ငှက်ကလေး (အပိုင်း-၁၂)
#ငှက်ကလေး
အပိုင်း(၁၂)
ကိုယ်က မွေးနေ့လက်ဆောင်အထုပ်ကလေးကို မိခိုင်လက်ထဲ ထည့်လိုက်သည်။ မိခိုင်က "ဘာတွေလဲ"ဟု မေးသည်။
"သိချင်ရင် ဖွင့်ကြည့်ပေါ့ဟ”
ကိုယ်က ပြောလိုက်သည်။ မိခိုင်က အထုပ်ကို ဖောက်ကြည့်လိုက်သည်။ အထဲက အင်္ကျီပိတ်စကလေး ထွက်လာသည်။ ပန်းရောင်အပွင့်ကလေးတွေနှင့် ဘာသားမှန်းတော့ ကိုယ်လည်း မသိ။
“ဟယ် ... လှလိုက်တာ"
မိခိုင် အရမ်းပျော်သွားသည်။ ကိုယ်တို့လည်း သိပ်ဝမ်းသာသွားကြသည်။
“ကြည့်ပါဦး ပန်းရောင်ကလေး၊ ဒါ ငါအကြိုက်ဆုံး အရောင်ပဲဟ”
ကိုယ်က မီးမီးနှင့် ကစ်တီတို့ဘက် လှည့်ကြည့်ပြီး ဘယ်နှယ့်လဲဆိုသောသဘောဖြင့် မေးငေါ့ပြလိုက်သည်။ ပြီးတော့ မီးမီးက ကိုယ်တို့ လက်ဆောင်ပေးဖို့ စီစဉ်ကြပုံကို ပြောပြနေသည်။ ကိုယ်တို့သူငယ်ချင်းတွေ တစ်ယောက် သုံးကျပ်စီ စုကြသည်။ နောက် ဘာဝယ်မလဲဟု တိုင်ပင်ကြသည်။ တစ်ယောက်တစ်မျိုး လျှောက်ပြောကြ၏။ ကစ်တီက လက်သည်းဆိုးဆေး ဝယ်ပေးချင်သည်။ ကျောင်းကို လက်သည်းဆိုးမလာရဘူးလို့ တီချာမေက ပြောထားသဖြင့် ဝယ်ပေးလို့ မဖြစ်။ ကိုယ်က မှန်ကလေးတစ်ချပ် ဝယ်ပေးချင်သည်။ မီးမီးက မတော်တဆ ကျကွဲနေရင် နိမိတ်မကောင်းဘဲနေမည်ဟု ပြောသည်။ တင်အောင်ခိုင်က ကင်းဗတ်ဖိနပ်ဝယ်ပေးရအောင် ဆိုသဖြင့် ဝိုင်းဟားကြရသေးသည်။ ဂျွန်ဆင်နှင့် ဇော်ဝင်းကတော့ မင်းတို့ ကြိုက်တာဝယ်ဟု ပြောသည်။ နောက်ဆုံး မီးမီးက အင်္ကျီစတစ်စဝယ်ပေးဖို့ အကြံပေးသည်။ နင်ဝယ်တတ်လို့လားဆိုတော့ ဒါများ ဘာခက်လို့လဲတဲ့။ ဒါနဲ့ပဲ မီးမီးက လူတတ်ကြီးလုပ်ပြီး ဈေးကို ဦးဆောင်ခေါ်သွားသည်။
တကယ့်တကယ် ဝယ်ကြမယ်ဆိုတော့ သူလည်း အိယောင်ဝါးလုပ်နေသည်။ ဘာသား ဝယ်ရမလဲ၊ ဈေးဘယ်လောက်လဲ မသိကြ။ နောက်မှ ကိုယ် သွားသတိရလိုက်၏။ ဟိုတစ်ခါ ဖေဖေ ကိုယ့်ကို လုံချည်လိုက်ဝယ်ပေးသောဆိုင်က အဒေါ်ကြီးဆီ သွားကြသည်။ သူ့ကို အကျိုးအကြောင်းပြောပြပြီး ဝယ်ခိုင်းသည်။ ဝယ်ပြန်တော့လည်း ကိုယ်တို့တစ်တွေ ဘယ်အစ ဝယ်မယ်ဆိုတာ ငြင်းနေကြတာက တော်တော်ကြာသည်။ ဈေးတန်းထဲမှာ ကိုယ်တို့အသံတွေချည်း။ တခြားလူတွေကပင် ပြုံးစေ့စေ့လုပ်၍ ဝိုင်းကြည့်ကြသည်။ အပွင့်ကလေးတွေ ဝယ်မယ်ဆုံးဖြတ်ပြီးတော့လည်း အရောင်ရွေးကြပြန်သည်။ တင်အောင်ခိုင်က အစိမ်းဟု ပြောသည်။ ကစ်တီက အစိမ်းရောင် မပေးကောင်းဘူး၊ စိမ်းကားတဲ့သဘောမို့ဟု ကန့်ကွက်သည်။ မီးမီးက အနီဝယ်ချင်သည်။ ကိုယ်က ငါသိတယ်၊ မိခိုင်က ပန်းရောင်ကြိုက်တယ်လို့ ငါ့ကို တစ်ခါပြောဖူးတယ်ဟု ပြောလိုက်သဖြင့် ပန်းရောင်အပွင့်ကလေး ဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
"ဟင်... ညီညီက ငါ ဘာရောင်ကြိုက်တယ်ဆိုတာ မှတ်မိတယ်၊ နင် သိပ်တော်တာပဲ"ဟုပြောသည်။ ကစ်တီက မိခိုင်ကို မျက်စောင်းထိုးသည်။ မီးမီးက မဲ့ပြသည်။
ဂျွန်ဆင်က"ငါ မပြောဘူးလား၊ နောက်ဆုံးတော့ မိခိုင်က ညီညီကိုပဲ ချီးကျူးရမှာပဲလို့”
“အမယ် ဟုတ်တာပြောတာ မဟုတ်ဘူးလား၊ ခု ညီညီပြောတဲ့အရောင် ဝယ်လာလို့ မဟုတ်လား"
"အကျီစဝယ်ပေးဖို့ အကြံပေးတာက ငါပါနော်"
မီးမီးက ဝင်ပြောသည်။
“အေးပါဟယ်၊ ငါက အားလုံးကို ကျေးဇူးတင်တာပါ”
ကိုယ်တို့ ဆူဆူညံညံ လုပ်နေကြတုန်း မိခိုင်တို့မေမေ အနားရောက်လာသည်။
“ကဲ ... ပြီးမှ စကားပြောကြ၊ ခေါက်ဆွဲစားကြရအောင်"
မိခိုင်က အကျီစကလေးကိုပြပြီး .. "သူတို့ သမီးကို လက်ဆောင်ပေးတာ မေမေရဲ့"
“အေးဟဲ့၊ လှလိုက်တာ”
မိခိုင်တို့မေမေက ကိုယ်တို့ကို ထမင်းစားခန်းထဲ ခေါ်သွားသည်။ စားပွဲရှည်ကြီးပေါ်မှာ ခေါက်ဆွဲပန်းကန်တွေ ပြင်ထားပြီးပြီ။ ကြက်သားနှင့် အုန်းနို့ခေါက်ဆွဲ။ မိခိုင်တို့ မေမေက ပြောသည်။
"ကဲ.. ကြိုက်သလောက် စားကြ၊ ဒေါ်ဒေါ် အပြင်မှာ ထွက်နေမယ်၊ ဒေါ်ဒေါ်ရှိနေရင် ရှက်ပြီး သိပ်မစားကြဘဲ နေဦးမယ်၊ သမီးက လိုတာ ထည့်ပေးနော်”ဟုပြောပြီး ထွက်သွားသည်။
တင်အောင်ခိုင်က... "နင်တို့အမေက အလိုက်သိတတ်သားပဲ၊ မီးမီးကို စောင်းပြောတာ ဖြစ်ရမယ်”
“အမယ်၊ မျောက်စုတ် မျောက်နာ၊ နင်သာ အစားပုတ်”
“ကဲ.. ကဲ.. စားကြလေဟာ"
အုန်းနို့ခေါက်ဆွဲက အရမ်းကောင်းသည်။ တစ်ယောက်ကို နှစ်ပန်းကန်စီထက် ပိုမစားနိုင်ကြ။ အုန်းနို့တွေများလို့ အီပြီး မစားနိုင်ခြင်း ဖြစ်သည်။ခေါက်ဆွဲစားနေရင်းကျမှ မိခိုင်ကို သတိထားကြည့်မိသည်။ သူသည် ကျောင်းမှာလို အင်္ကျီအဖြူ၊ စကတ်အစိမ်းနှင့် မဟုတ်ချေ။ နိုင်ငံခြားဖြစ် စပို့ရှပ်ပန်းရောင်ကလေးနှင့်၊ ပြီးတော့ စကတ်က အနီရဲရဲကလေး။
စားပြီးကြတော့ အိမ်ရှေ့ကိုသွားပြီး ဝိုင်းထိုင်၍ စကားပြောကြသည်။ မိခိုင်က သူဝတ်ထားသော စပို့ရှပ်ကို သူ့ဖေဖေက မွေးနေ့လက်ဆောင်ပေးတာဟု ပြောသည်။ သူ့မေမေကပေးသော သမင်ရုပ်စုဘူးကလေးကိုလည်း ပြသည်။ သူတို့မေမေက ကိုယ်တို့ကို လီမွန်ဘာလီဖျော်ရည်တွေ လာတိုက်သည်။ ကိုယ်တို့ စကားတွေပြောနေကြရင်းက “သီချင်းဆိုကြရအောင်"ဟု မီးမီးက ပြောသည်။ တစ်ယောက်တစ်ပုဒ်စီ ဆိုရမယ်ဟု ဆိုသည်။
“ကိုယ်တော့ မဆိုချင်ဘူး”
ကိုယ်က ပြောသည်။
“ဘယ်ရမလဲ၊ ဆိုရမှာပေါ့”
“ဟင့်အင်း၊ ကိုယ်မှ မဆိုတတ်ဘဲ”
“ရှုပ်ပါတယ်ဟာ၊ အားလုံး ဝိုင်းဆိုမယ်”
သူတို့ မိန်းကလေးတွေက `နပန်းဆံ ́သီချင်းကို ပြိုင်တူဆိုကြသည်။ တင်အောင်ခိုင်က `နောက်တစ်ခါ လာပြန်ပြီဟေ့' ဆိုသောနေရာမှာ ဝင်ဆိုသည်။ 'ဟေး ဟေး .. ဝါး'ဆိုသော နေရာတွင် ကိုယ်တို့က ဝင်အော်ပေးရ၏။
"မင်းတို့ရန်ကုန်မြို့မှာ အချစ်ကို ခါးပိုက်နှိုက်တတ်တာ မောင်မကြားဘူးလို့ မှားခဲ့ပါပြီကွယ် ရန်ကုန်သူရယ်”
မင်းယျာ၏ သီချင်းကို ကိုယ်တို့ယောက်ျားလေးအုပ်စုက ဆိုသည်။ ကိုယ်တို့တစ်တွေ သီချင်းဆိုနေကြတုန်း မိခိုင်တို့မေမေ ရောက်လာပြီး ပြုံးပြုံးကြီးကြည့်ရင်း နားထောင်နေသည်။ တင်အောင်ခိုင်က ထအော်လိုက်၏။
"ဒေါ်ဒေါ် သီချင်းဆိုပြပါ"
မိခိုင်တို့မေမေက ရယ်၍ "ဒေါ်ဒေါ် မဆိုတတ်ပါဘူးကွယ်”
"အမယ်... ဆိုတတ်ပါတယ်၊ မေမေကလည်း မရဘူး၊ ဆိုပြရမှာ"
မိခိုင်က အတင်းဆိုခိုင်းသည်။ ဒီတော့ "ကဲ ကဲ ... ဆိုပြပါ့မယ်၊ ဘာဆိုရမယ် ပြော"
“ဒဿလိုမိန်းမ ဆိုပါ"
ဂျွန်ဆင်က ပြောသည်။
"ဟဲ့ စတီရီယိုတော့ ဒေါ်ဒေါ် မရဘူး”
"ဒါဆို ဟိုဟာလေ မေမေ၊ ဟို ... ဘာဆိုခိုင်းရမှန်းတောင် မသိတော့ဘူး"
မိခိုင်က ခေါင်းကုတ်ပြီး စဉ်းစားနေသည်။ ကိုယ်က "သီတဂူသီချင်း ဆိုပြပါ ဒေါ်ဒေါ် "
မိခိုင်တို့မေမေသည် ကိုယ့်ကို အံ့သြသလို လှမ်းကြည့်ပြီး ... “သားက အဲဒီသီချင်းကို သိလို့လား "
ကိုယ် ခေါင်းညိတ်ပြပြီး “ကိုယ်တို့မေမေ အမြဲဆိုတယ်”
မိခိုင်တို့မေမေသည် သီတဂူသီချင်းကို ဆိုသည်။ အဲဒီ ဒေါ်ဒေါ်အသံကလည်း တော်တော်ကောင်းပါသည်။ သို့သော်လည်း မေမေ ဆိုတာလောက်တော့ မကောင်းဘူးဟု ထင်သည်။ သီချင်းဆုံးတော့လည်း ကိုယ် လှိုက်ခနဲ သိပ်မဖြစ်မိ၊ လက်ခုပ်တွေ ဝိုင်းတီးလိုက်လို့လား။ ဒေါ်ဒေါ် က မေမေ့လို သီချင်းဆုံးလျှင် သက်ပြင်းကြီးမချဘဲ ပြုံးနေလို့လား မသိ။
ခဏကြာတော့ မိခိုင်တို့ဖေဖေ ရောက်လာသည်။ ကိုယ်တို့အားလုံးကို ပြုံး၍ နှုတ်ဆက်သည်။ ဒေါ်ဒေါ်က ကိုယ်တို့လက်ဆောင်ပေးသော အင်္ကျီစကလေးကို ပြသည်။
"ဟ... တယ်ဟုတ်ပါလား၊ လှတယ်ဟေ့၊ ငါ့တူတွေ တူမတွေက ရွေးတတ်သားပဲ”ဟုပြောပြီး ကိုယ်တို့ကို တစ်ယောက်စီ လိုက်ကြည့်သည်။ ကိုယ့်ကို မြင်သောအခါ...“ဟေ့... မင်းက ဟိုတစ်ခါ မိခိုင်ကို ထီးနဲ့ လိုက်ပို့တာ မဟုတ်
လား"
"ဟုတ်ကဲ့ ဦးဦး”
“အေး ... ကြည့်စမ်း၊ ငါ့တူက ထွားလာလိုက်တာ၊ ရုတ်တရက်ဆိုတော့ မှတ်တောင်မမှတ်မိဘူး၊ ဒါနဲ့ အုန်းနို့ခေါက်ဆွဲ စားလို့ ကောင်းကြရဲ့ လား"
“ကောင်းတယ် ဦးဦး”
“သိပ်ကောင်းတာပဲ”
“အေး ... ကောင်းမှာပေါ့ကွ၊ မင်းတို့ဒေါ်ဒေါ်ချက်တာကိုး၊ ဟဲ ...ဟဲ ..."ဆိုပြီး ဒေါ်ဒေါ့်ဘက်လှည့်၍ မျက်စိမှိတ်ပြသည်။ ဒေါ်ဒေါ်က.. “မောင်ပဲ ချီးကျူး သိလား” ဟုပြုံး၍ ပြောသည်။ ကိုယ်သည် မိခိုင်တို့ ဖေဖေနှင့် မေမေကို ငေးကြည့်နေသည်။
* * *
ကိုယ်တို့တစ်တွေ ထိုင်စကားပြောနေရင်းက ကိုယ်သည် ဗိုက်နာလာသည်။ စကားကောင်းနေသောကြောင့် ခဏအောင့်ထားကြည့်သော်လည်း မရချေ။ ထို့ကြောင့် ကိုယ်က "ခဏနေခဲ့ကြဦး၊ ကိုယ် အိမ်သာသွားဦးမယ်" ဟုပြောပြီး ထသည်။ တင်အောင်ခိုင်က သူလည်းပါချင်သည်ဆိုပြီး လိုက်လာသည်။
ကျောင်းက အိမ်သာတွင် အခန်းငါးခန်း ရှိသည်။ တစ်ခန်းက ဆရာတွေအတွက်မို့ သော့ခတ်ထားသည်။ ကျန်လေးခန်းထဲက သုံးခန်းက မအားချေ။ တစ်ခန်းပဲ လွတ်သည်။ ကိုယ်က ပြော၏။
"တင်အောင်ခိုင် ... မင်း ခဏစောင့်ကွာ၊ ကိုယ်အရမ်းဗိုက်နာနေပြီ”
“ဟေ့ကောင် မရဘူးကွ၊ ငါလည်း ထွက်တော့မယ်”
"ဟာ... ပြဿနာပဲ”
“ဒီလိုလုပ်၊ တို့နှစ်ယောက်စလုံး ဝင်မယ်၊ ကျောချင်းကပ်ထိုင်ပြီး ပါတာပေါ့"
“ဟာ....ဟေ့အေးကွာ”
“အမယ်... မင်းက ခုမှ ဘာရှက်နေတာလဲ၊ ငါတို့ အရင်ကလဲ ဒီလိုပဲ ပါနေကျ မဟုတ်ဘူးလား”
ပြောပြောဆိုဆို တင်အောင်ခိုင်က အိမ်သာထဲဝင်သွားပြီး အပေါက်ဘက်ကို ကျောပေး၍ ထိုင်ချလိုက်သည်။ ကိုယ်သည် နှစ်ယောက်ပူးထိုင်ရမှာကိုလည်း ရှက်နေသည်။ ဗိုက်ကလည်း မနေနိုင်အောင် နာလာပြီ။
“ဟေ့ကောင်... ဝင်ချင်လည်းဝင်၊ မဝင်ရင်လည်း တံခါးပိတ်လိုက်"
တင်အောင်ခိုင်က ပြောသည်။ ကိုယ်လည်း မတတ်နိုင်သောကြောင့် အထဲဝင်ပြီး သူနှင့် ကျောချင်းကပ် ထိုင်ချလိုက်ရသည်။ တံခါးကိုလည်း ပိတ်လိုက်၏။
ကိုယ်သည် ဘယ်လိုဖြစ်နေမှန်း မသိ။ အရင်ကဆိုလျှင် တခြားအိမ်သာခန်းတွေ အားနေတာတောင် တစ်ယောက်တစ်ခန်းစီ မဝင်ကြ၊ တစ်ခန်းတည်း တူတူ ခုလိုထိုင်ပြီး ပါတတ်သည်က များ၏။ ခုကျတော့ တစ်မျိုးပဲ။ ကိုယ်သည် တင်အောင်ခိုင့်ကို ရှက်နေမိသည်။ ဗိုက်က နာနေသော်လည်း မထွက်ဘဲ ဖြစ်နေသည်။ အရမ်းလွှတ်ချလိုက်လျှင် အသံထွက်သွားမှာကို စိုးရိမ်နေ၏။ တဖြည်းဖြည်းချင်း ထိန်းပြီးသွားမှ နည်းနည်း အဆင်ပြေသွားသည်။
ခဏကြာတော့ တင်အောင်ခိုင်က ကိုယ့်ကို မေးသည်။
“ညီညီ၊ မင်းကို ငါ တစ်ခုမေးစရာရှိသေးတယ်”
“ဘာလဲကွ”
“ခုတစ်လော မင်း ဘာဖြစ်နေသလဲ မသိဘူး “
"ဘာဖြစ်လို့လဲ တင်အောင်ခိုင်ရ"
"တစ်မျိုးပဲကွ၊ မင်းကြည့်ရတာ၊ တစ်ခါတစ်ခါကျရင် ငိုင်ပြီး ဘာတွေစဉ်းစားနေမှန်း မသိဘူး၊ ငါတို့သူငယ်ချင်းတွေနဲ့လည်း အရင်လို အမြဲတမ်း တွဲမနေတော့ဘူး၊ မိခိုင်နဲ့လည်း ထမင်းသွားမစားတော့ဘူးဆို"
“အေး"
“ဘာဖြစ်လို့လဲကွ"
ကိုယ် ခဏစဉ်းစားလိုက်သည်။ ပြီးမှ ... “မသိပါဘူးကွာ”
“ဟင်... မင်းဟာကလဲ၊ ကိုယ့်ဟာကိုယ်တောင် မသိဘူးလား"
“အေး ... ကိုယ်တို့မသိသေးတာတွေ အများကြီးမဟုတ်လား”
ကိုယ်ပြောတာကို သူနားလည်သွားလို့လား၊ နားမလည်လို့လား မသိ။ ကိုယ့်ကို ထပ်မမေး။
ကိုယ်က...“တင်အောင်ခိုင် မင်းပြီးပြီလား”
"ကြာလှပြီ။ မင်းပါတာ စောင့်နေတာ”
“ကိုယ်လည်းပြီးပြီ၊ အပြင်ထွက်ရအောင်ကွာ၊ ဒီထဲက သိပ်နံတာပဲ"
“အမယ်၊ ကိုယ့်ချေး ကိုယ်ပြန်နံနေတယ်” ဟုပြောပြီး တင်အောင်ခိုင် ရယ်သည်။
ကိုယ်တို့ အပြင်ထွက်ပြီး စိန်ပန်းပင်ကြီးဘက်သို့ ပြန်လျှောက်လာကြ၏။ လမ်းမှာ တင်အောင်ခိုင် ထပ်ပြောပြန်သည်။
“မင်း မိခိုင်နဲ့ ထမင်းတူတူမစားတော့ပေမယ့် တစ်ခါတလေကျရင် မင်းတို့နှစ်ယောက်တည်း သွားသွားထိုင်ကြတယ် မဟုတ်လား”
ကိုယ်က ဘာမျှပြန်မပြောဘဲ နေလိုက်သည်။
"အဲဒါ သူများတွေက ပြောကြတယ်ကွ”
“ဟာ... ဘာတွေပြောကြလဲ”
ကိုယ်က အလန့်တကြား မေးမိသည်။ တင်အောင်ခိုင်က ပြုံး၍... “မင်းတို့နှစ်ယောက်က တစ်ခုခု ဖြစ်နေကြတယ်တဲ့”
"ဘာဖြစ်နေကြလို့လဲ"
" ဒါတော့ ငါလည်း မသိဘူး၊ သူတို့ ပြောသလို ပြောရတာ”
ကိုယ်တို့က ဘာဖြစ်နေကြတာလဲ။ ကိုယ်လည်း မသိ။
"အဓိပ္ပာယ် မရှိတာကွာ။ ကိုယ်တို့ဘာသာတောင် ဘာဖြစ်နေမှန်း မသိဘဲနဲ့ သူတို့က သိမလားကွ”
"အေးလေကွာ၊ သူတို့ကလည်း ဘာဖြစ်နေကြမှန်း မသိဘူး။ မင်းတို့နှစ်ယောက် တစ်ခုခု ဖြစ်နေကြတယ်လို့ ပြောတာပဲဟာ”
“ဟာ.. ရှုပ်လိုက်တာကွာ”
“ငါထင်တာ တစ်ခုပြောပြမယ် ညီညီ”
ကိုယ် တင်အောင်ခိုင့်ကို ဖျတ်ခနဲ ကြည့်လိုက်၏။
“မင်းတို့နှစ်ယောက်က သူငယ်ချင်းတွေကိုပစ်ထားပြီး လစ်သွားကြတော့ ဘော်ဒါတွေကို မခင်သလို ဖြစ်နေတာပေါ့။ မင်းတို့နှစ်ယောက်ထဲ ခင်သလိုဖြစ်နေတာပေါ့”
"အေးကွာ... ဆောရီးပဲ၊ ကိုယ်လည်း ဘာမှန်းမသိပါဘူး။ သူ့ဟာသူ ဖြစ်သွားတာပဲ”
အားကစားရုံကြီးနားက ဖြတ်လျှောက်လာသောအခါ မိခိုင်နှင့် ထမင်းတူတူစားခဲ့ပုံကို သတိရသည်။ မိခိုင်တို့မေမေကိုရော သတိရသည်။ ပြီးတော့.... မိခိုင်မွေးနေ့။ မိခိုင်တို့ဖေဖေနှင့်မေမေ။
လျှောက်နေရာမှ ကိုယ်ရပ်လိုက်သည်။
“တင်အောင်ခိုင်”
"ဘာလဲ"
“မင်းတို့အဖေနဲ့ မင်းတို့အမေ ရန်ဖြစ်ဖူးသလားကွ ဟေ”
သူ ကြောင်သွားသည်။
“ကိုယ် မေးတာသာ ဖြေစမ်းပါကွာ”
"မင်းကလဲကွာ၊ တစ်ခါတလေတော့ ဖြစ်တာပေါ့”
“ရန်ဖြစ်ပြီးရင် ပြန်ခေါ်ကြသလား”
“ဟင် “
"ဒီလိုလေကွာ၊ ရန်ဖြစ်ပြီး နောက်တော့ စိတ်ဆိုးပြေသွားတဲ့အခါ စကားတွေဘာတွေ ပြန်ပြောကြသလားလို့”
“ဟာ... ပြောရုံဘယ်ကမလဲကွ”
“ဟင်.. ဘာဖြစ်သေးလို့လဲ”
“ဒီလိုကွာ.... တခါတုန်းကပေါ့။ ငါတို့အဖေနဲ့အမေ ရန်ဖြစ်ကြရော။ ပြီးတော့ တစ်နေ့လုံး စကားမပြောကြဘူး။ အဲဒါ ညနေကျတော့ မေမေက သူတို့အခန်းထဲမှာ မအိပ်ဘူး။ အပြင်မှာ ဖျာကလေးခင်းပြီး ထွက်အိပ်တယ်။ နောက်တော့ ငါလည်း အိပ်ပျော်သွားတာပေါ့ကွာ။ ငါ တရေးနိုးလို့ သေးထပေါက်တော့ သူအိပ်တဲ့နေရာမှာ မေမေ မရှိတော့ဘူးကွ။ အဲဒါနဲ့ ငါလည်း သူတို့အခန်းထဲကို အသာလေးချောင်းကြည့်တော့ ဟား ဟား..ဘာပြောကောင်းမလဲ”
“ဘာဖြစ်လို့လဲကွ”
“ဖေဖေက မေမေ့လက်ကိုကိုင်ပြီး ချော့နေတာကွ၊ ပြီးတော့ နဖူးကိုလည်း နမ်းသေးတယ် ဟေ ဟေ့”
တင်အောင်ခိုင်က ရယ်နေသည်။ ကိုယ်က မရယ်မိ။ မိခိုင်မွေးနေ့တုန်းက မိခိုင်တို့ဖေဖေနဲ့ မေမေကို သွားသတိရသည်။ ပြီးတော့ ကိုယ့်ဖေဖေ၊ ကိုယ့်မေမေ။
* * *
ကိုယ်သည် ပြတင်းပေါက်ဘောင်ပေါ်၌ လက်ကိုထောက်၍ မေးတင်ပြီး အပြင်ကို ငေးကြည့်နေသည်။ မေမေ့ကို စောင့်နေခြင်းပင် ဖြစ်ပါသည်။ မေမေသည် ခုတစ်လော ရုံးဆင်းဆင်းချင်း အိမ်ကို တန်းပြန်မလာတတ်ချေ။ ညကျမှပင် ပြန်ပြန်လာတတ်သည်။
အိမ်ရှေ့ရှိ တိုင်ကပ်နာရီကြီးမှ နာရီသံ ခုနှစ်ချက်ကြားရသည်။ မေမေ ပြန်မလာသေးချေ။ သီချင်းဆိုလျှင် ကောင်းမလားဟု စဉ်းစားမိသည်။ သို့သော်လည်း မဆိုချင်။ မေမေဆိုသော သီချင်းများကိုလည်း ကိုယ် မဆိုတတ်။ ကိုယ်ရသော သီချင်းတွေကိုလည်း မဆိုချင်။ နောက်တော့ မေမေ ဆိုနေကျသီချင်းများကိုပင် စိတ်ထဲက ဆိုကြည့်နေမိသည်။
မေမေ ဘယ်ကိုသွားနေသောကြောင့် အိမ်ပြန်နောက်ကျရကြောင်း ကိုယ်သိပါသည်။ ပထမဆုံး မေမေအိမ်ပြန်နောက်ကျသောညက “မေမေ ဘယ်သွားနေတာလဲ"ဟု မေးရာ "ကိစ္စရှိလို့ပေါ့ သားရယ် "ဟူ၍သာ ပြန်ဖြေခဲ့လေသည်။ နောက်တော့ နှစ်ရက်သုံးရက်ဆက်၍ အိမ်ပြန်နောက်ကျလာခဲ့သောအခါ ကိုယ်ထပ်၍ မေးပြန်သည်။ ထိုအခါကျမှ မေမေက ရုံးဆင်းလျှင် တရားပွဲသွားကြောင်းကို ပြောပြပါသည်။
နောက်တစ်နေ့ကျသောအခါ ကျောင်းဆင်းချိန်တွင် ကိုယ်အိမ်မပြန်ဘဲ မေမေအလုပ်လုပ်သော ရုံးရှေ့မှာ သွားစောင့်သည်။ မေမေ ရုံးဆင်းလာလို့ ကိုယ့်ကိုတွေ့သောအခါ..."ဟဲ့ ... သား၊ ဘာဖြစ်လို့ လာစောင့်နေတာလဲ”
“ကိုယ်လည်း မေမေနဲ့ တရားပွဲလိုက်မလို့”
မေမေကပြုံးပြီး ...“သားရဲ့ ....တရားပွဲက သားနဲ့ မဆိုင်သေးပါဘူးကွယ်၊ ဟိုရောက်ရင် သားပျင်းနေမှာပဲ”
“အိမ်မှာ တစ်ယောက်တည်းနေရတာက ပိုတောင်ပျင်းသေးတယ် မေမေရဲ့”
မေမေက ဘာမျှမပြောတော့ဘဲ ကိုယ့်ကို တရားပွဲခေါ်သွားသည်။ လမ်းမှာ ကိုယ်တို့ ဆီချက်ခေါက်ဆွဲ ဝင်စားကြသေးသည်။ တရားပွဲသည် ဘုရားစောင်းတန်းရှိ ဇရပ်ထဲမှာ ဖြစ်သည်။ တရားပွဲလာသူတို့မှာ အဘိုးအို အဘွားအိုကြီးတွေသာ များပါသည်။ မေမေတို့အရွယ်မိန်းမကြီးတွေ လေးငါးယောက်လောက်သာ ပါသည်။ ဖေဖေတို့အရွယ်လူကြီးတွေတော့ တစ်ယောက်မျှ မပါချေ။ ကိုယ်တို့အရွယ်ဆိုလို့ ကိုယ်တစ်ယောက်တည်းသာ ပါသည်။ တရားပွဲလာကြသူများ၏မျက်နှာများမှာ ပျော်ပျော်ရွှင်ရွှင်လည်း မရှိကြ။ ဟက်ဟက်ပက်ပက် ရယ်မောသည်ကိုလည်း မတွေ့ရ။ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်သောအခါ ပြုံးရုံကလေး ပြုံးပြုကြပြီး စကားပြောလျှင်လည်း တိုးတိုးကလေးသာ ပြောကြလေသည်။
တရားပွဲစသောအခါ ခေါင်းပေါင်းပေါင်းထားသော အဘိုးကြီးတစ်ယောက် ဝင်လာသည်။ ဟိုးရှေ့ဆုံးက အဝါရောင်ကော်ဇောကြီးပေါ်မှာ ထိုင်သည်။ နောက် ဘုရားရှိခိုးကြသည်။ ပြီးလျှင် ထိုအဘိုးကြီးက တရားဟောလေသည်။ သူ့တရားကို ကိုယ်နားမလည်ပါ။ ဒုက္ခရောက်တာတွေလည်း ပါသည်။ လူ၏ကိုယ်သည် အရိုးတွေဟုလည်း ပြောသည်။ သနပ်ခါးလိမ်းထားပေမယ့် မမွှေးဘူးတဲ့။ ပုပ်စော်နံသည်ဆိုသော အကြောင်းလည်း ပြောသည်။ ကိုယ်သည် နားထောင်ရင်း နားထောင်ရင်း ကြောက်လာလေသည်။ နောက်နေ့များတွင် တရားပွဲသို့ ကိုယ် လိုက်မသွားတော့ချေ။
ခုနှစ်နာရီခွဲကာနီးကျမှပင် မေမေပြန်လာသည်။ ကိုယ်သည် ခုတင်ပေါ်မှ ဆင်း၍ အိမ်ရှေ့တံခါးဆီသို့ ပြေးသွားသည်။ တံခါးကို မြန်မြန်ဖွင့်သည်။ မေမေ ဝင်လာသောအခါ ဆီး၍ ဖက်ထားလိုက်သည်။
မေမေက ကိုယ့်ကို ပြုံး၍ ငုံ့ကြည့်သည်။ မေမေ့မျက်နှာမှာ ခါတိုင်းတုန်းကလို တစ်ခုခုကို လွမ်းနေသလိုလို ဖြစ်မနေတော့ပါ။ ပြီးတော့ ရယ်ရယ်မောမော၊ ပျော်ပျော်ရွှင်ရွှင်လည်း မဟုတ်ပါ။ ဘယ်လိုမျိုးဆိုတာတော့ တိတိကျကျ ပြောမပြတတ်။ တရားပွဲတွေမှာ တွေ့ဖူးရသော မိန်းမကြီးများ၏မျက်နှာမျိုးပင် ဖြစ်လေသည်။
တရားပွဲတွေ သွားနားထောင်ပြီး နောက်ပိုင်းတွင် မေမေ ဒီလိုဖြစ်လာခြင်းဟု ထင်ပါသည်။ ဒီလိုမျက်နှာမျိုးကို ကိုယ် သိပ်တော့မကြိုက်လှပါ။ ပျော်ပျော်ရွှင်ရွှင်သာ မြင်ချင်ပါသည်။ သို့သော်လည်း ခါတိုင်းတုန်းကလို တစ်ခုခု ဝမ်းနည်းနေသလို မျက်နှာမျိုးနှင့်စာလျှင် ခုလို တရားပွဲမျက်နှာမျိုးကမှ တော်သေးသည်ဟု ထင်သည်။ ထို့ကြောင့် မေမေ့ကို တရားပွဲမသွားဘဲ အိမ်ကို စောစောပြန်လာဖို့ပင် မပြောဖြစ်တော့ပါ။
ရေမိုးချိုး၊ အဝတ်လဲ၊ ထမင်းစားပြီးတော့ မေမေ အိပ်ရာပေါ်မှာ ခဏလှဲသည်။ ကိုယ်လည်း မေမေ့ဘေးနားမှာ ဝင်လှဲနေလိုက်သည်။
မေမေ့ကို ကိုယ်မေးချင်တာတွေ အများကြီး။ ဦးလေးမောင်မောင်ကြီးနှင့် မေမေ၊ ပြီးတော့ အန်တီလူးနှင့် မေမေပြောကြသည့် စကားတွေအကြောင်း၊ ဟိုတစ်ခါတုန်းက အိပ်မက်လိုလို ငယ်ငယ်တုန်းက အကြောင်းတွေ သတိရသလိုလို ဖြစ်ခဲ့ဖူးသည့်အကြောင်း၊ ခုတလော ဖေဖေသည် နှစ်ရက် သုံးရက်ဆက်၍ အိမ်ကို ပြန်မလာဘဲ နေတတ်သည့်အကြောင်း။ အရင်ကလည်း ဖေဖေ ရန်ကုန်ဆင်းသွားလျှင် နှစ်ရက် သုံးရက် ကြာတတ်တာပါပဲ။ သို့သော်လည်း ခုဟာက ရန်ကုန်သွားတာ မဟုတ်။ ကိုယ်တို့ မြို့မှာပဲ ရှိနေလျက်နှင့် အိမ်မပြန်ဘဲ အလုပ်ရုံမှာ နေနေတာ၊ တစ်ရက်တလေကျမှ အိမ်ပြန်လာသည်။ ပြန်လာလျှင်လည်း ယူစရာရှိတာ ယူပြီး ပြန်ထွက်သွားတတ်သည်။ ပြီးတော့ ဖေဖေနှင့် မေမေသည် ရန်ဖြစ်ထားကြသလား။ ရန်ဖြစ်တာဆိုလျှင်လည်း ခုလောက်ကြာအောင် ပြန်မခေါ်ကြဘဲ ဘာလို့နေကြတာလဲ။ ကိုယ် အဲဒါတွေ မေးချင်သည်။ မေးလိုက်ပြန်လည်း မေမေ စိတ်မကောင်းများ ဖြစ်သွားမလားဟု ထင်နေမိပြန်သည်။ မေးချင်နေသော စိတ်ကလည်း တားလို့ပင် မရနိုင်။
ကိုယ်သည် မေမေ့လက်မောင်းကို ဆုပ်ကိုင်၍ ဖက်ထားလိုက်ပြီး မေမေ့ပခုံးပေါ်မှာ မှီထားလိုက်သည်။ မေမေက ကိုယ့်ကို စောင်းပြီး ငုံ့ကြည့်၏။
“မေမေ”
မေမေသည် နည်းနည်းပြုံးပြီး “ဘာလဲ သားရဲ့”
ကိုယ်သည် ဘယ်ကနေ ဘယ်လိုစ၍ မေးရမှန်း မသိ။ ပြောချင်တာတွေကများပြီး ပြောစရာစကား ရှာလို့မရ။ ကိုယ်သည် စကားတစ်ခွန်းကို လွှတ်ခနဲ ပြောမိသည်။
“ကိုယ့်ကို ချစ်ရဲ့လားဟင်”
မေမေသည် "ချစ်တာပေါ့ သားရဲ့ "ဟု ပြောပြီးမှ ဘာကို သတိရသွားသလဲ မသိ။ မျက်နှာတစ်မျိုး ဖြစ်သွားသည်။ ကိုယ့်ဆံပင်များကို လက်ဖြင့် ပွတ်သပ်ပြီး...“ဘာဖြစ်လို့ မေးတာလဲ သားရယ်”
မေမေ့အသံသည် တုန်နေ၏။ မေမေ့မျက်နှာသည် တရားပွဲတွေ မသွားခင် ဟိုအရင်လို မျက်နှာမျိုး ပြန်ဖြစ်လာကာနီးပြီဟု ထင်သည်။ မေမေ ဘာဖြစ်သွားမှန်း ကိုယ်မသိ။ ကိုယ်မေးမှာကို မပြောဘဲ သိသွားသလားဟု စိုးရိမ်သွားမိပြန်သည်။ ထို့ကြောင့် ကိုယ်မေးချင်နေတာတွေကို မမေးတော့ဘဲ မေမေ့လက်မောင်းပေါ်တွင် မျက်နှာကို အပ်၍ ငြိမ်နေလိုက်သည်။ ခဏကြာသောအခါ မေမေ့တရားစာရွတ်ဖတ်သံကို ကြားရသည်။
မေမေသည် ခုခါတွင် အရင်ကလို သီချင်းတွေ မဆိုတော့။ ညတိုင်း တရားစာတွေချည်းပဲ ရွတ်သည်။ တရားစာရွတ်ဖတ်သံသည် အရင်ကလို လွမ်းစရာ သီချင်းသံ မဟုတ်သော်လည်း ကိုယ့်ကို ဘာကြောင့် လှိုက်ခနဲ ဖြစ်သွားစေရပြန်တာလဲ။
* * *
ကိုယ် ကျောင်းက ပြန်လာသောအခါ အိမ်မှာ ထုံးစံအတိုင်း ဆော်လီမားတစ်ယောက်တည်း ရှိသည်။ သူကလည်း ကိုယ့်ကို ထမင်း၊ ဟင်း မြန်မြန်ထည့်ပေးပြီး ပြန်သွားသည်။ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့၏။
ကိုယ်သည် ထမင်းကို စိတ်မပါဘဲ စားနေရသည်။ ခုမှ မဟုတ်။ ရန်ကုန်က ဘွားမေသိန်းတို့ဆီက ပြန်လာပြီးကတည်းက ကိုယ် ထမင်းစားလို့ သိပ်မကောင်းချေ။ ခုလည်း ထမင်းတစ်ပန်းကန်ကို ကုန်အောင် မနည်းကြိတ်မှိတ်ပြီး စားရသည်။ ဆိတ်သားဟင်းတစ်တုံး ခပ်ထည့်ထားပြီး ထပ်မထည့်ဖြစ်။ မန်ကျည်းသီးဟင်းချိုကို ကိုယ်သောက်မှ သောက်မိပါရဲ့လား မသိပါ။
တစ်ချက် တစ်ချက် ထမင်းစားနေတာကို မေ့ပြီး လျှောက်စဉ်းစားနေမိသည်။ ကိုယ်သိချင်တာတွေမှာ မသိရတာက များသည်။ နားမလည်နိုင်တာတွေသာ နောက်ထပ် တစ်ခုပြီးတစ်ခု တိုးလာသည်။ အန်တီလူးက တစ်ခါက ကိုယ့်ကို ပြောပြတော့ ပြောပြသည်။ သို့သော်လည်း ကိုယ်သိချင်နေသောအပိုင်း မပါချေ။ ကိုယ်သည် ဦးလေးမောင်မောင်ကြီးကို သွားသတိရမိသည်။ သူရှိလျှင် ကိုယ့်ကို ရှင်းပြမည်လားမသိ။
ထမင်းဆက်မစားတော့ဘဲ ထလိုက်သည်။ လက်သွားဆေးပြီး လက်သုတ်ပဝါယူဖို့ စားပွဲကို ပြန်လာသည်။ ထမင်းပန်းကန်ထဲမှာ ထမင်းတော်တော်ကျန်သေးသည်။ ဒီအတိုင်းထားခဲ့လို့ မေမေမြင်သွားလျှင် မေးနေဦးမည်။ ပန်းကန်ကို ယူပြီး ထမင်းတွေကို သွန်လိုက်သည်။ ပန်းကန်ကို ရေဇလုံထဲ ပစ်ထည့်လိုက်ပြီး ထွက်လာခဲ့သည်။
စာကျက်ရဦးမည်ဟု စဉ်းစားပြီး စာရေးစားပွဲသို့ လာခဲ့သည်။ စားပွဲမှာထိုင်ပြီးမှ လွယ်အိတ်က အိပ်ခန်းထဲမှာဖြစ်ကြောင်း သတိရသည်။ ထမယူဖြစ်သေးဘဲ ဒီအတိုင်း ထိုင်နေမိပြန်၏။ ကိုယ်သည် ကျောင်းစာကိုတော့ မကျက်ဘဲ မနေမိအောင် ကြိုးစားရသည်။ တစ်ခုတော့ရှိသည်။ အရင်ကဆိုလျှင် စာတစ်ပုဒ်ကို ခဏလေးနှင့် ရသည်။ သင်္ချာတွက်လျှင်လည်း ချက်ချင်းပြီးသည်။ ခု တစ်မျိုးဖြစ်နေသည်။ စာကျက်နေရင်းက တခြားအကြောင်းတွေ သွားစဉ်းစားနေမိသည်။ တစ်ခါတလေ သင်္ချာတွက်နေရင်း ဖောင်တိန်ကို ကိုင်ပြီး ငိုင်နေမိသည်။ သတိရ၍ ပြန်တွက်သောအခါ ဖောင်တိန်က မှင်ခြောက်ပြီး မလိုက်တော့သဖြင့် မှင်ခါရသည်မှာ ခဏခဏပင်။
လွယ်အိတ်သွားယူမည်ဟု ကိုယ်တို့အိပ်ခန်းဆီသို့ လျှောက်လာသည်။ ဖေဖေ့အခန်းနားက ဖြတ်လျှောက်မိသောအခါ အပေါက်ဝကို လှမ်းကြည့်မိသည်။ ဖေဖေ့အခန်းသည် တံခါးပိတ်မထား။ နည်းနည်းဟနေသည်။ တံခါးအောက်မှ စာရွက်အပိုင်းကလေးတစ်ရွက် ထွက်နေသည်။ အဲဒီကို လျှောက်သွားပြီး စာရွက်ကိုယူ၍ ဖြန့်ကြည့်လိုက်သည်။
`အလုပ်ရုံ၏ စုစုပေါင်းတန်ဖိုး'ဟု အပေါ်ဆုံးက ရေးထားပြီး အောက်က စက်ကရိယာတွေရဲ့ တန်ဖိုးကို တစ်ခုစီ တွက်ထားသည်။ အောက်ဆုံးက `စုစုပေါင်း ရှစ်သောင်း သုံးထောင်ကျပ် ́ ဟု ရေးထားသည်။
ကိုယ့်စိတ်တွင် လုပ်ချင်တာတစ်ခု ဖြစ်လာသည်။ ဖေဖေ့အခန်းထဲကို ဝင်ကြည့်ချင်စိတ် ဖြစ်လာခြင်းပင်။ ကိုယ်သည် ဦးလေးမောင်မောင်ကြီး ခေါ်သောကြောင့် စာကြည့်ခန်းထဲ တစ်ခါရောက်ဖူးသည်။ စာကြည့်ခန်းရဲ့ ဟိုဘက်မှာ ဖေဖေအိပ်သောနေရာရှိသည်။ အထဲကို ဝင်ကြည့်ချင်စိတ်က အရမ်းပဲ။ ကိုယ်အထဲရောက်နေတုန်း ဖေဖေရောက်လာမှာကိုလည်း ကြောက်နေမိသည်။
အရဲစွန့်ပြီး တံခါးကို အသာလေး တွန်းလိုက်၏။ ကျွီခနဲ မြည်သွားသဖြင့် ကိုယ်လန့်သွားသေးသည်။ စာကြည့်ခန်းထဲကို ဝင်လိုက်သည်။ စာကြည့်ခန်းဆိုသော်လည်း စာအုပ်တွေ ဘာတွေ သိပ်များများမရှိပါ။ ဒါကတော့ မဆန်း။ ဖေဖေသည် ဝတ္ထုတွေ၊ ဘာတွေ ဖတ်လေ့မရှိ။ သူ့စက်ကရိယာတွေနှင့် ဆိုင်သော စာအုပ်တွေသာ ရှိသည်။ စာကြည့်ခန်းသည် အရင်တစ်ခေါက် ဦးလေးမောင်မောင်ကြီးနှင့် လိုက်ဝင်ခဲ့ရတုန်းကလောက် မရှုပ်တာကို တွေ့ရသည်။ အဲဒီတုန်းက စာကြည့်ခန်းထဲမှာ စက်ပစ္စည်းအစိတ်အပိုင်းတွေ ဟိုတစ်စ ဒီတစ်စ တွေ့ရသေးသည်။ ခု အဲဒါတွေ မတွေ့ရ။ စာကြည့်ခန်းနှင့် အိပ်ခန်းကို ကြားထဲက စာအုပ်စင်တစ်ခုနှင့် ဗီရိုတစ်လုံးခြား၍ ကာထားသည်။
အိပ်ခန်းထဲ ဝင်ကြည့်ချင်စိတ်ကို တားလို့မရတော့။ ကိုယ် ခြေလှမ်းပြင်လိုက်သည်။
“မဝင်နဲ့”
အိပ်ခန်းအဝင်ဝက ဗီရိုမှာကပ်ထားသော စာကို မြင်လိုက်သောအခါ ဖေဖေ့ကို မြင်ရသလို ဆတ်ခနဲ တုန်သွားသည်။ စိတ်ကို တင်း၍ အခန်းထဲ ဝင်လိုက်သည်။
ဖေဖေ့အိပ်ရာသည် မခင်းဘဲထားတာ ကြာသောကြောင့် ဖြစ်မည်။ ရှုပ်ပွပေကျံနေသည်။ ခြင်ထောင်ကလည်း တစ်ခြမ်းပဲ တင်ထားသည်။ ခေါင်းအုံးတစ်လုံးက ခုတင်ပေါ်မှာ ခေါက်ချိုးရှိနေပြီး တစ်လုံးက ကြမ်းပေါ် ကျနေသည်။ ခေါင်းအုံးစွပ်တွေကလည်း မည်းတူးနေတာပဲ။ အိပ်ရာခင်းက တွန့်လိပ်ပြီး အောက်က အိပ်ရာတစ်ဝက်လောက် ပေါ်နေသည်။ စောင်ကလည်း ထောင့်တစ်ထောင့်မှာ လုံးထွေးနေ၏။ ကြမ်းပေါ်မှာလည်း ဆေးလိပ်ပြာတွေ ပြန့်ကျဲနေသည်။
ခုတင်ဘေးမှာ စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံး ရှိသေးသည်။ စားပွဲပေါ်မှာ ဝါယာကြိုးစတွေ၊ စက္ကူစုတ်တွေ၊ သံတိုသံစလေးတွေ ရှုပ်ယှက်ခတ်နေလေသည်။ ကြမ်းပေါ်ကျနေသော ခေါင်းအုံးကို ပြန်တင်ပေးမည်ဟု ကိုင်လိုက်ပြီးမှ ပြန်တင်လိုက်လျှင် အခန်းထဲကို ကိုယ်ဝင်ကြောင်း ဖေဖေသိသွားနိုင်သည်ဟု တွက်လိုက်ပြီး ဒီအတိုင်း ထားလိုက်၏။
စားပွဲမှာ အံဆွဲနှစ်လုံးရှိသည်။ တစ်လုံးက သော့ခတ်ထား၏။ တစ်လုံးက သော့မရှိ။ ကိုယ်သည် သော့မရှိသော အံဆွဲကို ဆွဲဖွင့်လိုက်မိသည်။ အထဲမှာလည်း စားပွဲပေါ်မှာလိုပင် သံတိုသံစ၊ ဝါယာကြိုးစ၊ စက္ကူစုတ်တွေ။ ပြီးတော့ မှောက်လျက်သား ရှိနေသော ဓာတ်ပုံမှန်ဘောင်တစ်ခု။ ကိုယ်ယူပြီး ကြည့်လိုက်သည်။
ကိုယ်တို့မိသားစုဓာတ်ပုံ။ ဖေဖေရယ်၊ မေမေရယ်၊ ကိုယ်ရယ်၊ ဖေဖေက ကိုယ့်ကို ချီထားသည်။ မေမေက ကိုယ့်ကို ကြည့်ပြီး ရယ်နေသည်။ ကိုယ်ကလည်း မေမေ့ကို ပြန်ကြည့်၍ ရယ်နေသည်။ ဖေဖေကတော့ ရှေ့တည့်တည့်ကို ကြည့်နေသည်။ ဖေဖေ့မျက်နှာက ပြုံးမနေသော်လည်း ခပ်တည်တည်ကြီး မဟုတ်။ ပျော်နေကြောင်း သိသာသည်။ ကိုယ်သည် ဓာတ်ပုံထဲမှာ အသက်နှစ်နှစ်၊ သုံးနှစ်လောက် ရှိမည်ထင်သည်။ ဓာတ်ပုံကလေးကို ကြည့်လိုပင် မဝနိုင်။ အဲဒီအခါတုန်းက ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲ။ ဖေဖေနှင့် မေမေတို့သည် စကားပြောကြမှာ သေချာသည်။ တစ်ယောက်နှင့်တစ်ယောက် သိပ်ချစ်ကြမှာပဲ။
ဖေဖေနှင့် မေမေသည် တစ်ယောက်နှင့်တစ်ယောက် ပြုံးပြီး ကြည့်နေကြသည်။ ကိုယ့်မွေးနေ့အတွက် အုန်းနို့ခေါက်ဆွဲ ကျွေးသည်။ ဖေဖေက ကိုယ့်အတွက် စပို့ရှပ်အင်္ကျီကလေးတစ်ထည် လက်ဆောင်ပေးသည်။ မေမေက သမင်ရုပ်စုဘူးကလေး ပေးသည်။ ဖေဖေက ကိုယ့်သူငယ်ချင်းတွေကို “အေး .. ကောင်းမှာပေါ့ကွ၊ မင်းတို့ဒေါ်ဒေါ်ချက်တာကိုး”ဟု ပြောသည်။ မေမေက "မောင်ပဲချီးကျူး သိလား "ဟု ပြန်ပြောပြီး ရယ်သည်။ ဖေဖေက မေမေ့နဖူးကို နမ်းသည်။
တကယ့် တကယ်တော့ အဲဒါတွေဟာ ကိုယ်စိတ်ကူးယဉ်ကြည့်ရတာပါ။ အဲဒီလို ပျော်စရာကောင်းတာတွေကို ကိုယ်မမှတ်မိ။ ကိုယ်စပြီး မှတ်မိတာက လေထဲမှာ ဝဲပြီး ပြတင်းပေါက်မှန်ကို ခွဲထွက်သွားတဲ့ ပန်းကန်ပြား၊ ဓာတ်ပုံထဲက လူများသည် ဖေဖေ၊ မေမေ၊ ကိုယ်တို့နှင့် မတူဘူးဟု ထင်လာသည်။
တစ်ယောက်ယောက်က ကိုယ့်ပခုံးပေါ် လက်လာတင်လိုက်သောကြောင့် ထိတ်ခနဲ တုန်သွားသည်။ ကိုယ် လှည့်မကြည့်ရဲ။
“ညီညီ”
ဦးလေးမောင်မောင်ကြီးရဲ့ အသံ၊ ကိုယ် လှည့်ကြည့်သည်။ ဦးလေး မောင်မောင်ကြီးက ကိုယ့်ကို ကြည့်နေသည်။
“ကိုယ်တို့ ဓာတ်ပုံ” ဟု ကိုယ်ပြောသည်။ ပြီးတော့ ရယ်ပြမလို လုပ်သည်။ ကိုယ် ရယ်လို့မရ။ ဦးလေးမောင်မောင်ကြီးသည် ကိုယ့်လက်ထဲက ဓာတ်ပုံကို အသာဆွဲယူ၍ အံဆွဲထဲ ပြန်ထည့်လိုက်သည်။ အံဆွဲကို ပြန်ပိတ်ပေးသည်။
"လာကွာ... အိမ်ရှေ့သွားရအောင်” ဟု ပြောပြီး ကိုယ့်ပခုံးကို ဖက်၍ ခေါ်သွားသည်။ ဧည့်ခန်းထဲမှာ ထိုင်ကြသည်။
ဦးလေးမောင်မောင်ကြီးသည် သက်ပြင်းချလိုက်သည်။
“မစောမြင့် ပြန်မလာသေးဘူးလား"ဟု မေးသည်။ ကိုယ်က “မလာသေးဘူး”ဟု ဖြေလိုက်သည်။
“နောက်ကျလှချည်လား”
“မေမေက ခုနောက်ပိုင်း ရုံးဆင်းရင် တရားပွဲသွားတာ ဦးလေးရဲ့”
ဦးလေးမောင်မောင်ကြီးက ခေါင်းတညိတ်ညိတ် လုပ်နေသည်။ သူ ဘာမျှထပ်မပြော။ စားပွဲပေါ်က သတင်းစာကိုသာ ကြည့်နေသည်။ ကိုယ်ကတော့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိသည်။
“ဦးလေး"
ကိုယ့်ခေါ်သံကြားတော့ သူလန့်သွားသလိုပဲ ဖြစ်သွား၏။
“ကိုယ် တစ်ခုမေးချင်တယ်”
သူ ဘာမျှမပြောဘဲ ကိုယ့်ကိုသာ ကြည့်နေသည်။
“ဖေဖေက ခုရက်ပိုင်းမှာ ဘာဖြစ်လို့ အိမ်ပြန်မအိပ်တာလဲ၊ သုံး လေးရက်နေမှ တစ်ခေါက်လောက် ပြန်လာတယ်”
"အလုပ်များနေလို့ပေါ့ကွ၊ အလုပ်ရုံမှာ အရေးကြီးတဲ့အလုပ်တွေ ရှိ..."
“ဦးလေး"
သူ့စကားကို ဖြတ်၍ ကိုယ်ပြောလိုက်၏။ ပြီးတော့ ကိုယ့်ပါးစပ်က အလိုလိုဆက်ပြောမိသည်။
“ဦးလေး.. ဖေဖေနဲ့ မေမေ ဘာလို့ စကားမပြောကြတာလဲဟင်၊ အဲဒါ ကိုယ်သိချင်တယ်”
ဦးလေးမောင်မောင်ကြီးသည် သက်ပြင်းချလိုက်သည်။
“တစ်နေ့နေ့မှာ ညီညီ ဒီလို မေးလာလိမ့်မယ်လို့ ဦးလေး သိပါတယ်ကွာ၊ မေးလည်း မေးသင့်ပါတယ်၊ သိလည်း သိသင့်ပါတယ်၊ တစ်ခုပဲ ရှိတယ်။ အဖြစ်အပျက်အားလုံးရဲ့ အကြောင်းရင်းခံကို ညီညီ နားမလည်မှာဘဲ ဦးလေး စိုးရိမ်တယ်။ ဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး ရေလည်အောင် ဦးလေး ပြောပြပါ့မယ်။ ကြိုပြီးပြောထားချင်တာကတော့ ညီညီဖေဖေမှာရော၊ ညီညီ့မေမေမှာပါ အပြစ်မရှိဘူး ဆိုတာကိုပဲကွာ”
ဒါဆို ဘယ်သူ့မှာ အပြစ်ရှိတာလဲဟု ကိုယ်မေးလိုက်ချင်သည်။ သို့သော်လည်း စကားဆက်ပြတ်သွားမည် စိုး၍ မမေးဖြစ်တော့။ ဦးလေး မောင်မောင်ကြီးသည် ကိုယ့်ကို မကြည့်ဘဲ အပြင်ကို ငေးနေသည်။ သူ့ပုံစံမှာ ကိုယ့်ကို ပြောပြနေတာနဲ့ မတူဘဲ သူ့တစ်ယောက်တည်း ပြောနေပုံမျိုး။
“ဖေအောင်ဟာ ငယ်ငယ်တုန်းက သိပ်ဒုက္ခရောက်ခဲ့တယ်" ဟု ဆိုပြီး ဘွားမေသိန်းပြောပြဖူးသော ဖေဖေငယ်ငယ်တုန်းက အကြောင်းကို ပြန်ပြောပြသည်။
"သူ့အဖေနဲ့ အမေ ကွဲကြတော့ သူက အဖေနဲ့ ပါသွားတံယ်၊ သူ့အဖေက အရက်ကို အလွန်အကျွံသောက်လာတယ်။ အမြဲလိုလို မူးနေတော့ သွန်သင်ဆုံးမဖို့၊ ကျွေးမွေးစောင့်ရှောက်ဖို့၊ ပြုစုယုယဖို့ ကိစ္စတွေကို မလုပ်နိုင်တော့ဘူး။ နောက် သူ့အဖေသေလို့ သူ့အမေလက်ထဲရောက်ပြန်တော့ ပိုလို့တောင် ဆိုးသေးတယ်။ အရိုက်အနှက်၊ အနှိပ်အစက်ခံရတာပဲ ပိုလာတယ်။ ကလေးတစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တစ်ခုမှ မရခဲ့ဘူး။ အထူးသဖြင့် မိဘရဲ့မေတ္တာ၊ ပြုစုယုယမှုတွေကို သူ မခံစားခဲ့ရဘူး။ အဲဒီမှာ ဖေအောင်ဟာ လူတွေကို မယုံကြည်တတ်တဲ့အကျင့် ဖြစ်လာတာပါပဲ။ လောကကြီးကို စိတ်နာတယ်ဆိုတာ အဲဒါမျိုးပေါ့ကွာ"
ဦးလေးမောင်မောင်ကြီးက ဆေးပေါ့လိပ်ကို မီးကောက်ညှိပြီး ဖွာနေသည်။ ကိုယ်ကလည်း မိဘမေတ္တာဆိုသော စကားကို စဉ်းစားကြည့်နေသည်။ မိဘမေတ္တာဆိုတာ အဖေရယ်၊ အမေရယ် တစ်ယောက်စီမှာ သပ်သပ်စီ ရှိနေတာလား။ နှစ်ယောက်ပေါင်းပြီးမှ ရှိရတာလား။ ကိုယ် မသိ။
“ဒေါ်ဒေါ်သိန်းဆီ ရောက်သွားတဲ့အချိန်ဟာ သူ့အတွက် ကံကောင်းတဲ့အချိန်လို့ ပြောရမယ်။ အေးလေ... သူ့အတွက် ကံကောင်းတယ် ဆိုတာ အရင်ကထက်စာရင်သာ အခြေအနေပိုကောင်းလာတာကို ပြောတာ။ သူများတွေနဲ့ ယှဉ်ရင်တော့ သိပ်မဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ ဦးလေးတို့နဲ့ ကျောင်းမှာခင်ကြတဲ့အချိန်ပဲ။ ဦးလေးတို့မှာက ဘာအပူအပင်မှ မရှိဘူး။ အဝတ်အစားကောင်းကောင်းနဲ့ မုန့်ဖိုးအပြည့်အစုံနဲ့။ ဖေအောင်ကတော့ သိပ်ချို့တဲ့ရှာတယ်။ ဒေါ်ဒေါ်သိန်းခမျာလည်း မုဆိုးမ မဟုတ်လား။ သူ့သားလေးနှစ်ယောက်က သိပ်ငယ်ကြသေးတယ်။ ဖေအောင့်ကို သနားလွန်းလို့သာ ခေါ်ထားရတာ။ သိပ်အဆင်ပြေလှတာ မဟုတ်ဘူး။ အိမ်ဆိုင်ကလေးဖွင့်ပြီး စားသောက်နေရတာ၊ ဒီတော့ ဖေအောင်က ကျောင်းတက်တာတောင် ဖြောင့်ဖြောင့်မတက်နိုင်ဘူး၊ စာတစ်ခုတည်းမှာ စိတ်မဝင်စားနိုင်ဘူး၊ အိမ်ရဲ့ စားရေးသောက်ရေးအတွက် တစ်ဖက်တစ်လမ်းက ရှာကြံလာရတယ်။ ဖေအောင်ဟာ ရေလည်းထမ်းဖူးတယ်။ ဆိုက်ကားလည်း နင်းဖူးတယ်။ ဆယ်တန်းအောင်ကြတော့ ဦးလေးနဲ့ လုစ်က ကောလိပ်ဆက်တက်နိုင်တယ်။ သူကတော့ မတက်နိုင်ရှာဘူး။ အချိန်ပြည့် အလုပ်ထွက်လုပ်ရတော့ တွင်ခုံတစ်ခုမှာ အလုပ်သင်သဘော ဝင်လုပ်ရင်းက သူ့ကြိုးစားမှုကြောင့် ဒီအခြေအနေ ရောက်လာရတာပဲ”
စကား ခဏရပ်သွားသည်။ မေမေနဲ့အကြောင်းကို ဆက်မပြောဘဲ နေမည်စိုးရိမ်မိ၏။ သို့သော်လည်း သူဆက်ပြောသည်။
“ဦးလေးတို့ ဘွဲ့ရတဲ့အချိန်လောက်မှာ ဖေအောင်နဲ့ မစောမြင့် လက်ထပ်ကြတယ်၊ လက်ထပ်ခါစတုန်းက ဘာပြဿနာမှ မရှိဘူး။ ညီညီကို မွေးပြီးတဲ့အချိန်ထိ သူတို့အိမ်ထောင်ရေးဟာ အဆင်ပြေပြေပဲ။ ညီညီ သုံးလေးနှစ်သားလောက်မှာ ပြဿနာဖြစ်ကြတာပဲ”
"ဘာပြဿနာလဲဟင်”
ကိုယ် သိချင်လွန်းအားကြီးသဖြင့် ပြောမည်မှန်း သိရက်နဲ့ မေးမိသည်။
"ဘာပြဿနာလဲဆိုတာ တိတိကျကျ ပြောရခက်တယ်ကွာ၊ တကယ် တိတိကျကျသိရင်လည်း ခုလို ဘယ်ဖြစ်မလဲ၊ ရှင်းလို့ လွယ်တာပေါ့၊ ဦးလေးခန့်မှန်းလို့ရတာတော့ ရှိတယ်ကွာ၊ ဒါပေမယ့် မင်းနားလည်အောင် ပြောပြရမှာ ခက်တယ်”
“ပြောပါ ဦးလေးရာ၊ ကိုယ် သိမှာပါ”
“လွယ်လွယ်ပြောရရင် စိတ်သဘောထားချင်း မတိုက်ဆိုင်တာလို့ ပြောရမှာပေါ့။ ဖေအောင်ဟာ ကလေးဘဝထဲက ဆင်းရဲဒုက္ခရောက်ခဲ့ရတယ်။ သူ့အတွက် ပျော်စရာဆိုတာ မရှိခဲ့ဘူး။ လူတွေကို စိတ်နာတတ်တယ်။ အရွယ်နဲ့ မမျှတဲ့ ဒုက္ခကို ခံစားခဲ့ရတယ်။ လူ့ဘဝရဲ့ ပျော်စရာအကောင်းဆုံးအချိန်တွေမှာ သူဟာ စိတ်ဆင်းရဲစရာအကောင်းဆုံးနဲ့ပဲ တွေ့ခဲ့ရတယ်။ သူ့အတွက် ပျော်ပျော်ပါးပါး လည်ပတ်သွားလာရတာကို မသိဘူး။ ဦးလေး ပြောမယ်ကွာ။ ဖေအောင်ဟာ ရယ်တာတောင် ဋ္ဌာန်ကရိုဏ်းကျအောင် ရယ်တတ်တာမဟုတ်ဘူး။ မစောမြင့်ကတော့ ဖေအောင်နဲ့ မတူဘူး။ မစောမြင့်တို့မိဘက ချမ်းသာတယ်။ စိတ်ထားလည်း ကောင်းတယ်။ သူတို့မိသားစုဟာ ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း နေကြတာပဲ။ ပူပင်စရာဆိုလို့ ဘာမှမရှိဘူး။ မစောမြင့်ဟာ မိဘရဲ့ စောင့်ရှောက်မှုကို အပြည့်အဝ ခံခဲ့ရတယ်။ အဲဒီလို လူနှစ်ယောက် ပေါင်းဖက်မိတဲ့အခါ ဘာဖြစ်လာသလဲ”
ကိုယ် မသိ။ သိသလိုလို ရှိသည်ဟုလည်း ထင်သည်။ မသေချာ။
“ဖေအောင်အတွက် ပျော်စရာဆိုတာ အလုပ်ပဲ။ အလုပ်ထဲမှာနှစ်ပြီး လုပ်တယ်။ ပင်ပင်ပန်းပန်းလုပ်မယ်။ ငွေရအောင် ရှာမယ်။ အဲဒါ သူ့တာဝန်လို့ တွက်တယ်။ ဖေအောင်ဟာ မိဘရဲ့ မေတ္တာ၊ အယုအယကို မခံခဲ့ရဘူး၊ ခံလည်း မခံစားတတ်တော့ဘူး။ ဒီတော့ သူကလည်း သားမယားအပေါ်မှာ မယုယတတ်ဘူး။ ချစ်တာတော့ ချစ်တာပဲ။ ဒါပေမယ့် ဖွင့်မပြောတတ်ဘူး။ သိအောင်လည်း လုပ်မပြတတ်ရှာဘူး။ အဲဒီအခါ အမြဲတမ်းပြည့်စုံခဲ့တဲ့ မစောမြင့်အတွက် ဖေအောင်ဟာ အလိုမကျစရာ ဖြစ်လာတာပဲ။ သားမယားကို အလုပ်လောက်တောင် ဂရုမစိုက်ဘူး။ လူ့ဂွစာလို့ ထင်လာတယ်။ ဖေအောင်အနေနဲ့ကလည်း မစောမြင့်ဟာ ဘဝမနာခဲ့ဘူး။ အလုပ်လုပ်မှ ထမင်းစားရတယ်ဆိုတာ မသိဘူး။ အလုပ်ကို အရမ်းကြိုးစားတာကို အပြစ်ပြောတယ်။ အထက်တန်းလွှာကလာတဲ့လူမို့ ပညာမတတ်တဲ့သူ့ကို အထင်သေးတယ်လို့ ယူဆလာတယ်။ တကယ်တော့ သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် နားမလည်ကြတာပါပဲကွာ”
“ဦးလေးက နားလည်အောင် ပြောပြလိုက်ပေါ့”
ဦးလေးမောင်မောင်ကြီးက ရယ်သည်။ တကယ် မရယ်ချင်လဲ ရယ်ကြောင်း သိသာလေသည်။ ကိုယ့်ပခုံးကို တစ်ချက်လှမ်းပုတ်ပြီး
"မင်း မသိသေးပါဘူးကွာ၊ ဒါပေမယ့် တစ်နေ့နေ့မှာတော့ မင်း နားလည်လာမှာပါ။ ဒီအခါကျရင်သာ အကောင်းဆုံးအခြေအနေ ဖြစ်လာဖို့ မျှော်လင့်ရတာပဲပေါ့ကွာ”
* * *
ဦးလေးမောင်မောင်ကြီး ပြောသွားသော စကားတွေထဲတွင် ကိုယ် နားလည်တာလည်း ပါသည်။ နားမလည်တာလည်း ပါသည်။ ဖေဖေနှင့် မေမေတို့သည် တစ်ယောက်နှင့် တစ်ယောက် သဘောထားချင်း မတိုက်ဆိုင်လို့တဲ့။ ကိုယ့်သဘောအရဆိုလျှင်တော့ မတိုက်ဆိုင်တာကို တိုက်ဆိုင်အောင် လုပ်ပေးလိုက် ပြီးတာပဲ။ သို့သော်လည်း တိုက်ဆိုင်အောင် ဘယ်လိုလုပ်ပေးရမှာလဲ ကိုယ်မသိ။
ဦးလေးမောင်မောင်ကြီးက ပြောသွားသေးသည်။ ဖေဖေက အလုပ်ထဲမှာပဲ စိတ်ရောက်နေလို့ မေမေနဲ့ သိပ်စကားမပြောဖြစ်ဘူးတဲ့။ မေမေက တစ်ခုခုပြောမယ် ကြံရင်လည်း ဖေဖေက အလုပ်ကိစ္စ စဉ်းစားနေတာကို နှောင့်ယှက်ရမလားဆိုပြီး ဆူတယ်တဲ့။ အဲဒီလို နေကြရင်းက တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်းဖြစ်လာကြတာ။ ကြာတော့ စကားမပြောတဲ့အထိ ဖြစ်သွားရောတဲ့။ ဒီလိုဆိုလျှင် တစ်ယောက်ယောက်က ပြန်ပြောလိုက် ပြီးတာပဲ မဟုတ်လား။ သို့သော်လည်း ဦးလေးမောင်မောင်ကြီးက ပြောပြန်သည်။ မင်းမသိသေးပါဘူး၊ တစ်နေ့နေ့တော့ သိလာမှာပါတဲ့။ သိတဲ့အခါ အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်ရတာပဲတဲ့။ အဲဒါကကော ဘာအဓိပ္ပာယ်လဲ။
အခြေခံချင်းမတူတဲ့ လူနှစ်ယောက်ကို ဆုံစည်းအောင် ဖန်တီးပေးခဲ့တာ ဦးလေးတို့ လုစ်တို့ အမှားများ ဖြစ်နေသလား မသိဘူးတဲ့။ ကိုယ့်စိတ်ထင်တော့ အဲဒီလို မဟုတ်နိုင်၊ ဒါဖြင့်ရင် ဘယ်သူက မှားတာလဲ။
ဦးလေးမောင်မောင်ကြီးက ပြောပြန်သည်။ ဖေဖေလည်း မမှားဘူး။ မေမေလည်း မမှားဘူး။ ဒါပေမယ့် နှစ်ယောက်စလုံး မမှန်ဘူးတဲ့။ ရှုပ်လိုက်တာ။
"မင်းဖေဖေက မင်းမေမေကိုရော၊ မင်းကိုရော မချစ်ဘူးလို့ မထင်နဲ့၊ သိပ်ချစ်တယ်၊ ဒါပေမယ့် ချစ်တယ်ဆိုတာ ဘာလဲလို့ သူ့ဟာသူတောင် မသိရှာဘူးကွာ”
ဘာတွေလဲ၊ ဘာတွေလဲ။ ကိုယ်ဖြင့် စဉ်းစားလို့ပင် မရတော့။ သူရှင်းပြမှပင် ပိုရှုပ်ကုန်ပြန်ပြီလား မသိပါ။
ဆက်ရန်
---------------------------
#မင်းလူ
Comments
Post a Comment