သေဆုံးသွားသောအလွမ်းဝေဒနာ

မြက်ပင်တွေဖုံးနေတဲ့
လမ်းကလေးတလျှောက်မှာ
ကိုယ်လမ်းလျှောက်နေတုန်း
"ကျွန်မကို မှတ်မိသေးရဲ့လား " ဆိုတဲ့
အသံတသံကို
ရုတ်တရက် ကြားလိုက်ရတယ်။
ကိုယ်က လှည့်ကြည့်လိုက်ပြီး
"ဟင့်အင်း.. မင်းနာမည်ကို
ကိုယ်မမှတ်မိတော့ဘူး " လို့
ပြောလိုက်တယ်။

"ရှင်ငယ်ငယ်တုန်းက
ပထမဆုံးတွေ့ခဲ့ဖူးတဲ့ အလွမ်းရယ်လေ " တဲ့။

သူ့မျက်လုံးတွေက
နှင်းမြူတွေဝေဆာနေတဲ့ မနက်ခင်းလိုပဲ
ကိုယ်ဟာ အတော်ကြာ ရပ်နေမိတယ်...
ပြီးမှ " မင်း မျက်ရည်ဝန်ထုပ်တွေကို ချပြီးပလားလို့ " ကိုယ်က မေးတယ်။

သူက ဘာမှ မပြောဘဲ ပြုံးနေတယ်
တကယ်တော့ သူ့မျက်ရည်တွေဟာ
အပြုံးရဲ့ ဘာသာစကားတွေကို သင်ကြားဖို့
အချိန်ရခဲ့ပြီ ထင်တယ်လေ။

"ရှင့်သောကကို ထာဝစဉ်
ရင်မှာ ပိုက်ထားတော့မယ်လို့
ရှင် တခါက ပြောခဲ့ဖူးတယ်လေ " တဲ့...
သူက တိုးတိုးလေး ပြောတယ်။

ကိုယ့်မျက်လုံးဟာ နီရဲသွားပြီး
"ဟုတ်တယ်၊ ဒါပေမယ့် မျက်ရည်တွေဟာ
ကုန်ခမ်းပြီး မေ့သွားကြပြီ " လို့
ပြောမိတယ်။

ပြီးတော့ ကိုယ်က
သူ့လက်ကို ဆုပ်လိုက်ပြီး
"မင်းကတော့
တော်တော်ပြောင်းလဲသွားပြီနော် " လို့
ပြောမိတယ်။

"ဟုတ်ပါတယ်၊
တခါတုန်းက ရှိခဲ့ဖူးတဲ့
အလွမ်းတခုကတော့
ငြိမ်းချမ်းမှုဖြစ်သွားပြီ " လို့
သူကပြောတယ်။

#ဘာသာပြန်ဆရာမြသန်းတင့်
#တိမ်းရှောင်သူမှ

crd 👉 https://m.facebook.com/story.php?story_fbid=859802304209788&id=468034426719913

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)