မရွေးမီ
#မရွေးမီ
တရံရောအခါ ဘိလပ်ရွှေမြို့တော်ကြီး၌ မြန်မာပြည် မျက်နှာစုံညီ အစည်းအဝေးကြီးကို ကျင်းပလေသည်။ တိုင်းပြည်ခေါင်းဆောင်ဟူ၍ အခေါ်ခံကြသော သူတို့ကို ဖိတ်၏။ သွားလိုက်ကြသည်မှာ တပျော်တပါး၊ အားကျစရာကြီး ဖြစ်လေသည်။ အစိုးရငွေနှင့် အင်္ဂလန်ပြည်သို့ သွားရသည်ကို မည်သူ သဘောမကျဘဲ နေအံ့နည်း။
ထိုမျက်နှာစုံညီ အစည်းအဝေးပွဲ၌ တိုင်းရေးပြည်ရေး အကြောင်းများကို ဆွေးနွေးကြလေသည်။ မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်ရန်၊ အိန္ဒိယပြည်နှင့် တွဲထားရန်တို့ကိုလည်း တိုင်ပင်ကြလေသည်။ နောက်ဆုံး၌ အင်္ဂလိပ်နန်းရင်းဝန် အမတ်ကြီးက ခွဲရေး၊ တွဲရေး ဆိုသည်မှာ ခေါင်းဆောင်တို့၏အရာမဟုတ်၊ တိုင်းသူပြည်သားတို့၏ အရာသာ ဖြစ်သည် ဟူ၍ ထုတ်ပြန်ကြေညာခြင်းကို ပြု၏။
ခေါင်းဆောင်အပေါင်းတို့လည်း မြန်မာပြည်သို့ ခပ်သုတ်သုတ် ပြန်၍ ကြွလာကြကုန်၏။ သူတို့တတွေ မြန်မာပြည်သို့ ရောက်သည့်နေ့မှ အစပြု၍ ခွဲရေး၊ တွဲရေး စခန်းထလေတော့သည်။ သတင်းစာ၊ မဂ္ဂဇင်းတို့တွင် ခွဲရေး၊ တွဲရေး အကြောင်း မပါလျှင် မပြီးတော့ပြီ။ ငြီးလောက်အောင်ပင် ရေးသားကြလေသည်။ ခွဲရေး တရားဟောဆရာတွေလည်း မနည်းပြီ။ တွဲရေးတရားဟောဆရာတွေလည်း အနန္တ။ ကြံကြ၊ စည်ကြ၊ ပလီကြကုန်၏။
၂၁ ဦး ခေါင်းဆောင် ဦးဘဘေနှင့် ဦးစောတို့က ခွဲရေးတရားကို ဟောလိုက်ကြသည်မှာ မြို့တကာ၊ ရွာတကာ နှံ့လေတော့သည်။ ဒေါက်တာဘမော်နှင့် ဦးကျော်မြင့်တိုက တစင်ထောင်ပြီးလျှင် တွဲရေးတရားကို ဟောကြပြန်၏။ ထိုတွဲရေးဖက်မှာပင် နှစ်သင်း ကွဲပြားပြီးလျှင် ဦးချစ်လှိုင်နှင့် ဦးပေါ်ထွန်းတို့က တစင် ထောင်ကြပြန်လေသည်။ ခွဲရေးဘက်မှလည်း ဆာဂျေ-အေတို့က တသင်းထောင်ပြန်၏။ သို့နှင့် တွဲရေးက နှစ်သင်း၊ ခွဲရေးက နှစ်သင်း၊ အသင်းကြီး လေးသင်း ပေါ်၍လာလေသည်။ တောင်တွင်းကြီးမှာလိုများ ပေပင် လေးပင်ပေါက်သလား မပြောတတ်ပေ။ စုံစမ်းရန် သင့်၏။
ကံ၊ ဒွါရ ကွဲကြသည်နှင့်လည်း တူ၏။ ငှက်တွင်း၊ သုဓမ္မာ ကွဲကြသည်နှင့်လည်း တူလေသည်။ ခွဲရေး တွဲရေး အကြောင်း ဟောလိုက်၊ ပြောလိုက်ကြသည်မှာ တသောသောနှင့် နေတော့၏။ ထိုခွဲရေး တွဲရေး တရားပွဲ၊ စကားပွဲတို့မှာ ရှေးဦးစွာ မြို့များတွင် ခေတ်စား၏။ နောက် တောသို့ ရောက်ရလေသည်။ တလ နှစ်လအတွင်း တနိုင်ငံလုံး နှံ့၍သွားလေသည်။ အခွဲသမားကလည်း အခွဲကောင်းကြောင်း၊ အတွဲသမားကလည်း အတွဲကောင်းကြောင်း ဟောကြကုန်၏။ မည်သည်ကို ယုံရမည် မသိ။ တောသူတောင်သားတို့၏နားတွင် ဝါးတားတားနေလေသည်။ အခွဲသမားတို့၏စကားကို ကြားလိုက်ရပြန်လျှင် အခွဲကပင် ကောင်းနိုးနိုး၊ အတွဲသမားတို့၏စကားကို ကြားလိုက်ရပြန်လျှင် အတွဲကပင် ကောင်းနိုးနိုး၊ ထိုသို့သော တနိုးနိုးတို့နှင့်ပင် ရက်တွေ၊ လတွေ အတော်ညောင်း၍လာခဲ့၏။
ရပ်ထဲ ရွာထဲတွင် ခွဲရေး တွဲရေးအကြောင်း အငြင်းအခုံ ဖြစ်ကြသည်မှာလည်း ဆူညံ၍ နေတော့သည်။ ကံနှင့်ဒွါရ အငြင်းအခုံဖြစ်တုန်းကလိုလို၊ ကမ္ဘာစစ်ကြီးအတွင်းက အင်္ဂလိပ်နိုင်မည် ဂျာမန်နိုင်မည် စသဖြင့် ငြင်းကြသလိုလို၊ ခွဲရေး တွဲရေး အငြင်းပွဲများတွင် ရန်ပင် ဖြစ်ကြလေသည်။ အဖေက တွဲရေး၊ သားက ခွဲရေး၊ အမေက ခွဲရေး၊ သမီးကတွဲရေး၊ အိမ်တွင်းမှာပင် အငြင်းမစဲပြီ။ ကံ၊ ဒွါရ အငြင်းအခုံသည် ရဟန်းတော်များမှ စလိုက်ရာ လူဝတ်ကြောင်များသို့ နှံ့၍သွားလေ၏။ ခွဲရေး၊ တွဲရေးမှာ လူဝတ်ကြောင်များမှ စလိုက်ရာ ရဟန်းတော်များသို့ ရောက်၍သွားလေသည်။
ဤခွဲရေး တွဲရေး စစ်ပွဲများတွင် ရဟန်းတော်များ ဝင်၍ နွှဲလိုက်သည်နှင့်တပြိုင်နက် ထိုအရေးမှာ ရှေးကထက်ပင် ကြီးကျယ်၍လာလေသည်။ ရှေးကထက်ပင် ရှုပ်ထွေး၍ လာလေသည်။ ကျောင်းတကာနှင့် ဘုန်းကြီး၊ ဘုန်းကြီးနှင့် ကျောင်းတကာ များစွာ အငြင်းပွားကြလေသည်။ တောင်တလုပ်ရွာ ဘုန်းတော်ကြီး ဦးဂန္ဓမာက တွဲရေး၊ သူ၏ကျောင်းတကာ ဦးလူလှက ခွဲရေးကို အသီးသီး ကြိုက်ကြကုန်၏။ ဦးလူလှက ဘုန်းတော်ကြီး ဦးဂန္ဓမာအား ကျောင်းပေါ်မှ နှင်၍ချ၏။ ဗလီကျောင်းမှာ ကျောင်းသွားထိုင်ချေဟု ဆိုလေသည်။ ဘုန်းတော်ကြီး ဦးဂန္ဓမာက ဦးလူလှအား သပိတ်မှောက်လေတော့၏။ တောင်တလုပ် ရွာသားများကား အနေကျပ်လှ၏။ အချို့က ဘုန်းကြီးဖက်ဝင်။ အချို့မှာ ကျောင်းတကာနှင့်တွဲ။
ခွဲရေး ဘုန်းကြီးများအား တွဲရေးသမားတို့က ဆွမ်းမလောင်း။ တွဲရေး ဘုန်းကြီးများအား ခွဲရေးသမားတို့က မလှူ။ အလွန်စိတ်ပျက်စရာကောင်းသည့် အရေးကြီးဖြစ်လေသည်။ လက်သမားဆရာ ဦးအောင်လှက အိမ်ဆောက်ယင်း ခွဲရေးတရားကို ဟောလေသည်။ အိမ့်ရှင် ဒေါ်ညိမ်းမယ်က မကြိုက်သောကြောင့် တွဲရေးကောင်းကြောင်း ပြန်ပြော၏။ ဦးအောင်လှက ကုလားနှင့် တွဲလျှင် မြန်မာမိန်းမတွေအားလုံး ကုလားမယားတွေဖြစ်ကုန်မည်ဟု ဟော၏။ မြန်မာ မိန်းမတွေက ကုလားကို ယူမှ ကုလားမယား ဖြစ်မည်ဟု ဒေါ်ညိမ်းမယ်က ပြန်၍ ချေလေသည်။
မော်တော်ဘတ် မောင်းသမား မောင်မင်းဟန်က မြန်မာပြည်ကို အိန္ဒိယနှင့် တွဲထားလျှင် ကုလားတွေအများအပြား မြန်မာပြည်သို့ လာသောကြောင့် မြန်မာများ အလုပ်လက်မဲ့ဖြစ်မည်ဟု ပြော၏။ မော်တော်ဘတ်ပေါ်တွင် စီးကာ လိုက်ပါလာသူ မောင်သာလူက မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက်လျှင် အင်္ဂလိပ်တွေ သင်္ဘောကြီးများနှင့် လာကြသောကြောင့် မြန်မာတွေ ယခုထက် ဆိုးမည်ဟု ပြောလေသည်။ မောင်မင်းဟန်က ဟားဟားဟားဟား ဟူ၍ ရယ်ကာ မော်တော်ဘတ်ကို ရပ်ပြီးလျှင် မောင်သာလူကို နှင်ချ၏။ မောင်သာလူကလည်း မဆင်း။ လမ်းခုလတ်မှာ မဆင်းနိုင်ဟု ဆိုကာ ထိုင်နေလေသည်။ ပိုက်ဆံလည်း ပေးပြီးပြီ။ အခြားသူများက တောင်းပန်ကြရကုန်၏။
ဦးပဏ္ဍိနှင့် ဦးဘိုးမောင်တို့သည် ဧရာဝတီသင်္ဘောပေါ်တွင် ခွဲ ရေး တွဲရေး ငြင်းကြရာက ခိုက်ရန်ဖြစ်ပွါးကြ၏။ ထောင်းမည်၊ ကြိတ်မည် လုပ်ကြ၏။ ဦးပဏ္ဍိက သင်းပိုင်ကို မ ၏။ ဦးဘိုးမောင်က ခါးတောင်းကြိုက်လေသည်။ ဦးပဏ္ဍိ၏ လက်ထဲတွင် ဝါးတောင်ဝှေး တချောင်းကို ကိုင်ထား၏။ ဦးမောင်၏လက်ထဲတွင်ကား ဘိလပ်ရည်ပုလင်းများကို မြင်ရလေသည်။ တသင်္ဘောလုံး ဆူညံဆူညံ။
ယူနီဘာစီတီ မြသန်းကြည်တို့၏ အငြိမ့်ပွဲတွင် ဓာတ်စံနှင့် ဦးဘေဒါကြီးတို့ ခွဲရေး၊ တွဲရေး ငြင်းကြ၏။ ခွဲရေး၊ တွဲရေးအကြောင်း ပြက်လုံး ထိုးကြ၏။ တရုံးရုံးနှင့် နေလေသည်။ တဟားဟားနှင့် နေလေသည်။ မောင်သာဟန်၏ ဇာတ်ပွဲတွင် တွဲရေးအကြောင်း ပြက်လုံးထိုးမိသောကြောင့် အုတ်ပိုင်း သုံးပိုင်း ကျ၍ ပွဲပျက်သွားလေသည်။
ငါးစိမ်းသည် မသာအိသည် ဟင်းရွက်သည် ဒေါ်ဥအား ပါးနားရိုက်နေသည်ကို မြင်ရ၍ တရွာလုံးက ဝိုင်းဖျဉ်ကြရလေသည်။ အဘယ်ကြောင့် ပါးနားရိုက်ပါသနည်းဟု သူကြီးမင်းက မေးသောအခါ ခွဲရေး၊ တွဲရေး ငြင်းကြရာက ဖြစ်ကြောင်း ပြောကြ၏။ မသာအိ ဒဏ်ငွေ သုံးကျပ် အတပ်ခံရ၏။
ကာကာကလေးဆိုင်တွင် လူပျိုခေါင်း မောင်ပန်းအောင်တို့လူစု တွဲရေးစကားတွေကို ပြောပြီးလျှင် လက်ဖက်ရည် အကြွေး ဝယ်သောက်ကြလေသည်။ ခမျာ ကာကာကလေးမှာ အကြွေးကျလွန်း၍ ဆိုင်ကို ပိတ်ထားရမလောက် ဖြစ်၏။ တနေ့က ရွှေမျက်မှန်နှင့် ကိုယ်တော်တပါးသည် ကာကာကလေးဆိုင်တွင် ကာဖီသောက်ယင်း တွဲရေးတရားကို ဟောကြားနေလေသည်။
ကျုံတနိရွာသို့ တွဲရေး တရားဟောဆရာများ ရောက်လာကြ၏။ သူတို့၏တရားပွဲသို့ သွားကြသူတွေမှာ မနည်းပေ။ ပြန်လာကြသောအခါ ရွာသားအချိုက ခွဲလိုက်လျှင် ချဉ်ပေါင်တပင်လျှင် အခွန်တပဲ ကောက်မှာကို စိုးသည်ဟု ညည်းကြလေသည်။ ဆယ်အိမ်ခေါင်း မောင်သာလှက “ဒါဖြင့် ဘယ်သူ ချဉ်ပေါင်စိုက်မှာတုံး” ဟု ဆို၏။ သူကြီးမင်းကား အခွဲသမားလိုလို၊ အတွဲသမားလိုလို အနေရကျပ်လှ၏။
မကြာမီက အတွဲသမားတွေ သရက်ပင်ရွာသို့ တရားဟောရန် လာကြရာ ခဲနှင့် အပေါက်ခံကြရသည်ဟု ကြားရ၏။ မောင်အောင်ဇံတို့လူသိုက်ကို ငွေတဆယ်ပေးလိုက်မှ အေးသွားလေတော့၏။ မောင်အောင်ဇံတို့လူစု တွဲရေးဖက် ပါတော့မည်ဟု ဆုံးဖြတ်လိုက်ကြလေသည်။
လယ်သမား မောင်အောင်ဖြိုးတို့လူစု ချစ်တီးတိုက်တွင် ငွေသွားချေးရာ တွဲရေးဖက် မဲထည့်မှ ချေးမည်ဟု ပြောသောကြောင့် ရန်ဖြစ်ပြီး ပြန်လာကြ၏။ မောင်နီတာတယောက်သာ တွဲရေးဖက် မဲပေးမည်ဟု ဝန်ခံသောကြောင့် ငွေ ၁ဝဝိ ရခဲ့လေသည်။ သူ တနေ့က လှဲကျိုးရွာတွင် ဘုန်းတော်ကြီး ဦးဝိဇယက မိမိ၏တပည့်များအား တွဲရေးဖက် ခဲပြားထည့်ရန် သစ္စာရေ တိုက်၏။ ဘုန်းတော်ကြီးကို ကြောက်သောကြောင့် သောက်ခဲ့ကြလေသည်။ တရွာလုံး ဆူနေလေပြီ။
ထိုခွဲရေး၊ တွဲရေး ပေါ်လိုက်သည်မှာ မြန်မာပြည်တွင် အတော်ပင် ရှုပ်ပွေ့၍ သွားလေသည်။ ရန်သူမဖြစ်သင့်ဘဲ ဖြစ်ကြ၏။ စကားမများသင့်ဘဲ များကြ၏။ အငြင်းမပွါးသင့်ဘဲ ပွါးကြ၏။ အမှုမရောက်သင့်ဘဲ ရောက်ကြ၏။ အဘယ်ကြောင့် ဤသို့ ပြုလုပ်ကြသည် မသိ။ အေးအေးဆေးဆေး ခွဲလိုက်လျှင် မည်မျှကောင်းမည်နည်း။ နယ်ပိုင် မောင်လူအေးကား မိမိနယ်အတွင်း မည်သည့်အရပ်တွင် ခိုက်ရန်ဖြစ်ပွါးမည်နည်း။ မည်သည့်နေရာတွင် အကြီးအကျယ် အဓိကရုဏ်း ဖြစ်မည်နည်း ဟူ၍သာလျှင် နားစွင့်ကာ နားထောင်နေရလေသည်။
မိမိကား အစိုးရအမှုထမ်း ဖြစ်သောကြောင့် အာစေးမိလျက် နေတော့၏။ ခွဲရေးဖက် မပါရ။ တွဲရေးဖက်ကိုလည်း မပါရ။ ခွဲရေးကိုလည်း အားမပေးနိုင်။ တွဲရေးကိုလည်း အားမပေးနိုင်။ သို့သော် စိတ်ထဲ၌မူကား ခွဲရေးဖက်ကို စိတ်သန်သည် မှန်၏။ စိတ်ထဲ၌ ခွဲရေး တွဲရေးဖက်ပါသည်ကိုကား အစိုးရမင်းက ပိတ်ပင်ခြင်း မပြု။ အစိုးရမင်း၏ အပြစ်လွတ်ရုံ စိတ်ထဲတွင်သာ ခွဲရေးဖက် ပါလျက်နေလေသည်။ သို့သော် နှုတ်ကမူကား မှား၍ မထွက်မိ။ တွဲရေးသမားတို့ ဟောသမျှကိုလည်း နားထောင်၏။ ခွဲရေးသမားတို့ ဟောသမျှကိုလည်း နားထောင်လေသည်။ ထိုခွဲရေး တွဲရေးတွင် ဝင်စွက်ခြင်း မပြုရသော်လည်း ယင်းအရေးတို့နှင့်ပတ်သက်၍ ဆောင်ရွက်ရသည်မှာလည်း အားလှသည် မရှိပြီ။
ရွေးကောက်ပွဲကို မကျင်းပမီ လေးငါးရက်ကပင် ရွေးကောက်ပွဲ ကျင်းပရာနေရာများကို စီမံရ၏။ ရွေးကောက်ပွဲတွင် ကြီးကြပ်မည့်သူများကို နေရာချရ၏။ အင်္ဂလိပ် သက္ကရာဇ် ၁၉၃၂ ခု၊ နိုဝင်ဘာလ ၇ ရက်နေ့၊ ၁၂ နာရီ အချိန်တွင် ရွေးကောက်ပွဲတွင် ကြီးကြပ်ရမည့်သူများ မြို့ပိုင်ရုံးတွင် စုဝေးကြရလေသည်။ မြို့ပိုင်မင်း ဦးဘလှိုင်ကား မောင်လူအေးထက်ပင် အလုပ်များသေး၏။ ရွေးကောက်ပွဲတွင် လိုက်နာရန် စည်းကမ်းများကို ရှင်းလင်း၍ ပြရရှာလေသည်။
ရာဘက်ကြီး ဦးဘသော်လည်း ဦးဘလှိုင် ရှင်းလင်း၍ ပြနေသည်ကို မကျေနပ်။ အထပ်ထပ် ရှင်းလင်းပါဟု ကျယ်လောင်စွာပြော၏။ ဗိုက်က ပူရသည့် အထဲတွင် သူအသံကလည်း နားကွဲလုမတတ် ကျယ်လေသည်။ မည်သူသည် သူ့အား မကြောက်ဘဲ နေအံ့နည်း။ ဟိုမေး သည်မေးနှင့်သာ နေလေတော့သည်။
ယစ်မျိုးအရာရှိ ဦးဘမောင်ကား ဦးဘလှိုင် ရှင်းလင်း၍ ပြနေသည်ကို နားမထောင်နိုင်။ မိမိအတွက် ယူရန်ရှိသော မဲစက္ကူများကိုသာလျှင် ကျကျနန ရေတွက်၍နေ၏။ မဲပြား သုံးပြား လိုနေသေးသည်ဟု ဆိုလေသည်။ မြို့ပိုင် ဦးဘလှိုင်မှာလည်း ရှင်းလင်း၍ကောင်းတုန်းပင်။ ။ ပညာအုပ် ဦးတင်မောင်ကား မဲစက္ကူများကိုလည်း မရေတွက်။ မြို့ပိုင်မင်း ရှင်းလင်း၍ ပြနေသည်ကိုလည်း နားမထောင်။ ကုလားထိုင်ပေါ်တွင် အိပ်ငိုက်လျက် နေလေသည်။ နယ်ပိုင်ရုံးစာရေး မောင်ဖျန်စိန်နှင့် မောင်ဘကွန်းတို့ကား မောင်လူအေး၏အနားတွင် မဲစက္ကူများကို ရေတွက်၍ နေကြလေသည်။ ဘိလစ် မောင်ဘဆန်းနှင့် မြေစာရင်း အင်စပိတ်တော် ဦးဘိုးရုံတို့မှာ ဦးဘလှိုင် ဖတ်ပြ၊ ရှင်းပြနေသော စည်းကမ်းများကို နားမလည်နိုင်ကြသဖြင့် ခေါင်းကိုကုတ်နေကြကုန်၏။
ဒုတိယမြို့ပိုင် ဦးလူခင်ကား မိမိ၏စာရေးများနှင့်အတူ မဲစက္ကူများကို ရေတွက်နေလေသည်။
စည်းကမ်းချက်များကို ရှင်းလင်း၍ပြီးလျှင် မဲပုံးများကို ဦးဘလှိုင်က ထုတ်၍ပေးလေသည်။ တယောက်လျှင် ခြောက်လုံးကျ ဖြစ်၏။ ကရင်အတွက် သုံးလုံး၊ မြန်မာအတွက် သုံးလုံး ဖြစ်လေသည်။
မဲပုံးများကို ရသောအခါ အရာရှိတသိုက်မှာ တညည်းညည်း တညူညူနှင့် မြို့ပိုင်မင်း၏ရုံးမှ ထွက်ခွါလာကြလေသတည်း။
------------------------
#သိပ္ပံမောင်ဝ
၁၂၉၄ ခု၊ နတ်တော်လ။
Comments
Post a Comment