လင်္ကာဒီပချစ်သူ၊ အပိုင်း (၂၀) (ဇာတ်သိမ်းပိုင်း)

အခန်း (၉)
ရာဝဏနှင့် ရာမမင်းသား
                     
သား​တော် မေဃနာဒ၏အသံသည် နန်းတော်တံခါးဝမှ ထွက်ပေါ်လာသည်။ မေဃနာဒသည် ကျွန်ုပ်ရှေ့မှဖြတ်လျက် သီတာဒေဝီရှိရာသို့ လျှောက်သွားလေသည်။

“သင်က မက္ကဋတွေ အာရိယန်တွေနဲ့ ကျွန်ုပ်တို့အကြား စစ်မဖြစ်ပွားအောင်ကြိုးစားချင်နေလား၊ နောက်ကျသွားပြီ အာရိယန်ဘုရင့်သမီးတော်၊ နောက်ကျသွားပြီ။ သင်ပြောတဲ့မက္ကဋတွေနဲ့ အာရိယန်တွေထောင်သောင်းမကဟာ
အခု ကိသကိန္ဒာနယ်စပ်ရာဝဏခံတပ်ကို ဝိုင်းရံလိုက်ကြပြီ”

“ဟင် ......”

“ဘာပြောတယ် ... မေဃနာဒ”

မေဃနာဒသည် မီးထွက်မတတ်မျက်လုံးများဖြင့် အဝေးဆီမှတောင်တန်းများဆီသို့ မျှော်ကြည့်ရင်း တစ်လုံးချင်း ဆက်ပြောလေသည်။

“ခမည်းတော်ဘုရင်မင်းမြတ်၊ အခုပဲ ကိသကိန္ဒာနယ်စပ်က သတင်းရောက်လာပါတယ်။ ရာမမင်းသား၊ လက္ခဏမင်းသား၊ သုခရိတ်ဘုရင်နဲ့ ဟာနုမာန်တို့အားလုံးပါဝင်တဲ့ မက္ကဋတပ်မတွေ ... ပြီးတော့ အာရိယန်တပ်မတွေဟာ ရာဝဏခံတပ်ကို ဝိုင်းရံထားကြပြီ...”

“အို ....”

သီတာဒေဝီသည်  မျက်နှာကို  လက်ဝါးဖြင့်အုပ်ပြီး  ပြတင်းပေါင်အနီး၌  နွမ်းလျစွာ ထိုင်လိုက်လေသည်။ ရာမမင်းသားဟူသောအသံသည် ကျွန်ုပ်၏နှလုံးသားအား ခါးသီးစွာ ရိုက်ပုတ်သည်။

“ကြားရဲ့လား သီတာဒေဝီ၊ မက္ကဋတပ်တွေတင်မက မင်းတို့ရဲ့အာရိယန်တွေပါ ကျုပ်ရဲ့အရေးအကြီးဆုံး ရာဝဏခံတပ်ကို ဝိုင်းထားပြီတဲ့။ လင်္ကာဒီပနန်းတော်ကို တိုက်ခိုက်ဖို့ သူတို့ပြင်ဆင်ကြပြီလေ၊ ဒီမျိုးနွယ်စုတွေရဲ့စစ်ရေးကို မင်းလှမ်းမမီနိုင်တော့ဘူးဆိုတာ သိပြီမဟုတ်လား။ ဒီရန်သူတွေဟာ ကျုပ်ရဲ့နှလုံးအိမ်ထဲကအချစ်ကိုသာမက  ဒြာဝိဒိယန်အားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုပါ ဖျက်ဆီးဖို့ကြိုးစားကြပြီဆိုတာ မင်းနားလည်ပြီမဟုတ်လား၊ ကျုပ် အခုကိသကိန္ဒာကို စစ်ထွက်တော့မယ်၊ အာရိယန်ခေါင်းဆောင်တွေကို သုတ်သင်ရတော့မယ်၊ ဒီစစ်ပွဲမှာ .......”

ခါးသီးနာကြည်းစဖွယ်သောစကားလုံးကို ကျွန်ုပ် မလွှဲမရှောင်သာ အသုံးပြုရတော့မည်။

“ဒီစစ်ပွဲမှာ မင်းရဲ့မောင်တော်ရာမကို ကျုပ်သုတ်သင်ဖယ်ရှားရလိမ့်မယ်၊ မင်းပြောသလို အချစ်ကြောင့်ပဲဖြစ်ဖြစ်၊ လေးတင်ပွဲကြောင့်ပဲဖြစ်ဖြစ်၊ ဒသရဋ္ဌဘုရင်ရဲ့ချွေးမတော်ဘဝကို ကျုပ်ဖျက်ဆီးခဲ့မယ့်ဆိုရင် ဒါအတွက် ကျုပ်ကိုခွင့်လွှတ်ပါ။ ဒသဂီရိဘီလူးလို့  ကြမ်းတမ်းခက်ထန်တဲ့လင်္ကာဒီပဘုရင်လို့ မင်းအော်ဟစ်ခဲ့တယ်၊ ကျုပ် ....ကျုပ်.... မင်းရဲ့အသံကို ထိတ်လန့်တုန်လှုပ်ခဲ့ရတယ်၊ လင်္ကာဒီပဘုရင်ဟာ စစ်သူရဲကောင်းတစ်ဦးဖြစ်တဲ့အတွက် သဘာဝအလျောက် ခက်ထန်ချင်ခက်ထန်မယ်၊ ဒါပေမယ့်သီတာဒေဝီ ......ဟောဒီလက်နက်တွေချိတ်ဆွဲထားတဲ့ ဝတ်ရုံအောက်က ကိုယ်တွင်းမှာ မင်းကိုချစ်မြတ်နိုးတဲ့ နှလုံးသည်းပွတ်ရှိတယ်ဆိုတာတော့ မင်းနားလည်လိုက်ပါ၊ မင်းနားလည်လိုက်ပါ၊ အဲဒီအချစ်ကြောင့် ခက်ထန်ကြမ်းတမ်းရမယ်ဆိုရင်လည်း ကမ္ဘာလောကရဲ့ရာဇဝင်တစ်လျှောက်လုံးမှာ ဒသဂီရိဆိုတဲ့အမည်ဟာ ရက်စက်မှုရဲ့ပြယုဂ်အဖြစ် တည်ချင်တည်နေစေတော့၊ ကျုပ်သွားမယ် သီတာဒေဝီ၊ ကိသကိန္ဒာစစ်မျက်နှာကို ကျုပ်သွားတော့မယ်၊ နူးညံ့ချိုသာတဲ့ မင်းရဲ့ဆက်ဆံမှုကို ကျုပ်ဘယ်တော့မှ မမေ့ပါဘူး”

ကျွန်ုပ်သည် သီတာဒေဝီရှေ့မှ တစ်ဟုတ်ထိုး ထွက်ခွာလာခဲ့တော့သည်။ သီတာဒေဝီသည် ငိုကြွေးနေမည်လား.... ပြန်လည်ခက်ထန်လာမည်လား ... ကျွန်ုပ်မသိတော့၊ အချစ်၊ အမုန်း၊ ချစ်သူ၊ ရန်သူ၊ ဒြာဝိဒိယန်၊ အာရိယန် ....  ဟူသောအရာများဖြင့်  ဆူဝေတုန်လှုပ်နေသည့်  ကျွန်ုပ်ရင်တွင်း၌  စစ်ပွဲမှအပ အခြားမည်သည့်အရာမျှ မသိချင်တော့။

* * *

ရာမ၊ လက္ခဏ၊ သုခရိတ်ဘုရင်၊ ဟာနုမာန်၊ ထို့နောက် ရာမ၏ဘေးတွင် သစ္စာဖောက် ဘိဘိသန။ သူတို့နောက်တွင် အင်အားကြီးမားသော မက္ကဋခြေလျင်စစ်တပ်များ၊ ခြေလျင်စစ်သည်များနောက်တွင် အသားဝါအာရိယန်မြင်းစီးစစ်သည်များ။ အစိမ်းရောင်နှင့်အဝါရောင်တံခွန်များသည်  ရန်သူတပ်ဦး၌ တလူလူလွင့်နေသည်။ ရာဝဏခံတပ်နှင့် ကိသကိန္ဒာနယ်စပ်တစ်လျှောက်တွင် ရန်သူစစ်သည်တပ်မများသည် မျက်စိတစ်ဆုံးဖြစ်သည်။ ရာဝဏခံတပ်ထိပ် မျှော်စင်ထက်မှနေ၍ ကျွန်ုပ်နှင့်တကွသော သေနာပတိများအားလုံး ရန်သူ၏အင်အားကို တွက်ချက်နေခြင်းဖြစ်သည်။

ရာဝဏခံတပ်သည် အခြားခံတပ်များကဲသို့ ကျုံးရှိချေ။ ဥမင်လိုဏ်တူးထားသောကြောင့် ကျုံးတည်ဆောက်မထားခြင်းဖြစ်သည်။ ခံတပ်အားလုံးမှ ဒြာဝိဒိယန်စစ်သည်များအားလုံးလည်း ရာဝဏခံတပ်ထိပ်သို့ စုရုံးရောက်ရှိနေကြပြီ။ ဦးရီးတော်မာရဇ္ဇ အိန္ဒုမြစ်ကမ်းသောင်ပြင်တွင် လေ့ကျင့်ပေးခဲ့သော ဒြာဝိဒိယန်စစ်သည်များပါမကျန် လင်္ကာဒီပ၏စစ်အင်အားတစ်ခုလုံး ခံတပ်တွင် နေရာယူထားပြီးကြပြီ။

ရန်သူဘက်မှလည်း မက္ကဋများသာမက အာရိယန်မျိုးနွယ်စု မြင်းစီးစစ်သည်များပါ ပါဝင်လာသည်။ အိန္ဒုဒေသ၏ အကြီးမားဆုံးသောရန်သူကို ကျွန်ုပ်တို့မျက်မှောက်၌ တွေ့ဆုံနေရပြီဖြစ်သည်။ နံနက်ခင်း၏နေရောင်သည် စစ်မျက်နှာဒေသတစ်ခုလုံးကို သွေးရောင်သုတ်ခြယ်ပေးနေသည်။ ဒြာဝိဒိယန်တို့၏မျက်နှာများမှာ ကြေးနီရောင်ထနေသည်။ ထောင်သောင်းမကသော စစ်သည်များရှိရာခံတပ်အတွင်း  ခံတပ်ထိပ်မျှော်စင်များ၌ တိတ်ဆိတ်ခြင်းလွှမ်းမိုးနေသည်။ ဂရုဋ္ဌမျိုးနွယ်စု၊ နာဂမျိုးနွယ်စု၊ ဂုမ္ဘာနမျိုးနွယ်စုတပ်မများလည်း ရောက်ရှိနေသည်။

စစ်သည်အားလုံး၏နီရဲသောမျက်လုံးများသည် ရန်သူတပ်မဆီသို့ မမှိတ်မသုန် ကြည့်နေကြပေမည်။ ကျေးငှက်သံများသော်မှ မကြားရအောင် တိတ်ဆိတ်နေသည်။ တစ်ချက်တစ်ချက်တွင် ဒသမပဗ္ဗတတောင်ကြားကို ဖြတ်သန်းတိုက်ခတ်သည့်လေသည် စစ်တပ်နှစ်ခုအကြားသို့ ဝင်ရောက်လာသည်။ ထိုအခါများတွင် စူးရှသောမြွေတွန်သံမျိုးပေါ်လာသည်။ ကျွန်ုပ်တို့၏ဝတ်ရုံစများသည် တောင်ကြားလေတွင် တဝုန်းဝုန်းခါယမ်းလျက်ရှိကြသည်။
ဒြာဝ်ိဒိယန်တို့ နှစ်ပေါင်းများစွာ လပေါင်းများစွာ စောင့်မျှော်နေခဲ့သောအချိန်သည် မကြာမီ ရောက်ရှိတော့မည်ဖြစ်သည်။ ဤစစ်ပွဲသည် အိန္ဒုရာဇဝင်၏ ကမ္မည်းမော်ကွန်းဖြစ်သွားနိုင်ပေသည်။  ခံတပ်အောက်တွင် ရာဝဏခံတပ် သေနာပတိ၊ လင်္ကာဒီပဘုရင်၏ အရဲရင့်ဆုံးသူရဲကောင်း ဂုမ္ဘဒီပသည် တပ်ဦးကို နေရာယူထားသည်။

သေနာပတိချုပ်မေဃနာဒသည်  ရွှေရေးကွပ် ကျွဲတံပိုးကို လည်တွင်ချိတ်ဆွဲလျက်  ဘယ်လက်ဖြင့်  တင်းတင်းဆုပ်ကိုင်ရင်း ကျွန်ုပ်မျက်နှာကို ကြည့်နေသည်။ ကျွန်ုပ်၏မျက်နှာပြင်မှ အထူးသဖြင့် ကျွန်ုပ်၏နှုတ်ခမ်းများကို စူးစိုက်ကြည့်နေခြင်းဖြစ်သည်။ ကျွန်ုပ်နှုတ်ခမ်းဖွင့်ဟလိုက်သည်နှင့် မေဃနာဒသည် ကျွဲချိုတံပိုးကို မှုတ်လိုက်မည်ဖြစ်သည်။ နေလုံးသည် တဖြည်းဖြည်း မြင့်တက်လာပေပြီ။ ရန်သူဘက်မှလည်း လှုပ်ရှားမှုတစ်စုံတစ်ရာ၊ တံပိုးသံတစ်စုံတစ်ရာမကြားရသေး။ ဤစောင့်လင့်မှုကို ကျွန်ုပ်မုန်းတီးစက်ဆုပ်သည်။ ထိုအခိုက် ရန်သူ၏တပ်ဦးမှ  မြင်းတစ်စီးသည် ဂုမ္ဘီဒီပတပ်ဦးဆီသို့ပြေးလာသည်။  မြင်းစီး၏လက်ထဲတွင် အစိမ်းရောင်တံခွန်တစ်ခု ကိုင်ဆောင်လာသည်။
အစိမ်းရောင်တံခွန်တစ်ခုတည်းမဟုတ်၊  ကျွန်ုပ်နှင့်  ရင်းနှီးသောတံခွန်တစ်ခုလည်းပါလာသေးသည်။  အပြာရောင် ... လေတွင် လွင့်ပျံနေသော အပြာရောင်တံခွန်သည် ရွှေရောင်အဝိုင်းသဏ္ဍာန်တစ်ခုရှိသည်။

“သစ္စာဖောက်ပါလား ....ရာဝဏ”

မှန်ပေသည်။ ဦးရီးတော်၏အံကြိတ်သံနှင့် မှတ်ချက်ကို ကျွန်ုပ် ခေါင်းညိတ်ပြလိုက်သည်။ ဘိဘိသနပေတကား ....သစ္စဖောက်ဘိဘိသနပေတကား။ ဘိဘိသနသည် ရာမ၏အထိမ်းအမှတ်ဖြစ်သော အစိမ်းရောင်တံခွန်ကို မိမိ၏ လင်္ကာဒီပအိမ်ရှေ့စံ အထိမ်းအမှတ်အပြာရောင်တံခွန်ဖြင် အတူတွဲကိုင်ဆောင်လျက် မြင်းကိုနှင်လာသည်။ ဂုမ္ဘဒီပထံသို့ သူသွားသည်။ ထို့နောက် စာချွန်တစ်ခုပေးလိုက်သည်ကို  မြင်ရသည်။ ဂုမ္ဘဒီပထံမှ ကျွန်ုပ်ရှိရာခံတပ်မျှော်စင်ထိပ်သို့ စာချွန်ကို မြားတွင်ချိတ်ဆွဲလျက် ပစ်လွှတ်လိုက်လေသည်။ ဦးရီးတော်မာရဇ္ဇက မြားတံမှ စာချွန်ကိုဖြုတ်ယူပြီး ကျွန်ုပ်လက်ထဲသို့ ထည့်ပေးလိုက်သည်။
       
“လင်္ကာဒီပဘုရင်ထံသို့ နောက်ဆုံးအကြိမ် သဝဏ်ပေးလိုက်သည်။ သီတာဒေဝီအား ကျွန်ုပ်လက်တွင်းသို့  ပြန်အပ်၍ အာရိယန်မျိုးနွယ်စုလက်အောက်သို့ ဝင်ရောက်ခိုလှုံပါက ကျွန်ုပ်၏စစ်သည်တို့ကို ပြန်လည်ဆုတ်ခွာစေမည်။ သို့မဟုတ်ပါက သင့်ကို ယခုပင်တိုက်ခိုက်မည်”
/အာရိယန်မျိုးနွယ်စုခေါင်းဆောင်
ဒသရဋ္ဌဘုရင်၏သားတော် ရာမမင်းသား

“ဟား ......... ဟား ........ ဟား”

“နောင်တော်ဘုရင်မင်းမြတ်၊ ညီတော်ပြောတာနားထောင်ပါ၊ သီတာဒေဝီကိုပြန်အပ်လိုက်ပါ၊ နောင်လုပ်ရမယ့်လုပ်ငန်းကို ညီတော်ပြောမယ်”

သစ္စာဖောက်ဘိဘိသနသည် ခံတပ်အောက်မှ မိုက်မဲစွာအော်ဟစ်လိုက်သည်။ သို့သော် သူ့စကားကို အဆုံးမသတ်လိုက်ရ၊ စက်ဆုပ်ရွံရှာစွာ လက်ထဲမှပုဆိန်ဖြင့် သင်း၏လည်ပင်းအား ပစ်စိုက်လိုက်သည်။ ဤသို့ဖြစ်လာမည်ကို  ကောက်ကျစ်ပါးနပ်သော ဘိဘိသနသည် ကြိုတင်မှန်းဆထားဟန်တူသည်။ မြင်းဇက်ကိုဆွဲလိုက်သဖြင့် မြင်း၏ဦးခေါင်းသည် သူ့ရှေ့တွင် ထောင်မတ်လာပြီး အကာအကွယ်ဖြစ်သွားသည်။ ပုဆိန်သည် မြင်း၏လည်ပင်းကို ဝင်စိုက်လေသည်။ ဘိဘိသနသည် သူ၏မြင်းလဲမကျမီမှာပင် ဂုမ္ဘဒီပအနီးရှိစစ်သည်တစ်ဦးအား တွန်းဖယ်လျက် ထိုစစ်သည်၏မြင်းသို့ ကူးပြောင်းကာ ရန်သူ့တပ်မဆီသို့ ဒုန်းစိုင်းသွားလေသည်။ ဤအဖြစ်သနစ်မှာ အလွန်လျှင်မြန်လှသဖြင့် အားလုံး အံ့အားသင့် ငေးမောနေကြသည်။

“သားတော်မေဃနာဒ ......အချက်ပေးတော့”

ကျွဲချိုတံပိုးသည် ခံတပ်ထိပ်မှနေ၍ စစ်မျက်နှာတစ်ခုလုံးသို့ ကျယ်လောင်စွာ ပျံ့လွင့်သွားသည်။ အပြင်းထန်ဆုံးစစ်ပွဲကြီး စတင်လေပြီတကား။

နှစ်ဖက်စစ်သည်တို့၏ အော်ဟစ်ကြုံးဝါးသံတို့သည်  နယ်စပ်ကောင်းကင်ဆီသို့ တစ်ခဲနက် မြည်ဟည်းရိုက်ခတ်သွားလေသည်။ ရန်သူတို့သည် ဂုမ္ဘဒီပ၏တပ်ဦးဆီသို့ အလုံးအရင်းနှင့် လှိမ့်ဝင်လာသည်။

“မျောက်ဝံတွေကို သတ်ကြဟေ့”

“အသားဝါတွေရဲ့ခေါင်းကို ဖြုတ်ကြဟေ့”

“လင်္ကာဒီပသူရဲကောင်းတွေ ရန်သူသွေးနဲ့ ခြေဆေးကြ”

သေနာပတိချုပ်မေဃနာဒ၊ ဦးရီးတော်၊ သေနာပတိသူရာဂုမ္ဘာန်၊ မျိုးနွယ်စုသေနာပတိများသည် မိမိတို့၏တပ်မများရှိရာသို့ ထွက်ခွာပြီး တပ်ဦးနေရာမှ တိုက်ခိုက်နေကြသည်။ လက်နက်ချင်းထိခိုက်သံ၊ အော်ဟစ်သံမျာကား
ကျွန်ုပ်ဒသဂီရိကဲ့သို့သော စစ်ပွဲများစွာကိုဖြတ်သန်းလာခဲ့သူ စစ်ဘုရင်တစ်ဦးအတွက်ပင်လျှင် အံ့မခန်း ကျယ်လောင်မြည်ဟည်းလှတော့သည်။

ခံတပ်မုခ်ဝတွင် ခုခံတိုက်ခုက်နေသည့် ဂုမ္ဘဒီပ၏တပ်ဦးမှ ရန်သူမြင်းစီးစစ်သည်အချို့သည် ခံတပ်ထဲသို့ ကျွံ၍ဝင်လာသည်။ သို့သော် တောင်ကုန်းငယ်များဖြင့်အတိပြီးသော မြေပြင်တွင် ထိုမိုက်မဲသူများသည် အတုံးအရုံး သေဆုံးကုန်ကြသည်။ ဦးရီးတော်၏စစ်သည်များကလည်း အာရိယန်တို့၏မြားတံများကို ကျွမ်းကျင်စွာ ရှောင်တိမ်းနိုင်ကြပေသည်။ မက္ကဋတို့သည် သူတို့အကျွမ်းကျင်ဆုံးဖြစ်သည့် ကြိုးရှည်ကြီးများဖြင့် လွှဲယမ်းခုန်ပေါက်လျက် တိုက်ခိုက်နည်းကို အသုံးပြုကြပေပြီ။ သို့သော် ထိုသေနင်္ဂဗျူဟာကို ဖျက်ဆီးရန် လေ့ကျင့်ထားပြီးသော မေဃနာဒ၏စစ်သည်များက လှံတံများဖြင့် မလွတ်တမ်းထိုးစိုက်နိုင်ကြလေသည်။

ကျွန်ုပ်ကား  ခံတပ်ထိပ်မျှော်စင်မှနေ၍ ရန်သူကို မျက်ခြည်မပြတ်ကြည့်ရင်း ခံတပ်အောက်မှအာရိယန်မြင်းစီးစစ်သည်များကို လက်နက်မျိုးစုံဖြင့် ပစ်ခတ်နေရသည်။ သစ္စာဖောက် ဘိဘိသနကား ခံတပ်ကို လာရောက်တိုက်ခိုက်သည့် တပ်ဦးတွင် မပါဘဲ သူယခင်ကရှိခဲ့သော နေရာမှာပင် မြင်းပေါ်၌ရှိနေသည်။ တိုက်ခိုက်ထိုးခုတ်နေကြသူများနောက်တွင် ထိုသစ္စာဖောက်သည် မြင်းပေါ်တွင်ထိုင်ရင်း မျက်နှာကို လက်ဝါးဖြင့်အုပ်ထားသည်။ ပါးစပ်မှလည်း တစ်စုံတစ်ရာကို အော်ဟစ်နေသည်။

ကျွန်ုပ်ကား သင်းကိုကြည့်နေရန် အချိန်မရ။ ရာမ၏လှုပ်ရှားမှုကိုသာ မျက်ခြည်မပြတ်ကြည့်နေရသည်။ ရှုပ်ထွေးနေသောစစ်ပွဲအကြားဝယ် အစိမ်းရောင်ဝတ်စုံကို ထင်ရှားစွာမြင်နေရသည်။ သင်းသည် အာရိယန်တပ်မှူးများအား အော်ဟစ်အမိန့်ပေးနေလေသည်။ အာရိယန်မြင်းစီးစစ်သည်တို့သည် ဂုမ္ဘီဒီပ၏ခံတပ်မုခ်တပ်မကို ဖောက်ထွင်းရန် မတတ်နိုင်ကြချေ။ ဆီးနှင်းမုန်တိုင်းကဲ့သို့ တဖွဲဖွဲကျလာသော မြားတံများသည် ကောင်းကင်ပြင်၌ ဖွေးဖွေးလှုပ်မျှ ပြည့်နှက်နေကြသည်။

ရာမသည် တပ်မနောက်တွင် အမိန့်ပေးနေရာမှ ဝဲဘက်အစွန်သို့ မြင်းကို တဟုန်ထိုးမောင်းနှင်သွားသည်။ ထိုဘက်တွင် တိုက်ပွဲလည်းမရှိ၊ စစ်သည်ရဲမက်လည်းမရှိ၊ ခံတပ်နှင့်အလှမ်းဝေးသောနေရာလည်းဖြစ်သည်။ သူ၏အစိမ်းရောင်ဝတ်ရုံသည် လေထဲတွင် လွင့်နေသည်။ သင်း...ဘယ်သို့ပြေးသနည်း။ သူ့နောက်မှ လက္ခဏ၊ လက္ခဏနောက်မှ သစ္စာဖောက်ဘိဘိသနတို့ မြင်းကို ဒုန်းစိုင်းလိုက်ပါသွားသည်။

“သင်းတို့ ဘယ်သို့သွားသနည်း”

ချက်ချင်းပင် ကျွန်ုပ်ခေါင်းထဲသို့ အသိတစ်ခု ဝင်ရောက်လာသည်။

အိန္ဒုမြစ်ကျဉ်း ဥမင်လိုဏ်ပေါက် .......။

စစ်သည်တပ်မများက ခံတပ်မုခ်ဝမှဝင်ရန် တိုက်ခိုက်နေစဉ်တွင် ရာမသည် ဥမင်မှတဆင့် ခံတပ်တွင်းသို့ဝင်ရန် ကြိုးစားပေတော့မည်။ သစ္စာဖောက်၏နည်းလမ်းညွှန်ပြမှု။

ကျွန်ုပ်သည် မျှော်စင်ထက်မှ စစ်ရထားထက်သို့ ခုန်ဆင်းကာ တိုက်ပွဲအတွင်းသို့ အတင်းဖြတ်သန်း မောင်းနှင်လာခဲ့သည်။ အာရိယန်မြင်းစီးစစ်သည်များသည် ခံတပ်အတွင်းသို့ ရောက်နေကြလေပြီ။ သို့သော် ကျွန်ုပ်၏စစ်ရထားဘီးတွင်တပ်ထားသော သံချွန်များအောက်တွင် ရန်သူများသည် အတုံးအရုံး ကျဆုံးကုန်ကြသည်။ မိုက်မဲစွာဖြင့် ရထားထက်သို့ ခုန်ဝင်လာသည့် ရန်သူများကိုလည်း လေထဲမှာပင် ပုဆိန်နှင့်ခုတ်ချခဲ့ရသည်။ ကျွန်ုပ်၏ရထားတွင်း ခြင်္သေ့ရေခင်းထားသည့် အောက်ခြေတွင် သွေးများအိုင်ထွန်းနေသည်။ စစ်မြင်းနှစ်ကောင် သုံးကောင်၏ကိုယ်တွင် မြားတံများစိုက်ဝင်နေသော်လည်း ရဲရင့်သည့်မြင်းကြီးများသည် ရထားကို တဟုန်ထိုးဆွဲပြေးနေကြသည်။

တောင်ကုန်းငယ်များထက်မှ တိုက်ခိုက်နေကြသည့် ဒြာဝိဒိယန်တို့သည် ကျွန်ုပ် ရထားနှင့် အတင်းဝင်ရောက်မောင်းနှင်လာသည်ကို တွေ့ရသောအခါ ဟစ်အော်ကြွေးကြော်ကြသည်။ စစ်မြင်းများသည် စစ်ပွဲ၏ပြင်းထန်မှုတွင်
တက်ကြွလာကြသဖြင့် ရထားဘီးသည် မြေပြင်တွင်မထိတော့ဟု ကျွန်ုပ်ထင်လာသည်။ တိုက်ပွဲကား အရှုပ်အထွေး အပြင်းထန်ဆုံးအဆင့်သို့ ရောက်နေပေပြီ။

ခံတပ်အတွင်း၌ မက္ကဋများ၊ အာရိယန်များ အများအပြားရောက်ရှိနေကြပြီး လေးနှင့်မြားကို အသုံးမပြုကြတော့ဘဲ ရင်ဆိုင်တိုက်ခိုက်နေကြပြီဖြစ်သည်။ ကျွန်ုပ်၏ရထား ဖြတ်မောင်းနှင်သွားတိုင်းတွင် ရန်သူများသည် ကိုင်းပင်များ
ပြတ်ကျသကဲ့သို့ အစုလိုက်အပြုံလိုက် သေဆုံးကြသည်။ သို့သော် ခံတပ်တွင်းတိုက်ပွဲ၌ ကျွန်ုပ်ဝင်တိုက်ရန် အချိန်မရပေ။ ခံတပ်ဥမင်လိုဏ်ပေါက်သို့သာ ရထားကို အပြင်းမောင်းနှင်သွားရသည်။

ရောက်ပေပြီ။ ဥမင်တံခါးရှေ့ပေါက်တွင် သဲသဲမဲမဲ တိုက်ခိုက်နေကြသောသူနှစ်ဦးကို တွေ့လိုက်ရသည်။ မေဃနာဒနှင့် ဟာနုမာန်။ သူတို့သည် ဘယ်အချိန်က ဘယ်လက်နက်တွေနှင့် မည်မျှကြာအောင် တိုက်ခိုက်နေကြသည်မသိ။
အခြားစစ်သည်များမရှိသောနေရာတွင် သူတို့နှစ်ဦးသာရှိသည်။ သူတို့အနီးတွင် ကျိုးပဲ့နေသည့်ပုဆိန်များ၊ လှံတံများ၊ တင်းပုတ်များကို တွေ့ရသည်။ လက်နက်တစ်မျိုးပြီးတစ်မျိုး အသုံးပြုနေကြခြင်းပင်ဖြစ်မည်။ ကျွန်ုပ်ရောက်ရှိသွားချိန်၌ သူတို့ကိုင်ဆောင်ထားသည့်လက်နက်မှာ ဓားရှည်ကြီးများဖြစ်သည်။ ဓားချင်းထိခတ်သံမှာ ရှေ့ဥမင်လိုဏ်ကြောင့် ပဲ့တင်ထပ်နေသည်။

ကျွန်ုပ်၏ရထားကို ဟာနုမာန်ထံသို့ မောင်းနှင်လိုက်သော်လည်း ဟာနုမာန်သည် ပေါ့ပါးစွာ ရှောင်တိမ်းလိုက်သည်။ သူတို့တိုက်ပွဲကို ကျွန်ုပ်မကြည့်အားပေ။ ရထားကို ဥမင်လိုဏ်အတွင်းသို့ မောင်းဝင်လိုက်သည်။ စစ်မြင်းဆယ်ကောင်နှင့် ရထားကိုယ်ထည် ဥမင်အတွင်းသို့ ရောက်ရှိသည့်အခိုက်မှာပင် အသံနက်ကြီးဖြင့် အော်သံတစ်ခု မေဃနာဒတို့ထံမှ ကြားလိုက်ရသည်။ ကျွန်ုပ် ရထားပေါ်မှ လှည့်ကြည့်လိုက်သည်။

“သား .....တော် ....မေဃနာဒ”

ဓားသည် သားတော်မေဃနာဒ၏ရင်အုံတွင် ထိုးစိုက်နေပြီတကား။ သားတော်သည် ဓားတန်းလန်းစိုက်နေသည့်အထဲက ဟာနုမာန်ကို လိုက်ခုတ်နေသည်။ သို့သော် သွေးများက မြင်မကောင်းအောင် ထွက်ကျနေပေပြီ။
ထို့ပြင် ဓားတစ်ချောင်းကလည်း ကျန်လက်မောင်းတစ်ဖက်တွင် ထုတ်ချင်းစိုက်နေသည်။ သားတော်သည် ကျောက်တုံးတစ်တုံးပေါ်သို့ ခုန်တက်လိုက်ပြီး သူ့ရင်တွင်ဝင်စိုက်နေသည့်ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ထိုဓားဖြင့်  ဟာနုမာန်ကို ပစ်ပေါက်လိုက်သည်။ သို့သော် ဟာနုမာန်ကိုမထိတော့။ ဟာနုမာန်သည် သွေးအလိမ်းလိမ်းဖြင့် ခံတပ်တစ်နေရာသို့ ပြေးသွားသည်။ သားတော်မေဃနာဒသည် ကျောက်တုံးပေါ်မှ လိမ့်ကျသွားလေသည်။ သေနာပတိချုပ် သားတော်မေဃနာဒသည် မဟာသူရဲကောင်းအဖြစ် ကျဆုံးသွားချေပြီတကား။

နာကျင်သော ကျွန်ုပ်၏ရင်အုံအတွင်း၌ ချက်ချင်းပင် စစ်သွေးများ ဆူပွက်လာတော့သည်။ ကျွန်ုပ် ရထားကို နောက်သို့ပြန်မလှည့်တော့။ ဥမင်လိုဏ်သည်လည်း ရထားကိုပြန်လှည့်နိုင်လောက်သည်အထိ ကျယ်ပြောသည်မဟုတ်။
ထို့ကြောင့် ဥမင်လိုဏ်အတွင်းသို့သာ အဟုန်ပြင်းစွာ မောင်းနှင်လာခဲ့သည်။ ကျွန်ုပ်ဟစ်ကြွေးလိုက်သောအသံသည်  ဥမင်လိုဏ်သံဖြင့် ပဲ့တင်ထပ်ကာ လိုဏ်ပေါက်တွင် ကျဆုံးခဲ့ပေသော သားတော်ထံသို့ ရောက်နိုင်ပေလိမ့်မည်။

“သားတော်မေဃနာဒ  .......အားလုံးအတွက် ပြီးတော့ အားလုံးထက်ပိုပြီး သားတော်အတွက် လက်စားချေဖို့ အခု ရန်သူရှိရာကို အခုခမည်းတော်သွားနေပြီ ချစ်သားတော်ရေ၊ ခမည်းတော်သွားနေပြီ”

နှမတော်ဂမ္ဘီ၊ တူတော်များ၊ ဒြာဝိဒိယန်စစ်သည်များ၊ သေနာပတိများ၊ ထို့နောက် သားတော်မေဃနာဒ။ အထပ်ထပ်ရစ်ပတ်ဖွဲ့စည်းလေပြီဖြစ်သော ရန်ငြိုးများအတွက် နက်ရှိုင်းသောကလဲ့စားချေမှုကို ပြုရန် ကျွန်ုပ် ဥမင်လိုဏ်အတွင်း ရထားကို တဟုန်ထိုးမောင်းနှင်နေပြီ။ မြင်းခွာသံနှင့် ရထားဘီးသံကြောင့် ဥမင်လိုဏ်အတွင်ဖြစ်ပေါ်ခဲ့သော ပဲ့တင်သံကြီးသည် ရေတံခွန်မှ ရေကျသံအလား။ ပဲ့တင်သံများကြောင့် မြင်းများသည် လန့်၍ ပိုပြီးလျင်မြန်စွာ ပြေးကြသည်။ ဥမင်လိုဏ်နံရံမှ ကျောက်စွန်းများနှင့် ရထားဘီးသံချွန်များ တိုက်ခိုက်ကြရာတွင် မီးပွားများလွင့်စင်ကုန်ကြသည်။ ဥမင်လိုဏ်အတွင်း မီးများမထွန်းညှိရဘဲ ထိုမီးပွားများဖြင့် လင်းနေသည်။ အချို့သံချွန်များ ပဲ့ထွက်ကုန်ကြသည်။ ကျောက်စွန်းများလဲ ကျိုးပဲ့ကုန်သည်။

ရှေ့ဆီတွင် လိုဏ်ပေါက်မှတိုးဝင်နေသည့် အလင်းရောင်ကိုမြင်ရပြီ။ အေးမြသောလေစိမ်းသံသည် ကျွန်ုပ်မျက်နှာပြင်သို့ တဟူးဟူး ဖြတ်သန်းလာပြီ။ ပဲ့တင်သံများ ပျောက်ကွယ်သွားသည်။ ဥမင်လိုဏ်၏တစ်ဖက် အပြင်သို့ ကျွန်ုပ်ရောက်နေပြီ။

ဝတ်ရုံစိမ်း .... ရန်သူ ....... ရာမမင်းသား။ ဆီးနှင်းများဝေနေသည့် ဝေးလံသောအရပ်မှ တလူလူလွင့်နေသော ဝတ်ရုံစိမ်းကိုဝတ်ဆင်လျက် ရန်သူသည် မျက်နှာချင်းဆိုင် မြင်းကိုစိုင်းလာပြီ။ မြားကာတိုင်တွင် ချိတ်ဆွဲထားသော  လှံတံကိုဆွဲယူလျက် သင်းဆီသို့ ပစ်လွှတ်လိုက်သည်။ လှံတံသည် တည့်မတ်စွာ ဝင်သွားသည်။ သင်းက ခေါင်းကိုငုံ့ရှောင်သည်။ နောက်ထပ်လက်နက်တစ်ခု ..... ပုဆိန်။ ပုဆိန်သည် သင်း၏မြင်းခေါင်းတည့်တည့်တွင် ဝင်စိုက်သည်။ မြင်းသည် ကျွမ်းထိုးကျသွားပြီး သင်းလိမ့်ကျသည်။

ရန်သူသည် မြေပေါ်သို့ရောက်သွားပြီ။ နောက်ထပ်လက်နက်တစ်ခု ........ ဓား။ ဝဲပျံသွားသောဓားကို သင်းက ဓားဖြင့် ပြန်၍ခါထုတ်သည်။ ကျွန်ုပ်၏ရထားမှာ အဟုန်ပြင်းစွာ ပြေးမြဲပြေးလျက်။ ကျွန်ုပ်သည် မြင်းဇက်ကြိုးကို မကိုင်တော့။ လက်နက်များ တစ်ခုပြီးတစ်ခု ထုတ်ယူပြီး ရထားဘက်မှ ပစ်လွှတ်လိုက်သည်။ သင်း၏အနီးတဝိုက်တွင် လက်နက်များ ဝိုင်းရံစိုက်ဝင်လျက်။ မြားကာတိုင်ထပ်မှ နောက်ထိပ်မှ နောက်ဆုံးကျန်သည့်လက်နက် ...... သန်လျက်။

“အချစ်အတွက် ........ အမုန်းအတွက်”

သန်လျက်သည် ပျားတစ်ကောင်အလား လေထဲသို့ထိုးဖောက်လျက် သင်းဆီသို့ ပျံဝဲသွားသည်။ သန်လျက်သည် ကျွန်ုပ်ရည်ရွယ်ထားသည့်နေရာသို့ မသွား။ သို့သော် လက်မောင်းရင်းတွင် ဝင်စိုက်ပြီ။ သင်း၏မျက်နှာကိုပင် ဆီးနှင်းကြား၌ မသဲမကွဲမြင်နေရပြီ။ ယိမ်းယိုင်သောခန္ဓာကိုယ်ဖြင့် သင်းသည် လေးကိုဆွဲကိုင်လျက် မြားကျည်တောက်မှ မြားကိုထုတ်ယူ  .......လေးညို့တွင်တပ်ဆင် ....... လေးကြိုးကိုငင် ..........ဝင်းလက်သောအရာတစ်ခု စစ်မြင်းများ၏ ကျောပြင်ကို ဖြတ်လျက် ကျွန်ုပ်ဆီသို့ပျံသန်းလာ ........မြားတစ်စင်း  .......  ရွှေမြားကာကို  ကျော်ဖြတ်ပြီး  ရွှေမြားကာ၏နောက်တွင်  ထီးထီးမားမားရပ်နေသော ကျွန်ုပ်၏ရင်အုံဆီသို့ ............။ ရင်အုံအနှံ့အပြားတွင် သင်း၏မြားတံများ တစ်စင်းပြီး တစင်း ....... နောက်တစ်စင်း .........,

“နောင်တော်ဘုရင်မင်းမြတ်”

အစိမ်းရောင်နှင့် အနီရောင်လှိုင်းလုံးကြီးများ တလိပ်လိပ် တက်လာကြသည်။ နှစ်ခုပူးပေါင်းပြီး အနက်ရောင်ရေလှိုင်းလုံးကြီးဖြစ်သွားပြီး ကောင်းကင်ပြင်သို့ တက်သွားသည်။ ကောင်းကင်တစ်ပြင်လုံး မည်းနက်သွားသည်။ အမှောင်တိုက်ထဲတွင် ဓားခုတ်သံများ မြည်ဟည်းနေသည်။ ဥမင်လိုဏ်အတွင်းရှိ ကျောက်စွန်းများနှင့် ရထားသံချွန်ဘီးများ ထိခတ်သံ၊ ဒြာဝိဒိယန်တို့၏ဟစ်ကြွေးသံများ။

“လင်္ကာဒီပဘုရင်မင်းမြတ် ........ သက်တော်ရှည်ပါစေ”

“ရာဝဏ ....... ရာဝဏ ....... လင်္ကာဒီပရဲ့သူရဲကောင်း ရာဝဏ”

“မျောက်ဝံတွေကိုခုတ်ကြဟေ့”

“ဒြာဝိဒိယန်တို့ ....... အသားဝါတွေရဲ့ လည်ချောင်းသွေးနဲ့ ခြေဆေးကြ”

အမှောင်ထုကြီးသည် ချက်ချင်းနီရဲလာသည်။ သွေးစက်များဖြစ်သွားပြီး မြေပြင်သို့ သွေးမိုးစက်များ တဝေါဝေါ ကျဆင်းလာပြီ။ သွေးအိုင်ထဲတွင် ရွှေသမင်၊ တရိဂမ္ဘီ၏အလောင်း၊ သားတော်မေဃနာဒသည် ကိုယ်တွင်စူးဝင်နေသည့်ဓားကို ထုတ်ယူနေသည်။ ဦးရီးတော်သည် ထင်းရှူးပင်များကို တဖြောင်းဖြောင်းရိုက်ချိုးနေသည်။ ထင်းရှူးပင်များသည် မြေပေါ်သို့ တဝုန်းဝုန်းလဲကျသွားသည်။ မြေပြင်ပေါ်သို့ရောက်သောအခါ သမင်ရိုင်းကြီးများဖြစ်သွားသည်။ သမင်ရိုင်းကြီးများသည် ပြင်းထန်စွာ ခတ်ကြသည်။ စပျစ်သူရာများဖြင့် ပြည့်လျှံသွားလေသည်။ သားရဲတွင်းမှ ခြင်္သေ့ကြီးတစ်ကောင်ထွက်ပေါ်လာသည်။ ခြင်္သေ့ကြီး၏အာခေါင်တွင် သံလျက်တစ်ချောင်း စူးဝင်နေသည်။ခမ်းနားသောတဲနန်းကြီးတစ်ခု အတွင်းဘက်တစ်နေရာတွင် ရွှေခြည်ဖောက် ပဝါခန်းဆီးစ ကာထားသည်။ ပုလဲကြိုးများ မျက်နှာကျက်တွင်အစီအရီ ချိတ်ဆွဲလျက်။

“လင်္ကာဒီပဘုရင် ....... သင် ဒီနေရာက ထွက်သွားလိုက်စမ်း”

မုတ်ဆိတ်ဖြူနေသည့်အာရိယန်အဘိုးကြီးတစ်ဦး တောင်ဝှေးကိုဆောင့်၍ အော်လိုက်သည်။ တဲနန်းအတွင်းမှ အာရိယန်ဘုရင်များက ရယ်မောကြသည်။

“ဟား .... ဟား ..... ဟား ....”

“မိမိရဲ့ ရာဇပလင် လစ်လပ်မသွားစေချင်ရင် ကိုယ့်နေရာမှာကိုယ် နေလိုက်ကြစမ်း”

“ခုတ်ဟေ့ .... သတ်ကြဟေ့”

အမှောင်တိုက်ပြန်ဖြစ်သွားပြန်သည်။ အမှောင်တိုက်ထဲတွင် စူးရှသောအလင်းရောင်လေးတစ်ခုပေါ်လာသည်။ ရွှေခြည်ဖောက်ပဝါခန်းဆီးစနှင့် ပုလဲကြိုးများ ........။ သာယာသောအသံတစ်ခု တလွင်လွင် ထွက်ပေါ်လာပြန်သည်။
ကျောက်တုံးများကို ရစ်ခွေပွတ်တိုက်လျက် စီးဆင်းလာသောစမ်းရေထဲတွင် သစ်ခွပန်းများ မျောပါလာသည်။ ခရမ်းရောင်သစ်ခွပန်းများ စုဝေးကြပြီးနောက် ရုပ်ပုံရွှေလွှာတစ်ခု ဖြစ်သွားပြန်သည်။ သန္တာနှုတ်ခမ်းလွှာသည် ဖွင့်ဟလှုပ်ရှားလာသည်။

“လင်္ကာဒီပဘုရင် ...... ခမ်းနားတဲ ကမ္ဘာလောကမှာ သီတာဒေဝီဆိုတဲ့ မိန်းမသားတစ်ဦးကြောင့် ရှင် ဒုက္ခရှာတော့မလား..... ဟင် .......”

“ဒါပေမဲ့ သီတာဒေဝီ ဟောဒီလက်နက်တွေချိတ်ဆွဲထားတဲ့ ဝတ်ရုံအောက်ကကိုယ်တွင်းမှာ မင်းကိုချစ်မြတ်နိုးတဲ့ နှလုံးသည်းပွတ်ရှိနေတယ်ဆိုတာ မင်းနားလည်လိုက်ပါ ... မင်းနားလည်လိုက်ပါ”

“ပြင်းထန်တဲ့စစ်ပွဲတွေဖြစ်ရတယ်ဆိုရင် အားလုံးအတွက် ကျွန်မနှလုံးသည်းပွတ်တွေ ကြေကွဲရပါလိမ့်မယ်၊ အိန္ဒုရာဇဝင်မှာ သီတာဒေဝီဆိုတဲ့အမည်ဟာ အရုပ်ဆိုးအကျည်းတန်စွာ ကမ္ဗည်းတင်ကျန်ရစ်ခဲ့တော့မယ်”

“အဲဒီအချစ်ကြောင့် ဒသဂီရိရဲ့အမည်ဟာ ကမ္ဘာလောကရဲ့ရာဇဝင်တစ်လျှောက်မှာ ရက်စက်မှုရဲ့ပြယုဂ်အဖြစ် တည်ချင်တည်စေတော့”

အလင်းရောင်သည် အမှောင်ထုကို အနိုင်ရရှိသွားသည်။ စမ်းရေစီးသံများ ပီသစွာ ကြားလာရသည်။ ဆီးနှင်းများဝေနေသည်။ ရေညှိဖုံးနေသော ကျောက်ကမ်းပါးနံရံထက်တွင် သစ်ခွပန်းများ။

“အိန္ဒုမြစ်ကျဉ်းဒေသပါလား”

“ရာဝဏ ... ရာဝဏ”

“ဦးရီးတော်လား”

“ဟုတ်ပါတယ် ရာဝဏရယ်၊ ငါ မာရဇ္ဇပါ”

“ဒီနေရာဟာ ....... အိန္ဒုမြစ်ကျဉ်းဒေသမဟုတ်လား”

“ဟုတ်တယ်လေ ..... ရာဝဏ”

“နက်ရှိုင်းတဲ့ ..... သာယာမှုကိုဆောင်တဲ့ တကယ့်ပကတိ သဘာဝဒေသ”

မှုန်ရီတဝါးရှိလှသောမြင်ကွင်းဝယ်  ဦးရီးတော်မာရဇ္ဇ၏မျက်နှာကို  ကျွန်ုပ်မြင်လာရသည်။  သူ့မျက်လုံးများသည် ရွှန်းစိုတောက်ပြောင်နေသည်။

“ဟင် ...... ဒါက .... ဘယ်လိုလဲ ဦးရီးတော်”

“မျက်ရည်တွေပေါ့ ရာဝဏ၊ ငါ့မျက်လုံးအိမ်ထဲက မျက်ရည်တွေ”

“သုတ် ....... သုတ် ...အခုသုတ်လိုက်စမ်း၊ ဦးရီးတော်”

“ ....... ”

“သားတော်ကျဆုံးသွားပြီ၊ ဦးရီးတော်သိရဲ့လား”

“သူဟာ မဟာသူရဲကောင်းပါပဲ ရာဝဏ”

“ကျုပ်ရင်မှာ မြားတံတွေအများကြီးစိုက်ဝင်နေတယ်”

“မင်းဟာ အင်မတန်ကြံ့ခိုင်တဲ့သူရဲကောင်းကြီးပါ ရာဝဏရယ်”

“ဂုမ္ဘဒီပကော ... တိုက်ပွဲပြီးသွားပြီလား ... ခံတပ်”

“အားလုံးပြီးသွားပြီ ရာဝဏ၊ အားလုံးပြီးသွားပြီ”

“တိတ်စမ်း ....... မပြီးသေးဘူး၊ ဦးရီးတော်ရှိသေးတယ်၊ ဒြာဝိဒိယန်တွေကိုစုရုံး ..... လင်္ကာဒီပမှာ ထပ်စုဆောင်း၊ ကျူးကျော်သူတွေကို မောင်းထုတ် ...”

“ဒါတွေမပြောပါနဲ့ ရာဝဏ”

“လင်္ကာဒီပဘုရင်ပြောနေတယ်၊ သေနာပတိတွေအားလုံးကို ခေါ်လိုက်”

“ရှိကြပါတယ် ရာဝဏ”

"ဒသဂီရိရဲ့ ဝိဥာဉ်ဟာ လင်္ကာဒီပကို ဆက်ပြီးအုပ်ချုပ်နေမယ် နားလည်လား”

“မင်းရဲ့အမိန့်ကို နာခံပါတယ် ရာဝဏရယ် .... ”

စမ်းရေစီးသံသည်  တဖြည်းဖြည်းတိုးဝင်သွားသည်။ ရေညှိဖုံးသည့်ကျောက်ကမ်းပါးမှ သစ်ခွပန်းများ မပီမသဖြစ်လာသည်။

“အရှေ့ဘက်ဆီမှာ ဓမ္မိကတောင်သေလာရှိတယ်”

“မင်း .. ဘာလိုချင်လဲရာဝဏ၊ ဘာလိုချင်လဲ”

“ဓမ္မကတောင်သေလာခြေရင်းမှာ စမ်းချောင်းလေးတစ်ခုရှိတယ်၊ ရွှေငါးတွေကူးခတ်နေကြတယ်၊ ဥဒေါင်းငှက်တွေလည်း ကနေကြတယ်၊ ကျုပ် သူ့ရဲ့ရုပ်ပုံရွှေလွှာကို အဲဒီနေရာက ရခဲ့တယ်”

“ငါသိတယ်လေ .... ရာဝဏ”

“မိုဟန်ဂျိုဒါရိုက တောင်ကုန်းမှာ ကျုပ်ကိုမထားခဲ့နဲ့၊  ဓမ္မိကတောင်သေလာခြေရင်းက စမ်းချောင်းဘေးမှာ ကျုပ်ကိုမြှုပ်နှံရမယ်၊ နားလည်လား”

“ကောင်းပါပြီကွယ်”

တစ်ခဲနက်သောအမှောင်တိုက် ဖြစ်ထွန်းလာသည်။ ချက်ချင်းပင် ရုတ်တရက် အရာခမ်သိမ်း စူးရှဝင်းထိန်သွားပြန်သည်။

“ကျုပ် နှစ်ခုမှာခဲ့မယ်၊ ကျုပ်ဝိဥာဉ် ဆက်လက်အုပ်ချုပ်နေမယ့် လင်္ကာဒီပမှာ ဒြာဝိဒိယန်တွေပြန်စုရုံးပြီး ရန်သူတွေကို တိုက်ခိုက်ရမယ်၊ ပြီးတော့ သီတာဒေဝီကိုပြောလိုက်ပါ၊ သူ့ကိုချစ်မြတ်နိုးတဲ့ လင်္ကာဒီပဘုရင်က ....... သူ့ရဲ့နူးညံ့ချိုသာတဲ့ဆက်ဆံမှုကို ဘယ်........ တော့မှ ....... မမေ့ ........”
                     
================

အခန်း(၁ဝ)
လင်္ကာဒီပချစ်သူ

ဟေဝန်ဖျား ..... မြိုင်သီလာ ..... တောင်ယံတောစွယ် ..
သာမောဘွယ်စေ ...... ယဉ်ရေသွယ်သွယ်ဖြာ ....
ကန်သာသီတာ စီကာသမ်း .....
ရွှေကိုယ်သည်ဝယ်ပူုနယ် ပန်းအောင် မယ်မောင်ဗျာဝန်ပိုမို ...
ဆိုငိုမှိုင်ယောင် .....
သည်းခေါင်ကြွေလှုညား ......
(ပန်းမြိုင်လယ် .... ယိုးဒယား)

“ရာဝဏ မင်းရဲအမိန့်အတိုင်း အခု မင်းကို ဓမ္မိကတောင်သေလာခြေရင်းက စမ်းချောင်းမှာ မြှုပ်နှံလိုက်ပြီ၊ မင်းပြောတဲ့အတိုင်း စမ်းရေထဲမှာ ရွှေငါးတွေကူးခတ်နေကြတယ်၊ ဥဒေါင်းငှက်တွေလည်း ကခုန်နေတယ်၊ ပန်းရနံ့တွေလည်း သင်းပျံ့နေတယ်၊ အစခပ်သိမ်းသာယာတဲ့ ဒေသလေးပါ ရာဝဏ၊ ချမ်းမြေ့ဖွယ်ဒေသလေးပါ ....ဒါပေမယ့် ...ငါနဲ့တကွသော ဒြာဝိဒိယန်အားလုံးအဖို့တော့ ဒီနေရာဟာ သောကရဲ့ကွန်းထောက်စခန်းပါပဲ ရာဝဏရယ်၊ မင်းရဲ့ကျောက်ဂူကို တို့မျက်ရည်တွေနဲ့ သုတ်လိမ်းခဲ့ရပါပြီ ....ဓမ္မိကတောင်သေလာဟာ ညို့မှိုင်းနေတယ်၊ အေးမြငြိမ်းချမ်းလှပါတယ်၊ ပူလောင်ပြင်းပြပြီး စစ်ပွဲတွေနဲ့သာ အဆက်မပြတ် အသက်ရှင်ခဲ့ရတဲ့မင်း လင်္ကာဒီပဘုရင်မင်းမြတ်ကြီးဟာ အခုအချိန်မှာတော့ အေးမြတဲ့ဒီတောင်ရိပ်က စမ်းချောင်းဘေးမှာ ထာဝရအနားယူပါတော့ ......”

“ပိတ်ဆို့နေတဲ့ မိန်းမတစ်ဦးရဲ့ နှလုံးအိမ်အတွင်းက အချစ်ကို ဖူးငုံပွင့်အာလာအောင် လုပ်ပေးဖို့ မင်း ငါ့ကို အမိန့်ပေးခဲ့ဖူးတယ်၊ ဒီတုန်းက ငါဟာ မင်းကို ဒီသေနင်္ဂဗျူဟာကိုတော့ ငါနားမလည်ပါဘူးလို့ ပြောခဲ့တယ်၊ ပြီးတော့ အဆိပ်လူးမြားငါးစင်းကို တစ်ပြိုင်တည်း ပစ်လွှတ်နိုင်တဲ့ မိန်းမတွေရဲ့  ရှုပ်ထွေးနက်ရှိုင်းတဲ့သေနင်္ဂဗျူဟာကို ငါ ပုံဆောင်တင်စားပြောခဲ့တယ်၊ နောက်ဆုံးတော့ မင်းရဲ့ရင်အုံမှာ ရန်သူ့မြားတွေ တစ်စင်းပြီးတစ်စင်း  စူးဝင်ခဲ့တယ်၊ တကယ်တော့ အတွင်းထဲက မင်းရဲ့နှလုံးသားမှာ ပြင်းထန်တဲ့အချစ်ရဲ့မြားတံတွေ စူးဝင်နေခဲ့တာ ကြာပါပြီကော ရာဝဏရယ်”

“ရာဝဏ ........”

“မင်းရယ်  ...  ငါရယ်  ....  သေနာပတိ ဂုမ္ဘဒီပရယ် တစ်ခါက ဥမင်လိုဏ်ကို ဝင်ကြည့်ရင်း အိန္ဒုမြစ်ကျဉ်းကိုဝင်ကြည့်ခဲ့စဉ်က မင်းပြောခဲ့တယ်၊ ကျုပ် ရာမနဲ့ စီးချင်းထိုးပြီးရင် သီတာဒေဝီနဲ့ ဒီနေရာကိုလာပြီး အနားယူမယ်တဲ့၊ လင်္ကာဒီပနန်းတော်အရေးကိစ္စမှန်သမျှကို ဦးရီးတော်တို့ ဘိဘိသနတို့နဲ့ လွှဲထားခဲ့မယ်တဲ့၊ မင်းရဲ့ကံကြမ္မာကို မင်း ဒီတုန်းက တကယ်ပဲသိခဲ့လေသလား လင်္ကာဒီပဘုရင်မင်းမြတ်ရယ် .......”

“ဒီတုန်းက မင်းရဲ့ ထာဝရခက်ထန်တဲ့မျက်နှာပြင်ပေါ်မှာ နူးညံ့တဲ့အသွင်တွေ ဖုံးလွှမ်းနေတယ်၊ တင်းမာတဲ့လေသံဟာလည်း ပျော့ပျောင်းနေခဲ့တယ်၊ အိန္ဒုမြစ်ကျဉ်းဆိုတဲ့ ရိုးစင်းတဲ့နံမည်ကိုဖျောက်ပြီး ဒသဂီရိဘုရင်၊ သီတာဒေဝီမိဖုရားတို့နဲ့ သက်ဆိုင်တဲ့အမည်တစ်ခုခု ပေးချင်တယ်လို့ မင်းပြောခဲ့တယ်လေ ရာဝဏ ....”

“ငါက အတိတ်နိမိတ်မကောင်းလှတဲ့ အမည်တစ်ခုကို ရယ်မောနောက်ပြောင်ပြီး ပေးခဲ့မိတယ် ရာဝဏ၊ မင်းရဲ့ ကြမ်းတမ်းခက်ထန်မှုနဲ့ မင်းရဲ့တကယ့်သဘာဝတွေပျောက်ကွယ်နေတဲ့ အဲဒီအခိုက်အတန့် အဖြစ်သနစ်ကို အဓိပ္ပါယ်ကောက်ယူပြီး ငါက ဒသဂီရိ၏ဝိဥာဉ်လို့ အမည်ပေးခဲ့ပါသေးသကော ရာဝဏရယ်”

“ဒီတော့ မင်းက အသံနက်ကြီးနဲ့ ရယ်မောပြီး ငါပေးတဲ့နံမည်ကို ငြင်းပယ်ခဲ့တယ်၊ ဒါပေမယ့် ဒသဂီရိ၏ဝိဥာဉ်ဆိုတဲ့ အဲဒီအမည်ကို မင်း  ...  မင်း  ...  အခုတော့ လက်ခံရပြီကော  .....  ရာဝဏ၊  မင်းရဲ့ဝိဥာည်ဟာ အိန္ဒုမြစ်ကျဉ်းပေါ်မှာပဲ ချုပ်ငြိမ်းခဲ့ရပြီ မဟုတ်လားဟင်”

“အခု .... မင်းကို တို့ အမွန်မြတ်ဆုံးအခမ်းအနားနဲ့ ဓမ္မိကတောင်သေလာခြေရင်း စမ်းချောင်းဘေးမှာ မြုပ်နှံခဲ့ရပြီလေ၊ ငါကျွမ်းကျင်တဲ့ သေနင်္ဂဗျူဟာနဲ့ အလှဆုံးသစ်ခွပန်းတွေ ငါကိုယ်တိုင်ရဲ့ဘယ်လက်နဲ့ ဖူးပွင့်စေပြီး မင်းရဲ့ဂူသချိုင်းပေါ်မှာ မြုပ်နှံခဲ့ရပါပြီ။  စစ်ဘုရင်တစ်ဦးဟာ သစ်ခွပန်းတွေရဲ့ အောက်မှာ ထာဝရအနားယူနေပြီဆိုတာ လူတွေယုံချင်မှယုံမယ်၊ ဒါပေမယ့် အဲဒီစစ်ဘုရင်ရဲ့စစ်သွေးတွေ ဆူဝေလှည့်ပတ်နေတဲ့နှလုံးအတွင်းမှာ ဘာရှိတယ်ဆိုတာ ငါသိပါတယ် ရာဝဏရယ်...... ငါက သိပါတယ်၊ ဒါကြောင့် စစ်ဘုရင်တစ်ဦးရဲ့ ဂူပေါ်က သစ်ခွပန်းတွေရဲ့ အဓိပ္ပာယ်ကိုလည်း ငါနားလည်နေပါတယ်”

“ချမ်းမြေ့စွာနေရစ်ခဲ့ပါတော့ ရာဝဏ၊ ချမ်းမြေ့စွာ စံနေရစ်ခဲ့ပါတော့ .......... ”

“မင်းရဲ့ဦးရီးတော် မာရဇ္ဇက မင်းကို လေးစားချစ်ခင်စွာ နောက်ဆုံးနှုတ်ဆက်ခဲ့ပါတယ်၊ လင်္ကာဒီပကို ပြန်ရောက်ရင် မင်းအမိန့်ပေးခဲ့တဲ့အရာတွေဟာ ငါဆက်လက်တာဝန်ယူရဦးမယ်၊ ဒြာဝိဒိယန်တွေကို ထပ်မံစုရုံးရအုံးမယ် ......”

“ဒီအခါမှာသာ”

“မင်းပြောခဲ့တဲ့အတိုင်း မင်းရဲ့ဝိဥာဉ်ဟာ လင်္ကာဒီပကို ဆက်လက်အုပ်စိုးလှည့်ပါ၊ မြေဆီသြဇာကြွယ်ဝတဲ့ သီးနှံစိုက်ခင်းတွေ၊ အဖိုးထိုက်တန်တဲ့ရတနာများ ကိန်းဝပ်တဲ့ တောင်တန်းတွေ၊ ကျန်းမာဆူဖြိုးတဲ့ ကျွဲနွားတွေနဲ့ပြည့်စုံတဲ့ တို့အိန္ဒုဒေသကို ကျူးကျောက်သိမ်းပိုက်သော အာရိယန်များကို မောင်းထုတ်ဖို့အတွက် မင်းပြန်လာခဲ့ပါ ရာဝဏရယ်၊ မင်းပြန်လာခဲ့ပါ”

“မင်းရဲ့ လင်္ကာဒီပကို မင်းပြန်လာခဲ့ ... ပါ ....”

* * *

“နောင်တော်ဘုရင်မင်းမြတ်”

“သစ္စာဖောက်ရယ်လို့  နောင်တော်အကြိမ်ကြိမ်  ခေါ်ဝေါ်ခဲ့ပြီး ကွယ်လွန်သည်အထိ နောင်တော်ရဲ့ရင်ထဲမှာ သည်းထန်စွာ နာကြည်းသွားတဲ့ ညီတော်ဘိဘိသန အခု နောင်တော်ရဲ့ ဂူသချိုင်းဘေးမှာ ဒူးထောက်ခစားနေတယ်လေ .....နောင်တော်ဘုရင်မင်းမြတ်”

“လင်္ကာဒီပရဲ့ အံ့မခန်းစွမ်းရည်ပြည့်လှတဲ့ ဘုရင်တစ်ပါးကို ဆုံးရှုံးခဲ့ရပြီမို့ ညီတော်နှလုံးကြေကွဲရပါတယ်”

“တစ်အူတုံဆင်း နောင်ရင်းတစ်ယောက် ဆုံးရှုံးခဲ့ရပြီမို့လည်း နှလုံးကြေကွဲရပါတယ် ........”

“နှလုံးကြေကွဲမှုပေါင်းများစွာထဲက  ညီတော်အပေါ်  သစ္စာဖောက်ဘိဘိသနရယ်လို့  နာကြည်းမုန်းတီးမှုကို နောက်ဆုံးအချိန်ထိ နောင်တော့်ရင်မှာ သိမ်းဆည်းသွားခဲ့တဲ့အတွက် ညီတော် သည်းအူပြတ်မတတ် နှလုံးကြေကွဲရပါပြီ နောင်တော်”

“နောင်တော် ဘုရင်မင်းမြတ် .....”

“နတ်ဒေဝတာနဲ့ အတူရှိနေမယ့် နောင်တော်ရဲ့ ဝိဥာဉ်တော်က ညီတော်ဒူးထောက်ခစားနေခြင်းကို လက်ခံနိုင်ပါစေ၊ ညီတော်ရဲ့တောင်းပန်ဖြေရှင်းအသနားခံချက်ကို လက်ခံနိုင်ပါစေ .........”

“ညီတော်သစ္စာမဖောက်ပါ၊ သစ္စာဖောက်မဟုတ်ပါ .......နောင်တော်ဘုရင်မင်းမြတ် ....”

“လင်္ကာဒီပအိမ်ရှေ့စံတစ်ယောက်အနေနဲ့  ညီတော်ဟာ  အိန္ဒုဒေသရဲ့  ရှည်လျားတဲ့ရာဇဝင်ကို နှံ့စပ်ကုန်စင်အောင်လေ့လာပြီး လင်္ကာဒီပရဲ့အနာဂတ်ကို တွက်ချက်နားလည်ခဲ့ပါတယ်၊ အာရိယန်တွေဟာ တစ်ချိန်မှာ ဒြာဝိဒိယန်တို့ရဲ့ အိန္ဒုတောင်ပိုင်းလွင်ပြင်ကို ထိုးဖောက်တိုက်ခိုက်ကြမှာဖြစ်တဲ့အကြောင်း ညီတော် အကြိမ်ကြိမ်အဖန်ဖန် သတိပေးခဲ့ပါတယ်၊ သီတာဒေဝီကို အကြောင်းပြုပြီး နောင်တော်ဘုရင်မင်းမြတ်နဲ့ ရာမမင်းသားတို့အကြား ပဋိပက္ခ ဖြစ်ပွားမှုထက် မျိုးနွယ်စုအရေးသာဖြစ်ကြောင်း ညီတော်တင်ပြခဲ့ပါတယ်၊ ဒါပေမယ့်  ...  ညီတော်ရဲ့အယူအဆကို လျစ်လျူရှုခြင်းခဲ့ရပါတယ် ........”

“ဒြာဝိဒိယန်မျိုးနွယ်စုထဲမှာ သူရဲကောင်းတွေအများကြီးရှိပေမယ့် ကြီးမားနက်ရှိုင်းတဲ့ မျိုးနွယ်စုအရေးကိစ္စမှာတော့ သူရဲကောင်းများ တစ်ကိုယ်ရည်စွမ်းရည်တို့နဲ့တင် မလုံလောက်ကြောင်း ညီတော်နားလည်ခဲ့ပါတယ်၊ ဒြာဝိဒိယန်တို့ရဲ့ စစ်သည်ကောင်း များပြားကြံ့ခိုင်ရေး၊ သေနင်္ဂဗျူဟာကြွယ်ဝရေး၊ အခြားမျာစွာသော မျိုးနွယ်စုများနဲ့ ထီးနန်းသဘောအရ ဆက်သွယ်ထားရေး စတဲ့အရေးအရာများကိုပါ တည်ဆောက်မှဖြစ်မယ်လို့ ညီတော်နားလည်ခဲ့ပါတယ်၊
ဒါကြောင့် သီတာဒေဝီရဲ့အရေးကိစ္စကို အခိုက်အတန့်မှာ ကျေလည်မျှတအောင် ဖြေရှင်းထားပြီး ဒြာဝိဒိယန်တို့ရဲ့မျိုးနွယ်စုအဘက်ဘက်က  တောင့်တင်းခိုင်မာလာအောင်  ပြင်ဆင်ဖို့အချိန်ယူရန်လိုအပ်ကြောင်း ညီတော်သဘောပေါက်ခဲ့ပါတယ် ...”

“နောင်တော်ဘုရင်မင်းမြတ် ...”

“သီတာဒေဝီကို ညီတော်ဟာ ရာမမင်းသားဆီပြန်ပို့ဖို့ စီစဉ်ခဲ့ပါတယ်၊ ဒီလိုပို့ရာမှာလည်း နောင်တော်ဘုရင်မင်းမြတ်နဲ့တကွ အားလုံးရဲ့ဆန္ဒနဲ ဆန့်ကျင်ရမှာဖြစ်တဲ့အတွက် နောင်တော် ရာဝဏခံတပ်ကို
လှည့်လည်ကြည်ရှုဖို့သွားစဉ်မှာ ညီတော် သီတာဒေဝီကိုခိုးယူခဲ့ပါတယ်၊ သီတာဒေဝီကို ရာမမင်းသားထံပြန်ပို့လိုက်ခြင်းအားဖြင့် လောလောဆယ်တင်းမာနေတဲ့ကိစ္စတခု ဖြေရှင်းရာရောက်ပြီး နောက်မှ ညီတော်ဟာ သူတို့အာရိယန်များနဲ့ပူးပေါင်းပြီး သူတို့ရဲ့အင်အား၊ သူတို့ရဲ့သေနင်္ဂဗျူဟာ၊ သူတို့ရဲ့လက်အောက်ခံမျိုးနွယ်စုများကို အသေးစိပ်ထောက်လှမ်းစုံစမ်းပြီး အားလုံးပြည့်စုံတဲ့အခါမှ အာရိယန်တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ညီတော်စီစဉ်ခဲ့ပါတယ်၊ နှစ်ရှည်လများကြံစည်ရမယ့်အစီအစဉ်ဖြစ်ပေမယ့် အိန္ဒုရာဇဝင် ကာလရှည်လျားမှုနဲ့နှိုင်းစာရင် ညီတော်ရဲ့အစီအစဉ်ကာလဟာ လိုအပ်တဲ့အချိန်အသုံးချမှုဖြစ်ပါတယ် .... နောင်တော်ဘုရင်မင်းမြတ် ......”

“အာရိယန်မျိုးနွယ်စုကို ဒြာဝိဒိယန်တို့က လွှမ်းမိုးဝါးမျိုနိုင်ပြီးမှ နောင်တော်ဟာ နောင်တော်ချစ်မြတ်နိုးတဲ့ သီတာဒေဝီကို အကြွင်းမဲ့သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်၊ ဒီလိုအကြံအစည်နဲ့ ညီတော်ဟာ ရန်သူ့ဘက်ကို ဥပါယ်တံမျဉ်အသုံးပြုပြီး ဝင်ရောက်ခဲ့ပါတယ်”

“ဒါပေမယ့် နောင်တော်ဘုရင်မင်းမြတ် .....”

“ဒီအကြောင်းတွေကို နောင်တော်ဆီ ညီတော် သဝဏ်လွှာမပါးနိုင်ခဲ့ဘူး၊ ညီတော်ဆီက ရာမမင်းသားရဲ့ စာချွန်နဲ့အတူ နောင်တော်ရရှိတဲ့သဝဏ်လွှာမှာ ညီတော် ဘာမှမရေးနိုင်ခဲ့ပါဘူး၊ ရန်သူတွေရဲ့စောင့်ရှောက်မှုအောက်မှာ ညီတော်ဟာ တကယ့်သစ္စာဖောက်တစ်ဦးလိုပဲ ကျင့်သုံးရေးသားခဲ့ပါတယ်"

“ပထမခံတပ်နဲ့ ဒုတိယခံတပ်စစ်ပွဲတွေကိလည်း မဖြစ်ပွားရအောင် ညီတော်ကြိုးစားပြီး တားမြစ်ခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ဟာ ပရိယာယ်ကိုအသုံးပြုပြီး ညီတော်ထံက ခံတပ်ကျုံးတွေရဲ့ လျှို့ဝှက်ချက်ကို  ရရှိသွားကြပါတယ်၊
ဒုတိယခံတပ်စစ်ပွဲအပြီးမှာတော့ သူတို့ဟာ အထိနာခဲ့တဲ့အတွက် ကျန်ခံတပ်တွေကို မတိုက်ဖို့ဆုံးဖြတ်ခဲ့ကြတယ်၊ ညီတော်ကိုလည်း မယုံသင်္ကာဖြစ်လာကြတယ်၊ နောက်ထပ် တိုင်ပင်ဆွေးနွေးခြင်းမပြုကြတော့ဘူး .........”

“ရာမမင်းသားကို ညီတော်ဖျောင်းဖျနားချလို့ ရခဲ့ပါတယ်၊ သီတာဒေဝီကို ပြန်ရရင် ကြီးကျယ်တဲ့စစ်ကို မတိုက်တော့ဘူးဆိုတဲ့အထိ ရာမမင်းသားထံက ညီတော် သဘောတူမှုရခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ ဟာနုမာန်ကိုလွှတ်ပြီး
သီတာဒေဝီကိုခိုးယူစေပေမယ့် သူတို့အကြံ မအောင်ခဲ့ပါဘူး၊ နောက်ဆုံးမှာတော့ မက္ကဋဘုရင်နဲ့တကွ အာရိယန်ဘုရင်များပါ ရာဝဏခံတပ်ကို တိုက်ခိုက်ပြီး ကြီးကျယ်တဲ့မျိုးနွယ်စုစစ်ပွဲတစ်ခုဆင်နွဲ၊ နောင်တော်ဘုရင်မင်းမြတ်ကိုသုတ်သင်ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ......”

“အဲဒီနောက်မှာတော့ ညီတော်ကိုလည်း အကျဉ်းသားသဖွယ် ထားခဲ့ကြတယ်၊ ရာဝဏခံတပ်စစ်ပွဲကျမှ ညီတော်ကို ရာမမင်းသားရဲ့ အနီးတပ်ဦးမှာ ထားရှိပြီး နောင်တော်ဘုရင်မင်းမြတ် ရဲ့ ဒေါသကို ဆူပူလှုပ်ရှားအောင် ဖန်တီးကြပါတယ်....”

“ညီတော်ကို လက်နက်တစ်စုံတစ်ရာ ကိုင်စွဲခွင့်မပေးတဲ့အပြင် ညီတော်ရဲ့လှုပ်ရှားမှု တစ်ခုတစ်လေယွင်းပျက်တာနဲ့တပြိုင်နက် အဆုံးစီရင်ဖို့ စစ်သည်များက အသင့်ပြင်ဆင်ထားကြပါတယ်၊ ရာဝဏခံတပ်တိုက်ပွဲမစမီမှာ ညီတော်ကို
သဝဏ်လွှာပေးစေပါတယ်၊ အဲဒီတုန်းကလည်း ညီတော်က သူတို့ရဲ့သဝဏ်လွှာကိုယူလာပြီး နောင်တော်ဘုရင်မင်းမြတ်ကို အကြောင်းစုံပြောပြဖို့ ကြိုးစားပေမယ့် နာကြည်းနေတဲ့နောင်တော်ရဲ့လက်ချက်နဲ့ အချည်းနှီးအသက်မဆုံး  ရအောင် ညီတော်ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတယ် .......”

“နောင်တော်ဘုရင်မင်းမြတ် ......”

“နာကြည်းအထင်လွဲနေတဲ့ နောင်တော်ဘုရင်မင်းမြတ်နဲ့တကွသော ဒြာဝိဒိယန်များကတစ်ဖက်၊  မယုံသင်္ကာဖြစ်ပြီး အမြဲစောင့်ကြပ်နေတဲ့ အာရိယန်တွေက တစ်ဖက်၊ ဒီအင်အားနှစ်ခုအကြားမှာ နောင်တော်ရဲ့ အမြော်အမြင်
ကြီးမားလှပါတယ် ???? လင်္ကာဒီပအိမ်ရှေ့စံကြီးဘိဘိသနရဲ့ နက်ရှိုင်းတဲ့အကြံအစည်များဟာ မအောင်မြင်ခဲ့ပါဘူး နောင်တော်၊ နောက်ဆုံးမှာတော့ သွေးဆာနေကြတဲ့ မျိုးနွယ်စုနှစ်ခုဟာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပြီး မင်းသားရာမဟာ ဒြာဝိဒိယန်သုံ့ပန်းတစ်ဦးဆီကသိထားတဲ့  အိန္ဒုမြစ်ကျဉ်းလိုဏ်ပေါက်ကို သွားခဲ့ပါတယ်၊ နောင်တော်ဘုရင်မင်းမြတ်ကလည်း ရာမမင်းသားရဲ့အကြံကိုသိပြီး ဥမင်လိုဏ်ပေါက်ဆီ ထွက်သွားခဲ့ပါတယ် ..........."

“ညီတော် သူ့နောက်ကိုလိုက်ပြီး တားဆီးဖို့ကြိုးစားခဲ့ပါတယ်”

“ဒါပေမယ့် ...”

“အစစ အရာရာ နောက်ကျသွားခဲ့ပါပြီနောင်တော် ... နောက်ကျသွားခဲ့ပါပြီ”

“စစ်ရထားရဲ့ရွှေမြားကာဟာ  နိမ့်နေပါတယ်လို့  နောင်တော်ဘုရင်မင်းမြတ်ကို ညီတော် နှစ်ပေါင်းများစွာက သတိပေးခဲ့ဖူးပေမယ့် နောင်တော်လက်မခံခဲ့ပါဘူး၊ အို  .  .  .  မိထိလာလေးတင်ပွဲကိုမသွားဖို့ တားမြစ်ခဲ့တုန်းကလည်း နောင်တော်လက်မခံခဲ့ပါဘူး၊ နောက်ဆုံးမှာတော့ အဲဒီနိမ့်နေတဲ့ ရွှေမြားကာကိုဖြတ်သန်းပြီး မိုးသီးမိုးပေါက်များပမာ ပျံသန်းလာကြတဲ့ ရာမမင်းသားရဲ့ မြားတံတွေဟာ နောင်တော်ရဲ့ ရင်အုံမှာ မမြင်ဝံ့စရာပါလား နောင်တော်ရယ် ............”

“သွေးစိမ်းရှင်ရှင်လူးနေတဲ့  နောင်တော်ဟာ  ဦးရီးတော်ရဲ့ ထွေးပိုက်မှုထဲကနေပြီး  သူရဲကောင်းတို့အားမာန်နဲ့ မှာကြားသွားခဲတယ်၊  နောင်တော်ရဲ့ အဲဒီနောက်ဆုံးစကားတွေထဲမှာ ညီတော်အကြောင်း တစ်လုံးတစ်ပါဒမှ မပါခဲ့ပါလားနောင်တော်၊ နောက်ဆုံးအကြိမ်ထိ သစ္စာဖောက်ကြီး ဘိဘိသနရယ်လို့ နာကြည်းစက်ဆုပ်မှုကို နောင်တော့်ရင်ထဲ သိမ်းဆည်းသွားခဲ့ပြီပေါ့ နောင်တော်ရယ် .........”

“ညီတော် အခုငိုကြွေးနေပါတယ်၊ လင်္ကာဒီပအိမ်ရှေ့စံ သုခမိန်ကြီးဟာ ကလေးငယ်တစ်ဦးလို ငိုကြွေးနေပါတယ်၊ သစ္စာဖောက်ကြီး ငိုကြွေးနေပါတယ်နောင်တော် .....”

“လင်္ကာဒီပရဲ့ ဘုန်းလက်ရုံးအာဏာစက်ကို တိုးချဲ့စဉ်က “ညီတော်ဘိဘိသန” ရယ်လို့ အမြဲမပြတ် တိုင်ပင်ဆွေးနွေးခဲ့တဲ့ နောင်တော်ဟာ အခု ဓမ္မိကတောင်သေလာခြေရင်းက စမ်းချောင်းဘေးမှာ ညီတော့်အပေါ် နာကြည်းမှုများနဲ့
ထာဝရလျောင်းစက်နေပြီလား နောင်တော် .......”

“မိုဟန်ဂျိုဒါရို တောင်ကုန်းတွေရဲ့  ဂူသချိုင်းထဲမှာ မည်းမှောင်မွန်းကျပ်စွာ မနေလိုဘူးဆိုတဲ့ နောင်တော်၊ ယဇ်ဆရာရဲ့တေးသီကျူးမှုနဲ့ ဒြာဝိဒိယန်တို့ရဲ့ဝမ်းနည်းကြေကွဲမှုကို မခံယူလိုဘူးဆိုတဲ့ နောင်တော် .....”

“ဓမ္မိကတောင်သေလာခြေရင်းမှာ ညီတော်ရဲ့ ငိုကြွေးမှုကိုတော့ နားဆင်ပါ .....”

“ညီတော်သစ္စာမဖောက်ခဲ့ပါဘူးဆိုတာ နောင်တော်ရဲ့ဝိညာဉ် နားဆင်ပါ .....”

“ပကတိဆိတ်ငြိမ်တဲ့ နက်ရှိုင်းတဲ သဘာဝဒေသဖြစ်တဲ့  အိန္ဒုမြစ်ကျဉ်းဒေသကို  နက်ရှိုင်းလှတဲ့အမည်တစ်ခုပေးဖို့ ညီတော့်ကို တာဝန်လွှဲခဲ့တယ်လို့ ဦးရီးတော်ကပြောပါတယ် နောင်တော် ..”

“တကယ်တော့ နောင်တော်ရဲ့ ဝိဥာဉ်ချုပ်ငြိမ်းရာဒေသမှာ ဘယ်လိုနက်ရှိုင်းတဲ့အမည်မျိုးမှ ညီတော်မပေးစွမ်းနိုင်ပါဘူး၊ လင်္ကာဒီပရဲ့ ထက်မြက်တောက်ပြောင်တဲ့  ဘုရင်မင်းမြတ်ကျဆုံးရာဒေသကို ဘယ်သုခမိန်ကမှ သင့်တော်လိုက်ဖက်တဲ့အမည် ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး”

“ဒါပေမယ့် ......”

“နောင်တော့်အပေါ်မှာ  ဒြာဝိဒိယန်မျိုးနွယ်စုအပေါင်းက ထားရှိတဲ့  လေးစားကြောက်ရွံ့မှု၊ သီတာဒေဝီအပေါ်မှာ ပြင်းပြစွာချစ်ခင်စွဲလမ်းခဲ့တဲ့ နောင်တော်ရဲ့မေတ္တာ၊ အိန္ဒုလွင်ပြင်ရဲ့ လင်္ကာဒီပအပေါ်မှာ မြတ်နိုးခုံမင်လှတဲ့နောင်တော်ရဲ့အချစ်၊ ဒါတွေကို စုရုံးပေါင်းစပ်ပြီး ...........”

“ညီတော် ချစ်ကြောက်ရိုသေ မြတ်နိုးလေးစားလှတဲ့ နောင်တော်ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကို ဦးထိပ်ရွက်ပန်ဆင်ပြီး နောင်တော်ရဲ့ခြေအစုံက လိမ်းသပ်ယူခဲ့တဲ့ သွေးစွန်းတဲ့ မြေမှုန့်များကို ညီတော်ရဲ့နှုတ်ခမ်းထက်မှာတင်ပြီး ညီတော်အမည်ပေးပါတော့မယ်”

“နာကျင်ကြေကွဲတဲ့ အသည်းနှလုံးများကို တစ်စစီ တစ်စစီ ဖဲ့ခြွေပြီး နောင်တော်ရဲ့  ဂူသချိုင်းပေါ်မှာ ညီတော်ကမ္ဗည်းတင်ခဲ့ပါတော့မယ် .....နောင်တော် ....”“အဲဒီအမည်ကတော့ .......”

“လင်္ကာဒီပချစ်သူ ...... လင်္ကာဒီပချစ်သူ” ပါတဲ့ ......နောင်တော်ဘုရင်မင်းမြတ်ရယ် ........”

-----------------------------------------
ချစ်ဦးညို

crd 👉 https://www.facebook.com/108529964142302/posts/125783652416933/

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)