကဋစစ်သည်တို့ပစ်ချခဲ့သော ကျောက်တုံးများကြောင့် ကျုံးအောက်တွင်ပြုလုပ်ထားသည့် တံစို့နှင့် ထောင်ချောက်တို့လည်း နောက်ထပ်အသုံးမဝင်တော့ချေ။ ကျောက်တုံးများအကြား လဲကျသေဆုံးနေသည့်  မက္ကဋစစ်သည်များအလောင်း၊ ဒြာဝိဒိယန်တို့၏အလောင်းများကိုလည်း ရက်အတန်ကြာမျှ အချိန်ယူဖယ်ရှားပစ်ရပေလိမ့်မည်။ သို့သော် ဤပထမခံတပ်တိုက်ပွဲကား ကျွန်ုပ်၏ဒြာဝိဒိယန်တပ်များ အောင်ပွဲခံလိုက်သည့် တိုက်ပွဲပင်တည်း။ မက္ကဋတို့ အကျအဆုံးများစွာနှင့် ဆုတ်ခွာသွားရသည့် စစ်ပွဲပင်တည်း။

မက္ကဋတစ်ထောင်နီးပါး ကျဆုံးမည်ဟု ကျွန်ုပ်ခန့်မှန်းရသည်။ ရဲမက်ဝိုင်းပြင်တွင် ဒြာဝိဒိယန်စစ်သည်များသည် စစ်နိုင်မျိုးနွယ်တေးတစ်ပိုဒ်ကို ဟစ်အော်သီဆိုနေကြသည်။ ကြီးမားသော သစ်ခေါင်းပေါက်ကြီးကို ထုနှက်ရင်း လှည့်ပတ်ကခုန်နေကြသည်။ သူတို့၏တေးသီချင်းတွင် လင်္ကာဒီပဘုရင် ဒသဂီရိကို ချီးကျူးသည့်အဓိပ္ပာယ်များ ပါဝင်နေပေသည်။ ကျွန်ုပ်နှင့် သားတော်မေဃနာဒသည် ဝက်ဝံရေတဲအတွင်းမှနေ၍ မြူးတူးခုန်ပေါက်နေသည့် စစ်သည်များကို ငေးမောနေမိကြသည်။ မလှမ်းမကမ်းနေရာတွင်ကား ဦးရီးတော်မာရဇ္ဇသည် သူ၏ကြီးမာသောလက်ဖဝါးများကို စစ်သည်တစ်ဦးလောင်းပေးသောရေဖြင့် ပွတ်သပ်ဆေးကြောနေသည်။

“မင်းရဲ့ဓားရော၊ ဟာနုမာန်ရဲ့တင်းပုတ်ရော ကျိုးပြတ်သွားကြတာ ငါတွေ့လိုက်တယ် မေဃနာဒ”

“ဒီမျောက်ဝံကို သားတော်လက်ထဲကဓားကျိုးနဲ့ ပစ်စိုက်မလို့လုပ်တုန်း နှစ်ဖက်စစ်သည်တွေ ဝင်လာကြတာနဲ့ မျက်ခြည်ပြတ်သွားတယ် ခမည်းတော်၊ ဒီလိုသာမဖြစ်ခဲ့ရင် ဟာနုမာန်ရဲ့အလောင်းဟာ ကျုံးထဲမှာ တခြားမက္ကတွေနဲ့အတူ
ရှိနေမှာမုချပဲ”

မေဃနာဒသည် မကျေမချမ်းဖြစ်နေသောအသံဖြင့် ပြန်ပြောလေသည်။

“အင်းလေ၊ နောက်တိုက်ပွဲတွေမှာ ဆုံဦးမှာပါ၊ သားတော် သင်းရဲ့စွမ်းအင်ခွန်အားကို သိပြီးပါပြီ။ သင်းဟာ လက်နက်ကိုင်တွယ်မှုအရာမှာ မကျွမ်းကျင်လှပါဘူး၊ ခွန်အားကြီးမားပြီး သွက်လက်ဖျတ်လတ်မှုကိုသာ အဓိကအားထား တိုက်ခိုက်တဲ့သူပါ၊ နောက်တစ်ခါတော့ သင်း အသက်မရှင်နိုင်တော့ပါဘူး”

ဦးရီးတော်မာရဇ္ဇသည် ကျွန်ုပ်တို့ထိုင်နေသည့်တဲအတွင်းသို့ ဝင်လာသည်။ သူ၏လက်ဖဝါးကြမ်းများကို ကျွန်ုတို့အား ဖြန့်ပြလေသည်။

“ငါ့လက်ဖဝါး ခုထိ သွေးနံ့မပျောက်သေးဘူး၊ စပျစ်သီးခိုင်တွေကို ရိုက်ပုတ်ရသလိုပဲ၊ ငါ့လက်ချောင်းတွေဟာ မနက်လင်းတော့ သွေးစေးတွေနဲ့ ကပ်နေတယ်။ ရေလောင်းပေးတဲ့ရဲမက်တစ်ယောက်တော့ ညည်းယူရော”

တစ်ညလုံးလုံး လက်နက်တစ်စုံတစ်ရာမဆွဲကိုင်ဘဲ လက်ချည်းသက်သက်ဖြင့် တိုက်ခိုက်ခဲ့သည့် ဦးရီးတော်မာရဇ္ဇသည် ပထမခံတပ်တိုက်ပွဲ၏သူရဲကောင်းပင်ဖြစ်သည်။

“ဦးရီးတော်ကိုတော့ ဒီတိုက်ပွဲကို အကြောင်းပြုပြီး အထူးဝိသေသ သူရဲကောင်းဘွဲ့တစ်ခု ပေးဦးမှပဲ၊ ဘယ်နှယ့်လဲဦးရီးတော်”

“ဘာ သူရဲကောင်းဘွဲ့မှ ငါမလိုချင်ပါဘူး၊ ရန်သူတွေများနိုင်သမျှများများ သုတ်သင်နိုင်ရင် ငါကျေနပ်နေတာပါပဲ၊ ဟေ့ .. မင်းကော မင်းရဲ့ ရာမနဲ့ ရင်ဆိုင်လိုက်ရသေးလား”

“ဝေးလံတဲ့နေရာနှစ်ခုမှာ ရှိကြပေမယ့် အနီးကပ်ဆုံးရင်ဆိုင်ခဲ့ရတယ် ဦးရီးတော်၊ ကျုပ်ရဲ့ဘယ်ဘက်လက်မှာ ပုဆိန်တစ်လက် ကိုင်မစွဲထားခဲ့ရင် ဒီပုဆိန်ကို ကျုပ်ရင်ဘတ်ရှေ့မှာ ကာကွယ်မထားခဲ့ရင် ကျုပ်ရင်ဝကို သူ့ရဲ့မြား စူးဝင်မှာပဲ၊ ရာမလဲ ဒီအတိုင်းပဲ၊ မက္ကဋတစ်ယောက်သာ သင်းရဲ့ရှေ့ဖြတ်မဝင်လာခဲ့ရင် ကျုပ်ရဲ့ပုဆိန်သွား သင်းရင်အုပ်ကို စိုက်ဝင်မှာပဲ၊ ကျုပ်တို့လက်နက်တွေဟာ အနီးဆုံးနေရာတွေထိ ရောက်ခဲ့ကြတယ်၊ ဒါပေမယ့် ပိုပြီးပြင်းထန်တဲ့  ရင်ဆိုင်မှုတစ်ခုကို တွေ့ရဦးမှာမို့ ဒီတစ်ခါ ကျုပ်တို့နှစ်ဦးစလုံး အသက်ရှင်ကျန်ရစ်ခဲ့ကြတယ်”

“ဘာ..... ဘယ်လို ရာဝဏ”

ရာမနှင့်တိုက်ခိုက်ခဲ့သည့်အဖြစ်အပျက်ကို ကျွန်ုပ်ပြန်ပြောရသည်။ တက်ကြွစွာနားထောင်နေသည့် ဦးရီးတော်သည် ကျွန်ုပ်၏စကားဆုံးသွားသောအခါ လေးနက်သောအမူအရာနှင့် ပြောလေသည်။

“ရာမဟာ လေးနဲ့မြားကို အဓိကလက်နက်အဖြစ် အစဉ်အမြဲ ဆောင်ထားဟန်တူတယ်။ နောက်တစ်ကြိမ် သို့မဟုတ် နောက်အကြိမ်များမှာတွေ့ကြရင်လည်း  သူဟာ လေးမြားကိုပဲ အသုံးပြုလိမ့်မယ်၊ မင်းဟာ ရန်သူကို  မျက်နှာချင်းဆိုင် တိုက်ခိုက်ဖို့ အခွင့်ရမှာမဟုတ်ဘူး ရာဝဏ၊ ဒီတော့ မင်းလည်း လေးမြားလက်နက်ကိုပဲ ကိုင်ဆောင်သင့်တယ်လို့ ငါထင်တယ်”

မိထိလာလေးတင်ပွဲအဖြစ်သနစ်များကို ကျွန်ုပ်သတိရလာမိသည်။ တဲနန်းအတွင်းရှိ ခုံပေါ်ကလေးကို ကျွန်ုပ်ကြွချီလိုက်စဉ် ကျွန်ုပ်အား ကြည့်နေသည့် သီတာဒေဝီ၏ထိတ်လန့်သောမျက်နှာ၊ နောက် စူးရှစွာဟစ်အော်ခဲ့သော သူ့အသံတို့ကို မြင်ယောင်ကြားယောင်မိသည်။

“ကျုပ် လေးမြားလက်နက်ကို စက်ဆုပ်တယ်။ ရန်သူက ဒါကို အဓိကအားကိုးပြီး ကိုင်ဆောင်ချင်ကိုင်ဆောင်ပလေ့စေ။ ကျုပ်ကတော့ လေးကိုင်းကို စွဲကိုင်၊ ကျည်တောက်ထဲကမြားကို ထုတ်ယူ၊ လေးညို့ပေါ်မှာ တင်၊ ပစ်ကွင်းကိုချိန်ရွယ်ပြီး ညို့ကြိုးကိုာဆွဲငင်ပစ်လွှတ်ရတဲ့ ဒီအလုပ်တွေကို ကျုပ် အချိန်ကုန်ခံပြီးမလုပ်ဘူး”

“မင်းလေသံက ခက်ထန်လှပါလား ရာဝဏ”

“ကျုပ်မှာ  စစ်မြင်းဆယ်ကောင်က  စစ်ရထားရှိတယ်။  လေရဲ့လျင်မြန်ခြင်းနဲ့ ရန်သူတွေကြားထဲ ထိုးဖောက်မောင်းနှင်မယ်။ သံချွန်တပ်ရထားဘီးတွေ၊ အရှိန်အဟုန်ပြင်းတဲ့ အပြေးအား၊ ပြီးတော့ ကျုပ်လက်ထဲမှာ အသင့်စွဲကိုင်သွားတဲ့ သန်လျက်၊ ဒါတွေနဲ့ သင်းရဲ့ ကိုယ်ခန္ဓာ၊ ခေါင်းကို အပိုင်းပိုင်းပြတ်စေမယ်”

“သေနာပတိသူရာဂုမ္ဘာန် ရောက်နေတယ် ခမည်းတော်ဘုရင်မင်းမြတ်”

မေဃနာဒ၏အသံကို ကြားရသောအခါမှပင် ကျွန်ုပ်ရှေ့ဒူးထောက်နေသည့် ပထမခံတပ် သေနာပတိကို သတိထားမိတော့သည်။

“ဘာလဲ သူရာဂုမ္ဘာန်”

“ဘုရင်မင်းမြတ်ဆီက နောက်ထပ်အမိန့်ကို စောင့်ဆိုင်းနေပါတယ်”

“မင်းအစီအစဉ်က ဘယ်လိုရှိလဲ သားတော်မေဃနာဒ”

“ရန်သူဟာ ပထမခံတပ်တိုက်ပွဲမှာ အထိနာပြီး ရှုံးနိမ့်သွားတာမို့ နောက်တစ်ကြိမ်တိုက်ရင် ဒုတိယခံတပ် ဒါမှမဟုတ် ဒုတိယနဲ့ တတိယခံတပ်ကို တိုက်ခိုက်ဖို့ကြိုးစားမှာပဲ၊ ဒီနေရာမှာ သစ္စာဖောက်ဘထွေးတော်ဟာ ရန်သူ့ဘက်မှာ
ရှိနေတယ်ဆိုတာကို မေ့ထားလို့မဖြစ်ဘူး။ ခံတပ်ကိုးခုအနက် ပထမနဲ့ နဝမခံတပ်တို့ဟာ ကျန်တဲ့ ဒုတိယ၊ တတိယ၊ စတုတ္တ၊ ပဥ်စမ၊ ဆဌမ၊ သတ္တမ၊ အဌမခံတပ်များဟာ အစွန်ခံတပ်နှစ်ခုလောက် မတောင့်တင်းဘူးဆိုတာကို ရန်သူဟာ ဘထွေးတော်ဆီက သိရှိထားပြီး ဖြစ်လိမ့်မယ်။ ဒါကြောင့် သူတို့ဟာ အလည်ခံတပ်တစ်ခုခုကို နောက်တစ်ကြိမ်မှာ တိုက်ခိုက်လိမ့်မယ်။ ဒါကြောင့် အခု ပထမခံတပ်က စစ်သည်များ ဒုတိယခံတပ်ကို ပြောင်းရွှေ့တပ်စွဲရမယ်။ ဒီမှာတော့ အစောင့်မျှလောက်သာ ထားခဲ့ရမယ်၊ ပထမခံတပ်အတွက် စစ်သည် နှစ်ရာလောက်ရှိနေရင် လုံလောက်ပါပြီ”

မေဃနာဒသည် ကြေးနီမြားကျည်တောက်ဘူးများဖြင့် ပုံစံချလျက် စစ်ပွဲအကြောင်း အသေးစိတ်ပြောပြနေလေသည်။ မှန်ပေသည်။ ရန်သူ၏ကြိုတင်သိရှိထားချက်အတိုင်း ရှိစေပြီး ကျွန်ုပ်တို့က အတွင်းဘက်တွင် ရန်သူမျှော်လင့်မထားသော အစီအမံများကို ပြင်ဆင်ရပေမည်။ ဒုတိယမှ အဌမအထိသော အလယ်ခံတပ်များသည် အစွန်ခံတပ်နှစ်ခုဖြစ်သည့် ယခုပထမခံတပ်နှင့် နဝမခံတပ်တို့လောက် အင်အားမတောင့်တင်းသော်လည်း ခံတပ်ကိုးခုနက်မှ  တစ်ခုခုကျိုးပေါက်ခဲ့လျှင် လင်္ကာဒီပနေပြည်တော်တွင် အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့် အလယ်ခံတပ်များသို့ အင်အားဖြည့်တင်းရမည်။ အနီးဆုံးဖြစ်သည့် ဒုတိယခံတပ်သို့ ဦးစွာဖြည့်တင်းရမည်။ ထိုအခါ ကျွန်ုပ်တို့၏ခံတပ်များသည် အင်အားတောင့်တင်းလာပြီး ဤခံတပ်များကို လာတိုက်သမျှအကြိမ်တိုင်း ရန်သူဘက်၌ အင်အားဆုတ်ယုတ်သွားမည်။

“မေဃနာဒပြောတာမှန်တယ်၊ သစ္စာဖောက်ဘိဘိသနဆီကနေပြီး ရန်သူဟာ တို့စစ်ရေးစီမံမှုတွေကို အားလုံးရထားတယ်၊ အခု ပထမခံတပ်ကို အရင်ဆုံးလာတိုက်တာပဲကြည့်လေ။ အမှန်ဆိုရင် ကိသကိန္ဒာနယ်စပ်နဲ့ အနီးဆုံးဖြစ်တဲ့  နဝမခံတပ်ကို ဦးစွာတိုက်သင့်တာပေါ့၊ ရာဝဏခံတပ်ကို လာတိုက်ရင် မုချရှုံးပြီး စစ်ပွဲတစ်ပွဲတည်းနဲ့ သင်းတိုပျက်စီးသွားမှာကို သိလို့ မတိုက်ကြဘူး၊ လင်္ကာဒီပနေပြည်တော်ရှိရာ ထိုးဖောက်နိုင်အောင် ပထမခံတပ်ကို စတိုက်ကြတယ် မဟုတ်လား”

ဦးရီးတော်မာရဇ္ဇကလည်း အခြေအနေအားလုံးကို တွက်ဆပြီး သေနာပတိသူရာဂုမ္ဘာန်အား အမိန့်ပေးလိုက်သည်။

“ဒုတိယခံတပ်ကို အားဖြည့်၊ ဒီမှာကျန်တဲ့ စစ်သည်နှစ်ရာနဲ့ မင်းက တပ်စွဲကျန်နေရစ်ခဲ့၊ ဒုတိယခံတပ် နယ်စပ်ဒေသတစ်ဝိုက်မှာ ရန်သူရဲ့အရိပ်အခြေကို ဒီကနေပြီး စုံစမ်းလေ့လာခိုင်း၊ ဦးရီးတော်မာရဇ္ဇလည်း သော်ကဥယျာဉ်ကို
စောင့်ရှောင့်ကာကွယ်ဖို့ မပြန်နဲ့တော့၊ ဒုတိယခံတပ်ကိုပဲ ဆက်လိုက်ခဲ့ပါ၊ မေဃနာဒနဲ့ငါက ကျန်တဲ့ခံတပ်တွေအားလုံး လှည့်လည်စစ်ဆေးမယ်”

“အေး  ..ငါလည်း သူများတွေ ရွပ်ရွပ်ချွံချွံတိုက်ခိုက်နေကြတဲ့အချိန်မှာ သော်ကဥယျာဉ်ထဲက မိန်းမလှလေးတစ်ယောက်ကို အုပ်ထိန်းနေတဲ့တာဝန် မယူချင်ပါဘူး ရာဝဏရယ်၊ ခံတပ်တကာကို လိုက်ပြီး မျောက်ဝံတွေရဲ့ကုပ်ပိုးကို  ချိုးပစ်ချင်နေတာပါ၊ ဒီစစ်ပွဲပြီးတော့မှ ငါ့တစ်ကိုယ်လုံး အိန္ဒုမြစ်ထဲဆင်းပြီး သန့်စင်ဆေးကြောရဦးမယ်၊ ငါက စစ်ပွဲမှာပဲ နေချင်တာပါ၊ ဟား .. ဟား ... ဟား”

ဦးရီးတော်၏ခြင်္သေ့ဟိန်းသံကြီးသည် ပထမခံတပ်အတွင်း၌ ပဲ့တင်ထပ်သွားလေသည်။

ပထမခံတပ်စစ်ပွဲပြီးနောက် သုံးရက်မြောက်နေ့တွင် မက္ကတို့သည် ဒုတိယခံတပ်ကို ထပ်မံတိုက်ခိုက်ကြသည်။ ဒုတိယအကြိမ်တွင်မူ ရန်သူတို့သည် နံနက်လင်းအားကြီးအချိန်တွင် လာရောက်တိုက်ခိုက်ကြသည်။ ဤဒုတိယစစ်ပွဲ၌
ရန်သူ၏အင်အားမှာ ပထမအကြိမ်ထက် နှစ်ဆခန့်ပိုမိုများပြားပေသည်။ ခံတပ်အပြင်ဘက် ကျုံးကိုလည်း ကျောက်တုံးများဖြင့် ကျောက်တန်းပြုလုပ်၍ ကူးလာကြသည်။ ဤအကြိမ်တွင်မူ ရန်သူတို့သည် ကျောက်တန်းတစ်ခုပြုလုပ်ပြီး နောက်ထပ်စစ်သည်တစ်ဖွဲ့ ကူးဖြတ်ခြင်းနည်းကို အသုံးမပြုတော့ဘဲ ကျောက်တန်းအများအပြားကို တစ်ပြိုင်တည်းပြုလုပ်၍ စစ်သည်အင်အား တစ်စုတစ်ရုံးတည်း တစ်ချိန်တည်း ကူးဖြတ်လာကြသည်။

ခံတပ်အောက်မြေပြင်တွင် မက္ကဋတို့သည် နေရာလပ်မရှိ ဝိုင်းရံလိုက်ကြသည်။ သို့သော်ာရန်သူ၏အင်အားနှင့် သေနင်္ဂဗျူဟာ များပြားတိုးတက်လာသကဲ့သို့ပင် ကျွန်ုပ်တို့ဘက်မှလည်း ပထမခံတပ်ထက် ပိုမိုများပြားသောစစ်သည်တို့ကို အသုံးပြုထားနိုင်ခဲ့သည်။ ဤသို့အသုံးပြုရန်လည်း ဒုတိယခံတပ်ကို အင်အားဖြည့်တင်းခဲ့လေသည်။

ဆက်ရန်
----------------------------------------------
ချစ်ဦးညို

crd 👉 https://www.facebook.com/108529964142302/posts/125461495782482/

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)