တမ်းချင်း
#တမ်းချင်း
ပြတင်းပေါက်ကို
မိုးစက်တွေထိမှန်
တဝုန်းဝုန်း မိုးသံကြား
လန့်နိုးလာတယ်....
မိုးစက်တွေ အားလုံးမှာ
မင်းမျက်နှာတွေ
ရှည်လျား ... ဆွဲငင် ... ရီမောလို့.....
တံခါးဖွင့်ပြီး အပြင်ထွက်လိုက်တယ်
လောင်မြိုက်နေ တောက်ပ
အရည်ပျော်ကျမတတ် ပူပြင်း
စုတ်ပြတ် လွင့်ကြွေ
သစ်ရွက်တွေသာ
ပြန့်ကြဲနေကြရဲ့....
မှိုင်းညို့ တောအုပ်ထဲမှာ
မင်းနာမည် အော်ခေါ် နေမိတယ်
အသံတွေအားလုံး တိတ်ဆိတ်လို့
ကြေကွဲ နစ်မြုပ်သွားတဲ့အထိ....
အခန်းထဲ ပြန်ရောက်တော့
လန်းဆတ်ပန်းပွင့်တွေ ကြွေကျနေတာ
သင်းပျံ့စွာ မြင်ရတယ်...
ဒီလိုနေ့ရက်တွေ
ပျက်သုဥ်းလိုက် ပြန်သစ်လိုက်
မှောင်မိုက်ခြင်းဟာ
တသက်စာ ဖုံးလွမ်းလို့
တမ်းတတေးသံတွေ
ဆူညံ လွင့်မျောနေရဲ့.။ ။
#မင်းထက်ဝေး(လားရှိုး)
၁၄.၇.,၂၀၂၀.
Comments
Post a Comment