အပြင်ကလူ (၁)(အပိုင်း ၁)

#အပြင်ကလူ

(အပိုင်း-၁)

သူ့ကို မမျှော်လင့်ဘဲ လက်ထပ်ပွဲခန်းမ အပေါက်ဝ၌ ရုတ်တရက်ပေါ်လာသည်ကို ကျွန်မတွေ့လိုက်ရ၏။ လူပရိသတ်ကြား၌ အထူးသဖြင့် ခုလို ပြိုးပြက်ဝင်းလက်သော ပရိသတ်ကြား၌ သူ့ကိုတွေ့လိမ့်မည်ဟု မမျှော်လင့်ခဲ့။ သူလဲ ပိုးတိုက်ပုံ၊ ဘန်ကောက်လုံချည်နှင့် သပ်ရပ်စွာရှိသည်မို့ အနည်းငယ်စိတ်ချမ်းသာရသည်။ သူ့နဖူးပေါ်၌မူ ဖြီးသင်လို့ မပိပြားသော ဆံပင်တစ်စသည် ကျမြဲကျနေသည်။ သူ့ထုံးစံအတိုင်း လူအများကို လျှံ၍ကြည့်ပြီးမှ ကျွန်မကို သူမြင်တွေ့ သွားပါသည်။ သူ့မျက်လုံးများ ကြည်လဲ့လာပြီး ကျွန်မထိုင်ရာ ထောင့်စွန်းလဲကျ၊ တိုင်ကွယ်သော စားပွဲသို့ တန်းတန်းမတ်မတ် လာပါသည်။ တစ်ချက်မျှလဲ ပြုံးလိုက်ပါသေးသည်။

“ကျွန်တော်ထိုင်တော့မယ်နော်” ဟု ယဉ်ယဉ်ကျေးကျေး သူက ခွင့်တောင်းလိုက်လျှင်တော့ ကျွန်မသည် ပြုံးလိုက်မိပြီး... “ရပါတယ်ရှင်” ဟု ခပ်စိမ်းစိမ်း ဆိုလိုက်သည်။

သူက ဘယ်သူမှမထိုင်ချင်သဖြင့် လပ်နေသော ကျွန်မစားပွဲမှထိုင်ခုံကို လိုလိုချင်ချင်ထိုင်ပါသည်။ လက်ထပ်ပွဲမှာလိုမဟုတ်ပဲ ခရီးပန်းလာသူ ခုမှ နားခိုရသလို လျော့ပြေစွာ စားပွဲပေါ် တတောင်ဆစ်ထောက်၍ ထိုင်ပါသည်။ ပြီးတော့ မနေ့ကပင် သူနဲ့ကျွန်မဆုံခဲ့သေးသလို ရင်းနှီးစွာပင် တစ်ချက်ပြုံးပြန်ရင်း “အေးအေးကို ကျွန်တော် တွေ့ချင်နေတာကြာပြီ” ဟု စကားစလေ၏။

“မိတ်ဆွေဟောင်းတွေပဲ .... ပြီးတော့ ဆွေမျိုးတောင်တော်သေးတာ” ဟု ကျွန်မက ညင်သာစွာ ပြောလိုက်သည်ကို သူက ကြည်ကြည်လင်လင်ပင် ရယ်ပြုံးနေသည်။ ဘာမျှမပြောပါ။

“ရှင် အိမ်ကိုလာနိုင်သားပဲ၊ ပြီးတော့ ...”

“နုနုတို့သားအမိကို အေးအိမ်မှာခေါ်ထားတာလဲ သိပါတယ်။ ကျေးဇူးလဲတင်ပါတယ်အေးရယ်။ ကျွန်တော်ပြောချင်တာတွေလဲ အများကြီးပဲ။ ဘာကစပြောရမှန်းတောင် မသိပါဘူး”

“အင်းလေ၊ သည်နေရာက သိပ်စကားပြောလို့ကောင်းတဲ့ နေရာတော့လဲ မဟုတ်ဘူးထင်ပါရဲ့။ ဒါပေမယ့် ခုမှပဲတွေ့ရတော့လဲ ဘယ်တတ်နိုင်မလဲ”

“ဟုတ်တယ်၊ ကျွန်တော်လဲ အင်းလျားလိပ်ဟော်တယ်ဆိုတာ သိပ်ရောက်ဖူးတာမှုတ်ဘူး။ စောင်း ဦးဘသန်းအဖွဲ့ ဆိုလို့ လာနားထောင်တာ။ စောင်း ဦးဘသန်းနဲ့လဲ တွေ့ချင်လို့ ...”

ကျွန်မတို့ စကားခဏပြတ်နေပြီး ကျွန်မက မကျေနပ်နိုင်သောအကြောင်းကို ပြန်၍ကောက်လိုက်ပြန်သည်။

“ရှင်.....အိမ်ကို လာနိုင်သားပဲ၊ နုနု ရှင့်အိမ်ပေါ်က ဆင်းလာတာ ဆယ်နှစ်ကျော်ပြီ။ ရှင်တစ်ခါမှ လိုက်မလာဖူးဘူး၊ ရှင့်သားလေးကိုလဲ ရှင်မမြင်ဖူးတာကြာပြီမှုတ်လား”

သူသည် ညိုမှိုင်းသောမျက်နှာနှင့် ဘာမျှမပြောဘဲ နေပါသည်။ ထိုခဏ၌ တီးဝိုင်းမှ အချစ်သီချင်းတစ်ပုဒ် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကျွန်မသည် ဘယ်သူ့ကိုမှန်းမသိ အားနာသွားပြီး စကားပြောရပ်လိုက်သည်။ သီချင်းသံ ပို၍ကျယ်လောင်လာသည်။ တဖြည်းဖြည်း ပြည့်ကြပ်လာသော ပရိသတ်တို့သည် နေ့ကြောင်တောင်မှာပင် တလက်လက် တောက်ပနေလေ၏။

“သတို့သမီး သတို့သားက ၁၂ နာရီထိုးမှ လာမှာ... ” ဟု ညာဘက်စားပွဲမှ မိန်းမဝဝ၏ပြောသံကို ကြားလိုက်၏။

“ခုမှ ၁၀ နာရီရှိသေးတယ်။ အမာစိန်လဲ ကအုံးမယ် ဆို။ ခုဟာက ဧည့်ခံချိန်သက်သက်ပေါ့ နော်.... ပိုက်ဆံတတ်နိုင်တော့လဲ ချဲ့ချင်တိုင်း ချဲ့လို့ရတာပေါ့”

“နှင်းဆီတွေရော သစ်ခွတွေရော လှိုင်နေတာပဲ။ ဟောင်ကောင်က မှာတာတဲ့”

“ဖိတ်စာတောင် အင်္ဂလန်မှာ ရိုက်တာ ....”

“စိန်တွေကတော့ အမေရိကားကတဲ့ ”

တီးဝိုင်းမှသီချင်းသံသည် ရုတ်ခြည်းပင် မကျယ်လောင်တော့ဘဲ ပရိသတ်ဆူညံနေသံအလယ်မှာ မြုပ်လုလု ရှိနေပြန်သည်။ ရယ်မောသံများ၊ ဖန်ခွက်ထဲ လိမ္မော်ရည်ငှဲ့သံများ၊ စကားလုယက်ပြောသံများ ရောနှောထွက်ပေါ်လာသည်။

“အေးက ညနေ(၄)နာရီထိ သည်မှာထိုင်နေမယ် စိတ်ကူးသလား။ သူတို့လိုလေ”ဟု သူက ရုတ်တရက် မေးပါသည်။

ကျွန်မက အနည်းငယ်တုံ့ဆိုင်းပြီး...“မသိဘူးလေ....သတိုသမီးအမေက ကျောင်းနေဘက်မို့ လာရတာပဲ၊ ရှင်နဲ့လဲခင်တယ်မှုတ်လား၊ ကျွန်မတော့ (၆)နာရီ လုံးလုံးနေရမှာလား ....မသိပါဘူး”

“လာပါ။ ဟောသည်ဘေးပေါက်က ထွက်ပြီး ရေကူးကန်နား သွားရအောင်။ မြင်နေရတယ်မှုတ်လား၊ ရေကလေးတွေကြည်လို့၊ စိတ်အေးစရာ။ သစ်ပင်အောက်မှာဖြစ်ဖြစ် ထိုင်ရအောင်ပါ။ ကျွန်တော် ပြောစရာတွေရှိတယ် အေးရယ်။ ကျွန်တော်ပြောမယ့်စကားကို ဟိုတုန်းကလို မိတ်ဆွေသူငယ်ချင်းလိုသဘောနဲ့ နားထောင်ပါလား။ ညီမဝမ်းကွဲနဲ့ ညားပြီး ကွဲခဲ့တဲ့ယောက်ျားတစ်ယောက်လို သဘောမထားဘဲနဲ့ ဟင် ”

ကျွန်မသည် မှန်တံခါးမကြီးမှ လှမ်းမျှော်ကြည့်လိုက်လျှင် သူပြောသလိုပင် အပြင်၌ အေးချမ်းသာယာနေသည်ကို တွေ့ရပါသည်။ ရေကူးကန်၌ ပြည့်လျှံနေသောရေတို့သည် စိမ်းလဲ့၍ အသာအယာ လှုပ်ရှားနေသည်။ သစ်ရိပ်တို့လဲ အေးမြလှပါသည်။

“မှန်တံခါးက ဖွင့်လို့ရတဲ့တံခါးမှ ဟုတ်ရဲ့လား မသိဘူး”

“ဖွင့်ကြည့်တာပေါ့” ဟု သူက ထမည်ပြင်လျှင် “နေပါဦး.... သူကလဲ ကြောင်လိုက်တာ၊ ဝင်လာတဲ့ အပေါက်ဝက ပြန်ထွက်လဲရပါတယ်။ ဒါပေမယ့် ကျွန်မ စဉ်းစားနေသေးတယ်။ ရှင်ပြောသလို သည်မင်္ဂလာလက်ထပ်ပွဲခန်းမက ရှင်နဲ့ထွက်သွားပြီး သစ်ပင်အောက်မှာ ကျွန်မ စကားသွားပြောချင်စိတ် ရှိရဲ့ လားလို့” ဟု ကမန်းကတန်း ပြောလိုက်သည်။ “စဉ်းစားအုံးလေ” ဟု သူက ညင်သာစွာ ဆိုပြီး စီးကရက်သောက်စပြုလေ၏။

ကျွန်မကမူ လွန်ခဲ့သော ၁၅နှစ်ခန့်က နုနုနှင့်သူတို့ ချစ်ခဲ့ကြသည်ကိုသာ စဉ်းစားမိ၏။ နုနုမှာ မိန်းမပီသ နွဲ့ နှောင်းလှသူဖြစ်သည်။ သူ့ကို စိတ်ခဏခဏကောက်တတ်၏။ ငိုရ၏။ မသိတတ်သူဟု ရန်ထောင်၏။ တကယ် မချစ်ဘူးဟု စွပ်စွဲ၏။ ကျွန်မက ပြေရာပြေကြောင်း ပြောခဲ့ဖူးသည်။ “နုကို သူ အမြဲတွေ့ချင်နေတာ၊ တွေ့ ရရင် ပျော်တာ ချစ်လို့မှုတ်ဘူးလား။ သူ့မှာ နုကြောင့် ဝမ်းနည်းရတယ်။ နုကြောင့် စိတ်ချမ်းသာရတယ်။ နုအလိုကိုလိုက်တယ်။ ဘာလိုသေးလဲ"

နုနုက ပြော၏။

“သူ စာမေးပွဲမဖြေဘူး။ လခစားမလုပ်ချင်ဘူးတဲ့။ လူတောထဲမတိုးချင်ဘူးတဲ့။ တောပြန်ပြီး ခြံစိုက်စားမယ်တဲ့။ ရှမ်းပြည်နယ်သွားရင်လဲ သွားမယ်တဲ့။ နုက ရန်ကုန်မြို့ပေါ်ကြီးလာတဲ့သူ၊ ဟုတ်တယ်။ နုရဲ့ မေမေလိုပဲ အရာရှိကတော်ဖြစ်ချင်တယ်၊ နုရဲ့ ကလေးတွေလဲ အထက်တန်းကျစေချင်တယ်”

ပထမတော့ ကျွန်မ သက်ပြင်းသာချနေရင်း ... သူတို့ ဘယ်လိုစီစဉ်ကြသည်မသိ၊ နုနုနှင့်သူသည် ကောလိပ်မှာ စာသင်နေရင်းပင် တစ်ပိုင်းတစ်စနှင့် ထွက်သွားကြ၏။ မရမ်းကုန်း၌ နေထိုင်ကြ၏။ နုနုသားလေးမွေးတော့ ကျွန်မ သွား၍ ကြည့်ပါသေးသည်။ သူတို့ ပျော်ရွှင်ကြသည်လို့လဲ ထင်ခဲ့ပါသည်။ သို့သော် သူတို့ပေါင်းသင်း၍ သုံးနှစ်ခွဲမျှသာ ကြာသည်။ နုနုသည် ကျွန်မဆီ တယ်လီဖုန်းနှင့် လှမ်း၍ စကားပြောပါသည်။

“အေးရေ၊ နုနဲ့သူတော့ မဖြစ်တော့ပါဘူး၊ အေးနဲ့ လာနေချင်တယ်၊ လက်ခံမလား၊ နု အလယ်တန်းပြဆရာမ အလုပ်လျှောက်တာလဲ ရပြီ၊ ဝန်လေးနေမှာလား”

“ဘာဖြစ်ကြတာလဲ” ဟု ကျွန်မက မေးလျှင်တော့

“မမေးပါနဲ့တော့ကွယ်၊ နုလဲမဖြေတတ်တော့ပါဘူး” ဟု ဆိုကာ တယ်လီဖုန်းခွက်ထဲ၌ နုနု၏ရှိုက်သံများကိုသာ ကြားခဲ့ရလေ၏။

နုနု ကျွန်မနှင့်လာနေသည့် ဆယ်နှစ်ကျော်အတွင်း သူသည် တစ်ခါမျှ မလာရောက်ခဲ့ချေ၊ စာလဲလှမ်းမရေးချေ။ တယ်လီဖုန်းနှင့်လဲ စကားမပြောခဲ့ချေ။ နုနုသည် ဖွင့်မပြောခဲ့သော်လည်း သူလာခေါ်မည်ကို စောင့်စားလျှက် အချိန် ကုန်ခဲ့သည်ကို ကျွန်မရိပ်မိရပါသည်။ နုနုသည် မကျန်းမမာ ဖြစ်လိုက်သေးသည်။ အိပ်ပျက်စားပျက်နှင့် မူးဝေ၍ လဲလိုက်သေး၏။ သားငယ်ကိုဖက်၍ ငေးမောနေတတ်သည်။ နုနု၏မိဘများ ပြန်ခေါ်သည်ကိုလဲ မလိုက်နိုင်ချေ။

“ရှင်တစ်ခါမှ မလာခဲ့ဘူး။ တွေ့ဖို့မကြိုးစားခဲ့ဘူး” ဟု ကျွန်မသည် လက်ထပ်ပွဲသို့ ပြန်ရောက်လာလေ၏။

“အဲဒါကတော့ ဇာတ်လမ်းရဲ့ သေးငယ်လှတဲ့ အစိတ်အပိုင်းကလေးတစ်ခုသာဖြစ်တယ်” ဟု သူက သူ့ထုံးစံအတိုင်း စာသံပေသံနှင့် ပြောလေ၏။

“ဟိုလူရှင်းတဲ့ အခန်းဘက်ဖြစ်ဖြစ် သွားရအောင်လား အေးရယ်....၊ တစ်နေကုန် ပြောရင်ပြောရမှာ”

“ခုတော့ မသွားချင်သေးပါဘူး၊ တော်ကြာ စိတ်ပြောင်းသွားမှ သွားရအောင်၊ ခုလဲ ဒီမှာထိုင်ပြီး ပြောလို့ရသားပဲ။ ကျွန်မတို့ကို ဘယ်သူမှလဲ ကြည့်မနေပါဘူး။ လူတွေက သတို့သမီး သတို့သားကိုသာ ကြည့်ချင်တာပဲ”

“အမာစိန် က,တာဖြစ်ဖြစ်၊ ဦးဘသန်း စောင်းတီးတာ ဖြစ်ဖြစ်....”

“ဟုတ်တယ်”

“ဒါပေမယ့် ကျွန်တော်ပြောချင်တဲ့စကားလဲ အရေးကြီးပါတယ်၊ သည်မင်္ဂလာဆောင်မှာ သြဘာစာရွတ်တာထက်တောင် အရေးကြီးအုံးမယ်၊ သတို့သမီးနဲ့ သတို့သားကို ပိုအကျိုးပြုအုံးမယ်”

ကျွန်မက ပထမအကြိမ်ပြုံးကာ “ဘာဖြစ်လို့လဲရှင်”

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အချစ်ဆိုတာ ဘာလဲဆိုတာ ပြောပြမလို့ပေါ့...၊ သည်မင်္ဂလာဆောင်နဲ့ အင်မတန် သင့်တင့်လျောက်ပတ်တဲ့ ဘာသာရပ်ပဲမို့ပေါ့”

သူသည် တိုက်ပုံအင်္ကျီအိတ်ထဲမှ ဖြူဖွေးစင်ကြယ်သော လက်ကိုင်ပဝါကိုထုတ်၍ မျက်နှာကိုသုတ်ပါသည်။ ပြီးတော့ ဘယ်တုန်းကလာချသွားမှန်းမသိသော လိမ္မော်ရည်ခွက်ကို နှစ်ကျိုက်မျှသောက်ပြီး နှုတ်ခမ်းကို လက်ကိုင်ပုဝါနှင့် သုတ်ပြန်ပါသည်။ သူ့နှုတ်ခမ်းများ ပြေပြစ်လှပသည်ကို ပထမဆုံးအကြိမ် သတိထားမိပြီး ကျွန်မအံ့သြနေဆဲ သူက အေးဆေးငြိမ်သက်စွာ ပြောသည်။

* * *

“ကျွန်တော်နဲ့ နုနဲ့ကတော့ ချစ်တယ်လို့ဆိုရမှာပေါ့။ တစ်ယောက်နဲ့တစ်ယောက် တွေ့ချင်နေတယ်။ တွေ့ရရင် ပျော်ရွှင်တယ်၊ မခွဲချင်တော့ဘူးလို့ထင်လာတယ်။ ခွဲရတဲ့အခါ ဝမ်းနည်းတယ်၊ ပြန်တွေ့ကြဖို့စီစဉ်တယ်။ တစ်ယောက်ကိုတစ်ယောက် စိတ်ချမ်းသာအောင် ထားချင်တယ်။ အနည်းဆုံး ကျွန်တော့်သဘောကတော့ သည်လိုပါပဲ"

“နုနုကတော့ သိပ်မကျေနပ်ဘူးဗျ၊ အများတကာရဲ့ စိတ်ကူး၊ အများတကာရဲ့ စကားကို သူမလှန်နိုင်ဘူး၊ ဟုတ်နိုးနိုးထင်တယ်၊ လူ့ဘဝမှာ သူနေချင်တဲ့ဘဝနဲ့ ကျွန်တော်နေချင်တဲ့ဘဝ မထပ်မိဘူးလို့ဆိုရမလား၊ ခြံမြေကလေးဝယ်ပြီး ပန်းပင်သစ်ပင်ကလေးတွေစိုက်ပြီး နေချင်တာကတော့ ကျွန်တော့်သဘောပဲ၊ မလိမ်ခဲ့ပါဘူး၊ လောကမှာ ဘာမှလဲ လိမ်နေစရာမလိုပါဘူး။ လူတိုင်းလွတ်လပ်တာပဲ။ ဘယ်သူ့ကိုမှမထိခိုက်ရင် မငြိစွန်းရင် ကိုယ်လုပ်ချင်ရာ လုပ်နိုင်ကြတာပါပဲ။ ဟုတ်တယ်၊ ကိုယ်လိုရာကို အဖိုးပေးဝယ်ယူကြရတာတော့ ဓမ္မတာပေါ့ ။ ကျွန်တော် လိုချင်တာက မများလှပေမယ့် အဖိုးကတော့ကြီးလှတယ်။ ကျွန်တော်လိုချင်တာကို မိန်းမနဲ့ကလေး အဖိုးအဖြစ် ပေးလိုက်ရတယ်။ ဒါလဲ နုနုကိုယ်၌ကမှ ကျွန်တော့်ဘက်သား မဟုတ်ဘဲကိုး"

“အေးကတော့ တကိုယ်ကောင်းဆန်တဲ့အတွေးလို့ ဆိုမယ်၊ လူတိုင်းဟာ တကိုယ်ကောင်းဆန်ကြတာပါပဲ။ မတရားသဖြင့်သော်လည်းကောင်း၊ တရားသဖြင့်​သော်လည်းကောင်းပေါ့"

“ကျွန်တော် နုနုကို အများကြီးချော့ပါတယ်ဗျာ၊ မနက်မိုးလင်းလို့ ငှက်ကလေးတွေ သစ်ကိုင်းပေါ်က အော်ကြ မြည်ကြတဲ့အခါ လာနားထောင်စေချင်တယ်။ နုနုက ရေဒီယိုဖွင့်တယ်၊ လမ်းလျှောက်သွားတော့ ကြာအိုင်မှာ ကြာနီတွေပွင့်နေတာ ပြချင်တယ်။ တောဘဲတွေ ကျလာတာ ပြချင်တယ်။ တစ်တောင်ကုန်းက ချိုးမနဲ့ တစ်တောင်ကုန်းက ချိုးဖိုနဲ့ အပြန်အလှန်ခေါ်ကြ ထူးကြတာ ကြားစေချင်တယ်။ နုနုက လမ်းလျှောက်ဝါသနာမပါဘူး။ သူက ကိုယ်ပိုင်ကားမောင်းပြီး လည်လာခဲ့တဲ့သူ၊ ကျွန်တော် ကြက်ခြံထဲ အစာကျွေးနေတုန်း နုနုက အစိုးရပြန်တမ်းဝင်အရာရှိများ ခွင့်ယူကြတာ၊ နယ်ပြောင်းကြတာတွေ ဖတ်နေတယ်”

"ကျွန်တော် အစောကြီးကပြောသားပဲ။ ကျွန်တော်ဟာ ဘယ်တော့မှ နုနုဖြစ်စေချင်တဲ့လင်သားမျိုး ဖြစ်လာမယ် မှုတ်ဘူးဆိုတာ”

“ကျွန်တော်ပြောခဲ့တယ်။ နုနဲ့ မောင်နဲ့ ယူကြရင် ဘယ်တော့မှ သိပ်ပျော်မယ်မထင်ပါဘူး။ ခုလိုပဲချစ်နေကြတာ ပိုကောင်းပါလိမ့်မယ်လို့၊ နုနုက ငိုတယ်။ နုနုပဲ လက်ထပ်ချင်တယ်”

“ပြီးတော့ အချစ်ဆိုတဲ့ပုံပြင်ဟာ ထိမ်းမြားလက်ထပ်ခြင်းမှာပြီးဆုံးတယ်လို့ နုနုထင်တယ်။ အများတကာလဲ သည်လိုထင်ကြတယ်ထင်ပါရဲ့၊ ကျွန်တော်မသိဘူး။ ဒါကြောင့်လဲ ထိမ်းမြားလက်ထပ်ခြင်းဟာ အချစ်ရဲ့ သင်္ချိုင်းပဲ လို့ စကားပုံတောင် ပြုရက်ကြတာပေါ့"

“ကြည့်ပါဦးဗျာ...၊ အချစ်ဆိုတဲ့ပုံပြင်ဟာ ဘယ်လောက် ကြီးကျယ်ခမ်းနားတယ်ဆိုတာ မသိကြတဲ့အတိုင်းပဲ၊ မင်္ဂလာဆောင်တဲ့အမှုကို အကြီးအကျယ်ပြုနေလိုက်ကြတာ၊ ရက်စက်တယ်လို့ ဆိုချင်ဆို၊ သူတို့လုပ်နေပုံက အချစ်ဆိုတာကို မသာချနေသလိုပဲ။ နောက်ဆုံးပြုစုခြင်းပေါ့"

“တကယ်တော့ ထိမ်းမြားလက်ထပ်ခြင်းဟာ အချစ်ဆိုတဲ့ကိစ္စရဲ့ အလိုလိုဖြစ်လာတဲ့ ကြံစည်တွေးတောနေစရာမလိုတဲ့ တစိတ်တဒေသ အပိုင်းအစကလေးပါ"

“နုနုကတော့ ကျွန်တော်နဲ့ မရမ်းကုန်းခြံကို လိုက်လာပြီးကတည်းက အချစ်ကိစ္စကို စိတ်မဝင်စားတော့ဘူးလို့ ထင်တယ်ဗျာ။ အချစ်ကိစ္စကတော့ ဒို့နှစ်ယောက်ပြီးပြီ။ လူတွေတောမှာ လူတွေနဲ့တူအောင်၊ ဝင်ဆံ့အောင်၊ လူတွေ အပြစ်မတင်အောင်၊ လူတွေလက်ခံအောင်၊ လူတွေချီးမွမ်းအောင် နေကြဖို့ပဲရှိတော့တယ်လို့ ပြောချင်သလိုပဲ”

“အိမ်ကို ပထမဆုံး ပြင်တယ်ဗျ။ ပြီးတော့ ဧည့်သည်တွေခေါ်တယ်။ အလဟဿစကားထိုင်ပြောကြတယ်။ သူ့ဧည့်သည်တွေက ကားနဲ့ လာကြတယ်။ ကားဘီးတွေမှာ ရွှံ့ပေလို့ စိတ်ညစ်ကြတယ်။ သူတို့ပြောတဲ့စကားကို ကျွန်
တော်သိပ်နားမလည်ပါဘူး။ ရာထူးတက်တာတို့၊ အိမ်ဆောက်ပြီး သံရုံးငှားစားတာတို့ပေါ့၊ ဘယ်သူတွေ ဘာလုပ်နေကြမှန်းလဲ ကျွန်တော်မသိဘူး။ ကျွန်တော့်ကို ရယ်ကြတယ်။ စိတ်ဆိုးလို့ပြောတာ မှုတ်ပါဘူး။ ကျွန်တော့်ကိုရယ်တာလဲ ကျွန်တော်ဝမ်းမနည်းပါဘူး။ သဘောထားချင်း မတူလို့ပဲလို့ ထင်တာပါပဲ။ ကျွန်တော်ကတော့ သူတို့ကို မရယ်ပါဘူး။ အားလဲနာတယ်။ နားလည်းလည်ဖို့ ကြိုးစားတယ်”

“နုနုရဲ့ ဧည့်သည်တွေဟာ နုနုကိုဝမ်းနည်းစေတယ်။ ကျွန်တော့်အတွက် ရှက်စေတယ်။ ဧည့်သည်တွေပြန်သွားရင် ကျွန်တော်တို့ရန်ဖြစ်ရတယ်။ လင်မယားနှစ်ယောက် တစ်ယောက်အလို တစ်ယောက်လိုက်ပြီး အေးအေးချမ်းချမ်းနေကြတာ၊ အပူအပင်မရှိတာကို ကျွန်တော်က တန်ဖိုးထားသလောက်၊ နုနုက သိမ်ငယ်တယ်ထင်တယ်၊ ညံ့ဖျင်းတယ် ထင်တယ်။ ပိုက်ဆံစကား၊ ပစ္စည်းစကားပြောတယ်"

“နုနု ပင်ပန်းတယ်ထင်မှာစိုးလို့ ကျွန်တော်နဲ့ အဖော် ကရင်ကလေး ထမင်းချက်ကြတယ်။ ခြံထဲကဟင်းသီးဟင်းရွက်နဲ့၊ ကြက်ဥဘဲဥနဲ့၊ နွားနို့လည်း ရွာထဲက စစ်စစ်ရတယ်။ နုနုကသာ ဝမ်းနည်းတယ်။ ကျွန်တော်ကတော့ အဲဒီသုံးနှစ်ခွဲလောက် နုနုနဲ့နေခဲ့ကြရတာ ပျော်စရာလို့ထင်မြဲပါပဲ"

" ရန်မဖြစ်ကြတဲ့အချိန်ကလွဲရင် တကယ်တော့ သိပ်ပျော်စရာကောင်းတာပါအေးရယ်၊ ကျွန်တော်မှတ်မိသေးတယ်။ တည လသာလိုက်တာ၊ လမင်းက ဝိုင်းစက်မှည့်ရွှန်းလို့၊ တိမ်လည်းမရှိဘူး။ မိုးက ပြာလဲ့နေတာပဲ၊ ကြည်နေတာပဲ။ ခြံမြောက်ဘက်က ဖြတ်သွားတဲ့ချောင်းမှာ ငါးရစ်တက်တဲ့ညပေါ့”

“ကရင်လေးကပြောတယ်။ ကျွန်တော် ညတိုင်း ငါးသွားခပ်တာမရသေးဘူး။ ညဒီရေနဲ့လိုက်ပြီး ငါးရစ်တက်မှာတော့ အသေအချာပဲ။ ဒီည ဆရာလိုက်ပါလားလို့ ခေါ်ခေါ် နေတယ်။ နှစ်ညသုံးည ကျွန်တော်လိုက်သွားတယ်"

“အဲဒီညကျတော့ ရတော့မှာပဲလို့ ကရင်လေးကလဲ ထင်တယ်။ ကျွန်တော်ကလဲထင်တယ်။ နုနုကို ဒီညလိုက်ခဲ့ပါကွယ် .... လသာလို့ မောင်နဲ့လမ်းလျှောက်ရတာနဲ့ပဲ ပျော်ဖို့ကောင်းလှပါတယ်လို့ ဆိုတော့ မလိုက်ဘူးဗျ "

“ကျွန်တော်နဲ့ကရင်ကလေးသွားကြတော့ လက သာလိုက်တာ၊ ညဟာ အေးမြနေလိုက်တာလဲ အလွန်ပဲ။ ည ၁၂ နာရီကျော်ပေါ့။ ကျွန်တော်တို့ ငါးခပ်ကြတာ ရေမပါဘဲ ငါးချည်း ခပ်လို့ရတယ်ထင်တာပဲ။ ငွေရောင်လက်နေတဲ့ ဖျတ်ဖျတ်လူးနေတဲ့ငါးတွေ ချောင်းထဲက ခပ်ခပ်ပြီး တောင်းထဲထည့်တာ ဘယ်နှစ်တောင်းမှန်း မသိပါဘူး။ ငါးတွေကလဲ ကျွန်တော်တို့လိုချင်လို့ မှုတ်ပါဘူး။ ကောင်လေးပဲ အကုန်ပေးလိုက်တယ်။ ဒါပေမယ့် အဲဒီညကို ကျွန်တော် မမေ့နိုင်ဘူး။ သဘာဝလောကရဲ့ သားသမီးစစ်စစ် အဖြစ်ကြီး ဖြစ်လိုက်ရတယ်"

“ကျွန်တော်အိမ်ပြန်ရောက်တော့ မိုးလင်းခါနီးပါပြီ။ နုနုကငိုနေပြီ။ ဒေါသလည်း အရမ်းကြီးနေတာပဲ။ ကျွန်တော်ချစ်တဲ့မိန်းကလေးဆီမှာ အဲသည်လိုကြမ်းတမ်းခက်ထန်လှတဲ့ ဒေါသကိုတွေ့တော့ ကြောက်လည်းသွားတယ်၊ စိတ်လည်းပျက်တယ်။ အချစ်လျော့ချင်တယ်။ နုနုက ကျွန်တော့်ကို သူ့တစ်ယောက်တည်းထားခဲ့ရမလားလို့ အပြစ်တင်တယ်။ ငါးသွားခပ်တယ်ဆိုတော့ တံငါသည်လုပ်မလို့လားတဲ့၊ ငါးတွေပေးလိုက်ပြီဆိုတော့ အချည်းနှီးအချိန်ဖြုန်းရမလား ဆိုပြီး အော်ဟစ်ဆူပူတယ်။ ကျွန်တော်က နုရယ် အထဲက ကလေးပါ ဒေါသကြီးတတ်နေပါ့မယ်လို့လည်း ပြောမိရော ကျွန်တော့်ကို ပါးလှမ်းရိုက်တာပါပဲ”

“ကျွန်တော်ကတော့ ပါးမှာ လက်ငါးချောင်းရာထင်လဲ အသားနာလှတယ်မထင်ပါဘူး။ နုနုဟာ ငါ့ကိုမရိုသေတော့ဘူး၊ ငါ့အချစ်ကို မရိုသေတော့ဘူးလို့သာ ယူကျုံးမရ ဖြစ်တယ်။ အဲဒီလိုပြောပြန်တော့ ထိုင်ရှိခိုးနေရမှာလား...တဲ့”

“ကျွန်တော့်ကို နုနုနားမလည်တာ အမှန်ပဲ"

(ဆက်ရန်)
---------------------------------------------------------
#ကြည်အေး

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)