ဂျာမနီအင်ဂျင်နီယာ
ရွှေတိဂုံဘုရားလမ်း ကျားကူးကွက်သစ်တွင် ပူတူတူး ရောင်စုံပုံနှိပ်စက် ဟူ၍ ချောက်ချောက်ချက်ချက် ရိုက်နှိပ်သော အလုပ်ကလေးဖြင့် ထမင်းဝသော်လည်း ဟင်းမကောင်းတကောင်း စားနေရသော သာဓု၊ သင်္ကြန်ကျတိုင်း အိမ်မိုး ရတော့မည်ဖြစ်၍ ဓနိဖိုးအတွက် စိတ်မောခဲ့ရသော သာဓု၊ နေထွက်သည်မှ ညသန်းခေါင်တိုင် ချွေးတပြိုက်ပြိုက်ဖြင့် စက်ရိုက်နေရသော သာဓုမှာ မြင်းပျံ ဦးတင့် ကောင်းမှုကြောင့် ကျားကူးကွက်သစ်ထက် အဆင်ပြေသော ဣနြေ္ဒရသော ရေကျော်ဘက်သို့ ရောက်ခဲ့ရ၏။
မြင်းပျံမတင့် ဆေးပေါ့လိပ်ခုံပိုင်ရှင် မြင်းပျံဦးတင့်မှာ အင်္ဂလိပ်ခေတ်က ကုန်ဈေးတန်းရှိ မူလရှန်ဟဲဖဲတိုက်တွင် မန်နေဂျာအဖြစ် အလုပ်လုပ်နေစဉ် သာဓု ကလေးဘဝကတည်းက မုန့်ဖိုးပေးနေသူ၊ သာဓုကို ချစ်သူ သနားသူဖြစ်သည့်အတိုင်း...
"ဟေ့ ကောင်လေး၊ ဒီရပ်ကွက်မှာ မနေနဲ့တော့၊ တဲတွေ ပြွတ်သိပ်ပြီး မီးဆိုရင် မင့်ပုံနှိပ်စက်ကလေးပါ မီးဝါးသွားလိမ့်မယ်။ ၄၇ လမ်းမှာ ငါ့အိမ်ရှိတယ်။ အဲဒီကို ပြောင်းလာ၊ ငါ လခ မယူဘူး"
သို့နှင့် သာဓုလည်း ၄၇ လမ်းသို့ စိုင်ကော်သကဲ့သို့ ရောက်လာခဲ့ရ၏။ ရေခံမြေခံဆိုသည်ကို ထိုအခါကျမှ သာဓု ယုံကြည်လာသည်။ ကျားကူးတွင် အလုပ်လုပ်ခဲ့စဉ်က မဝတဝနှင့် မလှမပ၊ ၄၇ လမ်းအိမ်သို့ ရောက်ပြီးနောက် မကြာမီပင် လုပ်ငန်းအခြေအနေ တိုးတက်လာသည်။ ပုံနှိပ်စက်ကြီးတစ်လုံးမှ နှစ်လုံး ဖြစ်လာရုံမက မိတ်ဆွေတစ်ဦးကပင် လုပ်ငန်းပြောင်းသဖြင့် သူ့ပုံနှိပ်စက်ကြီးတစ်လုံး လာအပ်ထားသောကြောင့် ထိုစက်ကိုပါ အခမဲ့ သုံးခွင့်ရလိုက်သေး သည်။
ထို့နောက် မကြာမီတွင်လည်း "တပ်ထဲက မြတ်ကိုကို" ဝတ္ထု စာပေဗိမာန်ဆု ရလိုက်ပြန်သောကြောင့် စာအုပ်ထပ်ရိုက်ရသည်။ ငွေကလေး ရွှင်လာသည်။ မြင်းပျံဦးလေးတင့်ကလည်း မ စ ချင်စိတ် ပေါ်လာလေသလော မသိ၊ သာဓု ငွေကုန်လေမည်စိုး၍ ဟု ဆိုကာ အိမ်ရောမြေပါ ယူလိုက်တော့ ဟု ဈေးပေါပေါနှင့် ပေးသည်။ ပေအစိတ်၊ ပေခြောက်ဆယ် ၄ဝဝဝ ကျပ်သာ ယူ၏။ အဆောက်အအုံလည်း ပါသေးသည်။
ဆက်တိုက်ဆိုသကဲ့သို့ပင် "တပ်ထဲက မြတ်ကိုကို" ကျောင်းသုံးဖြစ်သွားပြန်၍ ရောင်းမလောက် တွင်ကျယ်ခဲ့သည်နှင့်အမျှ တဲအိမ်ကြီးမှသည် နှစ်ထပ်တိုက် ဖြစ်လာသည်။ လုပ်ငန်းသည်လည်း တိုးသည်ထက် တိုးတက်လာသောကြောင့် ပုံနှိပ်စက်များလည်း နောက်ထပ်လိုလာပြန်သည်။ သို့နှင့် သာဓုလည်း အနောက်နိုင်ငံအသီးသီးသို့ စာရေးစုံစမ်းကာ အော်တိုမက်တစ် ပုံနှိပ်စက်တစ်လုံး မှာလိုက်၏။
လောလောဆယ် သာဓုတို့သုံးနေသောစက်မှာ ရှေးပဝေသဏီခေတ်က ခြေနှင့်နင်း၍ ရိုက်ရသော "ချန်ဒလာ"စက်များ ဖြစ်လျက် ရိုးရိုးတစ်ရောင်တည်း ရိုက်သည်ပင် မရပ်မနား ချွေးဒီးဒီးကျ ကြိုးစားပါမှ တစ်နေ့ ရွက်ရေ ငါးထောင် လောက် အနိုင်နိုင်ပြီးသည်။ ရောင်စုံ အရောင်တင်ရိုက်သော် သုံးထောင်ထက် ပို၍မရိုက်နိုင်။ ထိုစက်များမှာ ရိုက်လိုသောစက္ကူကို လက်နှင့်ကောက်၊ စက်ထဲ ထည့်ပြီးရိုက်၊ နောက် လက်နှင့်ပြန်ယူ စသည်ဖြင့် ခြေရောလက်ရော မျက်စိရော အနားမနေရသည်ကို မြင်ဖူးသူတိုင်း သိကြပြီးဖြစ်၏။
ယခု သာဓုမှာလိုက်သော စက်မှာ ကတ်တလောက် နမူနာစာဆိုအရ အံ့ဘွယ့်ပုံနှိပ်စက်ဖြစ်၏။ ခလုတ်ကို နှိပ်လိုက်ရုံဖြင့် စက်လည်သည်။ စက်ပေါ် ရှိ စင်ကလေးပေါ်သို့ ရိုက်လိုသော စက္ကူတင်ပေးထားပြီး အခြားစက်ခလုတ် နှိပ်လိုက်လျှင် စက်ကပင် စက္ကူကို အလိုအလျောက် ဆွဲပြီး စက်ထဲထည့်ပေးသည်။ သူဘာသာရိုက်ပြီး သူ့အလိုအလျောက် စက်ထဲမှ ရိုက်ပြီးသားစက္ကူကို ညှပ်ယူဆွဲထုတ်ကာ စက်ပေါ်ရှိ စင်ပေါ်တင်ပေးသည်။ တင်ပေးရုံသာမက တညီ တည်းဖြစ်အောင် ညှိ၍ စီပေးသေးသည်။ သာဓုတို့အနေဖြင့် အံ့စရာကောင်းနေသည်ကား ယခင်စက်များ တစ်နေကုန်ရိုက်ပါမှ လေးထောင်ခန့်ပြီးရန် အနိုင်နိုင်ရှိခဲ့သော်လည်း ယခုစက်မှာမူ တစ်နာရီ ငါးထောင် ချောင်ချောင် ကလေး ရိုက်ပေးနိုင်သည် ဆိုသဖြင့် ထိုစက်ကို ကြည့်ချင် ရိုက်ချင်လိုက်သည်မှာ တစ်ပိုင်းမက သေချင်စော်နံနေသည်။
သုံးလခန့်ကြာသော် ထိုအော်တိုမက်တစ် "အလိုအလျောက်"စက် ရောက်လာချေပြီ။ ယင်းစက်ကို တင်လာသည့် သင်းဘော ဂျာမနီမှ ထွက်လာ၍ လမ်းတစ်ဝက် မရောက်သေးမီမှာပင် သာဓုထံသို့ ကုမ္ပဏီမှ စာတစ်စောင်ဖြင့် အကြောင်းကြားသည်။
"လူကြီးမင်းမှာကြားသော ပုံနှိပ်စက် ပို့လိုက်ပါပြီ။ ထိုစက် ကိုင်တွယ်ပုံ၊ ရိုက်နှိပ်ပုံ၊ ချွတ်ယွင်းက ပြုပြင်ပုံနည်းလမ်းဟူသ၍ အသေးစိတ်ပြသပေးရန်အတွက် ကျွန်တော်များ၏ ဂျာမနီအင်ဂျင်နီယာများက ထိုစက်နှင့် ရှေ့ဆင့် နောက်ဆင့် ရောက်လာပါလိမ့်မည်"
စက်သေတ္တာကား ကြီးမားလွန်းသောကြောင့် သာဓု၏အိမ်ရှေ့တံခါးကို သုံးဆခန့် ပြန်ဖျက်ပြီး သွင်းရ၏။ ချက်ချင်း ဖွင့်ကြည့်သည်။ စက်ကို စိတ်ဝင်စားလွန်းနေသဖြင့် ထမင်းစားလာခေါ်သည်ကိုပင် အော်လွှတ်မိသည်။ ယခုခေတ် ဟီးနိုးကားတစ်စီးစာခန့် လေးသောစက်ကို ထည့်ပေးလိုက်သည့် သေတ္တာကို ဖွင့်ရသည်မှာ အမောတကော ရှိလှသည်။ တပည့်ကျော် မောင်မောင်လှ (ယခု ကာလာမောင်မောင်လှ) သည် အကြိုးစားဆုံးနှင့် အပင်ပန်းဆုံး သေတ္တာဖွင့်သူ ဖြစ်၏။ ရိုက်ထားသည့်သံများ ခိုင်ခန့်လှသည်တွင် ဘိုတူများနှင့်ပါ အိမ်ဆောက်သကဲ့သို့ စုပ်၍ တုပ်ထားလိုက်သေး၏။ သေချာသပ်ရပ်လှသော အနောက်နိုင်ငံသားများပါပေတကား။
နံနက် ၁၁ နာရီမှ စတင်ဖွင့်ခဲ့သော စက်မှာ ညနေ ၄ နာရီတွင် မောမောနှင့် ချောချော ပွင့်သွားသော်လည်း ငုတ်တုတ်သာ ကြည့်နေကြရသည်။ ဘာမျှမလုပ်တတ်။ ထိုညက အိပ်၍ပင်မပျော်။ လှဲနေရာမှထ စက်ကြီးကို သွားကြည့်လိုက်၊ ပြန်လှဲလိုက်ဖြင့် အားမလိုအားမရ ဖြစ်နေရချေသည်။ မိုးလင်းသည်နှင့် လူးလဲထကာ စက်ကြီးနားသို့ ရောက်ရပြန်သည်။ ရိုက်ကြည့်ချင်ပြီး ဘယ်ကစ၍ ဘာလုပ်ရမည်ပင် မသိသေး။ သို့နှင့် စိတ်ကူးတည့်ရာ အပိုပစ္စည်းသေတ္တာကို ဖွင့်ကြည့်ရင်း အတွင်းမှပစ္စည်းများကို ဆွဲထုတ်လိုက်ရာ၌ ပလတ်စတစ်အိတ်နှင့် ထည့်ထားသော စာအုပ်များကို တွေ့ရသည်။
အကယ်၍ မနေ့ကသာ ထိုသေတ္တာကလေးကို ဖွင့်ရုံသာ မဖွင့်ဘဲ အတွင်းပစ္စည်းများကိုပါ ထုတ်ကြည့်ခဲ့လျှင် စာအုပ်များပါသည်ကို မနေ့ကတည်းကပင် တွေ့ရမည်။ ချက်ချင်းပင် သာဓု ထိုင်ဖတ်သည်။ စာအုပ်မှာ ဂျာမနီမှ ပို့သော်လည်း အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထားသော "စက်ကို မည်သို့မည်ပုံ လည်ပတ် အသုံးပြုရမည်" ဟူသည့် ရိုက်နှိပ်နည်း အညွှန်းစာအုပ်။
သုံးကြိမ်တိတိ အသေးစိတ် ပြန်ဖတ်ပြီးသောအခါ သူ့စာအညွှန်းအတိုင်း လိုအပ်သောဆီများ ထည့်ပြီး တပည့်များကို လက်နှင့် အစမ်းလှည့်ခိုင်းကာ စက် အသွားအလာနှင့် ကိရိယာများ အလုပ်လုပ်ပုံကို လေ့လာကြည့်၏။ ဓာတ်အားနှင့် လှည့်ရမည်ဖြစ်သော်လည်း မတော်တဆ မှားသွားလျှင် ပျက်စီးကုန်မည်။ သို့နှင့် ညနေ ၃ နာရီလောက်တွင် လက်နှင့်လှည့်၍ စမ်းခြင်းကိစ္စများ ချောမောသွားသဖြင့် ဘလောက်တစ်လုံးဆင် ပုံနှိပ်မင်များထည့်ကာ ဓာတ်အားဖြင့် မော်တာကို ဖြည်းဖြည်းလှည့်၍ ရိုက်ကြည့်၏။ ပထမ မဟန်။ ၄ နာရီတွင် အခြေခံရလာ၏။ စိတ်ကမူ ရဲရဲ မရိုက်ဝံ့သေး။ သို့သော် ဇွဲကား မကျသေး။ ၆ နာရီတွင် ထူးခြားလာပြီဖြစ်လျက် တစ်နာရီတွင် ရွက်ရေ နှစ်ထောင် ချောင်ချောင်ကလေး ပြီး၏။ ထိုနှုန်းမှာ စက်စံချိန်တစ်ဝက် အရှိမျှသာ ရှိသေးသော်လည်း တစ်နေ့ဆိုလျှင် ရွက်ရေ တစ်သောင်းခြောက်ထောင် အေးအေးပြီးနိုင်သည်။
ထိုနေ့ကသော် စက်လည်း လည်ပတ် ရိုက်နှိပ်နိုင်ပြီဖြစ်၍တစ်ကြောင်း၊ မောလည်း မောလှသဖြင့် စောစောပင် ဝင်အိပ်ကာ နောက်တစ်နေ့ စောစော ထပြန်ပြီး စက်ကြီးကိုကြည့်၍ ကြည်နှုးနေမိ၏။ တော်ကြရှာပါပေသည်။ ဟို ခလုပ်နှိပ်၊ ဒီမောင်းတံကလေးဆွဲ၊ အနှီဘုကလေးဖိ ထိရုံတို့ရုံမျှဖြင့် သာဓုတို့ ဆယ်ရက်မျှ လုပ်ရသည့်အလုပ် တစ်ရက်နှင့်ပြီးအောင် မောင်မင်းကြီးသားများ ထွင်တတ်ကြသည်။ လူတွေလည်း သက်သာလှသည်။ ချွေးဆိုသည်မှာ ယောင်၍မျှ တစ်စက်ပင် မထွက်။
ထိုနေ့မှအစပြု၍ ထိုစက်ကြီးကား အရှိန်ကောင်းကောင်းဖြင့် မှန်မှန်ကြီး လည်နေချေပြီ။ အလုပ်တွင်ကျယ်လိုက်သည်မှာလည်း ပြောစရာမရှိ၊ မောင်မောင်လှ ဆိုလျှင် ယခင်ကလို စက်ထဲ လက်နှိုက်စရာမလို၊ လက်ကလေး အသာပိုက်၍ အကြိုက်တွေ့နေသည်။ အလွန်ကျေနပ်နေသည်။
ဆယ့်လေးရက်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သော်လည်း ကိုရွှေအင်ဂျင်နီယာတို့ ပေါ်မလာကြသေး။ သို့တိုင်အောင် မောင်မောင်လှနှင့် ပုံနှိပ်စက်တို့ အကွက်လည်နေကြပြီဖြစ်၍ သူတို့မလာစေကာမူ အရေးမကြီးလှ။ ထိုနေ့က ဦးအုန်းမြင့် (ယခင် စပယ်ပုံနှိပ်တိုက်ရှင်) လာရောက်အပ်နှံသွားသော ရုရှားသံရုံးမှ ထုတ်ဝေသည့် သတင်းစဉ် မျက်နှာဖုံးရောင်စုံ ရိုက်နှိပ်ရာတွင် မောင်မောင်လှ မျက်နှာရှုံ့နေသည်ကို သာဓု အိပ်ရာမှ နိုးနိုးချင်း တွေ့ရသဖြင့် မေးကြည့်ရာ ယခုရိုက်သော ဘလောက်တုံးမှာ မင်အထိများသော ပြောင်သားပိုသဖြင့် မင်များ ရုတ်တရက် မခြောက်ဘဲ စက်ကလည်း တစ်ရွက်ပြီးတစ်ရွက် ရိုက်ရင်းထပ်ရင်း သွက်နေသောကြောင့် စာရွက်များ တစ်ခုနှင့်တစ်ခု ကပ်ကုန်သဖြင့် စက်ကို ရပ် ရပ်ပြီး ဖြန့်လှန်းနေရကြောင်း သိရ၏။
ဤတွင် စက်နှင့်အတူ ပါလာသော်လည်း မလိုအပ်သေး၍ ယူမသုံးဘဲထားသော ကိရိယာတစ်မျိုးကို တပ်ဆင်လိုက်ပြီး ပေါင်ဒါမှုန့်တစ်မျိုးဖြင့် စမ်းသပ်ရိုက်ကြည့်ရာ သူ့စာညွှန်းအတိုင်းပင် စက္ကူတစ်ရွက်နှင့်တစ်ရွက် လုံးဝ မကပ် တော့သောကြောင့် မောင်မောင်လှတွင် ပါးစပ်အဟောင်းသာနှင့် ငေးသွားတော့၏။ သူသာမက သာဓုအဖို့တွင်လည်း နွားလှည်းခေတ်က ပေါ်လာသော မော်တော်ကားကို ကြည့်နေရဘိသို့ အံ့သြကုန်နိုင်ဖွယ် ဖြစ်နေမိ၏။ မင်ထည့်ပြီး စက္ကူတင်ပေးလိုက်လျှင် လူက ဘာမျှ ပင်ပန်းစရာမလို၊ ခလုတ်ကလေး နှိပ်လိုက်လျှင် ကိစ္စပြီးသည်။ စက်က သူ့အလိုအလျောက် ရိုက်နှိပ်စီပေးရုံ မဟုတ်သေး၊ မကပ်အောင်လည်း ကိရိယာက ထိန်းပေးလိုက်သေးသည်။
တစ်ရွက်ချင်း ရိုက်နေရာမှ နှစ်ရွက်ထပ်ပါသွားလျှင် စက်က အလိုလို ရပ်သွားသည်။ စက္ကူအစုတ်အပြဲ ပါသွားလျှင်ဖြစ်စေ၊ စောင်းရွဲ့နေလျှင်ဖြစ်စေ၊ ရိုက်နှိပ်ပြီးသား စက္ကူ သူ့နေရာပြန်မရောက်လျှင်ဖြစ်စေ စက်ကဆက်၍ အလုပ်မလုပ်၊ လုပ်လျှင် ဆက်လက်၍ မှားမည်။ ထို့ကြောင့် အလိုအလျောက် ရပ်ရပ် ပေးသည်။ ယင်းသို့သော ဆန်းပြားလှသည့် တီထွင်မှုတန်ခိုးကြောင့် မောင်မောင်လှသည် စက်ရိုက်ထားလျက်က တပိုးတပါးသို့ သွားနိုင်သေးသည်။ တစ်ခု ခုမှားလျှင် စက်က ရပ်ပြီး လူကိုစောင့်နေမည်။ ဤသည်တို့ကို တမျှော်တခေါ် ကြီး ကြည့်၍ အားရနေသော မောင်မောင်လှသည် အဘယ်ပုံ ခံစားလိုက်ရသည် မသိ။
'အစ်ကို နောက်ဆိုရင် စက္ကူတို့၊ မင်တို့၊ စက်ဆီတို့ကို သူတို့ဟာသူတို့ သွားဝယ်ပြီး သူတို့ဟာသူတို့ပဲ ရိုက်တဲ့စက်များ ဖြစ်လာမလား မသိဘူးနော်'
ဟု ပြောလိုက်သော သူ့အတွေးနှင့် သူ့စကားကို ယခုထိ ကြားယောင်နေ၏။ လွန်ခဲ့သော အနှစ်အစိတ်လောက်က ဤလိုပြောခဲ့သော မောင်မောင်လှအား ယခု ကွန်ပြူတာစက်တစ်လုံး ဝယ်ပေးလိုက်လျှင် မည်သို့သော အတွေးနှင့် စကားများ ထွက်လာဦးမည်မသိ။
သူ၏အတွေး သူ၏အပြောတွင် နစ်မြောစဉ်းစားနေမိစဉ် ခြေသံကြားသဖြင့် လှည့်ကြည့်လိုက်သည်တွင် ဥရောပတိုက်သားနှစ်ဦး ရောက်နေသည်ကို တွေ့ရ သဖြင့် "ဟုတ်ကဲ့၊ ကျွန်တော် ဘာ အကူအညီပေးရမလဲ" ဟု မေးလိုက်၏။ ကုလားထိုင်များ ယူချပေး၏။ သူတို့က ထိုင်လည်းမထိုင်၊ ဘာမျှလည်း မပြောသေးဘဲ တစ်ယောက်က စက်ကိုသာ မျက်လုံးခဲ၍ ကြည့်နေသည်။ အခြားတစ်ယောက်ကမူ စက်ပတ်လည် လှည့်၍ စက်အသွားအလာ လှုပ်ရှားမှုများကို စိတ်ဝင်စားစွာ လိုက်ကြည့်နေသည်။
ဤစက် စတင်လည်ပတ်စက ရန်ကုန်သာမက နယ်ရှိ ပုံနှိပ်တိုက် လောကသားများပါ လာရောက်ကြည့်ရှု့ကြသည်မှာ နေစဉ်နှင့်အမျှ အချို့သူတို့လည်း "မှာလိုသည်၊ ဆောင်ရွက်ပေးပါ" ဆိုသဖြင့် သာဓုက ကူညီရန် ကတိပေးခဲ့၏။ ယခု လာကြည့်သူ မျက်နှာဖြူ ဥရောပတိုက်သားများက မမြင်ဖူး၍ လာကြည့်ခြင်းကား မဖြစ်နိုင်။ စက်ကိုကြည့်လိုက်၊ သာဓုနှင့် မောင်မောင်လှကို ကြည့်လိုက်နှင့် တအံ့တသြ ဖြစ်နေရာမှ ရုတ်တရက် စက်ကို တစ်ယောက်က ခလုတ် နှိပ်ပြီး ရပ်လိုက်သဖြင့် ဟော.. ဂျာမနီမှ ရောက်လာကြမည်ဆိုသည့် အင်ဂျင်နီယာများဆိုသည်မှာ သူတို့ပင် ဖြစ်ရမည်ဟု သာဓု အတပ်တွက်လိုက်၏။
"ပိုင်ရှင် ဘယ်သူပါလဲ'
ယခုမှပင် စတင်၍ အင်္ဂလိပ်စကားသံ မပီ့တပီဖြင့် မေး၏။
"ဟုတ်ကဲ့၊ ကျွန်တော်ပါပဲ" ဟု သာဓုက ဖြေလိုက်မှ ပို၍ အံ့အားသင့်သွားကြကာ ပျာပျာသလဲ လက်ဆွဲနှုတ်ဆက်၏။ နောက် စက်ကို မည်သူဆင်ပေးသည်၊ ရိုက်နှိပ်ရန် မည်သူ ပြသပေးသည်များကို အသေးစိတ် မေးချေတော့ရာ သာဓုကလည်း အညွှန်းစာအုပ်ဖတ်ပြီး ကိုယ်တိုင်ပင် မည်သို့မည်ပုံ စမ်းသပ် မောင်းကြည့်ခဲ့ကြောင်းများ ပြောပြလိုက်သည်ကို အစအဆုံး နားထောင်နေပြီးမှ တဖန် ဒိုင်ယာရီစာအုပ်ထုတ်၍ အသေးစိတ် ထပ်မေးပြန်၏။ ရေးမှတ်ကြ၏။ ပြီး သည်တွင် သာဓုက လိမေ္မာ်ရည်တိုက်ရင်း "ဂျာမနီမှ လိုက်လာရသည်မှာ ဝေးလွန်းသဖြင့် ဝမ်းနည်းအားနာမိကြောင်း" ပြောရာ
"ကျုပ်တို့ စင်ကာပူက လာတာပါ၊ လေယာဉ် နေရာမရလို့ နောက်ကျသွားတာ ခွင့်လွှတ်ပါ၊ အမှန်အတိုင်းဆိုရင် စက်နဲ့ပြိုင်တူ ရောက်ရမယ် ဖြစ်ပါတယ်၊ အနည်းဆုံး တစ်ပတ်လောက် ရန်ကုန်မှာနေပြီး စက်အသုံးပြုနည်းများ ပြသပေးရမယ့် အစီအစဉ်ရှိပါတယ်၊ တာဝန်လည်း ရှိပါတယ်၊ ခုမြင်ရတဲ့အတိုင်းဆိုရင်တော့ ကျုပ်တို့ ဒီနေ့ပဲ ကြုံရာလေယာဉ်နဲ့ စင်ကာပူကို ပြန်နိုင်ကြပြီပေါ့ဗျာ"
ဝမ်းသာအယ်လဲသံဖြင့် တစ်ယောက်ကပြော၍ အခြားတစ်ယောက်ကလည်း
"ဟုတ်တယ်၊ ကျုပ်မိန်းမနဲ့ ကလေးတွေတော့ သိပ်ဝမ်းသာသွားကြမှာ"
ဟု လိမေ္မာ်ရည်သောက်ရင်း အသောကလေး ဖောက်လိုက်သေး၏။
"ကျုပ်တို့ ပုံနှိပ်စက်တွေ အာရှတိုက်မှာ ရောင်းခဲ့တာ အလုံးပေါင်း တစ် သောင်းငါးထောင်ကျော်ပြီ။ အားလုံးကို လိုက်ပြီး ဆင်ပေးရတယ်၊ ပြပေးရတယ်။ တချို့ဆိုရင် တစ်ဆယ့်ငါးရက်နဲ့တောင် ကောင်းကောင်း မတတ်ချင်ကြဘူး၊ ခင်ဗျားတို့ ပုံနှိပ်တိုက်တစ်ခုပဲ စာအုပ်ဖတ်ပြီး ရိုက်တတ်တာ တွေ့ဖူးသေးတယ်၊ ကျုပ်တို့ သိပ်အံ့သြသွားတယ်၊ ဒီပညာတွေ ဘယ်က တတ်ထားသလဲ"
"ကျွန်တော်က စက်မှုလုပ်ငန်းကို ဝါသနာပါလို့ပါ၊ နောက်ပြီး ခင်ဗျားတို့ အနောက်နိုင်ငံသားတွေက ဒီလောက် အံ့သြစရာ အသုံးဝင်တဲ့စက်တွေ တီထွင်နိုင်သေးတာ ကျွန်တော်တို့က ဒီစက်ကို လည်ပတ်အောင် အသုံးပြုနိုင်ဖို့လောက် တော့ ဉာဏ်ထုတ် ကြိုးစားရမှာပေါ့ဗျာ"
သူတို့နှစ်ယောက်စလုံး ပြုံးသွားကြသည်။
"နို့ မေးပါရစေဦး၊ စက်ကြီး လည်ပတ်ရိုက်နှိပ်နိုင်အောင် အဲ့ဒီစိတ်ကူးဉာဏ်တွေ ခင်ဗျားတို့ ဘယ်ကထွက်လာသလဲ"
"နို့ စက်ကြီးဖြစ်ပေါ်လာအောင် ဖန်တီးတီထွင်နိုင်တဲ့ စိတ်ကူး ဉာဏ်တွေကော ခင်ဗျားတို့ ဦးခေါင်းရဲ့ ဘယ်နေရာက ထွက်လာပါသလဲ"
သူတို့နှစ်ယောက်စလုံး ပြုံးပြုံးကြီး ထရပ်ကြသည်။ ကုန်းကုန်းကြီး လက်ဆွဲနှုတ်ဆက်ကြသည်။ အရပ်က ရှည်သလောက် ဒေါက်ရော ခွန်အားပါ တောင့်လှသဖြင့် သူတို့၏ လက်ဆွဲခြင်း၏ အားပါးတရရှိမှုကို သာဓုမခံနိုင်၊ အတော်ကလေး အောင့်နေလိုက်ရသည်။ မောင်မောင်လှမှာမူ ရှုံ့ရှုံ့မဲ့မဲ့နှင့် ရယ်ပြုံး ပြုံးနေသည်။
အရပ်အမောင်း၊ ခွန်အားဗလ၊ ကြံစည်တီထွင်မှု စွမ်းအားတွင်ပါ သူတို့မျက်နှာဖြူများက အသာကြီးသာနေသည်။ အစစအရာရာတွင် နှစ်ပေါင်း တစ်ရာ့ငါးဆယ်လောက် သူတို့က ရှေ့မှ ပြေးနေသည်။ နောက်ထပ် အနှစ်တစ်ရာကြာလျှင်လည်း သာဓုတို့ကပင် နှစ်ပေါင်းတစ်ရာ့ငါးဆယ် နောက်ကျကျန်ရစ်ကြပေဦးမည်။ တီထွင်မှု၌ သူတို့က ရပ်နေကြသည်မဟုတ်၊ သာဓုတို့ အာရှတိုက်မှ နွားလှည်းများ နွားမရှိလျှင် ဒုက္ခ၊ ကမ္ဘာဦးအစက စီးခဲ့ကြရသော နွားလှည်းများပင် ယခုထိ ဖင်မခံနိုင်အောင် ဆောင့်နေဆဲ။ သူတို့မျက်နှာဖြူတွေကသော်ကား မိုင် ပေါင်းသိန်းချီဝေးသော လကမ္ဘာဆီ သွားရာ၍ တစ်ဆယ့်သုံးစက္ကန့်လောက် နောက်ကျသည်ကိုပင် တွက်ကိန်းလွဲလေခြင်းဟု ရင်ထုမတတ် ဝမ်းနည်းနေတတ်ကြသည်။
ပြေးချင်သလောက် ရှေ့က ပြေးကြပါစေ၊ တီထွင်ကြံဆ ဆန်းချင်သရွေ့ ဆန်းကြပါစေ။ မည်သည့်စက်ပစ္စည်းဖြစ်စေ တို့ဗမာများကလည်း ရောက်လာသမျှကို ကျကျနန ကိုင်တွယ် အသုံးပြုပြလိုက်ကြမည်၊ ပျက်စီးသမျှ လှလှပပ ပြင်ပြလိုက်ကြမည်သာ။
ယခုဆိုလျှင်ကား သားတပည့်ကျော် မောင်မောင်လှသည်ပင် သာဓု ပထမဆုံး မှာသုံးခဲ့သော ပိုလီဂရပ်ဖ် ဟိုင်ဒယ်ဘတ် စသည်တို့သာမက အော်တိုမတ်တစ် ပုံနှိပ်စက်ဟူသမျှ ဒိုးလိုမွှေ၍ ပြင်နိုင်နေပြီ ဖြစ်၏။ သူတို့က ထွင်နိုင်လျှင် သာဓုတို့ဗမာတွေကလည်း ပြင်နိုင်ရမည် မဟုတ်ပါတုံလော။
----------------------------------
သာဓု
crd 👉 https://salaynganot.blogspot.com/2020/03/blog-post_60.html?m=1
Comments
Post a Comment