အပြင်ကလူ (၁)(အပိုင်း ၄)

#အပြင်ကလူ

(အပိုင်း-၄)

ဩဘာစာဆရာသည် ရွတ်ဆိုဆဲ စကားများကို ရပ်လိုက်ကာ ယောင်ယမ်း၍ “ဘာဖြစ်ကြတာလဲ” ဟု ဆိုလိုက်ရာ ထိုစကားသံသည် အကျယ်ချဲ့သော စကားပြောခွက်မှ ဟိန်း၍ထွက်လာလေ၏။ ဘာဖြစ်ကြတာလဲ၊ ဘာဖြစ်ကြတာလဲ ဟု ပရိသတ်ထဲမှ ပဲ့တင်ပြန်လာလေ၏။ ဓားပြတိုက်သလား၊ သူပုန်စီးသလား။

သတို့သမီးဖခင် သူဌေး၏လက်စွဲက ခြောက်လုံးပြူးကို ဆွဲအိတ်ထဲမှ ထုတ်လေ၏။ “ဘိသိက်သွန်းပါ၊ မင်္ဂလာပွဲကို ဆက်လုပ်ပါ” ဟု သူက စင်မြင့်ပေါ်သို့ လှမ်းအော်သည်။ “အချိန်တိကျဖို့ အရေးကြီးတယ်မဟုတ်လား၊ မင်္ဂလာဆောင် အနှောင့်အယှက်ပေါ်မယ်ဆိုတာ ဗေဒင်က သတိပေးထားသားပဲ” ဟု ထပ်၍အော်ပြန်၏။ စင်မြင့်ပေါ်၌ အုပ်ထိန်းလို့ရသွား၏။ ဩဘာစာဆရာသည် စကားပြောခွက်ကို လေနှင့် မှုတ်လိုက်၊ လက်သည်းဖြင့် ခေါက်လိုက်လုပ်ရာ အသံဗလံ ကျယ်လောင်စွာ ထွက်လာပြန်သည်။ ပြီးတော့ သြဘာစာဆရာ အလွန်ကျယ်လောင်စွာ ရွတ်ဖတ်ပြောဆိုလေသည်။

သည်လိုနှင့် ဘိသိက်သွန်းခြင်း ပြီးမြောက်သွားလေ၏။ တီးဝိုင်းက ပွဲလန့်သည့်ပရိသတ်ကို ပတ်မ,တုတ်၍ ထိန်းသည့်သဖွယ် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး တီးလေ၏။ သက်ဝေသီချင်းကို ကျယ်လောင်လှသဖြင့် မသာယာနိုင်တော့သော ယောက်ျားသံ၊ မိန်းမသံက ဆိုကြလေ၏။

စောစောက တန်းစီးနေကြသော အဖြူချိတ်ဆင်တူဝတ်သည့် မိန်းမပျိုများ အံ့အားသင့်နေသည်ကို လူကြီးများက ငေါက်ငမ်းနေသည်။

“ဆန်မန်းပေါက်ပေါက်ကြဲလေ .... ကြဲလေ...ဘာလုပ်နေကြတာလဲ၊ တယ် အ, ကြတာကိုး”

ဒရောသောပါး ပစ်ကြသဖြင့် ငွေဖလားထဲမှ မတ်စေ့၊ ငါးမူးစေ့၊ ကျပ်ပြားများသည် ပရိသတ်တချို့၏မျက်နှာများ၊ ခေါင်းများ၊ ပခုံးများကိုပင် ထိခိုက်မိသည်။ နာကျင်စေသည်။ ညှပ်ရိုးနှင့် ထိမိ၍ မျက်ရည်လည်သူက လည်သည်။ ကြမ်းပေါ်ကျသော ပိုက်ဆံစေ့များ လိမ့်ပြေးသွားကြပြီး ဒေါက်မြင့်ဖိနပ်ရောင်စုံများကြားမှာ ငြိမ်ဝပ်သွားကြသည်။

“ခဲနဲ့ပေါက်တာလား၊ ခဲဖိုးတောင်းတာလား၊ ဖြစ်မှဖြစ်ရလေ”ဟု ပါးရေများတွဲကျနေသော အဖွားကြီးတစ်ယောက်က စိန်နားကပ်တလှုပ်လှုပ်နှင့် ပြောလေ၏။

“အရက်မူးသမား ဝင်လာတာထင်ပါရဲ့” ဟု ဗိုက်ပူ ဆူဖြိုးသော ဖဲဒိုင်ခံစားသည့် သစ်ကုန်သည်ဟောင်းက ပြောလေ၏။

“မဟုတ်ပါဘူး၊ အရူးပါ၊ ကုလားအရူးပါ”

“မဟုတ်ဘူး၊ ဝိုင်ယာကြိုးပြတ်ပြီး မီးလောင်တာ၊ မီးသတ်စက်ခေါ်ပါ၊ ဖုံးဆက်ပါ”

မီးဆိုသော အသံကိုကြားသည့် ပရိသတ်တစ်ပိုင်းတစ်စသည် ရုတ်ရုတ်သဲသဲ ဖြစ်လာပြန်သည်။ အခြေအနေ ထိန်းလို့မရဖြစ်တော့သည်လား။ ထိုခဏ၌ စောစောက ခြောက်လုံးပြူးထုတ်၍ ခါးပတ်၌ချိတ်သော သူဌေးလက်စွဲသည် စင်မြင့်ပေါ်သို့ လွှားကနဲခုန်တက်၍ စကားပြောခွက်မှ ဟန်ပါပါ ကြေညာလေ၏။

“ပရိသတ်တို့ခင်ဗျား .... ဘာမှမပူပင်ကြပါနဲ့၊ ဘာမှ မဖြစ်ပါဘူး၊ ကုလားထိုင်နဲ့တိုက်မိလို့ မှန်တစ်ချပ်ကွဲသွားတာပါ၊ ပုလိပ်အစောင့်အကြပ်တွေ စောင့်ရှောက်နေပါတယ်။ ဘာမှမပူပင်ကြပါနဲ့၊ ဘာမှမဖြစ်ပါဘူး၊ ဘာမှလည်း ဖြစ်တာ မှုတ်ပါဘူး၊ စိတ်အေးလက်အေးထိုင်နေကြပါ"

“ခုပဲ အစားအသောက်များနဲ့ ဧည့်ခံပါတော့မယ်။ စိတ်ချမ်းသာစွာ သုံးဆောင်တော်မူကြပါခင်ဗျာ"

“လူကြီးမင်းတို့ အေးအေးဆေးဆေး နေထိုင်နိုင်ဘို့ ဟောဒီဟိုတယ်ခန်းမကို ၁၄နာရီတိတိ ငှားရမ်းထားပါတယ်။ ခုငါးမိနစ်အတွင်း ရုတ်ချည်းအစီအစဉ်အရ ယိုးဒယားပြန် အမာစိန်က ကပြဖြေဖျော်ပါအုံးမယ်”

ပရိသတ်သည် အတော်ငြိမ်၍သွားလေ၏။ ရှက်ကိုးရှက်ကန်းနှင့် ရယ်မောသံများပင် ပေါ်လာလေသည်။ စောစောက သက်ဝေသီချင်းသီဆိုနေသော တီးဝိုင်းမှတေးသံသည် တစ်ဝက်တစ်ပျက်နှင့် ပြန်ဆက်ရတော့မည်လား၊ ရပ်စဲထားလိုက်ရတော့မည်လား၊ မဝေခွဲနိုင်ဖြစ်နေလေ၏။ သို့သော် အမာစိန်က ပွဲထိုင်သို့လာသော အရပ်သူအဝတ်အစားနှင့်ပင် ပုဝါကိုမူ ဖားဖားခြုံ၍ တီးဝိုင်းဘေးမှ စင်မြင့်ပေါ်သို့ တက်က,လျှင်တော့ က၍ကောင်းမည့်သီချင်း၊ တီးကွက်ကို ရှာကြလေ၏။

စားရင်းသောက်ရင်း စကားတင်းများ လှိုင်လာပြန်သည်။

“သတို့သားဆရာဝန်လောင်းက မိန်းမသိပ်ရှုပ်ဆိုပဲ။ နာ့စ်မတွေ အလဲလဲတွဲနေလိုက်တာ ဟောတစ်ယောက် ဟောတစ်ယောက်တဲ့ ”

“အိုကွယ်.... မပြောကြပါနဲ့ ..”

“တကယ် သူ့လခနဲ့ ညနေဆေးခန်းကရသမျှ သူ့အမေက တစ်ပြားမှ မစားရဘူးဆိုဘဲ၊ ကလေးစရိတ်ပေးရတာနဲ့ ကုန်ရောတဲ့၊ မိန်းမပွေတာကတော့ တကယ်ပဲ ”

“ ဒါကြောင့် စာတော်ရက်သားနဲ့ စကောလားရှစ်တောင် မပေးဘူးတဲ့၊ နာမည်ပျက်လို့တဲ့ ....”

“မကပ်နိုင်လို့က ပိုဖြစ်ပါလိမ့်မယ်”

“မိန်းမပွေပုံကလည်း လွန်တာကို၊ မင်္ဂလာဆောင်ခါနီး ဆို့ရပိတ်ရတာတောင် ငွေအတော်ကုန်သွားဆိုလား၊ ဟို စစ္စတာ ငယ်ငယ်ချောချောကလေး တစ်ယောက်ကတောင် သတင်းစာထဲ ထည့်အရှက်ခွဲမယ် ကြိမ်းလို့တဲ့၊ မနည်း ဆရာဝန်ကြီးတွေကိုပါ ဝိုင်းပြီး မှိုင်းမခိုင်းရတာတဲ့ ရှင်...”

“ခုန မှန်ခွဲသံကြားတာ အဲဒါများလားမသိ"

“မဟုတ်ပါဘူး၊ ကျွန်မအထင်တော့ ဟိုသတင်းအတိုင်းဖြစ်တာထင်တယ်၊ ကောင်မလေးက ရည်စားအများသားတဲ့။  သူ့ကြိုက်တဲ့ကောင်လေး ဟို .....“

"သူက မင်္ဂလာဆောင်က အပြန်မှာဆိုလား၊ အလာကိုဆိုလား ကားနဲ့ အတင်းတင်ပြေးမလို့တဲ့၊ အဲဒါ ဖြစ်တာလားမသိ...”

“မင်္ဂလာဆောင်တုန်းတန်းလန်းကြီး မှန်လာခွဲလို့ ဘာဖြစ်သွားမှာလဲ”

“အေးလေ .....အချိန်မှတ်မှားလို့ ဖြစ်မှာပေါ့ ....."

“အော် ...ဒါကြောင့် ဟန်းနီးမွန်တောင်မထွက်ရဲတာထင်တယ် ...”

“ဒါနဲ့ ဗေဒင်အရ ခရီးမထွက်ရတာဆို”

“အို ပြောချင်ရာ ပြောနေကြတာပါ၊ မုသာဝါဒတွေ”

“ဟား....ဟာ....ဟား ...ဟား .. ”

တဖြည်းဖြည်းနှင့် ပရိသတ်သည် အစားအသောက်၌ စိတ်ဝင်စားသွားသည်။ “ကြက်သားဒန်ပေါက် ကောင်းလိုက်တာ၊ အဲဒါ ထောပတ်ကောင်းလွန်းလို့ သိလား၊ ဘယ်ကများ မှာတာပါလိမ့်” ဟုပြောလာကြသည်။ "ခုခေတ်တော့ အင်းလျားလိတ်က ကိတ်မုန့်မှပဲ စားလို့ရတော့တယ်...”ဟု ???ကြသည်။

“သူ့မင်္ဂလာဆောင်ကတော့ အဆန်းပဲဟေ့။ သူမတူအောင်ကို လုပ်တာပဲ၊ သစ်သီးပွဲတောင် ဆက်ချတယ်၊ ရေခဲမုန့်နဲ့ စားရအောင်တဲ့” ဟု အံ့သြကြသည်။

“ပိုက်ဆံက စကားပြောတာပေါ့၊ ဟုတ်မဟုတ်တော့ မသိဘူး၊ ခုနကြဲတဲ့ ဆန်မန်းပေါက်ပေါက်ထဲမှာ ရွှေမူးစေ့တွေ၊ ရွှေပဲစေ့တွေတောင် ထည့်တယ်တဲ့၊ ဘယ်က မှာယူသလဲတော့မသိဘူး၊ ကျွန်မတော့ တစ်စေ့မှမကောက်ရပါဘူး၊ ဟောသည် မတ်စေ့အသစ်ကလေးတစ်စေ့ပဲ ပေါင်ပေါ်ကျလာလို့ ...”

ရုတ်ချည်းအစီအစဉ်ပင်ထင်သည်။ တီးဝိုင်းမှ ယောက်ျားအဆို လူငယ်တစ်ယောက်ထလာကာ အမာစိန်နှင့် တွဲ၍ မြိုင်ထနှစ်ပါးသွားစပြုလေ၏။ အမာစိန်က ကျကျနန ကသော် ယောက်ျားအဆိုက သိမ်မွေ့စွာ ကိုယ်ကိုနွဲ့ လို့ နေသည်။ ခေါင်းကိုငဲ့လို့နေသည်။ မင်းသမီးအကအတွက် လျောက်ပတ်သော နောက်ခံကားပြုသည့် သူ့အသံမှာ ကြည်လင်၍ ပွဲထိန်းသောအသံမျိုးဖြစ်သော်လည်း ခပ်ညင်ညင်သာသာပင်ဆိုသဖြင့် တစ်မျိုးပိုမိုသာယာလေ၏။

လက်ထပ်ပွဲခန်းမဆောင်သည် ပြန်လည်အေးချမ်းသွားပြီး ထိပ်စားပွဲမှ လူကြီးများပင် သတို့သား သတို့သမီးကို နှုတ်ဆက်ကောင်းချီးပေးရန် ထကြလေပြီ။

* * *

တကယ်တော့ မှန်တံခါးကြီးကို ဖွင့်လို့ရလေသည်။ မမြင်သာအောင် တပ်ထားသော တံခါးသော့ချက်မှာ ကြမ်းပြင်နှင့် ကပ်လျက်ရှိကာ တံခါးဘောင်များနှင့် ရောနှောအောင် ဝှက်၍ တပ်ထားခြင်းသာဖြစ်သည်။ သာမန်အားဖြင့် မင်္ဂလာဧည့်ခံခန်းသို့ လာရောက်ရမည်မဟုတ်သော စပို့ရှပ်အဖြူ၊ ဘောင်းဘီရှည်အဖြူမျှသာ ဝတ်ထားသော အလုပ်သမားလူငယ်တစ်ယောက်က လာ၍ ဖွင့်သည်ကို ကျွန်မမြင်ရသည်။

လူငယ်သည် တံခါးသော့ချက်ကို ရှူးဖိနပ်ဦးဖြင့်တွန်းလိုက်ရုံဖြင့် မှန်တခါးများ ဖွင့်လို့ရသွားသည်။ မှန်တံခါးများမှာ ချောမွတ်သော ဘီးတပ်ထားသည့် ဆွဲတံခါးများဖြစ်သည်။ အသာကလေးတွန်းလိုက်ရုံနှင့် မှန်ချပ်ဘောင်များ ထပ်သွားကာ တံခါးပေါက်ပွင့်သွားသည်။ မှန်ကွဲစအနည်းငယ် ကျလာပြန်သည်။ လူငယ်သည် မျက်နှာအနည်းငယ်ပျက်ကာ လိမ္မော်ရောင်ပွင့်များ၊ ရေညှိနွယ်များ လွှမ်းမိုးသည့် ခန်းဆီးများဖြင့် အပေါက်ကို ပိတ်လိုက်သော်လည်း လေတိုက်သဖြင့် ခန်းဆီးများ လှုပ်ရှားလို့တော့နေလေသည်။

ခန်းဆီးနှစ်စ ဆက်မိသည့်တပြိုင်နက် လူငယ်သည် အပြင်သို့ရောက်သွားသည်။ ခန်းဆီးစထူသော်လည်း အပြင်မှ အလင်ရောင်များသည့်အတွက် ထိုလူငယ် ဒူးထောက်ထိုင်၍ မှန်စများကောက်သိမ်းနေဟန်ကို ရိုးတိုးရိပ်တိတ်တွေ့ ရပါသည်။ မှန်စများစုမိသံ၊ ထပ်မိသံကိုလဲ ကြားရသည်။ လေတိုးဝှေ့ခွဲဖွင့်လိုက်သည့်အခါ အနည်းငယ်ကွာဟသွားသော ခန်းဆီးနှစ်စကြားမှလည်း လူငယ်ကို တစ်ချက် တစ်ချက်တွေ့ရသည်။

ကျွန်မသည် ချလာသောအစားအစာများကို မစားဘဲ စိတ်ဝေခွဲဖို့ ကြိုးစားလျက်ရှိ၏။ ထောင့်၌ကပ်ထားသော ကျွန်မ၏သေးငယ်သည့်စားပွဲမှာ ကျွန်မတစ်ယောက်သာ ကျန်သည်။ သူချွတ်ပစ်ခဲ့သော တိုက်ပုံအင်္ကျီကို ကျွန်မ သေသပ်စွာခေါက်၍ စားပွဲပေါ်တင်ထားရာ အစားအသောက်များ လာချသဖြင့် ကျွန်မ၏ပေါင်ပေါ်သို့ တင်ထားရသည်။ ထိုတိုက်ပုံကို စောစောက မိန်းမဝဝ ညီအမသည် တစ်လှည့်စီ လှမ်းကြည့်လျက်ရှိသည်။ ကျွန်မ ဘာမှ မစားသောက်သည်ကိုလဲ သတိပြုကြပြန်သည်။

နောက်ဆုံး၌ ကျွန်မ ဝေခွဲ၍ရသည်၊ စားပွဲများကြားမှ ဖြတ်သန်း၍ ခန်းမပေါက်ဝမှ ထွက်ဖို့ မလိုဟု ဆုံးဖြတ်လိုက်ပါသည်။ စားသောက်နေဆဲလူတို့ မော်ကြည့်မည်လဲ ကြောက်ရွံ့ခြင်းမရှိသည်ကို ဝန်ခံရပါသည်။ ကျွန်မသည် အပြင်သို့ မြန်မြန်ရောက်ချင်ခြင်းသာရှိသဖြင့် လှုပ်ရှားနေသောခန်းဆီးစကို ဖယ်၍ မှန်ကွဲစများကို ကျော်၍ နီးကပ်သောမှန်တံခါးပေါက်မှ ထွက်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။ သူ့တိုက်ပုံကို ကျွန်မလက်မောင်းပေါ်၌ချိတ်ကာ အသာအယာ ထလိုက်ရာ၊ မိန်းမဝဝက လှမ်း၍ “ပြန်တော့မလို့လား” ဟု နှုတ်ဆက်သလို မေးမြန်းလေ၏။ ကျွန်မ အဖြေမပေးပါ။ ပြီးတော့ ခန်းဆီးတစ်စကိုလှပ်ကာ ခြေနှစ်လှမ်းမျှ လှမ်းရုံနှင့် ကျွန်မ အပြင်သို့ ရောက်ခဲ့လေသည်။

စပို့ရှပ်နှင့် လူငယ်သည် မှန်စအားလုံးလိုလိုကို စုဆောင်းပြီးစရှိသည်။ မှန်ကွဲအမှုန့်များကို လက်နှင့်ကောက်လို့ ရသည်မဟုတ်။ သူ့လက်၌ သွေးအနည်းငယ်ပေသည်ကို ကျွန်မသတိပြုလိုက်၏။ လူငယ်က ပြုံးရယ်ကာ“မမ ဒါ ထွက်ပေါက်မဟုတ်ဘူး” ဟုပြောပြ၏။

“ကျွန်မ ရေကူးကန်ဘက်သွားမလို့ပါ”

“မသွားပါနဲ့၊ အဲသည်မှာ လူတစ်ယောက် ရေနစ်လို့ လူတွေလည်း အများကြီးအုံနေတယ်၊ ပုလိပ်တွေလဲရောက်နေတယ်”

“ကျွန်မဆရာဝန်ပါ”

လူငယ်က ပြုံးရယ်ပြန်ကာ “ကျွန်တော်လဲ လိုက်ခဲ့မယ်” ဟုပြောသည်။ ကျွန်မက ပြန်မဖြေပါ။

ကျွန်မတို့ ခပ်သုတ်သုတ်ထွက်လာကြသည်။ နွေးထွေးသောနေရောင်ခြည်ကို ဖြတ်သန်းလာပြီး ရေကူးကန်ဘက် ရောက်လာသည်။ ရေကူးကန်၌ ရေသည် လှုပ်ရှားယိမ်းထိုးဆဲရှိသည်။ ရေကူးကန်၌ လူတစ်ယောက်မျှမရှိ။ ရေကူးကန်နှင့် ကိုက်တစ်ရာခန့်ဝေးသော သစ်ရိပ်များအောက်၌သာ လူအနည်းငယ် စုရုံးနေပါသည်။ ပုလိပ်ဝတ်စုံများကိုလည်း လှမ်းမြင်ရသည်။

“ဟိုမှာ မမရဲ့၊ မြက်ခင်းပေါ်မှာ မှောက်ရက်ကြီး သေများသေပြီးလားမသိ”ဟု လူငယ်ကပြောသည်။ သစ်ရိပ်အောက်သို့ ရောက်လျှင် “ဆရာဝန်လာတယ်”ဟု လူငယ်က ကြေညာသဖြင့် ရှဲပေးကြသည်။ သူ သတိမေ့ကာ လဲနေသည်ထင်သည်။ သူ့နဖူးမှာ ခြစ်မိသောဒဏ်ရာမှ သွေးခဲစပြုနေသည်။ ကျောကုန်းမှ မှန်ကွဲရှရာမှာမူ သွေးပြန်ထွက်နေသည်။ မျက်နှာ၌ ရေများစိုနေဆဲပင်။ သူ့တစ်ကိုယ်လုံး ရွှဲရွှဲစိုဆဲပင်။ စောစောက သိမ်း၍မရသော ဆံပင်များသည် ရေဖြင့်လေးကာ ခေါင်း၌ကပ်နေကြသည်။

ပုလိပ်သားတစ်ယောက်က ...“သူ ရေတော့ တော်တော်အန်ပစ်လိုက်ပါပြီ ဒေါက်တာ၊ ကျွန်တော်လည်း နောက်ထပ် ဘာမှမလုပ်တတ်တော့ပါဘူး၊ အသက်တော့ မှန်မှန်ရှူနေတာနဲ့ ပူစရာမရှိဘူးထင်တာနဲ့” ဟု ပြောသည်။

ကျွန်မသည် စပို့ရှပ်ဝတ်လူငယ်နှင့် ထိုပုလိပ်ကလေးတို့အကူအညီဖြင့် သူ့ကို ပက်လက်လှန်လိုက်ပါသည်။

ကျွန်မ၏ ဇာဖြူပုဝါဖြင့် သူ့မျက်နှာကိုသုတ်ပေးလျှင်တော့ “အို...ဒေါက်တာရယ် ပေကုန်တော့မှာပဲ၊ ပစ်ရတော့မှာပဲ” ဟု ဝိုင်း၍နှမြောကြသံ ကြားရလေ၏။ ကျွန်မကမူ သူ့ရဲ့ စိုရွှဲနေသောဆံပင်များကို ဇာဖြူပုဝါနှင့် ဆက်လက် ပွတ်တိုက်လျက်နေသည်။ ဆံပင်သွေ့စပြုလျှင် သူသည် အနည်းငယ် လွန့်လိုက်ပြီး မျက်လုံးများပွင့်လာလေသည်။ ကျွန်မကိုမြင်လျှင် ပြုံးလိုက်ကာ “အားနာလိုက်တာအေးရယ်၊ ကျွန်တော်ဘာမှမဖြစ်ပါဘူး” ဟု ခပ်တိုးတိုးပြောလေ၏။ “ကလေးကော ....ဆယ်လို့ရတယ်မှုတ်လား” ဟု လက်ထောက်၍ထထိုင်ရင်း ဘေးဘီသို့ လှည့်ကြည့်ပေသည်။

လက်ထက်ပွဲမှ စီစဉ်သူလူကြီးဖြစ်ဟန်တူသော ဝတ်ကောင်းစားလှနှင့်လူက ဒေါသထွက်နေဟန်ဖြင့် “ကလေးက ဆယ်စရာမလိုဘူးကိုယ့်လူရဲ့ ၊ ခင်ဗျားနစ်နေလို့ ဆယ်ရတာ၊ ကလေးက ရေကူးတတ်တယ်”ဟုပြောသည်။

သူက ခပ်အေးအေးပင် “ကလေးက ရေမကူးတတ်ပါဘူး၊ နစ်နေတာပဲ၊ ကျွန်တော့်ရှေ့တင် နှစ်ခါတောင် မြှုပ်သွားတာပဲ၊ ပြီးတော့ ရေကူးတတ်လည်း ရေနစ်နိုင်တာပဲ” ဟုပြောသည်။

“အတော်ခက်တဲ့လူပဲ၊ ကလေးက ရေကူးကန်ရေ လဲတဲ့ အလုပ်သမားရဲ့ကလေးဗျ၊ ရေကန်ထဲ အခါတစ်ရာကျလည်း သူ့အဖေဆယ်လိမ့်မယ်၊ ဆယ်လဲဆယ်နေကျတဲ့၊ ခင်ဗျားနဲ့ဘာဆိုင်လဲ၊ ခုတော့ ကောင်းသေးလား၊ ကျုပ်တူမ
ဘိသိက်သွန်းတာ အချိန်လွဲသွားပြီ၊ ၄ စက္ကန့်တိတိ နောက်ကျသွားပြီ၊ သူ့ဟောတဲ့ဗေဒင်သာမှန်ရင်တော့ သေရင်သေ၊ မသေရင် ကွဲပဲတဲ့။ ကျုပ် ခင်ဗျားကို တရားစွဲချင်တယ်၊ မင်္ဂလာဆောင်နှောင့်ယှက်မှုနဲ့”

သူက လက်များကို ပိုက်ကာ ကြက်သီးများထပါသည်။

“အေးရယ် ...ချမ်းလိုက်တာ”ဟု ကျွန်မကို ပြုံး၍ပြောပြန်သည်။ ပြီးတော့မှ လူကြီးဘက်သို့ လှည့်၍ “ဒါတွေတော့ ကျွန်တော်ဘယ်သိမလဲ၊ ကျွန်တော်မြင်တာက ကလေးရေနစ်နေတာပဲ၊ သူ့ဘဝကလေးဟာ ခုမှ စခါစ ရှိသေးတယ်၊ ရှေ့မှာ အလားအလာတွေ အများကြီးရှိတယ်၊ ဘယ်အဆုံးခံနိုင်ပါ့မလဲ၊ မင်္ဂလာဆောင်ဆိုတာက အပျော်အပါးကိစ္စပဲဗျာ၊ သည်လိုဖြစ်ရတာ ဝမ်းနည်းပါတယ်၊ ဒါပေမယ့် လင်မယားဆိုတာလည်း ကွဲတာနဲ့ မကွဲတာ တစ်ခုခုတော့ ဖြစ်နေရမှာပေါ့” ဟု ညင်သာစွာ ပြောပြန်သည်။

စပို့ရှပ်နှင့်လူငယ်က ဝင်၍ “တန်းလျားက ကုလားကလေးလေးလား၊ အလားအလာတွေ အများကြီးရှိတယ် ...ဟားဟား” ဟု ရယ်ပါသည်။

“ဒါပေမယ့် ကိုယ့်လူ၊ ခင်ဗျာခွဲလိုက်တဲ့မှန်က သုံးရာအနည်းဆုံး တန်မှာ၊ ဝယ်လို့လဲ မရဘူး၊ အဲဒါတော့ ခင်ဗျားဖြေရှင်းရလိမ့်မယ်၊ ကျုပ်လက်လည်း ရှကုန်ပြီ”

ထို့နောက် သူ့လက်များကိုဖြန့်ကာ သနားကြင်နာသလို ကြည့်နေလေ၏။

ပုလိပ်အရာရှိက စာအုပ်ကလေး ထုတ်၍ “ခင်ဗျားနာမည်”ဟု စတင်သည်။

ကျွန်မက “သည်မှာ သူအအေးမိနိုင်တယ်၊ အဆုတ်ရောင်တတ်တယ်၊ စောင်တစ်ထည်လောက် ရှာပေးကြပါ” ဟု ပြောလိုက်ပြီး သူ့တိုက်ပုံဖြင့် ခြုံပေးပါသည်။

သူ့ကို ရေအန်စေခဲ့သော ပုလိပ်သားကလေးက “ဟုတ်ကဲ့...ဟုတ်ကဲ့၊ အိပ်ခန်းတွေဘက်မှာ သွားတောင်းရင် ရမှာပေါ့နော်” ဟုပြောပြောဆိုဆို ပြေးသွားပါသည်။

ဝတ်ကောင်းစားလှနှင့်လူကြီးက ပိုမို၍ ဒေါသထွက်လျက်ရှိသည်။ ထိုးချင်ကြိတ်ချင်ဟန်ဖြင့် လက်သီး တပြင်ပြင်နေလေ၏။ သူ့မျက်နှာတစ်ခုလုံး ရဲကာ မျက်ထောင့်များ နီနေသည်။

“ခင်ဗျားဘယ်လိုလူလဲ၊ ဘယ်ကလဲ၊ ဖိတ်စာရလို့ လာတာဟုတ်ရဲ့လား၊ ခင်ဗျားလိုလူကို ကျုပ်တို့ ဖိတ်မိမယ်လည်း မထင်ပါဘူး၊ သည်မင်္ဂလာဆောင် အနှောင့်အယှက်များတာ တစ်ပြည်လုံးအသိ၊ ခင်ဗျားကို ဘယ်သူ လွှတ်လိုက်သလဲ၊ မှန်မှန်ပြော”

“စကားပြော တယ်ရိုင်းတာကိုး” ဟု သူက ညည်းရုံ ညည်းလိုက်ပြီး ဘာမျှမဖြေပါ။

ပုလိပ်အရာရှိက ဖောင်တိန်အသင့်ပြင်၍ “ခင်ဗျားနာမည်” ဟုမေးပြန်သည်။

စောစောက ပုလိပ်သားကလေးသည် သက္ကလပ်စောင် အပြာရင့်ရောင်ကို ပွေ့ပြေးလာပါသည်။ သူ့နောက်မှာ ကျွန်မတို့နှင့် ကပ်၍ထိုင်လာသော မိန်းမဝဝညီအမနှင့် လူသုံးလေးယောက် ပါလာပြန်သည်။ မိန်းမဝဝက အနားရောက်ရောက်ချင်း “အော် • • • ဒေါက်တာကိုး”ဟု အနှစ်နှစ်အလလက သိကျွမ်းခဲ့သလို ပြောလိုက်သည်။ ကျွန်မက စောင်ကိုဖြန့်ခါလိုက်ပြီး သူ့ကို ထွေးပတ်၍ခြုံပေးလိုက်ရာ သူက “ကျေးဇူး” ဟု တိုးတိုးဆိုလေ၏။

ဝတ်ကောင်းစားလှနှင့်လူကြီးက မိန်းမဝဝနှစ်ယောက်ကို လှမ်း၍မေးပြန်၏။ “မညွန့်တို့ သည်လူကို သိသလား၊ ဟောသည်ဒေါက်တာနဲ့တော့ သိသလိုပဲ”

“အလိုရှင်၊ ကျွန်မတို့နဲ့ မသိပါဘူး၊ တစ်ခါမှမမြင်ဖူးဘူး၊ ဒေါက်တာ့စားပွဲတော့ လာထိုင်တာပဲ” ဟုပြောပြီး ကျွန်မကို အားနာဟန်ပြုလာ၏။

ကျွန်မက အားလုံးမျက်နှာများကို ကြည့်၍သာ နေလိုက်ပါသည်။ ပြီးတော့ သူ့လက်ဖျားများကို ဆုပ်ကိုင်ကြည့်ကာ “ပြာနေတာပဲ၊ ရှင်ချမ်းနေသေးသလား” ဟု မေးပြန်ပါသည်။

ပုလိပ်အရာရှိ က “ခင်ဗျားနာမည်” ဟု မေးပြန်ပါသည်။

သူက “နွေးလာပါပြီ” ဟု ကျွန်မကိုပြောပြီးမှ “ကျွန်တော့်နာမည် ဘာဖြစ်လို့ သိချင်ရတာလဲ” ဟုပြန်မေးလေ၏။

ပုလိပ်အရာရှိက သူပါ ဒေါသကူးစက်လာဟန်ဖြင့် “ကျုပ်က ပုလိပ်ပဲ၊ ခင်ဗျားကို သင်္ကာမကင်းရှိရင် စစ်ဆေး မေးမြန်းနိုင်တယ်၊ ဖမ်းချုပ်နိုင်တယ်၊ အပြစ်ရှိတယ်ထင်ရင် တရားစွဲနိုင်တယ်” ဟု ပြောလေ၏။

“ခင်ဗျား သင်္ကာမကင်းဖြစ်ရအောင် ကျွန်တော် ကလေးရေနစ်တာကို ဆင်းဆယ်တာ ခင်ဗျားအသိပဲ”

“ဒါပေမယ့် ခင်ဗျားနာမည်ကို ဝှက်ထားစရာ ဘာအကြောင်းရှိသလဲ ...၊ ဝှက်ထားစရာ အကြောင်းရှိသလား”

“မရှိပါဘူး၊ မပြောချင်တာတစ်ခုပါပဲ”

စပို့ရှပ်နှင့်လူငယ်ကဝင်၍ “မှတ်ပုံတင်ကတ်ပြားပေးလိုက်ဗျာ၊ စကားမပြောချင်ရင်” ဟု အကြံပေးပါသည်။

ပုလိပ်လေးက “နောင်ကြီး မောနေသေးလို့လား”ဟု ပြော၏။

“မမောပါဘူး၊ အကောင်းသားပဲ”

ပုလိပ်အရာရှိက “မှတ်ပုံတင်ကတ်ပြားပေးဗျာ”

သူက ကျွန်မဘက်လှည့်၍ပြုံးပြန်ကာ “ဘယ်နှယ့်လုပ်မလဲ အေးရဲ့၊ အဲသည်ကတ်ပြား တစ်ခါမှ မလုပ်ဖူးသေးဘူး၊ ပြီးတော့ ကတ်ပြားမရှိရင် ကျွန်တော် လူမဟုတ်တော့ဘူးလား၊ သူတို့သိချင်တဲ့နာမည်ကော ကျွန်တော့အဖို့ လိုလို့လား၊ သည်မှာနောင်ကြီးရဲ့ ၊ လူတစ်ယောက် ကလေး ဆယ်ရင်း ရေနစ်တယ်လို့သာ မှတ်လိုက်ပါဗျာ၊ တော်ရောပေါ့၊ ဘာချဲ့နေစရာလိုလဲ၊ ကျွန်တော်လဲ အိမ်ပြန်တော့မယ်”

“ခင်ဗျား မပြန်ရသေးဘူး” ဟု ဝတ်ကောင်းစားလှနှင့်လူကြီးရော ပုလိပ်အရာရှိပါ ပြိုင်တူပြောကြလေ၏။

မိန်းမဝဝက ကျွန်မနားကပ်၍ တိုးတိုးကလေး “ဒေါက်တာနဲ့ တော်တော်ခင်သလား” ဟု မေးသည်ကို ကျွန်မပြန်မဖြေပါ။ မိန်းမသည် ကျွန်မကိုပါ မျက်မှောင်ကုတ်၍ ကြည့်လိုက်ပါသည်။ သူ့ညီမနှင့် တိုးတိုးပြောကြပြန်ပါသည်။ ပြီးတော့ ရှေ့တစ်လှမ်းတိုးကာ “ကျွန်မအထင်တော့ သည်လူ အရက်မူးနေတယ်ထင်တာပဲ၊ ဘာကြောင့်လဲဆိုတော့ မင်္ဂလာဆောင်ကိုလာတာ ဝင်လာကတည်းက ကျွန်မကြည့်နေတယ်၊ ခေါင်းစုတ်ဖွားနဲ့ ဆံပင်တစ်ဖုတ်လုံး မျက်နှာပေါ်ကျလို့၊ ဘန်ကောက်ပုဆိုးနဲ့ ပိုးတိုက်ပုံနဲ့ ဝတ်ထားတာကတော့ အကျပဲ၊ ပြီးတော့ ဟောသည်ဒေါက်တာကိုလည်း စကားတွေ တစ်ချိန်လုံးပြောနေတာပဲ၊ မူးနေတယ်နဲ့တူတယ်၊ ပြီးတော့ မှန်ပေါက်က စားစရာလာမျှော်တဲ့ သူတောင်းစားကလေးတစ်ယောက်ကိုလည်း လက်ညှိုးထောင် ကရော်ရော်လုပ်ပြီး အရောဝင်သေးတယ်”

စိတ်ပူပင်တတ်သော၊ သူ့လောက်မဝသော ညီမဖြစ်သူက “မမကလည်းလေ၊ မဆိုင်တာဝင်စွက်နေတာပဲ။ ပြီးတော့ သိပ်အိနြေမရအောင် မူးတာလည်း မှုတ်ပါဘူး၊ ဒေါက်တာ့စားပွဲထိုင်ပြီး စကားတွေတော့ အများကြီးပြောတာပဲ၊ လင်မယားကွဲတဲ့အကြောင်းတွေ ထင်ပါရဲ့ ၊ မင်္ဂလာဆောင်မှာ မင်္ဂလာမရှိတဲ့စကားတွေ တစ်ချိန်လုံးပြောနေတာပဲ၊ ဒါကြောင့် ကျွန်မစိတ်ပူနေတာ၊ အနှောင့်အယှက်ရှိတယ်လို့ ဗေဒင်ဟောရတဲ့ကြားထဲ အမင်္ဂလာစကားတွေ တစ်ချိန်လုံး ကြားနေရတော့ ဘုရားမလို့ မင်္ဂလာဆောင်ကတော့ ပြီးသွားပြီ”

မိန်းမနှစ်ယောက်နှင့် ပါဝင်သူ ယောက်ျားများထဲမှ လူတစ်ယောက်က “ဟာ .... မှတ်မိပြီ၊ သူ ကျောင်းတုန်းက ကျွန်တော်နဲ့ တစ်ဆောင်ထဲနေလာတာပဲ၊ အင်းဝဆောင်သားပဲ” ဟု အားရပါးရ ပြောလေ၏။

“ဟုတ်ပါ့မလား”

“လူမှားနေပြီထင်တယ်”

“ပြန်စဉ်းစားပါအုံးရှင့် ... ”

ထိုသူ့မျက်နှာကို ကျွန်မမော်ကြည့်လျှင် ချက်ချင်း မှတ်မိပါသည်။ ကျွန်မတို့ တစ်နှစ်ထဲ တက္ကသိုလ်ရောက်ခဲ့သူများဖြစ်ပါသည်။ ကျွန်မတို့ရောက်စမှာ သိပ္ပံ ဝိဇ္ဇာ မခွဲ၍ အတူရော၍တက်ကြပါသေးသည်။ ထိုသူ့နာမည်ကို ယနေ့ အထိမသိသော်လည်း သူသည် အရာရှိကြီးတစ်ယောက်ဖြစ်နေမည်ထင်ပါသည်။ သံရုံးပါတီများ၌ တွေ့ရတတ်သည်။ အစိုးရအခမ်းအနားများ၌ တွေ့ရတတ်သည်။

“နေအုံးဗျ ... သူ့နာမည်မေ့နေတယ်၊ ဟိုတုန်းကတည်းက အေးအေးနေတာပဲ၊ လှေကားအောက်ကထောင့်ခန်းမှာ ကုပ်ပြီးစာဖတ်နေလို့ ကျုပ်တို့ကတောင် စာဂျပိုး ရွှေတံဆိပ်ဆု မှန်းနေပြီလို့ထင်တာ၊ အတန်းလည်း မတက်ဘူး၊ စာမေးပွဲလဲမဖြေဘူး၊ ရုပ်ရှင်တော့ နေ့တိုင်းကြည့်ပဲ။ ဘီအေမအောင်ခင် မိန်းမခိုးပြေးပြီး ရှမ်းပြည်နယ်မှာ စပျစ်သီးစိုက်နေဆိုလား၊ နေပါအုံး သူ့နာမည် ပါးစပ်ဖျားတင်ပါ”

သူက ကျွန်မကို ပြုံး၍ကြည့်ကာ သဘောကျနေလေ၏။

ပုလိပ်အရာရှိနှင့် ဝတ်ကောင်စားလှနှင့် လူကြီးတို့သည် အနည်းငယ် မျက်နှာပျော့ပျောင်းသွားပြီး “မူးနေလား မသိဘူးဗျ။  နာမည်မေးလို့လဲမပြောဘူး၊ ဗိုက်ထဲ ရေ သည်လောက်ဝင်တာတောင် အမူးမပြေသေးဘူးထင်တယ် ”

“ဟိုတုန်းကတော့ မသောက်တတ်ဘူးဗျ၊ ကျွန်တော်တို့မူးရင် သူကတွဲပြီး အခန်းထဲလိုက်ပို့တတ်တာပဲ၊ ကော်ဖီတွေ ဘာတွေ ဖျော်တိုက်တတ်တာပဲ၊ နောက်တော့ သူ ပုဂံဆောင်ဘက်ပြောင်းသွားသေးတယ်၊ ဒါနဲ့ တယ်မလုံးမိကြတော့ဘူး၊ သူက လူတော့လူအေးပဲ...”

“ခု မူးနေတာ မဟုတ်ရင် စိတ်မနှံ့လို့သာဖြစ်ရမယ်။ မှတ်ပုံတင်ကတ်ပြားလည်း မရှိဘူးတဲ့ဗျာ၊ တစ်ခါမှမလုပ်ဖူးဘူးတဲ့၊ အလုပ်လည်းရှိမယ့်သူ မှုတ်ပါဘူး၊ မှတ်ပုံတင်ကတ်ပြားမရှိဘဲ ရပ်ကွက်ထဲတောင် နေလို့မရဘူး ...”

အရာရှိကြီးက သတိရလာပြန်၏။ သို့သော် အားနာဟန်ဖြင့် ခပ်တိုးတိုး၊ အားလုံးတော့လည်း ကြားအောင် “ဟာ ...သတိရပြီ၊ လူတော့မှတ်မိနေတယ်၊ နာမည်သာ ခုထိစဉ်းစားလို့မရတာ၊ သူ စာရင်းဌာနမှာလုပ်တုန်းက အဖမ်းခံရသေးတယ်၊ သတင်းစာထဲပါလို့တောင် ကျုပ်တို့သူငယ်ချင်းတွေက ငြင်းကြသေးတယ်၊ အစိုးရငွေကွာမှုနဲ့ နောက်တော့ ထောင် ၂နှစ်ခွဲလားမသိဘူး၊ ကျသွားတယ်”

ဝတ်ကောင်းစားလှနှင့်လူက “ကဲ... ဒါကြောင့်ပြောတာမှုတ်လား၊ သည်လိုလူမျိုးဟာ ပြည်သူ့ကို အန္တရာယ်ပေးမယ့်လူစားမျိုးပါလို့၊ ခုလဲကြည့်ပါလား၊ ဘာတစ်ခုမှ မယ်မယ်ရရ အကြောင်းပြစရာမရှိဘဲ ဟော်တယ်ကမှန်ကို ရိုက်ခွဲတယ်၊ ကုလားထိုင်လည်း ကျိုးပြီ၊ မင်္ဂလာပွဲ ကံကောင်းလို့မပျက်တယ်၊ သည်လိုလူမျိုး လွှတ်ထားလို့ မဖြစ်ဘူးထင်တယ်”

ပုလိပ်အရာရှိက မှတ်စုစာအုပ်၌ရေးရန် ဖောင်တိန်ပင် အသင့်ရွယ်ကာ “ခင်ဗျားနာမည်”ဟု ပြောပြန်လေ၏။

သူက အနည်းငယ်ခြောက်သွေ့စပြုလာသဖြင့် လိမ်ကွေ့ကာ နဖူးပေါ်ပျံဝဲကျလာသောဆံပင်ကို သပ်တင်ရင်း ကျွန်မကိုကြည့်၍ ပြုံးပါသည်။ “သုံးခါရှိပြီထင်တယ်နော် အေး” ဟု တိုးတိုးပြောကာ ရယ်လိုက်ပြန်ပါသည်။ ပြီးတော့ “ကျွန်တော့်နာမည် ဘာလို့ မေးနေတာလဲ၊ ဘာလိုလို့လဲ။ ရေနစ်နေတဲ့ကလေးကို ဆယ်တာ ပြစ်မှုလုပ်အုံးမလို့လား....။ ခင်ဗျားတို့ မင်္ဂလာဆောင်ကြီး မလုပ်ရတော့ကော ဘာဖြစ်သွားမှာလဲဗျာ၊ လူ့အသက်က ပိုအဖိုးမတန်ဘူးလား” ဟု ပြောလေ၏။

ဝတ်ကောင်းစားလှနှင့်လူကြီးက မျက်နှာများ နီမြန်း၍ နှာခေါင်းပွလာအောင် စိတ်ဆိုးလေ၏။ “သည်မှာ ခင်ဗျား ...”ဟု ပုလိပ်အရာရှိကို ရိုရိုသေသေပြောလေ၏။ “သည်လူကို မှတ်ပုံတင်ကတ်ပြားမရှိမှုနဲ့ ဖမ်းလို့မရဘူးလား၊ ဒါမှမဟုတ် ပြည်သူ့ငြိမ်းချမ်းရေးဖျက်ဆီးမှု၊ ဒါမှမဟုတ် (အလွန်ပီသစွာ ပြောလိုက်သည်) ပြည်သူ့ရဲအရာရှိကို ဆန့်ကျင်မှု၊ ခုခံမှုနဲ့”

ပုလိပ်အရာရှိက “အင်း....” ဟုဆိုကာ ဖောင်တိန်အဖုံးကို ကိုက်၍ စဉ်းစားနေဆဲ ဝတ်ကောင်းစားလှနှင့်လူကြီးက ကျွန်မကိုပြောလေ၏။

“သည်မှာဒေါက်တာ သည်လူစိတ်မနှံဘူးဆိုရင် ဘယ်သူ့ကိုမှ သည့်ထက်ပိုအန္တရာယ်မပေးခင် တံတားကလေးတို့ ဘာတို့ ခေါ်သွားဘို့ မကောင်းဘူးလား၊ ဒါ ...ဆရာဝန်တိုင်းရဲ့တာဝန် မဟုတ်ဖူးလား ...”

သူက ဝင်ကာ အသံမာလာကာ “ဆရာဝန်ရဲ့တာဝန်ကို ဒေါက်တာက ခင်ဗျားထက်ပိုသိပါလိမ့်မယ်” ဟုပြောသည်။

ကျွန်မက ပြောပါသည်။ “အကောင်းဆုံးကတော့ သူဟာ အိမ်ပြန်ပြီး အဝတ်အစားလဲဖို့လိုပါတယ်၊ နွေးနွေးထွေးထွေး နားနေရပါမယ်၊ သူ ရေသိပ်မွန်းဟန်တော့ မတူပါဘူး၊ အဆုတ်ထဲ ရေသိပ်ဝင်မိဟန် မတူပါဘူး....”

ဝတ်ကောင်းစားလှနှင့်လူက “သူ့ကို ဆေးရုံပို့လောက်စရာ ဘာမှမဖြစ်ဖူးပေါ့ ....”

“အသေအချာကြီးတော့လဲ ဘယ်ပြောနိုင်ပါ့မလဲရှင့်၊ သူ့ကို နည်းနည်းတော့ စောင့်ကြည့်နေရမှာပေါ့ ...”

“ဘာပဲဖြစ်ဖြစ်လေ ထောင်ထဲမှာလဲ ဆရာဝန်ရှိတာပဲ"

ပုလိပ်အရာရှိက “ခင်ဗျားနာမည်” ဟုထွက်သွားပြီးမှ ကမန်းကတန်း “အေးလေ ဌာနကျမှ ခင်ဗျားနာမည် ပြောချင်လဲပြောတာပေါ့၊ မပြောချင်လဲ ပြောအောင်လုပ်ရမှာပေါ့ ” ဟုပြောသည်။

ထို့ကြောင့် ကျွန်မက သူ့ရဲ့ နာမည်နှင့်အလုပ်အကိုင်ကိုပါ ပြောလိုက်ပါသည်။ ကျွန်မရဲ့ ဆွေမျိုးတော်ကြောင်းလဲ ပြောလိုက်ပါသည်။ ဒါ အရေးကြီးသည်။ ရိုသေဖွယ်ဟု ထင်ကြလိမ့်မည်။ သူက မကန့်ကွက်ပါ။ ခေါင်းမှသွေ့ခြောက်လာသော ဆံပင်များကို ဖြီးသင်ချင်ဟန်ဖြင့်သာ ရှပ်အင်္ကျီအိတ်ထဲ၌ ဘီးကို ရှာပါသည်။ အိတ်ထဲမှ လှပသေးငယ်သော ငွေကွပ်ပန်းဖောက် ဆင်စွယ်ဘီးကလေး ထွက်လာပါသည်။

ပူပင်တတ်သော မိန်းမငယ်က “သူ့ကို ဖမ်းစရာလဲ လိုမယ်မထင်ပါဘူး အကိုကြီးရယ်။ ပန်းချီဆရာဆိုတော့ ပန်းချီအသင်းတွေ၊ အနုပညာအသင်းတွေက စကားထများတတ်တယ်”

မိန်းမဝဝက “စောစောကတော့ ပြောနေသံကြားတာပဲ၊ ခင်ခင်ဝိုင်းနဲ့ ငယ်သူငယ်ချင်းမို့ ဖိတ်စာရလားဆိုလား..."

ဝတ်ကောင်းစားလှနှင့်လူကြီးက နှာခေါင်းပွနေခြင်း အနည်းငယ်ငြိမ်သွားပြီးမှ ပြန်၍ပွလာကာ “ဘာပဲဖြစ်ဖြစ် ခင်ခင်ဝိုင်းကတော့ သူ့သမီးမင်္ဂလာဆောင်ကို ပျက်အောင် နှောင့်ယှက်တဲ့လူကို ဘယ်နည်းနဲ့မှ ချမ်းသာပေးချင်မှာမှုတ်ဘူး၊ ငါကိုယ်တိုင်ကလဲ သည်လို လူ့အပြင်ဘက်လူမျိုးကို သည်းမခံနိုင်ဘူး၊ အနုပညာသည်ဆိုတဲ့ သတ္တဝါတွေကော ငါက ကြောက်ရမှာလား၊ ပြီးတော့ သူ့လိုသဘောထားမျိုးနဲ့ကောင်တွေချည်း ရှိတော့မပေါ့။ သူ့ကို နေအုံး... အချုပ်ခန်းထဲ တစ်လလောက်တော့ နေခိုင်းလိုက်ချင်သေးတယ်၊ မှတ်လောက်သားလောက်”

သူက သစ်ပင်ကိုမှီထိုင်နေရာမှ ထလိုက်ပြီး လန်သွားသောစောင်ပြာကို တင်းအောင်ဆွဲခြုံလိုက်လေ၏။ “ကဲ သွားချင်လည်း သွားကြရအောင်၊ ချမ်းလှပြီဗျာ” ဟုပြောလိုက်လေ၏။ မိန်းမငယ်က “သူ့ဖို့ အဝတ်ခြောက်တစ်စုံ ကျွန်မ သွားရှာလိုက်အုံးမယ်” ဟုဆိုလေ၏။ မိန်းမဝဝက “ဟို အခန်းပိုလေးထဲ အရင်ခေါ်သွားကြအုံးစို့” ဟု အကြံပေး၏။ စပို့ရှပ်နှင့်လူငယ်က ရှထားသောလက်များကို ကြင်နာစွာ ကြည့်ဆဲ၊ ကျွန်မသိကျွမ်းသော လူအနည်းငယ်သည် မင်္ဂလာပွဲဘက်သို့ စကားငြင်းခုန်ရင်း ပြန်ကြသည်။ ပုလိပ်အရာရှိက ဖောင်တိန်ပင်ကို အင်္ကျီအိတ်၌ချိတ်၍ မှတ်စုစာအုပ်ကို ဘောင်းဘီအိတ်တွင်းသို့ ထည့်လေ၏။

သူက ကျွန်မကိုနှုတ်ဆက်ပါသည်။

“ကဲ ...သွားမယ်၊ အေးနဲ့တွေ့ရတာ ဝမ်းသာလိုက်တာ၊ ပြောစရာတွေတော့ ကျန်သေးတယ် အေးရဲ့”

“ပြန်တွေ့ကြအုံးမှာပေါ့” ဟု ကျွန်မက ပြောလိုက်ပါသည်။

ဆက်ရန်
--------------------------
#ကြည်အေး
ရှုမဝမဂ္ဂဇင်း၊ ၁၉၇၁၊ စက်တင်ဘာ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)