ဘေဒါ
#ဘေဒါ
မောင်လူအေးသည် စိတ်အေးလက်အေးနှင့် နေထိုင်လိုသော်လည်း အစိုးရဖက် ဝင်မိလျက်သား ဖြစ်သောကြောင့် မောင်လူပူ ဖြစ်လျက်နေတော့၏။ မောင်လူအေး အလုပ်ဝင်၍ များမကြာမီပင် စပါးဈေးတွေကျ၊ သာယာဝတီတွင် သူပုန်တွေက ထ၊ အမြို့မြို့ အနယ်နယ်တွင် လူဆိုးတွေက ကြွနှင့် အလွန်ထူးသောခေတ်ကြီးနှင့် ကြုံကြိုက်လျက် ရှိပေ၏။
မိမိ အုပ်ထိန်းရသော နယ်ကား အခွန်တော် တောင်းရခက်လည်း တိုင်းရေးပြည်ရေးအတွက် များစွာမပူရ။ ဘေးပတ်လည်နယ်များက ဆူပူကြသောကြောင့် မောင်လူအေးတို့လည်း ထိတ်ထိတ်နှင့်ပင် နေကြရ၏။ အရေးပိုင်မင်းက အမိန့်ပေးသောကြောင့် မောင်လူအေးမှာ နယ်စပ်သို့ပြေးခဲ့ရ၏။ အစိုးရသင်္ဘောပေါ်တွင် မိမိစာရေးနှင့် အစေခံများအပြင် အခြားသင်္ဘောသားတို့သာ ပါ၏။ မိမိပိုင်နယ်ဖြစ်သော ရွာစဉ်လျှောက်၍ သတင်းကို ထောက်၏။အခွန်တော်ကို ကောက်၏။ တင်းတင်း ပျော့ပျော့၊ ချော့တန်ချော့၊ ချောက်တန် ချောက်၊ ဆူတန် ဆူ၊ ပူတန် ပူ လုပ်၍ လာခဲ့၏။ ၁၀၉၊ ၁၁ဝ လုပ်ရန် စစ်ဆေးသည့် ရွာ၌လည်း စစ်ဆေး၏။ ဤသို့ လာခဲ့ရာ မိမိ၏နယ်အဆုံး အစုကလေး ဆိုသော ရွာသို့ နေဝင်ချိန်၌ ဆိုက်ရောက်၍လာ၏။
ရွာနှင့် သင်္ဘောဆိုက်ရာကား တော်တော် လှမ်းသေး၏။ ရွာရောက်အောင် အစိုးရသင်္ဘော မဝင်နိုင်။ မော်တော်သင်္ဘောကလေးသာ ဝင်နိုင်၏။ ဝန်ထောက်မင်း လာသည် ကြားသောကြောင့် ရွာသူကြီး မောင်စစ်ဆိုက်သည် ရွာမှ မော်တော်သင်္ဘောကလေးနှင့် ထွက်၍ လာလေသည်။ မောင်လူအေးအား မိမိအိမ်သို့ လာရန် တောင်းပန်ရှာ၏။ မောင်လူအေးလည်း ထမင်းစားသောက်ပြီးလျှင် မိမိစာရေးကိုပါ ခေါ်ကာ အစုကလေးရွာသို့ သူကြီးနှင့်အတူ လိုက်ပါ သွား၏။
တပေါင်း လပြည့်နေ့ ဖြစ်သောကြောင့် လမင်းက သာပါပေ၏။ ချောင်းတချောင်းလုံး ဖွေးနေလေသည်။ ကွင်းများကား နီကြန့်ကြန့်နေ၏။ လေပြေကလေးက တိုက်ခတ်နေသောကြောင့် ခပ်အေးအေး။ အထူးသဖြင့် မောင်လူအေးမှာ ဘောင်းဘီ တိုတိုကလေးကို ဝတ်ထားသောကြောင့် ဒူးနှစ်လုံးလုံးမှာ ပိုမို၍ အေးရှာကြပေသည်။ မခံနိုင်အောင်လည်း မအေး၊ မအေးဘဲလည်း မဟုတ်၊ မခံချိ မခံသာနေ၏။
အတန်ကြာလျှင် အစုကလေးရွာသို့ ရောက်လေသည်။ ဘုရားပွဲကျင်းပနေရာမှ ဆိုင်းသံ ကြားရ၏။ ဆိုင်းသံ၏သာယာခြင်းကို နားမထောင်နိုင်။ တိုင်းရေးပြည်ရေးအကြောင်းကို သူကြီးနှင့်ဆွေးနွေး၏။ ရွာစာရင်းစာအုပ်များကို ကြည့်ရှု စစ်ဆေး၏။ လူဆိုးလူမိုက်များအကြောင်းကို မေးမြန်း၏။ လူခွန်တော်အကြောင်းကို စုံစမ်း၏။
ဆိုင်းတီးသောအသံကိုလည်း တရံမစဲ ကြားမြဲတိုင်း ကြားနေရလေသည်။ ဘုရားပွဲလာသူတိုကား ပျော်ပါးကြမည် မုချ။ သူကြီး၊ စာရေး၊ ဝန်ထောက်တိုင်း ခေါင်းချင်းဆိုင်ကာ ဆွေးနွေး၍ နေကြရကုန်၏။ ဘယ်ဆိုင်းသံကိုမျှ နားမထောင်နိုင်။ ဘယ်ဘုရားပွဲကိုမျှလည်း ဂရုမစိုက်။ လပြည့်နေ့ဟူ၍ သတိမရ။ မိမိ၏အလုပ်ဖြင့်သာလျှင် ရှုပ်ထွေး၍နေကြလေတော့သတည်း။
မကြာမီ မော်တော်သင်္ဘောကလေးနှင့်ပင် ထွက်၍ လာကြပြန်၏။ သင်္ဘောကြီး ဆိုက်ထားရာ ချောင်းဝသို့ရောက်လျှင် သူကြီးအား နှုတ်ဆက်၍ မိမိ၏အခန်းထဲသို့ ဝင်၏။ စားပွဲပေါ်တွင် တင်ထားသော နာရီကို ကြည့်လိုက်ရာ သန်းခေါင်ကျော်နေပြီဖြစ်ကြောင်းကို သိရ၏။ အခွန်တော်အတွက်၊ တိုင်းရေးပြည်ရေးအတွက်၊ တနေ့လုံး ကြိုးစား၍လာရသောကြောင့် မောပန်းလှသဖြင့် ကုလားထိုင်ပေါ်တွင် မောမောနှင့် ပစ်၍ ထိုင်လိုက်လေ၏။ စားပွဲပေါ်သို့ ခြေနှစ်ချောင်းစလုံး လွဲ၍ တင်ကာ ဆောင်ရွက်ရန်ကိစ္စများကို စဉ်းစား၏။ အနားတွင်ရှိသော စီးကရက်ဗူးမှ စီးကရက်တလိပ်ကို မီးညှိကာ ဖွာ၏။ မိမိအခန်းထဲမှာ ဖြစ်သောကြောင့် ကိစ္စမရှိ၊ ရန်ကုန်လမ်းတွင် ဤသို့ စီးကရက်သောက်မူကား လောက်လေး၏ဘေးမှ ကင်းပမလား။ လူငယ်များအသင်း တောင်းပန်ရေးအဖွဲ့နှင့် တွေ့လေမလားဟု တွေးမိသဖြင့် ပြုံး၏။
မနက်ဖြန် စောစောတွင်လည်း အခွန်ကိစ္စတွေနှင့် သွားရပေဦးမည်။ ယခုလည်း သန်းခေါင်ကျော်နေပြီ။ အိပ်လေအုံးမှဘဲ။ ဘောင်းဘီကိုချွတ်၊ လုံကွင်းကို ဝတ်၊ အိပ်ရာသို့ ကပ်၏။ အိပ်ရာဘေးတည့်တည့်တွင် လရောင် ဝင်နေသောကြောင့် လင်းလျက် နေ၏။ စုံစမ်းသောအခါ ထိုနေရာ ပြတင်းပေါက်မှာ မှန်တပ်ထားသောကြောင့် ဖြစ်လေသည်။ အခြားပြတင်းပေါက်တို့ကဲ့သို့ သစ်သားပြတင်းမဟုတ်။ အိပ်ရာပေါ်တွင် လှဲ၍ အိပ်လိုက်မည်ဆိုလျှင် မိမိနှင့် ကပ်လျက်နေ၏။ ထိုပြတင်းပေါက်မှ လက်လှမ်းလိုက်မည် ဆိုလျှင်လည်း မိမိအား မှီလျက်နေလေသည်။
ညနေက သူကြီး ပြောထားသော စကားများကို တွေးမိ၏။ သင်္ဘောဆိုက်ထားရာနှင့် မနီးမဝေး အခြားဖက်ကမ်းတွင် လူဆိုးဆယ်ယောက်ခန့် တဲကလေးများနှင့် နေထိုင်ကြကြောင်းကို သတိရ၏။ ထိုမှန်ပြတင်းမှ ထိုတဲကလေးများ ရှိရာသို့ လှမ်း၍ ကြည့်၏။ ထိုတဲကလေးများကို မြင်ရလေသည်။ ကြည့်၍ဘဲ ကောင်းသေးတော့။ လူသံဆို၍လည်း မကြားရ။ တရွာလုံး တိတ်၍ နေလေပြီ။ ထိုတဲကလေးများမှလည်း ဘာသံမျှ မကြားရ။ ရွာအစွန်းမှ ခွေးဟောင်သံ
သာလျှင် တခါတခါ ကြားရလေသည်။
မိမိ သေနတ်ကို ရှာ၏။ မတွေ့။ အိမ်တွင် မေ့နေခဲ့လေသည်။ မိမိအစေခံလည်း အိပ်နေပေပြီ။ အခြားဖက်မှလည်း မိမိစာရေးနှင့် သင်္ဘောသားတို့၏အသံကို မကြားရ။ စိတ်အိုက်လျက်နေ၏။ ထိုတဲကလေးများကိုသာလျှင် စိုက်၍ ကြည့်နေပေ၏။ ထိုလူဆိုးများ မိမိရောက်ကြောင်းကို သိမည်ကား မလွဲ။ မိမိကို ကြောက်၍ ပြေးကြကုန်မည် ဖြစ်လေသည်။ ပြေးကြကုန်လျှင် တော်ပေ၏။ မပြေးဘဲ မိမိထံ လူစုလူဝေးနှင့် လာက မခက်ပေလော။ ခုခံစရာ သေနတ်လည်း အိမ်၌ ကျန်နေခဲ့လေပြီ။
ဟာ ကိစ္စမရှိ။ သေတနေ့ မွေးတနေ့။ မင်းဖြစ်နေမှ လူဆိုး ကြောက်စရာမရှိ။ မိမိစိတ်ကို ရဲဆေးတင်၏။ ဂုဏ်တော်ကို ရွတ်၏။ အန္တရာယ်ကင်းဂါထာကို ရွတ်၏။ ရှပ်အင်္ကျီလက်တိုကို မ,ကာ အပြန်ပြန် အလှန်လှန် အခန်းတွင်း၌ လျှောက်၏။ အတန်ကြာလျှင် အိုက်စပြု၍လာ၏။ ချွေးတွေ တကိုယ်လုံး ရွှဲ၍နေလေပြီ။ လေအေးကလေးကို ခံလိုသောကြောင့် အခန်းတံခါးကို ဖွင့်ပြီးလျှင် သင်္ဘောဦး၌ ရှိသော ကုလားထိုင်ပေါ်တွင် ထိုင်၏။ ဆေးလိပ်
ကို ညှိ၍ သောက်၏။ လမင်းကို မော်၍လည်း ကြည့်၏။ ကြည်လင်စွာ သာလျက် နေတော့သတည်း။ ခုနစ်စဉ်ကြယ်ကို ရှာ၏။ တွေ့၏။ အမြီးပင် ကောက်နေလေပြီ။ ဖျောက်ဆိပ်၊ မောင်ရှင်ဆိုင်းထမ်း စသော ကြယ်များကို ရှာပြန်၏။ တွေ့ပြန်၏။
ကမ်းခြေတလျှောက်တွင် ပေါက်နေသော သစ်ပင်တွေကို မျှော်၍ ကြည့်၏။ လေညှင်းတွင် သာယာစွာ လှုပ်ရှား၍နေကြလေသည်။ ရွာဖက်သို့ မျှော်၍ ကြည့်ပြန်၏။ တိတ်ဆိတ်လျက်ပင်၊ အခြားဖက်ကမ်းသို့ မျှော်၍ ကြည့်ပြန်ရာ ယခင် လူဆိုးတို့၏တဲကလေးများကို မြင်ရပြန်၏။ အသာ အခြားဖက်သို့ လှည့်လိုက်လေသည်။ စိတ်မရဲ၍ထင့်။ ထိုတဲများမှ ဘာသံမှ မကြား။ မီးလည်း မရှိ၊ အိပ်နေကြပလား၊ ပြေးကုန်ကြပလား၊ ဆွေးနွေး တိုင်ပင်နေကြသလား၊ မည်သူ သိနိုင်အံ့နည်း။
ရေတက်နေသည်မှာ တော်တော်ကြာပြီဖြစ်သောကြောင့် မြစ်တမြစ်လုံး ပြည့်လျက်နေ၏။ ထိုင်နေရာနှင့် ရေ၏မျက်နှာပြင်ကား နှစ်ပေခန့်သာ ဝေး၏။ လရောင်တွင် ဖြူဖြူဖွေးဖွေး နေလေသည်။ ဂယက်ကလေးများ ထနေသည်မှာ တဖျတ်ဖျတ်နှင့် ကြည့်၍ဘဲ ကောင်းသေးတော့၏။
ဤသို့ ရေပြင်ကို ငေး၍ကြည့်နေခိုက် ဘေဒါပင်ကလေးတို့သည် လေညှင်းတွင် ရွက်တိုက်ကာ တက်၍လာကြကုန်၏။ ထိုဘေဒါပင်၏ ထောင်နေသော အရွက်ကလေးတို့သည် ရွက်များနှင့် တူလှပေ၏။ လေတိုက်ရာတွင် ပါ၍ ပါ၍ လိုက်လာကြကုန်၏။ အချို့မှာ တပင်ချင်း တက်လာကြလေ၏။ အချို့ကား တသိုက်တပြုံကြီး စုရုံး၍ လာကြလေသည်။ အချို့သည် အလယ်ခေါင်တွင် ခပ်မားမား၊ ဘေးကအပင်ကလေးများက ခြံရံ၍ လိုက်လာကြကုန်၏။ ဘေဒါဘုရင်မင်းမြတ်အား ခစား၍ လိုက်လာသော ဘေဒါမှူးမတ်များပေတည်း။ ယင်းတို့၏အကြားတွင် အပွင့်နှင့် ဘေဒါတို့လည်း ကွက်ကျားကွက်တွင် ပါ၍လာကြလေသည်။ ပြာသာဒ်ကလေးများနှင့် တူလှ၏။ လသာသာတွင် အထူးသဖြင့် ကြည့်၍ကောင်းလေသည်။ အပြာရောင် ဘေဒါပန်းကို လ၏အဖြူရောင်က အုပ်လိုက်သောအခါ ကြည့်ရှုသူ၏စိတ်ကို ကြည်နူးစေ၏။
ထိုဘေဒါတို့ကား မိမိတို့ဘာသာအလိုက် ပျော်ပါးစွာ လှည့်လည်ကျက်စား၍ နေကြကုန်၏။ ရေတက်လျှင် ရေတက်နှင့် လိုက်ပါ၍ လာကြကုန်၏။ ရေကျလျှင် ရေကျနှင့်အတူ ဆင်း၍ ပါလာကြပြန်၏။ ကုန်းပေါ်တွင် တင်နေပြန်လျှင်လည်း ကုန်းပေါ်မှာပင် ကြီးပွါးလျက် နေကြ၏။ စုန်ချည် ဆန်ချည် အပြန်ပြန် နေထိုင် ကျက်စားကြလေသည်။ ရောက်လိုရာရောက်၊ ဘာကိုမျှ မကြောက်သော အပင်မျိုးပေတည်း။ မည်သူ့အားမျှ မရွံ့။ လှေ၊ သင်္ဘော၊ လူ မည်သူမျှ မနိုင်။ တပင်ကို ဖျက်ဆီးလျှင် နှစ်ပင် ပေါက်၍ လာ၏။ နှစ်ပင်ကို ဖျက်ဆီးလျှင် လေးပင်၊ လေးပင်မှ ရှစ်ပင်၊ ကြာလျှင် ဖျက်ဆီးသူတို့ လက်လျှော့ကြကုန်၏။ ထိုသို့ လက်လျှော့လိုက်လျှင် ထင်တိုင်းသွား ထင်တိုင်းလာ
ပျော်ပါးလိုက်သည့်ဖြစ်ခြင်း။ လောကတွင် လူတို့ မနိုင်သောအရာများတွင် ဘေဒါလည်း တပါးအပါအဝင် ဖြစ်လေသည်။
ဤသို့ အတည်မကျ ရောက်လေရာတွင် ပျော်ကြသော ဘေဒါပင်တို့ အဆက်မပြတ်၍ လိုက်လာကြသည်ကို မြင်လျှင် အားကျမိ၏။ ထိုဘေဒါတို့ကား လွတ်လပ်ကြပေ၏။ မိမိမှာကား ထိုကဲ့သို့ သွားချင်ရာသွား လာချင်ရာ မလာနိုင်။ မိမိနယ်အတွင်း ကွက်ကွက်ကလေးမှာသာ နေရ၏။
အတန်ကြာလျှင် အနီးနားရှိ ဆန်စက်မှ နာရီပြန် ၂ ချက် ထိုးသံကို ကြားမှ အိပ်ရမည်ကို သတိရလေသည်။ တခါ တခါ သမ်းစပြုလာ၏။ ကောင်းကင်သို့ မော်၍ ကြည့်လိုက်ရာ လမင်းမှာ သာမြဲတိုင်းပင်။ ပတ်ဝန်းကျင်တွင်လည်း တိတ်ဆိတ်။ လူဆိုးတို့ကိုလည်း သတိမရပြီ။ အခန်းတွင်းသို့ဝင်၍ အိပ်ရာ နံနက် အစေခံ နှိုးမှ နိုးတော့၏။
-------------------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၃ ခု၊ ပြာသိုလ။
Comments
Post a Comment